နားလည်ရ ခက်ခဲမယ့် ဝေါဟာရတွေ၊ နားမရှင်း နိုင်မယ့် စကားလုံး တွေကို ရှောင်ပြီး၊ ထင်သာမြင်သာ အရှိဆုံး ဖြစ်မယ့်၊ အရပ်သုံး စကားနဲ့ ဗုဒ္ဓဓမ္မ စာအုပ်ကို ရေးချင်နေခဲ့တာ ကြာပါပြီ။ ရေးချင်စိတ် ဇောပျင်းပြ နေခဲ့ ပေမယ့်၊ “ဓမ္မ” ဆိုတာကို ဘဝင်ကျကျ ဘာသာပြန်ဖို့ အနက်တူ စကားလုံး ရှာနေခဲ့ တာနဲ့တင် အချိန်တွေ ကုန်ခဲ့ ရသေး တယ်။ နောက် ဆုံးတော့လည်း “ဓမ္မ” ကို “ဓမ္မ” လို့ပဲ သုံးလိုက် ပါတယ်။
ဓမ္မ ဆိုတာက ဗုဒ္ဓ ရဲ့ သင်ကြားချက်တွေပါ၊ ဗုဒ္ဓရဲ့ သင်ကြားချက်တွေ ဆိုတာက လောကရဲ့ အရှိတရား၊ အမှန်တရားတွေ ဖြစ်တဲ့အတွက်၊ ဓမ္မ ဆိုတာ အင်မ တန် နက်နဲပါတယ်။ သင်ကြားချက်တွေကို နားလည် ပြီး၊ အမှန်တကယ် ကျင့်ကြံနေထိုင်ဖို့ ကြိုးစား ရတာကို ဓမ္မကျင့်စဉ် ရယ်လို့ ပြောလို့ ရပါတယ်။
ဒီစာအုပ်ကို ရေးဖြစ်အောင် အကြံပေး၊ တိုက်တွန်း ခဲ့ကြတဲ့ ဟဲလန် တဝို ကော့ဗ် နဲ့အတူ၊ မပျင်းမရိ၊ စိတ်ပါလက်ပါ၊ စာတည်းဖြတ်ပေးခဲ့သလို၊ လိုအပ် သမျှ ဘေးနားကနေပြီး အကြံပေး၊ ကူညီခဲ့တဲ့ လောရိန်း ကစ်စလီ တို့ကို အမြဲ ဥပကာရ ရှိနေမိ ကြောင်း ဒီနေရာကနေ အသိအမှတ်ပြု ကျေးဇူး တင် လိုက်ရပါတယ်။ စာမူကြမ်း နောက်ဆုံး အဆင့် ရောက်တော့၊ စိတ်ရှည် လက်ရှည် စာတည်းဖြတ်၊ အကြံပေးခဲ့တဲ့ ရေး ဗားဟဒ် တောင်ပိုင်း က မယ်ရီ ကိုလည်း ကျေးဇူးတင်လို့ မဆုံးပါဘူး။ တောတောင် ရေခံကောင်းနဲ့၊ သမာဓိ တည်တည်ကြည်ကြည် ထားရှိပြီး စာရေးသားနိုင်ခွင့် ပေးခဲ့တဲ့၊ တောင် အာဖရိက၊ အစ်ဇိုပို၊ ဗုဒ္ဓဝါဒီ တရားစခန်း၊ အင်္ဂလန်က တရားရိပ်သာ၊ ဒီဗွန်၊ ရှာဖန် မော်ကွန်းရုံး တို့ကိုလည်း ကျေးဇူးတင်လို့ မဆုံးပါဘူး။
ဒီစာအုပ် ရေးနိုင်ဖို့ ခွန်အားတွေရှိလာအောင် နံဘေး ကနေ အမြဲ တစေ အား ပေးနေခဲ့တဲ့ ချစ်ရပါသော ဇနီး မာတင်းကိုလည်း ကျေးဇူးတင်ကြောင်း မှတ် တမ်းတင် အပ်ပါတယ်။
စတီဗင် ဘတ်ချလာ
ရှာဖန် ကောလိပ်
စက်တင်ဘာလ၊ ၁၉၉၆ ခုနှစ်
***
ပြောလာသမျှ ကြားရုံလောက်နဲ့ ဟုတ်ပြီ၊ မှန်ပြီဆိုပြီး မယူဆနဲ့၊ အစဉ်အဆက် ပြောခဲ့ဆိုခဲ့တာမို့ မှန်တယ်၊ ဟုတ်တယ်လို့ မထင်မှတ်နဲ့၊ ဒီလို ဖြစ်ခဲ့ဖူးတယ် ဟိုလို ဖြစ်ခဲ့သေးတာပဲ ဆိုတဲ့ စကားတွေ ကြားရုံပြောရုံ လောက်နဲ့ ဟုတ်ပြီ၊ မှန်ပြီလို့ အတည်မယူနဲ့၊ ကျမ်းစာနဲ့ ညီတယ်၊ ပေစာမှာ ပြထားသလိုပဲ ဆိုတိုင်း မှန်တယ်၊ ဟုတ်တယ်လို့ မထင်လိုက်နဲ့၊ တွေးနိုင် တောနိုင်ရုံလောက်နဲ့လည်း ဟုတ်ပြီ၊ မှန်ပြီ ဆိုပြီး မယုံပါနဲ့၊ နည်းမှီးနည်းခံလို့ ရတိုင်းလည်း အလုပ် ဖြစ်တာပဲ လို့ မယူဆနဲ့။ အကြောင်းအရင်းကို သိရုံ လောက်နဲ့၊ ကြံလို့ ရရုံ လောက်နဲ့ လည်း ဟုတ်ပြီ၊ မှန်ပြီလို့ မထင်လိုက်နဲ့၊ အများ လက်ခံတိုင်း လည်း မှန်ပြီ၊ ဟုတ်ပြီလို့ မမြင်ပါနဲ့၊ အများ ထောက်ခံတိုင်းလည်း ဟုတ်တယ်၊ မှန်တယ် လို့ အတည်မယူနဲ့၊ လေးစား ထိုက်တဲ့ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက် ပြောလို့ မှန်တယ်၊ ဟုတ်တယ်ဆိုပြီး အတည် မမှတ်ရ။ အဆိုး၊ အပြစ်၊ အနာ၊ အဆာ ဆင်ခြင်ပြီး၊ အကျိုး ဖြစ်ထွန်းမှု၊ အကျိုး သက်ရောက်မှုကို ထည့်တွေး ပြီး မှ ဆုံးဖြတ်သုံးသပ်ပါ။
တထာဂတ ဗုဒ္ဓ
(သုပိ၊ အင်္ဂုနိ၊ တိကနိပါတ်၊ ဒုပဏ်၊ မဟာဝဂ်၊ ကေသမုတ္တိသုတ်)
***
သိဒ္ဓတ္ထ ဂေါတမ အနေနဲ့ ဗုဒ္ဓ အဖြစ် အသိနိုးထခဲ့ချိန်ဟာ ဓမ္မ ရဲ့ အစပါ။ အမှန်တရား ကို သိခွင့် ရစေမယ့် ဓမ္မစက်ဟာ ဗုဒ္ဓကြောင့် စတင် လည်ပတ် ခဲ့ပါတယ်။ ဗုဒ္ဓရဲ့ လမ်းပြမှုကြောင့် အစွန်းကင်းတဲ့ အလယ် လမ်းစဉ် ဆိုတာ ရှိမှန်း သိကြရတယ်။ ဦးဆောင် လျှောက်လှမ်းသူ ဖြစ်သလို၊ ရှေ့ဆောင် လမ်းပြသူ ဖြစ်တာကြောင့်၊ လမ်းပျောက်သူတိုင်း အတွက် အားကိုးရာဟာ ဗုဒ္ဓပါ။
သစ္စာလေးပါး အမြတ်တရားကို အသိနိုးထနိုင်ခဲ့ပြီး ရက်အနည်းငယ် အကြာမှာ၊ ဗာရာဏသီ မိဂဒါဝုန် ရွှေသမင်တောက တောထွက်ဖော် ငါး ယောက်ကို ဟောကြားခဲ့တဲ့ တရားဟာ၊ ဓမ္မရဲ့ အစ အခြေခံ အုတ်မြစ် ဖြစ်ပါ တယ်။
နားလည်ရ ခက်ခဲမယ့်၊ စကားကြီး၊ စကားကျယ်တွေကို ရှောင်ပြီး၊ အရိုးရှင်းဆုံးနဲ့ အကျစ်လစ်ဆုံး နည်းကို သုံးပြီး ဟောထားခဲ့တဲ့ တရား ပါ။ ဒီဒေသနာက ဓမ္မစက်ကို စတင် စေခဲ့တာ ကြောင့် ဓမ္မစကြာတရား ဆိုပြီး ဗုဒ္ဓ ဘာသာ တွေက သမုတ်ကြပါတယ်။
တိုတုပ်ပြီး ရိုးရှင်းတယ်။ နားလည်ရလွယ်သလို၊ သဘောပေါက် လွယ် တယ်။ ဗုဒ္ဓ ဓမ္မရဲ့ အနှစ်ချုပ် ဖြစ်တယ်။ သာယာမှု၊ ဆင်းရဲမှု အစွန်း နှစ်ဘက်ကို ရှောင်နိုင်မယ့် အလယ်လမ်းစဉ် ရှိကြောင်း လမ်းညွှန် ထား ချက် ဖြစ်တယ်။ ဘဝသံသရာ ဖြစ်တည်ပျက်မှုရဲ့ ဆင်းရဲမှု၊ ဆင်းရဲမှု ဟူသမျှရဲ့ အရင်းခံသဘာဝ၊ မသိနားမလည်မှုနဲ့ ဆင်းရဲမှုတွေ ကနေ လွတ် မြောက်နိုင်မယ့် နည်းလမ်း ရှစ်သွယ် နဲ့အတူ၊ ဘဝ သံသရာကို အဆုံး သတ်စေနိုင်မယ့် လွတ်မြောက်မှု ပန်းတိုင်ကို အတိအလင်း အဆိုပြု မြွက်ဟ ထားချက် ဖြစ်တယ်။ အမြင့် မြတ်ဆုံး လမ်းစဉ်၊ အမှန်တရား လေးခု၊ အသိ နိုးကြားလိုသူတိုင်းရဲ့ ပန်းတိုင်၊ ဆင်းရဲမှု ကနေ လွတ်မြောက်လိုသူတိုင်းရဲ့ လမ်း စဉ်၊ မသိနားမလည်မှု ကြောင့် အိမ်မောကျနေခဲ့ရာကနေ၊ အသိစစ်၊ အသိမှန်၊ တရားစစ်၊ တရားမှန် ကြောင့် နိုးထခွင့်ရနိုင်ပြီး၊ ဘဝသံသရာ စက်ဝန်း ကနေ လွတ်မြောက် နိုင်မှာ ဖြစ်တဲ့ အကြောင်း ဟောထားတဲ့ ဒေသနာ အချုပ်၊ ဓမ္မ စက်၊ ဗုဒ္ဓရဲ့ မူလ အစ ပထမ အဆုံးအမပဲ ဖြစ်တယ်။
ဓမ္မစကြာ တရားတော် မှာ ပြောထားသလိုပဲ၊ သစ္စာလေးပါး အမြတ် တရား ဓမ္မကျင့်စဉ် အတိုင်း ကျင့်ကြံခဲ့လို့၊ သိဒ္ဓတ္ထ ဂေါတမ ဟာ ဗုဒ္ဓ အဖြစ် အသိ နိုးထ ခဲ့တယ်။ အသိ နိုးထမှု ဆိုတာက တစ်ချို့ ဗုဒ္ဓဝါဒီ တွေရဲ့ အမြင်မှာ ထူးကဲပြီး ဆန်းကြယ်တဲ့ ပြောင်းလဲမှု အလုပ် ကိစ္စရပ်ကြီး တစ်ခုလိုမျိုး လက်ခံထား ကြတယ်။ ကိုးကွယ် ယုံကြည်မှု၊ ဘာသာရေးဆန်တဲ့ အဓိပ္ပါယ် ဖွင့်ဆို ချက်တွေ၊ ယူဆ လက်ခံပုံ တွေကြောင့်၊ အသိနိုးထမှု (သို့) အသိဉာဏ် အလင်း ပေါက်မြောက်မှု ကိစ္စဟာ ရိုးရှင်းရမယ့်အစား၊ ရှုပ်ထွေးသွားတယ်။ ဘာသာရေး အယူ အစွဲကြီးမှုကြောင့်ပဲ ရယူဖို့ မလွယ်နိုင်တဲ့ အရာလိုမျိုး၊ မဖြစ်မနေ ခက်ခက်ခဲခဲ၊ ကြိုးစားပမ်းစာ အားထုတ်၊ ကျင့်ကြံမှ ဖြစ်နိုင်တဲ့ အရာ လိုမျိုး၊ စတေးမှုတွေ၊ ပေးဆပ်မှုတွေ၊ များစွာ လုပ်နိုင်မှ ဖြစ်နိုင်မယ့် အရာလိုမျိုး ယူဆလိုက်ကြတယ်။
အသိနိုးထမှု ဆိုတာက လွယ်ကူတဲ့ အလုပ် မဟုတ်ပါဘူး။ နက်ရှိုင်း တဲ့ ပြောင်းလဲမှု ဖြစ်စဉ်ကြောင့် စိတ်ရော၊ ကိုယ်ပါ လွတ်မြောက် သွားနိုင် တဲ့ အပြည့်ဝဆုံး အကျိုးဆက်ပါ။ ရိုးရှင်းတဲ့ သစ္စာလေးပါး အမှန် တရားကို အခြေ တည်ပြီး၊ မြင့်မြတ်တဲ့ ပြောင်းလဲမှုကို ရယူတဲ့ အလုပ် ပါ။ ဝေါဟာရ သုံးနုန်းမှု၊ အမွှမ်းတင် ဂုဏ်မြှင့်မှုတွေ အကြား၊ နားလည်ရ ခက်ခဲပြီး၊ ရှုပ်ထွေးနေတဲ့၊ အလှမ်းဝေးနေမယ့် အရာမျိုး လုံးဝ(လုံးဝ) မဟုတ်ပါ။
***
ဗုဒ္ဓဘာသာဝင်တွေက အသိနိုးထမှု ဆိုတာကို _
• “သေခြင်းကနေ လွန်မြောက် ခြင်း”
• “အပြောင်းအလဲ မရှိတဲ့ တည်မြဲမှု အစစ်”
• “လွတ်လပ်လဟာ ဖြစ် တည်မှု”
• “သုည” “အမတဒွါရ” “နိဗ္ဗာန်” “ဗုဒ္ဓဖြစ်မှု” ___ ဆိုပြီး -
အမျိုးမျိုး နာမည်တပ်၊ တင်စားတတ် ကြတယ်။ အမှန်တော့ ထင်သာ မြင်သာ၊ နားလည်လွယ်ရမယ့် ဓမ္မဟာ မလိုအပ်ဘဲ၊ တင်စားမှု၊ မြှောက်ပင့်မှု၊ အစွဲကြီးမှု တွေကြောင့် ရှုပ်ကုန်တယ်။ ပေါ့ပါးရမယ့် အစား လေးကုန်တယ်။ လွယ် ရမယ့် အစား ခက်သွားတယ်။
ဓမ္မစကြာ ဒေသနာဟာ ရိုးရှင်းပါတယ်။ တရားတော် အတိုင်း ကျင့်ကြံ နိုင်ရင်၊ အသိနိုးထနိုင်ပါတယ်။ ဒါကို ဘာသာ ဝင်၊ အယူစွဲ၊ ဝါဒီတွေက လမ်းပြထားတဲ့ လျှောက် လမ်းပေါ်မှာ လျှောက် တိုင်းလည်း ပန်းတိုင် ကို လွယ်လွယ် မရောက် နိုင်ဘူးလို့ ပြောတတ် ကြတယ်။
သင်းတို့ပေးတဲ့ အကြောင်းပြချက်က - လမ်းညွှန် ထားလို့ လျှောက် သွားတိုင်း မရောက်နိုင်ဘူး၊ သွားနည်း၊ လာနည်း၊ လျှောက်နည်း၊ လှမ်း နည်း၊ နားနည်း၊ နေနည်း၊ ပြေးနည်း စသဖြင့် “နည်း”တွေ လိုသေး တယ်တဲ့။
သင်းတို့ အဆိုပြုထားကြတဲ့အတိုင်း၊ နည်းတွေ များနေပါစေ၊ အမှန် တရားက ထုံးစံအတိုင်း အပြောင်းအလဲ မရှိနိုင်ပါဘူး။
• နံပါတ် (၁) ဘဝဆိုတာ ခံစားမှုတွေနဲ့ ဆင်းရဲနေရတယ်။
• နံပါတ် (၂) ဆင်းရဲမှုတွေရဲ့ အကြောင်းအရင်းက တဏှာလို့ ခေါ်တဲ့ တပ်မက်မောမှု အစွဲကြောင့်ပါ - စသဖြင့် -
ဒီအမှန်တရားတွေကို အခြေခံပြီး ဗုဒ္ဓဓမ္မဟာ ဗုဒ္ဓဘာသာ အဖြစ် ပြောင်းလဲ သွားတယ်။ ဗုဒ္ဓဝါဒီ တိုင်း သစ္စာလေးပါး ကို လက်ခံ ကြတယ်။ ဒီ သစ္စာလေးပါး ဆိုတာကို ယုံကြည်ကြလို့ပဲ ဗုဒ္ဓဘာသာဝင် တွေက ခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာတွေနဲ့ မတူတာပါလို့ ဆိုတယ်။ သစ္စာလေးပါး ဆိုတာ ဗုဒ္ဓဘာသာ ရဲ့ အခြေခံ ယုံကြည်သက်ဝင်မှု အုတ်မြစ် ဖြစ်သွား တယ်။ လောကရဲ့ အရှိတရား၊ အမှန်တရားက ဗုဒ္ဓဘာသာဝင် တွေအတွက် သီးသန့်လို ဖြစ်သွားတယ်။ ဘာသာတရားတစ်ခုရဲ့ ယုံကြည်ရာ စနစ်အဖြစ် သတ်မှတ် ခံလိုက် ရတယ်။
ဗုဒ္ဓ ဆိုတာက ဂန္ဓာရီ ဆန်တဲ့ ဖြစ်တည်မှုတစ်ရပ် မဟုတ်ပါဘူး။ ဗုဒ္ဓအဖြစ် နိုးထခြင်း ဆိုတာက ထူးခြား၊ ဆန်းကြယ်တဲ့ အသိပညာ တစ်ခုခုကို တတ်မြောက်သွားလို့၊ ပြောင်းလဲဖြစ်တည်သွားတဲ့ ကိစ္စရပ်၊ အဖြစ်အပျက်မျိုး မဟုတ်ပါဘူး။ ထာဝရဘုရား ဖန်ဆင်းထားတဲ့ လျို့ဝှက်ချက် တစ်ခုခုကို ဖော်ထုတ်နိုင်လိုက်လို့ ၊ ဆန်းကြယ်မှုကြောင့် ထူးကဲသွားရတာမျိုး မဟုတ် ပါဘူး။ ကျယ်ပြန့်နက်နဲလွန်းတဲ့ စကြာ ဝဠာကြီးရဲ့ တစိတ် တဒေသကို နားလည်လိုက်လို့ အခွင့်ထူးခံ ဖြစ်သွား တာမျိုးလည်း မဟုတ်ပါဘူး။ ဗုဒ္ဓ ဘာသာဝင်တွေကပဲ ဗုဒ္ဓကို အဲဒီလို ထင်မြင်တတ်ကြတာပါ။ ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်တစ်ဦးလိုမျိုး၊ တန်ခိုး ရှင်၊ ဉာဏ်ကြီးရှင်၊ အဖြစ် ဗုဒ္ဓ အဖြစ်ကို အမွှမ်း တင်တတ်ကြပါတယ်။
ဓမ္မစကြာသုတ်ကို သေချာလေး ပြန်သုံးသပ်ကြည့်လိုက်ရင်၊ ဗုဒ္ဓဟာ သူ့ကိုယ် သူ ဗုဒ္ဓအဖြစ် တောထွက်ဖော် ငါးယောက်ကို ဘယ်ချိန်မှ ပြောလဲ ဆိုရင်၊ စိတ်ရော ကိုယ်ပါ တစ်ကယ်တမ်း လွတ်လပ်သွားပြီး၊ တပ်မက်မော တတ်တဲ့ တဏှာ ကုန်ခမ်းလို့၊ အမှန်တရား လေးခုကို တစ်ကယ်ပဲ နားလည် တာ သေချာ သွားတော့မှ ဗုဒ္ဓဖြစ်ကြောင်း ဝန်ခံပြီး၊ ဓမ္မရဲ့ အရသာကို ခံစား နိုင်ခဲ့ပြီလို့ ပြောခဲ့ ပါတယ်။
***
ဓမ္မ ကြောင့် ဝိမောဟန လို့ခေါ်တဲ့ “ဖြစ်တည်မှု အပေါ် တွေဝေခြင်း” ကနေ လွန်မြောက်ပြီး သိဒ္ဓတ္ထ ဟာ ဂေါတမ ဘွဲ့ခံ “ဗုဒ္ဓ” အဖြစ် ပြောင်း လဲသွားတယ်။ မှိန်းမောနေခဲ့ရာကနေ ချက်ချင်းဆိုသလို နိုးကြားသွား ခဲ့ရတဲ့ ဓမ္မ အသိ က ထူးခြား၊ ဆန်းကြယ်လွန်းနေခဲ့တယ်။
တစ်သက်နဲ့ တစ်ကိုယ်၊ မကြုံဖူး၊ မသိဖူး၊ မခံစားဖူး၊ မရှိခဲ့ဖူးတဲ့ “အသိ နိုးထမှု” အတွေ့အကြုံကို သူ့နည်းတူ သတ္တဝါတိုင်း နားလည်နိုင်ပါ့ မလား။ အတွေးများသွားခဲ့တယ်။ အိပ်မက်တွေအကြား အသားကျ နေတဲ့ မသိ မိုက်မဲမှုတွေကနေ နိုးထ နည်း လမ်းညွှန်ဖို့ဆိုတာ ဖြစ်ပါ့ မလား။
ဗုဒ္ဓ က လွဲရင်၊ ဖြစ်တည်မှု ပြဿနာက အားကောင်းနေဆဲ။ အစွဲကြီး အမြင်ကျဉ်းလို့ ဖြစ်လာရတဲ့ ကိုးကွယ်ယုံကြည်မှု အလေ့အထ ဆိုတာ လည်း အားကောင်းနေဆဲ။
အတွေးအမြင်လောက်ကိုပဲ အခြေခံတဲ့ ထင်ရာဆိုင်း ယဉ်ကျေးမှု က အရှိန် အဟုန်နဲ့ ဖြစ်နေရှိနေဆဲ။
ဗုဒ္ဓရဲ့ နိုးထမှု ဆိုတာက လောကကြီး တစ်ခုလုံးနဲ့ ယှဉ်လိုက်ရင် ပြဿနာ သောင်း ခြောက်ထောင် ကို ဖြေရှင်း နိုင်ဖို့ လုံလောက်ပါ့ မလား။ ကာမိ နိုင်ပါ့မလား။
အသိ နိုးထ ခြင်းဆိုတာက ဘဝ ဖြစ်တည်မှု “အကြပ်အတည်း” ကနေ “လွန်မြောက်ခြင်း” ဖြစ်တယ်။ ပထမ သစ္စာ နှစ်ခု ဖြစ်တဲ့ ဒုက္ခ နဲ့ သမုဒယ က ဘဝ အကြပ်အတည်း တွေ ဖြစ်ပြီး၊ ဒုတိယ သစ္စာ နှစ်ခု ဖြစ်တဲ့ မဂ္ဂ နဲ့ နိရောဓ ဟာ ဘဝ ကနေ လွန်မြောက်ခြင်း ပဲ ဖြစ်တယ်။ အကြပ်အတည်း ဆိုတာက ပြဿနာ ဖြစ်ပြီး၊ လွန်မြောက်ခြင်း ဆိုတာက အဖြေပဲ ဖြစ်တယ်။ ဒီ အမှန် တရား လေးခုဟာ ဘဝ ရဲ့ အခြေခံ၊ သဘာဝ၊ နိယာမတွေပါ။
ဘဝ နိယာမ - စတုသစ္စကို အမှန်တကယ် နားလည်မှ အသိနိုးထ နိုင်မှာ ဖြစ်ပါတယ်။ အသိ နိုးထတယ် ဆိုတာက အမြင်ကျယ်၊ အသိကဲသွား တာလောက်ကိုပဲ ပြောတာ မဟုတ်ပါဘူး။ ဘဝ ဖြစ်တည်မှု တစ်ခုလုံးရဲ့ အခြေ ခံ၊ သဘာဝ အားလုံးကို အရင်းခံ၊ အမှန်မြင်၊ အသိစင်ကြယ်သွားပြီး၊ ဘဝ အပေါ် အပြီးပိုင်၊ အနိုင်ပိုင်း၊ အဆုံးတိုင် ချုပ်ကိုင်နိုင်တာမျိုး ဖြစ်ပါတယ်။
ဒါကြောင့်လည်း ဓမ္မစကြာ တရား စဟောတော့၊ တရားကျင့်ဖက် ဖြစ်ခဲ့ဖူးတဲ့ တောထွက်ဖော် ငါးယောက်လုံး မအူမလည် ဖြစ်သွားခဲ့တယ်။ ဗုဒ္ဓ ရှင်းပြတာကို သူတို့ နားထောင်တယ်၊ ကောဏ္ဍည ဆိုရင် ရိုရိုသေသေ နာကြား တယ်။ ဒါပေမဲ့ တစ်ခါတည်း သဘောမပေါက်ဘူး။ ကျန်တဲ့ လေးယောက် စလုံး ဓမ္မစကြာ တရားကို လက်ခံသွားအောင် ဗုဒ္ဓ အနေနဲ့ နောက်ထပ် လေးရက် တိတိ ဟောပေးခဲ့ရတယ်။
အင်မတန် နားလည်ရ လွယ်တဲ့ တရားကို ငါးရက်တိတိ ဟောခဲ့ ရတာကို သတိချပ်ပါ။ နားလည်ရ လွယ်တိုင်း သိနိုင်တာ မဟုတ်ပါ။ တစ်ရက် ကို တစ်ယောက်ချင်း သဘောပေါက်သွားအောင် ဟောပြီးတဲ့နောက်၊ ငါးရက် မြောက်နေ့မှာ တောထွက်ဖော် ငါးယောက်လုံး ကောင်းသော နိုးကြားခြင်းကို ရနိုင်ခဲ့ကြတယ်။ တစ်သက်လုံး မှိန်းမော တွေဝေခဲ့ရာကနေ နိုးထခွင့် ရသွားခဲ့ ကြပြီမို့၊ ဓမ္မစကြာ လည်ပတ်ခဲ့တဲ့ ငါးရက်မြောက်နေ့မှာ တောထွက်ဖော် ငါးယောက်ဟာ၊ ဗုဒ္ဓရဲ့ အဦးဆုံး တပည့် သာဝက “ငါးပါး” အဖြစ် တထာဂတ ကို ရိုကျိုးစွာ ရှိခိုးလိုက်ကြတယ်။
(အဲဒီနောက်မှ စစ်မှန်တဲ့ နိုးထမှု အတွက် မဟာမုနိဟာ သစ္စာလေးပါး ရဲ့ အခြေခံ ဖြစ်တည်မှုရဲ့ အဖြေစစ် အစိုးမရမှု တရားကို ဟောကြားခဲ့ပြီး၊ သာဝက ငါးပါးလုံးကို သူ့နည်းတူ အသိနိုးထ နိုင်သူတွေ ဖြစ်အောင် နည်းပေး၊ လမ်းညွှန်ခဲ့ပါတယ်)
***
ဖြစ်တည်မှု အပေါ် တွေဝေခြင်း ဆိုတာက တဏှာ ဆိုတဲ့ အစွဲတွေကို မသိနားမလည်ဘဲ ဖြစ်ချင်တိုင်း ဖြစ်နေရတဲ့ အသိမဲ့ ဘဝ ကို ပြောတာပါ။ ဘဝ ဆိုတာက အစွဲကို အခြေခံတဲ့ နိယာမတွေနဲ့ ဆုံးစမဲ့ လည်ပတ် ဖြစ်တည်မှုပါ။ အစွဲ ကြောင့် မသိမှု ဖြစ်လာပြီး၊ ဘဝ ဟာ အလိုဆန္ဒရဲ့ လှည့်စားမှု အောက်မှာ ဦးတည်ရာမဲ့ ဖြစ်သွားတယ်။ အဲဒီအခါ ဘဝကို ထိန်းချုပ်လို့ မရတော့ပါဘူး။ အကြောင်း နဲ့ အကျိုး ဖြစ်နေပေမယ့်၊ ဆီလျော်မှု မရှိတော့ဘဲ ဘဝကြီးက ပရမ်း ပတာ ဖြစ်သွားတယ်။ ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရှိဘူး။ ဖြစ်သင့်တဲ့ အတိုင်း ဖြစ်မလာတော့ဘူး။ သာယာမှု ဆိုတာကို လိုချင်တိုင်း မရနိုင်တော့ဘဲ၊ နာကျင် မှုဆိုတာတွေက မလိုချင်လည်း ဖြစ်လာတယ်။
မသိနားမလည်မှုတွေ များလာ တော့ ဘဝက ပရမ်းပတာ ဖြစ်လာပြီး၊ ဘဝကို ထိန်းချုပ်နိုင်ရမယ့်အစား၊ ဘဝ ရဲ့ ချုပ်ကိုင်မှု လောင်းရိပ်၊ အိပ်မက် ကမ္ဘာထဲမှာ အိမ်မောကျသွားတယ်။
ဆင်းရဲမှု ဝေဒနာ ကို ခံစားနာကျင် တတ်ရမယ့် အစား၊ ကျေနပ် သာယာ သွားတယ်။ စက်ဆုပ် ရွံရှာ ရမယ့်အစား၊ စွဲမက် တွယ်တာကုန်တယ်။ ရုန်းထွက် လွန်မြောက်ရမယ့်အစား၊ အမွှမ်းခံပြီး နွံထဲ ခုန်ဆင်း ကြတယ်။
ဗုဒ္ဓ အနေနဲ့ သူ့ကိုယ်သူ ကယ်တင်ရှင် အဖြစ် ကြွေးကြော်လို့ ဖြစ်ပါ လျက်နဲ့၊ ရောဂါကုစားသူ လို့ပဲ ခံယူသူမျိုးပါ။ သူသိတဲ့ ဓမ္မ ကို ရောဂါ ဝေဒနာ အတွက် ကုစားဖို့၊ အရင်းစစ်၊ အဖြေရှာ၊ ကုသနည်း ပေးသလိုမျိုး လမ်းပြ တတ်သူပါ။
ရင်ဘတ်အောင့်တယ် ဆိုပါစို့။ တစ်ကယ်ပဲ အောင့်နေတာလား။ တွေးရတယ်။ ဝေဒနာကို ရှိမှန်း သိအောင် အရင် လုပ်ရတယ်။ တစ်ကယ်ပဲ ရင်ဘတ် အောင့်နေတယ် ဆိုရင်၊ သမားတော်ဆီ သွားရတယ်။ သမားတော် ကမှ ရင်ဘတ် အောင့်တဲ့နာတဲ့ ဝေဒနာရဲ့ အကြောင်း ကို နားလည်မှာလေ။ ဝေဒနာရဲ့ အကြောင်းကို အဖြေရှာပြီးတော့မှ ကုသလို့ ဖြစ်မဖြစ်၊ ရမရကို ဆန်းစစ်နိုင်မှာလေ။
အဲဒီလိုပဲ ဗုဒ္ဓက ဖြစ်တည်မှု သဘာဝကို နားလည်တယ်၊ ဖြစ်တည်မှု တိုင်းဟာ ဆင်းရဲမှု ဝေဒနာ ဖြစ်နေမှန်း သဘောပေါက်သွားတယ်။ အဲဒီတော့ ဝေဒနာ ကို အရင်းစစ်တယ်။ အစွဲ (သို့) တဏှာ က အဖြေမှန်း သိသွားတယ်။ တဏှာ ဆိုတာကို အမြစ်ဖြတ်လို့ ရနိုင်မယ့် လမ်းစဉ်ကို (ကုသနည်း) ကို ဗုဒ္ဓ ကိုယ်တိုင် ရှာတယ်၊ နောက်ဆုံး “ကုသနိုင်ခဲ့တယ်။” (အသိနိုးထခြင်း)
စစ်မှန်တဲ့ လမ်းစဉ် လေးခု ဖြစ်တဲ့ ဓမ္မ အတိုင်း ကျင့်ကြံနိုင်ရင် ဆင်းရဲ မှုကနေ အပြီးတိုင် လွန်မြောက်တဲ့ အသက်ရှင်မှုကို ရနိုင်ကြောင်း အတိ အလင်း ကုသနည်း ပေးနိုင်ခဲ့တယ်။
***
ဗုဒ္ဓဘာသာ က ဓမ္မ ကို ကိုးကွယ်မှု အတွက် စနစ် အဖြစ် သတ်မှတ် တယ်။ (အမှန်တော့) သစ္စာတရားဟာ ယုံကြည်မှု တည်ဆောက်ဖို့ အတွက် မဟုတ်ပါ၊ ဘဝ အတွက် စိန်ခေါ်မှု ဖြစ်ပါတယ်။
Alice’s Adventures in Wonderland မှာ Alice ဟာ အခန်း တစ်ခုထဲ ရောက်တော့၊ “Drink Me” (သောက်လိုက်ပါ) မှတ်စုတို တံဆိပ် ကပ်ထားတဲ့ ဆေးပုလင်းကို တွေ့တယ်။ ပုလင်းထဲက ဆေးရည်တွေက ဘာ တွေ ဖြစ်ပါတယ်လို့ တံဆိပ်မှာ ရေးမထားဘူး၊ Alice ကို သောက်လိုက်ဖို့ပဲ တိုက်တွန်းထားတယ်။ ဘာသာတရား တခုမှာ စနစ် အဖြစ် သတ်မှတ်ထားတဲ့ ကိုးကွယ်မှု အလေ့အထ သဘာဝတွေက အဲဒီ ဆေးပုလင်း မှတ်စု တံဆိပ်လို ပါပဲ။
ဗုဒ္ဓ အနေနဲ့ ဓမ္မကို ဟောတိုင်း လိုက်နာကျင့်ကြံဖို့ထက်၊ နားလည် သိရှိဖို့ အရင် ဦးစားပေးပါတယ်။ သစ္စာလေးပါး ကို စဟောတော့လည်း၊ လိုက် လုပ်ပါ၊ လိုက်ကျင့်ပါ ဆိုပြီး မတိုက်တွန်းပါဘူး။ ငါ ဒါကို နားလည်ခဲ့တယ်၊ ငါ ဒါကို သိခဲ့တယ်။ ငါ ဒီလို လုပ်ခဲ့တယ်။ ငါ ဒါလုပ်လိုက်လို့ ဒီလို ဖြစ်ခဲ့တယ်။ ငါ နားလည်တာတွေက ဒါတွေပဲ။ သစ္စာတရား ဆိုတာ လေးမျိုး ရှိတယ်လို့ ငါ နားလည်ခဲ့တယ်။ အရင်က မသိခဲ့လို့ ငါ လမ်းမှားတွေ ရောက်ခဲ့တယ်။ အခု ဒီ အမှန်တရား လေးပါး ကြောင့် ငါ အသိ စစ်ကို ရခဲ့ပြီ။
ဘဝ ဆိုတဲ့ ဖြစ်တည်မှုကြီးက အင်မတန် ဆင်းရဲတယ်၊ အဲဒီ ဆင်းရဲမှု ကို နားလည်တာက သိခြင်းအစစ်ပဲ။ ဆင်းရဲမှုတွေနဲ့ ဘဝ ဆိုတာက အစွဲကြီး တဲ့ တဏှာကြောင့် ဖြစ်ရတယ်။ အဆက်မပြတ် ဖြစ်နေပျက်နေတဲ့ ဒီ တဏှာ ဆိုတာက ဘဝရဲ့ အကြောင်းအရင်းခံပဲလို့ နားလည်တာက သိခြင်း အစစ်ပဲ။ ဆင်းရဲမှု နဲ့ ဘဝရဲ့ အကြောင်းအရင်းတွေ က ဖြစ်တည်မှုတွေရဲ့ မူလ ပြဿနာ အကြပ်အတည်း တွေပဲ ဖြစ်တယ်။
ဒီပြဿာနာ အကြပ်အတည်းတွေကနေ လွန်မြောက်နိုင်ဖို့ နည်းလမ်း ရှစ်ခု ရှိတယ်။ ဒီ အမှန်တရား နည်းလမ်း ရှစ်ခုကို နားလည်ခြင်းက သိခြင်း အစစ်ပဲ။ လမ်းမှန် ရှစ်ခုအတိုင်း လျှောက်လှမ်းပြီး ဦးတည်ရမယ့် ပန်းတိုင် ရှိတယ်၊ လွန်မြောက်မှု အစစ်ဖြစ်တဲ့ သန္တိ၊ လွတ်မြောက်မှု အစစ်ပဲ။ ဒီ လွတ် မြောက်မှု ကသာ စစ်မှန်တဲ့ လွန်မြောက်မှု၊ နိုးထမှု ဖြစ်တယ်။ ဒီ နိုးထနိုင်မှု ကို သိခြင်းက သာလျှင် သိခြင်း အစစ် ဖြစ်တယ်။
လမ်းစစ် လမ်းမှန် ရှစ်ခု နဲ့ ဦးတည်ရမယ့် ပန်းတိုင်အစစ် လွန်မြောက် မှုကို နားလည်ခြင်းဟာ အသိမှန်ကို ရခြင်းပဲ ဖြစ်တယ်။ လွန်မြောက်မှု အစစ် ကို သိတိုင်း ဘဝ အကြပ်အတည်းကနေ လွတ်မြောက်နိုင်မှာ မဟုတ်မှန်း ငါသိ ခဲ့တယ်။ အခု လမ်းစစ်လမ်းမှန်ကြောင့် ငါ အသိစစ်ကို နားလည်ခဲ့ပြီ။ ငါ ကိုယ် တိုင် နားလည်ခဲ့ပြီ ဖြစ်တယ်။
အရင်က ငါ့ကိုယ်ငါ နားလည်ခဲ့ပြီလို့ ဝန်မခံခဲ့ဘူး။ အခု သစ္စာလေးပါး ကို သိခဲ့ပြီး၊ ကျင့်ကြံနိုင်ခဲ့ပြီး၊ ဘဝ အကြပ်အတည်း ကနေ လွန်မြောက်ခဲ့လို့ ငါ့ကိုယ်ငါ နိုးထခဲ့ပြီလို့ ဝန်ခံတာဖြစ်တယ်_ ဆိုပြီးတော့ ဗုဒ္ဓက ဓမ္မစကြာ တရားကို ဟောခဲ့တာပါ။
ငါ ဒါသိပြီ။ မင်းတို့ လိုက်လုပ်ကြ။ ဟေ့ ဒါတွေက သစ္စာ တရားတွေ ပဲ။ လိုက်နာကြ။ သစ္စာတရားတွေမို့ လိုက်နာရင် ငါ့လို ဗုဒ္ဓဖြစ်မယ် ဆိုပြီး ဟောခဲ့တာ မဟုတ်ပါဘူး။ ပြောရရင် တိုက်တွန်းထားတဲ့ “သောက်လိုက်ပါ” ဆိုတာမျိုး မဟုတ်ဘဲ၊ “နားလည်အောင် လုပ်ပါ” ဆိုတဲ့ တံဆိပ်မျိုးနဲ့ ဗုဒ္ဓက ဓမ္မ ဒေသနာကို ဟောခဲ့တာ ဖြစ်ပါတယ်။
နားလည်အောင်လုပ်ပါ - ဆိုတာက စိန်ခေါ်ထားတာမျိုးပါ။
“လုပ်လိုက်လေ” ဆိုတဲ့ လေသံမျိုး မဟုတ်ဘဲ၊
“လုပ်ကြည့်ပါ” ဆိုတဲ့ လေသံမျိုးပါ။ ပထမ သစ္စာ ကို သေချာ ပြန် သုံးသပ်ကြည့်ပါ။ ဆင်းရဲမှု ဝေဒနာတွေ အပေါ် ကျင့်သားရနေတာကို နားလည် ဖို့ဆိုတာက ပထမ သစ္စာရဲ့ စိန်ခေါ်မှုပါ။ လူပြိန်းနားလည် ပြောရရင်၊ လူရယ်လို့ ဘာလို့ ဖြစ်လာရတာလဲ? ဆိုပြီး မေးခွန်း ပြန်ထုတ်တတ်ဖို့ပါ။ ဘာလို့ မွေးဖွား လာရတာလဲ။ ဘာလို့ ဖျားနာကြရတာလဲ။ ဘာလို့ အိုမင်း ရင့်ရော်ကြရတာလဲ။ ဘာလို့ သေကြရတာလဲ။ ဘာလို့များ လူလို့ ဖြစ် နေရ သေးတာလဲ။ ဘာကြောင့် အသက်ရှင်နေရမှာလဲ။ ဘာလို့ အသက်ရှင် နေတာလဲ။ ဘယ်ချိန် ကတည်းက ဒီလို ဖြစ်နေတာလဲ။ ဒီလို ဝေခွဲမရ ဖြစ်နေ တာကနေ ဘယ်တော့မှ အဆုံးသတ် နိုင်မှာလဲ။ ဘာလို့ နားလည်ရ ခက်တာလဲ။ ဘာလို့ ဒီလို ဖြစ်နေတာလဲ။
ဆင်းရဲမှု ဆိုတာ မထိန်းချုပ်နိုင်မချင်း ဖြစ်နေဦးမှာပါ။ ဒီ ဆင်းရဲမှုကို နားမလည်မချင်း တဝဲလည်လည် ဆက်ဖြစ်နေဦးမှာပါ။ ဘာလို့ ဆင်းရဲမှု ဆိုတာ ရှိနေတာလဲ ဆိုတာကို သဘောမပေါက်မချင်း ဆင်းရဲတွင်းနက်ထဲက လွန်မြောက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဗုဒ္ဓက ကိုယ့်ကိုယ်ကို စိန်ခေါ် တတ်အောင် လမ်းညွှန်ခဲ့တာပါ။ သတိပေးခဲ့တာ ဖြစ်ပါတယ်။
***
ဖြစ်တည်မှု အကြပ်အတည်း ကနေ လွန်မြောက်နိုင်ဖို့ ပထမဆုံး ခြေလှမ်း ကတော့ အစွဲမထားဘဲ၊ လက်လွှတ်နိုင်ခြင်းပဲ ဖြစ်တယ်။ တဏှာဟာ ဘဝ ကို ဖြစ်စေတဲ့ အဓိက တရားခံ ဖြစ်ပါတယ်။ တဏှာ ဆိုတဲ့ အစွဲကြောင့် - အတ္တ ဆိုတာ ဖြစ်လာတာပါ။ အတ္တကို အခြေခံပြီး လောဘ၊ ဒေါသ၊ မောဟ စသဖြင့် ဆင့်ကာ ဖြစ်ပေါ်လာတာပါ။
တဏှာဆိုတာ အင်မတန် ဖျက်ဆီးရ ခက်ပါတယ်။ ထိန်းချုပ်နိုင်ဖို့ လုံးဝ မလွယ်သလို၊ အရင်းအမြစ် စွဲရင် စွဲသလောက် အင်မတန် နုတ်ပစ်ဖို့ ခက်တဲ့ အရာမျိုးပါ။ ခံတွင်းချဉ်တိုင်း မသောက်ရ မနေနိုင် လောက် အောင် စွဲနေ မိတဲ့ ဆေးလိပ်ကို တပ်မက်နေ မိတာကနေ၊ သေဖို့ရာ ကြောက်နေပြီး၊ ကိုယ့် ဘဝ ကောင်းစားရေး အတွက် ကိုယ့်ကျိုးရှေ့ရှုနေမိတဲ့ အဖြစ်အထိ၊ အင်မတန် ကျယ်ပြန့်ပြီး၊ နက်ရှိုင်း ပါတယ်။
ဒါပေမဲ့ ဖြစ်တည်မှု ဆိုတဲ့ ဘဝမှာ ဖြစ်လာသမျှ အရာတိုင်းဟာ ဆင်းရဲမှု ကိုပဲ ရှေးရှုနေမှာ ဖြစ်တဲ့အတွက်၊ တဏှာ ဆိုတဲ့ အစွဲကနေ လွတ် မြောက်ဖို့ လိုအပ်ပါတယ်။ တပ်မက်မှုကို အခြေခံတဲ့ လုပ်ရပ် တစ်ခုကို လုပ် လိုက်မယ့်အစား၊ ငြင်းဆန်လိုက်တာမျိုး၊ ထိန်းချုပ် လိုက်တာမျိုးက စပြီး၊ အစွဲ တွေကို လက်လွှတ်နိုင်အောင် အမှန်တရား တွေက လမ်းပြထားပါတယ်။
ဒီနေရာမှာ နားလည်ဖို့လိုအပ်တာက လက်လွှတ်ခြင်း ဆိုတာဟာ လက်လျှော့ခြင်း၊ နုတ်ထွက်ခြင်းမျိုး မဟုတ်ပါဘဲ၊ တပ်မက်မောမှု ကို အဖြစ် မခံခြင်းပါ။ ဘဝမှာ ဖြစ်ကို ဖြစ်လာရမယ့် အရာတိုင်း ဖြစ်ကို ဖြစ်မှာပါ။ ပိတ် ပင်လို့ မရသလို၊ တားဆီးလို့ မရပါဘူး။ လက်လွှတ်ခြင်း ဆိုတာက အကြောင်း ရှိလို့ ဖြစ်လာမယ့် အကျိုးဆက် ဖြစ်စဉ် ဖြစ်ရပ်တွေကို ပိတ်ပင်၊ တားဆီးတာ လုံးဝ မဟုတ်ပါ။
အကြောင်းတိုင်းရဲ့ အကျိုးဆက်တွေ အပေါ် တပ်မက်သာယာမိတဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်တာဖြစ်ပါတယ်။ ဘယ်သူကမှ ဖြစ်တည်မှု သဘာ ဝကို လွန်ဆန်လို့ ရမှာ မဟုတ်ပါ။ ဗုဒ္ဓလည်း မလွန်ဆန် နိုင်ပါဘူး။ ဒါပေမဲ့ ဖြစ်တည်မှု သဘာဝကနေ လွန်မြောက်အောင် တော့ ကြိုးစားနိုင်ပါတယ်။
အကြောင်း ရှိလို့ ဖြစ်လာသမျှ အကျိုးဆက်တိုင်းဟာ ကောင်းတာ လည်း ရှိသလို၊ ဆိုးတာလည်း ဖြစ်မှာပါ။ မက်မောဖို့ ကောင်းပြီး၊ စွဲမက်စရာ တွေလည်း ရှိကို ရှိမှာပါ။ ဆိုလိုတာက - ဘဝမှာ ဖြစ်လာ သမျှ လိုက်ပြီး စွဲမက် နေလို့ မရပါ။ ဖြစ်သမျှ အကြောင်းတိုင်း အကျိုး ဆက် ရှိလာမှာပါ။
အဲတာကြောင့် ဘဝကို အကြောင်း အကျိုး ဆက်စပ် ဖြစ်တည်မှု လို့ ခေါ်တာပါ။ ဒီနေရာမှာ ကွဲကွဲပြားပြား သိဖို့ လိုတာက - ဘာကြောင့် ဘဝ ကို “မကောင်း” တဲ့ အနေနဲ့ ပြောနေရသလဲ ဆိုတာ ဖြစ်ပါတယ်။
မှန်ပါတယ်။ အဆိုးနဲ့ အကောင်း ဒွန်တွဲပြီး ဖြစ်နေတဲ့ ဘဝရဲ့ တစ် ထောင့် တစ်နေရာ၊ တစိတ် တဒေသဟာ သာယာစရာ၊ မက်မောစရာ၊ ကြည်နူး စရာတွေ ရှိနေမှာပါ၊ အဲဒီလို အနည်းအကျဉ်းလောက်ပဲ ရှိတဲ့ သာယာစရာ လောက်နဲ့တင် ဘဝ ဆိုတာက ဖြစ်တည်နေလို့ “မဖြစ်ဘူးလား။” ဆိုပြီး တွေး ထင်ချင်စရာ ဖြစ်နိုင်ပါသေးတယ်။
ဒီလို မေးခွန်းထုတ်လို့ နုံရာညံ့ရာ မကျပါဘူး။ ဒါဟာ စောဒက တတ် သင့်တဲ့ အခြေခံ မေးခွန်းပါ။
***
သစ္စာ တစ်ခု နဲ့ တစ်ခု အခြေခံ သဘောတရား တူပြီးသားပါ။ သိအပ် တဲ့ တရားတွေကို နားလည်အောင် ကြိုးစားပြီး၊ ပညာဉာဏ်နဲ့အတူ ကျင့်ကြံ တတ်ဖို့က ဗုဒ္ဓရဲ့ နဂိုမူလ ဆန္ဒမွန် ဖြစ်ပါတယ်။
ဒါကြောင့် သစ္စာ လေးပါး ကို အနှစ်ချုပ်အားဖြင့် ပြန်သုံးသပ်ရင် - စဉ်ဆက် မပြတ် ဖြစ်နေတဲ့ “ဘဝ” ရဲ့ ဆင်းရဲမှုကို သိခြင်း၊ ဆင်းရဲမှုကို ဆက် ဖြစ်စေတဲ့ အကြောင်းအရင်းခံ တဏှာ ဆိုတဲ့ ဘဝ ပဋိပက္ခ အကြပ်အတည်း ကို နားလည်ခြင်း၊ အစိုးမရတဲ့ ဘဝ ဖြစ်တည်မှုကြီးကို အဆုံးသတ်နိုင်ဖို့ မှန် ကန်တဲ့ လမ်းစဉ်အတိုင်း လျှောက်လှမ်းပြီး၊ လားရာ အမှန် ဖြစ်တဲ့ ပန်းတိုင် လွန်မြောက်ခြင်းကို ရယူဖို့ ပါ။
အဲဒီလို လားရာ အမှန် ကို တကယ်ပဲ ရအောင် လုပ်ဖို့ အတွက် နည်း ကလည်း - ဘဝ ဖြစ်တည်မှု ပဋိပက္ခ အကြပ်အတည်း အတွက် တစ်ခုတည်း သော အဖြေ ဖြစ်တဲ့ လမ်းစဉ် ရှစ်ရပ်အတိုင်း ကျင့်ကြံ နိုင်ဖို့ လိုပါတယ်။
လမ်းစဉ် ရှစ်ရပ် အတိုင်း လိုက်နာ ကျင့်ကြံတတ်ဖို့ - ဘဝ ဖြစ်တည်မှု အကြောင်းအရင်းခံ “တဏှာ” ဆိုတဲ့ တပ်မက်မောမှု ပြဿနာကို သိဖို့ လိုပါ တယ်။
သစ္စာ လေးပါး ကို သိ ဖို့ လိုတယ်၊ ဒါမှ ဘဝ ရဲ့ အထာကို သဘော ပေါက်မယ်၊ ဘဝ အထာ နပ် ရင် ဖြစ်တည်မှု ရဲ့ အပြစ်ကို နားလည်မယ်။ ဒါမှ လွန်မြောက်ဖို့ က ဘာလို့ အရေးကြီးတာလဲ ဆိုတာ သိနိုင်မှာ ဖြစ်တယ်။
• တပ်မက်စိတ်
• ရလိုစိတ်
• မက်မောစိတ်
• တွယ်တာစိတ် စတဲ့ အစွဲ တဏှာတွေကြောင့် ဘဝ ဆိုတာ ဖြစ် လာရတယ်။
ဘဝ ဆိုတာ ရှိလာတာကြောင့် ဖြစ်တည်မှုကြီးက ရတာ မလို၊ လိုတာ မရ ဖြစ်လာတယ်။ အသက်ရှင်နေမှုကြီး အဓိပ္ပါယ် ရှိဖို့ အလို နောက်လိုက် ရတယ်။ အလိုဆန္ဒက တဏှာ ရဲ့ လှည့်စားမှု မာယာ အောက်မှာ ရုန်းမထွက် နိုင်တော့ဘဲ၊ ဘဝ ရဲ့ ရေသောက်မြစ် ဖြစ်လာ တယ်။
အလိုဆန္ဒ အားကောင်းလာတာနဲ့အမျှ ကိုယ်ကျိုး ရှေ့ရှုမှု များလာ တယ်။ ကိုယ်ကျိုးဖြစ်မှု ကို တပ်မက်လိုလား လာတာနဲ့အမျှ ဘဝမှာ စွဲလမ်းမှု တဏှာတွေ များလာတယ်။ တဏှာ ရဲ့ လွှမ်းမိုးမှု အားကောင်းလာတော့ ရလေ လိုလေ အိုတစ္ဆေ ဖြစ်လာတယ်။
ဘဝ အသက်ရှင်မှုမှာ ဖြစ်လာသမျှ ကောင်းတဲ့ ကိစ္စ ဖြစ်ဖြစ်၊ ဆိုးတဲ့ ကိစ္စ ဖြစ်ဖြစ် တပ်မက်မိလာကြတယ်။ မစို့မဖို့ အရာလေးကစလို့၊ ကောင်းပေ့၊ သာပေ့ဆိုတဲ့ အရာတွေ အဆုံး လက်လွှတ်ဆုံးရှုံးရမှာကို ကြောက်လာတယ်။ မရှိ ဆင်းရဲမှု၊ ရောဂါ ဝေဒနာ ဆိုတာကို အရှိအတိုင်း လက်သင့်ခံပြီး၊ သက်သာ အောင် လုပ်ရမယ့်အစား၊ မှားပြီးရင်းမှား၊ အပ်ကြောင်းထပ်နေတဲ့ ဘဝ ဇာတ် ကြီးကို ကျေနပ်လာတယ်။
ဘဝ ကို တပ်မက် တွယ်တာတဲ့ တဏှာ အားကောင်းလာတော့၊ ဆိုး ကျိုး သက်ရောက်မှုတွေကို မမြင်တော့ဘဲ၊ သာယာမှုတွေ နောက်လိုက် သွား ကြပြီး၊ ဘဝ ဖြစ်တည်မှုကြီး အပေါ် အရှက်တရား၊ အကြောက် တရား ကင်းမဲ့ သွားတယ်။
ဆေးလိပ်ဆိုတာက ကိုယ့်အတွက် မကောင်းမှန်း သိနေလျက်နဲ့၊ ဆေးလိပ် ဖြတ်ချင်စိတ် ရှိနေတောင်မှ၊ ခံတွင်းချဉ်လာတိုင်း တစ်လိပ် ကုန် အောင် မသောက်မိရင်တောင်၊ တစ်ဖွာ နှစ်ဖွာလောက်လေး ဖွာလိုက်ရမှ ကျေ နပ်တတ်တဲ့ တပ်မက်မှု တွယ်တာစိတ်မျိုး၊ မက်မောမှု တဏှာစိတ်က အင်မ တန် စွဲနေတယ်။
ဘဝ ဆိုတာကို ရလာပြီး တဏှာ ရဲ့ လှည့်စားမှုကြောင့် ဘဝကို တပ်မက် လာကြတယ်။ ဘဝကို တပ်မက်လာလေလေ ပြစ်ချက်တွေကို မမြင် လေလေ ဖြစ်လာပြီး၊ အသိမရှိတဲ့ ဖြစ်တည်မှု မှာ ရေစုန်မျှောခံ လိုက်သလို ဖြစ်သွားကြတယ်။
အဲတော့ မကောင်းတာကို သိနေခဲ့ရင် အဖြစ်မခံရင်နေမယ်၊ ငြင်းဆန် တာမျိုး မလုပ်တော့ဘဲ၊ မသိချင်ယောင်ဆောင်လိုက်ကြတယ်။ မဖြစ် နိုင်မှန်း သိနေလျက်နဲ့ ကောင်းတာကိုမှ လိုချင်စိတ် တဖွားဖွား ဖြစ် ကုန်ပြီး၊ သာယာချင် တဲ့ စိတ်နဲ့ ရှင်သန်ရတာကို ဘဝ လို့ အဓိပ္ပါယ် ဖွင့်ဆိုလာကြတယ်။
အသက်ရှင်မှု ဆိုတာကို ဘဝလို့ အနက်ဖော်ပစ်လိုက်ကြတယ်။ ဘဝ အတွက် တန်ဖိုးက မှန်ကန်စွာ ရှင်သန်ခြင်း မဟုတ်တော့ဘဲ၊ ဆန့်ကျင် ဘက် သဘောတရား နှစ်ဘက် အကြားက ဖြတ်မျဉ်းလိုမျိုး ဖီလာ ကန့်လန် ဖြစ်တည် ခံလိုက်တယ်။
အဲဒီမှာတင် ဘဝ ရဲ့ ဆင်းရဲမှု၊ တဏှာရဲ့ လှည့်စားမှုတွေက ပျောက်ဆုံး သွားပြီး၊ ရှင်သန်မှုက ပဓာန ဖြစ်လာတယ်။ မသိမှုက ကောင်းသလို ယူဆ လာကြတယ်။ ဖြစ်တည်မှု အတွက် မသိမှုက အားထားရာ ဖြစ် လာတယ်။
လူဖြစ်လာမှတော့ မသေခင် သာသာယာယာ နဲ့ ဇိမ်ခံပြီး အသက်ရှင် တာပေါ့ ဆိုတဲ့ အတွေးမျိုးက အားကောင်းလာတယ်။ ရှင်သန်ခြင်း ဆိုတာ ချမ်း သာမှုကို မရ ရအောင် လုပ်ယူရတဲ့ အလုပ်တစ်ခုလို ဖြစ် လာတယ်။
ဘဝ အတွက် ကောင်းမှု ၊ ဆိုးမှုတွေက အရေးမပါတော့ဘူး။ မသေ ခင် သာယာမှုတွေကို ခံစားနိုင်ခွင့် ရှိသလောက် ခံစားရတာ ဖြစ်တည်မှုရဲ့ တန်ဖိုး ဖြစ်သွားတယ်။
အမှန်တရား ဆိုတာက အရေးမပါတော့ဘူး။ အဖြေထုတ်နေစရာ မလိုအပ်တော့ဘူး။ ရှင်သန်မှု အတွက် ရအောင် လုပ်နေနိုင်ခြင်းကပဲ အဖြေ မှန် ဖြစ်သွားတယ်။ ဖြစ်သမျှ အကြောင်း အကောင်းလိုမျိုး တွေးပြီး၊ ပြောင်း လဲ လာသမျှကို ကောင်းအောင် တန်ပြန် လုပ်နေရတာကပဲ ဘဝ ရဲ့ ပန်းတိုင် တစ်ခု ဖြစ်သွားတယ်။
မသိမှုအားကောင်းလာတော့ တဏှာရဲ့ ဩဇာ ကြီးထွားလာတယ်။ အစွဲအလမ်း ထားတာက ဘဝ ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍ ဖြစ်လာတယ်။ တွယ်တာမှု၊ မက်မောမှု ဆိုတာက အသက်ရှင်ဖို့အတွက် အသက် ဖြစ်လာ တယ်။ စွဲလမ်းမှု တဏှာကို မက်မော တမ်းတပြီး၊ ဇောထက်သန်တဲ့ စိတ်ဓါတ် မျိုး မွေးနိုင်တာက ဘဝ ရဲ့ ပင်မ အလုပ်ဖြစ်လာတယ်။
မသိမှုကြောင့် နဂိုကတည်း က ပရမ်းပတာ ဖြစ်နေတဲ့ ဖြစ်တည်မှု ဘဝ ဟာ ဆိုးရွားသထက်၊ ပြောင်းလဲဖို့ လုံးဝ မလွယ်တဲ့ အရာ ဖြစ်လာတယ်။ အမှန်တရား ဆိုတာနဲ့ ဘဝ ဖြစ်စဉ် ဆိုတဲ့ အယူအဆ၊ အတွေးအမြင်တွေက စိတ်ကူးယဉ်ဆန်တဲ့ အလုပ်တွေ လို ဖြစ်သွားတယ်။
အသက်ရှင်ဖို့လုပ်နေတာကမှ ဘဝ ဖြစ်လာပြီး၊ အတွေးနယ်ထဲ ခရီး လှည့်နေတာမျိုးက အဓိပ္ပါယ်မဲ့တဲ့ လုပ်ရပ်လို ဖြစ်လာတယ်။ ဘဝ က တဏှာ ကြောင့် အဓိပွါယ် မဲ့သထက် ကင်းမဲ့သွားတယ်။
တဏှာကနေ ရုန်းထွက်ဖို့ မလွယ်တော့ဘဲ၊ လှည့်စားမှုအောက်မှာ သာယာသွားပြီး၊ ဘဝကို ပြောင်းလဲနိုင်အောင် အားထုတ် ကျင့်ကြံဖို့ရာ မတွေး ကြတော့ဘူး။
မသိမှု အမိုက်အမှောင်ထဲမှာ စမ်းတဝါးဝါးသွားနေရတာကပဲ သာယာ မှု လို ဖြစ်သွားတယ်။ တဏှာ ကိလေသာ ရဲ့ လွှမ်းမိုးမှုအောက်မှာ ဘဝ ပန်းတိုင် ဆိုတာ နဂိုထက် ပိုပိုပြီး သာယာခွင့်၊ ကြည်နူးခွင့်၊ စွဲလမ်းခွင့်၊ တွယ်တာခွင့်၊ မက်မောခွင့် ရဖို့ ဖြစ်လာတယ်။
***
ရုန်းထွက်ဖို့ မလွယ်ကူတဲ့ တဏှာရဲ့ လှည့်စားမှုတွေကြောင့်၊ ဘဝ ဟာ အမိုက်အမှောင်တွေ အကြားမှာ လွတ်မြောက်ဖို့ မလွယ်ကူတဲ့ အရာ ဖြစ်လာသလို၊ လွတ်မြောက်ဖို့တောင် မလိုတော့တဲ့ အခြေအနေအထိ ပြောင်းလဲ သွားတယ်။
ဘဝ ဆိုတာ မက်မောစရာ ဖြစ်လာတယ်။ ဘဝဆိုတာ လိုချင်စရာ ဖြစ်လာတယ်။ ဆင်းရဲတဲ့ ဘဝပဲ ဖြစ်ဖြစ်၊ မွဲတေနေတဲ့ ဘဝပဲ ဖြစ်ဖြစ်၊ အသက်ရှင်မှု ဆိုတာနဲ့တင် ရချင်စရာ ဖြစ်သွားတယ်။ မကောင်းတာကို သိနေ လျက်နဲ့တောင်မှ ကောင်းတာကို ရအောင် လုပ်လို့ ရသေးတယ် ဆိုတဲ့ တလွဲအသိနဲ့ ဘဝကို တောင့်တ ကြတယ်။
အဲ့တော့ တဏှာဆိုတာက အပြစ် မဟုတ်တော့ဘဲ၊ အနှစ်သာရ ဖြစ်လာတယ်။ ဘဝ ဆိုတာက ဆင်းရဲမှု မဟုတ်တော့ဘဲ၊ စိန်ခေါ်မှု တစ်ရပ်ဖြစ်လာတယ်။ စစ်ပွဲနဲ့တူတဲ့ ဘဝကို အနိုင်မဟုတ်ရင်တောင်၊ ရှင်သန်အောင် တိုက်ရဲမှ တန်ဖိုးရှိတဲ့ အနေအထား ဖြစ်လာတယ်။
တောင့်တမှု၊ စွဲမက်မှု၊ တပ်မက်မောမှုတွေ ရဲ့ စေ့ဆော်မှုအောက်မှာ ဘဝရဲ့ အဓိပ္ပါယ် အစစ် ပျောက်ဆုံးနေ ခဲ့တယ်။ ကောင်းခြင်း နဲ့ ဆိုးခြင်းမှာ အတိုင်းအတာတွေ ရှိလာတယ်၊ အကောင်းဆုံး ဆိုတာ ရှိသလို၊ အဆိုးဆုံး ဆိုတာ ရှိလာတယ်။ တစ်သတ်မှတ်တည်း သွားနေတဲ့ မျဉ်းဟာ ပြိုင်မျဉ်းတွေကြောင့် ရှုပ်ထွေးသွားတယ်။ အစွန်း မရှိသင့်တဲ့ ဘဝက အစွန်းနှစ်ဖက် အကြားမှာ ဟိုဘက်ကူးလိုက်၊ ဒီဘက်ယိမ်းလိုက်နဲ့ ပရမ်းပတာ ဖြစ်သထက် ပိုဆိုးရွားလာတယ်။
အကောင်း နဲ့ အဆိုးဆိုတဲ့ ဆန့်ကျင်ဘက် တရားကြောင့် ဘဝက ရှုပ်ထွေးသထက် ပိုရှုပ်ထွေးသွားတယ်။ အသက်ရှင်မှု ဆိုတာက တဏှာကြောင့် လူတွေကို လှည့်စားခဲ့ရာက၊ နောက်ဆုံးမှာ တစ်ချို့သော လူတွေ အတွက် ဘဝဆိုတာက ထောင်ချောက်တစ်ခုလိုမျိုး ခံစားလာမိကြတယ်။ အဲတော့ အစွန်းနှစ်ဖက်ရဲ့ အစွန်းကျဆုံး ကို ရောက်အောင် သွားလိုက်ရင် လွတ်လမ်း ရလိမ့်မယ် အတွေးမျိုး ထင်မြင်လာကြတယ်။
အဲဒီ တလွဲ အတွေးနဲ့ ဘာပဲလုပ်လုပ် အဆုံးထိ လုပ်ကြသလောက်၊ တကယ်တမ်း အကျိုးဖြစ်လောက်တဲ့ အထိ အကျိုးရလဒ် မရဘဲ၊ လွတ်လမ်းကို ရှာတွေ့ရမယ့်အစား၊ အဆုံးသတ် မရှိတဲ့ အစွန်းရောက်မှုနဲ့အတူ၊ စမ်းတဝါးဝါးဖြစ်သွားပြီး၊ လမ်းပျောက်သွားကြတယ်။
နှစ်ထောင်နဲ့ချီ လမ်းပျောက်နေခဲ့ရာက ဗုဒ္ဓရဲ့ ဉာဏ်အလင်း အသိနိုးထလာမှုကြောင့် လမ်းစ ပြန်ရခဲ့ကြတယ်။ တဏှာဆိုတဲ့ အစွဲကို အနိုင်ယူနိုင်တဲ့ နည်းလမ်း၊ ဘဝဆိုတဲ့ အဆုံးမဲ့ သံသရာကနေ လွန်မြောက်နိုင်တဲ့ နည်းလမ်း၊ ဆင်းရဲမှုတွေကို အပြီးတိုင် အဆုံးသတ်နိုင်မယ့် နည်းလမ်း၊ အမှန်တရား လေးခုကို အခြေခံပြီး၊ သံသရာ စက်ကွင်းကြီးထဲကနေ လွတ်မြောက်သွားနိုင်ဖို့ ဂေါတမဗုဒ္ဓက လမ်းညွှန်နိုင်ခဲ့တယ်။
တဏှာ ဆိုတဲ့ အစွဲကို ပယ်နိုင်ဖို့က ပထမဆုံးခြေလှမ်းပါ။ အစွဲကို ပယ်တယ်ဆိုတာက အစွဲကို ဖြစ်ခွင့်ပေး ထားပြီး၊ တစ်ဖက်လှည့်နဲ့ ထိန်းချုပ်တာမျိုးပါ။ အပင်ကောင်းရဲ့ ရေသောက်မြစ်နဲ့တွယ်ပြီး ဖြစ်လာတဲ့ အဆိပ်နွယ်ပင်ကို တစ်ခါတည်း အမြစ်ဖြုတ် သတ်လိုက်လို့ မရပါဘူး။ အပင်ကောင်းပါ ပျက်စီးသွားနိုင်တယ်။ အဲဒီတော့ အဆိပ်နွယ်ပင်ကို ချက်ချင်း မခုတ်မသင်ဘဲနဲ့၊ အသီးအပွင့် မဖြစ်အောင်၊ အရွက်သစ်၊ ရွက်ညွှန့် မဝေ နိုင်အောင် သင်တုန်းတာမျိုးကို အစွဲပယ်တယ်လို့ ခေါ်တယ်။
အတင်းကာရော စိတ်ဇောကြီးနဲ့ အစွဲအလမ်း ဖြစ်နေတဲ့ စိတ်ဝသီကို ဖီဆီးမြိုသိပ်၊ တားလို့ မရပါဘူး။ စိတ်ပင်ပန်း သွားတာပဲ အဖတ်တင်ပါလိမ့်မယ်။ လက်မောင်းကို ရစ်ပတ်ထားတဲ့ မြွေဆိုးကို အတင်းဖြုတ်ရင် ကိုက်ခံရနိုင်တယ်၊ အဲတော့ မာယာရှင်ကို ပရိယာယ်နဲ့ ပြန်လှည့်စားနိုင်ရမယ်။ တဖြည်းဖြည်းချင်း ရစ်ပတ်သိုင်းခွေ ထားတဲ့ မြွေဆိုးရဲ့ အားကို လျှော့သွားအောင် လုပ်ရမယ်။ သူ့အဆိပ်နဲ့သူ၊ သူ့သဘာဝနဲ့သူ လျှောသွားအောင် လုပ်ရမယ်။ ဘာလို့ မြွေဆိုးက ရစ်ပတ်ထားလဲ? ဆိုတာကို သိအောင်လုပ်ရမယ်။
ကိုယ့်စိတ်ကို ပြန်သုံးသပ်ပြီး - ငါ ဘာကြောင့် ဒါကို လိုချင်နေမိတာလဲ။ ငါ ဘာကြောင့် အသက်ရှင်ချင်တာလဲ။ ငါ ဘာလို့ တမ်းတမ်းစွဲ ဖြစ်နေတာလဲ။ ငါ ဘာလို့ အငမ်းမရ ဖြစ်နေတာလဲ။ ရှိရင်းစွဲ စိတ်ကို အခြေခံပြီး၊ ကိုယ့်စိတ်ကို နားလည်အောင် လုပ်ရမယ်။
စာပေကျမ်းဂန်တွေထဲမှာ ပြောထားတဲ့အတိုင်း ရမ်းသန်း လက်ခံလိုက်မယ့်အစား၊ ကိုယ့်ကိုယ်ကို အဖြေ ရှာ နိုင်ရမယ်။ ဘာပဲလုပ်လုပ် ကိုယ့်လက် ကိုယ့်ခြေနဲ့ မလုပ်ဘဲ၊ အလွယ်လမ်း လိုက်တဲ့သူတွေ အတွက် အမှန် တရားဆိုတာရဲ့ တန်ဖိုးကို လုံးဝ သိနိုင်၊ နားလည်နိုင်မှာ မဟုတ်ပါ။ ကိုယ့်စိတ်နဲ့ကိုယ်၊ ကိုယ်တိုင် လုပ်ရဲ၊ ကိုင်ရဲ၊ ကျင့်ရဲ၊ ကြံရဲပြီးမှ သိခဲ့နားလည်ခဲ့တာကို ဆင်ခြင်သုံးသပ်နိုင်သူသာလျှင် ရဲတင်းသူ၊ အောင်နိုင်သူ အစစ် ဖြစ်ပါတယ်။
နားလည်တဲ့ “အသိ” ရှိပြီဆိုတာနဲ့၊ တဏှာ ဆိုတာကို ခွဲခြမ်းစိတ်ဖြာ တတ်ပါလိမ့်မယ်။ ဒါဆိုရင် အစွဲကို တဖြည်းဖြည်းချင်း ပယ်နိုင်လိမ့်မယ်။ အစွဲကို ပယ်တဲ့နေရာမှာ - အသေးအမွှားလေးက စပြီး ပယ်ရမယ်။ Will Power လို့ ခေါ်တဲ့ စိတ်စွမ်းအားကို အသုံးချတတ်ရမယ်။ ငါ ဒါကို မလုပ်ဘူး လို့ ဆုံးဖြတ်ထားရင် မလုပ် ဖြစ်အောင် ကိုယ့်စိတ်ကို ပြန်ထိန်းချုပ်ပြီး၊ တပ်မောမှု၊ တွယ်တာမှု၊ လိုချင်မှု၊ တောင့်တမှု စတဲ့ ကိုယ်ကျိုး မရှိတဲ့ အစွဲလေးတွေက စပြီး ပယ်တတ်အောင် ကျင့်ကြည့်ပါ။ အဲဒီ အစွဲလေးတွေ တခုပြီး တခု ပယ်နိုင်၊ ထိန်းနိုင် လာရင် စိတ်ရဲ့ တည်ကြည်မှု၊ ခိုင်မာမှု၊ အားရှိမှုကို လက်တွေ့ ခံစားရပါလိမ့်မယ်။
အစွဲတွေကို ပယ်တတ်လာရင်၊ စိတ်စွမ်းအားလည်း အားကောင်းလာပါလိမ့်မယ်။ အဲတာကို သမာဓိ အားကောင်းလာတာလို့ မှတ်ပါ။ သမာဓိ အား ရှိလာရင် စိတ် ရဲ့ တင်းကြပ်မှု၊ ချုပ်တည်းမှုတွေက အဓိပ္ပါယ်ရှိ လာပြီး - ကိုယ့်ဘဝ အတွက် တကယ် အကျိုးရှိတာကို မြင်တတ်၊ ကြည့်တတ်၊ လုပ်တတ်လာပါလိမ့်မယ်။
ဗုဒ္ဓ ဟောကြားခဲ့တဲ့ ဓမ္မဟာ - ရိုးရှင်းပြီးသားပါ။ ယုံကြည်စရာလည်း မလိုအပ်ပါဘူး။ ကိုးကွယ်စရာလည်း မလိုအပ်ပါဘူး။ သက်ဝင်မှုလည်း မလိုအပ်ပါဘူး။ လုပ်ကြည့်ချင်တဲ့ စိတ်ရှိရင် လိုက်လုပ်ကြည့်ပါ၊ ကိုယ့် အတွက် အကျိုးရှိလို့ ဆက်လုပ်ချင် လုပ်လိုက်ရုံပါပဲ၊ ယုံကြည်မှ အလုပ်ဖြစ်တဲ့ ဓမ္မ မဟုတ်သလို၊ ကိုးကွယ်ထားမှ ဓမ္မရဲ့ ပန်းတိုင်ကို ရောက်နိုင်တာလည်း မဟုတ်ပါ။
လက်တွေ့ကျတဲ့ အရာမို့ ဓမ္မလို့ ခေါ်တာပါ။ အကြောင်း ရှိလို့ အကျိုးဆက် ဖြစ်လာတာကို ဓမ္မလို့ ခေါ်ပါတယ်။ ယုံကြည်ဖို့၊ ကိုးကွယ်ဖို့၊ ဆည်းကပ်ဖို့၊ သက်ဝင်ဖို့အတွက် ရှိလာတဲ့ ဓမ္မ မဟုတ်ပါ။ ဂေါတမ ဗုဒ္ဓက ဟောလို့ ဓမ္မ ဖြစ်လာတာလည်း မဟုတ်ပါ။ ဂေါတမ ဗုဒ္ဓဟာ ဓမ္မကို မြင်နိုင်ခဲ့လို့သာ ဗုဒ္ဓ ဖြစ်လာတာပါ။ ဒါပေမဲ့ ဗုဒ္ဓသာ ဓမ္မကို မမြင်ခဲ့ရင် ဓမ္မဆိုတာကို သိကြမှာ မဟုတ်တဲ့အတွက်၊ ဗုဒ္ဓကို ကျေးဇူတင်တဲ့အနေနဲ့ ရှေ့ဦးထားတာ ဖြစ်ပါတယ်။
ဓမ္မသည် ဘာသာ မဟုတ်ပါ။ ထုံးတမ်း မဟုတ်ပါ။ အစဉ်အလာ မဟုတ်ပါ။ လိုက်နာစရာ မလိုအပ်ပါ။ လက်တွေ့ ကျကျ ကျင့်ကြံမှ နားလည်နိုင်မယ့် အရာမျိုး ဖြစ်ပါတယ်။ တစ်ပါးသူရဲ့ စေ့ဆော်မှုကို အခြေခံပြီး လိုက်လုပ်ရမယ့် အရာမျိုး မဟုတ်ပါ။ ကိုယ်ပိုင် အတွေး၊ ကိုယ်ပိုင် အသိ၊ ကိုယ်တိုင် လုပ်ထားတဲ့ လုပ်ရပ်ကို အခြေခံနိုင်မှ အကျိုးဆက် ပေးနိုင်တဲ့ အရာမျိုး ဖြစ်ပါတယ်။ ဓမ္မဟာ အမိုက်မှောင်ကို ခွင်းမယ့် အလင်းရောင် တံခါး သော့ ဖြစ်ပါတယ်။
***
ဓမ္မစကြာ တရားကြောင့် တောထွက်ဖော် ငါးဦးလုံး ဉာဏ်အလင်း ပွင့်လန်းဖို့ရာ အဖူးရင့်သန်ခဲ့ကြတယ်။ ဓမ္မစကြာ တရားကြောင့် အိပ်မက်ထဲ ကမ်းမမြင်လမ်းမမြင် လမ်းပျောက်နေခဲ့ရာက လမ်းစတွေ့ခဲ့ပြီး၊ ပန်းတိုင် အစစ်ကို သိခွင့် ရခဲ့ကြတယ်။ ဘဝ ဆိုတာက တပ်မက်မောစရာ ကောင်းသလောက်၊ လိုတာမရ၊ ရတာ မလို၊ အစိုးမရတဲ့အတွက် ဆင်းရဲမှုတွေ များပြီး၊ တဏှာ ဆိုတဲ့ အစွဲကြောင့် ဘဝ ရဲ့ အပြစ်ကို မြင်နိုင်ခဲ့ကြတယ်။ အခုလည်း ဗုဒ္ဓမြတ်စွာ ကြောင့် တဏှာဆိုတဲ့ အစွဲကနေ လွန်မြောက်နိုင်မယ့် ပန်းတိုင်ကို သိခွင့် ရခဲ့ကြတယ်၊ ဆင်းရဲမှု ဘဝကနေ လွန်မြောက်နိုင်မယ့် ပန်းတိုင်ကို အရောက်သွားဖို့ လမ်းမှန် ကိုလည်း သိခဲ့ကြပြီ။
ဗုဒ္ဓရဲ့ အကျယ်တဝင့် သင်ကြားမှုတွေနောက်မှာ ငါးဦးလုံး ဗုဒ္ဓနည်းတူ ဉာဏ်အလင်း အသိနိုးထသွားခဲ့ကြတယ်။ အစွဲကို ပယ်တတ်သွားကြတယ်။ အဆုံးသတ်မှု ဘဝပြီးပြတ်မှုရဲ့ အနှစ်သာရကို နားလည်သွားကြတယ်။ ဒီလို ဖြစ်တာက ဘာကိုးကွယ်မှုမှ မပါဘူး။ ဘာယုံကြည်မှုမှ မရှိဘူး။ ဘာသက်ဝင်မှုမှ မလိုအပ်ဘူး။
ဗုဒ္ဓပြောတဲ့ အမှန်တရားကို လက်ခံလိုက်မှုပဲ ရှိတယ်။ အဲဒီလို ရဲတင်းစွာ လက်ခံလိုက်ခြင်းနဲ့တင် ဗုဒ္ဓရဲ့ ဆန္ဒကို သိသွားပြီး၊ လမ်းမှန်အတိုင်း လျှောက်လှမ်းဖို့ စိတ်ပိုင်းဖြတ်နိုင်ခဲ့ကြတာပါ။ ရှိခိုးတာတွေ၊ ပူဇော်တာတွေ မပါလိုက်ပါဘူး။ လမ်းစစ်လမ်းမှန်ကို သင်ကြားပြသပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ အရိုအသေပေးတာလောက် ပဲ ရှိလိုက်တယ်။
ရိုးရိုးလေး နဲ့ ရှင်းရှင်းလေးပါပဲ။ တောထွက်ဖော် ငါးဦးလုံး ဗုဒ္ဓနည်းတူ အသိနိုးထသွားခဲ့ကြတယ်။ နှစ်ထောင်ချီ အစွဲကြီးနေခဲ့တဲ့ အသိလွဲတွေကို ထိုးဖောက်ပြီး၊ မသိဖူး၊ မကြားဖူး၊ မနာဖူး၊ မမြင်ဖူးတဲ့ အသိအမြင် ရှုထောင့် အသစ်ကို ရဲရဲတင်းတင်း လက်ခံပြီး၊ နာခံခဲ့ကြတယ်။ လက်ခံရဲကြတယ်။ လက်ခံလိုက်ကြသလို၊ ကျင့်ကြံ ရဲကြလို့သာ ငါးဦးလုံး အသိနိုးထသွားခဲ့တာပါ။
ရုပ်ဝတ္ထုကို အစွဲကြီးတာက အစွဲပျက်၊ အစွဲချွတ်ရတာ မခက်ခဲပါဘူး။ ဒါပေမယ့်၊ နှစ်ပေါင်းများစွာ စွဲမြဲနေတဲ့ အသိလွဲကြီးကို အစွဲချွတ်ဖို့ဆိုတာက လုံးဝ မလွယ်ပါဘူး။ အဲတာကြောင့်လည်း ဗုဒ္ဓ အနေနဲ့ တောထွက်ဖော် ငါးဦးလုံး အစွဲကျွတ်သွားအောင် ငါးရက်တိတိ ဟောခဲ့ရတယ်။
ဗုဒ္ဓအနေနဲ့ ဘယ်လောက်ပဲ ထူးချွန်ပြောင်မြောက်တဲ့ အသိထူးဉာဏ်ထူးပညာထူးတွေ ရှိပါစေဦး၊ လူငါးယောက်ကို သူ့ပြောသမျှ လက်သင့်ခံသွားဖို့ ငါး ရက်တိတိ အချိန်ယူခဲ့ရတယ်။ ခြောက်ရက်မြောက်နေ့ ရောက်တော့မှသာ သူတစ်ကယ် ပြောချင်တဲ့ ဓမ္မကို ပြောခွင့် ရတာပါ။ ဒါက ဘာကို ဆိုလိုနေတာလဲ ဆိုတော့ -
ရှေ့ ငါးရက်လုံးလုံး တောထွက်ဖော် ငါးဦးကို အစွဲချွတ်နေတာက - တကယ်တမ်း - သူတကယ် ပြောချင်တဲ့ ဓမ္မ နဲ့ ကြိုမိတ်ဆက်ပေးတာမျိုးပါ။ ဆိုတော့ - ဓမ္မစကြာတရား ဆိုတာက ဓမ္မမိတ်ဆက်တရားပါ။ ဒီတရားကိုမှ မသိနားမလည်ဘဲ၊ ကျန်တဲ့ ဓမ္မတွေကို လိုက်လေ့လာနေလို့ အကျိုးရှိမှာ မဟုတ်ပါဘူး။
ရိုးရှင်းပါတယ် ဆိုတဲ့ ဓမ္မစကြာ တရားကိုမှ သဘောမပေါက်ဘဲ၊ အသိနိုးထဖို့ မဖြစ်နိုင်ပါဘူး။ ဓမ္မစကြာ တရားနဲ့ မရင်းနှိးပါဘဲ၊ ဗုဒ္ဓဓမ္မတွေကို တတ်မြောက်သူပါလို့ ပြောလို့ မရပါ။ အဲဒီလိုပဲ ဓမ္မစကြာ တရားကို နားလည်သူဟာ ဓမ္မရဲ့ အရသာကို မြည်စမ်းပြီးသူ ဖြစ်တာကြောင့်၊ ဓမ္မရဲ့ အနှစ်သာရကို မှန်းဆနိုင်သူ ဖြစ်နေပြီး သားပါ။ ဓမ္မရဲ့ အနှစ်သာရကို မှန်းဆနိုင်သူ ဖြစ်နေပြီး ဖြစ်တာကြောင့် ဗုဒ္ဓရဲ့ ဓမ္မဟာ ကိုးကွယ်မှု၊ ယုံကြည်မှု၊ သက်ဝင်မှု တွေ မလိုအပ်ကြောင်းကိုလည်း သိပြီး ဖြစ်မှာ အသေအချာပါ။
ဒါတောင်မှလည်း ဗုဒ္ဓရဲ့ ဓမ္မကို ခုတုံးလုပ်ပြီး ဘာသာဝါဒ၊ အယူအဆ တစ်ခု အဖြစ် တည်ဆောက်ထားတာ အများကြီး ရှိပါသေးတယ်။ ဘယ်လောက်ထိ ဓမ္မဝါဒ အယူအဆ အဆောက်အဦကို တည်ဆောက်ထားလဲ ဆိုရင်၊ စစ်မှန်တဲ့ ပေါက်မြောက်မှု၊ တရားသိမှု၊ အသိနိုးထမှု၊ ဗုဒ္ဓ ဖြစ်မှုဟာ သာမည လူ့ဘဝနဲ့မရနိုင်ဘဲ၊ လူ့ဘဝ - လူ့သဘာဝထက် သာလွန်တဲ့ ဘဝမျိုး၊ သဘာဝမျိုး ရှိမှ ဖြစ်နိုင်တယ် ဆိုတာတွေ ဖြစ်ကုန်တယ်။
ဘုန်းကြီး၊ ရဟန်းဖြစ်မှ တစ်ချို့သော တရားတွေကို ကျင့်ကြံနိုင်တဲ့ ပုံစံမျိုး၊ ဓလေ့မျိုး၊ ထုံးတမ်းမျိုး၊ အစဉ်အလာမျိုး၊ သတ်မှတ်ချက်မျိုးတွေ ရှိလာတာက၊ ဓမ္မစကြာ အမြင်နဲ့ ဖီလာဖြစ်နေတယ်။ နဂိုမူလ အကြောင်း အရင်းကို အရင်းစစ်ကြည့်လိုက်ရင်၊ ဗုဒ္ဓ နဲ့ တောထွက်ဖော် ငါးဦးလုံး တောထွက်ခဲ့ကြတာက - လူ့ဘဝကို စက်ဆုပ်လို့ထက်၊ အလုပ်မရှုပ်၊ အလုပ်ရှင်းပြီး၊ ရိုးရှင်းတဲ့ ဘဝမျိုး၊ နေထိုင်မှုမျိုးနဲ့ဆိုရင်၊ သူတို့ သိချင်တဲ့ ဘဝ စက်ကွင်းကနေ လွတ်မြောက်နိုင်မယ့်လမ်း အမြန်တွေ့နိုင်မှာပဲလို့ ယူဆခဲ့ကြလို့ပါ။
ဆိုလိုတာက တောထွက်ရဟန်း ဘဝ က လူ့ဘဝထက် စာရင်၊ အလုပ်မရှုပ်ဘဲ၊ ရိုးရှင်းနေလို့၊ လမ်းစစ်လမ်းမှန် ရှာတဲ့ နေရာမှာ စိတ်နှစ်ထားဖို့ ပိုလွယ်နိုင်တာကြောင့်ပါ။ ဒီကနေ့ခေတ် “ဘာသာအယူဝါဒ” “ကိုးကွယ်ယုံကြည်မှု” တွေက ယူဆထားသလိုမျိုး လုံးဝ မဟုတ်ပါဘူး။ ဗုဒ္ဓ အနေနဲ့ ဓမ္မကို မြန်မြန် သိနိုင်ဖို့ တောထွက် ခဲ့ပေမယ့်၊ ဗုဒ္ဓဘာသာက ဓမ္မကို သိဖို့ တောထွက်မှ ရမယ်ဆိုတာမျိုး ယူဆတာက အင်မတန် ဆင်ခြင်ဖို့ ကောင်းတဲ့ ပြဿနာပါ။
အသိနိုးထမှုဟာ ဘယ်လို နေထိုင်မှုမျိုးမဆို ရနိုင်တဲ့အရာပါ။ ပိတ်ပင်ထားမှု မရှိပါ။ အတားအဆီး၊ အကန့်အသတ် မရှိပါ။ လူနေမှု သဘာဝ တစ်ခုနဲ့ လူအုပ်စု တစ်ခုကပဲ ရနိုင်တဲ့ အရာမဟုတ်သလို၊ လိင်သဘာဝ တစ်မျိုးတည်းကပဲ ရနိုင်တဲ့ အရာမဟုတ်ပါဘူး။ အသိနိုးထမှုကို လူလည်း ရနိုင်သလို၊ တောထွက်သူတွေလည်း ရအောင် လုပ်လို့ရပါတယ်၊ ယောက်ကျားအတွက်ပဲ မဟုတ်သလို၊ မိန်းမများလည်း ရအောင် ကျင့်ကြံနိုင်ပါတယ်။ ဓမ္မဟာ ရိုးရှင်းပါတယ်။ ကန့်သတ်ချက် လုံးဝ မရှိပါဘူး။ လွတ်မြောက်လမ်းကို ပေးနိုင်တဲ့ အမှန်တရား အနေနဲ့ သတ်မှတ်ချက် စည်းဘောင်တွေ ရှိနေတယ်ဆိုတာက ယုတ္တိ လုံးဝ မရှိပါ။
အသိနိုးထဖို့ အချိန်သတ်မှတ်ချက် မရှိသလို၊ အနာဂတ် ရောက်မှ ဖြစ်နိုင်တဲ့ အရာမျိုးလည်း မဟုတ်ပါဘူး။ စက္ကန့် တစ်ခုအတွင်း ဖြစ်ပျက်နေတဲ့ စိတ်အခြေအနေအလိုက် စက္ကန့်ပိုင်းအတွင်း ချက်ချင်း လက်ငင်း အသိနိုးထနိုင်တဲ့ အခြေခံ တရားပေါက်မြောက်မှု ဖြစ်နိုင်ပါတယ်။
အရှင်းဆုံး ပြောရရင်၊ ဓမ္မဟာ လွတ်လပ်တဲ့ လွန်မြောက်မှု လမ်းစဉ်ဖြစ်ပါတယ်။ ဓမ္မဟာ သတ်မှတ်မှု မရှိတဲ့ အမှန်တရား စံဖြစ်ပါတယ်။ ဓမ္မဟာ ကန့်သတ်ချက် မရှိတဲ့ ပေါင်းကူးတံတား ဖြစ်ပါတယ်။ ဓမ္မဟာ အင်မတန် ရိုးရှင်းသလောက်၊ အင်မတန် လေးနက်တဲ့ သွန်သင်မှုတွေ ဖြစ်ပါတယ်။
ဓမ္မကို သိတဲ့သူ မရှိသလို၊ မသိတဲ့လူလည်း မရှိပါဘူး။ ဓမ္မဟာ အပြောင်းအလဲ မရှိတဲ့ ပြောင်းလဲမှု ဖြစ်စဉ်ကြီး ဖြစ်ပါတယ်။ အသိနိုးထမှု ဆိုတာက ဓမ္မရဲ့ ပန်းတိုင်ဖြစ်ပြီး၊ လွန်မြောက်မှု အစစ်ဟာ အနီးဆုံးသော နေရာမှာ ရှိနေပြီးဖြစ်တဲ့ တံခါးတစ်ချပ် ဖြစ်ပါတယ်။ အားထုတ်မှု တစ်ရပ်နဲ့ ထက်သန်တဲ့ ဇောနဲ့သာလျှင် ရယူနိုင်မှာပါ။ ဒါကြောင့် အသိနိုးထခြင်းဟာ နီးတာလည်း မဟုတ်၊ ဝေးတာလည်း မဟုတ်ဘဲ၊ ရလွယ်သလောက်၊ ခက်ခဲနိုင်မယ့် အလုပ်ကိစ္စ တစ်ရပ်ပါ။
***