မီးဖွားခွင့်ရက်

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် - ၃၀

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ

အမိန့်ကြော်ငြာစာအမှတ် ၆၉/၂၀၁၈

၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၆ ရက်

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ

ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် - ၁၅

၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်

လူမှုဖူလုံရေး နည်းဥပဒေများ

အမိန့်ကြော်ငြာစာအမှတ် (၄၁/၂၀၁၄)

၂၀၁၄ ခုနှစ်၊ ဧပြီလ ၂ ရက်

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်

အမိန့်ကြော်ငြာစာအမှတ် (၁၄၀/၂၀၁၇)

၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ပုဒ်မ ၇-က

ကိုယ်ဝန်ဆောင် အမျိုးသမီး အလုပ်သမားများအား မီးမဖွားမီ ရက်သတ္တပတ် ခြောက်ပတ်နှင့် မီးဖွားပြီး ရက်သတ္တပတ်ရှစ်ပတ်ကို သက်ဆိုင်ရာ အခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ မီးဖွားခွင့်ရက်အဖြစ်ဖြင့် ခွင့်ပြုရမည်။ မီးဖွားခွင့်ရက်ကို ဆေးလက်မှတ်ခွင့်ရက်နှင့် ဆက်စပ်ခံစားခွင့်ပြုနိုင်သည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ၊ အပိုဒ် ၄၆

မီးဖွားခွင့်ရက်ကို မှတ်ပုံတင်ဆရာဝန်၏ ဆေးလက်မှတ်ထောက်ခံချက်ဖြင့်ဖြစ်စေ၊ လူမှုဖူလုံရေးအဖွဲ့က အသိအမှတ်ပြုသည့်ဆရာဝန်၏ ဆေးလက်မှတ် ထောက်ခံချက်ဖြင့်ဖြစ်စေ တင်ပြတောင်းခံရမည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ၊ အပိုဒ် ၄

လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများသည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ ခံစားခွင့်ရှိသည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ၊ အပိုဒ် ၄

ပြစ်ဒဏ်ထိုက်သင့်သည့် ကိုယ်ဝန်ပျက်စေခြင်း မဟုတ်သော ကိုယ်ဝန်ပျက်ကျမှုတွင် လူမှုဖူလုံရေးမှတ်ပုံတင်အာမခံ အလုပ်သမားမဟုတ်ပါက အလုပ်ရှင်သည် မှတ်ပုံတင်ဆရာဝန်၏ ထောက်ခံချက်ဖြင့် မီးဖွားခွင့်ရက်အဖြစ် ကိုယ်ဝန်ပျက်ကျသည့်နေ့မှစ၍ အများဆုံး ရက်သတ္တပတ်ခြောက်ပတ် ခံစားခွင့်ပြုရမည်။

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ၊ ပုဒ်မ ၂၅

အစိုးရဝန်ထမ်းများနှင့် သက်ဆိုင်သည့်ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဥ်းများ၊ စည်းကမ်းများ၊ အမိန့်များနှင့် ညွှန်ကြားချက်များတွင် မည်သို့ပင် ပါရှိစေကာမူ အာမခံထားသူ အမျိုးသမီး အလုပ်သမားသည် သတ်မှတ်ချက်များနှင့်အညီ အောက်ပါအကျိုးခံစားခွင့်များကို ခံစားခွင့်ရှိသည် -

(က) ကိုယ်ဝန်ဆောင်နေစဥ်နှင့် မီးဖွားသည့်အခါ ခွင့်ပြုထားသည့် ဆေးရုံ၊ ဆေးခန်း၌ အခမဲ့ ဆေးကုသမှုခံယူခွင့်

(ခ) မီးဖွားပြီး တစ်နှစ်အထိ မိမိ၏ ကလေးကို ဆေးကုသမှုခံယူခွင့်

(ဂ) မီးမဖွားမီ ရက်သတ္တပတ် ခြောက်ပတ်နှင့် မီးဖွားပြီးနောက် အနည်းဆုံး ရက်သတ္တပတ် ရှစ်ပတ်၊ စုစုပေါင်း အနည်းဆုံး ရက်သတ္တပတ် ၁၄ ပတ်အထိ မီးဖွားခွင့်ကို ခံစားခွင့်ရှိသည်။ ထို့ပြင် အမြွှာကလေးမွေးပါက မီးဖွားခွင့် ခံစားပြီးနောက် ကလေးစောင့်ရှောက်ရန် ရက်သတ္တပတ် လေးပတ်ကို ဆက်လက်ခံစားခွင့်

(ဃ) ပြစ်ဒဏ်ထိုက်သင့်သည့် ကိုယ်ဝန်ပျက်စေခြင်း မဟုတ်ဘဲ ကိုယ်ဝန်ပျက်သည့် ကိစ္စတွင် အများဆုံး ရက်သတ္တပတ် ခြောက်ပတ်အထိ မီးဖွားခွင့် အဖြစ် ခံစားခွင့်

(င) ကိုယ်ဝန်ဆောင်စဥ် ခွင့်ပြုထားသည့် ဆေးရုံ၊ ဆေးခန်း၌ စမ်းသပ်စစ်ဆေးခြင်း ပြသနိုင်ရန်အတွက် တစ်ကြိမ်လျှင် တစ်ရက်နှုန်းဖြင့် ခုနှစ်ကြိမ်အထိ လုပ်ခအပြည့်ခံစားခွင့်

(စ) တစ်နှစ်အောက်ကလေးကို တည်ဆဲဥပဒေနှင့်အညီ မှတ်ပုံတင်၍ မွေးစားပါက ထိုကလေး တစ်နှစ်ပြည့်သည်အထိ ပြုစုစောင့်ရှောက်ရေးအတွက် ရက်သတ္တပတ် ရှစ်ပတ်ထက်မကျော်သောခွင့်ကို မွေးစားကလေး တစ်ဦးအတွက်သာ ခံစားခွင့်ရှိသည်။ အဆိုပါ ခံစားခွင့်ကာလအတွင်း ပုဒ်မ ၂၆ ပါ ပြဌာန်းချက်ကို အထောက်အထားပြုလျက် ပုဒ်မ ၂၇၊ ပုဒ်မခွဲ (က) ပါ ငွေကြေးအကျိုးခံစားခွင့်ကို ခံစားခွင့်။

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ၊ ပုဒ်မ ၂

အာမခံထားသူ အမျိုးသမီးနှင့် အမျိုးသားတို့သည် ပုဒ်မ ၂၇ နှင့် ၂၈ တို့အရ မီးဖွားမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို ခွင့်စတင်ခံစားသည့်နေ့မတိုင်မီ သက်ဆိုင်ရာ လုပ်ငန်းဌာနတွင် အနည်းဆုံး တစ်နှစ်လုပ်ကိုင်ခဲ့သူဖြစ်ရမည့်အပြင် အဆိုပါ တစ်နှစ်အတွင်း အနည်းဆုံး ခြောက်လအတွက် ထည့်ဝင်ကြေး ပေးသွင်းပြီးသူ ဖြစ်မှသာ ခံစားခွင့်ရှိစေရမည်။

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ၊ ပုဒ်မ ၂

အာမခံထားသူ အမျိုးသမီးအလုပ်သမားသည် အောက်ပါတို့ကို ဆေးသက်သေခံလက်မှတ်အရ သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည် -

(က) ပုဒ်မ ၂၅၊ ပုဒ်မခွဲ (ဂ) အရ ခံစားခွင့်ရှိသော မီးဖွားခွင့်ကာလအတွက် မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်အဖြစ် တစ်နှစ်အတွင်း ပျမ်းမျှလုပ်ခ၏ ၇၀ ရာခိုင်နှုန်း

(ခ) ကလေးတစ်ဦး မွေးဖွားပါက မီးဖွားစရိတ်အဖြစ် ပျမ်းမျှလုပ်ခတစ်လစာ၏ ၅၀ ရာခိုင်နှုန်း၊ အမြွှာကလေးနှစ်ဦးမွေးပါက မီးဖွားစရိတ်အဖြစ် ပျမ်းမျှလုပ်ခ တစ်လစာ၏ ၇၅ ရာခိုင်နှုန်း၊ အမြွှာကလေး သုံးဦးနှင့်အထက် မွေးပါက မိးဖွားစရိတ်အဖြစ် ပျမ်းမျှလုပ်ခ တစ်လစာ၏ ၁၀၀ ရာခိုင်နှုန်း

(ဂ) ပုဒ်မ ၂၅၊ ပုဒ်မခွဲ (ဃ) ပါ ကိုယ်ဝန်ပျက်ကျမှုကြောင့် ခံစားခွင့်ရှိသော မီးဖွားခွင့်ကာလအတွင်း ပျမ်းမျှလုပ်ခ၏ ၇၀ ရာခိုင်နှုန်း

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ၊ ပုဒ်မ ၂

အာမခံထားသူ အမျိုးသားသည် ဇနီးမီးဖွားမှုအတွက် ဆေးသက်သေခံလက်မှတ်အရ သတ်မှတ်ချက်နှင့်အညီ အောက်ပါ ဖခင်ဘဝအကျိုးခံစားခွင့်ရှိသည် -

(က) အာမခံထားသူဖြစ်သော ဇနီး မီးဖွားသည့်အခါ မွေးကင်းစကလေးအား ပြုစုခွင့် ၁၅ ရက် ခံစားခွင့်

(ခ) အာမခံထားသူဖြစ်သော ဇနီး မီးဖွားသည့်အခါ ပုဒ်မခွဲ (က) ပါ ခွင့်ကာလအတွက် မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်အဖြစ် လွန်ခဲ့သော တစ်နှစ်အတွင်း ပျမ်းမျှလုပ်ခ၏ ၇၀ ရာခိုင်နှုန်းကို ခံစားခွင့်

(ဂ) အာမခံထားသူမဟုတ်သော ဇနီးဖြစ်သူ မီးဖွားသည့်အခါ ပုဒ်မခွဲ (က) နှင့် (ခ) ပါ အကျိုးခံစားခွင့်များအပြင် ပုဒ်မ ၂၇၊ ပုဒ်မခွဲ (ခ) ပါ မီးဖွားစရိတ် ခံစားခွင့်၏ ထက်ဝက်ခံစားခွင့်

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်၊ အပိုဒ် ၇(ဂ)(၄)

မီးဖွားခွင့် ။ လုပ်သက် (၆) လပြည့်ပြီးသူသည် အခြေခံလစာဖြင့် မီးမဖွားမီ (၆) ပတ်၊ မီးဖွားပြီး (၈) ပတ် ခံစားခွင့်ရှိသည်။