လူအများကြားမှာ ကိုယ့်အနေအထားက အရေးမပါ၊ အရာမရောက်သလို ဖြစ်နေခဲ့ရင် ခံစားရအလွန် ခက်ပါတယ်။ စိတ်ထဲ မကျေလည်နိုင်ပါဘူး။ အပယ်ခံစိတ်ကြောင့် သိမ်ငယ်နေရတတ်တယ်။ အသုံးမကျတဲ့သူလို ခံစားသွားရတယ်။ ဘယ်သူမှ အဲဒီလိုမျိုး ဖြစ်ချင်ကြမှာ မဟုတ်ပါဘူး။
လူမှန်ရင် အခွင့်အာဏာ ရှိချင်ကြပါတယ်။ ဘယ်လို အလုပ်ပဲဖြစ်ဖြစ်၊ ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ ကိုယ့် ပယောဂနဲ့ ကိုယ့်စိတ်အကြောင်း အခြေခံတဲ့ ပတ်သက်ဆက်နွယ်မှု၊ ဆက်စပ်မှုလေးတွေ ရှိချင်ကြတယ်။
‘ငါပြောလိုက်လို့’၊ ‘ငါ့ကြောင့်မို့လို့’၊ ‘ငါလုပ်ခိုင်းလို့’ စသဖြင့် အဖြစ်အပျက် တစ်စုံတစ်ရာ ပြောင်းလဲ တိုးတတ်စေနိုင်ခဲ့ရင်၊ ကိုယ့်ကိုယ်ကို “အရေးပါသူ” အဖြစ် ခံစားကြရပြီး၊ အဲဒီသာယာစိတ်နဲ့ ဂုဏ်ဆာလိုကြပါတယ်။
ဒီခေတ်ကြီးမှာ အာဏာပြတာတွေ၊ ဩဇာသီးတာတွေကို အမြင်ကတ်ကြတယ်ဆိုပေမယ့်၊ အာဏာမပြ၊ ဩဇာမညောင်းပြန်ရင် “အသုံးမကျသူ” အဖြစ် အထင်ခံရတတ်ပါတယ်။ ဩဇာထုတ်၊ အာဏာပြတော့လည်း “အခွင့်ကောင်းယူသူ” “ခေါင်းပုံဖြတ်သူ” “အမြတ်ကြီးစားသူ” “မတရားသူ” “ဘက်လိုက်သူ” စသဖြင့် နာမည်ပေး သမုတ်ခံရပြန်ပါတယ်။ ခွအတော်ကျတဲ့ ဒီခေတ်မှာ လူလုပ်တတ်ဖို့ လုံးဝ မလွယ်တော့ပါဘူး။ “တရားသူကြီး” တလှည့် “အာဏာရှင်” တလှည့် သရုပ်ဆောင်ကောင်းကောင်းနဲ့ မာယာတွေ ပစ်ကျွေးတတ်မှ “လူကောင်း” အဖြစ် လူရာသွင်း သတ်မှတ်ခံရတာပါ။
ဩဇာအာဏာအရှိန်အဝါဆိုတာ ဟိုးရှေးရှေးကတည်းက ရှိခဲ့တဲ့အရာပါ။ ဘုရင်တွေ၊ ဧကရာဇ်တွေမှာပဲ ရှိတဲ့ “လုပ်ပိုင်ခွင့်” မဟုတ်ပါဘူး။ “အာဏာ” ဆိုတာက လူသားတိုင်းအတွက် လက်ကိုင်တုတ် (သို့) လက်နက်လိုမျိုး မရှိမဖြစ် လိုအပ်တဲ့အရာဖြစ်ပါတယ်။
အခွင့်အာဏာအလိုက် တက်နိုင်စွမ်းရှိတဲ့အလျောက် လွှမ်းမိုးခြယ်လည်ခွင့်ရကြပါတယ်။ လက်ဝယ်ရရှိထားကြတဲ့ အခွင့်အာဏာ အရှိန်အဝါတွေကို ပါးနပ်သူတွေသာ အကောင်းဆုံး အသုံးချတတ်ပြီး၊ လှည့်ကွက်၊ ရွှေ့ကွက် အမျိုးမျိုးနဲ့ သူ့ထက်သာအောင် စွမ်းဆောင်လေ့ရှိကြပါတယ်။
ဩဇာအာဏာအရှိန်အဝါတွေကြောင့် သမိုင်းအဆက်ဆက်၊ ခေတ်အဆက်ဆက်၊ နယ်ပယ်ဝန်းကျင် အမျိုးမျိုးမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေ မနည်းလှပါဘူး။ ကောင်းတာတွေလည်း ဖြစ်ခဲ့သလို၊ ဆိုးတာတွေလည်း ဖြစ်ခဲ့ပါတယ်။ မြင့်မြတ်တဲ့ ဖြစ်စဉ်တွေနဲ့အတူ၊ ယုတ်ညံ့တဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ဖူးပါတယ်။ လုပ်ပိုင်ခွင့်အာဏာကို အခြေခံပြီး၊ နည်းမျိုးစုံ၊ ဘက်မျိုးစုံနဲ့ အကြောင်းပြ၊ ခြယ်လှယ်၊ ချုပ်ကိုင်၊ ပုံသွင်း၊ ပုံဖော်ခဲ့တဲ့ သမိုင်းဥပမာ၊ ဖြစ်ရပ်မှန်သာဓကတွေ အများကြီး ရှိပါတယ်။
ဘယ်သူမှ “အကျော” မခံချင်ပါဘူး။ အဲဒီလိုပဲ “ဂုဏ်ဆာပြ” နေသလိုလည်း မဖြစ်ချင်ကြပါဘူး။ “ပါကြီး”လို နေရာတကာ လုပ်ပိုင်ခွင့်ရှိနေတာမျိုးလည်း လူသိထင်ရှား မဖြစ်စေချင်ကြပါဘူး။ လူပုံအလယ်မှာ “လူရိုးကြီး” ဂိုက်ဖမ်းနေပေမယ့်၊ ကွယ်ရာမှာတော့ လုပ်ချင်တာလုပ်နေမှာပါ။
“ဘီလူးဆိုပေမယ့်၊ မျက်နှာဖုံးနဲ့ အပြုံးနဲ့” ဆိုသလိုမျိုး၊ ဟိတ်ဟန်ရှိသလောက်၊ မိတ်ဖန်ပေါတာမျိုး ဖြစ်ချင်ကြပါတယ်။ ကောက်ကျစ်စဉ်းလဲပေမယ့်၊ ဖြောင့်မတ်တည်ကြည်သလို၊ တရားမျှတမှုကို တဖွဖွပြောပေမယ့်၊ ကွယ်ရာမှာ ခေါင်းပုံဖြတ်၊ စိုးမိုးချင်ကြပါသေးတယ်။ ဒါကို ဩဇာအာဏာ အရှိန်အဝါဆိုင်ရာ အခြေခံသဘောတရားတွေအရ “အသောမသတ်နိုင်တဲ့ လှည့်စားမှုကွင်းဆက်” လို့ခေါ်ပါတယ်။
ရှေးခေတ်ဟောင်း မင်းဘုရင်တို့ ခြေတော်ရင်း၊ ခစားခဲ့ကြရတဲ့ မူးကြီးမတ်ရာတွေရဲ့ လွတ်ရုံးနိုင်ငံရေး ကစားကွက်လိုပါပဲ၊ လူနေမှုအဆင့်အတန်းအလိုက်၊ ကွဲပြားခြားနားသွားတဲ့ အခွင့်အာဏာအမျိုးမျိုးကို အနေအထားအလိုက် တပ်မက်မော၊ တွယ်တာကြတာက အရှိန်အဝါရဲ့ အဆိပ်မိထားသူတို့ ထုံးစံဖြစ်ပါတယ်။
ရှေးခေတ်ဟောင်း ဘုရင်မင်းမြတ်တို့ ခြေတော်ရင်းမှာ ခစားခဲ့ကြတဲ့ မူးကြီးမတ်ရာတွေရဲ့ လွှတ်ရုံးဆိုင်ရာ နိုင်ငံရေးကစားကွက်လိုပါပဲ။ အရှိန်အဝါရဲ့ အရသာကို မြည်းစမ်းဖူးသူတိုင်း အာဏာအဆိပ် မိသွားကြတာကြောင့်၊ လုပ်ပိုင်ခွင့်တွေအပေါ် ယစ်မူးစွာဖြင့် လိုချင်မက်မောတွယ်တာသွားလေ့ရှိပါတယ်။
ဘုရင်၊ ဘုရင်မ၊ ဧကရာဇ်၊ သမ္မတ အစရှိသဖြင့်၊ အခွင့်ထူးအာဏာကို အကြွင်းမဲ့ဆုပ်ကိုင်ထားကြတဲ့ ပုဂ္ဂိုလ်တွေ အနားမှာ၊ ခခယယ၊ ရိုရိုကျိုးကျိုး “သခင့်အရေး ဝန်ဆောင်ပေး”ဖို့၊ မရှက်မကြောက်၊ ဖားလျားတတ်တဲ့ အာဏာဖုတ်ကောင်တွေလည်း သမိုင်းမှာ သာဓကအစုံ၊ ဇာတ်စုံပတ်စုံ မြင်သိနိုင်ပါတယ်။
သမိုင်းမှာ သခင်အားရ ကျွန်ပါးဝတတ်တဲ့အလေ့အထတွေ အများကြီးရှိခဲ့ပါတယ်။ သခင့်အကြိုက်ဆောင် ကိုယ်ကျိုးအောင်ဖို့ မဖြစ်ဖြစ်တဲ့နည်းနဲ့ အားထုတ်ဖော်ဆောင်တတ်တဲ့ ငတေမာပြီးရောလူတွေ အများကြီး ရှိခဲ့ပါတယ်။ ကိုယ်ကျိုးအတွက်ဆိုရင် အရေးပါသူတွေမှအပ ကျန်သူတွေကို ချနင်းပြီး၊ အထက်ကို တက်ချင်တဲ့သူတွေ အများကြီး ရှိပါတယ်။ ရှိလည်း ရှိနေစဲပါပဲ။ ရှိလည်း ရှိသွားဦးမှာပါ။ ဒါဟာ လူ့သဘာဝပဲ ဖြစ်ပါတယ်။
လွှတ်တော်၊ ရုံးတော်ဆိုတာက ကိုယ်စားပြုလူနေမှု အသိုက်အဝန်း (သို့) လူမှု အဖွဲ့အစည်းရဲ့ ကောင်းကျိုးကို ရှေးရှုပြီး ဖြည့်ဆည်းဖော်ဆောင်ပေးရမယ့် လူမှုယန္တရားတစ်ရပ် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အာဏာရဲ့ အဆိပ်ကြောင့်၊ အရှိန်အဝါ ခံစားခွင့် ရှိကြပုံအလိုက် အာဏာယစ်မူးသွားကြတဲ့အခါမှာ၊ “တန်းမတူရင် ဖက်မဆည်” စိတ်ကြီးဝင်သွားကြပြီး၊ အာဏာကို ခုတုံးလုပ် အကြမ်းဖက် ရက်စက်တတ်ကြပါတယ်။ အထက်ဖား အောက်ဖိစိတ်တွေကြောင့်၊ လုပ်ပိုင်ခွင့် သဘာဝတွေက ယဉ်ကျေးမှုတရပ် အသွင်ပြောင်းလာတဲ့အခါမှာ၊ တန်းတူအချင်းချင်းတောင် သူ့ကျောကိုယ့်ကျော ဓားထိုးဖို့ ကြောင်ချောင်းသလို၊ အခွင့်ကောင်းမျှော်စိတ်တွေနဲ့ အကျင့်ပျက်ပြား ညစ်ညူးသွားကြပါတယ်။ သရုပ်ဆောင်ကောင်း၊ ဟန်ဆောင်ကောင်းကြပါတယ်။ ပုံပန်းအရ အမြင်မှာတော့ သူတော်ကောင်းရုပ်နဲ့ ဆိုပေမဲ့၊ နောက်ကွယ်မှာ ဓားမြှောင် ခါးထိုးထားတတ်ကြပါတယ်။
အာဏာပါးဝသွားပြီး အခွင့်ကောင်းယူတတ်သူတွေကျပြန်တော့၊ အာဏာရူးတွေနဲ့ မတူတော့ဘဲ၊ ကိုယ်ရည်ကိုယ်သွေးအလိုက် လူနေမှုသဘာဝကအစ အားလုံး အဆင့်မြင့်သွားတော့တယ်။ ဘာပဲလုပ်လုပ် တိုက်ရိုက်မလုပ်တော့ပါဘူး။ ပြိုင်ဘက် (သို့) ရန်ဘက်အပေါ် သွယ်ဝိုက်နည်းနဲ့ လွှမ်းမိုး ချုပ်ကိုင်နိုင်အောင် ကြိုးစားကြပါတယ်။ သူ့ထက်သာစိတ်၊ သူ့ထက်လျင်စိတ်၊ သူ့ထက်မာစိတ်တွေကို အခြေခံပြီး၊ ရွှေ့ကွက်၊ လှည့်ကွက်၊ ဆုတ်ကွက်၊ တိုးကွက် စသဖြင့် မာယာစုံ၊ ပရိယာယ်စုံ ခပ်ကြွယ်ကြွယ်သုံးတတ်ကြပါတယ်။
မျက်နှာက အပြုံးမပျက်ပေမယ့်၊ လက်ကတော့ နောက်ကျောကို ဓားထိုးပြီးသွားပြီ။ မျက်နှာပြောင်တိုက် တဲ့တိုးကြီး မလုပ်ပေမယ့်၊ လှည့်ကွက်၊ မြှားကွက်၊ ဆွယ်ကွက် စသဖြင့် နည်းစုံလမ်းစုံနဲ့ သူများထက် တစ်ပန်းသာအောင် ခွင်ဆင်ကြံဖန်တတ်ကြပါတယ်။ “အသောမသတ်နိုင်တဲ့ လှည့်စားမှုကွင်းဆက်” လောကကြီးမှာ၊ သူတလှည့်၊ ငါတခါ၊ နည်းစုံသုံးပြီး၊ စစ်ခင်းနေတတ်ကြရတာပါ။
အခုချိန်ထိလည်း အဲဒီစစ်ကြီး မပြီးဆုံးသေးပါဘူး။ အပေါ်ယံ ကြည့်လိုက်ရင်တော့၊ ယဉ်ကျေးသိမ်မွေ့တဲ့ အသွင်ရှိနေကြပါလိမ့်မယ်။ ရိုးသားကြိုးစားတဲ့ အသွင်ပေါက်နေကြပါလိမ့်မယ်၊ တရားမျှတပြီး၊ စည်းကြပ် ပျပ်ဝပ်သလို ထင်ရပေမယ့်၊ အသောမသတ်နိုင်တဲ့ လှည့်စားမှုကွင်းဆက်ထဲက သူစားငါစားလူတွေပဲမို့၊ သူတလှည့်ငါတခါ ဦးသူနိုင်စနစ်နဲ့ သူ့ထက်ငါအလျင် မသာ သာအောင် လုပ်နေကြံနေကြတုန်းပါ။ အနိဋ္ဌာရုံတွေနဲ့ ပုံပျက်ပန်းပျက် ခွေကြဖန်ကြတဲ့ ခေတ်မဟုတ်တော့ပေမယ့်လည်း၊ ရူးချင်ယောင်ဆောင်နေကြပြီး၊ ခြေတဖန်ထိုး ခလုတ်တိုက်လဲအောင် လုပ်တတ်ကြပါတယ်။
လောဘစိတ်၊ မလိုစိတ်၊ ရာဂစိတ်၊ မုန်းစိတ်တွေ အားလုံးကို အစုံသုပ်ထားတဲ့ ပန်းကန်လုံးကြီးထဲ၊ နှမ်းဖြူး၊ ရွက်အုံ၊ ဆီဆမ်း၊ ညွှန့်တန်းထားတဲ့ အခုလိုခေတ်ကြီးမှာ၊ “လူထဲကလူ” ဖြစ်နိုင်ဖို့၊ လူမှုရေးဆိုင်ရာ လှည့်ကွက်တွေကို အရိပ်မြင်ရုံနဲ့ အကောင်မှန်း သိအောင်၊ အစုံသုပ်အထာ နားလည်ထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
“အာဏာစက် နည်းဥပဒေသ ၄၈ ရပ်” ကို အစုံသုပ်လမ်းညွှန်လို့ မှတ်လိုက်ပါ။ ဒီလက်စွဲလမ်းညွှန်စာအုပ်ကို လေ့လာထားမယ်ဆိုရင်၊ ဩဇာအာဏာအရှိန်အဝါရဲ့ အလုပ်လုပ်ပုံ၊ လူ့အထာသဘောသဘာဝတွေကို အခြေခံကျကျ နားလည်သွားနိုင်မှာ ဖြစ်ပြီး၊ လက်တွေ့ ဘဝမှာ အသုံးချလို့ ရနိုင်သလို၊ ကိုယ့်အပေါ် မသမာစိတ်နဲ့ ထိုးနှက်လာကြရင်၊ သူ့ထက်ငါအလျင် မြင်နိုင်သိနိုင်မှာဖြစ်တဲ့အတွက်၊ အန္တရာယ်အမျိုးမျိုးကို ကြိုတင်ကာကွယ်နိုင်မယ့် အကျိုးကျေးဇူး မုချ ခံစားရပါလိမ့်မယ်။ ဦးသူနိုင်လောကမှာ နိုင်သူထက် သာသူဖြစ်အောင် ဒီစာအုပ်နဲ့ ဘဝဖြတ်လမ်း ချဲ့ထွင်တိုးမြှင့်လိုက်ပါ။