၁။ ယံ မင်္ဂလံ ဒွါဒသဟိ၊
စိန္တယိံသု သဒေဝကာ၊
သောတ္ထာနံ နာဓိဂစ္ဆန္တိ၊
အဋ္ဌတ္တိံ သဉ္စ မင်္ဂလံ။
၂။ ဒေသိတံ ဒေဝဒေဝေန၊
သဗ္ဗပါပဝိနာသနံ။
သဗ္ဗလောက ဟိတတ္ထာယ၊
မင်္ဂလံ တံ ပဏာမ ဟေ။
၃။ ဧဝံ မေ သုတံ၊
ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ၊
ဝိဟရတိ ဇေတဝနေ၊
အနာထပိဏ္ဍိကဿ အာရာမေ။
အထခေါ အညတရာ ဒေဝတာ
အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တ ဝဏ္ဏာ
ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတွာ
ယေန ဘဂဝါ၊ တေနုပသင်္ကမိ။
ဥပသင်္ကမိတွာ ဘဂဝန္တံ - အဘိဝါဒေတွာ။
ဧကမန္တံ အဋ္ဌာသိ။
ဧကမန္တံ ဌိတာ ခေါ သာ ဒေဝတာ
ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ။
၄။ ဗဟူ ဒေဝါ မနုဿာ စ၊
မင်္ဂလာနိ အစိန္တ ယုံ။
အာကင်္ခမာနာ သောတ္ထာနံ၊
ဗြူဟိ မင်္ဂလ မုတ္တမံ။
၅။ အသေဝနာ စ ဗာလာနံ၊
ပဏ္ဍိတာနဉ္စ သေဝနာ။
ပူဇာ စ ပူဇနေယျာနံ၊
ဧတံ မင်္ဂလ မုတ္တမံ။
၆။ ပတိရူပ ဒေသဝါသော စ၊
ပုဗ္ဗေ စ ကတ ပုညတာ။
အတ္တသမ္မာပဏိဓိ စ၊
ဧတံ မင်္ဂလ မုတ္တမံ။
၇။ ဗာဟုသစ္စ ဉ္စ သိပ္ပဉ္စ၊
ဝိနယောစ သုသိက္ခိတော။
သုဘာသိတာ စ ယာ ဝါစာ။
ဧတံ မင်္ဂလ မုတ္တမံ။
၈။ မာတာပိတု ဥပဋ္ဌာနံ၊
ပုတ္တဒါရဿ သင်္ဂဟော။
အနာကုလာ စ ကမ္မန္တာ၊
ဧတံ မင်္ဂလ မုတ္တမံ။
၉။ ဒါနဉ္စ ဓမ္မစရိယာ စ၊
ဉာတကာနဉ္စ သင်္ဂဟော။
အနဝဇ္ဇာနိ ကမ္မာနိ၊
ဧတံ မင်္ဂလ မုတ္တမံ။
၁၀။ အာရတီ ဝိရတီ ပါပါ၊
မဇ္ဇပါနာ စ သံယမော။
အပ္ပမာဒေါ စ ဓမ္မေသု၊
ဧတံ မင်္ဂလ မုတ္တမံ။
၁၁။ ဂါရဝေါ စ နိဝါတော စ၊
သန္တုဋ္ဌိ စ ကတညုတာ။
ကာလေန ဓမ္မဿဝနံ၊
ဧတံ မင်္ဂလ မုတ္တမံ။
၁၂။ ခန္တီစ သောဝစဿတာ၊
သမဏာနဉ္စ ဒဿနံ၊
ကာလေန ဓမ္မသာကစ္ဆာ၊
ဧတံ မင်္ဂလ မုတ္တမံ။
၁၃။ တပေါ စဗြဟ္မစရိယဉ္စ
အရိယာသစ္စာန ဒဿနံ၊
နိဗ္ဗာန သစ္ဆိကိရိယာ စ၊
ဧတံ မင်္ဂလ မုတ္တမံ။
၁၄။ ဖုဋ္ဌဿ လောကဓမ္မေဟိ၊
စိတ္တံ ယဿ န ကမ္ပတိ၊
အသောကံ ဝိရဇံ ခေမံ၊
ဧတံ မင်္ဂလ မုတ္တမံ။
၁၅။ ဧတာဒိသာနိ ကတွာန၊
သဗ္ဗတ္ထ မပရာဇိတာ။
သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊
တံ တေသံ မင်္ဂလ မုတ္တမံ။
မင်္ဂလသုတ္တံ နိဋ္ဌိတံ။
၁။ မည်သည့်တရားသည် မင်္ဂလာတရားနည်း ဟူ၍ လူနှင့်နတ်တို့သည် တစ်ဆယ့်နှစ်နှစ်တိုင်တိုင် တွေးခေါ်ကြသော်လည်း အဖြေမှန် မရခဲ့ကြပေ၊ စီးပွားချမ်းသာခြင်း၏ အကြောင်းမှန်ဖြစ်သော မင်္ဂလာတရားပေါင်း(၃၈)ပါး ရှိလိမ့်မည်ဟူ၍လည်း မည်သူမျှ မသိမမြင်နိုင်ခဲ့ကြပေ။
၂။ လူတစ်ယောက်စီတစ်ယောက်စီထက်လည်းကောင်း၊ သန်းပေါင်းများစွာသော လူသားအားလုံးတို့ထက်လည်းကောင်း၊ နတ်တစ်ပါးစီ တစ်ပါးစီထက်လည်းကောင်း၊ နတ်အားလုံးထက် လည်းကောင်း၊ သာလွန်မြင့်မြတ်တော်မူသော မြတ်စွာဘုရားသည် လောကအကျိုးကို ရှေ့ရူလျက် မင်္ဂလာတရား ၃၈-ပါးကို ထုတ်ဖော် ဟောကြားတော်မူခဲ့၏။ မင်္ဂလာတရားသည် လူမှုဒုစရိုက် တရားကို ပယ်ဖျောက်တတ်၏။ ယခုအခါ သူတော်ကောင်းအပေါင်းတို့နှင့်ကျွန်ုပ်တို့သည် ထိုမင်္ဂလာတရားတော်မြတ်ကို ရွတ်ဖတ်ပူဇော်ကြပါကုန်စို့။
၃။ ပထမသံဂါယနာပွဲတော်ကြီး၏ ဥက္ကဋ္ဌ ဖြစ်တော်မူသော မဟာကဿပအရှင်ဘုရား - ဤမင်္ဂလသုတ်တော်ကို အကျွန်ုပ် အာနန္ဒာသည် နောင်တော်မြတ်စွာဘုရားထံမှ တိုက်ရိုက် ဤသို့ကြားနာ လိုက်ရပါ၏၊ မှတ်သားလိုက်ရပါ၏၊ ဆောင်ထားလိုက်ရပါ၏။ -အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေပါသည်။ ဇေတဝန်ကျောင်းသည် အနာထပိဏ်သူဋ္ဌေးကြီးဆောက်လုပ် လှူဒါန်းထားသော နှလုံးမွေ့လျော် ပျော်ဖွယ်ရာကောင်းသော ကျောင်းတော်ကြီးဖြစ်သည်။ တညသ၌ ညဉ့်ဦးယံလွန်၍ သန်းခေါင်ယံအရောက်တွင် အမျိုးအမည် မထင်ရှား မသိသာသော နတ်သားတစ်ပါး ရောက်လာသည်။ သူသည် အလွန်နှစ်လိုဖွယ် ရုပ်အဆင်းရှိသည်။ ဇေတဝန်ကျောင်းတိုက် တစ်လုံးကိုလည်း သူ၏ကိုယ်မှ အရောင်အဝါဖြင့် ထွန်းလင်းစေသည်။ -ယင်းသို့ထွန်းလင်းစေပြီးနောက် မြတ်စွာဘုရားသခင်ရှိရာသို့ ချဉ်းကပ်လာသည်။ မြတ်စွာဘုရားကို အလွန်ရိုသေ လေးမြတ်စွာရှိခိုးပါသည်။ ရှိခိုးပြီးနောက် တင့်အပ်လျှောက်ပတ်သောနေရာ၌ မတ်တတ်ရပ်နေပါသည်။ ယင်းသို့နေရာယူပြီးမှ ထိုနတ်သားသည် မြတ်စွာဘုရားကို ဤကဲ့သို့ ဂါထာဖြင့် နားတော်လျှောက်ပါသည်...
၄။ ဘုန်းတော်ကြီးမြတ်လှသောမြတ်စွာဘုရား - နတ်အပေါင်းတို့သည်လည်းကောင်း၊ လူအပေါင်းတို့သည်လည်းကောင်း စင်ကြယ်စွာသော နိဗ္ဗာန်ချမ်းသာကို လိုချင်ကြသည်၊ တောင့်တကြသည်ဖြစ်ပါ၍ မည်သည့်တရားသည် စီးပွားချမ်းသာခြင်း၏ အကြောင်းဖြစ်သော မင်္ဂလာတရားတော်ဖြစ်သလဲဟူ၍ တစ်ဆယ့်နှစ်နှစ်တိုင်တိုင် အချိန်ယူပြီး စဉ်းစားတွေးခေါ် ကြံဆခဲ့ကြသည်ဘုရား။ ယင်းသို့ ကြံစည်တွေးဆကြပါသော်လည်း မင်္ဂလာတရားမှန်ကို မည်သူမျှတွေးကြံ၍ မသိနိုင်ကြပါဘုရား။ သို့အတွက်ကြောင့် မင်္ဂလာတရားဟူသည် မည်သည့်တရားဖြစ်ကြောင်း အရှင်ဘုရားက စတင်ထုတ်ဖော်၍ ဟောကြားတော်မူပါဘုရား။
မြတ်စွာဘုရား၏ဟောကြားချက်
၅။ အို... နတ်သား ... သူမိုက်ကို မမှီဝဲ မဆည်းကပ်ခြင်း၊ ပညာရှိသူကို မှီဝဲဆည်းကပ်ခြင်း၊ ပူဇော်ထိုက်သူကို ပူဇော်ခြင်း၊ ဤတရား သုံးပါးကို မြတ်သောမင်္ဂလာဟူ၍သင်မှတ်သားလော့။
၆။ အို....နတ်သား တင့်အပ်လျောက်ပတ်သော အရပ်ဒေသ၌နေခြင်း၊ ရှေးဘဝကပြုခဲ့ဖူးသောကောင်းမှုရှိခြင်း၊ မိမိကိုယ်ကိုကောင်းစွာထိန်းသိမ်းဆောက်တည်ခြင်း၊ ဤတရား သုံးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်သားလော့။
၇။ အို....နတ်သား အကြားအမြင် ဗဟုသုတရှိခြင်း၊ စက်မှုလက်မှုစသော သိပ္ပံပညာတတ်မြောက်ခြင်း၊ ကိုယ်နှုတ်နှလုံးယဉ်ကျေးအောင်ဆုံးမတတ်သည့်ဝိနည်းတရားကိုကောင်းစွာသင်ယူခြင်း၊ ကောင်းသောစကားကိုပြောခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်သားလော့။
၈။ အို....နတ်သား.... အမိအဘကို လုပ်ကျွေးမွေးမြူခြင်း၊ သားမယားကို ထောက်ပံ့ပေးကမ်းချီးမြှောက်ခြင်း၊ မည်သူ့ကိုမျှ မထိခိုက်အောင် အလုပ်မျိုးကိုလုပ်ခြင်း၊ ဤတရားသုံးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၉။ အို....နတ်သား... အလှူပေးခြင်း၊ မြတ်သောအကျင့်ကို ကျင့်ခြင်း၊ ဆွေမျိုးတို့အားထောက်ပံ့ခြင်း၊ အကုသိုလ်ကင်းသောအလုပ်ကိုလုပ်ခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၁၀။ အို....နတ်သား.... မကောင်းမူဟူသမျှ ဝေးဝေးရှောင်နိုင်ခြင်း၊ မကောင်းမှုကို မလုပ်ဖြစ်အောင် မကျူးလွန်ဖြစ်အောင် အထူးရှောင်ကြဉ်နိုင်ခြင်း၊ သေရည်သေရက်၊ မူးယစ်ဆေးဝါးတို့ကို မသောက်မစားဖြစ်အောင် ရှောင်ကြဉ်နိုင်ခြင်း၊ ကုသိုလ်ရမည့်ကောင်းမှုအလုပ်တို့ကို မပြတ်သတိရပြီး မမေ့မလျော့ဆောင်ရွက်ခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၁၁။ အို....နတ်သား .... ရိုသေထိုက်သူကို ရိုသေခြင်း၊ မိမိကိုယ်ကို မောက်မာသမှု မပြုဘဲ နှိမ့်ချခြင်း၊ ကိလေသာအာရုံ ကာမဂုဏ်တို့၌ ရောင့်ရဲလွယ်ခြင်း၊ သူတစ်ပါး မိမိအပေါ်ပြုဖူးသောကျေးဇူးကို သိတတ်ခြင်း၊ အခါအခွင့်သင့်တိုင်း တရားနာခြင်း၊ ဤတရားငါးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၁၂။ အို....နတ်သား..... သည်းခံတတ်ခြင်း၊ သူတော်ကောင်းတို့က ဆုံးမသည့်စကားကို နာယူလွယ်ခြင်း၊ သူတော်ကောင်းရဟန်းပုဏ္ဏားတို့အား ဖူးမြင်ရခြင်း၊ အခါအခွင့်သင့်တိုင်း တရားဆွေးနွေး မေးမြန်းခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင်မှတ်သားဦးလော့။
၁၃။ အို....နတ်သား.... ခြိုးခြံစွာကျင့်ခြင်း၊ မြတ်သောအကျင့်ကိုကျင့်ခြင်း၊ အရိယာသစ္စာတရားကို သိမြင်ရခြင်း၊ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၁၄။ အို....နတ်သား .... လောကဓံတရားရှစ်ပါးတို့နှင့် တွေ့ကြုံရသော ရဟန္တာအရှင်သူမြတ်၏ စိတ်သည် မတုန်မလှုပ်၊ မစိုးမရိမ်၊ ရမ္မက်ကင်း၏၊ ဘေးကင်း၏၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၁၅။ အို....နတ်သား.... ဤကဲသို့သော ၃၈-ပါး မင်္ဂလာတရားကို လက်တွေ့လိုက်နာ ကျင့်ကြံပြုလုပ်ထားသည့်အတွက်ကြောင့် မည်သည့်နေရာ၌ နေနေ မိမိအား ရန်သူတို့က မအောင်နိုင်၊ ကိစ္စခပ်သိမ်း၌ ပြီးငြိမ်းချမ်းသာခြင်းသို့ ရောက်ကုန်၏ ထို ၃၈-ပါးသော တရားသည်သာလျှင် လူတကာ နတ်တကာတို့အတွက် မြတ်သော မင်္ဂလာဖြစ်ကြောင်း သင်မှတ်သားလေလော့။