ပါပီကလေး ပုတုတု
သူ့စကားက ဝု ဝု ဝု။
သူ့စကား လူမသိ
လူ့စကား သူမသိ
သနားပါဘိ။
သမီးလေး၊ သမီးလေး
သမီး နီတွေးတွေး။
သမီးလေး ယက်ကန်ကန်
အူဝဲ စာစာညံ။
စာစာညံ သူ့စကား
အိပ်ချင် စားချင် ဆိုသလား။
အိပ်ချင်ပြန်လဲ သူ အူဝဲ။
စားချင်ပြန်လဲ သူ အူဝဲ။
သူ့စကားက တစ်မျိုးထဲ (တည်း)
အူဝဲ အူဝဲ။
(မောင်စွမ်းရည်)
ကိုဘူးသီး . . . ကိုဘူးသီး
တိုးလိုတွဲလောင်းကြီး။
ဟီးလေးခိုလို့ အမြဲနေ
မညောင်းဘူးလားဟေ။
ငါတို့တွေသာ ဆိုရင်တော့
လက်တွေ ညောင်းမှာပေါ့။
မိုးပေါ်မော့လို့ ထိုးထိုးထောင်
မိုးမျှော်ငရုတ်မောင်။
အမြဲထောင်လို့ နေတာများ
မညောင်းကြဘူးလား။
တို့များဆိုရင် ခြေလက်တွေ
တော်တော်ညောင်းမယ်ဟေ။
မင်းတို့တွေဟာ ထူးထူးခြား
အစွမ်းကောင်းပါလား။ ။
(လူမွန် - ပခုက္ကူ)
ယုန်ကလေးက နားရွက်ထောင်
ပညာရှိယောင်ဆောင်။
ကြောင်ကလေးက လက်သည်းဝှက်
ချောင်းလိုက်ရတဲ့ ကြွက်။
ရွှေဇီးကွက်ရဲ့ ဣနြေ္ဒ
ဘုရင်ကြီးလိုနေ။
မိုးလေတွက်ကာ ဗေဒင်ဟော
တောက်တဲ့ ကိုလူချော။
ပြောတိုင်းယုံတဲ့ ပုတ်သင်ညို
ခေါင်းညိတ်တတ်တယ်ဆို။
ရွှေကျီးညို သာပါစ
ဧည့်သည် လာပါစ . . . ။ ။
ညီငယ်လေးကို ကြောက်လန့်အောင်
ခြောက်လှန့်တာကို ရှောင်။
ရဲရင့်လာအောင် ညွှန်ပြမှ
ကိုကိုကြီး ပီသ။
ညီမလေးကို ငို ရအောင်
ကျီစားတာကို ရှောင်။
ပြုံးပျော်ရွှင်အောင် ချော့မြူမှ
ကိုကိုကြီး ပီသ။
ကြီးတဲ့သူက ငယ်သူကို
ကြင်နာသနားပို။
ချစ်မေတ္တာကို ပေးဝေမှ
ကိုကိုကြီး ပီသ ။ ။
(လူမွန် - ပခုက္ကူ)