''ဆရာ''ဟူသော ဝေါဟာရကို ပုဂံခေတ်ကျောက်စာ၊ မင်စာ များတွင် စ၍တွေ့ရသည်။ စာလုံးပေါင်းမှာမူ အမျိုးမျိုး ဖြစ်သည်။ 'ဆယာ၊ ဆရျာ၊ ဆာရျာ၊ ဆြျာ' ဟူ၍ အမျိုးမျိုး တွေ့ရသည်။ သက္ကတဘာသာတွင် ''အာစာယ''ဟူသော ဝေါဟာရသည် ပါဠိဘာသာ ''အာစရိယ''နှင့် ရင်းမြစ် တူပြီး ''ဆရာ'' ဟု အဓိပ္ပာယ်ရသည်။ ဖော်ပြပါရေးထုံးများ အရ ''ဆရာ'' ဟူသော ဝေါဟာရသည် သက္ကတဘာသာ ''အာစာရျ''မှ ဆင်းသက်ကြောင်း၊ ရေးပုံအဆင့်ဆင့် ပြောင်းလဲပြီး ''ဆရာ''ဟူ၍ဖြစ်လာကြောင်း အထင်အရှား တွေ့ရသည်။ ''အာစာရျ''မှ 'ဆရျာ'' ဟူသော ဝေါဟာရ သို့ပြောင်းလဲလာပြီး အသွင်အမျိုးမျိုးပြောင်းကာ ''ဆရာ''ဟူသော ဝေါဟာရမှာမူ ယနေ့အထိ အသုံးတွင်ပြီး တည်တံ့နေကြောင်း တွေ့ရသည်။
ရှေးမွန်ကျောက်စာများတွင်မူ ''အာစာရ်''ဟု တွေ့ရပြီး ယခုခေတ်တွင် ''အစာ''ဟု ပြောင်းလဲလာသည်။ ''အကျာ'' ဟုအသံထွက်သည်။ ''အာစာရ်''သည်လည်း ''အာစာရျံ''မှ ပြောင်းလဲလာကြောင်း ထင်ရှားပါသည်။ ''ဆရာ''ဟုပင် အဓိပ္ပာယ်ရသော ဝေါဟာရဖြစ်သည်။
ထိုင်းလူမျိုးတို့က ဆရာကို ''အာဂျန်''ဟု ခေါ် သည်ကို ကြားဖူးသည်။ မွန်က ''အကျာ''ဟု အသံထွက်ပြီး ထိုင်းက ''အာဂျန်''ဟု အသံထွက်သည်။ ''မွန်၊ မြန်မာ၊ ထိုင်း''တို့သည် သက္ကတဝေါဟာရကို အသီးသီး မွေးစား ယူခဲ့ကြခြင်းဖြစ်ကြောင်း တွေ့ရပါသည်။
မြန်မာစာအရေးအသားပေါ်စတွင် ထိုဝေါဟာရကို တွင်တွင်ကျယ်ကျယ်သုံးနေသည်ကို ထောက်၍ မြန်မာစာအရေးအသား မပေါ်မီကတည်းက မြန်မာတို့၏နှုတ်တွင် အသုံးတွင်နေပြီဖြစ်ကြောင်း မှန်းဆနိုင်ပါ သည်။
''ဆရာ''ကို ''ပညာသင်ကြားပေးသူ၊ သွန်သင်ဆုံးမ နည်းလမ်းပြသူ''ဟု အဘိဓာန်တွင် အနက်ဖွင့်သည်။ မူလအနက်တွင် ကျား၊မ မခွဲခြားဘဲသုံးသည်။ ''ဆရာ့ ကျေးဇူး''၊ ''ဆရာ့ဂုဏ်''၊ ''ဆရာကန်တော့ပွဲ''ဟူသော အသုံးများတွင် ဆရာသည် သင်ကြားဆုံးမသူ ကျား၊မ မရွေး အကျုံးဝင်သည်။ နောက်ပိုင်းတွင် ကွဲကွဲပြားပြား ရှိစေရန် ''ဆရာ'' ''ဆရာမ'' ဟူ၍ ခွဲခြားခေါ်လာသည်။ ''ဆရာ''ကို အခြေခံ၍ ဆရာကြီး၊ ဆရာမကြီး၊ ဆရာလေး၊ ဆရာမလေး စသည့် ဝေါဟာရများ ပေါ်လာသည်။ ရှေးက ''ဆရာစောင်''ဟူသော ဝေါဟာရ အသုံးတွင်သည်။ ''လက်ထောက်ဆရာ''ဟု အဓိပ္ပာယ်ရသည်။ ဆရာကို ကူ၍ သင်ပေးရန် အရန်အဖြစ်ထားသော ဆရာဖြစ် သည်။ စာသင်သည့် ဆရာကို ''ကျောင်းဆရာ''ဟုလည်း ခေါ်သည်။
''ဆရာ''သည် လုပ်ငန်းတစ်ခုခု၊ ပညာတစ်ခုခုကို ကျွမ်းကျင်သူဟူ၍ အနက်အဓိပ္ပာယ်များလာသည်။ ''ဆေးဆရာ၊ ပန်းချီဆရာ၊ စာရေးဆရာ၊ ပန်းထိမ်ဆရာ''စသည့် အသုံးများမှသည် ''ကားဆရာ၊ ဆိုက်ကားဆရာ''၊ (လက်ဖက်ရည်ဆိုင်မှ) ''အဖျော်ဆရာ''အထိ ''ဆရာ''အသုံးကျယ်ပြန့်လာသည်။
အကြီးအကဲကို ရိုသေလေးစားသည့်သဘောဖြင့် ''ဆရာ''ဟု ခေါ်ကြသည်။ ''ဗျို့ဆရာ၊ ဟိုဆရာကြီး ဘာလုပ် နေသလဲ''စသည့် အသုံးများမှာမူ ရင်းနှီးကျွမ်းဝင်သည့်အသုံး ဖြစ်ပါသည်။ ''ဆရာ''ဝေါဟာရ၏ အသုံးအမျိုးမျိုး ကျယ်ပြန့်လာပုံကို တစေ့တစောင်း အကဲခတ်ကြည့်ခြင်း ဖြစ်သည်။
''ဆရာဂုဏ်''နှင့်ပတ်သက်၍ ဖော်ပြရမည်ဆိုပါက ဆရာဟူသည် အနန္တငါးပါးစလုံး အကျုံးဝင်သည့် သဘော ဆောင်နေသည်ဟု ဆိုရပါလိမ့်မည်။ မည်သို့ဆောင်နေပါ သလဲ။ ဘုရားရှင်၏ ဂုဏ်တော်ကိုးပါးတွင် သတ္တမမြောက် ဂုဏ်တော်ဖြစ်သော ''သတ္တာဒေဝမနုဿာနံ''သည် လူ၊ နတ်တို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားဟု အဓိပ္ပာယ်ရသည်။ ဘုရားရှင်သည် လူ၊ နတ်တို့၏ ဆရာ ဖြစ်သည်။ ဘုရားဆုတောင်းရာတွင် ''သုံးလူ့ဆရာ ငါဖြစ် လို၏''ဟု သုံးသည်။ ဘုရားရှင် ပရိနိဗ္ဗာန်မပြုမီ မိန့်မှာ သော စကားတော်များတွင် ''ငါဘုရား ပရိနိဗ္ဗာန်ပြုပြီး နောက် ငါဟောကြားသော တရားတော်များသည် သင်တို့ ကို ဆရာအဖြစ် ဆုံးမလမ်းညွှန်လိမ့်မည်''ဟု အဓိပ္ပာယ် သက်ရောက်သော စကားလည်းပါသည့်အတွက် တရား သည်လည်း ဆရာဖြစ်သည်။ သံဃာတော်များသည် ဒါယကာ၊ ဒါယိကာမတို့၏ ကိုးကွယ်ရာဆရာများဖြစ်သည်။ သံဃာတော်နှင့် ကျွမ်းကျင်သူများ ''ဆရာရင်း၊ ဒကာရင်း'' ဟု သုံးပုံကိုလည်း တွေ့ရသည်။ ထို့အတူ ''လက်ဦးဆရာ မည်ထိုက်စွာသား၊ ပုဗ္ဗာစရိယ မိနှင့်ဖ''ဟူသော စကားနှင့် အညီ မိဘသည်လည်း သားသမီး၏ ဆရာပင်ဖြစ်သည်။ ထို့ကြောင့် ဆရာသည် အနန္တငါးပါးစလုံး အကျုံးဝင်သော ဂုဏ်ရှိသည့် ပုဂ္ဂိုလ်ဖြစ်သည်။
ပညာတတ်တစ်ယောက်ဘဝဖြစ်စဉ်ကို ငဲ့စောင်း ကြည့်မည်ဆိုလျှင် ''ကံ့ကူလက်လှည့် ဆရာ'' ဟုခေါ်သော ငယ်ဆရာမှသည် ပညာသင်ကြားမှုပြီးမြောက်သည်အထိ သင်ကြားပို့ချပေးခဲ့သော ဆရာ ဆရာမပေါင်းများစွာ ရှိနေ ပါလိမ့်မည်။ ထိုဆရာ ဆရာမများ၏ သင်ကြားပို့ချမှုကို ခံယူ၍ ပညာတတ်တစ်ယောက်အဖြစ်သို့ ရောက်ရခြင်း ဖြစ်ပေရာ ကျောင်းသားတစ်ယောက်ကို ဆရာပေါင်းများစွာ က ပညာအမွေပေးသည့် အစဉ်အလာနှင့်အတူ ဆရာ့ ကျေးဇူး၊ ဆရာ့ဂုဏ်သည် မည်မျှကြီးမားကြောင်း ဆင်ခြင် ကြည့်နိုင်ပါသည်။
''ကျွန်တော် ကျွန်မတို့ရဲ့သားကို အပ်ပါတယ်။ မလိမ္မာရင် ရိုက်ပြီးဆုံးမပါ။ မကျိုးမပဲ့ရင် တော်ပါပြီ''ဟု မိဘများက ဆရာ့ကို အနူးအညွတ်ပြောဆိုပြီး ကျောင်းသား ကို အပ်နှံသည့် အစဉ်အလာမှသည် ကျောင်းသားကို အနည်းအကျဉ်း ဆုံးမမိသည့် ဆရာ ဆရာမကို မိဘများ က ဆတ်ဆတ်ထိမခံဘဲ ရေးပြန်သည့် ဖြစ်ရပ်များ မြင်တွေ့ ကြားသိနေရသော ယနေ့ခေတ် ကာလအထိ တစ်စတစ်စ ပြောင်းလဲလာသော ဖြစ်စဉ်တစ်လျှောက်တွင် ဆရာ - တပည့် ဆက်ဆံရေး၊ ဆရာ - မိဘ ဆက်ဆံရေး အခြေ အနေများလည်း ပြောင်းလဲလာပါသည်။ ဆရာ ဆရာမ အများစုကမူ အစွန်းနှစ်ဖက်ကိုရှောင်၍ ဆရာ-ကျောင်းသား- မိဘ ဆက်ဆံရေးဘောင်အတွင်း နှိုင်းနှိုင်း ချိန်ချိန် ဆောင်ရွက်နေရသည်ဟု မြင်မိပါသည်။
''ကျောင်းသားသည် ဆရာ့ထက်တော်ရမည်၊ သို့မှာသာ ပညာတိုးတက်မည်''ဟူသော ဆရာကြီး ဦးဖေမောင်တင်၏ အဆိုအမိန့်သည် ဆရာများခံယူအပ် သည့် သဘောထားကို အလေးအနက် ဖော်ညွှန်းလျက် ရှိသည်။ ဆရာသည် တပည့်များကို မိမိထက်ပို၍တော် အောင် နည်းလမ်းညွှန်ပြပေးနိုင်ဖို့အတွက် ဆရာ၏ ပညာအခံအရေးကြီးသလို သဘောထားကြီးမှုလည်း အရေးကြီးပါသည်။ အနာဂတ်တွင် မိမိထက်ပို၍ တော်သော ပညာရှင်များဖြစ်လာအောင် တပည့်များကို စေတနာမှန်ဖြင့် သင်ကြားပေးဖို့လိုပါလိမ့်မည်။ သို့မှ လည်း သက်ဆိုင်ရာ ပညာရပ်သည် ဖွံ့ဖြိုးတိုးတက်လာပါ လိမ့်မည်။ ဆရာအလုပ်ကို လေးစားမြတ်နိုးစွာ ခံယူသော ဆရာမှန်သမျှသည် တပည့်များကို တော်စေ၊ တတ်စေ၊ ထူးချွန်စေလိုသော စေတနာဖြင့် သင်ကြားပို့ချခဲ့ကြသည် ဖြစ်ရာ ဆရာများ၏ ဂုဏ်ကျေးဇူးကြောင့် ''ပညာကမ္ဘာ''ကြီးသည် ဖွံ့ဖြိုးတိုးတက်နေသော ကမ္ဘာကြီးအဖြစ် ကျက်သရေဆောင်လျက်ရှိကြောင်း တွေ့မြင်ရပါ သည်။ ။
မောင်ခင်မင်(ဓနုဖြူ)