သွေးလွန်တုပ်ကွေး ရောဂါပိုး သယ်ဆောင်လာတဲ့ အေဒီးစ် ခြင်ကျားကိုက်ရင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်ပါတယ်။ အသက် ၁၅ နှစ်အောက်မှာ အများဆုံး ဖြစ်တတ်ပေမယ့် ယခုအခါ အသက်အရွယ်မရွေး ဖြစ်ပွားလျက် ရှိပါတယ်။ ကျား/မ မရွေး တောရော မြို့ပါမကျန် ဖြစ်ပွားလေ့ရှိတဲ့ ရောဂါ ဖြစ်ပါတယ်။ တစ်နှစ်ပတ်လုံး ကူးစက်နိုင်ပြီး မိုးရာသီမှာ အဖြစ်များဆုံး ဖြစ်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဟာ ဒင်ဂီး အဖျားရောဂါ ၊ သွေးလွန်တုပ်ကွေးရောဂါ နှင့် သွေးလန့်ခြင်း ဟူ၍ အဆင့်ဆင့် ဖြစ်ပွားတတ်သော ရောဂါ ဖြစ်ပါတယ်။
ရောဂါပိုး သယ်ဆောင်ထားတဲ့ ခြင်အကိုက်ခံရပြီး ၄ ရက် ကနေ ၆ ရက် အကြာမှာ သွေးလွန်တုပ်ကွေး ရောဂါ လက္ခဏာတွေ စပေါ်လာတတ်ပါတယ်။ အဖျားတက်လာခြင်း နှင့် အတူ ခေါင်းကိုက်ခြင်း၊ တစ်ကိုယ်လုံးကိုက်ခဲခြင်း၊ ပျို့အန်ခြင်း နှင့် ခန္ဓာကိုယ်တွင် အစက်အပြောက်များ ပေါ်လာခြင်း တို့ ဖြစ်တတ်ပါတယ်။
ကလေးငယ်များ ဖျားပြီဆိုရင် သွေးလွန်တုပ်ကွေး ဖြစ်နိုင်ခြေကို အမြဲထည့်သွင်းစဉ်းစားပြီး စောင့်ကြည့်နေရပါမယ်။ ရာသီတိုင်းမှာ သွေးလွန်တုပ်ကွေး ဖြစ်နိုင်ပါတယ်။
ဖျားပြီး (၃) ရက် ကနေ (၅) ရက်အတွင်းမှာ သွေးလန့်လက္ခဏာတွေ ပေါ်လာပြီး အသက်အန္တရာယ် ဖြစ်နိုင်ပါတယ်။
သွေးလန့် လက္ခဏာတွေကတော့ -
- ဖျားနေရာမှ ရုတ်တရက် ကိုယ်အပူချိန် ကျဆင်းခြင်း ၊ ခြေဖျားလက်ဖျားများ အေးစက်လာခြင်း
- ၀မ်းမည်းမည်းသွားခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ ကော်ဖီမှုန့်ရောင် အဖတ်အမျှင်လေးများ ပါသော အရည်များ အန်ခြင်း
- သွေးခြေဥသကဲ့သို့ အနီအစက်အပြောက်များပေါ်ခြင်း
- ရုတ်တရက် ဗိုက်အောင့်လာခြင်း
- ဂဏာမငြိမ်ဖြစ်ခြင်း (သို့) အရမ်းမှိန်းလာခြင်း
- အဆက်မပြတ် အန်ခြင်း
သွေးလွန် တုပ်ကွေး ဖြစ်စေတဲ့ အေဒီးစ် ခြင်ကျားတွေဟာ နေ့အခါမှာ ကိုက်လေ့ရှိပါတယ်။
ဒါကြောင့် ခြင်ကိုက်ခြင်းမှ ကာကွယ်ဖို့ လိုပါတယ်။
- ခြင်ကိုက်မခံရအောင် အကျီင်္လက်ရှည်၊ ဘောင်းဘီရှည် ၀တ်ပါ။
- ဘယ်အချိန်အိပ်အိပ် ခြင်ထောင်နဲ့ အိပ်ပါ။
- ဖြစ်နိုင်ရင် အ၀တ်အစား လွတ်နေတဲ့ နေရာမှာ ခြင်နိုင်ဆေး လိမ်းထားပါ။
- အိမ်တွေမှာ ခြင်လုံဇကာတပ်ထားပါ။
- ခြင်ဆေးခွေထွန်းခြင်း၊ မီးခိုးမှိုင်းတိုက်ခြင်း၊ ခြင်ဆေးဖျန်းခြင်း စတာတွေက အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါ တွေ ဖြစ်နိုင်တဲ့ အတွက် မလုပ်သင့်ပါ။
အေဒီးစ် ခြင်တွေက သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်စေတဲ့ ခြင်တွေ ဖြစ်ပါတယ်။ အဖြူ အနက်ကျား အေဒီးစ်ခြင်တွေဟာ မြောင်းတွေ၊ ရွှံ့အိုင်တွေ ထဲမှာ မပေါက်ပွားတတ်ပါဘူး။ ဖုံးအုပ်မထားတဲ့ ရေပုံး၊ ရေခွက်တွေ၊ ဘုရားညောင်ရေအိုး၊ ပန်းအိုး၊ တာယာခွံထဲက ရေအိုင် လို နေရာတွေ မှာပဲ ပေါက်ပွားနိုင်ပါတယ်။
ဒါကြောင့် အေဒီးစ်ခြင်တွေ ရှိနေနိုင်မယ့် နေရာမျိုးတွေမှာ ရေမ၀ပ်နေစေဖို့၊ ရေကန်၊ ရေပုံးတွေကိုလည်း လုံလုံခြုံခြုံ ဖုံးအုပ်ဖို့ လိုအပ်ပါတယ်။ သွေးလွန်တုပ်ကွေး ခြင်တွေကို ခြင်ကောင် ဖြစ်မှ နှိမ်နင်းတာထက် ပိုးလောက်လန်း ဘ၀မှာ နှိမ်နင်းတာ အကောင်းဆုံး ဖြစ်ပါတယ်။