Send messages for more info
ပုဂံမြေမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးခြားဆန်းပြားတဲ့ အကြောင်းအရာလေးတွေ
ဓမ္မရံကြီးမှ ညည်းညူသံများ... (ဖတ်ရန်)
ပုဂံသို့ရောက်လျှင် ဘယ်နေရာတွေကို သွားမလဲဟု ကျွန်တော်ကြိုတင်စိတ်ကူးကြည့်တက်မြဲဖြစ်ပါသည်။ အာနန္ဒာ၊ ရွှေစည်းခုံ၊ ဓမ္မရံကြီး၊ ကန်တော့ပလ္လင်၊ သဗ္ဗညု၊ လောကနန္ဒာ၊ မနူဟာ၊ မြစေတီ၊ မင်္ဂလာစေတီ၊ ရွှေဆံတော်၊ ဓမ္မရာဇက၊ အလိုတော်ပြည့်၊ ထီးလိုမင်းလို၊ စူဠာမဏိ၊ သရပါတံခါး၊ ပုဂံပြတိုက် စသည် စသည် နေရာနှံ့အောင်သွားဖြစ်သော ခရီးစဉ်တွေရှိသလို ဘုရားလေးငါးဆူလောက်သာ လှည့်ဖူးနိုင်ပြီး တစ်ညအိပ်နှင့် ကတိုက်ကရိုက် ပြန်လာခဲ့ရသော အခေါက်တွေလည်း ရှိပါသည်။ ဘာတွေပဲဖြစ်ဖြစ် ဘယ်လိုပဲအချိန်လုရလုရ ကျွန်တော်မဖြစ်မနေသွားမိသော ဂူဘုရားတဆူတော့ရှိပါသည်။ ဓမ္မရံကြီး၊ ကြေးနီရောင်မြေသားနှင့် မြစိမ်းရောင် ထနောင်းပင်ကလေးများကြားမှာ လျှို့ဝှက်ချက်တို့ အများအပြား သိမ်းဆည်းထားရာ ခံတပ်ကြီးတခုအလား တိတ်ဆိတ်ခြောက်ကပ်စွာ ရပ်တည်နေသည့် ဓမ္မရံကြီးက ကျွန်တော့်ကို ညှို့ယူလွန်းပါသည်။
ထုမှာ ဓမ္မရံ၊ ဉာဏ်မှာသဗ္ဗညု၊ အနုမှာအာနန္ဒာဆိုသည့်စကားနှင့်အညီ၊ ပုဂံတဝိုက်၌ ထုထည်အကြီးဆုံးဂူဘုရားမှာ ဓမ္မရံကြီး၌ပဲဖြစ်ပါသည်။ ဘယ်နေရာကနေ ပုဂံမြင်းကွင်းကို ဖြတ်ကြည့်လိုက် ကြည့်လိုက် တူရွင်းတောင်နှင့် အပြိုင် မားမားမတ်မတ် ရပ်နေသည်က ဓမ္မရံကြီး။
သည်ဂူဘုရား၏ ဗိသုကာအလှနှင့် ပတ်ဝန်းကျင် အငွေ့အသက်ကို ကမ္ဘာလည့်ခရီးသွားတွေကလည်း တော်တော် ခုံမင်ပုံရသည်။ FIT မဟုတ်သော အုပ်စုလိုက် ကမ္ဘာလှည့်ခရီးသည်တွေက ဓမ္မရံကြီးမှာ ညစာတည်ခင်းပေးဖို့ တောင်းဆိုလေ့ရှိသည်။ သွေ့ခြောက်သန့်ရှင်းကာ အညာလေ၏ လတ်ဆတ်မွှေးပျံ့သောအရသာကို ရှူရှိုက်ရင်း ဟိုတနောင်းပင်မှာ မီးကလေး လေးငါးပွင့်၊ သည်ထနောင်းပင်မှာ မီးကလေး လေးငါးပွင့် ထွန်းညှိထားသည့် ဓမ္မရံကြီး ဝန်းကျင်က ညနက်လေ တိတ်ဆိတ်လေ။ မြေသားနီနီမှာ ချခင်းထားသည့် စားပွဲခုံတွေက ဟိုးနားတလုံး သည်နားတလုံး။ ကမ္ဘာလှည့်ခရီးသွားတို့၏ တိတ်ဆိတ်သော စကားဝိုင်းများ။
“ည… ညတွေမှာ ဓမ္မရံကြီးနားကနေ ကျွန်တော်ဖြတ်မမောင်းရဲဘူး ဆရာရဲ့၊ အထဲကနေ ညည်းသံလိုလိုကြီးတွေ ကြားရတယ်ဗျ”
တခါက ကျွန်တော့ကို တင်ဆောင်သွားသော မြင်းလှည်းဆရာကဓမ္မရံကြီးဘေးမှ ဖြတ်မောင်းသွားစဉ် ကျွန်တော့်ကို ပြောခဲ့သောစကား၊ ညည်းသံကြီးတွေတဲ့၊ ဘယ်သူကညည်းတာလဲ၊ အလောင်းစည်သူက ညည်းတာလား၊ သူ့ရဲ့သားတော် နရသူက ညည်းတာလား၊ ဒါမှမဟုတ်ရင် ရာဇဝင်က ညည်းတာလား၊ ရာဇဝင်ရဲ့ညည်းသံဆိုရင်တော့ တော်တော်ကလေး ကြက်သီးထဖို့ ကောင်းသည်။ ဪ… ညည်းသံတွေတဲ့။
ဓမ္မရံကြီး၏ကုသိုလ်ရှင် နရသူက ရာဇဝင်စာမျက်နှာများပေါ်မှာ နာမည်ဆိုးနှင့် ထင်ရှားသူဖြစ်ပါသည်။ သူ့ကိုနရသူ၊ နရသူရ၊ ကုလားကျ၊ အိမ်တော်ရှင် (ဤမ်တင်သျှင်) စသည်ဖြင့် အမျိုးမျိုး မှတ်တမ်းတင်ခဲ့ကြပါသည်။ သူက အလောင်းစည်သူမင်းခေါ် ပထမစည်သူ၏သား။
အလောင်းစည်သူက သားတော်ကြီးဖြစ်သူ မင်းရှင်စောကို စိတ်အလိုမကျမှုများကြောင့် ယခု မန္တလေးမြို့ မလှမ်းမကမ်းက ထွန်တုံးပူတက်အရပ်ကို ပို့ထားရာ မင်းရှင်စောက အောင်ပင်လယ်ကန်ကိုဆယ်ပြီး အောင်ပင်လယ်တတိုက်မှာပင် အခြေချနေသည်။ အလောင်းစည်သူ သက်တော်ကြီးရင့်လာသည့် နောက်ဆုံးနေ့ရက်များတွင် သားတော်ငယ် နရသူက ခမည်းတော်ကို ရွှေဂူကြီး ဘုရားထဲသို့ ပို့ထားလိုက်သည်။ နောက်တော့ ခမည်းတော်မြန်မြန်နတ်ရွာစံစေရန်အတွက် ရွှေဂူကြီးဘုရားထဲသို့ လိုက်သွားပြီး ခေါင်းအုံးနှင့် ဖိသတ်ကြောင်း ရာဇဝင်စာမျက်နှာများပေါ်မှာ မှတ်တမ်းတင်ထားခဲ့သည်။
နောင်တော် မင်းရှင်စောပုဂံသို့ လိုက်လာသောအခါ နရသူက ပံ့သကူမထေရ်ထံ၌ နောင်တော်ကို နန်းတင်မည်ဖြစ်ကြောင်း ကတိပေးသည်။ နရသူက ရွှေလှော်ကားတစင်းနှင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆင်းလာသော မင်းရှင်စောကို ဆီးကြိုပါသည်။ ရာဇပလ္လင်ပေါ်ကိုလည်း တင်ပေးပါသည်။ သို့သော် အဆိပ်ကျွေးသတ်ကာ နောင်တော်ကိုရှင်းပစ်လိုက်သည်။ ခမည်းတော်နှင့်နောင်တော်ကို သတ်သော သားအဖြစ် ရာဇဝင်ကမ္ဗည်းတင်သည်။
နရသူကို ကုလားကျမင်းအဖြစ်လည်း လူသိများပါသည်။ ကုလားမင်းသမီးနှင့် လက်ဆက်ခဲ့ပုံ၊ နရသူသည် ရေအိမ်သို့ ဝင်ရာတွင်သော်လည်းကောင်း၊ သံဝါသဖြစ်ပြီးလျှင်သော်လည်းကောင်း သန့်သက်ရေဆောင်ကောင်းပါလျက် မဆောင်ပဲနေပုံ၊ ထို့ကြောင့် ကုလားမင်းသမီးက ရွံရှာသဖြင့် မချဉ်းကပ်ဘဲနေခဲ့ရာ အမျက်ထွက်ပြီး နရသူက သန်လျက်နှင့် ခုတ်သတ်ခဲ့ပုံ ဤတွင် ပဋိကရားမင်းက အမျက်ထွက်ကာ ကုလားသူရဲကောင်း ၈၀၀ ထဲမှ ၈ ယောက်ကို ရွေး၍ ပုဂံသို့လွှတ်ကာ နရသူအား လုပ်ကြံစေခဲ့ပုံ၊ ထို့နောက် မိမိတို့ကိုယ် မိမိ အဆုံးစီရင်ခဲ့ကြပုံ၊ နောင်သော် နရသူသည် ကုလားကျမင်းဟု တွင်ပုံ စသည်စသည်တို့သည် ကျွန်တော်တို့နှင့် ရင်းနှီးပြီးသားရာဇဝင် ဇာတ်ကွက်များပင်ဖြစ်ပါသည်။
မှန်နန်းရာဇဝင်ဆရာတို့က ဟီရိဩတပ္ပမစောင့်၊ စကားမမှန်၊ မှူးမတ်တို့မျက်နှာကို မကြည့်၊ ပြည်သူတို့ကို နှိပ်စက်၊ အမျက်စောင်မာန်ကြီး စသည်ဖြင့် မှတ်တမ်းတင်ရုံမက နရသူလက်ထက်၌ ရဟန်းတို့ လူထွက်ရပုံ၊ သိန်းဃိုကျွန်းသို့ ရှောင်ပြေးရုံများကိုလည်း အကျည်းတန်သော စာမျက်နှာများအဖြစ် မှတ်တမ်းတင်ခဲ့ပါသေးသည်။
ထိုနရသူခေါ် ကုလားကျမင်း၏ ကောင်းမှုက ဓမ္မရံကြီးတဲ့။ အနီးအပါးတွင် ဓမ္မရံသီဟူသော ရဟန်းတပါး သီတင်းသုံးဖူးသဖြင့် ဓမ္မရံသီဟုခေါ်ရာမှ ဓမ္မရံကြီးဖြစ်လာရပါသည်ဆိုသော ထိုဂူဘုရား၊ အုတ်စီအုတ်သပ် ကောင်းလွန်းသဖြင့် အပ်တထောက်စာပင် အကြားမလပ် မရှိပါဆိုသော ထိုဂူဘုရား၊ ထိုဂူဘုရားကို ဘယ်လိုအနက်အဓိပ္ပာယ်တွေနဲ့ နရသူတည်ခဲ့ပါလိမ့်။ အကုသိုလ် ဂယက်လှိုင်းတွေကိုသည် ခံတပ်ကြီးနဲ့ကာလို့ လုံခြုံနိုင်ပါ့မလား။
တူရွင်းတောင်နောက်ခံမှာ မှိုင်းမှိုင်းသွေ့သွေ့ရပ်နေသည့် ဓမ္မရံကြီးကို ကျွန်တော် တော်တော်ကြာအောင် ရပ်ကြည့်နေခဲ့ဖူးပါသည်။
ကျွန်တော်ကတော့ မြင်းလှည်းဆရာပြောသည့် ညည်းသံဆိုတာကို စိတ်ဝင်စားမိသည်။ ပုပ္ပါး၊ ဧရာဝတီ၊ တုရင်တောင်တန်းနှင့် ပုဂံဒေသတခုလုံးပေါ်သို့ လရောင်ဖြာကျနေသည့် ညမျိုးတွေမှာ ဓမ္မရံကြီးအပါးကို သွားကြည့်ချင်သည်။ ညည်းသံတွေကို ကျွန်တော်ကြားရမလား။ ဘယ်သူကညည်းတာလဲ။ နရသူ ဒါမှမဟုတ် သူ့ခမည်းတော် အလောင်းစည်သူ ဒါမှမဟုတ် နောင်တော်မင်းရှင်စော ဒါမှမဟုတ် ပုဂံပြည်သူများ…
မောင်သာချို - တပိုင်းတစကန္တာရထဲက ယွန်းနံ့စွဲနေတဲ့ စာမျက်နှာများ
အသည်းစွဲမျက်နှာ... (ဖတ်ရန်)
တိတ်ဆိတ်လှသော ညတညမှာ ပုဂံမိတ်ဆွေများနှင့် စကားဝိုင်း ထိုင်ဖြစ်သည်။ ပရလောကအကြောင်း သောင်းပြောင်းထွေလာ ပြောဖြစ်ကြသည်မှာလည်း အခါခါဖြစ်သည်။ ခေါင်းဆောင်ကြီး ဆရာကြိုင်က တခုခု စပြီးပြောလျှင် ကျွန်မက “ဘယ်တုန်းကလဲ၊ ဘယ်နားမှာလဲ၊ ဘာတွေ့လဲ၊ ဘယ်သူကလဲ၊ ဘာဖြစ်သွားလဲ” မေးခွန်း ထုတ်နေကျဆရာမ ဖြစ်သည်။ ထို့ကြောင့်ပင်ဖြစ်မည်၊ မမေးမီကပင် ၁၉၆၄ ခုနှစ်ကပေါ့၊ ဒီပုဂံမြို့ဟောင်းက မဟာဗောဓိ ဘုရားရဲ့ အရှေ့ဘက်မှာ သွပ်မိုးဇရပ်ကြီးတဆောင် ရှိခဲ့ပါတယ်။ ဒီဇရပ်ကြီးမှာ ဦးသက်ပွင့်တို့လင်မယား နေထိုင်ခဲ့ပြီး လက်ဖက်ရည်ဆိုင်ကလေး ဖွင့်ပြီးရောင်းကြပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ ပုဂံမြို့ဟောင်းမှာ နေထိုင်သူတွေ ပုဂံမြို့သစ်ကို ပြောင်းကြရတော့ ဇရပ်ကြီးကို မြစည်းခုံ ကျောင်းကို လှူထားခဲ့ကြတယ်။ ဦးသက်ပွင့်က မနက်တိုင်း စောစောထပြီး ညောင်ဦးကို မုန့်ဝယ်ဖို့ သွားလေ့ရှိပါတယ်။ တနေ့မနက်စောစော မုန့်ဝယ်ဖို့ စက်ဘီးနဲ့အသွား ဥပါလိသိမ် နားရောက်တော့ မိန်းမပျိုလေးတယောက်နဲ့ တွေ့တယ်။ မိန်းကလေးက ခရီးကြုံလိုက်ပါရစေ တောင်းပန်လို့ စက်ဘီးနဲ့ တင်ခေါ်ခဲ့တယ်”။
ပုဂံနှင့်ညောင်ဦး ကူးသန်းသွားလာနေကြရာ တနေရာနှင့် တနေရာ သွားလာရာတွင် ဤသို့ပင် အကြုံလိုက်တက်ကြသည်။ တဦးနှင့်တဦး ရပ်ဓလေ့ ရွာဓလေ့ ကူညီဖေးမစောင့်ရှောက်ကြသည့် မြတ်နိုးစရာ ဓလေ့လည်း ဖြစ်သည်။ အထူးအဆန်းမဟုတ်ပါ။ ထို့ကြောင့်ပင် ဦးသက်ပွင့်က သမီးအရွယ် ကလေးမကို ကူညီစောင့်ရှောက်ကာ စက်ဘီးပေါ်တင်ခဲ့ခြင်း ဖြစ်သည်ကို ကျွန်မက နားလည်သဘောပေါက်ပြီးဖြစ်သည်။
ဦးအောင်ကြိုင်က စကားဆက်ပြောရာ တိတ်ဆိတ်စွာနားထောင်နေကြသော တပည့်သားမြေးများက မည်သို့မျှ မအံ့ဩ အားလုံးက သိပြီးသားဖြစ်ပါလိမ့်မည်။ “ညောင်ဦးမြို့အဝင်ဘုရား ၉ဆူကွေ့ရောက်တော့ “ကျွန်မဆင်းတော့မယ်” လို့ မိန်းကလေးက ပြောလို့ ဦးသက်ပွင့်က စက်ဘီးရပ်ပြီး လှည့်ကြည့်လိုက်တော့ မြင်လိုက်ရတာက မျက်နှာက ဂျပ်ပြားကြီး”တဲ့၊ ဂျပ်ပြားမျက်နှာဆိုသည်မှာ မျက်စိ၊ နှာခေါင်း၊ ပါးစပ် ဘာမျှမပါ၊ အဖြူရောင်စက္ကူချပ်ကဲ့သို့ မျက်နှာပုံအဝိုင်းကြီးတချပ်ဖြစ်ကြောင်း ကျွန်မသိလိုက်ပါသည်။ “ဦးသက်ပွင့်လည်း မေ့မြောမတက် ကြောက်လန့်သွားပြီး ကြောက်ဖျားလန့်ဖျား ဖြစ်ခဲ့တယ်။ မကျန်းမမာဖြစ်ပြီး ၂ နှစ်လောက်အကြာမှာ သေတာပဲ” ဟု နိဂုံးချုပ်လိုက်သည်။
ဆရာကြိုင်ပြောပြီးမှ ၎င်း၏တပည့် ပုဂံသား မောင်မျိုးညွန့်က ဦးသက်ပွင့်လို ‘ဂျပ်ပြားမျက်နှာ’ တွေ့ဖူးသော ညောင်ဦးရဲများအကြောင်း စိတ်ဝင်စားဖွယ် ဆက်လက်ပြောပြန်ပါသည်။ “၂၀၀၀ ပြည့်နှစ်၊ ဒီဇင်ဘာလတုန်းက ညောင်ဦးရဲစခန်းက ရဲတပ်ကြပ်တယောက်နဲ့ ရဲသားတယောက် ညကင်းလှည့်တုန်းက တွေ့ခဲ့ကြတာ၊ အနော်ရထာလမ်းမကြီး တောင်ဘက်ဘေးကပ်လျက်က ဘုရားတဆူနားရောက်တော့ အမျိုးသမီး တယောက်နဲ့ တွေ့တယ်။ ညောင်ဦးသွားချင်လို့ လိုက်ပါရစေဆိုတော့ ရဲတပ်သားက စက်ဘီးနဲ့ တင်ခေါ်ခဲ့တယ်။ ဝက်ကြီးအင်း ဂူပြောက်ကြီးဘုရားနားရောက်တော့ ဆင်းချင်တယ်လို့ပြောတယ်။ ဒါနဲ့ ရဲတပ်သားက စက်ဘီးရပ်ပေးပြီး နောက်ကို လှည့်ကြည့်လိုက်တော့ ဂျပ်ပြားမျက်နှာကြီးကို မြင်လိုက်ရတယ်။ ရဲတပ်သားက စက်ဘီးကို ခြေကုန်သုတ် နင်းပြေးတာပဲ။ ရဲတပ်ကြပ်ကြီးကလည်း လှည့်ကြည့်ပြန်တော့ ဂျပ်ပြားမျက်နှာကြီး မြင်ရပြီး မေ့မြောသွားတယ်ဆိုပဲ။ ဒါတကယ်ဖြစ်ခဲ့တာ” ဟု သက်သေထူ ပြောပြပြန်ရာ ကျွန်မခေါင်းထဲတွင် တွေးစရာ အမှတ်ရစရာများ တသီတတန်းကြီး ဖြစ်လာပါသည်။
စန္ဒရားကိုချစ်ဆွေ၏ ‘သူ့မျက်နှာ… ကျွန်တော့်အသည်း စွဲနေတယ်။ သူသာ ကျွန်တော့်ဘဝ၊ သူသာကျွန်တော့်ရဲ့ ကမ္ဘာ…’ ဟု ရသမြောက် သီချင်းသံကို ကြားယောင်မိသည်။
ဦးသက်ပွင့်နှင့် ရဲ့တပ်ကြပ်၊ ရဲသားတို့မြင်တွေ့ဖူးသော ဂျပ်ပြားမျက်နှာ က ၎င်းတို့ကို အသည်းစွဲအောင် မှတ်မိနေကြမည် ထင်ပါသည်။ ဤသို့ဆိုလျှင် တောင်ငူစာဆိုရှင် ‘မင်းဇေယျရန္တမိတ်’၏ ရှုတိုင်းမျက်နှာထင်တော့သည် ဆိုသော ရတုပမာ ဂျပ်ပြားမျက်နှာ မြင်ရသူတို့၏ စိတ်အာရုံမှာ ဤသို့ပင် ဖြစ်လေမည်လားဟု တွေးမိသေးသည်။ စွယ်စုံအနုပညာရှင်ကြီး ကိုမြတ်လေး၏ ‘ငို၍ ရယ်၍ မရသော မျက်နှာ’ ဆိုသည်မှာလည်း ဂျပ်ပြားမျက်နှာ မျိုးပင် ဖြစ်လေမလားဟု ကြောက်ပြုံး ပြုံးရင်း တွေးနေမိပါသည်။
မခင်နူ့ (ဒဿန) - ပုဂံဘုရား၊ ပုဂံစကား၊ ပုဂံသား
#baganscent #Extraordinary #articles
ဖောက်ထွင်းသမား... (ဖတ်ရန်)
ပုဂံရှေးဟောင်းဘုရားများကို ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းစောင့်ရှောက်နေသူများ ရှိသကဲ့သို့ ဖျက်ဆီးဖောက်ထွင်း၊ အလိုလောဘ မသတ်နိုင်အောင် တူးဆွခိုးယူ သူများလည်း ရှိကြသည်။ ဘုရားခိုးဂိုဏ်းများ၊ သိုက်တူးသမားများ၊ ရှေးဟောင်းပစ္စည်း အနုပညာလက်ရာများကို နည်းမျိုးစုံဖြင့် ခိုးယူနေသူများတွင် မြန်မာနိုင်ငံ အရပ်ရပ်မှ မြန်မာများသာမက တိုင်းတပါးက နိုင်ငံခြားသားများလည်း ရှေးကပင် ဖျက်ဆီးခိုးယူ သွားခဲ့ကြဖူးပါသည်။
ပုဂံဘုရားများစွာတွင် တန်ဖိုးကြီးမားလှသော ဌာပနာများကို ကျောက်စာ၊ မင်စာ၊ သိုက်စာ၊ ဆိုရိုးစကား ကိုးကားယူပြီး သိုက်တူးလိုက်ကြပုံမှာ ဘုရားဆင်းတုများတွင် ခေါင်းပြတ်၊ ပေါင်ပြတ်၊ ဝမ်းဗိုက်ပေါက်ရသည့်အပြင် ဘုရားပလ္လင် အောက်ခြေပါမကျန် တူးဆွကြသည်။ စေတီပုထိုးအမျိုးမျိုးကို ဖောက်ထွင်းဝင်ရောက် မွှေနှောက်ခဲ့ကြသည့် ဟောင်းလောင်းပေါက်ဒဏ်ရာဒဏ်ချက်တို့နှင့် ပြည့်နက်နေသော ဘုရားများသည် လောဘသားတို့၏ ယုတ်မာလှသည့် လူ့စရိုက်ကို ဖော်ပြနေသကဲ့သို့ ဖြစ်သည်။
ဌာပနာတူးသူများထဲမှ မှတ်သားလောက်အောင် ပြောစကားတွင်ရစ်သူကား ညောင်ဦးမြို့နယ်မှ ထီးပုရွာသား မောင်ကျော်ဖြစ်ပါသည်။ ၁၉၉၁ ခုနှစ်၊ နိုဝင်ဘာလလောက်က ပုဂံတဝိုက် ချောင်ကျလှသော မင်းနန်သူရွာမြောက်ဘက် ‘အလယ်ယာစု’ဘုရား၊ ‘မလုံးဖြစ်’ဘုရား၊ ‘မလာဖြစ်’ဘုရားစုများမှ ဘုရားတဆူ၏ ပလ္လင်အောက်ခြေမှ တူးဖော်ရသမျှကို ယူဆောင်သွားသည့်အပြင် ဘုရားတွင် အလှဆင်ထားသော အင်္ဂတေကိန္နရီ ကိန္နရာရုပ်များကိုပါ ခွာယူသွားကြောင်း တွေ့ခဲ့ရသည်။ ဌာပနာတူးသူများမှာ ကြေးနတ်ရုပ်တခုကို နယ်စပ်တွင် ရောင်းရာ သိန်း ၄၀ ခန့် ရသည်ဟု ကြားပြီး နောက်ပိုင်း လောဘတက်ကာ တဆူပြီးတဆူ တူးလာကြတော့သည် ဆို၏။ ပုဂံရှေးဟောင်း သုတေသနဌာနမှာလည်း ဘုရားများမှ ဌာပနာဖောက်ထွင်းတူးထားသည်ကို တွေ့တိုင်း ညောင်ဦးရဲစခန်းသို့ တိုင်ချက်ဖွင့်ခဲ့ကြသည်။
တနေ့တွင် ညောင်ဦးရဲစခန်းမှူး ဦးတင်ဦးသည် ဦးအောင်ကြိုင်ထံသို့လာပြီး ဌာပနာတူးအဖွဲ့ ဖမ်းဆီးရေး ဆွေးနွေးတိုင်ပင်သည်။ ဦးအောင်ကြိုင်က ကားတစီးနှင့် လူ သုံးယောက်ပါထည့်ပြီး စီစဉ်ပေးလိုက်သည်။ စခန်းမှူးဦးတင်ဦးသည် ထီးပုရွာသို့သွားပြီး မောင်ကျော်အား ပေါင်ကို သေနတ်ဖြင့်ပစ်ပြီး လက်ရဖမ်းဆီး ခေါ်ဆောင်ခဲ့တော့သည်။ ခေါင်းဆောင်ငပွေးမှအပ ကျန်ဌာပနာတူးသမား ၁၇ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။ ရဲ့စခန်းမှ မောင်ကျော်အား နှစ်ရက်ခန့် စစ်မေးပြီး ဌာပနာတူးရာနေရာကို ပြခိုင်းကြသည်။ ဘုရားသို့ရောက်ချိန်တွင် မောင်ကျော်က “ကျွန်တော့်ကို အပမှီနေပါပြီ၊ လာခေါ်နေကြပြီ၊ သေးပန်းပေးကြပါ” ဟု အခါခါ အော်ဟစ်နေတော့သည်။ ဗိုက်ထဲကလည်း မခံမရပ်နိုင်အောင် နာကျင်လှကြောင်း အော်ကာပြောကာဖြင့် နာရီဝက်ခန့်အတွင်း ရုတ်တရက် သေဆုံးသွားခဲ့သည်။
အထက်ပါဖြစ်ရပ်ကို ပြောသူကား မင်းဘူးအောင်ကြိုင်ဖြစ်ပြီး သူကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့ရသော အမှုအခင်းဖြစ်၍ အားပါးတရပြောပြနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ နားထောင်သူများထဲတွင် ဤအဖြစ်အပျက်ကို သိမိသူများ၍ မေးခွန်းမထုတ်ကြသော်လည်း ကျွန်မကတော့ မေးမြန်းရပါသည်။
“မောင်ကျော် သေခါနီး ဗိုက်နာတယ်ဆိုတော့ အူအတက်ပေါက်တာ မဖြစ်နိုင်ဘူးလား၊ ဒါမှမဟုတ် ရဲနဲ့ ရှင်တို့ရှေးဟောင်းကလူတွေ ရိုက်စစ်လို့ လက်လွန်တာလား စဉ်းစားစရာပဲ” ဆိုတော့ “မဟုတ်ရပါဘူးဗျာ၊ အဲဒီတုန်းက ကျွန်တော်တို့လည်း ဖြေရှင်းကြရပါတယ်။ ဘယ်သူကမှ လက်ဖျားနဲ့တောင် မတို့ရပါဘူး” ဟု အဖြေပေးပါသည်။ မောင်ကျော်က သူ့ကို အပမှီနေပါပြီ၊ ခေါင်းကို သေးနဲ့ပန်းပါဟု တစာစာအော်ဟစ်တောင်းပန် နေသော်လည်း ရဲ့အဖွဲ့နှင့် ပုဂံရှေးဟောင်းသုတေသနမှ လူများ မလုပ်ခဲ့ကြပါ။ သေးနဲ့သရဲတို့ မည်မျှကြောင်းကျိုး ဆက်နွယ်မှု ရှိပါသနည်း။ ပုဂံသားတို့နှင့် စကားလက်ဆုံကျတိုင်း သေးနှင့်သရဲတို့က မကြာခဏ ဆက်စပ်ပါဝင်နေတက်သည်။ သရဲဝင်ပူးချိန် သေးနှင့်ပန်းလျှင် သရဲထွက်ပြေးသည်ဟု ပုဂံသားတို့ ယုံစားနေကြပုံကား ပုဂံစကားဝိုင်းတွင် ကြားရလေ့ရှိသည်။
မခင်နူ့(ဒဿန) - ပုဂံဘုရား၊ ပုဂံစကား၊ ပုဂံသား
ယူရခက်ခက် သို့မဟုတ် စေတနာကြီးဘုရားမှ ထူးဆန်းသည့်အကြောင်းရာ... (ဖတ်ရန်)
စေတနာကြီး ဘုရားကို အမည်နာမ အမျိုးမျိုး ခေါ်ဆိုထားကြပါသည်။ စစ်တနာပုထိုး၊ စစ္စနာကြီး၊ စည်စန္ဒပုထိုဝ် ဟု ကျောက်စာထဲမှာ တွေ့ရသည်။ ပုဂံတွင်းရွာ အရှေ့မြောက်ဘက်မှာ တည်ရှိပြီး ပုဂံနယ်မြေမှ ၄ မိုင်အကွာလောက်တွင်ရှိရာ ပုဂံ၏ တောင်ဘက်ဆုံး ဘုရားဟုလည်း ပြောနိုင်သည်။ အချိန်ရမှ တခါတရံ ဝေးဝေးလံလံ သွားတက်ပြီး ဘုရားစောင့် မိသားစုများနှင့် တွေ့ဆုံနှုတ်ဆက်တက်ပါသည်။ ပုဂံမြို့ အစွန်အဖျားက ဘုရားကြီးဖြစ်၍ ဘယ်အခါမဆို တိတ်ဆိတ်ခြင်းက မင်းမူကာ ဘုရားဖူးလာသူကျဲပါးနေတက်သည်။ စေတနာကြီးဘုရားမှာ ပုဂံတွင်ရှိသော သီဟိုဠ်ပုံဘုရားများတွင် အကြီးဆုံးဖြစ်သည်။ အောက်ခြေက တမျက်နှာမှာ ၁၆၂ ပေစီရှိသည်။
အကြီးဆုံး ဆင်ခံစေတီတော်ကြီးဖြစ်ပြီး ဆင်ရုပ် ၁၅၆ ရုပ်ရှိသည်။ ဉာဏ်တော်ပေ ၁၇၀ ခန့်မြင့်သည်။ နားတောင်းများမင်းက ခရစ်နှစ် ၁၂၃၆ ခု၊ မတ်လ၊ ၂၆ ရက်နေ့တွင် ပြုပြင်တည်ထားခဲ့သည်ဟု မှတ်သားရပါသည်။ ပေ ၃၈၀ စီရှည်သော တံတိုင်းအတွင်းတည်ရှိသည့် ဤစေတနာကြီးဘုရားမှာ မူလက ဟိန္ဒူဘုရားကျောင်းဖြစ်မည်ဟု ပညာရှင်တချို့က ယူဆကြသည်။
နားတောင်းများမင်း စတင်ပြုပြင်တည်ဆောက်ခဲ့ပြီး သားတော် ကျစွာမင်း လက်ထက်ရောက်မှ အပြီးသတ်သည်ဟုလည်း မှတ်သားရသည်။ လေးထောင့်ဓာတ်တော်တိုက်နှင့် အင်္ဂတေပန်းများလှပပြီး တည်ဆောက်ပုံကလည်း ထူးခြားဆန်းပြားသည်။ စေတီမှာ ဂင်းပိတ်ပြလုပ်ထားခြင်းမဟုတ်၊ ယခု ဖောက်ထွင်းထားသောနေရာမှဝင်လျှင် အုတ်ပြို အုတ်ပိနိုင်၍ မြွေဆိုးအန္တရာယ်များကိုလည်း တွေ့နိုင်သည်ဟုဆို၏။
သိုက်စာစကားများ အစဉ်အဆက်ပြောကြားသိခဲ့သည့် စကားများကြောင့်လည်း ရှေးအခါကပင် သိုက်တူးသမားများ မျက်စိကျပြီး ဘုရားအတွင်း ဝင်ရောက်ရန် ဖောက်ထွင်း ခဲ့ကြသည်။ ကျွန်မလည်း ဖောက်ထွင်းပြီးသော ဘုရားဂူပေါက်ကြီးကို ခက်ခဲစွာတက်ကြည့်ပြီး လေ့လာဖူးပါသည်။ ဘုရားအတွင်းကိုကား ဆင်းမကြည့်ရဲ၍ အပေါက်ဝကြီးမှ မြင်သမျှ အမှောင်ထဲကို မရဲတရဲကြည့်ခဲ့ပါသည်။
ပုဂံစကားဝိုင်းတွင် ကိုယ်တွေ့များစွာကို ပြန်ပြောပြသူမှာ ဦးအောင်ကြိုင်ပင်ဖြစ်သည်။ ရှေးဟောင်းသုတေသနအလုပ်ဖြင့် ပုဂံဘုရားများစွာကို တူးဖော်ပြုပြင်ထိန်းသိမ်းရသည် မှာလည်း သူ၏ တာဝန်ပင် ဖြစ်နေပါသည်။
ဤည စကားဝိုင်းမှာ ပူးပြောခြင်းဆိုသည့် ခေါင်းစဉ်ဖြစ်နေပါသည်။ ပုဂံရာဇဝင် တုတ်ထမ်းမပြော၊ ပေါက်တူးနှင့် ပြောကြသူများကား ပုဂံရှေးဟောင်းသုတေသနဌာနဝန်ထမ်းများ ဖြစ်ပါလိမ့်မည်။ ပုဂံနယ်မြေမှာ တူးကြ၊ ရှာကြ ဖွေကြ။ တွေ့သမျှကျောက်စာ၊ ဆင်းတု၊ ပစ္စည်းပစ္စယ မကုန်နိုင် မခန်းနိုင် တွေ့ခဲ့ကြ၊ တွေ့ရှိဆဲပင်ဖြစ်ပြီး နောင်အခါလည်း ဆန်းဆန်းပြားပြား တွေ့ကြရလိမ့်ဦးမည်သာ။
ဦးအောင်ကြိုင်က စေတနာကြီးဘုရားမှာ သူကိုယ်တွေ့ကြုံရပုံများကို အားပါးတရ ဖောက်သည်ချပါတော့သည်။ ၁၉၆၄ ခုနှစ်ကပေါ့၊ စေတနာကြီးဘုရားအပေါ်နဲ့ ဘေးပတ်လည် ပေါင်းမြက်တွေ ရှင်းကြပါတယ်။ စေတနားကြီးဘုရားမှာ ကျောက်လှေ၊ ကျောက်သေတ္တာ၊ စဉ့်အိုးတို့ရှိတယ်လို့ ကြားဖူထားတာနဲ့ ကျွန်တော်တို့ အဖွဲ့ ဝင်ရောက်လေ့လာလိုက်ကြပါတယ်။ ဦးအောင်ကြိုင် ခေါင်းဆောင်ပြီး ရှေးဟောင်းသုတေသနဌာနမှ ဝန်ထမ်း ၅ ဦး စေတနာကြီးဘုရားအတွင်း ဝင်ခဲ့ကြပါသည်။
အတွင်းမှာ မှောင်လွန်း၍ အပြင်က မီးစက်မောင်းပြီး မီးထွန်းဝင်ခဲ့ကြခြင်းဖြစ်ပါသည်။ တချို့က မွန်း ကြပ်၍လည်းကောင်း၊ မှောင်လွန်း၍လည်းကောင်း မဝင်နိုင်ခဲ့ကြပါ။
အနောက်တောင်ထောင့် အပေါက်မှာ ဌာပနာတူးသူများ ဖောက်ထားသည့်အပေါက်ရှိသည်။ အတွင်းတွင် အုတ်ခိုထားသောလှိုဏ်ပတ်လမ်းရှိသည်။ အနောက်တောင်ထောင့်မှ ဝင်ခဲ့ရာ ကွေ့ကောက်သွားပြီး အမြင့် ၄ ပေ၊ အနံ ၄ ပေရှိ ကျောက်သေတ္တာကြီးတခုကို တွေ့လိုက်ရသည်ဆိုပါသည်။ ဦးအောင်ကြိုင်မှာ ဝမ်းသာသွားသော်လည်း သေသေချာချာ ကြည့်လိုက်သောအခါ ကျောက်သေတ္တာကြီးထဲမှာ သဲအပြည့်သာရှိသည်ကို တွေ့လိုက်ရသည်။ ကျောက်သေတ္တာကြီးတွေ့ရသောနေရာမှ ပေ ၃၀ ခန့် ဝမ်းလျားထိုးပြီး သွားရသော နေရာတွင် ဆူးထိုးပေါင်းကူးနှင့် အလျား ၁၂ ပေ၊ အနံ ၁၂ ပေကျယ်သော အခန်းတခုထဲသို့ ရောက်သွားကြသည်။ အခန်းထဲတွင် ကျောက်လှေနှင့်
စဉ့်အိုးကို ရှာရာ မတွေ့၍ ပြန်ထွက်လာကြစဉ် မီးကလည်းပျက်၊ မီးစက်မောင်းသော ဦးအောင်သန်းကလည် ကယောင်ကတမ်းနှင့် "ကျွန်မပစ္စည်းတွေ မယူနဲ့၊ ကျွန်မပစ္စည်းတွေ မယူနဲ့" ဟု အော်ဟစ်ပြီး မေ့မြောနေကြောင်း တွေ့လိုက်ရသည်။ မီးပျက်သွားစဉ် မီးစက်မှ ဝက်အူတခု ပြုတ်ကျသွားသောကြောင့် လူ ၂၀ ခန့် ဝိုင်းရှာကြာသော်လည်း မတွေ့ရသဖြင့် လက်လျှော့်လိုက်ရသည်။
ပယောဂဝင်နေသည်ထင်၍ မေ့မြောနေသော ဦးအောင်သန်းကို မြင်းကပါရွာ အနောက်ဘက်တွင်ရှိသော ရှမ်းဘုန်းကြီးကျောင်းကို ခေါ်သွားရန် ပြင်ဆင်ကြရပြန်သည်။
ကားကိုစက်နှိုးရာ လုံးဝနှိုးမရဟုဆိုသည်။ နောက်တခါ မော်တော်ဆိုင်ကယ်ကို စက်နှိုးသောအခါ နှိုးမရဖြစ်ပြန်သည်။ နောက်ဆုံးကားကို တွန်းပြီး စေတနာကြီးဘုရားကို တပတ်ပတ်၍ ကန်တော့သောအခါမှ စက်နိုးသွားသည်။ မေ့မြောနေသော ဦးအောင်သန်းကို ရှမ်းဘုန်းကြီးကျောင်းသို့ ခေါ်သွားကြသည်။ ရှမ်းဘုန်းကြီးကျောင်းမှာ ပယောဂနိုင်ကြောင်း ပုဂံသားတို့ သိထားကြသည်။ ဆရာတော်က မေးမြန်းစစ်ဆေးရာ ယောက်ျားကြီးစစ်စစ် ဦးအောင်သန်းက "ကျွန်မပြောပါရစေ၊ ပစ္စည်းတွေ ပြန်ထားပါ၊ နောက်တခါလာရင် အသေကိုင်မယ်" ဟု ကြိမ်းမောင်း အော်ဟစ်နေပါသည်။
ကျွန်မက "ဦးအောင်ကြိုင်တို့အဖွဲ့က ဘုရားထဲက ပစ္စည်းယူခဲ့တာ ဟုတ်သလား" ဟု မေးရာ ကြေးမတ်ရပ်ဆင်းတု နှစ်ဆူနှင့် အုတ်ခွက်တချို့ယူခဲ့ကြောင်း ပြောပါသည်။ ဦးအောင်သန်းမှာ ထိုအချိန်မှစ၍ ကြောင်တောင်တောင် ဖြစ်နေပြီး တနှစ်လောက်အကြာမှာ ဆုံးသွားသည်ဟု ဆိုပါသည်။
ဦးအောင်ကြိုင်တို့ ကြုံတွေ့ရပုံ၊ ဦးအောင်သန်း သေဆုံးရပုံများကို လူပြောသူပြောနှင့် ဧည့်လမ်းညွှန် အတော်များများ သိရှိနေကြပြီ။ ထို့ကြောင့်ပင် ၁၉၇၂ ခုနှစ်မှာ မြန်မာ့ခရီးသွားလုပ်ငန်းမှ ဧည့်လမ်းညွှန် ဒေါ်တင်တင်အေးနှင့်အဖွဲ့က စေတနာကြီးဘုရားအတွင်း ဝင်ရောက်ရန် ကြိုးပမ်းကြပြန်သည်။ ဘုရားလှိုဏ်အတွင်းသို့ ရောက်ပြီး မြွေဖြူကြီးတကောင်ကို တွေ့လိုက်ရသဖြင့် ရှေ့ဆက်မသွားရဲဘဲ ပြန်လှည့်ခဲ့ကြသည်။
လေချိုတအေးအေးဖြန်းသည့် ညနေချမ်းဆည်းဆာမှာ တိတ်ဆိတ်ငြိမ်သက်သည့် ပုဂံမှ လွမ်းစရာ့ တနေရာဖြစ်သော အံ့ဖွယ်ဆန်းပြား စေတနာကြီးဘုရားကိုကား
ကြုံတိုင်းပင် ဖူးမြင်မိပါသေးသည်။
မခင်နူ့ (ဒဿန) ပုဂံဘုရား၊ ပုဂံစကား၊ ပုဂံသား)
#baganscent #article #extraordinary
'ဓမ္မရံကြီး' ဘုရားကို ပုဂံမြင်ကွင်းကျယ် ရှုခင်းကြီးတွင် ထီးထီးမားမား ထုကြီးထည်ကြီးနှင့် အဲ့မခန်း ရှုမြင်ရပါသည်။ ပုဂံတခွင်တွင်လည်းကောင်း၊
မြန်မာပြည်တွင်လည်းကောင်း၊ ဤမျှထုထည်ကြီးသော ဘုရားကား ပြိုင်စံရှားဆိုရလောက်အောင် ထုထည်ခိုင်ခံ့ ကြီးမားလှပါသည်။ သို့ကြောင့်ပင် ပုဂံသားတို့က 'ထုဓမ္မရံ' ဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုခဲ့ကြခြင်း ဖြစ်ပါသည်။
၂၀၀၂ ခုနှစ်၊ စက်တင်ဘာလက ကျွန်မတို့ ညီအစ်မသုံးဦးနှင့် သမီးပျိုငါးဦးတို့ ပုဂံကို ဘုရားဖူးထွက်ခဲ့ကြပါသည်။ သည်တခါ လေယာဉ်လည်းမစီး၊ ကားနှင့် လည်းမသွား၊ ဂျုံးဂျုံးဂျက်ဂျက်ရထားကြီးနှင့် ထွက်ခွာလာခဲ့ကြပါသည်။ အထူးသီးသန့် အိပ်စင်တွဲများနှင့် စီးနှင်လာရာ အပိုလူမပါ ညီအစ်မ၊ သမီး၊ တူမ ၈ ဦး ချည်းဖြစ်၍ လွတ်လပ်ပျော်ရွှင်ဖွယ်ခရီးတခု ဖြစ်ခဲ့ပါသည်။ မနက် ၁၀ နာရီခန့် ရန်ကုန်ဘူတာကြီးမှ ထွက်လာခဲ့ရာ ပုဂံဘူတာကြီးသို့ နောက်တနေ့ ရောင်နီပျိုးစတွင် ထန်းပင်ထန်းတော အလှများကို ဖြတ်ကာ ရောက်ရှိလာကြပါသည်။ "လှလိုက်တာဟယ် ... ထကြ ထကြ" တယောက်က နှိုးဆော်လိုက်မှ ကဗျာကယာ အဝတ်လဲကြ၊ ကိုယ်လက်သုတ်သင်ပြီး အလှပြင်ကြပုံမှာ ဇာတ်အဖွဲ့မှ ယိမ်းသမတို့နှယ်၊ လွတ်လပ်ပျော်ရွှင်စွာ 'အရိမဒ္ဒန ပေါက္ကံရာမ' ပုဂံဒေသကို အောင်မြင်စွာ ရောက်ရှိခဲ့ကြပါသည်။ ကြိုတင်ငှားထားသော ကားနှင့် ကုမုဒြာဟိုတယ်သို့ နံနက်စောစော ပုဂံရှုခင်းကို ငေးမောရင်း ထွက်ခွာခဲ့ကြပါသည်။
အပေါ်ထပ်ဟိုတယ်အိပ်ခန်းမှ ဇာခန်းစီးဖွင့်ပြီး ပုဂံဘုရားမြင်ကွင်းကျယ်ကြီးကို ကြည့်ရင်း နားနားနေနေ အိပ်ရသည်ကို အလွန်ကြိုက်လှပါသည်။
မည်သည့်လမ်းကိုချိုးချိုး၊ ဓမ္မရံကြီးက မတ်ရပ်ကြီးကြည့်နေသလိုလို မည်သည့်လမ်းကိုကွေ့ကွေ့ ဓမ္မရံကြီးကို တွေ့နေရပါသည်။ ဓမ္မရံကြီးကို အဝေးမြင်၊ အနီးမြင် မည်သို့ပင် ဖူးတွေ့ရပါစေ၊ ပုဂံသားတို့၏ အားမာန်၊ ဇွဲလုံ့လ၊ အကောင်းအဆိုး၊ ဘဝဒဿနမျိုးစုံ ထင်ဟပ်နေပုံကလည်း ပြောမကုန် ပုံပြင်အလား ပုဂံသားတိုင်း သက်ကြီးစကားသက်ငယ်ကြားကာ စိတ်ဝင်စားဖွယ် အတိပါပေ။
ဓမ္မရံကြီးဘုရား လှိုဏ်ဂူအတွင်းမှာ နေပူခိုရင်း ဝင်ခဲ့ကြပါသည်။ အငြိမ်းစားညီအစ်မသုံးဦးက ဘုရားဝတ်ပြုပြီး ဘုရားလှိုဏ်ပတ်လမ်းအတွင်းမှ လှေကားပေါ် ထိုင်ပြီး နားနားနေနေ ပုဂံပြည်မှ ဧည့်လမ်းညွှန် ငှားရန် လေ့လာကြပါသည်။ တွေ့ပါပြီ။ "ပြောပါရစေရှင်၊ ပြောပါရစေခင်ဗျာ" အသံစာစာနှင့် ကလေးတခုမှာ ပိန်ပန်ကပ်ကပ် ၆ နှစ်အရွယ် သမီးငယ် ကလေးမလေးကို လက်ဆွဲပြီး ရွေးလိုက်ပါသည်။ ၇ နှစ်အရွယ် အစ်ကိုနှင့် ၅ နှစ်အရွယ် မောင်ငယ်လေးက ဘေးကနေ ဝမ်းမည်းအလိုမကျ၊ အနားကမခွာကြတော့ပါ။
"ကဲ ... ဒီဘုရားကြီး အကြောင်းပြောပါဦး" ဆိုတော့ သနပ်ခါး ပါးကွက်ကျား၊ ကြက်တောင်စည်းလေးနှင့် အင်္ကျီ၊ လုံချည်ဆင်တူ သေသပ်ကျနစွာ ဝတ်ထားသော ဧည့်လမ်းညွှန်ပုဂံသူလေးက အမူအရာစုံလင်စွာဖြင့် ဓမ္မရံကြီး ဘုရားအကြောင်း ဖြစ်ကြောင်းကုန်စင် နားဝင်ချိုလှ သဘောကျအောင် ပြောပါတော့သည်။ "ဒီဘုရားကြီးကို နရသူ ဘုရင်ကြီးက တည်ခဲ့ပါတယ်၊ နရသူမင်းကြီဟာ သူ့အဖေကိုလည်းသတ်၊ သူ့အစ်ကိုကိုလည်း သတ်ခဲ့တဲ့အပြစ်တွေ
ပျောက်အောင် ဒီဘုရားကြီးကို တည်ခဲ့ပါတယ်"။ "အော် ... အော် ..." တယောက်က တရားထောက်လုပ်ပါသည်။ "ဒီဘုရားကြီးတည်တုန်းက ပန်းရံဆရာတွေဟာ အုတ်တချပ်နဲ့ တချပ်ကြား အပ်သွင်းမရအောင် စီကြရပါသည်၊ တကယ်လို့ အုတ်တချပ်နဲ့တချပ်ကြား အပ်သွင်းလို့ရရင် ဘုရင်ကြီးက ပန်းရံဆရာတွေကို လက်ဖြတ်အပြစ်ပေးပါတယ်"။
"အို... ကြောက်စရာကြီးကွယ်" ဟုတ် တယောက်က စိတ်ဝင်တစား နားထောင်နေကြောင်းပြသပြောဆိုပါသည်။ ၆ နှစ်အရွယ် ဆရာမကြီး ဟောပြောနေပုံကို ပင်စင်စားတပည့်မကြီးများက ငြိမ်ငြိမ်လေးပြုံးပြီး နားထောင်နေကြပါသည်။ "ဒီဘုရင်ကြီးကို ဟိုး... အနောက်ပြည်၊ ကုလားပြည်က မင်းကြီးက သူ့ သမီးတော်ကို ဆက်သလိုက်ပါတယ်။ နှမတော်ကုလားမင်းသမီးက စက္ကူကိုသုံးပြီး၊ မောင်တော်ဘုရင်ကြီးက တုတ်ကို သုံးပါတယ်"။ "ဟဲ့၊ ဟဲ့ ဒီမှာရပ်ပါဦး ... မရှင်းတော့ဘူး၊ ခဏနေဦးနော်၊ ဟဲ့ သမီးတွေ မြန်မြန်လာ ဒီမှာ ပုဂံလမ်းညွှန်ဆရာမကြီးပြောပြနေတာ မှတ်စရာတွေဟေ့"၊ ရယ်ကြမောကြ၊ ပျော်ရွင်စွာနဲ့ အနားမှာရှိတဲ့ သမီး ၃ ဦးစလုံး တပြုံးပြုံးနဲ့ နားထောင်ရန်အတွက်...
"ကဲ... သမီးလေး ပြောပါဦး"
"ဒီဘုရားကြီးကို...နရသူဘုရင်ကြီးက တည်ခဲ့ပါတယ်..."။ ရယ်ကြပြန်ပါသည်။ ကျန်သမီးနှစ်ဦးက ရယ်မောသံကြားပြီး အပြေးအလွှား ရောက်လာကြပြန်တော့...
"ဒီဘုရားကြီးကို ... ..."
ဧည့်လမ်းညွှန်သည် အလွတ်ကျက်ထားရ၍ တဝက်တပျက် ပြန်မဆက်တက်၊ ဖောက်ပြီးမေးတိုင်း အစက ပြန်စပြောနေရပါသည်။
"ကုလားမင်းသမီးက ညီလာခံမှာ မောင်တော်ဟာ ညစ်ပတ်တယ်လို့ပြောတော့ ဘုရင်ကြီးက အရှက်တော်ရပြီး အမျက်တော်ရှလို့ သတ်စေလို့ အမိန့်ပေးပါတယ်။ ကုလားမင်းသမီးသေသွားတော့ သူ့အဖေ ကုလားဘုရင်ကြီးက ငါ့သမီးလည်း ယူသေး၊ သတ်လည်းသတ်သေးတယ်၊ ဒါကြောင့် ကုလား ၈ ယောက်ကို နရသူဘုရင်ကြီးကို သတ်ဖို့ လွှတ်လိုက်ပါတယ်၊ ကုလား ၅ ယောက်ကို နရသူဘုရင်ကြီးရဲ့ အစောင့်တွေက သတ်လိုက်ပြန်တယ်၊ ကျန်တဲ့ ၃ ယောက်က ဘုရင်ကြီးကို သတ်လိုက်တယ်။ ဒါကြောင့် နရသူဘုရင်ကြီးကို 'ကုလားကျမင်း' လို့လည်း ခေါ်ပါတယ်"
"ဒီဘုရားကြီးဟာ ဟိုး... အီဂျစ်ပြည်က ပိရမစ်ကြီးနဲ့လည်း တူပါတယ်" ပုံပြင်နားထောင်သူ သမီးတဦးက...
"သမီး အီဂျစ်ပြည်ရောက်ဖူးလား၊ ပိရမစ်ကို တွေ့ဖူးလား" မေးတော့...
"ရောက်တော့မရောက်ဖူးပါဘူး၊ ၉ တန်းကအစ်ကိုပြောပြတာပါ"။ "အော်...အော်..."
"ဒီဘုရားကြီးက ထုထည်ကြီးမားလွန်းလို့ ပုဂံဘုရားတွေထဲမှာ 'ထုဓမ္မရံ' လို့ပြောကြပါတယ်ရှင်"
"ကဲ...ကဲ ဒီသမိုင်းပညာရှင်မကြီးက မှန်နန်းရာဇဝင်၊ ဦးကုလားရာဇဝင်၊ မစ္စတာလုစ်၊ မစ္စတာဖာနီဗယ်၊ ဒီဂျီအီးဟော၊ ဟာဗေး၊ ဦးဖေမောင်တင်၊ ဗိုလ်မှူးဘရှင်၊ ဒေါက်တာသန်းထွန်းတို့ မသိခဲ့တဲ့ အသစ်ထပ်မံ တွေ့ရှိချက်တွေပါတယ်၊ ဉာဏ်ပူဇော်ခ ချီးမြှင့်ရအောင်" ဟု အစ်မကြီးက ဆော်ဩလိုက်ရာ တစ်ထောင်တန်၊ ငါးရာတန်၊ နှစ်ရာတန်၊ တစ်ရာတန်၊ ငါးဆယ်တန်တို့ကို အစုံအလင် လက်ထဲထည့်လိုက်ရာ မျက်လုံးပြူးပြူးလေးနဲ့ လက်နှစ်ဖက်ခံယူပုံ အလှကို အမြဲမြင်ယောင်နေမိပါသည်။
ဓမ္မရံကြီးဘုရားထဲမှာ နေခိုရင်း ဘုရားဖူးပြီး နားနားနေနေ နေသော်လည်း စိတ်အာရုံ မငြိမ်ချင်၊ အတိတ်က အရိပ်မည်းတို့က လွမ်းမိုးထိုးဖောက်လာရာ အေးမြခြင်းမှ ကျောစိမ့်ထိတ်လန့်ခြင်းသို့ ကူးပြောင်းလာပါတော့သည်။ ဓမ္မရံကြီးဘုရားသည် ထုထည်ခိုင်ခံ့ ကြီးမားသော အောက်ခြေနှင့် ကြီးမားကျယ်ပြန့် လှသော်လည်း အထက်ပိုင်းသို့ ရောက်လေလေ၊ အဖျားရှူးသွားလေလေဖြစ်သည်။ နရသူမင်းသည် နာမကျန်းဖြစ်နေသော ခမည်းတော် အလောင်းစည်သူ
မင်းကြီးကို ရွှေဂူကြီးဘုရားထဲသို့ ပို့ကာ သတ်ခဲ့ခြင်း၊ နောင်တော် မင်းရှင်စောကို အဆိပ်ခတ်လုပ်ကြံ၍ ထီးနန်းကို အတင်းအဓမ္မ သိမ်းယူခဲ့ခြင်းနှင့် ခမည်းတော်ပေးသော ကြဘန်အမည်ရှိ သတို့သမီးကို ကွပ်မျက်ခဲ့ခြင်း၊ ကြဘန်သားဥတ္တရသူနှင့် ဘထွေး စချီ မဟာဗိုလ်တို့ကိုလည်း အဆုံးစီရင်ခဲ့ခြင်း၊ ကုလားမင်းသမီးကို သံလျက်ဖြင့် ခုတ်သတ် ခဲ့ခြင်းတို့သည် နရသူအား ပုဂံရာဇဝင်တွင် သွေးစွန်းကွက်ကြီး ထင်ကျန်စေခဲ့သူအဖြစ် ထိတ်လန့်တုန်လှုပ်စွာ မှတ်မိနေပါသည်။
အေဒီ - ၁၁၇၀ တွင် နရသူမင်းက ၃ နှစ်အတွင်း အပြီးတည်ခဲ့သော ဓမ္မရံကြီးဘုရားသည် အုတ်စီလက်ရာ အကောင်းဆုံးဘုရားဖြစ်ပါသည်။ အုတ်ဆက်များ ထပ်ထိုးမရအောင် စေ့နေသည်။ စင်္ကြံပတ်လည် နှစ်ထပ်နှင့် အာရုံခံ ၄ ဘက်ပါရှိသည်။ သို့ရာတွင် အတွင်းစင်္ကြံပတ်လမ်းအား မုခ်ပေါက်များနှင့် အလင်းပေါက် များအားလုံး အကြောင်းတခုခုကြောင့် ဘုရားတည်ပြီးပြီးချင်း ပြန်ပိတ်ထားခြင်း ဖြစ်မည်ဟု သုတေသနပညာရှင်တို့က ယူဆကြသည်။ ထို့ကြောင့် ဓမ္မရံကြီးက စိတ်ဝင်စားဖွယ် ဖြစ်နေပေသည်။ ထို့ထက် စိတ်ဝင်စားဖွယ်ရာများကား နောက်တခေါက် ပုဂံသားတို့နှင့် စကားဝိုင်းဖွဲ့ရာမှ ပိုပြီးကျောစိမ့်လာရပြန်ပါသည်။
စာရေးသူ ပုဂံရောက်တိုင်း ပုဂံမှ မိတ်ဆွေများနှင့် ညချမ်းအခါများတွင် ပုဂံအကြောင်း သောင်းပြောင်းထွေလာ စကားဝိုင်းဖွဲ့ ဖြစ်ခဲ့ပါသည်။ မင်းဘူးဦးအောင်ကြိုင်နှင့် ဦးမျိုးညွန့်တိုက ပင်တိုင်စကားဝိုင်း ခေါင်းဆောင်များ ဖြစ်ကြပါသည်။ ဦးအောင်ကြိုင်က ပုဂံမှာ နှစ်ပေါင်းများစွာနေထိုင်သူ၊ ဦးမျိုးညွန့်က ပုဂံမှာမွေး၊ ပုဂံမှာကြီး၊ ပုဂံမှာ အလုပ်လုပ်နေသူ။ ရှေ့မီနောက်မီ ကုလားထိုင်ကြီးများဟု ချီးကျူးရပါသည်။
"ဓမ္မရံကြီးမှာ နာမည်ကြီး တစ္ဆေတွေရှိတယ်၊ ကျွန်တော်တို့ပုဂံသားတွေထဲမှာ ဓမ္မရံကြီးကတစ္ဆေနဲ့ နပန်းလုံးဖူးတဲ့သူတွေ အခုတောင် ရှိပါတယ်ခင်ဗျ" ဟု ဆိုလိုက်သည်နှင့် "ပြောပြပါဦး" ဟု တောင်းပန်စကား ဆိုရပါသည်။ ဦးမျိုးညွန့်က "ဟုတ်တယ်ခင်ဗျ၊ ကျွန်တော် မနေ့ကပဲ ဆရာကြီး ဦးသန်းညွန့်အိမ်ရောက်တော့ ဒီအကြောင်းတွေ ပြောပြသေးတယ်" ဟု ထောက်ခံ လိုက်ပြန်သည်။
ဦးအောင်ကြိုင်က "ဆရာကြီးဦးသန်းညွန့်တို့နဲ့ အရင်က ခိုရိုက်သွားခဲ့တဲ့သူတွေ ရှိတယ်။ ဆုန်ကုန်းရပ်ကွက်သားတွေပဲ၊ ဦးစံဖူး၊ ဦးစံကြူး၊ ဦးစံဝင်းတို့ပေါ့။ သူတို့ သုံးဦးထဲက ကိုစံဝင်းက ခိုရိုက်ရင်း လိမ့်ကျသေခဲ့ဖူးတယ်"
"ဘယ်တုန်းက ဖြစ်ခဲ့တာလဲ" ဟု မေးတော့...
"၁၉၅၃ ခုနှစ်ကပေါ့၊ ကိုစံဝင်း ဓမ္မရံကြီးထဲ ခိုရိုက်ရင်း လိမ့်ကျသေတာ၊ သူသေပြီး ၃ နှစ်လောက်ကြာမှ ၁၉၅၆ ခုနှစ်မှာ ဦးသာညွန့်ခေါင်းဆောင်ပြီး ဝါတွင်းကြီး ခိုရိုက်အဖွဲ့သွားကြတာ၊ အခုတော့ ကိုသာညွန့်က သေပြီ၊ ကျန်တဲ့ ကိုခင်ညွန့်၊ ကိုစိန်ညွန့်၊ ဦးတင်စိန်၊ ဦးသန်းညွန့်၊ ကိုထွန်းရီ၊ ကိုတင်စန်း တို့ပါတယ်" ဟု ဆိုပါသည်။ သူတို့အားလုံး ပုဂံမြို့ ဆုန်ကုန်းရပ်ကွက်သားတွေပဲ။
ကျွန်မသည် ဓမ္မရံကြီး ခိုရိုက်အဖွဲ့မှာ ပါဝင်ခဲ့သော ဆုန်ကုန်းရပ်ကွက်မှ ဦးကြီးများအားလုံးကို တွေ့ဆုံချင်ပါကြောင်း မင်းဘူးအောင်ကြိုင်ကိုပြောရာ ဆရာကြိုင်တို့ စီစဉ်ပေးမှုဖြင့် ကားနှင့်သွားရောက်ခေါ်ကာ ဧည့်ရိပ်သာတွင် ဧည့်ခံကျွေးမွေးပြီး ပုဂံစကားဝိုင်းကြီး လုပ်ဖြစ်ခဲ့ပါသည်။ ဆရာဦးသန်းညွန့်မှာ တကယ့်ဆရာကြီး ဟန်ပန်ရုပ်သွင်ဖြင့် ကြည်ညိုစရာ ဦးကြီးအရွယ်ဖြစ်နေပြီ၊ ခိုရိုက်သွားတုန်းက ၁၈ နှစ်အရွယ် လူပျိုလေး ဘဝဖြစ်ပြီး ကျန်ပုဂံသားကြီးများကလည်း သက်ကြီးရွယ်အိုများ ဖြစ်သော်လည်း ငယ်စဉ်ကပျော်ခဲ့ လုပ်ခဲ့ကြပုံများကို အားပါးတရ ပြောပြခဲ့ကြပါသည်။
"သုံးဦးက ဓမ္မရံကြီးဘုရားရဲ့ စနေထောင့် အာရုံခံ ကြောင်လိမ်လှေကားကနေ တက်တယ်၊ ၁၈ ပေလောက်မြင့်ပြီး ၂ ပေလောက်ကျယ်တဲ့ မောင်းမလယ်ကနေပြီး ကပ်လျှောက်ကြတယ်။ သူတို့က လေးခွ၊ ဓာတ်မီး၊ ဝါးလုံးတို့ကို ယူသွားကြတယ်။ လေးခွနဲ့ ပစ်တော့ အသံက ခပ်ပျော့ပျော့အရာကို ထိမှန်သံလို ပြန်ကြားရတယ်။ ခဏကြာတော့ ရှူးရှူးရှဲရှဲ ဒေါသတကြီးနဲ့ အသံကျယ်ကျယ်ကြီးကြားရပြီး အပေါ်က သုံးယောက်ကိုဖမ်းချုပ်လိုက်တဲ့အတွက် သုံးယောက်သား
ပြန်ပြီးလုံးကြ ထိုးကြတယ်"။
ဦးသန်းညွန့် ပြောသည်မှာ...
"ဖွဲအိတ်ကြီး ထိုးရသလို၊ ဝါဂွမ်းအိတ်ကြီး ထိုးရသလိုပဲ၊ ပုံသဏ္ဌာန်လည်းမရှိဘူး၊ အဖြူလိုလို၊ မီးခိုးရောင်လိုလို၊ အရိပ်ပဲ တွေ့ရတယ်၊ သူကို ပြန်ထိုးရတာ လက်တွေနာလိုက်တာ" ဟုဆိုပါသည်။ ပုဂံသားတွေ သတ္တိကောင်းတယ်၊ တစ္ဆေနဲ့ နပန်းလုံး ပြန်ထိုးနေကြတာ အောက်ကလူတွေကလည်း ဓာတ်မီးနဲ့ထိုးကြည့်တော့ အရိပ်ကြီးကို ထိုးနေကြတာ တွေ့ရတယ်။ ပြန်ဆင်းလာဖို့ အော်ခေါ်ကြတယ်။ အပေါ်က သုံးယောက် ဖြည်းဖြည်းပြန်ဆင်းလာကြောတော့ ခို ၁၄ ကောင်
တောင်ရပြီးပြီ" တဲ့။
"ခို ရိုက်အဖွဲ့သားတွေက ပြန်ဖို့ လှည်းကို နွားတပ်ကြတော့ နွားတွေက ရုန်းပြီး တပ်မရ ဖြစ်နေတယ်။ ဒီကိစ္စမျိုးတွေကို နွားတွေက လူထက်ပိုသိကြတယ်" ဟု ဦးအောင်ကြိုင်က ဆိုတော့ ပုဂံစကားဝိုင်းက လူတွေက "ဟုတ်တယ်၊ ဟုတ်တယ်" ဆိုကြပြန်သည်။
ခိုရိုက်အဖွဲ့က...
"မင်းနေခဲ့တော့၊ ငါတို့ပြန်ပြီ။ ထပ်ပြီးရန်ဖြစ်စရာ မရှိတော့ဘူးလို့ ပြောကြတယ်။ ဒါပေမယ့် မီးခိုးရောင် အရိပ်သဏ္ဌာန်ကြီးက လိုက်လာတယ်။ သဗ္ဗညု ဘုရားတောင်ဘက် အာနန္ဒာလမ်းခွဲက 'အင်း' ဘုရားကြီး လမ်းအတိုင်း လှည်းမောင်းလာကြပြီး ရပ်ကွက်ထဲ ဝင်ခါနီးမှာ နွားကထပ်ပြီး ရှူးရှူးရှဲရှဲ ဖြစ်လာပြန်တယ်။ ဒါနဲ့ ကျင်ငယ်ရည်နဲ့ ပန်းလိုက်မှာ နွားလှည်းက ခုန်ပေါက်ပြီး ပြန်ခဲ့ရတယ်" ဟုဆိုပါသည်။ သရဲ၊ တစ္ဆေကို နွားက ပိုသိ၊ ပိုမြင်ကြောင်း တစ္ဆေကို ကျင်ငယ်ရည်နဲ့ပန်းရင် ပြေးကြောင်း ဗဟုသုတများကို ပုဂံသားတို့က အားရပါးရ ပြောပြကြပါသည်။ သက်သေတွေ ထပ်ပြီးပြောပြန်ပါသည်။
"ဒီကိစ္စကို ကိုးလုံးရပ်မှ လူလတန်းကျောင်းဆရာ ဦးအောင်မြင့်လည်း သိတယ်၊ သူက အဲ့ဒီအချိန်က ၁၈ နှစ်လောက် လူပျိုပေါက်အရွယ်ပေါ့၊ ဓမ္မရံကြီးအနောက်ဘက်မှ ဆံတော်တောရကျောင်းမှာ ရှိနေတယ်၊ ပြီးတော့ ပုဂံသူတွေဖြစ်တဲ့ ဒေါ်ချစ်၊ ဒေါ်သန်းတို့ ဥပုသ်စောင့်နေပြီး ကျောင်းမှာရှိနေကြတယ်။ ရိုက်သံနှက်သံ ဆူညံသံတွေ ကြားနေတော့ သူတို့က ဓားပြတိုက်တယ် ထင်ကြသတဲ့။ ရွှေဆံတော်အရှေ့ဘက် ကန်ဘေးက ကြည့်နေကြတာ ည ၂ နာရီ ထိုးလောက်ကျတော့ လှည်းပြန်ထွက်သွားတာကိုလည်း မြင်လိုက်ရတယ်" စသည်ဖြင့် ပြောပြကြပါသည်။
ဒီဓမ္မရံကြီးမှာ တစ္ဆေနဲ့ နပန်းလုံးတဲ့ ပုဂံသားတွေအကြောင်း အလယ်တန်းပြဆရာ သတင်းထောက် ဦးသောင်းစိန်က သတင်းစာမှာ 'ထူးဆန်းစွာ တွေ့ရှိခြင်း' ဆိုပြီး ပါခဲ့ဖူးကြောင်း ပြောပြန်သည်။ 'ယုံချင်ယုံ မယုံချင်နေ' ပုဂံမြေက တစ္ဆေကို သက်သေအထောက်ထားများနှင့် ပုဂံသားတွေက အားရပါးရပြောပြကြတော့ 'ပရလောက'ကို သုတေသနပြုချင်စိတ် ဖြစ်လာပါတော့သည်။
မခင်နူ့(ဒဿန) - ပုဂံဘုရား ပုဂံစကား ပုဂံသား
#baganscent
#extraordinary
#article
နရသီဟပတေ့ (တရုတ်ပြေး)ဘုရားမှ ပဟေဠိဖြစ်ဖွယ်ပုဝါစိမ်းလေး...
မင်းနန်သူက နရသီဟပတေ့ဘုရား (တရုတ်ပြေး) မှာ မင်မင်တိုးဂိုက်ကောင် ၂၀၁၉တုန်းက ကိုယ်တိုင်ကြုံခဲ့ရတာလေးကို မသေချာမရေရာဖြစ်တုန်း ခုလ ၉ရက်နေ့မှ အဲ့ကိစ္စက ကျိန်းသေသွားတယ်လို့ အကြောင်းပြချက်ရခဲ့ပါတယ်.....
အဲ့တုန်းက ၂၀၁၉ပေါ့ မင်မင်တို့ couple ပုဂံသွားကြတုန်း တစ်ရက် တရုတ်ပြေးကိုဝင်လည်ကြရော တရုတ်ပြေးက အရှေ့ဘက်မုခ်ပဲဖွင့်ထားတာ ကျန်တဲ့မုခ်တွေကအပိတ် အဲ့အရှေ့ဘက်မုခ်မှာ တခြားဘုရားဖူးတွေလည်းရှိနေတယ်... အချိန်က နေ့ခင်း ၁နာရီကျော် မင်မင်တို့နှစ်ယောက်လည်း အရှေ့ဘက်မုခ်မှာပဲဘုရား ရှိခိုးနေကြတယ် မင်မင်က ဦး၃ကြိမ်ပဲချတဲ့ကောင် သူကတော့နည်းနည်းကြာတယ် အဲ့မှာဦး၃ကြိမ်ချပြီး ဘုရားဆင်းတုရဲ့ဘယ်ဘက် တောင်ဘက်လှိုဏ်ထဲ အစိမ်းရောင်ဝမ်းဆက် ပုဝါစိမ်းလေးခြုံထားတဲ့ ကောင်မလေးဝင်သွားတာဖြတ်ခနဲတွေ့မိတယ် အဲ့ချိန်ဖြစ်သွားတဲ့ ခံစားမှုက ကြောက်စိတ်မရှိပေမယ့် ပုံမှန်မဟုတ်တဲ့ ခံစားချက်တစ်ခုရလိုက်တယ် အဲ့ချိန်မှာ သူက ဘုရားရှိခိုးပြီးပြီဆိုတော့ အဲ့ဘက်ကိုလိုက်ကြည့်ဖို့သူ့လက်ဆွဲခေါ်လိုက်တယ် အဲ့မှာ ပုဂံဆို ဘယ်သွားသွားလိုက်နေတဲ့သူက မလိုက်ချင်တဲ့ပုံစံပြနေတယ် လာလေဆိုတော့မှ မလိုက်ချင်လိုက်ချင်နဲ့ တောင်ဘက်မုခ်လည်းရောက်ရော ဘာမှမထူးခြားပါဘူး သူ့ကိုတောင် နေပြောက်ထိုးတဲ့နေရာမှာ ဓါတ်ပုံရိုက်ပေးနေသေးတယ် ပထမပုံကမလှဘူး အဲ့တာနဲ့သူ့ကိုရိုက်လို့မလှကြောင်းအပြော သူ့မျက်လုံးကကင်မရာကိုမကြည့်ပဲ ဘုရားဘက်ကိုပဲကြည့်နေလို့ မင်မင်လည်းလှမ်းအကြည့် ဘုရား ပုလ္လင်ပေါ်မှာ အစိမ်းရောင်ပုဝါလေးက ခေါက်လျှက်သားလေးဗျာ အဲ့တာနဲ့ နှစ်ယောက်သား လက်ဆွဲပြီး လာရာလမ်းအတိုင်းအရှေ့ဘက်မုခ်ဆီပြန်ပြေးကြပါရော... သူ့ကိုမေးကြည့်တော့ ဘုရားရှိခိုးပြီးပြန်အမော့မှာ အဲ့ဘက်ကို လူရိပ်တစ်ခုနဲ့ပုဝါစိမ်းလေးတစ်ထည်က လွင့်သွားတာတွေ့မိတယ်တဲ့ မင်မင်အဲ့ဘက်ခေါ်သွားတုန်းကလည်း ခံစားချက်မကောင်းလို့မလိုက်ချင်တာတဲ့လေ ခု ပုဝါစိမ်းလေးတွေ့မိရော နှစ်ယောက်သားသုတ်ခြေတင်ပြေးကြတာပဲ အဲ့လိုသတ္တိက
နောက်တော့လည်း မင်မင်တို့ တခြားသူတွေနဲ့စကားပြောရင်း အဲ့တာဘုရားဖူးပဲဖြစ်မှာပါ တခြားမုခ်ဘက်ကို ပတ်သွားတာလည်းဖြစ်မှာပေါ့လို့ ဖြည့်တွေးမိကြတယ်...
ခု ၉ရက်နေ့က တရုတ်ပြေးရောက်ခဲ့တယ် အရင်လိုတော့ဝင်မရတော့ဘူး အဲ့တာနဲ့အရှေ့ဘက်ကနေ တောက်ဘက်မုခ်ကိုအပြင်ကပဲပတ်နေတုန်း တောင်ဘက်မုခ်ကအပေါက်လေးရောက်တုန်း ချောင်းကြည့်မိတာ...တွေ့လိုက်ရတာက ပုဝါစိမ်းလေး တစ်ဖက်မှာလည်း ပုံထဲကအတိုင်း မှန်လေးတစ်ချပ်တွေ့မိတယ်...
လွန်ခဲ့တဲ့ ၃နှစ်က သို့လောသို့လောဖြစ်ခဲ့တဲ့ ပဟေဠိ ခုမှပိုပြီးတွေးစရာပေါ်လာတော့တယ်....
ပုဝါစိမ်းလေးပိုင်ရှင်ကဘယ်သူလဲ....
အဲ့တုန်းကတွေ့ခဲ့တဲ့ အစိမ်းရောင်ဝမ်းဆက်နဲ့ ကောင်မလေးကရော.....
#baganscent
မင်မင်တိုးဂိုက်ကောင်
နေဝင်ချိန်မှာ တွေ့ခဲ့သူ... (ဖတ်ရန်)
ကျွန်မ ပုဂံသို့ မကြာခဏသွားလေ့ရှိရာ ၂၀၁၀ ခုနှစ် မိုးကုန်စ ဆောင်းဦးပေါက်မှာ ရောက်ပြန်ပါသည်။ ထုံးစံအတိုင်း ကျွန်မ ပုဂံရောက်မည်ကြားကတည်းက တည်းခိုမည့်နေရာမှာ
စောင့်ကြိုနေသူများ၊ ရောက်ပြီးမကြာမီ စက်ဘီး၊ ဆိုင်ကယ်၊ မြင်းလှည်း၊ ကားများဖြင့် ပုဂံမှ ချစ်သူခင်သူ မြတ်နိုးသူတို့ ရောက်လာနှုတ်ဆက်လေ့ရှိကြသည်။ မလာနိုင်သေးသူက
ဖုန်းဖြင့် နှုတ်ဆက်ကြသည်က ထုံးစံပါပေ။ 'ညကျမှလာခဲ့ပါမယ်'ဆိုသူက အင်ဂျင်နီယာမလေး မပွင့်။ မိုးချုပ်လို့ ၉ နာရီကျော်မှ ရောက်လာပြီး ၁၀ နာရီကျော်မှ ဆိုင်ကယ်စီး
ပြန်သည်။ အတင်းပြန်မလွှတ်လျှင် သန်းခေါင်ကျော်အောင် နေမည့်သူ။
မပွင့်က ဘုရားပြုပြင်သည့် နေရာများကို နေ့ညသွားလာ ကြီးကြပ်ပြုပြင်နေကျ၊ မော်တော်ဆိုင်ကယ်တစီးဖြင့် အကြောက်အလန့်မရှိ သွားလာနေသူဖြစ်သည်။ သူနှင့်တွေ့တိုင်း
ပရလောကသားတွေအကြောင်း ပြောဖြစ်သည်။ "အန်တီနူ့ရေ ... ကျွန်မ ဓာတ်ပုံပြစရာရှိတယ်၊ ဒီတခါ ဓာတ်ပုံရိုက်ထားတယ်၊ ကျွန်မအခု 'ထီးလိုမင်းလို' ဘုရားကြီးနားမှာ
ဘုရားတဆူပြင်နေတယ်။ ဇူလိုင်လတုန်းကပေါ့။ ကျွန်မက ညနေစောင်းမှာ အခုပြုပြင်နေတဲ့ ဘုရားတဝိုက် ဓာတ်ပုံရိုက်တယ်။ အလုပ်သမားတွေလည်း ပြန်ကုန်ပြီ။ အနားမှာ ဘယ်သူမှ
မရှိဘူး၊ နေဝင်ချိန်လှတာနဲ့ ဓာတ်ပုံတွေ အမျိုးမျိုးရိုက်နေတာ အမှောင်ပျိုးလာတာတောင် သတိမထားလိုက်မိဘူး၊ ရှေ့ကြည့်ပြီး ဆက်ရိုက်နေတာပဲ။ ကျွန်မက လှည့်မကြည့်တော့
နောက်ကနေ ခေါ်တယ်"။
"ဘယ်လိုခေါ်တာလဲ၊ မပွင့်လို့ခေါ်တာလား" မေးတော့ "မဟုတ်ဘူး၊ နားနားကပ်ပြီး ရွှတ်ရွှတ် ရွှတ်ရွှတ် ကျွတ် ကျွတ် ကျွတ် ကျွတ် နဲ့ အသံပေးတယ်လေ၊ ကျွန်မလှည့်မကြည့်မိပါဘူး။
စိတ်အနှောင့်အယှက်ဖြစ်တာနဲ့ ပြန်မယ်ဆိုပြီး ခပ်ဝေးဝေးမှာ ရပ်ထားတဲ့ ဆိုင်ကယ်စီးပြီး ပြန်လာတယ်။ ဆိုင်ကယ်ပေါ်ရောက်ပြီး ဘုရားဘက်ကြည့်လိုက်တော့ နည်းနည်းမှောင်နေပြီ။
အဲဒီအချိန်မှာ အသက် ၄၀ လောက် လူရွယ်တယောက် ဘုရားပေါ်ကနေ လက်ပြတာလား၊ လက်ယက်ခေါ်တာလား မသဲကွဲဘူး၊ ကျွန်မဒေါသဖြစ်တာနဲ့ မပြန်သေးဘဲ ကင်မရာ
ပြန်ထုတ်ပြီး ဘယ်သူလဲသိရအောင် သူ့ကို ဓာတ်ပုံ ၃ ပုံ ရိုက်ယူလိုက်ပြီး ပြန်လာခဲ့တယ်။ ဓာတ်ပုံကူးတော့ တပုံက အဖြူပဲ ပုံမပေါ်ဘူး၊ ကျန်နှစ်ပုံက ယောက်ျားတယောက်
ကလေးချီထားပြီး ပုံကဝါးနေတယ်၊ မျက်နှာတွေက ချပ်ပြားလို အဖြူဝိုင်း ဖြစ်နေတယ်။ ကျွန်မလည်း စိတ်ထဲမကျေနပ်တာနဲ့ နောက်တနေ့ အဲဒီနေရာ အဲဒီအချိန် ထပ်သွားပြီး ဓာတ်ပုံရိုက်တယ်။
ဘုရားနဲ့ သစ်ပင်ချုံပင်တွေ ထင်ထင်ရှားရှား ပေါ်ပေမယ့် လူနဲ့ ကလေးပုံတော့ မပါဘူး။ ရန်ကုန်က ဘုရားပြင်တဲ့ ဒကာတွေကိုပြောပြတော့ ပဌာန်းဆက်ရှိလို့သူတို့ ဘုရားမှာကြုံရဆုံရတာ
ဆိုပြီး မတုန်လှုပ်ကြပါ။ ဒါပေမယ့် ဘယ်သူ ဘယ်ဝါလဲ သိချင်လို့ ပဲခူးက အကြားအမြင်ရတဲ့ ဆရာမကြီးတယောက်ကို ဘုရားဓာတ်ပုံပြ မေးကြည့်တော့ အဲဒီဘုရားမှာ ပရလောကသား
အစောင့်ရှိတယ် လို့ ဟောသတဲ့။"
ပြောပြနေတဲ့ မပွင့်က ရယ်ရယ်မောမော၊ နားထောင်နေကြတဲ့ မမကြီး၊ မညို၊ မရှမ်း၊ မဝေတို့ကတော့ ထူးလျက် မဆန်းသကဲ့သို့ နားထောင်နေကြတော့ ကျွန်မက "ကြောက်စရာပဲ၊
မပွင့်... အချိန်မတော် တယောက်တည်း သွားလာမနေနဲ့" ဆိုတော့ ကျန်တဲ့ ပုဂံသူတွေက "ဘာကြောက်စရာရှိလဲ အန်တီနူ့ရယ်၊ ကျွန်မတို့ဆီမှာ ဒါမျိုး သူမြင်ကိုယ်မြင်
မအံ့ဩပါဘူး" တဲ့။ ပုဂံသူမချောတို့ မအံ့ဩကြသော်လည်း ကျွန်မကတော့ အံ့ဩကျောစိမ့်နေလျက် ရှိပါသည်။
မခင်နူ့ (ဒဿန) - ပုဂံဘုရား ပုဂံစကား ပုဂံသား
မကျွတ်မလွတ်... (ဖတ်ရန်)
ပုဂံဘုရားများတွင် မကျွတ်မလွတ်သေးသာသူများရှိကြောင်း ပုဂံသားတို့ ယုံစားကြသည်။ ရှေးနှစ်ပေါင်းများစွာက ရှိခဲ့ကြသော မင်းမိဘုရား၊ မှူးမတ်နှင့်တကွ ပြည်သူ
ပြည်သားများသည် ဘုရားများကို စောင့်ရှောက်နေကြပြီး မကျွတ်မလွတ်နိုင်သေးကြောင်း တွေ့ကြုံဖူးသူ၊ တဆင့်စကားကြားသူ၊ ပူးပြောကြ၍ ကိုယ်တွေ့ကြုံရသူများ
ရှိကြသည်။
ရှေးက မကျွတ်လွတ်သူများအကြောင်း စကားဝိုင်းဖွဲ့ရာတွင် ယခုခေတ် မကျွတ်လွတ်သူများအကြောင်းလည်း ပါတက်သည်။ ဤအကြောင်းကိုပြောပြသူမှာ ပုဂံရှေးဟောင်း
ယဉ်ကျေးမှုဌာနမှ ကိုဘုန်းကျော်ဖြစ်သည်။ ကိုဘုန်းကျော်က သူငယ်စဉ် အလုပ်ဝင်စက ဘုရားစောင့်တာဝန် ယူခဲ့ရသည်ဟု ဆိုပါသည်။ သူ တာဝန်ကျသော ဘုရားမှာ
'ကန်တော့ပလ္လင်' ဘုရား၏ အရှေ့ဘက်တွင်ရှိသော 'အတွင်းအာနန္ဒာ' ဘုရားဖြစ်သည်။ ပုဂံမြို့ဟောင်းအတွင်းမှာရှိပြီး ကျန်စစ်သားမင်၏ ကုသိုလ်တော် ဖြစ်သည်ဟု
မှတ်သားရသည်။
ကိုဘုန်းကျော်က "၁၉၈၇ ခုနှစ်လောက်ကပေါ့။ ၁၃ နှစ်အရွယ် အဖြူအစိမ်းကျောင်းစိမ်းဝတ်စုံဝတ်ထားတဲ့ ကျောင်းသားလေးတယောက်နဲ့ အဘိုးကြီးတယောက် မနက် ၃
နာရီလောက် အတွင်းအာနန္ဒာဘုရားကို လာဖူးတာ တွေ့ရပါတယ်။ အိမ်မက်လား၊ တကယ်မြင်မိတာလားမသိ၊ ဘုရားဝတ်ပြုနေတာကို မြင်နေရတယ်။ ကျွန်တော်လည်း
သေချာအောင် ထကြည့်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာ ဘုရားထဲမှာလည်း ဘယ်သူမှရှိမနေပါဘူး။ ကျွန်တော့်စိတ်ထဲမှာ အနှောင့်အယှက် ဖြစ်နေပါတယ်။ ဒါနဲ့ တယောက်
ယောက်ကို ပြောပြချင်နေပါတယ်။ မနက်ခင်းရုံးရောက်တော့ ရုံးညစောင့် ဦးမြင့်ဆောင်ကို ပြောပြလိုက်တယ်။ ကျွန်တော့်စကားလည်းဆုံးရော ဦးမြင့်ဆောင် ငိုပါလေရောဗျာ။
ဘာဖြစ်လို့ ငိုရတာလဲ လို့ ပျာပျာသလဲမေးမိတော့ ပုဂံမြို့ဟောင်းမှာ မီးလောင်မှုဖြစ်တုန်းက ဦးမြင့်ဆောင်အိမ် မီးထဲပါသွားပါတယ်။ နှစ်တော်တော်ကြာပြီတဲ့။ အိမ်မီးလောင်လို့
နေစရာမရှိတာနဲ့ သူတို့သားအဖလည်း ဘုရားထဲမှာ လာနေကြသတဲ့။ သူ့သား ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသားလေးက ဖျားပြီးတော့ 'အတွင်းအာနန္ဒာ' ဘုရားထဲမှာပဲ
သေသွားတယ်တဲ့။ နှစ်တွေကြာလို့ သေဆုံးသွားတဲ့သားကို မကျွတ်မလွတ်ဖြစ်နေလိမ့်မယ်လို့ တခါမှ မတွေးခဲ့ဖူးတဲ့၊ ဦးမြင့်ဆောင်က ကျွန်တော့်စကားကိုကြားပြီး ကျောင်းဝတ်စုံနဲ့
ကလေးက သူ့သားပဲဖြစ်မယ်၊ ခုထိ မကျွတ်သေးပါလားဆိုပြီး ရှိုက်ကြီးတငင် ငိုတော့တာပါပဲ" ဟူ၍ ပြောပြပါသည်။
အဖေကို သားကိုယ်တိုင် မပြသော်လည်း 'အတွင်းအာနန္ဒာ' ဘုရား ရောက်တိုင်း ဦးမြင့်ဆောင်ကတော့ သားကို တွေ့များတွေ့လေမည်လားဟု ရှာနေဦးမည် ထင်ပါသည်။
မခင်နူ့ (ဒဿန) - ပုဂံဘုရား ပုဂံစကား ပုဂံသား
ဓမ္မပါလစစ်သူကြီး... (ဖတ်ရန်)
ပုဂံရာဇဝင်သမိုင်းတွင် စာမတင်ခဲ့သည့် စစ်သူကြီးကား ဓမ္မပါလစစ်သူကြီး ပဲဖြစ်ပါသည်။ နရပတိစည်သူမင်း၏ စစ်သူကြီးဖြစ်ကြောင်းကို ၁၉၉၇ ခုနှစ်ရောက်မှသာ သိခဲ့ကြရပါသည်။ နရပတိစည်သူမင်းကား ၁၁၆၅ ခုနှစ်က ခမည်းတော် နရသူ မင်း၏ ထီးနန်းအရိုက်ရာကိုဆက်ခံပြီး နန်းတက်လာသူဖြစ်သည်။ ထို့ကြောင့် ဓမ္မပါလစစ်သူကြီး ကို နှစ်ပေါင်း ၈၃၂ နှစ်ကြာမှ သိလာကြပြီး ဓမ္မရာဇက ဘုရားပရဝုဏ်တွင် တစ်နေရာပေးကာနတ်ကွန်းနှင့် စံမြန်းနေပေပြီ။ ဓမ္မပါလစစ်သူကြီး၏ ကုသိုလ်ကံကား အံ့အားသင့်ဖွယ် စိတ်ဝင်စားဖွယ်ကောင်းပါသည်။
ဓမ္မရာဇကဘုရားမှာ ရှေးအခါက မည်းမည်းလုံးလုံးဘရားကြီးဖြစ်၍ ရွာနီးချုပ်စပ်ကခေါ်ခဲ့ကြသည်မှာ "ဘုရားလုံးကြီး" ဖြစ်ပါသတဲ့။ ပြုပြင်ကြသူများကြောင့် ရွှေစည်းခုံဘုရားနှင့် မှားေလာက်အောင် ရွှေရောင်ဝင်းလက်၍ ပုဂံမြေဘယ်နေရာမှ ကြည့်ကြည့် ရွှေရောင်ဝင်းနေသည့် ရွှေစည်းခုံ ဘုရားနှင့် အနောက်တောင်ယွန်းယွန်း မှ ရွှေရောင်လက်နေသည့် ဓမ္မရာဇကဘုရားတို့မှာ ညီနောင်အလား သဏ္ဌာန်တူထင်မှတ်မှားလောက်အောင် တခါက ဖူးမြော်မြင်တွေ့ခဲ့ရသည်။ တဖန်ဆယ်စုနှစ်အတွင်း မြင်ကွင်းကပြောင်းပြီး ဟောင်းနွမ်းညိုမည်း ရွှေရောင်မလက်၊ အညိုအမည်းကွက်များနှင့် ဖူးမြင်ရပြန်သည်။ ဖြစ်မြန် ပျက်မြန်လောကဓံတရားကို ရှုမြင်ဆင်ခြင် သတိဝင်မိသည်။
ပုဂံရောက်ရွှေဧည့်သည်တို့ မပျက်မကွက်ကြည့်ရှုကြသည်က ပုဂံနေဝင်ချိန်ပင်ဖြစ်သည်။ ကျွန်မလည်း ဓမ္မရာဇကဘုရားပေါ်သို့ အုတ်လှေကားမှ အလွယ်တကူတက်၍ အခါခါကြည့်ဖူးပါသည်။ ပုဂံမြေသဘာဝပန်းချီ၏ မြတ်နိုးတွယ်တာဖွယ် အလှကား များလှပါဘိ။ နေထွက်ချိန် နေဝင်ချိန် လမင်းသာချိန် လမိုက်ချိန် ပုဂံမြေကား ၁၂ လရာသီ ပြောင်းသကဲ့သို့ တရာသီ တမျိုး မရိုးနိုင်သော အလှများနှင့် ဝေစည်လျက်သာ။ ဓမ္မရာဇက ဘုရားပေါ်က နေဝင်ချိန်နှင့်အတူ ပုဂံမင်းများ၏ နေဝင်ချိန်အမျိုးမျိုးကိုလည်း အမှတ်ရလာသည်။ အားကျဖွယ်၊ ကြောက်လန့်ဖွယ်၊ ထိတ်လန့်ဖွယ်တမျိုးမျိုးနှင့် တဘဝ ဇာတ်သိမ်းကြပုံကား မတူကြပေ။ လူအမျိုးမျိုးတို့၏ ဇာတိဘဝ မတူကြသကဲ့သို့ ဘဝနေဝင်ချိန် မရဏနိဂုံးချုပ် ကွဲပြားခြားနားကြပုံများကလည်း မိမိတို့ပတ်ဝန်းကျင်တွင် အမြဲပင် တွေ့မြင်နေကြရသည် မဟုတ်ပါလား။ ပုဂံမြေကား မြန်မာ့ယဉ်ကျေးမှု၏ အုတ်မြစ်၊ အသည်းနှလုံးဖြစ်ရုံမက ဘဝ ဒဿနမျိုးစုံ ကုံလုံကြွယ်ဝ၍ အကုန်သင်ယူနိုင်သော ဘဝတက္ကသိုလ်ကျောင်းကြီး ဟုလည်း တွေးမြင်မိပါသည်။
ဓမ္မပါလစစ်သူကြီးအကြောင်းကား ကိုယ်တွေ့ကြုံရသူ ပုဂံမိတ်ဆွေတို့ သတင်းပေးမှုများကြောင့် နားရေဝနေပါပြီ။ ဘုရားဖူးလာသူအများ စိတ်ဝင်တစားရှိကြ၍ ဂေါပကအဖွဲ့မှ ဓမ္မပါလစစ်သူကြီး ပြန်ပေါ်လာရပုံကို လက်ကမ်းစားစောင် ဖြန့်ဝေထားသောကြောင့် ဖတ်ရှုကြည့်ရုံဖြင့် အစုံသိနိုင်ပါသည်။
မခင်နူ့ (ဒဿန) - ပုဂံဘုရား ပုဂံစကား ပုဂံသား
ဥပါလိသိမ်အကြောင်းလေး... (ဖတ်ရန်)
ဥပါလိသိမ် သည် ပုဂံဒေသတွင် လူသိအများဆုံး သာသနိကအဆောက်အအုံများတွင် ပါဝင်သည်။ ပုဂံညောင်ဦး
ကားလမ်းဘေးတွင်ရှိခြင်း၊ အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ခြင်း၊ အတွင်းရှိ ပန်းချီများနှင့် နှစ်ကျိပ်ရှစ်ဆူ ဘုရား
များကို ဖူးမြော်နိုင်ခြင်းများကြောင့်ဖြစ်သည်။ (အခုတော့ အထဲဝင်လို့မရတော့ပါ)
ပြည်တွင်းပြည်ပခရီးသွားဖြင့် နေ့ခင်းအခါတွင် စည်ကားနေပုံကို ဖြတ်သွားဖြတ်လာ အမြဲပင်တွေ့ရတက်သည်။
ညအခါမူကား ဆန်းဆန်းပြားပြား ပရလောကမှ ဥစ္စာစောင့်များကို တွေ့ရတက်ကြောင်း ပုဂံသားတို့ ပြောလေ့ရှိသည်။
ဥစ္စာစောင့်များကို မည်သူမျှတော့ အတိအကျသိရန် သန်းခေါင်စာရင်း မကောက်ယူခဲ့သော်လည်း ဥပါလိသိမ်အနားတွင်
ဥစ္စာစောင့်များရှိသည်ဟုသာ စာရင်း မတိမကျနှင့် ယေဘုယျသဘောပြောတက်ကြသည်။
ဥပါလိသိမ်နားမှ လှလှပပ ဥစ္စာစောင့်မကား မဟုတ်၊ မည်းမည်းကြီး တယောက်နှင့်တွေ့ကြုံရသူကား မောင်ဘုန်းကျော်
ဖြစ်သည်။ မောင်ဘုန်းကျော်၊ သူ့ရုံးမှာတော့ ဦးဘုန်းကျော်ဆိုသူကား ပုဂံဘုရားဖူးသူ အမျိုးမျိုးကို ဧည့်လမ်းညွှန်လုပ်လေ့
ရှိရာ ဧည့်သည်ပေါင်းစုံ၏ အဖြစ်သနစ်စုံကိုု ကြုံတိုင်းပြောကြ၊ ရယ်မောကြသည်မှာ အခါခါ။
မောင်ဘုန်းကျော် ပြောပြသည်မှာ " ၁၉၉၅ ခုနှစ်ကပေါ့၊ ည ၁၀ နာရီလောက် စက်ဘီးနဲ့သွားတာ ဥပါလိသိမ်နားရောက်တော့
မူးလဲသွားတယ်..."
"မောင်ဘုန်းကျော် ခေါင်းမူးသွားတာလား၊ အရက်မူးသွားတာလား ကွဲကွဲပြားပြားပြောဦး" ဟု ကျွန်မက ဝင်ဖောက်ပြော
သည့်အခါ...
"ကျွန်တော် နည်းနည်းလည်း သောက်ထားတယ်၊ မူးလဲပြီး အိပ်ပျော်သလိုဖြစ်သွားတယ်၊ မနက်စောစော ၃ နာရီလောက်
ကျွန်တော့်မျက်စိထဲမှာ မီးဆိုင်းကြီးမြင်လိုက်ရသလိုနဲ့ လန့်နိုးလာတယ်။ ထ... လို့ အော်သံကြီးနဲ့ မည်းမည်းကြီး
တယောက် ကျွန်တော့်နား ရပ်နေတာ မြင်လိုက်ရတယ်။ စက်ဘီးခြေကုန်သုတ်နင်းပြီး ညောင်ဦးပြန်ခဲ့ရတယ်။ ကျွန်တော်က
ဆရာကြိုင်ကို (မင်းဘူးဦးအောင်ကြိုင်) ဒီအဖြစ်ပြန်ပြောတော့ ဆရာက အရက်ဖြတ်ခိုင်းတယ်။ အဲဒီအချိန်ကစပြီး ကျွန်တော်အရက်လုံးဝ မသောက်
တော့ပါဘူး" ဟုပြောပါသည်။
"အရက်ဖြတ်လိုက်ပြီ၊ မသောက်တော့ဘူး။ ကျွန်တော် ခဏခဏ အရက်ဖြတ်နေကျပါ" ဟုပြောသော အရက်သမားများလို
မောင်ဘုန်းကျော် အရက်ပြတ်မပြတ် ကျွန်မ မသိပါ။ မည်သို့ဆိုစေ အရက်သမားများ ဆေးရုံတက် အရက်ဖြတ်ကြသည်များကို
ဖတ်ရှုကြားသိဖူးပြီးဖြစ်ရာ အရက်ဖြတ်လိုသူများ ငွေမကုန်၊ ဆေးရုံမတက်ရ၊ ဥပါလိသိမ်နား တညအိပ်ရုံဖြင့် သေချာပေါက်
အရက်ပြတ်မည်ဟု ဆေးရုံဆေးခန်း ကြော်ငြာများလို ကြော်ငြာလျှင် ကောင်းလေမည်လားဟု အရက်သမားများအတွက်
အကျိုးမျှော်၍ နှိုးဆော်အသိပေးချင်မိပါသည်။
မခင်နူ့ (ပုဂံဘုရား ပုဂံစကား ပုဂံသား)
မြစိမ်းရောင် မိန်းမလှ
ပုဂံ ပုရလောကသားများတွင် နန်းတွင်းအဝတ်အစားမျိုးစုံနှင့် တွေ့ကြုံဖူးသူများ၊ သရဲ၊ တစ္ဆေ၊ ကျတ်၊ ဥစ္စာစောင့်၊ အစောင့်အရှောက်၊ ဖိုးသူတော်၊ ယောက်ျား၊
မိန်းမ၊ အရွယ်စုံ မျက်နှာကိုမြင်ရသူ၊ မမြင်ရသူ၊ အရိပ်အယောင် မည်းမည်းဖြူဖြူများ အကြောင်း မည့်သည့်အခါပြောပြာ နားကြောစိမ့်အောင် စိတ်ဝင်စားဖွယ်
ချည်းသာ ဖြစ်သည်။
ကျွန်မကလည်း ပရလောကသားတို့၏ ရုပ်သွင်၊ ဖက်ရှင်၊ အဝတ်အစား၊ ဆံကေသာထုံးနှောင်ဖွဲ့ပုံကအစ စစ်စစ်ပေါက်ပေါက် စူးစူးစမ်းစမ်း ပုဂံသားတို့အား
မေးမြန်းလေ့ရှိသည်။ လက်ဖက်၊ ချင်းသုပ်၊ ပေါက်ပေါက်ဆုပ်၊ ကုလားပဲချောင်းစားလိုက်၊ ရေနွေးကြမ်းသောက်လိုက်နှင့် ပုဂံနွေဦးညများမှာ တမာနံ့တသင်းသင်း
ပုဂံမိတ်ဆွေများနှင့် စကားဝိုင်းဖွဲ့ ရသည့်အရသာမှာ ပြောမယုံ ကြုံဖူးမှသိမည့် ကြည်နူးဆွတ်ပျံ့ဖွယ်ပင်ဖြစ်ပါသည်။
ဥစ္စာစောင့်၊ ဘုရားအစောင့်အရှောက်ဆိုသူတို့ကို မြင်ဖူးသူများတွင် ပုဂံဘုရားတာဝန်ကျ အစောင့်များလည်း ပါကြသည်။ "၁၉၉၉ ခုနှစ်က ဘုရားအမှတ် ...
မှာ ဘုရားအစောင့်ဦးထွန်းဝေက စောင့်ရှောက်ပါသည်။ ဒီဘုရားက ဓမ္မရာဇက ဘုရားကြီးရဲ့ တောင်ဘက်မှာရှိပါသည်။ အခု ရန်ကုန်မြို့တော်စည်ပင်က အရာရှိ
တဦးက ထပ်မံပြုပြင်ထားတဲ့စေတီပေါ့" ဟု ပုဂံသားတဦးက နိဒါန်းပျိုးလိုက်ပါသည်။ "တညနေမှောင်ရီပျိုးစမှာ ဦးထွန်းဝေက အစိမ်းရောင်ဝတ်ထားတဲ့ ဆံပင်ဖားလျားနဲ့
မိန်းမတယောက်ကို မြင်လိုက်သည်။ အဲဒီအမျိုးသမီးကို နောက်ကလိုက်ကြည့်တော့ ဘုရားအတွင်းဝင်ပြီးပျောက်သွားတယ်။" ကျွန်မက "ဘုရားဖူးလာတာဖြစ်မှာပေါ့ရှင်၊
မိန်းမမြင်တာနဲ့ ဦးထွန်းဝေကြီးက ဘာဖြစ်လို့ နောက်ကလိုက်ကြည့်ရတာလဲ" လို့ မေးကြည့်လိုက်သောအခါ "အဲ့ဒီဘုရားက ဝင်လို့မရဘူးလေ၊ လိုဏ်ဘုရားမဟုတ်ဘူး၊
စေတီခင်ဗျ" တဲ့။ ဦးထွန်းဝေက "အဲ့ဒါကြောင့် ကြက်သီးတွေ တဖြန်းဖြန်းထပြီး ကြောက်သွားတာပေါ့" ဟု ဆိုပါသည်။
ကျွန်မ ပုဂံကိုရောက်တိုင်း ဗဟုသုတမျိုးစုံ မှတ်စရာအဖုံဖုံက မကုန်နိုင်ပါပေ။ တိုတိုတုတ်တုတ် လိုရင်းချုပ် မှတ်သားလိုက်ဦးမည်။
'ပုဂံဆည်းဆာ ညတည
ဦးထွန်းဝေကြီး မြင်လိုက်ရ
မြစိမ်းရောင်နှင့် မိန်းမလှ
ကြက်သီးတွေထ ရင်ဖိုရ
ပရလောက မျိုးစုံစွ'။
မခင်နူ့ (ဒဿန)
ပုဂံဘုရား၊ ပုဂံစကား၊ ပုဂံသား