မြန်မာ့ဆိုင်းဝိုင်း
ကမ္ဘာပေါ်ရှိလူမျိုးအသီးသီးတွင် ကိုယ်ပိုင်အနုပညာရှိသည်။ အနုပညာသည် ကမ္ဘာ့လူမျိုး အသီးသီးနှင့် ဆက်သွယ်ရာ၌ မိတ္တဗလမဏ္ဍိုင်အဖြစ် အလွန်အရေးပါသည်။ လူမျိုးတစ်မျိုး၏ အနုပညာကို လေ့လာကြည့်လျှင် ထိုလူမျိုး၏ ယဉ်ကျေးမှု အဆင့်အတန်းကို ခန့်မှန်းနိုင်သည်။
မြန်မာ့အနုပညာသည် အခြေအမြစ်နှင့် စနစ်တကျ တိုးတက်လာသောပညာဖြစ်သည်။ သဘင်၊ အဆို၊ အပြော၊ အကတို့ကို စည်းစနစ်ကျနစွာ လေ့လာသင်ကြားရသကဲ့သို့ ဂီတသီချင်း၊ အတီးအမှုတ် ပညာကိုလည်း အခြေခံမှစကာ စနစ်တကျသင်ယူမှ တတ်မြောက်နိုင်သည်။ မြန်မာတို့၏ ကိုယ်ပိုင်အတီး တူရိယာမှာ ဆိုင်းဖြစ်သည်။
ဆိုင်းတူရိယာသည် မြန်မာတို့အဖို့ ဂုဏ်ယူဖွယ်ရာ ကိုယ်ပိုင်တူရိယာဖြစ်သည်။ ဆိုင်းဝိုင်းကို အခမ်းအနားများတွင်သုံးသည်။ လမ်းလျှောက်ရင်း တီးမှုတ်နိုင်သော ဒိုးပတ်ဝိုင်းနှင့် အိုးစည်ဝိုင်းတို့သည် မြန်မာ့ဆိုင်းဝိုင်းကြီး၏ အခက်အလက်များဖြစ်သည်။
ဆိုင်းဝိုင်းဟုခေါ်ခြင်းအကြောင်းမှာ ပန်းပြားကြီးရှစ်ခုကိုဝိုင်း၍ ပတ်လုံးများ၌ပါရှိသော ကြိုးဖြင့် ချည်နှောင်ကာ ဆိုင်းထားရသောကြောင့် ဖြစ်သည်။ ဆိုင်းဝိုင်းကို ပတ်ဝိုင်းဟုလည်းခေါ်သည်။ ပတ်ဝိုင်း၏ အဓိပ္ပာယ်မှာ ပတ်လုံးများကို ဝိုင်းဖွဲ့ထားခြင်းပင်ဖြစ်သည်။ ဤသို့ပတ်ဝိုင်းနှင့် ဆိုင်းဝိုင်းတို့သည် သဘောချင်း တူညီသော်လည်း ယခုအခါတွင် ဆိုင်းဝိုင်းဟုဆိုလိုက်လျှင် ပတ်ဝိုင်းကြီး အပါအဝင် ၎င်းနှင့်အတူ တွဲဖက် တီးမှုတ်ရသော တူရိယာများပါဝင်သည့် အတီး၊ အမှုတ်အဖွဲ့တစ်ခုလုံးကို ဆိုလိုကြောင်း နားလည်ကြသည်။
ဆိုင်းဝိုင်းဖွဲ့စည်းထားပုံမှာ မှန်စီရွှေချထားသော ပန်းပြားကြီးရှစ်ခုကို ဆက်စပ်ဝိုင်းဖွဲ့ကာ ဗုံများကို ချိတ်ဆွဲထားသည်။ ပန်းပြားကြီးတစ်ခုလျှင် အကျယ်နှစ်ပေခန့်ရှိသည်။ ပန်းပြားကြီးရှစ်ခုအနက် တစ်ခုတွင် ဆိုင်းဆရာဝင်ရန်ထွက်ရန် အပေါက်တစ်ပေါက်ရှိသည်။ ထိုအပေါက်ကို မင်းပေါက်ဟု ခေါ်သည်။
ဆိုင်းဝိုင်း၏အဝန်းမှာ တစ်ဆယ့်ငါးပေနှင့် ဆယ်လက်မခွဲရှိသည်။ ဆိုင်းဝိုင်း၏ အမြင့်မှာ ခြေထောက်အပါအဝင် နှစ်ပေရှစ်လက်မခန့်ရှိသည်။ ပတ်လုံးများကိုဆွဲချိတ်ရာ၌ ပတ်လုံးနှင့် ပန်းပြား တို့ မထိကပ်ရလေအောင် ပန်းပြားအတွင်း၌ ကြိမ်နှင့်သံကို ယှက်၍ခံထားသည်။ ၎င်းကိုပတ်ခံဟူ၍ လည်းကောင်း၊ ပတ်ခေါင်းအုံးဟူ၍လည်းကောင်းခေါ်သည်။ ပတ်ဝိုင်း၏ ပန်းပြားထိပ်များတွင် ဖန်ပဒိုင်း ခေါ် ဖန်အိုးရောင်စုံများကို တပ်ဆင်လေ့ရှိသည်။
ဆိုင်းဝိုင်းအဖွဲ့တစ်ဖွဲ့၌ တီးမှုတ်သူ ခုနစ်ယောက်မှ ဆယ်ယောက်ကျော်အထိ ပါဝင်ပါသည်။ ၎င်းတို့မှာ ဆိုင်းဆရာ၊ ကြေးတီး၊ ပတ်မတီး၊ နှဲဆရာ၊ လက်ထောက်ပတ်မတီး၊ စည်းတီး၊ ဝါးတီး တို့ဖြစ်သည်။ ဆိုင်းဝိုင်းကြီးများတွင်မူ ထိုခုနစ်ဦးအပြင် နှဲငယ်နှစ်လက်၊ မောင်းနှင့် ဝါးတီးများကို တိုးချဲ့ထည့်သွင်းထားသည်။ မြန်မာ့ဆိုင်းဝိုင်းအဖွဲ့တွင် ပတ်ဝိုင်းတီးသူကို ဆိုင်းဆရာ၊ ဆိုင်းဝိုင်းဆရာ ပတ်တီးခေါင်းဆောင်ဟုခေါ်သည်။ ရှေးအခါက ရွာစားရသည့် ဆိုင်းဆရာကိုသာ ရွာစားဟု ခေါ်သော်လည်း နောက်ပိုင်း ခေတ်များတွင်မူ ဆိုင်းဆရာအားလုံးကို ရွာမစားရသော်လည်း ရွာစားဟုသာ ခေါ်တော့သည်။
ဆိုင်းဝိုင်းစီစဉ်ထားပုံမှာ ရှေ့တန်းတွင် ဆိုင်းဆရာ၊ ကြေးတီးနှင့် ပတ်မတီးတို့ ထိုင်ကြသည်။ နောက်တန်းတွင် ကျန်အဖွဲ့သားများထိုင်ကြရသည်။ တီးဝိုင်းသားများအပြင် နောက်ထများလည်း နှစ်ယောက်မှ သုံးယောက်အထိ ပါဝင်သည်။ နောက်ထများအနက် အဆိုကောင်းတစ်ယောက်၊ အပြောကောင်းတစ်ယောက်၊ အသောကောင်းတစ်ယောက် ပါတတ်မြဲဖြစ်သည်။ ရှေးအခါက ပတ်ဝိုင်း တွင်းရှိ ဆိုင်းဆရာသည် ပရိသတ်ကို စကားပြောဆိုခြင်းမရှိပေ။ နောင်အခါမှ ဆိုင်းဆရာက ပရိသတ် ကို အဆိုအပြောဖြင့် ဖျော်ဖြေမှုရှိလာသည်။
မြန်မာတိုင်းရင်းသားတို့သည် မွေးဖွားသည့်အချိန်မှစ၍ ကွယ်လွန်သည့်အချိန်တိုင်အောင် သာရေးနာရေးအစရှိသည့် လူမှုကိစ္စအဝဝတွင် ဆိုင်းမပါလျှင်ပွဲမဖြစ်ဟု ဆိုရလောက်အောင်ပင် ဆိုင်းကို နှစ်သက်စွာအသုံးပြုကြသည်။ တီးမှုတ်နည်းတို့မှာ သာရေးနာရေးအကြောင်းကိစ္စကိုလိုက်၍ အမျိုးမျိုးရှိ ပြန်သည်။
မြန်မာ့တူရိယာများသည် ပင်လယ်ရပ်ခြားတိုင်းတစ်ပါးသို့ လွန်ခဲ့သောနှစ်ပေါင်း တစ်ရာကျော် လောက်ကစ၍ ရောက်ပေါက်ခဲ့သည်။ မြန်မာ့တူရိယာတို့အနက် ဆိုင်းဝိုင်းကို တိုင်းတစ်ပါးသားတို့ အထူး စိတ်ဝင်စားကာ နှစ်သက်ချီးကျူးကြသည်။ မြန်မာသက္ကရာဇ် ၁၂၇၂ ခုနှစ်တွင် အိန္ဒိယပြည် ရတနာဂီရိသို့ နေမျိုးဗလကျော်သူဘွဲ့ရ စိန်ဗေဒါ (ဦးမောင်ကလေး) သည်လည်းကောင်း၊ မြန်မာသက္ကရာဇ် ၁၂၈၅ ခုနှစ်က အင်္ဂလန်ပြည် ဝင်ဘလီအခမ်းအနားသို့ ဆရာညို၏အဖွဲ့သည်လည်းကောင်း၊ အိန္ဒိယပြည် နယူးဒေလီမြို့တွင်ကျင်းပသော ပြည်ထောင်စုမြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ဝဏ္ဏကျော်ထင် ဦးဖိုးစိန်၏အဖွဲ့သည်လည်းကောင်း၊ ယိုးဒယားနှင့် ဆိုဗီယက်နိုင်ငံများသို့ အလင်္ကာကျော်စွာဦးဟံပ၊ စိန်ကုလားစသူတို့၏ တူရိယာအဖွဲ့များသည်လည်းကောင်း သွားရောက် တီးမှုတ်ခဲ့ကြသည်။ ထို့အပြင် ၂၀၀၅ ခုနှစ်၊ ဇွန်လတွင် အမေရိကန်ပြည်ထောင်စု၊ တက္ကဆတ်ပြည်နယ် တက္ကသိုလ်မှ ဒေါက်တာဝဖ်ကီးယား ဦးဆောင်သော နိုင်ငံခြားသားပညာရှင်အဖွဲ့သည် မန္တလေးသို့ လာရောက်ပြီး မြန်မာ့ဆိုင်းဝိုင်းကြီးအကြောင်း လေ့လာမှတ်တမ်း တင်ခဲ့သည်။ မြန်မာ့တူရိယာတို့၏ တူရိယာဂီတရှေးမူများသည် နည်းစနစ်ကျနသည့် အခြေခံနှင့်ပြည့်စုံသော မူများဖြစ်၍ မပျောက်မပျက် တည်မြဲနိုင်ခဲ့ခြင်းဖြစ်ပေသည်။