အခန်းတစ်
ပင်လယ်ပြင်
ပင်လယ်ထဲကနေ ဆွဲတင်ပြီး ကယ်လိုက်တော့ အလျင်ဆုံး သတိထားမိသွားတာက သူ့ကိုယ်မှာ ဘာဒဏ်ရာမှ ရှိမနေ တာပဲ။ ခြစ်ရာပွန်းရာတောင် ရှိမနေတာက ဆန်းတယ်။ လူတိုင်းလိုလို ဒဏ်ရာ ဒဏ်ချက်တွေနဲ့ ကိုက်ခဲနေတဲ့ အချိန် သူက ဘာမှ မဖြစ်သလို အေးဆေးပဲ။ မဲချိတ်နေတဲ့ သူ့ဆံပင် ဘုတ်သိုက်ကြီးက ရေစက်တွေနဲ့ တစ်ပေါက်ပေါက် ကျနေတဲ့ အထိ အတော်လေးကို ရွှဲရွှဲ စိုနေတယ်။
လေဒဏ်၊ လှိုင်းဒဏ်၊ ရေဒဏ်ကြောင့် လူတိုင်းရဲ့ အသားအရေတွေ ပျက်စီးကုန်ပြီ၊ အားလုံးလိုလိုက မွဲတိ မွဲခြောက်ဖြစ်နေပြီ။ ဒါပေမယ့် သူ့အသားအရေတွေက သူများနဲ့ မတူဘဲ တစ်မျိုးလေး ဝင်းနေတယ်။ ကြည်လင်နေတာမျိုး မဟုတ်ပေမယ့် ကိုယ်တွေလို မွဲခြောက်ခြောက် ဖြစ်မနေဘူး။
အပေါ်ပိုင်းက ဗလာနဲ့ပါ၊ ဘာမှ ဝတ်မထားဘူး။ ပိန်တိပိန်ညောင် မဟုတ်ပေမယ့်၊ ကျစ်ကျစ်လစ်လစ် ရှိတယ်။ အသက် ကို မှန်းကြည့်လိုက်ရင် အလွန်ဆုံး ရှိမှ နှစ်ဆယ်ကျော် သုံးဆယ်ကပ်ရုံလောက်လို့ ထင်ရတယ်။ ဥပဓိရုပ်က အဆိုးကြီး မဟုတ် ပေမယ့်၊ အပြာရောင် သူ့မျက်လုံးတွေက တစ်မျိုးတော့ တစ်မျိုးပဲ။
ပင်လယ်ပြင်ကြီးက မီးခိုးရောင် တိမ်လွှာတွေကြောင့် မဲနက် မှောင်မိုက်နေတယ်။ မျှော်လင့်ချက်ရယ်လို့ ရောင်ခြည် တစ်မျင်တစ်တန်းတောင် မရှိတော့တဲ့ အတွက် အသက်ကယ်လှေထဲ ရောက်နေကြတဲ့ လူတိုင်းလိုလို နာကျင်မှု၊ နာကျည်း မှု၊ ဝမ်းနည်းမှုတွေနဲ့ ကိုယ်ဆီ အတွေးနယ်ချဲ့နေမိကြတယ်။
စိတ်ပျက်စရာတွေကို အောချနေရတာကို စိတ်မရှိပါနဲ့။ ဂလက်ဆီ မြုပ်ခဲ့တာ သုံးရက် ရှိသွားခဲ့ပါပြီ။ ကယ်ဆယ်ရေး ဆိုလို့ အရိပ်အယောင် တစ်ခုမှ အခုထိ မမြင်ရသေးပါဘူး။ စိတ်တော့ တင်းထားပါတယ်။ မျှော်လင့်ချက်ကို အပျက် မခံဘူး။ စိတ်တင်းထားနိုင်ပေမယ့် အချိန်နဲ့ အမျှ လျှော့လာတာက အစာနဲ့ ရေပါ။ အချိန်တစ်ခု အထိပဲ ခံနိုင်တော့မယ်။
ငါးမန်းတွေတောင် ဝဲလည်ဝဲလည် နဲ့ ဝေ့နေတာ အကြိမ်မနည်းတော့ဘူး။ အားလုံး သတိထားနေကြရတယ်။ လှေထဲက အများစု ရဲ့ မျက်လုံးတွေမှာ လက်လျှော့ချင်တဲ့ အရိပ်အယောင်တွေ တွေ့နေရတယ်။ "သေချင်နေပြီ" ဆိုပြီး ညည်းနေတဲ့ အသံတွေတောင် လူတိုင်းရဲ့ နားထဲမှာ အသားကျနေပြီ။
ဒါဟာ တစ်ကယ်ပဲ အဆုံးသတ်ဆိုရင်၊ အန်နာရေ ဒီ မှတ်စုစာအုပ်ထဲက စာတွေကို တစ်နေ့ တစ်ချိန်မှာ ဖတ်ခွင့်ရပြီး ၊ တို့တတွေရဲ့ နောက်ဆုံး အချိန် အကြောင်းကို တစ်နည်းနည်းနဲ့ သိခွင့် ရကြရင်ပဲ ဒီမှတ်စု ရေးခဲ့ရကျိုးနပ်ပါတယ်။မပြောမဖြစ် ပြောစရာ ရှိလို့ကို၊ မရေး မဖြစ် ရေးဖြစ်အောင် ရေးထား လိုက်တာပါ။
ဘယ်ကနေ ဘယ်လို စခဲ့လဲ ဆိုတာ မသေချာတော့ဘူး၊ ပြောရရင် ဂလက်ဆီ ကို ဝင်စီးဖြစ်တဲ့ ညအကြောင်း ကနေ စပြီး ပြောရမလား? ဒါမှမဟုတ် ဒေါ်ဘီရဲ့ အစီအစဉ် အကြောင်းပြောပြီး စရမလား? ဒါမှမဟုတ် အပန်းဖြေ ရွက်လှေနဲ့ ကမျင်းချင်တဲ့ စိတ်ကြောင့် စတယ်လို့ပဲ ပြောရမလား?
ဘာပဲ ဖြစ်ဖြစ် ဇာတ်ရည်လည်သွားအောင် အဲဒီ သူစိမ်းကို ကယ်ခဲ့ရတဲ့ ဒီမနက် အကြောင်းနဲ့ပဲ စလိုက်တော့မယ်။ ဝိုင်းကယ်တုန်းက သူ အသက်ကယ်အင်္ကျီ ဝတ်မထားဘူး။ လှိုင်းလုံးတွေ ကြားထဲမှာ မျှောနေပေမယ့်လည်း ပေါလောပေါ် တယ်။ ဘာပစ္စည်းကိုမှ ဆွဲမထားဘူး။ မြုပ်သွားသလားဆိုတော့လည်း မြုပ်မသွားဘဲ၊ မျှောနေတာ။ ဆန်းတော့ဆန်းတယ်။ လှေပေါ်ရောက်တော့ ရေတွေ အန်ပြီး အမောဖြေတယ်၊ လှေထဲက လူတွေက သူ့ကို စိတ်သက်သာရာ ရသွားအောင် ဝိုင်းအားပေးကြတယ်။
"ကျွန်တော်က ဂျေဆန် လန်းဘတ် ပါ၊ ဂလက်ဆီကို ပိုင်တဲ့ သူပါဗျ" ဆိုပြီး အာကျယ်လျှာကျယ် လူပေါ်လူဇော်ကြီး ကိုလန်းဘတ်က သူ့ကိုယ်သူ အရင်မိတ်ဆက်တယ်။ ခြေထောက်ထိသွားပြီး မတ်တပ် မရပ်နိုင်ရှာ တဲ့ ဗြိတိန်ဖွား ကိုနေဗင်က လက်ကလေးရမ်းပြရင်း တောင်းပန်တဲ့ လေသံမျိုးနဲ့ သူ့ကိုယ်သူ မိတ်ဆက်တယ်။
မဂယ်ရီကတော့ ခေါင်းညိတ်ပြရုံလောက် လူသစ် သူစိမ်းကို နုတ်ဆက်တယ်၊ ယန်နီ ကတော့ လူမှုရေး သိပြတဲ့ အနေနဲ့ လက်ခြင်းရှိုတ်ဖို့ လက်ထုတ်ရင်း နုတ်ဆက်တယ်။ နီနာကတော့ “ဟိုင်း” ဆိုပြီး မပြောချင် ပြောချင် လေသံနဲ့ နုတ်ဆက်တယ်။ အိန္ဒိယသူ ဒေါ်ကြီးဟာရီက ဘာမှမပြောဘဲ၊ လှေထဲ ရောက်လာတဲ့ လူသစ် သူစိမ်းကို မယုံသင်္ကာ အကြည့်တွေနဲ့ ကြည့်နေတယ်။
လှေမြုပ်တော့ ပေါက်ကွဲတဲ့ အရှိန်ကြောင့် အတော်လေး ဒဏ်ရာရသွားခဲ့ပြီး၊ လှေထဲ ဘာဖြစ်လို့ ဖြစ်နေမှန်း သတိမထားနိုင်တော့ လောက်အောင် အိပ်မောကျနေတဲ့ ချစ်သူမလေး မဘန်နီကို လက်နဲ့ သိုင်းဖက် ထားရင်း၊ ဟေတီလူမျိုး စားဖိုမှူး ကိုဂျင်းကတော့ အသစ် ရောက်လာတဲ့ သူစိမ်းဧည့်သည်ကို အပြုံးမပျက်တဲ့ အကြည့်တွေနဲ့ “ကြိုဆိုပါတယ် နောင်ကြီး” လို့ နုတ်ဆက်တယ်၊ မဘန်နီရဲ့ အခြေအနေက လုံးဝ မဟန်ဘူး၊ အတော်လေး ဆိုးနေတယ်။
သူ့ရှေ့ အလျင် ကယ်ထားခဲ့တဲ့ မအေး ကတော့ စကား တစ်ခွန်းမှ မဟသေးပါဘူး။ သူလေး လည်း ကံကောင်းလို့ပါ၊ သစ်သား ထိုင်ခုံ ကျောမှီ တစ်ခုကို အတင်းဖက်တွယ်ပြီး လှိုင်းဒဏ် ကို အတော်လေး တင်းခံထား ခဲ့လို့သာ သေကံမရောက် သက်မပျောက်ခဲ့သူပါ။
လူတိုင်းလိုလို နုတ်ဆက်ပြီးသွားတော့မှပဲ “ဘိုလေး ဘိုလေးပါ “ လို့ ကိုယ့်နာမည်ကို သေချာ ကြားအောင် ပြောလိုက်ပြီး နုတ်ဆက်လိုက်တယ်။ သူစိမ်းရဲ့ အကြည့်တွေကြောင့်ပဲလား? ရေငတ်နေလို့ပဲလား? မသေချာပေမယ့် သူ့ကို နုတ်ဆက်ဖို့ ပါးစပ်ဟတော့ လေသံက ကပ်ချင်ချင် ဖြစ်နေခဲ့တယ်။
သူစိမ်းကို လူတိုင်းလိုလိုက ကြည်ကြည်ဖြူဖြူ ရှိကြပြီး နုတ်ဆက်သလောက်၊ သူ့ဘက်က သမင်အကြည့်နဲ့ လိုက်ကြည့်နေရုံကလွဲ ဘာတုန့်ပြန်ချက်မှ မပေးဘူး။
“အလန့်လွန်ပြီး စိတ်လွတ်နေတာများလား?” - ကိုလန်းဘတ်က ပြောတယ်။ ကိုနေဗင်က စိတ်မရှည်တော့တဲ့ အကြည့်တွေနဲ့ သူစိမ်းနား ကပ်ပြီး အော်မေးတယ်။ “ခင်ဗျား ရေထဲ ဘယ်လောက်တောင် ကြာအောင် မျောနေခဲ့တာလဲဗျ?”။ ကိုနေဗင်အသံကြောင့် အားလုံး လန့်ဖြတ်သွားတယ်။ သူစိမ်းကတော့ အဖတ်တောင် မလုပ်တဲ့ အပြင်၊ ကိုနေဗင်ကို ဘုကြည့် ကြည့်နေလိုက်သေးတယ်။
ကိုနေဗင်ရဲ့ အော်ကြော့လန် အသံကို အမြင်ကတ်တဲ့ အကြည့်တွေနဲ့ နီနာက ကြည့်လိုက်ပြီးမှ သူစိမ်းရဲ့ ပုခုံးကို ပုတ်ပြီး အားပေးစကား ပြောလိုက်တယ်။
“ကဲပါလေ ဘာဖြစ်ဖြစ် ဘုရားသခင်ရဲ့ ကျေးဇူးတော် ကြောင့် ကျွန်မတို့ ရှင့်ကို ကယ်နိုင်လိုက်ပြီပဲ”
နီနာရဲ့ အသံကြားတော့မှ သူစိမ်းရဲ့ အကြည့်တွေ ပြောင်းသွားတယ်။ တစ်ဖြည်းဖြည်းချင်း အသက်ဝင် သလို ရှိလာတယ်။ နီနာကို သူ တစ်ချက်ပြုံးပြလိုက်တယ်။ လေသံလောက်နဲ့ စကား တစ်ခွန်း စပြောတော့တယ်။
“မှန်တယ် ငါသည် ဘုရားသခင်ပဲ” တဲ့။
ကုန်းမြေပြင်
သွားဖျားနဲ့ ကိုက်ထားတဲ့ သောက်လက်စ ဆေးလိပ်တိုကို စားပွဲပေါ်က ပြာခွက်ထဲ အတင်းဖိ ညစ်ချလိုက်ပြီး မီးသတ်လိုက်တယ်။ ထိုင်ခုံ ကျောမှီက တစ်ကျွိကျွိ အသံမြည်သွားတယ်။ မနက်ပဲ ရှိသေးပေမယ့်၊ ကာရေဘီယံ ပင်လယ်ကြီးရဲ့ သဘာဝ အတိုင်း ပူချင်တိုင်းကို ပူနေတော့တယ်။ မွန်ဆဲရက် နံနက်ခင်း ရာသီဥတု အခြေအနေက ကျောပြင်တစ်ခုလုံး ချွေးနဲ့ စိုစိုရွဲနေလောက်အောင်ကို အတော်ကောင်းနေတယ်။ နားထင် တစ်ခုလုံးလည်း ခေါင်းပေါ်က စီးကျ လာသမျှ ချွေးစေးတွေနဲ့ ချောင်းပေါက်နေပြီ။ အရှေ့မှာ ငုတ်တုတ်လေး ထိုင်နေတဲ့ မအူမလည် မှုတ်ဆိတ်ဖွားကို စိတ်မရှည်ချင်တော့ဘူး။ ရဲစခန်းကို လာစရာ အချိန်ရှားလို့ မနက် အစော ကြီး လာပြီး အာရုံ ပေးနေတော့လည်း စိတ်ပိန်စရာ။
“ဟုတ်ပါပြီ - ပြန်ပြောပါဦး” မမေးချင်ပေမယ့်လည်း အလုပ်သဘော အရ သေချာသွားအောင် မေးလိုက်တယ်။
တနင်္ဂနွေနေ့ကြီး။ ပြောရရင် နားလို့ ရတဲ့ ရက်။ မနက်အစောကြီး ကွေးလို့ ကောင်းနေတုန်း ဒီမှုတ်ဆိတ်ဖွားကြောင့် အာရုံပျက်ခဲ့ရတာလေ။ စခန်းမှာ လူတစ်ယောက် ရောက်နေတယ်ဆို ပြီး တန်းလျား အထိ လာခေါ်ခံရတယ်။ ကြံကြံဖန်ဖန်။ အမေရိကန် လေထိုး အသက်ကယ် ဖောင် အပျက် တစ်ခုကို ကမ်းခြေမှာ တွေ့လို့တဲ့။ ဒီလို အချိန်၊ ဒီလို ကာလကြီးမှာ အဲသလို ဖြစ်နိုင် ပါ့မလား? စိတ်ထဲ တွေးမိလိုက်သေးတယ်။ ကျိန်ဆဲပစ်လိုက်သေးတယ်၊ ဘယ့်နှယ်? တခြား အချိန် - နေမြင့်တော့မှ စခန်းလာပြီး သတင်းပေးလည်း ဖြစ်နေတာပဲ။ အစောကြီး လာမှ ဖြစ်မယ့် ကိစ္စမှ မဟုတ်တာကို။ ခေါ်သံကြားလို့ မျက်လုံးဖွင့်လိုက်တော့ - အိမ်ရှင်မကြီးက မနိုး သေးဘူး။ အသံတွေကြောင့် သူအိပ်နေတာ နိုးသွားပုံရတယ်။ “တအင်းအင်း” ညည်းပြီး ခေါင်းအုံးနဲ့ ခေါင်းကို ဖိရင်း တစ်ဖက် လှည့်သွားတယ်။
“ရှင် မနေ့ညက ဘယ်ချိန်လောက်မှ အိမ်ပြန်ရောက်တာလဲ” တဲ့ - အိပ်ချင်မူးတူး အသံနဲ့ လှမ်းမေးသေးတယ်။
“နောက်ကျတယ်” လို့ပဲ ခပ်ပြတ်ပြတ် ဖြေလိုက်တယ်။ အမှန်တော့ စကားပြောချင်စိတ်ကို မရှိတာပါ။
“ဘယ်ချိန်လဲလို့ မေးတာလေ” ဆိုပြီး စိတ်မရှည်တဲ့ စစ်မေးသံက မယ်မင်းကြီးမဆီကနေ ထွက်လာလို့ စိတ်ပျက်တဲ့ အကြည့်တွေနဲ့ လှမ်းကြည့်မိလိုက်တယ်။
ဘာရယ်ညာရယ် ပြောမနေတော့ဘဲ၊ သန့်ရှင်းရေး အမြန်လုပ်ပြီး၊ အဝတ်အစား လဲလိုက်တယ်။ အသင့်ဖျော် ကော်ဖီတစ်ထုပ် ဘေစင် ဘီဒိုထဲကနေ ယူလိုက်တယ်။ ဖော့ခွက်လေးထဲ ဖောက် ထည့်ပြီး ရေနွေး လောင်းထည့် လိုက်တယ်။ ဘေစင်နားက ဇွန်းခြင်းထဲက ကော်ဖီဖျော် ဇွန်းရှည်ကို လှမ်း ယူလိုက်ပြီး အမြန်လေး မွှေလိုက်တယ်။ ပြီးတော့မှ အိမ်နောက်ဖေး တံခါးကို ခြေထောက်နဲ့ ကန်ဖွင့်ပြီး စခန်းဘက် ထွက်လာလိုက်တယ်။ ကန်တာ အရှိန်များသွားလို့ ခြေမ နာသွားတာ မသက်သာသေးဘူး။
“ကျွန်တော်ကတော့ ကိုဂျာတီ” - ဆိုပြီး ၊ စားပွဲရှေ့ ထိုင်နေတဲ့ ကျေးဇူးရှင်ကြီးကို အလုပ် သဘောအရ မိတ်ဆက်လိုက်တယ်၊ “ဒီကျွန်းရဲ့ တာဝန်ခံ ရဲအုပ်ပါ- ဆိုတော့ ခင်ဗျား နာမည်က?”
“ရာမိပါ ဆရာ”
“ဆိုတော့ ရာမိပဲလား?”
“ဟိုလေ?”
“ပြောပြော” စိတ်တော့ မရှည်ချင်တော့ဘူး။ အူကြောင်ကြားက ခေါင်းခါရင်းနဲ့မှ ပြန်ပြောတယ်။
“ဟိုလေ ရာမိယ ပါ ဆရာ - ရာမိလို့ပဲ ခေါ်လည်း ရပါတယ် ဆရာ”
နာမည် အပြည့်အစုံကို မှတ်တမ်းထဲ ကောက်ရေးလိုက်တယ်။ ပြီးတော့မှ မီးသေနေတဲ့ တခြား သောက်လက်စ ဆေးလိပ်တိုကို ကောက်ခဲလိုက်တယ်။ မီးညှိဖို့ လုပ်တော့ ခြေမက နာလာတယ်။ ခေါင်းကုတ်လိုက်ပြီး စားပွဲပေါ် ဟိုကြည့် ဒီကြည့်နဲ့ အနာဖြေဆေး ရှာကြည့်လိုက်တယ်။
“ဆိုတော့ ကိုရာမိ - ခင်ဗျား ပြောသလိုဆိုရင် - အဲဒီ အသက်ကယ် လေထိုး ဖောင်ကို တွေ့တယ်ပေါ့နော်? ဟုတ်လား?”
“ဟုတ်ပါတယ် ဆရာ”
“ဘယ်နားလဲ သေချာလေး ပြန်ပြောပေးပါဦး”၊ မေးသာ မေးနေရပေမယ့် ခြေမ နာနေတာက အတော်လေး ခံရခက်လာတာကြောင့် - စားပွဲ အံဆွဲကို ကောက်ဖွင့်ပြီး ဟိုလှန်၊ ဒီလှော လုပ်လိုက်တယ်။
“မာဂရိတာ ပင်လယ်အော်ဘက်မှာပါ ဆရာ”
ရှာမတွေ့တဲ့ ဆေးဘူးကို ဆက် ရှာမနေတော့ဘဲ၊ ကျေးဇူးရှင်ကို ဘုကြည့်ကြည့်ရင်း မေးလိုက်တယ်။
“ဆိုတော့ကာ - ဘယ်ချိန်လောက်က တွေ့ခဲ့တာလဲ?”
“မနေ့ကပါ ဆရာ”
ဘဝင် မကျတာနဲ့ စားပွဲပေါ် ထပ်ရှာကြည့်လိုက်တယ်။ မိသားစု ဓါတ်ပုံကို ကောက်မ လိုက်ပြီး၊ ဘေးဘီ ဝဲယာမှာ ဆေးဘူးများ ရှိနေမလား ရှာလိုက်တယ်။ မတွေ့ဘူး။ ဓါတ်ပုံကို ပြန်ချ လိုက်တော့၊ ရာမိက ကိုဂျာတိ လက်ထဲ ကိုင်ထားတဲ့ မိသားစု ဓါတ်ပုံကို ကြည့်ပြီး ပြုံးနေတယ်။
“ဟေ့ ဟေ့ ဘယ်တွေ လျှောက်ကြည့်နေတာလဲ? ကျွန်တော့်ကိုပဲ ကြည့်၊ ဒီကိုပဲ ကြည့်”
ရာမိက ကိုဂျာတိ ပြောသံကြောင့် ဖြဲရဲသလို အကြည့်မျိုး ပြောင်းသွားတယ်။
“အဲတော့ - ဒီလေထိုးဖောင်က ဂလက်ဆီ ကလို့ ခင်ဗျား ဘယ်လိုလုပ်ပြီး သိလဲ?”
“အထဲမှာ စာတန်းပါတယ်လေ ဆရာ”
“အော် ဟုတ်ပြီ၊ ဆိုတော့ ခင်ဗျား တွေ့တော့ ဖောင်ပျက်က ကမ်းပေါ် တင်နေတယ်ပေါ့နော်? ဟုတ်လား?”
“ဟုတ်ပါတယ် ဆရာ”
“လူမပါတာ သေချာတယ်နော်?”
“ဟုတ်ပါတယ် ဆရာ”
မနက်ဆိုပေမယ့် ပူချက်က ကမ်းကို ကုန်နေတော့၊ စားပွဲတင် ပန်ကာကို အနားတိုးကပ် လိုက်တယ်၊ ရာမိ ပြောတဲ့ အချက်တွေက ဟုတ်နိုင်ပါတယ်။ ကျွန်းမြောက်ဘက် ကမ်းခြေကို ပစ္စည်း စုံ ကပ်လာတာ အဆန်းတော့ မဟုတ်ဘူး။ လက်ဆွဲအိတ်တွေ၊ လေထီးပျက်တွေ၊ ဆေးဘူးတွေ၊ ဆေးသေတ္တာတွေ၊ ငါးဖမ်းပိုက်ပျက်တွေ၊ အများကြီးပါ၊ ဒီရေ အတက်နဲ့ ပါလာပြီး၊ ဒီရေ အကျမှာ တင်ကျန်ခဲ့တာတွေပါ။ မြောက်ပိုင်း အတ္တလန်တိတ် သမုဒ္ဒရာ တစ်ခွင် မျောသမျှ လာတင်တာက သဘာဝပဲလေ။
ဒီရေနဲ့ အတူ ပင်လယ်ရေထဲက အစုတ်အပျက်တွေ ကမ်းကပ်လာတာက အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခုဟာက သာမည ကိစ္စမှ မဟုတ်ဘဲ။ အဲတာကြောင့်လည်း မနက် စောစောစီးစီး စခန်းကို မလာချင်ဘဲ လာခဲ့ရတာပါ။ နားရက် ဆိုပေမယ့် ဒီသတင်းက တော်ရုံ မဟုတ် ဘူးလေ။ ဂလက်ဆီ ရွက်လှေကြီးရဲ့ အသက်ကယ် လေထိုးဖောင် ဆိုတော့ - မျက်နှာလွဲ ထားလို့ ဖြစ်တဲ့ သတင်းမျိုး မဟုတ်ဘူး။ ပြီးခဲ့တဲ့ နှစ်က အာဖရိက ကမ်းခြေ အနောက်ဘက်၊ ဗာရ်ဒေ အငူနဲ့ မိုင်ငါးဆယ် အကွာလောက်မှာ အပျော်စီး သင်္ဘောကြီး ဂလက်ဆီ မြုပ်သွားခဲ့တယ်။ တစ်ကမ္ဘာလုံးကို ဟိုးလေး တစ်ကျော် ဖြစ်သွားခဲ့တယ်။ သင်္ဘောပေါ် ပါသွားသမျှ နာမည်ကျော် သူဌေးတွေ၊ ဆယ်လီတွေ အားလုံး တစ်ယောက်မှ အသက်မရှင်ဘူး။ တရားဝင် စကားလုံးနဲ့ ပြောရရင် အသက်ရှင်လျက်နဲ့ ကျန်ရစ်သူ တစ်ယောက်မှ ရှာမတွေ့ဘူး။
ရာမိ ပြောသမျှကို သေချာလေး ပြန်တွေးကြည့်လိုက်တယ်။ လေထိုးဖောင်က အလကား နေပြီး သူ့ဟာသူ ဖောင်ဖြစ်မလာဘူး။ တာဝန်ရှိ လူကြီးတွေ ပြောတာတွေက မှားများ မှားနေမလား? ဂလက်ဆီ အဖြစ် အပျက်မှာ အသက်ရှင်တဲ့သူ ကျန်များ ကျန်လေမလား? တစ်ခုခုတော့ တစ်ခုခုပဲ။
“ဆိုတော့ ကိုရာမိ” ပါးစပ်မှာ ခဲလိုက်တဲ့ ဆေးလိပ်တိုကို မီးညှိလိုက်ပြီး မီးစွဲသွားအောင် နှစ်ဖွာ သုံးဖွာ ဖွာလိုက်တယ်။ ပြီးတော့မှ- “သွားကြည့်ရအောင်ဗျာ”
ပင်လယ်ပြင်
“ငါသည် ဘုရားသခင်ပဲ”
အဲဒီလို ပြောတာမျိုး အပြင်မှာ ကြားရင် လူတွေ ဘာလုပ်မိကြမလဲ? ပုံမှန် အနေနဲပဲ တွေးကြည့်၊ သေချာတယ် ပိုးစိုးပက်စက် ဟားတိုက် ရယ်ကြမှာ။ “ဘာလဲ? မင်းက ဘုရားသခင်ကြီး ပေါ့? ဟုတ်လား?” ဆိုပြီး ဟားတိုက်မှာ။ သောက်စားနေကြရင်း ဘုရားကြောင်တာပဲလို့ တွေးမိကြမှာပဲ။ ဒါပေမယ့် ပင်လယ်ပြင်ကြီးထဲ အထီးတည်း ကျန်ရစ်နေတဲ့ သူတစ်ယောက် အတွက်၊ ရေကလည်း ငတ်၊ စိတ်ကလည်း ပျက် ဖြစ်နေရင်တော့၊ ဟားတိုက် ရယ်ဖို့ မတွေးမိသလို၊ အမှန်တိုင်း ပြောရရင် ထူးဆန်းတယ်လို့ကို မထင်မိတော့ဘူး။
“ဘာပြောလိုက်တာ?” နီနာက ပြန်မေးလိုက်တယ်။
“သူပြောတာ သူက ဘုရားသခင်တဲ့” ကိုလန်းဘတ်က စကားပြန်ထောက်ပေးလိုက်တယ်။
“ဆိုတော့ ဘုရားသခင်ကြီး တခြား နာမည်ရှိသေးလား?” လို့ ယန်နီက စိတ်မပါ့တပါ မေးလိုက်တယ်။
“အိုး နာမည် ဟုတ်လား? ငါ့မှာ နာမည်တွေ အများကြီး ရှိတယ်” သူစိမ်းက ချက်ချင်း ပြန်ဖြေ တယ်။ သူ့လေသံ အူကြောင်ကြား တစ်ယောက်ရဲ့ လေသံမျိုး မဟုတ်ဘူး။ ပါးစပ်က ပြောသမျှကို တကယ်ပဲ ရည်ရွယ်ပြီး အသေအချာ ပြောနေတဲ့ အထာနဲ့ ပြောတာပါ။
“ရေထဲမှာ သုံးရက်လုံး ကူးနေခဲ့တယ်ပေါ့? ဟုတ်လား? မဖြစ်နိုင်တာအေ” ဒေါ်ကြီးဟာရီက မယုံသင်္ကာအမေး ထုတ်လိုက်တယ်။
“ဒေါ်ကြီး ပြောတာ မှန်တယ်၊ မဖြစ်နိုင်ဘူး၊ ရေအပူအချိန်က ခြောက်ဆယ်- ခုနှစ်ဆယ် ဒီကရီပဲ ရှိတာ - ဒီလောက်အေးနေတာ သုံးရက်လုံးလုံး ရေထဲမှာ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး၊ အသက် ရှင်နိုင်စရာ အကြောင်း မရှိဘူး”
မဂယ်ရီက ဒေါ်ကြီး ဟာရီကို ထောက်ခံပြီး ပြောလိုက်တယ်။ လှေထဲ အသက်ရှင် ကျန်ရစ်ခဲ့ သူ အားလုံးထဲကမှ မဂယ်ရီက ရေနဲ့ ပက်သက်ရင် အရင်းနှီးဆုံးလို့ ပြောရင်ရတယ်။ အိုလမ်ပစ် ရေကူးမယ်လေ။ စကားပြောပြတ်တယ်၊ လေသံက ခပ်ပြတ်ပြတ်ပဲ။ အမေးရှိရင်၊ အဖြေ ရှိရမယ်။ မေးရင်လည်း ဖြစ်ရပ်ကိုပဲ အခြေခံပြီး မေးတယ်။ အဲဒီလို အဖြေအတွက်လည်း ဖြစ်ရပ် ကို အခြေခံပြီး လက်သင့်ခံနိုင်စရာမျိုးကိုပဲ မျှော်လင့်တဲ့ သူမျိုးပါ။ ခွစာဆိုပေမယ့် တစ်မျိုးလေး ပေါ့။
“တစ်ခုခုပေါ် မျှောနေခဲ့တာမလား?” ကိုနေဗင်က အော်မေးလိုက်တယ်။
“အောင်းမလေး ကိုနေဗင်ရဲ့ အော်မေးစရာ မလိုပါဘူး - ဘုရား ဘုရား နားကို အူသွားတာပဲ သူနားမကန်းပါဘူးရှင်” ကိုနေဗင်နား ထိုင်နေတဲ့ ယန်နီက ငေါက်လိုက်တယ်။
သူစိမ်းက ယန်နီကို လှမ်းကြည့်တယ်။ ယန်နီပြောသလိုမျိုး “ဘုရား ဘုရား” ဆိုပြီး လိုက်ပြော တော့ ယန်နီ ပါးစပ် ဟနေရင်းက ပိတ်သွားတယ်။
“ဆိုတော့ ကိုယ်တော်ချော ပြောပါဦး ဘာတွေ ဖြစ်ခဲ့တာလဲ? ခင်ဗျားရဲ့ အကြောင်းကို အမှန်အတိုင်း ပြောပါဦး” ကိုလန်းဘတ်က သူစိမ်းကို အဓိပ္ပါယ်ရှိတဲ့ အပြုံးမျိုးနဲ့ လှမ်းမေးလိုက်တယ်။
“ငါရောက်နေပြီလေ” လို့ သူစိမ်းက ပြန်ဖြေတယ်။
“အင်း အင်း ဟုတ်ပါပြီ - ဘာလို့လဲ? ဘာလို့ ရောက်နေတာလဲ?” နီနာက စိတ်မရှည်တဲ့ အသံနဲ့ ကောက်မေးလိုက်တယ်။
“ငါ့ကို ခေါ်နေကြတာ မဟုတ်ဘူးလား?” လို့ သူစိမ်းက ကြောင်တိကြောင်တောင် ပြောတယ်။
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိသွားကြတယ်။ နေလောင်ဒဏ်ကြောင့် မျက်နှာတွေ က နီရဲတွတ်နေပြီး၊ နုတ်ခမ်းတွေက ရေငတ်လွန်လို့ ကွဲအက်နေတယ်။ ဝတ်စား ထားသမျှ ဝတ်ကောင်းစားလှတိုင်းက ဆားရေငန်ကြောင့် ရိရွဲစုတ်ပြဲကုန်ပြီး အရောင်မွဲစ ပြုနေပြီ။
ထချင်တိုင်း ထ၊ ထိုင်ချင်တိုင်း ထိုင်လို့ မရတော့ဘဲ၊ အထိုင်အထတိုင်း မိုက်ခနဲ့ မူးတာက ပုံမှန်လို ဖြစ်နေသလို၊ တစ်ယောက်ပေါ် တစ်ယောက် လှဲကျသွားတတ်တာကိုတောင် လူတိုင်း ရိုး နေကြပြီ။ အသက်ကယ်လှေ ဝမ်းဗိုက် ကြမ်းပြင် တစ်ခုလုံးလည်း အန်ဖတ်တွေနဲ့ ညစ်ပတ် နေပြီး၊ အနံဆိုးတွေက လှိုင်တက်နေတာကြောင့် ဘယ်သူကမှ လှေအောက်ကို ခေါင်း မငုံရဲဘူး။ ပင်လယ် လေလာရာဘက်ပဲ မျက်နှာမူဖြစ်ကြတယ်။
မှန်ပါတယ်၊ ဟုတ်ပါတယ်၊ ဝန်ခံပါတယ်။ တစ်ခါတစ်လေတော့လည်း ကမ်းမမြင်၊ လမ်းမမြင် ပင်လယ်ပြင်ကြီးထဲ ငေးကြည့်နေရင်း ကူရာမဲ့ ဘဝကို ရောက်နေရတာမို့၊ မိုးပေါ်ကို ကြည့်လိုက်၊ မမြင်နိုင်တဲ့ ကမ်းရှိရာဘက်ကို မျှော်ကြည့်ရင်း ဘုရားတ မိကြတယ်။ ကယ်သူမဲ့နေတဲ့ ဘဝမို့ အားကိုးရာ ရှာရင်း ဘုရားဆီပဲ ဘူတာဆိုက်သွားရတယ်လေ။
“ဘုရားရေ - ကယ်တော်မူပါ့ - ကယ်တော်မူပါ့”
ဒီသူစိမ်းပြောတဲ့ “ငါ့ကို ခေါ်နေကြတာ မဟုတ်ဘူးလား” ဆိုတာက ဘုရားတတာကိုများ ပြောနေတာလား? အန်နာရေ၊ ဘာသာရေး နဲ့ ပက်သက်လာရင် တစ်ဘဝလုံးလိုလို တို့ စိတ်မဝင်စား ခဲ့ဘူး၊ ပြောရရင် သဒ္ဓါနည်းတယ်လို့ ပြောရမယ်။ ဟုတ်ပါတယ်၊ မှန်ပါတယ်၊ ဝန်ခံပါတယ်။ အိုင်းရစ်ချ် လူမျိုး ဆိုတော့လည်း ဘုရားကျောင်းမှာ ကျောင်းသား အဖြစ် ငယ်ငယ်က လုပ်ခဲ့ဖူး ပါတယ်။ အိုင်းရစ်ချ် ကလေး ယောက်ကျားလေးတိုင်းလိုလို လုပ်ဖူးကြတာပဲ။ ပြောရရင် ဝတ် မပျက်ခဲ့ပါဘူး။ ကျောင်းသားဘဝက လုပ်ရမယ့် ဝတ်တိုင်း ဖြည့်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ငယ်တုန်း ကမို့ စိတ်လိုလက်ရ ဝတ်ဖြည့်နိုင်ခဲ့ပေမယ့်၊ ဘုရားကျောင်းနဲ့ ဝေးနေခဲ့တာ ကြာပြီလေ။ အထူးသဖြင့် မေမေကိစ္စရယ်၊ မင်းလေးကြောင့်ရယ်ပေါ့ - စိတ်ဒုက္ခ များသလောက်၊ ဘာသာရေးက စိတ်သက်သာရာရအောင်တောင် မပေးနိုင်ခဲ့ဘူးလို့ပဲ ပြောရမယ်။
ဒါပေမယ့်၊ ဘုရားကို တတိုင်း ဘုရားက ရောက်လာလိမ့်မယ်လို့ မထင်ဘူးလေ။ အထူး သဖြင့် အခုလို အခြေအနေကြီးမှာ ဒီလိုပုံစံကြီးနဲ့ ရောက်လာစရာလား? ဟုတ်တယ်မလား?
“သောက်ရေလေးများ ရနိုင်မလား?” ဆိုပြီး သူစိမ်းက တောင်းတယ်။
“ဟား ဟား ငါတို့ ဘုရားကြီးက ရေငတ်နေတယ်ဟေ့၊ ဆိုတော့ ရေပဲလား? ဘာလိုသေးလဲ?” လို့ ကိုလန်းဘတ်က အရွတ်တိုက်မေးလိုက်တယ်။
“စားဖို့ တစ်ခုခု ရလည်း အဆင်ပြေပါတယ်” လို့ သူစိမ်းက ပြန်ဖြေတယ်။
“ပေါက်တတ်ကရတွေ၊ စိတ်ညစ်နေရတဲ့ ကြားထဲ” လို့ ဒေါ်ကြီးဟာရီက ညည်းတယ်။
ဒေါ်ကြီး ဟာရီရဲ့ ငြီးတွားသံကို ဂရုမစိုက်ဘဲ၊ နီနာက ထပြောတယ်။ သူ့မျက်နှာက စိတ်ဝင် စားတဲ့ အရိပ်အယောင်တွေ ဖြစ်နေခဲ့တယ်။
“သူဟာသူ ပြောချင်တာ ပြောပါစေလား ဒေါ်ဒေါ်ရယ် - ဆိုတော့ သမီးတို့ အားလုံးကို ကယ်ဖို့ ရောက်လာတာပေါ့နော်?”
ဒေါ်ကြီးဟာရီက နီနာ မေးလိုက်တဲ့ မေးခွန်းကို ကြားသွားတော့ မျက်လုံးတွေ ပြူးသွားတယ်။ ခေါင်းတွေ ခါရမ်းနေပြီး နီနာကို သနားသလို အကြည့်မျိုးနဲ့ ကြည့်နေတယ်။ သူစိမ်းရဲ့ အကြည့် တွေလည်း ပြောင်းသွားတယ်။ ဂရုဏာ အပြုံးမျိုးနဲ့ နီနာကို ကြည့်တယ်။ အအေးဆုံး လေသံ နဲ့ သူပြောတယ်။
“အဲဒီလိုပဲ ဖြစ်ရမှာပေါ့၊ အကယ်လို့ လူတိုင်းက တစ်ကယ်ပဲ ငါ့ကို ငါအဖြစ် ယုံကြည်ရင်ပေါ့”
“ဟွန့်” ဆိုတဲ့ အသံ လှေ အနောက်ဘက်က ထွက်လာတယ်။ တော်ရုံတန်ရုံ စကားဝိုင်းထဲ ဝင်မပါတတ်တဲ့ မဂယ်ရီ ဆီက စိတ်ပျက်တဲ့ အသံ ထွက်လာတာပါ။ သူစိမ်းနား ဝိုင်းနေကြတဲ့ လူတိုင်းကို ကျောင်းဆရာမက ကလေးတွေကို မသင်္ကာတဲ့ အကြည့်နဲ့ ကြည့်သလိုမျိုး ကြည့် လိုက်ပြီး -
“ဘာပဲ ဖြစ်ဖြစ်ပါလေ - ကယ်မယ်ဆိုရင်လည်း ကယ်ရင် ပြောဦး - ဟုတ်ပြီလား? အခုတော့ တို့တွေ အားလုံး လက်ကျန်ရိက္ခာကို ဝေစု သေချာ ပြန်ခွဲမှ ရတော့မယ် - လူတိုးတယ်လေ ဟုတ်တယ်မလား?”
သတင်းခန်း
တင်ဆက်သူ။ မင်္ဂလာပါ၊ ကျွန်တော် ကိုထက်ပိုင်ပါ။ အခု ကျွန်တော် ရောက်ရှိနေတာကတော့ နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင် သူဌေးကြီး ဂျေဆန် လန်းဘတ်ရဲ့ အထင်ကရ အဖြစ်ဆုံး “ဂလက်ဆီ” အပျော်စီး သင်္ဘောပေါ်မှာ ဖြစ်ပါတယ်။ အခုလည်း ဘီလျံနာကြီးက နာမည်ကျော် ထိပ်တန်း ပုဂ္ဂိုလ်တွေနဲ့ အတူ အားလုံး အတွက် ငါးရက်တာ “မဟာ” အပန်းဖြေ ခရီးစဉ် တစ်ခုစီစဉ်ထားပြီး အသင့်ဖြစ်နေပါပြီ။ ဒါကတော့ ကျွန်တော်တို့ရဲ့ အရင်းနီးရဆုံးသော သူဌေးကြီး လန်းဘတ်ပါ။ မင်္ဂလာပါဗျ။
လန်းဘတ်။ ကြိုဆိုပါတယ် ကိုထက်ပိုင်။ မင်္ဂလာပါဗျ။
တင်ဆက်သူ။ ဒီအပန်းဖြေခရီးကို “မဟာ” အပန်းဖြေ ခရီးလို့ နာမည်ပေးထားတယ်ဗျ၊ ဘာလို့ “မဟာ” ဆိုပြီး မှည့်ထားတာလဲဗျ?
လန်းဘတ်။ ဘာလို့လဲဆိုတော့ အခု ဒီခရီးစဉ်က နယ်ပယ် အသီးသီးမှာ ထိပ်တန်း အဆင့် အထိ ကြီးကျယ် ပြောင်မြောက်တဲ့ အလုပ်တွေကို လုပ်ထားနိုင်တဲ့ မဟာလူသားတွေ အတွက် သီးသန့် ဖြစ်တာကြောင့်ပါ။ နည်းပညာလောက၊ စီးပွားရေး လောက၊ နိုင်ငံရေး လောက၊ ဖျော်ဖြေရေးလောက နဲ့ အကုန်လုံးပါပဲဗျာ၊ နယ်ပယ် အသီးသီး၊ လောက အသီးသီးက ခေါင်းဆောင် တွေ၊ လူကြီးတွေ၊ ပညာရှင်တွေ၊ အများကြီး ပါပါတယ်။ သူတို့ အားလုံးကို ရည်ရွယ်ထားတဲ့ အတွက်ကြောင့် “မဟာ” လို့ နာမည်ပေးထားတာပါ။
တင်ဆက်သူ။ အစ်ကိုကြီးလိုပဲပေါ့၊ ဒါဆိုရင်
လန်းဘတ်။ မဟုတ်ရပါဘူးဗျာ ကျွန်တော်က ကြားထဲ စီစဉ်ပေးတဲ့ လူသက်သက်ပါ
တင်ဆက်သူ။ ဆိုတော့ ဘာကြောင့်များ ဒီခရီးစဉ်ကို စီစဉ်ဖြစ်ခဲ့တာလဲဗျ?
လန်းဘတ်။ ကိုထက်ပိုင်ရေ၊ ဒီသင်္ဘောက သန်းနှစ်ရာတောင် တန်ဖိုး ရှိတယ်ဗျ၊ အဲတော့ သင်္ဘောနဲ့ လိုက်ဖက်တဲ့ ပုဂ္ဂိုလ်တွေအတွက် သီးသန့် အပန်းဖြေခရီး တစ်ခု ရှိသင့်တာ မမှားဘူး လို့ ကျွန်တော် ထင်တယ် ဟုတ်တယ်မလားဗျ?
တင်ဆက်သူ။ ဒါပေါ့ဗျာ မှန်တာပေါ့
လန်းဘတ်။ အဲဒီလိုပဲ မဟာ အချင်းချင်း နီးစပ်ခွင့်ပေးပြီး အပန်းဖြေ ခရီး တစ်ခုနဲ့ ကွန်ယက် တစ်ခု ဖန်တီးလိုက်တာက ပိုပြီး ကြီးမားကျယ်ပြန့်တဲ့ - ပြောင်မြောက်မယ့် - ဖြစ်ရပ် တစ်ခု ဒါမှမဟုတ် အောင်မြင်မှု မှတ်တိုင် တစ်ခုကို ထူထောင်နိုင်ခွင့် ရသွားအောင် လုပ်သလို ဖြစ်သွား နိုင်တယ်လေ။
တင်ဆက်သူ။ အော် ဒါဆိုရင် ဒါက ဆွစ်ဇာလန်မှာ လုပ်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဖိုရမ် လိုပဲပေါ့
လန်းဘတ်။ ဆိုပါတော့လေ ဒါပေမယ့် ဒါက ပိုပျော်ဖို့ ကောင်းတဲ့ ဖိုရမ်မျိုးဗျ
တင်ဆက်သူ။ အဲတော့ ဒီခရီးစဉ်ကနေ ဘာတွေ ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ထားလဲဗျ?
လန်းဘတ်။ အခုကတည်းက ပြောနိုင်တာကတော့ အပြတ်ကဲပြီး အကဲလွန်လောက်မယ် ထင်တယ်
တင်ဆက်သူ။ အကဲလွန်မယ် ဟုတ်လားဗျ?
လန်းဘတ်။ ဟုတ်တယ်လေ ကိုထက်ပိုင် သေချာတွေးကြည့်ပါဦး ဘဝမှာ အပျော်မရှိဘဲနဲ့ အသက်ရှင်နေရတာက အဓိပ္ပါယ် ရှိပါ့မလား?
ပင်လယ်ပြင်
အသက်ကယ်လှေရဲ့ ဘေးလက်တန်းပေါ် ရင်ဘတ်ထောက်ပြီး ပင်လယ်ပြင်ထဲကို ကိုလန်းဘတ် တစ်ယောက် အားရပါးရ မှောက်ပြီး ထိုးအန်နေပါတယ်။ ဗူထွက်နေတဲ့ သူ့ဗိုက်သားတွေက မတော်တော့တဲ့ တီရှပ်အင်္ကျီတွေရဲ့ အပြင်ဘက်ကို ထိုးထွက်နေပြီး၊ ခါးကြောတစ်လျှောက် ညစ်ပတ် ပေရေနေပါတယ်။ ချက်အထက် တစ်ကြောလုံး အမွေးထူထူနဲ့ ဖြစ်ပြီး ချေးညှော်တွေ နဲ့ ညစ်ထေးနေပါတယ်။ ထိုးအန်သမျှ အန်ဖတ်တိုင်းက သူ့မျက်နှာကို ရေဆေးသလို ပြန်စင်နေတာကြောင့် အန်လိုက်တိုင်း မဆုံးနိုင်တော့တဲ့ အော်ကလီဆန်မှု သံသရာထဲ ဝဲလည် နေရရှာပါတယ်။
ညနေခင်း ဖြစ်တာကြောင့်၊ ပင်လယ်ကြီးက ငြိမ်သက်နေပြီး၊ လှိုင်းငယ်လေးတွေက တစ်ချက် တစ်ချက် ထလာတတ်တယ်။ လူတိုင်း နေမကောင်း ဖြစ်နေတယ်။ ညနေခင်း ဒီရေကြောင့် တိုက်ခတ်လာတဲ့ လေက အင်မတန် ကြမ်းပါတယ်။ ဆားပေါက်တွေ ပါတာကြောင့် လေနဲ့ ထိသွားတဲ့ အသားတိုင်း ဆတ်ဆတ်ခါနေအောင်ကို စပ်ပါတယ်။ မိုးရွာကောင်းပါရဲ့။ ဂလက်ဆီ မြုပ်ပြီးကတည်းက မိုးမကျပါ။
ပြန်တွေးကြည့်လိုက်ရင်၊ အဲဒီနေ့ မနက်က အတော်လေး သာယာတယ်လို့ ပြောရမယ်။ အဖြစ် အပျက်တွေက သိပ်မြန်တယ်။ အသက်ရှင်နေသေးတာပဲ ဝမ်းသာရမလိုပါ။ အသက်ကယ် လှေငယ်လေးထဲ လူဆယ်ယောက် အသက်ရှင်လျက် ကျန်နေသေးတာက ဖြစ်ရပ်ဆန်းကြယ် အလား။ အသက်ကယ် အရေးပေါ် လေယာဉ်တွေများ လာလေမလား? မျှော်လင့်ချက်နဲ့ မိုးကောင်းကင်ပေါ် မျှော်ကြည့်ရတာကလည်း ဦးကျိုးမတတ်ပါ။
“ဘယ်သူတွေ ကလေးရှိလဲ?” ဒေါ်ကြီးဟာရီက ဆိုင်းမဆင့်ဗုံမဆင့်၊ ထမေးတယ်။
“တို့ကတော့ နှစ်ယောက် ရှိတယ်။” ဆိုပြီး သူ့အမေးကို သူကပဲ အလျင်ဖြေတယ်။
“သုံးယောက်” ဆိုပြီး ကိုနေဗင်က ဖြေတယ်။
“ငါးယောက်” ဆိုပြီး ကိုလန်းဘတ်က အန်ဖတ်တွေ ပေရေနေတဲ့ သူ့မျက်နှာကို ပင်လယ်ရေနဲ့ ပြန်ဆေးရင်း စကားဖြတ်ပြောတယ်။ “တစ်ယောက်သာသွားပြီမလား? ဟဟ” လို့ ဆက်ပြော ပြီး အရွှန်းဖောက် စကားနိုင်လုနေလိုက်သေးတယ်။
“မိန်းမ ဘယ်နှစ်ယောက် ယူထားတာမို့လို့လဲ?” ဆိုပြီး ကိုနေဗင်က စကား ပြန်တွတ်လိုက်တယ်။
“မေးခွန်းထဲမှာ မပါဘူးလားလို့နော်” လို့ ခပ်ပြတ်ပြတ် ပြန်ပြောပြီး ကိုနေဗင်စကားကို ကိုလန်းဘတ်က ဖျက်လိုက်တယ်။
“မအားတာနဲ့ မယူဖြစ်သေးဘူး” လို့ ယန်နီက ထပြောလိုက်တော့၊ “သမီးရောပဲ” လို့ နီနာ က ဖြေတယ်။
“ယောက်ကျားကော ရပြီမို့လို့လား?” လို့ ဒေါ်ကြီးဟာရီက စကားနာထိုးပြီး နီနာကို မေးလိုက်တော့၊ နီနာက တမင်သက်သက် ရွဲ့တဲ့ အနေနဲ့ “ဘာလို့ ယောက်ကျားရှိမှ ကလေးရမှာလား?” လို့ ပြန်မေးလိုက်တယ်။ ဒေါ်ကြီးဟာရီက နီနာရဲ့ အရွဲ့ကို အားရပါးရ ရယ်လိုက်ပြီး၊ “အယ် တို့တော့ ယောက်ကျားရမှပဲ ကလေးရတာရယ် - နင်တို့တော့ ဘယ်လိုလုပ်ပြီး ယောက်ကျား မပါဘဲ ကလေးယူမလဲ? ကြံကြံဖန်ဖန်”
“ကျွန်တော်တို့တော့ သားလေးယောက်ရှိတယ်ဗျ” ဆိုပြီး ကိုဂျင်းက ထပြောတယ်။ အိပ်နေ သေးတဲ့ မဘန်နီရဲ့ ခါးကို သိုင်းဖက်ထားတုန်းပါ။
“ဘန်နီနဲ့ လေးယောက် ရထားတာပါ၊ တကယ်ကို လိမ္မာတဲ့ သားလေးယောက်ပါ - ဆိုတော့ ကိုဘိုလေးကော? ကလေးရှိလား?”
“အိုး မရှိသေးပါဘူး ကိုဂျင်းရေ”
“ဆိုတော့ မိန်းမကော ရပြီလား?”
ပြန်ဖြေဖို့ တွန့်သွားတယ်။
“ဟုတ်”
“ဒါဖြင့် အိမ်ပြန်ရောက်တာနဲ့ လှုပ်ရှားလိုက်တော့ဗျို့” ဆိုပြီး ကိုဂျင်းက စကားဝိုင်း ရဲ့ ရေချိန်ကို ဝင်ထိန်းလိုက်တယ်။ သူ့စကားကြောင့်ပဲ အားလုံး ပြုံးမိသွားကြတယ်။ ညနက်လာတာနဲ့ အမျှ လှိုင်းအရှိန်တွေ ကြီးလာတာကြောင့်၊ လူတိုင်းလိုလို လှိုင်းမူးလွန်ကုန်တယ်။ စကား တပြောပြောနဲ့ အရာအားလုံးကို မေ့ပစ်ထားနိုင်ကြပေမယ့်၊ လှိုင်းဒဏ် ပြင်းလာတာနဲ့ အားလုံး လည်း စိတ်ပြန်ပြောင်းသွားပြီး၊ နဂိုအတိုင်း သောကများနေကြရတယ်။ မသိရင် တစ်ပတ်မက ရေထဲ ဝဲနေသလိုမျိုး၊ အချိန်တွေက အင်မတန် ကြာမြင့်သလို ခံစားလာရတယ်။ နီနာရဲ့ ပေါင် ပေါ် မအေးက အိပ်နေတယ်။ နီနာ မျက်လုံးတွေက နီရဲနေပြီး၊ ငိုလွန်လို့ မျက်ရည်တောင် ခမ်းနေခဲ့ပါပြီ။ ဒေါ်ကြီးဟာရီက နီနာရဲ့ ပုခုံးလေးကို ပုတ်ပြီး ပြောတယ်။
“တို့တွေကို သူတို့ ရှာမတွေ့ရင် ဘယ်လိုလုပ်မလဲ”
အမေးရှိပေမယ့် အဖြေမရှိပါဘူး။ သံလိုက်အိမ်မြှောင် မရှိတာကြောင့်၊ ဂယ်ရီက ကြယ်တွေကို ကြည့်ပြီး အရပ်မျက်နှာ မှန်းပါတယ်။ အသက်ကယ်လှေက အနောက်တောင်ဘက်ကို ဦးတည် နေတယ်လို့တော့ ပြောပါတယ်။ သူပြောတဲ့ အတိုင်းသာဆိုရင် ဗာရ်ဒေအငူနဲ့ ဝေးသထက် ဝေးသွားပြီး၊ ဘာမှ မရှိတဲ့ အတ္တလန်တစ်သမုဒ္ဒရာကြီးထဲ တည့်တည့်ဝင်နေသလို ဖြစ်နေတာပါ။ အဲတာမှ ခွကျတော့တာပါပဲ။
နေရောင်ဒဏ်ကို တိုက်ရိုက် မခံမိအောင် ဆိုပြီး လှေနဲ့ အတူ ပါလာတဲ့ မိုးကာကြီးကို နေ့ရှိန် ပြင်းလာတာနဲ့ လှေတစ်ခုလုံး ဖုံးပစ်လိုက်တယ်။ တစ်ခုလုံးစာ မဖုံးမိဘဲ တစ်ဝက်လောက် ပဲ ရတယ်။ ဆယ်ယောက်လုံး စုပြီး မိုးကာအောက် ဝင်ခိုကြတယ်။ အဆင်မပြေပါ။ ပေါင်းအိုးထဲ စုပြီး ပေါင်းခံရသလို လှောင်ပြီး အိုက်တယ်။ နေပူရှိန်ကြောင့် အန်ဖတ် အနံ့တွေက ပိုဆိုး လာပြီး၊ ချွေးနံ့၊ သေးနံ့၊ ပုပ်နံ့တွေ ရောနေတော့ ပိုဆိုးတယ်။ ဂလက်ဆီကြီး ပေါ်မှာတုန်းကတော့ တစ်ချို့က သူဌေး၊ တစ်ချို့က အလုပ်သမား၊ တစ်ချို့က ပညာရှင်တွေ ဖြစ်ခဲ့ကြပေမယ့်၊ အသက်ကယ် လှေထဲမှာတော့ အတူတူအနူနူ၊ ကြောက်လည်း တူတူ၊ မှောက်လည်း တူတူ၊ ငတ်လည်း တူတူ - အခု သေလည်း တူတူ ဖြစ်နေတယ်။
ကိုလန်းဘတ်ရဲ့ မဟာဦးနှောက်က စီစဉ်လိုက်တဲ့ မဟာအပန်းဖြေခရီးကြီးက - သူပြောခဲ့သလို သာဆိုရင် အားလုံးကို တစ်ပြေးညီတည်း ပျော်စေရမတဲ့။ ဘဝမှာ မမေ့နိုင်မယ့် အတွေ့အကြုံ တွေကို ရစေရမယ်တဲ့။ သူဆိုလိုခဲ့တာက အပျော်စီး သင်္ဘော အတွေ့အကြုံတွေကို ရည်ရွယ် ပြီး ပြောခဲ့တာပါ။ သင်္ဘောပေါ်က ရေကူးကန်၊ အားကစားခန်းမ၊ အကခန်းမ နဲ့ တခြား ပျော်ပွဲ ရွှင်ပွဲတွေမှာ ပျော်ရင်း ရလာနိုင်တဲ့ အမှတ်တရတွေကို ပြောတာပါ။ အခုတော့ သူပြောသလိုပဲ ဖြစ်လာတယ်လေ၊ တစ်သက်စာ မမေ့နိုင်မယ့် အတွေ့အကြုံကြီး ရနေကြတယ်။ အန်ဖတ်နံ့ ကြားမှာ အရှင်လတ်လတ် ပေါင်းခံနေရတယ်။
သင်္ဘောပေါ်တုန်းက အလုပ်သမား အဖြစ် လုပ်ခဲ့ရတဲ့ နီနာ၊ မဘန်နီ ၊ ကိုဂျင်း နဲ့ တို့တတွေ က ဝန်ဆောင်မှု ပေးဖို့ သက်သက်ပဲ။ အရိုးခံစကားပြောရရင် ခိုင်းသမျှ လုပ်ပေးဖို့ သင်္ဘောပေါ် ပါသွားခဲ့တာလေ။ တို့ဆိုရင်လည်း ကိုလန်းဘတ် လက်အောက်မှာ အလုပ်လုပ်နေခဲ့တာ ငါးလ နီးပါး ရှိခဲ့ပြီ။ မျက်နှာငယ်ဖို့ အင်မတန် ကောင်းချက်။ သင်္ဘော ဝန်ထမ်း တိုင်း ဧည့်သည်တွေနဲ့ မျက်လုံးချင်း ယှဉ်မကြည့်ရဘူးလို့ တောင် စည်းကမ်း ထုတ်ခံထားခဲ့ရတာ။ အခုတော့ အဲဒီ စည်းကမ်းတွေက အလကား ဖြစ်သွားပြီ။
ကိုလန်းဘတ် ကိုယ်တိုင် အသက်ကယ်လှေ ဝမ်းအောက်ကြမ်းပြင် အန်ဖတ်ခြောက် ဘေး ခေါင်းချပြီး အိပ်နေရသလို၊ စားစရာကိုလည်း ဇွန်းခရင်းနဲ့ စမတ်ကျကျ စားရတဲ့ အခြေအနေ မဟုတ်တော့ဘဲ၊ စည်သွပ်ဘူးထဲ လက်နိုက်ပြီး သူများတွေလို စားနေရပြီလေ။ မျက်လုံးချင်းတောင် မဆိုင်ခဲ့တဲ့ သူ့ဝန်ထမ်းတွေနဲ့ အခု လက်ရည်တပြင်တည်း ငတ်လည်းတူတူ၊ ပြတ်လည်း တူတူ ဖြစ်နေခဲ့ပြီ။ သူ့ရဲ့ အော်ကျယ်အော်ကျယ် စွာသံ၊ဖွာသံတွေ၊ တချွင်ချွင်နဲ့ လက်မှာ စွပ်ထားသမျှ လက်ဝတ်ရတနာတွေကို ဒုက္ခရောက်နေရတဲ့ အကြားထဲက ကြွားလို့ မပြီးနိုင်တာတွေက အမြင်ကတ်စရာထက်၊ ဒေါ်ဘီဖြစ်ချင်ခဲ့သလိုမျိုး ကိုယ်တွေပါ ဖြစ်လာရတယ်။ သတ်ပစ်ချင်စရာ ကောင်းလောက်အောင် မုန်းဖို့ကောင်းတဲ့ ပုဂ္ဂိုလ်။
စားမယ် အန်မယ် ပြောမယ် ဆိုမယ် ရယ်မယ် ဆိုပြီး မပြီးမစီးနိုင်တဲ့ သူ့ကို မျက်နှာချင်း မဆိုင်ချင်တော့သလို၊ အသံရော၊ အနံ့ရော၊ အနားမှာပါ မရှိစေချင်တာ စိတ်ရင်းမှန်ပါ။ အဲတာကြောင့် လည်း သူမရှိသလိုဘဲ စိတ်ထဲ မှတ်ထားရင်း နေတတ်သလို နေနေလိုက်တယ်။ နောက်ဆုံး ရောက်လာတဲ့ သူစိမ်းကိုယ်တော်ချောကတော့ နေပူကျဲတဲအောက် မိုးကာ အပြင်ဘက်မှာ တစ်ယောက်တည်း ကွေးပြီး အိပ်နေတယ်။ ပါးစပ်လေးက ဟလို့။ ကိုယ့်ကိုယ်ကို ဘုရားသခင် အဖြစ် ကြေငြာရဲသူကြီးက အသေချာလေး ကြည့်လိုက်ရင် အဲလောက်ကြီး မှတ်လောက်စရာ မရှိဘူး။ မျက်ခုံးမွေးတွေကတော့ အရွယ်နဲ့ စာရင် ထူတယ်။ ပါးပြင်တွေက မို့တယ်။ မေးရိုး ကျယ်တယ်။ နားရွက်တွေက ကပ်ပြီး သေးသလိုပဲ။ ဆံပင်တွေကတော့ နက်မှောင်နေချက်။
ပြောမယ်သာ ပြောရတာ၊ မနေ့က သူပြောတဲ့ စကားကို ကြားတော့ ကြက်သီးထမိခဲ့တယ်။ “ငါ ရောက်နေပြီလေ - ငါ့ကို ခေါ်နေကြတာ မဟုတ်ဘူးလား” ဆိုတာက နားနဲ့ ဆတ်ဆတ် ကြားရတော့လည်း တစ်မျိုးပဲ။ ဒါပေမယ့် ဂယ်ရီ ပေးလိုက်တဲ့ မြေပဲထောပတ်ခရက်ကာ မုန့်ကို ရလည်း ရသွားရော၊ ချက်ချင်းဆိုသလို သူဖောက်ပြီး၊ မုန့်ချပ်တွေကို ပါးစပ်ထဲ အတင်း ထည့်ပြီး စားတယ်။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ၊ မသေချာပေမယ့်၊ ကိုယ့်အထင် သူ နင်တောင် နင်သွားသေးသလားလို့၊ သူသာ ဘုရားသခင်ဆိုရင် အဲလောက်ကြီး ငတ်လိမ့်မယ်လို့တော့ မထင်ဘူး။ မြေပဲထောပတ်ခရက်ကာလောက်နဲ့ အငမ်းမရ စားစရာ အကြောင်း မရှိဘူး။
ဘာပဲဖြစ်ဖြစ်၊ သူအိပ်နေတုန်း အားလုံးဝိုင်းပြီး သူ့အကြောင်း ပြောဖြစ်ကြတယ်။
“အူကြောင်ကြောင်နိုင်လားလို့နော်”
“အင်းလေ - သူ့ခေါင်းကို တစ်ခုခုနဲ့ ထိမိထားလို့ဖြစ်လိမ့်မယ်”
“သုံးရက်လုံး ရေထဲ မျှောနေတာ မဖြစ်နိုင်ဘူး”
“ဘယ်သူက မစားမသောက်ဘဲ သုံးရက်လုံး ရေထဲ မျှောနေတာတောင် ရှင်နိုင်မှာလဲ?”
“ဟုတ်တယ်၊ မဖြစ်နိုင်ဘူး”
“နှစ်ရက်ပဲ ရှင်နိုင်တယ်လို့ ဖတ်ဖူးသလိုပဲ”
“ဘာပဲ ဖြစ်ဖြစ် သုံးရက်လုံး မစားမသောက်ဘဲ ရှင်နေသေးတာ မဖြစ်နိုင်ဘူး၊ အဲတာထက် ပင်လယ်ထဲမှာလေ ပိုလို့တောင် မဖြစ်နိုင်ဘူး”
“သူ့ကိုယ်သူ ဘုရားတဲ့”
“အသက်ကယ် အင်္ကျီလည်း ဝတ်မထားဘူးနော်”
“ဟုတ်တယ် တခြား သင်္ဘောကလူများလား?”
“တခြား သင်္ဘောဆိုရင် ဘာဖြစ်ဖြစ် ငါတို့ အားလုံး တွေ့ရမှာပဲလေ”
နောက်ဆုံးကျတော့မှ နီနာက စကား ဝင်ပြောတယ်။ ဂလက်ဆီပေါ်မှာတုန်းက ဆံပင်အလှပြင် လုပ်ခဲ့တဲ့ အီသီယိုးပီးယားသူပါ။ မိန်းကလေး တစ်ယောက်ဆိုပေမယ့် သူ့မေးရိုးတွေက ကျယ်ပြီး၊ မျက်လုံးတွေက နက်မှောင်ပါတယ်။ နေဒဏ်၊ လေဒဏ်၊ ရေဒဏ်ကို သူစိမ်းကလွဲရင် သူက ခံနိုင်ရည် အရှိဆုံးလို့ ပြောရမယ်။
“သေချာတွေးကြည့်နော် ဘာဖြစ်နိုင်မလဲဆိုတာကို” ဆိုပြီး နီနာက ထပြောတော့၊
“ဘာလဲ” လို့ ယန်နီက မေးလိုက်တယ်။
“သူအမှန်အတိုင်း ပြောနေတာများလားလို့လေ - သူက တစ်ကယ်ပဲ ဘုရားဖြစ်နေမလား?”
အားလုံးရဲ့ အကြည့်တွေက နီနာဆီ ရောက်သွားကြတယ်။ ကိုလန်းဘတ်က ထရယ်တယ်။
“ဟုတ်ပ ဟုတ်ပ ငါတို့ရဲ့ ကယ်တင်ရှင်ကြီးက ပင်လယ်ရေညှိလို ရေထဲ မျှောပြီး - ငါတို့ ကို ကယ်ဖို့ အတွက် သူ့ကို အရင်ကယ်ပေးရတာ - ခက်ပါတယ်နော် ကြည့်ရတာ မင်းလည်း ဗိုက်ဆာ လွန်ပြီး ဦးနှောက်ပျက်သွားပြီလား? ဟင်? သူ့ကို သေချာကြည့် - ကြည့်ရတာ ကျွန်းသားပဲ ဖြစ်ရမယ်၊ ရေလွှာလျှောစီးရင်း ပြုတ်ကျကျန်ခဲ့တာ ဖြစ်ချင်ဖြစ်မှာ”
ကိုလန်းဘတ် ပြောတာကို ဘယ်သူကမှ ပြိုင်ငြင်းမနေတော့ဘဲ၊ ငြိမ်နေလိုက်ကြတယ်။ ဒီသူစိမ်းက ဘယ်သူလဲ? သူပြောသလို ဘုရားသခင်လား? ဒါမှမဟုတ် သွေးရူးတန်းရူး ဖြစ်သွားတဲ့ သာမှန်လူတစ်ယောက်လား?
ကုန်းမြေပြင်
ရာမိကို ခေါ်ပြီး ကျွန်းမြောက်ဘက် ကမ်းခြေကို ကားမောင်းလာလိုက်တယ်။ စကားကောင်း ပြောဖို့ ကြိုးစားပေမယ့်၊ ရာမိရဲ့ အဖြေတွေက “ဟုတ်ကဲ့ဆရာ” နဲ့ “မဟုတ်ဘူး ဆရာ” ဖြစ်နေ တော့ စကားပြောရတာ အရသာ မရှိတော့ဘဲ ဖြစ်သွားတယ်။ ရင်ဘတ် အင်္ကျီ အတွင်း အိတ်ထောင် ထဲက ငွေရောင် သတ္တုဘူးရှည်လေးကိုကြည့်လိုက်တယ်။ ဝီစကီလိုနေပြီ၊ ပါးစပ်ချဉ်နေပြီ။
“ဆိုတော့ ခင်ဗျားက စိန့်ဂျွန်ဘက်ကမလား?”
ရာမိက ခေါင်းညိတ်ပြတယ်။
“အဲတော့ ဘယ်မှာ ထိုင်ဖြစ်လဲ?”
ရာမိက နားမလည်သလိုနဲ့ ကြည့်တယ်။
“အာ ဆိုင်ထိုင်တာပြောတာ၊ ခင်ဗျားကလည်း အူကြောင်ကြောင်နဲ့”
ဘာမှ ပြန်မဖြေဘူး။ ယမကာဆိုင်တန်းကို ဖြတ်သွားရင်း၊ ကော်ဖီဆိုင်တွေဘက်ကို ခေါက်ချိုး လိုက်တယ်။
“ဆိုတော့ လှိုင်းစီးဖြစ်လား? စီးရင် ဘယ်နား စီးဖြစ်လဲ? ဘာရန်ဘက်လား? တာရန်ဘက်လား?”
“အဲလောက်ကြီး ဝါသနာမပါဘူး”
“ခင်ဗျား နောက်နေတာလား? ကျွန်းသားလုပ်နေပြီး လှိုင်းစီးတာကို ဝါသနာ မပါဘူး လုပ်နေတယ်” လို့ ကိုဂျာတိက ပြောလိုက်ပေမယ့်၊ ရာမိက အဖတ်မလုပ်ဘဲ ကားအပြင်ဘက်ကို ငေးနေတာကြောင့် စကား မပြောတော့ဘဲ စကားဖြတ်လိုက်တယ်။ ညာဘက်လက်နဲ့ စတီယာရင် ကို ကိုင်ထားပြီး ဘယ်လက်နဲ့ ဘယ်ဘက် ဘောင်းဘီ အိတ်ထောင်ထဲ ထည့်ထားတဲ့ စီးကရက် ဘူးကို လှမ်းနိုက်လိုက်တယ်။ ဘယ်လက်နဲ့ပဲ စီးကရက်ကို ထုတ်လိုက်ပြီး ပါးစပ်မှာ ကောက်ခဲ လိုက်တယ်။ စတီယာရင်ကို လက်ပြောင်းလိုက်ပြီး၊ ညာလက်နဲ့ မီးညှိလိုက်တယ်။ ကားမှန်တံခါးကို အောက်ဆုံးထိ ချပြီး ဆေးလိပ် ဖွာပစ်လိုက်တယ်။ မျက်စောင်းထိုး ဝေးတစ်နေရာ ရှုခင်းရှိရာ တောင်တန်းတွေဘက်ကို ဖွာထုတ်လိုက်တယ်။
လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်လောက်က မွန်ဆဲရက် မီးတောင်ကြီး ရှိတဲ့ ဆိုဖဲရဲတောင်ကြီး ရာစုနှစ်နဲ့ ချီပြီး အေးတိအေးစက် ငြိမ်နေခဲ့ရာက ထပေါက်တယ်။ ကျွန်းရဲ့ တောင်ပိုင်း တစ်ခုလုံး ရွံ့နဲ့ ပြာတွေ ဖုံးသွားတယ်။ မြို့တော်လည်း ပျက်စီးသွားတယ်။ လေဆိပ်အထိ ချော်ရည်တွေ ရောက်သွားခဲ့တယ်။ အဲတာနဲ့တင် တစ်နိုင်ငံလုံး မွဲပြာကျသွားတာပဲ။ မွန်ဆဲရက်ရဲ့ ပြည်သူ သုံးပုံ တစ်ပုံလောက်က အင်္ဂလန်ကို ပြောင်းသွားကြတယ်။ အရေးပေါ် နိုင်ငံသား ခံယူခွင့် ပေးတုန်း သွားကြတော့ မွန်ဆဲရက်မှာ လူဦးရေ လျော့ကျသွားတယ်။ အခုထက်ထိလည်း ကျွန်းရဲ့ တောင်ဘက်ပိုင်းက အခြေချတဲ့သူ အင်မတန် နည်းတယ်။ တစ်ချို့နေရာတွေဆိုရင် ပြာတွေ ဖုံးနေတုန်းပဲ။ မြို့ပျက်၊ ရွာပျက်တွေဆို အခုထက်ထိ လူပြန်မနေသေးဘူး။
ကားရှေ့ခန်းထဲပါလာတဲ့ ရာမိကို တစ်ချက်လောက် အကဲခတ်လိုက်တယ်။ ကားတံခါး ခလုတ်ကို လက်ဆော့နေတယ်။ အိမ်ကမိန်းမကို လှမ်းဖုန်းဆက်ပြီး အကျိုးအကြောင်း ပြောမလို့ဘဲ၊ ဒါပေမယ့် မဆက်ဖြစ်လိုက်ဘူး။ ပါးစပ်က ချဉ်လာတာနဲ့ ဂရုစိုက်မနေတော့ဘဲ၊ ရင်ဘတ်ထဲ ထည့်ထားတဲ့ ဘူးလေးကို ထုတ်လိုက်တယ်။
“စိတ်မရှိပါနဲ့ဗျာ” လို့ ပြောလိုက်ရင်း တစ်ငုံ မော့လိုက်တယ်။ ပြီးတော့မှ ရာမိဘက်ကို လှမ်း ကမ်းရင်း မေးလိုက်တယ်။ “သောက်ပါဦး”
“တော်ပြီဗျ”
“ဘာလို့လဲ? မသောက်ဘူးလား?”
“မဟုတ်ဘူးဆရာ”
“ဘာလို့လဲ? အဲတာဆိုရင်”
“မသောက်ဖြစ်တော့တာဗျ”
“အမယ် ဘယ်လိုဖြစ်?”
“မေ့ချင်လို့ သောက်တာဗျာ”
“အင်း မမေ့ဘူးပေါ့လေ”
“ဟုတ်တယ်ဆရာ ပိုပြီး မှတ်မိနေလို့ မသောက်ဖြစ်တော့တာ”
ကိုဂျာတိလည်း ဆက်မမေးတော့ဘဲ၊ ငြိမ်သွားတယ်။ တွေးချင်ရာ တွေးနေလိုက်ပြီး လေထိုး ဖောင် ရှိတဲ့ ကမ်းခြေကို အမြန်လေး မောင်းသွားလိုက်တယ်။
ပင်လယ်ပြင်
ချစ်သော အန်နာ
“ဘုရားသခင်” က တို့တစ်တွေကို မကယ်ဘူး။ ဘာ တန်းခိုး တေဇော် အာနုဘော်မှ မတွေ့ရဘူး။ ဘာမှလည်း မလုပ်ပေးသလို၊ ဘာမှလည်း မတုန့်ပြန်ဘူး။ အစာရိက္ခာကို လာဖဲ့ပြီး၊ ကျွေးစရာ ပါးစပ် တစ်ပေါက် တိုးလာတာပဲ အဖတ်တင်သလို၊ နဂိုကတည်းက ကျပ်နေတဲ့ အထဲ နေရာတစ်နေရာ ဖဲ့ပေးလိုက်ရတယ်။
ဒီကနေ့ လေထန်ပြီး၊ လှိုင်းကြီးတယ်၊ အားလုံးစုပေါင်းပြီး မိုးကာအောက်မှာ မိုးခိုကြရတယ်။ ဒေါ်ကြီးဟာရီနဲ့ သူစိမ်းအကြားမှာ ကိုယ်ညှပ်နေတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကပ် နေရတော့လည်း အနွေးဓါတ်ရှိသား။
“လုပ်စမ်းပါ ဘုရားသခင်ရ အမှန်အတိုင်းပြောပါဟ ဘယ်လိုလုပ်ပြီး ငါတို့ဆီ ရောက်လာတာလဲ?” လို့ ကိုလန်းဘတ်က မေးလိုက်တယ်။
“ငါမင်းရဲ့ သင်္ဘောပေါ်က မဟုတ်ဘူး”
“ဒါဆို ဘယ်လိုလုပ်ပြီး ရေထဲကျသွားတာလဲ?” ဂယ်ရီက မေးတော့၊
“ရေထဲကိုလည်းကျသွားတာမဟုတ်ဘူး”
“ဒါဆို ရေထဲ ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ?”
“မင်းတို့ဆီ လာတာလေ”
လူတိုင်း မျက်လုံးချင်းစုံသွားတယ်။
“နေစမ်းပါဦး? ဘုရားက မိုးပေါ်ကနေ ခုန်ချပြီး ရေထဲရောက်လာတယ်၊ ပြီးတော့ ဘာလဲ? ငါတို့ဆီ စကားပြောဖို့လာတယ်ပေါ့? ဟုတ်လား?” ဂယ်ရီက ခနော်ခနဲ့ မေးပစ်လိုက်တယ်။
“ငါ မင်းတို့နဲ့ အမြဲတမ်း စကားပြောနေတာပဲ အခု ငါ နားထောင်ဖို့ ရောက်လာတာ”
“ဘာကို နားထောင်မှာလဲ?” လို့ မေးလိုက်တယ်။
“တော်ပါတော့ကွာ - မင်းအဲဒီလောက် သိနေရင် ငါ့သင်္ဘော ဘာဖြစ်သွားတာလဲ? အဲတာကို အရင်ပြော” ဆိုပြီး ကိုလန်းဘတ်က ဒေါသထွက်တယ်။
သူစိမ်းက ပြုံးရင်းမေးတယ်။
“ဘာလို့ စိတ်တိုနေတာလဲ?” တဲ့။
“ငါ့ လှေ မရှိတော့ဘူးဟ”
“အခု နောက်တစ်ခုပေါ်မှာ မဟုတ်ဘူးလား?”
“တူမလားဟ”
“ဟုတ်ပါတယ် ဒါပေမယ့် ဒီဟာလည်း ရေပေါ် ပေါ်တာပဲ မဟုတ်လား?”
သူစိမ်းပြောလိုက်တာကို ယန်နီက ရယ်တယ်။ ကိုလန်းဘတ်က ယန်နီကို မျက်စောင်း ထိုးပစ်လိုက်တယ်။
“ဘာလဲ သူပြောတာလည်း ဟုတ်နေတာပဲကို” လို့ ယန်နီက စကားတွတ်ပေးလိုက်တယ်။
ဒေါ်ကြီးဟာရီက စိတ်မရှည်တော့ဘဲ သက်ပြင်းရှည်ကြီးချတယ်။ “တို့တွေ အလကားနေ ငြင်းမနေတော့ဘဲ, ပေါက်တတ်ကရတွေ လျှော့ကြရအောင်လား? ခေါင်းတွေလည်း ကိုက်နေပြီကွဲ့၊ ဘာကယ်ဆယ်ရေး လေယာဉ်မှလည်း မတွေ့ရပါလားနော်? လာကယ်မယ်ဆို? အဲတာကို ပြော၊ အခု ငါ မင်းကို ဆုတောင်းမယ်၊ ဟုတ်ပြီလား?”
တုန့်ပြန်စကားကို စောင့်ပေမယ့်၊ သူစိမ်းက ဘာမှ မဖြေဘဲ ဒီတိုင်းကြီး ထိုင်နေတယ်။ အဲတော့မှ ဒေါ်ကြီးဟာရီက အားလုံးကို အဓိပ္ပါယ်ရှိတဲ့ အကြည့်နဲ့ ကြည့်တယ်။ ဆိုလိုတာက ပေါက်တက်ကရ မေးတာမြန်းတာတွေ တော်ဖို့ပါ။ နဂိုအတိုင်း မျှော်လင့်ချက် ကင်းမဲနေတုန်းပါ။
“ဘယ်သူမှ သူ့ကို ဆုတောင်းမနေဘူး” လို့ပြောပြီး ကိုလန်းဘတ် ညည်းလိုက်တယ်။
သတင်းခန်း
ကွင်းဆင်းတင်ဆက်သူ။ မင်္ဂလာပါ။ ကျွန်တော် ကိုထက်ပိုင်ပါ။ နာမည်ကျော်ကြား လူသိထင်ရှားတဲ့ သူဌေးကြီး ဂျေဆန် လန်းဘတ် ပိုင်တဲ့ ဂလက်ဆီ အပျော်စီး သင်္ဘောပေါ်ကနေ သတင်း တင်ဆက်နေတာပါ။ ယခုဆိုရင်ဖြင့် “မဟာ” အပန်းဖြေ ခရီးစဉ်ကြီးရဲ့ ငါးရက်တာ နောက်ဆုံးညကို ရောက်ရှိလို့ လာပါပြီ။
ရုပ်သံတင်ဆက်သူ။ ဒီနေ့ ဘာတွေ လုပ်ဖြစ်လဲဗျ? ကိုထက်ပိုင်ရေ?
ကွင်းဆင်းတင်ဆက်သူ။ ဒီနေ့ကတော့ တစ်ကယ့်ကို အခွင့်အလမ်းကောင်း အစီအစဉ် တစ်ခု ပါတယ်ဗျ၊ သမ္မတဟောင်းကြီး ဦးဆောင်တဲ့ နှီးနှောဖလှယ်ပွဲ လုပ်တယ်၊ ကမ္ဘာ့ ပထမဆုံး လျပ်စစ်ကား ဒီဇိုင်နာရယ်၊ အင်တာနက် အချက်အလက် ရှာဖွေတဲ့ အင်ဂျင် တည်ထောင်သူ မူလ တိုင်တန်ကြီး သုံးယောက်ရော ပထမဆုံးအကြိမ် အဖြစ် အပြင်မှာ တစ်စုတစ်ဝေးတည်း ရှိတဲ့ ပွဲလေး ဖြစ်သွားခဲ့တယ်ဗျ - အတော်လေးကို စိတ်ဝင်စားဖို့ ကောင်းပါတယ်ခင်ဗျာ။
ရုပ်သံတင်ဆက်သူ။ နောက်က ကြားနေရတဲ့ အသံက ဘာဖြစ်မလဲဗျ?
ကွင်းဆင်းတင်ဆက်သူ။ ကိုဂျင်မီရေ၊ ဒီ သင်္ဘောကြီးမှာ ဟယ်လီကော်ပတာ ကွင်း ရှိတာကို ကျွန်တော် ပြောခဲ့ပြီးပြီ ထင်တယ်? အဲတာဗျာ တစ်ဖွဲ့ပြီး တစ်ဖွဲ့ အကြို အပို့ လုပ်ရတယ်၊ နေ့တိုင်း နီးပါးပဲ၊ အခုလည်း ဒီနေ့ မနက်ကတည်းက နာမည်ကျော် ဖက်ရှင်အက်စ် ရော်ခ့်အဖွဲ့ကို ဖျော်ဖြေဖို့ ကြိုလာပြီးပြီ၊ အခု ကြားနေရတာက သူတို့ အဖွဲ့ရဲ့ နာမည်ကျော် သီးချင်း “ကဲလိုက်ကြ” ပါခင်ဗျာ။
ရုပ်သံတင်ဆက်သူ။ ဟုတ်လား။ အထင်ကြီးစရာပဲ။
ကွင်းဆင်းတင်ဆက်သူ။ ဟုတ်တယ်ဗျ။ ဖျော်ဖြေပွဲ ပြီးသွားရင်လည်း တခြား ---
(အသံကျယ်ကြီး တစ်ခု ထွက်ပေါ်လာပြီး၊ ရုပ်မြင်သံကြား မြင်ကွင်း တစ်ခုလုံး ခါရမ်း သွားခဲ့တယ်။)
ရုပ်သံတင်ဆက်သူ။ ကိုထက်ပိုင်? ဘာဖြစ်သွားတာလဲဗျ?
ကွင်းဆင်းတင်ဆက်သူ။ ဟုတ်ကဲ့။ ခနေလေးပါဗျ၊ သေချာအောင် ကျွန်တော် ကြည့် - ကြည့် - ကြည့် -
(အသံကျယ်ကြီး နောက်ထပ် တစ်ကြိမ် ထွက်ပေါ်လာတယ်။ ပြုတ်ကျတာကို တွေ့လိုက် ရတယ်)
ကွင်းဆင်းတင်ဆက်သူ။ ဘုရားရေ၊ ဘာဖြစ်တာလဲ? အဲတာ ဘာဖြစ်တာလဲ? ဘယ်သူသိလဲ? မေးကြည့်လေ?
ရုပ်သံတင်ဆက်သူ။ ကိုထက်ပိုင်?
ကွင်းဆင်းတင်ဆက်သူ။ တိုက်မိသွားတာပဲ -ပဲ -ပဲ - ကြည့်- ကြည့်- ရ - ရ တာ- ဟို-နား- နား -ကြည့် -----
(အသံကျယ်ကြီး နောက်ထပ် တစ်ကြိမ် ထွက်ပေါ်လာပြန်တယ်။ ကင်မရာ မြင်ကွင်း တစ်ခုလုံး လှုပ်ခါပြီး ချက်ချင်း ဆိုသလို အဆက်အသွယ်ပြတ်တောက်သွားပါတယ်)
ရုပ်သံတင်ဆက်သူ။ ကိုထက်ပိုင်? ကိုထက်ပိုင်? ကိုထက်ပိုင် ကြားရလားဗျ? ကြည့်ရတာ အဆက်အသွယ် ပျက်သွားပုံရတယ်၊ ကြည့်ရှုနေတဲ့ ပရိတ်သတ်များ မြင်ရတဲ့ အတိုင်းပါပဲ ခင်ဗျာ၊ အသံကျယ်ကြီး ထွက်လာပြီး ထင်မှတ်မထားတဲ့ ဖြစ်ရပ် တစ်စုံတစ်ရာကို ကြုံလိုက်ကြရပုံ ရှိပါတယ်၊ အကျိုးအကြောင်းကို ကျွန်တော်တို့ ရုပ်သံသတင်းဌာနက အမြန်ဆုံး ဆက်သွယ် စုံစမ်းနေပါပြီ၊ ထူးခြားချက်နဲ့ သတင်းအပြည့်အစုံကို အချိန်မှီ ဆက်လက် တင်ပြသွားပါမယ်၊
ဟဲလို ကိုထက်ပိုင် - ဟဲလို ကြားရလား? ကိုထက်ပိုင်? သတင်းပြန်ပါ? ဟဲလို? ရှိသေးလား? ကိုထက်ပိုင် ---
ကုန်းမြေပြင်
ရာမိပြောတဲ့ နေရာ အနီးတစ်ဝိုက်ကို လွတ်လွတ်လပ်လပ် စစ်ဆေးလို့ ရအောင် ကားထွက် မလာခင်ကတည်းက ဒေသန္တရ ရုံးကို လှမ်းဆက်ပြီး၊ အခင်းဖြစ်စဉ် တစ်ဝိုက် ကြိုးမျဉ်းဝါ တားထားဖို့ မှာပြီးသားပါ။ ရာမိ ပြောတဲ့ ကမ်းစပ်နား ရောက်တော့ ကားစက်သတ်လိုက်တယ်။ လျှောက်လမ်း တစ်ဝိုက် ကြိုးမျဉ်းဝါတွေ တားပြီးသား ဖြစ်နေတာကို မြင်လိုက်ရတော့ စိတ်ထဲ ကျေနပ်မိသွားတယ်။ ပြောရင် ပြောတဲ့ အတိုင်း ဖြစ်လာပြီး၊ ဖြစ်ချင်ရင် ဖြစ်ချင်တဲ့ အတိုင်း ဖြစ်လာတာမျိုးတွေကို ကိုဂျာတိ ကျေနပ်တယ်။
“ဟုတ်ပြီ ကိုရာမိ သွားကြည့်ရအောင်”
ကြိုးမျဉ်းဝါကို ခွကျော်ပြီး၊ လျှောက်လမ်း စင်္ကြံအတိုင်း ကမ်းစပ်ဘက်ကို ဦးတည်လိုက်တယ်။ မာဂရိတာ ပင်လယ်အော် ဆိုတာကြီးက ကုန်းတွင်းပိုင်း တောင်စဉ်တောင်တန်း အဆက် ဆက်ကနေ ပင်လယ်ဘက် တဖြည်းဖြည်း နိမ့်ဆင်းလာတဲ့ ကုန်းမြင့်တွေကနေ ဖြစ်လာတဲ့ ကျောက်ဆိုင် ကမ်းပါးကြီးပါ။ ပင်လယ်ထဲ ငေါထွက်နေတဲ့ ကျောက်ဆိုင် ကမ်းပါးရဲ့ ဘယ်ညာ ဘေးဘက်မှာ အဖြူသဲသောင်ပြင်နဲ့ ကမ်းခြေတွေ ရှိနေပါတယ်။ သာယာပြီး၊ ကြည်နူးဖို့ ကောင်းတဲ့ သောင်ပြင် ကမ်းခြေမျိုးတော့ မဟုတ်ပါဘူး။ အခါရာသီ အလိုက် ကမ်းခြေရဲ့ အရောင်နဲ့ သဲတွေက ပြောင်းသွားတတ်ပါတယ်။ ကမ်းစပ်အထိ သွားဖို့ နည်းအမျိုးမျိုး ရှိပေမယ့်၊ ကားနဲ့ ဆင်းသွားလို့ မရပါဘူး။ ကျောက်စိုင်တွေက အငူငူ ဖြစ်နေတာကြောင့် ကားလမ်း မပေါက်တဲ့ အတွက် “၉၆၉၃” ကပဲ အဆင်ပြေဆုံး ဖြစ်ပါတယ်။
ကုန်းကမ်းပါး အောက်ပိုင်း မြေပြန့် သောင်ပြင်နား ချဉ်းကပ်လာမိတာနဲ့ အမျှ ရာမိပြောတဲ့ နေရာမှာ တစ်ခုခု ရှိနေတာကို သတိထားမိလိုက်တယ်။ ဘာကြောင့်ရယ် မသိ ရာမိရဲ့ ခြေလှမ်း တွေက နှေးလာသလောက်၊ ကိုဂျာတိ ခြေလှမ်းတွေ သွက်လာပြီး၊ သူ့ဟာသူ သွားစစ်သလို ဖြစ်လာတယ်။ ကိုက်သုံးဆယ်၊ လက်ဆယ်ဖျံလောက် အချင်းချင်း ကွဲသွားခဲ့ပြီး၊ သိချင်ဇောနဲ့ အမြန်လေး သွားလိုက်မိတယ်။
ခပ်ညစ်ညစ် သဲပြင်တွေ အကြား ကိုဂျာတိရဲ့ ဘွတ်ဖိနပ်က ရှပ်တိုက်နေတယ်။ လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်း သဲပေါက်တွေ လွှင့်စင်နေပြီး၊ တူရှုရာ နေရာအနား ကပ်လာတာနဲ့ အမျှ ခြေလှမ်း တွေ ပိုသွက်လာတယ်။
ကိုရာမိ ပြောသလိုပဲ။ ရှိနေတယ်။ လေထိုး အသက်ကယ်ဖောင်ကြီး။ လေတော့ လျှော့နေပါပြီ။ လိမ္မော်ရောင် ဖောင်ကြီးက ညစ်ထေးနေပါတယ်။ မွန်းတည့် နေကြောင့် ခြောက်ကပ်နေသလောက် ပင်လယ်ပြင်ကြီးရဲ့ ဒဏ်ကို ကြံ့ကြံ့ခံထားကြောင်း ဖောင်အနားသားက အရိအရွဲ၊ အကျိအချွဲခြောက်တွေက သက်သေပြနေတယ်။
ကြက်သီး ထမိသွားတယ်။ ကမ်းကို ကပ်လာသမျှ ပစ္စည်းပျက်တွေဆိုတာက ကောင်းတဲ့ အရာတွေ မဟုတ်ပါဘူး။ ပင်လယ်ကြီးနဲ့ လူသားတွေအကြားက စစ်ပွဲကြောင့် ကျန်ရစ်တဲ့ သက်သေ အထောက်အထားတွေပါ။ ဘယ်ပစ္စည်းမဆို အကောင်းအတိုင်း ရောက်မလာပေမယ့်၊ သူ့အကြောင်းနဲ့ သူ၊ သူ့ဇာတ်လမ်းနဲ့သူ ရှိနေပါတယ်။ တစ်ချို့ ပစ္စည်းတွေဆိုရင် အစွဲလေးတွေပါ ပါနိုင်လို့ သရဲဝတ္တုကို စီးရီးလိုက် ရေးလို့ ရလောက်အောင် ဇာတ်လမ်းစုံနေနိုင်ပါသေးတယ်။ ကိုဂျာတိ အတွက် ဒီလို ဇာတ်လမ်းတွေက အဆန်း မဟုတ်တော့ပေမယ့်၊ အခုလို မျက်မြင်ကိုယ် တွေ့ ဖြစ်ရပ်ဆန်းကြယ်ရဲ့ ကောက်ကြောင်းအစကို ဆွဲမိတော့လည်း ခံစားချက်က တစ်မျိုး ဖြစ်နေတယ်။
ဖောင်ကို တစ်ပတ် ပတ်ပြီး သေချာလေး စစ်လိုက်တယ်။ ဖောင်အောက်ပိုင်း အောက်ခြေ အဆင့်မှာ ပေါက်ရာတွေကို တွေ့လိုက်တယ်။ လက်နဲ့တို့ပြီး ခန့်မှန်းကြည့်လိုက်တော့ ငါးမန်း အစွယ်ရာတွေလို့ ယူဆလိုက်တယ်။ ဖောင်နဲ့ အတူ တွဲပါတဲ့ မိုးကာစကြီးတော့ မရှိတော့ဘူး၊ ဖောင် လက်ရမ်း ကြိုးခွေမှာ ရစ်ကျန်နေတဲ့ အစအနတွေကြောင့် ကောက်ချက် ချလို့ ရတာပါ။ လိမ္မော်ရောင် ဆေးသားပေါ် ရေးထိုးထားတဲ့ “ဆယ့်ငါးဦးသာ” အဖြူရောင် စာသားက ဆေးကွာလုနီးပါး မှေးမှိန်နေပါပြီ။ ဖောင် အတွင်းပိုင်းကတော့ ကျယ်တယ်လို့ ပြောရမယ်၊ အလွန်ဆုံး ရှိ ဆယ့်လေးပေ၊ ဆယ့်ခြောက်ပေနီးပါး ကျယ်တယ်။ သဲနဲ့ ရေညှိတွေက ဖောင်ဝမ်းဗိုက်ထဲ နေရာကြိုယူထားကြတယ်။ ဝင်ကစွပ်တို့ ၊ ဂဏာန်းပေါက်လေးတို့တောင် ဖောင်ထဲ နယ်ချဲ့ပြီးနေကြပါပြီ။
တစ်ရွေ့ရွေ့ သွားနေတဲ့ ဝင်ကစွပ် တစ်ကောင်ရဲ့ အသွားလမ်းကြောင်းကို လိုက်ငေးနေမိ လိုက်သေးတယ်။ “ဂလက်ဆီ အပျော်စီး သင်္ဘောပိုင် ပစ္စည်း” ဆိုတဲ့ စာသားပေါ် ဖြတ်သွားတယ်။ ဖောင် ထိပ်ဦး အတွင်းပိုင်း အောက်ခြေနားလောက်မှာ ထိုးထားတော့ ဆေးသားတွေက အပြင် သားလောက် မပြယ်သေးပါ။ ဖောင်အတွင်း လေဖောင်းနေတဲ့ အဖုအပိန့်တွေက ငေါတဲ့ နေရာ ငေါနေပြီး၊ ဖောတဲ့ နေရာ ဖောနေသေးတယ်။ ဖောင်သားကို လက်ညိုးနဲ့ ထိုးကြည့်လိုက်တယ်။ ချက်ချင်း ပြန်ရုတ်လိုက်တယ်။
ဖောင်ရဲ့ အတွင်းပိုင်းထဲ တစ်ခုခု ရှိနေတယ်။
ကိုဂျာတိ စဉ်းစားခန်း ဝင်သွားတယ်။ လုပ်ထုံးကို သူနားလည်ပါတယ်။ - ကမ်းကပ်လာသမျှ ပစ္စည်းတိုင်းကို စခန်းမှတ်တမ်းမှာ အချက်အလက်စုံ စာရင်းသွင်းပြီး၊ ပစ္စည်းကို လက်ရာခြေရာ မပျက် - ပိုင်ရှင်သိရင် ပိုင်ရှင်ကို အကြောင်းကြားပြီးမှ ကိုင်တွယ်ရမှာ ဆိုပေမယ့်၊ အဲဒီလို လုပ်ရင် သေချာတယ် အချိန်ယူဦးမှာ၊ ပိုးစိုးပက်စက်ကို ကြာဦးမှာ၊ အဲတာထက် ဂလက်ဆီရဲ့ ပိုင်ရှင် ဆိုသူကလည်း ပေါက်ကွဲမှုထဲမှာ သေသွားတာပဲ? အားလုံး သေပြီပဲကို။
ရာမိကို ကြည့်လိုက်သေးတယ်။ ကိုဂျာတိနဲ့ မလှမ်းမကမ်း ဆယ်ကိုက်လောက်မှာ ရပ်နေပြီး မိုးပေါ် ငေးနေတယ်။ ဘာပဲ ဖြစ်ဖြစ်ပါလေ - အတွေးများမနေတော့ဘူး။
ခပ်မို့မို့၊ ခပ်မောက်မောက် ဖြစ်နေတဲ့ လေဖောင်းကို ခါးကြားမှာ ပါလာတဲ့ ဓားမြှောင်လေးနဲ့ အပေါ်ယံအသားကို သတိထားပြီး ဖြဲလိုက်တယ်။ လက်တစ်နှိုက်စာလောက် ကျယ်သွားတော့မှ အထဲက ပစ္စည်းလို အရာကို ဖြဲကြည့်လိုက်တယ်။ မြင်လိုက်ရတာကို မယုံနိုင်ဘူး ဖြစ်သွားခဲ့ တယ်။ ပလက်စတစ်အိတ်တစ်လုံး၊ သေချာလေး ပိတ်ထားတယ်။ အတွင်းကို ကြည့်လိုက်တော့ မှတ်စုစာအုပ် တစ်အုပ် ဖြစ်နေတယ်။
ပင်လယ်ပြင်
အသက်ကယ်လှေပေါ် ရောက်နေခဲ့တဲ့ လေးရက်မြောက်နေ့၊ မွန်းလွဲအချိန်။ ပုံမှန်မဟုတ်တဲ့ ဖြစ်ရပ်ကို လှေပေါ်ပါ လူတိုင်း မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတယ်။ အန်နာရေ။ နောက်ဆုံး ရောက် လာခဲ့တဲ့သူ၊ သူ့ကိုယ်သူ “ဘုရားသခင်” လို့ ပြောတဲ့ သူစိမ်း၊ ကြည့်ရတာ ကို မှားပြီ ထင်တယ် အန်နာ။ အမြင်လောက်နဲ့ ထင်ချင်တိုင်း ထင်လို့ မရတာ မှန်လိုက်တာ။
မနက်တုန်းက၊ ဖောင်အနားကို ကျောပေးပြီး ယန်နီက မှီနေရင်းနဲ့ ဂရိသီချင်း တစ်ပုဒ် ဆိုနေတယ်။ (သူက ဂရိကတဲ့၊ သံအမတ်လို့ ပြောတာပဲ၊ အရွယ်နဲ့ ယှဉ်ကြည့်ရင် ငယ်သလားလို့တော့ ထင်မိတယ်) ဂယ်ရီကတော့ ထုံးစံအတိုင်း အရပ်မျက်နှာကို တွက်ဆနေတုန်း။ ဒေါ်ကြီး ဟာရီကတော့ နားထင်ကို လက်ချောင်းလေးတွေနဲ့ ပွတ်နေတယ်။ ခေါင်းကိုက်နေလို့တဲ့။ ကလေးမလေး မအေးက ဒေါ်ကြီး ဟာရီရဲ့ ခြေရင်း၊ လှေကြမ်းပြင်ပေါ်မှာ ဒူးနှစ်ဖက်ကွေးဖက်ပြီး လှဲနေတယ်။ သူ့မျက်လုံးတွေက သူစိမ်းကို စိုက်ကြည့်နေတယ်။ သူစိမ်း ရောက်လာကတည်း က အဲလိုပဲ ကြည့်နေတာပါ။ ဒေါ်ကြီး ဟာရီလိုပဲ သူလဲ သင်္ကာမကင်း ဖြစ်နေတာများလား? မသေချာပါဘူး။
စိုက်ကြည့်နေရင်းနဲ့ ချက်ချင်းဆိုသလို၊ ထတယ်၊ ကိုဂျင်းနား သွားတယ်။ ကိုဂျင်းက ဘန်နီအတွက် ဆုတောင်းနေတာပါ။ နှစ်ယောက်လုံးက ဟေတီလူမျိုးတွေ ဖြစ်ပြီး၊ အင်မတန် ဖော်ရွေကြတယ်။ ဗာရ်ဒေအငူ ရောက်တဲ့ မနက်ခင်း၊ ဧည့်သည်တွေ သင်္ဘောပေါ် ပြန်အတက်၊ ဝန်ထမ်း အားလုံး ထွက်ကြိုရတဲ့ အချိန်မှာ သူတို့နဲ့ တွေ့မိခဲ့ရင်းကနေ ရင်နှီးခဲ့ရတယ်။ သင်္ဘောလိုက် ပြီး ချက်ပြုတ်နေတာ သူတို့ တစ်သက်ပဲတဲ့။
“အချက်ကိုတော့ ဘယ်တော့မဆို ကောင်းအောင်ပဲ ချက်တယ် ကိုဘိုလေးရေ အဲတာကြောင့်လည်း ကျွန်မတို့ နှစ်ယောက်လုံး ဝနေတာရှင်” ဘန်နီက သူ့ဗိုက်ကို ပွတ်ပြရင်း ပြောတယ်။
“ဟေတီက ဘာလို့ ထွက်လာခဲ့တာလဲ?” လို့ မေးလိုက်တော့ - ဘန်နီ မျက်နှာ ငယ်သွားတယ်။
“အော် ကိုဘိုလေးရယ်၊ ဟေတီမှာ မလွယ်ဘူး၊ အရမ်းခက်တယ်၊ ဘာမှ လုပ်စားလို့ မရဘူး”
“အစ်ကိုကော? ဘယ်ကလဲဗျ? အိုင်ယာလန်လား? အမေရိကလား?” ဆိုပြီး ကိုဂျင်းက ဘန်နီ စကားကို တမင်ဖြတ်ပြီး မေးတယ်။
“အင်းလေ ဘာလို့ ထွက်လာတာလဲ?” လို့ ဘန်နီက အစွဲမကင်းတဲ့ မေးခွန်းမျိုး ထုတ်လာတယ်။
“အော် ဘန်နီရယ်၊ ဟိုမှာ မလွယ်ဘူး၊ အရမ်းခက်တယ်၊ ဘာမှ လုပ်စားလို့ မရဘူး” လို့ ပြန်ဖြေလိုက်တော့၊ အားလုံး ရယ်မိကြတယ်။ ဘန်နီက အရယ်ဆုံးပဲ။ အမြဲဆိုသလို အပြုံးလေးနဲ့ နေတတ်တဲ့သူ။ သူ့အကြည့်တွေကိုက နွေးထွေးတယ်။ သဘောကောင်း၊ မနောကောင်းတဲ့ ရုပ် ဥပဓိမျိုး ရှိတယ်။ စကားပြောတိုင်း ခေါင်းတစ်ညိတ်ညိတ်နဲ့မို့ မသိရင် အရုပ်လေး ခါနေသလားပဲ။ ပြောလိုက်တဲ့ စကားတိုင်းအတွက် အဖြေကောင်း ရှိတယ်၊ အထူး တော်တယ်။ အမေးတတ် တယ်။ အဖြေ နက်တယ်။ “ဟုတ်ပတော်” “မှန်ချက်ရှင်” “ဟုတ်လား?” “အယ် မထင်ရဘူးနော်” ဆိုပြီး တစ်ဖက်သား ပြောသမျှကို စိတ်နှစ်ပြီး နားထောင်ပေးတတ်သလို၊ စိတ်နှစ်ပြီး ပြန်ဖြေပေးတတ်တယ်။
အခုတော့ ခမျာ မထနိုင်ရှာဘူး။ သောကြာနေ့ည၊ ထွက်ပြေးလာကတည်းက ထိခဲ့တဲ့ ဒဏ်ရာကြောင့် လုံးဝကို နာလန်မထူသေးဘူး။ ကိုဂျင်းပြောတာတော့ စားပွဲပိမိပြီး၊ ခေါင်းနဲ့ ပုခုံး ထိသွားခဲ့တယ်တဲ့။ သတိလည်လိုက် မလည်လိုက်နဲ့ သနားစရာပါ။ စိတ်မကောင်းဘူး။
ကမ်းကပ်နိုင်လိုက်ရင် - သူ့ကို ဆေးရုံ တင်ပစ်လိုက်ချင်တာ၊ အခုတော့ ပင်လယ်ပြင် ထဲ ကမ်းမပြောနဲ့ လမ်းတောင်မသေချာဘဲ မျှောနေကြရတယ်။ ရေအလယ်ထဲ နေရတာ ကြာလာတော့ ကုန်းမြေပြင်ရဲ့ အရသာကို သေလောက်အောင် တောင့်တမိတယ်။
သူစိမ်းက ဘန်နီနား ကပ်သွားတယ်။ ကိုဂျင်းက ကြည့်နေလိုက်တယ်။ သူစိမ်းရဲ့ မျက်လုံးတွေ စူးနက်နေတယ်။
“ခင်ဗျားက တစ်ကယ်ပဲ ဘုရားသခင်လား?”
“ငါ လို့ မင်း တစ်ကယ် ယုံလား?”
“သက်သေပြဗျာ - ကျွန်တော် ကျွန်တော့် မိန်းမနဲ့ စကားပြောခွင့် ပြန်ရချင်တယ်”
ယန်နီကို လှမ်းကြည့်လိုက်မိတယ်။ မျက်ခုံးပင့်ပြီး ပြန်ကြည့်တယ်။ စိတ်က တစ်ကယ်တမ်း ဆန်းကြယ်တယ်။ အခုလည်း ကြည့်၊ ကိုယ်ချစ်ရတဲ့သူ၊ တွယ်တာရတဲ့သူရဲ့ ဘဝ ဒုက္ခရောက် နေတော့ တစ်ဖက်သား သူစိမ်းကိုတောင် ယုံကြည်ရဲတဲ့ စိတ်ဖြစ်လာတာက အံ့ဩဖို့တောင် ကောင်းတယ်။ အားကိုးလိုစိတ်က တစ်ခါတစ်လေ ကြောက်ဖို့ကောင်းသား? ဒီသူစိမ်းနဲ့ ပက်သက်ပြီး သိတာဆိုလို့ သူ့ကိုယ်သူ မိတ်ဆက်တဲ့ နာမည်နဲ့၊ မြေပဲထောပတ် ခရက်ကာ ကြိုက်တာပဲ။
မအေးက ကိုဂျင်းရဲ့ လက်တွေကို သွားကိုင်တယ်။ သူစိမ်းက သူ့လက်ဖဝါးကို ထုတ်လိုက်ပြီး၊ ဘန်နီရဲ့ ခေါင်းနဲ့ ပုခုံးကို ညင်ညင်သာသာလေး လက်တင်ရုံလောက် တင်လိုက်တယ်။
အဲတာနဲ့တင်၊ အဲဒီလိုလေး လုပ်လိုက်ရုံလေးနဲ့တင်၊ ဘန်နီမျက်လုံးတွေ ပွင့်လာတယ်။
“ဘန်နီ?” ကိုဂျင်း က အသံတိုးတိုးလေးနဲ့ ဘန်နီနား ကပ်ပြီး ခေါ်လိုက်တယ်။
“ကိုရေ?” ဆိုပြီး ဘန်နီက ပြန်ထူးတယ်။
“ခင်ဗျား ခင်ဗျား -” ဆိုပြီး ကိုဂျင်းက စကား မဆက်နိုင်ဘဲ ဖြစ်နေတယ်။ ဝမ်းသာလုံးဆို့ပြီး အသံမထွက် ဖြစ်နေတယ်။ တံတွေးတွေ အလုံးလိုက် မြိုချပြီးတော့မှ “ဘယ်လိုတောင် လုပ်လိုက် တာလဲ? ဘန်နီ ပြန်နိုးလာပြီ။ ဘန်နီ သတိပြန်လည်လာပြီ၊ ကျေးဇူးပါဗျာ၊ ဘန်နီရေ ချစ်၊ ချစ်လေး?”
အန်နာရေ။ တစ်ကယ်ပြောတာ။ တစ်သက်နဲ့ တစ်ကိုယ် အဲဒီလို မြင်ကွင်းမျိုး ၊ ဖြစ်ရပ်မျိုး မကြုံဖူးဘူး။ လေးရက်လုံးလုံး သတိလစ်နေတဲ့ သူ၊ ချက်ချင်းဆိုသလို သတိလည်လာပြီး၊ စကားပြောတယ်။ လှေပေါ် က လူတိုင်း ဘန်နီကို ဝိုင်းကြည့်ကြတယ်။ သူစိမ်းကို မယုံနိုင်တဲ့ မျက်လုံးတွေနဲ့ ကြည့်ကြတယ်။ ဂယ်ရီက ဘန်နီကို ရေတိုက်တယ်။ နီနာက ဘန်နီကို သွားဖက် တယ်။ မျက်နှာသေနေတဲ့ ဒေါ်ကြီးဟာရီတောင် အပြုံးတွေနဲ့ ဘန်နီကို ကြည့်နေတယ်။ ဒါပေမယ့် သူ့အကျင့်အတိုင်း ပါးစပ်ကတော့ ပြောနေသေးတယ်။
“ဘယ်လိုတွေတောင် ဖြစ်သွားတာလဲ? ရှင်းပြပါဦးအေ”
သူစိမ်းက အားလုံးကို ကြည့်နေပြီး ပြုံးနေတယ်။
“ဘုရားသခင် လုပ်လိုက်တာလေ” လို့ နီနာက ထပြောတယ်။ ဒေါ်ကြီးဟာရီ မျက်နှာ ပျက်သွားတယ်။
လူမှုရေး သိတဲ့အနေနဲ့ ကိုဂျင်းတို့ နှစ်ယောက်ကို သီးသန့် နေရာလေး ရသွားအောင် ရှောင် နေလိုက်ကြတယ်။ သူစိမ်းလည်း လှေဦးကို အလျင်ဆုံး သွားတယ်။ သူ့မျက်နှာကို သေချာ ကြည့် လိုက်မိတယ်။ ဒီပုဂ္ဂိုလ်က ဘာအထာလဲဟ? ဆိုပြီး အတွေးဝင်နေမိတယ်။
“ဘာလုပ်လိုက်တာလဲ?” ဆိုပြီး မေးလိုက်တော့
“ကိုဂျင်းက သူ့မိန်းမနဲ့ စကားပြန်ပြောချင်တယ်ဆိုလို့လေ - အခု သူပြောခွင့် ရသွားပြီ မလား?”
“ဒါပေမယ် ဘန်နီက သတိလစ်နေခဲ့တာ လေးရက်တောင်ရှိပြီ သေလုနီးပါး ဖြစ်နေတာလေ” လို့ ခပ်တိုးတိုး ငြင်းလိုက်တယ်။
“ရှင်သန်ခြင်း နဲ့ သေဆုံးခြင်းရဲ့ အတိုင်းအဆက မင်းထင်ထားသလို ဟုတ်ချင်မှ ဟုတ်မှာလေ” လို့ သူစိမ်းက ဆရာကြီးလုပ်တယ်။
“ဟုတ်လား? ဒါဖြင့် လူတွေ သေပြီး ဘာလို့ ပြန်ရှင်မလာကြတာလဲ?” လို့ ယန်နီက စိတ်ပျက် ပျက်နဲ့ မေးပစ်လိုက်တယ်။ သူစိမ်းက ပြုံးပြီး ဖြေတယ်။
“ဘယ်သူက ပြန်လာချင်မှာလဲ?” တဲ့။
အဖြေကောင်းတော့ အမေးသက်သာသွားတယ်။ အဖြေကောင်းပေမယ့်၊ ယန်နီအတွက် ဘဝင်ကျ စရာ အဖြေမဟုတ်တော့၊ ယန်နီ မျက်နှာ ပျက်သွားတယ်။
“ပေါက်တက်ကရတွေ - အခု ဘန်နီက ဘာဆက်ဖြစ်မှာလဲ? သူ့ကို ကုလိုက်ပြီလား? သူကောင်းတော့မှာလား?”
သူစိမ်းက ပင်လယ်ပြင်ဘက် မျက်နှာလှည့်သွားတယ်။
“သူ့ကို မကုရသေးပါဘူး၊ ဒါပေမယ့် သူ ကောင်းသွားမှာပါ” တဲ့။