လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၉၀၀ လောက်က ရေးထားခဲ့တဲ့ အတွေးမှတ်စုကြမ်း ဖြစ်ပါတယ်။ ရောက်တက်ရာရာ အတွေးတွေကို မှတ်မိသလို ရေးထားခဲ့တဲ့ နေ့စဉ်မှတ်တမ်းလိုမျိုး စာအုပ်ပါ။ ခေါင်းစည်းခေါင်းစဉ် သီးသန့်နဲ့ ကျကျနန ရေးထားခဲ့တဲ့ စာကြီး ပေကြီးမျိုး မဟုတ်ပါဘူး။
ရေးထားခဲ့တဲ့ မူရင်း စာပုရပိုက်ပေါင်း (၁၂)ခု ကွဲနေလို့သာ စာစောင် (၁၂) စောင်ဖြစ်သွားတာပါ။ အခန်းခွဲပြီး ရေးထားသလို ဖြစ်နေပေမယ့်၊ တစ်ခန်းနဲ့ တစ်ခန်း ဆက်စပ်မှု မရှိသလို၊ စာကြောင်း တစ်ခုနဲ့ တစ်ခုတောင် အစပ်အဟပ် မတည့်ပါဘူး။ ခေါင်းထဲ ပေါ်လာတဲ့ အတွေးစလေးတွေကို မေ့ပျောက်မသွားအောင် မှတ်မှတ်ရရ ရေးမှတ်ထားချက်တွေ ဖြစ်ပါတယ်။
အများသူငါ ဖတ်ဖို့ရာ ရည်ရွယ်ပြီး ရေးထားခဲ့တာမျိုး မဟုတ်တဲ့အတွက်၊ စာပေစာရင်းဝင် စာအုပ်မျိုး လုံးဝ မဟုတ်ပါဘူး။ အတွေးမှတ်စုကြမ်း အနေနဲ့ ရေးထားခဲ့တယ်ဆိုပေမယ့်လည်း၊ ပြီးစလွယ် ရေးမှတ်ထားခဲ့တာ မဟုတ်သလို၊ ဖတ်လို့ရရင် ပြီးပြီးရော ရေးထားခဲ့တာတော့ မဟုတ်ပါ။ သဒ္ဒါနည်းကျ၊ စာခံ့ရေးဟန်နဲ့ ပြေပြေပြစ်ပြစ် ရေးထားခဲ့တဲ့ လက်ရာကောင်းပါ။
ကိုယ်တိုင်ဖတ်ဖို့ ရေးထားခဲ့တာ ဖြစ်ပြီး၊ ကိုယ့်စာကို သူများတွေ မသိမဖတ်နိုင်အောင် ကိုယ်ပြောနေတဲ့ မိခင်ဘာသာစကားနဲ့ မရေးဘဲ၊ တခြား စာပေဘာသာစကားနဲ့ လျှိုဝှက်ပြီး ရေးထားခဲ့တာပါ။ လူထင်ကြီးခံချင်လို့ ရေးထားခဲ့တာ မဟုတ်သလို၊ လူလေးစားအောင် တမင် လုပ်ကြံရေးထားခဲ့တာလည်း မဟုတ်ပါဘူး။
ကိုယ့်စိတ်နဲ့ကိုယ် သိသလို၊ မှတ်သလို၊ နားလည်သလို၊ လက်စွမ်းထုတ် ရေးထားခဲ့တဲ့ လက်ရာလေး တစ်ခုရယ်ပါ။ အလွဲ၊ အမှားတွေလည်း ပါသလို၊ အဓိပ္ပါယ် မရှိ၊ ရောက်တက်ရာရာ အယူအဆတွေလည်း ပါပါတယ်။ မလိုအပ်ဘဲ ချဲ့ကားထား မိတာတွေလည်း ပါသလို၊ နားမလည်ဘဲ ဝေဖန်ထားတဲ့ သုံးသပ်ချက်တွေလည်း ပါပါတယ်။
မားကပ်စ် ဩရေးလီးယက်စ် အန်တိုနီးနက်စ် [1](ဧပြီလ၊ ၂၆ ရက်၊ ၁၂၁ ခုနှစ် - မတ်လ၊ ၁၇ ရက်၊ ၁၈၀ ခုနှစ်) ဟာ အေဒီ ၁၆၁ ခုနှစ် ကနေ အေဒီ ၁၈၀ ခုနှစ် အထိ ရောမ အင်ပါယာ [2] ရဲ့ ဧကရာဇ် အဖြစ် မင်းလုပ် အုပ်ချုပ်ခဲ့သူ ဖြစ်ပါတယ်။ နေဗာ-အန်တိုနိုင်း [3] မင်းဆက်နွယ်ဝင် ဧကရာဇ် ဖြစ်ပြီး၊ ပါ့ဇ်ရိုမာဏာ [4]လို့ခေါ်တဲ့ နှစ်ပေါင်း ၂၀၀ ကြာ ရွှေခေတ်ရဲ့ နောက်ဆုံးသော မင်း ဖြစ်ပြီး၊ မင်းကောင်းမင်းမြတ် ငါးပါး [5] စာရင်းဝင် နောက်ဆုံး မင်း ဖြစ်ပါတယ်။ ဧကရာဇ် မဖြစ်ခင်ကတည်းက ရောမ ရဲ့ ကောင်စစ်ဝန် [6] အဖြစ် ၁၄၀ ခုနှစ်၊ ၁၄၅ ခုနှစ် နဲ့ ၁၆၁ ခုနှစ်မှာ တာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
မားကပ်စ် ဩရေးလီးယက်စ် ဟာ ဧကရာဇ် ဟေဒရီယန် လက်ထက်မှာ၊ ဟေဒရီယန် မင်းကြီးရဲ့ တူတော်စပ်သူ ပရေတာ [7] မားကပ်စ် အန်နီးယက်စ် ဗေးရက်စ် [8] နဲ့ ကြင်ယာတော် ဒိုမိတီးယား ကယ်လ်ဗီလာ [9]တို့ရဲ့ သားဦး အဖြစ် မွေးဖွားခဲ့ပါတယ်။ အသက် သုံးနှစ်မှာ ဖခင်ရင်း ဆုံးပါးခဲ့ပါတယ်။ အဖေဘက် အမျိုး အဘိုးဖြစ်သူနဲ့ မိခင်ရင်းတို့ရဲ့ အုပ်ထိန်းမှုအောက် ကြီးပျင်းခဲ့ရသူပါ။ ဟေဒရီယန် ဘုရင်ကြီးရဲ့ မွေးစားသား အေးလီးယက်စ် ဆီဆာ [10] က အေဒီ ၁၃၈ ခုနှစ်မှာ ဆုံးပါးသွားခဲ့ပြီး နောက်ပိုင်း၊ မားကပ်စ်ရဲ့ ဦးရီးတော်စပ်သူ အန်တိုနီးယက်စ် ပီးယက်စ် [11] ကို နန်းမွေဆက်ခံသူ အဖြစ် မွေးစားခဲ့ပြီးတဲ့နောက်၊ မားကပ်စ် လည်း အန်တိုနီးယက်စ် ပီးယက်စ် ရဲ့ စပ်တူ အမွေစားအမွေခံ အဖြစ်၊ ပီးယက်စ် ရဲ့ သားရင်း လူစီးယက်စ်[12] နဲ့ အပြိုင် မွေးစား ခံခဲ့ရပါတယ်။ ပီးယက်စ်ရဲ့ အမွေခံ အဖြစ် မွေးစားခံရတဲ့ နှစ်မှာပဲ ဧကရာဇ် ဟေဒရီယန် သေဆုံးခဲ့ပါတယ်။ အန်တိုးနီးယက်စ် ပီးယက်စ် က ဧကရာဇ် ဖြစ်လာပြီး၊ မားကပ်စ် နဲ့ လူးစီးယက်စ်တို့ နှစ်ယောက်လုံး နန်းမွေ ဆက်ခံသူ ဖြစ်လာခဲ့ပါတယ်။ အဲဒီ အတောအတွင်းမှာပဲ ဂရိ ဘာသာစကားနဲ့ လက်တင် ဘာသာစကားတွေကို သင်ယူခဲ့တာ ဖြစ်ပြီး၊ ၁၄၅ ခုနှစ်မှာ အန်တိုနီးယက်စ် ရဲ့ သမီး ဖြစ်သူ ဖောက်စတီးနား [13] နဲ့ လက်ဆက်ခဲ့ကြပါတယ်။
၁၆၁ ခုနှစ်မှာ ဧကရာဇ် အန်တိုနီးနက်စ် သေဆုံးသွားခဲ့ပြီးတဲ့နောက်၊ မားကပ် နဲ့ အတူ လူးစီးယက်စ် တို့ နှစ်ယောက် လုံး ပူးတွဲ ဧကရာဇ်တွေ အဖြစ် ရောမ အင်ပါယာကို ဆက်လက် အုပ်ချုပ်ခဲ့ကြပါတယ်။ ကံဆိုးစွာနဲ့ပဲ သူတို့ နှစ်ယောက်လုံး နန်းတက်တဲ့ နှစ်မှာပဲ ရောမ အင်ပါယာကြီးက စစ်မက်ရေးရာ နဲ့ မကင်းမရှင်း ဖြစ်ခဲ့ရပြီး၊ အရှေ့ဘက်မှာ ပါသီးယန်း အင်ပါယာ[14] နဲ့ ရင်ဆိုင်နေရသလို၊ တပြိုင်နက်တည်းမှာပဲ၊ အာမေးနီးယား [15]နေပြည်တော်နဲ့ စစ်ရေး တင်းမာခဲ့ပါသေးတယ်။ မားကပ်စ်ရဲ့ ဦးစီးမှုနဲ့အတူ၊ မာကိုမာနီ၊ ကွာဒီ၊ ဆာမေးဒီးယန်း တွေကို မာခိုမန်းနစ် [16] စစ်ပွဲတွေနဲ့ အနိုင်ယူခဲ့ပြီး၊ ဂျာမန် နယ်တစ်ကြော ငြိမ်သက်အောင် လုပ်နိုင်ခဲ့ပါတယ်။ ရောမအင်ပါယာ တစ်ခွင်လုံး ရဲ့ စီးပွားကူးသန်းရောင်းဝယ်ရေး အဆင်ပြေ ချော့မွေ့စေဖို့ နဲ့၊ အကောက်ခွန် ဘဏ္ဍာငွေ ထိန်းသိမ်းရေး အဆင်ပြေစေဖို့၊ ငွေအစစ်နဲ့ သွန်းလောင်းထားတဲ့ ရောမအသပြာ “ဒေနာရီ” [17] ကို စတင် အသုံးစေနိုင်ခဲ့ပါတယ်။ မားကပ်စ်ရဲ့ အုပ်ချုပ်မှု ကာလအတွင်း ခရစ်ယာန်တွေ အပေါ် ဘာသာရေး အရ ဖိနှိပ်မှု ကြီးမားခဲ့ပေမယ့်၊ မားကပ်ရဲ့ တိုက်ရိုက် အမိန့်နဲ့ ဘာသာရေး တင်းကြပ်မှုတွေတော့ လုံးဝ မရှိခဲ့ပါဘူး။ တစ်ချို့သော သမိုင်းမှတ်တမ်းတွေအရ မားကပ်စ်ကို “ခရစ်ယာန်တို့ရဲ့ ကာကွယ်သူ” အဖြစ်တောင် မှတ်တမ်းတင် ထားတာမျိုးတွေ ရှိပါသေးတယ်။ ၁၆၅ ခုနှစ် နဲ့ ၁၆၆ ခုနှစ်မှာ ရောမ အင်ပါယာကြီး တစ်ခုလုံး အန်တိုနိုင်း ပလိပ် [18] ကပ်ရောဂါ အကြီးအကျယ် ကူးစက်ခဲ့ရာက၊ လူဦးရေ ငါးသန်းကနေ ဆယ်သန်း အထိ သေကြေပျက်စီးခဲ့ပါတယ်။ ၁၆၉ ခုနှစ်မှာ ပူးတွဲ ဧကရာဇ် လူးစီးယက်စ် ပလိပ်ရောဂါကြောင့် ဆုံးပါးသွားပါတယ်။
အရင် ဧကရာဇ်တွေလိုမျိုး နန်းမွေဆက်ခံသူ သီးသန့် မရွေးခဲ့တာကြောင့်၊ သားရင်းဖြစ်သူ ကွန်မိုဒို့စ်[19] က မားကပ်စ် သေသွားတဲ့ နောက်မှာ ဘုရင် ဖြစ်လာပါတယ်။ ကွန်မိုဒို့စ် ရဲ့ နန်းတက်မှု အပေါ် သမိုင်းမှတ်တမ်း အချို့အရ တရားမဝင်ကြောင်း ဖော်ပြထားတာမျိုးတွေ ရှိပါတယ်။ အင်ပါယာ အတွက် စစ်ရေးအောင်မြင်မှု အထိမ်းအမှတ် အနေနဲ့ ထူထောင်ထားတဲ့ မားကပ်စ်ရဲ့ ကျောက်စာတိုင် နဲ့ ရုပ်တု [20]တွေကို ဒီကနေ့ အထိ ရောမမှာ တွေ့နိုင်ပါသေးတယ်။ မားကပ်စ် ရဲ့ ကိုယ်ရေးမှတ်တမ်းတွေထဲကမှ၊ ဒီကနေ့ခေတ်မှာ Meditation အဖြစ် နာမည်ကျော်တဲ့ အတွေးမှတ်စုကြမ်းဟာ - ရောမခေတ် ဒဿနိက အတွေးအခေါ်တွေကို လေ့လာတဲ့နေရာမှာ အခြေခံထားစရာ မူဖြစ်လာပြီး၊ သူ့မှတ်စုကြမ်းကြောင့် အထင်ကြီး လေးစားရလောက်တဲ့ မြောက်များစွာသော စာရေးသူ၊ တွေးခေါ်သူ၊ ခေါင်းဆောင်သူ နဲ့ ရှေ့ဆောင်သူတွေ ခေတ်အဆက်ဆက်မှာ ပေါ်ပေါက်ခဲ့ပြီး ဖြစ်ပါတယ်။
“အတွေးမှတ်စု” [21] ဆိုတာက ခရစ်နှစ် ၁၆၁ ခုနှစ် ကနေ ၁၈၀ ခုနှစ် အထိ ရောမ အင်ပါယာ ကို အုပ်ချုပ်ခဲ့တဲ့ ဧကရာဇ် မားကပ်စ် ဩရေးလီးယက်စ် ရဲ့ တပဓမ္မ အပေါ် ရှုမြင် သုံးသပ်ချက်တွေကို မှတ်စုကြမ်း အဖြစ် ရေးထားခဲ့တဲ့ ကိုယ်ရေး မှတ်တမ်း စာစောင် ဖြစ်ပါတယ်။
အရပ်သုံး ဂရိဘာသာစကား [22] နဲ့ ရေးသားခဲ့ပြီး၊ မှတ်စုကြမ်း ပုရပိုက် စာစောင်ပေါင်း (၁၂) စောင် ရှိပါတယ်။ မှတ်စု အများစု ကို စစ်ရေးအရ သွားရောက်နေထိုင်ခဲ့ရတဲ့ ရောမနယ်၊ ပန်နိုးနီးယားဒေသ၊ ဆာမီယမ် [23] မှာ နေခဲ့စဉ် ၁၇၀ ခုနှစ် ကနေ ၁၈၀ ခုနှစ် အတွင်း ရေးသားခဲ့တယ်လို့ ယူဆရပါတယ်။ တစ်ချို့သော စာစောင်တွေကိုတော့ ပန်နိုးနီးယားဒေသ၊ အာကွင်းကွမ် [24] မှာ တာဝန်ကျနေခဲ့စဉ်က ရေးခဲ့တယ်လို့ ယူဆရပြီး၊ ပထမ နဲ့ ဒုတိယ စာစောင်တွေမှာ တပ်ထားခဲ့တဲ့ ခေါင်းစည်းတွေအရ ကွာဒိ နဲ့ ကာရ်နွန်တွန်မ် [25]မှာ ရေးခဲ့ကြောင်း သိရပါတယ်။
မှတ်စုကြမ်းတွေကို စာတစောင်၊ ပေတစောင်အဖြစ် ထုတ်ဝေဖို့ ရည်ရွယ်ထားခဲ့ခြင်း မရှိပါဘူး။ အဲဒါကြောင့် မှတ်စုတွေကို ခေါင်းစည်း၊ နာမည် သီးသန့် ပေးထားခဲ့ခြင်း မရှိတဲ့အတွက် အလွယ်အနေနဲ့၊ “အတွေးမှတ်စု” အဖြစ် သတ်မှတ်လို့ ရပါတယ်။ အဆိုအမိန့် ဆန်တဲ့ အရေးအသားမျိုး တွေ ဖြစ်တာကြောင့်၊ တစ်ချို့ စာကြောင်းတွေက စာပိုဒ်ကြီးတွေလို ဖြစ်နေတတ်ပြီး၊ တစ်ချို့ကျပြန်တော့ အဆီအငေါ်မတည့်ဘဲ၊ အဆက်အစပ်မရှိ ရေးထားတာမျိုးတွေလည်း ပါပါတယ်။
စာစောင် (၁၂) ခု ကွဲနေပေမယ့်၊ ရောက်တက်ရာရာ ရေးထားတာဖြစ်တဲ့အတွက်၊ တစ်ချို့ စာစောင်တွေ ဆိုရင် တစ်ခုနဲ့ တစ်ခု အချိတ်အဆက်၊ အစပ်အဟပ်၊ အဆီအငေါ် မတည့်ပါဘူး။ ဘဝ တစ်ခုလုံးစာ မှတ်တမ်းဖြစ်တဲ့အတွက်၊ အစပိုင်းမှာ ငယ် ဘဝ အကြောင်း ပြန်အောက်မေ့ပြီး ရေးထားပေမယ့်၊ နောက်ပိုင်းကျတော့ သေခါနီး ရေးထားသလို ဖြစ်ချင် ဖြစ်သွားတတ် ပါတယ်။ ဒါကလည်း မားကပ်စ်ရဲ့ တပဓမ္မအပေါ် ရှုမြင်ပုံနဲ့ သက်ဆိုင်နိုင်ပါတယ်။
အတွေးမှတ်စု တစ်ခုလုံးကို ခြုံငုံပြီး အနှစ်ချုပ်လိုက်ရင်၊ မိမိကိုယ်ကိုယ် ဆုံးမခြင်း နဲ့ သဘာဝ လောကနဲ့ ထပ်တူ အသိ သတိရှိရှိ နေတတ်ခြင်း အနုပညာကို တင်ပြထားခြင်း ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် ရောမတွေက စာရေးတဲ့အခါမှာ “အခန်း” ကြီး/ငယ် စသည် ခွဲခြားတတ်သလို၊ “အပိုင်း” ကြီး/ငယ် သတ်မှတ် လေ့ ရှိပါတယ်။ မားကပ်စ်ကတော့ အတွေးမှတ်စုကို စာကြီးပေကြီးအဖြစ် ရေးသားခဲ့တာ မဟုတ်တဲ့အတွက်၊ အဆင်ပြေ သလိုပဲ၊ အလွယ် ရေးထားခဲ့တာပါ။ ဒါကြောင့် စာစောင် တစ်ခု နဲ့ တစ်ခု ဆက်စပ်မှု မရှိဘဲ၊ တစ်သီးတစ်သန့် ကိုယ်ဆီ ဖြစ်နေတာပါ။
ပထမ စာစောင်ဆိုရင် - ပထမဆုံး အခန်း ဖြစ်ပေမယ့်၊ နောက်ဆုံး ရေးထားတဲ့ စာစောင်လိုထင်ရပါတယ်။ သူ့ ဘဝ တစ်လျှောက်လုံး အသိပညာ၊ အတတ်ပညာ၊ ဘဝပညာ၊ စသဖြင့် သင်ယူလေ့လာဆည်းပူးခဲ့ရသမျှ ပညာတွေရဲ့ သင်ကြားပေးသူ၊ ဆရာသခင်တွေကို ပြန်အောက်မေ့တဲ့ အကြောင်း ရေးထားပြီး၊ နတ်ဘုရားတွေကို ကျေးဇူးတင်ခြင်းနဲ့ အဆုံးသတ်ထားတာပါ။ ဒုတိယ စာစောင် နဲ့ တတိယ စာစောင် ကလွဲရင် ကျန်တဲ့ စာစောင်တွေမှာ ခေါင်းစည်း လုံးဝ မပါပါ။
အတွေးမှတ်စုကို ဂရိ ဘာသာစကားနဲ့ ရေးထားခဲ့တာဖြစ်ပြီး၊ ခေတ်ပြိုင်ကာလ အရ ဂရိဘာသာကို အတွေးအခေါ် ဒဿနိက ဘာသာတွေ လေ့လာတဲ့နေရာမှာပဲ အသုံးပြုကြပါတယ်။ ဒါကို မားကပ်စ်က သူ့ရဲ့ အတွေးမှတ်စု နေ့စဉ်မှတ်တမ်း ရေးတဲ့ နေရာမှာ သုံးခဲ့ပုံထောက်၊ သူရေးတဲ့ မှတ်စုကြမ်းတွေကို အတွေးအခေါ် ဒဿနိက ပညာလိုမျိုး “အဆင့်အတန်း” ထားလိုတဲ့ ဆန္ဒရှိပုံ ရပါတယ်။ စာစောင်တိုင်းမှာ ထပ်ခါတလဲ တွေ့ရတဲ့ တပဓမ္မရှင်းတမ်းတွေကို ထောက်ရှုခြင်း အားဖြင့် အတွေးမှတ်စုကို တပဓမ္မဆိုင်ရာ မှတ်တမ်း တစ်ခု အနေနဲ့ သတ်မှတ်လိုတဲ့ ဆန္ဒရှိပုံ ရပါတယ်။
စာစောင်တိုင်းက ရောက်တက်ရာရာ ခေါင်းထဲ ပေါ်လာသမျှ ကောက်ရေးထားသလိုမျိုး ရေးထားတာပါ။ ဒါပေမယ့် ပြီးစလွယ် ရေးထားတာတော့ မဟုတ်ပါဘူး။ မှတ်စုကြမ်း ရေးထားတာမျိုး ဆိုပေမယ့်လည်း၊ စိတ်ရော ကိုယ်ပါ စေတနာထား ရေးမှတ်ထားကြောင်း စာကြောင်းတိုင်းကို လေ့လာကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။
အဆိုအမိန့်တွေကို တစ်ခုချင်း ချပြပြီး၊ ဆုံးမနေသလိုမျိုး ရေးထားတဲ့အတွက်၊ အတွေးမှတ်စုကို ဆုံးမစာ အဖြစ် သတ်မှတ်လို့ ရပါတယ်။ တသီးပုဂ္ဂလ ခံယူချက်တွေကို ခေတ်အဆက်ဆက် ယုံကြည်လက်ခံခဲ့ကြတဲ့ အတွေး အခေါ်တွေနဲ့ ယှဉ်ပြီး၊ ဝေဖန်ထားချက်တွေ ဖြစ်လို့ ဒဿနိကဆိုင်ရာ သုံးသပ်ချက် စာတမ်း အဖြစ်လည်း သတ်မှတ်လို့ ရပါသေးတယ်။
အတွေးမှတ်စုကို မားကပ်စ် က ဂရိ ဘာသာစကား နဲ့ ရေးထားခဲ့တာပါ။ ဂရိ တောင်မှ ဒီနေ့ခေတ် မော်ဒန် ဂရိ မဟုတ်ဘဲ၊ Classical Greek ဖြစ်ပါတယ်။ မားကပ်စ် ရဲ့ ခေတ်နဲ့ ယှဉ်ရင်တော့ သူ့ခေတ်သူ့ခါ၊ သူ့အချိန်အရ သူရေးခဲ့တဲ့ ဂရိက အရပ်သုံး ဂရိ ဆိုပေမယ့်၊ ဒီနေ့ခေတ်နဲ့ ပြန်ယှဉ်လိုက်ရင် ဂန္ထဝင် အဆင့်ဝင် ဖြစ်သွားပါပြီ။
ဒါကြောင့် မားကပ်စ်ရဲ့ အတွေးမှတ်စုဟာ လွန်ခဲ့တဲ့ ဆယ်နှစ်၊ ဆယ့်ငါးနှစ်လောက်က စာပေလက်ရာ မဟုတ်ဘဲ၊ နှစ်ခဲ့တဲ့ နှစ်ပေါင်း ၁၉၀၀ ကျော်လောက်က လက်ရာဆိုတာကို မှတ်ထားပေးဖို့ လိုပါတယ်။
ပဝေသဏီယ ဂရိစာပေလက်ရာ မြောက်များစွာ ရှိတဲ့အနက် ဒီနေ့ခေတ်အထိ မူရင်းအတိုင်း မူမပျက် ကျန်ရှိနေသေးတဲ့ လက်ရာဆိုလို့ ၂၀ ရာခိုင်နုန်းတောင် မရှိပါဘူး။ ဘယ်လိုလုပ်ပြီး မားကပ်စ်ရဲ့ လက်ရာက ဒီနေ့ဒီချိန် အထိ ကျန်နေသေး တာလဲ။
အတိအကျတော့ မဟုတ်ပေမယ့်၊ သမိုင်းအစဉ်အဆက် မှတ်တမ်းတွေအရ အတည်ပြုထားချက်ကတော့၊ မားကပ်စ်ရဲ့ လက်ရာကို ဆွေစဉ်မျိုးဆက် ထိန်းသိမ်းခဲ့ကြလို့ပါ။ ဒါကလည်း ခနလောက်ပါပဲ။ နောက်ပိုင်း ခေတ်တွေ ကျတော့ နန်းတွင်း မော်ကွန်း စာပေလက်ရာတွေက အရပ်သား ပညာသည်တွေဆီ ရောက်သွားပြီး၊ ဂန္ထဝင်စာရင်းဝင် လက်ရာ တစ်ခုအနေနဲ့ နေရာစုံ ရောက်သွားခဲ့ရာက၊ မူတွေ ကွဲကုန်ပြီး၊ မူရင်းရယ်လို့ လက်ညိုးထိုးစရာ မရှိတော့တဲ့အဆုံး၊ အများလက်ခံတဲ့ မူကို မူရင်းအဖြစ် သတ်မှတ်လိုက်ရပါတယ်။
မားကပ်စ် ရဲ့ အတွေးမှတ်စု နဲ့ ပက်သက်ပြီး ရှေးအကျဆုံး သမိုင်းမှတ်တမ်းကတော့၊ လေးရာစုက ဟောပြောရေးသမား တေမိစတီးယုစ် ရဲ့ မှတ်တမ်းပါ။ တေမိစတီးယုစ် ပေးခဲ့တဲ့ နာမည်က “မားကပ်စ် ရဲ့ လမ်းညွှန်ချက်များ” ဖြစ်ပါတယ်။ ဖြစ်ချင်တော့၊ ဘစ်ဇန်တင်း ခေတ်မှာ ပညာရှင် အချို့ကလည်း မားကပ်စ်ရဲ့ အတွေးမှတ်စုကို ဖတ်ရ၊ သိရ၊ လေ့လာ ရကြောင်း မှတ်တမ်း အမျိုးမျိုး တင်ထားခဲ့သေးတော့၊ တေမိစတီးယုစ်ရဲ့ မှတ်တမ်းကို အခိုင်လုံဆုံးသော ရှေးအကျဆုံး မှတ်တမ်း အဖြစ် မဆိုနိုင်တော့ပြန်ဘူး။ ဘစ်ဇန်တင်းခေတ် က အတွေးမှတ်စု မူက တေမိစတီးယုစ် ရဲ့ မူနဲ့ တူသလားဆိုတာ မသိရပါ။
တိကျသေချာသလောက် ရှိတယ်လို့ ယူဆရတဲ့ မှတ်တမ်းကျတော့၊ အေဒီ ၈၅၀ နဲ့ ၉၃၅ ခုနှစ် ကြားကာလခန့် အာရေးသာ့စ် နယ်ခံ ဘုန်းတော်ကြီး ဆီမှာ ဂရိဘာသာစကားနဲ့ အတွေးမှတ်စု မိတ္တုမူရင်း ရှိခဲ့တယ် ဆိုတာပါ။ ဖြစ်ချင်တော့ အဲဒီ မိတ္တူ မရှိတော့ပါဘူး။ မိတ္တူရှိခဲ့တယ် ဆိုတဲ့ မှတ်တမ်းလေး ကျန်လို့သာ သိရတာပါ။ အဲဒီမှတ်တမ်း မှာကျတော့ အတွေးမှတ်စုက “ကိုယ်ကျင့်သီလဆိုင်ရာ ဆုံးမစာ” အဖြစ် နာမည်ပေးထားပါတယ်။ အေဒီ ၉၅၀ လောက်ရောက်တော့၊ မားကပ်စ်ရဲ့ အတွေးမှတ်စု ဟာ “ဆုဒ“ လက်စွဲကျမ်း အဖြစ် နာမည်ထင်ရှားခဲ့ပြီး၊ မားကပ်စ်ရဲ့ စံပြ အတွေးအခေါ်ပညာရှင် ဧပိတေတုစ်ရဲ့ ကျမ်းစာတွေနဲ့ အတူ ယှဉ်တွဲပြီး လေ့လာခံရပါတယ်။
ဉာဏ်အလင်းပွင့်တဲ့ ခေတ် လို့ နာမည်ရတဲ့ ရီနေးဆန့်ကာလရောက်တော့၊ “ဆုဒ” မူဟာ ကွန်စတန်တီနိုပယ်မြို့ကြီး တူရကီတို့ရဲ့ သိမ်းပိုက်မှုအောက် ရောက်သွားချိန်မှာ၊ စစ်ဘေးဒုက္ခသည် စာပေပညာရှင်တွေနဲ့အတူ ဥရောပဘက်ကို ရောက်သွားခဲ့ပါတယ်။ ၁၅၄၅ ခုနှစ်မှာ ဆွီစ်လူမျိုး စာပေပညာရှင် ကွန်ရာ့ဒ် ဂတ်စ်နာ က “ဆုံးမစာ” လက်စွဲ နာမည်နဲ့၊ ၁၅၅၈-၉ ခုနှစ်အတွင်း သားဖြစ်သူ ရဲ့ အကူအညီနဲ့ ဇူးရစ်မြို့မှာ ဂရိဘာသာနဲ့ပဲ ပထမဆုံးအကြိမ် စာအုပ် ရိုက်နှိပ် ထုတ်ဝေခဲ့ပါတယ်။
၁၅၅၉ နဲ့ ၁၅၆၈ ခုနှစ်မှာ အော့စ်ဘာ့ဂ် မြို့သား ဇီလန်ဒါ က လက်တင်ဘာသာစကားကို ဒုတိယဘာသာစကား အနေနဲ့နဲ့ ပထမဆုံးအကြိမ် ဘာသာပြန်ဆိုခဲ့ပြီး၊ စာညွှန်း အပြည့်အစုံနဲ့ ထပ်မံ ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။ ဂတ်စ်နာရဲ့ မူ မရှိတော့ ပေမယ့်၊ ဇီလန်ဒါရဲ့ လက်တင်ပြန်ဆိုမှု နှစ်ဘာသာ မူကတော့ ကျန်ရှိပါသေးတယ်။
အခြား ခေတ်ပြိုင် ဘာသာပြန်မူတွေနဲ့အတူ၊ ဇီလန်ဒါ ရဲ့ မူကို ရောမမြို့၊ ဗာတီကန် ပြတိုက်မှာ စုစည်းထိန်းသိမ်း ထားပါတယ်။ ဒီကြားထဲမှာ မတူညီတဲ့ ဘာသာစကားမျိုးစုံနဲ့ ဘာသာပြန်ဆိုမှုတွေ ရှိပေမယ့်၊ လူလေးစားခံရပြီး၊ အခရာကျတဲ့ ဘာသာပြန်ဆိုမှုအဖြစ်၊ အင်္ဂလိပ်လူမျိုး စာပေပညာရှင် ကာဆုဘွန်က ၁၆၃၅ ခုနှစ်မှာ အင်္ဂလိပ် ဘာသာ နဲ့ ပထမဆုံး အကြိမ် ဘာသာပြန်ဆိုခဲ့ပြီး၊ ၁၁၆၄၃ ခုနှစ်မှာ လက်တင်ဘာသာ နဲ့ သုံးဘာသာ မူ အဖြစ် ထပ်မံ ဘာသာပြန်ဆို ထုတ်ဝေခဲ့ပါတယ်။ သူ့ရဲ့မူကို “Meditation” အဖြစ် နာမည်ပေးပြီး စတင်ထုတ်ဝေခဲ့ရာက၊ အတွေးမှတ်စုကို အများအားဖြင့် “Meditation” အဖြစ် လူသိများခြင်း ဖြစ်ပါတယ်။ ၁၉၀၆ ခုနှစ်မှာ အဲဗရီးမန်း စာကြည့်တိုက် က ဒုတိယ အကြိမ်အဖြစ် ထပ်မံ ထုတ်ဝေခဲ့ပါတယ်။ ဒီမူကို အခြေခံပြီး နောင်းပိုင်း အင်္ဂလိပ် ဘာသာပြန်ဆိုမှုတွေ ဖြစ်လာတာပါ။ ကာဆုဘွန်ရဲ့ မူကို အခြေခံပြီး၊ မက်သျူး အာနိုး နဲ့ အားနက်စ် ရေနန် စတဲ့ ၁၉ ရာစု စာပေပညာရှင်တွေလည်း အတွေးမှတ်စုကို ကိုယ်ဆီ အာဘော်ခွဲ ဘာသာပြန်ဆိုခဲ့ကြပါသေးတယ်။
ဒီကနေ့ခေတ် ဂန္ထဝင် ဂရိ စာပေပညာရှင်တွေရဲ့ သဘောတူလက်ခံထားမှု အရ ဂရိဘာသာစကားနဲ့ အတွေးမှတ်စု မူ တစ်မူပဲ ရှိပါတယ်။ အဲတာကတော့ Perseus Digital Library မှာ တရားဝင် ပြဋ္ဌာန်း အတည်ပြုထားတဲ့ Creative Commons Attribution ဝင်၊ Public Domain – 1908 – Leipzig မူ ဖြစ်ပါတယ်။ Perseus မူကို အခြေခံပြီး အင်္ဂလိပ် ဘာသာပြန်ဆိုထားတဲ့ မူတွေ အများကြီး ရှိတဲ့အနက်၊ ယခု စာအုပ် ဖြစ်တဲ့ အတွေးမှတ်စုကို မြန်မာဘာသာသို့ ပြန်ဆိုရာမှာ ဒုတိယ ဘာသာစကား မူအဖြစ် စာအုပ် (၃) အုပ် ကိုးကားထားပြီး ဆီလျော်မှု ရှိအောင် အတတ်နိုင်ဆုံး ပြန်ဆိုထားခြင်း ဖြစ်ပါတယ်။ အဲဒီ မူတွေ အပြင်၊ အနက်ဖော်မှု နဲ့ စကားပြေ ပြန်ဆိုမှု ကိုးကား အဖြစ် အခြား အရံမူ (၄) ခုကိုလည်း အပို ကိုးကား ထားပါသေးတယ်။
Marcus Aurelius. M. Antonius Imperator Ad Se Ipsum. Jan Hendrik Leopold. in aedibus B. G. Teubneri. Leipzig. 1908
(၁) Oxford University Press – Meditations : Translated by Robin Hard, With an Introduction and Notes by Christopher Gill
(၂) Penguin Classics – Meditations – Translated by Martin Hammond
(၃) The Modern Library – Meditations – A New Translation, with an Introduction by Gregory Hays
(၁) Liberty Fund Inc, Indianapolis – The Meditations of the Emperor Marcus Aurelius Antoninus – Translated by Francis Hutcheson and James Moor, Edited and with an Introduction by James Moore and Michael Silverthorne
(၂) 1944 – Oxford University Press – The Meditations of The Emperor Marcus Antoninus – Edited with Translation and Commentary by A. S. L. Farquharson (1871-1942)
(၃) Thoughts of Marcus Aurelius Antoninus – Edited & Translated by George Long
(၄) The Meditations of The Emperor Marcus Aurelius Antoninus – A New Rendering Based on the Fouls Translation of 1743, by George W. Chrystal, 1902
ဘာသာပြန်ဆိုခြင်း ဆိုတာက မူရင်း စာရေးသူရဲ့ အာဘော်ကို အကိုက်ညီဆုံးဖြစ်အောင် အဆီလျော်ဆုံး တဆင့်ခံ တင်ပြရတဲ့ အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့်၊ ဘာသာစကား တစ်ခု နဲ့ တစ်ခု ကွာခြားမှု၊ ပထဝီဝင် အရ ကွဲပြားမှု၊ ယုံကြည်လက်ခံမှု နဲ့ ဓလေ့ထုံးတမ်းအရ ရှုထောင့် ခြားနားမှုတွေကြောင့်၊ မူရင်း စာရေးသူရဲ့ အာဘော်ကို တိုက်ရိုက် တင်ပြတဲ့အခါမှာ စာဖတ်သူတို့အတွက် နားလည်ရ ခက်ခဲတာမျိုး ဖြစ်နိုင်ပါတယ်။
အဲဒီလို အဆီအငေါ် မတည့်မှုတွေ ဖြစ်တတ်တဲ့အတွက်၊ ဘာသာပြန်ဆိုသူ အနေနဲ့ မူရင်း စာရေးသူရဲ့ အာဘော်ကို ပေါ်လွင်အောင် အခြေအနေ၊ အနေအထား၊ သဘာဝ၊ ဖြစ်စဉ် အပေါ် လိုက်ပြီး ဆီလျော်အောင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ၊ ဥပမာပေး၍ ဖြစ်စေ၊ သာဓက ထုတ်၍ ဖြစ်စေ၊ နည်းမျိုးစုံသုံးပြီး၊ တဆင့်ခံ အာဘော်သွင်း ဘာသာပြန်ဆိုရခြင်းလည်း ရှိပါတယ်။
မားကပ်စ်ရဲ့ - စာစောင် နှစ် စာပိုဒ် သုံး ကို ဘာသာပြန်ဆိုတဲ့ နေရာမှာ အာဘော်အမျိုးမျိုး ယူပြီး ဆိုလိုရင်းကို ပေါ်လွင်အောင် ဘာသာပြန်ရကြောင်းကို မူ အမျိုးမျိုး ယှဉ်လျက် လေ့လာကြည့်ရင် သိနိုင်ပါတယ်။
(Greek Alphabet) Τὰ τῶν θεῶν προνοίας μεστά. Τὰ τῆς τύχης οὐκ ἄνευ φύσεως ἢ συγκλώσεως καὶ ἐπιπλοκῆς τῶν προνοίᾳ διοικουμένων. Πάντα ἐκεῖθεν ῥεῖ: πρόσεστι δὲ τὸ ἀναγκαῖον καὶ τὸ τῷ ὅλῳ κόσμῳ συμφέρον, οὗ μέρος εἶ. Παντὶ δὲ φύσεως μέρει ἀγαθόν, ὃ φέρει ἡ τοῦ ὅλου φύσις καὶ ὃ ἐκείνης ἐστὶ σωστικόν. Σῴζουσι δὲ κόσμον, ὥσπερ αἱ τῶν στοιχείων, οὕτως καὶ αἱ τῶν συγκριμάτων μεταβολαί. Ταῦτά σοι ἀρκείτω καὶ δόγματα ἔστω. Τὴν δὲ τῶν βιβλίων δίψαν ῥῖψον, ἵνα μὴ γογγύζων ἀποθάνῃς, ἀλλὰ ἵλεως ἀληθῶς καὶ ἀπὸ καρδίας εὐχάριστος τοῖς θεοῖς.
(Latin Alphabet) Tὰ tῶn theῶn pronías mestá. Tὰ tῆs tíkhis oὐk ἄnef phíseos ἢ singlóseos kaὶ ἐpiplokῆs tῶn proníᾳ diikouménon. Pánta ἐkeῖthen ῥeῖ: prósesti dὲ tὸ ἀnangaῖon kaὶ tὸ tῷ ὅlῳ kósmῳ simphéron, oὗ méros eἶ. Pantὶ dὲ phíseos méri ἀgathón, ὃ phéri ἡ toῦ ὅlou phísis kaὶ ὃ ἐkínis ἐstὶ sostikón. Sῴzousi dὲ kósmon, ὥsper aἱ tῶn stikhíon, oὕtos kaὶ aἱ tῶn singrimáton metavolaí. Taῦtá si ἀrkíto kaὶ dógmata ἔsto. Tὴn dὲ tῶn vivlíon dípsan ῥῖpson, ἵna mὴ gongízon ἀpothánῃs, ἀllὰ ἵleos ἀlithῶs kaὶ ἀpὸ kardías eὐkháristos toῖs theoῖs.
(OUP1) Providence permeates the works of the gods; and the works of fortune are not dissociated from nature, but intertwined and interwoven by all that is ordered by providence. Everything flows from there; but necessity is implicated too, and the benefit of the whole universe of which you are a part. Now for every part of nature, the good is that which universal nature brings, and which serves to sustain that nature; and the universe is sustained not merely by the changes of the elements, but also by the changes of the bodies compounded from them. Let these doctrines, if that is what they are, be enough for you. As for your thirst for books, be done with it, so that you may not die with complaints on your lips, but with a truly cheerful mind and grateful to the gods with all your heart.
(Penguin Classic) The works of the gods are full of providence. The works of 3 Fortune are not independent of Nature or the spinning and weaving together of the threads governed by Providence. All things flow from that world: and further factors are necessity and the benefit of the whole universe, of which you are a part. Now every part of nature benefits from that which is brought by the nature of the Whole and all which preserves that nature: and the order of the universe is preserved equally by the changes in the elements and the changes in their compounds. Let this be enough for you, and your constant doctrine. And give up your thirst for books, so that you do not die a grouch, but in true grace and heartfelt gratitude to the gods.
(Modern Library) What is divine is full of Providence. Even chance is not divorced from nature, from the inweaving and enfolding of things governed by Providence. Everything proceeds from it. And then there is necessity and the needs of the whole world, of which you are a part. Whatever the nature of the whole does, and whatever serves to maintain it, is good for every part of nature. The world is maintained by change—in the elements and in the things they compose. That should be enough for you; treat it as an axiom. Discard your thirst for books, so that you won’t die in bitterness, but in cheerfulness and truth, grateful to the gods from the bottom of your heart.
(George Long) All that is from the gods is full of providence. That which is from fortune is not separated from nature or without an interweaving and involution with the things which are ordered by providence. From thence all things flow; and there is besides necessity, and that which is for the advantage of the whole universe, of which thou art a part. But that is good for every part of nature which the nature of the whole brings, and what serves to maintain this nature. Now the universe is preserved, as by the changes of the elements so by the changes of things compounded of the elements. Let these principles be enough for thee; let them always be fixed opinions. But cast away the thirst after books, that thou mayest not die murmuring, but cheerfully, truly, and from thy heart thankful to the gods.
(Meric Casaubon) Do, soul, do; abuse and contemn thyself; yet a while and the time for thee to respect thyself, will be at an end. Every man's happiness depends from himself, but behold thy life is almost at an end, whiles affording thyself no respect, thou dost make thy happiness to consist in the souls, and conceits of other men.
(Generated by Artificial Intelligent) All things are full of the divine administration. Not without a natural connection or a mutual coherence and involution are the things which are administered by providence. And from thence all things flow; and there is besides necessity, and that which is for the advantage of the whole universe, of which thou art a part. But that is good for every part of nature which the nature of the whole brings, and what serves to maintain this nature. Now the universe is preserved, as by the changes of the elements so by the changes of things compounded of the elements. Let these principles be enough for thee, let them always be fixed opinions. But cast away the thirst after books, that thou mayest not die murmuring, but cheerfully, truly, and from thy heart thankful to the gods.
(Reformulation Technique / Oblique Translation) ကံ ရဲ့ စေရာ ဆိုတာကို လက်ခံလိုက်ပါ။ ကံ ဆိုတာက သဘာဝ အလျောက် ဖြစ်တည်ပျက်နေတဲ့ အရာပါ။ ဘဝ ဆိုတာက ကံ စေရာအတိုင်း ဖြစ်လာတယ်။ ကံ အကြောင်း ကြောင့် ဖြစ်လာတာတွေကြီးပါပဲ။ ကံ ရဲ့ စေလိုရာ အတိုင်း၊ နတ်ဘုရားတို့ရဲ့ အလိုတော်ကျ လောကကြီး ဖြစ်လာတယ်။ အလိုတော် ကို ဆန့်ကျင်ပြီး၊ ကံအကြောင်းကို ဖီဆန်လို့ မရဘူး။ ဖြစ်ဖို့ ရာ ကံပါလာရင် ဖြစ်ကိုဖြစ်လိမ့်မယ်။ ကံ ဆိုတာက ပြောင်းလဲမှုပဲ။ လောကကြီးကို ပြောင်းလဲခြင်းတရားက စိုးမိုးထားတယ်။ ဘယ်အရာမဆို ပြောင်းလဲတယ်။ ဘယ်ပြောင်းလဲမှု မဆို ကောင်းသော ပြောင်းလဲခြင်းတွေဖြစ်တယ်။ ဒါနဲ့တင် ကိုယ့်အတွက် လုံလောက်ပြီ။ ဒါကို လက်ခံနိုင်ရမယ်။ စာအုပ်စာပေတွေ မက်မောမနေနဲ့၊ စာပေကျမ်းဂန်တွေ ဆည်းပူးနေလို့ကတော့ မချိုမချဉ်စိတ် နဲ့ ခါးသီးနေရလိမ့်မယ်။ တစ်ကယ်ပဲ ပျော်ရွှင်ချင်တယ်ဆိုရင် အမှန်တရားကို ကျေနပ်စွာ လက်ခံပါ၊ နတ်ဘုရားတွေရဲ့ အလိုတော်ကို ကျေနပ်စွာ လက်ခံပါ။ ကံ ရဲ့ စေရာ ဘဝ အပြောင်းအလဲတွေကို ကျေနပ်စွာ လက်ခံပါ။
ဘာသာပြန်ဆိုတဲ့နေရာမှာ နည်းလမ်း (၂) မျိုး ရှိပါတယ်။
(၁) တိုက်ရိုက်ပြန်ဆိုနည်း / Direct Translation Techniques နဲ့
(၂) သွယ်ဝိုက်ပြန်ဆိုနည်း / Oblique Translation Techniques တို့ပဲ ဖြစ်ပါတယ်။
အကျယ်အားဖြင့် တိုက်ရိုက်ပြန်ဆိုနည်း (၃) နည်း ရှိပြီး၊ သွယ်ဝိုက် ပြန်ဆိုနည်း (၇) နည်း ရှိပါတယ်။
(၁) အငှားပြန်ဆိုနည်း / Borrowing Technique
(၂) အစားထိုးပြန်ဆိုနည်း / Calque Technique နဲ့
(၃) သဒ္ဒါအလိုပြန်ဆိုနည်း / Literal Technique တို့ပဲ ဖြစ်ပါတယ်။
(၁) အလှည့်အပြောင်း ပြန်ဆိုနည်း / Transposition Technique
(၂) အဓိပ္ပါယ်တူ ဝေါဟာရကွဲ ပြန်ဆိုနည်း / Modulation Technique
(၃) သဒ္ဒါပြောင်းလဲ ပြန်ဆိုနည်း / Reformulation Technique
(၄) ဝေါဟာရချဲ့ထွင် ပြန်ဆိုနည်း / Expansion Technique
(၅) ဝေါဟာရချုံ့၍ ပြန်ဆိုနည်း / Reduction Technique
(၆) ဝေါဟာရ အစားယူ၍ ပြန်ဆိုနည်း / Adaptation Technique နဲ့
(၇) ဝေါဟာရ သက်၍ ပြန်ဆိုနည်း / Compensation Technique တို့ပဲ ဖြစ်ပါတယ်။
မားကပ်စ်ရဲ့ အတွေးမှတ်စုကို တိုက်ရိုက်ပြန်ဆိုနည်းတွေနဲ့ ပြန်ဆိုလို့ ဖြစ်ပေမယ့်လည်း၊ ဝေါဟာရတိုင်းကို သဒ္ဒါနည်းကျ ပြန်ဆိုလိုက်ရင်၊ ပေါ့ပါးရမယ့်အစား၊ လေးလံသွားနိုင်ပါတယ်။ ဝေါဟာရကို ဘယ်လောက်ပဲ ကစားပြီး လှည့်ပြောင်း ရေးနိုင်ပါစေ၊ ဂရိ ဘာသာကနေ အင်္ဂလိပ် ဘာသာ ကို ပထမဆုံး ပြန်ဆိုခဲ့တဲ့ မဲရစ် ကာဆုဘွန် ပြောသလို ပြန်ပြောရရင်၊ အဆင်မချောတော့ဘဲ၊ လိုရင်းမရောက်၊ ဆိုလိုရင်း ပျောက်သွားနိုင်ပါတယ်။
All things are full of the divine administration. ဆိုတာကို တိုက်ရိုက် ပြန်ဆိုလိုက်ရင် - “အရာအားလုံး ကံ၏ စေလိုရာ အတိုင်း ဖြစ်တည်လျက် ရှိသည်။” လို့ ပြန်ဆိုလို့ ရပါတယ်။ ဒါပေမယ့် ဒါက ဂရိ ကနေ အင်္ဂလိပ်ဘာသာကို ပြန်ဆိုထားတဲ့ မူတစ်ခုရဲ့ အလိုပါ။ တခြားမူ အရဆိုရင် အဓိပ္ပါယ်က မတူတော့ပါဘူး။ What is divine is full of Providence. ဆိုတာကို တိုက်ရိုက် ပြန်ဆိုလိုက်ရင် - “အလိုတော်တိုင်း ဖြစ်တည်သမျှ ကံ အကြောင်း ကောင်းမည် သာတည်း။” လို့ ပြန်ဆိုလို့ ရနိုင်ပါတယ်။ ဒီနေရာမှာ Divine ကို နတ်ဘုရားတို့ရဲ့ အလိုတော်အဖြစ် ဘာသာပြန်ဆိုမှ မားကပ်စ်ရဲ့ ဆိုလိုရင်းကို ဆက်စပ်နိုင်မှာပါ။
တန်ခိုးတော်အတိုင်းလို့ ပြန်လို့ ရပေမယ့်၊ မားကပ်စ်ရဲ့ တပဓမ္မ အမြင်အရ တန်ခိုးတော်အရ ဖြစ်ပျက်တာကို လက်မခံတာကြောင့်၊ အလိုတော်အတိုင်း ဖြစ်တာကို ဒီနေရာမှာ အာဘော် ရပ်တည်မှု အရ ပြန်ဆိုရပါတယ်။ အင်္ဂလိပ်မူတွေရဲ့ ပထမဆုံးမူ ဖြစ်တဲ့ မဲရစ် ကာဆုဘွန် မူမှာကျတော့ - Do, soul, do လို့ပဲ Τὰ τῶν θεῶν προνοίας μεστά ကို ပြန်ဆိုထားပါတယ်။ အဲဒီလိုကျပြန်တော့ သွယ်ဝိုက်ပြန်ဆိုနည်း အရ၊ ဝေါဟာရကို ချုံ့လွန် အားကြီးတော့၊ အဓိပ္ပါယ် ဖော်ရခက်သွားသလို၊ မားကပ်စ်ရဲ့ အာဘော် ပျောက်သွားသလို ထင်ရပါတယ်။
ဒါကြောင့် Providence permeates the works of the gods. ဆိုတာကို “ကံ ရဲ့ စေရာကို လက်ခံလိုက်ပါ” လို့ပဲ လိုတိုရှင်း ဘာသာပြန်ထားလိုက်ပါတယ်။ တိုက်ရိုက် ပြန်ဆိုခြင်း မဟုတ်တဲ့အတွက်၊ အဓိပ္ပါယ်အားဖြင့် ကွဲလွဲမှုတွေ ရှိသလို ယူဆနိုင်ပါတယ်။ ဒါပေမယ့် စာအုပ်အလိုက် မူရင်း မားကပ်စ်ရဲ့ အာဘော်နဲ့ ပြန်ညှိလိုက်ရင်တော့ ဆိုလိုရင်း ရှင်းလင်းပြီး၊ ပြောချင်တာကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်ပါလိမ့်မယ်။
သွယ်ဝိုက်ပြန်ဆိုနည်းကို အခြေခံပြီး မြန်မာဘာသာ ပြန်ဆိုထားခြင်း ဖြစ်တဲ့အတွက်၊ ဒီစာအုပ်ပါ ဘာသာပြန်ဆိုချက် များဟာ မူရင်း ဂရိမူ အတိုင်း အပြည်အစုံ တိုက်ရိုက်ပြန်ဆိုထားတဲ့ “Academic Standard Translation” မဟုတ်ပါ။ “Common Standard Translation” ဖြစ်တာကြောင့်၊ အချို့သော မူရင်းစာပိုဒ်တွေကို သွယ်ဝိုက်ပြန်ဆိုနည်း အရ၊ ဝေါဟာရ ချုံ့၍ဖြစ်စေ၊ ဝါကျဖြုတ်၍ ဖြစ်စေ၊ အစားထိုး၍ ဖြစ်စေ၊ မားကပ်စ်ရဲ့ အာဘော် ကို လိုတိုရှင်း နားလည်လွယ် အောင် ပြန်ဆိုထားခြင်း ဖြစ်ပါတယ်။
အတွေးမှတ်စု ဖြစ်တဲ့အတွက်၊ မားကပ်စ်ဟာ ပြောပြီးသား စကားတွေကိုလည်း ထပ်ခါတလဲ ပြန်ပြောထားသလို၊ ရှင်းပြ ထားပြီးသား အယူအဆတွေကိုလည်း ခနခန ပြန်သုံးထားပါတယ်။ အဲဒီလိုမျိုး ခနခန ရေးတာက သူ့ကိုယ်သူ ခနခန သတိပေးသလိုမျိုး သဘောနဲ့ ရေးထားတာလည်း ဖြစ်နိုင်ပါတယ်။
ဘာသာပြန်ဆိုသူ အနေနဲ့ အဲဒီလို ထပ်ခါ ထပ်ခါ ပါနေတဲ့ အကြောင်းအရာတွေကို တစ်ချို့နေရာမှာ အကျယ်ချဲ့ ရေးမနေ တော့ဘဲ၊ ဖြုတ်တန်သင့်တာ ဖြုတ်ထားကြောင်း ကြိုတင် အသိပေးပါတယ်။ ဒါကလည်း သိပြီးဖြစ်တဲ့ အချက်ကို ခနခန ပြန်ဖတ်နေစရာ မလိုတော့အောင်ရယ်၊ စာမထောက်အောင် ဖြုတ်လိုက်ခြင်းပါ။
ဒါကြောင့် ဒီစာအုပ်ကို Academic Standard နဲ့ မဖတ်ဘဲ၊ Commonly ဖတ်တဲ့အနေနဲ့ သာမှန် သုတစာပေ လက်ရာ တစ်ခုကို ဖတ်နေသလိုမျိုး နှလုံးသွင်း ဖတ်စေချင်ပါတယ်။ အခု ဘာသာပြန်ဆိုမှုမှာ အလွဲအမှားတွေ ပါလာခဲ့ရင်၊ မြန်မာ ဘာသာသို့ ပြန်ဆိုတဲ့ စာရေးသူ အပြစ်သာ ဖြစ်ပါတယ်။
ပထမဆုံး အနေနဲ့ ကြိုတင် အသိပေးချင်တာက - ဒီစာအုပ်ကို - “ပျင်းဖို့ကောင်းတဲ့ နောက်ထပ် တက်ကျမ်းစာအုပ် တစ်အုပ် “ လိုမျိုး မဖြစ်အောင် အရိုးဆုံး၊ အရှင်းဆုံး ဘာသာပြန်ဆိုထားပါတယ်။ လိုတိုရှင်း ဆိုလိုရင်း ကို ကွက်ကွက်ကွင်းကွင်း မြင်နိုင် အောင် ဘာသာပြန်ဆိုထားပါတယ်။
ဒါပေမယ့် နောက်ထပ် အသိပေးချင်တဲ့ အချက်က - ဒီစာအုပ်မှာ ပါတဲ့ နာမည်တွေကို ကြားဖူးနေကျ အသံထွက်နဲ့ ဘာသာ ပြန်ထားတာ မဟုတ်ဘဲ၊ မူရင်း ဂရိ အသံထွက် ဖြစ်အောင် အတတ်နိုင်ဆုံး ဝေါဟာရ အစားထိုး ပြန်ဆိုထားခြင်း ဖြစ်ပါတယ်။ ဒါကလည်း ဘာသာပြန်သူ ရဲ့ အလိုဆန္ဒ သီးသန့်ကြောင့်ပါ။ တခြား ဘာအကြောင်းကြောင့်မှ မဟုတ်ပါဘူး။
ကြားဖူးနေကျ၊ ဖတ်ဖူးနေကျ “အင်္ဂလိပ်” အသံထွက်ထက်၊ ဂရိ အသံထွက် နဲ့ လက်တင် အသံထွက်တွေက ဘာသာပြန်သူ အတွက် နားဝင်ပိုချိုသလို ခံစားမိတာကြောင့်၊ မူရင်း အသံထွက်နဲ့ အနီးစပ်ဆုံး ဖြစ်အောင် ပြန်ဆိုထားခြင်း ဖြစ်ပါတယ်။
လက်တင်ဘာသာစကားကို မြန်မာတို့ရဲ့ ယဉ်ကျေးမှုနဲ့ နိုင်းယှဉ်ရရင် ပါဠိဘာသာနဲ့ တူပါတယ်။ ဂရိကျတော့ ပါဠိထက် ရှေးကျတဲ့ သက္ကဋနဲ့ တူပါတယ်။ လက်တင် အသံထွက် နဲ့ ဂရိ အသံထွက် မတိမ်းမယိမ်း ကွာသလိုပဲ၊ ပါဠိ နဲ့ သက္ကဋ အသံထွက် တို့ကလည်း မတိမ်းမယိမ်းလေးပါ။ အပိုလေးတွေ ပါတာကလွဲရင်ပေါ့။
ဥပမာ - လက်တင်လို - MARCUS AURELIUS - MARKUS AU̯ˈREːLI.US -ကို မြန်မာလို အသံထွက်ရင် - “မားခု(စ်) အောင်(ဝ်)ရေးလီးယု(စ်)” ဖြစ်ပါတယ်။ ဂရိလိုဆိုရင်တော့ - Μάρκος Αὐρήλιος - Markos Aurelios - ဖြစ်ပြီး၊ မြန်မာလို အသံထွက်ရင် “မားခို့(စ်) အောင်(ဝ်)ရေးလီးယို့(စ်)” ဖြစ်ပါတယ်။ အင်္ဂလိပ် လိုဆိုရင်တော့ - Marcus Aurelius - မားကပ်စ် ဩရေးလီးယက်စ် ပါ။
ဘာသာပြန်သူရဲ့ တစ်ဖက်သတ် စိတ်သီးသန့်နဲ့ ဝါသနာအရ နာမည် နဲ့ ဝေါဟာရတွေကို အဲဒီလိုမျိုး ပြန်ဆိုထားခြင်း ဖြစ်ပါတယ်။ သီးခြား အကြောင်းအရင်း သီးသန့် မရှိပါ။
သမိုင်းနဲ့ ယှဉ်တဲ့ အကြောင်းအရာတွေ ပါဝင်တဲ့အတွက်၊ အတွေးမှတ်စုကို စာညွှန်း မပါဘဲ ဖတ်ရင် နားလည်ဖို့ အင်မတန် ခက်ပါလိမ့်မယ်။ ဘာကို ပြောလို့ ပြောနေမှန်း မသိနိုင် သလို၊ ဘာကို ဆိုလိုချင်မှန်း ခန့်မှန်းလို့တောင် မရနိုင်ပါဘူး။ အဲတာကြောင့်လည်း ခေတ်အဆက်ဆက် ဘာသာပြန်ဆို သူတွေက လေ့လာဆည်းပူးနိုင်သလောက်၊ စာညွှန်းတွေကို ပြည့်စုံအောင် ထည့်သွင်းခဲ့ကြပြီး၊ အချို့သော ပညာရှင်တွေ ဆိုရင်၊ စာကြောင်းတိုင်း အတွက် အဖွင့်တွေကိုပါ ထည့်သွင်း ဖော်ပြခဲ့ကြပါတယ်။
ဒါကလည်း မားခို့စ် ရဲ့ ရေးဟန်ကြောင့်ပါ။ မှတ်စုရေးတာဆိုတော့လည်း ဆိုလိုရင်း နဲ့ ပြောချင်တာကို ပြောလို့ရရင် ပြီးရော၊ ရေးထားတာကြောင့်၊ လိုရင်းကို သိဖို့ စာညွှန်း မဖတ်ဘဲ မသိနိုင်ပါဘူး။ ဒါတောင်မှ ဇာစ်မြစ် ရှာလို့မရတဲ့ ပုဂ္ဂိုလ်တွေရဲ့ နာမည်တွေ ပါပါသေးတယ်။ သိနိုင်သမျှ အချက်အလက်တွေကို အကျစ်လစ်ဆုံးနဲ့၊ အခိုင်မာဆုံး ဖြစ်အောင် တစ်ပါတည်း ထည့်သွင်း ဖော်ပြထားပါတယ်။
တစ်ချို့သော စာဖတ်သူတွေ အနေနဲ့ ဘာသာပြန်မူကို ဖတ်ရတာ အားမလိုအားမရ ဖြစ်နိုင်တဲ့အတွက်လည်း၊ မူရင်း ဂရိမူကို နောက်ဆက်တွဲ ကဏ္ဍမှာ ထည့်သွင်းပေးထားသလို၊ ဂရိမူကို အသံထွက် ဖတ်ချင်တဲ့သူတွေ ရှိခဲ့ရင်လည်း ဖတ်လို့ ရအောင် လက်တင်အက္ခရာမူကိုပါ ထည့်ပေးထားပါတယ်။ Digital မူရချင်ရင်တော့၊ Perseus Digital Library မှာ သွားရောက် လေ့လာလို့ရပါတယ်။
အတွေးမှတ်စု ဟာ အတွေးအခေါ်ပညာရှင်၊ ရောမ ဧကရာဇ် မားခိုစ့် အောင်ဝ်ရေးလီးယို့စ် ရဲ့ ကိုယ်ပိုင် မှတ်တမ်း မှတ်စု ကြမ်း စုစည်းမှု ဖြစ်ပါတယ်။ စာစောင်ပေါင်း ၁၂ စောင် ရှိပြီး၊ တပဓမ္မအမြင် နဲ့ ကိုယ်ကျင့်သီလ ဆိုင်ရာ လမ်းညွှန်မှု၊ ပေါင်းသင်း ဆက်ဆံရေး၊ သေခြင်းတရား နဲ့ ဘဝ ရုန်းကန်မှု ဆိုင်ရာ လမ်းညွှန်၊ အခက်အခဲတွေကို ကျော်လွှားနည်း နဲ့ အောင်မြင်မှု ဆိုင်ရာ လမ်းညွှန်ထားချက်တွေ ပါဝင်ပါတယ်။
စနစ်တကျ ပြုစုရေးသားထားတဲ့ စာပေလက်ရာဝင် စာအုပ်မျိုး မဟုတ်ဘဲ၊ အတွေးစလေးတွေကို စုစည်းထားတဲ့ စိတ်ခွန်အားဖြည့် မှတ်တမ်းလို စာအုပ်မျိုး ဖြစ်ပါတယ်။ ဂန္ထဝင် ဂရိဘာသာစကား နဲ့ ရေးသားခဲ့ပြီး၊ ခရစ်နှစ် ၁၇၀ ခုနှစ်၊ ဂျာမန် နယ်စပ်မှာ စစ်ဆင်ရေးအတွက် ရောက်ရှိနေခဲ့စဉ်က ရေးထားခဲ့တယ်လို့လည်း ခန့်မှန်းရပါတယ်။ ဒီစာအုပ်ကို သူမှ အပ တခြား ဘယ်သူကိုမှ ပေးဖတ်ဖို့ အစီအစဉ် မရှိခဲ့သလို၊ ထုတ်ဝေဖို့လည်း မတွေးခဲ့ပါဘူး။ မူရင်း စာစောင်တွေမှာ ဒုတိယ နဲ့ တတိယ ကလွဲရင် ဘယ်စာစောင်မှ ခေါင်းစည်း မတပ်ခဲ့ဘဲ၊ နှောင်းပိုင်း ဘာသာပြန်သူတွေကသာ စာစောင်တွေကို သီးသန့် နာမည်ပေးခဲ့ကြတာပါ။
မားခိုစ့် ရဲ့ အတွေးမှတ်စုမှာ အသိဉာဏ်ပညာ နဲ့ ဆင်ခြင်တုံတရား ရှိခြင်းဟာ အရေးပါကြောင်း ထပ်ခါတလဲ ရေးမှတ်ထားပြီး၊ စိတ်ခံစားချက် နဲ့ စိတ်အလိုလိုက် မိုက်ရူးဆန်မှုတွေကြောင့် အကျင့်စရိုက် ပျက်စီးတာမျိုး မဖြစ်အောင်၊ ကိုယ့်ကိုယ်ကို ပြုပြင် နေထိုင်သင့် ကြောင်း ဝေဖန်သုံးသပ်ထားပြီး၊ စိတ်ခွန်အား တိုးမြင့်စေရေး လက်တွေ့ အသုံးကျ နည်းလမ်းတွေ ရေးမှတ်ထားပါတယ်။ ဆင်ခြင်တုံ တရား နဲ့ ယုံကြည်သက်ဝင်မှု ရဲ့ အရေးပါပုံကို သတိပေးထားပြီး၊ အကြောင်းအကျိုး ဆက်စပ်တွေးခေါ်ခြင်း နဲ့ ဘဝတိုးတက်ဖွံ့ဖြိုးရေး ဆိုင်ရာ နည်းလမ်းကောင်းတွေကို လမ်းညွှန်ထားပါတယ်။
လူသားတိုင်း အသိရှိကြပြီး၊ အသိရှိကြတဲ့နည်းတူ ဆင်ခြင်တုံတရားနဲ့ တစ်ဦးပေါ် တစ်ဦး အကျိုးပြုနိုင်ရင်၊ မွန်မြတ်တဲ့ လူ့လောကဘုံကို ဖန်တီးနိုင်မှာ ဖြစ်ကြောင်း သုံးသပ်ထားပြီး၊ ကောင်းခြင်း ဆိုးခြင်းထက်၊ အများအကျိုးကို ဆောင်နိုင်ခြင်း နဲ့ ကိုယ်ကျိုး အောင်မြင်နိုင်ရေး နည်းလမ်းတွေကို ပြည့်ပြည့်စုံစုံ ရေးမှတ်ထားပါတယ်။
သေခြင်းတရားကို ကြောက်ဖို့ မလိုဘဲ၊ အမှန်တရားကို လက်ခံနိုင်ခြင်းအားဖြင့် ဘဝကို သောကကင်းကင်း နေနိုင်မှာ ဖြစ်ကြောင်း တိုက်တွန်းထားပြီး၊ နေ့စဉ်တိုင်းကို နောက်ဆုံးသော အသက်ရှင်ခြင်း အဖြစ် နှလုံးသွင်းပြီး အဓိပ္ပါယ်ရှိ၊ အနှစ်သာရ ရှိတဲ့ ဘဝမျိုးနဲ့ ရှင်သန်ဖို့ရာ လမ်းညွှန်ထားပါတယ်။
အတွေးမှတ်စုဟာ တပဓမ္မဆိုင်ရာ နယ်ပယ်မှာ ဩဇာအလွန်ကြီးပြီး၊ တပဓမ္မရဲ့ ရှေ့ဦး တွေးခေါ်သူ ဧပိတေတုစ် ရဲ့ အဆုံး အမ များနဲ့ ထပ်တူ ယှဉ်တွဲ လေ့လာခြင်း ခံရတဲ့အထိ အရှိန်အဝါ ရှိပါတယ်။ ခေတ်အဆက်ဆက် အသိပညာရှင်၊ အတတ်ပညာရှင် မြောက်များစွာရဲ့ လက်စွဲ ဖြစ်ခဲ့သလို၊ ခေတ်သာပြောင်းသွားပေမယ့်၊ အကျိုးပြုမှု လျှော့မသွားနိုင်တဲ့ စာပေ လက်ရာမွန် တစ်ခုလည်း ဖြစ်ပါတယ်။
အတွေးမှတ်စုကို မြန်မာဘာသာသို့ ပြန်ဆိုခွင့် ရခြင်းအပေါ် အတိုင်းမသိ ဝမ်းသာဂုဏ်ယူလျက်
မောရိသျှ အလင်း
[1] Marcus Aurelius Antoninus - Μάρκος Αὐρήλιος Ἀντωνῖνος (Markos Aurēlios Antoninos) မားခို့စ် အောင်္ရေးလီးယို့စ် အန္တို့နီးနို့စ် - (အသံထွက် - မား ခို့စ် အောင် ရေး လီး ယိုစ့် အန် တိုး နီး နို့စ်)
[2] Roman Empire – BC 27 ~ AD 395
[3] Nerva-Antonine Dynasty - Νέρβα-Αντωνίνειοι δυναστεία (Nérva-Antoníneioi dynasteía) - နေလ်ဝ-အန္တိုနိနေဝ မင်းဆက်
[4] Pax Romana – Roman Peace - ငြိမ်းချမ်းသော ရောမခေတ် (သ) ငြိမ်းချမ်းသော ရောမရွှေခေတ်
[5] နေလ်ဝ-အန္တိုနိနေဝ မင်းဆက် ရဲ့ ရှေ့ဦး မင်းငါးပါး ကို မင်းကောင်းမင်းမြတ်ငါးပါး လို့ ခေါ်ကြပါတယ်။ Five Good Emperor – Nerva (96-98), Trajan (98-117), Hadrian (117-138), Antonius Pius (138-161), Marcus Aurelius (161-180)
[6] Consul - ရောမ အင်ပါယာခေတ် မတိုင်ခင် (Roman Republic) ရောမ ဂဏသဟာယ ပြည်သူ့ သမ္မတ နိုင်ငံတော် ခေတ်မှာ အုပ်ချုပ်ရေး ယန္တရားရဲ့ အမြင့်ဆုံး ရာထူးဖြစ်ပြီး - ပြည်သူ့ ကိုယ်စားပြု ကောင်စစ်ဝန် ဖြစ်ပါတယ်။ ရာထူးသက်တမ်းမှာ (၁) နှစ်ဖြစ်ပြီး၊ အမျိုးသား လွှတ်တော်က နှစ်စဉ် ရွေးကောက်တင်မြှောက်ပေးရတဲ့ ရာထူး ဖြစ်ပါတယ်။ ကောင်စစ်ဝန် ရာထူးမှာ တစ်ဦးတည်း သီးသန့် အုပ်ချုပ်ရတဲ့ ရာထူးမဟုတ်ဘဲ၊ နှစ်ဦးတစ်ပြိုင်နက် တာဝန်ယူရတဲ့ ညွှန့်ပေါင်းရာထူးမျိုး ဖြစ်ပါတယ်။ “ဘုရင်” လိုမျိုး လုပ်ပိုင်ခွင့် အာဏာရှိပြီး၊ နိုင်ငံတော် တဝန်းလုံးအပေါ် အချုပ်အချာ အာဏာ သက်ရောက်နိုင်တဲ့ ဩဇာ ရှိ ရာထူး ဖြစ်ပါတယ်။ ရောမ အင်ပါယာ ခေတ်ကို ရောက်လာတော့ ကောင်စစ်ဝန် ရာထူးက ယနေ့ခေတ် ဝန်ကြီးချုပ် လို ရာထူးမျိုး ဖြစ်သွားပြီး၊ ဧကရာဇ် ကိုယ်စား ဒေသန္တရ အုပ်ချုပ်ပိုင်ခွင့် နဲ့ တရားစီရင်ပိုင်ခွင့်ကို ခံယူရပါတယ်။
[7] Praetor - ပရေတာ - ဘုရင်ခံ၊ အုပ်ချုပ်ရေးမှူး - ဒေသန္တရ အုပ်ချုပ်ရေးအရာရှိ ၊ ဒေသန္တရ အကြီးအမှူး
[8] Marcus Annius Verus
[9] Domitia Calvilla
[10] Aelius Caesar
[11] Antonius Pius
[12] Lucius
[13] Faustina
[14] Parthian Empire
[15] Kingdom of Armenia
[16] Marcomanni, Quadi, Sarmatian Lazyges, Marcomannic Wars
[17] Denarius
[18] Antonine Plague
[19] Commodus
[20] Column & Equestrian Statue of Marcus Aurelius
[21] Meditation ~ Τὰ εἰς ἑαυτόν ~ Ta eis heauton ~ things to one’s self – The Communings with Himself
[22] Koine Greek - ἡ κοινὴ διάλεκτος ~ hē koinè diálektos ~ Hellenistic Greek, Common Attic, the Alexandrian dialect, Biblical Greek or New Testament Greek
[23] Sirmium, Pannonia
[24] Aquincum, Pannonia
[25] Quadi & Carnumtum, Pannonia