ပထမဆုံးသော ကချင် အမျိုးသမီး
Radio & Studio (mono) တေးသံရှင်
ဆရာမကြီး အင်ဖန်းဂျာရာ ကွယ်လွန်။
-
Born : August 18. 1932
ကချင်လူမျိုးတို့၏ အနုပညာရှင်နှင့် ရှေ့ဆောင်လမ်းပြ မိခင်ကြီး အူယဲန်းဆင်ဝါး အင်ဖန်းဂျာရာ (U Yen Sinwa Nhpan Ja Ra) ယနေ့ January 9.2023 နံနက် ၁၀ နာရီခန့်က ကွယ်လွန်သွားပြီဖြစ်ကြောင်းသိရသည်။
ဆရာမကြီး အူယဲန်းဆင်ဝါး အင်ဖန်းဂျာရာသည် အသက် ၉၁ နှစ်ရှိပြီဖြစ်ပြီး ကျန်းမာရေးအခြေအနေကြောင့် ဇန်နဝါရီလ ၆ ရက်နေ့က ရင်စိန်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟု ဆရာမကြီး၏ မိသားစုဝင်တစ်ဦးကပြောသည်။ “ခါတိုင်းမှာ တစ်ခါတစ်ခါ မူးပြီး နည်းနည်းအန်တာတို့ဖြစ်တယ်။ အခြေနေဆိုးလို့ ဆေးရုံတင်လိုက်တာ ဓာတ်မှန်ရိုက်တဲ့ချိန်မှာ အဖြေထွက်လာတော့ အဆုတ်မှာရေနည်းနည်းရှိတာရယ် နှလုံးယောင်တာရယ်ပြောတယ်။ နှလုံးယောင်ပြီးမှ အမောဖောက်တဲ့ဒဏ်ကို မခံနိုင်တော့တဲ့ သဘောရှိတယ်” ဟုပြောသည်။
ဆရာမကြီး အူယဲန်းဆင်ဝါး အင်ဖန်းဂျာရာက သူမ၊ မဆုံးမှီအချိန်တွင် အမျိုးသားရေးနှင့် ဘာသာရေးကို တစိုက်မတ်မတ် ကြိုးစားလုပ်ဆောင်ကြရန် မှာကြားသွားကြောင်း သူမ ကဆက်ပြောသည်။ “အမှုတော်ဆောင်ရင်က ဘုရားသခင်နဲ့ ပတ်သက်တဲ့ အမှုတော်ကိုလုပ်ပါတဲ့။ ပိုသွားတယ်ဆိုတာမရှိဘူး မလုပ်လိုက်ရတဲ့ အလုပ်ပဲရှိတယ်ဆိုတဲ့အကြောင်း ပြောတယ်။ အမျိုးသားရေးနဲ့ပတ်သက်ပြီးတော့ ဘာပဲလုပ်လုပ် အမျိုးသားရေးလုပ်တဲ့အခါမှာ အဆက်မပြတ်ကြိုးစားပြီးလုပ်ပါတဲ့ ဘုရားသခင်နဲ့အတူတကွယုံကြည်ခြင်းနဲ့လုပ်ပါ။ ဘုရားပါမှအလုပ်ဖြစ်မှာဟုတ်တယ်။ ဒါကြောင့်ကြိုးစားပြီးလုပ်ပါလို့ မှာသွားတယ်” ဟုပြောသည်။
ဆရာမကြီး၏ ဇာပနအခမ်းအနားကို မြို့သစ်ကြီးရပ်ကွက် မလိဇွပ်ဆေးရုံအနီးရှိ နေအိမ်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ရုပ်အလောင်းကို ဂျော်ဘွန်သုဿန်တွင် လာမည့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်းသိရသည်။
ဆရာမကြီး အူယဲန်းဆင်ဝါး အင်ဖန်းဂျာရာသည် Grace Preschool and Founder အဖြစ် ၂၀၀၅ မှ စတင်တည်ထောင်ခဲ့ပြီး ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ (WMR)၊ ကချင်ရိုးရာစာပေနှင့် ယဉ်ကျေးမှုအသင်း (JHG)၊ Kachin National Library တို့တွင် အကြံပေးအရာရှိအဖြစ် သေဆုံးချိန်ထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော အမျိုးသမီး ပြည်နယ်အားကစားမှူးအဖြစ် ၁၉၉၅ မှ ၁၉၉၈ အထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်းသိရသည်။
၁၉၈၄ ခုနှစ်ဇန်နဝါရီလ ၄ ရက်နေ့က ပြည်သူ့ဝန်ထမ်းနဲ့ တရားဥပဒေစိုးမိုးရေးတံဆိပ်ကို ရရှိခဲ့ပြီး နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်ကို ၁၉၈၉ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ကရရှိခဲ့ကြောင်းသိရသည်။
ကချင်လူထုက ပေးအပ်သည့် U Yen Sin wa (ငှက်ဘုရင်ငှက်မင်း)ဟု အဓိပ္ပါယ်ရသော တေးဂီတဘွဲ့ကို ၁၉၇၄ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင်ရရှိခဲ့ပြီး အနုသုခုမတွင် ကချင်လူမျိုးများထဲတွင် ဦးဆုံးသော Radio/Studio အဆိုတော်ဖြစ်ခဲ့သည်။
ဆိုရှယ်လှစ်ပါတီ၏ ၁၉၇၄ ခုနှစ် ရွေးကောက်ပွဲတွင် ရွေးချယ်ခြင်းခံခဲ့ရပြီး ၁၉၇၂ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ အချိန်ပြည့်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်းသိရသည်။
Buga Nsen hpung ဌာနေတေးသံအဖွဲ့ကို တည်ထောင်ခဲ့ပြီး ၁၉၆၉ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ music band (founder/ leader) အဖြစ်ဦးဆောင်ကာ အင်္ဂလိပ်၊ မြန်မာ၊ ကချင် ဘာသာစကား (၃)မျိုးဖြင့် သီဆိုထားသော သီချင်းအပုဒ် ၆၀၀ ကျော် ထုတ်ဝေခဲ့ကြောင်း သိရသည်။
Jauary 9.2023