Send messages for more info
ပုဂံရှေးဟောင်းအဆောက်အအုံ အမည်များ...
(ဖတ်ရန်)
ပုဂံဒေသရှေးဟောင်းအဆောက်အအုံ စေတီပုထိုးများတွင် ရှေးကပင်ခေါ်ဝေါ်လာခဲ့ပြီး ယခုတိုင်တွင်သောအမည်များနှင့် နောက်လူတို့က ပေးကြသော အမည်များရှိလေသည်။
ပုဂံခေတ် ကျောက်စာများတွင် ပါ ရှိလေသောအမည်များကိုလည်း အချို့ဆက်လက် ခေါ်ဝေါ်လျက်ရှိကြသည်။ ဂူပြောက်၊ သဗ္ဗညု၊ တုရင်ပုထိုး၊ စည်စနာပုထိုး၊ ဓမ္မရာဇကပုထိုး၊ လောကနန္ဒာ၊ စည်းခုံ၊ အိမ်ရာကျောင်း၊ သမ္ဘူလ၊ ပန်းပွတ်ရပ်ပုထိုး၊ အလိုပြည့်၊ ရွှေဂူ၊ တိုင်းချွတ်စသည်များ ဖြစ်လေသည်။ မှန်နန်းရာဇဝင်၊ ဦးကုလားရာဇဝင်၊ ပုဂံရာဇဝင် စသည်တို့တွင်ပါရှိသော အမည်များအနက် ဥပမာ အာနန္ဒာ၊ သဗ္ဗညု၊ ဂေါဓော(တော့)ပလ္လင်၊ စူဠာမဏိ၊ ထီးလိုမင်းလို၊ မနူဟာ၊ နန်းဘုရား၊ မင်္ဂလာစေတီ၊ မင်းအိုချမ်းသာ၊ ပုထိုးသားများ၊ ဗူးဘုရား၊ ရွှေစည်းခုံ၊ ရွှေသပိတ်၊ ဓမ္မရံကြီး၊ ရွှေဆံတော်(မဟာပိန္နဲ) စသော အမည်များကိုလည်း ထင်ရှားခေါ်တွင်လျက် ရှိလေသည်။
ရှေးပုဂံခေတ် ရာဇဝင်များတွင်ပါသော သိမ္မစည်း၊ ကြံမဖတ်၊ စိမ်းညက်၊ စိုးမင်းကြီး၊ တာမဏိ၊ ဆပဒ၊ အပယ်ရတနာ၊ ကွမ်းဆော်ကဲ့သို့သော အမည်များကလည်း ယခုတိုင်တွင်လျက်ရှိလေသည်။
ပုဂံရာဇဝင်လာ အတ္ထုပတ္တိအကြောင်းရာတို့နှင့် ဆက်စပ်သည့် အချို့သော ဘုရားများ၌တွင်နေသော အမည်များရှိရာ ဥပမာ - ပေါက်ပင်ဘုရား၊ ဗျိုင်း၊ ဖွတ်၊ ဖားစသော စေတီများ၊ နဂါးရုံ၊ ကျဆင်း၊ မင်းမျှော်ရာဇာ၊ ပြန်ကြည့်ဂူ… စသော အမည်များ ဖြစ်လေသည်။
အဆောက်အအုံ၏ တည်နေရာ ပုံသဏ္ဌာန်အလိုင်တွင်သော အမည်များလည်းရှိရာ အင်းဘုရား၊ ဂူနီ၊ ဂူနီညီအမ၊ ကျောင်းကြီးညီအမ၊ ကုလားကျောင်းညီအမ၊ လေးမျက်နှာ၊ ဖက်လိပ်၊ တဝက်ဘုရား၊ သုံးနယ်ခြားဘုရား၊ မီးမလောင်ကျောင်း စသည်များဖြစ်လေသည်။
အချို့သော ရှေးဟောင်းဘုရားတို့မှာ ရှေးကပင် အမည်ပေးခဲ့သည်မှာ မြတ်စွာဘုရား၏ ဘွဲ့တော် ဝိသေသအခေါ်အဝေါ်များဖြစ်သည်။ ဥပမာ - လောကထိပ်ပန်၊ လောကဥသျှောင်၊ လောကမှန်ကင်း၊ သမ္ဘူလ… စသော အမည်များဖြစ်လေသည်။
အချို့သော အဆောက်အအုံးများတွင် ရှေးကပင် တစုံတခုသော အကြောင်းအရာအမှတ်အသားကို အစွဲပြု၍ ခေါ်ဝေါ်လာသည်လည်းရှိပါသည်။ ခေါ်တွင်ရသော အကြောင်းအရာကို တိကျစွာ မသိရသေးပေ။ ဥပမာ - ပဲနံ့သာဂူ၊ ဂူပိစပ်… အစရှိသော အမည်မျိုး ဖြစ်လေသည်။
ကျောက်စာဝန် တော်စိန်ခိုလက်ထက် ဖွားစောရွာသူကြီး ပညာရှိဦးထွန်းဦးသည် ပုဂံဒေသတဝိုက် ဘုရားများကို အမည်ပေးသူတယောက်အနေဖြင့် အမှတ်အသားရှိလေသည်။ ဥပမာ မင်းနန်သူရွာမြောက်ဘက်ရှိ မဟာသမန်းကြီး ဂူဘုရားအတွင်း အုတ်ကျောင်းပျက်ကြီးမှ အဂ္ဂိရတ်ဆရာ ဘုန်းကြီးတဦး အသုံးပြုခဲ့သော လုံကွဲများတွေ့သောကြောင့် ပုဂံခေတ်က အစဉ်အလာရှိသည်ဟု ပြောဆိုကြသော အဂ္ဂိရတ်ဆရာအရှင်အဇ္ဇျဂေါဏနှင့် ဆက်စပ်ပြီး အဇ္ဇျဂေါဏဟု ရယ်ရွှင်စရာ အမည်ပေးခဲ့ရာမှ ယခုအထိ အမည်တွင်၍နေတော့သည်။ တခါတရံ ပြက်ရယ်ပြုသောစကားကြောင့် အမည်မှာ အတည်ဖြစ်၍ နေလေသည်များရှိရာ ဥပမာ… မလုံးဖြစ်၊ လက်ပွတ်ကန်၊ သင်္ကန်းရုံ စသည် အဆောက်အအုံများမှာ အရည်းကြီးတို့နှင့်စပ်၍ ပြတ်ရယ်ပြောဆိုချက်မှ ထွက်ပေါ်လာသော အမည်များဟု ဖော်ပြကြလေသည်။
ရှေးဟောင်းသုတေသနဌာနမှ ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီက အချို့သော ရှေးဟောင်းအဆောက်အအုံများကို တည်ရှိရာ ယာခင်းပိုင်ရှင် သို့မဟုတ် အနီးတွင် ယာလုပ်သူ၏အမည်ကို အစွဲပြုပြီး ခေါ်ဝေါ်ခဲ့ကြရာ ဥပမာ… မောင်ယုန်ဂူ၊ မသူဇာဂူ၊ ငခွေးညိုဂူ၊ ငလူးဂူ၊ ဘိုးဂလုန်ဘုရား… စသည်များကို မန်းနန်သူနယ်တွင် တွေ့နိုင်လေသည်။
အထက်ပါ အမျိုးအစားများဖြင့် ပုဂံဒေသတဝိုက်ရှိ ရှေးဟောင်းအဆောက်အအုံများ၏ အမည်များ ဖြစ်ပေါ်လာခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်းခြောက်ဆယ်၊ ခုနှစ်ဆယ်အထက်ကဖြစ်ပါသည်။ ယခုမူ အမည်သစ် ထပ်မံပေးခြင်းမရှိတော့ဘဲ ရှေးအမည်ဟောင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရှေးဟောင်းသုတေသနမှ ပုဂံဒေသ ရှေးဟောင်းအဆောက်အအုံများစာရင်း အမှတ်အသားဖြင့် ထည့်သွင်းညွှန်းဆိုလျက် ရှိပေသည်။
ဦးဗိုကေ - ပုဂံသုတေသနလမ်းညွှန်
#baganscent #article #baganmonumentsnamingsystem
ပုဂံစာအုပ်များ... (ဖတ်ရန်)
ပုဂံကို စိတ်ဝင်စားသူတိုင်း မေးနေကျ မေးခွန်းတခုက ဘာစာအုပ်တွေဖတ်ရမလဲ တဲ့။
သိသလောက် စာအုပ်နာမည်တွေ ပြောပြမယ်နော်။ ဆိုင်တွေမှာ မေးမြန်းရှာဖွေကြည့်ပေါ့။
In Burmese Language
၁။ ပါရဂူ - ပုဂံခရီးသည် (ပုဂံသွားဖို့စီစဉ်ပြီဆို ဒီစာအုပ်ကို ပြန်ပြန်ဖတ်ပါတယ်)
၂။ မောင်သာချို - တပိုင်းတစ ကန္တာရထဲက ယွန်းနဲ့စွဲနေတဲ့ စာမျက်နှာများ (အကြိုက်ဆုံး စာအုပ်ပါ)
၃။ ဦးဗိုကေ - ပုဂံသုတေသနလမ်းညွှန် (လမ်းညွှန်ထားတာ တော်တော်လေးစုံပါတယ်)
၄။ မခင်နူ့ (ဒဿန) - ပုဂံဘုရား ပုဂံစကား ပုဂံသား (ပုဂံက ပရလောကသားတွေအကြောင်းပါ ရေးထားတယ်)
၅။ ဒေါက်တာသက်လွင် - သမိုင်းကပြောသောပုဂံ ပုဂံကပြောသောသမိုင်း
၆။ ကိုနော် (ပုဂံ) - သရပါထက်က တိမ်တိုက်များ
၇။ ဒေါက်တာသန်းထွန်း - တစ်နေ့တလံ ပုဂံဘယ်ပြေးမလဲ
၈။ တင်နိုင်တိုး - ပုဂံအဘိဓာန်
၉။ မြသန်းတင့် - သမိုင်းထဲကပုဂံ ပုဂံထဲကသမိုင်း
၁၀။ ဒေါက်တာသန်းထွန်း - ပုဂံလက်သစ်နှင့် ပုဂံအနုပညာတန်ဖိုး ထိန်းသိမ်းရန်
၁၁။ ရွှေကိုင်းသား - ရှေးခေတ်ပုဂံပြည် နှင့် သမိုင်း၊ စာပေ၊ ယဉ်ကျေးမှု အထွေထွေ
၁၂။ စိတ်ကူးချိုချိုကထုတ်တဲ့ ပုဂံ စာအုပ် (လွတ်လပ်ရေးခေတ်က စာရေးဆရာကြီးတွေရဲ့ ပုဂံအကြောင်းစာတွေ စုထားတဲ့စာအုပ်)
၁၃။ ပုညခင် - လက်ကျန်လရောင် (ပုဂံနောက်ခံ ဝတ္ထု)
၁၄။ မောင်သိန်းဆိုင် - ပုဂံမြို့သူ (ပုဂံနောက်ခံ ဝတ္ထု)
၁၅။ ဦးကုလား - မဟာရာဇဝင်ကြီး (ပုဂံအကြောင်းသက်သက်ရယ်မဟုတ်၊ ပုဂံအကြောင်းလေ့လာမယ်ဆိုရင် ဖတ်သင့်တဲ့ အထဲပါ)
၁၆။ မင်းဘူးအောင်ကြိုင် - ပုဂံခေတ်ဗိသုကာလက်ရာများ
၁၇။ ပြန်ကြားရေးဝန်ကြီးဌာန - ပုဂံဘုရားပုထိုးများ ပထမတွဲ (၁၉၉၄) ( BaganScent မှာ pdf version ရနိုင်)
၁၈။ ပြန်ကြားရေးဝန်ကြီးဌာန - ပုဂံဘုရားပုထိုးများ ဒုတိယတွဲ (၁၉၉၆) ( BaganScent မှာ pdf version ရနိုင်)
၁၉။ L-lin - အာနန္ဒာဘုရားသမိုင်း (ရုပ်ပြစာအုပ်) ( BaganScent မှာ pdf version တောင်းယူနိုင်)
၂၀။ ပြန်ကြားရေးဝန်ကြီးဌာန - ပုဂံစေတီပုထိုးများ၏ မှတ်တမ်းဝင်ရှေးဟောင်းဓာတ်ပုံများ ၁၉၀၆ မှ ၁၉၂၀ ထိ (ပ+ဒု)
၂၁။ မင်းဆွေ - ရှေးဟောင်းသုတေသနပြတိုက် ပြသပစ္စည်းများနှင့် မြန်မာကျောက်စာ စာစုစာရင်း
၂၂။ ဗိုလ်မှူးဘရှင် - အနော်ရထာ
၂၃။ ပါရဂူ - သမိုင်းပုံရိပ် (BaganScent မှာ pdf version တောင်းယူနိုင်)
၂၄။ သမိုင်းသုတေသနဦးစီးဌာန - ပုဂံစေတီပုထိုးများ (BaganScent မှာ pdf version တောင်းယူနိုင်)
၂၅။ ပါရဂူ - သမိုင်းသင်ခန်းစာ
၂၆။ ချစ်ဦးညို - မဏိစန္ဒာဥဒါန်း (သမိုင်းနောက်ခံဝတ္ထု၊ အသစ်ပြန်ထုတ်ထားလို့ ဆိုင်တွေမှာ ရနိုင်)
၂၇။ ချစ်ဦးညို - ရာဇကုမာရ (သမိုင်းနောက်ခံဝတ္ထု၊ အသစ်ပြန်ထုတ်ထားလို့ ဆိုင်တွေမှာ ရနိုင်)
၂၈။ ပုညခင် - မကြွေပါနဲ့ဆာကူရာ (ပုဂံနောက်ခံ ဝတ္ထု)
၂၉။ တင်နိုင်တိုး - ပုဂံရွှေပြည်မှ သူရဲကောင်းများ
၃၀။ သော်တာဆွေ - ပုဂံသူရဲကောင်းများ (ဒေါ်ခင်မျိုးချစ်က English လိုရေးတာကို ဘာသာပြန်ထားတဲ့စာအုပ်)
၃၁။ ဦးဘုန်း (ဓာတု) - ပုဂံချစ်သူ
၃၂။ ရွှေကူမေနှင်း - အိုဘယ့်ပုဂံ
၃၃။ ကောင်းသန့် - မြန်မာပုဂံ
၃၄။ တင်နိုင်တိုး - ပုဂံမင်းဆက် ရာဇဝင်သစ်
၃၅။ တက္ကသိုလ်မောင်သုလှိုင် - ပုဂံမင်းဆက်များ ရာဇဝင်
၃၆။ မင်းကျော် - ပုဂံသား
၃၇။ ဦးခင်မောင်ဆွေ - ဧရာဝတီမြစ်ကမ်းပါးမှ ဘုရား ပုထိုး စေတီ ၅၀၀၀
၃၈။ ဇော်ဂျီ - စာရှုခင်း ၁ (စိတ်ကူးချိုချိုမှ ဇော်ဂျီ၏ စာများကို ပြန်လည်စုစည်းထားတဲ့စာအုပ်)
၃၉။ ဇော်ဂျီ - စာရှုခင်း ၂ (စိတ်ကူးချိုချိုမှ ဇော်ဂျီ၏ စာများကို ပြန်လည်စုစည်းထားတဲ့စာအုပ်)
၄၀။ မင်းဘူးအောင်ကြိုင် - လက်ရာစုံစွာ အာနန္ဒာ
In English
1. Pierre Pichard – Inventory of Monuments at Pagan Volume 1 to 8 (BaganScent မှာ ရရှိနိုင်)
2. G.H.Luce – Old Burma Early Pagan Volume 1+2+3 (BaganScent မှာ ရရှိနိုင်)
3. Bagan and The World – Early Myanamr and its Global Connections
4. Barry Broman – Bagan Temples and Monuments of Ancient Burma
5. Paragu – The Bagan Wayfarer
ပုဂံနဲ့ယွန်း၊ ယွန်းနဲ့ပုဂံ... (ဖတ်ရန်)
ပုဂံကိုချစ်တယ်ဆို ယွန်းကိုလည်းချစ်မှဖြစ်မယ်နော်
ဘာလို့လဲဆိုတော့ ပုဂံနဲ့ယွန်း ယွန်းနဲ့ပုဂံဆိုတာ ခွဲမရတဲ့အကြောင်းအရာတစ်ခုပါ...
တကယ်တော့ ယွန်းရဲ့မူလဇစ်မြစ်က တရုတ်ကနေဆင်းသက်လာတာပါ....
ဘုရင့်နောင်မင်းတရားကြီးက ဇင်းမယ်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် တရုတ်လက်မှုပညာရှင်တွေကို ခေါ်ဆောင်လာခဲ့ရာကနေ ယွန်းပညာပါ ပါလာခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် မြန်မာတွေက ယွန်းထည်များကို မြန်မာတို့ရဲ့ကိုယ်ပိုင်ယဥ်ကျေးမှုပုံစံနဲ့ တိုးတက်အောင်ဖန်တီးခဲ့ကြတော့ အခုချိန်မှာ တော့မြန်မာ့ယဥ်ကျေးမှုအနုပညာစစ်စစ်တစ်ခုဖြစ်သွားပြီပေါ့...
ရှေးယခင်ခေတ်တွေမှာတော့ ယွန်းထည်ဆိုတာ ဘုရင်တို့ မှူးကြီးမတ်ရာတို့လို တော်ဝင်မိသားစုတွေသာအသုံးပြုခဲ့ကြတာပါ။ အဲ့နောက်မှာတော့ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ဓလေ့ထုံးတမ်းပွဲသဘင်တွေမှာပါ အသုံးပြုခဲ့ကြပါတယ်။ အင်္ဂလိပ်လက်အောက်ကျရောက်ပြီးတဲ့အခါမှာတော့ ယွန်းထည်တွေက တိမ်မြုပ်သွားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း၂၀ရာစုလောက်အရောက်မှာတော့ မြန်မာ့ရိုးရာအနုပညာတစ်ခုကို Tourism Sector အတွက် ပြန်လည်တိုးတက်အောင်ဖန်တီးနိုင်ခဲ့ကြပါတယ်။
ယွန်းထည်ကိုအမျိုးအစားခွဲကြည့်ရင် Bowl Shape နဲ့ Flat Shape ဆိုပြီး ၂မျိုးခွဲခြားနိုင်ပါတယ်။ Bowl t Shape ကတော့ သစ်သားနဲ့ပြုလုပ်ထားတာပါ။ အရည်အသွေးပြည့်မီတဲ့ ယွန်းထည်တစ်ခုမှာ အနည်းဆုံးအလွှာ၂၀ထိပါဝင်ပါတယ်။ အလွှာ၁လွှာခြောက်ဖို့ကို ၁လခန့်အချိန်ယူရပါတယ်။ အဲ့တာကြောင့် Quality ကောင်းတဲ့ ယွန်းထည်တစ်ခုရဖို့ကို အနည်းဆုံး ၆လက နေ၂နှစ်လောက်အထိကိုအချိန်ယူရပါတယ်။
ယွန်းထည်မှာ အဓိကပါဝင်ပစ္စည်း (၄) မျိုးရှိပါတယ်။
(၁) ဝါး ကတော့အဓိကပစ္စည်းပေါ့
(၂) သစ်စေး - ယွန်းမှာသုတ်တဲ့ သစ်စေးကိုတော့ အမြင့်ပေ ၃၀၀၀ အထက်မှာပေါက်တဲ့ အပင်တစ်မျိုးကနေရရှိတာပါ။ အဆိုပါသစ်စေးကိုလည်း ဆောင်းတွင်းမှာပဲထုတ်လို့ရပါတယ်။ အဲ့ဒီ့သစ်စေးရဲ့ မူလအရောင်ကတော့ အနက်ရောင်ပါ။ ပြီးတော့ အခြောက်ခံတဲ့အခါမှာလည်း နေရောင်နဲ့အခြောက်ခံလို့မရပဲ မြေအောက်အခန်းတွင်း အပူချိန်နဲ့သာ အခြောက်ခံရပါတယ်။ နောက်ထပ်ပါဝင်ပစ္စည်း ၂မျိုးကတော့ လွှစာမှုန့်နဲ့ ဝါဂွမ်း (cotton) ပါ။ လွှစာမှုန့်ကိုတော့ သစ်စေးနဲ့ရောပြီးအသုံးပြုတာဖြစ်ပြီး Cotton ကိုတော့ အလွယ်တကူမကျိုးပဲ့မပျက်စီးအောင် ထည့်သွင်းအသုံးပြုတာပါ။
ယွန်းထည်ပြုလုပ်တဲ့နည်းအဆင့်ဆင့်ကို လေ့လာမိရသလောက်ကတော့ အောက်ပါအတိုင်း အကျဥ်းချုပ်အဆင့်တွေကို တွေ့ရှိရမှာပါ။
အဆင့် (၁) ဝါးနှီးကိုဖြာပြီး လိုအပ်တဲ့ပုံကို ပုံကြမ်းဖော်ပါတယ်။
အဆင့် (၂) ယွန်းနဲ့ပြာကိုရောပြီး ယွန်းစသုတ်ပါတယ်။ ပြီးရင် မြေအောက်အပူချိန်နဲ့ ၁ပတ်လောက်အခြောက်ခံပါတယ်။ အတွင်းလွှာကို ၇လွှာလောက်ထိအနည်းဆုံးသုတ်ပါ တစ်လွှာသုတ်ပြီးတိုင်း မြေအောက်ခန်းမှာ တစ်ပတ်လောက် အခြောက်ခံရပါသေးတယ်။
အဆင့် (၃) ယွန်းနဲ့ ဝါဂွမ်း(သို့)အဝတ်စ ကိုပေါင်းပြီး ယွန်းထပ်သုတ်ပါတယ်။
အဆင့် (၄) လွှစာမှုန့်ကိုသစ်စေးနဲ့ရောသုတ်ပြီး Polish တင်ပါတယ်။
အဆင့် (၅) သစ်စေးနဲ့အမဲရိုးပြာ နဲ့ရောပြီး ထပ်မံသုတ်ပါတယ်။
အဆင့် (၆) ပြီးရင် သစ်စေးအသားကြီးပဲ အနည်းဆုံး ၆ကြိမ်လောက်သုတ်ပါတယ်။
အဆင့် (၇) လိုအပ်ဒီဇိုင်းအကြမ်းကို သံစုပ်နဲ့ဆွဲပါတယ်။ ပြီးရင်တော့ အခြေခံအရောင်တွေဖြစ်တဲ့ အနီရောင် အစိမ်းရောင် အဝါရောင် အရောင်သွင်းခြင်းလုပ်ငန်းစပါတယ်။
အဆင့် (၈) ယွန်းထည်ပေါ်မှာ အနီရောင်စပြီးသွင်းပါတယ်။
အဆင့် (၉) အစိမ်းရောင်သွင်းဖို့အနုစိတ်ထည့်ပါတယ်။ ပြီးရင်တော့ အစိမ်းရောင်စသွင်းပါတယ်။
အဆင့် (၁၀) အဝါရောင်သွင်းဖို့အနုစိတ်ထည့်ပြီး အဝါရောင်စသွင်းပါတယ်။
တစ်ရောင်သွင်းပြီး အခြောက်ခံပြီးမှ နောက်တစ်ရောင်ကိုသွင်းပါတယ်။
အဆင့် (၁၁) ကိုယ်လိုချင်တဲ့ ဒီဇိုင်းအချောသတ်ပြီးရင် ကျောက်မှုန့်နဲ့ Polish တင်ပါတယ်။
အဆိုပါ အဆင့်တွေပြီးသွားရင်တော့ Quality ကောင်းတဲ့ယွန်းစစ်စစ်ကို ရရှိမှာဖြစ်ပါတယ်။ ၁၁ ဆင့်ဆိုတာကတော့ အနည်းဆုံး အကျဥ်းချုပ်ကြည့်ထားတဲ့အဆင့်တွေပါနော် လက်တွေ့မှာ ဒီ့ထက်များပါတယ်။
ယွန်းကို အတုအစစ်ခွဲဖို့ကိုရင်တော့ ယွန်းမှာသင်းပျံ့တဲ့အနံ့တစ်ခုရှိပါတယ်နော်။ အကယ်၍နမ်းကြည့်လို့ သစ်စေးနံ့ သင်းသင်းလေးမဟုတ်ပဲ သဘေင်္ာဆေးနံ့ရရင်တော့ ယွန်းမစစ်လို့ပါနော်
အကယ်၍ ပုဂံရောက်ခဲ့တယ်ဆိုရင်တော့ ယွန်းဆိုင်လေးတွေဆီကို မရောက်ရောက်အောင် သွားရောက်လေ့လာကြည့်သင့်ပါတယ်နော်.....
ပုဂံကိုချစ်သလို ယွန်းကိုလည်းချစ်ပါနော်
E-Bike လေးနဲ့ ပုဂံကို နှံ့အောင် ဘယ်လိုလည်ကြမလဲ (၈)... (ဖတ်ရန်)
ဒီညနေတော့ မင်းနန်သူရွာတဝိုက်က ကျန်နေတဲ့ နေရာလေးတွေကို လည်ပတ်ကြမယ်နော်။
ဟိုတယ်မှာ အေးဆေးနား၊ ခဏအိပ်၊ ရေချိုးပြီး ၃ နာရီခွဲလောက် ပြန်ထွက်ကြမယ်။ လည်ပတ်ဖို့ကျန်နေတဲ့ ဘုရားတွေကတော့ စားပွဲတင်ဘုရား၊ စားပွဲမှောက်ဘုရား၊ ဘုရားသုံးဆူ၊ Temple 481 အုတ်ကျောင်း၊ သမ္ဗူလ၊ တပ်ကလေး၊ တရုတ်ပြေး၊ နန္ဒမညာ၊ ဝိနည်းဓိုရ်၊ ရှင်အဇ္ဇျဂေါနဘုရား၊ ဆင်ဖြူရှင်ကျောင်းဝန်းနဲ့ နေဝင်ချိန်ကြည့်ဖို့ အိုးထိန်းကုန်းလေး တို့ပဲ ဖြစ်ပါတယ်။
မင်းနန်သူနားမှာက လည်ပတ်နေရမယ့်နေရာလေးတွေက မနီးမဝေးကပ်လျက်လေးတွေ ရှိနေတော့ လည်ပတ်ရတာ သိပ်မကြာပဲ၊ အေးဆေးလေး လျှောက်ကြည့်လို့ရတယ်။ ညနေဘက် နေအေးလေးနဲ့ဆိုရင် လည်ပတ်လို့ တော်တော်လေးကောင်းတယ်။ ပုဂံရဲ့ရှေးဟောင်းအနှစ်သာရအပြည့်ကို ခံစားရသလိုပဲ။
အရင်ဆုံး လေးမျက်နှာဘုရားအကျော်လေးမှာပဲ ရှိတဲ့ ဘုရား ၃ ဆူကို ဝင်ကြမယ်။ ဘုရားသုံးဆူက ဂူဘုရားငယ် သုံးဆူ ကပ်လျက် တည်ထားတာလေး။ တဆူမှာ နံရံပန်းချီအပြည့်ရှိတယ်၊ ဒုတိယအဆူမှာက တဝက်တပျက် မပြီးမစီး၊ တတိယအဆူမှာတော့ ပန်းချီတွေမရှိ၊ ဆိုတော့ နံရံပန်းချီတွေရေးနေရင်း တခုခုကြောင့် ရပ်သွားရတယ်လို ယူဆရတာပေါ့။ ပုဂံမြို့သူဇာတ်လမ်းထဲမှာဆိုရင် ဂွမ်းနုတို့မောင်နှမ နဲ့ ကံကောင်းတို့ ဘုရားသုံးဆူရှေ့နားမှာ ဈေးရောင်းကြတာပေါ့။
ဘုရားသုံးဆူရဲ့ အနောက်မြောက်ဘက်၊ မြေသားလမ်းကလေးရဲ့ တဖက်မှာတော့ စားပွဲတင်ဘုရားရှိတယ်။ မြက်ပင်ခြုံနွယ်တွေကြားမှာ ဘုရားလေးက ထီးထီးကလေးရှိနေတယ်။ စားပွဲတင်ဘုရားရဲ့ အနောက်ဖက်မှာတော့ စားပွဲမှောက်ဘုရားရှိတယ်။ စားပွဲတင်ဘုရားကလည်း ပုဂံမြို့သူဇာတ်လမ်းထဲက နေရာတခုပဲ။ ပုဂံမြို့သူဇာတ်လမ်းထဲက နေရာလေးတွေကို မင်မင်ဂိုက်ကောင်ရေးထားတာလေးကို ဖတ်ချင်ရင် ဒီကနေ ဖတ်ကြည့်နော်။ ပုဂံမြို့သူဇာတ်လမ်းထဲကနေရာလေးတွေ
စားပွဲတင်ဘုရားကနေ အနောက်ဘက်ကိုဆက်သွားရင်တော့ နရသီဟပတေ့မင်းတည်ခဲ့တဲ့ တရုတ်ပြေးဘုရားကြီးရှိပါတယ်။ တရုတ်ပေးဘုရားက မင်းနန်သူတဝိုက်မှာတော့ အကြီးဆုံး ဂူဘုရားထဲပါတယ်။ ငလျင်တုန်းက အတော်လေးထိခိုက်ခဲ့ပြီး ပြန်လည်ပြုပြင်ထားတာပေါ့ အတော်လေး ပြီးနေပါပြီ။ တရုတ်ပေးဘုရားကို ညနေပိုင်းရောက်တာဆိုတော့ နေလည်းကျနေပြီး အုတ်တံတိုင်းဝင်း အထဲမှာ နွားအုပ်ကြီးကိုကျောင်းနေတဲ့အချိန်၊ နေရောင်အောက်က မြက်နုလေးတွေစားနေတဲ့ နွားအုပ်ကြီးရယ် နဲ့ အတိတ်ကိုပြန်ရောက်နေသလို ခံစားရတယ်။ ပြဿနာတခုက အေးအေးဆေးဆေးဖီးနေတုန်း မင်မင်ဂိုက်ကောင်က တရုတ်ပြေးဘုရားတောင်ဘက်က ဘုရားရုပ်တု အောက်က ခုံလေးမှာ ပုဝါစိမ်းလေးတခုတွေ့တယ်ပြောတယ်။ ၂၀၁၉က သူ ရောက်တုန်းကလည်း ဘုရားရှိခိုးနေတုန်း မိန်းကလေးတယောက်ဖြတ်ပြေးသွားလို့ ကျောချမ်းပြီး လိုက်ကြည့်တာ ပဝါစိမ်းလေးပဲ တွေ့ခဲ့ရတယ်တဲ့၊ အခုလည်း ပြန်တွေ့ရပြန်ပြီ။ အခုကတော့ ဘုရားထဲ ဝင်မရခဲ့လို့တော်သေးတယ်။ အဲ့အကြောင်းဖတ်ချင်ရင် ဒီကဖတ်ကြည့်ပါ။ တရုတ်ပြေးဘုရားကပုဝါစိမ်းလေး
ပြီးရင်တော့ ဘုရားသုံးဆူဘက်ပြန်လာပြီး သမ္ဗူလဘုရားဘက်သွားကြမယ်။ သမ္ဗူလဘုရားကို မရောက်ခင်လေးမှာ ဘုရားသုံးဆူရဲ့ မျက်စောင်းထိုးမှာ အုတ်တိုက်တခုရှိတယ်။ Temple ၄၈၁ တဲ့. အဲ့အုတ်တိုက်ကို နောက်ခံထားပြီး ဓာတ်ပုံရိုက်ရင် တော်တော်လေးမိုက်တယ်။ အဲ့အုတ်တိုက်ထဲမှာတော့ ခြောက်ခြားစရာကောင်းတယ်၊ အလင်းရောင်ကောင်းကောင်းမရဘဲ မြေခွက်ကလေးတွေလည်း အများကြီးတွေ့ရတယ်၊ ဆီမီးထွန်းတဲ့ခွက်ကလေးတွေလို့ ထင်ရတယ်။ ဝင်ရင်လည်း သတိထားကြပါ မြွေတွေရှိတက်တယ်။
သမ္ဗူလဘုရားကတော့ တော်တော်လေးလှတဲ့ ဘုရားပဲ။ သမ္ဗူလမိဖုရားတည်ခဲ့တယ်လို့ ဆိုတယ်။ ရာဇကုမာရ်ရဲ့ မိခင်၊ ကျန်စစ်သားပြေးနေရတဲ့အချိန်မှာ တွေ့ဆုံခဲ့တဲ့ ချစ်သူ။ ကျန်စစ်သားက တော်တော်စားတယ်နော် ပြေးရင်းလည်း ကြိတ်၊ စစ်ကူသွားရင်းလည်းကြိတ်၊ အိမ်ကွင်းမှာလည်းကြိတ်။ သမ္ဗူလမိဘုရားကို ဦးဆောက်ပန်းလို့လည်း ခေါ်တယ်လို့ကြားဖူးတယ်။ ဆိုတော့ မဟာဗောဓိဘုရားနားက ဦးဆောက်ပန်းဘုရားကရော??? သမ္ဗူလမိဖုရားပဲ တည်ခဲ့သလား။ သေချာတော့မသိဘူး။ ပြန်ရှာဖွေလေ့လာရာဦးမယ်။ သမ္ဗူလဘုရားက အထဲတော့ ဝင်လို့မရဘူး။ တံခါးပိတ်ထားတယ်။ အစောင့်လည်းမရှိတော့ ဝင်လို့မရတော့။ ဘုရားက အုတ်ခုံခပ်မြင့်မြင့်မှာတည်ထားတော့ ထီးထီးရှိနေပြီး၊ အပြင်ဘက်နံရံမှာဆိုရင် အင်္ဂတေပန်းလက်ရာတွေ အတော်လေးကျန်နေသေးတယ်။ ပလာစတာတွေပါ တော်တော်လေးကျန်နေသေးတယ်။ အပြင်ဘက်ကို ပတ်ပြီးလေ့လာကြည့်ကြတာပေါ့နော်။
မင်းနန်သူနားမှာနာမည်ကြီးတဲ့နေရာ တခုကတော့ အုတ်တံတိုင်း နှစ်ခုကြားက လမ်းကလေးပဲ၊ တဖက်က သမ္ဗူလဘုရား အုတ်တံတိုင်းဖြစ်ပြီး၊ တဖက်ကတော့ တပ်ကလေးဘုရားတံတိုင်း။ သမ္ဗူလဘုရားတံတိုင်းကတော့ တော်တော်လေး အကောင်းတိုင်းကျန်နေပါသေးတယ်။ အဲ့လမ်းကလေးကလည်း မြင်းလှည်းကလေးဖြတ်မောင်းတဲ့အခါ ကြည့်လိုက်ရင် ပုဂံအရသာကို အပြည့်အဝခံစားရတယ်။ မင်မင်ကတော့ မင်းနန်သူတဝိုက်ကို တော်တော်လေးချစ်တယ်။
တပ်ကလေးဘုရားကတော့ ခပ်သေးသေးဘုရားလေးဖြစ်ပေမယ့် အထဲမှာ နံရံဆေးရေးပန်းချီတွေအပြည့်ကျန်နေပါသေးတယ်။
အုတ်တံတိုင်း နှစ်ခုကြားကလမ်းကလေးအတိုင်း မြောက်ဘက်၊ နန်းမြင့်မျှောင်စင်ဘက်ကို တည့်တည့်ဆက်သွားရင် ညာဘက်လေးမှာ နန္ဒမညာဆိုတဲ့ ဘုရားလေးရှိတယ်။ ပုဂံခေတ်နံရံဆေးရေးပန်းချီရဲ့ အဆင့်အတန်းက ဘာလဲဆိုတာ သိသာစေတဲ့ လက်ရာတွေ နန္ဒမညာမှာရှိတယ်။ UNESCO အတွက် တင်ပြတဲ့ ရိုက်ကွက်တွေထဲမှာဆိုရင် မပါမဖြစ်ပေါ့။ နန္ဒမညာဆိုတာ လှိုဏ်ဂူဘုရားသေးသေးလေးဆိုပေမယ့် တော်တော်လေးတော့ တန်ဖိုးကြီးတဲ့ဘုရားတဆူပါပဲ။
နန္ဒမညာရှေ့ဆက်သွားရင် သဒ္ဓမ္မရံသီဘုရားဆိုတာရှိတယ်။ ပြီးရင်တော့ စောစောက လမ်းမလေးကို ပြန်ထွက်ပြီး မျှော်စင်ဘက်ဆက်သွားကြပါမယ်။ ရှေ့နားမှာ လမ်းခွဲလေးတခုရှိတယ်၊ ဘယ်ဘက်မှာ ဝိနည်းဓိုရ်ဘုရားရှိတယ်။ ညာဘက်ကို ဆက်သွားရင်တော့ ရှင်အဇ္ဇဂေါနဘုရားရှိတယ်။ နဂါးနီသီချင်းထဲက ရှင်အဇ္ဇဂေါန ထင်ပါရဲ့။ နွားမျက်လုံးတဖက် ဆိတ်မျက်လုံးတဖက်၊ ဓာတ်လုံးဖော်တာ မအောင်မြင်လို့ ချီးတွင်းထဲပစ်လိုက်မှ အောင်သွားတယ်တဲ့။ ပုံပြင်လိုလို ဇာတ်လမ်းလိုလိုပေါ့။ သမိုင်းကြောင်းတွေထဲတော့ ထည်လို့ရမယ့် အထဲတော့ မပါပေမယ့် လည်ရင်းပတ်ရင်း ဒေသခံလေးတွေ ပြောပြတာလေးတွေ နားထောင်ရင်တော့ ဒီလို ဇာတ်လမ်းလေးတွေက ပြောလို့အကောင်းဆုံးပေါ့။ ပုဂံနဲ့ယှဉ်တွဲနေတဲ့ အရာလေးတွေပေါ့။
အဲ့နားမှာ Aureum Palace Hotel ရှိပြီး၊ နန်းမြင့်မျှော်စင်ကလည်း ဟိုတယ်ဝင်းထဲမှာပဲရှိပါတယ်။ မျှော်စင်ကနေ နေဝင်ချိန်ကြည့်လည်း အဆင်ပြေပါတယ်။ တယောက် ၂၀၀၀ လောက်တော့ ကျမယ်။ အခုတော့ ဖွင့်မဖွင့် မသိတော့ဘူးရယ်။ အချိန်က နေဝင်ချိန်မရောက်သေးပေမယ့် မျှော်စင်ပေါ် တက်ကြည့်လိုက်ကြမယ်။ ပြီးရင် ဆင်ဖြူရှင်ဝင်းထဲသွားမယ်။ အိုးထိန်းကုန်းမှာပဲ နေဝင်ချိန်ကြည့်ကြမယ်။
မင်းနန်သူရွာလေးဘက်ကိုပြန်လာပြီး၊ Min Nan Thu Kitchen အကျော်နားကနေ မြေသားလမ်းကလေးအတိုင်းဆက်သွားလိုက်ရင် ရှေ့နားဆိုရင် ဆင်ဖြူရှင်ကျောင်းတိုက်ကိုရောက်ပါပြီ။ ပုဂံခေတ်က ဗုဒ္ဓတက္ကသိုလ်ကြီးတခုလို၊ ဆင်ဖြူရှင်ဆိုတာ ဘုရားရယ်၊ သိမ်ရယ်၊ ဇရပ်ရယ်၊ အုတ်ကျောင်းလေးတွေရယ်၊ ရေကန်ရယ်၊ စေတီရယ် အစုံစုံသော အဆောက်ဦးများစွာနဲ့ တံတိုင်းကလည်း ၂ ထပ်နဲ့ တော်တော်လေး ပြည့်စုံတဲ့ ကျောင်းဝင်းတခုပါပဲ။
ဆင်ဖြူရှင်လမ်းကလေးကလည်း နာမည်ကြီးပါတယ်။ တမာပင်လေးတွေအစီရီနဲ့ အုံ့ဆိုင်းဆိုင်းကလေး။ ဆင်ဖြူရှင်ဘုရားက ကုန်းမြင့်မြင့်လေးမှာဆိုတော့ လှေကားလေး လေးငါးဆင့်တက်ပြီး ရင်ပြင်ကိုဖြတ်ပြီး ဘုရားဆီရောက်ပါတယ်။ ရင်ပြင်က ကျောက်ပြားကွက်ဖော်ခင်းထားပေမယ့်၊ နေပူတဲ့အချိန်ဆိုရင်တော့ တော်တော်လေးပူပါတယ်။ အခု မင်မင်တို့ ရောက်တဲ့အချိန်ကတော့ ညနေဘက် နေဝင်ချိန်လောက်ဆိုတော့ တော်တော်လေးအေးနေပြီး အဆင်ပြေပြေ သွားလာလို့ရပါတယ်။ ဆင်ဖြူရှင်ဘုရားမှာလည်း လေ့လာစရာတွေရှိပါသေးတယ်။ ဘုရားရဲ့တိုက်မကြီး ပတ်လည် ထောင့်တွေမှာ ဘီလူးရုပ်မျက်နှာကြီးတွေရှိတယ်။ မုခ်တံကဲမှာလည်း အင်္ဂတွေအရုပ်တွေ ပန်းတွေက တော်တော်လေး လှတယ်။ တခြားဘုရားတွေနဲ့မတူအောင်ကို ထူးခြားတယ်။ ကွမ်းတောင်ကိုတက်တဲ့လှေကားလေးတွေ ဘေးမှာလည်း နတ်ရုပ်လေးတွေရှိတယ်။ အထဲမှာကျောက်စာ ၃ချပ်ရှိပြီး နံရံပန်းချီအနည်းငယ်လည်းကျန်ပါသေးတယ်။
ဆင်ဖြူရှင်းကျောင်းဝင်းက အဝင်ကတည်းက ဖိနပ်ချွတ်ရတော့ အုတ်ခင်းလမ်းကလေးက နေ့လည်ဘက်ဆို နင်းလို့မရလောက်အောင် ပူပါတယ်။ အချိန်ကို သေချာကြည့်ပြီး သွားသင့်တဲ့အထဲ ဆင်ဖြူရှင်လည်းပါပါတယ်။ အခြားနေရာတွေဖြစ်တဲ့ သိမ်တို့၊ ရေကန်တို့၊ အုတ်ကျောင်းတို့ကို သွားချင်ရင် အထဲကနေ လမ်းလျှောက်မသွားချင်ရင် အပြင်ကနေ E-Bike လေးနဲ့ ပတ်သွားလို့ရပါတယ်။
ဆင်ဖြူရှင်သို့ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်လေး ဘေးကနေ အရှေ့ဘက်ကို သွားလိုက်ရင် ဆင်ဖြူရှင်ကျောင်းတိုက် အရှေ့ဘက်ခြမ်းကိုရောက်ပါတယ်။ အုတ်တိုက်လေး သုံးလေးလုံးကျော်ရင် ရေကန်ထဲသို့ ရေစီးဝင်တဲ့ လမ်းကလေးကနေတဆင့် ရေကန်ဆီကိုရောက်ပါမယ်။ ရေကန်ရှေ့မှာ မန်ကျီးပင်ကြီး တပင်ကို အုပ်ဆိုင်းဆိုင်းနဲ့ ရှိနေပါတယ်။ အောက်မှာ အေးဆေးထိုင်ပြီး ငေးမောနေလို့အရမ်းမိုက်တဲ့နေရာလေးပါပဲ။
ဆင်ဖြူရှင်ကပြန်ထွက်လာပြီး စူဠာမဏိဘက်ကို ဆက်သွားရင် ဘယ်ဘက်ခြမ်းမလှမ်းမကမ်းမှာ အိုးထိန်းကုန်းတောက်ကုန်လေးရှိပါတယ်။ နေဝင်ချိန်ကို အဲ့ကနေပဲ ကြည့်ပါမယ်။ လူသူအရောက်အပေါက်နည်းလို့ လူသူရှင်းပြီး ကိုယ်နဲ့ပါတဲ့အဖော်၊ သူငယ်ချင်းနဲ့ပဲ စကားလေးပြော၊ ငှက်သံလေးတွေနားထောင်ရင်း နေဝင်ချိန်ကို private ဆန်ဆန်လေး ကြည့်ကြမယ်။
ကဲ ဒီနေ့ဆို E-bike နဲ့လည်တာ ၄ ရက်တာ ပြီးဆုံးပါပြီ။ ပုဂံဘုရားတွေလည်း တော်တော်လည်း နှံ့လောက်ပါပြီ။
E-Bike လေးနဲ့ ပုဂံကို နှံ့အောင် ဘယ်လိုလည်ကြမလဲ (၇)... (ဖတ်ရန်)
ဒီနေ့ကတော့ E-Bike နဲ့လည်တဲ့ ၄ ရက်မြောက်နေ့၊ နောက်ဆုံးနေ့လေးပါ။ ဒီနေ့ကတော့ မြို့ဟောင်းနဲ့ မြင်းကပါမြောက်ဘက်က ကျန်နေတဲ့ နေရာလေးတွေရယ်၊ အနောက်ဖွားစောရွာဘက်ရယ်၊ မင်းနန်သူရွာတဝိုက်ဘက်ရယ် ကို လည်ပတ်ကြမယ်နော်။
ထုံးစံအတိုင်း မနက်စာကို ဟိုတယ်မှာစား၊ အလှပြင် ဘာညာပြီးရင် E-Bike လေး ဆွဲပြီး စထွက်ကြတာပေါ့။
ဒီနေ့ သွားမယ့်နေရာတွေကတော့ တာမဏီဘုရား၊ တာမဏီအုတ်ကျောင်း၊ အရှင်အရဟံအုတ်ကျောင်း၊ ကုသိနာရုံဘုရား၊ မှန်ဘုရား၊ ဓမ္မရာဇကစေတီ၊ သမုတိဘုရား၊ သစ္စာဝတီ၊ ဖွားစောအုတ်ကျောင်း၊ ရွှေသပိတ်ဘုရား၊ သံပျင်စွာ၊ လေးမျက်နှာဘုရား၊ လေးမျက်နှာ ကျောင်းတိုက်၊ လေးထောင့်ကန်၊ ဘုရားအမှတ် ၄၆၇/၄၆၈၊ စားပွဲတင်ဘုရား၊ စားပွဲမှောက်ဘုရား၊ ဘုရားသုံးဆူ၊ Temple 481 အုတ်တိုက်၊ တရုတ်ပြေးဘုရား၊ သမ္ဗူလ၊ တပ်ကလေး၊ နန္ဒမညာ၊ ဝိနည်းဓိုရ်၊ ရှင်အဇ္ဇဂေါဏဘုရား၊ ဆင်ဖြူရှင်၊ အိုးထိန်းကုန်း တို့ပဲဖြစ်ပါတယ်။
ပထမဆုံးသွားမယ့် တာမဏီအုတ်ကျောင်းကိုတော့ မြို့သစ်ဘက်ကပဲဖြစ်ဖြစ် မြို့ဟောင်းဘက်ကပဲဖြစ်ဖြစ် သွားလို့အဆင်ပြေပါတယ်။ ကိုယ်တည်းတဲ့ ဟိုတယ်ရဲ့ နေရာကိုလိုက်ပြီး သွားတာပေါ့။ ဥပမာ ကိုယ်က ညောင်ဦးနဲ့ ဝက်ကြီးအင်းဘက်မှာတည်းတယ်ဆိုရင် ရွှေဆံတော်ဘုရားလမ်းအတိုင်း မြို့သစ်ဘက်ကို လာရင် တာမဏီအုတ်ကျောင်းကို ရောက်ပါမယ်။ မြို့သစ်ဘက်မှာတည်းတယ်ဆိုရင် အာသောကဟိုတယ်တို့၊ Amata Garden တို့နားက အကွေ့ကနေ မြို့ဟောင်းဘက်သွားတဲ့ လမ်းကလေးအတိုင်းသွားရင် ရောက်ပါပြီ။
တာမဏီက ဘုရားရယ် အုတ်ကျောင်းရယ်ဆိုပြီးရှိပါတယ်။ တခုနဲ့တခုက သိပ်မဝေးဘဲ ရှိနေကြပါတယ်။ တာမဏီဘုရားကတော့ ယခုခေတ်စေတီဘုရားတွေလိုပါပဲ။ တာမဏီအုတ်ကျောင်းကတော့ အုတ်ကျောင်းအပျက်ကြီး၊ ဟိုအရင်က လူသိပ်မလာပေမယ့် အခုနောက်ပိုင်း လူလာများတော့ ဈေးဆိုင်လေးတွေပါရှိနေပြီ၊ တာမဏီအုတ်ကျောင်းရဲ့ နံရံအမြင့်ပေါ် တက်ကြည့်လို့ရတော့ နောက်ပိုင်းလူလာများတာပေါ့။ အနောက်မှာကတော့ တာမဏီဘုန်းကြီးကျောင်းလေးရှိတယ်။ တာမဏီအုတ်ကျောင်းနဲ့ကပ်လျက်မှာက ရှင်အရဟံအုတ်ကျောင်းကြီးရှိတယ်၊ အုတ်ကျောင်းကြီး နှစ်ခုက အရွယ်အစားလည်း သိပ်ကွာကြတော့ အုတ်ကျောင်းပျက်ကြီး နှစ်ခု ကပ်လျက်ရှိနေတာကြီးက မိုက်တော့မိုက်တယ်။ တာမဏီအုတ်ကျောင်းနဲ့ တာမဏီဘုရား ကြားမှာတော့ စေတီဝိုင်းလေးတွေရှိတယ်၊ တာမဏီအုတ်ကျောင်းအဝကနေ စေတီလေးတွေ နောက်ခံထားပြီး ဓာတ်ပုံရိုက်ရင်တော့ မိုက်တယ်။
တာမဏီအုတ်ကျောင်းဘက်ကထွက်ပြီး ရွှေဆံတော်ဘက်ကို ဆက်သွားရင် သိပ်မဝေးခင်လေးမှာ ကုဿိနာရုံဘုရားနဲ့ မှန်ဘုရားရှိတယ်။ ကုဿိနာရုံဘုရားကတော့ ဂူဘုရားဖြစ်ပြီး မှန်ဘုရားကတော့ မှန်တွေကပ်ထားတဲ့ စေတီငယ်လေးတခုပါ။ ပြီးရင် တော့ မြို့သစ်ဘက်ကိုပြန်ထွက်ပြီး ဓမ္မရာဇက ဘက်ကို သွားကြပါမယ်။ မြို့ဟောင်းဘက်က ရှေ့ရက်တွေမှာ လည်ပတ်ပြီးပြီနော်။
ဓမ္မရာဇကဘုရားကတော့ ပုဂံမှာ လူသိများတဲ့ဘုရားတဆူထဲက တခုပေါ့။ ထူးခြားချက်ကတော့ ငါးမျက်နှာဘုရားတွေထဲမှာ အကြီးဆုံးပဲ။ ပြီးတော့ ဓမ္မပါစစ်သူကြီးအကြောင်းနဲ့လည်း လူသိများတယ်။ ဓမ္မပါလစစ်သူကြီးကြောင်း ဖတ်ချင်ရင် ဒီကဖတ်ပါ >>> ဓမ္မပါလစစ်သူကြီး
ဓမ္မရာဇကဘုရားကနေ ဓမ္မရံကြီးဘက်ကို သွားတဲ့ မြေသားလမ်းအတိုင်း သွားကြည့်ရင်၊ ခပ်လှမ်းလှမ်းမှာ သမုဌိဘုရား ရှိပါတယ်။ ဆက်သွားရင် ရှေ့ရက်က သွားခဲ့တဲ့ တောင်တဝက်ဂူဘုရားကို ရောက်ပါမယ်။ မြို့ဟောင်းဘက်ကို မနေ့ကလည်ပတ်ပြီးပြီမို့ အဲ့ဘက်ဆက်မသွားတော့ပဲ ကတ္တရာလမ်းဘက်ပြန်ထွက်လာပြီး အနောက်ဖွားစောရွာဘက်ကို ဆက်သွားပါမယ်။
အနောက်ဖွားစောရွာမရောက်ခင်၊ ဓမ္မရာဇကနဲ့ မလှမ်းမကမ်းမှာတော့ သစ္စာဝတီဂူဘုရားရှိပါတယ်။ အနာက်ဖွားစော အနီးတဝိုက်မှာတော့ သစ္စာဝတီက အကြီးဆုံးဂူဘုရားပါပဲ။ လှိုဏ်သုံးဆင့်ခံထားတဲ့ဘုရားမို့ တော်တော်လေးမြင့်ပါတယ်။ အရင်ကဆို သစ္စဝတီဘုရားပေါ်က နေဝင်ကြည့်လို့ရတော့၊ ဘုရားကလည်း မြင့်တော့ ဓမ္မရာဇကဘုရားမြင်ကွင်းနဲ့ နေဝင်ချိန်က မြို့ဟောင်းဘက်ကကြည့်ရတဲ့ မြင်ကွင်းနဲ့ တော်တော်လေးကွာတယ်။ တမျိုးလေးပဲ။ အခုတော့ တက်လို့မရတော့ဘူးပေါ့။ အထဲမှာမှောင်လည်းမှောင်တော့ လင်းနို့တွေရှိပြီး အနံ့လည်း ပြင်းတယ်။ တခုသတိထားရမှာက မြွေ။ သစ္စာဝတီမှာ မြွေပေါတယ်။ မင်မင်တော့ အလုပ်လုပ်တုန်းက ခဏခဏ မြွေတွေ့ရတယ်။ လျှောက်ပြီးလေ့လာစူးစမ်း စပ်စုတက်တဲ့သူဆိုရင်တော့ သစ္စာဝတီမြောက်ဘက်ကို ဆက်သွားကြည့်လို့ရတယ်၊ ခြုံတွေထဲမှာ တံတိုင်းပြိုတံတိုင်းပျက်ကြီးရှိတယ်၊ စေတီလေး သုံးလေးဆူလည်း ရှိတယ်။ တောတိုးပြီး explore လုပ်လို့ကောင်းတယ်။ ခြုံတွေထဲကနေ သစ္စာဝတီဘုရားကိုပြန်မြင်ရတာလည်း တမျိုးပဲ၊ မျှော်လင့်ချက်တခုပြန်ရလိုက်သလို ခံစားချက်မျိုးပဲ။ မင်မင် အလုပ်လုပ်တုန်းက ပုံတွေပါထည့်ထားလိုက်ပါတယ်၊ သစ္စာဝတီက နေဝင်ချိန်က လှလို့။
သစ္စာဝတီဘုရားရဲ့ အရှေ့စွန်းစွန်းမှာတော့ ရွှေသပိတ်ဘုရားရှိပါတယ်။ ရွှေသပိတ်ဘုရား မြောက်ဘက်ကပ်လျက်မှာတော့ အုတ်ကျောင်းပျက်ကြီးတခုရှိတယ်။ ဖွားစောအုတ်ကျောင်းတဲ့၊ လူအရောက်ပေါက်နည်းပေမယ့်၊ အုတ်ကျောင်းပျက်ကြီးက တော်တော်လေးတော့ စွဲဆောင်မှုရှိတယ်။ အဲ့နေရာအကြောင်းလေး လမ်းညွှန်ထားတာကို ဒီကဖတ်ကြည့်ပါ။ https://www.facebook.com/111324201453952/posts/134851699101202/ ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးတခုလည်း အုတ်ကျောင်းဘေးမှာရှိတယ်။
ရွှေသပိတ်ဘုရားအရှေ့က လမ်းကလေးကနေဝင်သွားရင်တော့ သံပျင်စွာဘုရားရှိတယ်။ ဝင်ကြည့်ကြတာပေါ့နော်။ အဲ့ကနေ လမ်းမကြီးဘက်ပြန်ထွက်ပြီး အနောက်ဖွားစောရွာလေးကိုဖြတ်၊ မင်းနန်သူ သွားတဲ့လမ်းကလေးအတိုင်း ချိုးကွေ့လိုက်ရင် အနောက်ဖွားစောရွာ အလယ်တန်းစာသင်ကျောင်းလေးရှေ့မှာ ဇရပ်လေးတဆောင်ရှိတယ်။ သောက်ရေအိုးစင်လေးလည်းရှိတယ်။ သန့်ပြန့်နေတဲ့ ခွက်ကလေးတွေနဲ့ ရေအပြည့်ထည့်ပေးထားတဲ့ ရေအိုးလေး သုံးလုံးလောက်ကို တွေ့ရလိမ့်မယ်။ ရေဘူး ရေကုန်ရင်ဖြစ်ဖြစ် ဖြည့်ပြီး၊ ခဏတဖြုတ်နားလို့ရတာပေါ့။ အညာဒေသရဲ့ ချစ်စရာဓလေ့လေးတခုပေါ့၊ ရန်ကုန်လိုနေရာမျိုးမှာတော့ ပျောက်ကွယ်သွားခဲ့တာ ကြာပေါ့ရယ်။
မင်းနန်သူရွာကလေးကို ဝင်တဲ့ ကတ္တရာလမ်းကလေးအတိုင်းလာပြီး၊ လမ်းဆုံးတဲ့အခါ ညာဘက်ကို ချိုးလိုက်တယ်ဆိုရင်ပဲ ခပ်လှမ်းလှမ်းမှာ မြင်ရမှာ က သစ်သားဆိုင်းဘုတ်အညိုလေးပေါ်မှာ ဆေးအဖြူလေးနဲ့ရေးထားတဲ့ Min Nan Thu Kitchen ဆိုတဲ့ဆိုင်ကလေး။ ဒီနေ့ နေ့လည်စာကို အဲ့ဒီမှာစားကြတာပေါ့နော။ အခုက နေ့လည်စာစားချိန်တော့ မရောက်သေးတော့ မင်းနန်သူရွာထဲ ခဏလောက် ဝင်လည်ကြတာပေါ့နော်။ ညနေပိုင်းကိုတော့ မင်းနန်သူတဝိုက်က ဘုရားတွေကို လည်ပတ်ကြမယ်။
အဲ့ဆိုင်ကလေးရဲ့ ရှေ့နားလေးမှာက အမှတ်၉၅၊ မင်းနန်သူရွာမူလတန်းကျောင်းလေးရှိတယ်။ လက်ကျန်လရောင်ဝတ္ထုထဲက မြကျေးက မင်းနန်သူရွာဇာတိဖြစ်ပြီး တက်ခဲ့တဲ့ကျောင်းလေးက အဲ့ကျောင်းလေးဖြစ်လောက်တယ်။ ဒါနဲ့ စကားမစပ် မင်းနန်သူရွာအပါအဝင် လက်ကျန်လရောင်ထဲက နေရာလေးတွေကို မင်မင်တို့နဲ့ သိပ်မကြာခင်ကမှ ခင်တဲ့ ရန်ကုန်သားက သေချာလေး စုစည်းပေးထားတာလေးရှိတယ်ဗျ။ လက်ကျန်လရောင်ဖတ်ပြီး သွားသင့်တဲ့ နေရာ ၄၀ တဲ့။ သူလုပ်ထားတာလေးတွေက တော်တော်လေးကောင်းတယ်ဗျ။ ပုဂံမှာ စက်ဘီးလေးနဲ့ တယောက်ထဲ အေးဆေးဒိုးပြီး လုပ်ထားတာလေးတွေ၊ မကြွေပါနဲ့ဆာကူရာ ဇာတ်ကားထဲက film location လေးတွေကိုလည်း စုစည်းပေးထားလေးတွေရှိသေးတယ်။ သွားကြည့်ကြည့်၊ ဖတ်ရင်းကြည့်ရင်း ကြည်နူးရတဲ့ feeling လေးရလိမ့်မယ်ဗျ။ လက်ကျန်လရောင် နေရာ ၄၀ ကိုတော့ ဒီ link ကနေ ဝင်ဖတ်ကြည့်ပါ။ လက်ကျန်လရောင် နေရာ ၄၀
မင်းနန်သူရွာလေးအကြောင်းကိုတော့ သိပ်မရှင်းပြတော့ဘူးနော် ပုံလေးတွေပဲ ကြည့်လိုက်ပါ။ ရွာလေးက လူဦးရေနည်းပြီး ခပ်သေးသေးရွာလေးတခုရယ်ပါ။ မင်မင်တို့ကတော့ လက်ကျန်လရောင်စာအုပ်ဖတ်ပြီး သဘောကျခဲ့တဲ့ ရွာလေးဆိုတော့ ဝင်ကြည့်လိုက်သေးတယ်။ အရင်ကတော့ Tourism ခေတ်ကောင်းတုန်းက ပုဂံကိုလာတဲ့ နိုင်ငံခြားသား ဧည့်သည်တွေက မင်းနန်သူရွာကလေးကိုလည်း တခုတ်တရ ဝင်လည်ကြတယ်။ ဆေးလိပ်တဲ့အဖွားဆိုရင် တော်တော်လေး လူသိများကြတယ်။ မင်မင်တို့သွားတုန်းကတော့ အဖွားရဲ့ အိမ်မှာ နာရေးရှိနေလို့ ဝင်မလည်ဖြစ်လိုက်ဖူး။ တခြားအိမ်လေးအိမ်ကိုတော့ ဝင်လည်လိုက်ကြတယ်။ သူငယ်ချင်းတို့လည်း ရောက်ဖြစ်ရင် ခွင့်တောင်းပြီး ဝင်လည်ကြည့်နော်။ ရွာထဲကလမ်းတွေကတော့ သဲလမ်းတွေပဲမို့ E-Bike က သဲနစ်တယ်ဗျ။ ဆိုတော့ ဂရုစိုက်ပြီး မောင်းကြရမယ်ဗျ။ ရွာလမ်းမှာ အင်မတန်ကြီးရဲ့ နွားကြီးတကောင်လည်း တွေ့ခဲ့သေးတယ်။ နွားလားဥဿဖဆိုတာမျိုးထင်ပါရဲ့။ နည်းတဲ့ ဒေါင်ကြီးမဟုတ်ဖူး။
မင်းနန်သူရွာလေးအကြောင်းကို Tasty Trip က တင်ဆက်ထားတာလေးကို Bagan Scent မှာ တင်ထားပါတယ်။ ဒီကနေ ဝင်ကြည့်ကြည့်လို့ရပါတယ်။ မင်းနန်သူရွာလေးအကြောင်း
မင်းနန်သူ kitchen အကျော်၊ မင်းနန်သူရွာအဝင်နားမှာ လေးထာင့်ကန်ဆိုတာရှိတယ်။ ခပ်မြင့်မြင့်ကုန်းပေါ်မှာ အုတ်တံတိုင်းပါရှိနေသော ရုတ်တရက်ကြည့်ရင် ကန်လို့ မထင်ရဘူး။ ကန်အရှေ့မှာ ဇရပ်လေးတခုရှိတယ်။ လေးထောင့်ကန်ဘောင်ပေါ်ကိုတက်ဖို့က ၂ နေရာရှိတယ်။ ရွာရှေ့က ဇရပ်နားလေးမှာ အုတ်လှကားလေးရှိတယ်၊ အဲ့ကနေ တက်ပြီး ကန်ထဲ ဆင်းလို့ရတယ်။ နောက်တနေရာက လေးမျက်နှာ ဘုရား မျက်စောင်းထိုးက အပင်ကြီးနားက တက်သွားရတာ။ ကန်ရဲ့ ထောင့် ၂ ခုကနေ တက်လို့ရတယ်လို့ပြောရမယ်ထင်တယ်။ ကန်ဆိုတော့လည်း တက်တယ်လို့ ပြောလို့ အဆင်မပြေပြန်ဘူး။ လေးထောင့်ကန်ကလည်း အဲ့လိုအမြင့်ကိုတက်ပြီးမှာ မြင်ရတာဆိုတော့လည်း ရှင်းပြရတာ ခက်တော့ခက်သား။ အဲ့နားရောက်ရင်တော့ သိမှာပါ။ ကန်ထဲ ဝင်ကြည့်ရင် ကန်က နွေဆို ရေသိပ်မရှိတော့ဘူး။ ကန်ရဲ့ အရှေ့ဘက်တည့်တည့်မှာ ကျောက်ရေထွက်ပြွန်လေးတခုတွေ့ရလိမ့်မယ်၊ ဒေသခံတွေပြောပြတာက အဲ့အပေါက်လေးကနေ တုရင်တောင်က စီးတဲ့ ရေတွေ ဝင်တာတဲ့။ အခုတော့ ဝင်မဝင်မသိတော့ ဘူး။ တုရင်တောင်နဲ့ မင်းနန်သူဆိုတော့ တော်တော် ဝေးဝေးဖြစ်နေပြီး ကြားထဲမှာ အဆောက်ဦးတွေလည်း ရှိနေပြီဆိုတော့လေ။ ကန်ဘေးက ဘောင်ကိုလည်း အုတ်နဲ့ပဲ ပတ်ထားပြီး၊ လှေကားသဏ္ဍာန်အဆင့်ကလေးတွေ လုပ်ထားတယ်၊ အဲ့အဆင့်တဆင့်ချင်းဆီက လတလချင်းစီရဲ့ ရေအတက်အကျပဲတဲ့။ ရေတက်လာရင် တလကို တဆင့်ဆီတက်ပြီး၊ ရေကန်ချိန်ဆိုရင်လည်း တလကို တဆင့်ဆီကျသွားတယ်လို့ဆိုတယ်။ ဝင်လေ့လာကြည့်ကြမယ်နော်။ ပြီးတော့ ဖတ်ခဲ့ရတဲ့စာတွေထဲမှာတော့ လေးထောင့်ကန်ဆိုတာ အမတ်ကြီး အနန္ဒသူရိယ တည်ဆောက်ခဲ့တယ်တဲ့။ အနန္ဒသူရိယက ပုဂံခေတ်မှာ မရှိဖူးလို့လည်း ဖတ်ရပြန်တယ်။ အနန္ဒသူရိယ၊ မျက်ဖြေလင်္ကာ၊ လေးထောင့်ကန်ဆိုတာ တွဲဖက်မှတ်မိနေတဲ့ အကြောင်းရာလေးတွေပေါ့။ မင်မင်ဆို မျက်ဖြေလင်္ကာကို အလွတ်တောင်ရနေပြီ ဟဲဟဲ ဝင်ကြွားတာ။
လေးထောင့်ကန်ရဲ့ အနောက်မြောက်၊ မျက်စောင်းထိုးမှာတော့ ထုံးသင်္ကန်းဖြူဖြူဖွေးဖွေးနဲ့ လေးမျက်နှာဘုရားနဲ့၊ တခြမ်းပြိုကျနေတဲ့ လေးမျက်နှာအုတ်တိုက်ကိုတွေ့ရမယ်၊ လေးမျက်နှာဘုရားကို ဘယ်အချိန်ကတည်းက ထုံးသုတ်ထားလဲမသိဘူး၊ တော်တော်လေး ဟောင်းနေတဲ့ စာအုပ်တွေထဲက ပုံတွေထဲမှာတောင် ဘုရားကအဖြူရောင်ဖြစ်နေပြီ။ ကွမ်းတောင်နဲ့ ဂူဘုရားကို ထုံးသင်္ကန်းဖြူဖြူနဲ့တွေ့ရတာ အမြင်တော့ လှပေမယ့်၊ မင်မင်ကတော့ တခြားဘုရားတွေကို ကြေးနီရောင်အုတ်သားနဲ့ပဲ မြင်ချင်မိတယ်။ မြင်းကပါ အကျော်နားမှာလည်း လေးမျက်နှာဘုရားတခုရှိတယ်နော်၊ မနေ့ကလည်ခဲ့တဲ့ အထဲမှာပါခဲ့တယ်။
မင်းနန်သူလေးမျက်နှာဘုရားဝင်းနဲ့တောင်ဘက် ကပ်လျက်မှာတော့ လေးမျက်နှာဘုန်းကြီးကျောင်းရှိတယ်။ ဘုရားအုတ်တံတိုင်းနဲ့ ဘုန်းကြီးကျောင်းအုတ်တံတိုင်းက ကပ်လျက်ကိုရှိနေတာ။ ကြားမှာ လူ သွားလမ်းကလေး ကျဉ်းကျဉ်းလေးသာရှိတယ်။ အဲ့ဘုန်းကြီးကျောင်းကတော့ မကြွေပါနဲ့ဆာကူရာဇာတ်လမ်းထဲက နေရာတခုထဲမှာပါတယ်။ လေးမျက်နှာဘုရားရဲ့ မြောက်ဘက်ကပ်လျက်မှာတော့ လေးမျက်နှာ အုတ်တိုက်ကြီးရှိတယ်။ ထောင့်တဖက်က ငလျင်ဒဏ်ကြောင့် ပြိုကျနေပြီး အတွင်းထဲမှာလည်း အတော်လည်း ပျက်စီးနေတော့ အပြင်ကကြည့်ရင် လေးဘက်လေးလံ နံရံကြီးတွေကိုသာ မြင်ရတော့တယ်။ လေးမျက်နှာဘုရား တံတိုင်းတွေက တော့ လက်ရာ အတော်ကောင်းတဲ့အထဲပါတယ်။
လေးမျက်နှာဘုရားရှေ့တည့်တည့်၊ လေးထောင့်ကန်ရဲ့ဘေးမှာတော့ ဘုရားအမှတ် ၄၆၇/၄၆၈ ပျူပုံစံစေတီဆင်တူလေး ၂ ဆူရှိတယ်။ ဘေးကပ်လျက်မှာက တဆူရှိတော့ အဝေးကကြည့်ရင် ၃ ဆူတန်းနေသလိုလေး၊ ၄၆၇/၄၆၈ ကတော့ အုတ်ခုံတခုထဲပေါ် အတူတူတည်ထားတာဆိုတော့ ညီအစ်မဘုရားလိုပေါ့။ အဲ့ဘုရားရဲ့ သဲကျောက်လှေကားလေးကို တက်နေတဲ့ပုံလေးတွေက Travel Queen စရိုက်ခဲ့ကတည်းက နာမည်ကြီးလာတာပဲ။ ရောက်တုန်း ရိုက်ကြတာပေါ့နော်။ စကားမစပ် Travel Queen (အိမ်ချစ်ချော) ဆိုတာ မင်မင်ဂိုက်ကောင်ရဲ့ Favorite ပဲတဲ့ ။ အဲ နေ့လည်ရောက်တော့မှာဆိုတော့ ကျောက်တုံးတွေက ပူကျစ်နေပြီ။ မြန်မြန်ရိုက်ပြီး နေ့လည်စာသွားစားကြတာပေါ့။ မင်မင်တို့ နှစ်ကောင်ကတော့ တက်ရိုက်ကြည့်သေးတယ် ခြေဖဝါးက ပူလို့ ခုန်ဆွခုန်ဆွ ပုံပဲရလိုက်တယ်။
ဒီနေ့ နေ့လည်စာကိုတော့ ကျော်လာခဲ့တဲ့ Min Nan Thu Kitchen မှာ စားကြပါမယ်။ စားရတာ အရသာလည်း ရှိပါတယ်၊ ဈေးလည်းသင့်ပါတယ်၊ ခုံတခုံချင်းက တဲတခုချင်းစီဆိုတော့ private လည်းဆန်ပါတယ်၊ အညာဒေသစာ လေးတွေလည်း အစုံရပြီး စားသောက်နေရင်း ဆိုင်ရှင်က ဂစ်တာဆွဲပြီး သီချင်းဆိုပြပါသေးတယ်။ မင်းနန်သူKitchen အကြောင်းလေးကို မင်မင်ဂိုက်ကောင်က အသေးစိတ်ရေးပေးထားတာလေးရှိတယ်။ ဒီကနေ ဖတ်ကြည့်ပါ Min Nan Thu Kitchen
ကဲ နေ့လည်စာစားပြီးရင်တော့ ထုံးစံအတိုင်း ဟိုတယ်ပြန်နားကြတာပေါ့။ နေကအရမ်းပူတယ်လေ။ ညနေမှပြန်ထွက်ကြမယ်နော်။ ညနေကျရင် မင်းနန်သူတဝိုက်မှာကျန်နေသေးတဲ့ နေရာတွေရယ်၊ ဆင်ဖြူရှင်ကျောင်းတိုက်ဝင်းရယ်၊ ကိုသွားကြမယ်။
#baganscent #အင်ယာမင်မင်
E-Bike လေးနဲ့ ပုဂံကို နှံ့အောင် ဘယ်လိုလည်ကြမလဲ (၆)... (ဖတ်ရန်)
မနက်က မြို့ဟောင်းထဲတော်တော်လေးနှံ့အောင်လည်ပတ်ပြီးပြီဆိုတော့ ဒီညနေတော့ ရွှေဆံတော်နားက ကျန်တဲ့နေရာလေးတွေရယ်၊ မြင်းကပါနဲ့ မြို့သစ်ဘက်ကိုသွားကြတာပေါ့။
ခဏအိပ်၊ အေးဆေးနားပြီး ၃ နာရီလောက်ပြန်ထွက်ကြပါတယ်။
ဒီညနေသွားမယ့်နေရာတွေကတော့ ဆင်များရှင်၊ ပြဿဒါးဘုရား၊ ဂူတော်သစ်၊ ဦးဗိုကေအုတ်ဂူ၊ သိမ္မစည်း၊ လောကဥသျှောင်၊ ဇီးရိပ်အကြော်ဆိုင်၊ ငါးမျက်နှာဘုရား၊ နွားများသင်္ခယာ၊ မင်္ဂလာစေတီ၊ ရှင်ရဲတထောင်၊ မြင်းကပါဂူပြောက်ငယ်၊ ရှင်မထီးအုတ်ကျောင်း၊ မြင်းကပါဂူပြောက်ကြီး၊ မြစေတီ၊ မြစေတီကျောက်စာ၊ အဂ္ဂတေ့ဘုရား၊ ပေါင်းကူးဘုရား၊ မနူဟာဘုရား၊ နန်းဘုရား၊ အပယ်ရတနာဘုရား၊ နဂါးရုံဘုရား၊ လေးမျက်နှာဘုရား၊ စိုးမင်းကြီးစေတီ၊ စိုးမင်းကြီးအုတ်ကျောင်း၊ စိမ်းညက်ညီမ၊ စောမွန်လှ၊ စေတနာကြီး၊ ကျောင်းကြီးညီမ၊ အရှေ့ဖက်လိပ်၊ အနောက်ဖက်လိပ်၊ လောကနန္ဒာ၊ လောကနန္ဒာကန်၊ လောကနန္ဒာဘေးမဲဥယျာဉ်၊ ကျောက်မျက်မှော် တို့ပဲဖြစ်ပါတယ်။ တော်တော်များတယ်နော်။
ဟိုတယ်ကပြန်ထွက် E-Bike လေးယူပြီး စ သွားမှာက ရွှေဆံတော်လမ်းနဲ့ မီးပွိုင့်ကြားမှာရှိတဲ့ဘုရားတွေ။ အနော်ရထားလမ်းမကြီးနဲ့ကပ်လျက်က ဆင်များရှင်ဘုရားကို အရင်ဝင်လိုက်မယ်။
ဆင်များရှင်ဘုရားမှာ အင်္ဂတေပန်းလက်ရာတွေကျန်သေးလို့ သေချာလေ့လာလို့ရပါသေးတယ်။ ပြီးရင် ကပ်လျက်က ပြဿဒါးဘုရားကို ဝင်လိုက်မယ်၊ အနောက်ဘက်မှာက ဂူတော်သစ်။
အကုန်လုံးက ခပ်ဆင်ဆင်တွေမို့ သိပ်ပြီးအချိန်ကုန်မှာ မဟုတ်ဘူး။ ဂူတော်သစ်တောင်ဘက်မှာ မထင်မရှားလေးရှိနေတာက ပုဂံအတွက်အလုပ်လုပ်ပေးခဲ့တဲ့ ဆရာကြီးဦးဗိုကေအုတ်ဂူရှိပါတယ်။
အဲ့ကနေအရှေ့ဘက်ကို မြေသားလမ်းကလေးအတိုင်းဆက်သွားရင် ယာခင်းလေးကနေ မုခ်ဦးပျက်ကြီးတခုကိုတွေ့ရမယ်။ ဝင်လိုက်ရင် တွေ့ရမှာက သိမ္မစည်းဘုရား၊ အထဲလည်း ဝင်ကြည့်လို့ရပါတယ်။
သိမ္မစည်းရဲ့ အရှေ့တောင်ဘက်ကို ဆက်သွားရင် တလံလောက်အကွာမှာ လောကဥသျှောင်ဘုရားရှိပါတယ်။ လောကဥသျှောင်မြောက်ဘက်မှာ စိတ်ဝင်စားစရာ နှစ်ထပ်စေတီတဆူရှိတယ် ရှာကြည့်ကြတာပေါ့။
လောကဥသျှောင်ကနေ ရွှေဆံတော်ဘက်ပြန်ထွက်ပြီး ရွှေဆံတော်လမ်းလေးအတိုင်း တောင်ဘက်ကို ဆက်သွားလိုက်ရင် သိပ်မဝေးတဲ့နေရာမှာ ဇီးရိပ်အကြော်ဆိုင်လေးရှိတယ်။ အဲ့မှာ ခဏနားပြီး အကြော် စားကြတာပေါ့။ အကြော်တခုကို ၁၀၀၊ ၁၀ခု တပွဲ ရောင်းတယ်၊ ညနေပိုင်းဆို လူကျတက်တော့ ဒီအချိန်က လူရှင်းလို့ အကောင်းဆုံးပါပဲ။ အုန်းရည်ပါတွဲရောင်းပေးတော့ အုန်းရည်ပါ သောက်ချင်ရင် သောက်လို့ရတယ်။ အကြော်စားပြီးရင်တော့ လောကဥသျှောင်လမ်းကလေးအတိုင်း ပုဂံ-ချောက် ကားလမ်းဘက်ကို ပြန်ထွက်ကြပါမယ်။
လမ်းဆုံမီးပွိုင့်နားမရောက်ခင် ဘယ်ဘက်မှာ ငါးမျက်နှာဘုရားငယ်တဆူရှိပါတယ်။ အရင်ရက်တွေက ပြောပြခဲ့တဲ့ ငါးမျက်နှာဘုရားအကြောင်းတွေ မှတ်မိသေးရင် ဝင်လေ့လာတာပေါ့နော်။ အပိုင်း (၂) မှာ
ပါပါတယ်။ ဒီကနေ ဝင်ဖတ်လို့ရပါကြောင်း - အပိုင်း (၂)
ငါးမျက်နှာဘုရားနဲ့ မျက်နှာချင်းဆိုင်လောက်မှာ နွားများသင်္ခယာဘုရားရှိပါတယ်။ ဝင်လေ့လာကြည့်ကြတာပေါ့။ နွားများသင်္ခယာရဲ့ မျက်နှာချင်းဆိုင် လမ်းတဖက်မှာတော့ မင်္ဂလာစေတီရှိပါတယ်။
မင်္ဂလာစေတီဆိုတာ တရုပ်ပြေးမင်းခေါ် နရသီဟပတေ့မင်းတည်ခဲ့တဲ့ဘုရားပေါ့။ ဟင်းခွက် ၃၀၀ ပြည့်မှ ပွဲတော်တည်တယ်ဆိုတဲ့ နရသီဟပတေ့ဟာ မင်္ဂလာစေတီကြီးကိုတည်နေစဉ်မှာ 'ဘုရားကြီးလည်းပြီး
ပြည်ကြီးလည်းပျက်' ဆိုတဲ့ တဘောင်ပေါ်လာသတဲ့။ ချီးပေမင်းကြီးလည်း ဘုရားဆက်မတည်ဘဲ ရပ်ထားသတဲ့။ ရဟန်းတွေက ကောင်းမှုလုပ်တာ ကြောက်နေရသလား ဘာညာ ရွှီရှောင် ဖိန့်တော့မှ ပြန်တည်တယ်
လို့ဆိုတယ်။ နောက်ကျတော့လည်း ပုဂံပြည်ကြီး သိပ်မကြာခင် ပျက်စီးတာပါပဲ။ မင်္ဂလာစေတီဟာ အချိုးကျနလှပြီး ရွှေစည်းခံစေတီနဲ့လည်း ပုံစီတူသလို နှောင်းခေတ်ဘုရားစေတီတွေရဲ့ ဗိသုကာရှေ့ဆောင်ဖြစ်လာတယ်လို့
ဆိုကြတယ်။ မင်္ဂလာစေတီမှာ သိပ်ကိုလှပတဲ့ စဉ့်ကွက်တွေ ပတ်ပတ်လည်ရှိသလို၊ အရံစေတီတွေဆိုရင် စဉ့်ကွက်တွေနဲ့ ကပ်ထားတယ်။ အခုတော့ ဘုရားပေါ်တက်လို့မရသလို၊ ဘုရားဝင်းထဲတောင် ဝင်လို့ရသေးလားမသိလို့ မေးမြန်းကြည့်ပြီးမှ ဝင်တာပေါ့နော်။
ပုဂံ-ချောက် လမ်းလေးအတိုင်း မြင်းကပါဘက်ကိုဆက်လာရင် ဘယ်ဘက်ခြမ်းမှာ တွေ့ရမှာက ရှင်ရဲတထောင်အုတ်ကျောင်းပျက်ကြီးကိုပါ။ စိုးမင်းကြီးအုတ်ကျောင်းလို ပုံစံမျိုးပါပဲ၊ မတူတာက စိုးမင်းကြီးအုတ်ကျောင်းလို
ပြန်လည်ပြုပြင်ထားခြင်းမရှိတော့ အုတ်တံတိုင်းပျက်တွေ၊ အုတ်ပုံအပြိုပျက်တွေကြားထဲပဲ လှည့်ပတ်ကြည့်လို့ရပါမယ်။ အဲ့ဒီအုတ်ကျောင်းပျက်ကြီးအရှေ့တည့်တည့်မှာက မြင်းကပါဂူပြောက်ငယ်ရှိပါတယ်။ တံကဲက အင်္ဂတေလက်ရာ တွေက သိပ်ကိုလှလှပပလေးကိုကျန်ရှိနေပါသေးတယ်။ တံကဲက အုတ်တွေကြားထဲမှာလည်း သဲကျောက်တုံးတွေကို ခုတ်ထစ်ပြီးထည့်စီထားတာကို စိတ်ဝင်စားဖွယ်တွေ့နိုင်ပါသေးတယ်။
မြင်းကပါဂူပြောက်ငယ်ရဲ့ မြောက်ဘက်မှာတော့ မထီးကျောင်းဆိုတာရှိပါတယ်။ လေးထောင့်ကျကျအုတ်တိုက်တခုပါပဲ။ ပြန်ပြင်ထားတဲ့လက်ရာတွေကြောင့် ခပ်လတ်လတ်ပုံစံမြင်ရပါတယ်။ တခု စိတ်ဝင်စားစရာကောင်းတာက အုတ်တိုက်ထဲမှာ အခေါင်းတခုရှိနေတာပါပဲ။ အဲ့နားမှာလူလည်းမရှိတော့ သေချာမမေးမြန်းခဲ့လိုက်ရဘူး။ လခွမ်း စာရိုက်နေရင်း လမ်းထဲက ခွေးတွေအူနေတယ် (ည ၂း၁၇) မီးလာတဲ့အချိန်စာရိုက်ရပါတယ်ဆိုမှပဲ။
ဂူပြောက်ငယ်နားရောက်ရင် အဲ့အုတ်တိုက်ထဲလည်း ဝင်ကြည့်ကြည့်ကြဦးနော်။
ပုဂံ-ချောက် ကားလမ်းလေးအတိုင်း ပြန်ထွက်လာပြီး မြင်းကပါဘက်ဆက်သွားရင် ဘယ်ဘက်ခြမ်းမှာ မြစေတီသို့ဆိုတဲ့ ဆိုင်းဘုတ်လေးတွေ့ရင် ချိုးဝင်လိုက်ပါမယ်။ လမ်းကလေးထဲ ဝင်လိုက်တာနဲ့ ဘယ်ဘက်မှာပဲ
မြင်းကပါဂူပြောက်ကြီဘုရားရှိပါတယ်။ ဂူပြောက်ကြီးဆိုတာက သိပ်မစိမ်းတဲ့ဘုရားတခုပေါ့။ ငယ်ငယ်ကစာထဲလည်း ကျက်ခဲ့ကြရသလို ပုဂံအကြောင်း ပြောကြရင် မပါမဖြစ်ပါတဲ့ ဘုရားတဆူပေါ့။ ဦးဆောက်ပန်းမိဘုရားရဲ့ သားတော် ရာဇကုမာရ်က ခမည်းတော် ကျန်စစ်သားမင်းကြီးနတ်ရွာမစံခင် ရွှေဆင်းတုလေးတဆူသွန်းလုပ်လှူဒါန်းပြီး ဂူပြောက်ကြီးဘုရားကိုတည်ခဲ့တာလို့ ဖတ်ဖူး၊ ကြားဖူးခဲ့ကြတယ်။ ဂူပြောက်ကြီးဘုရားက နံရံဆေးရေးပန်းချီတွေကောင်းလို့ နာမည်ကျော်ပါသေးတယ်။ နံရံဆေးရေးပန်းချီတွေ ထိခိုက်မှာစိုးတာကြောင့် အထဲမှာ ဓာတ်ပုံရိုက်ခွင့်တော့မပေးပါဘူး။ ဝင်ရင် ဘုရားစောင့်ဦးလေးကြီးက ဓာတ်မီးလေးနဲ့ထိုးပြီးလိုက်ပြပါတယ်၊ သူမလိုက်နိုင်ရင် ဓာတ်မီးယူပြီး ကိုယ့်ဖာသာလိုက်ကြည့်လို့ရပါတယ်။ အထဲကိုတော့ ဝင်လေ့လာစေချင်တယ်။ တကယ်ကို အရောင်လေးတွေကစိုပြီး နှစ် ၁၀၀၀ နီးပါးရှိနေတဲ့ ပန်းချီလက်ရာတွေကို အံ့မခန်းမြင်တွေ့ရမှာပါ။ အပြင်ကပတ်ကြည့်ရင်လည်း အင်္ဂနေပန်းလက်ရာတွေကို မြင်တွေ့နိုင်ပါသေးတယ်။
အနောက်ဘက်ခြမ်းက အလယ်ဇာပြတင်းရဲ့ အပေါက်ပုံစံလေးတွေက LV hologram နဲ့ ချွတ်စွပ်တူနေတာလည်း သတိထားကြည့်ကြည့်ပါဦး။ မဏိစန္ဒာများ LV ကိုင်ခဲ့သလားမေးစရာပဲ ဟဟ။ ဂူပြောက်ကြီးဘုရားမှာ သနပ်ခါးလိမ်းပေးတဲ့ အန်တီကြီးတွေ အမကြီးတွေရှိပါတယ်၊ ဓာတ်ပုံရိုက်လို့ကောင်းတဲ့ spot လေးတွေလည်း လိုက်ပြကြတယ်။ စိတ်ပါရင်တော့ အားပေးလိုက်ကြတာပေါ့နော်။
မြင်းကပါဂူပြောက်ကြီးနဲ့ ကပ်လျက်မှာတော့ မြစေတီရှိပါတယ်။ မြစေတီအရှေ့ထောင့်နားလေးမှာတော့ မြစေတီကျောက်စာတိုင်ရှိပါတယ်။ ဝင်ရောက်လေ့လာကြည့်ပါဦးနော်။ မူရင်းကိုတော့ ပုဂံပြတိုက်မှာ ထိန်းသိမ်းထားပါတယ်။
မြင်းကပါရွာဆိုတာ ပုဂံခေတ်ကတည်းရှိခဲ့တဲ့ သမိုင်းကြောင်းကြီးမားတဲ့ ရွာကြီးတရွာဖြစ်သလို၊ ပုဂံယွန်းထည်အများစုကို မြင်းကပါရွာမှာပဲ လုပ်ကြတာဖြစ်ပါတယ်။ မြင်းကပါရောက်တုန်း ယွန်းထည်လုပ်ငန်းကိုဝင်လေ့လာချင်ရင် Lacquerware workshop တွေတော်တော်များရှိပါတယ်။ စိတ်မကောင်းစရာက အခုလက်ရှိအချိန်မှာတော့ လုပ်ငန်းတွေက ရပ်လုလုဖြစ်နေပြီး အော်ဒါအပ်ထားတဲ့ အနည်းငယ်သော အရေတွက်လေးတွေကိုပဲ ပြုလုပ်ပေးနေကြရပါတယ်တဲ့။
ဝယ်ယူအားပေးဖို့အတွက်တော့ ပြခန်းမှာ ပစ္စည်းများစွာရှိပေမယ့်၊ အလည်အပတ်ရောက်တုန်း ယွန်းထည်တွေ ဘယ်လိုလုပ်ကြလဲဆိုတာပါ လေ့လာလို့ရရင် ပိုကောင်းတာပေါ့နော်။ ဒါပေမယ့် ဘယ်တက်နိုင်မလဲနော်၊ ဧည့်သည်တွေပြန်လည်စည်ကားပြီး ယွန်းထည်လုပ်ငန်းလည်း နလံပြန်ထူနိုင်ဖို့ပဲ အပေးဆုတောင်းကြရမှာပေါ့။ မင်မင်တို့ ပုဂံကို သွားဖို့ တိုက်တွန်းနေကြတယ်ဆိုတာလည်း၊ local တွေကို ကူညီရာလည်းရောက်အောင်ပါ၊ ပုဂံဒေသဆိုတာ Tourism ကိုပဲ မှီခိုပြီး လုပ်ကိုင် စားသောက်လာကြတာ အစဉ်အဆက်ပဲမလား။ တခြားစီးပွားရေးလုပ်စရာလည်း ရှိမှမရှိပဲ၊ နေပူရေရှား လွင်တီးခေါင်ပြင်ကြီးမှာ ယာလုပ်ငန်းလည်း ဖြစ်ဖြစ်ထွန်းထွန်းမရှိလှဘူး။ လည်ရင်းပတ်ရင်း တက်နိုင်သလောက် Please support locals နော်။
မြစေတီလမ်းကလေးကပြန်ထွက်လာရင် ပုဂံ-ချောက် လမ်းတဖက်က မြင်းကပါရွာထဲဝင်တဲ့လမ်းကလေးကနေ တည့်တည့်ဝင်သွားပြီး မြစ်ကမ်းနားရောက်ရင် အဂ္ဂတေ့ဘုရား နဲ့ ပေါင်းကူးဘုရားရှိပါတယ်။ ပေါင်းကူးဘုရားကြီးဆိုရင် မြေကြီးထဲတဝက်ရောက်နေပြီး တဝက်ကပြိုကျနေတာ။ ဂူတခုလိုမြင်ရတယ်။ ရွာလမ်းလေးအတိုင်းပြန်ထွက်လာပြီး ရှေ့ဆက်သွားကြမယ်နော်။ ရွာလမ်းအတိုင်းပြန်ထွက်လာရင် ခပ်စိပ်စိတ်တွေ့ရမှာက ယွန်းထည်လုပ်ငန်းဆိုင်လေးတွေပါပဲ။
ပုဂံ-ချောက်လမ်းလေးအတိုင်း မြို့သစ်ဘက်ကိုဆက်သွားရင် ငွေစေတီဘုရားအရှေ့မှာ မဝင်မဖြစ်လည်ပတ်သင့်တဲ့နေရာ ၂ ခုရှိပါတယ်။ မနူဟာဘုရားနဲ့ နန်းဘုရား။ သထုံပြည့်ရှင် မနူဟာဘုရင်မင်းကြီးရဲ့၊ အိမ်နိမ့်စံဘဝမှာ တည်ထားခဲ့တဲ့ မနူဟာဘုရား၊ အထဲက ထိုင်တော့တော်မူရုပ်ပွားတော်ကြီးက ကြီးလွန်းလို့ ကုလားကျောင်းတိုက်မကြီးနဲ့တောင် မဆန့်သလိုဖြစ်နေတယ်။ ဘေးကပ်လျက်မှာလည်း ရုပ်ပွားတော် ၂ဆူနဲ့ အနောက်ဘက်မှာတော့ လျောင်တော်မူရုပ်ပွားတော်ကြီးကို ကပ်သီးကပ်သပ်တည်ထားခဲ့တာ တွေ့ရပါတယ်။ ပိုက်ဆံများ မလောက်လို့လားမသိ။ နောက်တာပါ။ မနူဟာဘုရားကြီးအကြောင်း မင်မင်ဂိုက်ကောင် ရေးထားတာရှိတယ်။ ဒီ link ကနေ ဝင်ဖတ်ကြည့်နော်။ မနူဟာ
မနူဟာရဲ့ တောင်ဘက်မှာ နန်းဘုရားရှိပါတယ်။ လမ်းမကြီးကနေ မမြင်ရဘဲ အနောက်ရောက်နေလို့ ကျော်သွားတက်ကြပါတယ်။ မနူဟာဘုရားဘေးကလမ်းကလေးအတိုင်း တောင်ဘက်ကို ဆက်သွားရမှာပါ။ ကပ်လျက်ပါပဲ။ နန်းဘုရားရဲ့ထူးခြားချက်က ဘုရားတဆူလုံးကို သဲကျောက်တွေနဲ့ တည်ထားတာပဲ။ ပုဂံမြေမှာ သဲကျောက်နဲ့ တည်ထားတဲ့ အဆောက်ဦး ၃ ခုပဲရှိတယ်။ နန်းဘုရားရယ်၊ ကျောက်ဂူဥမင်ရယ်၊ တုရင်တောင်ခြေ မြကန်နားက စက္ကူတိုက်၊ စိတ်မကောင်းစရာက စက္ကူတိုက်က မရှိတော့ဘူး။ ဖြိုဖျက်ပြီးလမ်းခင်းဖို့အတွက် သုံးလိုက်ကြသတဲ့၊ ဘယ်လောက်နှမြောစရာကောင်းလိုက်သလဲနော်။ အဲ့တာကြောင့် ရှားရှားပါးပါး ၂ ခုထဲ ကျန်တော့တဲ့ သဲကျောက်တုံးတွေနဲ့ တည်ထားတဲ့ နန်းဘုရားနဲ့ ကျောက်ဂူဥမင်တို့ကို ရောက်အောင်သွားသင့်ကြောင်းပါ။ ကျောက်ဂူဥမင်ကိုတော့ အပိုင်း(၂) ညောင်ဦး တဝိုက်လည်တုန်းက ထည့်ပေးထားခဲ့ပြီးပါပြီ၊ အပေါမှာ link လေးပြန်ပေးထားပါတယ်။ နန်းဘုရားမှာ လေ့လာစရာတွေအတော်များပါတယ်။ အပြင်ဘက်မှာဆိုရင် တခြားဘုရားတွေနဲ့မတူတာက၊ တခြားဘုရားတွေက အုတ်နဲ့ဆောက်ထားတာဆိုတော့ ပန်းအနုအလှတွေကို အင်္ဂတေနဲ့လုပ်ထားတာ၊ အချိန်ကြာတော့ ဆွေးမြေ့ပြီး ကွာကျကုန်တယ်။ နန်းဘုရားမှာကတော့ ကျောက်တုံးမှာကို ထွင်းထားတာ လှချက်ပဲ။ အနုအရွ အခက်အလက်လေးတွေ၊ အရုပ်တွေ အစုံစုံပဲ။ အတွင်းမှာဆိုလည်း ဗြမ္မာရုပ်တွေကို ကျောက်တိုင်မှာ ထွင်းထားတာ၊ ကြာပန်းတွေကိုင်ထားတဲ့ နတ်ရုပ်တွေ၊ သိပ်ကို ကြည့်လို့ကောင်းတယ်။ ပုဂံအကြောင်း promote လုပ်တဲ့ clip တွေမှာ အများစုတွေ့ရတဲ့ပုံတွေက နန်းဘုရားထဲကလည်းပါတာပေါ့။ အထဲဝင်ဖို့တော့ လူရှိမှအဆင်ပြေမယ်။ လူမရှိရင် တံခါးပိတ်ထားတော့ အထဲကို ဝင်မရတက်ဘူးရယ်။
မြင်းကပါနဲ့ မြို့သစ်ကြားက ဘုရားတွေက အထဲဝင်ကြည့်လို့မရတာတော့ တော်တော်နှမြောစရာကောင်းတယ်၊ ရှေးသုမှာ လုပ်သားဦးရေမလုံလောက်လို့ပဲလို့ ယူဆမိတယ်၊ လူသွားလူလာများတဲ့ မြို့ဟောင်းထဲကဘုရားတွေကို ဖွင့်ပေးထားပေမယ့်၊ အပယ်ရတနာတို့၊ နဂါးရုံတို့၊ နန်းဘုရားတို့ ဆိုတာ အထဲကိုပါ ဝင်ကြည့်မှ ပိုပိုပြီးအလေးထားချစ်တက်လာတာမျိုး။ ဘုရားတွေပေါ်တက်ခွင့်မရပေမယ့် အထဲဝင်ကြည့်ဖို့ သင့်တဲ့ဘုရားတွေတော့ ဖွင့်ပေးစေချင်ကြောင်းပါ။ ဖျက်ဆီးသူ ခိုးသူ ရန်ကိုလည်း အခုချိန်မှ ကြောက်ရတော့ အစောင့်ကို အချိန်အလှည့်နဲ့ဖြစ်ဖြစ်ပေါ့လေ။ ထားပါတော့ အဲ့အကြောင်း။ လည်ပတ်ဖို့ပဲ ဆက်ပြောကြတာပေါ့။
နန်းဘုရားကနေပြန်ထွက်ပြီး မြို့သစ်ဘက်ဆက်လာရင် မြင်းကပါအထွက်နားမှာ ရှိတာက အပယ်ရတနာဘုရား။ ကျန်စစ်သားမင်းကြီးရဲ့ နန်းတက်တက်ချင်း မြှောက်ရတဲ့ မိဘုရားကြီး အပယ်ရတနာရဲ့ ကောင်းမှု။ အပယ်ရတာဘုရားရဲ့ ဗိသုကာက အခြားဘုရားတွေနဲ့ ကွဲပြားတယ်။
သေချာလေ့လာကြည့်ကြည့်နော်၊ အမိုးပိုင်းက အရုပ်တွေဆို ထူးထူးဆန်းဆန်းတွေ၊ ပုံမှာ ကြည့်ကြည့်နော်။ အပယ်ရတနာ အချစ်ရှုံးခဲ့သလား?? ဆိုတာတော့ မင်မင် သိချင်မိ။ သူငယ်ချင်းတော့ရော ဘယ်လိုထင်လဲ ကျန်စစ်သားမင်းကြီး အပယ်ရတနာကို ချစ်ခဲ့ရဲ့လား???
အပယ်ရတနာနားမှာ နှစ်ထပ်စေတီတဆူလည်းရှိပါသေးတယ် ရှာကြည့်နော်။
အပယ်ရတနာရဲ့ လမ်းတဖက် ဓားလွယ်ခုတ်မှာတော့ နဂါးရုံဘုရား နဲ့ လေးမျက်နှာဘုရားရှိပါတယ်။ ဘုရားနှစ်ဆူက တံတိုင်းနံရံလေးဘက်လေးလံ အပြည့်နဲ့ မုခ်ပေါက်အစုံအလင်နဲ့ ခန့်ခန့်ညားညားရှိတုန်းပါ။ နဂါးရုံဘုရားအတွင်းမှာဆိုရင် ပုဂံခေတ်ကတည်းက တည်ဆောက်ရင်းထည့်သုံးထားတဲ့
သစ်သားယက်မကြီးကို အခုထိ အကောင်းတိုင်း တွေ့မြင်နိုင်ပါသေးတယ်။ အင်ဂျင်နီယာတွေအတွက် စိတ်ဝင်စားစရာ ဆောက်လုပ်ရေးပညာတွေပေါ့။ လေးမျက်နှာဘုရားက မင်းနန်သူရွာဘက်က လေးမျက်နှာဘုရားနဲ့ မတူဘူးနော်။ သက်သက်စီ။
မြင်းကပါအထွက် မြို့သစ်ဘက်မရောက်ခင်မှာ ပုဂံ-ချောက်လမ်းမဘေးမှာ ထန်းတဲတချို့ရှိတယ်ဗျ။ ရေဆာရင် ဝင်ကြိတ်လိုက်ကြတာပေါ့။ စစ်စစ်ကြီးရယ်တော့ ဘယ်ဟုတ်ပါ့မလဲနော်။ ညောင်ဦး-ကျောက်ပန်းတောင်းလမ်းဘေးက ဆိုင်တွေထက်တော့ သာပါသေးတယ်။
နောက်တနေရာဆက်ရောက်မှာက ညာဘက်မှာ စိုးမင်းကြီးစေတီနဲ့၊ စိုးမင်းကြီးအုတ်ကျောင်းပါ။ နဂါးရုံဘုရားနဲ့ မျက်စောင်းထိုးလေးတင်ပါ။ စိုးမင်းကြီးစေတီကတော့ ပစ္စယံမြင့်မြင့်ပေါ်မှာ စေတီကြီးကို တည်ထားပါတယ်။ ပစ္စယံအဆင့်တိုင်းမှာ စဉ့်ရည်သုပ်ထားတဲ့ ပန်းခတ်လေးတွေ၊ ငှက်ရုပ်လေးတွေရှိပါတယ်။ တော်တော်လေးကို လက်ရာကောင်းတဲ့ စဉ့်သုပ်လက်ရာတွေပါ။ နှမြောစရာက ပျက်စီးနေတာတွေလည်း အများကြီးပါပဲ။ သေချာမှတ်တမ်းလုပ်ပြီးထားရင် သိပ်ကိုကောင်းမှာ။ ဆရာကျောင်းတို့ မှတ်တမ်းလုပ်ခဲ့ကြသေးတယ်ထင်တယ်။ UNESCO ဝင်ဖို့လုပ်ကြတုန်းက video လေးထဲမှာ စိုးမင်းကြီးက စဉ့်လက်ရာပန်းခက်လေးတွေ ပါလာတယ်။ အဲ့video ကိုလည်း English/Myanmar version ၂ မျိုးလုံး page မှာ တင်ထားပါတယ်။ ဝင်ကြည့်လို့ရပါကြောင်း။
စိုးမင်းကြီးစေတီတောင်ဘက်မှာတော့ စိုးမင်းကြီးအုတ်ကျောင်းရှိပါတယ်။ စိုးမင်းကြီးအုတ်ကျောင်းက ရှေ့က ဝင်ခဲ့တဲ့ ရှင်ရဲတထောင်အုတ်ကျောင်းလိုပဲ အပိုင်းတိတိမရှိတော့တဲ့ အောက်ခြေနံရံပုံစံပန္နက်တွေပဲကျန်တော့တဲ့ အုတ်ကျောင်းတခုပါပဲ။ သူက ပြုပြင်ပြီး သန့်ရှင်းရေးလုပ်ထားတော့၊ ဧည့်သည်လည်းအလာများတော့ ရှင်းရှင်းလင်းလင်းနဲ့ လည်ပတ်ချင်စရာကောင်းနေပါတယ်။ စိုးမင်းကြီးအုတ်ကျောင်းမှာ ဓာတ်ပုံရိုက်လို့ကောင်းတဲ့ နေရာတွေလည်း တော်တော်များပါတယ်။ အုတ်လှေကားထစ်ကလေးတွေမှာ ထိုင်ရိုက်တာ၊ တက်နေတဲ့ပုံ၊ စိုးမင်းကြီးစေတီဘက် လှမ်မျှော်နေတဲ့ပုံ၊ ကတ္တရာလမ်းမက အဝင်၊ အတက်လှေကားလေးပေါ် တက်နေပုံ၊ စသဖြင့် ရိုက်လို့ရတဲ့နေရာတော်တော်များပါတယ်။ အုတ်ကျောင်းရှေ့နားကကြည့်ရင် စိမ်းညက်ညီမကို လှမ်းမြင်နေရပါတယ်။ အဲ့နားက ကုန်းမြင့်လေးဖြစ်နေတော့ ခပ်မြင့်မြင့်ကကြည့်ရင် မြစ်ဘက်ကိုတောင် မြင်နေရပါတယ်။
အုတ်ကျောင်းထဲမှာ သဲပန်းချီရောင်းတဲ့ အဒေါ်ကြီးတယောက်ရှိတယ်။ ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးတွေ သေချာလိုက်ပြပေးတယ်။ သဲပန်းချီအားပေးလို့ရသလို၊ မဝယ်လည်း အဆင်ပြေပါတယ်။ အားပေးရင်တော့ သူတို့အတွက် ပိုအဆင်ပြေတာပေါ့နော်။
စိုးမင်းကြီးအုတ်ကျောင်းအကျော်မှာတော့ ကျောက်မျက်မှော်သို့ဆိုတဲ့ လမ်းကလေးရှိပါတယ်။ အခုမဝင်သေးဘဲ အပြန်ကျမှ နေဝင်ချိန်ဝင်ကြည့်တော့မယ်။ အခုတော့ ပုဂံရဲ့ တောင်ဘက်ဆုံးအထိ သွားကြတာပေါ့။ မြို့သစ်ဘက်ကိုဆက်သွားရင် ဘယ်ဘက်မှာတွေ့ရမှာက ပုဂံမြေမှာ ပရလောကနဲ့
ပက်သက်ပြီး နာမည်ကြီးတဲ့ စိမ်းညက်ညီအစ်မ ဘုရား၂ဆူပါပဲ။ ဝင်ကြတာပေါ့နော်။ စိမ်းညက်ညီအစ်မဘုရားနဲ့ ပက်သက်ပြီး ဇာတ်လမ်းတွေကတော့ ခဏခဏကြားဖူးနေကြပါပဲ။ ပုဂံသားတွေလည်း လန့်တဲ့ဘုရားတွေထဲက တခုပေါ့။ ပုဂံမှာ ညီအစ်မဘုရားဆိုရင် မင်မင်သိသလောက် ၂ ခုရှိတယ်။
စိမ်းညက်ညီအစ်မနဲ့ ကျောင်းကြီးညီအစ်မ တဲ့။ ကျောင်းကြီးညီအစ်မကိုတော့ ရှေ့ဆက်သွားရင် တွေ့ရပါမယ်။
စိမ်းညက်ညီအစ်မကထွက်လာပြီး မြို့သစ်ဘက်ဆက်သွားပါမယ်။ မြို့သစ်မီးပွိုင့်ကိုကျော်မယ်၊ လောကနန္ဒာကိုပါကျော်သွားပါမယ်။ ပုဂံရဲ့တောင်ဘက်အစွန်ဆုံးဘုရားကတော့ စေတနာကြီးဘုရားပါပဲ။ သီဟိုဠ်ပုံစေတီတွေထဲ အကြီးဆုံးဖြစ်ပါတယ်။ ဖြစ်ရပ်ဆန်းတွေလည်း ဖြစ်ခဲ့တဲ့ ဘုရားကြီးဖြစ်ပါတယ်။
စေတနာကြီးဘုရားက ထူးဆန်းတဲ့အကြောင်းတွေ ဖတ်ချင်ရင် ဒီကဖတ်ပါ။ https://www.facebook.com/111324201453952/posts/142426721677033/
စေတနာကြီးဘုရားအဝင်လမ်းကလေးရဲ့ ဘယ်ဘက်ခြမ်းမှာ စောမွန်လှဘုရားရှိပါတယ်။ စောမွန်လှအကျော် စေတနာကြီးဘုရားမရောက်ခင် ဘယ်ဘက်မှာတော့ ကျောင်းကြီးညီအစ်မသို့သွားရာ လမ်းကလေးရှိပါတယ်။ ယာခင်းတွေကြား၊ ဆူးခြုံပင်တွေကြား မထင်မရှာလေးရှိနေတယ်။ ဘုရား ၂ ဆူက
အလယ်လတ်အရွယ်စားဆိုတော့ ပျောက်တော့ မပျောက်နေဘူး။ စိမ်းညက်ညီအစ်မ လိုပဲ ကျောင်းကြီးညီအစ်မ ဟာ တဆူက စေတီပေါက်လှိုဏ်ဘုရားဖြစ်ပြီး၊ တဆူကကွမ်းတောင်ပေါက်လှိုဏ်ဘုရားဖြစ်ပါတယ်။ ကွမ်းတောင်ပေါက်ဘုရားကတော့ ငလျင်ဒဏ်ခံလိုက်ရတုန်းက တော်တော်ထိခိုက်ခဲ့ပါတယ်။
ကဲ ပုဂံမြေရဲ့တောင်ဘက်ဆုံးဘုရားတွေကို ရောက်ပြီးပြီဆိုတော့ လာလမ်းအတိုင်း ချန်ခဲ့တဲ့ ဘုရားတွေဆီ ပြန်သွားကြတာပေါ့နော်။ စေတနာကြီးဘုရား လမ်းကလေးကအထွက် လောကနန္ဒာဥယျာဉ်ဘက်မှာ ဗိုလ်ချိုမိဘုရားရှိပါတယ်။ အင်္ဂလိပ်ခေတ်တုန်းက တော်လှန်ရေးခေါင်းဆောင် ဗိုလ်ချိုကို အဲ့ဘုရားမှာ မိလို့ ဗိုလ်ချိုမိဘုရားဖြစ်သွားတယ်လို့ ဖတ်ရတယ်။ ဆက်သွားရင် ဘယ်ဘက်မှာ စွယ်တော် ၄ ဆူထဲက ၁ဆူဖြစ်တဲ့ လောကနန္ဒာဘုရားအဝင်လမ်းပါပဲ။ လောကနန္ဒာဘုရား မရောက်ခင်မှာ ဖက်လိပ်ဘုရား ၂ ဆူရှိပါတယ်။ အရှေ့ဖက်လိပ်နဲ့ အနောက်ဖက်လိပ်။ ဘုရားအတွင်းထဲဝင်မရပေမယ့် ဝင်းထဲတော့ ဝင်လို့ရတယ်။ အရှေ့ဖက်လိပ်မှာ ထွေထွေထူးထူးမရှိပေမယ့်၊ အနောက်ဖက်လိပ်မှာတော့ အတွင်းမှာ မြေမီးဖုတ်လက်ရာတွေ အကုန်ကျန်သေးတယ်။ အရင်က အနောက်ဖက်လိပ်ဘုရားအပေါ်မှာ လောင်းထားတဲ့ RC slab ကြီးရဲ့ အလေးချိန်က ဘုရားရဲ့ အုတ်နံရံတွေနဲ့ မြေမီးဖုတ်အရုပ်လက်ရာတွေရှိတဲ့ အတွင်းမဏ္ဍိုင်ရဲ့ နံရံကိုပါ အပေါ်ကဖိထားတယ်၊ တဖြည်းဖြည်း အုတ်နံရံက slab ရဲ့ အလေးချိန်ကို မခံနိုင်တော့ဘူး၊ slab သာ ပြိုကျရင် ပုဂံကဆူထဲသော မြေမီးဖုတ်လက်ရာတွေတော့ သွားပြီပဲ။ RC slab ကြီးကို ပြန်ဖြုတ်ချဖို့လည်း လက်မခံ၊ အထိခိုက်လည်း ရှိနိုင်တာဆိုတော့ ကြည့်မနေနိုင်တဲ့ ကိုလင်း(Zay Myo Lin) က အိပ်စိုက်ပြီး၊ သူ့ အင်ဂျင်နီယာတွေနဲ့ RC slab ကို အောက်ကနေ propping လုပ်ပေးထားတယ်။ propping လုပ်တယ်ဆိုတာ အိမ်ဆောက်တဲ့နေရာမှာ ကြမ်းခင်းကျောက်လောင်းရင် အောက်ကထောက်တဲ့ ဒေါက်ပါပဲ။ Temporary Props တွေထောက်လိုက်တော့ percentage တခုအထိ RC slab ရဲ့ ဝန်ကို ဝင်ထမ်းလိုက်တော့ အုတ်နံရံတွေ သက်သာသွားတာပေါ့။ တအိအိကျလာတဲ့ weight ကို အမြဲထိန်းထားဖို့တော့ အဖြေတခုလိုနေသေးတာပါပဲ။ တခါခါကျ အင်ဂျင်နီယာရှုထောင့်နဲ့ ရှေးသု၊ ဘုရားဒကာတွေရဲ့ အမြင်တွေမတူကြတော့ ခက်တော့ခက်သားနော်။ အကယ်၍ ဝင်ဖြစ်တဲ့အခါ အပေါက်ကနေ ကြည့်ကြည့်။ အထဲကိုမြင်ရတယ်။ ဒေါက်ထောက်ထားတာတွေ၊ မြေမီးဖုတ် အုတ်လက်ရာတွေ ဘယ်လောက်လှတယ်ဆိုတာ၊ အဖိုးတန်အမွေအနှစ်တွေဆိုတာ မြင်ရင် ခံစားမိလိမ့်မယ်။ ပျက်စီးသွားရင် သွားပြီ၊ ပြန်မရနိုင်တော့ဘူး။ ရေးရင်းနဲ့ ဒီဘုရားအကြောင်းတော်တော်ရှည်သွားပြီ။ ဆက်သွားကြတာပေါ့။
ရှေ့အကွေ့လေးနားမှာ ဇီးကွက်စိန်ရဲ့ ကျောက်တိုင်လေးရှိတယ်၊ E-Bike လေးခဏရပ်ပြီး စပ်စုကြည့်တာပေါ့။ အရပ်အရှည်ဆုံး စံချိန်တင်ခဲ့တဲ့သူပေါ့။ အသေးစိတ်တော့ ကျောက်တိုင်မှာဖတ်ကြည့်တော့။ ရှေ့ဆက်သွားရင် လောကနန္ဒာပဲ။ ညနေနေလည်း စောင်းပြီဆိုတော့ လောကနန္ဒာဘုရားရင်ပြင်က သိပ်မပူတော့လောက်ဘူး။ ပုံမှန်မနက်ပိုင်း နေ့လည်ပိုင်းဆို ပူကျစ်နေတာ ဘုရားကောင်းကောင်းဖူးလို့မရတက်ဘူး။ အခုတော့ ကွက်တိပေါ့။ plan ထားတာ မိုက်တယ်ဟုတ်။ ဟဲဟဲ။ လောကနန္ဒာက စွယ်တော် ၃ ဆူထဲပါတော့ ဧည့်သည်အလာများတဲ့ဘုရားပါပဲ။ လူရှုပ်တာပေါ့။ အဝင်လမ်းကလေးမှာ မဉ္ဇူသက္ကနတ်ပန်းဆိုတာလေးတွေ ရောင်းကြတယ်။ ရေနွေးနဲ့သောက်ရင် ဘာကောင်းတယ် ညာကောင်းတယ်ဆိုလားပဲ၊ မင်မင်ကတော့ အဲ့တာတွေ သိပ်မသိလို့ ခေါင်းလေးငုံ့ပြီး ဘုရားပေါ်ပြေးတော့တာပဲ။ လောကနန္ဒာဘုရားက မြစ်ကမ်းဘက်က အုတ်နံရံကလေးမှာထိုင်ရင်း မြစ်ကမ်းဘက်လှမ်းမျှော်ကြည့်ရတာလည်း တော်တော်လေးအရသာရှိလှတယ်။ ပုဂံနောက်ခံ ဇာတ်လမ်းတွေ၊ ဝတ္ထုတွေထဲမှာလည်း အမြဲပါနေကျနေရာလေး။ ပုဂံမြို့သူဇာတ်လမ်းထဲမှာဆို အဲ့ဒိအုတ်ခုံလေးမှာ မောင်မောင်ကြီးကထိုင်ရင်း မစောလတ်ကို "မစောလတ် ကျုပ်ကိုဘယ်လိုမြင်လဲ" လို့မေးတဲ့ နေရာလေးပေါ့။ လက်ကျန်လရောင်ထဲမှာကျတော့ အဝင်လမ်းကလေးဘေးက ထနောင်းပင်ကြီးအောင်က ကမ်းနဖူးမှာ ရှိတဲ့ အုတ်ခုံလေးမှာထိုင်ရင်း ဆူးပုပ်က မမကို ချစ်တယ်လို့ဖွင့်ပြောခဲ့တဲ့ နေရာလေးပေါ့။ ဝတ္ထုတွေ ဇာတ်လမ်းတွေ ဖတ်ဖူး ကြည့်ဖူးတဲ့သူတွေဆိုရင် အဲ့နေရာလေးတွေမှာ ထိုင်ရင်း တွေးလို့သိပ်ကောင်းပေါ့။
လုပ်ကြည့်ကြဖူးလား။
လောကနန္ဒာဘုရားကနေ ဆက်သွားလို့ရတာတွေက ဘုရားရှေ့က လောကနန္ဒာရေကန်နဲ့ ကပ်လျက်က လောကနန္ဒာဘေးမဲဥယျာဉ်ပါပဲ။ တော်ရုံ မရောက်ကြတော့ သိပ်မသိကြဖူး။ ဥယျာဉ်ထဲမှာ အပင်ပေါင်းစုံနဲ့၊ ယုန်ကလေးတွေ၊ ကြယ်လိပ်ကလေးတွေ မွေးထားတယ်။ တခေါက်လောက်တော့ ဝင်ကြည့်သင့်တယ်နော်။
လောကနန္ဒာဘက်ကနေပြန်ထွက်လာရင် နေဝင်ချိန်ကြည့်ဖို့ကို ကျောက်မျက်မှော်ကို သွားကြမယ်နော်။ မြို့သစ်ဘက်ကပြန်လာရင် စိမ်းညက်ညီအစ်မအကျော်၊ စိုးမင်းကြီးမရောက်ခင် ဘယ်ဘက်မှာ ဆိုင်းဘုတ်လေးရှိပါတယ်။ ကျော်သွားတက်တယ်။ မြစ်ကမ်းပါးထိသွားရမှာဆိုတော့ လမ်းထဲ နည်းနည်းတော့ ဝင်ရသေးတယ်။
ကျောက်မျက်မှော်ကိုသွားတဲ့လမ်းလေးက သိပ်တော့ မကောင်းဖူးရယ်။ မကောင်းဖူးဆိုတာ ဖုန်ထူတော့ E-Bike ရုန်းရလို့ပါ။ သဲနစ်တယ်။ သိပ်မကြာသေးခင်ကတော့ အဲ့နားက ကလေးတွေနဲ့ ရွာသူရွာသားတွေ လုပ်အားနဲ့ တက်နိုင်သလောက်ပြင်ထားပေးပါတယ်။ ကတ္တရာလမ်းကနေ ချိုးဝင်ရင် သတိထားပါ။ ချော်ထွက်သွားပြီး လဲတက်တယ်။ ပြန်ထွက်လာရင်လည်း ကားလမ်းပေါ်တန်းတက်ရင် သတိထားပါ။ စိုးမင်းကြီးကုန်းကနေ ကားတွေကအရှိန်နဲ့ဆင်းလာကြသလို၊ မှောင်လည်းမှောင်တော့ accident ဖြစ်တက်တယ်။ စိမ်းညက်ညီအစ်မနားဆိုတော့ ပိုပြီးသတိထားပေါ့ ဟဟ။ ဆိုင်တော့မဆိုင်ပါဘူး သက်သက်ထည့် ခြောက်တာ။ ကျောက်မျက်မှော်ဘုရားကလည်း နှစ်ထပ်စေတီထဲပါတယ်။ အတွင်းစေတီကို အပြင်ကထပ်ရံထားတာ။ ကျောက်မျက်မှောဘုရားကို လူသိများလာတာက ပထမကိုဗစ်ကာလအလွန် ၂၀၂၀ ကာလတွေမှာ နေဝင်ချိန်ကြည့်လို့ကောင်းတဲ့ နေရာတွေထဲကနေ လူသိများလာတာပါပဲ။
နေဝင်ချိန်ကြည့်မယ်ဆိုရင် ကြည့်လိုကောင်းတဲ့ နေရာတခုပါပဲ။ လူသိပ်မများဘူးဆိုရင်ပေါ့လေ။ ဘာလို့ဆို ကမ်းလေးက ပေ ၃၀ လောက်လေးပဲ ရှည်တာဆိုတော့ လူတွေပြုံခဲနေရင်တော့ ကြည့်လို့မကောင်းတော့ဘူးရယ်။ ကမ်းလေးမှာထိုင်ပြီး နွေရာသီဆို ခြောက်ကပ်နေတဲ့ မြစ်ပြင်ကြီးကိုကျော်ပြီး တန့်ကြည်တောင်တန်း ကြီးရဲ့ အနောက် နေဝင်သွားတာကို ထိုင်ကြည့်ရတာ ရှယ်ပါပဲ။ မြစ်ကြီးကလည်း မြစ်နဲ့မတူဘဲ ခြောက်ကြီးတခုလိုပဲ။ မိုးရာသီဆိုရင်လည်း ရေအပြည့်ဖြစ်နေရဲ့ မြစ်ပြင်ကို ကိုကျော်ပြီး ပုစွန်ဆီရောင်နေလုံးကြီးရဲ့ အရိပ်က ရေမှာထင်းလို့။ တမျိုးတဖုံ လှနေပြန်ရော။
ဒီ Link ကနေ ကျောက်မျက်မှော်က နွေရာသီနေဝင်ချိန် Timelapse video လေးကြည့်ကြည့်ပါ။ sunset
မိုးရာသီ နေဝင်ချိန်ကိုတော့ ပုံထဲမှာပဲ ကြည့်ကြည့်တော့နော်။
ကဲနေဝင်ချိန်ကြည့်ပြီးရင်တော့ ဟိုတယ်ပြန်ကြတာပေါ့။ ဒီနေ့တော့ ညစာကို မြို့သစ်ဘက်မှာစားလို့ရသလို၊ ပြန်ရမယ့်နေရာနဲ့ ဝေးတယ်ဆိုရင် ဟိုတယ်မှာပဲ ညစာစားကြတာပေါ့။ တရက်တော့ ဟိုတယ်မှာ စားကြည့်သင့်တယ်လေ၊ အရသာဘယ်လိုနေလဲ သိသင့်တာပေါ့နော။
အခုဆို ပုဂံခရီးစဉ်ကို E-Bike လေးနဲ့ လည်တာ ၃ ရက်မြောက်ရှိပါပြီ။ တော်တော်လည်း နှံ့နေပါပြီ။ နောက်တရက် အနောက်ဖွားစောနဲ့ မင်းနန်သူဘက်လည်ပြီးရင် ပြီးပြီ။ ပုဂံကို အစုံအနှံ့လည်ပတ်ဖို့ သေချာ plan ဆွဲရင် ၄ ရက်ပဲလိုပါတယ်။
နောက်တပိုင်းမှ ထပ်တွေ့ကြမယ်နော်။
အပိုင်းတခုစီတိုင်းရဲ့ အဆုံးမှာ အရင်အပိုင်းရဲ့ link ထည့်ပေးထားလို့ ရှေ့ကို ဆက်ဖတ်သွားလို့ရတယ်နော်။ အဆက်စပ်မရှိဖြစ်မှာတော့ မပူနဲ့ ဘာလို့ဆို တပိုင်းစီက လည်ပတ်ရတဲ့နေရာတွေ သက်သက်စီဆိုတော့လေ။
E-Bike လေးနဲ့ ပုဂံကို နှံ့အောင် ဘယ်လိုလည်ကြမလဲ (၅)
#အင်ယာမင်မင်
E-Bike လေးနဲ့ ပုဂံကို နှံ့အောင် ဘယ်လိုလည်ကြမလဲ (၅)... (ဖတ်ရန်)
ရှေ့ ၂ ရက်မှာ ညောင်ဦးတဝိုက်နဲ့ တောင်ဘီရွာဘက်တွေ လည်ပတ်ပြီးပြီဆိုတော့ ဒီနေ့ကတော့ အနော်ရထာလမ်းမကြီးရဲ့ တဖက်ခြမ်း(တောင်ဘက်) မြို့ဟောင်းထဲက ဘုရားတွေကို လည်ပတ်မှာပဲဖြစ်ပါတယ်။
ညောင်ဦးတဝိုက်လည်ပတ်ရမယ့်နေရာတွေ ဖတ်ချင်ရင် အပိုင်း (၂) ကိုဖတ်ပါ။ တောင်ဘီတဝိုက်နဲ့ မြို့ဟောင်းတဝိုက် လည်ပတ်တဲ့နေရာတွေဆိုရင် အပိုင်း (၃) နဲ့ (၄) ကိုဖတ်ပါ။
ထုံးစံအတိုင်း ဟိုတယ်မှာ မနက်စာစား၊ E-Bike လေးငှားပြီး မနက် ၈ နာရီလောက် ဟိုတယ်ကနေထွက်လာမယ်။ ဒီမနက် လည်ပတ်မယ့်နေရာတွေက ပုဂံဂေါက်ကွင်းနားကနေ ရွှေဆံတော်လမ်းအထိ သတ်မှတ်လိုက်မယ်။ နေရာ ၂၀ ကျော်လောက်ရှိလိမ့်မယ်။ မနက်ပိုင်း အတွက်တော့ လုံလောက်တယ်။
လည်ပတ်မယ့်နေရာတွေကတော့ ပုဂံဂေါက်ကွင်းထဲက တမာပင်လမ်း၊ ဆူးလေကုန်း၊ ဝတ္ထနတော၊ နဘဲတော ဘုရားစု၊ ဘူးလည်သီး၊ ဘူးလည်သီးဘေးကစေတီ၊ ရွှေနန်းရင်တော်ကျောင်းစု၊ ရေတော်မုနိ၊ စူဠာမဏိ၊ ဦးကျည်ပွေ့ကန်၊ သပိတ်မှောက်၊ ညောင်လက်ဖက်ကုန်း၊ ပြသာဒ်ကြီး၊ အိုးထိန်းကုန်း၊ တောင်တဝက်ဂူ၊ အင်းဘုရား၊ ဓမ္မရံကြီး၊ တောင်ဂူနီ၊ မြောက်ဂူနီ၊ လောကထိပ်ပန်၊ ရွှေဆံတော်၊ ရှင်ပင်သာလျောင်း တို့ပဲဖြစ်ပါတယ်။
မနက်ပိုင်း ဟိုတယ်ကထွက်လာတာနဲ့ တမာပင်တန်း လမ်းကလေးကိုသွားမယ်၊ အခုတလောက ဝင်လို့ရမရ မသိ၊ တခါခါကျရင် ဂိတ်စောင့်က ဝင်လို့မရဘူး ပြောတာတွေရှိတက်တယ်။ ဧည့်သည်ဆိုရင်တော့ ဝင်လို့ရတာများပါတယ်။
တမာလမ်းကပြန်ထွက်လာပြီး အနော်ရထာလမ်းအတိုင်း နည်နးည်လောက်လှိမ့်လိုက်ရင် ဘယ်ဘက်ခြမ်း၊ ေါက်ကွင်းဘက်ခြမ်းမှာပဲ ဆူးလေကုန်းဘုရားသို့ ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်လေးတွေ့လိမ့်မယ်။ အဲ့ထဲဝင်သွားရင် ထန်းတောလေးအကျော်မှာ ဆူးလေကုန်းဘုရားစု ရှိတယ်။ အထဲဝင်တဲ့လမ်းက သိပ်မကောင်းဘူးရယ်။
E-Bike ကို သေချာလေးတော့ စီးနိုင်မှ အဆင်ပြေမယ်။ လမ်းက မိုးတွင်းမှာ ရေစီးထားတယ်ထင်တယ်၊ အလယ်တည့်တည့်မှာ မြောင်းဖြစ်နေတော့ E-Bike မောင်းရတာ သိပ်မကောင်းလှဘူး။ ဆူးလေကုန်းဘုရားစုထဲမှာတော့ စေတီတွေများတယ်။ စေတီတွေမှာ ဘီလူးပန်းဆွဲလက်ရာတော်တော်ကောင်းကောင်းတွေ ကျန်နေသေးတာတွေ့ရတယ်။ အဲ့လိုဘုရားအစုလေးတွေက ဓာတ်ပုံနောက်ခံရိုက်လို့တော့ ကောင်းတယ်။
ဆူးလေကုန်းကနေထွက်လာပြီး မြို့ဟောင်းဘက်ဆက်လာရင် သိပ်မကွာပါဘူး၊ နည်းနည်းလှိမ့်လိုက်ရင် ဝတ္ထနတော၊ နဘဲတောဘုရားစုကို တွေ့ရမယ်။ သူကတော့ အထဲသိပ်မဝင်ရဘူး။ အဲ့နားကဘုရားတွေကတော့ ပြုပြင်ထားတာတွေများတော့ ရှေးဟောင်းလက်ရာတွေသိပ်မတွေ့ရဘူး။ မှတ်မှတ်ရရ ဝတ္ထနတောဘုရား
No.352 ပေါ်ကနေ ၂၀၁၇ တုန်းက အမေရိကန်သူတယောက် ပြုတ်ကျဖူးတယ်။ နေဝင်ချိန်တက်ကြည့်ရင်း ခြေချော်ကျတာ။ သူငယ်ချင်းတို့လည်း လျှောက်တက် ကြည့်မနေကြနဲ့ဦးနော်။ ဘုရားတွေရဲ့ ကြံ့ခိုင်မှုက အားနည်းနေပြီ၊ အန္တရာယ်မဖြစ်အောင် လည်ပတ်ကြပါနော်။
အဲ့ကနေထွက်လာပြီး သိပ်မကွာလှပါဘူး၊ လှမ်းမြင်နေရတာက ဘူးလည်သီးစေတီ။ ယာခင်းတွေထဲကဖြတ်သွားလို့ရပေမယ့် သဲနစ်တက်တော့ လမ်းမကြီးပေါ်ပြန်ထွက်ပြီး
သွားတာပိုကောင်းပါတယ်။ ဒီနေ့လည်မယ့်နေရာတွေက တနေရာနဲ့တနေရာ ကပ်နေတော့ သိပ်မဝေးလှဘူး။ ဘူးလည်သီးက နာမည်က ခပ်ဆန်းဆန်းရယ်၊ အရင်ကတော့ နေထွက်ချိန်ကြည့်လို့လှတဲ့ဘုရားပေါ့။ ရွှေဆံတော်မှာ နေဝင်ချိန်ကြည့်ကြသလို ဘူးလည်သီးမှာ နေထွက်ချိန်ကို ကြည့်ကြတယ်။ ဘူးလည်သီးနဲ့ကပ်လျက်မှာက
အရွယ်စား ခပ်ဆင်ဆင်တူတဲ့ စေတီတဆူရှိတယ်။ နာမည်တော့ မရှိဘူးထင်တယ်။ မင်္ဂလာစေတီတို့၊ မဟာစေတီတို့လိုပုံစံမျိုး။ ပုံမှာကြည့်ကြည့်နော်။
ထပ်ပြီး စိတ်ဝင်စားစရာကောင်းတာက ဘူးလည်သီးဘုရားတဝိုက်မှာ နှစ်ထပ်စေတီသေးလေးတဆူရှိတယ်။ မူလစေတီကိုအပေါ်ကထပ်ငုံပြီး တည်ထားတဲ့ နှစ်ထပ် စေတီပေါ့။ ပုံမှာပါတယ်ကြည့်ကြည့်နော်။ စိတ်ဝင်စားတဲ့သူတွေက ရှာဖွေကြည့်ပေါ့နော်။ ဘူးလည်သီးဘုရားရဲ့ တောင်ဘက်ကို ဆင်းသွားလိုက်ရင် တွေ့ရလိမ့်မယ်။
ကတ္တရာလမ်းမကြီးဘက်ပြန်ထွက်လာပြီး ဆက်သွားမှာက ရွှေနန်းရင်တော်ကျောင်းဘက်။ အဲနားမှာ ဘုရားတွေအများကြီးရှိတယ်။ ဆင်းတုတော်ကြီးရဲ့ အပေါ်ပိုင်း ပြိုကျနေတဲ့ ဘုရားကလည်း အဲ့လမ်းကလေးထဲမှာပဲရှိတယ်။ ရွှေနန်းရင်တော်အစုနားမှာ ဘုရားတဆူက နံရံထောင့်လေးတခုပဲကျန်နေတာလေးရှိတယ်။ အကုန်ပြိုကျပြီး ကျန်နေတဲ့အပိုင်းလေးက မသိရင် portal တခုလိုပဲ။ Marvel ကားတွေထဲက တနေရာကို သွားလို့ရတဲ့ portal လိုလိုဘာလိုလို။ အဲ့နားမှာပဲ ရေတော်မုနိ ဘုရားလည်းရှိတယ်။ ရွှေလိပ်တူးဘုရားလောက်ရှိတဲ့ ၂ ထပ်လှိုဏ်ဘုရားတခုပဲ၊ အရင်ကဆိုရင်တော့ တက်ကြည့်လို့ရမှာပေါ့။ အခုတော့ ပတ်ကြည့်ပေါ့နော်။
ဆက်သွားမယ့်နေရာက စူဠာမဏိ၊ နရပတိစည်သူ (စည်သူ ၂) တည်တယ်ဆိုတဲ့ စူဠာမဏိ။ သမိုင်းကြောင်းအရတော့ တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ အထဲပါတယ်။ မင်းနဲ့ ရဟန်း အခြေတင်ဖြစ်တဲ့အကြောင်းတွေပါတဲ့ စူဠာမဏိ။ ၂၀၁၆ ငလျင်မှာ အထိနာဆုံးဘုရားတွေထဲက တဆူပေါ့။ ကွမ်းတောင်တခုလုံးပြုတ်ကျပြီး၊ အပေါ်ထပ်တိုက်မရဲ့ အမိုးမှာ အပေါက်ကြီးဖြစ်ခဲ့ရတယ်။ ရှေးလက်ရာတွေ အတော်ပျက်စီးသွားခဲ့ရတယ်။ ၂၀၂၁ လောက်မှာ ပြန်လည်ပြုပြင်တာတွေပြီးခဲ့ပါပြီ။ အခုဆိုရင်တော့ ကွမ်းတောင် အသစ်နဲ့ဖြစ်နေပြီပေါ့။ စူဠာမဏိရောက်ရင် အချိန်ပေးပြီးလည်ပတ်သင့်ပါတယ်။ ဘုရားကကြီးလည်းကြီးသလို လေ့လာစရာတွေလည်းများပါတယ်။ အရင်ဆုံး အဝင်ဝ နားမှာ စာအုပ်ဆိုင်လေးတွေရှိပါတယ်။ ရှာဖွေရခက်တဲ့ သမိုင်းစာအုပ်လေးတွေရှိတက်တယ်၊ စိတ်ဝင်စားရင် စပ်စုကြည့်ပေါ့။
စူဠာမဏိကိုလေ့လာမယ်ဆိုရင် အရင်ဆုံး အပြင်ဘက်ကနေ တပတ်ပတ်ကြည့်မယ်။ ပတ်ကြည့်ရင်းဘာတွေလေ့လာမလဲဆိုတော့ မုခ်ပေါက်တိုင်းရဲ့ လက်ဝဲ၊ လက်ယာ မှာ နတ်ရုပ်ကြီးတွေရှိတက်တယ်။ ရှိသေးလား၊ ပျက်စီးနေလား၊ လက်ရာမိုက်လားကြည့်ကြည့်ပါ။ အောက်ခြေပလင့်အပေါ်နားလောက်မှာဆိုရင် စဉ့်ကွက်လေးတွေ တွေ့ရလိမ့်မယ်။ လေ့လာကြည့်ပါ။ အရုပ်ကလေးတွေပါလား။ စဉ့်ကွက်ပဲလား။ အာနန္ဒာက စဉ့်ကွက်လက်ရာနဲ့ဆို ဘယ်ဟာပိုကောင်းလဲဆိုတာမျိုး။ ပြီးတော့ တိုက်မကြီးရဲ့
ထောင့်တိုင်တိုင်းမှာ တိုင်ဖုံးအင်္ဂတေပန်းလက်ရာတွေ ကျန်နေသေးတာတွေလေ့လာကြည့်ပါ။ မြင်ဖူးသမျှဘုရားတွေထဲ ဘယ်ဘုရားရဲ့ အင်္ဂတေပန်းလက်ရာကအလှဆုံးလဲဆိုတာမျိုး။ တိုက်မအပေါ်နားမှာဆို ဘီလူးပန်းဆွဲတွေ တောက်လျှောက်ရှိတက်တယ်၊ ပုတီးကုံးလေးတွေလည်းပါမယ်။ အုတ်တွေကြားထဲ သဲကျောက်တုံးတွေထည့်စီထားတာလည်း
မြင်ရလိမ့်မယ်။ ဘာကြောင့်ထည့်စီလဲသိချင်လာရင် အင်ဂျင်နီယာတွေ ရေးသားထားတာတွေပါ ရှာဖတ်မယ်ပေါ့နော်။ အပေါ်ကကြည့်မယ်ဆိုရင် ရင်ပြင်ရဲ့အစွန်လောက်က လှမ်းကြည့်မှ မြင်နိုင်မယ်။ ဘုရားက မြင့်တာကိုး။ အပေါ်ပိုင်းမှာဆို အထွဋ်စေတီပုံစံ၊ အရံစေတီပုံစံတွေ၊ လက်ရာအဟောင်းလား အသစ်လား ခန့်မှန်းကြည့်မယ်။
အုတ်စီးအုတ်နင်းကောင်းလှတယ်ဆိုတဲ့ ဓမ္မရံကြီးက အုတ်စီပုံနဲ့နှိုင်းယှဉ်လေ့လာကြည့်ကြမယ်။ ပုံတွေအများကြီး ကြည့်ချင်ရင် ဒီ Link ကဝင်ကြည့်ပါ။ > Photo Gallery
အထဲမှာဆိုရင်တော့ လှိုဏ်ပတ်လမ်းတပတ်ပတ်ကြည့်မယ်၊ အထဲမှာ ပြန်ဆွဲထားတဲ့ နံရံပန်းချီတွေအပြည့်ရှိတယ်။ မြောက်ဘက်နဲ့ အနောက်ဘက်တွေမှာက အရုပ်အကြီးကြီး
တွေဆွဲထားတာ၊ တောင်ဘက်ခြမ်းမှာကျတော့ အကွက်သေးသေးလေးတွေနဲ့ နံရံအပြည့်ပဲ။ ခပ်ကြီးကြီးဘုရားတဆူမှာ နံရံဆေးရေးပန်းချီအပြည့်လေ့လာချင်ရင် စူဠာမဏိက အကောင်းဆုံးပဲ။ မြောက်ဘက်မှာ အပေါ်တက်တဲ့လှေကားလေးရှိပေမယ့် တက်လို့တော့မရဘူးပေါ့နော်။ လက်ကျန်လရောင်ထဲဖတ်ရတာ အပေါ်ထပ်မှာ ချောင်းကြည့်ပေါက်လေးတခုရှိတယ်တဲ့၊ အဲ့အပေါက်ကလေးကကြည့်ရင် အဝေးက ဓမ္မရာဇကကိုလှမ်းမြင်နေရတယ်တဲ့။ ဆူးပုပ်ငယ်ငယ်က မြကျေးရဲ့အဖေ ခေါ်ပြဖူးတယ်တဲ့။ လက်ကျန်လရောင်ဖတ်ပြီး သွားသင့်တဲ့ နေရာ ၄၀ ကိုဖတ်ချင်ရင် ဒီ link ကနေဝင်ဖတ်ပါ။ > လက်ကျန်လရောင် နေရာ ၄၀
အတွင်းဘက်လည်ပတ်ပြီးရင် မြောက်ဘက်မုခ်မှာ ဦးကျည်ပွေ့ရေကန်ရှိတယ်။ သွားကြည့်ကြတာပေါ့နော်။ ရေကန်ကတော့ ရေမရှိပဲ ခြောက်ကပ်နေပါပြီ။ အုတ်ဘောင်နဲ့
အုတ်အခင်းနဲ့ဆိုတော့ သေသေသပ်သပ်လေးပေါ့။ ဦးကျည်ပွေ့ဆိုတာလည်း နားထောင်လို့ကောင်းခဲ့တဲ့ ဇာတ်လမ်းတခုပေါ့။ ဦးကျည်ပွေ့ရေကန်နဲ့ နောက်ရက်သွားမယ့် ဆင်ဖြူရှင်ကျောင်းတိုက်ဝင်းထဲက ရေကန်နဲ့ယှဉ်ကြည့်ကြမယ်နော်။ ပြီးရင်တော့ အပြင်ပြန်ထွက်လာပြီး စူဠာမဏိဘုရားအုတ်တံတိုင်းကိုလည်း လေ့လာကြည့်ကြမယ်။
စူဠာမဏိရဲ့ အုတ်တံတိုင်းကလည်း တော်တော်လေးလက်ရာကောင်းတာ တွေ့ရလိမ့်မယ်။
စူဠာမဏိကထွက်လာပြီးရင်တော့ ဘုရားရဲ့ မြောက်ဘက်ကလမ်းလေးအတိုင်းသွားပြီး ညောင်လက်ဖက်ကုန်းကို သွားကြည့်ကြမယ်။ ညောင်လက်ဖက်ကုန်းဆိုတာ နေဝင်၊ နေထွက်ချိန်ကြည့်ဖို့ အစားထိုးထားတဲ့ လူလုပ်ကုန်းတွေထဲက တခုပေါ့။ အများဆုံးကြည့်ကြတဲ့ကုန်းကတော့ စူဠာမဏီတောင်ဘက်က sunset hill ပဲ။
ညောင်လက်ဖက်ကုန်းကတော့ စူဠာမဏိရဲ့မြောက်ဘက်မှာရှိတာ။ ညောင်လက်ဖက်ကုန်းကိုသွားရင်း စူဠာမဏိဘုရာ မြောက်ဘက်တံတိုင်းကိုကပ်ပြီး ဖြတ်သွားတဲ့အခါ သတိထားကြည့်ပါ၊ တံတိုင်းကအုတ်တွေ ပြိုကျနေတဲ့နေရာတခုရှိတယ်။ အတွင်းထဲကအုတ်တွေက အပြင်ကလောက်မကောင်းတာတွေ့ရမယ်။ ပုဂံခေတ်က ပယ်တဲ့ အုတ်တွေကို အထဲမှာထည့်သုံးကြတာ တွေ့ရလိမ့်မယ်။
ညောင်လက်ဖက်ကုန်းမရောက်ခင်မှာ သပိတ်မှောက်ဂူဘုရားရှိတယ်။ အထွဋ်စေတီက တပိုင်းပြတ်နေတော့ အဝေးကကြည့်ရင် မြင်ရတာ တမျိုးလေးပဲ။ ဘုရားက အလယ်လတ်အရွယ်စား ၂ ထပ်လှိုဏ်ဘုရား၊ အင်္ဂတေပလာစတာသားတွေကျန်နေသေးတော့ နေရောင်အောက်မှာ ခပ်ဝါဝါတွေ့ရတယ်။ ညောင်လက်ဖက်ကုန်းကနေ ကြည့်ရင် သပိတ်မှောက်ဘုရားရော စူဠာမဏိရော အစဉ်လိုက်မြင်ရတယ်။ ညောင်လက်ဖက်ကုန်းကနေကြည့်ရင် တန့်ကြည်တောင်ကိုတည့်တည့်မြင်ရတယ်၊ ကြားမှာ
အင်းဘုရားရယ်၊ မင်္ဂလာစေတီရယ်ကိုတွေ့ရမယ်။ ဒါပေမယ့် ဝေးတယ်။ ကြားမှာ နေရာလပ်ကြီးက အရမ်းခြားနေတော့ တခြားနေရာတွေလောက် ဘုရားတွေမြင်ရတာ ကပ်မနေဘူး။ ကုန်းရဲ့ အရှေ့ဘက်မှာတော့ ရေကန်ကြီးတကန်ရှိတယ်။ ထူးခြားတာကလေ လူလုပ်ကုန်းတွေအားလုံးနီးပါးရဲ့ ကပ်လျက်မှာ ရေကန်တွေရှိနေတာပဲ။
ရေကန်တူးရင်း ကုန်းမြေဖို့လိုက်သလားမသိ။ မြေကြီးတွေ အဝေးကြီးမသယ်ရတော့ Transportation charges သက်သာတယ်လေ။ နောက်တာနော်။
ပြီးရင် စူဠာမဏိဘက်ကိုပြန်လာ၊ စူဠာမဏိတောင်ဘက်က မင်းနန်သူဘက်သွားတဲ့ လမ်းလေးအတိုင်း ဆက်သွားမယ်၊ ပြသာဒ်ကြီးနဲ့ အိုးထိန်းကုန်းဆီကိုပေါ့။
အိုးထိန်းကုန်းလေးမှာ အိုးခြမ်းပဲ့လေးတွေအများကြီးပဲ။ အိမ်တော့ယူမသွားနဲ့၊ အိမ်မက်ထဲထိလိုက်တောင်းလိမ့်မယ်။ အိုးထိန်းကုန်းဆိုတာ ပုဂံခေတ်က အိုးလုပ်ခဲ့တဲ့နေရာပေါ့။
ရှေးသုက အိုးထိန်းကုန်းအကြောင်း ဆိုင်းဘုတ်ထောင်ပေးထားတော့ သေချာလေး ဖတ်ကြည့်လို့ရသွားတာပေါ့နော်။ အိုးထိန်းကုန်းကို လူသိပ်မလာတော့ private ဆန်ဆန် နေဝင်ချိန်ကြည့်ချင်ရင် သိပ်မိုက်ပေါ့။ ရှေ့ဆက်သွားရင် ဆင်ဖြူရှင်ကျောင်းတိုက်
ရောက်မယ်။ ဒါပေမယ့် အဲ့ဘက်ကို ဆက်မသွားတော့ဘူး၊ မင်းနန်သူသွားတဲ့ရက်မှ ဆင်ဖြူရှင်ကိုဝင်မယ်၊ မင်းနန်သူနဲ့ပိုနီးလို့။ အခုကျ မြို့ဟောင်းနဲ့ဆို အရမ်းဝေးသွားတော့မှာ။
ပြသာဒ်ကြီးဆိုတာကတော့ ထွေထွေထူးထူးပြောပြနေစရာမလိုဘူး၊ ရုပ်ရှင်ကားတွေထဲ ခဏခဏပါနေကျ ဘုရားပေါ့။ အဖြူရောင်ရဲတိုက်၊ မကြွေပါနဲ့ဆာကူရာ၊ အမှောင်တွေရွာချတဲ့မိုးတိမ် စတဲ့
ဇာတ်ကားတွေထဲ ပါနေကျ ဘုရားပဲ။ အရင်ကဆို နေဝင်ချိန်ကြည့်ဖို့အတွက် နာမည်ကြီးခဲ့တာပေါ့။ အခုတော့ အပေါ်တက်လို့မရတော့ပေမယ့်၊ ပြိုကျနေတဲ့ အရှေ့ဘက်မုခ်က တခြားနေရာတွေနဲ့မတူဘဲ ဆွဲဆောင်မှုရှိနေပါသေးတယ်။ ခပ်မြင့်မြင့် ပေါင်းမိုးကြီးနဲ့ ဘုရားရုပ်တုနဲ့ကို low angle ကနေရိုက်ရင် သိပ်လှတာပေါ့။
စိတ်ဝင်စားရင် ပြသာဒ်ကြီးမှာ သတိထားလေ့လာစရာတွေရှိပါတယ်၊ တခြားဘုရားတွေထက်ကို ပိုပြီး သဲကျောကတွေ ညှပ်သုံးတာပိုပြီးတွေ့ရလိမ့်မယ်။ လိမ္မော်ရောင်
အုတ်သားမှာ သဲကျောက်ဖြူဖြူလေးတွေကို တွေ့ရလိမ့်မယ်။ ထောင့်ချုပ်နေရာတွေတင်မကပဲ နံရံအုတ်အလွှားကြားမှာပါထည့်သုံးထားတာ။ ပြသာဒ်ကြီးဘုရား မျက်နှာစာ မှာတော့ အညာဒေသထွက် မုန့်ချိုလေးတွေရတယ်။
ခုချိန်ထိဆို ၁၀ နာရီလောက်ရှိလိမ့်မယ်။ မနက်အစောတုန်းကသွားခဲ့တာတွေက ကပ်လျက်နေရာတွေ၊ စေတီတွေဆိုတော့ အထဲဝင်စရာလည်းမလိုတော့ အချိန်သိပ်မကုန်ခဲ့ဘူး။
စူဠာမဏိမှာပဲ အချိန် နာရီဝက်လောက်ပေးခဲ့ရမှာ။ ဆိုတော့ နေ့လည်စာစားချိန်တော့ မရောက်သေးပေမယ့် ဓမ္မရံကြီးရောက်ရင်တော့ အုန်းသီးရေခဲစိမ်လေးနဲ့ ကြံရည်သောက်ကြ
မယ်လေ။
ပြသာဒ်ကြီးကနေ အနောက်တောင်ဘက်လောက်မှာ တောင်တဝက်ဂူဘုရားရှိတယ်။ တောင်တဝက်ဂူဘုရားက ဓမ္မရံကြီးကနေ ဓမ္မရာဇကသွားရာလမ်းမှာရှိတာဆိုတော့ ဓမ္မရံကြီးကနေ
သွားလည်းရတယ်။ ကြားထဲရောက်နေတော့ ပြသာဒ်ကြီးကနေပဲ ဆက်သွားလိုက်တော့မယ်။ တောင်တဝက်ဂူဘုရားက ၂၀၀၀ ခုနှစ်တွေက ပြန်ပြင်ထားတဲ့ဘုရားဆိုတော့ ကြံခိုင်မှုတော့ ကောင်းသေးတယ်။ ကမ္ဗည်းမော်ကွန်းကတော့ ဖတ်ချင်စရာမကောင်းဘူး၊ ဗိုလ်တွေပြင်တာဆိုတော့လည်း ထားပါတော့။ အဲ့ဘုရားက တံခါးပိတ်ထားပေမယ့် သော့ဖျက်ထားကြတယ် ထင်တယ်။ အပေါ်တက်ချင်တက်လို့ရတယ်။ ကောင်းတော့မကောင်းဖူးပေါ့နော်။ လူသိများလာရင် ပြန်ပိတ်သွားမယ်ထင်ပါတယ်။ အဲ့ဘုရားပြင်တုန်းက ထူးဆန်းတာတွေလည်း ကြုံခဲ့ ကြရသေးတယ်တဲ့။ အဲ့အကြောင်းကိုတော့ နောက်မှ တင်ပေးပါမယ်နော်။ တောင်တဝက်ဂူဘုရားက ယာခင်းထဲမှာ ထီးထီးကြီးရှိတာဆိုတော့ ရှုခင်းက ဘယ်ဘက်ကြည့်ကြည့်မိုက်တယ်။
တောင်တဝက်ဂူဘုရားကနေ တောင်ဘက်ဆက်သွားရင် ဓမ္မရာဇကရောက်တယ်။ အခုတော့ ဓမ္မရံကြီးဘက်ကိုသွားမယ်။ နောက်ရက်မှ မြို့သစ်ဘက်နဲ့ မင်းနန်သူဘက်ဒိုးကြမယ်နော်။
တောင်တဝက်ဂူဘုရားကနေ ဓမ္မရံကြီးဘက်လာရင် ဓမ္မရံကြီးရဲ့အရှေ့ဘက်မုခ်ကိုရောက်ပါမယ်။
ဓမ္မရံကြီးဆိုတာကတော့ ထွေထွေထူးထူးရှင်းပြနေစရာမလိုတော့ပါဘူး။ ပုဂံရောက်သူတိုင်း သွားနေကျပဲလေ။ ဓမ္မရံကြီးအကြောင်းဖတ်ချင်ရင် ဒီကဖတ်ပါ > ဓမ္မရံကြီး အကြောင်းဖတ်ရန်
ဓမ္မရံကြီးမှာ တစ္ဆေနဲ့နပန်းလုံးခဲ့သူတွေအကြောင်းကိုတော့ ဒီကဖတ်ပါ > ဓမ္မရံကြီးကတစ္ဆေအကြောင်း
အမောပြေ ဓမ္မရံကြီးမြောက်ဘက်က ဈေးဆိုင်တန်းမှာ ခဏနားပြီး၊ အုန်းသီးရေခဲစိမ်သောက်ကြမယ်။ အဖော်ပါရင် အုန်းသီးတလုံးနဲ့ ကြံရည်တခွက်ပါမှာပါ။ အုန်းရည်ကုန်သွားရင်
အထဲကအသားကို ဇွန်းခြစ်ပြီး ကြံရည်ထည့်သောက်။ အရမ်းမိုက်။ အရသာခံရင်း ဓမ္မရံကြီးရဲ့ အပေါ်ပိုင်း၊ အဖျားပိုင်းကိုငေးကြည့် သိပ်အရသာရှိတာပါပဲ။
ဓမ္မရံကြီးရဲ့ အနောက်ဘက်မှာ အုတ်ကျောင်းပျက်တခုရှိတယ်ဗျ၊ အပေါ်တက်လို့ရမယ်ထင်တယ်။ ညနေဘက်ဆို local ကလေးတွေ လမ်းပြမှုကြောင့် ဓာတ်ပုံတက်ရိုက်နေကြတာ
တွေ့ရတယ်။ တက်ကြည့်ချင်ကြည့်ကြည့်ပေါ့။ သတိတော့ထား။ သူက အနောက်ဘက်မှာရှိတာဆိုတော့ နေထွက်ချိန်ကိုနောက်ခံထားရိုက်ရင်တော့ လှမယ်ထင်တယ်။
ဓမ္မရံကြီးရဲ့ တောင်ဘက်စွန်းစွန်း ယာခင်းတခင်းအကျော်လေးမှာတော့ တောင်ဂူနီ၊ မြောက်ဂူနီဆိုတဲ့ ဂူဘုရားနှစ်ဆူရှိတယ်။ ကပ်လျက်ပဲ။ မြောက်ဂူနီကို ၁၉၉၇မှာ ရုပ်ရှင်အစည်းရုံးက
ပြုပြင်ခဲ့ကြတာ။ ဓမ္မရံကြီးကနေ တဆက်တည်း ဆက်သွားကြည့်ကြတာပေါ့နော်။ မြောက်ဂူနီဘုရားထဲက အာရုံခံအတွင်းမုခ်ဘေးမှာ ပုဂံခေတ်က ဆီမီးထွန်းဖို့လုပ်ထားတဲ့
ကျောက်ခွက်ကြီးတခုက နံရံမှာ ကပ်လျက်တွေ့ရလိမ့်မယ်။ တခြားနေရာတွေမှာ မတွေ့ရတက်တဲ့ဟာမျိုးလေး။
ပြီးရင်တော့ ဓမ္မရံကြီးရဲ့ မြောက်ဘက်လမ်းကလေးအတိုင်း ပြန်ထွက်မယ်။ ကတ္တရာလမ်းဘက်အထွက်၊ အချိုးလေးနားမှာ အမြဲလိုလို တွေ့တွေ့နေရပြီး လူမလာတဲ့ ဘုရားတဆူရှိတယ်။
အင်းဘုရားတဲ့။ နေဝင်ချိန်ကြည့်တိုင်းမှာလည်း သူ့ကိုတွေ့တွေ့နေရတယ်။ သေချာမရောက်ဖူးကြတာများတယ်။ ဒီခါတော့ စုံအောင် ဝင်ကြည့်ကြမယ်နော်။
အင်းဘုရားက ခေါင်းလောင်းပုံမြေစိုက်စေတီကြီးပဲ။ အဝေးကကြည့်ရင် ခေါင်းလောင်းကြီးမှောက်ထားသလိုပဲ။ အနီးကသွားကြည့်ရင် တခြားစိတ်ဝင်စားစရာလေးတွေရှိတယ်။
ပတ်ပတ်လည်မှာ အကွက်လေးတွေဖော်ထားပြီး အကွက်လေးတွေထဲမှာ အုတ်ခွက်ဘုရားလေးတွေရှိတယ်။ သေချာကြည့်မှ မြင်ရလိမ့်မယ်။
အင်းဘုရားကထွက်ပြီး ကတ္တရာလမ်းပေါ်တက်၊ ဒီမနက်ပိုင်းရဲ့ နောက်ဆုံးနေရာဖြစ်တဲ့ ရွှေဆံတော်ကို သွားကြမယ်။ ကတ္တရာလမ်းကနေ၊ ရွှေဆံတော် မြေသားလမ်းကိုချိုးဝင်လိုက်ပြီး ရွှေဆံတော်မရောက်ခင် ဘယ်ဘက်မှာ လှိုဏ်ဘုရားငယ်လေးတဆူရှိတယ်။ လောကထိပ်ပန်တဲ့။ ဆယ်တန်းတုန်းက သဒ္ဒါမှာ ကျက်ခဲ့ကြတာမှတ်မိကြမယ်ထင်တယ်၊ "ပုဂံမြို့၊
လောကထိပ်ပန်ဂူဘုရားမှ ဇာတ်ကြီးဆယ်ဘွဲ့ ပန်းချီလက်ရာများမှာ ထင်ရှားသည်" ဆိုပြီး ကျက်ခဲ့ကြတာ။ အဲ့တာလေးခေါင်းထဲစွဲနေတော့ ဝင်ကြည့်ကြမယ်နော်။
နံရံပန်းချီတွေကို ဓာတ်ပုံရိုက်ခွင်တော့မပေးဘူး။ တပုံတော့ ခိုးရိုက်ခဲ့တယ်။ လှိုဏ်ဘုရားငယ်ဆိုတော့ အထဲမှာကျဉ်းတယ်။ ငြမ်းတွေကလည်း ဆင်ထားတော့ သတိထားပါ။
လွန်ခဲ့တဲ့နှစ်တုန်းက အဲ့ဘုရားရင် အဝင်ဝက ယင်းလိပ်မီးလောင်သေးတယ်။ တော်သေးတယ် ဘုရားထဲက ပန်းချီတွေမထိခိုက်လို့။
လောကထိပ်ပန်ကနေ ရွှေဆံတော်ကို ဆက်သွားပါမယ်။ ရွှေဆံတော်ကို မဟာပိန္နဲဘုရားလို့လည်း ခေါ်ကြသေးတယ်။ ထောင့်လေးတွေမှာ မဟာပိန္နဲရုပ်တွေရှိတယ်။ အရင်ကတော့
နေဝင်ချိန်ဆို ရွှေဆံတော်ဘုရားမှာ ကြိတ်ကြိတ်တိုးပေါ့။ ရွှေဆံတော်ဘုရားရဲ့ အနောက်ဘက်၊ ဝင်ဝင်ချင်းညာဘက်မှာ ရှင်ပင်သာလျောင်းဘုရားရှိတယ်။ လျောင်းတော်မူရုပ်ပွားတော် ရှိတယ်။
ကဲ ဒီမနက်သွားထားတာ နေရာတွေလည်း တော်တော်များပြီ။ နေလည်းပူလာပြီဆိုတော့ နေ့လည်စားစားပြီး ပြန်နားကြတာပေါ့။ နေ့လည်စာကိုတော့ ရောက်နေတဲ့နေရာနဲ့လည်း
သိပ်မဝေးတဲ့ အာနန္ဒာမြောက်ဘက်က တိုးတိုးဝင်းဘူဖေးဆိုင်မှာ စားကြတာပေါ့။ အဝကြိတ်ပြီး ဟိုတယ်ပြန် အိပ်ကြမယ်ကွာ။ ညနေ ၃ နာရီလောက်မှ အေးဆေးပြန်ထွက်ကြမယ်။
E-Bike လေးနဲ့ ပုဂံကို နှံ့အောင် ဘယ်လိုလည်ကြမလဲ (၄)
#baganscent #အင်ယာမင်မင်
How to explore Bagan properly?
E-Bike လေးနဲ့ ပုဂံကို နှံ့အောင် ဘယ်လိုလည်ကြမလဲ (၄)... (ဖတ်ရန်)
နေ့လည်ထမင်းစားပြီးလို့ ဟိုတယ်ကိုပြန်နားပြီးရင် ညနေ ၃ နာရီလောက်ဆို ပြန်ထွက်ကြမယ်။ ၃ နာရီဆို နေက အတော်တန်ပူနေသေးတော့ ၃ ခွဲလောက်ဆိုလည်း ပြဿနာမရှိပါဘူး။
ဟိုတယ်မှာ နားရင်း Facebook လေးပွတ်၊ တရေးတမောအိပ်၊ ရေချိုးပြီးပြန်ထွက်မယ်ဆို ၃ နာရီ ၃ခွဲလောက်တော့ ရောက်သွားတာပါပဲ။ ကဲ ဒါဆို ၃ နာရီကပဲစတွက်မယ်၊ နေဝင်ချိန် ကြည့်ပြီးထိဆို ၆နာရီခွဲလောက်ထိတော့ ရောက်သွားမှာပဲ။ ညနေပိုင်းလည်ပတ်ဖို့က လုံလောက်တယ်၊ လူလည်း သိပ်မပင်ပန်းရတော့ဘူး။ အပိုင်း (၃)မှာ မနက်ပိုင်းလည်ပြီးတာက တောင်ဘီ တဝိုက်နဲ့ အာနန္ဒာနားထိ၊ အခုညနေပိုင်းကတော့ သရပါတံခါးကနေစပြီး တောင်ဘီနဲ့ မြို့ဟောင်းတဝိုက်လည်ကြမယ်။
ဟိုတယ်ကထွက်ပြီး စသွားမှာက သရပါတံခါး၊ ပုဂံခေတ်တုန်းက တံခါးပေါက် ၁၂ ခု ရှိခဲ့တယ်ဆိုပေမယ့်၊ လက်ရှိအချိန်ထိ သရပါတံခါးတခုထဲသာ ထင်ထင်ရှားရှား ကျန်ရစ်ပါတော့တယ်။
သရပါတံခါးကို တည်ဆောက်ခဲ့သူက ပျဉ်ပြားမင်းတဲ့။ သရပါ ရဲ့ အဓိပ္ပာယ်က မြားကိုဆီးကာသောတံခါး တဲ့။ သရပါတံခါးရဲ့ ဘေးတဖက်တချက်စီမှာ နတ်ကွန်း ၁ ခုစီရှိတယ်။ မဟာဂီရိ နတ်မောင်နှမ နတ်ကွန်းတဲ့၊ ဘယ်ဘက်က မောင်တော်နတ်ရုပ်၊ ညာဘက်က နှမတော်နတ်ရုပ်။ စာတွေထဲမှာတော့ သရပါတံခါးမှာ ငတပါသင်နတ် စောင့်ရတယ်ဆိုပြီး ဖတ်ရတယ်။
သရပါတံခါးမှာ ဓာတ်ပုံရိုက်ပြီးရင်တော့ ညာဘက်က ကျုံးဘေးတလျှောက်ကမြေသားလမ်းလေးအတိုင်း နတ်ထောင့်ကျောင်းကို ဆက်သွားကြတာပေါ့။ သရပါတံခါးနားမှာလည်း ဆိုင်းဘုတ်လေးတွေ ပြထားတယ်။ အဲ့လမ်းကလေးမှာ ထူးခြားတာက တဖက်က ကျုံး၊ ရေမရှိတော့တဲ့ ကျုံးခြောက်၊ တဖက်မှာက ဟိုတယ်သရပါရဲ့ အနောက်ဖက်ခြံစည်းရိုး၊ အဲဒီခြံစည်းရိုးတလျှောက်မှာ စက္ကူပန်းတွေ တောက်လျှောက်ပွင့်နေတာ။ ဓာတ်ပုံရိုက်လို့ ကောင်းတဲ့ နေရာလေးတခုပဲ။ အဲ့လမ်းကလေးကနေ တည့်တည့်ဆက်သွားပြီး လမ်းဆုံလမ်းခွလေးက နတ်ထောင့်ကျောင်းသို့၊ ရွှေကွန်ချာဘုရားသို့ဆိုတဲ့ ဆိုင်းဘုတ်လေးအတိုင်းဆက်သွားရင် နတ်ထောင့်ကျောင်းကိုရောက်ပါမယ်။ တောင်ဘီကျောင်းလိုပဲ သစ်သားကျောင်းကြီးပါ။ ပြန်လည်ပြုပြင်ထားတော့ အသစ်ကြီးလိုခံစားရပေမယ့် တော်တော်လေးလှပါတယ်။ သစ်သားကိုထွင်းထုထားတဲ့အရုပ်တွေလည်း ရှိပါတယ်။
နတ်ထောင့်ကျောင်းကနေ လာလမ်းအတိုင်းပြန်ထွက်လိုက်တာနဲ့ ညာဘက်မှာ ရွှေကွန်ချာဘုရားရှိပါတယ်။ ရွှေကွန်ချာဘုရားရဲ့ သမိုင်းအတိကျကိုသေချာမသိရပေမယ့် သူနာမည်ကြီးလာတာက
ပုဂံမြို့သူဇာတ်လမ်းတွဲထဲက အဓိကနေရာတခုအဖြစ် ထည့်ရိုက်ရင်း လူသိများလာတာပါ။ ရွှေကွန်ချာဘုရားရဲ့ ထူးခြားချက်က မုခ် ၅ ခုပါတဲ့ ၅ မျက်နှာဘုရားဖြစ်တာရယ်၊ မြစ်ဘက်ကို ဆင်းတဲ့
လှေကားထိပ်မှာ မုခ်ဦးလေးတခုက ထီးထီးလေးရှိနေတာရယ်ပါ။ အဲ့နေရာက ပုဂံမြို့သူဇာတ်လမ်းထဲမှာ မောင်မောင်ကြီး တဖြစ်လဲ ဒေါင်း တယောထိုးတဲ့နေရာလေးပေါ့။
ပုဂံမြို့သူဇာတ်လမ်းထဲက နေရာလေးေတွအကြောင်းကို မင်မင်ဂိုက်ကောင်ရေးထားတာလေးရှိတယ်။ ဒီကနေ ဝင်ဖတ်ကြည့်လို့ရပါတယ်။ Link - ပုဂံမြို့သူဇာတ်လမ်းထဲက နေရာများ
ရွှေကွန်ချာဘုရားမှာ သနပ်ခါးလိမ်းပေး၊ ဆံပင်ကျစ်ဆံမီးကျစ်ပေး၊ ဓာတ်ပုံရိုက်ပေးတဲ့ ကလေးလေးတွေလည်း ရှိပါတယ်။ စိတ်ပါရင် သနပ်ခါးလိမ်းတာဖြစ်ဖြစ်လုပ်ကြည့်ပေါ့။ အဲ့က ကလေးလေးတွေက အတော်ချစ်ဖို့ကောင်းကြတယ်။ ရွှေကွန်ချာဘုရား အထွက်လေးမှာ အုန်းရည်၊ ကြံရည်ရတဲ့ ဆိုင်လေး ၂ ဆိုင်လောက်ရှိတယ်။ မြစ်ကမ်းဘက်ကိုထိုင်ငေးရင်း ကြံရည်လေးတခွက်လောက် သောက်ကြည့် ရှယ်မိုက်တယ်။ အမောပြေတယ်။
ရွှေကွန်ချာကပြန်ထွက်လာပြီးနောက် ဆက်သွားမှာက ယွန်းကောလိပ်နဲ့ ယွန်းပြတိုက် (Lacquerware Technology College and Lacquerware Museum Bagan)
သူက weekdays တွေပဲဖွင့်တယ်၊ ဖွင့်ချိန်က မနက် ၉း၃၀ ကနေ ညနေ ၄း၀၀။ ဆိုတော့ မပိတ်ခင်လေးပေါ့။ ပုဂံဆိုတာ ယွန်းထည်နဲ့လည်း နာမည်ကြီးတယ်လေ၊ ယွန်းအကြောင်းအနည်းငယ်
သိရအောင်ဖြစ်ဖြစ် ဝင်လေ့လာသင့်တာပေါ့။ သူ့ရှေ့နားမှာက ဦးဆောက်ပန်းဘုရားရှိတယ်။
အဲ့လမ်းကလေးထဲမှာပဲ မဟာဗောဓိဘုရားရှိတယ်။ သူက ပုဂံမှာ တခြားဘုရားတွေနဲ့မတူဘဲ ဗုဒ္ဓဂါယာကဘုရားပုံစံမျိုးကွမ်းတောင်နဲ့စေတီဖြစ်တယ်။ အဲ့လမ်းကလေးတိုင်းပြန်ထွက်လာရင် ဘယ်ဘက်မှာ
ပုဂံနန်းတော်ရှိတယ်။ နေ့စဉ် မနက် ၉ နာရီကနေ ၆ နာရီထိ ဖွင့်တယ်။ အချိန် နာရီဝက်လောက်ပေးပြီး တခါလောက်တော့ ဝင်လေ့လာသင့်ပါတယ်။ အထဲမှာ ပုဂံနန်းဝတ်နန်းစားတွေနဲ့လည်း ဓာတ်ပုံရိုက်လို့ရပါသေးတယ်။ တချိန်က ပုဂံရွှေပြည်ကြီးရဲ့ ရွှေနန်းတော်ကြီး ဘယ်လောက်ခမ်းနားခဲ့လဲဆိုတာ တွေးတောကြည့်ကြပေါ့။ နန်းတော်ထဲလည်ပတ်တဲ့အကြောင်း ထပ်သိချင်ရင် ဒီလင့်ကနေ ဝင်ဖတ်ကြည့်ပါနော်။ ချစ်သောပုဂံ အပိုင်း (၆) ထဲမှာပါပါတယ်။ Link - ချစ်သောပုဂံ (၆)
နန်းတော်ကပြန်ထွက်လာပြီးရင် ရှေ့တည့်တည့်မှာ ရွှေဂူကြီးဘုရားရှိပါတယ်။ နန်းတော်ရာဟောင်းလည်း ကပ်လျက်ရှိပါတယ်။ နန်းတော်ရာကတော့ ထွေထွေထူးထူကြီး မရှိလှပေမယ့်၊ စောစောကဝင်ခဲ့တဲ့ နန်းတော်က အသစ်ပြန်ဆောက်ထားပြီး၊ မူလနန်းတော်ရာက ဒီနေရာဆိုတော့ တူးဖော်ထားတဲ့ နန်းတော်ရဲ့ အုတ်မြစ်တွေကို တွေ့မြင်နိုင်ပါသေးတယ်။ ပြီးရင် ရွှေဂူကြီးဘုရားကို ဝင်ကြမယ်။
ရွှေဂူကြီးခေါ် နန်းဦးဘုရားကို ဝင်လိုက်တာနဲ့ ဘုရားရှေ့မှာ လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်လေးတွေရဲ့ ဆိုင်ရှင်တွေက အလှည့်ကျ လိုက်ပြီး ဘုရားသမိုင်းကို ရှင်းပြပါလိမ့်မယ်။ သူတို့ပြောတာ
လေးတွေက စိတ်ဝင်စားစရာတော့ကောင်းပါတယ်။ ဒါပေမယ့် အားနာရတယ်။ သူတို့ဆီက ပစ္စည်းတွေမဝယ်လည်း ဘာမှမပြောပေမယ့်။ တချိန်လုံးလိုက်ပြောပြာနေတော့ အားနာရတာ အမှန်ပါ။
မင်မင်တို့ကတော့ အဲ့အားနာစိတ်ကြောင့် ပါသမျှကုန်ခဲ့ပါတယ်။ ရွှေဂူကြီးအကြောင်းတော့ အရှည်ကြီးမပြောပြတော့ဘူးနော်၊ ဒီကနေပဲ ဝင်ဖတ်ကြည့်ပါ။
https://www.facebook.com/111324201453952/posts/135489635704075/
ရွှေဂူကြီးနေထွက်လာပြီးရင် ရှေ့နားမှာ မြင်နေရတဲ့ ရွှေဂူကြီးဘုရားရဲ့ ကုသိုလ်ရှင် အလောင်းစည်သူမင်းကြီးပဲ တည်ခဲ့တဲ့၊ ပုဂံမှာ ဉာဏ်တော်အမြင့်ဆုံး သဗ္ဗုကိုဆက်သွားပါမယ်။ သဗ္ဗညုမရောက်ခင်
လေးမှာ လမ်းရဲ့ ဘယ်ဘက်ခြမ်းမှာ ပိဋကတ်တိုက် နဲ့ သံတောကြားဘုရားရှိပါတယ်။ တခါတည်း ဝင်ကြည့်လိုက်ကြတာပေါ့။ ပိဋကတ်တိုက်ကတော့ ကုန်းဘောင်ခေတ်က ပိဋကတ်တွေထားရာနေရာပေါ့။ သံတော်ကြားဘုရားကတော့ အပြင်ကကြည့်ရင် သေးသေးလေးနဲ့ သိပ်မထူးခြားလှပေမယ့်၊ အထဲက ဘုရားရုပ်တုကြီးက ပုဂံမှာ တဆူထဲသော ပုပ္ပားတောင်ကထွက်တဲ့ မီးတောင်ချော်ခဲတွေနဲ့ လုပ်ထားတဲ့ဘုရားဆိုတော့ အဲ့တာက ထူးခြားနေတယ်။ ဝင်ကြည့်ကြည့်ပါ။
ပုဂံမှာ ဉာဏ်တော်အမြင့်ဆုံး သဗ္ဗညုဘုရားကိုလည့်ပတ်လေ့လာပြီးရင် အပြင်ဘက်ကနေ ဓာတ်ပုံရိုက်ရင် သိပ်လှပါတယ်။ အနောရထာလမ်းဘက်က အဝင် ကတ္တရာလမ်းလေးကနေလည်း ရိုက်ရင်လှတယ်။ ရွှေဂူကြီးဘုရားဘက်က သဗ္ဗညုအဝင်မုခ်ဘေးနားကနေရိုက်ရင်လည်း လှပါတယ်။ ဟိုးတချိန်တုန်းကတော့ သဗ္ဗညုဘုရားပေါ်ကမြင်ရတဲ့မြင်ကွင်းက သိပ်ကို လှပတာပဲတဲ့။ သဗ္ဗညုဘုရားပေါ်ကနေ ဆွမ်းအုပ်ကလေးကိုယ်စီပိုက်ရင်း ဆင်းလာတဲ့ မိန်းလေးတွေရဲ့ ဓာတ်ပုံဟောင်းလေးတခုကို စာအုပ်တအုပ်ထဲမှာ မြင်ဖူးလိုက်တယ်။ တော်တော်လေးလှပြီး ချစ်စရာကောင်းနေပါရော။ ကိုယ်တွေခေတ်ကျတော့လည်း ဘယ်တက်နိုင်မလဲနော။
သဗ္ဗညုဘုရားအနောက်ဘက်ကနေ မြေသားလမ်းလေးအတိုင်းဆက်သွားရင် ပုဂံမှာ တခုထဲသော ဟိန္ဒူဘုရားကျောင်းတခုရှိတယ်။ နတ်လှောင်ကျောင်းတဲ့၊ တချို့စာအုပ်တွေမှာတော့ နတ်လျောင်းကျောင်းလို့ဖော်ပြကြတယ်။ အထဲမှာ ဟိန္ဒူဘုရားနတ်ရုပ်ကြီးတွေရှိတယ်။ ဝင်ကြည့်ကြမယ်နော်။
နတ်လှောင်ကျောင်းကနေ စောစောကလမ်းအတိုင်းပဲဆက်သွားရင် ငကျွဲနားတောင်းဆိုတဲ့ ပျူလက်ရာ စေတီကြီးရှိတယ်။ စဉ့်တွေနဲ့သုတ်ထားတဲ့ အကျွင်းကျန်တွေ ခုထိတွေ့နိုင်သေးတယ်။ ပြည်
သရေခေတ္တရာမြို့ဟောင်းက ဘောဘောကြီးတို့ ဘုရားမာတို့နဲ့ ပုံစံတူတယ်။ ဪ ပျူဆိုမှ ပြောဖို့တခုကျန်ခဲ့တယ်။ ရွှေကွန်ချာဘုရားမရောက်ခင်လေးမှာလည်း အဲ့လို စေတီမျိုးတဆူ တွေ့ရလိမ့်မယ်ဗျ။ ငကျွဲနားတောင်းနဲ့ ပုံစံတူတယ်။
ငကျွဲနားတောင်းကနေ ဆက်သွားရင် ပုထိုးသားများဘုရားကိုရောက်မယ်။ အဲ့နားမှာက တခုနဲ့တခု သိပ်မဝေးဘဲ ကပ်နေကြတာမို့ တခုဝင်တခုထွက်ပဲ။ ပုထိုးသားများဘုရားထဲက ဆင်းတုတော်ကြီးက ဓာတ်ပုံလောကမှာ နာမည်ကြီးတယ်။ နိုင်ငံတကာဆုရတဲ့ပုံတွေထဲမှာပါတယ်။ ဘုရားအလင်းပေါက်တခုကနေ ဘုရားမျက်နှာတော်ကို နေထိုးနေတဲ့ပုံ ရိုက်ကြတဲ့ ဘုရားပေါ့။
ပုထိုးသားများ အနောက်ကနေ ဆက်သွားရင် ကတ္တရာလမ်းမရောက်ခင်လေးမှာ မီးမလောင်ကျောင်းဆိုတာရှိတယ်။ ပုဂံဘုရားတွေပေါ် တက်ခွင့်ပိတ်လိုက်ပြီးတဲ့နောက်ပိုင်း ခပ်မြင့်မြင့်ဘုရားရယ်လို့ တက်ကြည့်လို့ရတာ ရွှေဂူကြီးနဲ့ မီးမလောင်ကျောင်းပဲကျန်တော့တယ်။ မီးမလောင်ကျောင်းကနေကြည့်လိုက်ရင် စောစောကဝင်ခဲ့တဲ့ ပုထိုးသားများ၊ သဗ္ဗညု၊ မဟာစေတီ တို့ကို ပြန်မြင်နေရတယ်။ နောက်ခံထားပြီး ဓာတ်ပုံရိုက်လို့သိပ်ကောင်းပေါ့။
မီးမလောင်ကျောင်းရဲ့ တဖက်၊ ကားလမ်းဘေးမှာတော့ ပုဂံပြတိုက်ရှိပါတယ်။ ပြတိုက်ကနေ ဗူးဘုရားဘက်ဆက်သွားကြည့်ရင် ကန်တော့ပလ္လင်ခေါ် ဂေါတောပလ္လင်ဘုရားရှိပါတယ်။
ပြတိုက်နဲ့ ကန်တော့ပလ္လင်ဘုရား အကြောင်းဖတ်ချင်ရင် ချစ်သောပုဂံ (၇) ကိုဝင်ဖတ်ကြည့်ပါနော်။ အဲ့ထဲမှာတော့ အသေးစိတ်ရေးထားတယ်။ အခုကျတော့ ဘယ်နေရာတွေလည်မလဲပဲပြောမှာမို့
အသေးစိတ်တွေထည့်ရေးရင် စာအတော်ရှည်နေမှာမို့ပါ။ ပြတိုက်ရှေ့က ခုလိုနွေခါဆို ဝါထိန်နေအောင်ပွင့်တဲ့ ပန်းပွင့်ကြွေတွေနဲ့လည်း ဓာတ်ပုံရိုက်ကြည့်ပါ။ Link - ချစ်သောပုဂံ (၇)
တောင်ဘက်ကို ဆက်လာလိုက်ရင် မီးပွိုင့်မရောက်ခင်မှာ မီးငြိမ်းကုန်းဘုရားရှိတယ်။ တဆက်ထဲ အဲ့နားလေးမှာ စုနေတာက တဝဂူဘုရားရယ် မြင်းပြဂူရယ်၊ ဘုရားရှည်ရယ်။ အဲ့နားကဘုရားတွေက
အစောင့်လည်းမရှိ၊ ပိတ်ထားတာလည်းကြာနေတော့ သော့တွေဆို သံချေးတွေကိုက်နေရော။ အထဲကိုလည်း ဝင်ကြည့်လို့မရတော့ အပြင်ကပဲ လျှောက်ပတ်ကြည့်လို့ရမယ်။ ရှေးသူအနေနဲ့ ပိတ်ထားတဲ့ ဘုရားတွေထဲက အခြေနေတွေကိုလည်း မကြာခဏ စစ်ကြည့်သင့်တယ်၊ အထဲမှာ ဘာဖြစ်နေလဲ မသိရဘူး။ ရှေးသုမှာလူအင်အားမရှိတာနားလည်ပေမယ့်၊ volunteer ကူညီမယ့်သူတွေပေါပါတယ်။
schedule ဆွဲ့ပြီး ဘယ်နှရက် တကြိမ်လိုက်စစ်ကြမယ်ဆိုတာမျိုးပေါ့လေ။ ထားပါတော့။
မြင်းပြဂူကနေ အနော်ရထာလမ်းဘက်ထွက်လိုက်ရင်တော့ ကားလေးနဲ့ ရောင်းတဲ့ ကော်ဖီ၊ အအေးရတဲ့ ဆိုင်လေးတခုရှိတယ်။ အအေး ဖြစ်ဖြစ် ကော်ဖီဖြစ်ဖြစ် ကြိုက်တာလေးတခု သောက်ရင်း၊
ခုံပုလေးမှာထိုင်ရင်ထိုင်၊ ပလက်ဖောင်းမှာ ထိုင်ရင်းဖြစ်ဖြစ် နေမကျတကျညနေခင်းကို ကီးငြိမ်းကုန်းဘက်က ဘုရားတွေကိုကြည့်ရင်း အနားယူလို့ရပါသေးတယ်။
ကဲ အခုဆို ညနေလည်း စောင်းပြီ၊ နေလည်း ဝင်တော့မှာဆိုတော့ နေဝင်ချိန်ကြည့်ဖို့ ဗူးဘုရားကိုသွားကြတယ်။ ဗူးဘုရားက များသောအားဖြင့် local တွေသွားတာ သိပ်များတော့ လူစည်တယ်။
လူများတာမကြိုက်ဖူးဆိုရင်တော့ တခြားနေရာရွေးကြတာပေါ့။ အခုတော့ သွားကြည့်ကြည့်လိုက်မယ်နော်။ ဘုရားရှေ့မှာ ebike တွေရပ်ဖို့နေရာလုပ်ပေးထားတယ်။ အကြော်သည်တွေလည်း
တော်တော်လေးပေါပါတယ်။ အညာထွက်ကုန်လေးတွေလိုက်ရောင်းနေတာလည်းရှိတယ်။ ကျန်တော်ကတော့ အဲ့လိုလူများရင် သိပ်မကြိုက်ဖူး။ အကြော်တွေကလည်း ဖုန်တသောသောနဲ့ဆိုတော့လေ။
အဲ့လိုပြောရင် သူများစီးပွားရေး တုတ်နဲ့ထိုးသလိုဖြစ်နေပါပြီ။ သဘောကျရင် စားကြပေါ့နော်။ ဗူးဘုရားက တကယ်တော့ နေဝင်ချိန်ကြည့်ဖို့ ရှုခင်းတော်တော်လှပါတယ်။ ဘုရားရင်ပြင်ကဖြစ်ဖြစ်၊
ရင်ပြင်ကနေဆင်းသွားလို့ရတဲ့ အောက်က ပတ်လမ်းအထစ်ကလေးတွေကဖြစ်ဖြစ် ဧရာဝတီမြစ်ပြင်ကျယ်ကြီးနဲ့ တန့်ကြည်တောင်နောက်ခံ နေဝင်ချိန်အလှကို လွမ်းလွမ်းဆွေးဆွေးလေး ရှုစားလို့ရပါတယ်။
မြစ်ကမ်းဘက်ဆင်းပြီး မုန့်ဆိုင်လေးတွေမှာ မုန့်စားရင်း၊ အအေးသောက်ရင်းလည်း ကြည့်လို့ရတယ်။ အမှိုက်တွေတော့ မပစ်ကြနဲ့နော်။ ကိုယ့်လူမျိုးတွေကသိတဲ့အတိုင်းပဲ၊ ရောက်ရာနေရာ အမှိုက်ပစ်ကြတယ်။ အဲ့တာတော့ ဂရုစိုက်ကြပါ။ ဗူးဘုရားမြစ်ကမ်းက ဆိုင်တွေရှိတော့ ညစ်ပတ်ချင်နေတာ၊ ဧည့်သည်တွေကပါ အမှိုက်တွေပစ်ရင် ပိုဆိုးမယ်။
နောက် option တခုက ဗူးဘုရားကနေ စက်လှေငှားပြီး မြစ်လယ်က သောင်ပေါ်ကနေ နေဝင်ချိန်ကြည့်လို့ရတယ်။ ဗူးဘုရားကလူများလို့ တခြားနေရာကနေပဲ ကြည့်တော့မယ်ဆိုရင်တော့
ဒီနေ့သွားခဲ့တဲ့ အထဲက ရွှေကွန်ချာဘုရားကနေလည်း နေဝင်ချိန်ကို မြစ်ပြင်ကြီးကနေ ကြည့်လို့ရပါသေးတယ်။ တခုပဲ ရွှေကွန်ချာကနေဆိုရင် နေလုံးကိုတည့်တည့်မမြင်ရဘဲ ခပ်စွေစွေမြင်ရမယ်။
ဘာလို့လဲဆိုတော့ ဧရာဝတီမြစ်က ညောင်ဦးနားမှာ ကျောက်ဂူဥမင်နားကနေ ဗူးဘုရားလောက်ထိ အရှေ့ကနေ အနောက်ကိုစီးလို့ပါ။ ပုံမှန်ဆို မြောက်ကနေ တောင်ကိုစီးတာ။ အဲ့တော့ ရွှေကွန်ချာ
ကမ်းက အရှေ့အနောက်အပြိုင်ရှိနေသလိုဖြစ်သွားတာပေါ့။ နေဝင်ချိန်လည်း ကြည့်ပြီးပြီဆိုရင်တော့ သရပါတံခါးအနီးက မြေအိုးထမင်းဆိုင်လေးမှာ ညစာစားသွားကြတာပေါ့။ အဲ့ဆိုင်က အအေး
တွေက ဖန်ခွက်နဲ့မဟုတ်ဘဲ မြေအိုးလေးနဲ့ ဖျော်ပေးတာပဲ၊ မြေအိုးလေးနဲ့ဆိုတော့ ထန်းရည်သောက်ရသလိုလိုပေါ့။
ညစာစားပြီးရင်တော့ ဟိုတယ်ပြန်နားပါပြီ။ ဒီနေ့ ဘုရားတွေအများကြီး နဲ့ နေရာတော်တော်များကို သွားရဲ့ရတာမို့ ပင်ပန်းနေမယ်၊ ဟိုတယ်နားက bar/restaurant တခုခုမှာ သောက်ကြတာပေါ့၊ ဒါမှမဟုတ် ဟိုတယ်မှာ ရေကူးကန်ပါတယ်ဆိုရင် ကော့တေးဖြစ်ဖြစ်၊ ဘီယာလေးဖြစ်ဖြစ်သောက်ရင်း ရေကူးကြတာပေါ့။ သွားခဲ့တဲ့နေရာလေးတွေအကြောင်းပြောရင်း...
နောက်ရက်ကျရင်တော့ အနော်ရထာလမ်း တဖက်ခြမ်းက မြို့ဟောင်းထဲက ဘုရားတွေကို သွားကြပါမယ်။
E-Bike လေးနဲ့ ပုဂံကို နှံ့အောင် ဘယ်လိုလည်ကြမလဲ (၃)
How to explore Bagan properly?
#အင်ယာမင်မင်
E-Bike လေးနဲ့ ပုဂံကို နှံ့အောင် ဘယ်လိုလည်ကြမလဲ (၃)... (ဖတ်ရန်)
ရှေ့ရက်မှာ ညောင်ဦးနဲ့ ဝက်ကြီးအင်း တဝိုက်ကို လည်ပြီးပြီဆိုတော့ ဒီတခါ တောင်ဘီတဝိုက်နဲ့ မြို့ဟောင်းထဲက ဘုရားတချို့ကို လည်ပတ်မှာပဲဖြစ်ပါတယ်။
မနက်စောစော ၇ နာရီလောက်ဆို ဟိုတယ်တိုင်းလိုလိုက မနက်စာစားလို့ရနေပြီဆိုတော့ မနက်စာကို ဟိုတယ်မှာစားပြီး၊ ပြင်ဆင်ပြီးတာနဲ့ E-Bike လေးငှားပြီး လျှောက်လည်ဖို့ ထွက်ခဲ့လိုက်မယ်။
အကယ်၍ မနက်စာကို ဟိုတယ်ကကျွေးတာမစားချင်ဘူး၊ ပုဂံရောက်တုန်း အညာစာလေးတွေပဲ စားချင်တယ်ဆိုလည်း သွားရင်းနဲ့ လမ်းမှာ စားကြတာပေါ့။ လည်ပတ်မယ့်နေရာက တောင်ဘီတဝိုက်နဲ့ မြို့ဟောင်းထဲပဲဆိုတော့ မနက်စာရောင်းတဲ့ဆိုင်လေးတွေ ပေါပါတယ်။ ညောင်ဦးဈေးဘက်မှာဆိုရင် မနက်စာ ပိုပြီးစုံစုံလင်လင်စားလို့ရတယ်။ ဒါပေမယ့် ကိုယ်တည်းတဲ့ ဟိုတယ်က ညောင်ဦးနဲ့ ဝေးတယ်ဆိုရင် ဈေးဘက်ကို သက်သက်ကြီး
သွားမနေတော့ဘဲ ဘုရားတွေလည်ပတ်ရင်းပဲ စားတော့မှာပေါ့။ အာနန္ဒာဘုရားမြောက်ဘက်မုခ်နားမှာ သရပါ ၃ ဆိုတဲ့ဆိုင်လေးရှိတယ်။ အဲ့မှာ မနက်စာ ထမင်းဆီဆမ်းကောင်းကောင်းရတယ်၊ ဆိတ်သားလုံးကြော်လေးနဲ့ဆို ရှယ်ပဲ။
ပေါ့ပေါ့ပါးပါး မနက်စာကို အဲ့မှာ စားလို့ရတယ်။ တခြား အသုပ်တွေလည်း ရသေးတယ်။ ထမင်းဆီဆမ်းကျတော့ အညာဟင်းလေးတွေပါပါသေးတော့ စားရတာပိုပြီးစုံတာပေါ့။ ကဲမနက်စာစားပြီးပြီဆိုရင် လည်လည်သွားတော့မယ်။
မနေ့က လည်ပတ်ခဲ့တာ ထီးလိုမင်းလိုနားရောက်နေပြီဆိုတော့ ဒီနေ့တော့ ထီးလိုမင်းလို ဘုရားကနေပဲ စလိုက်တော့မယ်။ ထီးလိုမင်းလိုဆိုတာ ပုဂံဘုရားတွေလည်ပတ်ဖို့ အစီစဉ်ထဲမှာ မပါမဖြစ် ဘုရားတဆူလည်း ဖြစ်တယ်။
ဘုရားက ၂ ထပ်လှိုဏ်ဘုရားဆိုတော့ ပုဂံက ကြီးမားတဲ့ ဘုရားတွေထဲမှာပါတယ်။ တည်ခဲ့တာက နားတောင်းများမင်းခေါ် နာမည် ၅ မျိုးရှိတဲ့ ဇေယျသိင်္ခ။ သမိုင်းကြောင်းကိုတော့ သေချာမပြောပြတော့ဘူးနော်။ စာအုပ်ထဲလည်း ဖတ်လို့ရနေတော့လေ။ ပြီးတော့ ချစ်သောပုဂံ အပိုင်းတွေမှာလည်း ထည့်ပြောထားတော့၊ လည်ပတ်ဖို့နေရာတွေကိုပဲ ဦးစားပေးပြောသွားမယ်နော်။
လည်ပတ်မယ့်နေရာတွေကို စာရင်းလုပ်ရရင် ထီးလိုမင်းလို၊ ခေမင်္ဂဘုရားစု၊ ဥပါလိသိမ်၊ အလိုတော်ပြည့်၊ ယင်မနားဘုရား၊ အိမ်ယာကျောင်းငါးမျက်နှာ၊ စတုမုခ၊ မြစည်းခုံစေတီ၊ မင်းအိုချမ်းသာ၊ တောင်ဘီကျောင်း၊ ရွှေကွန်ချာ၊ သရပါဂိတ်၊ အာနန္ဒာ၊ အာနန္ဒာအုတ်ကျောင်း၊ ရွာဟောင်းကြီးဘုရား၊ နတ်ထောင့်ကျောင်း၊ ရွှေကွန်ချာမြစ်ကမ်း၊ ယွန်းကောလိပ်နဲ့ ယွန်းပြတိုက်၊ မဟာဗောဓိ၊ နန်းတော်၊ ရွှေဂူကြီး၊ နတ်လှောင်ကျောင်း၊ ပုထိုးသားများ၊ မီးမလောင်ကျောင်း၊ သဗ္ဗညု၊ ကန်တော့ပလ္လင်၊ မီးငြိမ်းကုန်းဘုရား၊ မြင်းပြဂူ၊ တဝဂူ၊ ဗူးဘုရား၊ ဆိုတော့ ဒီနေ့က သွားစရာနည်းနည်းများမယ်။
ထီးလိုမင်းလိုဘုရားဝင်းထဲ ဝင်မယ်ဆိုရင် အခုအချိန်မှာတော့ အဝင်အထွက်စာရင်းယူတယ်ဗျ။ အဓိကကတော့ နာမည်၊ နေရပ်၊ ဖုန်နံပါတ်ပေါ့။ လူအဝင်များတဲ့ဘုရားတိုင်းလိုလိုမှာ အဲ့လို စာရင်းကောက်တယ်နော်။
ဘုရားဝင်းထဲဝင်လိုက်ပြီဆိုတာနဲ့ အသံစာစာလေးတွေနဲ့ ပုဂံမှာဝတ်ဆင်ကြတဲ့ အင်္ကျီလေးတွေ ရောင်းတဲ့ ဈေးသည်လေးတွေရဲ့ ဝယ်သူခေါ်သံလေးတွေကို ကြားရမယ်။ ဧည့်သည်တွေလည်း လာကြပြီဆိုတော့ ဘုရားဝင်းထဲ တတောက်လျှောက်လုံး ဆိုင်တွေအပြည့်ပဲ။ ဝယ်ချင်တာရှိရင်ဝယ်၊ ဒါမှမဟုတ် ပြန်အထွက်မှ ဝယ်ပေါ့။ ဘုရားထဲဝင်ဝင်ချင်း ဘုရားရှိခိုးတဲ့နေရာလေးတွေ့ရမယ်၊ ဦးချချင်ချပေါ့နော်။ မင်မင်က ဒိတ္ဌိဖြစ်နေပြီဆိုတော့ ဘုရားမရှိခိုးတာတောင်ကြာနေပြီ။
ဘုရားရှိခိုးပြီးရင် လှိုဏ်ပတ်လမ်းအတိုင်းလိုက်ပတ်ကြည့်ကြည့်။ နံရံတွေပေါ်ဘာတွေရှိလဲ။ ပန်းချီတွေရှိရင် ကောင်းနေသေးလား ပျက်စီးနေလား၊ ပျက်စီးတာတွေက ဧည့်သည်တွေကြောင့်လား၊ မထိန်းသိမ်းကြလို့လား၊ ပေါင်းကူးအမိုးတွေက ကွဲအက်နေပြီလား၊ ရေတွေယိုနိုင်လား လားလားလား မေးခွန်းတွေ ကိုယ့်ဖာသာမေးပြီး စိတ်ဝင်တစားနဲ့ လိုက်ကြည့်ရင် ပုဂံဘုရားတွေ ဖူးရတာ မပျင်းရတော့ဘူး။ တခုခုကို သိချင်စိတ်ကြောင့် ပိုပြီး လေ့လာမိလိမ့်မယ်။
ထီးလိုမင်းလိုကနေ တဆက်တည်းသွားလို့ရတာက သူ့ရဲ့ အရှေ့ဘက်မုခ်ကလမ်းအတိုင်းသွားလိုက်ရင် အလိုတော်ပြည့်ရောက်ပြီ။ အလိုတော်ပြည့်ဘုရားကျတော့ လူများတဲ့ဘုရား၊ ပြည့်ငါးပြည့် ဘာညာထဲပါတာဆိုတော့ ဧည့်သည်များတယ်။
ဝင်ချင်လည်းဝင်ပေါ့နော်။ အလိုတော်ပြည့်မှာတခုကောင်းတာက ပုဂံအင်္ကျီ အဝတ်ထည်ဝယ်လို့ကောင်းတယ်။ အထည်ဆိုင်တွေက အကြီးကြီးတွေဆိုတော့ စုံလည်းစုံတယ်။ အလိုတော်ပြည့်ဘုရားကထွက်လာရင် အနော်ရထာလမ်းပေါ်မတက်ဘဲ ထီးလိုမင်းလိုဘက်ပဲ ပြန်လာမယ်။ အနော်ရထာလမ်းဘက်က နောက်ရက်သွားရမယ့် plan ထဲမှာမို့။ ဆိုတော့ လာလမ်းအတိုင်း ထီးလိုမင်းလိုဘုရား အရှေ့မုခ်ကနေ ညောင်ဦးလမ်းလေးအတိုင်းပြန်ထွက်လာပြီးရင် ရှေ့နားလေးမှာပဲ ဥပါလိသိမ်ဆိုတာရှိတယ်။ အထဲတော့ ဝင်လို့မရတော့ပေမယ့် အပြင်ကနေ ပတ်ကြည့်ပြီးလေ့လာလို့ရတယ်။ အထဲမှာ ကုန်းဘောင်ခေတ်ဆေးရေးပန်းချီတွေ အများကြီးကျန်နေသေးတယ်။ ဥပါလိသိမ်နဲ့ ပရလောက အကြောင်းကို page မှာ တင်ပေးထားတာ ရှိပါတယ်။ ဥပါလိသိမ်အကြောင်း
ဥပါလိသိမ်က ထွက်လာပြီးရင်တော့ သူနဲ့ မနီးမဝေးမှာရှိတဲ့ ခေမင်္ဂဘုရားစုလေးထဲကို ဝင်ကြမယ်။ ခေမင်္ဂဘုရားစုလေးကကျတော့ ဓာတ်ပုံရိုက်လို့ ကောင်းတဲ့ နေရာလေးတခုပဲ။ အဲ့ဘုရားစုတွေထဲမှာ စောင်းနေတဲ့ စေတီလေးတဆူလည်းရှိတယ်။ Leaning pagoda လို့တောင် ခေါ်ကြသေး။ ပီဆာမျှော်စင်လိုလိုပေါ့။ တကယ်တော့ ခေမင်္ဂဘုရားစုထဲက စေတီအများစုက နောက်ပိုင်းပြုပြင်ထားတဲ့လက်ရာတွေဖြစ်နေတော့ ရှေးဟောင်းဘုရားတွေကိုပဲ ကြည့်ဖို့ အာသီသရှိသူတွေအတွက်တော့ သိပ်ကြိုက်မယ်မထင်ဘူး။ အုတ်ကိုက သိသာနေတာမလား။ မိန်းကလေးတွေအတွက်တော့ instagram မှာ တင်လို့ကောင်းတဲ့ ပုံလေးတွေ ရနိုင်တာပေါ့။ နိုင်ငံခြားသားခရီးသွား မိန်းကလေးတွေ IG မှာ တင်ထားတဲ့ အဲ့ဘုရားက ပုံလေးတွေဆိုရင်
သိပ်လှတာပဲ။
ခေမင်္ဂဘုရားစုကထွက်လာတာနဲ့ မြေနီလမ်းလေးထိပ်မှာ အိမ်ယာကျောင်းငါးမျက်နှာဘုရားရှိတယ်။ ကတ္တရာလမ်းနဲ့အပြိုင်ကပ်လျက်ရှိနေတဲ့ ဘုရားအုတ်တံတိုင်းကို ဖြတ်သွားဖြတ်လာတိုင်း သတိထားမိလိမ့်မယ်။ အုတ်တံတိုင်းပေါ် တက်ပြီး ဓာတ်ပုံရိုက်ရင် ပုံကောင်းလေးရနိုင်ပေမယ့် အုတ်တံတိုင်းပေါ်မတက်ရလို့ စာရေးထားတာတွေ့ရင်တော့ မတက်သင့်ဘူးနော်။ အဲ့ဘုရားကို ဘာလို့ဝင်ကြည့်သင့်တာလည်းဆိုတော့ ပုဂံမှာရှိတဲ့ဘုရားတွေထဲမှာ မုခ်ပေါက် ၅ ခု၊ မျက်နှာ ၅ ဘက်လှည့်ထားတဲ့ဘုရား အနည်းစုထဲက တဆူ ဖြစ်နေလို့ပါပဲ။ ဓမ္မရာဇက ဘုရားဆို မုခ်ပေါက် ၅ ခုပါတဲ့ ဘုရားတွေထဲ အကြီးဆုံးပဲ။ မုခ် ၅ ခုရှိတာ သတိထားမိကြလား။ တချို့စေတီတွေကျတော့ ပဉ္စဂံအောက်ခံပေါ်တည်ထားတော့ မုခ် ၅ ခုပါကြတယ်။ ဒီ အိမ်ယာကျောင်းငါးမျက်နှာ ဘုရားကျတော့ အထဲပါဝင်လို့ရနေလို့ ဝင်ပြီးလေ့လာကြည့်စေချင်တာပါ။ အမြဲလိုလို လေးထောင့်ကျကျ မုခ်ပေါက် ၄ ခုပါတဲ့ ဘုရားတွေချည်း တွေ့မြင်နေခဲ့ကြတာဆိုတော့လေ။ တခုသတိထားရမှာက ခေမင်္ဂဘုရားစုလမ်းကဝင်ရင် အဝင်တံတိုင်းကမုခ်ပေါက်ရဲ့ အမိုးခုံးက ပြိုကျလုလု ဖြစ်နေတော့ အန္တရာယ်ရှိလို့ ကတ္တရာလမ်းမက အုတ်တံတိုင်းကနေပဲ ဝင်ကြည့်သင့်တယ်နော်။
အိမ်ယာကျောင်းငါးမျက်နှာကထွက်လာရင် ရှေ့မျက်စောင်းထိုးလေးမှာ စတုမုခဘုရား ဆိုင်းဘုတ်လေးရှိတယ်။ လမ်းကလေးတိုင်းဝင်သွားရင် စတုမုခဘုရားတွေ့ရမယ်။ အဲ့လမ်းကလေးက တဖက်က ဓမ္မစင်တာရှိတော့ တမာပင်တန်းလေးစိုက်ထားတာဆိုတော့ တမာပင်တန်းလမ်းကလေး သွားရသလိုလေး။ ဒါပေမယ့် တမာပင်တန်းက တဖက်ထဲရှိတာပေါ့နော် တဖက်က ယာခင်း။ စတုမုခဘုရားက သိပ်မထူးခြားပေမယ့် သူ့အနီးမှာ အုတ်ကျောင်းခပ်ကြီးကြီးတခုရှိတယ်။ အဲ့နားတဝိုက်မှာ အုတ်ကျောင်းတွေ သိပ်မတွေ့ရဘူး။
ဒီတခုပဲ တွေ့မိလို့။ ထူးခြားတာက ဒီအုတ်ကျောင်းဖွဲ့စည်းပုံက ဆင်ဖြူရှင်ကျောင်းတိုက်ထဲက အုတ်ကျောင်းတွေလို အထဲမှာ ဟာလာဟင်းလင်းကြီးမဟုတ်ဘဲ၊ အခန်းဖွဲ့လေးတွေနဲ့ အုတ်လှေကားလေးတွေနဲ့ စိတ်ဝင်စားစရာလေးတွေရှိလို့ တခါတည်း ဝင်ကြည့်လို့ ရအောင်လို့ ဒါလေးကိုပါ ထည့်ပြောလိုက်တာပါလို့။ တချို့တွေက အဲ့လိုလေးတွေ သဘောကျကြတော့လေ။ သွားရင် သတိတော့ထားပါ အထဲမှာမှောင်တယ်၊ အဖော်ပါရင်တော့ ပျော်စရာပေါ့။
အဲ့ဒီကနေထွက်လာရင် ဓမ္မစင်တာဘေး၊ ထီးလိုမင်းလိုမျက်စောင်းထိုးလေးမှာ မြစည်းခုံကျောင်းတိုက်ဆိုတဲ့ ဆိုင်းဘုတ်လေးရှိတယ်။ အဲ့နားလေးမှာ ဝင်စရာတွေ ကပ်နေတော့ မနက်ပိုင်းတင်ကို တော်တော်လေး လည်ဖြစ်လိမ့်မယ်။ အဲ့မြစည်းခုံကျောင်းတိုက် လမ်းအတိုင်းဝင်သွား ဘယ်ဘက်မှာ မြစည်းခုံဘုရားရှိတယ်။ တည့်တည့်မှာ မြစည်းခုံကျောင်းတိုက်။ ကျောင်းတိုက်ထဲဆက်ဝင်သွားရင် မြစ်ကမ်းဘက်ဆင်းသွားလို့ရတယ်။ မြစ်ကမ်းမှာ ခုလိုနွေဆို သခွားခင်လေးတွေ စိုက်ထားတက်ကြတယ်။ ပုဂံကသခွားသီးက ရန်ကုန်ကနဲ့မတူဘူး။ အရောက်ဖျော့ပြီး အခွံမှာ အစင်းလေးတွေအစား အဖုလေးတွေပါတယ်။ အစေးနည်းနည်းထွက်တယ်။ ပိုပြီးကျွတ်တယ်။ မင်မင်ကတော့ အညာသခွားလို့ခေါ်လိုက်တယ်။ ပုဂံမှာ မင်မင်အလုပ်နဲ့ နေရတုန်းကဆို ထမင်းမစားခင် မြစ်ကမ်းဘက်ဆင်းသွားပြီး သရက်ပင်တက် သရက်သီး ၃ လုံးလောက်ခူး၊ သခွားသီး သုံးလေးလုံးလောက် တောင်း ခူးပြီး ထမင်းစားတာပဲ။ တော်တော်စားကောင်းတယ်။မြစ်ထဲရေစိမ်ပြီး သခွားသီးခူးတဲ့ပုံလေးပြထားတယ်။ မြစည်းခုံကျောင်းတိုက်လမ်းလေးကနေပြန်ထွက်လာရင် ဘယ်ညာမှာ ဘုရားတွေရှိသေးတယ်။
ဝင်ကြည့်ချင် ဝင်ကြည့်လို့ရသေးတယ်။
အဲ့ကနေ ပုဂံညောင်ဦးကားလမ်းအတိုင်း မြို့ဟောင်းဘက်ကို E-Bike လေး ဖြည်းဖြည်းမောင်းရင်းဆက်လာမယ်။ စောစောကနေရာတွေအကုန် ဝင်ခဲ့ရင်တော့ အခုဆိုမနက် ၉ နာရီဝန်းကျင်လောက်ပဲ ရှိဦးမယ်။ ဝင်ခဲ့တဲ့နေရာတွေမှာ အချိန်အများကြီးပေးရမယ့် နေရာမှ မရှိခဲ့တာ။ ဆက်မောင်းလာရင်း ဥပါလိသိမ်အကျော် ခပ်ဝေးဝေး ညာဘက်မှာ ယင်မနားဘုရားဆိုတာရှိတယ်၊ အဲ့ဘုရားနားမှာ တခြားဘုရားတွေလည်း အစုလိုက်ရှိနေကြတာဆိုတော့ ခေမင်္ဂဘုရားအစုနဲ့တောင် ခပ်ဆင်ဆင်။ ယင်မနားဘုရားနားမှာ မကြာခဏဆိုသလို pre wedding photo လာရိုက်ကြတာတွေ မြင်ရတယ်။ သေချာရိုက်တက်ရင် သိပ်လှတဲ့ ပုံတွေအများကြီး ရမယ့်နေရာပဲ။ အဲ့နားကဘုရားတွေထဲမှာ ထူးခြားတဲ့ဘုရားတဆူလည်းရှိတယ်။ ဘုရားပတ်လည်မှာ ထည့်ထားတဲ့ အရုပ်တွေက ဘာအကောင်တွေလည်း ခန့်မှန်းလို့မရအောင်ပဲ။ အရုပ်တွေကကြီးလည်းကြီးတယ်။ အီဂျစ်ကပိရမစ်ထဲက အီနူးဘစ်လိုလိုအကောင်တွေ။ ရှာကြည့်ကြည့်နော်။
ရှေ့ကိုဆက်သွားရင် ရွှေတမာထမင်းဆိုင်လေးရှိတယ်။ အရင်ကတော့ အဲ့ထမင်းဆိုင်လေးမရှိဘူး။ အခုနောက်ပိုင်းအဲ့နားတဝိုက်မှာ ထမင်းဆိုင်လေးတွေ များလာတယ်။ ဧည့်သည်တွေအတွက်တော့ ရွေးချယ်စရာပိုတာပေါ့။ အဲ့ထမင်းဆိုင်နောက်က ယာခင်းကို ဖြတ်သွားရင် မူလစေတီကို အပေါ်ကထပ်ငုံပြီးတည်ထားတဲ့ ၂ ထပ်စေတီတဆူရှိတယ်။ လမ်းပေါ်ကနေ မြင်ရတယ်။ သွားဖို့လမ်းမရှိဘူး။ ယာခင်း ၂ ခုကြားထဲရောက်နေတာ။ ကြည့်ချင်တယ်ဆိုရင်တော့ E-Bike ခနရပ်ခဲ့ပြီး လမ်းလျှောက်သွားတာ ပိုကောင်းမယ်။ ဘာလို့ဆို ထမင်းဆိုင်လေးမရှိတုန်းက အဲ့ယာခင်းကို ဖြတ်ပြီး E-Bike နဲ့ သွားကြည့်ဖူးတယ်။ သဲနစ်ပြီးဆက်သွားလို့မရဘဲ E-Bike ကိုတွန်းတာနဲ့တင် မောနေရော။ မင်မင်စမ်းကြည့်ပြီးပြီ။ ဒီလိုမျိုး ဘုရားစေတီတွေကတော့ စိတ်ဝင်စားသူတွေအတွက်ထည့်ရေးပေးထားတာပါ။
ပုံမှန်လေး ပုဂံကိုနှံ့ချင်တယ်ဆိုရင်တော့ သိပ်အပင်ပန်းခံစရာမလိုပါဘူးရယ်။ နှိုက်နှိုက်ချွတ်ချွတ် ပုဂံကို သိချင်သူတွေအတွက်ကတော့ ဒါလေးတွေက စိတ်ဝင်စားစရာအတိပေါ့။
ယင်မနားဘုရားအကျော် ရွှေတမာထမင်းဆိုင်ရဲ့ မျက်စောင်းထိုးမှာ တောင်ဘီကျောင်းရှိတယ်။ သစ်သားကျောင်းလေး။ မန္တလေးက ရွှေကျောင်းတို့၊ စလေရုပ်စုံကျောင်းတို့လိုပေါ့။ အဲ့လောက်တော့ မခမ်းနားပေမယ့် ပြန်ပြုပြင်ထားတော့ တော်တော်လေးတော့ ကောင်းပါသေးတယ်။
အုတ်လှေကားကြီး ၂ ခုကနေ တက်လို့ရပါသေးတယ်။ ဓာတ်ပုံရိုက်လို့လည်းကောင်းပါတယ်။ ဓာတ်ပုံရိုက်မယ်ဆိုရင်လေ လည်ပတ်ရင်း နေရာတနေရာဝင်တိုင်း ကိုယ်နဲ့ ဒါမှမဟုတ် ကိုယ့်အဖော်နဲ့ အဲ့နေရာကို နောက်ခံထားပြီး အမှတ်တရပုံလည်းရိုက်ပါ။ အလှပုံလေးတွေလည်း ရိုက်ပါ။ ပြီးတော့လေ အဲ့နေရာကိုပဲ လူမပါဘဲ မှတ်တမ်းသဘောမျိုးလေးလည်း ၁ပုံ ၂ပုံလောက် ထည့်ထည့်ရိုက်ကြည့်ပါ။ နောင်အခါ ပြန်ရောက်တဲ့အခါ ကွာခြားလာတာတွေကို တွေ့ရတာပေါ့။ အဲ့ဒီတောင်ဘီသစ်သားကျောင်းရဲ့ ဓားလွယ်ခုတ်လေးမှာပဲ ကုန်းဘောင်ခေတ် အုတ်တိုက်လေးတခုရှိတယ်။ မင်မင်ထင်တာ ဘုန်းကြီးကျောင်းပဲထင်တယ်။ အင်းဝခေတ်နဲ့ ကုန်းဘောင်ခေတ်ရဲ့ အုတ်ကျောင်းလေးတွေက တူတယ် ခပ်ဆင်ဆင်ပဲ။ လေးထောင့်ကျကျ အပေါက်များများနဲ့ အုတ်တိုက်လေး။ မင်မင့်အမြင်ဆို ပုဂံမှာ ကုန်းဘောင်ခေတ်အုတ်ကျောင်း ဆိုလို့ အဲ့တခုနဲ့ အာနန္ဒာအုတ်ကျောင်းပဲ တွေ့ဖူးတယ်။ အခြားအုတ်ကျောင်းတွေက ပုဂံခေတ်လက်ရာတွေ။
အဲ့ဒီကနေ ပြန်ထွက်လာရင် ရှေ့မှာ မြေအိုးထမင်းဆိုင်လေးတွေ့ရမယ်၊ မြေအိုးထမင်းဆိုင်လေးအနောက်မှာ မင်းအိုချမ်းသာဘုရားစုလေးရှိတယ်။ စေတီဖြူလေး ၅ ဆူတန်းနေတာ။ မင်းအိုချမ်းသာဘုရားကို မြင်ရင် ရွာတရွာကို ဝင်လိုက်ရသလိုပဲ။ ရွာဦးစေတီလေးကို တွေ့လိုက်ရသလိုပဲ။ ထုံးသင်္ကန်းဖွေးဖွေးနဲ့ စေတီဖြူလေးတွေရယ် ထန်းပင်ရှည်ရှည်ကြီးတွေရယ်နဲ့ လိုက်ဖက်နေတာမျိုးလေး။ မင်းအိုချမ်းသာက စေတီပဲဆိုတော့ ရင်ပြင်ပေါ်တက် လျှောက်ပတ်ကြည့် ဒီလောက်ပဲ။ ဆက်တွေးချင်ရင်တော့ သူ့သမိုင်းကြောင်းလေးသိထားပေါ့။
တည်ခဲ့သူက ကျန်စစ်သားမင်းကြီး၊ အရွယ်အိုချိန်မှာ တည်ခဲ့ပြီး ဆုတောင်းခဲ့လို့ မင်းအိုချမ်းသာလို့ ပေးထားခဲ့ကြောင်း၊ ပြီးတော့ အဲ့နားလေးမှာ သတိထားစရာတခုက သူတောင်းစား(သူဖုန်းစား) လို့ပဲပြောရမှာပေါ့လေ၊ တောင်းစားတဲ့သူတွေ အတော်များတယ်ဗျ။
အရွယ်ကြီးငယ် ခလေးကစလူကြီးအဆုံး မိန်းမကြီးတွေ ခလေး ခါးထစ်ခွင်ပြီး ခွက်တလုံးနဲ့ လိုက်တောင်းကြတာ အုပ်လိုက်ကြီး။ မြင်မြင်ချင်းဆို လန့်သွားနိုင်တယ်။ ကြောက်တက်ရင်တော့ အဲ့ဘက်ရှောင်ပေါ့။ သူတို့က အဲ့ဘက်မှာပဲ တောင်းကြတာများတယ်။
အဲ့ကထွက်လာရင်တော့ ဒီမနက်ပိုင်းအတွက် နောက်ဆုံးနေရာဖြစ်တဲ့ အာနန္ဒာဘက်သွားကြမယ်။ အာနန္ဒာကို မြောက်ဘက်မုခ်ကဝင်ကြမယ်။ ပုံမှန်ဆို တောင်ဘက်မုခ်ကချည်း ဝင်နေကြတာမလား။ အခုက မင်းအိုချမ်းသာဘုရားကထွက်ရင် အိုးပုတ်တန်းလေးတွေ့မယ်၊ အဲ့တာ အာနန္ဒာမြောက်ဘက်ပဲ။ ပြီးတော့ မြောက်ဘက်မှာ တခုဝင်စရာရှိသေးတာက အာနန္ဒာအုတ်ကျောင်း။ ကုန်းဘောင်ခေတ်လက်ရာ အုတ်ကျောင်း၊ အထဲမှာ နံရံဆေးရေးပန်းချီတွေ အများကြီးကျန်နေသေးပြီး၊ ငလျင်ကြောင့်တော်တော်လေးထိခိုက်ထားရတဲ့ အာနန္ဒာအုတ်ကျောင်းကိုတော့ ဝင်ကြည့်သင့်ပါတယ်။ အထဲမှာ အစောင့် ဦးလေးကြီးရှိတယ်။ ခွင့်တောင်းပြီး အထဲ ဝင်ကြည့်လို့ရတယ်။ သော့ဖွင့်ပေးလိမ့်မယ်။ အထဲမှာ ကုန်းဘောင်ခေတ်ပန်းချီလက်ရာတွေကို သေချာလေ့လာကြည့်ပါ။ ဆေးအနီသုံးတာများတာတွေ့ရမယ်၊ ပုဂံက ကုန်းဘောင်လက်ရာတွေထဲမှာ အကောင်းဆုံးလို့ဆိုရမယ်။ အရုပ်ကလေးတွေက တော်တော်လေးလှတယ်။ နိုင်ငံခြားသားကုန်သည်တွေ ကုန်ကူးလာကြတာတွေပါ ထည့်ဆွဲထားတယ်။ ငလျင်ဒဏ်တော်တော်ခံလိုက်ရတော့ အပေါ်ထပ်က ထောက်တွေထောက်ပြီး prop လုပ်ထားရတယ်။ အဲ့နေရာမှာ UNESCO နဲ့ အိန္ဒိယအဖွဲ့ နဲ့ ရှေးသုနဲ့ ပူးပေါင်းပြီး conservation သင်တန်းပေးခဲ့ဖူးတယ်။ အဲ့ကနေတဆင့် အာနန္ဒာဘုရားကြီးက ထုံးသုတ်ထားတဲ့ ပန်းချီလက်ရာတွေကိုပြန်ဖော်ခဲ့ကြတာပေါ့။
ကဲ ပြီးရင်တော့ ဒီမနက်ရဲ့ မင်းသားကြီး အာနန္ဒာဆီသွားကြမယ်။ အုတ်ကျောင်းကထွက်တာနဲ့ အာနန္ဒာမြောက်ဘက်မုခ်ပဲ။ အာနန္ဒာကတော့ ထွေထွေထူးထူးပြောစရာမလိုပါဘူး။ ပုဂံလာတိုင်း ဝင်နေကြကိုး။ မင်မင်ကတော့ နောက်ပိုင်း ပုဂံရောက်ရင် လူများတဲ့ဘုရားတွေ မသွားတော့ဘူး။ ကိုယ်ကြည့်ချင် လေ့လာရှာဖွေချင်တောတွေ သေချာရှာမရ ဓာတ်ပုံသေချာရိုက်မရနဲ့ စိတ်ရှုပ်ရလို့။ သွားကိုသွားကြည့်ရမှာ ဖြစ်မယ်ဆိုရင်တောင် လူရှင်းတဲ့ရက်၊ လူရှင်းတဲ့အချိန်ပဲ သွားဖြစ်တော့တယ်။ အာနန္ဒာကိုဝင်မယ်ဆိုရင် ကြည့်သင့်တာတွေ လေ့လာသင့်တာတွေက မုခ်လေးဘက်လုံးမှာရှိတဲ့ မတ်ရပ်ရုပ်ပွားတော်ကြီးတွေ၊ မြောက်ဘက်ရုပ်ပွားတော်က အဝေးကကြည့်ရင် ပြုံးနေပြီး အနီးကကြည့်ရင် တည်နေတာ။ ရုပ်ပွားတော် ၄ ဆူမှာ ၂ ဆူ က မူလလက်ရာ၊ ၂ ဆူက မီးသင့်ခဲ့လို့ နောက်ပိုင်းပြန်ပြင်ထားတာ။
ပြီးတော့ သစ်သားတံခါးကြီးတွေ၊ လှိုဏ် ၂ ထပ် ပတ်ကြည့်သင့်၊ မြောက်ဘက်မုခ်အထွက်နားမှာ အရင်ကလူတွေ ထုံးသုတ်ခဲ့လို့ ဆုံးရှုံးခဲ့ရတဲ့ နံရံပန်းချီတွေကို အိန္ဒိယအကူညီနဲ့ ပြန် recover လုပ်ထားတဲ့ နေရာလေး၊ (အကုန်လုံး recover/restore
ပြန်လုပ်ဖို့ဆို ဒေါ်လာသန်းနဲ့ချီကုန်မှာတဲ့) အဲ့နေရာလေးတွေကို လေ့လာ သင့်ပါတယ်။ အာနန္ဒာနဲ့ပက်သက်ပြီး page မှာတင်ထားတဲ့ ချစ်သောပုဂံ (၅) မှာ သွားဖတ်လို့ရပါတယ်။
ချစ်သောပုဂံ (၅) ဒီလင့်ကနေ အာနန္ဒာမှာဘာတွေလေ့လာလို့ရမလဲ ပိုသိရပါလိမ့်မယ်နော်။
အာနန္ဒာအတွင်းပိုင်းပြီးရင် အပြင်ကနေ ပတ်ကြည့်ပါမယ်။ နေလည်းပူလာပြီဆိုတော သိပ်ပြီး အဆင်ပြေမယ်မထင်ဘူး။ အပြင်မှာဆို အရှေ့ဘက်မုခ်ကနေ ဓာတ်ပုံကောင်းကောင်းရိုက်လို့ရမယ်။ အရှေ့တောင်ထောင့်လေးက ရေကန်လေးကနေ လက်ဆွဲတဲ့ပုံလေးရိုက်လို့ကောင်းတယ်။
ဘုရားကြီးရဲ့ အောက်ခြေနားတွေမှာ စဉ့်ကွက်လေးတွေရှိတယ် သေချာကြည့်ပြီးလေ့လာကြည့် အကောင်းတိုင်းကျန်နေသေးတယ်။
အာနန္ဒာဘုရားဖူးလို့ပြီးသွားရင် မြောက်ဘက်မုခ်ကပဲပြန်ထွက်ပြီး အိုးပုတ်တန်းလေးကို ကြည့်ကြမယ်။ ပုညခင်ရဲ့ လက်ကျန်လရောင်စာအုပ်ဖတ်ထားဖူးရင် သိလိမ့်မယ် အဲ့နေရာလေးက ဇာတ်လမ်းထဲက အမှတ်ရစရာနေရာလေးတခုပဲ။
ပြီးရင်တော့ အဲ့ရှေ့နားလေးက မြေအိုးထမင်းဆိုင်မှာဖြစ်ဖြစ်၊ မနက်စာစားခဲ့တဲ့ သရပါ ၃ မှာဖြစ်ဖြစ် နေ့လည်စားစားကြမယ်။ မြေအိုးထမင်းဆိုင်ကလည်း လက်ရာကောင်းသလို သရပါ ၃ ရဲ့ နေ့လည်စာကိုလည်း လက်မလွှတ်သင့်ပါဘူး။
၂ ဆိုင်လုံးက စားကြည့်သင့်တဲ့အထဲပါနေတော့ ဒီလိုလုပ်လို့တော့ရတယ်၊ နေ့လည်စာကို သရပါ ၃ မှာစား၊ ဘာလို့ဆို သူက ညနေ ၃ နာရီလောက်ဆို ဆိုင်ပိတ်သွားပြီ။ ညစာကိုတော့ ညနေပိုင်းလည်ပတ်ပြီး မြေအိုးထမင်းဆိုင်လေးမှာစား။ သူက ညစာ စားချိန်ထိပါ ရောင်းတာကိုး။ အာ့ဆို အဲ့နားတဝိုက်လည်တဲ့ရက်မှာပဲ ၂ ဆိုင်လုံး စားဖြစ်သွားတာပေါ့။
နေ့လည်စာစားပြီးရင်တော့ ဟိုတယ်ပြန်နားပါမယ်။ နေ့လည်ပိုင်းက နေအရမ်းပူတော့ လည်ပတ်လို့သိပ်မကောင်းဘူး။ လူလည်းပင်ပန်းတယ်။ အနားယူသင့်ပါတယ်။ ညနေ ၃ နာရီလောက်မှ ပြန်ထွက်ကြမယ်လေနော်။
#baganscent
#အင်ယာမင်မင်
E-Bike လေးနဲ့ ပုဂံကို နှံ့အောင် ဘယ်လိုလည်ကြမလဲ (၂)... (ဖတ်ရန်)
ကိုယ်က ပုဂံကိုဘယ်လိုပုံစံနဲ့ လည်ပတ်မှာလဲ သိရပြီဆိုရင် ဆက်ဖတ်ကြည့်နော်။
ပုဂံကို E-Bike နဲ့ လည်ပတ်ဖို့ဆိုရင် အက်ထမိန့်အနေနဲ့ ပုဂံဧရိယာတခုလုံးကို အပိုင်း ၄ ပိုင်းခွဲထားလိုက်တယ်။ ဆိုတော့ အနည်းဆုံး ၃ရက်၊ ၄ရက်လောက်တော့ ကုန်လိမ့်မယ်ဗျ။
ညောင်ဦးတဝိုက်ရယ်၊ ပုဂံမြို့ဟောင်းရယ်၊ မြင်းကပါနဲ့မြို့သစ်ဘက်ရယ်၊ မင်းနန်သူနဲ့ အနောက်ဖွားစောဘက်ဆိုပြီး ၄ နေရာလောက် ခွဲထားလိုက်တယ်။
ဧရိယာတခုကို ၁ရက်တော့ ကုန်လိမ့်မယ်။ အဲ့တာမှလည်း အဲ့ဒီဧရိယာမှာ စုံစုံလင်လင် အေးအေးဆေးဆေးလည်ပတ်လို့ ရနိုင်မယ်ဗျ။
ကိုယ်တည်းတဲ့ဟိုတယ်ရဲ့ တည်နေရာကိုလိုက်ပြီးတော့ အရင်လည်သင့်တဲ့ အနီးဆုံးနေရာတွေ ကွာသွားလိမ့်မယ်။
ဥပမာ ကိုယ်က ညောင်ဦးမှာ တည်းတာဆိုရင် ညောင်ဦးတဝိုက်က နေ့တိုင်းလိုလို အသွားအပြန်ဖြစ်နေမှာဆိုတော့ အေးဆေးလည်လို့ရလို့ နောက်ဆုံးမှလည်ပတ်သင့်တယ်။
အဲ့လိုပဲ ကိုယ်က မြို့သစ်ဘက်မှာ တည်းတာဆိုရင်လည်း မြို့သစ်တဝိုက်က ခဏခဏ ရောက်ဖြစ်နေမှာဆိုတော့ နောက်ဆုံးရက်မှ အေးဆေး လည်ပတ်လို့ရတယ်။
အဲ့တော့ ကိုယ်တည်းတဲ့နေရာကိုလိုက်ပြီး ဘယ်နေရာကို ဘယ်ရက်သွားသင့်လဲကတော့ ပြန်ချင့်ချိန်ကြည့်ပေါ့နော်။ အက်ထမိန်ကတော့ ဧရိယာတခုချင်းစီအလိုက်ပြောပြသွားမယ်။
အရင်ဆုံး ညောင်ဦးအနီးတဝိုက်ဆိုရင်၊ လည်ပတ်သင့်တဲ့နေရာတွေက မနက်ပိုင်းဆိုရင်
ဆပဒ၊ ငှက်ပစ်တောင်၊ ဂူနီဘုရား၊ သမျမုနိ၊ ကုန်တော်ကြီး၊ ချောက်ဘုရားလှ၊ နတ်သမီးကမ်းပါးနဲ့ ကျောက်ဂူဥမင်၊ ညနေပိုင်းဆိုရင် ရွှေစည်းခုံ၊ ကျန်စစ်သားဥမင်၊ ဝက်ကြီးအင်းဂူပြောက်ကြီး၊ ဝက်ကြီးအင်းဂူပြောက်ငယ်၊ ရှင်ဘို့မယ်အုတ်ကျောင်း၊ ရွှေလိပ်တူး၊ သိကြားပုန်း၊ သိကြားဟစ်၊ သိကြားတောင်း၊ စသည်တို့ပေါ့။
ပထမရက်အတွက် အသေးစိတ် ပြန်ပြောရရင် မနက်စောစော ဟိုတယ်ကနေ မနက်စာစားပြီး E-Bike လေးနဲ့ထွက်လာရင် ညောင်ဦး ၃ခွလမ်းဆုံက ဆပဒဘုရားလေးကို ဝင်ကြည့်မယ်။ သူက ရန်ကုန်မှာဆို ဆူးလေဘုရားလိုပဲ ကပ်ကျော်သွားကြလို့။ ဆပဒဘုရားက သီဟိုဠ်ပုံစံဆိုတော့ ထူးခြားလို့ ဓာတ်ပုံရိုက်ချင်ရိုက်၊ ဖူးချင်ဖူးပေါ့။ ပြီးရင် ညောင်ဦးဈေးဝင်ကြည့်လို့ရတယ်။
အဲ့ကနေ ငှက်ပစ်တောင်ဘုရားကိုသွားမယ်။ ကပ်လျက်ရှိတဲ့ ရှင်အရဟံကျောင်းနဲ့ သမီးဝှက်ဥမင်ကိုလည်း တဆက်တည်း သွားလို့ရတယ်။ ပြီးရင် ညောင်ဦး မြို့ရဲ့ အစွန်ဘက်ဆုံးကို ဆက်သွားမယ်။ ဖြစ်နိုင်ရင် Map လေးပါရင် ကောင်းတယ်။ ဟိုတယ်ကနေယူခဲ့ပေါ့။ တည်နေရာ အကြမ်းဖျင်းကြည့်လို့ရတယ်။ ကြည့်ရင်းကြည့်ရင်း
မှတ်မိသွားလိမ့်မယ်။ မမှတ်မိဘဲ လည်နေရင်တော့လည်း မတက်နိုင်ဘူးပေါ့နော်။ မသိရင်လည်း တယောက်ယောက်ကိုမေးလိုက်ပေါ့။ ဖုန်းကနေကြည့်လည်း ရပါတယ်။ သွားရင်းနဲ့ ညောင်ဦးမြို့ လူနေအိမ်တွေရဲ့ အစွန်နားမှာ ဂူနီဘုရားဆိုတာရှိတယ်၊ ကျောင်တိုင်ကြီးတတိုင်လည်း ကပ်လျက်တွေ့ရလိမ့်မယ်။
လူနေအိမ်ခြေတွေနဲ့နီးတဲ့ဘုရားက မြို့ဟောင်းထဲကဘုရားတွေလို စွဲဆောင်မှု သိပ်မရှိသလိုခံစားရလိမ့်မယ်။ လူသာဆို မြင်မြင်ချင်း impression ကျတဲ့ ပုံမျိုးပေါ့။ ဂူနီဘုရားပြီးရင် ဆက်သွားရမှာက မြစ်ကမ်းပါးနားက တောင်ထိပ်ဘုရားကို ဝင်လို့ရတယ်။ ပြီးရင် သကျမုနိနဲ့ ကုန်တော်ကြီးဘုရား။ သူတို့က
တဆူနဲ့တဆူ မဝေးတော့ အဆင်ပြေသလိုသာ လည်ပတ်ပါလေ။ ကုန်းတော်ကြီးဘုရားကနေဆိုရင် ဧရာဝတီမြစ်ကမ်းရှုခင်းကို သေချာကြည့်လို့ရတယ်။
တဆက်တည်း နတ်သမီးကမ်းပါးကို သွားကြည့်လို့ရမယ်။ ပြီးရင်တော့ ပုဂံညောင်ဦးနယ်နိမိတ်ရဲ့ အရှေ့အစွန်ဘက်ဆုံးက ကျောက်ဂူဥမင်ဆီသွားလို့ရပါတယ်။
သူက မြေပုံမှာဆို နတ်သမီးကမ်းပါးတို့ ကုန်းတော်ကြီးတို့နဲ့နီးနေပေမယ့် ကြားထဲမှာ လျိုမြောင်တွေ ချောက်တွေ၊ ကုန်းတွေနဲ့မို့ လမ်းမကိုပြန်ထွက်ပြီးမှ သက်သက်ကိုသွားမှ ရပါတယ်။ နီးလျက်နဲ့ဝေးပေါ့။ မြစ်ကမ်းဘက် ရေလမ်းကနေလည်း သွားလို့ရတယ်ပြောတယ်။ မသွားဖူးတော့ အနေထားမြွေဖားကိုတော့ သေချာမသိ။
ကျောက်ဂူဥမင်က လူအရောက်အပေါက်နည်းတဲ့နေရာဆိုတော့ သွားကြည့်သင့်တယ်ဗျ။ သဲကျောက်ဂူတွေထဲလည်း ဝင်ပြီးကြည့်ကြည့်ပေါ့။
မနက်ပိုင်းကို အခုပြောပြခဲ့တဲ့နေရာတွေကို လည်ပတ်မယ်ဆိုရင် မနက်ပိုင်းလုံးကုန်သွားနိုင်တယ်ဗျ။ တနေရာမှာ ဘယ်လောက်ကြာကြာနေမလဲဆိုတဲ့အပေါ်တော့ မူတည်သေးတာပေါ့နော်။ ဘယ်လိုဖြစ်ဖြစ် မနက်တပိုင်းတော့ အသာလေးကုန်သွားနိုင်တယ်။ ဘာလို့ဆို ညောင်ဦးအစွန်ဘက်တွေက ကုန်းတွေများတော့ အတက်အဆင်းများတယ် E-Bike အားကုန်တာလည်း မြန်တက်တယ်။ သိပ်ပြီး မြန်မြန်သွားလို့လည်း မရတက်ဘူးရယ်။ ကျောက်ဂူဥမင်ဆိုရင် သွားရတာလည်း ဝေးသလို အထဲမှာ လှည့်ပတ်ကြည့်ဖို့ကလည်း အချိန်တခုပေးရတယ်၊ ဂူတွေထဲထိဝင်ကြည့်တာတို့၊ ကျောင်ဆစ်လက်ရာတွေ သေချာကြည့် ဓာတ်ပုံရိုက်တာတို့ ကမ်းဘက်ကိုဆင်းကြည့်တာတို့ စတာတွေက အချိန်ကုန်စေတာမို့လေ။ အဲ့ဒီနေရာတွေကို သွားပြီးလို့ မနက်ပိုင်းကုန်သွားရင် ညောင်ဦးဈေး
နားတဝိုက်က ထမင်းဆိုင်တခုခုမှာ နေ့လည်စာစား၊ အအေး သို့မဟုတ် ဖျော်ရည်တခုခုသောက်ပြီး ဟိုတယ်ပြန်နားပေါ့။ ဒါမှမဟုတ်လည်း ဆိုင်မှာ အေးဆေး နားနေပြီး နောက်တနေရာကို အေးအေးဆေးဆေးလည်ပေါ့။ ပြီးမှ ညနေပိုင်းဆက်လာမယ်။ နေ့လည်ပိုင်းက နေသိပ်ပူတာကြောင့် နားဖို့တော့ သင့်တယ်။
ဟိုတယ်ပြန်ရမှာ ဝေးတယ်ဆိုရင် တနေရာမှာ ဆိုင်တဆိုင်ဆိုင်မှာ နားပေါ့။
ညနေပိုင်းတဖြတ်ကို ရွှေစည်းခုံဘုရားကပြန်စလို့ရတယ်။ ဒါမှမဟုတ်လည်း ရွှေစည်းခုံဘုရားကို အဲ့နေ့ရဲ့ နောက်ဆုံးမှ သွားဖို့ ရွေးချယ်လည်း ရတယ်။
ရွှေစည်းခုံမှာ လည်ပတ်ပေါ့။ (ချစ်သောပုဂံ ၄ မှာ ရွှေစည်းခုံ လည်ပတ်တဲ့အကြောင်းဖတ်လို့ရပါတယ်)
ပြီးရင် အနီးက ကျန်စစ်သားဥမင်ကိုဝင်လေ့လာ။ ဆက်ပြီး ဝက်ကြီးအင်းဂူပြောက်ကြီးကို ဝင်။ ဒီဂူပြောက်ကြီးက ဂျာမန်ဘဲကြီး ထော်မန် နံရံဆေးရေးပန်းချီ တွေကို အချပ်လိုက် လွတိုက်ခိုးခဲ့တဲ့ဘုရား၊ အထဲမှာ နံရံပန်းချီတွေ လေ့လာနိုင်သေးတယ်။ ဆက်သွားနိုင်တာက ဝက်ကြီးအင်းဂူပြောက်ငယ်။ သိပ်မဝေးဘူး။
ဂူပြောက်ငယ်ပြီးရင် မြေနီလမ်းလေးအတိုင်းဆင်းလာရင် ပုဂံညောင်ဦးကားလမ်းလေးပေါ်ပြန်ရောက်မယ် အဲ့ကတဆင့် ထီးလိုမင်းလိုမရောက်ခင်မှာ ဘယ်ဘက်မှာ ရွှေလိပ်တူးဘုရားရှိမယ်၊ ညာဘက်မှာ သိကြားပုန်း၊ သိကြားဟစ်၊ သိကြားတောင်း ဘုရားတွေရှိတယ်။ အဆင်ပြေသလိုဝင်ကြည့်။
တကယ်တော့ အဲ့ဒီဘုရားတွေအကုန်လုံးက ဂူဘုရားတွေ ပုံစံခပ်ဆင်ဆင်တွေဆိုတော့ တခုပြီးတခု ဝင်လိုက်ထွက်လိုက်နဲ့ လည်ပတ်ရတာ ပျင်းလာနိုင်တယ်။
အဲ့တခုတော့ သတိထားပါ။ ဘုရားတွေက အတူတူတွေချည်းမို့ မဝင်ချင်တော့ဘူးဆိုလည်း မဝင်ဘဲနေလိုက်ပါ။ သွားရင်းလာရင်း ဝင်ချင်တဲ့ဘုရားတွေ့လည်း ဝင်လိုက်။ လုံးဝ လွတ်လွတ်လပ်လပ်ပေါ့။ တကယ်ဆို ဘုရားတခုနဲ့တခု ဘာတွေကွာလဲ ဘယ်ဘုရားက ဘာတွေထူးခြားလဲ၊ ဘာလို့ နာမည်ကြီးတာလဲ မကြီးတာလဲ၊ အင်္ဂတေပန်းတွေကျန်သေးလား လှလား၊ ပျက်စီးနေလား၊ ဘာလို့ပျက်စီးကုန်တာလဲ၊ အုတ်တွေက ဘာလို့မတူတာလဲ၊ နံရံပန်းချီတွေရှိလား၊ ပန်းချီလက်ရာတွေက လှလား စသဖြင့် သိချင်စိတ်လေးနဲ့ သွားရင် မပျင်းရတော့ဘူး။ ကွာခြားတာ လေးတွေကို လိုက်မှတ်မယ့် စာအုပ်လေးပါရင် ပိုကောင်း၊ ဓာတ်ပုံလေးတွေရိုက်မယ်။ လူနဲ့ အလှပုံလေးတွေရိုက်မယ်။ ဘဲဘဲကို သေချာရိုက်ပေးဖို့ပူဆာမယ်။
ကိုယ့်ကောင်မလေးကို ဘယ်လိုရိုက်ပေးရင်ပိုလှမလဲ။ စသဖြင့်ပေါ့။ ဟဟ... ဘဲမရှိ စော်မရှိတဲ့ FA တွေအတွက် မျက်ရည် ၂ စက်။
အဲ့ဒီဘုရားတွေလည်ပတ်ပြီးလို့ ညနေစောင်းပြီဆို ကောင်မလေးအတွက် ဝိုင်ပုလင်းလေးဝယ်၊ Fullmoon ဖြစ်ဖြစ် SPY ဖြစ်ဖြစ်၊ ကောင်လေးက ဘီယာပေါ့။ ဒါမှမဟုတ်လည်း ဝိုင်ကောင်းကောင်းလေး တပုလင်းပေါ့။ ညောင်ဦးဈေးနားမှာ ကုန်စုံဆိုင်တွေ Liquor Store တွေရှိတယ်။
ရောက်နေတဲ့နေရာနဲ့အနီးဆုံးဆိုရင် နဂါးကျစ်ရိပ်သာနားမှာ စတိုးဆိုင်တွေရှိတယ်။ ပြီးတော့ စားစရာအကင်လေးတွေဝယ် အဲ့နားမှာပဲရှိတယ်။ စောစောက လည်ပတ်ခဲ့တဲ့ သိကြားတောင်းဘုရားအနောက်ကိုဆင်းသွားရင် မြစ်ကမ်းဆီရောက်တယ်။ မြစ်ထဲက သောင်ပြင်မှာ ထိုင်ရင်း ကောင်မလေးနဲ့ တူတူ၊ ကောင်လေး နဲ့တူတူ၊ သူငယ်ချင်းနဲ့တူတူ၊ ဒါမှမဟုတ် တကောင်ထဲ၊ နေဝင်ချိန်ကို ပုလင်းလေးတိုက်ရင်း ကြည့်ကြည့်။ တကောင်ထဲဆိုလည်း ဘီယာမော့ရင်းငေးပေါ့။ အရမ်းမိုက်တယ်။ ဘာပကာသနမှမပါဘဲ သဲသောင်ပြင်ပေါ်မှာ စတိုးဆိုင်က ဝိုင်ပုလင်းကိုယ်စီနဲ့ ပုဂံမြေရဲ့နေဝင်ချိန်ကို ကြည့်ရတာမျိုး၊ တယောက်မျက်နှာတယောက်ကြည့်ပြီး ပြုံးလိုက်စမ်း။
ခွီလိုက်စမ်း... ရေးရင်းရီချင်လာပြီ။ နေဝင်သွားရင်တော့ ဟိုတယ်ပြန်ပေါ့။ ဒါပဲ ပထမရက် ညောင်ဦးတဝိုက်ဘုရားတွေစုံပြီ။ Romance moment
လေးပါရလိုက်သေးတယ် ။ မိုက်တယ်ဟုတ်
နောက်တပိုင်းကို နောက်ရက် ဒီအချိန်မှာ တင်ထားပါမယ်။ ဒုတိယရက် E-Bike ခရီးလေးမျှော်ပေါ့...
#အင်ယာမင်မင်
E-Bike လေးနဲ့ ပုဂံကို နှံ့အောင် ဘယ်လိုလည်ကြမလဲ (၁)... (ဖတ်ရန်)
ပုဂံလိုကျယ်ပြန့်လှတဲ့ နေရာမှာ လည်ပတ်ဖို့ဆိုရင် ရွေးချယ်စရာ တော့ရှိပါတယ်။ နေမထိလေမထိ ကားနဲ့လည်မလား၊ တုတ်တုတ်လေးနဲ့လည်မလား၊ မြင်းလှည်းလေးတွေနဲ့လည်မလား ဆိုင်ကယ် သို့မဟုတ် E-Bike လေးနဲ့ လည်မလား ကြိုက်ရာ ရွေးချယ်လို့ရပါတယ်။ ကားနဲ့ တုတ်တုတ်ကတော့ လည်ပတ်ချင်တဲ့ နေရာတွေကို ကားဆရာ တုတ်တုတ်ဆရာကိုပြောပြလိုက်ရင် သူတို့က အဆင်ပြေရာ လမ်းကြောင်းသင့်ရာကို ဆွဲပြီး တခုပြီးတခု လိုက်ပို့ပေးပါလိမ့်မယ်။ ဆိုင်ကယ်နဲ့ E-Bike ကိုရွေးချယ်ရင်တော့ မိမိဘာသာ မိမိ လမ်းကြောင်းရွေးချယ်သွားလာရမှာပါ။
ဒီနေရာမှာ ဆိုင်ကယ်ကိုတော့ ထည့်မစဉ်းစားတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆိုင်ကယ်ကို ၂ ယောက်မစီးရတို့ ဘာတို့ရှိနေတော့ ရှုပ်လို့။
ပုဂံဘုရားတွေကို အစုံဖူးချင်တယ်၊ နေပူတာလည်း သိပ်မခံချင်ဘူး၊ budget ကို စိတ်ပူစရာမလိုဘူး ဆိုသူတွေကတော့ ကား သို့မဟုတ် Tuk Tuk ကို ရွေးချယ်သင့်ပါတယ်။ တုတ်တုတ် ဆိုရင်တောင် လေတိုက် ဖုန်ပေ ပါဦးမယ်။ ကားထက် ဈေးတော့ သက်သာတာပေါ့နော်။ ပုဂံအလှကို သဘာဝကျကျလေး အေးအေးဆေးဆေး ရှုမြင်ခံစားချင်တယ်ဆိုရင်တော့ မြင်းလှည်းလေးနဲ့
လည်ပတ်ဖို့ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။
အေးအေးဆေးဆေး နေပြီး လမ်းသွားရင်း စိတ်ဝင်စားတာတွေ့ရင် ဝင်ကြည့်မယ်၊ စားချင်တာတွေ့ရင် ဝင်စားမယ်၊ ထိုင်ချင်ထိုင်နေမယ်၊ တွေ့တဲ့ဘုရားဝင်ချင်ဝင်မယ် ဆိုသူတွေကတော့ E-Bike ကို ရွေးချယ်သင့်ပါတယ်။ E-Bike ဆိုတာကတော့ Electric Bike ပေါ့။ အစကတော့ Foreigner Tourists တွေ အသုံးများတာပေါ့နော။ ပုဂံမှာ Tourists တွေကို ဆိုင်ကယ်စီးခွင့် မပေးထားတော့၊ ကားတွေ မြင်းလှည်းတွေနဲ့လည်းမလည်ချင်တဲ့အခါ ကိုယ်တိုင်လျှောက်သွားပြီး စူးစမ်းချင်တဲ့ Tourists တွေ အတွက် E-Bike တွေဟာ အဆင်အပြေဆုံး ဖြစ်လာခဲ့တယ်။ အင်ဂျင်မပါလို့ ဆူညံသံလည်းမရှိ၊ Exhaust လည်းမပါလို့ ပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် ဘာဓာတ်ငွေ့မှ မထွက်တာတွေကြောင့် E-Bike တွေက အချိန်တိုအတွင်း အသုံးပြုလို့ အဆင်ပြေဆုံးဖြစ်လာခဲ့တော့တယ်။ အရင်ကဆို E-Bike အစား padel power သုံး နင်းရတဲ့ ရိုးရိုးစက်ဘီးလေးတွေနဲ့ နင်းပြီး လည်ပတ်ခဲ့ကြရသေးတာကိုး။ E-Bike battery တွေဟာ တစ်ည အားသွင်းထားပြီးရင် လူ ၂ ယောက်စီးရင်တောင် တနေကုန် အသုံးပြုလို့ရတာကြောင့် သူ့ရဲ့ utilized ဖြစ်မှု၊ reliable ဖြစ်မှု၊ convenience ဖြစ်မှုတွေကြောင့် ပိုပြီးလူကြိုက်များလာကြတယ်။ အထူးသဖြင့် လူငယ် လူရွယ်ပိုင်းတွေက ပုဂံကို အလည်ပတ်လာရင် E-Bike ကိုပဲ ရွေးချယ်ကြတော့တယ်။ E-Bike အငှား ဝန်ဆောင်မှုပေးတဲ့ သူတွေကလည်း တနေရာရာမှာ battery အားကုန်သွားရင်လည်း တစ်စီးပြန်လာလဲပေးတဲ့အတွက်ကြောင့် အသုံးပြုလို့ အဆင်ပြေဆုံးဖြစ်နေတာပေါ့။ အမြင့်ဆုံး အမြန်နှုန်းကလည်း 50 km/h ဆိုတော့ သိပ်ပြီး အန္တရာယ်မများသလို သိပ်ပြီးလည်း ခရီးမတွင်မှာ မစိုးရိမ်ရတော့ဘူး။ ပုဂံဧရိယာအတွင်းလည်ပတ်မယ်ဆိုရင် စိတ်ချလက်ချ သွားလာလို့ရနိင်ပါတယ်။ Safety ကိုဦးစားပေးရင်တော့ Helmet လေးပါဆောင်း ထားသင့်ပါတယ်။
ပုဂံဟာ လည်ပတ်စရာများပြားလွန်းလှတာကြောင့် တနေ့တည်း တရက်တည်းတော့ လည်ပတ်လို့ မကုန်နိုင်ပါဘူး။ တချို့ခရီးသွားတွေက အချိန်အကန့်သတ်ရှိတယ်၊ မအားလပ်တဲ့ကြားက ရတဲ့အချိန်လေးကို ပုဂံကိုလာလည်ရင်း ပုဂံဘုရားတွေကို စုံအောင်ဖူးသွားချင်ကြတယ်။ ခရီးသွားအများစုကတော့ အနည်းဆုံး ၂ည၊ ၃ည တော့ အိပ်ပြီးမှ လည်ပတ်တက်ကြပါတယ်။ ဒါတောင် အမြဲတမ်းပြန်ကြားရတာက ဘုရားတွေမစုံခဲ့ဖူးဆိုတာပဲ။ ပုဂံဘုရားတွေစုံအောင်ဖူးဖို့ ဘယ်နှရက်လောက်လိုမလဲ၊ ဘယ်လိုဖူးရမလဲ ဆိုတာ အမြဲမေးနေကြတဲ့ မေးခွန်းပါပဲ။
တကယ်တော့လေ ပုဂံဘုရားတွေဆိုတာ ဘယ်တော့ ဖူးလို့ မကုန်နိုင်ဘူးလို့ ပြောပါရစေ။ ပုဂံဧရိယာအတွင်းမှာ လက်ရှိကျန်ရစ်နေတဲ့ ပုဂံဘုရားပေါင်းက စာရင်းအရဆို ၂၈၃၄ ရှိပါတယ်။ အဲဒီအထဲမှာ ပြိုပျက်နေတဲ့
ဘုရားကုန်တွေပါထည့်တွက်ထားတာပေါ့နော်။ ဆိုတော့ ဘုရားစေတီ ၂၈၀၀ ကျော်ကို စုံအောင်ဖူးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တကယ်လည်း မလိုအပ်ပါဘူး။
အက်ထမိန်ရဲ့ အတွေးအရဆို ဘုရားဖူးအမျိုးစား (၃)မျိုးလောက်ခွဲကြည့်လိုက်ပါတယ်။
- ပုဂံဘုရားတွေထဲက နာမည်ကြီး၊ တန်ခိုးကြီးဘုရားတွေကို အစုံဖူးချင်တဲ့သူ၊ ကျန်တာတွေက အချိန်ရရင်ရသလို ကြည့်ကြည့်မယ်ဆိုတဲ့သူမျိုး (ဥပမာ စွယ်တော် ၄ ဆူပြည့်အောင်တော့ဖူးရမယ်လို့ တွေးထားသူတွေပေါ့)
- ပုဂံဘုရားတွေကများတော့ တခါတည်းတော့ စုံမှာမဟုတ်ဘူး၊ အချိန်လည်း သိပ်မရဘူး နောက်များလည်း အခွင့်သင့်သလို လာဦးမှာမို့ ရသလောက်ပဲ တဆူဆိုဆူ အားရပါးရ ဖူးချင်တယ်၊ လေ့လာချင်တယ်ဆိုသူတွေ
- ပုဂံကို ရရင်ရသလိုလာနေမှာ၊ ပုဂံဘုရားတွေကို စုံမှရယ်မဟုတ်ဘူး သေချာလေ့လာချင်တယ်၊ ပုဂံအကြောင်း ဃဃဏဏ သိချင်တယ်၊ အေးအေးဆေးဆေးကိုလေ့လာမယ်ဆိုသူတွေ
ကိုယ်က ဘယ်လို ဘုရားဖူးအမျိုးအစားထဲ ပါလဲဆိုတာ ကိုယ်တိုင်တော့ ဆန်းစစ်ကြည့်နော်။ အဲ့တာမှ ပုဂံကို ဘယ်လိုလည်ပတ်ကြမလဲဆိုတာ စဉ်းစားလို့လွယ်သွားမှာ။
ပထမအမျိုးစားအတွက်ဆိုရင်တော့ မြန်မာပြန်အနှံ့ဘုရားဖူးကားတွေက သူတို့အတွက်ရည်ရွယ်ကြတာများပါတယ်။ ပုဂံစွယ်တော် ၄ ဆူ၊ ပုပ္ပါး ဘာညာပေါ့။ အာ့တာကလည်း သူတို့အတွက် အဆင်ပြေဆုံးပါပဲ။
ပြောရမယ်ဆို ဘုရားဖူးချင်တဲ့ လူကြီးသူမတွေအတွက်ပေါ့နော်။ Express ကားကြီးနဲ့လာမယ်၊ ပုဂံမှာ ၁ ညလောက်တည်းမယ်။ တရက်တည်းနဲ့ စွယ်တော် ၄ ဆူစုံအောင်ပို့ပေးမယ်၊ အခြားပုဂံဘုရားတွေ
အနည်းငယ်လိုက်ပြမယ်။ ဒီလောက်ဆို ဘုရားဖူးတွေလည်းကျေနပ်လောက်တဲ့ အနေထားဖြစ်နေတာမျိုးရယ်။
ဒါမှမဟုတ် ကိုယ့်အစီစဉ်နဲ့ ကိုယ်လာမယ်၊ ပုဂံမှာ ၁ညတန်သည်၊ ၂ည တန်သည် နေမယ်၊ တမနက်တည်းနဲ့ စွယ်တော် ၄ ဆူဖူးမယ်၊ ကား သို့မဟုတ် တုတ်တုတ်လေးငှားမယ်၊ တန့်ကြည်တောင်ဘက်ကို
ကိုယ့်အစီစဉ်နဲ့ပဲ စက်လှေငှားပြီးသွားမယ်၊ အချိန်ရရင် ပုပ္ပါးတောင်ကလပ်သွားမယ်။ နောက်ရက် ပုဂံကို တုတ်တုတ်နဲ့ဖြစ်ဖြစ် E-Bike လေးနဲ့ဖြစ်ဖြစ် လျှောက်ပတ်မယ်။ ဒါမှမဟုတ် မြင်းလှည်းလေးစီးမယ်။
အဲ့တော့ ပထမအမျိုးစား ခရီးသွားများအတွက်က လမ်းညွှန်စရာ ထွေထွေထူးထူးရယ်မရှိဘူး။ အပေါ်ကပြောထားသလိုပဲ သွားလာနေကြတာဆိုတော့လေ။
ဒုတိယအမျိုးစားခရီးသွားတွေကတော့ အနည်းဆုံး ပုဂံမှာ ၂ညကနေ ၃ညလောက်ထိတာ့ နေကြတယ်။ အလုပ်ပိတ်ရက် အားလပ်ရက်ကို လာကြတဲ့ လူငယ်လူရွယ်တွေပေါ့။ နောက်လည်း အခါခွင့်သင့်ရင် လာမှာမို့
သိပ်ပြီး seriously လည်ပတ်နေဖို့မစဉ်းစားတော့ဘူး။ ဒီထဲက ပုဂံကို ပထမဆုံးရောက်ဖူးသူတွေကတော့ စွယ်တော် ၄ ဆူ ဖူးချင်သူတွေရှိကြတယ်၊ သူတို့အတွက်ဆို အပေါ်က ပြောခဲ့သလို ကိုယ့်အစီစဉ်နဲ့
သွားရောက်ဖူးနိုင်တယ်။ ကျန်တဲ့ရက်တွေကိုတော့ တုတ်တုတ်နဲ့ တရက် E-Bike တရက် လည်ပတ်ရင် ပိုကောင်းလိမ့်မယ်။ ဒါမှမဟုတ် နောက်ရက်တွေ E-Bike နဲ့ချည်း လည်တာဖြစ်ဖြစ်လုပ်နိုင်တယ်။
Admin ပြောပြပေးချင်တာက စွယ်တော် ၄ ဆူ ဘာညာဆိုပြီး အစွဲမထားဘဲ E-Bike လေးနဲ့ပဲ ပုဂံကိုဘယ်လိုနှံ့အောင်လည်မလဲ ဆိုတာပါ။ ဒီ ဒုတိယအမျိုးစားခရီးသွားများအတွက် ပိုပြီး ရည်ရွယ်တာပေါ့နော်။
တတိယအမျိုးစားကတော့ အနည်းငယ်သောသူတွေပေါ့။ ပုဂံကို စိတ်ဝင်စားလွန်းလို့ကို မရရအောင် လာကြတယ်။ လာတဲ့အခါတိုင်း ဘုရားဘယ်နှဆူဖူးမယ်ဆိုပြီး အရေအတွက်ကို စိတ်ဝင်စားမနေဘဲ၊ မလာခင်ကတည်းက ဘယ်ဘုရားတွေကို သွားမယ်၊ ဘာလုပ်မယ်၊ ဘယ်ဘုရားသမိုင်းကိုလေ့လာမယ်၊ ဘယ်နေရာမှာ ဘာတွေလေ့လာမယ်၊ ဘယ်ဆိုင်မှာ စားမယ်၊ ဘယ်ဆိုင်မှာသောက်မယ် ကစ်မယ်၊ စသဖြင့်ပေါ့ တခုခုကို ရည်ရွယ်ပြီး လာကြတဲ့သူတွေ။ သူတို့ကတော့ ရှင်းပါတယ် E-Bike သုံးချင်လည်းသုံးမယ်၊ ချွေတာချင်ရင် ဟိုတယ်က အလကားရတဲ့ စက်ဘီးနဲ့ပဲ ပတ်ချင်ပတ်နေမယ်။ ကား သို့မဟုတ် တုတ်တုတ်တော့ မသုံးကြဖို့များတယ်။
ဆိုတော့ သူတို့အတွက်ကလည်း ထွေထွေထူးထူး လမ်းညွှန်နေစရာ မလိုပြန်ဘူး။
အဲ့ဒါကြောင့် Admin နောက်မှာ ဆက်ပြောမယ့် အကြောင်းအရာတွေက ဒုတိယအမျိုးအစား ခရီးသွားများအတွက် ပိုပြီးအသုံးတည့်လိမ့်မယ်ဗျ။
စာအရမ်းရှည်သွားရင် ဖတ်ရတာ ပျင်းသွားမှာစိုးလို့ ဒီနေရာမှာ ခဏဖြတ်ထားလိုက်မယ်နော်။
နောက်အဆက်ကို မနက်ဖြန် ဒီအချိန်မှာပဲ တင်ထားပါမယ်နော်။
#အင်ယာမင်မင်
ရွှေကွန်ချာမှ ဧရာဝတီမြစ်လယ်ကကိုင်းတောဆီသို့... (ဖတ်ရန်)
အရင်ပို့စ်မှာရေးခဲ့တဲ့ ရွှေကွန်ချာက မောင်နှမတစ်သိုက်ကျေးဇူးနဲ့ နောက်နေ့မှာပဲဧရာဝတီမြစ်လယ်က ကိုင်းတောထဲ သွားလည်ဖြစ်ခဲ့ကြတယ် ကိုင်းတောဆိုတဲ့အတိုင်း နုန်းတင်ကျွန်းကြီးပေါ်မှာ သီးနှံစားပင်တွေ စိုက်ပြီး ညောင်ဦးဘက်ကို ဖောက်သည်ပြန်သွင်းတဲ့ ယာခင်းပိုင်ရှင်တွေနေကြတာပါ
သူတို့ရဲ့အိမ်လေးတွေကတော့ ယာယီတဲလေးတွေပေါ့ ဘာလို့လည်းဆိုတော့ မိုးတွင်းမှာဆိုရင် အဲ့ကိုင်းတောကြီးတစ်ခုလုံးက ရေအောက်မြုပ်သွားတာတဲ့ အဲ့ချိန်ဆိုရင်တော့ ညောင်ဦးဘက်က သူတို့အိမ်တွေမှာပဲပြန်နေကြတာပေါ့ ရေပြန်ကျပြီး နုန်းတင်မြေနုလေးတွေပေါ်လာတာနဲ့ ကျွန်းပေါ်ပြန် ယာယီတဲလေးတွေထိုးပြီး စိုက်ပျိုးရေးပြန်လုပ်ကြတယ် သူတို့ပြောတာကတော့ အဲ့ကျွန်းပေါ်မှာ အိမ်ခြေ၇၀လောက်ရှိတယ်တဲ့ ကိုယ့်နေရာနဲ့ကိုယ် ထွန်ယက်စိုက်ပျိုးကြတာပေါ့ မင်မင်တို့ သွားလည်ခဲ့တဲ့ လယ်တောက စိုက်တဲ့ စိုက်ထားတာတွေက ကန်စွန်းရွက် ခရမ်းချဥ်သီး ဗူးသီး ဂေါ်ဖီထုပ် ပဲသီး တို့ပေါ့ မင်မင်တို့တောင် local business လေးဖြစ်တော့ အားပေးခဲ့သေးတယ် သူတို့ကလည်း သူတို့ဆီလာလည်တဲ့ဧည့်သည်တွေကို အရမ်းကိုဖော်ဖော်ရွေရွေပါပဲ ဝယ်မယ်ဆိုလည်း အဆင်ပြေသလိုသာ ကြည့်ပေးသွားပါဆိုတာကြီးပဲ ဗူးသီးဝယ်တုန်းသူတို့ကလည်းမေးသေးတယ် ရန်ကုန်မှာဆို ဘယ်လောက်လဲတဲ့ သေချာတာတော့ ဒီထက်ပိုစျေးကြီးတယ်လို့ ဝယ်ခဲ့တာတွေကတော့ ပုံပါအတိုင်းပဲ ဒီလိုနဲ့ဝယ်ခြမ်းပြီး ဟိုဘက်ကမ်းအပြန်မှာ ဝယ်ထားတာတွေကို ကလေးတွေအိမ်မှာပဲချက်ပြုတ်ပြီး နေ့လည်စာ စားဖြစ်ခဲ့ကြသေးတယ် ဘာတွေချက်စားလဲဆိုတော့ ကန်စွန်းရွက်ကြော် ခရမ်းချဥ်သီးငါးပိချက် နဲ့ ဗူးသီးဟင်းအရည်ချက် လေးနဲ့ လတ်လတ်ဆတ်ဆတ်လေးတွေဆိုတော့ အသားဟင်းမပါတောင် စားလို့ကောင်းချက်ပဲ
မင်မင်တို့လို ကိုင်းထဲသွားလည်ချင်ရင်တော့ ဟိုဘက်ကမ်းကို ကူးဖို့ ဒီလှေဆရာကိုဆက်သွယ်လို့ရပါတယ်နော် (ကိုလှမြင့် 09458949562)
လှေခကတော့ ၁၃၀၀၀ ပေးရတယ် ဟိုဘက်ကမ်းမှာကတော့ အချိန်ကိုနေချင်သလောက်နေလို့ရတယ် ဘုရားတွေပဲလည်ရတာပျင်းလာလို့ ဆန်းဆန်းပြားပြားလေး လည်ပတ်ချင်တယ်ဆိုရင်တော့ မနက်ပိုင်း လေးတစ်ဖြတ်ကို ဒီကိုင်းတောလေးထဲ သွားလည်ဖို့အကြံပေးချင်ပါတယ်နော်...
#ayeyarwaddy #မင်မင်ဂိုက်ကောင်
ရွှေကွန်ချာဘုရားက One Stop Service မောင်နှမတစ်သိုက်... (ဖတ်ရန်)
အခုဆို ပုဂံက ကလေးတွေက အရင်လိုဘုရားသမိုင်းပဲရှင်းပြတော့တာမဟုတ်တော့ပါဘူးနော်၊ သနပ်ခါးလိမ်းပေးတယ်၊ ကျစ်ဆံမြီးကျစ်ပေးတယ်၊ ဓါတ်ပုံလည်းရိုက်ပေးတယ်၊ ပို့စ်ပေးနည်းတွေလည်း သင်ပေးသေးတယ်၊ သူတို့ကိုဓါတ်ပုံမရိုက်ခိုင်းရင်တောင် ဘယ်နေရာကနေ ဘယ်လိုလေးရိုက်ရင်လှတယ်ဆိုတာကို သင်ပေးသေးတယ်။ သူတို့ပြောတဲ့အတိုင်းလေးရိုက်ကြည့်တာ တကယ်လှတယ်ဗျာ။ အခုလိုခရီးသွားတွေပါးတဲ့အချိန် ဒေသခံတွေရဲ့ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းက အကူအညီပေးတဲ့အနေနဲ့ သူတို့လေးတွေကို အားပေးကြပါဦးနော်....
မင်မင်တို့ကတော့ ရွှေကွန်ချာမှာ ဒီကလေးတစ်သိုက်နဲ့တွေ့ခဲ့တာပေါ့ အဖွဲ့လိုက်ပုံထဲက အသက်ကြီးကြီးကောင်လေးကလွဲရင်ကျန်တာအကုန်လုံးက မောင်နှမအရင်းတွေပါတဲ့၊ သူတို့ကမောင်နှမတွေဆိုတော့ ကိုယ့်တာဝန်နဲ့ကိုယ် Service ပေးကြတာပေါ့၊ သနပ်ခါးလိမ်းပေးတဲ့သူနဲ့ ကြက်ဆံမြီးကျစ်ပေးတဲ့သူနဲ့၊ မှတ်တမ်းတင်ဓါတ်ပုံရိုက်ပေးတဲ့သူနဲ့ပေါ့ ဓါတ်ပုံရိုက်ပေးတာကလည်းအထင်သွားသေးလို့မရဘူး ကိုယ်တွေမမြင်တဲ့ Angle ကနေ ဘယ်လိုပို့စ်ပေးရင်လှတယ်ကအစ ပြောပြပြီးရိုက်ပေးသေး။
မုန့်ဖိုးဆိုတာကလည်း ပေးချင်သလောက်ပဲ တတ်နိုင်သလောက်ပဲပေးခိုင်းတာ နည်းတာများတာမကြည့်ကြဘူး။ ပိုက်ဆံရတာထက်ကိုဘအဲ့လိုလုပ်နေရရင်ကိုပျော်နေကြတာ။ အပြစ်ကင်းကင်းနဲ့မျက်နှာလေးတွေက ကိုယ်တွေကိုပါအပျော်ကူးစေလို့ အပြန်မှာ သူတို့ကိုကြံရည်ဝယ်တိုက်ရင်း စကားတွေပြောခဲ့ကြသေးတယ် အဲ့ဒီမှာပဲနောက်နေ့ ဒီကလေးတစ်သိုက်နဲ့ မြစ်လယ်က ကိုင်းတောထဲရောက်သွားခဲ့သေး (နောက်အပိုင်းတွေမှာ ကိုင်းထဲသွားလည်ခဲ့တာလေးတင်ပေးပါမယ်နော်)။
တစ်ခုသတိပြုရမှာကတော့ ဒီအရွယ်ကလေးတွေက ပိုက်ဆံကို အခုလိုရှာလို့ရမှန်းသိသွားရင် ကျောင်းစာဘက် အားနည်းသွားမှာပါ။ ခုလိုကျောင်းတွေမတက်သေးတဲ့အချိန်ဆိုတော့ အားပေးကြပေါ့နော်။ စကားစမြည်ပြောရင်း သူတို့ရဲ့ဘဝလေးတွေ ဒီ့ထက်ပိုတိုးတက်စေဖို့ကျောင်းတွေဖွင့်ခဲ့ရင် (ခုကာလကြီးပြီးသွားရင်ပြောတာနော်) ကျောင်းစာလည်းလုပ်ဖို့ သွန်သင်ပေးကြပါဦးနော်....
#article #မင်မင်ဂိုက်ကောင်
ကြေးနီရောင်သမ်းနေတဲ့မြို့... (ဖတ်ရန်)
ပုဂံသို့ ကျွန်တော် ရောက်ရောက်သွားခဲ့မိသော အကြိမ်အရေအတွက် ဘယ်နှကြိမ်လောက်ရှိပြီလဲ ဆိုသည်ကို အခုစဉ်းစားကြည့်တော့ ကျွန်တော်ကိုယ်တိုင် မမှတ်မိနိုင်လောက်အောင်
အရေအတွက်များပြားခဲ့ပါပြီ။ လွန်ခဲ့တဲ့ အနှစ် ၃၀ ဝန်းကျင် ကျွန်တော်ရန်ကုန်တက္ကသိုလ်သို့ရောက်ခါစ ၁၉၇၇ တဝိုက်လောက်က ပုဂံသို့ ပထမဦးဆုံးအကြိမ် သွားရောက်ဖူးသည်။
လေယာဉ်ခရီး။ အတိအကျ မမှတ်မိတော့သော်လည်း လေယာဉ်စီးခ ငွေကျပ်တစ်ရာစွန်းစွန်းကလေး ဆိုတာကိုတော့ ကျွန်တော့်စိတ်ထဲမှာ စွဲနေမိသည်။ နောက်တော့ ပုဂံဆိုတာ
ကျွန်တော့်အတွက် ဒုတိယဇာတိမြေ၊ ပုဂံဘုရားများသည် ကျွန်တော့်ဆွေဘုရား၊ မျိုးဘုရား၊ ထနောင်းပင်ရိပ်ကလေးတွေက ကျွန်တော့်ခိုနားရာ၊ မြေနီလမ်းကလေးတွေမှာ ကျွန်တော့်ခြေရာ
အနှံ့ ကား၊ ရထား၊ လေယာဉ် စီးလို့ရတာ အကုန်စီးပြီး သွားလို့ရသမျှသော လမ်းတွေကနေ ကျွန်တော် ပုဂံကိုရောက်ရောက်သွားတက်ခဲ့ခြင်းဖြစ်ပါသည်။ ပုဂံကိုကျွန်တော် တော်တော်
စွဲပါသည်။
တခါတခါ အိပ်ချင်စိတ်မရှိသည့် ပုဂံညတွေထဲမှာ ကျောင်းသားတယောက်ယောက်ကို ဆိုင်ကယ်မောင်းခိုင်းပြီး ဘုရားကြို ဘုရားကြား လျှောက်သွားရတာကို ကျွန်တော်ကြိုက်သည်။
တမာနံ့တွေက ည...ညများထဲမှာ ပိုလို့ ထုံသင်းနေတက်ပြီး လရောင်အောက်မှာ ထနောင်းပင်တွေ စိမ်းနေပုံက ဂမ္ဘီရဆန်လွန်းလှသည်။ ဟိုနားဆီက မားခနဲ သည်နားဆီက မတ်ခနဲ
တန့်ရပ်နေကြသည့် ဂူဘုရားတွေက မှော်သားတမျိုးဖြင့် ညှို့ငင်နေတက်ပြီး ဝိညာဉ်တခုတလေက ကျွန်တော့်ကို စောင့်ကြည့်နေသလိုမျိုး ခံစားရသည်။
တကယ်တော့ ပုဂံဟာ စွဲမက်စရာ မကောင်းလောက်အောင်ကို ပူပါသည်။ ဂူဘုရားတွေ၊ စေတီပုထိုးတွေ၊ ကျောက်စာ၊ မင်စာ၊ စဉ့်ကွင်းစာ၊ အုတ်ခွက်စာ၊ ရာဇဝင်စာမျက်နှာ ဝါကြန့်ကြန့်တွေ၊
တောင်တော်ရွှေပုပ္ပါး၊ တုရင်တောင်တန်း၊ ဧရာဝတီနှင့် တန့်ကြည့်တောင် ဒါတွေ အားလုံးကို ဖယ်ရှားလိုက်လျှင် ပုဂံမျာ ဘာမှ အဓိပ္ပါယ်မရှိတော့။ ပူပြင်းသောအရပ်၊ တတ္ထဒေသ။ မြေကြီးက
ကြေးနီရောင်သမ်းနေသောအရပ်။ တမ္ပဒီပ။ ဘယ်ကိုကြည့်လိုက်ကြည့်လိုက် တံလျှပ်တွေထနေသော ပုဂံ။ ဟင်္သာပြဒါးရောင် မြေသားတွေဖြင့် နီရဲနေသော ပုဂံ။
ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ပုဂံ၏ အပူရောင် ရက်စွဲများ အကြောင်းကို ဟိုလူပြော သည်လူပြောနှင့် ပါးစပါပြော သဘောတရားတွေထဲမှာ နားရည်ဝခဲ့ရသည်။ ပုဂံဒေသ၌
သစ်တောကြီးများဖြင့် စိမ်းစိမ်းစိုစိုရှိခဲ့ပုံ၊ ဂူဘုရားများတည်ရန် အုတ်ဖုတ်ဖို့ သစ်ပင်များကို ခုတ်လှဲပစ်ရာမှ အပူပိုင်းဒေသဖြစ်သွားခဲ့ပုံ စသည့် အကျိုးအကြောင်းတွေပဲ ဖြစ်ပါသည်။
နောက်တော့ ဆရာကြီး ဒေါက်တာသန်းထွန်း၏ ဆောင်းပါးတွေထဲက ရှင်းပြချက်တွေကို ကျွန်တော် သဘောကျသွားမိသည်။
ဒေါက်တာသန်းထွန်းက ပုဂံဒေသခြောက်ခန်းရခြင်းသည် ရခိုင်ရိုးမတောင်တန်းကြီးကြောင့်ဟု ဆိုသည်။ အနောက်တောင်မုတ်သုံလေက မိုးကို သယ်လာရာ ရခိုင်ရိုးမက ဟန့်တားထားလိုက်သည်။
ထိုအခါ ရခိုင်ရိုးမ၏ သည်ဘက်မှာက ပုဂံဒေသတွင် မိုးရိပ်ကျသည်၊ ဒါကို Rain Shadow ဟု ဆိုသည်။ ရခိုင်ရိုးမ၏သက်တမ်းကို ဘူမိဗေဒပညာရှင်တို့က နှစ်သန်းပေါင်း ၃၀ နှင့် ၆၀ အတွင်းဟု
ဆိုထားရာ ပုဂံဒေသ မိုးရိပ်ကျခဲ့သည်မှာ ထိုအချိန်နှင့်အမျှပင် ဖြစ်မည်ဟု ခန့်မှန်းကြသည်။ သိုဖြစ်ရာ ကျွန်တော်ချစ်သောပုဂံ လောလောပူရာဒေသ၊ တတ္ထဒေသ ဖြစ်နေရခြင်းမှာ သစ်တော
တွေကို ခုတ်ပစ်လို့ဆိုသော အဆိုမှာ မဖြစ်နိုင်ပါလေတော့။
အုတ်ဖုတ်လို့ဟူသည့် အချက်ကိုလည်း ဆရာကြီး ဒေါက်တာသန်းထွန်းက ငြင်းပါသည်။ ပုဂံဝန်းကျင်တွင် ရှိသော မြေတွေက သဲမြေ၊ ဘယ်လိုမှ အုတ်မလုပ်နိုင်။ ရှေးကအုတ်များတွင်လည်း
ယခုခေတ် အုတ်များကဲ့သို့ပင် စာပါလေ့ရှိရာ ထိုစာအထောက်အထားများအရ စလေ၊ စလင်း စသည့်ဒေသများက အုတ်များဖြစ်ကြောင်း တွေ့ခဲ့ရပြီး၊ လှည်း၊ လှေတို့ဖြင့် ပုဂံသို့ သယ်ဆောင်
လာခြင်းပင် ဖြစ်ကြောင်း ရှင်းပြချက်ကို ကျွန်တော်ဖတ်ဖူးသည်။
ဘာပဲဖြစ်ဖြစ် ပုဂံညောင်ဦး ဒေသတဝိုက်သည် Dry Zone အပူပိုင်းနယ်မြေ၊ Semi Desert တပိုင်းတစ သဲကန္တာရ။ ဒါ့ကြောင့် နိုင်ငံရပ်ခြားခရီးသွားတွေက ပုဂံသို့လာဖို့ဆိုလျှင်
ဆောင်းရာသီကိုပဲ အရွေးများသည်။ နွေကို သူတို့မကြိုက်၊ ဟိုတယ်နှင့်ခရီးသွားလာရေး လောကမှာ ဆောင်းဆိုသည်က ဧည့်ကျသောကာလ Hight Season၊ နွေက ဧည့်ပါးသောရာသီ
Low Season၊ ဒါကြောင့်ပဲလားမသိ လွန်ခဲ့သောနွေရာသီက ပုဂံသို့ ကျွန်တော်ရောက်သွားရာ မီးစကမောင်းမပေးနိုင်သည့် ဟိုတယ် အသေးကလေးတွေမှာတည်းခိုသူ တယောက်တလေမှကိုမရှိ။
သံတဲလို ဟိုတယ်ကြီးတွေမှာကတော့ ၂၄နာရီမီးရအောင် စီစဉ်ပေးထားနိုင်သဖြင့် ဧည့်သည်အတန်အသင့် ရှိသည်။ သို့သော် ခပ်ကျဲကျဲ ခပ်ပါးပါး။
"ဧည့်သည်ပါးတယ်ဗျ။ ဒါပေမယ့် လုံးဝမရှိတာတော့လည်း မဟုတ်ဘူးပေါ့၊ မိုးတွင်းလို အချိန်မျိုးမှာတောင် စပိန်တွေ အုပ်လိုက်ရောက်လာတက်တဲ့ဥစ္စာ၊ သူတို့ဆီက အားလပ်ရက် Vacation က
ကျွန်တော်တို့ မိုးနဲ့ သွားဆုံနေတာကိုး..."
ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သူတယောက်က ကျွန်တော့ကို အခုလိုရှင်းပြသည်။ ဟုတ်ပါသည်။ နွေခေါင်ခေါင်ကြီးမှာပင် ဧည့်သည် တယောက်စ နှစ်ယောက်စကိုတော့ တွေ့နေရသည်။ အပေါ်ပိုင်းကို
ဗလာကျင်းထားသော Quarter ဘောင်းဘီဝတ် နိုင်ငံခြားသား တယောက်က သူ့လက်ထဲက အင်္ကျီကိုဝှေ့ယမ်းပြကာ ကျွန်တော်တို့ကို နှုတ်ဆက်နေပါသေးသည်။
ပုဂံအကြောင်းကို ပထမဦးဆုံးရေးသည့် ဥရောပတိုက်သားမှာ မာကိုပိုလို (၁၂၅၄ - ၁၃၂၄) ဖြစ်နိုင်စရာ အကြောင်းရှိသည်ဟု Pagan စာအုပ်ကိုရေးသော Paul Strachan ကဆိုသည်။
၁၂၉၈ တွင် ဂျီနိုဝါ အကျဉ်းထောင်ထဲ၌ အကျဉ်ကျနေစဉ် ရေးခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ ၁၃ ရာစု နှောင်းပိုင်း၌ မောင်းဂွတ်ဘုရင် ကူဗလိုင်ခန်၏ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါလာခဲ့ရသည့်
အတွေ့အကြုံကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်ဟု ဆိုပါသည်။
ဆယ့်ငါးရက်ခရီးအကုန်တွင် ကြီးကျယ်ခန်းနားလှသည့် မီယန်(မြန်မာ) မြို့တော်ကြီးတခုကို တွေ့ခဲ့ရကြောင်း၊ ဘုရင်စိုးစံသည့် နေပြည်တော်ဖြစ်ပြီး မြို့သူမြို့သားတို့က ရုပ်ပွားဆင်းတုတော်ကို ကိုးကွယ်သူများ
ဖြစ်ကြကြောင်းနှင့် ကိုယ်ပိုင်ဘာသာစကားကို ပြောဆိုကြကြောင်း စသည်တို့ကို မာကိုပိုလိုက မှတ်တမ်းတင်ခဲ့သည်ဟု ဆိုပါ၏။ သို့သော် စာရေးသူ Paul Strachan က မာကိုပိုလိုသည် ပုဂံသို့
ကိုယ်တိုင်ကိုယ်ကျရောက်ခဲ့ပုံမရကြောင်း၊ ၁၂၈၃ ခုနှစ်၊ ဒီဇင်ဘာလထဲတွင် မြန်မာနှင့် မောင်းဂွတ်တို့ စစ်မက်ဖြစ်ပွားခဲ့ကြသည့် ငဆောင်ချမ်းအရပ်သို့သာ ရောက်ခဲ့ခြင်းဖြစ်ကြောင်းတို့ကိုလည်း စာရေးသူ paul
က သူ၏ Pagan ထဲတွင် တို့ထိ ဖော်ပြထားခဲ့ပါသေးသည်။
နောက်တော့ ၁၇၉၅ တွင် အိန္ဒိယဘုရင်ခံချုပ်၏ သံတမန်မိုက်ကယ်ဆိုင်း အင်းဝရွှေနန်းတော်သို့လာသည်။ ပုဂံကို ဧရာဝတီမြစ်နံဘေးမှ ဖြတ်သန်းသွားခဲ့ပြီး တချိန်က ခမ်းနားခဲ့သော မြို့အဖြစ် သာမန်သာ
မှတ်တမ်းတင် သွားခဲ့သည်။
ထို့နောက် ၁၈၂၆၊ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ၏ နောက်ဆုံးတိုက်ပွဲများကို ပုဂံအနီး၌ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ရာ ဗိုလ်မှုးကြီး ဟက်ဗလော့က သူ့ပုဂံ ခံစားမှုကို မှတ်တမ်းတင်သည်။ ခြောင်သွေ့သော
အံ့ဩမှုတဲ့။ မြတ်နိုးလေးစားစရာ၊ ကြည်ညိုစရာဘာမျှမရှိတဲ့၊ အာရုံကို နှိုးဆွပေးတာလည်း မရှိတဲ့၊ သူ့အဆိုကို ပုဂံချစ်သူ ကျွန်တော်က ဘဝင်မကျလှ။
ဂျွန်ကရေုဖွတ်ကတော့ ၁၈၂၇ သူ၏ ခရီးသွားမှတ်တမ်းတွင် ပုဂံသည် ကျန်ပြန့်ခမ်းနားပြီး မြန်မာဟူသည် အတော်အတန် ယဉ်ကျေးသောလူမျိုးဟု ယေဘုယျမှတ်တမ်းတင်သည်။ နောက်တော့ ဗိုလ်ကြီးဘာနေက
၁၈၃၅ တွင် ပုဂံဟူသည် စေတီပုထိုးတို့ကို ချုံနွယ်ပိတ်ပေါင်းများ ဖုံးအုပ်ရာအဖြစ် မှတ်တမ်းတင်သည်။
၁၈၅၂ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီးတွင် ဘုရင်ခံချုပ် ဖယ်ယာ၏ အတွင်းဝန်အဖြစ် အင်းဝသို့သွားသော စကော့လူမျိုး ဟင်နရီယူးလ်က ဖယ်ယာနှင့်အတူ ပုဂံသို့တက်ကာ ပုဂံ၏ အရေးကြီးပုံကို
သတိပြုမှတ်တမ်းတင်ခဲ့သည်။ ဟင်နရီယူးလ်က စစ်တပ်အင်ဂျင်နီယာ တဦးပီပီ စေတီပုထိုးတို့ကို တိုင်းထွာ မှတ်သားသည်။ သူနှင့်အတူပါလာသော ဗိုလ်ကြီးလင်းနားအီယက်ထရိုက်က ပေါ်ကာစ ကင်မရာ
တလုံးဖြင့် ပုဂံမြင်ကွင်းတွေကို ပထမဦးဆုံးအကြိမ် ဓာတ်ပုံရိုက်ယူခဲ့သည် ဟုဆိုသည်။ ထို့ပြင် သူတို့အဖွဲ့၌ ပုံဆွဲဆရာ ဂါးလ်စ်ဂါသီဂရန့်ဆိုသူလည်း ပါလာခဲ့သေးရာ သူက ပန်းချီပုံကြမ်းများဖြင့် ပုဂံကို
ရေးဆွဲမှတ်တမ်းတင်ခဲ့သည်ဟု ဆိုပါသည်။ ဟင်နရီယူးလ်က သူ၏ ၁၈၅၇ ခုနှစ် အင်းဝရွှေနန်းတော်ရောက် သံအဖွဲ့မှတ်တမ်းထဲတွင် ပုဂံက သူတို့အားလုံးကို အံ့အားသင့်စေကြောင်း၊ ပုဂံတွင် အရေးကြီးပြီး
စိတ်ဝင်စားစရာကောင်းသည့် အဆောက်အဦတို့ရှိကြောင်း မှတ်တမ်းတင်ထားခဲ့သည်။ ဟင်နရီယူးလ်သည် ပုံကြမ်းများ၊ ဓာတ်ပုံများ၊ မှတ်တမ်းများဖြင့် ပုဂံကို ဘမ္ဘာနှင့် ပထမဦးဆုံး မိတ်ဆက်ပေးခဲ့သူလည်း
ဆိုပါသည်။
အခုတော့ ပုဂံဆိုသည်မှာ ကမ္ဘာသိ။ မြန်မာနိုင်ငံသို့ ရောက်လာသည့် နိုင်ငံခြားသားတိုင်းက သူတို့၏ ခရီးစဉ်ထဲမှာ ပထမဦးစားပေးက ပုဂံပဲဖြစ်သည်။ ညည့်နက်သန်းခေါင် မြင်းလှည်းကလေးတစီးဖြင့်
ပုဂံမြို့ဟောင်းထဲတွင် ဖြတ်သွားနေသော၊ စက်ဘီးကလေးတစီးကို ထနောင်းပင်ခြေရင်းတွင် အသာအယာ ထောင်ထားပြီးနောက် ခြေပစ်လက်ပစ် ထိုင်ချကာ၊ ပုဂံလမ်းညွှန်စာအုပ်ကို ဖတ်နေသော၊
ဘုရားတဆူဆူပေါ်သို့တက်ကာ ဧရာဝတီမြစ်ကြီး၊ တန့်ကြည့်တောင်တန်း ဝင်လုဆဲဆဲ နေလုံးကြီးနှင့် ပုဂံရှုခင်းကို မှတ်တမ်းတင်ဗီဒီယိုရိုက်ယူနေသော၊ ညောင်ဦးဈေးထဲက ရိုးရာအဝတ်အစား အသုံးဆောင်
ပစ္စည်းဆိုင်ကလေးတွေရှေ့မှာ ခြေချင်းလိမ်နေသော နိုင်ငံတကာ ခရီးသွား ဧည့်သည်တွေကို ပုဂံမှာ မမြင်ချင်အဆုံး။
ဧည့်သည်နှင့်အတူ အသက်ရှင်ရသောမြို့လေးဖြစ်သည့်အတွက် ပုဂံကနေရာတိုင်းမှာ နွေးထွေးသည်။ လှိုက်လှဲသည်။ ပျူငှာသည်။ ပြေပြစ်သည်။ လူတိုင်းကို ကူညီဖို့အဆင်သင့်။ လမ်းညွှန်ဖို့ အဆင်သင့်။
ဝန်ဆောင်မှုပေးဖို့ အမြဲတမ်း ရပ်စောင့်နေတက်သော ပုဂံ။ အသင့်အနေထားပုဂံ။
မောင်သာချို - တပိုင်းတစ ကန္တာရထဲက ယွန်းနံ့စွဲနေတဲ့ စာမျက်နှာများ
#baganscent
#article
ရွှေဂူကြီးဘုရား... (ဖတ်ရန်)
ပုဂံမြို့ဟောင်းမှ နန်းတော်ရာ များအနီးမှာ တည်ရှိတဲ့ ရွှေဂူကြီးဘုရားကတော့ ပုဂံဘုရားသမိုင်းမှာ အမျိုးမျိုးစာတင်ကြတဲ့ ထူးခြားတဲ့ ဘုရားပဲဖြစ်ပါတယ်။ တည်ခဲ့သူက အလောင်းစည်သူမင်း။
တည်ခဲ့တဲ့ ခုနှစ်က ခရစ်နှစ် ၁၁၃၁၊ မေလ၊ ၁၇ ရက် တနင်္ဂနွေနေ့၊ တည်ဆောက်ပြီးစီးတာက ၁၁၃၁ ခု၊ ဒီဇင်ဘာလ၊ ၁၇ ရက်၊ ဆိုတော့ ရွှေဂူကြီးဘုရားကြီးကို ၇ လနဲ့ တည်ခဲ့တယ်လို့
သိရတယ်။ ဒါကတော့ ခရစ်နှစ်ကို ပြန်ပြောင်းယူထားတာပေါ့။
ဘာလို့ အတိအကျသိရတာလဲဆိုတော့ ရွှေဂူကြီးဘုရားရဲ့ ဝင်ပေါက် ဘယ်ဘက်နံရံပေါ်မှာ ကပ်ထားတဲ့ ကျောက်စာ ၂ ချပ်မှာ ရွှေဂူကြီးဘုရား တည်ဆောက်တဲ့ အကြောင်းအရာနဲ့ ဆုတောင်း
တို့ကို အလောင်းစည်သူမင်းက ရေးထိုးထားခဲ့လို့။ ကျောက်စာမှာ ပါဠိဘာသာ ဂါထာတစ်ရာ ပါဝင်တယ်လို့ဆိုတယ်။ အရေးကြီးတဲ့ ခုနှစ် သက္ကရာဇ်တွေကို သင်္သကရိုက်ဘာသာနဲ့ ဖော်ပြထားတယ်တဲ့။
ဖတ်တက်တဲ့သူတွေ ဖတ်ကြည့်သင့်တယ်နော်။ ကျောက်စာထဲပါတာက ဂူဘုရားကြီးကို သက္ကရာဇ်နှစ် ၁၀၅၃ ခု (ကောဇာ ၄၉၃) ကဆုန်လဆုတ် ၄ ရက် တနင်္ဂနွေနေ့မှာ စတည်တယ်၊ နတ်တော်လဆုတ်
၁၁ ရက် ဗုဒ္ဓဟူးနေ့မှာ ပြီးဆုံးတယ် လို့ ရေးထားတယ်။
ရွှေဂူကြီးဘုရားကို တည်ခဲ့တဲ့ အောင်ခံခုံကြီးရဲ့ အပေါ်နားတလျှောက်မှာ မူလအစက နတ်ရုပ်တွေနဲ့ တန်ဆာဆင်ခဲ့တယ်တဲ့။ အခုတောင် နည်းနည်းကျန်နေသေးတယ်တဲ့။ ရောက်ရင် ရှာကြည့်ကြပါဦး။
ရွှေဂူကြီးဘုရားမှာ အင်္ဂတေပန်းတွေ၊ အင်္ဂတေရုပ်တွေ၊ အင်္ဂတေပန်း အတန်းအထောင်၊ ဘီလူးပန်းဆွဲ၊ စဉ့်စိမ်းကွက်တွေကိုလည်း တွေ့နိုင်ပါသေးတယ်။ ဘုရားကြီးကို ဟံသာဝတီဆင်ဖြူများရှင်
ဘုရင့်နောင်မင်းကြီး လက်ထက်က ပြင်ဆင်မှုတွေ အသင့်တင့်လုပ်ခဲ့တယ်လို့လည်း ဆိုတယ်။ အဲ့ဒီပြင်ဆင်မှုက ဘိုးတော်ဘုရားလက်ထက်က ပြင်သလိုမျိုး ဖျက်ဆီးပစ်သလိုတော့ မဖြစ်ခဲ့ဘူးတဲ့။
ပြောချင်တာက ဘုရင်နောင်မင်းကြီးပြင်တာက ဘိုးတော်ဘုရားပြင်တာလောက်မဆိုးဘူး။ ဘိုးတော်ဘုရားလက်ထက်ကပြင်တာက ပြင်တာထက် ဖျက်ဆီးသလိုဖြစ်နေခဲ့တာလို့ ဆိုလိုတာပါ။
ဘုရင့်နောင်မင်းကြီး ဘုရားပြင်တဲ့ကြောင်း ကျောက်စာတချပ်လည်း ထိုးထားခဲ့ပါသေးတယ်။
ရွှေဂူကြီး ဆိုတာနဲ့ လူတွေ တွဲသိနေတဲ့ အဖြစ်ပျက်ကြီးတခု ရှိတယ်။ နာမကျန်းဖြစ်နေတဲ့ အလောင်းစည်သူမင်းကြီးကို သားဖြစ်တဲ့ နရသူက ရွှေဂူကြီးဘုရားမှာပဲ အဝတ်ပုဆိုးတို့နဲ့ဖိသတ် လုပ်ကြံခဲ့တဲ့အကြောင်း။
တချို့စာအုပ်တွေမှာတော့ ခေါင်းအုံးလို့ ရေးကြတယ်။ ဘာနဲ့ပဲဖြစ်ဖြစ် လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ အဖြစ်မှန်ကတော့ ဖြစ်ခဲ့တာအမှန်ပါပဲ။ အလောင်းစည်သူမင်းကြီး တည်ခဲ့တဲ့ ဘုရားတွေထဲမှာ အထင်ရှားဆိုး ကတော့
ရွှေဂူကြီးဘုရားနဲ့ သဗ္ဗညုဘုရားပါပဲ။ ဘုရား ၂ ဆူကလည်း သိပ်မဝေးကွာပဲ တဆူပေါ်မှ ကြည့်ရင် အခြားတဆူကို ကောင်းကောင်းမြင်နေရတယ်။ ရွှေဂူကြီးဘုရားကတော့ အလောင်းစည်သူမင်းကြီး နန်းတက်စမှာ
တည်ခဲ့တဲ့ဘုရားမို့ နန်းဦးဘုရားလို့လည်း ခေါ်ကြသေးတယ်။
ရွှေဂူကြီးဘုရားထဲပတ်တိုင်း တွေးမိတယ်။ ဘုရားရဲ့ တောင်ဘက်မုခ်ပေါက်ကနေကြည့်ရင် သဗ္ဗညုဘုရားကြီးကို လှမ်းမြင်နေရတယ်။ သဗ္ဗညုဘုရားကိုမြင်တိုင်း အလောင်းစည်သူမင်းကြီး ရွှေဂူကြီးဘုရားထဲမှာ
ကုန်ဆုံးရတဲ့ ရက်တွေမှာ သူ့ကောင်းမှု သဗ္ဗညုဘုရားကို ကြည့်ရင်း ကျေနပ်နေမလား၊ နရသူကို မုန်းတီးနေမလား ငယ်စဉ်က ငါမအိုသေးဆိုပြီး ပြောခဲ့တဲ့ အချိန်တွေကို သတိရနေမလား အခုငါအိုပြီပဲလို့
ကြေကွဲနေမလား...
ကိုးကား
ဦးဗိုကေ - ပုဂံသုတေသနလမ်းညွှန်
မခင်နူံ(ဒဿန) - ပုဂံဘုရား ပုဂံစကား ပုဂံသား
#baganscent #အင်ယာမင်မင်
ပုဂံရဲ့စွယ်တော် ၄ဆူကို နေ့ချင်းမကူးပဲဖူးရင် ဆုတောင်းတစ်ခု ပြည့်ပါတယ်တဲ့....
အနော်ရထာမင်းကြီးရဲ့သစ္စာအဓိဌာန်ပြုချက်လေးက ဒီလိုဗျ
ငါတည်ထားကိုးကွယ်တော်မူသော
စွယ်တော်မြတ်လေးဆူကို
အကြင်သူသည် နောက်နေ့မကူးနေ့ချင်းဖူး၏။
လှူသည့်ကုသိုလ်မပိုတူ၏။
တောင်းဆိုစကားမမှားတူ၏။
သီလငါးချက်မပျက်လုံ၏။
ထိုသည့်သူအား မကြာချက်ချင်း
လက်ငင်းကောင်းကျိုးထူးစေသတည်း။ ။
ပုဂံဆိုတာနဲ့စွယ်တော် ၄ဆူကိုပါ တွဲလျက်မြင်ကြတယ်မလား...
တကယ်တော့အနော်ရထာမင်းကြီး သီဟိုဠ်ကျွန်း (သီရိလင်္ကာ) ကနေပင့်ဆောင်ခဲ့တဲ့စွယ်တော်က ၅ ဆူဗျ။ အနော်ရထာမင်းကြီးက စွယ်တော်ကိုဌာပနာပြီးဘုရားတည်ဖို့အတွက် သူ့ရဲ့ ဆင်ဖြူတော်ရဲ့ကျောပေါ်ကို စွယ်တော်တွေတင် ပြီးရင် ဆင်ရပ်ရာနေရာတွေမှာ အဆိုပါ စွယ်တော်တွေကို ဌာပနာပြီး ဘုရားတည်ဖို့ အဓိဌာန်ပြုခဲ့ပါတယ် ပထမဆုံးဆင်ဝပ်ရာနေရာ ရွှေစည်းခုံဘုရားမှာ ပထမဆုံးစွယ်တော်ကိုဌာပနာပြီး ရွှေစည်းခုံဘုရားကိုတည်ခဲ့ပါတယ်
ပြီးတော့ ဆင်ဖြူက ပုဂံမြို့အရှေ့ဘက် ၇မိုင်အကွာ တုရင်တောင်နေရာမှာ ထပ်မံရပ်တံ့ခဲ့တဲ့အတွက် ဒုတိယမြောက်စွယ်တော်ကိုဌာပနာပြီး တုရင်တောင်စေတီတည်ခဲ့ပြန်ပါတယ်
အဲ့လိုနဲ့ ဆင်ဖြူတော်က ပုဂံမြို့ဘက်ကိုပြန်လှည့်လာပြီး ဧရာဝတီမြစ်ကမ်းမှာထပ်မံရပ်တန့်ရာ တတိယမြောက်စေတီဖြစ်တဲ့ လောကနန္ဒာစေတီကို တည်ခဲ့ပြန်ပါတယ်
ပြီးတော့ ဆင်ဖြူတော်က ဧရာဝတီမြစ်တစ်ဖက်ကမ်းကို ကူးဖြတ်ပြီး တန့်ကြည့်တောင်နေရာမှာ ထပ်မံရပ်တန့်ခဲ့တဲ့အတွက် စတုတ္ထမြောက် စွယ်တော်ရှင်တန့်ကြည်တောင်စေတီဆိုပြီး တည်ထားခဲ့ပါတယ် ဒါကတော့ပုဂံမှာ ဘုရားဖူးတွေစိတ်ဝင်စားကြတဲ့ ွယ်တော်လေးဆူပေါ့ ဘုရားဖူးတွေက စွယ်တော်လေးဆူကို မွန်းမတည့်ခင် အပြီးဖူးကြပြီး အနော်ရထာမင်းကြီးရဲ့ သစ္စာအတိုင်း လိုရာဆုတောင်းကြတာပေါ့...
ဇာတ်လမ်းက ခုမှစတာ....
အပေါ်မှာကျွန်တော်ပြောခဲ့တဲ့အတိုင်း သီဟိုဠ်ကနေပင့်ဆောင်လာခဲ့တာ စွယ်တော်က ၅ဆူ ပါ ဒါဆို ဘာလို့စွယ်တော် ၄ဆူပဲရှိတာလဲ????
နောက်တစ်ဆူရှိပါသေးတယ် ဆင်ဖြူတော်က တန့်ကြည်တောင်မှာရပ်တန့်ပြီး ထပ်မံကျောက်ဆည်ဘက်ထိခရီးဆက်ပါသေးတယ် အဲ့ဒီမှာ မြန်မာနိုင်ငံအလယ်ဗဟိုချက်လို့ သတ်မှတ်ထားတဲ့ မြစ်သားမြို့ရဲ့ အရှေ့တောင်ဘက်ပြက္ခရွေးတောင်ပေါ်မှာထပ်မံရပ်တန့်တဲ့အတွက် ပဥ္စမမြောက် စွယ်တော်ကိုထပ်မံဌာပနာပြီး စေတီတစ်ဆူထပ်မံတည်ထားခဲ့ပါသေးတယ်ဗျာ.....
အဲ့တာဆိုအနော်ရထာမင်းကြီးရဲ့ စွယ်တော်လေးဆူသစ္စာအဓိဌာန်ဆိုတဲ့ လင်္ကာက သူတကယ်ပဲ ပြောခဲ့တာလား???? တကယ်သစ္စာဆိုခဲ့တယ်ဆို ဘာလို့ သူတည်ခဲ့တဲ့ ပဥ္စမမြောက်စွယ်တော်စေတီတော်ကို မထည့်တွက်ပဲ ပုဂံကစွယ်တော်၄ဆူကိုပဲ ဖူးစေချင်ခဲ့တာလဲ??? အနော်ရထာမင်းကြီးက အဲ့လိုမျိုးသစ္စာအဓိဌာန်ရော တကယ်ပြုခဲ့တာလား????
မိတ်ဆွေတို့ရဲ့အမြင်လေးတွေလည်းဆွေးနွေးကြည့်ပါဦးဗျာ......
#မင်မင်ဂိုက်ကောင်
မနူဟာမင်းကြီးရဲ့ မွန်းကြပ်တဲ့ခံစားမှုကို
ဘုရားကြီးမှာထည့်သွင်းခဲ့တာလား ??? (ဖတ်ရန်)
မနူဟာဘုရားကြီးကို သထုံဘုရင်မနူဟာက ပုဂံရှိ မြင်းကပါအရပ်မှာ အကျဥ်းစံဘဝနဲ့ရှိနေစဥ် ၁၀၅၉မှာတည်ခဲ့တာပါ
သူရဲ့ ပတ္တမြားလက်စွပ်ကို မြင်းကပါ ကသူဌေးတစ်ဦးကိုရောင်းပြီး ရငွေ လှည်းခြောက်စီးတိုက်နဲ့ သီရိဇေယျဘုံ မည်တဲ့အရပ်မှာ တည်ထားခဲ့ပါတယ် အလျား၂၉တောင် ဥာဏ်တော် ၃၂တောင် မြင့်ပါတယ်
ပစ္စယာအပေါ်မှာ စေတီ ၃၇ဆူရှိပါတယ်တယ် ဗောဓိပက္ခိယတရား ၃၇ပါး (နိဗ္ဗာန်ရောက်ကြောင်းတရား) ကို ကိုယ်စားပြုပြီး တည်ထားခဲ့တယ်လို့ လေ့လာမှတ်သားရပါတယ်
ဘုရားကြီးရဲ့ အနောက်ဘက်မှာတော့ ပရိနိဗ္ဗာန်ပြု လျောင်းတော်မူဆင်းတုတစ်ဆူရှိပါတယ်
အားလုံးသိထားတဲ့အတိုင်း "မွန်းကြပ်တာဟာ မနူဟာ" ဆိုတဲ့အတိုင်း ဘုရားကြီးဟာ တည်ထားတဲ့ကျောင်းဆောင်နဲ့ ပြည့်ကြပ်နေပါတယ် ပါးစပ်ရာဇဝင်တွေအရတော့ အိမ်နိမ့်စံဘဝနဲ့မွန်းကြပ်နေတဲ့ မနူဟာဘုရင်ကြီးက သူ့ရဲ့ခံစားမှုကို ပြချင်တဲ့အနေနဲ့တည်ထားခဲ့တယ်လို့ ဆိုကြပါတယ်
Logic ကျကျ သိထားရသလောက်ကတော့........
မနူဟာလို ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်တဲ့ မင်းတစ်ပါးက သူ့ရဲ့ခံစားချက်ကို ဘုရားကြီးမှာထည့်သွင်းပါ့မလား?????
ပြီးတော့ မနူဟာက မွန်ဘုရင်... ရှေးခေတ်မွန်ဘုရားအများစု (ဥပမာ- ပဲခူးက ကျိုက်ပွန် ရွှေသာလျောင်း မြသာလျောင်း) ဟာ အရင်တုန်းက Open Type တွေချည်းပါ အမိုးအကာမထည့်ကြပါဘူး အဲ့လိုပဲ မွန်ဘုရားကြီးဖြစ်တဲ့ မနူဟာကိုရော အရင်တည်းက အမိုးအကာမပါပဲ တည်ခဲ့တာလား?????
နောက်တစ်ချက်ကတော့ ဘုရားကြီးရဲ့ အုတ်နဲ့ ကျောင်းဆောင်ရဲ့အုတ်က ခေတ်မတူပါဘူးတဲ့ဗျာ ဘုရားကြီးကတော့ ၁၁ရာစု ပုဂံခေတ်ဖြစ်ပြီး အဆောက်အဦးရဲ့အုတ်ကတော့ ၁၇-၁၈ရာစု ထက်မစောပါဘူးတဲ့ အဲ့ဒီတော့ ၁၇-၁၈ရာစုလောက်မှာ အခြားသော အလှူရှင်လှူခဲ့တာဖြစ်နိုင်ပါတယ် အလှူရှင်ရဲ့တွက်ချက်မှုမှားလို့ အဆောက်အဦးက သေးသွားတာလား ဒါမှမဟုတ် မနူဟာမင်းကြီးတည်ထားတဲ့အတွက် မင်းကြီးရဲ့စိတ်ခံစားမှုကိုခံစားမိလို့ အလှူရှင်က အဆောက်အဦးကို ကျဥ်းကြပ်နေအောင် တည်ဆောက်ခဲ့တာများလား စဥ်းစားစရာပေါ့နော်......
အော်...မေ့လို့ ထပ်ရှိသေးတယ်
ပိုက်ဆံမလောက်လို့များ သေးသေးလေးဆောက်လိုက်တာများလား
#မင်မင်ဂိုက်ကောင်
ချစ်သောပုဂံ (၈) နောက်ဆုံးပိုင်း (ဖတ်ရန်)
ချစ်သောပုဂံ (၈) နောက်ဆုံးပိုင်း
ဓမ္မရံကြီးကနေ စူဠာမဏိရောက်တဲ့အခါ နေဝင်ချိန်ရောက်တော့မယ်။ စူဠာမဏိကို ခပ်သွက်သွက်ပဲ ပတ်ပြီး နေဝင်ချိန်ကြည့်ဖို့ ရွှေဆံတော်ဘုရားဆီကို သူငယ်ချင်းနှစ်ယောက် ဆိုင်ကယ်ကလေးနဲ့ အမြန်လေးမောင်းသွားလိုက်တယ်။
ရွှေဆံတော် ရှေ့ရောက်တော့ Touring Bus တွေ ပြည့်နေပါရော။ ၂၀၁၅ ဆိုတော့ ပြည်ပခရီးသွားဧည့်သည်ဝင်တာ တဟုန်ထိုးတက်လာတဲ့ကာလတွေပေါ့။ ဝင်သမျှပြည်ပဧည့်သည်တွေက ပုဂံကို လာကြတာများတယ်။
ပုဂံရောက်သမျှဧည့်သည်တိုင်းကိုလည်း နေဝင်ချိန်ကြည့်ဖို့ဆိုရင် ရွှေဆံတော်ဘုရားနဲ့ ပြသာဒ်ကြီးကိုသာ ခေါ်လာကြတယ်။ ပိုပြီးမြင့်တာ ရွှေဆံတော်ဆိုတော့ ရွှေဆံတော်ဘုရားမှာက လူပိုများတက်တယ်။ နည်းနည်းနောက်ကျလိုက်တာနဲ့ အပေါ်ပစ္စယံတွေမှာ နေရာမရှိတော့ဘူး။ Tripod တွေသေချာထောက်ပြီး နေဝင်ချိန်ကို အပီပြင် မှတ်တမ်းတင်နေကြတာနဲ့ အုတ်ဘောင်လက်ရန်းတွေမှာ ထိုင်ရင်း၊ လှေကားထစ်လေးတွေမှာ ရသလိုထိုင်ရင်း နေဝင်ချိန်ကို စောင့်နေကြတာများ။
တကယ်တော့ ပုဂံရဲ့နေဝင်ချိန်က တကယ်ကိုလှပတာကိုး၊ ကြည့်ပြီးသွားတဲ့ ဧည့်သည်တိုင်းက ပြောကြပါတယ် One of the best sunset they've ever seen. တဲ့။ သဘောကျစရာပေါ့။ ကိုယ်တွေရဲ့ မြေမှာ
ဒီလို သဘာဝနဲ့ ရှေးဟောင်းဘုရားတွေ၊ ရှေးပုဂံသားတွေရဲ့ ကောင်းမှုတွေကြောင့် ဒီလိုမြင်တွေ့ခွင့်ရတာကိုး။ ကိုယ်လည်း ရသလောက်လေး ကပ်သပ်တက်ရင်း အုတ်လှေကားလေးမှာ ထိုင်ရင်း မင်္ဂလာစေတီရဲ့အနောက်ဘက်က တန့်ကြည်တောင်ကိုကျော်ပြီး ဝင်သွားမယ့် နေလုံးနီနီကြီးကို ငေးရင်း ကြည့်နေမိတာပေါ့။ ဓာတ်ပုံလေးတွေလည်း ရသလို ရိုက်ရင်း၊ ပုဂံမြေကနေဝင်ချိန်ကို ပထမဆုံး ခံစားနေမိတော့တယ်။ တကယ်ကိုလှပါတယ်။ တသက်မမေ့နိုင်စရာ မြင်ကွင်းပါပဲ။ ဪ... တဖြည်းဖြည်းချင်း ရင်ထဲဝင်ရောက်လာပါပြီကော၊ ချစ်သောပုဂံ...
နေဝင်သွားပြီးတော့ ရွှေဆံတော်စေတီပေါ်ကနေ ဖြည်းဖြည်းချင်းပြန်ဆင်းလာကြတယ်။ လှေကားထစ်ကလေးတွေက တော်တော်လေးကို သေးတာကိုး။ ခြေဖဝါးတခုစာလောက်ကိုမရှိတာ။ နည်းနည်းလည်းမှောင်လာပြီဆိုတော့ အိမ်ကိုတန်းပြန်တော့မယ်။
တခါတည်း တန်းပြန်တာထက် ညဘက်ဝင်လို့ရတဲ့ ဘုရားတခုခုကို ဝင်ပြီးမှ ပြန်ကြမယ်ဆိုပြီး၊ ရွှေဆံတော်လမ်းအတိုင်း မြို့သစ်ဘက်ကိုဆက်သွားလိုက်တယ်၊ ဓမ္မရာဇိကကို ဝင်ကြမယ်ဆိုပြီး သွားကြတယ်။ တလမ်းလုံးမှောင်မဲပြီး ဆိုင်ကယ်တာယာနဲ့ မြေသားလမ်း ပွတ်တိုက်တဲ့ ရှဲရှဲ ရှပ်ရှပ် အသံ၊ ပုရစ်သံလေးတွေက စိုးစီစိုးစီအော်သံ၊ ပုဇဉ်းရင်ကွဲကောင်တွေအော်တဲ့ ကျစ်ကျစ်ကျစ်ကျစ်အသံ၊ တချက်တချက်လေတိုးတဲ့အသံ စတဲ့ အသံလေးတွေ နားထဲ အလျင်းသင့်သလို ဝင်လာရင်း အတွေးတွေနဲ့ ငေးရင်း လိုက်ပါနေခဲ့တော့တယ်။ ဪ နောက်ရက်ဆို ရန်ကုန်ပြန်ရတော့မယ်၊ ပုဂံကို ဘယ်တော့မှ ပြန်လာ နိုင်ပါ့မလဲမသိ၊ နောက်နှစ်ဆို ကျောင်းနောက်ဆုံးနှစ်၊ ကျောင်းပြီးရင်တော့ ထပ်လာဖြစ်အောင်လုပ်ရမယ်လို့ ဆုံးဖြတ်ထားလိုက်တယ်။
တာမဏီဘုရားကျော်တော့ မြို့သစ်အထွက် အနောက်ဖွားစောရွာသွားတဲ့ ကတ္တရာ လမ်းအကွေ့ကိုရောက်တယ်။ လမ်းမကြီးပေါ်ရောက်တော့ မီးရောင်အချို့ရှိနေပြီး လမ်းသွားလမ်းလာ ကားတွေလည်း တွေ့လာရတော့ စောစောကအသံတွေပျောက်သွားတယ်။
ခဏနေတော့ ဓမ္မရာဇိကဘုရားကိုရောက်တယ်၊ ညအမှောင်မှာ ဘုရားကို မီးပူဇော်ထားတော့ သပ္ပါယ်လှတယ်။ ရွှေရောင်ဝင်းနေတဲ့ ဘုရားကြီးကို အဝင်လမ်းကလေးကို ချိုးလိုက်ကတည်းက အတိုင်းသား လှမ်းမြင်နေရတယ်။ ဘုရား ရင်ပြင်လည့်ပတ်ကြည့်ရင်း တခုသတိထားမိလိုက်တာက မုခ်က ၄ ခုမဟုတ်ဘူးဟ ဆိုပြီး ပြန်ရေကြည့်တာ ၅ ခုဖြစ်နေတယ်။ အဲ့ကျမှ သေချာသိလိုက်ရတယ် ဓမ္မရာဇကစေတီက မုခ်ပေါက် ၅ ခုပါတယ်ဆိုပြီး မှတ်သားထားလိုက်တော့တယ်။ ဘုရားကပြန်ထွက်တော့ ည ၇ နာရီခွဲနေပြီ။
ညောင်ဦး ရွှေလှိုင်းရွာအထိဆို နာရီဝက်မက မောင်းရမှာဆိုတော့ ပြန်ကြမယ်ပေါ့။ တနေကုန်လည်ပတ်ပြီး ဝယ်ထားမိတဲ့ ပစ္စည်းတွေကလည်း မနည်းမနော၊ ဆိုင်ကယ်အရှေ့ခြင်းထဲမှာရော၊ ချိတ်ထားတာတွေရော၊ toolbox ထဲတွေရော၊ နောက်ကစီးရင်း ကိုင်ထားရတာတွေရော မနည်းပါဘူး။ ညဘက် မှောင်ကလည်းမှောင် ဆိုင်ကယ်မီးကသိပ်မလင်းရတဲ့အထဲ ရှေ့ခြင်းထဲက အထုပ်တွေကြောင့်လည်း မီးရောင်က ရှေ့ကို သိပ်မမြင်ရဘူး။ မြို့ဟောင်းဘက်ကို ပြန်သွားမနေတော့ပဲ၊ ဓမ္မရာဇကဘုရားအဝင်လမ်းအတိုင်း ညောင်ဦး ကျောက်ပန်းတောင်းလမ်းကို ဖြတ်ထွက်ကြမယ်ဆိုပြီး သွားကြတယ်။ လမ်းမှာ လူလည်းပြတ်၊ လမ်းမီးလည်းမရှိတော့ပဲ သူငယ်ချင်းနှစ်ယောက် ဆိုင်ကယ်လေးနဲ့ ပုဂံဘုရာဖူး အပြန်ခရီးက အတော်လေးတော့ Excited ဖြစ်ရသား။ ကြောက်တာရယ် လို့မဖြစ်ဘဲ ငြိမ်သွားတာ၊ စကားလည်း မပြောဖြစ်၊ သူကလည်းဆိုင်ကယ်ကို ဂရုစိုက်မောင်းနေ၊ ကိုယ်ကလည်း သွားခဲ့သမျှတွေအကုန် ခေါင်းထဲပြန်ရောက်ပြီး အတွေးလေးတွေနဲ့၊ အချိန်ဘယ်လိုကုန်သွားလည်း မသိ သေချာ သတိရတော့ ပိုင်ထန်းတဲနားရောက်နေပြီ။
ညဘက်ဆို ညောင်ဦး ကျောက်ပန်းတောင်းလမ်းမက ကားကြီးတွေကိုတော့ ကြောက်ရတယ်။ အဲ့လိုနဲ့ ည ၈ နာရီခွဲလောက်မှာ ရွာကိုပြန်ရောက်တယ်။ ရေချိုးပြီး ပုံလေးတွေပြန်ကြည့်။ ညစာစားပြီး ရွာထဲက သူငယ်ချင်းရဲ့ အသိဆီကို အလည်သွားကြတယ်။
နောက် ၂ ရက်လောက်နေတော့ ရန်ကုန်ပြန်ကြတယ်။ တခုမှတ်မှတ်ရရ ဖြစ်ခဲ့တာက ရန်ကုန်ပြန်တဲ့ညနေ ညောင်ဦးကျောက်ပန်းတောင်းလမ်းမကနေ ကားစီးကြမှာဆိုတော့၊ ကြိုထွက်ပြီးစောင့်ကြတာပေါ့။ ကားစောင့်နေတဲ့ ဇရပ်လိုလို၊ တဲလိုလို နားနေတဲ့နေရာလေးမှာ ရွာသားတယောက်က ပက်လက်ကုလားထိုင်လေးမှာ မှီရင်း သီချင်းလေးဖွင့်ထားတယ်။ သီချင်းက မနောရဲ့ ညနေနေရီနေရီ၊ ရေခပ်ချိန်လေးနီးလာပြီ... သီချင်း။ ကိုယ်က အဲ့တုန်းကမှ စစကြားဖူးတာဆိုတော့ အဲ အညာသားတွေမိုက်တယ်ဟ ပေါ့၊ သီချင်းက
ရွာသားတွေပဲ ဆိုတယ်ထင်တာ၊ ရွာအကြောင်း ရွာသားတွေပဲ စပ်ပြီး ဆိုထားကြတယ် ထင်နေတာ၊ စာသားလေးတွေမိုက်တယ်ပေါ့ အသံကလည်း တကယ့် ရွာသားတွေအကြိုက်ပဲ ဆိုပြီး၊ ခေါင်းထဲ ရောက်သွားတယ်။ နောက်သိပ်မကြာပါဘူး ရန်ကုန်မှာ အဲ့သီချင်းကို ဆက်တိုက်ကိုကြားလာရတော့တာပါပဲ။ ဘယ်မှာ အရင် ပေါက်လဲမသိပေမယ့် ကိုယ်ကတော့ ၂၀၁၅ မှာ၊ အညာမှာ ကြားဖူးခဲ့ပြီးမှ ရန်ကုန်ရောက်မှ မနောဆိုတဲ့သီချင်းဆိုတာ သိသွားခဲ့တာ။
ရန်ကုန်ပြန်တဲ့ညက ကားပေါ်မှာ တချိန်လုံး ပုဂံအကြောင်းတွေပဲ တွေးနေမိတယ်။ မောင်သာချိုရဲ့ တပိုင်းတစကန္တာရထဲက ယွန်းနံ့စွဲနေတဲ့ စာမျက်နှာများ ဆိုတဲ့ စာအုပ်လေးကို ဖတ်ပြီး၊ ပုဂံကိုသိပ်သွားချင်နေခဲ့တဲ့ ငါ၊ အခုတော့ ပုဂံကို တရက်တာလေး လည်ပတ်ခဲ့ပြီး အမှတ်တရတွေ အများကြီးပိုက်ပြီး အိမ်ပြန်နေပါရောလား။ ကျောင်းပြီးရင် ပုဂံကိုထပ်လာဖြစ်အောင်လာဦးမယ်လို့ စိတ်ကူးရင်း...
၂၀၁၇ ဘွဲ့ယူပြီး၊ ပန်းချီအတန်းတက်နေရင်း၊ ၂၀၁၆ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ ပုဂံဘုရားတွေကို တိုင်းတာရေးလုပ်ပြီး as-built drawings တွေ ပြန်လုပ်ကြဖို့ volunteer တွေခေါ်တော့၊ တခြားအလုပ်မလုပ်သေးဘဲ ဝင်လျှောက်လိုက်တယ်။
ပုဂံကိုပြန်သွားချင်နေတဲ့သူတယောက်အတွက် ကံကောင်းထောက်မစွာနဲ့ ခေါ်တဲ့အထဲ ပါသွားတယ်။ ကျောင်းပြီးရင် ပုဂံကိုထပ်သွားဦးမယ်လို့တွေးထားခဲ့တာ အခုတော့ ပုဂံမှာ အချိန်တခုထိ နေပြီး အလုပ်ပါလုပ်ရတော့မှာဆိုပြီး ပျော်ရွှင်နေခဲ့လေရဲ့။
ချစ်သောပုဂံ ပြီးပါပြီ။
ချစ်သောပုဂံ အပိုင်းတွေအားလုံးမှာ သုံးထားသော ပုံများအားလုံးသည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလက၊ ပထမဆုံးပုဂံမြေကို ရောက်ရှိတုန်းက ရိုက်ခဲ့သော ပုံများဖြစ်ပါသည်။
ချစ်သောပုဂံ (၇) (ဖတ်ရန်)
ဗူးဘုရားမှာ နေ့လည်စာစား၊ ခဏနားပြီး ဆက်သွားတာက ကန်တော့ပလ္လင်ခေါ် ေဂါတောပလ္လင်။ ကန်တော့ပလ္လင်ရောက်တော့ ရီစရာတခုက၊ ကျွန်တော်က အစောကပြောခဲ့သလို ဗူးဘုရားမှာ
နေ့လည်စာစားပြီးထွက်လာတော့ နေပူလို့ဆိုပြီး နေကာမျက်မှန်တခုဝယ်ခဲ့ပြီး ဝတ်လာတယ်၊ ဘောင်းဘီတိုနဲ အင်္ကျီအဖြူနဲ့ လွယ်အိတ်လေး လွယ်ထားတော့ ကန်တော့ပလ္လင်ဘုရားဝင်းထဲက
ဈေးသည် အစ်မကြီးက ကျွန်တော့်ကို နိုင်ငံခြားသားလို့ထင်သွားလားမသိ အင်္ဂလိပ်လိုတွေလာပြောပြီး ဈေးရောင်းပါလေရော။ ကိုယ့်မှာကလည်း ထမင်းစားပြီးထွက်လာတာဆိုတော့ အပေါ့သွား
ချင်နေတာနဲ့ အစ်မရေ Toilet ကဘယ်နားမှာလဲလို့ မေးလိုက်တော့ "ဟယ် ငါက ထိုင်းလိုလို တရုတ်လိုလိုနဲ့ဆိုတော့ နိုင်ငံခြားသားထင်နေတာ၊ သွားပါပြီ" တဲ့ "ဟိုအနောက်ကို သွား" တဲ့
ကိုယ့်မှာ ရီချင်လိုက်တာဆိုတာ။ 😆 သေးထွက်ကျမှာစိုးလို့ မရီတော့ပဲ Toilet ပဲ တန်းသွားလိုက်ရတယ်။
ပြီးတော့ ကန်တော့ပလ္လင်ဘုရားကို ပတ်ကြည့်တယ်။ အထဲဝင်ကြည့်တယ်။ တည်ထားသူက ပထမက နရပတိစည်သူမင်းကတည်တာ၊ နရပတိစည်သူဆိုတာ စည်သူ ၂၊ စူဠာမဏိကိုတည်သူပဲ၊
သူက ကန်တော့ပလ္လင်ကိုတည်နေရင်း နတ်ရွာစံတော့ သားတော် ဇေယျသိင်္ခ ခေါ် နားတောင်းများမင်းက ဆက်လက်တည်ခဲ့တယ်။ နားတောင်းများမင်းဆိုတာ ထီးလိုမင်းလိုကိုတည်ခဲ့တဲ့ မင်းပဲ။
ပုဂံက ဈေးသည်တချို့က ဈေးရောင်းရင်း ပုဂံဘုရားတွေနဲ့ပက်သက်တဲ့ လင်္ကာလေးတွေဆိုပြကြတယ်၊ ဘုရား ၁၁ ခုပါတာတော့ သိတယ်။ အကုန်မမှတ်မိတော့ဘူး။ အဲ့ထဲမှာ ပြစ်မှားမိတာ
ကန်တော့ပလ္လင်ဆိုတာပါတယ်ဗျာ။ ကိုယ်ကလည်း ဖတ်ထားမှတ်ထားတာတွေနဲ့ လေ့လာကြည့်ရှုတာပေါ့လေ။ သေချာတာတော့ ကန်တော့ပလ္လင်ဘုရား အပေါ်တက်လို့သာရရင် အဲ့ပေါ်ကမြင်ရတဲ့
မြင်ကွင်းက တော်တော်လေးကို လှမှာဗျ၊ ဘေးမှာ ဧရာဝတီမြစ်ကြီး၊ အရှေ့ဘက်မှာ သဗ္ဗညု နဲ့ ပုထိုးသားများကို နီးနီးလေးမြင်ရမယ်၊ ဆက်ကြည့်ရင် အာနန္ဒာပါထပ်မြင်ရမယ်၊ အရှေ့တောင်ဘက်ကို
မျှော်ကြည့်လိုက်တာနဲ့ ဓမ္မရံကြီးနဲ့ စူဠာမဏိကို တုရင်တောင်နောက်ခံနဲ့ မြင်ရမှာဗျာ။ စိတ်ကူးနဲ့တင် တော်တော်လေးလှနေပြီ။
ကန်တော့ပလ္လင်ကထွက်လာပြီးတော့ နောက်ထပ်ဝင်ခဲ့တဲ့နေရာကတော့ ပုဂံပြတိုက်ပဲ။ နေရာတနေရာ၊ မြို့တမြို့ရဲ့ အကြောင်းကို သေချာသိချင်ရင် အဲ့ဒီနေရာ၊ မြို့မှာရှိတဲ့ ပြတိုက်ကို ဝင်ကြည့်
သင့်တယ်တဲ့ဗျ။ ပုဂံကိုလည်ဖို့ တရက်တာသာ အချိန်ရပေမယ့် တမနက်နဲ့တင် တော်တော်လေးသွားခဲ့ပြီးပြီဆိုတော့ ပြတိုက်ကိုဝင်သင့်တယ်ဆိုပြီး ဝင်ခဲ့လိုက်တော့တာပဲ။ အဲ့တုန်းကကျတော့
ပြတိုက်ထဲဝင်မယ်ဆိုရင် အပြင်က locker ထဲမှာ ပစ္စည်းတွေအကုန်ထားခဲ့ရတာဆိုတော့ ဘာပုံမှ မရိုက်ခဲ့ရဘူး။ အခုနောက်ပိုင်းကျတော့ ပြတိုက်က DSLR ကင်မရာအကြီးတွေကလွဲပြီး၊
ဖုန်းတွေကို အထဲယူခွင့်ပြုပြီဆိုတော့ ပုံလေးတွေ ရိုက်ခဲ့နိုင်ကြပြီပေါ့။ နောက် ၂ နှစ်လောက်နေတော့ ပုဂံပြတိုက်ထဲမှာ သင်တန်းတက်ခဲ့ရတော့ ပြတိုက်ကို လုံးစေ့ပတ်စေ့ လျှောက်ပတ်ကြည့်ခဲ့
ရတော့ အဆင်ပြေခဲ့တော့တယ်။ ပုဂံရောက်ရင် အချိန် ၁ နာရီလောက်ပေးပြီး ပုဂံပြတိုက်ကိုလေ့လာစေချင်ပါတယ်ဗျ။ ပုဂံခေတ်အကြောင်း၊ ဘုရားတွေတည်ခဲ့ပုံတွေ၊ သမိုင်းကြောင်းတွေ၊ ပုဂံခေတ်
အနုပညာ၊ ဆံပင်ထုံးဖွဲ့ပုံတွေ၊ ကျောက်စာတွေ၊ ပုဂံခေတ်က ဆင်းတုတော်တွေ စသဖြင့် များစွာကို တနေရာတည်း လေ့လာနိုင်ပါတယ်။ နေ့လည် နေ့ခင်း နားမယ့်အချိန်မှာ ဝင်ကြည့်မယ်ဆိုရင်
အချိန်ကုန်လည်းသက်သာ၊ အေးအေးဆေးဆေးလည်း လည်ပတ်ပြီးဖြစ်သွားတာပေါ့။
ပြတိုက်ထဲကထွက်လာပြီးနောက် ဆက်သွားတာက မြင်းကပါဘက်၊ မြစေတီနဲ့ မြင်းကပါဂူပြောက်ကြီး။ မြစေတီနဲ့ ဂူပြောက်ကြီးဆိုတာ ပုဂံသမိုင်းနဲ့ပက်သက်ရင် ရာဇကုမာရ်မင်းသားနဲ့ ဆက်စပ်ပြီး
စာသင်ခန်းထဲမှာရော အပြင်မှာ လူတွေ စွဲနေခဲ့တဲ့ ဇာတ်လမ်းပေါ့။ ကျန်စစ်သားက မဏိစန္ဒာနဲ့ ငြိစွန်းမိပြီး အနော်ရထာက ဒဏ်ခတ်လို့ ပြေးလွှားနေရတဲ့အချိန်မှာ မထီးတူမ သမ္ဘူလနဲ့ငြိ၊ လက်စွပ်ကိုပေးခဲ့၊ သားမွေးရင်နန်းတော်လိုက်ခဲ့၊ သမီးမွေးရင် ထုခွဲေရာင်းချစားသောက်ဆိုပြီးပြောခဲ့တဲ့ ဇာတ်ကြောင်းလေးကို ငယ်ငယ်က ရင်ထဲစွဲလို့ပေါ့။ နောက်ကျ သမ္ဘူလက သားငယ်လက်ကိုဆွဲ နန်းတော်လိုက်လာ၊
လက်စွပ်ကိုပြ၊ ရာဇကုမာရ်ဆိုတာ အရှင့်သားပေါ့၊ ကျန်စစ်သားမင်းကြီးကလည်း သားကားအဖျား၊ မြေးကားအရင်းဖြစ်ပြီပေါ့၊ အလောင်းစည်သူကို အိမ်ရှေ့အရာပေးမိပြီးဖြစ်နေလို့ ရာဇကုမာရ်ကို
ဓညဝတီနဲ့တောင်စဉ်ခုနစ်ခရိုင်ကိုစားစေပေါ့။ ကျန်စစ်မင်းကြီး အိုမင်းသောအခါကျ ရာဇကုမာရ်က ရှိသမျှ ထုခွဲရောင်းချပြီး ဖခင် အတွက်ရည်စူးကာ ရွှေဆင်းတုအဆူပြုလုပ်၊ ဖခင်ပေးတဲ့ကျွန်သုံးရွာ
ကိုလည်း လှူကြောင်းလျှောက်ထားသည်ပေါ့။ ကျန်စစ်သားမင်းကြီးကလည်း ကျေးဇူးသိတက်မှုအတွက် နှစ်သက်ဝမ်းမြောက် သာဓုခေါ် ရေစက်သွန်းချသည်ပေါ့။ ရာဇကုမာရ်ကလည်း အဲ့ဘုရားကို
ဌာပနာပြီး ဤဂူပြောက်ကြီးဘုရားကြီးကို တည်ခဲ့သည်ပေါ့။ ပြီးတော့ ရာဇကုမာရ်ကျောက်စာခေါ် မြစေတီကျောင်စာကိုရေးထိုးခဲ့သည်ပေါ့။ ကျောက်စာမှာ ၄ ဘာသာနဲ့ထိုးထားပြီး မြန်မာဘာသာကို
ပထမဆုံး အသုံးပြုခဲ့တဲ့ ကျောက်စာလို့ ဖတ်ခဲ့ရတယ်။ အဲ့လိုအဲ့လို သမိုင်းအကြောင်းရာလေးတွေ တွေးရင်း မြစေတီနဲ့ ဂူပြောက်ကြီးဘုရားကို လည်ပတ်ခဲ့တယ်။ သမိုင်းဆရာ ဒေါက်တာသန်းထွန်း
တို့ကတော့ ဒီလိုအကြောင်းအရာတွေကို ကြားရင် ရီနေမယ်ထင်ပါတယ်။ ပုဂံမင်းဆက် ၅၅ဆက်ဆိုတာတောင်၊ သမိုင်းအထောက်ထားမရှိတဲ့ မင်းတွေဖယ်ပြီး ၁၂ ဆက်သာ အသိမှတ်ပြုခဲ့တာမလား။
ဘယ်လိုပဲဖြစ်ဖြစ် ဂူပြောက်ကြီးဘုရားက နံရံဆေးရေး ပန်းချီတွေက သိပ်ကိုလှတာပါပဲ။ ဖုန်းတွေကင်မရာတွေ အထဲမယူရလို့ မရိုက်ခဲ့ရဘူး။ ရောက်ရင် ဝင်ကြည့်ကြည့်ပါ တော်တော်လေးကို
လက်ရာလှပတာပါ။
မြစေတီနဲ့ဂူပြောက်ကြီးပြီးတော့ ဆက်သွားတာက မနူဟာဘုရား။ စစ်ရှုံးဘုရင် သထုံဘုရင်မနူဟာရဲ့ကောင်းမှု၊ အထဲဝင်လိုက်တာနဲ့ ဘုရားရုပ်ပွားတော် အကြီးကိုမြင်ရတော့ အံ့ဩသွားတယ်။
သထုံဘုရင်မနူဟာက ပုဂံမှာနေရတဲ့ရက်တွေဟာ သူ့အတွက် ကျဉ်းကျပ်ခဲ့လေမလားဆိုတဲ့ အတွေးမျိုးဝင်လာတယ်။ တကယ်က အဲ့အတွေးက မောင်သာချိုရဲ့ တပိုင်းစတကန္တာရထဲက
ယွန်းနံ့စွဲနေတဲ့ စာမျက်နှာများစာအုပ်ထဲက ဖတ်ဖူးခဲ့တဲ့ စာလေးပါ။ တကယ်ရောက်တဲ့အခါလည်း အဲ့လိုခံစားချက်မျိုးပေးတယ်။ ဘုရားထဲလည့်ပတ်နေရင်း စိတ်တွေလေးလံလာလို့ ပြန်ထွက်ခဲ့လိုက်တယ်။
စိတ်ထဲမှာတော့ ဪ... မနူဟာရဲ့ အကျဉ်းစံနေ့ရက်တွေက ဘယ်လှပခဲ့ပါ့မလဲနော်ဆိုပြီး တွေးနေမိတယ်။
စိတ်လေးလံစွာနဲ့ပဲ မနူဟာဘုရားကထွက်လာပြီး မြို့သစ်ဘက်ကိုဆက်ထွက်လာခဲ့လိုက်တယ်။ စိတ်တွေက ကြည်လင်မနေတော့ အေးဆေးလေးနားမယ်ဆိုပြီး သူငယ်ချင်းကိုပြောတော့ လောကနန္ဒာဘက်ပဲ
ဆက်သွားလိုက်တော့တယ်။ အချိန်က ညနေလည်း ရောက်တော့မှာဆိုတော့ လောကနန္ဒာမှာ အေးဆေးနား၊ ပြီးရင် ရွှေဆံတော်ပြန်ပြီး နေဝင်ချိန်ကြည့်ကြမယ်ပေါ့။ လောကနန္ဒာရောက်တော့၊ ဘုရားပေါ်ပတ်၊
အုတ်ခုံလေးမှာထိုင်ရင်း ဓာတ်ပုံရိုက်၊ ပြန်ဆင်းလာပြီး ကမ်းပါလေးက အုတ်ခုံလေးတွေမှာ ထိုင်ရင်း ဧရာဝတီမြင်ပြင်ကြီးကို ငေးမောနေလိုက်တယ်။ ရေကျချိန်ဆိုတော့ အလယ်မှာရေကအိုင်ဖြစ်နေပြီး
ပတ်ပတ်လည်မှာ သောင်ထွန်းနေရော။ မြင်ကွင်းထဲပေါ်လာတာက နိုင်ငံခြားသားယောက်က မြစ်ပြင်ကို surfing board လေးတခု စီးရင် ဖြတ်ကူးနေတာ။ ကိုယ်ကရေကြောက်တက်တော့ ဒီကောင်
မကြောင်ဘူးလားမသိဘူးပေါ့။ ဘာမှလည်း မပါဘူး board လေးတခုနဲ့ မြစ်ပြင်ကိုဖြတ်ကူးနေတာဗျာ။ တကယ့်ကောင်။
နေကလည်း သိပ်မကျသေးဘူး၊ စူဠာမဏိနဲ့ ဓမ္မရံကြီးလည်း ဝင်ချင်သေးတော့ လောကနန္ဒာကနေ ထွက်လာခဲ့လိုက်တယ်။ မြင်းကပါကိုပြန်ဖြတ်ပြီး အနော်ရထာလမ်းအတိုင်းသွားပြီး ဓမ္မရံကြီးသို့ဆိုတဲ့
မြေသားလမ်းလေးကိုဝင်သွားတယ်။ ဓမ္မရံကြီးကိုေရာက်တော့ ဪ... ငါအရင်က ပုဂံကို ဓမ္မရံကြီးကို ပြေးပြေးမြင်ပြီး ပြောလိုက်ရတာ၊ ဒါဟာ ဓမ္မရံကြီး အစစ်ပါပဲဆိုပြီး သေချာကြည့်ပြီး
အံ့ဩနေခဲ့တာ။ ဓမ္မရံကြီးဟာ သိပ်ကို နာမည်ကြီးထိုက်ပါပေတယ်။ သမိုင်းကြောင်းအရသာ မကောင်းတဲ့မင်းအဖြစ် နာမည်ကျော်တဲ့ နရသူမင်းတည်ခဲ့သည်ပေါ့။ တကယ်ကို ချီးကျူးထိုက်တဲ့ လက်ရာတွေ
နဲ့ပြည့်နေတာပါ။ နရသူဆိုတာ အလောင်းစည်သူမင်းကြီးရဲ့သားငယ်၊ ဖခင်ကိုလည်း နာမကျန်းဖြစ်ချိန်မှာ ရွှေဂူကြီးဘုရားကိုပို့၊ ခေါင်းအုံးနဲ့ဖိသတ်၊ နောင်တော် မင်းရှင်စောကိုလည်း ထီးနန်းပေးမည်ဆိုကာ
လိမ်လည်ခေါ်၊ ထီးနန်းတင်ပြီး ညကျ အဆိပ်ခတ်သတ်၊ ဖခင်ကိုလည်း သတ်၊ နောင်တော်ကိုလည်းသတ်၊ ဝေသာလီပြည်မှ ဆက်သတဲ့ ကုလားမင်းသမီးကိုလည်း သတ်၊ အကုသိုလ်တွေကျေစေငှား
ဓမ္မရံကြီးစေတီကိုတည်ခဲ့သည်ပေါ့။ ကုလားပြည်က ဟူးရားတွေ လာရောက်လုပ်ကြံလို့ သေတော့၊ ကုလားကျမင်းဆိုပြီး နာမည်တွင်ပါရော၊ ဪ နရသူ နရသူ၊ အကုသိုလ်ကြီးလိုက်တာ။
အဲ့လိုနဲ့ ဖတ်မှတ်ထားတဲ့ သမိုင်းကြောင်းတွေက စိတ်ထဲဝင်လာရင်း၊ ဓမ္မရံကြီးကပြန်ထွက်ပြီး စူဠာမဏိဘက်ခရီးဆက်ကြတယ်။ ဓမ္မရံကြီးဘုရားက ဘုရားသမိုင်းရှင်းပြပါရစေဆိုတဲ့ ကလေးလေးကိုတော့
ကိုယ်က ပြန်ရှင်းပြလိုက်တာ ကလေးလေး ပြေးသွားပါလေရော။
အပိုင်း ၈ ဆက်ရန်
ချစ်သောပုဂံ (၆)
https://www.facebook.com/111324201453952/posts/135749162344789/
#baganscent #article #အင်ယာမင်မင်
ချစ်သောပုဂံ (၆) (ဖတ်ရန်)
အာနန္ဒာဘုရားမှာ တော်တော်ကြာကြာလေး လှည့်ပတ်ကြည့်လို့ဝတော့၊ နေ့လည်စာစားချိန် နီးလာပေမယ့် မနက်ပိုင်းက ညောင်ဦးဈေးထဲမှာ စားထားတာတွေများတော့၊ မဆာသေးတာနဲ့ တနေရာဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။
အာနန္ဒာကနေထွက်ပြီး သရပါဝင်ပေါက်ကနေ ဝင်လာပြီး ဓာတ်ပုံလေးရိုက်ပြီးတော့ နန်းတော်ရာရှေ့က ပုဂံနန်းတော်ကြီးထဲ ဝင်ကြည့်မယ်ပေါ့။ ဝင်ကြေးပေးရတာတော့ မှတ်မိတယ် ဘယ်လောက်လဲ သေချာမသိတော့ ဘူး။
၁၀၀၀ လား ၅၀၀ လား တခုခုပဲ။ သူငယ်ချင်း ၂ ယောက် ဆိုင်ကယ်လေး မုခ်ရှေ့နားရပ်ပြီး ဝင်ကြည့်ကြတယ်။ ပုဂံသမိုင်းကြောင်းကို အမှတ်ရစေဖို့နဲ့ တချိန်က ပုဂံနေပြည်တော်ကြီးမှာ ဘုရင့်နန်းတော်ဆိုတာ ဒါမျိုးလား
ဆိုတဲ့ သိချင်စိတ်ကို ပြေပျောက်စေတဲ့ မြင်ကွင်းမျိုးပါပဲ။ တကယ်လှပါတယ်။ ဒါပေမယ့် နန်းတော်က လေ့လာဖတ်ရှုခဲ့ရသလောက်နဲ့ စိတ်ကူးနဲ့ ပေါင်းစပ်ပြီး ပြန်လည် တည်ဆောက်ထားတာဆိုတော့ ပုဂံခေတ်က နန်းတော်ဆိုတာ
ဒါမျိုးပဲလို့တော့ တထစ်ချ မတွေးစေချင်ဘူး။ တချို့ အပြင်အဆင်တွေက ပုဂံမဆန်ပဲ အင်းဝခေတ်လိုလို ကုန်းဘောင်ခေတ်လိုလို အပြင်အဆင်တွေလည်း မြင်တွေ့ရတယ်။ ကလေးတွေအတွက်တော့ ဒီလိုနေရာမျိုးက
လိုအပ်ပါတယ်။ ဓာတ်ပုံရိုက်ဖို့တို့ အပန်းဖြေဖို့တို့အတွက်လည်း လာလည်နေကြတာဆိုတော့ မဆိုးလှဘူးပေါ့။ နန်းတော်ကြီးရဲ့ အနောက်ဘက်မှာ open type ဇာတ်စင်တခုတွေ့ရတယ်။ တညလောက် အဲ့မှာ
ပုဂံဇာတ်လမ်းတခုလောက် ကြည့်ချင်စိတ်ဖြစ်မိတယ်။ ပုဂံမြို့သူ ဇာတ်လမ်းတွဲထဲမှာတော့ မြင်လိုက်ရတယ်။
သိတဲ့အတိုင်း မြန်မာတနိုင်ငံလုံးမှာ ဆောက်ထားတဲ့ နန်းတော်တွေ ကိုကြည့်ကြည့်ရင် သိပ်ပြီးကွဲပြားမနေဘူး။ ပဲခူးရောက်လို့ ကမ္ဘောဇသာဒီ နန်းတော်ဝင်ကြည့်ရင်လည်း မြင်ရတဲ့ အပြင်အဆင်တွေက သိပ်ပြီးမကွဲပြားလှဘူး။
တကယ်တော့ နန်းတော်တွေကို ဆောက်ခဲ့ကြတဲ့အချိန်ကာလက တကယ့် သမိုင်းအစစ်ကို ထင်ဟပ်စေချင်လို့ မရရအောင် အချက်အလက်တွေရှာဖွေတည်ဆောက်ခဲ့ကြတာထက် လည်ပတ်စရာနေရာတနေရာအဖြစ်လောက်သာ
ကန်ထရိုက်တွေနဲ့ ဆောက်လုပ်ခဲ့ကြတာရယ်။ မန္တလေးက မြနန်းစံကျော်ရွှေနန်းတော်ကြီးမှာတောင် ကုန်းဘောင်ခေတ်လက်ရာစစ်စစ် အနည်းငယ်ကိုသာ မြင်တွေ့ရတော့တာလေ။ ပြင်ရင်လည်း မူလလက်ရာလို ရအောင်ပြင်ကြတာမှ
မဟုတ်ဘဲ။ အခုခေတ်အိမ်ဆောက်ပစ္စည်းတွေနဲ့ အဆင်ပြေသလို ပြင်ဆင်နေခဲ့ကြတာ။ ထိန်းသိမ်းပြုပြင်နေတာတွေက တလွဲကြီးတွေ။ ခြုံကြည့်ရင်သာ ဒီလိုပါလားဆိုပြီး မြင်ရတော့တာ။ အတော်လည်း စိတ်မကောင်းစရာပါပဲ။
ဒါကတော့ နိုင်ငံအခြေအနေ၊ စီးပွားရေးအခြေနေ၊ အသိပညာ၊ တန်ဖိုးထားမှု၊ authority တွေရဲ့ စောင်တလွဲ လုပ်နိုင်မှု စတဲ့ စတဲ့ အချက်ပေါင်းများစွာ ရှိနေတော့လည်း စိတ်မကောင်းဖြစ်ရုံမှအပ အခြားမရှိပေါ့။
နန်းတော်ထဲကထွက်လာပြီးနောက် ဗိုက်ဆာလာတာနဲ့ နေ့လည်စာစားဖို့ ဘယ်ဆိုင်မှာစားမလဲ စဉ်းစားရင်း ဗူးဘုရားနားက ဈေးဆိုင်တန်းမှာ ထမင်းဆိုင်လေးတွေရှိတာ သိရတော့ ဗူးဘုရားဘက်ပဲ ထွက်ခဲ့လိုက်တယ်။
ဗူးဘုရားရှေ့က ထမင်းဆိုင်တန်းလေးတွေက တခုကောင်းတာက River View ပဲ။ နေ့လည်စာစားရင်း မြစ်ကြီးကိုငေး မိုက်နေရော။ ပြောသာပြောတာ အစားသောက်တွေကလည်း တော်တော်လေး အရသာရှိပါတယ်။
ဆိုင်နာမည် မမှတ်မိတော့သလို ကင်မရာထဲက ဓာတ်ပုံတွေကလည်းလည်း ရှေ့အပိုင်းမှာ ပြောခဲ့သလို ပျက်ကုန်တော့ ဆိုင်ပုံကိုလည်း မသိရတော့လို့ sorry ပါ။ ပုဂံမှာ နေ့လည်စာကို ပထမဆုံးစားဖူးခြင်းပေါ့။
ပန်းကန် သေးသေးလေးတွေနဲ့ side dish တွေအများကြီးလာချတော့ ပထမဆုံးဆိုတော့ အံ့ဩမိသေး။ အများကြီးပဲလေ main dish တွေ စားဖို့မလိုတော့လောက်အောင်ပဲ။ နှမ်းဖတ်ချဉ်သုပ်ဆိုတာလေး
ပထမဆုံးစားဖူးတာ အရမ်းသဘောကျသွားတယ်။ နှမ်းဖတ်ချဉ်သုပ်လို့ပြောလို့သာ မှတ်ထားလိုက်ရတာ ဘာမှန်းသိတာ မဟုတ်ဘူး။ နောက်ပိုင်း ပုဂံမှာ အလုပ်လုပ်တော့ မနက်စာထမင်းကြော်စားတိုင်း နှမ်းဖတ်ချဉ်ပါလာတော့ အဲ့ကျမှ မေးကြည့်မှ နှမ်းဖတ်ချဉ်လို့ခေါ်မှန်းသေချာသိရတယ်။ အဲ့တုန်းကတော့ စားလို့ကောင်းတာပဲသိတယ်။ main dish ကဘာနဲ့စားခဲ့လဲတောင် မသိတော့ဘူး။
စားလို့ကောင်းလို့ မှတ်မိနေတာက ခရမ်းသီး သေးသေးလေးတွေကို နှပ်ထားတာလေးရယ်၊ သရက်ချဉ်သုပ်ရယ်၊ နှမ်းဖတ်ချဉ်သုပ်ရယ်၊ အချဉ်ရည်ဟင်းလေးရယ် အဲ့တာနဲ့ စားတာပဲမှတ်မိနေတယ်။
ထမင်းစားပြီးတော့ ကြံရည်လေးမှာသောက်ရင်း ရေခမ်းခြောက်နေတဲ့ ဧရာဝတီမြစ်ကြီးကိုကြည့်ရင်း ငေးနေမိတယ်။ ဘာစကားမှ မပြောပဲ ငေးကြည့်နေရတာကိုက တော်တော်လေး ကြည့်လို့ ကောင်းနေတာ။ နိုဝင်ဘာဆိုပေမယ့်
မနက်ပိုင်းမှာသာ အေးပြီး နေ့လည်ပိုင်းကျတော့ ပူတာပါပဲ။ နေရောင်အောက်မှာ ပူပြင်းလွန်းတော့ မြစ်ထဲက သဲသောက်ပြင်မှာ အပူငွေ့တွေထပြီး တံလျက်ထင်နေတာတောင် မြင်နေရတယ်။ အစက ရေထင်နေတာ၊ တံလျက်
ရေထင်ဆိုတာ ဒါမျိုးပဲဆိုပြီး နောက်မှ သဘောပေါက်ခဲ့သေး။ အေးအေးဆေးဆေးနေချင်ပေမယ့် သွားချင်တဲ့ နေရာတွေများနေတော့ ခနထိုင်ပြီး ထွက်လာခဲ့ကြတယ်။ ထမင်းစားကောင်းကြောင်းကျေးဇူးတင်စကားလည်း ပြောခဲ့ရင်းပေါ့။
နေ့လည်ပိုင်းရောက်ပြီဆိုတော့ မျက်စိနေရှိန်တော့ နေကာမျက်မှန်လေးတလက်ကို ထမင်းဆိုင်ဘေးက ဆိုင်လေးမှာ ဝယ်ပြီး နောက်တနေရာကို ထွက်လာလိုက်တယ်။
အပိုင်း (၇) ဆက်ရန်
ချစ်သောပုဂံ (၅)
https://www.facebook.com/111324201453952/posts/133250665927972/
#BaganScent #အင်ယာမင်မင်
ချစ်သောပုဂံ (၅)
ထီးလိုမင်းလိုမှာ အုန်းရည်သောက်ပြီး ဆက်သွားတာက အာနန္ဒာ။ အနုမှာအာနန္ဒာဆိုတဲ့ အာနန္ဒာ။ အာနန္ဒာအကြောင်းပြောရမယ်ဆိုရင်...
အာနန္ဒာဘုရားကြီးကို တည်ခဲ့တာက ကျန်စစ်သားမင်း။ တည်ခဲ့တဲ့ ခုနှစ်က ၁၀၉၁၊ ဆိုတော့ နှစ် ၉၃၀ ကျော်ပြီ။ ဘုရားသမိုင်းကို ရှေးအစဉ်အဆက် ပြောခဲ့ကြတာကတော့ ကျန်စစ်သားမင်းလက်ထက်မှာ ဂန္ဓမာဒနတောင်က ရဟန္တာအရှင်မြတ်
၈ ပါး ပုဂံပြည်ကို ကြွလာတယ်။ ကျန်စစ်သားမင်းက ဝါတွင်း ၃လပတ်လုံး ကျောင်းဆောက် ဆွမ်းလုပ် ကျွေးခဲ့တယ်။ ကျန်စစ်သားမင်းက ရဟန်းတော်တွေ ပြောကြားခဲ့တဲ့ ဩရိသပြည် ဥတ္တရဂီရိတောင်မှာရှိတဲ့ အနန္တလှိုဏ်ဂူပုံသဏ္ဌာန်ကို
ဖန်းဆင်းပြသခိုင်းခဲ့ပြီး အနန္တလိုဏ်ဂူပုံစံအတိုင်း အာနန္ဒာစေတီကို တည်တယ်။ ကာလကြာလာတော့ အနန္တကနေ အာနန္ဒာဖြစ်တာတယ်ပေါ့။ တချို့ကလည်း ဘုရားရှင်ရဲ့ အနန္တပညာကို ရည်မှတ်ပြီး အနန္တဘုရား၊ အဲ့ဒီကနေ ကြာလာတော့
အာနန္ဒာ လို့ ခေါ်ကြတာလို့လည်း ဆိုကြတယ်။ ဘယ်ဟာ အမှန်ရယ်လို့ မသိဘူး၊ ဒီတိုင်းမှတ်ထားလိုက်တာကောင်းတယ်။ မူကွဲလေးတွေရှိတယ် ဘာညာဆိုပြီး ကလေးတွေကိုပြန်ရွှီးပေါ့ ။ ဘုရားသမိုင်းဆိုတာ ဒီလိုပဲ ဒဏ္ဍာရီတွေ ပုံပြင်တွေနဲ့
ရောပြွန်းနေကြတာချည်းပဲလေ။
အာနန္ဒာဘုရားမှာ တည်ကတည်းက ကာရံထားတဲ့ တံတိုင်းကြီးတွေရှိတယ်။ ထူးထူးခြားခြား အုတ်စောင်းတန်းကတော့ ၃ ဘက်ပဲပါတယ်။ တောင်ဘက် မြောက်ဘက်နဲ့ အနောက်ဘက်မှာ စောင်းတန်းတွေရှိပြီး အရှေ့ဘက်မှာတော့ စောင်းတန်းမရှိဘူး။
ဆိုတော့ အာနန္ဒာဘုရားကို လုံးဝပကတိအတိုင်း panorama view နဲ့ ကြည့်ချင်ရင် အရှေ့ဘက်မုခ်ကနေ ကြည့်သင့်တယ်။ အရှေ့တောင် အရှေ့မြောက် အဆင်ပြေတဲ့ ထောင့်ကနေကြည့် ဘုရားတဆူလုံးကို သေချာမြင်ရတယ်။ ဓာတ်ပုံရိုက်လို့
ကောင်းတာလည်း အဲ့နေရာတွေပဲ။ စောင်းတန်းရှိတဲ့ဘက်တွေက ဈေးသည်တွေနဲ့ ရှုပ်နေရောလေ။
အာနန္ဒာဂူဘုရားမှာ ပတ်လမ်းက ၂ ထပ်ရှိတယ်။ အပြင်ပတ်လမ်းနဲ့ အတွင်းပတ်လမ်း။ အာရုံခံမုခ် ၄ ဘက်လုံးမှာလည်း မတ်ရပ်ရုပ်ပွားတော်ကြီး ၄ ဆူ၊ ၁ ဘက် ၁ ဆူစီရှိနေတယ်။ ပထမဆုံးရောက်ဖူးရင် မျက်စိလည်တယ်။
ကိုယ်လည်း ပထမဆုံးရောက်ဖူးတော့ မျက်စိလည်နေခဲ့သေးတယ် ။ ပွင့်ခဲ့ပြီးတဲ့ ဘုရား ၄ ဆူကို ရည်စူးပြီး ထည့်ထားခဲ့တာလို့ ဖတ်ရတယ်။ မြောက်ဘက်က ကောက္ကုသန်ဘုရား၊ အရှေ့ဘက်က ကောဏဂုံဘုရား၊ တောင်ဘက်က ကဿပဘုရား၊
အနောက်ဘက်က ဂေါတမဘုရား ဆိုပြီး မတ်ရပ်ရုပ်ပွားတော် ၄ ဆူကိုထည့်သွင်းတည်ထားခဲ့တယ်။ လခွမ်း စာရိုက်နေရင်း မြန်မာ့အသံက ဘုရားအကြောင်းရှင်းပြနေတဲ့ အဒေါ်ကြီးလို ခံစားလာရတယ်။ ဆက်ရေးလိုက်ပါဦးမယ်။
မြောက်ဘက်နဲ့ တောင်ဘက် ၂ ဆူပဲ ပုဂံခေတ်မူလလက်ရာတဲ့။ အရှေ့ဘက်နဲ့ အနောက်ဘက်က မီးလောင်ပျက်စီးသွားလို့ နောက်ပိုင်းခေတ်တွေမှာ အသစ်ပြုပြင် ထုလုပ်ထားတယ်လို့လည်း သိရတယ်။
အရှေ့ဘက်ဘုရားက မူလက စန္ဒကူးသားနဲ့ လုပ်ထားတာ၊ မီးလောင်ပျက်စီးသွားလို့ မင်းတုန်းမင်းလက်ထက်က ပုဂံမြို့ဝန်ဦးဖိုးက ကျွန်းသားနဲ့ အစားထိုးပြုလုပ်ခဲ့တာ။ အနောက်ဘက်ဂေါတမဘုရားကိုတော့ မူလက ရွှေ၊ ငွေ၊ ကြေး၊ သံ၊ ခဲ စတဲ့
ပဉ္စလောဟာနဲ့ သွန်းလုပ်ခဲ့တယ်၊ မီးခပြီး မူရင်းမရှိတော့ဘဲ ၁၈၉၂ မှာ ပုဂံမြို့က ကုန်သည် ဦးစံငြိမ်းက သစ်သားနဲ့ အစားထိုး မွမ်းမံပြင်ဆင်ခဲ့တယ် လို့ သိခဲ့ရတယ်။ ပုဂံရောက်တဲ့အခါ လက်ရာမတူတာကို
သေချာကြည့်ပြီး နှိုင်းယှဉ်ကြည့်ခဲ့ကြပေါ့နော်။ ထူးခြားတာက မြောက်ဘက်ရုပ်ပွားတော်က အဝေးကကြည့်ရင် ပြုံးပြနေတယ်လို့ မြင်ရပြီး အနီးကပ်ကြည့်ရင် တည်နေတယ်လို့မြင်ရတယ်။ ပုဂံခေတ်က illusion ပေါ့။ အာနန္ဒာဆိုတာ ပုဂံမှာ အချိုးအစားကျန
လှပတဲ့ ဘုရားတဆူ ဖြစ်ပြီးတော့ အာရုံခံလေးဘက်လေးလံက ကြက်ခြေခတ်ပုံပန္နက်ဖြစ်တယ်။ အဲ့လိုပန္နက်ပုံမျိုးကို ပုဂံမှာ ၂ ဆူပဲတွေ့ရတယ်။ နောက်တဆူက ဓမ္မရံကြီး။ အကြမ်းဖျင်းဆိုရင် အာနန္ဒာနဲ့ ဓမ္မရံကြီးက ပန္နက်ပုံတူတယ်ပေါ့။
အာနန္ဒာဘုရားကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲ (အာနန္ဒာဘုရားပွဲ) ကိုတော့ နှစ်စဉ်ပြာသိုလမှာ စည်စည်ကားကားကျင်းပကြတယ်။ အခုနှစ်တွေကတော့ ဘယ်စီကားပါ့မလဲနော်။ အရင်ကဆို အာနန္ဒာဘုရားပွဲကို ပုဂံအနီးနားကရွာတွေရော အဝေးကရွာတွေကရော
လှည်းလေးတွေနဲ့ လာကြတာ၊ လှည်းတန်းကြီးကို အရှည်ကြီး၊ စုဠာမဏိဘုရားဘေးကလမ်းကလှည်းတန်းကြီးလာပြီဆို နိုင်ငံခြားသားဧည့်သည်တွေ သိပ်ကြိုက်ကြတာ။ ဓာတ်ပုံတွေလည်း အပြိုင်အဆိုင်ရိုက်ကြပေါ့။
တချို့ပုဂံနောက်ခံရုပ်ရှင်တွေထဲမှာလည်း မြင်ခဲ့ရဖူးတယ်။ ရန်အောင်နဲ့ မေသဉ္ဇာဦး ကိုတွဲပြီးမှတ်မိနေတယ်။ ဘာကားလဲမသိတော့ဘူး။ သိရင် ပြောပြသွားကြပါဦး ။ ပုညခင်ရဲ့ လက်ကျန်လရောင် ဝတ္ထုထဲမှာဆိုလည်း ဇာတ်ကောင် ဆူးပုပ်နဲ့ မြကျေးက
အာနန္ဒာဘုရားပွဲမှာပဲ ဆုံခဲ့ကြတာမလား။ (မဖတ်ဖူးရင် ဖတ်ကြည့်သင့်တယ်နော် )။ ဂျူးရဲ့ မြစ်တို့၏မာယာကတော့ အာနန္ဒာဘုရားမြောက်ဘက်က အရင်ပြတိုက်ဟောင်းထဲက ကျောက်စာတွေကို ကူးရင်း တွေ့ကြတဲ့ဇာတ်လမ်းပေါ့။
အာနန္ဒာဘုရားကြီးရဲ့ လှိုဏ်ပတ်လမ်းတွေက ပုဂံခေတ်ကဆို ဘယ်ပတ်လမ်းက ဘယ်သူ့အတွက်ဆိုပြီး သတ်မှတ်ထားခဲ့ကြတာရှိတယ်ဗျ။ အတွင်းဆုံးပတ်လမ်းက ရဟန်း သံဃာတို့ လှည့်လည် ပူဇော်ဖို့၊ အလယ်ပတ်လမ်းဆိုရင် မင်းညီမင်းသားတို့အဖို့၊
အပြင်ပတ်လမ်းဆိုရင် သာမန်လူပုဂ္ဂိုလ်တို့ ကုသိုလ်ယူလှည့်လည်ဖူးမျှော်ဖို့ စသဖြင့်ပေါ့။ အာနန္ဒာက ဓမ္မရံကြီးလို လှိုဏ်ဂူဘုရားဖြစ်ပေမယ့် ဓမ္မရံကြီးလောက် ပဲ့တင်သံ၊ လှိုဏ်သံတွေ မကြားရဘူး။ ဘာလို့လဲဆိုတော့ ဘုရားပတ်လမ်းရဲ့ နံရံမှာ မုခ်ကပ်လေးတွေ
အများကြီးတွေ့ရလိမ့်မယ်။ မုခ်ကပ်လေးတွေထဲမှာ ဘုရားဇာတ်နိပါတ်ရုပ်တုလေးတွေရှိတယ်။ အဲ့ဒီ မုခ်ကပ်လေးတွေအပါအဝင် မုခ်ပေါင်း ၁၀၀၀ ရှိတယ်လို့လည်း သိရတယ်။ မရေကြည့်ခဲ့ရတော့ မင်မင်လည်း မသိဘူး ။ ပြောချင်တာက အဲ့ဒီမုခ်ကပ်
လေးတွေအများကြီးက နံရံမှာ ချိုင့်ကလေးတွေဖြစ်နေတော့ အသံကနံရံကို အလုံးစုံပြန်မရိုက်တော့ပဲ ပဲ့တင်သံတွေပျောက်သွားတယ်။ ဓမ္မရံကြီးမှာကျတော့ အသံတခုခုထွက်လိုက်ရင် ပဲ့တင်သံကို လှိုဏ်ခေါင်းတလျှောက် ပြန်ကြားနေရတယ်။ အဲဒီကွာခြားမှု
လေးကို ပြောချင်တာပါ။ ပုဂံဆိုတာ မြန်မာရော ကမ္ဘာမှာပါ နာမည်ကြီးပြီးသား၊ အာနန္ဒာကကျတော့ ပုဂံထဲကမှ အနုလက်ရာတွေကြောင့် ထပ်ပြီး individually နာမည်ကြီးတာ။ Tourists တွေဆို အာနန္ဒာကို ကြည့်ပြီး Wow,
Amazing, OMG, That is stunning! စသဖြင့် အံ့ဩထောပနာပြုကြတယ်ကွာ။ Youtube မှာ တခြားနိုင်ငံသားတွေရဲ့ Bagan Vlog တွေ Documentary တွေကြည့်ပြီး အမြဲကြားနေရတဲ့ စကားလုံးတွေပေါ့။
အဲ့ဒီလို အပြင်ကနေမြင်ရတာတင် ဆန်းကြယ်လှပနေတဲ့ အာနန္ဒာမှာ အတွင်းနံရံတွေကလည်း မူလက နံရံဆေးရေးပန်းချီတွေ နံရံပြည့်ရှိခဲ့တာ။ စောင်ဦးနှောက်မရှိတဲ့ အရင်ခေတ်က လူကြီးဆိုသူတွေက စောင်တလွဲတွေအတွေးအခေါ်တွေနဲ့
ဒီလောက်လှပတဲ့ သမိုင်းအမွေ၊ အနုပညာရဲ့ တန်ဖိုးတွေ ဘာမှမသိနားမလည်ပဲ နံရံတွေကို ထုံးသုတ်ခဲ့ကြတယ်လေ။ ဘယ်လောက်ရင်နာစရာကောင်းလိုက်လဲ။ ဒေါက်တာသန်းထွန်းရဲ့ တနေ့တလံပုဂံဘယ်ပြေးမလဲ စာအုပ်ထဲမှာတော့
အာနန္ဒာဘုရား နံရံကို ထုံးအကြိမ်ကြိမ်သုတ်ခဲ့ကြလို့ ဘယ်တုန်းက ဘယ်လောက်ကောင်းတဲ့ ရှေးလက်ရာတွေကို ဘယ်လိုဖျက်ဆီးခဲ့ကြတယ်ဆိုတာ မှတ်တမ်းမရတော့ပါ လို့ ဖတ်ရတယ်။ ရုပ်ပွားတော်တွေ မီးလောင်တယ်ဆိုတာလည်း ဘယ်တုန်းက
ဘာကြောင့်ဆိုတဲ့ မှတ်တမ်းတွေမရှိတော့ မသိရဖူး။ မီးလောင်လို့ ပြန်ပြင်လိုက်ကြတယ်လို့သာ သိရတယ်။ မြန်မာလူမျိုးတွေရဲ့ မှတ်တမ်းမှတ်ရာ အားနည်းမှုတခုလို့ပဲ သဘောထားရမှာပေါ့။ အဲ့တာကြောင့် ဒီနေရာမှာ တခုထည့်ပြောချင်တာကလေ
တနေရာရောက်ရင် ဓာတ်ပုံရိုက်ပါ၊ selfie ချည်းရိုက်နေဖို့တော့ မဟုတ်ဖူးပေါ့နော် ၊ ဓာတ်ပုံရိုက်ထားခြင်းအားဖြင့် တချိန်မှာ ပြောင်းလဲလာတွေကို သိလာရမယ်။ ဓာတ်ပုံမှတ်တမ်းဖြစ်သွားတယ်။ ရိုက်လိုက်သမျှဓာတ်ပုံတွေဟာ တချိန်မှာ တန်ဖိုး
ရှိတဲ့ မှတ်တမ်းတွေ ဖြစ်လာတယ်။ ရိုက်ပြီးရင်လည်း ဓာတ်ပုံလေးတွေကို သေချာသိမ်းပါ။ Internet ခေတ်ရောက်နေပြီဆိုတော့ ဟိုးအရင်ခေတ်တွေကလို ရန်သူမျိုး ၅ပါးကြောင့် ဓာတ်ပုံတွေပျက်စီး ဆုံးရှုံးမှာပူနေစရာမှမလိုတော့ဘူးနော်။
Harddisk ဒါမှမဟုတ် Drive တခုခုထဲမှာ သေချာလေး သိမ်းဆည်းထားမယ်။ ဒါမှဟုတ်ရင် cloud storage တခုခုထဲမှာ သိမ်းထားလို့လည်းရတယ်။
မင်မင်ဆို internet cloud storage တခုမှာသိမ်းထားခဲ့တဲ့ အကျိုးကို အခု ခံစားနေရတယ်။ အခုရေးနေ ပြောပြနေတဲ့ အကြောင်းက ၂၀၁၅ ခုနှစ်က မင်မင်ပုဂံစရောက်ဖူးတဲ့အကြောင်း၊ အပိုင်း ၁ မှာ ရှင်းပြခဲ့ဖူးတယ်။
တကယ်တော့ အဲ့တုန်းက point shoot camera လေးတလုံးနဲ့ ဖုန်းလေးပဲပါသွားတာ။ ကင်မရာထဲကပုံတွေ သိမ်းထားတဲ့ Harddisk ကပျက်သွားတော့ data တွေဆုံးရှုံးခဲ့ရတယ်။ နှမြောဖို့ကောင်းတယ်။ ဖုန်းနဲ့ရိုက်ထားတဲ့ ပုံတွေကို
တော့ Google Photo ထဲ ထည့်ထားခဲ့မိတယ်။ ဖုန်းကလည်း ပျက်သွားပြီ။ တကယ်ဆို အဲ့တုန်းကပုံတွေမရှိတော့ဘူးပြောရမယ်။ ရွှေဆံတော်ပေါ်ကရိုက်ထားတဲ့ နေဝင်ချိန်ပုံတွေဆို ဘယ်လိုမှ ပြန်ရိုက်လို့လည်းမရတော့ဘူးလေ။ ကံကောင်းချင်တော့
Google Photo ထဲ ပြန်ဝင်ကြည့်မိမှ အဲ့ပုံလေးတွေပြန်တွေ့တော့ အရမ်းပျော်သွားပြီး အကုန်ပြန် save ပြီးတော့ အခုလို ချစ်သောပုဂံ အကြောင်းရေးတဲ့ post တွေမှာ အဲ့ပုံတွေ ပြန်သုံးနိုင်ခဲ့တာ။ အဲ့ဒါကြောင့် ဓာတ်ပုံရိုက်ကြပါ။
ပုံလေးတွေကိုလည်း သိမ်းထားကြပါလို့။
အပေါ်ကစာကိုပြန်ဆက်ရရင် အာနန္ဒာဘုရားနံရံတွေမှာ သိပ်ကိုလှပပြီး အဆင့်တန်းမြင့်တဲ့ နံရံဆေးရေးပန်းချီတွေရှိနေတာကို အန္ဒိယရှေးဟောင်းသုတေသနအဖွဲ့အကူညီနဲ့ အလှူငွေတွေကြောင့် သိခွင့်ရခဲ့ကြတာ။ မြောက်ဘက်မုခ်နားက နံရံတွေမှာ
ထုံးတွေကို စနစ်တကျ နည်းပညာအကူညီနဲ့ ပြန်ခွာထားတဲ့ နေရာရှိတယ်။ ရောက်ဖြစ်ရင် သတိတရနဲ့ ကြည့်ကြည့်ပါ။ ပန်းချီလက်ရာတွေကိုပြန် restore လုပ်လို့ရပေမယ့် 100% တော့ဘယ်ရတော့မလဲ၊ ဆေးရောင်တွေမရှိတော့ပဲ အဖြူအမည်းသာ
မြင်ရတော့တယ်။ အဲ့ဒီအဖြူအမည်းတောင် တော်တော်လေးကို လှနေတာ။ တန်ဖိုးမသိတဲ့ သူတွေ ထုံးသုတ်ခဲ့တဲ့ သူတွေကိုလည်း ဆဲခဲ့ကြပေါ့နော် ။
ဘုရားရဲ့ အပြင်ဘက်မှာဆိုရင်လည်း စဉ့်ကွက်တွေကို လေ့လာနိုင်သေးတယ်။ အာနန္ဒာဘုရားက စဉ့်ကွက်တွေက တော်တော်လေးနာမည်ကြီးတဲ့အထဲပါတယ်လို့ သိရတယ်။ ပြီးတော့လေ ဘုရားရဲ့မြောက်ဘက်မုခ်အဝင်လေးမှာ အဖွားတယောက်
မန်ကျည်းပြားလေးတွေရောင်းနေတာ တွေ့ခဲ့ရတယ်။ ကိုယ်ကလည်း မန်ကျည်းပြားကြိုက်တော့ တော်တော်လေးအားပေးခဲ့လိုက်တယ်၊ လက်ဆောင်လည်းပေးလို့ရတယ်ဆိုပြီးတော့ပေါ့။ အဘွားကတော်တော်အသက်ကြီးနေပါပြီ။ ၂၀၁၇ က ပြန်ရောက်တော့
အဲ့အဘွားကို wheel chair လေးနဲ့ ပြန်တွေ့ခဲ့ရတယ်။ ဈေးဆက်ရောင်းနေတုန်းပဲ။ မန်ကျည်းပြားလေးတွေ အားပေးခဲ့ပြီး ဘာလို့အဲ့လိုဖြစ်သွားလဲ မမေးမိလိုက်ဖူး။ ၂၀၁၉ ပုဂံရောက်ပြန်တော့ အာနန္ဒာကိုရောက်ခဲ့ပေမယ့် မြောက်ဘက်မုခ်ကို
သွားဖို့ သတိမရခဲ့ဖူး။ နောက်ပိုင်း ၂၀၂၀၊ ၂၀၂၁ နှစ်တွေတော့ အာနန္ဒာကို လုံးဝမသွားဖြစ်တော့ မသိတော့ဘူး။ အဲ့အဖွားရှိသေးလားတော့ မသိဘူး။ တွေ့ဖြစ်ရင် အားပေးလိုက်ကြပါဦးလို့ ပြောချင်လို့ပါ။ ပုံလေးထည့်ပေးထားပါတယ်။ ပုဂံမှာလည်ပတ်ဖို့ အချိန်သိပ်မရဘူးဆိုရင်
အာနန္ဒာဘုရားကိုသာ သွားပြီး စေ့ငှအောင် ကြည့်ခဲ့ လေ့လာခဲ့၊ ပုဂံအကြောင်း တော်တော်သိလာလိမ့်မယ်။ သေချာသေချာ မှန်မှန်ကန်ကန် ရှင်းပြပေးမယ့်သူရှိရင်ပိုကောင်းတာပေါ့နော်။ မရှိလည်း စာအုပ်တွေဖတ်ပြီး လေ့လာလို့ရပါတယ်။ ပြီးတော့
ချစ်သူလေးသာပါရင်တော့ အာနန္ဒာဘုရားရဲ့ အရှေ့တောင်ထောင့်နားက ရေကန်လေးနားမှာ ချစ်သူလက်လေးကိုဆွဲပြီး ဘုရားဘက်မျက်နှာမူ၊ လက်ဆွဲထားတဲ့ပုံလေးရိုက်ရင် သိပ်လှဆိုပဲ ။
အပိုင်း (၆) ဆက်ရန်
ချစ်သောပုဂံ (၄)
https://www.facebook.com/111324201453952/posts/132410119345360/
#baganscent #အင်ယာမင်မင်
ချစ်သောပုဂံ (၄) (ဖတ်ရန်)
ညောင်ဦးဈေးမှာ အသုပ်စား၊ ဓာတ်ပုံရိုက်ပြီးတော့ ဘုရားတွေဆီ သွားပြီ။ ပထမဆုံး ညောင်ဦးဈေးနဲ့နီးတဲ့ ငှက်ပစ်တောင်ဘုရား နဲ့ ရှင်အရဟံကျောင်းကိုသွားတယ်။ တဆက်တည်း သမီးဝှက်ဥမင်ကိုပါ ဝင်ကြည့်တယ်။
ငှက်ပစ်တောင်နဲ့ ရှင်အရဟံကျောင်းကတော့ ထူးထူးခြားခြား စိတ်ဝင်စားစရာမရှိလှဘူး။ ကိုယ့်အတွက်ပေါ့နော်။ ငှက်ပစ်တောင်စေတီက ခပ်မြင့်မြင့်ကို တက်ပြီး ဖူးရတယ်။ ငှက်ရုပ်အကြီးကြီး တကောင်တွေ့တယ်။
ရေတွင်းဆိုလားတခုတွေ့တယ်။ စာထဲလည်း ဖတ်ဖူးနေပြီး ဇာတ်လမ်းက ဒဏ္ဍာရီဆန်ဆန် ပုံပြင်ဆန်ဆန်ဆိုတော့ သိပ်ပြီး မကြိုက်မိတာလည်း ပါတယ်။ ပြီးတော့ သမီးဝှက်ဥမင်ထဲဝင်ကြည့်တော့ မဲမှောင်နေပြီး
အခန်းတွေ အကန့်တွေနဲ့ဆိုတော့ သဘောကျမိတယ်။ နွေရာသီမှာ အအေးလေးတခွက်နဲ့ စာအုပ်လေးတအုပ်နဲ့ ဒီထဲလာနေလို့ကတော့ ရှယ်ပါပဲပေါ့ ။
နောက်တနေရာက ရွှေစည်းခုံဘုရား။ ညောင်ဦးဈေးအဝိုင်းကနေ လမ်းမတော် ၃ လမ်းအတိုင်း ရွှေစည်းခုံဘုရားဘက်ကို မောင်းလာရင်း၊ အခုနာမည်ကြီးနေတဲ့ ပုန်းရည်ကြီး ထမင်းဆိုင်နားက ပန်းခြံဘေးလမ်းအတိုင်း
ထောင်တက်သွားရင် ရွှေစည်းခုံဘုရား အရှေ့ဘက်မုခ်ကို တန်းရောက်တာပေါ့။ အရှေ့ဘက်မုခ်စောင်းတန်းဘေးမှာ ဆိုင်ကယ်လေးရပ်၊ စောင်းတန်းအတိုင်းတက်သွား၊ စောင်းတန်းက ဈေးတန်းမှာ ဟိုဟိုဒီဒီကြည့်ပြီး
ပုဂံအင်္ကျီလေးဝယ် ဘုရားပေါ်တက် ဘုရားရှိခိုးပြီး လျှောက်ပတ်ကြည့်သည်ပေါ့။ ရင်ပြင်ပေါ်က စာအုပ်ဆိုင်လေးမှာ ပါရဂူရဲ့ ပုဂံခရီးသည် စာအုပ်လေးတောင် ဝယ်ဖြစ်လိုက်သေးတယ်။ အရင်ဝယ်ထားတဲ့ စာအုပ်က
ဘယ်သူ့ငှားလိုက်မိလဲမသိ။ စာအုပ်ထဲက ရွှေစည်းခုံဘုရားအကြောင်းလည်းဖတ်ရင်း ဘုရားကိုလျှောက်ကြည့်ရတာ ပိုအရသာရှိသလိုပဲ။ ဟိုနားကဘာလဲ ဒီနားကဘာလဲ လိုက်မေးစရာမလိုတော့ပဲ စာအုပ်ထဲရေးထားတာတွေကို
အပြင်မှာလိုက်ရှာမိတော့တယ်။ ရွှေစည်းခုံဘုရားရဲ့ အရိပ်က တံတိုင်းအပြင်မထွက်ဖူးဆိုလို့ အရိပ်ဘယ်မှာလည်း လိုက်ရှာကြည့်ရတယ်။ လှံစိုက်ရာလေးဆိုလို့လည်း လိုက်ရှာကြည့်ရတယ်။ နတ်ရုပ်တွေက ဘာလို့ရှိနေတာ၊
စသည်စသည် ထူခြားတာလေးတွေ ဖတ်ရင်း လိုက်ကြည့်နေရတာ ပိုမိုက်သလိုပဲ။ ဒီတိုင်းကြီး ဘုရားရောက် ရှိခိုး၊ နောက်တဆူသွား ရှိခိုး ပြန်၊ ဆိုတာကြီးက ကြာရင် ငြီးငွေ့လာမယ်ထင်တယ်။ ရွှေစည်းခုံမြောက်ဖက်
မုခ်ကနေ ဆင်းသွားရင် မြေသားလမ်းလေးတခုကိုဖြတ်ပြီးရင် မြစ်ကမ်းကိုဆင်းတဲ့ လမ်းလေးနဲ့ လှေကားထစ်လေးတွေရှိတယ်။ အဲ့နေရာလေးရောက်တော့ သမိုင်းကို ပြန်တွေးမိတယ်။ အနော်ရထာမင်းကြီး စွယ်တော်ကို
ပင့်ဆောင်ခဲ့တာလည်း ဒီနေရာကဖြစ်မယ်ထင်တယ်လို့။ ဘုရားတည်ဖို့ သဲကျောက်တွေသယ်တာလည်း ဒီနေရာကဖြစ်မယ်ထင်တယ်လို့ တွေးမိတယ်။ အနော်ရထာမင်းကြီးက တည်ခဲ့ပေမယ့် ထီးလှိုင်ရှင်ဆိုသူ ကျန်စစ်သား
မင်းလက်ထက်မှ အပြီးသတ်တယ်လို့ ဖတ်ဖူးခဲ့တယ်။ မူလက ရွှေစည်းခုံစေတီကြီးကို သဲကျောက်တွေနဲ့သာ တည်ထားခဲ့ပေမယ့် နောက်ပိုင်းခေတ်အဆက်ဆက် ပြုပြင်ခဲ့ကြတာရယ်၊ ရွှေအကြိမ်ကြိမ်ချခဲ့ကြတာတွေကြောင့်
မူလ သဲကျောက်ချပ်တွေကို မမြင်ရတော့ဘူးပေါ့လေ။ ပစ္စယာဆင့်တွေမှာ မူလကတည်းက အကွက်ချပြီး ထပ်ထားခဲ့တဲ့ ငါးရာ့ငါးဆယ်ဇာတ်ရုပ်ချပ်တွေကို အခုချိန်ထိ မူလလက်ရာအသင့်တင့်အတိုင်း ကျန်ရှိသေးတယ်လို့
ပြောကြတယ်။ ကိုယ်လည်း တက်ကြည့်လို့မရတော့ တပ်အပ်တော့ မသိနိုင်ဖူးပေါ့ ။
ရွှေစည်းခုံကို တည်ခဲ့တဲ့နေရာက အကွက်အကွင်းကောင်းကောင်းမှာ ခိုင်ခိုင်ခံခံကြီး တည်ခဲ့တာဆိုတော့ ရေလမ်းကပဲလာလာ၊ ကုန်းလမ်းကပဲလာလာ တဖက်ကမ်းကပဲပုဂံကိုမျှော်ကြည့်ကြည့် ထီးထီးကြီးတွေ့မြင်ကြရတယ်။
ရွှေစည်းခုံဘုရားမှာ ထူးခြားတဲ့ ရှေးဟောင်းလက်ရာတွေအများကြီး ကျန်သေးတယ်လို့လည်း သိရတယ်။ အရှေ့ဘက်မုခ်က ခြင်္သေ့ကြီးတွေရဲ့ရှေ့အဝင်လမ်း ညာဘက်မှာ ကျန်စစ်သားအမိန့်တော်ပြန်တမ်း ကျောက်စာတိုင်
၂ တိုင်ရှိတယ်လို့ သိရတယ်။ အဲ့ကျောက်စာမှာထိုးထားတာက ကျန်စစ်သားနဲ့ပက်သက်တဲ့ ရာဇဝင်မှာမပါတဲ့ အကြောင်းတွေကို ရှေးမွန်ဘာသာနဲ့ ရေးထားတာ။ အဲ့ကျောက်စာကို နိုင်ငံခြာသား ကျောက်စာပညာရှင်တဦးက
ဖတ်ပေးခဲ့လို့ ကျန်စစ်သားအကြောင်းကို ပိုမိုသိလာရတာလို့ စာထဲဖတ်ရတယ်။ ပညာရှင်နာမည်တော့ မသိတော့ဘူး။ သိချင်ရင် ပုဂံနဲ့ပက်သက်တဲ့ စာအုပ်တအုပ်အုပ်သာဝယ်ဖတ်ကြည့်။ ရွှေစည်းခုံအကြောင်းက စာအုပ်တိုင်းမှာ
ပါတာကိုး ။ ဦးဗိုကေရဲ့ ပုဂံသုတေသနလမ်းညွှန် စာအုပ်လေး ကောင်းတယ်။
အဲနောက်တခုမှတ်မိတာက ခေါင်လောင်း၊ မွန်၊ ဗမာ၊ ပါဠိ သုံးဘာသာနဲ့ ကမ္ဗည်းစာပါတဲ့ ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းရဲ့ ခေါင်းလောင်း။ အဲ့ခေါင်းလောင်းက ဘုရားရဲ့ အရှေ့ဘက်အဝင် တောင်ဘက်အုတ်ခုံ
ပေါ်မှာရှိတယ်။ သေချာသိချင်ရင်တော့ စာအုပ်ဝယ်ဖတ်ပါနော် ။
ရွှေစည်းခုံဘုရားမှာ နည်းနည်းကြာသွားပြီဆိုတော့ နောက်တနေရာသွားဖို့ ဆိုင်ကယ်ယူ၊ တောင်ဘက်စောင်းတန်းအတိုင်းထွက်လာခဲ့လိုက်တယ်။ တောင်ဘက်စောင်းတန်းအဆုံးကနေ ပုဂံကိုသွားတဲ့ ညောင်ဦးလမ်းလေးအတိုင်း
သွားနေရင်း ဘေးက ဘုရားအစုလေးတွေကိုလည်း ကြည့်ရင်းပေါ့။ လမ်းမှာမြင်သမျှကို မရောက်ဖူးခင်က သိသမျှလေးတွေနဲ့ ယှဉ်ကြည့်မိတယ်။ နန္ဒာစားသောက်ဆိုင်ကိုဖြတ်သွားတော့ ဪဒါက ရုပ်သေးရုပ်လေးတွေနဲ့
ကပြတဲ့ ဆိုင်၊ ပြီးတော့ သိကြားပုန်းဘုရား၊ ပြီးတော့ ရွှေလိပ်တူး။ ဖတ်ဖူးသလောက်လေးတွေ ပြန်စဉ်းစားကြည်မိတယ်။ ခနနေတော့ ထီးလိုမင်းလို ဘုရားကိုရောက်လာတယ်။ ဒီဘုရားကိုအကြောင်းတော့ သေချာဖတ်ဖူးတယ်
ဝင်ကြည့်မယ်ဆိုပြီး ဝင်ကြတယ်။ ထီးလိုမင်းလိုဘုရားက ဧည့်သည်အလာများတဲ့ ဘုရားထဲမှာပါတော့ အထဲမှာ လူနည်းနည်းရှုပ်နေတယ်။ အဝင်မုခ်ကနေ တိုက်မကြီးမရောက်ခင် လျှောက်လမ်းတလျှောက်မှာ အမှတ်တရ
ပစ္စည်းဆိုင်လေးတွေ၊ အထည်ဆိုင်လေးတွေ၊ သဲပန်းချီအရောင်းဆိုင်လေးတွေကို စုံလို့ပါပဲ။ ပန်းချီကားလေးတွေကလည်း လိုချင်စရာ။ လှလှပပလေးတွေ။ ပုဂံအင်္ကျီတွေကလည်း လိုချင်စရာလေးတွေ။ ဝယ်ခဲ့ပြီးပြီမို့
ထပ်မဝယ်ဖြစ်တော့ပဲ ဘုရားဆီပဲ သွားနေရင်းက လက်ကောက်လိုပစ္စည်းလေးတွေ ကလေးမလေးတွေ အတင်းရောင်းတာနဲ့ အားပေးလိုက်မိပြန်တယ်။ အနည်းဆုံးတော့ အိမ်ပြန်ရောက်ရင် တပည့်တွေကို လက်ဆောင်
ပေးလို့ရတယ်ပေါ့လေ။ အဲ့တုန်းက ကိုယ်က စာလည်းသင်နေတာဆိုတော့ အဆင်ပြေသွားတာပေါ့။
ထီးလိုမင်းလိုဘုရားကတော့ ဂူဘုရားပုံစံပေါ့။ Temple Type။ ရွှေစည်းခုံနဲ့ မတူဘူး။ ရွှေစည်းခုံက Stupa။ Solid Type ပေါ့။ ပုဂံက ဘုရားတွေအကုန်လုံးကို ခြုံပြီး Pagodas လို့ခေါ်လို့ရတယ်။
ဒါပေမယ့် ဘုရားတခုချင်းစီရဲ့ နာမည်နဲ့ပြောမယ်ဆိုရင် သတိထားရမယ်ပေါ့နော်။ အဓိကက English လို သုံးမယ်ဆိုရင်ပေါ့။ လေ့လာခဲ့ရသလောက် ပုဂံမှာ ဘုရားစေတီ အဓိက Type ၃ မျိုးခွဲလို့ရတယ်ပေါ့နော်။
၁. Stupa (သူက စေတီလို့ပြောရမယ်၊ ရွှေစည်းခုံ၊ မင်္ဂလာစေတီ၊ မြစေတီ၊ ဓမ္မရာဇက၊ ရွှေဆံတော် စသဖြင့်ပေါ့၊ စိမ်းညက်ညီမ ဆိုရင် ၂ မျိုးလုံးကိုတခါတည်းတွေ့နိုင်တယ်။)
၂. Temple (သူက ဘုရားကျောင်းလို့ ပြောလို့ရမယ်ထင်တယ်၊ အထဲကိုလူဝင်လို့ရမယ်။ ထီးလိုမင်းလို၊ စူဠာမဏိ၊ အာနန္ဒာ စသဖြင့်ပေါ့၊ အဲ့ဒီမှာထပ်ခွဲလို့ရမယ် ကွမ်းတောင်က စေတီပုံစံလို အဝိုင်းရယ် ဥပမာ ကုန်းတော်ကြီးဘုရား၊
နောက်တခုက ကွမ်းတောင်ကလေးထောင့်ကျကျ အထစ်ကလေးတွေပါတဲ့ပုံစံ ဥပမာ အာနန္ဒာဘုရားကွမ်းတောင်လိုပေါ့ ဒီတခုက ပုဂံဘုရားအများစုမှာရှိတဲ့ပုံပေါ့)
၃. Monastery (ဘုန်းကြီးကျောင်းလို့ ပြောရမလားပဲ၊ သူက ဘုရားဆိုတာထက် အုတ်ကျောင်းတွေ၊ သစ်သားကျောင်းတွေပါတာပေါ့၊ ဥပမာ အာနန္ဒာအုတ်ကျောင်းတို့ နတ်ထောင့်ကျောင်းတို့ပေါ့)
Technical Terms တွေ နောက်ပိုင်းကျမှ ထပ်ပြောပါတော့မယ်။
ထီးလိုမင်းလိုဘုရားထဲကို ပတ်ပြီး အပြင်ကိုလည်း ပတ်ကြည့်လိုက်တယ်။ ထီးလိုမင်းလိုဘုရားက အင်္ဂတေအနုလက်ရာတွေ တော်တော်ကျန်သေးတာကို သတိထားမိတယ်။ ဘယ်ရမလဲ ဓာတ်ပုံရိုက်ပြီလေ။ ထီးလိုမင်းလိုဆိုတာ
နိုင်ငံ့ခေါင်းဆောင်တွေထဲမှာ တော်တော်လေး သဘောခွေ့ကြတဲ့ ဘုရားပဲဗျ။ မှတ်မိမှာပေါ့ ၂၀၁၉ လောက်တုန်းက ထီးလိုမင်းလိုဘုရားကို ထီးတော်ပြန်တင်တာ ဘယ်သူလဲဆိုတာ။ ဘုရားရဲ့သမိုင်းကြောင်းကလည်း သူတို့ ကြိုက်ချင်စရာ
ပါပဲ။ ဒါတွေက သိပြီးနေကြပြီးထင်လို့ ထည့်ရေးမနေတော့ပါဘူး။ သေချာတာတခုကတော့ ထီးလိုမင်းလိုဘုရားကို သဘောကျတယ်။ နောက်တခါ အချိန်အကြာကြီး ပုဂံရောက်ဖြစ်ရင် ထပ်လာရမယ့်အထဲ ဒီဘုရားပါတယ်။
ဓာတ်ပုံရိုက်စရာတွေ အများကြီးရှိသေးတယ်။ လေ့လာစရာတွေ အများကြီးကျန်သေးတယ်။ ပြန်ထွက်လာတော့ မြောက်ဘက်မုခ် အဝင်ကားလမ်းဘေးလေးမှာ အုန်းသီးတွေရောင်းနေတာတွေ့တာနဲ့ အုန်းရေသောက်လိုက်ကြသေးတယ်။
နေပူပူ လေပူပူအောက်မှာ မောနေရင် အုန်းရည်က အကောင်းဆုံးပဲဗျို့။ ဓမ္မရံကြီးရောက်ရင် အုန်းရည်သောက်ကြည့်ပါဆိုတဲ့ post လေးတခု အရှေ့မှာ တင်ထားသေးတယ်ဗျ။ အဲ့မှာက အုန်းသီးကို ရေခဲစိမ်ထားတာ၊ အုန်းရေ
အေးအေးလေးသောက်ပြီးရင် အုန်သီးကိုခွဲ အသားခြစ်ပြီး ကြံရည်လေးနဲ့ ရောသောက်တာ။ ကုလားထိုင်လေးမှာထိုင်ရင်း အုန်းစိမ်းကြံရည်လေးတငုံသောက် အရှေ့က ဓမ္မရံကြီးကို ကြည့်၊ အတွေးလေလွင့် ဘယ်လောက်ကောင်းလိုက်လဲနော်...
အပိုင်း (၅) ဆက်ရန်
ချစ်သောပုဂံ (၃)
https://www.facebook.com/111324201453952/posts/132154126037626/
#baganscent #အင်ယာမင်မင်
ချစ်သောပုဂံ (၃) (ဖတ်ရန်)
ပုပ္ပါးကပြန်လာပြီးနောက်ရက်ကျတော့ ရွာထဲပဲ လိုက်လေ့လာဖြစ်တယ်။ ရွာထဲက ထန်းလျက်လုပ်တာလေးတွေ၊ ထန်းလျက်ကို စုံနေတာပဲ လုပ်ကြတာ၊ ဇီးထန်းလျက်၊ အုန်းထန်းလျက်၊ မန်ကျည်းထန်းလျက်၊ ပေါက်ပေါက်ဆုပ် ထန်းလျက်၊ နှမ်းကပ်ထန်းလျက်၊ တချို့နာမည်မေ့နေတာတွေလည်းရှိသေး။ လက်ဆောင်ဆိုပြီး ထန်းလျက်အစုံပိဿာလိုက်ဝယ်လာမိခဲ့တာ ကားပေါ်ကနေဆင်းတော့ သယ်တောင်မသယ်နိုင်တော့ဘူး ။
ပြီးတော့ ဆောင်းတွင်းဆိုပေမယ့် အညာဘက်ကရွာတွေက ရေရှားတယ်။ နွေဆိုပိုဆိုးပေါ့။ သုံးရေအတွက်တောင် ခြောက်ကပ်ကပ်ရေကန်ကနေ နောက်ကျိနေတဲ့ရေကိုခပ်၊ သစ်သားစည်တွေနဲ့ကဲ့၊ နွားလည်းနဲ့ တမျှော်တခေါ်ကြီးသယ်ကြရတာ။ အိမ်ရောက်တော့ အဲ့ဒီရေက တန်းသုံးလို့မရသေးဘူး။ ရာဝင်စဉ့်အိုးကြီးတွေနဲ့ ထည့်ပြီး ၁ ပတ်တန်သည် ၂ ပတ်တန်သည်ထားပြီး အနည်ထိုင်ပြီး ရေကြည်အောင် လုပ်ကြရသေးတာ။ ပြီးမှ သုံးလို့ရတာ။ ရေအတွက် တော်တော်လေးဒုက္ခများကြရတဲ့အညာဒေသပါပဲ။
ကိုယ်က ချမ်းလို့ ရေသိပ်မချိုးတာက သူတို့အတွက် ရေခပ်ရသက်သာသွားတော့ နည်းနည်းတော့ စိတ်သက်သာရသွားမိသေး ။ ရွာထဲက ကလေးတွေကို ပညာဒါနစာသင်ပေးတဲ့ အိမ်လေးကိုလည်းလိုက်ကြည့်ဖြစ်သေးတယ်။ ပြီးတော့ ဂျပန်ခေတ်တုန်းက ဗုံးဆံထိပြီး အပေါက်ကြီးဖြစ်နေတဲ့ မန်ကျည်းပင်ကြီးလည်း တွေ့ခဲ့ရသေးတယ်။ ပင်စည်ကြီးမှာ အပေါက်ကြီးဖြစ်လို့။ အပင်ကတော့ အခုထိ ရှင်လို့ကောင်းတုန်းရယ်။ ညနေဘက်ဆို ရွာကနေ ပဲခင်းတွေဘက်သွားတဲ့ သဲနစ်တဲ့ လမ်းမှာ ဆိုင်ကယ်စီးတယ်၊ မှောက်တာလည်း ခနခနပဲ ပုံမှန်လမ်းတောင် မနည်းမောင်းနေရတာ သဲလမ်းဆိုတော့ သေပြီလေပေါ့။
မဆိုးပါဘူး အဲ့တုန်းက ဆိုင်ကယ်မောင်းခဲ့ရတဲ့အတွေ့အကြုံက နောက်ပိုင်းကျ တောင်ကြီးကနေ မွေတော်ကက္ကူအထိ၊ ပုဂံကနေ စလေအထိ၊ မန္တလေးကနေ အင်းဝအထိ ဆိုင်ကယ်မောင်းပြီး လျောက်သွားနိုင်ခဲ့တယ် ။ နေဝင်ချိန်တွေကိုတော့ အညာကျေးလက်ရဲ့ သဘာဝထဲကနေ ကြည့်ရှုခဲ့သည်ပေါ့။ ညဘက်ဆို တခုရှိတာက အေးတာအပြင် ခြင်ကိုက်တာပဲ။ ခြင်ကြီးတွေက နည်းတာကြီးတွေမဟုတ်ဖူး ။ ခြင်ကတော့ ရှယ်ကိုက်ပဲ။
ဒီနေ့ကတော့ ပုဂံဆိုတာကြီးကို မျက်မြင်ကိုယ်တွေ့ မြင်ရမယ့်နေ့ပဲဗျ။ မနက်စောစောထွက်ကြတယ်။ ဆိုင်ကယ်နဲ့ဆိုတော့ ပေါ့ပေါ့ပါးပါးပဲ။ ရွာကထွက် ပိုင်ထန်းတဲ ရှေ့နားက ထန်းရည်ဆိုင်လေးမှာ မနက်စာစားကြတယ်။ အဲ့တုန်းက ပိုင်ထန်းတဲက အခုလောက်ကြီး မဖြစ်သေးဘူးဗျ။ ၂၀၁၄ လောက်ကထိ နွားနဲ့ဆီကြိတ်နေတာလေးကို နိုင်ငံခြားသားတွေက သဘောကျလို့ ဓာတ်ပုံဝင်ရိုက်ကြ၊ ဂိုက်တွေက ထန်းရည်လေးဝယ်သောက်ကြ၊ နိုင်ငံခြားသားတွေက သဘောကျတော့ Tips လေးတွေပေးသွား။ နောက်ပိုင်းကျ ဂိုက်တွေကလည်း တိုက်တွန်း၊ သူကလည်းအကွက်မြင်လာတော့ အခုမြင်တဲ့အတိုင်းပဲ အောင်မြင်လာလိုက်တာ ဝမ်းသာစရာပဲ။
မနက်စာလေးစားပြီး တုရင်တောင်သွားကြတယ်။ ပုဂံကိုပထဆုံးရောက်ဖူးခြင်းအစ တုရင်တောင်ကို စတက်ရတော့တာပါပဲ။ သူငယ်ချင်းကဆိုင်ကယ်မောင်းတာဆိုတော့ တောင်တက်တာ ပြဿနာမရှိခဲ့။ သူကတော့ မေးပါသေးတယ် အဆင်းမောင်းမလားတဲ့။ ၂ ကောင်လုံး အောက်ကို အမြန်ဆုံးရောက်ချင်နေတယ်ထင်ပါ့ ။ ကိုယ်က အတက်သာ မောင်းရဲတာ ဒါတောင်အကွေ့အကောက်ပါရင် မရတော့ဘူး။ အဆင်းဆို ချောက်ထဲပဲ။ မောင်းကိုမမောင်းရဲတော့တာ ။
တုရင်တောင်ပေါ်ရောက်ပြီး ဆိုင်ကယ်ရပ်၊ ဘုရားရင်ပြင်ပေါ် လှေကားအတိုင်းတက်သွား၊ ဘုရားဖူး လျောက်ကြည့်ပြီး ဓာတ်ပုံရိုက်၊ အဝေးမှာမြင်နေရဲ့ မြကန်ကိုတွေ့တော့ ကိုးတန်း(ဟုတ်လားမသိ ကိုးတန်းထင်တာပဲ)တုန်းကကဗျာလေးကို သတိတရ ပြန်ရွတ်မိသေး။
ဖြစ်ချင်တော့ ပြန်ဆင်းလာတော့ ပိုက်ဆံအိတ်ကမရှိတော့ဘူး။ ။ သေပြီဆရာပဲ။ ဘယ်နားကျခဲ့လဲမသိ။ ဘုရားပေါ်ပြန်တက်ရှာ လှေကားတလျှောက်ရှာတယ် မရှိဖူး။ သေပြီ အိမ်ပြန်ဖို့ ရက်ကလိုသေးတယ်။ ပိုက်ဆံအိတ်ပျောက်ရင် တိုင်ပတ်ပြီ။ ဟိုရှာဒီရှာတိုင်ပတ်နေတုန်း ခနနေတော့ ဆိုင်ကယ်ရပ်ထားတဲ့နားလောက်က ဘုရားပန်းရောင်းတဲ့ကောင်မလေးတယောက်က အကိုပိုက်ဆံအိပ်ပျောက်သွားလို့လားဆိုပြီး လာမေးတယ်။ ပြီးတော့ အိပ်လေးထုတ်ပြတယ် ဒါလားပေါ့။ OMG တော်ပါသေးရဲ့ ။ လုံးဝပျော်သွားတယ်။ အိတ်ထဲမှတ်ပုံတင်ပါနေတော့ မှားစရာမရှိ။ သိတယ်မလား တိုင်ပတ်ပြီဆိုပြီး တွေးနေတုန်း ပြန်အဆင်ပြေသွားတဲ့ ခံစားချက်။ ဘုရားပေါ်တက်တုန်းက သူတို့ ပန်းလာရောင်းတာ မဝယ်လိုက််မိဘူး။ တော်သေးတယ် မဝယ်ပေမယ့် အဖက်တလုပ်နဲ့ မဝယ်သေးဘူး ညီမလေးလို့ ပြောလိုက်မိလို့။ မသိချင်ယောင်သာဆောင်ခဲ့ရင် ပိုက်ဆံအိတ်ကောက်ရလို့ ပြန်ပေးတာကို အားနာနေရဦးမှာ။ အညာက ဒေသခံတွေကို လေးစားသွားတယ်။ အရမ်းကျေးဇူးတင်လို့ မုန့်ဖိုးပေးတာ မယူဖူးလုပ်နေလို့ အတင်းပေးခဲ့လိုက်ရတယ်။ ဘေးက ကောင်မလေးတယောက်ကလည်း ယူလိုက်ပါဝင်ပြောမှပဲ ယူတော့တယ်။ ပုဂံက ချစ်စရာကောင်းလိုက်တာလို့ စိတ်ထဲကျေနပ်နေမိတယ်။ အဲ့မတိုင်ခင်တုန်းကလည်း ပုဂံမှာ နိုင်ငံခြားတယောက် ပိုက်ဆံအိတ်ပျောက်တာ မြင်းလှည်းသမားကတွေ့လို့ပြန်ပေးလိုက်တဲ့ အကြောင်း သတင်းဖတ်ဖူးခဲ့တော့ ပုဂံညောင်းဦးသားတွေကို သဘောကျနေခဲ့တာ။ အခုတော့ ကိုယ်တိုင်ကြုံခဲ့ရတယ်။
တုရင်တောင်ပြီးနောက်တနေရာက ညောင်ဦးမဏိစည်သူဈေး။ အဲ့တုန်းက အခုမြင်ရတဲ့ဈေးရုံကြီးရဲ့ အနောက်မှာ ဈေးလမ်းလေးရှိတယ်။ မနက်ပိုင်းဆိုတော့ ဈေးက စည်ကားနေတာပဲ။ ဒေသခံတွေရဲ့ တနေ့တာ စားဖို့သောက်ဖို့ လိုအပ်သမျှဝယ်နေတာတွေ၊ ခရီးသွားတွေရဲ့ လက်ဆောင်ပစ္စည်းဝယ်နေတာတွေ၊ နိုင်ငံခြားသားတိုးရစ်တွေရဲ့ မြင်မြင်သမျှ လိုက်ကြည့် ဓာတ်ပုံရိုက် မှတ်တမ်းတင်နေကြတာတွေ အစုံပါပဲ။
ကိုယ်က အကုန်လိုက်ကြည့်ပြီး သဘောတွေကျလို့။ သနပ်ခါးတုံးတွေ ရောင်းနေတာတွေ့တော့ အိမ်အတွက်ဆိုပြီး ဝယ်လိုက်မသေး။ သနပ်ခါးဝယ်တက်တာလည်းမဟုတ်ပေမယ့် သဘောကျမိတာရှိရင် ဝယ်လိုက်တာပါပဲ။ ကိုယ့်မှာ အကျင့်တခုရှိတာက နေရာဒေသအသစ်တခုရောက်တိုင်း အဲ့ဒေသရဲ့ ဈေးကို ရောက်အောင် သွားကြည့်တယ်။ ဈေးမှာ ဒေသတခုလုံးရဲ့ကြောင်း ဒေသခံတွေအကြောင်းကို အကုန်မြင်ရတယ်။ အရမ်းသဘောကျတယ်။ သိပ်ချစ်ရာကောင်းတယ်။ နယ်မြို့ဈေးတွေထဲမှာ ကလောဈေးလေးကို သဘောကျမိတယ်။ စကားစပ်မိလို့ ။ ဈေးထဲရောက်တော့ အသုပ်လေးစား၊ စားနေရင်းတွေ့သမျှ ဓာတ်ပုံလိုက်ရိုက်မိသေး။
အပိုင်း (၄) ဆက်ရန်
ချစ်သောပုဂံ (၂)
https://www.facebook.com/111324201453952/posts/131850886067950/
#baganscent #အင်ယာမင်မင်
ချစ်သောပုဂံ (၂) (ဖတ်ရန်)
နိုဝင်ဘာလဆိုတော့ ဆောင်းတွင်းကြီးပေါ့။ ရန်ကုန်မှာ သိပ်မအေးပေမယ့် ညောင်ဦးမှာတော့ ရှယ်အေးတာပေါ့။ အညာဆောင်းဆိုတာ သိတဲ့အတိုင်းပဲလေ
အရိုးထဲကကိုအေးတာဆိုတာမျိုး။ တည်းတာက အခုချိန် ပုဂံသွားသူတိုင်း သိကြတဲ့ ညောင်ဦး ကျောက်ပန်းတောင်းလမ်းပေါ်က ပိုင်ထန်းတဲ ရဲ့ မျက်စောင်းထိုးလောက်မှာ
ရွှေလှိုင်းရွာဆိုတာရှိတယ်။ ရွှေလှိုင်းရွာဆိုတာ ပိုင်ထန်းတဲ့ ပိုင်ရှင်အဘရဲ့ရွာပေါ့။ အဲ့ဒီရွှေလှိုင်းရွာရဲ့ အနောက်စူးစူးလောက်မှာ ကန်စောက်ရွာလေးရှိတယ်။ အဲ့ရွာမှာ နေခဲ့တာပေါ့။
တပတ်လောက်ကြာတယ်။ အေးလွန်းလို့ ရေချိုးတာဆိုလို့ ၃ ရက်လားပဲ။ အညာက ရေလည်းရှားတာလည်း တကြောင်းပေါ့လေ။ တကယ်က အေးလွန်းလို့
မချိုးနိုင်တာ။
မနက်အစောကြီး ရောက်လာတော့ အေးလိုက်တာမှ ဂစ်ဂစ်ဂစ်ဂစ်နဲ့။ တကယ်ကြီးကိုအေးတာ။ အညာဆိုတာပူပြင်းခြောက်သွေ့နေတယ်လို့ပဲ သိထားခဲ့ရတာ။ အခုကျတော့
အေးလှချေလားပေါ့။ ရွာရောက်တော့ မနက်စောစောနေမထွက်ခင် အရုဏ်တက်ချိန်လေး ဟိုစပ်စပ် ဒီစပ်စပ်လိုက်ကြည့်တာပေါ့။ အညာကိုအခုမှရောက်ဖူးတာကိုး။
မြင်မြင်သမျှက အသစ်ချည်းပဲ။ အဲ အညာကရွာတွေမှာ ထူးဆန်းတာတခုရှိတယ်။ ရွာရဲ့ တောင်ဘက်က သဲချောင်း။ ပုဂံလာရင် တုရင်တောင်မရောက်ခင်မှာ
သဲချောင်းခပ်ကြီးကြီးကိုဖြတ်ရတာ သတိထားမိကြလိမ့်မယ်။ အဲ့သဲချောင်းနဲ့တဆက်တည်းပေါ့။ ပုံမှာ ကြည့်ကြည့်ရင် မြင်လိမ့်မယ်။ သဲချောင်းဆိုတာ မိုးရာသီရေများရင်
ရေစီးတဲ့ချောင်းပေါ့၊ နွေနဲ့ဆောင်းမှာဆိုရင်တော့ သဲတွေချည်းကျန်ခဲ့တာပေါ့။ ပုဂံကနေ စလေကို သွားတုန်းကလည်း ချောက်မြို့နားမှာ သဲချောင်းတွေကို အများကြီး
တွေ့ခဲ့ရသေးတယ်။ ထူးဆန်းတာကလေ မနက်စောစော ဦးလေးကြီးတွေ အဒေါ်ကြီးတွေ သုံးယောက်လောက်က တယောက်ပြီးတယောက် အဲ့သဲချောင်းဘက်ကို ဆင်းသွားကြတယ်။
မနက်စောစောဘာလုပ်တာလဲပေါ့။ ခနနေတော့ ပြန်တက်လာကြတယ်။ ကိုယ်ကလည်း ဖုန်းလေးနဲ့ ဓာတ်ပုံလေးတွေ ဟိုရိုက်ဒီရိုက်နဲ့ သဲချောင်းဘက် ဆင်းသွားကြည့်တယ်။
ဩဇာပင်ကြီးတွေ့လို့ သွားရိုက်ရသေး၊ ဩဇာသီးတွေကိုမှ ပြွတ်နေတာပဲ။ အဲ ညောင်ပင်ကြီးတပင်နားရောက်တော့ ဟိုနား အပုံလေးတွေ ဒီနားအပုံလေးတွေနဲ့ ဘာများလဲ
သွားကြည့်မှ အယ် ချေးပုံ တွေ။ ဟားဟား သိလိုက်ပြီ စောစောက သဲချောင်းထဲဆင်းသွားတဲ့သူတွေ လက်ချက်။ ရွာခံ သူငယ်ချင်းကိုမေးကြည့်မှပဲ ဟုတ်တယ်တဲ့ တချို့ရွာသားတွေက
အဲ့လို အလေး စွန့်ကြတုန်းတဲ့။ ယင်လုံအိမ်သာတွေ အိမ်စေ့ရှိပေမယ့်လည်း ဘယ်လိုပြောရမလဲ အကျင့်လို့ပြောမလား၊ အဲ့လို ရှင်းလိုက်ရတာကိုပဲ သဘောကျလို့ ထင်ပါရဲ့။
မနက်ခင်းလေနုအေးလေးနဲ့ တုရင်တောင်ကြီးကိုကြည့်ပြီး ချီးပါရတဲ့အရသာ ဘယ်လိုနေမလဲတွေးကြည့်မိပါသေးတယ်။
အညာကရွာလေးတွေက ဝိုင်းကျယ်ကျယ်နဲ့ လေကောင်းလေသန့်ကလည်းရ ဆောင်းတွင်းအအေးဓာတ်လေးနဲ့ဆိုတော့ ရန်ကုန်မြို့ကလာတဲ့သူတယောက်အတွက်တော့ ရှယ်ကို
နေလို့ကောင်းတာပေါ့ဗျာ။ အဲ့တုန်းကတော့ ရွာကမီးမရသေးတော့ ညဘက်ဆိုရင်တော့ ပိန်းပိတ်အောင်ကို မှောင်တာ။ တနေရာကနေတနေရာသွားရင် ဖုန်းကမီးနဲ့တောင် ဘာမှမြင်ရဘူး။
နောက်ရက်ကျတော့ ဆိုင်ကယ်လေးနဲ့ သူငယ်ချင်း နှစ်ယောက် ပုပ္ပါးသွားကြမယ်ပေါ့။ မနက်ကျတော့ သူငယ်ချင်းရဲ့ အမေချက်ကျွေးတဲ့ အညာမုန့်ဟင်းခါးဆိုတာရယ်၊ ထမင်းဆီဆမ်းကို
အမဲအသည်းကြော်လေးနဲ့ မနက်စာစားကြတယ်ပေါ့။ အညာမုန့်ဟင်းခါးဆိုတာ ပဲများများရယ်နဲ့ပါ ငါးတော့မပါဘူးပေါ့၊ စားလို့တော့ကောင်းတယ်။ ကိုယ့်အတွက်ကတော့ ဘာမဆို
စားကောင်းနေတာပါပဲ။ ပြီးတော့ အိမ်ရှေ့က ဩဇာပင်က ဩဇာသီးလေး တလုံးခူးစားလိုက်နဲ့ မိုက်နေရော။ ပြီးတော့ ပုပ္ပါးကိုထွက်ကြတယ်။ သူငယ်ချင်းကမေးတယ် ဆိုင်ကယ်
မောင်းတက်လားလို့၊ ကိုယ်ကလည်း မောင်းကြည့်မယ်ပေါ့။ ရန်ကုန်မှာတော့ ဆိုင်ကယ်တခါမှ မမောင်းခဲ့ဖူးဘူး။ ဒီမှာကကားလည်း ရှင်းတော့ ရပါတယ်ပေါ့။ ဘယ်လိုမောင်းရလဲ
သင်ပေးတယ်။ မောင်းရတာ သိပ်မခက်ပါဘူး အဆင်ပြေပြေမောင်းတက်သွားတယ်။ ကိုယ့်ကို မောင်းနိုင်သလောက်မောင်း၊ မရရင် သူမောင်းမယ်ပေါ့။ ဆိုတော့ ဗြတ္တပန်းဆက်လမ်းကနေ
ပုပ္ပါးကိုမောင်းသွားတယ်။ လမ်းက ဖြောင့်ပြီး ခပ်ပြေပြေ ကုန်လေးတွေပဲ ဆိုတော့ အဆင်ပြေတယ်ပေါ့။ ပြဿနာက ၁ နာရီလောက်မောင်းပြီးတော့ တောင်အတက်ကို အကွေ့ကြီးနဲ့
တည့်တည့်တိုးတော့ မကွေ့တက်တော့ဘူး တောင်နံရံကို ပြေးဆောင့်တာပါပဲ။ အဲ့တာနဲပဲ ရှေ့ဆက် သူငယ်ချင်းကပဲ မောင်းပေးရတော့တယ်။ နောက်ကလိုက်စီးတော့လည်း အိပ်ငိုက်သား။
အဲ့လိုနဲ့ ပုပ္ပါးရောက်တယ်။ ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ဂမ္ဘီရဝတ္ထုတွေထဲမှာဖြစ်ဖြစ်၊ ရုပ်ပြဇာတ်လမ်းတွေမှာဖြစ်ဖြစ် အမြဲလိုလိုမြင်နေခဲ့ရတဲ့ ပုပ္ပါး။ နတ်တို့စံပျော်ရာ ပုပ္ပါး။ စကားဝါမြေ။
အခုတော့ တကယ်ကြီးမြင်တွေ့ရပြီဆိုပြီး ပျော်နေခဲ့တာပေါ့။ ဆိုင်ကယ်လေးအပ်ပြီး တောင်ကလပ်ကိုတက်ခဲ့တယ်။ တလမ်းလုံးမျောက်တွေချည်းပါပဲ။ တချို့နေရာတွေကျတော့လည်း
ညစ်ပတ်နေတယ်။ သန့်ရှင်းရေးလုပ်ပေးနေတဲ့သူတွေလည်း တွေ့ရတယ်။ ဒီမြင်ကွင်းတွေကတော့ မြန်မာနိုင်ငံက သာသနိကအဆောင်အအုံတိုင်း၊ ဘုရားစေတီတိုင်းလိုလိုမှာတွေ့မြင်နေကြ
ဆိုတော့ အထွေအထူးတော့ မခံစားမိဘူး။ စာထဲဖတ်ရတော့ ပုပ္ပါးဆိုတာ တောနက်တယ်တောင်ကြီးကလည်း အကြီးကြီးပေါ့။ အဲ့တုန်းက တောင်ကလပ်ကို ပုပ္ပါးတောင်လို့ပဲ ထင်နေခဲ့တာ။
နောက်မှ ပုပ္ပါးတောင်မကြီးဆိုတာ သက်သက်၊ တောင်ကလပ်ကသက်သက်၊ အမြင့်ပေက ထက်ဝက်လောက်ကွာကြောင်း သိခဲ့ရပြီး နောက်တခါကျတော့ တောင်မကြီးကို တက်နိုင်ခဲ့တယ်။
တောင်ကလပ်ထိပ်ရောက်တော့ မြင်ရတဲ့မြင်ကွင်းက မောလာသမျှကို ပြေစေပါတယ်။ စိမ်းစိုနေတဲ့ အညာမြေရဲ့ အိုအေစစ်။ ခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့ ကြက်မောက်တောင်နဲ့ဆည်။ ဘေးမှာက
ပုပ္ပါးတောင်မကြီး၊ တောင်မကြီးရဲ့ အလယ်လောက်မှာ လှမ်းမြင်နေရတာက Popa Mountain Resort. သိပ်ကိုလှပတဲ့ ပန်းချီကားတချပ်ပါပဲ။ တောင်ကလပ်ထိပ်က နေရာ ကျဉ်းပေမယ့်
နတ်နန်းတွေကတော့ ပြည့်ကျပ်နေတာပါပဲ။ ဪ နတ်တို့ပျော်စံရာ ပုပ္ပါးဆိုမှ ဒီလောက်တော့ရှိမှပေါ့လို့ ဖြည့်တွေးမိလိုက်တယ်။ တက်လို့ရသမျှတက်၊ ကြည့်နိုင်သလောက် အဝကြည့်ပြီးတဲ့နောက်
မှာတော့ တောင်ကလပ်ပေါ်ကပြန်ဆင်းပြီး အပြန်ခရီးစကြသည်ပေါ့။ အပြန်ကိုတော့ အလာနဲ့မတူအောင် ကျောင်ပန်းတောင်းလမ်းဘက်ကပတ်ပြန်ကြတယ်။ တောင်ကလပ်အထွက်နားက
သဘာဝရေထွက်တခုကိုလည်း ဝင်ကြည့်ခဲ့သေးတယ်။ တကယ့်တောထဲ ရေထွက်လိုက်ရှာခဲ့ကြသည်ပေါ့။ ကျောက်ပန်းတောင်းလမ်းဘက်က ပိုပြီးလှတယ်။ လမ်းအကွေ့လေးတွေ လမ်းဆုံတဲ့နေရာလေးတွေ
ဆိုရင် ပုပ္ပါးတောင်ကလပ်ကိုလည်းပြန်မြင်နေရသလို တခါခါကျတော့ ဘွားခနဲပေါ်ပေါ်လာတယ်။ Mystical ဖြစ်တဲ့ မြင်ကွင်းမျိုးတွေပေါ့။ ပုဂံနဲ့ပတ်သက်ရင် ပုပ္ပါးဆိုတာ အမြဲဆက်နွယ်နေတာ
ဆိုတော့ ပုပ္ပါးဆိုတဲ့ နာမက စိတ်ထဲအလိုလိုဝင်လာခဲ့တယ်။ တစ်လမ်းလုံး ဆိုင်ကယ်နောက်ကနေ သုမောင်ရဲ့ တောင်တော်ရွှေပုပ္ပါးသီချင်းကို ဆိုလာခဲ့တယ်။ လိုက်လည်းလိုက်ဖက်ပါပေ့။ "ပန်းပဲမောင်တင့်တယ်
နတ်မောင်နှမရယ် ပျော်စံမြန်းတယ့် နတ်နန်းကြီးတွေ ရှိရာဌာနဝယ်၊ ပေါက္ကံပြည်ကို ပန်းတော်ဆက်တယ့် ကိုဗျတ္တနဲ့ မယ်ဝဏ္ဏ တူဆုံမောင်မယ်၊ ချစ်ကြိုးသွယ်နှောင် ရွှေဖျဉ်းညီနောင် ဖွားရာဒေသဝယ်" တဲ့။
အပိုင်း (၃) ဆက်ရန်
အပိုင်း (၁)
https://m.facebook.com/story.php?story_fbid=131641219422250&id=111324201453952
#baganscent #အင်ယာမင်မင်
ချစ်သောပုဂံ (၁) (ဖတ်ရန်)
ပုဂံကိုချစ်လားလို့မေးရင် လူတိုင်းနီးပါးကချစ်တယ်လို့ဖြေကြလိမ့်မယ်။
အများစုက သိပ်ချစ်တာပေါ့လို့ ဖြေကြသလို၊ တချို့သူတွေက ဒီလိုပါပဲ ခရီးသွားလို့ကောင်းတယ်၊ ပူတော့ပူတယ်၊ ရောက်ဖူးချင်တယ်၊
seriously ချစ်တယ်ရယ်လို့တော့ မဟုတ်ပါဘူးလို့ ဖြေလိမ့်မယ်။ လူအနည်းငယ်ကတော့
စိတ်ဒဏ်ရာတခုခုကြောင့်ပဲဖြစ်ဖြစ်၊ နာကျင်စရာအမှတ်တရတွေကြောင့်ပဲဖြစ်ဖြစ် ပုဂံကိုချစ်တယ်
ဒါပေမယ့် ပြန်မသွားချင်တော့ဘူး၊ အမှတ်တရတွေက နာကျင်ရလိမ့်မယ်... လို့
မချိတင်ကဲလေးဖြေကြတာလည်း ရှိကြတယ်။ ဘယ်လိုပဲဖြစ်နေပါစေ လူတိုင်းလိုလို ပုဂံကိုချစ်တယ်လို့ ဖြေကြမယ်ထင်ပါတယ်။
နောက်တဆင့် ထပ်မေးကြည့်မယ်နော်။ ဘာလို့ချစ်တာလဲ။
ဒီမေးခွန်းအတွက်ဆိုရင် နည်းနည်းစဉ်းစားရပြီ။ အင်း ပုဂံဆိုတာ မြန်မာနိုင်ငံရဲ့သမိုင်းလေ၊ မြန်မာမှန်ရင် ပုဂံရောက်ဖူးရမယ်လို့
ပြောကြတယ်။ ငယ်ငယ်တုန်းကလည်း သမိုင်းမှာ ပုဂံပြည်အကြောင်း ပုဂံမင်းဆက်အကြောင်းတွေသင်ခဲ့ရတယ်။ ဆိုတော့
အမြဲရင်းနှီးနေပြီး မိသားစုခရီးထွက်ကြရင် ပုဂံရောက်ဖူးကြတယ်။ အင်း အဲ့ဒီအချက်တွေကြောင့်ချစ်တာလို့ ဖြေချင်ဖြေကြမယ်။
ပုဂံကို စိတ်ထဲရောက်လာပုံချင်းတော့ တယောက်နဲ့ တယောက်မတူကြဖူးရယ်။
ကျနော်ဆို ငယ်ငယ်က သင်ခဲ့ရတဲ့ကျောင်းစာတွေထဲက စိတ်ထဲစွဲနေတာဆိုလို့ ညောင်ရမ်းခေတ်တို့ ကုန်းဘောင်ခေတ်တို့ အကြောင်းပဲ။
ဘာလို့ဆို အဲ့တုန်းက ၆ တန်းလား ၇ တန်းလား မမှတ်မိတော့ဘူး၊ သမိုင်းဘာသာကို အော်ကျက်ခဲ့တာ မှတ်မိနေလို့ဗျ။
ဆိုတော့ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ပုဂံမင်းဆက်တို့အကြောင်းတွေကြောင့် ပုဂံကိုစိတ်ထဲ ရောက်နေခဲ့တာမဟုတ်ဖူး။
တက္ကသိုလ်စတက်တော့ မေဂျာတွေမခွဲခင်မှာ စုပေါင်းခန်းမှာ စုထိုင်ကြရတယ်။ ဆရာမတယောက်ကစာသင်ရင်း ကျောင်းသား
တွေကိုမေးဖူးတယ် Architecture Major ယူမယ်ဆိုရင် ပုဂံကို ခရီးထွက်ကြရတယ်၊ ပုဂံဘုရားတွေကို လေ့လာ
ကြရတယ်တဲ့။ ပုဂံဘုရားတွေထဲမှာ ဘယ်ဘုရားကို အကြိုက်ဆုံးလဲလို့ မေးတော့ သေချာမသိသေးဘဲ ကြားဖူးနေကြ ပုဂံဆို
တာနဲ့ ဓမ္မရံကြီးပဲ ပြေးပြေးမြင်မိတော့ ဓမ္မရံကြီးလို့သာ ဖြေလိုက်တယ်။ တကယ်တော့ အဲ့တုန်းက သဗ္ဗညုစေတီကို
ဓမ္မရံကြီးလို့ ထင်နေခဲ့တာ။ တခါမှလည်းမရောက်ဖူးဘူး။
၂၀၁၃ လောက်ကျတော့ ပုဂံနဲ့ပက်သပ်တဲ့ စာအုပ်လေးတအုပ် ဝယ်မိတယ်။ အဲ့စာအုပ်လေးဖတ်ပြီးမှ ပုဂံကို သွားချင်စိတ်တွေ
ပေါ်လာတော့တာပဲ။ ပုဂံကို စိတ်ထဲ စွဲစွဲမြဲမြဲ စရောက်စေခဲ့တဲ့ စာအုပ်လေးပေါ့။ စာအုပ်လေးက မောင်သာချိုရေးတဲ့
"တစ်ပိုင်းတစ်စ ကန္တာရထဲက ယွန်းနံ့စွဲနေတဲ့ စာမျက်နှာများ" ဆိုတဲ့ ဆောင်းပါးပေါင်းချုပ်စာအုပ်လေး။ ဆောင်းပါးလေးတွေက
တိုတိုတုတ်တုတ်လေးနဲ့ ဖတ်လို့ကောင်းလိုက်တာ၊ ကိုယ်တိုင် မြင်းလှည်းလေးစီးပြီး ပုဂံကိုပတ်နေရသလိုပဲ။ (အခုတလော အဲ့စာအုပ်ကို
ပြန်လည်ပုံနှိပ်ထုတ်ဝေထားတာ မြင်မိသေးတယ်)။
စာအုပ်ဖတ်ပြီး ပုဂံကိုအရမ်းသွားချင်ခဲ့တာပေါ့။ စာအုပ်ထဲက တချို့အကြောင်းအရာလေးတွေဆို အခုထိ စွဲနေတုန်း။
လောကနန္ဒာကို နယ်ခံတွေက လော်ကယ်နန္ဒာလို့ခေါ်ကြပုံတွေ၊ မြူရွက်သုပ်ကို ထနောင်းပင်ကြီးအောက်က ကွပ်ပျစ်လေးပေါ်ထိုင်ပြီး
ရေနွေးကြမ်းလေးနဲ့ မြည်းရင်းစားရတာတွေ၊ ဥပါလိသိမ်နားမှာ ဥစ္စာစောင့်က မြင်းလှည်းလမ်းကြုံစီးတာဆိုတာမျိုးတွေပေါ့။
ဓမ္မရံကြီးက ညဘက်ကြားရတဲ့ ညည်းသံများဆိုတဲ့ အကြောင်းဆို စိတ်ထဲ အမြဲရောက်နေခဲ့ပြီး ပုဂံရောက်လို့ အခွင့်ရေးရရင် ညဘက်
ဓမ္မရံကြီးကို သွားဖြစ်အောင်သွားကြည့်မယ်ဆိုပြီး တွေးထားခဲ့တာ၊ တကယ်လည်း ပုဂံရောက်တဲ့အခါ ညည့်နက်သန်းခေါင်ကြီး သွားကြည့်ခဲ့ကြသေးတယ်။
ညည်းသံတော့ မကြားရဘူးပေါ့။ တက္ကသိုလ်ကျောင်းသားဖြစ်ကာစဆိုတော့ ကိုယ်တယောက်ထဲလည်းမသွားရဲသေးတော့ ပုဂံနဲ့ပက်သက်တာတွေကို ရှာဖတ်ဖြစ်တယ်။
Wikipedia ကတဆင့် ပုဂံအကြောင်း၊ ပုပ္ပါးအကြောင်း၊ မင်းဆက်တွေအကြောင်း၊ စာအုပ်တွေလည်း ဝယ်ဖတ်ဖြစ်တယ်။ အဲ့လိုနဲ့ ပုဂံဆိုတာ
မျက်မြင်ကိုယ်တွေ့ မမြင်ဖူးသေးဘဲ စိတ်ထဲကို စွဲစွဲမြဲမြဲရောက်နေခဲ့တယ်။
နောက်နှစ်ကြတော့ Electrical မေဂျာက ပုဂံညောင်ဦးဇာတိ ကျောင်းသားတယောက်နဲ့ သူငယ်ချင်းဖြစ်သွားတယ်။ ၂၀၁၅ နိုဝင်ဘာလောက်မှာ
သူက သူ့ဇာတိ အညာကိုပြန်မယ် လိုက်လည်ဦးမလားဆိုပြီး ခေါ်တော့ Ohh Really တကယ်ကြီးလား လိုက်လို့ရရင်လိုက်မှာပေါ့၊ ပုဂံတော့ လိုက်ပို့ပါ ဆိုပြီး
လိုက်သွားလိုက်တယ်။ ဘဝရဲ့ပထမဆုံး တယောက်ထဲထွက်ခဲ့ရတဲ့ ပုဂံခရီးပေါ့။
အပိုင်း (၂) ဆက်ရန်
#အင်ယာမင်မင်
ယွန်းထည် (The Art of Making Lacquerware)
(ဖတ်ရန်)
ပုဂံလို့ဆိုလိုက်ရင် ယွန်းထည် အကြောင်းလည်းမပါမဖြစ်ပေါ့ .....
တကယ်တော့ ယွန်းရဲ့မူလဇစ်မြစ်က တရုတ်ကနေဆင်းသက်လာတာပါ ဒါပေမယ့် မြန်မာတွေက ယွန်းထည်များကို မြန်မာတို့ရဲ့ကိုယ်ပိုင်ယဥ်ကျေးမှုပုံစံနဲ့ တိုးတက်အောင်ဖန်တီးခဲ့ကြတာ ပုဂံခေတ်ကအစပြုပြီးတော့ပေါ့ ရှေးယခင်ခေတ်တွေမှာတော့ ယွန်းထည်ဆိုတာ ဘုရင်တို့ မှူးကြီးမတ်ရာတို့လို တော်ဝင်မိသားစုတွေသာအသုံးပြုခဲ့ကြတာပါ အဲ့နောက်မှာတော့ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ဓလေ့ထုံးတမ်းပွဲသဘင်တွေမှာပါ အသုံးပြုခဲ့ကြပါတယ် အင်္ဂလိပ်လက်အောက်ကျရောက်ပြီးတဲ့အခါမှာတော့ ယွန်းထည်တွေက တိမ်မြုပ်သွားခဲ့ပါသေးတယ် ၂၀ရာစုလောက်အရောက်မှာတော့ မြန်မာ့ရိုးရာအနုပညာတစ်ခုကို Tourism Sector အတွက် ပြန်လည်တိုးတက်အောင်ဖန်တီးနိုင်ခဲ့ပါတယ်။
ယွန်းကိုအမျိုးအစားခွဲကြည့်ရင် Bowl Shape နဲ့ Flat Shape ဆိုပြီး ၂မျိုးခွဲခြားနိုင်ပါတယ်။ Bowl t Shape ကတော့ သစ်သားနဲ့ပြုလုပ်ထားတာပါ။ အရည်အသွေးပြည့်မီတဲ့ ယွန်းထည်တစ်ခုမှာ အနည်းဆုံးအလွှာ၂၀ထိပါဝင်ပါတယ် အလွှာ၁လွှာခြောက်ဖို့ကို ၁လခန့်အချိန်ယူရပါတယ် အဲ့တာကြောင့် Quality ကောင်းတဲ့ ယွန်းထည်တစ်ခုရဖို့ကို အနည်းဆုံး ၆လက နေ၂နှစ်လောက်အထိကိုအချိန်ယူရပါတယ်
ယွန်းထည်မှာ အဓိကပါဝင်ပစ္စည်း (၄) မျိုးရှိပါတယ်
(၁) ဝါး ကတော့အဓိကပစ္စည်းပေါ့
(၂) သစ်စေး - ယွန်းမှာသုတ်တဲ့ သစ်စေးကိုတော့ အမြင့်ပေ ၃၀၀၀ အထက်မှာပေါက်တဲ့ အပင်တစ်မျိုးကနေရရှိတာပါ အဆိုပါသစ်စေးကိုလည်း ဆောင်းတွင်းမှာပဲထုတ်လို့ရပါတယ် အဲ့ဒီ့သစ်စေးရဲ့ မူလအရောင်ကတော့ အနက်ရောင်ပါ ပြီးတော့ အခြောက်ခံတဲ့အခါမှာလည်း နေရောင်နဲ့အခြောက်ခံလို့မရပဲ မြေအောက်အခန်းတွင်း အပူချိန်နဲ့သာ အခြောက်ခံရပါတယ်။ နောက်ထပ်ပါဝင်ပစ္စည်း ၂မျိုးကတော့ လွှစာမှုန့်နဲ့ ဝါဂွမ်း (cotton) ပါ။ လွှစာမှုန့်ကိုတော့ သစ်စေးနဲ့ရောပြီးအသုံးပြုတာဖြစ်ပြီး Cotton ကိုတော့ အလွယ်တကူမကျိုးပဲ့မပျက်စီးအောင် ထည့်သွင်းအသုံးပြုတာပါ။ နောက်ဆုံးအဆင့်ရောက်ရင်တော့ ကိုယ်လိုချင်တဲ့ ဒီဇိုင်းကိုထွင်းပြီး ကာလာထည့်ပါတယ် ကာလာပိုထွက်အောင် ကျောက်မှုန့်နဲ့ Polish တင်ပါသေးတယ်
ယွန်းကို အတုအစစ်ခွဲဖို့ကိုရင်တော့ ယွန်းမှာသင်းပျံ့တဲ့အနံ့တစ်ခုရှိပါတယ် အကယ်၍နမ်းကြည့်လို့ သစ်စေးနံ့ သင်းသင်းလေးမဟုတ်ပဲ သေင်္ဘာဆေးနံ့ရရင်တော့ ယွန်းမစစ်လို့ပါနော်
အကယ်၍ ပုဂံရောက်ခဲ့တယ်ဆိုရင်တော့ ယွန်းဆိုင်လေးတွေဆီကို မရောက်ရောက်အောင် သွားရောက်လေ့လာကြည့်ခဲ့ကြပါနော်.....
#baganscent #မင်မင်တိုးဂိုက်ကောင်
(ပုဂံရောက်ပြီး အကျိုးရှိရှိ လည်ပတ်နိုင်စေရန်...)
ပုဂံဒေသတဝိုက်ရှိ ရှေးဟောင်းအဆာက်အအုံ အနုပညာလက်ရာ စသည်များကို လေ့လာခြင်းကိစ္စအတွက် သုတေသီတို့အဖို့ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ရာဇဝင်ပါရှိသော သမိုင်းဝင်ရှေးဟောင်း အဆောက်အအုံ ဂူကျောင်းစေတီစသည်များ။
(၂) ရှေးဟောင်းအဆောက်အအုံ ဂူကျောင်းစသည်တို့တွင် တည်ဆောက်ထားသော အဆောက်အအုံ ဗိသုကာလက်ရာများ၊ ပုံစံများ။
(၃) ရှေးဟောင်းအဆောက်အအုံ ဂူကျောင်းစေတီ စသည်တို့တွင် တန်ဆာဆင်ထားသောအရာများ (ဥပမာ - အင်္ဂတေပန်းစသော လက်ရာများ၊ စဉ့်သုတ်ရုပ်ချပ်များ၊ စဉ့်မသုတ်ရုပ်ချပ်များ စသည်တို့)။
(၄) နံရံများတွင် ရေးဆွဲထားသော ရှေးဟောင်းပန်းချီများနှင့် ကမ္ပည်းစာများ။
(၅) ရှေးဟောင်းအဆောက်အအုံ ဂူကျောင်းစေတီများတွင်ရှိသော ဗုဒ္ဓရုပ်ပွားဆင်းတုများနှင့် အခြားရုပ်တုများ။
(၆) ရှေးဟောင်ကျောက်စာများနှင့် ရှေးဟောင်းကမ္ပည်းစာများ။
အထက်ပါအချက်အလက်များနှင့် အခြားသော ပုဂံရှေးဟောင်းဆိုင်ရာ လေ့လာမှုကိစ္စအဝဝတို့ဖြစ်လေသည်။
ရွှေရောင်တဝင်းဝင်းနှင့် ကြည်ညိုဖွယ်ရှိလှသည်ဆိုသော ဥပမာ- ရွှေစည်းခုံစေတီတော်ကြီး၊ အာနန္ဒာဂူတော်ကြီးအတွင်းမှ မတ်တပ်ကိုယ်တော်ကြီးများ စသည်တို့ကို သာမန်ပုဂံသို့လာရောက်သော
ဘုရားဖူးများအနေဖြင့် အလွန်ကြည်ညိုနှစ်သိမ့် ပီတိပွားကြပေလိမ့်မည်။ အရပ်ဒေသအထူးထူးသို့ လှည့်ပတ်သွားလာ ကြည်ရှုသူများအနေဖြင့်လည်း ရှေးဟောင်းအဆောင်အအုံပေါင်းများစွာ
စုဝေးနေသော ဤကဲ့သို့နေရာမျိုးမျာ ကမ္ဘာတခုလုံးတွင်ပင် အနည်းငယ်မျှလောက်သာ ရှိသောကြောင့် ကြည့်စရာ၊ မှတ်စရာ၊ ဓာတ်ပုံရိုက်စရာ ပေါများလှသဖြင့် အလွန်အံ့ဩကျေနပ်မည်သာ ဖြစ်လေသည်။
ဤကဲ့သို့ ရှေးဟောင်းအသွင်ဆောင်လျက် ခန့်ညားလှသော ရှုမျှော်ခင်းတို့ကို ဧရာဝတီမြစ်ကြီးတလျှောက် အနောက်ဘက်တွင် တန့်ကြည့်တောင်တန်းကြီးဖြင့် နောက်ခံလျက်လည်းကောင်း
မိုင်နှစ်ဆယ်ခန့်ပတ်လည် ဒေသတခုလုံး မျက်စိတဆုံး တွေ့မြင်နိုင်ပေသည်။ အရေအတွက် နှစ်ထောင်ကျော်သော ပုံစံအမျိုးမျိုးရှိသည့် အုတ်နီရောင် ရှေးဟောင်းအဆောက်အအုံများအကြား၌
စိမ်းလန်းသော ပြောင်းခင်း၊ မြေပဲခင်း၊ နှမ်းခင်း၊ ဗူးခင်း၊ သခွားခင်း စသည်တို့မှာလည်း စိုက်ချိန်ပျိုးချိန်နှင့် အဆင့်သင့်ပါမူ ရှုမျှော်ခင်းကို စိုပြည်အောင်ရှိလှသဖြင့် အပူပိုင်းဒေသဟူ၍ပင်
မယုံကြည်နိုင်လောက်အောင် တွေ့ရပေလိမ့်မည်။ အထူးသဖြင့် ဝါဆိုလလောက်မှစ၍ တပို့တွဲလဆန်းလောက်ထိ ကာလမှာ ပုဂံဒေသတွင် မြူကင်းစင်သောအချိန်ဖြစ်၍ ပုဂံရှုခင်းတွင် အလှပဆုံး
အချိန်ဖြစ်သည်။ တပို့တွဲလနောက်ပိုင်းမှ တန်ခူး၊ ကဆုန်၊ နယုန်လများမှာမူ ပုဂံဒေသ၏ ပူပြင်းသော ရာသီဥတုဒဏ်ကြောင့် ပုဂံ၌လေ့လာရန် အခြားအရပ်ဒေသမှ လာသူတို့အတွက် အခက်အခဲရှိပေမည်။ အထူးသဖြင့် ဆောင်းရာသီတွင် ညဉ့်နှင့် နံနက်ပိုင်း၌ တခါတရံ အအေးဒဏ်ပြင်းပြသော်လည်း ပုဂံတဝိုက်၌ လေ့လာရန်ကောင်းလေသည်။
ပုဂံဒေသသို့ ပြည်ထောင်စုမြန်မာနိုင်ငံ တဝန်းလုံးမှ တနှစ်ပတ်လုံးပင် လာရောက်လေ့လာကြသည်။ တပေါင်းတန်ခူးလများအတွင်း ပုဂံဒေသတွင် ရာသီဥတုအပူပြင်းဆုံးအချိန်တွင် ရပ်နီးရပ်ဝေးမှ
ကားကြီး ကားငယ်တို့ဖြင့် လာရောက်ကြသည်။ မင်းဘူးရွှေစက်တော်ဘုရားပွဲမှအပြန် ပုဂံဒေသသို့ ဝင်ရောက်လာသည့် ဘုရားဖူးကားများမှာလည်း များပြားလှသည်။
ပုဂံဒေသသို့ လာရောက်၍ ကုသိုလ်ကောင်းမှုပွားများရန်၊ အဆောက်အအုံများတွင် မိမိတို့ဆန္ဒအလျောက် ဘုရားရှိခိုး အမျိုးမျိုးတို့ဖြင့် ရွတ်ဆိုရှိခိုးကြခြင်း၊ စေတနာအလျောက် လှူဒါန်းပူဇော်ခြင်း
စသော ကိစ္စများပြီးပါက ရှေးနှစ်ပေါင်းများစွာက ယဉ်ကျေးမှုလက်ရာများ မည်ကဲ့သို့ ပြုလုပ်ဆောင်ရွက်ထားသည်ကိုမူ ထိုက်သင့်သည်အားလျော်စွာ ကြည့်ရှုလေ့လာကြရန်လည်း လိုပါသေးသည်။
ဥပမာ အာနန္ဒာဂူတော်ကြီးတွင်ပင်ကြည့်ပါ။
ဂူတော်ကြီးတွင် မြောက်ဘက်နှင့် အနောက်ဘက်မုခ်တို့မှ ဝင်ရောက်လာသူတို့သည် ဂူအတွင်း အထင်ကရဖြစ်သော သစ်သားမတ်ရပ် ဆင်းတုကြီးများရှေ့အရောက် တန်း၍သွားပြီးနောက်
ဘုရားရှိခိုးမူဟောင်း မူသစ်တို့ဖြင့် ရှိခိုးခြင်း၊ ပူဇော်ခြင်း၊ အာရုံပြုခြင်းနှင့် အလှူငွေထည့်ခြင်း၊ ပန်းကပ်ခြင်း၊ ရွှေချခြင်းကိစ္စများ ပြီးသောအခါတွင် မိမိကိစ္စပြီးပြီဟု ပြန်လည်ထွက်ခွာမည်ဆိုပါက
အချိန်ရှိပါလျင် ဆိုင်းသင့်ပါသေးသည်။
မိမိဝင်လာသော မုခ်ပေါက်မုခ်ဆောင်နှင့် တံခါးစောင့်နတ်ရုပ်များကို ကြည့်ပြီးနောက် ဂူတော်ကြီးသို့ ဝင်သောအခါ အစတွင် အခြားသော တံခါးစောင့်နတ်ရုပ်များနှင့် ရှေ့ဆောင်များပတ်လည်အတွင်း
နံရံချိုင့်များထဲတွင် ပုဂံခေတ်လက်ရာကောင်းများဖြစ်သော ကျောက်ဆစ်ဗုဒ္ဓဆင်းတုများ၊ ကျောက်ဆစ်ရုပ်တုများကိုလည်းကောင်း၊ ပုံစံအမျိုးမျိုး ဗုဒ္ဓဆင်းတုများကိုလည်းကောင်း တွေ့ရပေလိမ့်မည်။
ရှေးဟောင်းလက်ရာကျန်နေသေးသော ဂူတော်ကြီးအတွင်းရှိ အထိကရထားရှိသော သစ်သားမတ်ရပ် ဆင်းတုအချို့နှင့် ဝဲယာရှိ ရုပ်တုများစသဖြင့်လည်းကောင်း၊ ဂူတော်ကြီးအပြင်ဘက်
အောက်ခြေပတ်လည်နှင့် အထက်ပစ္စယာဆင့်များတွင် ကပ်ထားသော စဉ့်သုတ်ရုပ်ချပ်များမှာ မာရ်နတ်စစ်သည်များ၊ နတ်များ၊ ဇာတ်ကြီးဆယ်ဇာတ်နှင့် ငါးရာငါးဆယ်များ စသဖြင့် များစွာသော
ရှေးလက်ရာတို့ကိုလည်းကောင်း တွေ့မြင်ရပေလိမ့်မည်။ အာနန္ဒာဂူတော်ကြီးတွင် ဤကဲ့သို့သော ပြုလုပ်နေရာချထားသည့် လက်ရာတို့အပြင် ဂူကြီးတခုလုံးတည်ဆောင်ထားသည့်လက်ရာကိုလည်း
ကြည့်သော် ပေါင်းကူးများကူးထားပုံ၊ အခန်းများ၊ ပတ်လမ်းများ၊ တိုင်များ ပြုလုပ်ထားပုံတို့နှင့် အလင်းရောင် ရအောင် အပေါက်ဖောက်ထားပုံ စသည်တို့ကို တွေ့မြင်အံ့ဩကြရ ပေလိမ့်မည်။
ဤကား လွန်ခဲ့သော နှစ်ပေါင်းကိုးရာ ပတ်ဝန်းကျင်က ပြုလုပ်ထားသည်ကို ဂုဏ်ယူနိုင်ပါသည်။ အံ့ဩနိုင်ပါသည်။ မြတ်နိုးနိုင်ပါသည်။
ထို့ကြောင့် ပုဂံဒေသသို့ ရောက်ရှိလာသူတို့သည် အကယ်၍ အချိန်ရှိပါက ရှေးဟောင်းအဆောက်အအုံများတွင် ရှိခိုးဝတ်ပြုခြင်း၊ လှူဒါန်းခြင်းကိစ္စများ ပြီးစီးပါက မိမိတို့တမျိုးသားလုံး၏
ယဉ်ကျေးမှု လက်ရာတို့ကိုလည်း ဤသို့ ထိုက်သင့်အားလျော်စွာ လေ့လာရန်သင့်လှပေသည်။
(၁) အဆောက်အအုံ တည်ဆောက်ပုံ ဗိသုကာလက်ရာကို ကြည့်ပါ။
(၂) အဆောက်အအုံတွင် တန်ဆာဆင်ထားသော အင်္ဂတေပန်း၊ နံရံပန်းချီ စသည်တို့ကိုလည်းကြည့်ပါ။
(၃) အဆောက်အအုံရှိ ရှေးဟောင်းလက်ရာဖြစ်သော ဥပမာ ဗုဒ္ဓရုပ်ပွားဆင်းတုများတွင် ပုဂံခေတ်လက်ရာကိုကြည့်ပါ။
လွန်ခဲ့သောနှစ်ပေါင်း ကိုးရာကျော်ပတ်ဝန်းကျန်နှင့် ကိုးရာကျော်ကာလတွင် ဤပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံများ အများအားဖြင့်တည်ဆောက်ခဲ့ရာ တည်ဆောက်မှုပစ္စည်းကိရိယာနှင့်
လိုအပ်သော စနစ်ပုံစံစသည်တို့မှာ ယခုခေတ်နှင့် နှိုင်းယှဉ်ပြီးကြည့်ပါမူ ရှေးပုဂံအတက်ပညာရှင်တို့၏ လုပ်ဆောင်ချက်ကို ပိုမိုအံ့ဩမိကြပေလိမ့်မည်။
ရှေးဟောင်းအဆောက်အအုံများ တည်ဆောက်သောအခါ အတွင်းအပြင် တန်ဆာဆင်ရန် ပုဂံခေတ်က လုပ်ထုံးအဖြစ် ဂူဘုရား၏အပြင်တွင် အင်္ဂတေပန်းတန်းများ၊ ရှေ့မုခ်ဘေးမုခ်များတွင်
နတ်ရုပ်၊ ငှက်ရုပ်၊ ခြင်္သေ့ရုပ်စသည်တို့ဖြင့် ပန်းနွယ်ပန်းခက်အမျိုးမျိုး အထောင်အတက် အချွန်စသည်များ၊ တိုက်မနံရံအပေါ်နားတွင် ဘီလူးပန်းဆွဲများနှင့် ကြာပွင့် ကြာဖတ်စသည်များကို
သူ့နေရာနှင့်သူ ကျကျနနတပ်ဆင်ထားသည့်အပြင် အတွင်းနံရံ မျက်နှာကြတ်အမိုး စသည့် နေရာများ၌လည်း ဇာတ်ကြီးဆယ်ဇာတ်နှင့် ငါးရာငါးဆယ်ဇာတ်ကွက်များ၊ ဖွားတော်မူခြင်းအပါအဝင်
ဗုဒ္ဓဝင်ရှစ်ခန်း စသည်များ၊ ပန်းတန်းများ၊ ပန်းကွက် အမျိုးမျိုး၊ နတ်များ၊ ဗုဒ္ဓဆင်းတုကွက်များ အစရှိသဖြင့် ရောင်စုံပန်းချီများကို အချို့အကြောင်းအရာ ကမ္ပည်းစာတန်းနှင့်တကွ ရေးဆွဲထားပုံ
များကိုလည်း လေ့လာကြည့်ရှုသင့်ပါသည်။
အဆောက်အအုံများအတွင်း အချို့ကျန်ရှိနေသေးသော ကျောက်အင်္ဂတေဗုဒ္ဓရုပ်ပွားဆင်းတုများမှာလည်း ပုဂံခေတ်လက်ရာကျန်ပါက အချိုးအစား ကျနလှသည့်အပြင် ဗုဒ္ဓဝင်ဆိုင်ရာ ရုပ်တုများ
ကိုလည်း စိတ်ဝင်စားဖွယ်ကြောင်းသဖြင့် လေ့လာကြည့်ရှုသင့်ပါသည်။
ထိုသို့လေ့လာသောအခါ ရှေးပုဂံခေတ်က ကျန်ရစ်သော ဤအဆောက်အအုံ ဤလက်ရာတို့သည် ငါတို့ တမျိုးသားလုံး၏ အမွေအနှစ်ဘဏ္ဍာများဟု သိမြင်၍ ဂုဏ်ယူခြင်း၊ ဝမ်းမြောက်ခြင်း၊
ကြည်နူးခြင်းများ ဖြစ်ပေါ်ပါလိမ့်မည်။
ဦးဗိုကေ (ပုဂံသုတေသနလမ်းညွှန်)