“ကံလို့ခေါ်တဲ့ အခွင့်အလမ်းဆိုတာ လက်ထဲမှာ ရှိနေနှင့်ပြီးသားအရာပါ၊ စိတ်တိုင်းကျ ပုံသွင်းနိုင်တဲ့ ရွံ့စေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်လိုပါပဲ၊ ကိုယ်ပိုင်စွမ်းရည် အသီးသီးနဲ့ မွေးဖွားလာခဲ့ကြတာကြောင့် သက်ဆိုင်ရာကို ကျွမ်းကျင်ပိုင်နိုင်အောင် သင်ယူလေ့ကျင့်ထားမယ်ဆိုရင် ဘဝကို စိတ်တိုင်းကျ ပုံဖော်နိုင်ကြမှာပါ။”
~JOHANN WOLFGANG VON GOETHE
(ယိုဟန်း ဖောံဝ်’ဂန် ဖွန် ဂူ’တယ် - ဂျာမန်လူမျိုး စာပေပညာရှင်)
ဉာဏ်ပညာ ကြီးကျယ်မှုနဲ့ ဩဇာတိက္ကမ အရှိန်အဝါရှိမှုကို ကိုယ်စားပြုတဲ့၊ လူသားရဲ့ အမြင့်ဆုံးသော အစွမ်းသတ္တိဆိုတဲ့အရာ သက်သက်ရှိပါတယ်။ သမိုင်းတင်သမျှ အကြီးကျယ်ဆုံးသော အောင်မြင်မှုတွေနဲ့ ရှာဖွေတွေ့ရှိမှုတွေရဲ့ ပင်ရင်းဇာစ်မြစ် အကြောင်းရင်းခံလည်းဖြစ်ပါတယ်။ ကျောင်းတွေမှာ မသင်ကြားရသလို၊ ပါမောက္ခတွေရဲ့ ဆန်းစစ်မှု မခံရတဲ့ ဉာဉ်ရည်ဉာဉ်သွေးတမျိုးဖြစ်ပြီး၊ လူတိုင်းလိုလို တွေ့ကြုံခံစားခဲ့ရဖူးတဲ့ ကိုယ်ရည်ကိုယ်သွေး တမျိုးလည်း ဖြစ်ပါတယ်။ ပြီးစီးရန် သတ်မှတ်ထားတဲ့ နောက်ဆုံးအချိန်နဲ့ ရင်ဆိုင်ရတဲ့အခါဖြစ်စေ၊ ပြဿနာပဋိပက္ခကို မဖြစ်မနေ ဖြေရှင်းဖို့ အကြောင်းဖန်လာတဲ့အခိုက် စတဲ့ အခြေအနေတင်းမာမှုတွေ ရှိလာတိုင်း ပေါ်လာတတ်အရာပါ။ အလုပ်တခုကို ထပ်ကာတလဲ လုပ်ကိုင်ထားလို့ အရည်အချင်းရှိမှုအဖြစ် စွမ်းရည်အနေနဲ့ ပေါ်လာတတ်ပါသေးတယ်။ အခြေအနေ သဘာဝအလိုက် အချိန်မရွေး ဖြစ်ပေါ်လာတတ်ပြီး၊ ထူးထူးဆန်းဆန်း ခွန်အားရှိလာသလိုမျိုး၊ အာရုံစူးစိုက်မှု အားကောင်းလာသလိုမျိုး ဆန်းကြယ်တဲ့ စိတ်ခံစားချက်တွေ ဖြစ်စေနိုင်စွမ်း ရှိပါတယ်။ အလုပ်မှာ အာရုံစူးစိုက်မှု အပြည့်အဝရှိစေနိုင်ပြီး၊ ထက်သန်စိတ် အားကောင်းစေတတ်တာကြောင့် အတွေးသစ်အကြံသစ်တွေ ပွားများပေါ်ပေါက်စေနိုင်တဲ့ အရာပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခိုက်မှာ ဖြစ်လာတတ်သလို၊ ထင်မထားတဲ့ အချိန် မသိစိတ်ကနေ သူ့အလိုလို ဖြစ်လာတတ်တဲ့ အရာပါ။ ဆန်းကြယ်တဲ့ အဲဒီလိုစိတ်တန်ခိုးတွေဖြစ်လာတိုင်း လူတိုင်းရဲ့ လေးစားရိုကျိုးမှုကို ရနိုင်တဲ့ ဘုန်းတန်ခိုးတွေ ပိုင်ဆိုင်သွားသလိုမျိုး ဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့် ကျွန်တော်တို့က ဘဝကို အရှိအတိုင်း တုန့်ပြန်တတ်မှုသဘာဝနဲ့ ရုန်းကန် ရှင်သန်နေကြတာပါ။ ဒါပေမဲ့ အဲဒီလို စိတ်တန်ခိုးတွေ ဖြစ်သွားတိုင်း ဘာကိုမဆို စိတ်တိုင်းကျ ပြုပြင်ပြောင်းလဲ ဖန်တီးပုံဖော်နိုင်စွမ်း ရှိသလို ဖြစ်သွားတတ်ပါတယ်။
ကျွန်တော်တို့ဟာ စိတ်ကူးယဉ် အိပ်မက်တွေ၊ အလိုဆန္ဒတွေ၊ အစွဲအလမ်းကြီးမှုတွေနဲ့ ပြည့်နှက်နေလေ့ရှိတဲ့ ကိုယ်တွင်း အဇ္ဈတ္တလောကထဲမှာပဲ အများအားဖြင့် ရှင်သန်နေတတ်ကြပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖိအားတွန်းအားတွေပါဝင်တဲ့ ဖန်တီးနိုင်မှုတွေ လိုအပ်လာတိုင်း၊ လက်တွေ့ဆန်တဲ့ အလုပ်တွေကို မဖြစ်မနေ လုပ်ကို လုပ်ကြရပါတယ်။ အချိန်ပြည့် ကိုယ်တွင်းအောင်း ရှောင်ပုန်းနေခွင့် မရတော့ဘဲ၊ လက်တွေ့လောကနဲ့ ပြန်လည်ချိတ်ဆက်ကြရပါတယ်။ မရင်းနှီးသေးတဲ့ အသစ်အဆန်းတွေကို ရှောင်ခွင့်တိမ်းခွင့်မရတော့ဘဲ စိန်ခေါ်မှု ဟူသမျှကို ထိပ်တိုက် ရင်ဆိုင်ကြရတာကြောင့်၊ နဂိုထက် ဖန်တီးနိုင်မှု အားကောင်းလာကြသလို၊ တက်ကြွထက်သန်မှု ရှိလာတတ်ပါတယ်။
ဒါပေမဲ့ ဖိအားတွန်းအားတွေ မရှိတော့ဘဲ၊ အရေးရယ်အကြောင်းရယ် မဟုတ်တော့တာနဲ့ တပြိုင်နက်၊ ကိုယ်ရည်ကိုယ်သွေးကစ စွမ်းဆောင်ရည်အဆုံး အရည်အချင်းတွေအားလုံး အရေးတကြီး အသုံးချစရာ မလိုတော့တာနဲ့ တဖြည်းဖြည်းချင်း ပျောက်သွားတတ်တယ်။ စိတ်ကူးယဉ်ဆန်တဲ့လောကကို နဂိုအတိုင်း ပြန်ရောက်သွားပြီး၊ ကျွမ်းကျင်ပိုင်နိုင်မှုဟူသမျှ ကုန်ခမ်းသွားတတ်တယ်။
ပြောခဲ့တဲ့ ထူးခြားစွမ်းရည်အပါအဝင် စွမ်းဆောင်ရည် မြင့်မားစေနိုင်တဲ့ အသိဉာဏ်ပညာ ကြီးကျယ်မှုတွေနဲ့ ပတ်သက်ရင် ပြဿနာက၊ သီးသန့်လေ့လာဖို့လိုအပ်တဲ့ ပညာရပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တစ်ခုအဖြစ် မသတ်မှတ်ခံရတာရယ်၊ ထူးခြားစွမ်းရည်အပေါ် လွဲမှားနေတဲ့ ယုံကြည်လက်ခံမှုတွေ၊ ပြောစမှတ်တွင်သွားတဲ့ တလွဲယူဆမှုတွေ အလွန်များနေတာပါ၊ အဲတာနဲ့ပဲ ထူးခြားစွမ်းရည်ဆိုတာက လူတွေရဲ့ အသိမှာ နဂိုထက် ပဟေဠိဆန် နားလည်ရခက်သွားပြီး၊ လျှို့ဝှက်ဆန်းကြယ်သလို ဖြစ်သွားတယ်။ ဖန်တီးနိုင်မှုစွမ်းရည်နဲ့ ဉာဏ်ပြေးမှုတွေက သူ့အလိုလို ဖြစ်လေ့ရှိတဲ့ အရာလိုမျိုး၊ သဘာဝအတိုင်း ရှိသွားတတ်တဲ့ ပါရမီဓါတ်ခံလိုမျိုး၊ ဒါမှမဟုတ် စိတ်နေစိတ်ထားမှန်မှ ဖြစ်လေ့ရှိတဲ့အရာလိုမျိုး၊ ဒါမှမဟုတ် ကောင်းကင်က နက္ခတ်တာရာနေရာမှန်မှ ဖြစ်လာတတ်တဲ့အရာလိုမျိုး အားလုံးလိုလို ယူဆသွားကြတယ်။ ဒါကြောင့် အဲဒီတလွဲထင်မြင်ယူဆနေမှုတွေကို ဆန်းစစ်ပြီး၊ ထူးခြားစွမ်းရည်ရဲ့ သဘောသဘာဝကို စနစ်တကျ ဇာစ်မြစ်ထုတ် နာမည်ပေး ကင်ပွန်းတပ်နိုင်ရင်၊ မဖြစ်မနေ နားလည်ထားသင့်တဲ့ အကြောင်းအချက်တွေနဲ့အတူ ဘယ်လိုနည်း၊ ဘယ်လိုဟန်နဲ့ ရအောင်လုပ်ယူပြီး၊ ဘယ်လိုပုံစံနဲ့ ထိန်းသိမ်းသင့်တယ်ဆိုသလဲကအဆုံး အဖြေထုတ်နိုင်မယ်ဆိုရင်တော့ အကျိုးဖြစ်ထွန်းနိုင်မှာ သေချာပါတယ်။
အဲဒီထူးခြားစွမ်းရည် စိတ်ခံစားချက်အာရုံကို “ပိုင်နိုင်မှု” လို့ ခေါ်ပါတယ်။ အဲဒီအာရုံက ကျွန်တော်တို့ အတွက် အများအားဖြင့် တခနစာလောက်ပဲ တွေ့ကြုံခံစားရတာမျိုး ဖြစ်ကောင်း ဖြစ်နေနိုင်ပေမယ့်၊ တစ်ချို့လူတွေအတွက်ကျတော့ ဆိုင်ရာနယ်ပယ်မှာ အမှန်တကယ် ကျွမ်းကျင်ပိုင်နိုင်ကြလို့ ဘဝနဲ့ထပ်တူ ထင်ဟပ်မှုရှိနေတဲ့ ပြီးမြောက်အောင်မြင်မှုမျိုး ဖြစ်နေတတ်ပါတယ်။ မတူညီတဲ့ ရှုထောင့်ကနေ လောကကြီးအပေါ် ကွဲပြားစွာ ရှုမြင်သုံးသပ်ဆန်းစစ်တွေးခေါ်နိုင်တဲ့အဆင့်ကို ရောက်နေတာမျိုးပါ။ ဖြစ်ချင်တော့ အဲဒီလို အစွမ်းသတ္တိရနိုင်ဖို့ရာ လူတိုင်းကျင့်သုံးနိုင်မယ့် ရိုးရှင်းတဲ့ နည်းစဉ်သီးသန့် ရှိနေပြီးသားပါ။
အဲဒီ ထူးခြားစွမ်းရည် ရစေနိုင်မယ့် နည်းစဉ်ဆိုတာကို နားလည်လွယ်အောင် ရှင်းပြရရင် - ဥပမာ အနေနဲ့ စန္ဒရားတီးနည်း သင်တော့မယ်ဆိုပါစို့၊ ဒါမှမဟုတ် အရည်အချင်းရှိမှ ရနိုင်တဲ့ အလုပ်သစ် တစ်ခု ဝင်ရတော့မယ်ဆိုပါစို့။ အစပိုင်းမှာတော့ ဘယ်သူမဆို စိမ်းနေမှာပဲ။ စန္ဒရားဖြစ်ဖြစ်၊ အလုပ်သစ် ဖြစ်ဖြစ် အားလုံးနဲ့ အစိမ်းသက်သက်ကြီး ဖြစ်ကို ဖြစ်နေမှာပါ။ တချို့အခြေအနေတွေမှာဆိုရင် ကြောက်စိတ်၊ ရွံ့စိတ်တောင် ဖြစ်ကောင်း ဖြစ်သွားတတ်တယ်။ စန္ဒရားတီးနည်း စသင်ပြီဆိုတော့လည်း၊ လက်ကွက်တွေက အတော်ကြီး ခက်ခဲနေသလိုမျိုး ခံစားရမှာဖြစ်သလို၊ လက်ကစားတာတွေ၊ သံစဉ် တေးသွား ကစားတာတွေ၊ ခြေနင်းအလုပ်လုပ်ပုံတွေနဲ့ ဂီတသံစဉ်တခု ဖန်တီးဖို့ရာ ပါဝင်တဲ့ အစိတ်အပိုင်း အားလုံးနဲ့ မရင်းနှီးနိုင်ဘဲ ဖြစ်နေတတ်ပါတယ်။ အလုပ်သစ်ဝင်တော့လည်း မထူးပါဘူး၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ တာဝန်ဝတ္တရား ကွဲပြားပုံတွေ၊ ဆက်ဆံရေး တည်ဆောက်ထားပုံတွေနဲ့အတူ ကိုယ့်အလုပ်ရှင်ရဲ့ စိတ်ကို မသိနိုင်တာကြောင့် ဘာလုပ်လို့ လုပ်ရမှန်း မသိ လမ်းပျောက်သလို ဖြစ်ကို ဖြစ်ကြမှာပါ။ ဘယ်သူမဆို ဘာပဲလုပ်လုပ် အစတိုင်းမှာ ဒွိဟများစွာကြောင့် စိတ်ပင်ပန်း ဆင်းရဲရမှာပါပဲ။ မသိမဖြစ် သိကိုသိထားသင့်တဲ့ အကြောင်းအချက်အလက်များစွာကို မဖြစ်မနေ သင်ယူမှတ်သားဖို့ရာ အထူး ကြိုးစားကြရတယ်။
တချို့ကျတော့ မလုပ်သေးခင်က စိတ်အားတက်ကြွ ထက်သန်နေသလောက် တကယ်လုပ်ရမယ်လည်း ဆိုရော စိန်ခေါ်မှုတွေ ရှိနေမှန်းလည်း သိသွားတာနဲ့၊ အသစ်အဆန်းဟူသမျှကို ကြောက်ရွံသွားတဲ့အထိ ဖြစ်သွားတတ်တယ်။ အဆိုးဆုံးက မလိုအပ်တဲ့ စိတ်ခံစားချက်တွေကို ရှေ့တန်းတင်မိပြီး၊ နှလုံးသွင်း ခံယူပုံ မှားကြတာပဲ။ စိတ်အလိုလိုက်မှုတွေကြောင့် ဘာပဲလုပ်လုပ် ထက်သန်မှု မရှိတော့ဘူး၊ အကြောင်းမဲ့ ပျင်းရိလွယ်သွားတယ်၊ စိတ်မရှည်တော့ဘူး။ အလောတလျင် လုပ်တဲ့ အကျင့်ဆိုးရသွားတယ်၊ အမှားလုပ်မိမှာ စိုးရိမ်တဲ့ ပူပန်စိတ်နဲ့ ဘာပဲလုပ်လုပ် တွန့်ဆုတ်တဲ့ အကျင့်ဆိုးဝင်သွားတယ်၊ တွေးတောချင့်ချိန်နိုင်စွမ်း မရှိတဲ့အလျောက် မရေရာစိတ်၊ မသေချာစိတ်တွေနဲ့ ဘာလုပ်လုပ် ဟိုလိုလို ဒီလိုလိုနဲ့ မပြီးမပြတ် အရာမရောက်ဖြစ်သွားတတ်တယ်။ အဲတာနဲ့ပဲ နည်းစဉ်က အစမကောင်းနိုင်တော့ဘူး။ ဆုံးခန်းတိုင်ဖို့ မဖြစ်နိုင်တော့ဘဲ၊ လမ်းစမှာတင် လမ်းပိတ်သွားတယ်။ လေ့လာမှုလည်း မရှိတော့ဘူး။ လေ့ကျင့်မှုလည်း မရှိတော့ဘူး။ အရာအားလုံး ရပ်တန့်သွားတယ်။
အဲဒီလိုမဟုတ်ဘဲ၊ စိတ်ခံစားချက်တွေကို ချုပ်တည်းနိုင်ခဲ့ပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်ရိုးလုပ်စဉ်အတိုင်း စိတ်ရှည်လက်ရှည် လုပ်ကိုင်ခဲ့မယ်ဆိုရင်တော့၊ ကိုယ်ကျိုးဖြစ်ထွန်းစေမယ့် အရည်အသွေးများစွာကို အခြေခံကျကျ ရုပ်လုံးဖော်ပြီးသား ဖြစ်သွားတယ်။ စူးစမ်းလေ့လာတတ်တဲ့ အကျင့်ကောင်းနဲ့ နည်းစဉ်ထုံးတမ်းတွေကို တသွေမတိမ်း လိုက်နာနိုင်ခဲ့မှုတွေကြောင့် စည်းမျဉ်းတွေရဲ့ သဘောသဘာဝတွေအပြင်၊ အရာအားလုံးရဲ့ အလုပ်လုပ်ပုံကို ဇာစ်မြစ်အထိ သိနိုင်တဲ့ အခြေခံ အရည်အချင်း ရှိသွားတယ်။ အဲဒီအရည်အချင်းကို အခြေခံပြီး အဆက်မပြတ် လေ့ကျင့်သွားရင်၊ ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ တဖြည်းဖြည်းချင်း ကျွမ်းကျင်မှု ရလာတယ်၊ အဲဒီလိုနဲ့ မကြာဘူး ပိုင်နိုင်တဲ့အဆင့် ရောက်ကိုရောက်သွားလိမ့်မယ်၊ ဒါဆိုရင် ဘယ်လို စိန်ခေါ်မှုမျိုးကိုမဆို ရင်ဆိုင်ဝံ့တဲ့ အစွမ်းသတ္တိရှိသွားပြီပဲဖြစ်တယ်။
ရင်းနှီးမှု၊ ကျွမ်းဝင်မှု၊ ကျွမ်းကျင်မှုမှသည် ပိုင်နိုင်သွားတာနဲ့ တပြိုင်နက်၊ သင်ယူသူ အဆင့်ကနေ ကျင့်သုံးသူအဆင့် တက်သွားလိမ့်မယ်။ ကိုယ်ပိုင် အတွေးအကြံနဲ့ ကိုယ်တိုင် ဖန်တီးနိုင်စွမ်းတွေ ရလာလိမ့်မယ်။ အဲဒီလို လေ့ကျင့်နေတဲ့ နည်းစဉ်တောက်လျှောက်မှာ တန်ဖိုးရှိတဲ့ အတွေ့အကြုံများစွာကို ပေးဆပ်မှုများစွာနဲ့ လဲလှယ်ခဲ့ရပြီး၊ သူမတူထူးကဲတဲ့ အရည်အချင်းတွေနဲ့ သူ့ထက်သာသူ ဖြစ်ခွင့် ရနိုင်လိမ့်မယ်။ တနေ့နဲ့ တနေ့ ကျယ်ပြန်စွာ သိရှိနားလည်လာမယ့် ပညာရပ်ဆိုင်ရာ အသိတွေကြောင့် ထူးကဲပြောင်မြောက်တဲ့ ဖန်တီးနိုင်မှု စွမ်းရည်တွေကိုလည်း တပါတည်း တိုးမြင့်နိုင်လိမ့်မယ်။ လုပ်နည်းကိုင်နည်းလောက် သင်ယူနေတဲ့ အဆင့်မဟုတ်တော့ဘဲ၊ ကိုယ်ပိုင်နည်း ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်စံနဲ့ ကိုယ့်ဖြစ်တည်မှုကို ဂုဏ်ယူဝံ့ကြွားစွာ တည်ဆောက်နိုင်စွမ်း ရသွားမှာပါ။
နည်းစဉ်အတိုင်း ပုံမှန်လေး ကျင့်သုံးသွားရုံနဲ့ တဖက်ကမ်းခတ်နိုင်သလိုမျိုး ပိုထူးချွန်လာပါလိမ့်မယ်။ အဲဒီလို အနေအထား ရောက်သွားခဲ့ရင်၊ စန္ဒရားရဲ့ ခလုတ်တွေက ရုပ်ပိုင်းဆိုင်ရာ ကိရိယာတွေ မဟုတ်တော့ဘဲ၊ စိတ်နှလုံးသားနဲ့ ထပ်တူ စည်းချက်ကျနိုင်မယ့် သွေးကြောတို့ရဲ့ လှုပ်ရှားမှုအပေါ် တုန့်ပြန်နိုင်တဲ့ အရာလိုမျိုး ဖြစ်သွားတယ်။ နှလုံးသားခံစားမှုမှသည် လက်ဖျားထိပ်လေးနဲ့အတူ စည်းချက်ညီညီ လှုပ်ရှားပြီး ထူးကဲပြောင်မြောက်တဲ့ ဂီတသံစဉ်ကို ဖန်တီးနိုင်စွမ်း ရှိသွားလိမ့်မယ်။ လက်တွေ့ လူနေမှု ဘဝမှာလည်း ထိုနည်းလည်းကောင်းပါပဲ၊ လူမှုအသိုက်အဝန်းထဲမှာ အားလုံးနဲ့ တပြေးညီ အချိတ်အဆက် ရှိနေပြီး၊ သဘာဝလူမှုစီးပွားရေရှိန်အလိုက် ရေချိန်ကိုက် တိုးတက်ဖွံ့ဖြိုးနိုင်သူ ဖြစ်သွားမှာပါ။ လူမှု ပေါင်းသင်းဆက်ဆံရေးတိုင်းမှာလည်း ဒီနည်းစဉ်ရဲ့ အနှစ်သာရတွေကို လက်တွေ့ အသုံးချနိုင်ခွင့် ရမှာဖြစ်သလို၊ လူအချင်းချင်း နဂိုထက် ပိုမို ရင်းနှီးကျွမ်းဝင်ခွင့် ရသွားပြီး၊ တုန့်ပြန်မှုတိုင်းကို နားလည်သိတတ်မှု အရှိဆုံးနဲ့ တန်ပြန်အကျိုးပြုနိုင်စွမ်းပါ ရသွားပါလိမ့်မယ်။ ဆုံးဖြတ်ချက်ဟူသမျှ အချိန်တို ခနအတွင်း စိတ်ပိုင်းဖြတ်နိုင်စွမ်း ရှိမှာဖြစ်သလို၊ သူမတူ ထူးခြားတဲ့ အတွေးကောင်း အကြံကောင်းတွေနဲ့ မော်ကြွားနိုင်မှာပါ။ အတွေးအကြံဟူသမျှ သူ့အလိုလို စီးဝင်လာမှာဖြစ်ပါတယ်။ နည်းစဉ်အရ စည်းမျဉ်းတွေကို အထာနပ်အောင် လေ့လာခဲ့ရပြီး၊ အဲဒီ ရှိပြီးသား စည်းစနစ် ဘေးဘောင်တွေကို ချိုးဖျက်နိုင်မယ့်အပြင် အသစ်တဖန် ပြုပြင်ရေးသားနိုင်စွမ်းပါ ရသွားမှာ ဖြစ်ပါတယ်။
အဆင့်အမြင့်ဆုံးသော အရှိန်အဝါရနိုင်ဖို့ အဆင့်သုံးဆင့် (သို့) အပိုင်းသုံးပိုင်းခွဲပြီး ဖော်ဆောင်ရပါတယ်။ ပထမကတော့ “အလုပ်သင်” အဆင့်ပဲဖြစ်ပါတယ်၊ ဒုတိယကို “ဖန်တီးနိုင်မှု” အဆင့်လို့ခေါ်ပြီး၊ တတိယကိုတော့ “ကျွမ်းကျင်ပိုင်နိုင်မှု” နောက်ပိတ်ဆုံးအဆင့်အဖြစ် ခွဲခြားထားပါတယ်။ ပထမအဆင့်မှာ၊ နားလည်သိရှိထားသင့်သမျှ အခြေခံ နည်းစဉ်တွေကို လေ့လာရတယ်၊ ဒုတိယအဆင့် ရောက်တဲ့အခါကျတော့ လက်တွေ့ဖော်ဆောင်မှု ဖြစ်လာပြီး၊ ကြိမ်ဖန်များစွာ လေ့ကျင့်ထားမှုတွေနဲ့အတူ အသေးစိတ်လေ့လာထားမှုတွေကို လက်တွေ့စမ်းသပ်လုပ်ကိုင်ရပါတယ်၊ ယန္တရားရဲ့ အစိတ်အပိုင်းတွေကို လက်တွေ့ ခွဲစိပ်ပြီး လေ့လာသလိုမျိုး၊ တစ်ခုနဲ့ တစ်ခု အချိတ်အဆက် ဖော်ထုတ်ပြီး ပိုကောင်းအောင် ဖန်တီးလုပ်ယူတာမျိုးဖြစ်ပါတယ်။ တတ်သိနားလည်ထားမှုတွေ၊ အတွေ့အကြုံတွေနဲ့ အာရုံစူးစိုက်မှုတွေအားလုံး နက်ရှိုင်းပြည့်စုံသွားခဲ့ပြီး၊ သက်ဆိုင်ရာ အသိပညာ၊ အတတ်ပညာနဲ့ ပတ်သက်သမျှ ရှင်းလင်းပိုင်နိုင်သွားပြီဆိုမှသာ တတိယအဆင့်ကို ရောက်ပြီးလို့ ဆိုနိုင်ပါတယ်။
အဲဒီလို အဆင့်မြင့်ဆုံးသော အရှိန်အဝါရတာကိုပဲ “အတွင်းဉာဏ်” ရတယ်လို့ ခေါ်ပါတယ်၊ အတွင်းဉာဏ်ဆိုတာက တကယ်တော့ အဖြစ်မှန်အပေါ် သူ့အလိုလို သိနိုင်တဲ့ ထိုးထွင်းဉာဏ်ဖြစ်ပြီး၊ အကြောင်းပြချက် မလိုအပ်သလို၊ နည်းစနစ်တွေလည်း မလိုအပ်တဲ့ အဆင့်မြင့် ဉာဏ်ပညာ ထက်မြက်မှုဖြစ်ပါတယ်။
ကျွမ်းကျင်ပိုင်နိုင်တဲ့အဆင့်မှာ ရလာနိုင်တဲ့ “အတွင်းဉာဏ်” ဆိုတာက ဗီဇစိတ်နဲ့ ယုတ္တိစိတ်နှစ်မျိုး ရောထွေးနေတဲ့ ထိုးထွင်းစိတ်မျိုးပါ၊ သိစိတ်နဲ့ မသိစိတ်၊ လူစိတ်နဲ့ တိရစ္ဆာန်စိတ် ပေါင်းစပ်ထားသလိုမျိုးလို့လည်း ပြောလို့ ရပါတယ်။ သဘာဝ ပတ်ဝန်းကျင်နဲ့ တိုက်ရိုက် ထိတွေ့တဲ့ နေရာမှာ စွမ်းအားအမြင့်ဆုံးဖြစ်ပြီး၊ အရာအားလုံးရဲ့ ခံစားချက်တွေနဲ့ တွေးမြင်မှုတွေကိုပါ ထပ်တူ မြင်သိနိုင်တဲ့ အစွမ်းသတ္တိရှိနေမယ့် စိတ်တန်ခိုးမျိုးဖြစ်ပါတယ်။ လူတိုင်းလိုလို ငယ်ဘဝတုန်းက အဲဒီလို အတွင်းဉာဏ်နဲ့ တူတဲ့ စိတ်အစွမ်း ပါဝါတွေအပြင် အလျောက်ဘာသာဖြစ်လွယ်စိတ်တန်ခိုးမျိုးတွေ ရှိခဲ့ကြပေမယ့်၊ အရွယ်ရလာတာနဲ့အမျှ ခေါင်းထဲ သူ့အလိုလိုရောက်လာတဲ့ အတွေးအကြံတွေနဲ့အတူ မဖြစ်မနေ မှတ်သားထားရမယ့် အချက်အလက်များစွာကို ဦးနှောက်ထဲ သွင်းရင်း၊ အဲဒီလို စိတ်အစွမ်းသတ္တိ တန်ခိုးတွေ တဖြည်းဖြည်းချင်း ပျောက်ဆုံးသွားခဲ့ရပါတယ်။ အမှန်တော့ ကျွမ်းကျင်ပိုင်နိုင်သူတွေဆိုတာက အဲဒီလိုမျိုး ငယ်ဘဝမှာ ရခဲ့ဖူးတဲ့ စိတ်အစွမ်းသတ္တိ ပြန်ရအောင် လုပ်လိုက်တာမျိုးပါ၊ မသိစိတ်ရဲ့ အစွမ်းသတ္တိ တန်ခိုးတွေကို ထုတ်ယူနိုင်အောင် လေ့ကျင့်လိုက်တာမျိုးလို့လည်း ပြောလို့ရပါတယ်။ ငယ်ဘဝက ရခဲ့တဲ့ ငယ်စိတ်တန်ခိုးထက်တော့ အဆများစွာ သာတဲ့ စိတ်အစွမ်းသတ္တိမျိုးကို ရအောင် လုပ်တာမျိုးဖြစ်ပါတယ်။
နည်းစဉ်အတိုင်း စနစ်တကျ လေ့ကျင့်ခဲ့ပြီး နောက်ပိတ်ဆုံး အဆင့်ကို ရောက်နိုင်ခဲ့ရင်၊ ပျောက်ဆုံးနေတဲ့ အတွင်းဉာဏ်ကို တဖန်ပြန်လည် နိုးထလာအောင် လုပ်နိုင်ပါလိမ့်မယ်။ လူတိုင်းလိုလိုမှာ အတွင်းဉာဏ် ရှိပြီးသားပါ၊ အသုံးမချတော့တာ ကြာသွားလို့ ပျောက်သလိုနဲ့ မရှိတော့သလို ဖြစ်သွားတာပါ။ ဒါပေမဲ့ အကြောင်းတိုက်ဆိုင်တဲ့ တချို့ အချိန်တွေကျ သူ့အလိုလို ကောက်ကာငင်ကာ ပေါ်လာတတ်ပါတယ်၊ လုံးလုံးမရှိတော့တာမျိုးတော့ မဟုတ်ပါဘူး။ အလုပ်ပေါ်မှာ ဈာန်ဝင်သွားတဲ့အခါမျိုး၊ အလုပ်မှာ စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်နေမိတဲ့ အခိုက်အတန့်မျိုးတွေမှာ ပေါ်ချင် ပေါ်လာတတ်ပြီး၊ ကိုယ်တိုင်တောင် မထင်ထားတဲ့ အတွေးကောင်း၊ အကြံကောင်း၊ စိတ်ကူးစိတ်သန်းကောင်းတွေ တွေးဖြစ်ကြံဖြစ်အောင် သူ့အလိုလို စေ့ဆော် နိုးဆွတတ်ပါတယ်။ အမြဲတမ်းလိုလို ပေါ်လာတဲ့ စိတ်အစွမ်းမျိုး မဟုတ်တော့ အသုံးမချဖြစ်တာ ကြာသွားတာနဲ့အမျှ မရှိသလိုမျိုး ထင်ရတာပါ။ ကျွမ်းကျင်ပိုင်နိုင်တဲ့ နောက်ဆုံးအဆင့်ရောက်သွားခဲ့ရင်တော့ ဒီစိတ်တန်ခိုးကို အမိအရ ချုပ်ကိုင်ထားနိုင်ပြီး စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒကို ဖြစ်စေနိုင်စွမ်း ရစေမှာပါ။ တဒင်္ဂ တခနတာ ပေါ်လာတတ်တဲ့ ကြားပေါက်အစွမ်းမျိုး မဟုတ်တော့ဘဲ သေတပန်သက်တဆုံး အသုံးချလို့ ရနိုင်မယ့် ကိုယ်ပိုင် အစွမ်းတန်ခိုးအဖြစ် အသုံးချခွင့်ရသွားမှာပါ။
ကျွမ်းကျင်ပိုင်နိုင်မှုကို တခြားရှုထောင့်ကနေ တွေးကြည့်ပါ၊ ခေတ်အဆက်ဆက်မှာ အမျိုးသားရော၊ အမျိုးသမီးရော အသိဉာဏ် တွေးကြံနိုင်မှုနဲ့ ပတ်သက်လာရင် ရှိရင်းစွဲ အသိစိတ် (သို့) အသိဉာဏ်ရဲ့ အကန့်အသတ်ကြောင့် သူ့အတိုင်းအတာနဲ့သူ တတ်နိုင်စွမ်း ရှိသလောက် အသုံးချကြရပြီး အဆင်ပြေသလို ရှင်သန်ခဲ့ကြရပါတယ်။ အမှန်တရားနဲ့ အရှိတရားအပေါ် အသိဉာဏ်ရဲ့ အကန့်အသတ်ဘောင်အတွင်း နားလည်နိုင်သလောက် ပမာဏနဲ့ လိုလားသည်ဖြစ်စေ၊ ဆန့်ကျင်လိုသည်ဖြစ်စေ လက်ခံခဲ့ကြရပါတယ်။ ဘောင်အတွင်း တွေးခေါ်ကြံဆမှုမျိုးဖြစ်တဲ့အတွက် သက်ရောက်မှုဆိုင်ရာ အစွမ်းထက်မှုပုံစံတွေလည်း ကွာခြားပါတယ်။ အဲဒီလိုမျိုး အတိုင်းအတာရှိနေမှုက တချို့ အခြေအနေတွေမှာ အဟန့်အတားလို ဖြစ်လာတော့၊ အသိဉာဏ်နဲ့ တွေးခေါ်မြော်မြင်နိုင်စွမ်းကို မှော်ဆန်တဲ့ ထုံးတမ်းတွေ အပါအဝင်၊ အိပ်မွေ့ချတဲ့ စိတ်တန်ခိုးနည်းလမ်းတွေ၊ ဂါထာရွတ် မန္တာန်ရွတ်ဖတ်ပြီး ပြုစားကြံစားတဲ့ နည်းလမ်းတွေအပြင်၊ ဆေးရိုးဆေးစုံဆေးအဖုံဖုံ သောက်ရှုလိမ်းမှိုင်းတဲ့ ဖြတ်လမ်းဟူသမျှ နည်းမျိုးစုံသုံးပြီး ပိုကောင်းပိုသာအောင် ကြိုးစားခဲ့ကြရပါတယ်။
ဆိုလိုတာက အရှိန်အဝါရှိဖို့အတွက်နဲ့ အဓိပ္ပါယ်ရှိတာတွေရော၊ မရှိတာတွေရော၊ မှော်ဆန်တဲ့ ဖြတ်လမ်းတွေကို အားကိုးမိကြရင်း အောင်မြင်မှုဆိုတာက ဖော်မြူလာရှိရင် အလုပ်ဖြစ်သလိုမျိုး၊ လက်ခံမှု လွဲချော်သွားကြတယ်။ တကယ်တော့ ရှေးရှေးကတည်းက အောင်မြင်တိုးတက်ရေး ဆိုင်ရာ နည်းစဉ် နည်းလမ်းတွေ ရှိပြီးသားပါ၊ ပဝေသဏိယ အသိအလိမ္မာတွေအရ တိုးတက်ပြောင်းလဲရေး အတွက် လိုအပ်မယ့် သဒ္ဓိတန်ခိုး အစွမ်းရဖို့ဆိုရင် မခက်ပါဘူး၊ အမူအကျင့် ပြောင်းလဲနိုင်ရုံနဲ့တင် လုံလောက်တယ်တဲ့။ ဖြတ်လမ်းတွေကနေ တဆင့် နည်းစဉ်နည်းလမ်းတွေ ရှာနေတာက ဘယ်တော့မှ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး၊ အကြောင်းက ရှင်းပါတယ်၊ မရှိတဲ့အရာကို ပတ်ရှာနေသလို ဖြစ်နေလို့ပါ။ လက်တွေ့အသုံးချဖို့ ရည်ရွယ်ထားတဲ့ အရှိန်အဝါအတွက် လက်တွေ့ဆန်တဲ့ နည်းလမ်းနဲ့ ရယူမှ အလုပ်ဖြစ်မှာပါ၊ စိတ်ကူးယဉ်ဆန်ပြီး လက်တွေ့မကျတဲ့ နည်းလမ်းနဲ့ အရှိန်အဝါရှိအောင် ကြိုးစားနေတာက၊ အိပ်မက်ကမ္ဘာထဲက ရွှေမြို့တော်ကို လက်တွေ့ဘဝမှာ လိုက်ရှာနေသလိုပဲ မိုက်ရူးရဲဆန်ရာ ကျပါတယ်။
အိပ်မက်ကမ္ဘာထဲက စိတ်ကူးယဉ်ဆန်တဲ့ အတွေးအကြံတွေကြောင့် လူအများစုက သူတို့မှ ရှိနေတဲ့ မူရင်း သွေးရင်း အစွမ်းသတ္တိကို ရှိလို့ ရှိမှန်း မသိကြတော့ဘူး။ ခေတ်အဆက်ဆက်မှာ ဒီသဒ္ဓိတန်ခိုးကို အသုံးချ တတ်ခဲ့လို့ ထူးကဲပြောင်မြောက်တဲ့ အောင်မြင်မှုကြီးတွေ၊ ခေတ်ဆန်းခေတ်ပြိုင် တီထွင်ကြံဆမှုတွေ၊ ထူးခြားဆန်းကြယ်တဲ့ ပိသုကာလက်ရာတွေအပြင် အနုသုခုမကစလို့၊ အနုပညာလက်ရာကောင်းတွေ ဖြစ်လာနိုင်တဲ့အချက်ကို မြင်နေလျက်နဲ့ မသိနိုင်ကြဘဲ ဖြစ်ကုန်တယ်။ အမှန်တော့ နည်းစဉ်အတိုင်း လေ့ကျင့်ထားတဲ့ ကျွမ်းကျင်ပိုင်နိုင်သူ အစစ်ဟာ ဂမ္ဘီရလည်းဆန်စရာမလိုသလို၊ မှော်ဆန်တဲ့ အလုပ်တွေ လုပ်ဖို့လည်း မလိုတော့ဘဲ၊ စိတ်ကူးယဉ်မှသာ ထူးကဲမှုကို သိနိုင်တဲ့သူတွေထက် အဆများစွာ သာလွန်နိုင်ပါတယ်။
မသိမိုက်မဲမှုတွေ ဖုံးလွှမ်းနေခဲ့တာပဲ ကြာလှပြီဆိုတော့ သမိုင်းတလျှောက် ကျွမ်းကျင်ပိုင်နိုင်မှုနဲ့ ပတ်သက်သမျှ တလွဲတွေနဲ့ကြီး အလွှာအထပ်ထပ် အကာတွေ တပ်မိလျက်သား ဖြစ်သွားတယ်။ တချို့နေရာတွေမှာဆိုရင် ကျွမ်းကျင်ပိုင်နိုင်မှု (သို့) အရှိန်အဝါရှိမှု (သို့) ဩဇာညောင်းမှု ဆိုတာတွေက အခွင့်ထူးခံ သူကောင်းမျိုးတွေရဲ့ သီးသန့် အရည်အသွေးလိုမျိုး၊ ဒါမှမဟုတ် မွေးရာပါ ပါရမီထူး ဗီဇထူး လိုမျိုး၊ အဲလိုမဟုတ်ဘဲ ကြယ်တာရာ နက္ခတ်အလိုက် မွေးဇာတာအရ ဖြစ်နိုင်တဲ့ ကံကောင်းမှု ကံထူးမှုလိုမျိုး တလွဲမှတ်ထင် ခံယူနေမိတတ်ကြတယ်။ ကျွမ်းကျင်ပိုင်နိုင်မှု (သို့) အရှိန်အဝါရှိမှု ဆိုတာက တော်ရုံ မရနိုင်တဲ့ ပါရမီလိုမျိုး၊ ထူးကဲတဲ့ အစွမ်းသတ္တိလိုမျိုး ထင်မိလျက်သား ဖြစ်သွားတယ်။ အမှန်တော့ ကျွမ်းကျင်ပိုင်နိုင်မှုဆိုတာက ရှင်းရှင်းလေးပါ၊ နှစ်ခြောက်သန်းကျော် ကာလအတွင်း တိုးတက်ပြောင်းလဲလာခဲ့တဲ့ လူသားဦးနှောက်ရဲ့ ဖွံ့ဖြိုးမှု သဘာဝကြောင့်၊ အလေ့အကျင့် ရင်းနှီးမှုအလိုက် မှတ်သားနိုင်မှုဆိုင်ရာ အသိဉာဏ်အသားကျမှုရဲ့ ထူးကဲပြောင်မြောက်တဲ့ ရလဒ်ပါပဲ။ လူတိုင်းမှာ ရှိသလို၊ လူတိုင်း ရနိုင်တဲ့ အစွမ်းသတ္တိ - အရည်အသွေးပါ။ ဆန်းကြယ်ပြီး ရှားပါးတဲ့ အရာလည်း မဟုတ်ပါဘူး။
ဦးနှောက်ဖြစ်တည်မှု တမျိုးတပုံစံတည်းနဲ့ လူတိုင်းသာ မွေးဖွားခဲ့ကြတယ်ဆိုရင်၊ သမိုင်းအချက်အလက်တွေအရ စောဒကတက်ချင်စရာက၊ ဘယ်လိုလုပ်ပြီး လူအများအပေါ် ကို တချို့သော လူနည်းစုတွေက အရှိန်အဝါ ဩဇာ ရှိနိုင်ကြတာလဲ။ စေ့စေ့စပ်စပ် တွေးကြည့်ရင် မဖြစ်မနေ သိကို သိသင့်လို့ မေးကို မေးသင့်တဲ့ အရေးကြီး မေးခွန်းတခုပါ။
မိုးဇက် (Mozart) နဲ့ လီယိုနာဒို ဒါဗင်ချီ (Leronardo da Vinci) တို့ရဲ့အကြောင်းပြောကြတိုင်း မွေးရာပါ ပါရမီရှိလို့နဲ့ မွေးရာပါဉာဏ်ထက်မြက်မှုတွေကြောင့် သူတို့ ထူးချွန်ပြောင်မြောက်နိုင်ကြတာဆိုပြီးတော့ပဲ အဖြေထုတ် ပြောလေ့ရှိကြတယ်။ သူတို့နည်းတူ ထောင်သောင်းချီတဲ့ တခြားကလေးတွေလည်း သူမတူ ထူးခြားတဲ့ စွမ်းရည်တွေ၊ ပါရမီတွေကို ဆိုင်ရာ နယ်ပယ်မှာ ငယ်စဉ်ကတည်းက ထုတ်ပြနိုင်ခဲ့ကြတာပါပဲ၊ ဒါပေမဲ့ အများစုအနေနဲ့ ထူးကဲပြီး ဘာမှဖြစ်မလာကြဘူး၊ အဲဒီလိုပဲ ငယ်ငယ်တုန်းက ဉာဏ်အင်မတန်ကောင်းခဲ့ကြသလောက်၊ ကြီးလာတော့ မဟုတ်တော့ဘဲ ဖြစ်သွားတတ်ကြတယ်။ ဒီအချက်နဲ့တင် ငယ်ဘဝ မွေးရာပါ ပါရမီရှိတာနဲ့ IQ မြင့်ရုံလောက်က အနာဂတ် တိုးတက်ဖြစ်မြောက်နိုင်မှုနဲ့ လားလားမှ မသက်ဆိုင်ဘူးဆိုတာ လက်ခံလို့ရတယ်။
အမှန်တကယ် ထူးချွန်ပြောင်မြောက်တဲ့ ကျွမ်းကျင်ပိုင်နိုင်သူ ဆရာ့ဆရာတွေရဲ့ ဘဝဖြစ်ရပ်မှန် ဇာတ်လမ်းတွေ ကြည့်လိုက်တိုင်း အားလုံးလိုလို တူနေတဲ့အချက်တွေရှိတယ်၊ အဲတာတွေကတော့ ငယ်ဝါသနာစိတ်ခံတွေ (သို့) စိတ်အလိုတိမ်းညွတ်မှုတွေ၊ အရည်အချင်းတွေကို လက်တွေ့ ကျကျ အသုံးချခွင့် ရခဲ့တဲ့ အခွင့်အလမ်းကောင်းတွေ၊ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး ပြည့်ဝတဲ့ စိတ်ခွန်အားနဲ့အတူ၊ စိတ််အာရုံတည်ကြည်စူးစိုက်နိုင်မှုတွေ လေ့ကျင့်ခွင့် ရခဲ့တဲ့ အတွေ့အကြုံရှိ အလုပ်သင်ဘဝတွေပဲ ဖြစ်ပါတယ်။ နည်းစဉ်အလိုက် ခက်ခဲသည်ထက် ပိုခက်ခဲတဲ့ အရာတွေကိုတောင် စိတ်လိုလက်ရ လေ့ကျင့်နိုင်ခဲ့ကြသလို၊ သာမှန်အနေအထားထက် မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် လေ့လာခွင့် ရခဲ့ကြတဲ့အတွက်၊ လိုချင်စိတ်၊ ထက်သန်စိတ်၊ အားရကျေနပ်စိတ်၊ ဂုဏ်ယူစိတ်တွေ မွေးလာနိုင်အောင် စေ့ဆော်ပေးနိုင်တဲ့ အသိကောင်း၊ အတတ်ကောင်း၊ အလေ့အကျင့်ကောင်းတွေ ရှိခဲ့ကြပြီး၊ လေ့လာသင်ယူနေတဲ့ နယ်ပယ်နဲ့ အသားတကျ ဖြစ်ခွင့် ရခဲ့ကြပါတယ်။ အဲဒီလိုမျိုး အသားကျ ကျွမ်းကျင်နိုင်ခွင့် ရသွားကြခြင်းက မွေးရာပါ ပါရမီ ဓါတ်ခံ အားကောင်းနေခဲ့လို့လည်း မဟုတ်သလို၊ ထူးကဲစွာ မွေးဖွားလာခဲ့လို့ မှတ်ဉာဏ်ကောင်းတဲ့အတွက် လုပ်လွယ်မှတ်လွယ်နေခဲ့လို့လည်း လုံးဝ မဟုတ်ပါဘူး၊ အချိန်မြောက်များစွာ ပေးဆပ်ပြီး သက်ဆိုင်ရာ အလုပ်အကိုင်၊ အတွေးအကြံ၊ ဝါသနာရင်းခံတွေ အားလုံးနဲ့ အထိအတွေ့များစွာ ရှိခဲ့ကြပြီး၊ အသားတကျ သမမျှတဖြစ်သွားအောင် အပြင်းအထန် လေ့ကျင့်ကျက်မှတ်ခဲ့ကြလို့ပါ။ အရှင်းဆုံးပြောရရင် အထုံကောင်းကောင်းနဲ့ အစွမ်းတန်ခိုးလိုမျိုး အရည်အချင်းတွေ ရှိနိုင်ဖို့အတွက် အချိန်များစွာ အရှိန်ယူပြီး အပြင်းအထန် လေ့ကျင့်ခဲ့ကြလို့သာ အထက်တန်းစား ဆရာ့ဆရာတွေအဖြစ် ဆိုင်ရာ နယ်ပယ်မှာ ပိုင်နိုင်မှု ရှိသွားကြတာပါ။
ကျွမ်းကျင်ပိုင်နိုင်မှု ရှိကြတဲ့ ဆရာ့ဆရာတွေအချင်းချင်းတောင်မှ ရှေ့ကျတဲ့ ဆရာ့ဆရာတွေက နောက်မှ ဖြစ်လာတဲ့ ဆရာ့ဆရာတွေထက် ပိုပြီး ထူးခြားစွာ ထက်မြက်နေတတ်ပါတယ်။ ဒါကလည်း ကျွမ်းကျင်ပိုင်နိုင်တဲ့ ဝါကြီးရင့်မှု၊ အထုံပါရမီဓါတ်ခံ အားကောင်းမှုတွေကြောင့် ဖြစ်ပါတယ်။ အထုံလို့ခေါ်တဲ့ ဘဝနဲ့ ထပ်တူညီကျမှုတွေက ကိုယ်ရည်ကိုယ်သွေးနဲ့ အရည်အချင်း ဆိုင်ရာ အတွေ့အကြုံတွေကို ရင့်သန်စေနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် အထုံကောင်းလေလေ ဆရာကျလေလေ ဖြစ်ပါတယ်။ အထုံကောင်းသွားတာနဲ့ အတွေးအကြံကအစ၊ အိပ်မက်ပုံ အဆုံး အားလုံး ပြောင်းလဲသွားပါတယ်။ တော်ရုံတန်ရုံ တွေးခေါ်မြော်မြင်ကြတဲ့ ရှုထောင့်တွေထက် ပိုသာ ပိုကောင်းတဲ့ ရှုထောင့်ကနေ မြင်တတ်၊ ကြည့်တတ်တဲ့သူတွေ ဖြစ်သွားတာကြောင့် ဘာပဲ လုပ်လုပ် အမှားမရှိသလောက် ရှားသွားပြီး၊ အပြစ်အနာအဆာ အားနည်းချက် အလွန် နည်းပါးသွားကြ ပါတယ်။ မတော်တဆ ပေါ့ဆမှုတွေလည်း မရှိတော့ဘဲ၊ ကျွမ်းကျင်တဲ့အလျောက် ဘာပဲလုပ်လုပ် အေးဆေးတည်ငြိမ်စွာ လုပ်နိုင် ကိုင်နိုင်ကြပါတယ်။ ကျွမ်းကျင်ပိုင်နိုင်မှု မရှိသေးသရွေ့ကတော့ ဘာပဲလုပ်လုပ် တွေဝေနေဦးမှာ ဖြစ်ပြီး၊ စိတ်ဘဝင်မကျမှုများစွာကြောင့် လုပ်ငန်းဆိုင်ရာ အကန့်အသတ်တွေ၊ စွမ်းရည်ဆိုင်ရာ အတိုင်းအဆတွေရဲ့ ပိတ်ပင်မှုနဲ့ ကြုံကြရမှာပါ၊ အထူးသဖြင့် အချိန်များစွာ လေ့ကျင့်လေ့လာထားပေမဲ့လည်း အကြောင်းတိုက်ဆိုင်လာတိုင်း ရှေ့ဆက်ရခက်ခဲတဲ့ အခိုက်အတန့် အနေအထားများကို ကြုံကြရဦးမှာပါ။ ဒါပေမဲ့ အဲဒီလို မလွဲသာတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေကို စစ်မှန်တဲ့ ဝါရင့် ဆရာ့ဆရာတွေကတော့ ဘယ်လို အခြေအနေမျိုးကိုမဆို ရောက်ခဲ့ပါစေ၊ အခက်အခဲမရှိ ရင်ဆိုင်နိုင်စွမ်း ရှိကြပြီး၊ ယုံကြည်မှု နည်းနည်းမှ လျှော့နည်းလျှော့ကျ မသွားပါဘူး။ ဒါကြောင့် ဆရာချင်းတူတောင် သဘာချင်း ကွဲနိုင်ပါသေးတယ်။
အောင်မြင်မှုနဲ့ ထူးချွန်မှုဆိုတာ တွေးခေါ်မြော်မြင်တတ်မှုနဲ့ အသိဉာဏ်ပညာ ကြီးမြင့်မှုဖြစ်တယ်ဆိုပြီး လုပ်ငန်းခွင်လောကကြီးမှာ ယေဘုယျအနေနဲ့ လက်ခံထားမိတတ်ကြပါတယ်။ အမှန်တော့ စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာ အရ ရင့်ကျက်မှု ရှိရုံနဲ့ ဆရာမကျနိုင်ပါဘူး။ ကျရှုံးမှုများစွာကို ရင်ဆိုင်ထားဖူးတိုင်း အောင်နိုင်သူ အဖြစ် သတ်မှတ်လို့ မရသလိုပါပဲ။ အဲဒီလို ပြောလို့ အလုပ်ကို နေ့စဉ်မပြတ် အမြဲ လုပ်နိုင် ကိုင်နိုင်လို့ သက်ဆိုင်ရာ အလုပ်မှာ ကျွမ်းကျင်နေတိုင်း ဆရာကျတယ်လို့ တသတ်မှတ်တည်း ပြောလို့ မရပြန်ပါဘူး။ ရှင်းရှင်းပြောရရင် အောင်မြင်မှုအစစ်နဲ့ ဆရာကျမှု အစစ်ဆိုတာက ဉာဏ်ကောင်းပြီး လုပ်တတ်ရုံနဲ့ မဖြစ်ပါဘူး။ သက်ဆိုင်ရာ နယ်ပယ်အလိုက်၊ အဆင့်တိုင်းမှာ ဖြစ်ချင်စိတ်၊ ထက်သန်စိတ်၊ စိတ်ရှည်မှု၊ လုပ်လိုမှု၊ ယုံကြည်မှု စသဖြင့် စိတ်ပိုင်းဆိုင်ရာ ရှေ့ရှုထားတတ်မှုတွေ လိုအပ်သလို၊ သက်ဆိုင်ရာ အလုပ်ကို မပြီးမချင်း ကြိုးစား အားထုတ် လုပ်ကိုင်လိုတဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားဗလအပြင်၊ အားပါးတရ ကျားကုတ်ကျားခဲ လုပ်တတ်မှုတွေလည်း လိုအပ်ပါတယ်။ ယုံကြည်စိတ်နဲ့ လုပ်နိုင်တိုင်း အောင်မြင်နိုင်တယ်လို့ မပြောနိုင်သလို၊ လုပ်နေတဲ့ အလုပ်မှာ ကျွမ်းကျင်ပြီး မျက်လုံးမှိတ် လုပ်ပြနိုင်တိုင်း ဆရာမကျပါဘူး။
အရင်တုန်းကတော့ သူကောင်းမျိုး (သို့) အခွင့်ထူးခံလူတန်းစားဝင်တဲ့ လူနည်းစု လူသီးသန့်တွေကပဲ သက်ဆိုင်ရာ နယ်ပယ်တခုခုမှာ ကြီးကဲသူအဖြစ်၊ (သို့) ထူးကဲသူအဖြစ် နေရာယူပြီးဆရာ့ဆရာ လုပ်ခွင့် ရှိခဲ့ကြတယ်။ အဆင့်ကြီးတဲ့ တပ်မိသားစုဝင် ဖြစ်နေလို့ အုပ်ချုပ်ရေးဆိုင်ရာ အစိုးရဝန်ထမ်း ရာထူးနေရာကောင်းမှာ လူကြီးလုပ်ခွင့် ရသွားကြသလိုမျိုးပေါ့။ အဲဒီလို အခွင့်ထူးခံ မိုးကျရွှေကိုယ်တွေကမှ ဆရာ့ဆရာတွေ ဖြစ်သလို၊ ကျွမ်းကျင်ပိုင်နိုင်သူတွေ ဖြစ်သလို လက်မခံချင်လည်း လက်ခံခဲ့ကြရတယ်။ အကြောင်းတိုက်ဆိုင်လို့ နေရာကောင်း ရောက်သွားခဲ့တဲ့အချိန် ဖြစ်ချင်ခဲ့တဲ့ ဝါသနာနဲ့ ထပ်တူကျသွားလို့ လုပ်တတ်ကိုင်တတ်၊ လုပ်ရည်ကိုင်ရည်ကောင်းတွေ ရှိသွားခဲ့လို့ကတော့ ပိုင်နိုင်သူအစစ်ကြီး၊ ပညာရှင် အစစ်ကြီး၊ ဆရာကြီးဖြစ်ခွင့် ရသွားသလိုမျိုး အလွယ်လက်ခံလိုက်ကြသလို၊ ကာယကံရှင်ကိုယ်တိုင်ကလည်း လိုအပ်ချက်တွေ ရှိနေခဲ့ရင်တောင် ကိုယ့်ကိုယ်ကို သိသလို၊ တတ်သလို၊ ထူးသလို၊ မြတ်သလို ခံယူလိုက်ကြတယ်။ အမှန်တော့ တကယ် အရည်အချင်းရှိတဲ့ လူသန်းပေါင်းများစွာက ကံအကြောင်း မလှလို့သာ နေရာကောင်း၊ ရာထူးကောင်း၊ လူ့တန်းစားကောင်းမှာ လူဖြစ်ခွင့် မရဘဲ၊ ထူးနိုင်ကဲနိုင်ခွင့်ကနေ ချွတ်ချော်သွားကြရတယ်။ ဘယ်လောက်ပဲ သူတို့စိတ်နေစိတ်ခံ အားကောင်းနေကြပါစေ၊ လူမှန် နေရာမှန် မွေးလာတာ မဟုတ်တော့၊ ကြိုးစားသလောက် မအောင်မြင်ကြဘူး။ ထူးခြားသလောက် ဆန်းကြယ်ခွင့် မရကြပါဘူး။ ရေပေါ်ဆီ လူကြီးတုတွေရဲ့ လက်ဝါးကြီးအုပ်ထားမှု၊ နေရာယူထားမှုတွေကြောင့် နေရာယူခွင့် မရကြသလို၊ နေရာကောင်း ကိုတောင် မှန်းခွင့် မရတော့ဘဲ လျစ်လျူရှုခံအဖြစ် ဘဝပျက်သွားကြရတယ်။ ဒါကြောင့်လည်း သမိုင်းမှာ ဆရာစစ် ဆရာမှန် အထာစစ် အထာမှန်နဲ့ ကျွမ်းကျင်ပိုင်နိုင်သူ အစစ်တွေ ရှားပြီး နည်းပါးတာပါ။
လူမှုရေးနဲ့ နိုင်ငံရေးဆိုင်ရာ အကန့်အသတ်တွေကြောင့် ထူးချွန်သူအများစု နေရာမရဘဲ အပယ်ခံ ဖြစ်သွားကြရတယ်။ ဒီနေ့ခေတ် ဒီနေ့အချိန်ထိပါပဲ။ ဘယ်လောက်ပဲ ထူးချွန်နေပါစေ၊ အဆက်အသွယ်ကောင်း၊ အချိတ်အဆက်ကောင်း၊ အတန်းအစားကောင်းမှ မရှိခဲ့ရင် နေရာကောင်း တခု ဘယ်တော့မှ ရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အရင်နဲ့ မတူဘဲ ထူးလာတဲ့ အခွင့်အလမ်းကတော့ သူ့ထက်သာရင် သာကြောင်း ပြခွင့်ရသလို၊ နေရာယူခွင့် ပိတ်ပင်မှု မရှိတော့ဘဲ၊ ဘယ်သူမဆို လွတ်လပ်စွာ စွမ်းရည်ထုတ်ပြပိုင်ခွင့် ရှိနေတာပါ။
ဒါပေမဲ့လည်း ထင်သလောက် မလွယ်ပြန်ပါဘူး။ သက်ဆိုင်ရာ နယ်ပယ်မှာ ဘယ်လောက်ပဲ ထူးချွန်နေပါစေ၊ ကိုယ့်ကျွမ်းကျင်မှုကို အသိအမှတ်ပြုလာဖို့ လုပ်ရမယ့် အလုပ်တွေက တစီတတန်းကြီး ဖြစ်တဲ့အတွက်၊ အထုံပါရမီရှိတိုင်း ပြခွင့်ရနေခဲ့ရင်တောင် ပြဖို့ မလွယ်ပြန်ပါဘူး။ အရှိန်အဝါရစေနိုင်မယ့် အခြေခံကောင်းတွေ လိုအပ်နေပြန်ပါတယ်။ ကိုယ့်ကျွမ်းကျင်မှုဟာ အများလက်ခံနိုင်တဲ့ နယ်ပယ်က ကျွမ်းကျင်မှု ဖြစ်နေဦးမှ၊ လူတွေရဲ့ စိတ်မှာ အထင်ကြီးလောက်စရာ ဖြစ်ဦးမှလည်း နေရာကောင်း ရနိုင်တဲ့ ခေတ်ဖြစ်နေတော့၊ အရည်အချင်းနဲ့ ကိုယ်ရည်ကိုယ်သွေး တည်ဆောက်ရင်တောင် ဝါသနာပါတိုင်း လုပ်လို့ မဖြစ်ပါဘူး။ ဘဝရပ်တည်မှုအတွက် အထောက်အကူဖြစ်စေမယ့်၊ အများလက်ခံတဲ့ အရည်အချင်းနဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ဖြည့်တင်းထားဖို့ လိုအပ်ပြန်ပါတယ်။ အဲဒီလိုမျိုး ရိုးရှင်းရမယ့်အစား ရှုပ်ထွေးနေတဲ့ အကြောင်းအချက်တွေကြောင့်၊ ကျွမ်းကျင်ပိုင်နိုင်မှု - ဆရာကျမှုဆိုတာက တခေတ်ပြီး တခေတ် ခေတ်ပြောင်းတိုင်း အရင်ကထက် ရှုတ်ချခံရသလို၊ အပုပ်ချ သိက္ခာကျသွားပြီး လေးစားစရာ ဖြစ်မှုကနေ အရွတ်တိုက်စရာ အပြောင်အပျက်သဘော ဆန်သွားရပါတယ်။ ကြာလာတော့ ဆရာကျကျ အထာကျကျ လုပ်တတ်ခြင်းဆိုတာက ရယ်စရာဟာသလိုဖြစ်သွားပြီး၊ လူတိုင်း ဖြစ်ချင်ရမယ့် ကျွမ်းကျင်မှုမဟုတ်တော့ဘဲ၊ အစွဲအလမ်းကြီးသူတွေရဲ့ ရူးသွပ်မှုလိုမျိုး မိုက်မဲစွာ သမုတ်ခံလိုက်ရပါတယ်။
အဲတာထက် ခေတ်ရေချိန် မြင့်လာတာနဲ့အမျှ တိုးတက်လာတဲ့ နည်းပညာတွေကြောင့် နှစ်ပေါင်းများစွာ အချိန်ပေးပြီး လေ့ကျင့်တဲ့ စွမ်းရည်ဖြည်တင်းမှု အလေ့အထကို တခနအတွင်း အလုပ်ပြီးစေနိုင်တဲ့ ယန္တရား စွမ်းရည်တွေက အစားထိုးလာပြန်ပါတယ်။ အမှန်တော့ အပေါ်ယံ သုံးသပ်ကြည့်လိုက်ရင်၊ စက်တွေ ရှိနေမှတော့ ဘာလို့များ လူကိုယ်တိုင် အပင်ပန်းခံပြီး လေ့ကျင့်နေဦးမှာလဲ ဆိုတာမျိုးက စောဒကတက်ချင်စရာပါ။ သမိုင်းအရ လွှမ်းမိုးခဲ့တဲ့ အသိဆိုးတွေကြောင့် ဆရာကျမှုနဲ့ ပိုင်နိုင်မှုဆိုတာတွေက အမှန်တော့ အခွင့်ထူးခံ လူနည်းစုရဲ့ လက်ဝါးကြီးအုပ်မှုလိုဖြစ်နေတဲ့အတွက် ဘာလို့ သူတို့လို အကျင့်ပျက်အောင် ကိုယ့်ကိုယ်ကို လုပ်ရမှာလဲ ဆိုပြီး တွေးချင်စရာပါ။
လူတိုင်းတွေးမိကြပါလိမ့်မယ်။ ရည်ရွယ်လို့ပဲဖြစ်ဖြစ်၊ မရည်ရွယ်လို့ပဲ ဖြစ်ဖြစ် ကျွမ်းကျင်ပိုင်နိုင်အောင် ပင်ပန်း ဆင်းရဲစွာ လေ့ကျင့်ရမယ့် အလုပ်အပေါ် စိတ်ရှည်နိုင်ဖို့ မလွယ်လောက်ဘူးဆိုပြီး ဒွိဟဖြစ်ချင် ဖြစ်ကြမှာပါ။ လူနေမှု အသိုက်အဝန်းအလိုက် ဆရာကြီးလုပ်တဲ့ အလေ့အကျင့်တွေကို ခါးသီးကောင်း ခါးသီးနေနိုင်ပါတယ်။ ဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်မိဘတွေ၊ အသိုင်းအဝိုင်းတွေက တိုက်တွန်းနိုးဆော်လို့ ဝါသနာပါရာ အလုပ်အကိုင်ကို ကျွမ်းကျင်သည်အထိ လေ့ကျင့်ဖြည့်ဆည်းခွင့် မရဘဲ၊ အများ အကြိုက်လိုက်ပြီး လုပ်ဖို့ပဲ ဆုံးဖြတ်ထားရတာမျိုး ဖြစ်ကောင်း ဖြစ်နေမှာပါ။ ဒါမှမဟုတ် ကျွမ်းကျင်ပိုင်နိုင်တဲ့ ဆရာကျလောက်အောင် လေ့ကျင့်စရာ မလိုဘဲ သာသာယာယာ နေနိုင်တဲ့ အနေအထား ရောက်နေပြီဖြစ်တဲ့အတွက် ဘာကိုမှ ပင်ပင်ပန်းပန်း လုပ်မနေတော့ဘူးဆိုပြီး စိတ်ပိုင်းဖြတ်ထားတာမျိုးလည်းဖြစ်ချင် ဖြစ်မှာပါ။ ခက်ခဲမှုတွေ၊ စိန်ခေါ်မှုတွေ မြောက်များစွာကို မလွဲမသွေ ရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် တွေဝေစိတ်နဲ့ မဝံ့မရဲဖြစ်နေပြီး၊ တွန့်ဆုတ်နေမယ့် သူတွေလည်း ရှိကောင်း ရှိမှာပါ။ ပျောက်ကွယ်နေသလို ဖြစ်နေတဲ့ ကိုယ့်အစွမ်းအစတွေကို ဖော်ထုတ်ခွင့် ရနိုင်မယ့်အခွင့်အလမ်း ရှိနေမှန်း သိသိကြီးနဲ့ ကြောက်စိတ်ဝင် မသိချင်ယောင်ဆောင်မယ့်သူတွေလည်း ရှိမှာပါ။ ပင်ပန်းဆင်းရဲနိုင်မှန်း သိသိကြီးနဲ့ မလုပ်ချင်မကိုင်တာ မဆန်းပါဘူး။ သဘာဝပါပဲ။
မွေးကတည်းက ထူးကဲစွာ ပါလာပြီးသား ကိုယ်ရည်ကိုယ်သွေးတွေကို ထုတ်ဖော်ခွင့် ရနေမှန်း သိသိကြီးနဲ့ မိုက်မဲစွာ မစွန့်လွတ်လိုက်ပါနဲ့။ ဦးနှောက်နဲ့ နှလုံးသားကို တွဲစပ်ပြီး လက်တွေ့ဘဝမှာ ကြုံတွေ့လာရမယ့် အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ပါ။ အတွေးအကြံတွေကြောင့် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု၊ ဆုတ်ယုတ်မှုတွေ ဖြစ်တယ်လို့ ဆေးသိပ္ပံလက်တွေ့စမ်းသပ်ချက်တွေအရ သိရပါတယ်။ ဆိုလိုတာက ဘဝဆိုတာ ကိုယ့်အတွေးအကြံအပေါ် မူတည်ပါတယ်။ ကိုယ့်စိတ်က တွေးထားတဲ့အတိုင်း ကိုယ့်ဘဝ ဖြစ်လာတာပါ။ သူများထက် သာတဲ့ ဘဝမျိုး လိုချင်ရင်၊ သူများထက် သာလွန်ကဲတဲ့ လူနေမှုဘဝမျိုးကို လိုချင်စိတ် မွေးနိုင်ဦးမှ ဖြစ်မှာပါ၊ အဲဒီလိုပဲ မွေးနိုင်ရုံနဲ့ မပြီးသေးပါဘူး၊ ကိုယ့်စိတ်ကူးအတိုင်း အမှန်တကယ်ဖြစ်လာအောင် ဖန်တီးတည်ဆောက်လိုတဲ့ ထက်သန်စိတ်လည်း ပေါက်လာအောင် စိတ်ခွန်အား ဖြည့်တင်းနိုင်ဖို့ လိုပါသေးတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် စိတ်အပေါ်ပဲ မူတည်ပါတယ်။
တချို့လူတွေက ဘယ်လောက်ပဲ ကြိုးစားပါစေ၊ ဘာမှ ဖြစ်မြောက်မလာဘဲ ကျရှုံးမှုများစွာနဲ့ လက်လျှော့ သွားကြရတယ်။ အမှန်တော့ ကြိုးစားမှု အားနည်းလို့ မဟုတ်ပါဘူး။ ဖြစ်မြောက်လိုတဲ့ ထက်သန်စိတ် အားနည်းလို့ပါ။ စိတ်ခွန်အား မရှိဘဲ ဘာကိုမှ ရင်ဆိုင်လို့ မရပါဘူး။ စိတ်သာ အဓိက ဖြစ်ပါတယ်။ ကိုယ်ရည်ကိုယ်သွေး၊ အရည်အချင်း၊ အသိပညာ၊ အတတ်ပညာ စသဖြင့် လူနဲ့ပတ်သက်သမျှ စိတ်နေစိတ်ခံကသာ အရေးကြီးတာပါ။ ကျွမ်းကျင်ပိုင်နိုင်မှုဆိုတာက စိတ်ခွန်အားကို တိုးမြင့်အောင် လေ့ကျင့်ထားမှုကြောင့် ရလာတဲ့ အကျိုးဆက်ပါ။ ကိုယ်လုပ်နိုင်တာထက် ပိုပြီး လုပ်ရဲတဲ့ သတ္တိမျိုး ပေါက်လာဖို့ဆိုတာက လုပ်ရဲရုံလောက်နဲ့ မဖြစ်ပါဘူး၊ ကြံ့ကြံ့ခိုင်တဲ့ စိတ်ခွန်အား ပြည့်ဝမှုကြောင့် ဖြစ်လာတဲ့ စိတ်တန်ခိုးပါ။ အလုပ်ဟူသမျှ စိတ်နေစိတ်ခံအပေါ် အခြေခံပါတယ်။ ဆရာကျဖို့ဆိုရင် လက်တွေ့လုပ်ဖို့ထက် စိတ်နေစိတ်ထားကို ပြုပြင်ပြောင်းလဲဖို့ အရင်လိုပါတယ်။ စိတ်ဓါတ်ပြုပြင်ပြောင်းလဲနိုင်မှု မရှိသရွေ့ ဘာမှ တိုးတက်ဖွံ့ဖြိုးနိုင်မှာ မဟုတ်ပါဘူး။
စိတ်ဓါတ်ပြုပြင်ပြောင်းလဲရေးအတွက် အဆင့်တွေ ရှိပါတယ်၊ အသိဉာဏ်ပညာ လေ့လာဆည်းပူးမှုတွေ တဆင့်ပြီး တဆင့် တိုးတက်သွားတိုင်း လူကိုယ်တိုင်လည်း ပြောင်းလဲတိုးတက်သွားတာကို လက်တွေ့ ရလဒ်အဖြစ် ခံစားသိမြင်နိုင်ကြပါလိမ့်မယ်။ နည်းစဉ်အတိုင်း တဖြည်းဖြည်းချင်း တိုးတက်သွားမှာ ဖြစ်တဲ့အတွက် စိတ်ထဲ စွဲမြဲခဲ့တဲ့ အသိဟောင်းတွေရဲ့ နေရာမှာ အသိသစ်တွေနဲ့ ကိုယ်ရည်ကိုယ်သွေးသစ်တွေက နေရာယူလာကြမှာဖြစ်ပြီး၊ လူဟောင်းနေရာမှာ စိတ်သစ်ကိုယ်သစ်နဲ့ လူသစ်ဖြစ်သွားဦးမှာပါ။ ဒါကြောင့် ကျွမ်းကျင်ပိုင်နိုင်မှုကိုယ်ရည်ကိုယ်သွေး ဖြစ်တဲ့ “ဆရာကျမှု” ကို ဘဝတိုးတက်ပြောင်းလဲရေးဆိုင်ရာ နည်းစဉ်အဖြစ် မြင်အောင် ဆန်းစစ်နိုင်ဖို့ လိုပါတယ်။ ဒီစာအုပ်ဟာ ကျွမ်းကျင်ပိုင်နိုင်မှု ကိုယ်ရည်ကိုယ်သွေး အတွက် ဖြည့်ကျင့်ရေးဆိုင်ရာ နည်းစဉ် စာအုပ်ဆိုပေမဲ့၊ အမှန်တော့ အရှင်းဆုံးပြောရရင် စိတ်ရောကိုယ်ပါ ပြုပြင်ပြောင်းလဲရေးအတွက် မဖြစ်မနေ လေ့လာထားရမယ့် တိုးတက်ပြောင်းလဲရေး ဆိုင်ရာ လမ်းညွှန်ဖြစ်ပါတယ်။
ဒီစာအုပ်မှာ ဖော်ပြပေးသွားမယ့် အကြောင်းအချက်အလက်တွေဟာ အပေါ်ယံ တွေးခေါ်မြော်မြင်ထားချက်တွေ လုံးဝ မဟုတ်ဘဲ၊ အာရုံကြောသိပ္ပံလေ့လာမှုတွေ၊ အသိပညာဆိုင်ရာသိပ္ပံနည်းကျ လေ့လာချက်တွေနဲ့ သက်ဆိုင်ရာ နယ်ပယ်အလိုက် သမိုင်းတလျှောက် “ဆရာ့ဆရာ”တွေ အဖြစ် သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်များစွာရဲ့ အတ္ထုပ္ပတ္တိများစွာကို နှစ်ပေါင်းများစွာ စနစ်တကျ သုတေသနပြု လေ့လာထားချက်တွေအပြင်၊ ခေတ်ပြိုင် ဆရာ့ဆရာတွေနဲ့ လက်တွေ့ အင်တာဗျူးထားတာတွေကနေ သိထားသမျှ အကြောင်းအချက်တွေကို ပြန်လည် စုစည်းဖော်ပြထားတာဖြစ်ပါတယ်။
ဒီစာအုပ်ကို အခန်း ခြောက်ခန်းခွဲပြီး တင်ပြထားပါတယ်။ ခွဲထားတဲ့ အခန်းအလိုက် တဆင့်ချင်း လေ့လာသွားရမှာပါ။ အခန်းတစ်ကနေ စရမှာဖြစ်ပြီး - ကိုယ့်ဘဝရဲ့ ရည်မှန်းချက်နဲ့ ဝါသနာကို ရှာဖွေဖို့ အတွက် အရင်ဆုံး သိထားသင့်တာတွေကို လေ့လာသွားရမှာပါ။ နောက်သုံးခန်းမှာတော့ “လက်သင်တပည့်” အဆင့်အကြောင်း သုံးပိုင်းခွဲပြီး တင်ပြသွားမှာဖြစ်ပါတယ်။ အခန်းငါးမှာတော့ သင်ယူလေ့လာထားခဲ့သမျှ အရည်အချင်းတွေ၊ အသိပညာ၊ အတတ်ပညာတွေ၊ အတွေ့အကြုံတွေကို အခြေခံပြီး လက်တွေ့ ဖန်တီး ဖော်ဆောင် အသုံးချရမယ့် အပိုင်းကဏ္ဍဆိုင်ရာ အချက်လက်တွေကို လေ့လာကြရမှာပါ။ အခန်းခြောက်ကတော့ ဒီစာအုပ်ရဲ့ ပန်းတိုင်ဖြစ်တဲ့ “ပိုင်နိုင်မှု” ဆိုင်ရာ မှတ်တိုင်တွေကို လေ့လာသွားရမှာ ဖြစ်ပါတယ်။ အခန်းတိုင်းမှာ စိတ်ဝင်စားစရာ ဖြစ်ရပ်မှန် ဇာတ်လမ်းတွေနဲ့ စံပြပုဂ္ဂိုလ်တွေရဲ့ စံနမူနာထားစရာ လက်တွေ့ ကျင့်ကြံပုံတွေကို ထည့်သွင်း ဖော်ပြလမ်းညွှန်ပေးသွားမှာဖြစ်ပြီး၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်တို့ရဲ့ လက်စွဲ ကျွမ်းကျင်ပိုင်နိုင်မှုဆိုင်ရာ တွေးခေါ်မြော်မြင်လက်ခံမှုတွေကို ဆန်းစစ်ပေးသွားမှာ ဖြစ်ပါတယ်။
အဲဒီလို သာဓက ပြယုဂ် ထုတ်ပြပြီးတိုင်း၊ ဥပမာနဲ့ ယှဉ်တဲ့ ဆိုင်ရာသော့ချက်တွေကို ထပ်မံ အကြံပြု တင်ပြသွားမှာ ဖြစ်သလို၊ စနစ်တကျ လေ့လာထားတဲ့ အောင်မြင်ရေးဆိုင်ရာ နည်းစဉ်တွေကို ချမှတ်ဖော်ဆောင်ဖို့ အကျယ်အားဖြင့်ဖြစ်စေ၊ အနှစ်ချုပ်အားဖြင့် ဖြစ်စေ ဆက်လက်တင်ပြသွားမှာပါ။ သော့ချက်အတိုင်း လက်တွေ့ ဖော်ဆောင်နိုင်ခဲ့ရင် အတိုင်းအတာ ဘယ်လောက်အထိ အကျိုးရှိနိုင်မယ် ဆိုတာကိုလည်း အခန်းတိုင်းက လမ်းညွှန်မှုအတိုင်း လက်တွေ့ ဖော်ဆောင်သူမှန်သမျှ အကျိုးရလဒ်ကောင်းတွေကို မုချ ခံစားရပါလိမ့်မယ်။ ဒီစာအုပ်ပါ အကြောင်းအချက်တွေက အတွေးအခေါ်တွေ မဟုတ်ပါဘူး၊ လက်တွေ့ အသုံးချကြရမယ့် နည်းစဉ်တွေ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဖော်ပြထားမယ့် အောင်မြင် တိုးတက်ရေးဆိုင်ရာ နည်းဗျူဟာများသည် သာမှန်ကာသျှံကာ လူထင်ကြီးအောင် ဖော်ပြထားတဲ့ လေထွားချက်များ လုံးဝ မဟုတ်ပါဘူး၊ စနစ်တကျ လေ့လာထားတဲ့ သိပ္ပံနည်းကျ နည်းစနစ်မှန်တွေ ဖြစ်ပါတယ်။
အထူးအသိပေးလိုတာက၊ ဒီစာအုပ်မှာ ဖော်ပြသွားမယ့် အသိပညာတွေနဲ့ အဆင့်တွေကို သာမှန် လမ်းကြောင်း တစ်ခုအဖြစ် မမြင်ဘဲ၊ တိုးတက်ရာ တိုးတက်ကြောင်း၊ ဖွံ့ဖြိုးရာ ဖွံ့ဖြိုးကြောင်း မှတ်ကျောက်တိုင်ထူနိုင်လောက်တဲ့ နည်းမဟာဗျူဟာများအဖြစ် ရှုမြင်ထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဘယ်သူမဆို ဘဝတခုလုံးကို လက်သင်တပည့် အနေနဲ့ သေတပန် သက်တဆုံး သင်ယူကြရတာပါ။ ဆရာရယ်လို့ မရှိပါဘူး။ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ရေရှိန်အလိုက် အမြဲမပြတ် လေ့ကျင့် နေကြရပြီး၊ ရှိပြီးသား အရည်အချင်းကို တိုးတက်သည်ထက် တိုးတက်အောင်၊ ရှိပြီးသား စွမ်းရည်တွေကို ထက်မြက်သည်ထက် ထက်မြက်အောင်၊ ကျွမ်းကျင်ပြီးသား အလုပ်တွေကို ပိုင်နိုင်သည်ထက် ပိုင်နိုင်အောင် အမြဲမပြတ် လုပ်မှသာ သူ့ထက်သာနိုင်တာဖြစ်ပါတယ်။ ရေရှိန်အလိုက် ပြောင်းလဲနိုင်စွမ်း မရှိရင်တော့ မနေ့က ဆိုတဲ့ အတိတ်ဟောင်းက အသိပညာနဲ့ အမြင်ကျဉ်းမြောင်းမှုမှာ ကျန်ရစ်ခဲ့မှာဖြစ်ပြီး၊ နောက်တနေ့ ဆိုတဲ့ အနာဂတ်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကြောင့် အကြီးအကျယ် ကျရှုံးကြရမှာ ဖြစ်ပါတယ်။
ကျွမ်းကျင်ပိုင်နိုင်မှု ရှိဖို့အတွက် နည်းစဉ်အတိုင်း အစဉ်တစိုက် ပုံမှန်လေး လေ့ကျင့်သွားမယ်ဆိုရင်တော့၊ ဘဝရဲ့ အမှန်တရားကို ရှုမြင်နိုင်စွမ်း ရှိလာမယ့်အပြင်၊ ပြောင်းလဲမှုဖြစ်စဉ်ရဲ့ လျို့ဝှက်ချက်တွေကိုပါ သိနိုင်စွမ်း ရှိလာမှာပါ။ စိတ်တိုင်းကျတဲ့ အဆင့်တခုကို ရောက်သွားတာနဲ့ တပြိုင်နက် ၊ ကျယ်ပြောလာတဲ့ အသိဉာဏ်ပညာကြောင့် သေးနုပ်သလို ထင်ရတဲ့ ဘဝဟောင်းကို ပြန်သုံးသပ်ပြီး၊ ကြီးမြတ်တဲ့ ဘဝသစ်ကို မွက်သိပ်စွာ လိုက်စား ဖော်ဆောင်ကြမှာ ဖြစ်ပါတယ်။ မသေမချင်း သင်ယူလေ့ကျင့်သွားရမယ့် ဘဝဆိုင်ရာ လုပ်ငန်းကြီးကို ဤစာအုပ်ပါ နည်းစည်းအတိုင်း စနစ်တကျ ဖော်ဆောင်ရင်း သူမတူထူးကဲစွာ ကြီးမြတ်မှုမှန်သမျှကို အားရကျေနပ်စွာ ခံယူလိုက်ပါ။