ရပ်ကွက်နှင့် ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးမှုရှိမှသာလျှင် ပြည်သူလူထု အသိဉာဏ်ဖွံ့ဖြိုးမည်ဖြစ်ပြီး စာကြည်တိုက်တည်ဆောင်ခြင်းသည် ပြည်သူလူထု၏ အသိတရားကို တည်ဆောက်ခြင်း၊ နိုင်ငံကို တည်ဆောက်ခြင်းဖြစ်ကြောင်း လက်ခံ ယုံကြည်မှုရှိနေကြရမည်ဖြစ်သည်။ ပြည်သူ (လူထု) စာကြည့်တိုက်ဟူသည် မြို့မရပ်ကွက် များလည်းပါရှိရာ မြို့မရပ်ကွက် ဆင်ခြေဖုံးများတွင်ကား စာအုပ်စာတမ်းရရှိရေးအတွက် လွယ်ကူမှုရှိသော်လည်း ကျေးလက်များတွင်ကား စာအုပ်တစ်အုပ်ရရှိရန် မလွယ်ကူပါ။ ထို့ကြောင့် ကျေးလက်ဒေသတွင် ကျေးလက်နေ ပြည်သူများအတွက် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ စာကြည့်တိုက်သည် ဦးနှောက်ဖွံ့ဖြိုးရန်အတွက် စရိတ်စက အသက်သာဆုံး၊ အချိန်ကုန် အသက်သာဆုံးနှင့် ပြည်သူလူထုတစ်ရပ်လုံး လက်လှမ်းမှီ ရလောက်အောင် လွယ်ကူမှုရှိသော ပညာရှာမှီးရာ အရပ်ဖြစ်သည်။ လူတို့ဖတ်ရှုရန် စာအုပ်များ စုဆောင်း ထားရှိရာနေရာ၊ ပညာဗဟုသုတဖြန့်ချီရာနေရာဖြစ်သည်။
ကော့ဝါလဲစာကြည့်တိုက်ကို ကော့ဝါလဲ အေးချမ်းသာယာတောရဆရာတော် ဘုရားကြီး ဦးကဝိနန္ဒ၏ သြဝါဒဖြင့် ကော့ဝါလဲကျောင်းရွာမကြီးဆရာတော်ဘုရားကြီး ဦးပညာသာမိ၊ အေးချမ်းသာယာတောရကျောင် ဦးသုမင်္ဂလ၊ ဦးဥတ္တမ တို့မှ ဦးဆောင်ပြီး ကော့ဝါလဲကျေးရွာရှိ ကျေးရွာသူ/သားများတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့သည်။
ကော့ဝါလဲစာကြည့်တိုက်၏ ရေရှည်တည်တံ့ရန်နှင့် စနစ်တကျ စာကြည့်တိုက် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စာကြည့်တိုက်ကော်မတီတစ်ရပ်ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ဆရာတော်ကြီးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ဆရာ/မများ၊ လူငယ်များနှင့် အမျိုးသမီးများဖြင့် ဖွဲ့စည်းခဲ့သည်။