Post date: Feb 17, 2017 1:5:11 AM
၁။ မြန်မာစာ မြန်မာစကားကို အခြေခံခိုင်ခံ့တောင့်တင်း၍ ကျွမး်ကျင်စွာ တတ်မြောက်ရန် တပည့်များကို သင်ပြနိုင်ရပါမည်။ မြန်မာဘာသာ မြန်မာစကားကို ခြေခြေမြစ်မြစ် တတ်ကျွမ်းအောင် အစဉ်တစိုက် လေ့လာဆည်းပူးနေရန် လိုအပ်ပါသည်။
၂။ မြန်မာမှု မြန်မာစာပေယဉ်ကျေးမှုများကို မြန်မာဘာသာဖြင့် စနစ်တကျလေ့လာနိုင်အောင် ဆည်းပူးနေရပါမည်။
၃။ မြန်မာစကားပြေသဘောတရား မြန်မာစာအရေးအသားတွင် ကျွမ်းကျင်လိမ္မာရန် ဆည်းပူးလေ့လာထားရပါမည်။ တပည့်များကို စကားအသုံးအနှုန်း၊ ဝါကျဖွဲ့ပုံ၊ စာပိုဒ်ဖွဲ့ပုံ၊ စာစီစာကုံးမှစ၍ စနစ်တကျ သင်ပြနိုင်စွမ်းရှိအောင် မြန်မာစကားပြေအရေးအသားကို အစဉ်တစိုက် လေ့လာဆည်းပူးနေရပါမည်။
၄။ မြန်မာစာ မြန်မာစကားကို သင်ပြရာတွင် စာကို အကြောင်းပြု၍ တပည့်ငယ်များ အသိအလိမ္မာ ဉာဏ်ပညာနှင့် အတွေးအခေါ် ထက်မြက်စေရန် ရည်ရွယ် သင်ကြားရပါမည်။ ပုံပြင်၊ ကဗျာ၊ ဖတ်စာတို့သည် တပည့်များ ဗဟုသုတ အတွေးအခေါ်ကောင်းများရအောင် သင်ခန်းစာပေးသော သင်ခန်းစာများဖြစ်ပါသည်။ ဆရာတို့က မြန်မာစာကို သင်ပြရာတွင် ဘာသာစကားကျွမ်းကျင်စေမှုကိုသာ ရှေးရှုမသင်ပြဘဲ အတွေးအခေါ် ဗဟုသုတရအောင်လည်း သင်ပြရမည်ကို မမေ့သင့်ပါ။
၅။ မြန်မာစာ၊ မြန်မာစကား၊ မြန်မာဘာသာကို မြန်မာစာပြဆရာအနေဖြင့် တန်ဖိုးထား လေးစားရပါမည်။
၆။ စာကောင်းပေကောင်း၏သဘောသည် စာဖတ်သူအား အသိအလိမ္မာဉာဏ်ပညာ တိုးတက်မြင့်မားစေရန် လှုံ့ဆော်ပေးပါသည်။ ဆရာတို့သည် ထိုမြန်မာစာပေများဖြင့် တပည့်များကို သင်ပြလှုံ့ဆော်ရုံသာမက ထိုစာတို့၏ သဘောတရားကိုပါ သူတို့ကိုယ်တိုင် လေ့လာအကဲဖြတ်တတ်အောင် သင်ပြနိုင်စွမ်း၊ လမ်းညွှန်နိုင်စွမ်းရှိရပါမည်။
၇။ တပည့်များကို မြန်မာစာသင်ကြားရင်း တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံများအကြောင်းကို အခါအခွင့်သင့်တိုင်း သင်ပြပေးရန် အထူးသတိပြုရပါမည်။
၈။ တပည့်များ အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံလာအောင် အထောက်အပံ့ဖြစ်သော သင်ခန်းစာများကို ဦးစားပေး အလေးထား၍ သင်ကြားပေးရပါမည်။ ၎င်းတို့သည် တပည့်များ စာရိတ္တမြင့်မားစေရန်အတွက် ဖြစ်ပါသည်။
(က) ကိုယ့်တိုင်းပြည်ကို ချစ်မြတ်နိုးတတ်ခြင်း
(ခ) အများအကျိုးကို ဆောင်ရွက်တတ်ခြင်း
(ဂ) စုပေါင်းဆောင်ရွက်တတ်ခြင်း
(ဃ) ပြည်သူပိုင်ပစ္စည်းကို အလေးအမြတ် ထိန်းသိမ်းတတ်ခြင်း
(င) အလုပ်၏ဂုဏ်ကို တန်ဖိုးထားတတ်ခြင်း
ကိုးကား ။ ။ မြန်မာစာသင်ကြားရေး - ဦးသန်းထွတ် B.A, B.Ed, M.Ed