တတိယ အကြိမ်မြောက် အာစရိယ ပူဇော်ပွဲ ကျင်းပနိုင်ရေး နောက်ခံ အကြောင်းအရာ
အင်္ဂလိပ်-မြန်မာ အစိုးရ အလယ်တန်းကျောင်း အဖြစ် စတင်တည်ထောင်သည့် ၁၉၂၃ခုနှစ်မှ စတင်ပြီး နှစ်ပေါင်းများစွာ ကြာမြင့်လာသည်နှင့် အမျှ ကျောင်းတော်ကြီးသည် များစွာသော ကျောင်းသူ၊ကျောင်းသားများကို မွေးထုတ်ခဲ့ ပြီးဖြစ်ပါသည်။ ထိုနည်းတူစွာ ကျောင်းတော်ကြီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော ဆရာကြီး၊ဆရာမကြီးများအနေဖြင့်လည်း သက်ပြည့် အငြိမ်းစားယူသွားခဲ့ကြသည်မှာ များစွာ ရှိခဲ့ကြပြီဖြစ်သည်။ ထိုသို့ သက်ပြည့် အငြိမ်းစားယူသွားကြသော ဆရာကြီး၊ ဆရာမကြီးများအနေဖြင့် မိမိတို့ ပညာနို့ရည် တိုက်ကျွေးခဲ့ကြသော ကျောင်းတော်ကြီးတွင် ပြန်လည် ဆုံတွေနိုင်သကဲ့သို့ တပည့်အပေါင်းတို့မှလည်း မိမိတို့အား ပညာနို့ရည်တိုက်ကျွေးခဲ့ကြသော ဆရာကြီး၊ဆရာမကြီးများအား လက်ဆယ်ဖြာမိုး၍ ဆရာ့ဂုဏ်ကို ပူဇော်ကန်တော့်ကြပါသည်။ ထိုနည်းတူစွာ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အနေဖြင့်လည်း အာစရိယ ပူဇော်ပွဲကို ဒုတိယ အကြိမ်အထိ ကျင်းပနိုင်ခဲ့ပြီးဖြစ်ပါသည်။
ယခင်ကျင်းပရာတွင် ညီနောင်ကျောင်းများဖြစ်သော အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်း (ယခင် အလက(၄)) နှင့် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း (ယခင် အလက(၆)) တို့နှင့် အတူ ၂၀၁၅ခုနှစ်တွင် အောက်တိုဘာလတွင် ဒုတိယအကြိမ် အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်သည်။ ယင်းနောက်တွင် အာစရိယ ပူဇော်ပွဲကို ပြန်လည် ကျင်းပရန် ကျင်းပရမည့် အချိန်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။ သို့သော် ယခင် လက်တွဲဆောင်ရွက်ခဲ့ကြသော် ညီနောင်ကျောင်းများအနေဖြင့်လည်း အထက်တန်းကျောင်းများသို့ အဆင့်မြင့်တိုးမြှင့်ရောက်ရှိလာပြီဖြစ်ခြင်း၊ စုပေါင်းကျင်းပခြင်းထက် တစ်ကျောင်းခြင်း သီးသန့် ကျင်းပရန် ဆန္ဒရှိကြသဖြင့် ကျောင်းအလိုက် သီးသန့် ကျင်းပကြရန် ဆုံးဖြတ်ခဲ့ကြပါသည်။
သို့ပါသဖြင့် ယခုနှစ်မှ စတင်ပြီး တတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲ ဖြစ်မြောက်နိုင်ရေးအတွက် ယခင်ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့သော ဆရာဦးဝင်းစိန်မှ ဥက္ကဌ အဖြစ် ဦးစီးဆောင်ရွက်ပြီး ကျင်းပမည့် အစီအစဉ်များနှင့် ဆောင်ရွက်ရန် လျာထားချက်များကို ရေးဆွဲခဲ့ကြပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ဖြစ်မြောက်ရေး အစည်းအဝေးများကို ဆရာကြီး၊ဆရာမကြီးများ၏ ပံ့ပိုးကူညီမှုနှင့်အတူ ကျောင်းသူ၊ကျောင်းသားဟောင်းများကပူးပေါင်းပါဝင်ဆွေးနွေးပြီး ဖြစ်မြောက်ရေး အတွက် စီစဉ်ဆောင်ရွက်ခဲ့ကြပါသည်။