မြန်မာ့ဆိုင်းဝိုင်း
အနုပညာသည်စိတ်ကူးဉာဏ်ဖြင့် ဖန်တီးရသော သိမ့်မွေ့သည့် အတတ်ဖြစ်သည်။ မြန်မာ့အနုပညာ သည် သက်တမ်းအားဖြင့် နှစ်ပေါင်းထောင်ချီ၍ ရှည်ကြာခိုင်မာပြီး ပမာဏအားဖြင့် ကြီးမားကျယ်ပြန့်ကာ အရည်အသွေးအားဖြင့် သိမ်မွေ့မြင့်မှားလှသည်။ ပုဂံခေတ်ဉီး ကျောက်စာများအရ ပုဂံခေတ်က ဆို၊က၊ရေး၊တီး ပညာတို့ထွန်းကားနေပြီ ဖြစ်ကြောင်းသိရသည်။ မြန်မာ့ဆိုင်းဝိုင်းကြီးသည် မြန်မာ့အနုပညာလက္ခဏာဖြစ်၏။
”ဆိုင်း”ဆိုသည်မှာ မြန်မာတို့၏ကိုယ်ပိုင်ရိုးရာ တူရိယာများဖြစ်သော၊ သံစုံတူရိယာ ပတ်ဝိုင်း၊ကြေးဝိုင်း၊မောင်းဆိုင်၊နှဲနှင့်သံမစုံတူရိယာ၊ ပတ်မ၊ စာခွန့်၊ ခြေက်လုံးပတ်၊စည်တို၊လင်းကွင်း၊စည်းဝါးတို့ပေါင်းစည်းတီးမှုတ်သော အဖွဲ့အား ရည်ညွှန်းခေါ်ဆိုထားခြင်း ဖြစ်ကြောင်း၊ယဉ်ကျေးမူဝန်ကြီးဌာမှ ထုတ်ဝေသည့် “မြန်မာ့ရိုးရာတူရိယာ”စာအုပ်တွင် မှတ်တမ်းပြုထားပါ သည်။ ဆိုင်းတူရိယာသည် ခံ့ညားထယ်ဝါ၏။ တင့်တယ်လှပ၏။ ကျတ်သရေရှိ၏။ တိုင်းတစ်ပါးသားများပင် လျှင် စိတ်ဝင်စား နှစ်သက်ကြပေသည်။အခြားနိုင်ငံများသို့ မြန်မာ့ဆိုင်းဝိုင်းကြီးသွားရောက် တီးမှုတ်သည့် အခါ ဖြစ်စေ၊မြန်မာနိုင်ငံသို့ လာရောက်ကြသော နိုင်ငံခြားသားများက မြန်မာ့ဆိုင်းဝိုင်းကြီး တီးမှုတ်သည်ကို မြင်ရ ကြားရသည့်အခါဖြစ်စေ၊နိုင်ငံခြားသားတို့သည် မြန်မာဆိုင်းဝိုင်းကြီးကို ဂရုတစိုက်ကြည့်ရှုကြ၊အံ့ဩကြ၊ ချီးမွမ်း ကြသည်သာ ဖြစ်၏။
ရှေးမြန်မာမင်းများ လက်ထက်က ဆိုင်းဝိုင်းသည် တော်ဝင်နန်းသုံး ဖြစ်သည်။ဆိုင်းဝိုင်းတော်ကို အဆင့်အတန်း ခွဲခြား၍ပင် သတ်မှတ်ထားပေသည်။ စိန်ဆိုင်းတော်၊ မြဆိုင်းတော်၊ ပတ္တမြားဆိုင်းတော်၊ နဝရတ်ဆိုင်းတော်၊ ရွှေဆိုင်းတော်၊ ငွေဆိုင်းတော်ဟူ၍အဆင့်ခွဲခြားထားလေသည်။ “စိန်ဆိုင်းတော်”ကို လက်ယာဆိုင်းတော်ဟု အမည်ပေးထားသည်။ အတွင်းတော်တီးဆိုင်တော် ဖြစ်သည်။ ဆိုင်းဝိုင်းကို မှန်စီရွှေချရာတွင် အဖြူရောင်မှန်ကိုချည်စီခြယ်ရသဖြင့် စိန်ဆိုင်းတော်ဟု ခေါ်ဝေါ် ခြင်းဖြစ်သည်။ “မြဆိုင်းတော်”မှာ မှန်ကိုအစိမ်းရောင်ချည်စီခြယ်ထားသည်။အိမ်ရှေ့မင်းသုံးဆိုင်တော်ဖြစ်၏။ “ပတ္တမြားဆိုင်တော်”မှာ မှန်ကို အနီရောင်ချည် စီခြယ်ထားသည်။ မူးတော်မတ်တော် များသုံးရသည်။ “နဝရတ်ဆိုင်းတော်”မှာ မှန်ရောင်စုံများဖြင့် စီခြယ်သည်။အမှုတော်ထမ်း အကြီးအကဲများ သုံးခွင့် ရသည်။ “ရွှေဆိုင်းတော် ငွေဆိုင်းတော်”မှာ ရွှေရောင်ချထားသောဆိုင်းကို ခေါ်ဝေါ်ခြင်းဖြစ်ပြီး၊ နန်းတွင်းဇတ်၊ အငြိမ့်၊ရုပ်စုံ၊သဘင်များတွင် အသုံးပြုသည်။ အရပ်သုံးဆိုင်းများကိုမူ သစ်သားပွတ်လုံး၊ သစ်စေးသရိုးကိုင်း၍ ဟင်္သပဒါးနှင့် ပြုလုပ်ထားပြီး အနီရောင် ဆိုင်းများဖြစ်လေသည်။
မြေဝိုင်းခေတ်တွင် ဆိုင်းဝိုင်းမှာ ကြိမ်လုံးများဖြင့် ဆေးဒန်း အဝါရောင်သုတ်ကြောင်း သိရှိရ၏။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနယ်ပယ်တွင် ဖွဲ့စည်းတီးမှုတ်ရသော သဘာဝအရ ဆိုင်း အမျိုးအစားကို ငါးမျိုးခွဲခြားနိုင်မည်ဖြစ်ပါသည်။ ၎င်းတို့မှာ_ (က)ဗလာဆိုင်း (ခ)ဇတ်ဆိုင်း (ဂ)ရုပ်သေးဆိုင်း (ဃ)နတ်ဆိုင်း (င)အငြိမ့်ဆိုင်း ဟူ၍ဖြစ်ပါသည်။ မြန်မာဆိုင်းအဖွဲ့တွင် ပါဝင်သောတူရိယာပစ္စည်းများ ဗလာဆိုင်း၊ဇတ်ဆိုင်း၊ရုပ်သေးဆိုင်း၊နတ်ဆိုင်း၊အငြိမ့်ဆိုင်း ဟုခွဲခြားသတ်မှတ်ခေါ်ဝေါ်ခြင်းမှာ တီးမှုတ်ဧည့်ခံ ဖျော်ဖြေရသော သဘာဝအရ ကွဲပြားသွားခြင်း ဖြစ်ပါသည်။
ယင်းဆိုင်းအဖွဲ့များတွင် ပါဝင်ဖွဲ့စည်းထားသော တူရိယာ ပစ္စည်းများမှာမူ ယေဘုယျ အခြေခံ အားဖြင့် ကွဲပြားခြားနားမှုမရှိပါ။ မြန်မာ့ဆိုင်းအဖွဲ့တွင် ပါဝင်ဖွဲ့စည်းထားသော တူရိယာပစ္စည်းများမှာ_ (က)ဆိုင်းဝိုင်း (ခ)နှဲ (ဂ)ကြေးဝိုင်း (ဃ)မောင်းဆိုင်း (င)ပတ်မချောင် (သို့မဟုတ်)ဒိုးချောင်းခေါ်သော ပတ်လုံး၊စခွန့်၊ပတ်မ (စ)အုပ်စုံ ခေါ် စည်တို၊လင်းကွင်း (ဆ)စည်း၊ဝါး ဟူသော တူရိယာပစ္စည်းများဖြစ်ပါသည်။ ဆိုင်းဝိုင်း မြန်မာ့အနုသုခုမ အဘိဓာန်တွင် ဆိုင်းဝိုင်းဟူသော ဝေါဟာရနှင့် စပ်လျဉ်း၍ “ပတ်လုံးများကို ကြီးစဉ်ငယ်လိုက် ချိတ်ဆွဲထားသော တူရိယာတစ်မျိုး”ဟု ဖွင့်ဆို ဖော်ပြထားပါသည်။ယင်းသို့ ပတ်လုံးများကို ကြီးစဉ်ငယ်လိုက် ချိတ်ဆွဲထားနိုင်ရန် အတွက်ပန်းပြားဟုခေါ်သော မှန်စီရွှေချ သစ်သားရှစ်ချပ်ကို ဝိုင်းခွေ၍ ဆက်ထားသည်။
မြန်မာ့ဆိုင်းအဖွဲ့တွင် လှပခံ့ညားထည်ဝါသော တူရိယာပစ္စည်းဖြစ်သကဲ့သို့ တစ်ဝိုင်းလုံး၏ ခေါင်းဆောင် တူရိယာ လည်းဖြစ်ပါသည်။ မှန်စီရွှေချ သစ်သားရှစ်ချပ်ကို ဝိုင်းခွေ၍ဆက်ထားပြီး ပတ်လုံး များကို ကြီးစဉ်ငယ်လိုက် ဝိုင်းပတ်ချိတ်ဆွဲထားသဖြင့် ပတ်ဝိုင်းဟု ခေါ်ဝေါ်ခြင်း ဖြစ်ပါလိမ့်မည်။ မြန်မာ့ဆိုင်းဝိုင်းကြီးတွင် ကြီးစဉ်ငယ်လိုက် ပတ်လုံးပေါင်း (၂၁)လုံးပါဝင်ပါသည်။ ယင်းပတ်လုံးများ တွင် သတ်မှတ်ထားသည့် သံစဉ်အလိုက် ပတ်စာကပ်၍ တီးမှုတ်ရသည်။ ယခင်က ပတ်စာမှာညောင်ပြာ သို့မဟုတ် မန်ကျည်းပြား တစ်မျိုးမျိုးနှင့် ထမင်းကိုရော၍ သရိုးကျ၊သမအောင် ကြိတ် နယ်ပြုလုပ်ထားခြင်း ဖြစ်ပါသည်။
ယခု လက်ရှိကာလတွင်မူ နိုင်လွန်ပတ်စာ ဟုခေါ်သည့် ကော်မှုန့်တစ်မျိုးအား ကြိတ်နယ်ထား သောပတ်စာကို အသုံးပြုနေကြပြီးဖြစ်ပါသည်။ပြာနုနှင့်ထမင်းကို သမအောင်ရော၍ ကြိတ်နယ်ထားသော ပတ်စာမှာ တစ်ညတာ တစ်ပွဲမျှသာ သုံးနိုင်သည်။နိုင်လွန်ပတ်စာမှာ လေလုံအောင်ဘူးဖြင့် ထည့်၍ သိမ်းထား လျှင် မကုန်မချင်း သုံးနိုင်လေသည်။ မြန်မာ့ဆိုင်းဝိုင်းကြီးတွင် ချိတ်ဆွဲထားသော ပတ်လုံး(၂၁)လုံးမှာ တစ်လုံးမှာ တစ်လုံး နှင့်တစ်လုံး အရွယ်အစားချင်းမတူညီကြပေ။ ဘယ်ဘက်မှ ညာဘက်သို့ ကြီစဉ်ငယ်လိုက် စီစဉ်ပြုလုပ်ချိတ်ဆွဲထားသည်။ ပတ်လုံးတစ်လုံးချင်းတွင်လည်း အမည်အခေါ်အဝေါ်အသီးသီး ရှိကြသည်။ယင်းတို့မှာ ဘယ်မှညာသို့ အစဉ်အတိုင်း (၁)ဒုံးခဲ (၂)နှစ်ဆစ်လုံး (၃)တစ်ဆစ်လုံး (၄)ဘယ်တျောလုံး (၅)ဘယ်တေလုံး (၆)ဒူးလုံး (၇)တေလက်ခေါ်လုံး (၈)လည်သည်းလုံး(သို့မဟုတ်)တျာလက်ခေါ်လုံး (၉)ပတ်စာလုံး (၁၀)ငါးပေါက်လုံး (၁၁)လေးပေါက်လုံး (၁၂)သုံးပေါက်လုံး (၁၃)နှစ်ပေါက်လုံး (၁၄)သံကုန်လုံး (၁၅)တျောလုံး (၁၆)ခြောက်ပေါက်ဖျားလုံး (၁၇)ငါးပေါက်ဖျားလုံး (၁၈)လေးပေါက်ဖျား (၁၉)သုံးပေါက်ဖျား (၂၀)နစ်ပေါက်ဖျား (၂၁)သံကုန်ဖျား ဟူ၍ခေါ်ဝေါ်ကြသည်။
ဤတွင် ပတ်လုံးတူရိယာပြုလုပ်ထားပုံကို လေ့လာကြည့်လျှင် သစ်သားကို အခေါင်းထွင်း၍ သားရေဖြင့်ကြတ်ထားကြောင့် တွေ့ရသည်။ ပတ်လုံးပတ်ခေါင်းကို ပိတောက်၊သရက်၊ကုက္ကို၊ သစ်စေး၊ ပုန်းမဲဇာသားတို့ဖြင့် ပြုလုပ်နိုင်ပါသည်။ ပိတောက်သားမှာ အသံထွက််လှသည်ဟု ယူဆကြ၍ ပိတောက်သား ကို အသုံးများကြပါသည်။ ပတ်လုံး၏ မျက်နှာပြင် မျက်နှာဝသည် အောက်ခြေအဝထက် ပို၍ အဝန်းကျယ်ပါသည်။ ပတ်လုံး၏ အလယ်ပိုင်းတွင် အနည်းငယ်ခုံး၍ ထွင်းထားပါသည်။ ပတ်လုံး၏ မျက်နှာပြင်နှင့်အောက်ခြေဝတို့တွင် သားရေဖြင့်ပိတ်ကာ၊သားရေပိတ်နှစ်ခုကို သာရေကြိုးများဖြင့် သိုင်း၍ ဆက်သွယ်ချည်နှောင်ထားပါသည်။ ပတ်လုံးများ၏ မျက်နှာဝ ဘေးနှစ်ဘက်တွင် ချည်ကြိုးဖြင့် သိုင်းပြီး ဆိုင်းပန်းများအပေါ်ထိပ်ရှိ ငုတ်များပေါ်တွင် ချိတ်ဆွဲထားရပါသည်။
ဝိုင်းတော်သားများ ရှေးမြန်မာမင်းများ လက်ထက်က ဆိုင်းဝိုင်းကြီးတွင် ပတ်ဝိုင်း၊ နှဲ၊ ကြေးနှောင်၊ ပတ်မ၊ သံလွင်နှင့် ဝါးတို့သာ ရှိခဲ့ဟန်တူ၏ကုန်းဘောင်ခေတ်ဆိုင်းဝိုင်းတွင်မူ သဘင်ဝန်များ၏ ကြီးကြပ်မူဖြင့်၊ လူတစ်ကျိပ်ထက် မပိုစေဘဲ ပါဝင်တီးမှုတ်ကြရကြောင်း သိရှိရပါသည်။ ၎င်းတို့မှာ- (၁)ပတ်ဝိုင်းတီး (၂)နှဲမှုတ်သူ (၃)ကြေးတီး (၄)မောင်းဆိုင်းတီး (၅)လင်းကွင်းတီး (၆)ပတ်မတီး (၇)စည်းဝါးတီး (၈)ဝါးလက်ခုပ်တီး (၉)ပလုပ်တီး တို့ဖြစ်ပါသည်။ ယခု နိုင်ငံတော်မှကျင်းပပေးလျှက်ရှိသော မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ၌ ဆိုင်းအဖွဲ့ လိုက်ယှဉ်ပြိုင်ရာတွင် သတ်မှတ်ထားသည့် ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်း ဖြစ်ပြီး စုစုပေါင်းအဖွဲ့ဝင်ဉီးရေ ရှစ်ဉီး သတ်မှတ်ထားပါသည်။၎င်းတို့မှာ- (၁)ပတ်ဝိုင်း (၂)နှဲ (၃)ကြေးဝိုင်း (၄)မောင်းဆိုင်း (၅)လင်းကွင်း (၆)ပတ်မချောင် (၇)စည်းဝါး (၈)နောက်ထ တို့ဖြစ်ပါသည်။
အိုးစည်နှင့်အိုးစည်ဝိုင်း မြန်မာ့ကျေးလက်ဂီတကို ဖော်ပြပါဆိုလျှင် အိုးစည်ကို ထိပ်ဆုံးက ဖော်ပြရပေမည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာတွင်လည်း အိုးစည်အကြောင်း သိသာမှသာ ဂီတပညာတွင် နှံ့စပ်ကျွမ်းကျင်သူဟုဆိုနိုင်ပေသည်။အဘယ့်ကြောင့်ဆိုသော် အိုးစည်းသည် သမိုင်း အစဉ်အလာရှိသော တူရိယာဖြစ်သောကြောင့်တည်း။ အိုးစည်းသည် ကျေးလတ်ဂီတဖြစ်သောလည်း ထီးသုံးနန်းသုံးလည်း ဖြစ်ခဲ့သည်။ ကုန်းဘောင်ခေတ်တွင် ရှေ့တော်ပြေးအိုးစည်၊ နန်းမတော် အိုးစည်နှင့် သမီးတော်အိုးစည်ဟူ၍ပင် ခွဲခြား၍ အသုံး ပြုခဲ့လေသည်။ အဘိဓာန်ကျမ်းဂန်များတွင် စည် ငါးမျိုးရှိကြောင်း ဤသို့ ပြဆိုထား၏။ (၁)အာတက-တစ်ဘက်ပိတ်စည် (၂)ဝိတတ-နှစ်ဘက်ပိတ်စည် (၃)အာတတ ဝိတတ-အလုံးစုံ သားရေပိတ်နည်း (၄)ဃန-ကြေးနင်းခွက်ခွင်းစည့်တခဲနက်စည် (၅)သုသိရ_ပလွေ၊နှဲကဲ့သို့ အခေါင်းရှိသောစည် အထက်ပါစည်ငါးမျိုးအနက် “အာတတ”တစ်ဘက်ပိတ်စည်ကား”အိုးစည်”ပင်ဖြစ်ပေတော့သည်။
ရှေးက အိုးစည်များမှာ အများအားဖြင့် အရပ်အမြင့် ၃၀လက်မ၊မျက်နှာဝအချင်း၈လက်မ သာရှိခဲ့ပြီး ကာလသားတီးဟုခေါ်၏။ နောက်ပိုင်းတွင် ကောက်စိုက်မတီး အိုးစည်၊ ကျောင်းသား တီးအိုးစည်၊ အိုးစည်အလတ်၊ နားသန်အိုးစည်၊နတ်ဆက်အိုးစည် စသည်ဖြင့် အရွယ်ငယ်များ ပေါ်ပေါက်လာခဲ့သည်။ ကျေးလက်အိုးစည်ဝိုင်းတွင် အိုးစည်၊ နှဲ(သို့မဟုတ်)ပလွေ၊ ဝါးလက်ခုပ်၊ လင်းကွင်း တို့ပါဝင်မြဲဖြစ်၍ အကပါလျှင် အရေအတွက် ၅ ဉီးပါရှိပေသည်။ ယနေ့နိုင်ငံတော်မှ ကျင်းပပေး သောမြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲများတွင်လည်း ၅ ဉီး သတ်မှတ်ထား လေသည်။ အိုးစည်းနှင့်သံချပ်မှာလည်း ခွဲမရပေ။ ”ဖန်ပြာခွက်နှင့်ကျောက်စက်ရေ၊ အမောပြေအောင် တိုက်ပါမမ” ဆိုသော သံချပ်မှာမြန်မာ့နားတွင် စွဲမြဲခဲ့သော အိုးစည်းသံချပ် ဖြစ်ပေသည်။ “စိန်အိုးစည်(လွယ်သလေ့လေ့)၄ (လိမ်ဖယ်ဖယ် တီးပါ့မောင်ရယ်)၄” ဟူသော အိုးစည် သီချင်းမှာ မြန်မာ့နားတွင် ချိုနေဆဲ ဖြစ်သလို၊”ထုံ_ထုံ”ဟူသော အိုးစည်သံမှာလည်း မြန်မာ့နားတွင် ယဉ်နေဆဲဖြစ်ပါ၏။
ဒိုးပတ်နှင့်ဒိုးပတ်ဝိုင်း ဒိုးပတ်သည်လည်း အိုစည်ကဲ့သို့ပင် ကျေးလက်ဂီတဖြစ်ပေသည်။ ဒိုးပတ်၌ ခေါ်ဒိုး၊လိုက်ဒိုးဟူ၍ နှစ်လုံးရှိသည်။အလျား၊အနံတို့မှာ ဒေသအလိုက်ကွဲပြား၏။ သာမန်အားဖြင့် ဒိုးပတ်များမှာအလျား၂ပေခန့် မျက်နှာပြင်(အမဘက်)အချင်း၈လက်မခန့်၊ (အဖိုဘက်) အချင်း၇လက်မခန့် အသုံးများသည်။ ယခုအခါ အညာဒိုး၊ ရန်ကုန်ဒိုး၊ ကဒိုး၊ဖြတ်ဒိုး၊ဂန္ဓာမာ ဒိုးစသည့်ဖြင့် အလျားအတိုအရှည်၊ မျက်နှာဝ အကျဉ်းအကျယ်ကို စိတ်ကြိုက်ပြုလုပ်၍ သုံးစွဲလျက်ရှိသည်ဖြစ်၍ မည်သည့် အတိုင်းအတာမှသာ မှန်သည်ဟု မဆိုသာ။ ရှေးကဗုံကြီး၊ဗုံရှည်တို့ကို သယ်ယူမှုလွယ်ကူစေရန်သေး၍ တိုသော ဗုံများအဖြစ် တီထွင်လာကြရာမှ ယခုခေတ် ဒိုးပတ်ပုံသဏန် များဖြစ်လာခြင်းဖြစ်၍ အတိုင်းအထွာကိစ္စတွင် အငြင်းပွာရန် လိုမည်မဟုတ်ပါ။ ဒိုးပတ်ကို ပတ်စာကပ်ရာတွင်၊အမဘက်ကို “တျာသံ” ခေါ်သံမှန်၊အဖိုဘက်ကို ဒိုးပတ်နှစ်လုံး၊ လင်းကွင်း၊ နှဲ (သို့မဟုတ်)ပလွေနှင့်ဝါးလက်ခုတ်တို့ပါဝင်သဖြင့်၊ အကပါထည့်လျှင် တီးမှုတ်ကခုန်သူ အရေအတွက်မှာ (၆)ဉီးပါရှိ ပေသည်။ ယနေ့နိုင်ငံတော်မှ ကျင်းပသော မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများတွင်လည်း (၆)ဉီး သတ်မှတ်ထားလေသည်။ ရှေးအခါက ဒိုးပတ်တီးရာတွင် ဗုံသားကလေးတစ်လုံး တွဲဖက်တီးကြြပီး ထိုသို့ထည့်တီးသဖြင့် “ပတ်-ဗေ-တို_ပုံ”ဟုချိုသာသော အသံထွက်သည်ဟုဆိုပါသည်။ ယခုအခါ ဒိုးပတ်ဝိုင်းများတွင် “နပန်းဆံအက”ဟုခေါ်ကြသည့် “သူငယ်တော်အက” ကိုထည့်သွင်း ကပြကြသည်မှာ အလေ့တစ်ခု ဖြစ်လာပါသည်။