Send messages for more info
သမုဒ္ဒရာဇ်မင်း (AD 107 – 152)
သမုဒ္ဒရာဇ်မင်းသည် သရေခေတ္တရာမင်းဆက်၏ နောက်ဆုံးမင်းဆက်ဖြစ်သော သုပညာနဂရဆိန္ဒမင်း၏တူဖြစ်သည်။ သရေခေတ္တရာမှ တိမ်းရှောင်လာပြီး မြန်မာပြည်အလယ်ပိုင်း ပျူဒေသသို့ ရောက်လာသည်။ ယုံလွှတ်ကျွန်းအရပ်တွင် ခေတ္တရုံးစိုက်သည်။ ရွာကြီးပေါင်း ၁၉ ရွာရှိ ပြည်သူများကို စည်းရုံးပြီး ပုဂံခေတ်ကြီးကို စတင်တည်ထောင်လိုက်သည်။
“အစဖြစ်သော သမုဒ္ဒရာဇ်မင်းကား ယုန်လွှတ်ကျွန်းတွင်နေသည်။ ရသေ့ပြည်တွင် ရသေ့ကား တကောင်းမင်းရိုးတည်း။ သမုဒ္ဒရာဇ်မင်းကား ၁၉-ရွာကို စုရုံး၍ သူကြီးတို့နှင့် လောကနန္ဒာတွင် စု၍နေသည်။ သီရိပစ္စယာမြို့မည်၏။”
ဤစာသားသည် ဇမ္ဗူဒီပဥဆောင်ကျမ်းမှ စာသားဖြစ်သည်။ တဖန်စေတီယကထာ ရာဇဝင်ချုပ်တွင် ဒုတိယမုံရွေးဆရာတော်က အောက်ပါအတိုင်း ရေးခဲ့ပြန်ကြောင်း တွေ့ရသည်။
“သက္ကရာဇ် ၁၉-ခု၊ သုပညာနာဂရဆိန္ဒမင်းကြီးတူတော် သမုဒ္ဒရာဇ်မင်းကြီးသည် ယုန်လွှတ်ကျွန်း၊ တူရွင်းတောင်ခြေတွင် ၁၉ ရွာသားတို့ကို ရုံးစု၍ မင်းပြု၏။ ၁၉ ရွာအမည်ကား
ညောင်ဦး၊
နဂါးဘို၊
နဂါးကျစ်၊
မန်ကျည်းကြီး၊
တူးတည်၊
ကျောက်စကား၊
ကုတ်ကဲသိမ်၊
ညောင်ဝန်း၊
အနုရာဓ၊
တန်ဆောင်းကျွန်း၊
ရွာမုန်း၊
ကြင်လို၊
ကုက္ကို၊
တောင်ပလစ်၊
မြေခဲတွင်း၊
သရက်ရ၊
အုံးများ၊
ယုန်လွှတ်၊
ရွာစိုက်။
ဤကား ၁၉ ရွာတည်း။ လောကနန္ဒာကျောက်စကားတွင် နန်းဆောက်နေ၏။ ထိုအခါ သတ္တဝါတို့ကံအလျှောက် ကျားထီးတခု၊ ပြည်ရွာကို ဖျက်ဆီးလာ၏။ ထိုကျားကို သက်ဝံ့သောသူမရှိ၊ လူသူကျွဲနွားတို့ကို များစွာစား၏။
(ဒုတိယမုံရွေးဆရာတော်၊ စေတီယရာဇဝင်ချုပ်)
အထက်ပါ ရာဇဝင်ဆရာကြီးတို့၏ စာသားတို့ကို ထောက်ရှုလျှင် သမုဒ္ဒရာဇ်မင်းကြီးသည် ယုန်လွှတ်ကျွန်းအရပ်တွင် ဦးစွာစံမြန်းသည်။ ထို့နောက် ကျောက်စကားအရပ်တွင် စံမြန်းသည်။ ယခုအခါ ရှေးဟောင်းသုတေသနဌာနက တူးဖော်လေ့လာသောအခါ ယုန်လွှတ်ကျွန်းအရပ်တွင် အုတ်မြို့ရိုးကြီးကို တွေ့ရပြီး ရှေးဟောင်းပျူခေတ် မြို့ရိုးဖြစ်ကြောင်း ဖော်ထုတ်ထားပြီးဖြစ်သည်။ ပုဂံမြို့သစ်တွင်လည်း ကျောက်စကားမြို့ဟောင်း၊ ကျောက်မြို့ရိုးကြီးကို စတင်တူးဖော်ထားပြီးဖြစ်သည်။ အတွင်းမြို့ရိုး အပြင်မြို့ရိုးဆိုပြီး မြို့ရိုးကြီးနှစ်ထပ်တွေ့ရသည်။ အတွင်းမြို့ရိုးသည် ၃၀.၁၅ ဧက ကျယ်သည်။ အပြင်မြို့ရိုးမှာ ၂၅၂ ဧကခန့် ကျယ်သည်ဟု တမ္ပဝတီဦးဝင်းမောင်၏ ကျောက်စကားမြို့ဟောင်းစာတမ်းတွင် ဖတ်ရသည်။
လက်ရှိ ပုဂံမြို့ရိုးဟောင်း (ပျဉ်ပြားမင်း)သည် ၁၅၀ ဧကခန့် ရှိသည်။ ထိုကျောက်စကားမြို့ဟောင်းတွင် သမုဒ္ဒရာဇ်မင်းမှစပြီး မင်း ၆ဆက် စိုးစံခဲ့ဟန်တူသည်။ ကျောက်စကားမြို့ရိုးဟောင်းအနီးတွင် စစ်တနားကြီးစေတီတော်၊ အမှတ် ၉၆၇ နှင့် စစ်တနားလေးဘုရား (၉၉၉) နှင့် ကျောင်းကြီးညီအစ်မဘုရားစု (၉၉၇) တို့ကို ရှာဖွေတွေ့ရှိရသည်။ စစ်တနားလေးဘုရား (အမှတ် ၉၉၉) သည် တံတိုင်းနှစ်ထပ် ကာရံထားသည်။ အတွင်းတံတိုင်းကို အုတ်ဖြင့်စီထားသည်။ အပြင်တံတိုင်းကို ကျောက်စကားမြို့ရိုးဟောင်းကဲ့သို့ ကျောက်ဘီလူး (အနယ်ကျ) ကျောက်များဖြင့် စီထားသည်။
ကျောက်စကား အတွင်းမြို့ရိုး၏ အနောက်မြောက်အရပ်တွင် အင်ကြင်းအကျောက်များဖြင့် စိုက်ထူထားသော ရှေးဟောင်းသင်္ချိုင်းဟောင်းနေရာတို့ကို တွေ့ရသည်။ ယခုအခါ ပုဂံမြို့သစ်တွင် ဟိုတယ်များတည်ဆောက်သဖြင့် အင်ကြင်းကျောက်များကို နှုတ်ယူအသုံးပြုကြည်သည်ဟုလည်း ဦးဝင်းမောင်၏ စာတမ်းတွင် ရေးထားသည်။
ထိုအချက်အလက်များ ခြုံငုံသုံးသပ်လျှင် ပုဂံကို အေဒီ ၁၀၇ နှစ်တွင် သမုဒ္ဒရာဇ်မင်းကြီးမှ စတင်တည်ထောင်သည်။ ယုန်လွှတ်ကျွန်းတွင် ဦးစွာ ထီးနန်းစိုက်သည်။ ယုန်လွှတ်ကျွန်းသည် ဧရာဝတီမြစ်နှင့် ၉ မိုင်ကျော် ဝေးကွာသည်။ ရေရရှိရန်ခက်ခဲသဖြင့် ကျောက်စကားမြို့ဟောင်းနေရာသို့ ပြောင်းရွှေ့စံမြန်းဟန်တူသည်။ သမုဒ္ဒရာဇ်မင်းသည် ထေရဝါဒ ဗုဒ္ဓဘာသာဝင်တဦးဖြစ်သည်။ ကျောင်း၊ ဘုရား၊ ဆင်းတု၊ စေတီများကို တည်ထားကိုးကွယ်ခဲ့သည်ကို ခိုင်မာသော အထောက်ထားများ တွေ့ရှိထားပြီးဖြစ်ပါ၏။
ထို့ကြောင့် ဗုဒ္ဓဘာသာ သာသနာသည် သရေခေတ္တရာမှ ယူဆောင်လာပြီး အေဒီ ၁၀၇ နှစ်၊ အနော်ရထာမင်းမတိုင်မီ နှစ်ပေါင်း ၉၀၀ ကျော်မှ စတင်ထွန်းကားနေပြီဟု မှတ်ယူကြရပေမည်။
ပုဂံသမိုင်းကိုပြောလျှင် လက်တွေ့မြင်နေကြရသော စေတီများဖြင့်မလုံလောက်တော့ပေ။ မြေပေါ်မြေအောက် အထောက်အထားများဖြင့် တွေးကြ၊ ရေးကြ၊ ခံစားကြရပေတော့မည်။
ဦးဝင်းမောင်၏စာတမ်းတွင် ပျူခေတ်ဟု ယူဆရသော ရှေးဟောင်းစေတီပန္နက်ရာများ၊ လက်စင်းရာပါ အုတ်များကို စေတီပေါင်း ၅၄ ဆူတွင် တွေ့ရကြောင်း ဖော်ပြထားသည်။ ထိုစေတီအများစုမှာ နဂါးစိုး၊ နဂါးကျစ်၊ ကျောက်စကား၊ အနုရာဓ(မြင်းကပါ) ရွာစိုက်ရွာ ဒေသတို့ဖြစ်ကြောင်း ဖော်ပြထားသည်။ ယခု မြင်းကပါရွာကို ပုဂံ ၁၉ ရွာစာရင်းတွင် အနုရာဓရွာဟု ပါရှိသည်။ ပါဠိအမည်ဖြစ်သည်။
ထိုခေတ်၊ နှစ်ရာစုကပင် ယခု ပုဂံဒေသ၌ ပါဠိစာပေ၊ ပဠိစကားထွန်းကားနေပြီဖြစ်ကြောင်း သိသာသည်။
ငကျွဲနားဋောင်းစေတီသည်လည်း ပျူခေတ်လက်ရာပုံစံ စေတီဖြစ်ပြီး အုတ်ကျိုးအုတ်ပဲ့များကို လေ့လာရာ လက်စင်းရာပါ အုတ်များဖြစ်၍ ပျူခေတ်စေတီဟုပင် ဆိုနိုင်ပေသည်။ လက်စင်းရာပါအုတ်များကို အေဒီ ၁-၉ ရာစုအတွင်း အသုံးပြုခဲ့ကြသည်။ ရှေးမြို့ဟောင်းတိုင်းတွင် တွေ့မြင်ရသည်။
အချုပ်အားဖြင့်ဆိုရသော် သမုဒ္ဒရာဇ်မင်းကြီးသည် ထေရဝါဒဗုဒ္ဓဘာသာထွန်းကားနေပြီဖြစ်သော သရေခေတ္တရာမြို့မှ ပြောင်းရွှေ့လာသူဖြစ်ခြင်းကို ဆက်စပ်၍လည်းကောင်း၊ မြို့ဟောင်းများ၊ ပျူခေတ်စေတီများကို လေ့လာရခြင်းဖြင့်လည်းကောင်း ပုဂံဒေသတွင် အေဒီ ၂ ရာစုမှစပြီး ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကားနေပြီဟု ယူဆကြရပေတော့မည်။
ဒေါက်တာသက်လွင် - သမိုင်းကပြောသောပုဂံ၊ ပုဂံကပြောသောသမိုင်း။
ပျူစောထီးမင်း (အေဒီ ၁၆၇ - ၂၄၂)
ပျူစောထီးမင်း၏ဇာတိမှာ တကောင်းမြို့ဟောင်းမှဆိုသည်။ တကောင်းမျိုးရိုးအစဉ်အဆက်မှ ဆင်းသက်လာသည်ဟု ဆိုသည်။ မိဘများက ပျူစောထီးဟု အမည်ပေးသည်။ စောဟူသောအမည်သည် ပျူလူမျိုးအနွယ်တို့အတွက် မြင့်မြတ်သောအဓိပ္ပာယ်ကို ဆောင်ဟန်တူသည်။ ပုဂံရာဇဝင်ခေတ်တွင် အနော်ရထာမင်းစော၊ စောလူးမင်း၊ စောယွမ်းမင်းသား၊ မိဖုရားဖွားစော စသည်တို့ မှည့်ခေါ်ခဲ့ကြသည်။
စောထီးကို ငယ်စဉ်ကပင် မိဘများသည် ဆရာရသေ့ထံ အပ်နှံထားသည်။ ဆရာရသေ့သည် စောထီး၏ဇာတာကို စစ်ဆေးသည်။ အကြေအရပ်တွင်း မင်းဖြစ်မည်ဟု ဟောသည်။ မင်းတပါးတွင် တတ်သင့်တတ်အပ်သော ပညာမျိုးစုံကို သင်ပြပေးသည်။ ၁၆ နှစ်သားအရွယ်သို့ရောက်သောအခါ မိဘများကို ခွင့်ပန်ပြီး စောထီးသည် အကြေ၊ အောက်အရပ်သို့ ရေကြောင်းဖြင့် စုန်ဆင်းခဲ့သည်။ သမုဒ္ဒရာဇ်မင်းကြီးသည် ရွာ ၁၉ ရွာကို စုစည်းပြီး တိုင်းသစ်ပြည်သစ် တည်ထောင်နေသည်ကို တွေ့မြင်ရသည်။ ပုဂံရွာ ၁၉ ရွာတွင် တရွာအပါအဝင်ဖြစ်သော မြေခဲတွင်းရွာသို့ ရောက်သည်။ ပျူလူအိုလင်မယားထံတွင် တည်းခိုသည်။ မြေခဲတွင်းရွာသည် ညောင်ဦး၊ ကျောက်ပန်းတောင်း မော်တော်ကားလမ်း၏ အရှေ့ဘက် ၄ မိုင်ခန့်အကွာ တောင်ဘရွာ၏ အရှေ့ဘက်၌ တည်ရှိသည်။ မြောက်လတ္တီတွဒ် ၂၁’ ၀၈’ နှင့် အရှေ့လောင်ဂျီတွဒ် ၉၅’ ၀၀’ တွင်တည်ရှိသည်။
ထိုအချိန်တွင် ယုန်လွှတ်ကျွန်းဒေသ၌ ကျားကြီး၊ ဝက်ကြီး၊ ရှူးပျံကြီး၊ ငှက်ကြီးဟူသော သတ္တဝါကြီး ၄ ကောင်သည် လူသတ္တဝါများကို တိုက်ခိုက်ဖျက်ဆီးနေသည်။ ဘုရင် သမုဒ္ဒရာဇ်မင်းကိုယ်တိုင် မနှိမ်နင်းနိုင်ဘဲ စိတ်ဆင်းရဲနေခဲ့ရသည်မှာ ၁၂ နှစ်ကြာခဲ့ပြီဖြစ်သည်။ စောထီးသည် ထိုသို့ဒုက္ခပေးနေသော သတ္တဝါကြီး ၄ ကောင်ကို အောင်မြင်စွာ နှိမ်နင်းသတ်ဖြတ်လိုက်သည်။ ဘုရင် သမုဒ္ဒရာဇ်မင်းကြီး ကြားသိသောအခါ အမျိုးအနွယ်ကို စစ်ဆေးသည်။ တကောင်းမှလာသော မင်းမျိုးရိုးလည်းဖြစ်၊ လေးအတက်၊ မြားအတက်၊ ဗေဒင်၊ ပိဋကတ်အတက်တို့တွင်လည်း လိမ္မာတက်ကျွမ်းကြောင်း သိရသဖြင့် သမီးတော်နှင့် ထိမ်းမြားလက်ထပ်ပေးပြီး အိမ်ရှေ့အရာ ပေးတော်မူသည်။ ပျူအမျိုးအနွယ်လည်းဖြစ်၊ ပျူအိုလင်မယား၏ ပြုစုစောင့််ရှောက်ထားခြင်းခံရသူလည်းဖြစ်၍ ပျူစောထီးဟု တွင်သည်။
ပျူစောထီးကို အိမ်ရှေ့အရာပေးပြီး သုံးနှစ်အကြာတွင် သမုဒ္ဒရာဇ်မင်းကြီး နတ်ရွာစံတော်မူသည်။ ပျူစောထီးကို ဂုဏ်ပြုသောစာပေများကို ပညာရှင်များသည် ခေတ်အဆက်ဆက်တွင် ရေးသားခဲ့ကြသည်။
“ငှက်ဘီလူးနှင့် စားကြူးဆီခဲ၊ ဝက်ထီးရဲကို၊
အောင်ပွဲခွင်းလတ်၊ အရိမဒ်ဝယ်၊ ပစ်သတ်နေမျိုး၊
ရန်ညွန့်ချိုးသည်” ဟူ၍လည်းကောင်း၊
“ကြီးလှငှက်ဆင်၊ အောင်မြင်ဝက်ထီး၊
သတ်လိုက်ပြီးမှ၊ ဖြန့်ချီးဗိုလ်ပါ၊
စောနရာကို၊ များစွာပုံယင်၊ ရွှေနန်းတင်၏” ဟု ရှေးကစာဆိုများ ရေးသားခဲ့ကြကြောင်း မှန်နန်းမဟာရာဇဝင်တော်ကြီးတွင် ဖော်ပြခဲ့သည်။
ပျူစောထီးမင်းသည် သမုဒ္ဒရာဇ်မင်း၏သမီးတော် သီရိစန္ဒာဒေဝီနှင့် ထိမ်းမြားပေးပြီးသော်လည်း မင်းအဖြစ်ကို မဆက်ခံသေးပေ။ သူ့အား ငယ်စဉ်ကပင် ပညာသင်ကြားပေးခဲ့သော ရသေ့အိုကြီးကို ထီးနန်းတင်ပေးသည်။ ရသေ့ကြောင်မင်းဟု ခေါ်သည်။ သက်တော် ၉၁ နှစ်တွင် မင်းပြုသည်။ စည်းစိမ်တော် ၁၅ နှစ်၊ သက်တော် ၁၀၆ နှစ်တွင် အနိစ္စရောက်သည်။ ထိုမင်းသည် ပုဂံထီးနန်းကို တတိယမြောက်မင်းအဖြစ် စိုးစံသည်။ ပျူစောထီးမင်းသည် အိမ်နိမ့်စံ ၃၅ နှစ်၊ စည်းစိမ်တော် ၇၅ နှစ်၊ သက်တော် ၁၁၀ နှစ်အရွယ်တွင် အနိစ္စရောက် ကံတော်ကုန်သည်။ ပျူစောထီးမင်းလက်ထက်တွင် ပေါက္ကံပြည်ကို “အရိမဒ္ဒနာ” ရန်အပေါင်းကို နှိမ်နင်းအောင်မြင်သော တိုင်းပြည်ဟု ခေါ်တွင်စေသည်။
ပျူစောထီးမင်းသည် သဒ္ဓါ၊ သီလ၊ ဟီရိ၊ ဩတ္တပ အစရှိသော သူတော်ကောင်းတရား ၇ ပါး၊ မင်းကျင့်တရား ၁၀ ပါးနှင့် ပြည့်စုံပြီး သာသနာတော်ကိုလည်း ချီးမြှောက်သည်။ နောင်လာလတ္တံ့သော မင်းတို့၏ အစီးအပွားအလို့ငှာ ဂဝံတော့ရသေ့၊ သိကြားတို့နှင့်တိုင်ပင်ပြီး “အတ္တေသု၊ ဓမ္မေတ္တေသု” ဂါထာဦးတပ်သော ဓမ္မသတ်ကျမ်းကိုလည်း ပြုတောမူ၏။
ငှက်ကြီးဦးခွံမြုပ်ရာ အရပ်၌ ဥမင်နှင့်ဘုရားကိုလည်း တည်တော်မူ၏။ ထိုမှတပါး ဂူကျောင်းဘုရား၊ လှိုဏ်ခေါင်းဥမင်တို့ကား များလှ၏။” ဟု မှန်နန်းရာဇဝင်ကြီးတွင် ရေးထားသည်။ ပျူစောထီးမင်း တည်ထားခဲ့သော ဗူးဘုရားသည် ပုဂံဒေသတွင် ယနေ့တိုင် အထင်အရှား ဖူးတွေ့နိုင်ပါ၏။ အနော်ရထာမင်းထက် နှစ်ပေါင်း ၉၀၀ နီးပါး ရှေးကျပါသည်။
ပျူစောထီးကိုမွေးစားသော ပျူအိုလင်မယားနေထိုင်သော မြေခဲတွင်းရွာ၏ အနောက်မြောက်ဘက် တမိုင်ခန့်အကွာတွင် ပျူခေတ်ဂူကျောင်းဘုရား တဆူကို တွေ့ရသည်။ ထိုဘုရားမှ တွေ့ရသော ပျူခေတ်အုတ်ခွက်ဘုရားများနှင့် ထီးအဆင့်ဆင့်ပါသော ရှေးဟောင်းပျူခေတ်ကျောက်ထူပါ စေတီငယ်တဆူကို တွေ့ခဲ့ရကြောင်း ဦးဝင်းမောင်၏ ပုဂံ ၁၉ ရွာခရီးစဉ်မှတ်တမ်း၌ ဖော်ပြထားသည်။ ထိုစေတီငယ်ကို ပုဂံရှေးဟောင်းပြတိုက်သို့ လှူဒါန်းထားကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် ပျူစောထီးမင်းသည်လည်း ထေရဝါဒ ဗုဒ္ဓဘာသာဝင် တဦးဖြစ်သည်ဟု မှတ်သားကြရပေမည်။ “သာသနာတော်ကိုလည်း ချီးမြှောက်သည်” ဟု ရာဇဝင်ကြီးတိုင်းတွင် ရေးသားခဲ့ကြသည်။ ဦးကုလား၏ မဟာရာဇဝင် အတွဲ ၁ တွင် ပျူစောထီးမင်းကို “ထိုမင်းကား သဒ္ဓါ၊ သတိ၊ ဟီရိ၊ ဩတ္တပ္ပ အစရှိသော သူတော်တရား ၇ ပါး၊ မင်းကျင့်တရား ၁၀ ပါးနှင့်လည်း ပြည့်စုံ၏။ ဘုရားရှင်သာသနာတော်၌ ကောင်းစွာချီးမြှောက်တော်မူ၏ … အမှူးအမတ်၊ ကလန်၊ သံပျင် အစရှိသော ပြည်သူလူထု၊ ရဟန်းတို့ကိုလည်း ရင်တော်၌ဖြစ်သောသား ကဲ့သို့ သနားကြင်နာတော်မူ၏” ဟု ဦးကုလားက ရေးသားခဲ့၏။
ထိုခေတ်ကပင် ရဟန်းများရှိနေကြောင်း ဖော်ပြခဲ့သည်။ ပျူစောထီးမင်းသည် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း ပုဂံတွင် ယခုတိုင်တည်ရှိနေသော ဗူးဘုရားက သက်သေထူနေပါတော့၏။ အနော်ရထာမင်းထက် နှစ်ပေါင်း ၈၀၀ ကျော် စောပါ၏။ ထေရဝါဒ ဗုဒ္ဓဘာသာကို ပုဂံဒေသသို့ ဦးစွာ ယူဆောင်လာသူမှာ သမုဒ္ဒရာဇ်မင်းဖြစ်ပြီး ဗုဒ္ဓဘာသာကို တည်မြဲပြန့်ပွားအောင်လုပ်ခဲ့သူမှာ ပျူစောထီးမင်းဖြစ်သည်ဟု မှတ်ယူကြရပေမည်။
ပျူစောထီးမင်းသည် ကောင်းမြို့ဟောင်းမှ ရောက်လာသော တကောင်းမင်းမျိုးနွယ်ဖြစ်သည်။ ပုဂံပြည်သို့ ရောက်သောအခါ ပြည်သူတွေကို ဒုက္ခပေးနေသာ ဝက်ကြီး၊ ငှက်ကြီး၊ ကျားကြီး၊ ရှူးပျံကြီးတို့ကို သတ်ဖြတ်သုတ်သင်နိုင်သည်။ သမုဒ္ဒရာဇ်မင်းကြီးက ပျူစောထီးကို သမီးတော်နှင့် ထိမ်းမြားပေးပြီး အိမ်ရှေ့အရာ ပေးတော်မူသည်။ ပျူစောထီးမင်းကို အကြောင်းပြု၍ ၁၉ ရွာ၏ ကိုယ်စားအမည်ကို “အရိမဒ္ဒနာပြည်” ဟု အမည်ပေးလိုက်သည်။ “ရန်သူတို့ကို နှိမ်နင်းနိုင်သောပြည်” ဟူ၍ အဓိပ္ပာယ်ရသည်။ ရန်သူဆိုသည်မှာ ဝက်ကြီး၊ ငှက်ကြီး၊ ရှူးပျံကြီးနှင့် ကျားကြီးဟူသော ရန်သူကြီး ၄ မျိုးကို ဆိုလိုသည်။ ပျူစောထီးမင်းသည် ထေရဝါဒဗုဒ္ဓဘာသာဝင် တဦးဖြစ်ပြီး မင်းကျင့်တရား ၁၀ ပါးနှင့် အညီ အရိမဒ္ဒနာပြည်ကြီးကို ၇၅ နှစ်တိုင်တိုင် အုပ်ချုပ်စိုးစံသွားခဲ့သည်။ ဘာသာ သာသနာကို အားပေးချီးမြှောက်ခဲ့သည်။ ဗူးဘုရားစသော စေတီပုထိုးများစွာကို တည်ထားကိုးကွယ်ခဲ့သည်။ ထို့အတူ ထေရဝါဒကို ဒုတိယအကြိမ် ပြုစုပျိုးထောင်ခဲ့သော ရှင်အရဟံ၊ အနော်ရထာ၊ ကျန်စစ်သားတို့၏ ကျေးဇူးကား များလှပေ၏။
ဒေါက်တာသက်လွင် - သမိုင်းကပြောသောပုဂံ၊ ပုဂံကပြောသော သမိုင်း။
သေဉ်လည်ကြောင်မင်း (အေဒီ ၃၄၄ - ၃၇၈)
ထိုမင်းသည် ပုဂံမင်း ၇ ဆက်မြောက်ဖြစ်သည်။ ထိုမင်းလက်ထက်တွင်း ထူးခြားမှု နှစ်ခုကို တွေ့ရသည်။ ပထမထူးခြားမှုမှာ ယုန်လွှတ်ကျွန်းနှင့် ကျောက်စကားအရပ်ရှိ နန်းတော်ဟောင်းကို စွန့်ပြီး လောကနန္ဒာအရပ်တွင် သီရိပစ္စယာမြို့သစ်ကို တည်ထောင်သည်။ ဒုတိယ ထူးခြားချက်မှာ မင်းမဟာဂီရိ နတ်မောင်နှမကို စတင် နတ်နန်းပေးခဲ့ခြင်းဖြစ်သည်။
မင်းမဟာဂီရိဆိုသည် မဟာ = ကြီးမြတ်သော၊ ဂီရိ = တောင်၊ တောင်မကြီးဟု ဆိုလိုသည်။ မင်းနှင့်တကွ ပြည်သူတွေကိုးကွယ်သော တောင်မကြီးနတ်မောင်နှမဖြစ်သည်။ တောင်မကြီးဆိုသည်မှာ ပုပ္ပားတောင်ကိုဆိုလိုသည်။ ထိုနတ်မောင်နှမသည် တကောင်းပြည်ကြီးမှ ရောက်လာသော စကားပင်စောင့်နတ် မောင်တင့်တယ် နှင့် နှမ မမြတ်လှတို့ ဖြစ်ကြသည်။ တကောင်းမင်းဟုသာဆိုသည်။ မင်း၏အမည်ကို ရာဇဝင်များတွင် မဖော်ပြပေ။ အမှန်မှာ တကောင်းပြည်ကြီးသည် သရေခေတ္တရာနိုင်ငံသစ်ကြီးကို ထူထောင်သော ဒွတ္တဘောင်မင်း (သာသနာသက္ကရာဇ် ၁၀၁) လက်ထက်လောက်မှစပြီး မင်းဆက်ပြတ်ခဲ့ပြီးဖြစ်သည်။ နိုင်ငံငယ်လေးအဆင့်သာဖြစ်ပေသည်။ သရေခေတ္တရာခေတ်သည်ပင် နှစ်ပေါင်း ၅၀၀ ကျော်ကြာခဲ့သည်။ ပုဂံခေတ်တွင် တကောင်းပြည်ကြီး ပျက်ပြီးသည်မှာ နှစ်ပေါင်း ၆၀၀ ကျော် ၇၀၀ ခန့်ရှိပေမည်။ သို့သော် နိုင်ငံငယ်လေးဖြစ်သော်လည်း အုပ်ချုပ်သူကို တကောင်းမင်းဟု ခေါ်ခဲ့ဟန်တူသည်။
သေဉ်လည်ကြောင်မင်းလက်ထက်တွင် တကောင်းပြည်၌အုပ်ချု်ပနေသော မင်းကြီးသည် ခွန်အားအလွန်ကြီးမားသော ပန်းပဲသမားကြီးမောင်တင့်တယ်ကို မိမိအားတော်လှန်ပုန်ကန်မည်ကို စိုးရိမ်ပြီး ဖမ်းဆီးစေသည်။ မောင်တင့်တယ်က ထွက်ခွာတိမ်းရှောင်နေသည်။ ဘုရင်ကြီးသည် ဥပါယ်တံမျဉ်ဖြင့် မောင်တင့်တယ်၏ညီမ ရှင်မြတ်လှကို မိဖုရားအဖြစ် သိမ်းပိုက်သည်။ နှစ်အတန်ကြာလေသော် “မိဖုရား၏မောင်ကို ခေါ်ယူပါ၊ မြို့ကွပ်ခန့်တော်မူမည်” ဟု မင်းကြီးက မိန်တော်မူသည်။ မိဖုရားလည်း ယုံကြည်တော်မူ၍ မောင်ဖြစ်သူ မောင်တင့်တယ်ကို ခေါ်ယူစေသည်။ မောင်တင့်တယ်ကလည်း ယုံကြည်တော်မူသည်။ ဘုရင်ကြီးသည် မောင်တင့်တယ်ကိုဖမ်းမိလျှင် စကားပင်မှာချည်ပြီး ထင်း၊ မီးသွေးအများထည့်ပြီး ဖိုကျင်ထိုး၍ သတ်စေသည်။ မိဖုရားလည်း သူမ၏မောင်ဖြစ်သူ အသတ်ခံရသည်ကို မြင်လေသော် မီးပုံအတွင်းသို့ ခုန်ချလိုက်သည်။ ရှင်ဘုရင်ကြီးက မိဖုရား၏ခေါင်းကို ဆွဲယူလိုက်ရာ ဦးခေါင်းပိုင်းသာ အကောင်းရတော့သည်။ ကိုယ်ပိုင်းမှာ မီးလောင်ကျွမ်းသွားပြီးဖြစ်သည်။ မိဖုရားလည်း နတ်ဖြစ်သွားသည်။ မောင်တင့်တယ်လည်း နတ်ဖြစ်သွားသည်။ စကားပင်မှာ မှီခိုနေသည်။ စကားပင်အနီးသို့ကပ်လာသူ ကျွဲ၊ နွား၊ ဆိတ်၊ လူ အားလုံးကို ဖမ်းယူစားသုံးသဖြင့် တကောင်းပြည်သူများသည် ကြောက်လန့်နေကြရသည်။ တကောင်းပြည်ဘုရင်ကြီးသည် ထိုစကားပင်ကြီးကို အမြစ်မှနှုတ်ယူစေပြီး ဧရာဝတီမြစ်အတိုင်း မျှောချစေသည်။
စကားပင်ကြီးသည် ပုဂံဆိပ်ကမ်းသို့ရောက်သောအခါ မြစ်ဆိပ်တွင် တင်ကျန်နေသည်။ နတ်မောင်နှမသည် သေဉ်လည်ကြောင်မင်းအားအိမ်မက်ပေးပြီး နတ်ကွန်းနေရာတောင်းသည်။ သေဉ်လည်ကြောင်မင်းသည် ထိုစကားပင်ကြီးကို ဆယ်ယူသည်။နတ်မောင်နှမရုပ်တုကို ထုလုပ်စေသည်။ နှမတော်၏မျက်နှာကို ရွှေချသည်။ နတ်မောင်နှမကို ပုပ္ပားတောင်သို့ပို့စေသည်။ နတ်ကွန်းဆောက်ပြီး နယ်မြေအပိုင်ပေးသည်။ တစ်နှစ်တကြိမ် နတ်ပွဲကျင်းပပေးသည်။ ပြည်သူများနှင့် မင်းတို့ ကိုးကွယ်ကြသည်။ မဟာဂီရိနတ်ဟု ခေါ်ကြသည်။ ပုဂံနေပြည်တော်တွင် မဟာဂီရိနတ်ကို အိမ်ရှေ့မှာ အုန်းသီးဆွဲ၍ နတ်စင်ဆောက်ကိုးကွယ်ကြသည်။ အနော်ရထာမင်းလက်ထက်တွင် ပုဂံမြို့တွင်းသို့ ကြွချီရာတွင် ဆင်သွား၊ မြင်းသွားလမ်းပေါ်၌ နတ်စင်များဖြင့် ရှုပ်နေ၍ နတ်စင်များကို ဖျက်စေသည်။ အိမ်ရှေ့တွင် နတ်စင်များကို ထားခွင့်မရသဖြင့် အိမ်တွင်းသို့ ပြောင်းပြိး နတ်စင်များ ဆောက်ကြသည်။ အိမ်တွင်းနတ်ဆိုပြီးခေါ်လာကြသည်။ မောင်တင့်တယ်တို့ နတ်မောင်နှမသည် မီးလောင်၍ သေဆုံးကြရသဖြင့် အုန်းရည်ကို ဆက်သသည့်သဘောဖြင့် အုန်းသီးဆက်သကြသည်။ ရှေးခေတ်ကပ်င မြန်မာများသည် မီးလောင်လျှင် အုန်းရည်ကို သောက်ကြရသည်။ အိမ်တွင်းနတ်ကို အုန်းသီးဆွဲပြီး ပူဇော်ပသကြသော ဓလေ့သည် ယခုခေတ်တိုင် တည်ရှိနေသည်။ သေဉ်လည်ကြောင်မင်းခေတ်မှဆိုလျှင် နှစ်ပေါင်း ၁၆၅၀ ကျော်ခဲ့လေပြီ။
ဒေါက်တာသက်လွင် - သမိုင်းကပြောသောပုဂံ၊ ပုဂံကပြောသောသမိုင်း။
သိုက်တိုင်မင်း (အေဒီ ၅၁၆ - ၅၂၃)
သိုက်တိုင်မင်းနှင့်ပက်သက်၍ ဦးကုလား၏ မဟာရာဇဝင်ကြီးတွင် အောက်ပါအတိုင်း ရေးထားသည်။
“သက္ကရာဇ် ၄၃၈ ခုသော်၊ ထိုမင်း (သာရမွန်ဖျား)၏ သားတော် သီရိပစ္စယာကိုပစ်၍ ရွာစိုက်၌ မြို့တည်ပြီးလျှင် တမ္ပဝတီ ဟု သမုတ်၍ သမထီးအရပ်၌ နေလေ၏။ အိမ်နိမ့် ၃၃၊ စည်းစိမ် ၇ နှစ်၊ သက်တော် ၄၀ တွင် အနိစ္စရော်ကတော်မူ၏”
သိုက်တိုင်မင်းထားတည်ခဲ့သော တမ္ပဝတီနန်းတော်ရာသည် ယခု ဖွားစောကျောင်း၏ တောင်ဘက်တွင် တည်ရှိသည်။ အမှတ်အသားအုတ်တိုင် စိုက်ထူထားသည်။ သိုက်တိုင်မင်းသည် အရည်အချင်းညံ့ဖျင်းသည်။ ဗုဒ္ဓဘာသာကိုအားမပေး၊ ထိုမင်းလက်ထက်မှစပြီး ထေရဝါဒဗုဒ္ဓဘာသာသည် မှေးမှိန်လာခဲ့သည်ဟု သာသနာဝင်များတွင် ဖော်ပြထားကြသည်။
ဒေါက်တာသက်လွင် - သမိုင်းကပြောသောပုဂံ၊ ပုဂံကပြောသောသမိုင်း။
ပုပ္ပားစောရဟန်းမင်းလက်ထက်တွင် ထူးခြားမှု နှစ်ခု ရှိခဲ့သည်။ ပထမထူးခြားချက်မှာ ယခင်အသုံးပြုလာသော သက္ကရာဇ် ၅၆၀ ကို ဖြိုသည်။ သက္ကရာဇ် ၂ မှ စတင်မှတ်သားစေသည်။ ယနေ့အထိ အသုံးပြုနေရသော သက္ကရာဇ်ဖြစ်လာခဲ့သည်။ ဒုတိယထူးခြားချက်မှာ တူရွင်းတောင်ပေါ်တွင် သိမ်တခုကို ဆောက်လုပ်လှူဒါန်းခဲ့သည်။ သိမ်သည် ထေရဝါဒဗုဒ္ဓဘာသာထွန်းကားခဲ့ကြောင်း ခိုင်လုံသော သက်သေအထောက်ထားဖြစ်သည်။ သိမ်ရှိလျှင် ရဟန်းရှိသည်။ အခြားမည်သည့်ဘာသာတွင်မျှ သိမ်မရှိ။
ပုပ္ပားစောရဟန်းမင်းနှင့်ပက်သက်၍ ဦးကုလား၏ မဟာရာဇဝင်ကြီးတွင် အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့သည်။
“ထိုမင်းကား အင်္ဂါသားတည်း၊ ပိဋကတ်၊ ဗေဒင်ကိုလည်း အလွန်တက်လှစွာ၏။ အဆင်းလည်း အလွန်လှ၏။ သဒ္ဓါ၊ သီလနှင်လည်း ပြည့်စုံတော်မူ၏။ ထွန်ချစ်မင်းမရှိလျှင် မိဖုရားတို့နှင့်ညှိ၍ မင်းမြှောက်သတည်း... (မိဖုရားဆရာဖြစ်၏ - မှန်နန်း)။ ပုပ္ပားစောရဟန်းမင်းကား မင်း၏တရား ၁၀ ပါးကိုလည်း စောင့်တော်မူ၏။ ပြည်သူလူ၊ ရဟန်းတို့အားလည်း ဝမ်းထွက်သားကဲ့သို့ ချစ်မြတ်နိုးတော်မူ၏” ဟု ရေးသားခဲ့လေသည်။
ရှေးဟောင်းသုတေသနဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကြိုင် (မင်းဘူးအောင်ကြိုင်)၏ လောကနန္ဒာသမိုင်းစာအုပ်တွင် အောက်ပါအတိုင်း ရေးသားခဲ့သည်။
“တောင်ထိပ်ဘက်၌ အနော်ရထာမင်းကြီးတည်ထားခဲ့သော တုရင်စွယ်တော်ရှင်စေတီတော်မှာလည်း အဆက်ဆက်သောလူများက အသစ်ပြုပြင်ခဲ့သဖြင့် တန့်ကြည်စွယ်တော်ရှင်စေတီကဲ့သို့ အသစ်ဖြစ်၍ နေပေသည်။ စေတီ၏ မြောက်ဘက်၌ ပုပ္ပားစောရဟန်း၏သိမ် ပျက်နေသည်ကို ပြင်ရကြောင်း သက္ကရာဇ် ၅၇၄ ခုနှစ်ထိုး ကျောက်စာတိုင်လည်း ရှိနေပါသည်။” ဤကား ရှေးဟောင်းသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မင်းဘူးအောင်ကြိုင်၏ စာအုပ်မှ စာသားမူရင်း ဖြစ်ပါ၏။
ပုပ္ပားစောရဟန်းမင်းသည် အေဒီ ၆၁၃ - ၆၄၀ ခုနှစ်တွင် နန်းစံသော ရဟန်းလူထွက်ဖြစ်သည်။ ထို့ကြောင့် ထေရဝါဒတွင် သိမ်သည် မည်မျှအရေးကြီးကြောင်း ရဟန်းလူထွက်ဘုရင်ကြီးက သိသည်။ သိမ်ကိုဆောက်၍ လှူဒါန်းခဲ့သည်။ သိမ်သည် ထေရဝါဒဗုဒ္ဓဘာသာဝင်ရဟန်းတို့ မွေးဖွားပေးရာ မိခင်ကြီးဖြစ်သည်။ အခြားမည်သည့်ဘာသာတွင်မျှ သိမ်ဆိုတာ မရှိပေ။ သိမ်ရှိသည်ဆိုသည့် အကြောင်းအရာတခုတည်းနှင့်ပင် အနော်ရထာမင်း မတိုင်မီ နှစ်ပေါင်း ၄၀၀ ကျော်ကပင် ထေရဝါဒသည် ပုဂံမြေမှာ ထွန်းကားခဲ့ပြီးဖြစ်သည်။ သို့သော် ဗုဒ္ဓဘာသာ၏အခြေအနေသည် အားပေးသောရှင်ဘုရင်များ၏ လက်ထက်တွင် ထွန်းကားသည်။ ဘာသာရေးကို စိတ်မဝင်စားသော ရှင်ဘုရင်များ၏ လက်ထက်တွင် မှေးမှိန်သည်။ ပုဂံရှင်ဘုရင်များသည် ပုဂံပြည်သူလူထုကို ဘာသာရေးလွတ်လပ်ခွင့်ပေးခဲ့ကြသည်။ မိမိကြိုက်နှစ်သက်ရာ ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ပြုခဲ့ကြောင်း ထင်ရှားသည်။ ဟိန္ဒူဘာသာကိုးကွယ်မှု၊ ဗြဟ္မဏအယူဝါဒကိုးကွယ်မှု၊ မဟာယနဗုဒ္ဓဘာသာကိုးကွယ်မှုများမှာ မင်းနှင့်တကွ ပြည်သူများပါဝင်သည်။ ခရစ်ယာန်ဘာသာနှင့် အစ္စလမ်ဘာသာတို့၏ အငွေ့အသက်များကိုတော့ ပုဂံမြေမှာ မတွေ့ရပေ။
ပုပ္ပားစောရဟန်းခေတ်က တည်ဆောက်ခဲ့သော သိမ်ကိုပြင်သည်ဆိုသော ခုနှစ်ကပင် အေဒီ ၁၂၁၂ နရပတိစည်သူမင်းခေတ် အကုန်ပိုင်းဖြစ်သည်။ ထေရဝါဒဗုဒ္ဓဘာသာအလွန်ထွန်းကားနေသော အချိန်ကာလဖြစ်သည်။
မည်သို့ပင်ဖြစ်စေ၊ ရဟန်းလူထွက် ပုပ္ပားစောရဟန်းမင်း (အေဒီ ၆၁၃-၆၄၀) သည် ထေရဝါဒဗုဒ္ဓဘာသာကို အလွန်အားပေးခဲ့သော မင်းတပါးဖြစ်ကြောင်း ထပ်ဆင့် မှတ်တမ်းတင်ပေးလိုက်ရပါသည်။
ဒေါက်တာသက်လွင် - သမိုင်းကပြောသောပုဂံ၊ ပုဂံကပြေသောသမိုင်း။
ပျဉ်ပြားမင်း (အေဒီ ၈၄၆ - ၈၇၈)
ပျဉ်ပြားမင်း၏ ထူးခြားချက်မှာ ယခုမြင်တွေ့နေရသော ပုဂံမြို့ရိုးကြီးနှင့် ကျုံးတို့ကို တည်ဆောက်သွားခြင်းနှင့် ယခုအမည် ပျဉ်းမနားမြို့ကို မင်းသားဘဝက စားခဲ့ရခြင်းဖြစ်သည်။
ပျဉ်ပြားမင်းအကြောင်းကို မှန်နန်းရာဇဝင် စာအုပ်တွင် “သက္ကရာဇ် ၂၀၈ ခုသော် ထိုမင်း (ခဲလူးမင်း) ညီတော်ပျဉ်ပြား၊ မင်းဖြစ်တော်မူသည်။ မင်းသားငယ်လက်ထက် ပျဉ်ပြားရွာကို စားရသောကြောင့် ပျဉ်ပြားမင်းဟု တွင်၏။ အိမ်နိမ် ၄၅နှစ်၊ စည်းစိမ် ၃၂ နှစ်၊ သက်တော့ ၇၇ တွင် အနိစ္စရောက်တော်မူသည်။ ပုဂံမြို့ကို တည်တော်မူ၏။ တည်သည့်သက္ကရာဇ်ကား ၂၁၀ ခုတည်း (အေဒီ ၈၄၉ နှင့်ညီ)။ ၂၁၉ တွင် တောင်တွင်းမြို့ကိုလည်း ရမ္မဝတီသမုတ်၍ မြို့တည်၏။” ဟူ၍ မှန်နန်းမဟာရာဇဝင်တော်ကြီးတွင် ရေးသားထားသည်။ ပုဂံမြို့ကို အေဒီ ၈၄၉ မှာ တည်ပြီး တောင်တွင်းကြီးမြို့ကို အေဒီ ၈၅၇ ခုနှစ်တွင် ရမ္မဝတီဟု အမည်သမုတ်ပြီး တည်ထားခဲ့ကြောင်း ဗဟုသုတဖြစ်ဖွယ် ဖတ်ရသည်။ ပျဉ်ပြားမင်းသည် အသက် ၄၅ နှစ်မှ မင်းဖြစ်လာသူ ဖြစ်သည်။ သူ၏ နောင်တော် ခဲလူးမင်းသည် ၈၂၉-၈၄၆ ခုနှစ်အထိ နန်းစံခဲ့သဖြင့် သူ၏ နောင်တော်သည် နန်းစံ ၁၇ နှစ်ကြာခဲ့သည်။ ထိုခေတ်ကပင် အရည်အချင်းပြည့်ဝသော အိမ်ရှေ့မင်းဖြစ်ခဲ့ဟန်တူသည်။ ပျဉ်ပြားမင်းသားသည် အိမ်ရှေ့မင်းသားဘဝ ၁၇ နှစ်၊ နန်းစံ ၃၂ နှစ် = ၄၉ နှစ်လုံးလုံး တိုင်းပြည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ဟန်တူသည်။ သိုက်တိုင်မင်းတည်ထားခဲ့သော မြို့တော်ဟောင်းတွင် အေဒီ ၅၂၀-၈၄၆ တိုင်အောင် နှစ်ပေါင်း ၃၂၆ နှစ်ကြာအောင် မင်းဆက်ပေါင်း ၂ ဆက် နေထိုင် စိုးစံခဲ့ကြသည်။ သိုက်တိုင်မင်းတည်ထားခဲ့သော တမ္ပဝတီနန်းတော်ဟောင်းနေရာသည် ဖွားစောကျောင်းနှင့် မျက်နှာချင်းဆိုင်နေရာတွင် တည်ရှိသည်။ တမ္ပဝတီနန်းတော်ဟောင်းနေရာဟု ကျောက်တိုင်စိုက်ထူထားသည်။ ကုန်းတွင်းအတော်ကျသည်။ ပျဉ်ပြားမင်းသည် မြို့ရိုးနှင့်ကျုံးနှင့် ဂုဏ်သိက္ခာရှိရှိ အဆင့်မြင့်မြင့် နေထိုင်လိုဟန် တူသည်။ ဧရာဝတီမြစ်ကို အမှီပြု၍ ကုန်စည်ကူးသန်းသွာလာလိုဟန် တူသည်။ ယခုလက်ရှိပုဂံမြို့ရိုးသည် ထိုခေတ်အခါက ပုဂံသူ ပုဂံသားတို့၏ အတတ်ပညာနှင့် ရိုးရာဓလေ့ကို ယခုတိုင်ဖော်ပြနေသည်။ သရပါတံခါးဝမှ နတ်ရုပ်ကြီးမောင်နှမ၏ ရုပ်တုများသည် အသက်ဝင်လှသည်။ ကျောက်တုံးတတုံးကို တရုပ်ထုလုပ်ထားသည်။ မင်းမဟာဂီရိနတ်မောင်နှမဖြစ်ဟန်တူသည်။ ထိုခေတ်က ကျောက်ဆစ်ပညာ၊ ပန်းတမော့ပညာကို ဖော်ပြနေသည်။ မြို့ရိုးပေါ်တွင် တပို်ငးတစ တင်ကျန်နေသေးသော အင်္ဂတေပန်း (ပန်းတော့) လက်ရာများသည်လည်း လက်ရာမြောက်လှပေ၏။ ထိုခေတ် ပန်းရံပညာနှင့် အုတ်လုပ်ငန်းတို့ကိုလည်း ယခုခေတ်သုတေသီများ လေ့လာခွင့်ရနေသည်။ အနော်ရထာမင်းမတိုင်မီ နှစ်ပေါင်း ၂၀၀ ကျော်မှ ပုဂံသူ ပုဂံသားတို့၏ ပန်း ၁၀ မျိုး အတတ်ပညာကို လေ့လာခွင့်ရသဖြင့် တန်ဖိုးကြီးလှပေ၏။ လက်ရှိပုဂံမြို့ရိုးနှင့် ကျုံးတို့သည် မြန်မာ၏နှလုံးသား ဖြစ်နေ၏။ သရပါတံခါးကို စာရေးဆရာများသည် ရှုထောင့်အဖုံဖုံမှ ရသစုံအောင် အရသာခံပြီး သရုပ်ဖော် ရေးသားခဲ့ကြသည်။
သရပါတံခါးကို အေဒီ ၈၄၉ တွင် တည်သည်။ သို့သော် တမ္ပဝတီဦးဝင်းမောင်၏ အဆိုအရ ယခု သရပါတံခါးသည် မူရင်းနေရာမဟုတ်။ ကျောင်းဖြူမင်းလက်ထက်က အသစ်တည်ဆောက်ခဲ့ဟန်တူကြောင်း ပြောပြသည်။
“ပုဂံမြို့၊ သရပါတံခါးသို့”
မြားနှင့်လွှားနှင့်၊ လှံဓားဝင့်၍
မင်းမင့်ဦးဆောင်း၊ ရန်အပေါင်းကို
နှင်မောင်းရာကား၊ သင်တံခါးတည့်။
ကျိုင်းနှင့်သိုင်းနှင့်၊ ရွှေထီးဖွင့်၍
မင်းမင့်သခင်၊ အောင်ပွဲရွှင်လျက်
ပြည်ဝင်ရာကား၊ သင်တံခါးတည့်။
ဆွမ်းနှင့်ကွမ်းနှင့်၊ ဆီမီးဆင့်၍
မင်းမင့်ခေါင်ထွက်၊ စည်းခံမြတ်သို့
ထွက်လတ်ရာကား၊ သင်တံခါးတည့်။
ထီးသုဉ်း နန်းသုဉ်း
မြို့သုဉ်းသုည၊ သုဉ်းသုံးဝနှင့်
ကြုံရသည့်ပြင်၊ သင့်ကိုပင်လျင်
မရွှင်ဂုဏ်ညှိုး၊ အထွက်ကျိုး၍
မုဆိုးမနှယ်၊ မျက်နှာငယ်လည်း
မဖွယ်လူ့ရွာ၊ ဖြစ်ခြင်းရာကို
ရဲစွာဆိုင်လျက်၊ တည်ငြိမ်သက်သော်
တက်သည်မိုးမျှ၊ ငါ့မာနလည်း
လျောကျမြေဆီ၊ လက်အုပ်ချီသည်။
ခန္တီဝင်စား၊ ရှင်တံခါးတည်း။ ။ (မင်းသုဝဏ်)
ဟု ဆရာကြီးမင်းသုဝဏ်က သရပါတံခါးနေရာမှာ ခံစားပြီး ရေးဖွဲ့ခဲ့သည်။ သရပါတံခါးသည် အနော်ရထာမတိုင်မီ နှစ်ပေါင်း ၂၀၀ မှစပြီး ပုဂံပျက်သည်အထိ မင်းတို့၏ အကာအကွယ်ဖြစ်ခဲ့သည်။ ပုဂံသို့ ဝင်လာသော ရန်သူအပေါင်းကိုလည်း သရပါတံခါးက မောင်းထုတ်ခဲ့ရသည်။ စစ်နိုင်၍ ပြန်လာခဲ့ကြသော ပုဂံမင်းများကိုလည်း ကြိုဆိုခဲ့ရသည်။ ပုဂံပြည်သူများသည် ဆွမ်းပို့ရန် ဆီမီးလှူရန် ရွှေစည်းခုံစေတီတော်မြတ်သို့ သွားရာသည်လည်း ဤတံခါးပေတည်း။ ပုဂံနိုင်ငံတော်ကြီး ပျက်စီးခြင်းကိုလည်း ဤတံခါးကြီး မြင်ခဲ့ရသည်။ ကိုယ့်ဘုရင်၊ ကိုယ့်လူမျိုးတို့ ဂုဏ်ညှိုးခဲ့ရသဖြင့် ဤတံခါးကြီးမှာ မျက်နှာငယ်ခဲ့ရသည်။ သိုသော် လောကဓံတရားတို့၏ ပျက်ခြင်းဖြစ်ခြင်းကို တံခါးကြီးက ခံနိုင်ပါပေသည်။
စသည်ဖြင့် ဆရာကြီးမင်းသုဝဏ်က ခံစားခဲ့ရရှာပါသည်။
မည်သို့ပင်ဖြစ်စေ၊ ပျဉ်ပြားမင်း၏ သမိုင်းကြောင်းသည် နောက်ခေတ်ပုဂံရှင်ဘုရင်တို့၏ အတုယူစရာ၊ ဂုဏ်ယူစရာ၊ ဝံ့ကြွားစရာဖြစ်ရသည်သာမက ယခုခေတ်တိုင် မြန်မာတိုင်း ဂုဏ်ယူနေကြရပါ၏။
ဆရာကြီး ဒေါင်းနွယ်ဆွေကလည်း “အို… ထလော့… ပုဂံ” ကဗျာတွင် -
“ခေတ်ရှေ့ပြေးကား၊ ပျဉ်ပြားမင်း သာ
ရှစ်ရာလေးဆယ့်ခြောက်
သက္ကရာဇ်ရောက်သော်
မြို့တော်ဟောင်းမှ စတုတ္ထပုဂံ
တည်လေပြန်၏။ အုတ်ခံမြို့ရိုး
ကျုံးမျိုးသုံးတန်၊ ပတ်ရံကာဆီး
တံခါးကြီးကြပ်၊ ဆယ့်နှစ်ရပ်ဖြင့်
နန်းမြင့်ထွဋ်တင်၊ စည်ပင်ခဲ့ရာ
နော်ရထာတိုင်…”
ကျုံးသုံးတန်ကို၊ မြို့၏သုံးမျက်နှာတွင် ကာရံသည်ဟု ယူဆကြသည်။ တဘက်မှာ ဧရာဝတီမြစ်ဖြစ်၍ မြို့ရိုး၊ ကျုံးရှိဟန်မတူ။ သို့သော် ကျုံးသုံးတန်ဆိုသည်မှာ အခြောက်ကျုံး၊ ရေကျုံး၊ နွံကျုံးကို ဆိုလိုသည်။ စိန္တကျော်သူ ဦးဩက -
“အခြောက်၊ ရေ၊ နွံ
ကျုံးသုံးတန်၊ မြို့ထံပတ်လည်မှာ” ဟု ရေးဖွဲ့သည်။ အခြောက်ကျုံးတွင် ရန်သူကို ရိုက်ခတ်၊ ပုတ်သတ်၊ ထိုးသတ်၊ ခုတ်လှဲကြမည်။ ရန်သူများရေကျုံးတွင် နစ်ကြရအောင် ကြာပင်များကို စိုက်ထားမည်။ နွံကျုံးတွင် ရန်သူ၏ ဆင်မြင်းများ နွံမှာ နစ်ကျွံနေကြမည်။ မြို့စောင့်များက တိုက်ခိုက်ကြမည်။ ပျဉ်ပြားမင်းတည်ဆောက်ခဲ့သော ပုဂံမြို့ရိုး၊ ကျုံး၊ တံခါးကြီး ၁၂ ပေါက်တို့သည် နောက်မင်းဆက် ၁၈ ပါးတို့အတွက် အကာအကွယ် ပေးနိုင်ခဲ့သည်။
ပျဉ်ပြားမင်း၏ စိတ်ဝင်စားဖွယ်နောက်တခုမှာ ယခုနေပြည်တော်မြို့တော်ကြီးတည်ဆောက်နရာဒေသသည် ပျဉ်ပြားမင်း မင်းသားဘဝက အပိုင်စားခဲ့ရသော မြို့ဖြစ်သည်။ တမ္ပဝတီဦးဝင်းမောင်၏ အဆိုအရ ပျဉ်ပြားမြို့ကို ယခင်က ပြည်ဖျား မြိုဟုလည်း ခေါ်ခဲ့ကြကြောင်း ဖော်ပြထားသည်။ ပုဂံပြည်၏ အစွန်အဖျား ဖြစ်ခဲ့ဟန်တူသည်။ ကင်းမြို့ဖြစ်ခဲ့ဟန်တူသည်။ ပြည်ဖျားမှ ပျဉ်ပြား၊ ထိုပျဉ်းမနားဖြစ်လာသည်ဆို၏။
ပျဉ်းမနားဒေသဆိုင်ရာ သမိုင်းကြောင်းမှတ်စုလွှာမှာတော့ -
“ပျဉ်းမနားဟူသည် ရှမ်းဘာသာစကားဖြင့် ပင်မုံန မှ ဆင်းသက်လာဟန်ရှိသည်။ (ပင် - စခန်း၊ မုံ - အသီး၊ န - ဖန်ခါးပင်)။”
ဖန်ခါးပင်စခန်းဟု ဆိုလိုသည်ဟု ဖော်ပြထားသည်ကို ဖတ်ရသည်။
ပျဉ်ပြားမင်းသည် ကောဇာ ၂၁၉ အေဒီ ၈၅၇ ခုနှစ်တွင် တောင်တွင်းမြို့ကိုလည်း ရမ္မဝတီဟု အမည်ပေး တည်ဆောက်ခဲ့သည်ဟု မှန်နန်းရာဇဝင်တော်ကြီးက ရေးခဲ့သည်။ ယခုတည်ဆောက်နေသော နေပြည်တော်မြို့ကြီးသည်လည်း တောင်တွင်းကြီးမြို့နှင့် မဝေးကွာလှပေ။ နေပြည်တော်နှင့်တောင်တွင်းကြီးသည် မီးရထားလမ်း ကားလမ်းတို့ဖြင့် အလွယ်တကူ သွားလာနေကြသည်။
ထိုအချက်အလက်များကို ထောက်ရှု၍ ပျဉ်ပြားမင်းသည် အမြင်ကျယ်လေစွ။ ပုဂံရာဇဝင်တွင် ဂုဏ်တင်အပ်သော မင်းတပါးဖြစ်၍ မှတ်တမ်းတင်ဖော်ပြလိုက်ရပေသည်။
ပျဉ်ပြားမင်း တည်ဆောက်ခဲ့သော စတုတ္ထပုဂံသည် ကမ္ဘာတည်သရွေ့ တည်ရှိနေမည်ကား ဧကန်ဖြစ်၏။ ဆရာကြီးဒေါင်းနွယ်ဆွေက ပုဂံသို့ ဤသို့အားပေးရှာသည်။
“အို… ထလော့…ပုဂံ
လောကဓံကား၊ သနားမညှာ
ပြက်ရယ်ပါတက်၊ မတ်လေ့…ဦးခေါင်း
ထောင်းထောင်းကျေညက်၊ သင်မပျက်သေး
သင့်မြေး သင့်မြစ်၊ သင့်ကိုချစ်၍
အားသစ်ဖြည့်ကာ၊ ချီတက်လာပြီ
အို… မဟာပုဂံ
ရှိုက်သံရပ်လော့…၊ ထပါတော့။ ။
(ပျဉ်ပြားမင်း၏ ကျေးဇူးကား ကြီးမားလှပါ၏။)
ဒေါက်တာသက်လွင် - သမိုင်းကပြောသောပုဂံ၊ ပုဂံကပြောသောသမိုင်း။
#baganscent #bagandynasty #articles
တောင်သူကြီးမင်း (အေဒီ ၉၃၁ - ၉၆၄)
တောင်သူကြီးမင်းသည် ရှင်ဘုရင်ကို သတ်မိ၍ မင်းဖြစ်လာရသူ ဖြစ်သည်။ မြန်မာ့သမိုင်းတွင် ရှင်ဘုရင်တင်မြှောက်ရာတွင် ပုံစံ ၃ မျိုးကို တွေ့ရသည်။
(၁) ရှင်ဘုရင်ကိုယ်တိုင်က အိမ်ရှေ့အရာပေးပြိး ရွေးချယ်ခန့်ထားခြင်း။ (ညီဖြစ်စေ၊ သားဖြစ်စေ ခန့်ထားသည်။ အများအားဖြင့် သားကိုခန့်ထားကြသည်။ ထိုအခါ သားနှင့် ညီတို့ ခိုက်ရန်ဖြစ်၊ သတ်ဖြတ်ကြသည်။)
(၂) ရှင်ဘုရင်ကိုသတ်၍ ထီးနန်းကို လုယူ၊ ခံစားခြင်း။ (ညီကဖြစ်စေ၊ သားကဖြစ်စေ၊ အရပ်သားကဖြစ်စေ၊ ရှင်ဘုရင်ကို လုပ်ကြံသတ်ဖြတ်ပြီး ထီးနန်းကို ရယူခြင်း)
(၃) ရှင်ဘုရင်၏ထီးနန်းကို ခံစားလို၍ မဟုတ်ဘဲ ရှင်ဘုရင်ကို မတော်တဆ သတ်မိ၍ ရှင်ဘုရင်မလုပ်လိုသော်လည်း ရှင်ဘုရင်ဖြစ်လာရခြင်း။
ဤအစဉ်အလာသုံးမျိုးတွင် တောင်သူကြီးမင်းသည် တတိယ အမျိုးအစားတွင် ပါဝင်သည်။ မြန်မာ့သမိုင်းကို ပြန်ကြည့်လျှင် သခွားသီးသမိုင်းသည် အတော်စိတ်ဝင်စားဖွယ်ကောင်းလှသည်။ သခွားသီးသည် အရည်ရွှမ်းခြင်း၊ ချိုခြင်းရှိသည်။ ရှေးမြန်မာများ အမြတ်တနိုးစားခဲ့ကြသောအသီး ဖြစ်ဟန်တူသည်။ ယခုခေတ်သခွားမွှေးထက်ပင် ကောင်းအံ့ထင်၏။ ရှင်ဘုရင်များသည် တော်တွင်း၌ တဦးတည်း ရောက်သွားသောအခါ ထမင်းဆာ၊ ရေဆာသဖြင့် သခွားသီးကို ဆွတ်ခူးစားကြသည်။ သခွားယာခင်းပိုင်ရှင်နှင့် ရှင်ဘုရင်တို့သည် သခွားသီးကို ဆွတ်ခူးစားခြင်းနှင့်ပက်သက်ပြီး မြန်မာ့သမိုင်းတွင် သုံးကြိမ်ဖြစ်ခဲ့ကြောင်း မှတ်မိသည်။
(၁) တောင်သူကြီးနှင့် သိန်းခိုမင်း
(၂) ထီးလှိုင်သူကြီးနှင့် ကျန်စစ်သား
(၃) ယာခင်းပိုင်ရှင်နှင့် ဆင်ဖြူရှင်မင်း (ကုန်ဘောင်ခေတ်) တို့ဖြစ်သည်။
တောတွင်း၌ ရှင်ဘုရင်သည် အစာ၊ ရေဆာမွတ်၍ သခွားသီးကို စားရခြင်း တူညီကြ၏။ သို့သော် တောင်းယူစားသုံးပုံခြင်း မတူပေ။
(၁) သိန်းခိုမင်းသည် ယာခင်းပိုင်ရှင်ကို အသိမပေးဘဲ ဆွတ်ခူးစားမိ၍ ယာခင်းရှင်က သံတူရွင်းဖြင့် ရိုက်သဖြင့် သေရသည်။
(၂) ကျန်စစ်သားမင်းသည် ထီးလှိုင်ရှင် ယာခင်းပိုင်ရှင်ထံ သခွားသီးကိုပေးပါဟု ခွင့်ပန်ပြီး တောင်းစားသည်။ ယာခင်းရှင်က သခွားသီးကိုပေးပြီး သမီးတော်နှင့် ပေးစားလိုက်သည်။
(၃) ဆင်ဖြူရှင်မင်းသည် စစ်ကိုင်းမှ ရွှေဘိုမြို့တော်သို့ တဦးတည်းအပြန်တွင် ရေဆာသဖြင့် သခွားခင်းအတွင်းဝင်၍ ဆွတ်ခူးစားသုံးသည်။ ယာခင်းပိုင်ရှင်နှင့် ပုတ်သတ်ကြရသည်။ ယာခင်းရှင်ရှုံးသည်။ သို့သော် ယာခင်းရှင်ကို နန်းတော်သို့ ခေါ်ပြီး ဆုလာဘ်များ ပေးသည်။
စိတ်ဝင်စားဖွယ်ကောင်းသော ရှင်ဘုရင်နှင့် သခွားသီးဇာတ်လမ်းများဖြစ်ပါ၏။ သိန်းခိုမင်းသည်လည်း အေဒီ ၉၃၁ ခုနှင်တွင် တဦးတည်း တောကစားသွားရာတွင် အစာရေဆာလောင်မွတ်သဖြင့် သခွားသီးကို ဆွတ်ခူးစားသောက်မိသည်။ ယာရှင်တောင်သူကြီးသည် ခွင့်မတောင်းဘဲ စားရကောင်းလားဆိုပြီး သံတူရွင်းနှင့် ရိုက်သတ်လိုက်သည်။ နောက်မှ သိန်းခိုမင်း၏ မြင်းခံရောက်လာသည်။ ဤအကြောင်းကို ဦးကုလား၏ မဟာရာဇဝင်ကြီးတွင့် အောက်ပါအတိုင်း ရေးသားခဲ့သည်။
“ဟယ်… တောင်သူကြီး၊ ငါ့တို့ အရှင်ကို အဘယ်ကြောင့် ပုတ်သတ်သနည်း” ဟု ဆို၏။
“နင့်မင်းသည် ငါ့သခွားသီးကို ဆွတ်၍စားသည်၊ မပုတ်ဘိတုံတကား” ဟုဆို၏။
“ဟယ်… တောင်သူကြီး၊ မင်းကိုသတ်သောသူသည် မင်းပြုမြဲဖြစ်သည်” ဟူ၍ လှည့်ပတ်စကားတို့ဖြင့် ဆိုလေ၏။
တောင်သူကြီးလည်း…
“ငါ မင်းမပြုဘူး၊ သည်နှစ်သည် ငါ့သခွားသီးသည် ခွေးငယ်နို့စို့သကဲ့သို့ သီသည်တမုံ့” ဟူ၍ ဆို၏။
“ဟယ်… တောင်သူကြီး၊ နင့်သခွားသီးကိုလည်း နင်ပိုင်ရမည်။ မင်းစည်းစိမ်ကိုလည်း နင်ခံစားရမည်။ မင်းစည်းစိမ်ချမ်းသာမှုကား အလွန်ကြီးမြတ်လှ၏။ အဝတ်ကောင်း၊ အစားကောင်း၊ ရွှေ၊ ငွေ၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ဆိတ်၊ ဝက်၊ စပါး၊ ဆန်များလှစွာ၏” ဟု လှည့်ပတ်၍ဆိုမှ လိုက်၏။ ဟု ဦးကုလားက ရေးသားထားသည်။ သမိုင်းဆရာ ဦးကုလား၏ စာပေအရေးအသားသည် လွန်ခဲ့သော နှစ် ၃၀၀ က ဖြစ်ခဲ့သော်လည်း လိုရင်း၊ တိုရှင်း အရေးကောင်းလှ၏။
ဤသို့ဖြင့် မြင်းခံခေါ် မြင်းထိန်းသည် တောင်သူကြီးကို နန်းတွင်းသို့ အရောက်ခေါ်လာနိုင်ခဲ့သည်။ မခေါ်လာလို့ကလည်း မဖြစ်၊ တရားခံကို ပါအောင် မခေါ်နိုင်လျှင် သူပင်လူသတ်တရားခံဖြစ်နိုင်သည်။ ယခုတော့ မိဖုရားခေါင်ကြီးထံ အခစားဝင်ပြီး အကျိုးအကြောင်း အစုံလင်ကို တင်ပြလျှောက်ထားရသည်။
မိဖုရားခေါင်ကြီးကလည်း ဉာဏ်ပညာ၊ အမြော်အမြင်ကြီးသူဖြစ်၍ မင်းမရှိလျှင် ပြည်ရွာ ဆူပူအံ့ကို မြင်၍ တောင်သူကြီးကိုပင် ရှင်ဘုရင်အမြှောက်လိုက်တော့၏။ သို့သော် လွယ်လွယ်ကူကူနှင့်တော့ ရှင်ဘုရင်မြှောက်လို့မရ၊ အမတ်ကြီးများနှင့်တိုင်ပင်ပြီး နိုင်ငံအဝန်းမှ ကလန်၊ သံပျင်တို့ကို စုရုံးပြီး အတည်ပြုရသည်။ ကန့်ကွက်လိုသော မိဖုရားငယ်တပါးနှင့် အမတ်တယောက်ကို အစောင့်တို့က ရိုက်နှက်ထုထောင်းသတ်ပြလိုက်ရသေးသည်။ ဤသို့ဖြင့် တောင်သူကြီးမင်း ဆိုပြီး ပုဂံရာဇဝင်တွင် အေဒီ ၉၃၁-၉၆၄၊ နန်းစံ ၃၃ နှစ် မင်းပြုရတော့သည်။ သက်တော် ၇၈ နှစ်တွင် အနိစ္စရောက်သည်။ အသက် ၄၅ နှစ်တွင်မှ မင်းဖြစ်သည်။
တောင်သူကြီးမင်းသည် မင်းဖြစ်လာသောအခါ သူ၏သခွားယာခင်းကို ဥယျာဉ်ကြီးပြုလုပ်သည်။ နဂါးရုပ်တုကြီး ထုလုပ်ကိုးကွယ်သည်။ သရေခေတ္တရာပြည်တို့တွင် စေတီပုထိုးများ တည်ထားကိုးကွယ်ကြောင်းကိုလည်း သိသဖြင့် -
(၁) ပုထိုးကြီး
(၂) ပုထိုးငယ်
(၃) ပုထိုးသားများ
(၄) သင်လည်ပုထိုး
(၅) စိတ်တည်ပုထိုး ဆိုပြီး စေတီငါးဆူကို တည်ထားကိုးကွယ်သည်။ ထိုစေတီတို့တွင် ဘုရားရုပ်တုများကိုလည်း ထုလုပ်ထားရှိစေသည်ဟု ရာဇဝင်များတွင် ဆိုသည်။ နဂါးရုပ်တုကြီးများကိုလည်း ထားရှိသည်။ ပူဇော်ကိုးကွယ်စေသည်။ တချို့ဆရာများက ထိုပုထိုးစေတီများတွင် မွန်စာများကိုတွေ့ရသဖြင့် နောက်ခေတ်မှတည်သည်ဟု ရေးသားဝေဖန်ကြသည်။ သို့သော် စေတီများသည် တောင်သူကြီးမင်း၏ ကောင်းမှုဖြစ်ပြီး မွန်စာများကို နှောင်းခေတ်လူတို့ ရေးခဲ့ဟန်တူသည်ဟု ယူဆကြသည်။ မည်သို့ပင်ဖြစ်စေ၊ တောင်သူကြီးမင်း၏ ပုထိုးစေတီငါးဆူကို ယခုခေတ်တိုင် တွေ့နိုင်ပါ၏။
“တောင်သူကြီးမင်းနှင့် အရည်းကြီး”
တောင်သူကြီးမင်းသည် ယာသမားဘဝကပင် နတ်နဂါးကို ဆည်းကပ်ကိုးကွယ်ခဲ့ဟန်တူသည်။ နတ်နဂါးကို ကိုးကွယ်မှုသည် တကောင်းပြည်၊ မောင်ပေါက်ကျိုင်းမှ ဆင်းသက်လာဟန်တူသည်။ ခေတ်တခတ်တွင် စစ်မှန်သော အယူဝါဒမထွန်းကားလျှင် နတ်၊ နဂါး၊ နေ၊ လ၊ သမုဒ္ဒရာအပါအဝင် ညောင်ပင်စောင့်နတ် စသည်တို့ကိုပင် ဆည်းကပ် ကိုးကွယ် ပူဇော်ပသခြင်းမှာ အစဉ်အလာတခုဖြစ်ပေသည်။ ဗုဒ္ဓဘာသာသည် ပုဂံသို့ သမုဒ္ဒရာဇ်မင်းလက်ထက်ပင် ရောက်ရှိခဲ့သော်လည်း သိုက်တိုင်မင်းမှစပြီး မဟာယာနဘာသာများ လွှမ်းမိုးလာသည်။ ဗုဒ္ဓဝင်ကျမ်းများအဆိုအရ သာသနာသက္ကရာဇ် ၄၅၀ (ဘီစီနှစ်ရာစု)တွင် စတုတ္ထသင်္ဂါယနာတင်အပြီးတွင် ထေရဝါဒနှင့် မဟာယာနဗုဒ္ဓဘာသာဟူ၍ ဘာသာရေးဂိုဏ်းကြီးနှစ်ခု ကွဲသွားခဲ့သည်။ တနည်းအားဖြင့်ဆိုလျှင် အိန္ဒိယတောင်ပိုင်းမှ ထေရဝါဒဗုဒ္ဓဘာသာနှင့် အိန္ဒိယမြောက်ပိုင်းမှမဟာယာနဗုဒ္ဓဘာသာဟူ၍ ဖြစ်သည်။ အိန္ဒိယ မြောက်ပိုင်းမဟာယာန ဗုဒ္ဓဘာသာဂိုဏ်းကို ဗောဓိသတ္တဂိုဏ်းဟုလည်း ခေါ်ကြသည်။ ဘုရားလောင်းကို ကိုးကွယ်ကြသည်။ ထိုဂိုဏ်းတွင် တဖန် အထက်ဂိုဏ်းနှင့် အောက်ဂိုဏ်းဆိုပြီးကွဲကြပြန်သည်။ အထက်ဂိုဏ်းတွင် မွန်မြတ်သောကျင့်စဉ် ရှိသည်။ သရေခေတ္တရာ၊ သထုံ၊ ပုဂံတို့တွင်လည်း ယုံကြည်လက်ခံခဲ့ကြသည်။ အောက်ဂိုဏ်းမှာ အရည်းကြီးတို့လက်ခံသော အယူဝါဒဖြစ်သည်။ စုန်း၊ နတ်တို့ကို ကိုးကွယ်ခြင်း၊ ဂါထာမန္တာန်၊ အင်းအိုင်၊ မန္တရားများကို ရွတ်ဖတ်ခြင်း၊ စုန်း၊ ကဝေတို့ကို ဖိတ်ခေါ်ခြင်း၊ မည့်သည့်ဒုက္ခဖြစ်လျှင် မည်သည့်ပရိတ်တော်ကို ရွတ်ဖတ်လျှင် အောင်မြင်မည်ဟု အယူရှိသည်။ ပုဂံခေတ်အရည်းကြီးများကို ပန်းဦးဆက်ရသည်ဟု ရာဇဝင်များတွင်ဆိုသော်လည်း ခိုင်မာသော အထောက်အထား မတွေ့ရဟုဆိုသည်။ အရည်းကြီးများသည် ဆံရှည်ထားသည်။ မုတ်ဆိတ်မွှေးထားသည်။ ဒေါက်ချာဆောင်းသည်။ နက်ပြာရောင်သင်္ကန်းကို ဝတ်ဆင်သည်။ အဂ္ဂိရတ်ထိုးသည်။ ဆေးဝါးဖော်စပ်သည်။ ဆေးကုသည်။ လက်ဝှေ့ထိုးသည်။ မြင်းစီးသည်။ အရက်သောက်သည်။ ညစာစားသည်။ မိန်းမယူသည်ဟု ရေးသားခဲ့ကြသည်။ သူတို့၏အင်အားကလည်း နည်းလှသည်မဟုတ်။ ဆရာကြီး ၃၀ နှင့် တပည့်ခြောက်သောင်း ရှိသည် ဆို၏။ ထိုမျှ အင်အားကြောင်းသော ဂိုဏ်းကြီးကို အတော်အတန်ဩဇာရှိသော ဘုရင်များသည် မဖြိုခွင်းနိုင်ပေ။ ထို့ကြောင့် မချစ်သော်လည်း အောင့်ကာနမ်းဆိုသကဲ့သို့ ရှင်ဘုရင်အဆက်ဆက်တို့သည် မယုံကြည်သော်လည်း ကင်းကွာလို့၊ နှိပ်ကွပ်လို့မရပေ။ တောင်သူကြီးမင်းလက်ထက်တွင် အရည်းကြီးတို့၏အယူဝါဒသည် ပုဂံနေပြည်တော်တွင် လွှမ်းမိုး၍ နေခဲ့သည်။
ဒေါက်တာသက်လွင် - သမိုင်းကပြောသောပုဂံ၊ ပုဂံကပြောသောသမိုင်း။
#baganscent #article #bagandynasty