မေတ္တာပို့ဓမ္မတေး
မေတ္တာပို့ဓမ္မတေး
အမှန်တရား အားလုံးတို့၏ ရှေ့ပြေး ပထမဖြစ်သော ဗုဒ္ဓ မြတ်စွာဘုရား၏ မဂ္ဂင် (၈) ပါး
မဂ္ဂင်ဟူသည် ကိလေသာတို့ကို ပယ်သတ်ကြောင်း၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော တရားစုဟု အဓိပ္ပာယ်ရရှိပါသည်။ ၎င်းတို့မှာ ဖော်ပြလတ္တံပါအတိုင်း (၈) ပါးရှိသည်။
သမ္မာဒိဌိ = ကောင်းစွာ မြင်ခြင်း
သမ္မာသင်္ကပ္ပ = ကောင်းစွာကြံခြင်း
သမ္မာဝါစာ = ကောင်းစွာဆိုခြင်း
သမ္မာကမ္မန္တ =ကောင်းစွာပြုခြင်း
သမ္မာအာဇီဝ =ကောင်းစွာ အသက်မွေးခြင်း
သမ္မာဝါယမ =ကောင်းစွာအားထုတ်ခြင်း
သမ္မာသတိ = ကောင်းစွာအောက်မေ့ခြင်း
သမ္မာသမာဓိ = ကောင်းစွာတည်ကြည်ခြင်း
ဤအကျင့်မြတ်သည်ကား အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည့် မဂ္ဂင်တရားမြတ်ဖြစ်ကြောင်း ဟောကြားတော်မူပါသည်။ ထိုမှတဖန် ရှင်တော်မြတ်သည် ဇာတိ ပဋိသန္ဓေနေရခြင်း ဆင်းရဲမှ၊ အိုမင်းရင့်ရောခြင်း ဆင်းရဲ၊ ဖျားနာရခြင်း ဆင်းရဲ၊ သေရခြင်း ဆင်းရဲ၊ မချစ်မနှစ်လိုအပ်သော သတ္တဝါသင်္ခါရတို့နှင့် ကွေကင်းရခြင်းဆင်းရဲ၊ ချစ်ခင်နှစ်လိုအပ်သော သတ္တဝါတို့နှင့် ကွေကင်းရခြင်း ဆင်းရဲ၊ ပဋိသန္ဓေနေရခြင်း ဆင်းရဲ၊ ခန္ဓာငါးပါးတို့၏ ဆင်းရဲ စသော ဇာတိသဘောတရားသည် ဒုက္ခဖြစ်သော အရိယာတို့၏ သိအပ်သော သစ္စာမည်၏ဟူ၍ ဒုက္ခသစ္စာကို ဟောကြားတော်မူပါသည်။ ပဉ္စဝဂ္ဂီရဟန်းတို့အား တဏှာလောဘသည် တဖန်ဘဝသစ်ကို ဖြစ်စေတတ်၏။ နှစ်သက်ခြင်း၊တပ်မက်ခြင်းနှင့် တကွ ဖြစ်၏။ ထိုထိုဘဝ ထိုထိုအာရုံ၌ အလွန်နှစ်သက်တတ်၏။
ဤတဏှာဟူသည် အဘယ်နည်း။
ကာမတဏှာ = ရူပါရုံစသော ဝတ္ထုကာမကို တပ်မက်သော တဏှာ။
ဘဝတဏှာ = သဿတဒိဌိနှင့် တကွဖြစ်သော တဏှာ။
ဝိဘဝတဏှာ = ဥစ္ဆေဒဒိဌိနှင့်တကွဖြစ်သော တဏှာ။ ဟူ၍ ဤတဏှာဟူသော သဘောတရားသည် ဒုက္ခအကြောင်းဖြစ်သော အရိယာတို သိအပ်သော သစ္စာမည်၏ဟု သမုဒယသစ္စာအကြောင်းကို ဟောကြားတော်မူပါသည်။
ထိုတဏှာလောဘ၏ အကြွင်းမဲ့ တပ်မက်ခြင်းကင်းရာ၊ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ စွန့်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ဝေးစွာစွန့်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ လွတ်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ကပ်ငြိခြင်းကင်းရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ဤနိဗ္ဗာန်ဟူသော သဘောတရားသည် ဒုက္ခ၏ ချုပ်ငြိမ်းရာဖြစ်သော အရိယာတို့သည် သိအပ်သော သစ္စာမည်သော နိရောဓသစ္စာ ကို ဟောကြားတော်မူပါသည်။ မဂ္ဂသစ္စာနှင့်စပ်၍ မဂ္ဂင်ရှစ်ပါး အကျင့်တရားသည်သာလျှင် ဒုက္ခ၏ချုပ်ငြိမ်းရာ နိဗ္ဗာန် သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့ သိအပ်သော သစ္စာမည်၏ဟု ဟောကြားတော်မူပါသည်။
ဇာတိမဟတ္တ --- အမျိုးဇာတ်အားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း၊
ပုညမဟတ္တ --- ဘုန်းသမ္ဘာကုသိုလ် ပါရမီအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း၊
သီလမဟတ္တ --- အကျင့်သီလအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း၊
သမာဓိမဟတ္တ --- တည်ကြည်ခိုင်ခံ့သော သမာဓိအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း၊
ဣဒ္ဓိမဟတ္တ ---တန်ခိုးအာနုဘော်အားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း၊
ဗုဒ္ဓိမဟတ္တ --- ဉာဏ်ပညာအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း၊
ဟူ၍ လောကတွင် ရှိရှိသမျှ လူနတ်ဗြဟ္မာ သတ္တဝါတို့ထက် ကြီးကျယ်မြင့်မြတ်ခြင်း အမျိုးမျိုးနှင့် ပြည့်စုံမှသာလျှင်၊ ပြည့်စုံသော ပုဂ္ဂိုလ်ထူးကိုသာလျှင် ဘုရား(ဗုဒ္ဓ) ဟု ဆိုရသည်။
သိဒ္ဓတ္ထဂေါတမ ကို (ခရစ်သက္ကရာဇ်BC 623) လွန်ခဲ့သောနှစ်ပေါင်း ၂၆၀ဝ ကျော်က မွေးဖွားခဲ့သည်။ လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ကျော်လောက်က ပွင့်တော်မူသော ဂေါတမမြတ်စွာဘုရားကား ဆိုခဲ့ပြီးသော ကြီးကျယ်မြင့်မြတ်ခြင်း အမျိုးမျိုးနှင့် ပြည့်စုံသောကြောင့် လောကသုံးပါးတွင် ဘုရားစင်စစ် ဖြစ်တော်မူသည်။
ရှေးရှေးကမ္ဘာ့ကမ္ဘာက ပွင့်တော်မူခဲ့ကြသော ဂင်္ဂါဝါဠုသဲစုပမာ များလှစွာသော ဘုရားများ၊ လွန်ခဲ့သော ဆယ့်ခြောက် အသင်္ချေအတွင်း ပွင့်တော်မူခဲ့ကြသော ဗြဟ္မာဒေဝ စသော ဘုရားများ၊ လွန်ခဲ့သော လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအတွင်း ပွင့်တော်မူသော တဏှင်္ကရာ ဘုရားအစ၊ ကဿပဘုရား အဆုံးရှိသော နှစ်ကျိပ်ခုနစ်ဆူသော ဘုရားများလည်း လောကသုံးပါးတွင် ဘုရားစင်စစ် ဖြစ်တော်မူကြသည်။
သုဒ္ဓေါဒနမင်းကြီး၏ အမျိုးအနွယ်အစဉ်အဆက်မှာ ဩက္ကာကရာဇ်မင်းမှစ၍ ဇယသေနမင်းအထိ ရှစ်သောင်းနှစ်ထောင်သောမင်းတို့သည် ကပိလဝတ်ပြည် ကြီး၌ မင်းပြုကြကုန်၏။ ထိုမင်းတို့တွင်အစဖြစ်သော ဩက္ကာကရာဇ်မင်းကြီး၏ သကြာဝတဘောကုမာရာ=အချင်းတို့ သားတော်တို့သည်စွမ်းနိုင်ကုန်စွ တကား ဟူသော ဥဒါန်းကျူးရင့်မိန့်ခွန်းဆင့်သည်ကိုအစွဲပြု၍ သာကီဝင်မျိုးဟု ခေါ်ကြောင်းကို သုတ်သီ လက္ခန်ပါဠိတော်၌ ဟောပြထားလေသည်။ အရွယ်တော် ဆယ့်ခြောက်နှစ်မှစ၍ နှစ်ဆယ့်ကိုးနှစ်အတွင်း ထီးနန်းစည်းစိမ်ကို ခံစားသည်။ မိဖုရားကြီးကား ယသောဓရာဗိဒေဝီ၊ သားတော်ကား ရာဟုလာဖြစ်သည်။
သူအို၊ သူနာ၊ သူသေ၊ ရဟန်း အသွင် နိမိတ်ကြီး လေးပါးကို မြင်သဖြင့်၊ သတိသံဝေဂ ရလျှက် ၉၇ ခု ဝါဆိုလပြည့် တနင်္လာနေ့တွင် တောထွက်၍၊ ရဟန်းပြု တော်မူသည်။
ခြောက်နှစ်ပတ်လုံး ဒုက္ကရ စရိယာအကျင့်ကို ကျင့်ပြီးလျှင် (ဘီစီ ၅၈၈) ၁ဝ၃ ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဗောဓိပင်ရင်းဝယ်၊ သဗ္ဗေညုတဉာဏ်တော်ကိုရ၍၊ လောကသုံးပါးတွင် ဘုရားစင်စစ် ဖြစ်တော်မူသည်။
ဘုရားဖြစ်ပြီးနောက်၊ ၄၅ ဝါပတ်လုံး တရားဟောကာ၊ အညာတကောဏ္ဍည အစ၊ သုဘဒ္ဒ အဆုံးရှိသော ဝေနေယျများစွာ သတ္တဝါတို့ကို နိဗ္ဗာန်သို့ပို့ဆောင်တော်မူပြီးလျှင်၊ (ဘီစီ ၅၄၃) ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့တွင် ပရိနိဗ္ဗာန် စံဝင်တော်မူသည်။
Myanmar Time Zone