Send messages for more info
"ပုဂံရနံ့" ဆိုတာ ဘယ်လို page လဲဆိုပြီးပြောရရင် ပုဂံနဲ့ပတ်သတ်ပြီး ကျွန်တော်တို့ကြုံခဲ့ရတဲ့အတွေ့အကြုံတွေ ဖတ်ထားဖူးသမျှစာလေးတွေ ရိုက်ခဲ့ဖူးတဲ့ပုံလေးတွေ၊ vlog တွေ ကို မျှဝေပေးတဲ့ သဘောပါပဲ။ page ရဲ့ admin ၂ ယောက်ရှိပေမယ့် သူငယ်ချင်းတွေ အကုန်လုံးစုပြီး ခရီးဆိုလို့ covid ကာလ ပုဂံကို တစ်ခါပဲသွားဖူးပါတယ်။ ဒါပေမယ့် ၂ ယောက်လုံးမှာတူတဲ့အချက်က သူငယ်ချင်းတွေအများကြီးရှိပေမယ့် လူစုံလို့ပုဂံ အကြောင်းပြောမိပြီဆို အကုန်ပါလာတော့တာပါပဲ။ တူတာဆိုလို့ ပုဂံ ကိုချစ်တဲ့စိတ်ပဲရှိလောက်မယ်ထင်တယ် ပြီးတော့ ဒီ page က admin ၂ ယောက် တင်ချင်တဲ့သူ တင်ချင်တာတင် တဲ့ page ပါ။news feed မှာတက်လာမှ "သြော်...ငါတို့ page မှာ ဒါတင်ထားပါလား"ဆိုပြီးသိတဲ့ကောင်မျိုးတွေပါ တစ်ယောက်နဲ့တစ်ယောက်ဘာတင်မယ်ညာတင်မယ်ဆိုပြီးတိုင်ပင်တာမျိုးတွေလည်းမရှိသလို ကျွန်တော်တို့တင်သမျှဟာကျွန်တော်တို့တစ်ယောက်ချင်းစီရဲ့အမြင်ပဲဖြစ်ပါတယ်။ကျွန်တော်တို့လည်းတစ်ဦးချင်းစီသိသလောက်တင်ပေးတာဖြစ်တဲ့အတွက်တစ်ခါတစ်လေ အမှားလေးတွေပါလာမှာအသေချာပါပဲ အဲ့ဒါကြောင့် အမှားပါရင်ထောက်ပြပေးပြီးဆွေးနွေးရအောင်ပါ....အရက်ဆိုင်ကနေပေါ်လာတဲ့ page လေးဖြစ်တဲ့အတွက် တစ်ခါတစ်လေမူးပြီးအမှားပါလာရင်လည်းဗွေမယူကြပါနဲ့
ဘာပဲဖြစ်ဖြစ် "ပုဂံ" ကိုချစ်တာကတော့ "ပုဂံ" ပါပဲ.....
Admin Team
အင်ယာမင်မင်
မင်မင်တိုးဂိုက်ကောင်
သူငယ်ချင်းတွေ မူးပြီး ပုဂံရောက်သွားတဲ့အကြောင်း
အရက်ဆိုင်မှ ပုဂံသို့ ...
အရက်ဆိုင်မှ ပုဂံသို့
(စာရှည်ပါတယ်၊ အေးအေးဆေးဆေးဖတ်ကြည့်ပါ)
အမှတ်တမဲ့ကနေ အမှတ်တရတွေဖြစ်လာတယ်ဆိုတာ အမှန်ဗျ။
ပြန်လုပ်ယူလို့လည်း မရတော့ဘူး။
အဲ့နေ့က စနေနေ့၊ ကျနော်က အလုပ်ဆင်းရတယ်ဗျ။
သူငယ်ချင်းတွေက ဆူးလေ Kosan မှာတွေ့ကြမယ်ဆိုပြီးချိန်းတယ်။
တကယ်တော့ သူတို့ကလည်း နာရီလာပြင်ရင်း မိုးရွာလို့ မိုးခိုမယ်ဆိုပြီး ရောက်လာတာ။ ကိုယ့်အလုပ်ကလည်း ဆူးလေနားမှာပဲဆိုတော့ တွေ့ကြမယ်ဆိုပြီး ဖြစ်သွားတာ။
အဲ့တာနဲ့ တခြားသူငယ်ချင်းတယောက်ကိုပါ ဖုန်းလှမ်းဆက်ခေါ်။ သူကလည်းသောက်ဖို့ဆို အလုပ်ကနေတောင် ခိုးထွက်လာတဲ့ကောင်မျိုး။
သြော် ဒါနဲ့ သူက အရင်က tour guide အခုကျတော့ tourism တွေ ဂိကုန်တော့ airport မှာ အလုပ်လုပ်နေတာ။
ကိုဗစ်ကာလအလွန် အနည်းငယ်ဖြေလျော့ပေးထားတဲ့ မိုးကာလလေးဆိုတော့ ရာသီဉတုက အေးစိမ့်စိမ့်လေးနဲ့ ဆိုင်တွေလည်းပြန်ဖွင့်နေကြတဲ့အချိန်ပေါ့။
ဆိုင်ရောက်တော့ ညနေ ၄ နာရီလောက်ရှိပြီ။ ဘီယာလေးသောက်လိုက်၊ shot လေးတွေသောက်လိုက် စကားတွေပြောလိုက်ပေါ့။ (Kosan က shot လေးတွေ မဆိုးဘူးဗျ)
ကိုယ်တွေအဖွဲ့က အရက်ဆိုင်ရောက်ပြီဆို ပြောစရာမကုန်တော့ဘူး။ ပြောတိုင်းမပါမဖြစ်ကတော့ ပုဂံအကြောင်းပဲ။ ဘယ်အချိန် မေးမေး ဘယ်သွားမလဲမေးရင် ပုဂံပဲ။
ပုဂံကိုတော့ တော်တ်ောလေးချစ်ကြတယ်။ တခါမှတော့ အတူတူ မသွားဖူးကြဖူး။
ညနေ ၇ နာရီလောက်ရောက်တော့ ဇာတ်လမ်းကစပြီ။ ခရီးသွားမယ်လုပ်ရော။ ကားတွေက မရနိုင်လောက်တော့ဘူးဆိုတော့ သူငယ်ချင်းတကောင်က ကားပါလာတယ် ဘယ်သွားရင်ကောင်းမလဲပေါ့။
အားလုံးက ထပြောတယ် ပုဂံ။
မောင်းမယ့်ကောင်က သူမူးနေပြီမို့ ပုဂံထိတော့ သူမမောင်းနိုင်ဖူးပေါ့။ အာ့နဲ့ မော်လမြိုင်၊ ဘားအံလောက်ဆို သူမောင်းနိုင်တယ်ပေါ့။ သူ့အမျိုးတွေလည်း ရှိတယ်ဆိုတော့ တည်းလို့ အဆင်ပြေနိုင်တယ်ပေ့ါ။
အတင်းငြင်းနေရင် သူလိုက်မှာမဟုတ်တော့မှန်းသိနေတော့ သူ toilet သွားတုန်း ကိုယ်တွေတိုင်ပင်လိုက်တယ်။ zero မိုင်ရောက်မှ ပုဂံသွားမယ်ဆိုပြီး လုပ်မယ်ပေါ့။
တိုက်တိုက်ဆိုင်ဆိုင် ဆိုက်ထဲက စီီနယာတယောက်နဲ့ ဆိုင်မှာဆုံတယ်။ နှုတ်ဆက်၊ စကားလေးဘာလေးပြော၊ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးရင်း ကားမောင်းမယ့်ကောင်က ဘားအံလောက်ဆို စောသေးတယ် ထပ်သောက်ကြမယ်လုပ်ရော။
မတက်နိုင်ဘူး ကိုယ့်စကားနဲ့ ကိုယ်ဆိုတော့ အေး ချကြမယ်ကွာပေါ့။ ဆက်သောက်မယ်ဆို တခြားဆိုင်ပြောင်းမယ်ဖြစ်ရော။ tour guide လုပ်တဲ့ကောင်ကထပြီး club သွားမယ် ဖွင့်တဲ့ နေရာသိတယ်ဆိုပြီးလုပ်ရော။ အကုန်လုံးကလည်းမူးနေတော့ အေး လုပ်ကွာပေါ့။ အဲ့တာနဲ့ Kelvin Pool Bar ထပ်ရောက်သွားတယ်။ အဲ့ရောက်တော့ လူစုံလေကောင်းလေဆိုပြီး နောက်သူငယ်ချင်းတယောက်ကို ထပ်ခေါ်တယ်။ သူကလည်း အေးလာမယ်ဆိုပြီး သူ့မိန်းကလေးပါ ခေါ်လာတယ်။
ကားမောင်းမယ့်ကောင်က အဲ့မှာ သူ့သူငယ်ချင်းတဝိုင်းနဲ့ ဆုံနေလို့ ကိုယ်တွေဝိုင်းကို လာမထိုင်နိုင်ဘူး။ ကိုယ်တွေကတော့ သူ့ကိုဂျင်းထည့်ဖို့ plan တွေဆွဲနေတာ။
Bar မှာလည်း ဆိုင်ကို check in လုပ်ပေးရင် ဘီယာတခွက် free ရမယ်ဆိုပြီး တဝိုင်းလုံး check in ဝိုင်းလုပ်လိုက်ကြသေးတယ်။ free ရတဲ့ ဘီယာက ပိုသောက်လို့ကောင်းနေသေး။
Jack Daniel နဲ့ဘီယာ လိမ်ကုန်တယ်။ ပုဂံသွားရမယ်ဆိုတော့ ပျော်နေကြတာ လုံးဝမမှောက်သွားကြဘူးရယ်။ ၁၁ နာရီလောက်ကျတော့ သွားကြမယ်ဆိုပြီး လစ်ကြတာပေါ့။ အဲ့ကစပြီး သူငယ်ချင်း ၈ ယောက် ကား ၂စီးနဲ့ ပုဂံခရီးစကြတယ်။ နောက်မှလာ join တဲ့အတွဲကတော့ ဖုန်းဆက်ခေါ်ကတည်းက ခရီးသွားမယ်ဆိုတာ သိပြီးဖြစ်နေတော့ အကုန်ပြင်ဆင်လာကြတယ်။ ကိုယ်တွေနဲ့ join ပြီးရင် သူတို့က ပုပ္ပါး၊ ကလော ဆက်သွားကြမှာ။ ကိုယ်တွေအဖွဲ့သာ အဝတ်တထည် ကိုယ်တခု။ ကိုယ်ဆို ဆိုက်ထဲက ထွက်လာတော့ safety shoe ကြီးနဲ့။ (ပြောသာပြောတာ အဲ့ဒီအချိန်တုန်းက ကိုယ်တွေက ပိုက်ဆံတွေ ပေါနေတဲ့ ကောင်တွေမဟုတ်သလို၊ RK တွေလည်းမဟုတ်ဖူး၊ ကားယူလာတဲ့ကောင်ဆိုလည်း သူ့အဖေကား ဘတ်လာတာ။ အဲ့တုန်းကဆိုရင် စိတ်ထဲရှိတိုင်း လုပ်နိုင် ပျော်နိုင်လောက်အောင်တော့ အလုပ်တွေက အဆင်ပြေကြတယ်။ အခုကျတော့ ဘီယာကို တပတ်တခါတောင် နပ်မမှန်ဘူး။ ဤကား စကားချပ်)
မြောက်ဥက္ကလာပကိုဖြတ်လာရင်း သူငယ်ချင်း အမွှာ ၂ ကောင်က လမ်းကြုံတော့ အိမ်ဝင်ပြီး အဝတ်စားလဲ ကင်မရာလေးယူလာတယ်။ ဖုန်းအားသွားဖို့ကြိုးလေးတွေလည်း ရလာတော့ အဆင်ပြေသွားတာပေါ့။ မဟုတ်ရင် ပုဂံမှာတိုင်ပတ်နေကြမှာ။ ကိုယ့်မှာလည်း ခရီးသာထွက်လာတာ လက်ထဲ cash မပါဘူး။ တလမ်းလုံးက ATM တွေထုတ်လာတယ် တခုမှမရ။ နောက်ဆုံး အောင်မင်္ဂလာအဝေးပြေးရှေ့နားက သီရိရတနာစျေးက ATM ကို နောက်ဆုံးမျှောင်လင့်ချက် အနေနဲ့ထုတ်တယ်။ မရပါဘူး။ မထူးဘူး ပုဂံရောက်မှ ရှာဖွေထုတ်ကြမယ်ဆိုပြီး zero မိုင်ကို ရောက်အောင်မောင်းကြတယ်။ အဲ့တုန်းက ည ၁၂ ဆို အပြင်ထွက်ခွင့်ပိတ်ထားတဲ့အချိန်ကိုး။ အမြန်လမ်းကို ၁၂ အမီရောက်မှ ဖြစ်မှာ။ ကွက်တိပါပဲ။
zero မိုင် ရောက်တော့ ၁၂ နာရီ အတိပဲ။ ကဲ ပြောပြီလေ ငါတို့ သွားမှာ ဘားအံ မဟုတ်ဖူး ပုဂံဆိုပြီး။ ဟိုကောင်ကတော့ အမူးပါပြေသွားတယ်ထင်တယ်။ အခုမှတော့ မတက်နိုင်တော့ဘူး သွားရတော့မယ်ပေါ့။
သောက်ထားကြတော့ ကားကို အမြန်မမောင်းရဲဖူး။ ဟိုအတွဲကတော့ နောက်မှရောက်လာတာဆိုတော့ သိပ်မသောက်ဖြစ်ကြဖူး။ သူတို့က ရှေ့ကနေ သုတ်တာပေါ့။
မနက် ၂ နာရီခွဲလောက်ကျတော့ ၁၁၅ မိုင်ရောက်တယ်။ မျက်နှာသစ် မုန့်လေးဘာလေးစားပြီး ဆက်ထွက်ခဲ့ကြတယ်။ ကျန်တဲ့ကောင်တွေက ကျိုးကုန်ပြီ။ ကားမောင်းတဲ့ကောင်နဲ့ ကိုယ်ပဲ မအိပ်ရဖူး။ ကိုယ်ကလည်း သူတကောင်ထဲ မောင်းတာလွှတ်ထားလိုက်လို့ နိုးလာရင် နတ်ပြည်ရောက်နေမှာလား ငရဲပဲရောက်နေမလား မသေချာဖူးရယ်၊ မအိပ်ရဲဘူး၊ ဘေးကစကားပြောပေးနေရတယ်။ ရှေ့ကသွားတဲ့ ၄ ကောင်ကတော့ သာဂရရဲစခန်းနားမှာ အေးဆေး အိပ်စောင့်နေတယ်။
ကိုယ်တွေက မနက် ၅ နာရီခွဲလောက်ကျ သာဂရ ရောက်လာတယ်။ အဲ့နားမှာ လမ်းလေးဘာလေးလျှောက် ပုံလေးဘာလေးရိုက်ပြီး ခရီးဆက်ကြတယ်။ ၇ နာရီလောက်ကျတော့ ဟိုကောင်က မမောင်းနိုင်တော့ဘူး။
မောင်းနိုင်မလား သူက ကျောကပ်လည်းဖြစ်ထားတော့ ခြေထောက်က ယောင်လာတယ်။ ကိုယ်မောင်းတော့လည်းသူက မနားနိုင်ဖူး စိတ်မချလို့ တချိန်လုံး မအိပ်ပြန်ဖူး။ အဲ့တာနဲ့ မိတ္ထီလာလမ်းခွဲရောက်လာတော့ မနက် ၈ နာရီတောင်ခွဲနေပြီ။
၂၈၅ မိုင်ဆိုင်မှာ မနက်စားကြတယ်။ သွားနေရင်း မိတ္ထီလာ ကျောက်ပန်းတောင်းလမ်းက တောင်ဦးရွာ နားလည်းရောက်ရော ကား side mirror ကာဗာ တခုက ကွဲပြီး လှုပ်နေရော။ ပြဿနာစပြီ။
ညက ဘားမှာ ရပ်ထားတုန်း ထိခိုက်မိတာလား လမ်းမှာဖြစ်လာတာလား မသိတော့။ အဲ့တာနဲ့ အဲ့နားက စျေးမှာ ကော်ဝယ် ဝိုင်းကပ်ကြတယ်။ သုံးလို့ရအောင်တော့လုပ်ကြရတာပေါ့ နောက်မှ သူ့ဖားသားကြီး မသိခင် ပြန်လဲပေးကြရမှာ။
ရှေ့ကသွားတဲ့ အဖွဲ့ကတော့ တော်တော်ရောက်နေလောက်ပြီ။ သူတို့က ဟိုတယ်ကို ၁ နာရီလောက် စောရောက်နေရော။ ကိုဗစ်ကာလလည်းဖြစ် ပြန်ဖွင့်တာတွေလည်းသိပ်မကြာသေးတော့ ဟိုတယ်တွေက လူသိပ်မရှိတော့ အဆင်ပြေသွားတယ်။
ကိုယ်တွေအဖွဲ့က ၁၂ လောက်မှ ညောင်ဦး တိုးဂိတ်ကိုရောက်တယ်။ ပြီးတော့ ဟိုတယ်ကိုရောက် ခဏနား ရေချိုးပြီးပြန်ထွက်ကြမယ်ပေါ့။ hotel glorious နားရောက်တော့ ATM တွေက ငွေထုတ်လို့ရတော့ အဆင်ပြေသွားတယ်။
တချိန်က ပုဂံဆိုတာ ဘယ် ATM က ငွေထုတ်ထုတ် အကုန်အဆင်ပြေတဲ့ နေရာမျိုးလေ။ အခုတော့...
ရန်ကုန်မှာ မိုးရွာပေမယ့် ပုဂံမှာတော့ ရာသီဥတုလေးက အုံ့မှိုင်းမှိုင်း လေးနဲ့ လေကလည်းတိုက် တော်တော်လေး နေလို့ကောင်းတယ်။ မိုးရာသီပုဂံက တမျိုးလေး။ လူကလည်း ရှင်းနေတော့ တကယ့်မြို့ဟောင်းမြို့ပျက်ကြီးထဲ သွားနေရသလို။
ဟိုတယ်ရောက်ပြီး ခဏနား ရေချိုးပြီးတော့ ပုဂံကို ပတ်ဖို့ ထွက်လာကြတယ်။ ရေသာချိုးကြတာပါ အင်္ကျီတွေက မနေ့ညကတည်းကဟာတွေ ပြန်ဝတ်ကြတာပဲ။ ညနေကျမှ ပုဂံအင်္ကျီလေး ဝယ်ဝတ်ကြမယ်ပေါ့။
အဲ့တာနဲ့ E-Bike ကိုယ်စီနဲ့ Here we come Bagan, let's explore! ပေါ့။
တည်းတာက ဝက်ကြီးအင်းနားက ဟိုတယ်တခုဆိုတော့ ဟိုတယ်ရှေ့ကပဲ E-Bike လေးတွေငှားပြီး ပုဂံညောင်ဦးလမ်းမ အတိုင်းထွက်လာကြတယ်။
စတွေ့ရပါပြီ ပုဂံဘုရားတွေ။ သိပ်ကိုကြည်နူးစရာကောင်းတယ်။ သူငယ်ချင်းတွေအများကြီးနဲ့ မထင်မှတ်ပဲ ရောက်လာကြတာဆိုတော့ ပိုပျော်စရာကောင်းတယ်။ ပြဿနာက မူးမူးနဲ့သာလာလိုက်ကြဝာာ။ အချိန်က သိပ်မရကြဖူး။
တနင်္လာနေ့ ရုံးတက်ရမယ့်ကောင်တွေချည်း။ ဒါပေမယ့် တနင်္လာနေ့ကို ဘယ်လိုမှ ပြန်မရောက်နိုင်မှန်းသိတော့ ၁ ရက်တော့ခွင့်ယူလိုက်ကြရတယ်။ မတက်နိုင်ဖူး ရသလောက်အချိန်လေးနဲ့ ပုဂံကိုထွေးပွေ့ကြမယ်ပေါ့။ အတွေးတွေနဲ့ဆက်သွားရင်း သကြားပုန်းကျော်လာတယ်။
ခေမင်္ဂဘုရားစု ပြီးတော့ ထီးလိုမင်းလို။ ထီးလိုမင်းလိုဘုရားကလည်း ထီးတွေဘာတွေနဲ့ဖြစ်လို့။ ပုဂံဘုရားတွေကို ထီးနဲ့တွေ့ရင် လုံးဝ ခံစားလို့မရဘူး။ ဒါကတော့ ကိုယ်တယောက်ထဲရဲ့ ခံစားချက်ပါ။
ဆက်သွားရင်း အာနန္ဒာနားက သရပါ၃ မှာ နေ့လည်စာစားကြမယ်ပေါ့။ တိုးဂိုက်လုပ်တဲ့ကောင်က သိမှာပဲဆိုပြီးရှေ့ကနေ သွားပြီး ဆိုင်တဆိုင်ထဲဝင်ထိုင်တယ်။ ကိုယ်က နောက်ဆုံးကနေ video ရိုက်ရင်းလိုက်လာတာဆိုတော့ နောက်ဆုံးမှရောက်တယ်။
ဆိုင်က စားပွဲတွေက ခြေထောက်အရှည်တွေဖြစ်နေတော့ သရပါ ၃ မှ ဟုတ်ရဲ့လားပေါ့။ ခုံတွေပြောင်းလိုက်တာလားပေါ့။ နောက်မှသိရတယ် ဟိုကောင်ဆိုင်မှားထိုင်တာ။ သရပါ ၃ က လမ်းမကနေဆို နည်းနည်း လှမ်းတယ်။ ထိုင်နေတဲ့ ဆိုင် အနောက်နားရောက်နေတာ။ အမူးကမပြေကြသေးတော့ အူလည်လည်လေးတွေနဲ့ စားကြပေါ့။ စားပြီးမှ သိရတာဆိုတော့ ဘယ်တက်နိုင်မလဲနော။ ပြီးတော့ သရပါ ၃ ကလည်း အဲ့အချိန်လောက်ဆို ကုန်သလောက်ဖြစ်နေပါပြီ။
သူက မနက်စာ နဲ့ နေ့လည်စာကို ကောင်းကောင်းလေးရောင်းတာဆိုတော့ နေ့လည်ကျော်ရင် ကျန်ဖို့မသေချာတော့သလို ဧည့်သည်မလာတဲ့ ကိုဗစ်ကာလဆိုတော့ မဖွင့်တာလည်းဖြစ်နိုင်ပါတယ်။ ခုံပု အစိမ်းလေးတွေ ထပ်ထားတာတော့ တွေ့မိတယ်။ video / photo တွေလိုက်ရိုက်ကြဦးမှာဆိုတော့ လိုလိုပိိုပုဆိုပြီး ထမင်းဆိုင်နားက E-Bike တစီးထပ်ငှားလိုက်တယ်။ သူငယ်ချင်း ၈ ယောက် E-Bike ၅ စီးနဲ့ ပုဂံပတ်ကြပြီ။
ပထမဆုံး သရပါဂိတ် ဓာတ်ပုံတွေရိုက်တယ်။ အဖွဲ့လိုက် ရှယ်ပြောင်ထားတဲ့ video တွေရိုက်ကြတယ်။ ပြီးတော့ သဗ္ဗညုဘေးက နတ်လျောင်းကျောင်း(နတ်လှောင်ကျောင်း)၊ ငကျွဲနားတောင်း၊ ပုထိုးသားများ။ အဲ့နားလေးမှာတင် အချိန်တော်တ်ောကြာသွားတယ်။ နေရောင်မမြင်ရပဲ အုံ့မှိုင်းမှိုင်းကောင်းကင်ကြီးနောက်ခံနဲ့ ပုဂံဘုရားတွေကိုမြင်ရတာ တကယ်ကို ကြည်နူးစရာကောင်းတယ်။ နေပူတဲ့နေ့တွေလို မျက်စိလည်း မကျိန်းတော့ဘူး။ လေကလည်း တော်တော်လေးကိုတိုက်တာ။
တချိန်က ပုဂံမှာ လေကြမ်းတိုက်သွားတာကြုံခဲ့ရတာလေးတောင် သတိရသွားမိသေး။
အမွှာညီကို ၂ ကောင်ကတော့ ကိုယ့်ကို ရှယ်မေးတာ။ ဒါက ဘာဘုရားလဲ ဒါကိုဘယ်လိုခေါ်လဲ ဘယ်သူတည်လဲ စုံနေတာပဲ။ ကိုယ်ကလည်း ရွှီးရတာပေါ့။ ပုထိုးသားများရှေ့မှာတော့ Vlog အတွက် footage အချို့ရိုက်ကြတယ်။
ပုထိုးသားများဘုရားထဲက ဘုရားရုပ်တု က ဓာတ်ပုံပြိုင်ပွဲတွေ၊ ပြပွဲတွေမှာ ခဏခဏမြင်ဖူးနေကြလေ။ အလင်းရောင်ဝင်နေတဲ့ အပေါက်နဲ့ ဘုရားရုပ်တုနဲ့ တွဲရိုက်ထားတဲ့ပုံပေါ့။ ကိုယ်တွေရောက်တော့ နေကလည်းမထွက် အထဲမှာမှောင်မဲနေတာပဲ။
ဘုရားဘေးနားလေးမှာ အိမ်လေးတအိမ်ရှိတယ်။ ဘုရားဝေယျာဝစ္စလုပ်ပေးကြတဲ့သူတွေထင်တယ်။ အဲ့ဒီအိမ်ကထင်ရတဲ့ အမျိုးသမီး ၂ ယောက်က ဘုရားအာရုံခံမုဒ် အဝလေးမှာ ဖျာလေးခင်းပြီးအိပ်နေတာ အေးချမ်းလိုက်တာ၊ လေလေးက တဖြူးဖြူးနဲ့ ကိုယ်ပါ အိပ်ချင်သွားတယ်။ အဲ့ဒီကနေပြီးတော့ အနော်ရထာလမ်း အတိုင်းဆက်သွားပြီး သိမ္မစည်းဘုရားကိုဝင်ကြတယ်။ ဝင်တုန်းကတော့ ဘာဘုရားမှန်းတောင်မသိပါဘူး။ အဲ့နားက တံတိုင်းဝင်ပေါက်လေးက ကုန်းလေးပေါ်မှာဆိုတော့ E-Bike လေးတွေ တစီးစီ ကုန်းတက်ပြီး ဖြတ်သွားတဲ့ footage လေးရိုက်ကြရင်း ဝင်လိုက်ကြတာ။ လမ်းတလျှောက်တွေံရတဲ့ ဘုရားတွေကိုတော့ တောက်လျှောက်ဓာတ်ပုံရိုက်ကြတယ်။ သိမ္မစည်းဘုရားအထဲကိုဝင်ကြည့်တော့ အစောင့်တယောက် ရှိတယ်။ ဟိုဟိုဒီဒီ စကားလေးပြောရင်း ဘုရားရှေ့မှာ group photo ရိုက်ကြတယ်။ အကုန်လုံးအရှိန်မသေသေးတဲ့ ရုပ်လေးတွေနဲ့။ ဓာတ်ပုံရိုက်နေရင်း မိုးဖွဲဖွဲလေးကျလာတယ်။ ပုဂံနဲ့မိုးကို အတူတူတွဲမြင်ရတော့ တမျိုးကြည်နူးရပြန်တယ်။
မြေသားလမ်လေးအတိုင်း မိုးဖွဲဖွဲလေးနဲ့ ဆက်သွားနေကြရင်း လမ်းကလည်းပျောက်နေသေးတယ်။ ရွှေဆံတော်ဘုရားကိုမြင်နေရတယ် ဘယ်လိုသွားလို့သွားရမှန်းမသိ ဖြစ်နေကြတာ။ မိုးကလည်း မများတော့ သဲက မကျစ်တော့ သဲနစ်နေကြသေးတယ်။
ယာမြေတွေဖြတ်ရင်း ဓမ္မရံကြီး အရှေ့ဖက်မုဒ်နားကိုရောက်သွားတယ်။ အချိန်လည်းနည်းတော့ ခဏခဏရောက်နေတဲ့ ဓမ္မရံကြီးတော့ မဝင်ကြတော့ဘူး။ ညကျမှ လာကြည့်ကြမယ်ဆိုပြီး ဓမ္မရံကြီး မြောက်ဘက်မုဒ်က ဈေးဆိုင်တန်းလေးတွေမှာရတဲ့ အုန်းသီးရေခဲစိမ်နဲ့ ကြံရည်သောက်ကြတယ်။ (ပုဂံရောက်ရင် လုပ်ကြည့်ပါဆိုပြီး အရှေ့က post တခုမှာ ရေးဖူးတယ်) အုန်းရေသောက်လို့ကုန်ရင် အုန်းသီးကိုခွဲ အသားလေး အနည်းငယ်ခြစ်၊ ကြံရည်လေးရောပြီးသောက်ကြည့် သိပ်ကောင်းတာပဲ။ တကယ်လိုက်ဖက်တယ်။
ကိုယ်တွေက အုန်းရေသောက်နေတုန်း ဟို ၄ ကောင်ကတော့ ဓမ္မရံကြီးကိုပတ်ပြီး ဓာတ်ပုံရိုက်နေကြလေရဲ့ ။
ဓမ္မရံကြီးကနေ ဆက်သွားမှာက စူဠာမဏိ။ အဲ့တုန်းကတော့ စူဠာမဏိက ကွမ်းတောင်ကိုပြင်နေတုန်း။ ၂၀၁၆ ဩဂုတ်ငလျင်ကြောင့် အထိနာဆုံးဘုရားတွေထဲ စူဠာမဏိက ထပ်ဆုံးပေါ့။ ကွမ်းတောင်တခုလုံးပြုတ်ကျပြီး အာရုံခံအမိုးမှာ အပေါက်ကြီး ဖြစ်သွားခဲ့တာ။ ၂၀၂၁ ရောက်တော့ ကွမ်းတောင်ပြုပြင်တာ ပြီးသွားပြီ။ ကွမ်းတောင်အသစ်နဲ့ဖြစ်ဖြစ် အဟောင်းနဲ့ဖြစ်ဖြစ် စူဠာမဏိကို အနောက်ဖက်မုဒ်က ဝင်ဝင်ချင်းပဲ မော့ကြည့်လိုက်ရင် ကောင်းကင်ပြာကြီးအောက်မှာ ငွားငွားစွင့်စွင့်နဲ့ ထီးထီးကြီး မြင်နေရတာပါပဲ။ ဘုရားတွေကို အသစ်ပြင်တာ မကြိုက်ပေမယ့် စူဠာမဏိရဲ့ ကွမ်းတောင်အသစ်ကတော့ လက်ရာပိုပြီးကောင်းပါတယ်။ အဟောင်းက သိပ်ပြီး အချိုးမကျဘူးလို့ ခံစားရတယ်။ ပြောသာပြောတာပါ ကွမ်းတောင်အဟောင်းကလည်း ၉၀နှစ်တွေက အစုလိုက်အပြုံလိုက် ပြုပြင်ခဲ့ကြတဲ့ထဲက ခပ်ညံ့ညံ့လက်ရာတခုရယ်ပါ။
စူဠာမဏိဘုရားအတွင်းထဲပတ်ကြည့်ကြပြီးတော့ အပြင်ဘက်ပြန်ရောက်တော့ ကောင်ကင်ကြီးက ပြာနေပြီး တိမ်မည်းတွေလည်းကင်းစင်နေပြီ။ နေရောင်ကလည်း ပြန်လည်ဖြာလင်းနေပြီ။ စိတ်ထဲကတွေးမိတယ် ကံကောင်းလိုက်တာ ပုဂံကို တညနေထဲမှာပဲ မြင်ကွင်း ၂ မျိုးနဲ့ မြင်ရတယ်။ အုံ့မှိုင်းပြီး လွမ်းဆွေးစရာဖြစ်နေတဲ့ ပုဂံမြင်ကွင်းရယ်၊ ကြည်လင်တောက်ပနေတဲ့နေရောင်အောက်က ခံ့ခံ့ညားညားပုဂံမြင်ကွင်းရယ်။ နေရောင်အောက်မှာ ခံ့ညားနေတဲ့ စူဠာမဏိက ကိုယ့်အတွက်တော့ နေရာတိုင်းကဓာတ်ပုံရိုက်ချင်စရာကြီးပဲ။ ဘုရားတစူလုံးပါအောင် wide view ရိုက်တယ်၊ အင်္ဂတေပန်းတွေရိုက်တယ်။ ထောင့်ချုပ်နားတွေမှာထည့်ထားတဲ့ သဲကျောက်တုံးလေးတွေကိုရိုက်တယ်။ စဉ့်ကွက်တွေကို ရိုက်တယ်။ စုံနေတာပါပဲ လွှတ်ပေးထားလိုက်ရင် တနေ့လုံးရိုက်နေမလား မသိဘူး။ သူငယ်ချင်းတွေကတော့ ဦးကျည်ပွေ့ကန်ဘက်သွားပြီး ဓာတ်ပုံတွေရိုက်နေကြတယ်။ အဲ့ဒီ မြောက်ဘက်မုဒ်နားမှာပဲ group photo ရိုက်ကြပြန်တယ်။ ဒီတခါတော့ လူစုံသွားတယ်။ အစက အတွဲက နှစ်ယောက်ထဲလိမ့်နေပြီး ဓမ္မရံကြီးမှာ လာ join ကြတယ်။
နောက်တခုက ပြဿဒ်ကြီး။ စူဠာမဏိကနေ အရှေ့ကိုဆက်သွားပြီးရင် တောင်ဘက်မလှမ်းမကမ်းမှာ ပြဿဒ်ကြီးရှိတယ်။ အခုကျတော့ ရာသီဥတုက သူမဟုတ်သလိုပဲ။ ပုဂံ vibe အစစ်ပြန်ရသွားတယ်။ အလင်းရောင်ကရှယ်ကောင်းတော့ ပုံတွေကလည်းရှယ်ကို ရိုက်လို့ကောင်းနေတာ။ တချိန်လုံးနေပူထဲ ရိုက်နေတော့ ဖုန်းတွေတောင် ပူကျစ်လို့။ ရလာတဲ့ပုံတွေကတော့ အချိန်နည်းနည်းလေးရတာနဲ့စာရင် တော်တော်လေးကို ကျေနပ်စရာပါပဲ။ ပြဿဒ်ကြီးရောက်တော့ ဓာတ်ပုံရိုက် video ရိုက်၊ လျှောက်ပတ်ကြတာပေါ့။
ပြီးတော့ မင်းနန်သူဘက် ဒိုးကြမယ်ပေါ့။ မင်းနန်သူကို စူဠာမဏိလမ်းကနေ ဆက်မသွားဘဲ ဓမ္မရာဇကဘက်ကနေ ထွက်လိုက်ကြတယ်။ မင်းနန်သူမရောက်ခင် အနောက်ဖွားစောရွာနားက အလယ်တန်းကျောင်းရှေ့လည်းရောက်ရော E-Bike ၂စီးက battery အားကုန်သွားရော။ လာလဲပေးတာ စောင့်ရင်း အဲ့ကျောင်းရှေ့မှာပဲ E-Bike ပတ်စီးနေတို့ footage တွေရိုက်ကြတယ်။ E-Bike လာလဲပေးတဲ့ ကလေးမလေးတွေကလည်း လမ်းမှာ မှောက်နေသေးတယ်တဲ့။ အဲ့နားမှာတင် တနာရီနီးပါးကြာသွားတယ်။
နေလည်းဝင်တော့မှာဆိုတော့ နေဝင်ချိန်ကြည့်ဖို့ဘယ်သွားမလဲတိုင်ပင်ကြတယ်။
၄ ယောက်က လောကနန္ဒာမှာ နွားနို့လေးသောက်ရင်း နေဝင်ချိန်ကြည့်ချင်ကြတယ်။ ကိုယ်ကတော့ ဧရာဝတီမြစ်ကမ်းပေါ်ကနေ မျှော်ကြည့်ချင်တယ်။ Tour guide လုပ်တဲ့ကောင်နဲ့ ကိုယ်နဲ့ က မြစည်းခုံကျောင်းတိုက်ဘက်သွားတယ်။
အမွှာတို့ ၄ ယောက်က လောကနန္ဒာသွားတယ်။ အတွဲကတော့ ကိုယ်တွေနဲ့ နေဝင်မှ လာ join တော့မယ်ဆိုပြီး တခြားတနေရာသွားတယ်။ အပြန် အပိုငှားခဲ့တဲ့ ပုဂံသံတဲဟိုတယ်ရှေ့နားက E-Bike ဆိုင်လေးမှာပဲ ဆုံကြမယ်ပေါ့။
ဂျူလိုင်လ မိုးကောင်းတဲ့အချိန်ဖြစ်တော့ ဧရာဝတီမြစ်ရေက တက်နေတယ်။ နွေရာသီမြင်ရတဲ့ ဧရာဝတီနဲ့ တခြားစီ။ ရေပြင်ကြီးက အကျယ်ကြီးနဲ့ ဝင်လုဆဲဆဲ နေရာင်အောက်မှာ ပြာလဲ့လဲ့ မြစ်ရေက ကမ်းကို လာလာရိုက်တဲ့ လှိုင်းခတ်သံကို နားထောင်ရတာ သိပ်အေးချမ်းတာပဲ။ တဖြည်းဖြည်းနဲ့ ဆည်းဆာအောက်က မြစ်ပြင်ကြီးကိုကြည့်ရင်း လှိုင်းခတ်သံကြားရတာ စိတ်ထဲ ကြောက်ပါကြောက်လာတယ်။ သမိုင်းတန်ဖိုးကြီးမားတဲ့ ပုဂံနဲ့ ဧရာဝတီဆိုတဲ့ အရာကို မျက်မြင်ကြည့်ရင်း စိတ်ထဲ ပျော်လာသလိုလို လွမ်းလာသလိုလို ကြောက်လာသလိုလို။ ဪဘာလိုလိုနဲ့ ခရီးစဉ်လေးက ကျေနပ်စရာအတိနဲ့ပါလား။ Yeah This is THE moment လို့ပဲ ရေရွတ်လိုက်မိတယ်။
တကယ်တော့ လောကနန္ဒာကနေ နေဝင်ချိန်ကို မကြည့်ဖူးသေးဘူး။ နောက်တခေါက်ကျရင် try ကြည့်ရမယ်။
ကိုယ်ကတော့ ပုဂံနေဝင်ချိန်ကို ပထမဦးဆုံးအနေနဲ့ ရွှေဆံတော်ဘုရားပေါ်ကကြည့်ဖူးတယ်။ ကမ္ဘာကျော်တဲ့ ပုဂံနေဝင်ချိန်ပေါ့။
Tourism ခေတ်ကောင်းတုန်းက ရွှေဆံတော်ဘုရားဆိုတာ နေဝင်ချိန်ဆို ခြေချစရာနေရာမရှိလောက်အောင် Tourist တွေနဲ့ ပြည့်နေခဲ့တာပေါ့။
ပြီးတော့... ဧရာဝတီမြစ်ကမ်းကနေကြည့်ဖူးတယ်။ အဲ့ဒီ feel ကို အကြိုက်ဆုံးမို့ ထပ်သွားကြည့်ခဲ့တာ။ အရင်က ရေမရှိဘဲ ခြောက်ကပ်နေတဲ့ ဧရာဝတီမြစ်ကမ်းသဲသောင်ပြင်ကနေ ကြည့်ခဲ့ရတာ အခုတော့ လှိုင်းခတ်သံပါကြားနေရတဲ့ ရေအပြည့်နဲ့ ဧရာဝတီမြစ်ကမ်းပေါ်ကနေကြည့်ရတာ။
ပြီးတော့ သစ္စာဝတီ ဘုရားပေါ်ကနေ ကြည့်ရတဲ့ နေဝင်ချိန်ကလည်းတော်တော်လှတယ်။ ဓမ္မရာဇကဘုရားကြီးနဲ့ တွဲမြင်ရတာ။ ကျောင်းကြီးညီအမ ဘုရားကနေလည်း ကြည့်လို့ကောင်းတာပဲ။ ပုရစ်အော်သံလေးတွေ စီစီစီစီနဲ့။ တောရွာဆန်ဆန်လေး။
နောက်ပြီးတော့ ဗူးဘုရားကနေဝင်ချိန် သူလည်းတမျိုးလှတာပါပဲ။ ဘာလို့လဲမသိ သူကျတော့ ပုဂံမဆန်ပဲ မန္တလေးဆန်တယ် ခံစားရတယ်။ ဝက်ကြီးအင်း ဂူပြောက်ငယ်ကနေလည်း ကြည့်ဖူးတယ်။ သူကျတော့ အေးချမ်းတယ်။ ဘေးမှာ ထန်းပင်လေးတွေနဲ့။
ပြီးတော့ အခုနောက်ပိုင်း လူသွားများလာတဲ့ ကျောက်မျက်မှော်။ ကျောက်မျက်မှော်ကကြည့်ရတဲ့နေဝင်ချိန်ကတော့ တမျိုးလေး အစားသောက်လေးတွေလည်းရှိတယ်။ လူလည်းများတယ်။ ပိုပြီး fancy ဆန်တယ်။
ပြီးတော့ စိုးမင်းကြီး။ သူကတော့ ကျောက်မျက်မှော်ကိုပါ ပြန်မြင်နေရတာဆိုတော့ drone shot ဆန်တယ်။ နောက်တခုက စူဠာမဏိ ကကြည့်ရတဲ့နေဝင်ချိန်။ ထီးလိုမင်းလို ကိုလည်း ခပ်နီးနီးမြင်နေရတယ် ဓမ္မရံကြီးနဲ့ ရွေဆံတော်ကိုပါ နေဝင်ချိန်မှာ ပြန်ကြည့်နေရတာဆိုတော့ တော်တော်မိုက်တယ်။
အဲ နန်းဦးဘုရားလို့ခေါ်တဲ့ ရွှေဂူကြီးကကြည့်ရတာကျတော့ ဘေးနားမှာ နန်းတော်ကြီးနဲ့ သဗ္ဗညုကကပ်နေတော့ တော်တော်ခံ့ညားနေပြန်တယ်။
နောက်တနေရာကတော့ တော်ဘီရွာ မြောက်ဘက်နားက ရွှေကွန်ချာဘုရားကနေကြည့်လို့ရတယ်။ ပုဂံမြို့သူဇာတ်လမ်းလေးထဲကလိုပေါ့။ ကိုမောင်ကြီးတယောထိုးတဲ့နေရာလေး။ အဲ့ဒီနားမှာပဲ တန့်ကြည့်တောင် သူငယ်တော်တောရ ဣသိပညဒေဝဂုရုကျောင်းတိုက် ဆိုတာရှိတယ်။
ဘုန်းကြီးကျောင်းလေး ကနေ မြစ်ဘက်ကို သွားလိုက်ရင် နေဝင်ချိန်ကြည့်ဖို့ မြစ်ဘက်ကို မျှော်ထားတဲ့ သစ်သား ခုံတန်းလေးတခုရှိတယ်။ ရေတက်ချိန်ဆိုရင်တော့ အတော်ကြောက်ဖို့ကောင်းတယ်။
အဲ့နားက ကမ်းပါးက ချောက်လိုဖြစ်နေတာ အဲ့အပေါ်ခုံရိုက်ထားတာဆိုတော့ မြစ်ကိုကြည့်ရင် အမြင့်ကမြင်နေရတာပေါ့နော်။ အဲ့ဘက်ကိုသွားရင်တော့ လမ်းသိဖို့ လိုမယ်ဗျ။
အပြန်ကျ မှောင်နေတော့ တောင်ဘီရွာထဲက လမ်းတွေမှာ လည်နေလိမ့်မယ်။ နာရီဝက်လောက်တိုင်ပတ်ခဲ့ဖူးလို့ ။
အဲ့နေရာနဲ့ ခပ်ဆင်ဆင်တူတာက ရွှေစည်းခုံဘုရားမြောက်ဘက် မြစ်ကမ်းကိုဆင်းသွားရင် ရောက်တဲ့ လှေကားထစ်ကလေးတွေကနေကြည့်ရတဲ့ နေဝင်ချိန်။ ရွှေလိပ်တူးဘုရားကနေလည်း ကြည့်ခဲ့ရသေးတယ် တမျိုးစီချစ်ဖို့ကောင်းနေတာပါပဲ။ ဪတခုကျန်ခဲ့လို့ သကြားပုန်းဘုရားကနေလည်း ကြည့်လို့ တော်တော်လှတယ်။ မြစ်ပြင်ကြီးကိုပါ နေဝင်တာနဲ့တခါတည်းကြည့်နေရတာမျိုး။ ဪ ပြဿဒ်ကြီးက နေဝင်ချိန်ကလည်း မပါမဖြစ်ပေါ့နော။
ဘုရားတွေပိတ်ပြီး နောက်ပိုင်းကျတော့ လူလုပ်ကုန်းတွေကနေ ကြည့်ရတာပေါ့။ ဘယ်လိုပဲကြည့်ရပါစေ ဘယ်ဘယ်နေရာကပဲကြည့်ရပါစေ ပုဂံနေဝင်ချိန်ဟာ အမြဲလှပနေပြီး စိတ်ကိုဖမ်းစားနိုင်တာပါပဲ။ ဒါကတော့ ပုဂံမှာ နေဝင်ချိန်ကြည့်ဖို့ နေရာများဆိုပြီး post တခု ထပ်ရေးလို့ရနိုင်တာပေါ့နော်။ အခုတခါတည်းဖတ်ရင်း သူငယ်ချင်းတို့ကိုယ်တိုင် ကြည့်ဖူးခဲ့တဲ့နေရာလေးတွေကို သတိရအောင်လို့ပါ ။
Tour Guide ကောင်က လောကနန္ဒာကကောင်တွေကို battery ကုန်သွားလို့ သွားခေါ်ရတော့ ကိုယ့်မှာ တယောက်တည်းကျန်ခဲ့တယ်။
နေဝင်သွားပြီးမှောင်လာတော့မှ မြစ်ကမ်းကနေတက်ခဲ့တယ်။ မြစည်းခုံကျောင်းတိုက်ကနေ ပုဂံညောင်ဦးလမ်းမကို ပြန်ထွက်လာတဲ့အချိန်ကျတော့ ကျောချမ်းမိတယ်ဗျ။ သဲနဲ့ကျောက်ခဲလေးတွေကို E-Bike ဘီးကြိတ်သွားလို့ထွက်လာတဲ့ ရှပ်ရှပ်အသံရယ်၊ ပုဇင်းရင်ကွဲသံတွေရယ်၊ ပုရစ်အော်သံ တွေရယ်၊ ထနောင်းပင်တွေကို လေတိုးတဲ့အသံတွေရယ်၊ လမ်းဘေးဝဲယာက ဘုရားတွေက အမှောင်ထဲမှာထီးထီးကြီးတွေနဲ့။ အဲ့အချိန်က ညမိုးချုပ်ထက်ကိုပိုပြီး ကျောချမ်းမိတယ်။
အပြန်လမ်းမှာ E-Bike တွေက အားမရှိကြတော့ဘူး။ အားရှိသေးတဲ့တစီးကိုဆိုရင် ၃ ယောက်စီးကြည့်သေးတယ် မရပါဘူး ဘီးခဗျာ လှုပ်တောင်မလှုပ်နိုင်ရှာတော့ဘူး။ အဲ့တာနဲ့ အပိုထပ်ငှားခဲ့တဲ့ဆိုင်က အကိုနဲ့ အမက ပြန်လိုက်ပို့ပေးတယ်။ အနန္ဒာနားကနေ ဝက်ကြီးအင်းဆိုတော့ သိပ်တော့မဝေးဖူးလို့ပြောရမလားပဲ။ အရင်ကဆို အာနန္ဒာအုတ်ကျောင်းကနေ စတုမုခလောက်ထိကို လမ်းလျှောက်နေကြဆိုတော့လေ။ အဲ့နေ့က လပြည့်နေ့ထင်တယ် လမင်းကြီးက ဝိုင်းစက်လို့။
ဟိုတယ်ပြန်ရောက်တော့ ရေထပ်ချိုးကြတယ်။ ဝယ်လာတဲ့ ပုဂံအင်္ကျီလေးတွေဝတ်မယ် ဟာမိုနီထိုင်ကြမယ်ပေါ့။ (Harmony Bar လေးအကြောင်းအရှေ့မှာ တင်ပေးထားပါတယ်) ဟာမိုနီအပေါ်ထပ်က ထနောင်းပင်အောက်က ဝိုင်းလေးမှာထိုင်ရင်း ပြောကြပါပြီ ခရီးစဉ်အကြောင်း။ Tour guide လုပ်တဲ့ကောင်ကတော့ သူ့မိတ်ဆွေ ပုဂံက guides အချို့နဲ့ စကားသွားပြောနေတာပေါ့။ ကိုယ်တွေကတော့ မနေ့က ဒီလိုအချိန်မှာ ဆူးလေက Kosan မှာ အခု ပုဂံက Bar လေးတခုရောက်နေကြတယ်။ ၂၄ နာရီအတွင်း လုပ်ခဲ့ကြတဲ့ အမှတ်တရတွေလည်း အများကြီး။ How amazing was that? ပေါ့။
အဲ့တာနဲ့ မပြီးသေးဘူး ပုဂံအကြောင်းစာအုပ်တွေထဲမှာ သဘာဝလွန်ဖြစ်ရပ်အကြောင်းတွေ သရဲတစေ ဥစ္စာစောင့်အကြောင်းတွေ ဖတ်ဖူးကြတယ်။ ကြုံတော့မကြုံဖူးဘူး ဘယ်လိုလဲပေါ့။ သိတဲ့အတိုင်း အကုန်လုံးက အရှိန်လေးကလည်း ရောက်လည်းရောက်နေကြပြီ ဆိုတော့ ဒီည ပုဂံပတ်မယ်ကွာ လုပ်ရော။ အဲ့တာနဲ့ E-Bike ငှားရမရ မေးကြည့်တော့ မဆင်ပြေဘူး။ E-Bike ဆိုင်ကအကိုက ညဘက်ဆို ၁၂ ကျော်ရင် အပြင်မထွက်သင့်ကြောင်း။ အဲ့တုန်းက ဌာပနာခိုးတာတွေ သတင်းထွက်နေတော့ ညဘက်ဆို ရဲတွေလည်း ကင်းလှည့်ကြောင်း ပြောပြတယ်။ ကိုယ်တွေကလည်း ဟုတ် ပေါ့။
အချိန်ကြည့်တော့ ည ၁၀ နာရီကျော်ပဲရှိသေးတယ်။ ကဲဘာလုပ်မလဲ မျက်လုံးချင်းဆိုင်လိုက်တယ်။ တခွန်းထဲ... ဒိုးမယ်.. ထ။
ဟိုအတွဲကတော့ တခြားဆိုင်တဆိုင်ရောက်နေတော့ join ဦးမလားမေးပေမယ့် မ join ဖြစ်ကြတော့ဘူး။ ကိုယ်တော့ ၆ ယောက်ထဲပေါ့။
ဟိုတယ်ပြန် ကားလေးထုတ်လာပြီး ဓမ္မရံကြီးဆီ ထွက်လာခဲ့ကြတယ်။ ဓမ္မရံကြီးမရောက်ခင် ထီးလိုမင်းလိုက မီးရောင်အောက်မှာ တော်တော်လေးဆွဲဆောင်နေတော့ ထီးလိုမင်းလိုအရှေ့ဘက်နားလေးမှာ ကားရပ်ပြီး ဓာတ်ပုံရိုက်ကြတယ်။ အထဲတော့ ဝင်လို့မရဘူးပေါ့။
ထူးဆန်းတာက ည ၁၁ နာရီခွဲနေပြီကို ခရီးသည် အချို့နဲ့ light truck ကားတစီးက ထီးလိုမင်းလိုဘုရား ကားပါကင်မှာလာရပ်ပြီး ခရီးသည်တွေက ဘုရားဆင်းဖူးကြတယ်။ အထဲဝင်လို့မရတော့ ဘုရားရှေ့ထိုင်ကန်တော့နေကြရော။ ဒီအချိန်ကြီး အရေးတကြီးနဲ့ ဘုရားဖူးလာရအောင် ဘယ်မြို့ကပါလိမ့်လို့ တိုးတိုးတိုးတိုး ပြောနေကြတာပေါ့။ မေးလည်းမမေးလိုက်မိဘူးရယ်။ သူတို့က ဘုရားကန်တော့ပြီးတာနဲ့ ထွက်သွားကြရော။
ကိုယ်တွေအဖွဲ့လည်းကားပေါ်တက်ပြီး အလိုတော်ပြည့်ဘက်ကိုမောင်းလာလိုက်ကြတယ်။ အလိုတော်ပြည့်ဘုရားမှာတော့ အဲ့ဒီအချိန်ထိ ဘုရားဖူးတွေရှိနေသေးတာ အံ့ဩစရာ။ အလိုတော်ပြည့်ကနေ အနော်ရထာလမ်းပေါ်တက်၊ လမ်းမကြီးအတိုင်းသွား ဓမ္မရံကြီးလမ်း ညွှန်ဆိုင်းဘုတ်လေးတွေ့တော့ မြေသားလမ်းလေးအတိုင်း ဓမ္မရံကြီးကိုဆက်သွားလိုက်ကြတယ်။
ဓမ္မရံကြီးရောက်တော့ လာနေကျ မြောက်ဘက်မုဒ်က ဈေးဆိုင်တန်းတွေနဲ့ဆိုတော့ မြင်ကွင်းက မလှဘူးရယ်။ အထဲလည်းဝင်ခွင့်မပြုတော့ဘူးဆိုလို့ အနောက်ဘက်ခြမ်းကိုမောင်းလိုက်ကြတယ်။ ထနောင်းပင်အောက်လေးမှာ ကားရပ်ပြီး မီးတွေအကုန်မှိတ်၊ လအလင်းရောင် တခုတည်းရဲ့ အောက်က ပုဂံညချမ်းကို ခံစားကြည့်တယ်။ အေးချမ်းမှုအတိနဲ့ ငြိမ်းချမ်းလိုက်တာ။ ရှေ့တည့်တည့်မှာ ထုနဲ့ထည်နဲ့ လရောင်အောက်မှာ ဓမ္မရံကြီးပုထိုးက မဲမှောင်ပြီး ငြိမ်သက်လို့။ ဘေးဝဲရာကြည့်လိုက်ရင် ခေါင်းလောင်းကြီးမှောက်ထားသလို လရောင်အောက်မှာ မြင်နေရတာက အင်းဘုရား။ ခပ်ဝေးဝေးမှာ လင်းနေတာက အာနန္ဒာ။ လရောင်နဲ့ ဓမ္မရံကြီးနဲ့ ဓာတ်ပုံလေးတွေရိုက်ကြတယ်။ အထဲလည်းဝင်လို့မရ ၁၂ ကျော်ရင် အပြင်မှာနေလို့ အဆင်မပြေဘူးဆိုတာ သတိရတော့ ပြန်ကြရတော့တာပေါ့။
ခပ်ဝေးဝေးက ယောက်ျားတယောက် လှမ်းခေါ်သံလိုလို ကြားရပေမယ့် စူးစမ်းမနေတော့ဘဲ အာနန္ဒာဘုရား အရှေ့ဘက်မုဒ်က ကွင်းပြင်မှာခနရပ်လိုက်တယ်။ နောက်ပိုင်းကျတော့ ပုဂံရောက်တိုင်း ဧည့်သည်အလာများတဲ့ ဘုရားတွေကို မဝင်ဖြစ်တာများလာတော့ အာနန္ဒာဘုရားလည်း မရောက်ဖြစ်တော့တဲ့အထဲပါတယ်။ ဘုရားကပိတ်ထားတော့ အပြင်ကနေပဲ ဓာတ်ပုံလေးရိုက် စကားလေးဘာလေးပြောရင်း ခနလောက်ဟိုလျှောက်ဒီလျှောက်လုပ်ကြတယ်။ အဲ့နားက ကွမ်းယာဆိုင်လေးက သိမ်းတုန်းရယ်။
တိုက်တိုက်ဆိုင်ဆိုင် အလာတုန်းက ထီးလိုမင်းလိုမှာ ဘုရားဖူးသွားတဲ့ light truck ကားက အာနန္ဒာရှေ့ရောက်လာပြန်တယ်။ ဟာ တွေ့ပြန်ပြီပေါ့ ဒီလူတွေ။ သူတို့က ဘုရားရှေ့မှာ စောင့်နေတဲ့ လူတယောက်ကို ဝင်လို့ရမရ မေးကြည့်တယ်ထင်ပါတယ်။ မရတော့ ထီးလိုမင်းလိုမှာလိုပဲ အာနန္ဒာဘုရားကို အပြင်ကနေ ထိုင်ရှိခိုးနေကြပြန်ရော။ ဪတိုက်ဆိုင်ပါပေ့။
ခနနေတော့ ဟိုတယ်ရောက်၊ အိပ်ကြတာပေါ့နော်။ ဪ ဟို tour guide ကတော့ ဖုန်းသုံးနေတုန်း။ ပြောသာပြောတာ သူက ဖုန်းဝယ်ထားတာ တန်တယ်ပြောရမယ်။ အချိန်တိုင်းဖုန်းလာနေတာ။ ကြည့်လိုက်ရင် ဖုန်းပြောနေတာချည်းပဲ ကိုယ်တွေကျ တနေ့လုံးနေမှ ဖုန်းတကောမဝင်ဖူး နောက်နေ့မနက်ကျ မနက်စာစားဖို့ မျိုးမျိုးထမင်းဆီဆမ်းဆိုင်ကို လမ်းလျှောက်ကြတယ်။
ဝက်ကြီးအင်းနဲ့ဆို သိပ်လည်းမဝေးတော့ မနက်ပိုင်း ပုဂံအငွေ့သက်လေးနဲ့ လမ်းလျှောက်ကြတာပေါ့။ ဒီနေ့တော့ တနေ့လုံးနေပူမယ်ထင်ပါတယ် မနက်ကတည်းက နေက သာနေလိုက်တာ။
မျိုးမျိုးထမင်းဆီဆမ်းဆိုင်က လာချပေးထားတဲ့ ဟင်းတွေက အများကြီးပဲ။ နရသီဟပတေ့မင်းလိုတောင် ခံစားလိုက်ရတယ် ။
စားချင်တာလေးတွေ နှိုက်စားကြရင်း ပိုက်ဆံလည်းရှင်းရော အရည်သောက်ဟင်းချိုပါ ပိုက်ဆံယူတာကိုး။ မသိပါဘူး ပုဂံမှာထမင်းစားရင် အရံဟင်းတွေဆို အလကားရမယ်ပဲထင်ခဲ့တာ။
မနက်စာစားပြီးတာနဲ့ ဟိုတယ်ပြန် ရေချိုးပြီး ပြန်ဖို့ပြင်ဆင်ကြတယ်။ ပြင်ဆင်စရာလည်း ထွေထွေထူးထူးမရှိပါဘူး။ မနေ့ကဝတ်လာတဲ့ အင်္ကျီတထည်ပဲ ယူစရာရှိတာကိုး ။
သူငယ်ချင်းအတွဲကတော့ နေခဲ့ကြတယ်။ နေ့လည်ကျရင် သူတို့က ပုပ္ပါးသွားကြမှာ။ Popa Mountain Resort က အဲ့ဒီအချိန်က Discount တွေ ရှယ်ချနေတော့ တော်တော်တန်တာ။
ကိုယ်တွေကတော့ တန်းပြီးမပြန်ချင်တာနဲ့ ညောင်ဦးဘက်ဝင်ကြည့်မယ် တခါမှလည်း အဲ့ဘက်တွေမရောက်ဖြစ်ဖူးဆိုပြီး ညောင်ဦးမဏိစည်သူဘေးက လမ်းကနေဖြတ်သွားကြတယ်။
Google Map ကြည့်ပြီးသွားတာဆိုတော့ လမ်းအခြေနေကို သေချာမသိကြဘူး။ သွားရင်းနဲ့ မြေနီလမ်းကျဉ်းလေးတွေရောက်၊ ကုန်းတက်ကုန်းဆင်းတွေရောက်နဲ့ ရွာလမ်းလေးတွေဖြတ်ရင်း လမ်းက ကားနောက်ပြန်ဆုတ်လို့မရတဲ့ အခြေနေရောက်သွားတယ်။
မထူးတော့ဘူး ရောက်လာမှတော့ ဆက်သာသွားကြမယ်ဆိုပြီး ညောင်ဦးကျောက်ပန်းတောင်းလမ်းမကိုထွက်လို့ရမယ့် လမ်းကိုရွေးသွားကြတာပဲ။
အသွားတုန်းက ကား ၂စီး ၄ယောက်စီဆိုပေမယ့် အပြန်ကျတော့ ၁ စီးထဲ ၆ ယောက်ဖြစ်သွားတော့ ကားလည်းနည်းနည်းပြားနေပြီ။ စီးတဲ့လူကောင်တွေကလည်း ကြည့်ဦးလေ အမွှာ ၂ ကောင်နဲ့တင် ကားပြားလောက်တယ် ။
တချို့ ချိုင့်တွေဆို မလွတ်တော့လို့ ဆင်းပါ ဆင်းရတယ်။
အဲ့လိုနဲ့ သွားရင်း ဂူနီဘုရားနားရောက်တယ်။ ရှေးဟောင်းဇုန်သတ်မှတ်တဲ့ ကျောက်တိုင်ကြီးလည်း တွေ့ရတယ်။ ခပ်လှမ်းလှမ်းမှာ ချောက်ဘုရားလှ။ ဆိုတော့ ညောင်ဦးမြို့အစွန်အဖျားရောက်သွားတယ် ထင်တယ်။ Map မှာတော့ ကျောက်ဂူဥမင်နဲ့တောင် တော်တော်နီးနေပြီ။
ငါ့သရောက်သို့ဆိုတာလည်း တွေ့ရတယ်။ သွားရင်း သွားရင်းနဲ့ ပြည်လမ်းကဆင့် ညောင်ဦး ကျောက်ပန်းတောင်းလမ်းပေါ်ပြန်ရောက်သွားတော့မှ အဆင်ပြေသွားတော့တယ်။
အဲ့ကနေတောက်လျှောက် မောင်းလာပြီး နေ့လည်စာကိုတော့ အမြန်လမ်း ၁၆၂/၅ ဖာလုံက ရိုးရိုးလေးဆိုတဲ့ ဆိုင်သေးသေးလေးမှာ အိမ်ချက်လက်ရာ ထမင်းဟင်းလေး စားခဲ့ကြတယ်။ ဈေးလည်းအင်မတန် တန်သလို အရသာလည်းတော်တော်ကောင်းတယ်။
အဲ့ဆိုလေးမှာ အေးဆေးနားပြီး အိမ်ပြန်ခဲ့ကြတယ်။ ၁၁၅ မိုင်ရောက်တော့ မိုးတွေရွာတယ်။ ၆ ကောင်လုံး တိုင်တွေပတ် ။ ည ၇ နာရီလောက်ရောက်တော့ အိမ်ပြန်ရောက်ကြပါတယ်။
ပြန်စဉ်းစားကြည့်လိုက်တိုင်း surprised ဖြစ်ရတယ်။ what the fuck, we made it guys ပေါ့။
သူငယ်ချင်းတွေနဲ့ ခရီးသွားကြမယ်ဆိုတိုင်း မဖြစ်ခဲ့ကြတာများတယ်။ တက္ကသိုလ်ကျောင်းသားဘဝတုန်းကတော့ state ကျောင်းတုန်းကသူငယ်ချင်းတွေစုပြီး ကျိုက်ထီးရိုးတောင်တက်ဖူးတယ်။ အဲ့ဒါပဲ။
လူငယ်ဘဝမှာ စိတ်ကူးရှိတဲ့အတိုင်း အမှတ်မထင် အကောင်ထည်ဖော်နိုင်ခဲ့တဲ့အတွက် ကျေနပ်ခဲ့ကြတယ်။ နောင် ဒီလိုပြန်လုပ်နိုင်ဖို့ဆိုတာ အတော်လေး ခက်ခဲတဲ့ ကိစ္စဖြစ်သွားပြီ။
အသက်တွေကြီးလာရင် ဦးစားပေးရတာတွေ စဉ်းစားရတာတွေ ပိုပိုများလာတယ်။ အခုကာလဆိုပိုဆိုးတာပေါ့ ကိုယ်တိုင်က အဆင်ပြေလို့ သွားချင်တယ်ဆိုရင်တောင် political issues တွေ on ground situation တွေ social issues တွေ၊ အလုပ်တွေက အရင်လိုအဆင်မပြေတော့ ငွေသုံးရတာတွေ စဉ်းစားရတာတွေများလာတယ်။
ပုဂံမှာ လည်ပတ်ချိန် တနေ့တောင်မပြည့်ခဲ့ပေမယ့် အဲ့ဒီနာရီ အနည်းငယ်လေးမှာပဲ တသက်လုံး အမှတ်ရနေမယ့် moment လေးတွေကို ဖန်တီးဖြစ်ခဲ့ကြတယ်။ ဖန်တီးနိုင်ခဲ့ကြတယ်။ well done guys.
အရက်ဆိုင်မှ ပုဂံသို့ ... ခရီးလေးကတော့ ဒါပါပဲ။ စာတော်တော်ရှည်သွားတဲ့အတွက် sorry ပါ။ ဖတ်နေရင်း အတွေးထဲမှာ ကိုယ်တိုင်သွားနေရသလို ခံစားစေချင်လို့ အသေးစိတ်ရေးလိုက်ရတာပါ။
လွတ်လပ်စွာ share နိုင်ပါသည်။ တဆင့်ကူးယူဖော်ခွင့်မပြုပါ။
BAGANSCENT
အင်ယာမင်မင်
၀ မိုင်
၁၁၅ မိုင်
သရပါဂိတ်
သိမ္မစည်းဘုရား
စူဠာမဏိဘုရား
ပြဿဒ်ကြီးသို့
ဟာမိုနီမှာထိုင်ကြမယ်
ဓမ္မရံကြီးကို ညဘက်သွားမယ်
၂၀၂၂ ဧပြီလရဲ့ ပုဂံ မြင်ကွင်းများ
သရပါဂိတ်
တမာနံ့လေးသင်းနေတဲ့ ပုဂံမြေရဲ့ တန်ခူးလလေး