ဘုရားနှင့် ပတ်သက်၍ ဘာသာတရားအမျိုးမျိုးမှ အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြပြီး ဖန်ဆင်းရှင်ကို ယုံကြည်သူများ ရှိသကဲ့သို ဖန်ဆင်းရှင်ကို မယုံကြည်သူများလည်း ရှိသည်။ ဗုဒ္ဓ သည် “ဖန်ဆင်းရှင် ထာ၀ရဘုရားမရှိ” ဟု အတိအလင်းငြင်းဆို ခြင်းမရှိ ဆို၏ ။ အမျိုးဇာတ် အနိမ့်အမြင့် ခွဲခြားသည့်ဝါဒကို အတိအလင်းရှုတ်ချ၏။ ဧဟိပဿိက ဂုဏ်တော်" ehipassiko" တွင် လာပါ၊ ကျင့်စမ်းပါ ဟု အတိအလင်းဆို၏။ (The Dharma of the Buddha is not a religion of blind faith)[၂၃] ဗုဒ္ဓတရားတခုတွင် သက်ရှိသတ္တဝါတို့၏ အသက်ကိုမသတ်ရလို ဟောကြားခဲ့၏။ လူများကိုသာမက သတ္တဝါအပေါင်းအားသနားကြင်နာသည်။ (ပါဏာတိပါတာဝေရမဏိ သိက္ခါပဒံ သမာဒိယာမိ။ ) ဗုဒ္ဓဘာသာ သီလဟူသည် ပါဠိဘာသာစကားဖြစ်ပြီး ကိုယ်၊နှုတ်၊စိတ် အပြုအမူ ကျင့်ဝတ်တစ်ခုခုကို စောင့်ထိန်းဆောက်တည်ခြင်းဟု အဓိပ္ပါယ်ရပါသည်။ ထေရဝါဒ ဗုဒ္ဓဘာသာ တရားတော်အရ သီလကို ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလ စသည်ဖြင့် အရေအတွက်ကိုလိုက်၍ အမျိုးမျိုး ခွဲခြားသတ်မှတ်ထားပါသည်။ ငါးပါးသီလ စောင့်ထိန်းခြင်းသည် ဗုဒ္ဓဘာသာဝင်တိုင်းအတွက် အဖြစ်မနေလိုက်နာ စောင့်ထိန်းကြရမည့်သီလအမျိုးအစားဖြစ်သည်။ ရှစ်ပါးသီလ မှာမူ လူပုဂ္ဂိုလ်များအတွက် လဆန်း (၈)ရက်၊ လဆုပ် (၈)ရက်၊ လပြည့်၊ လကွယ် စသော အခါကြီးရက်ကြီး ဥပုသ်နေ့ များတွင်သာ အထူးတလည်စောင့်ထိန်းကြလေ့ရှိသော သီလဖြစ်ပါသည်။ ဆယ်ပါးသီလ မှာမူ ရဟန်းများ ရှင်သာမဏေ များစောင့်ထိန်းကြရသည့် သီလဖြစ်ပါသည်။
ဂေါတမဗုဒ္ဓရှင်တော်သည် ခြောက်နှစ်တာ ကာလပတ်လုံး လူသာမန်တို့ ကျင့်ဖို့ရာ ခဲယဉ်းလှသည့် ဒုက္ကရစရိယာအကျင့်မြတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ရာ နောက်ဆုံး၌ မဇ္ဈိမပဋိပဒါ (ခေါ်) အလယ်အလတ် အကျင့်တရားလမ်းစဉ်ကို တွေ့မြင်ပြီး ကာမ အာရုံခံစားမှု လက်ယာအစွန်းနှင့် အတ္တဘော ပင်ပန်းစေသည့် လက်ဝဲအစွန်းတည်းဟူသော အစွန်းတရားနှစ်ပါးကို ရှောင်ကြည်ကာ သစ္စာလေးပါး တရားတော်ကို သိမြင်တော်မူပါသည်။ “ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ” ဟူသော ထိုသစ္စာလေးပါး မြတ်တရားတော်သည် “ဓမ္မစကြာတရားတော်”ပင် ဖြစ်ပါသည်။ ဓမ္မစကြာတရားတော်သည် မြတ်ဗုဒ္ဓ၏ တိကျခိုင်မာသော သဘောတရားကို ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ အရှင်တော်မြတ်သည် လေးအသင်္ချေ နှင့် ကမ္ဘာ တစ်သိန်း ဖြည့်ကျင့်ဆည်းပူးခဲ့သော ပါရမီတော် အဟုန်တို့ကြောင့် ရရှိခဲ့သည့် သဗ္ဗညုတ ရွှေဉာဏ်တော်စွမ်းအားဖြင့် ဓမ္မစကြာတရားတော်ကို ဟောဖော်ညွှန်ပြခဲ့ခြင်းဖြစ်ပါသည်။ အရှင်ကိုယ်တော်မြတ်သည် ထိုးထွင်း၍ သိမြင်တော်မူအပ်သော သစ္စာလေးပါးကို မြင်တတ်သော၊ ပညာမျက်စိကို ပြုတတ်သော၊ သစ္စာလေးပါးကို သိခြင်းကို ပြုတတ်သော၊ အကြင်အလယ်အလတ်ဖြစ်သော ၊အကျင့်သည် ကိလေသာငြိမ်းခြင်းတည်းဟူသော သဥပါဒိသေသနိဗ္ဗာန် အကျိုးငှာ သစ္စာလေးပါးကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှာ၊ သစ္စာလေးပါကို ကောင်းစွာသိခြင်းငှာ၊ အနူပါဒိသေသ နိဗ္ဗာန်အကျိုးငှာ ဖြစ်၏။ ထိုအလယ်အလတ် အကျင့်သည် အဘယ်နည်းဟု သိသာထင်ရှားစွာ ဟောဖော်ညွှန်ပြတော်မူပါသည်။
မဂ္ဂင်ဟူသည် ကိလေသာတို့ကို ပယ်သတ်ကြောင်း၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော တရားစုဟု အဓိပ္ပာယ်ရရှိပါသည်။ ၎င်းတို့မှာ ဖော်ပြလတ္တံပါအတိုင်း (၈) ပါးရှိသည်။
သမ္မာဒိဌိ = ကောင်းစွာ မြင်ခြင်း
သမ္မာသင်္ကပ္ပ = ကောင်းစွာကြံခြင်း
သမ္မာဝါစာ = ကောင်းစွာဆိုခြင်း
သမ္မာကမ္မန္တ =ကောင်းစွာပြုခြင်း
သမ္မာအာဇီဝ =ကောင်းစွာ အသက်မွေးခြင်း
သမ္မာဝါယမ =ကောင်းစွာအားထုတ်ခြင်း
သမ္မာသတိ = ကောင်းစွာအောက်မေ့ခြင်း
သမ္မာသမာဓိ = ကောင်းစွာတည်ကြည်ခြင်း
ဤအကျင့်မြတ်သည်ကား အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည့် မဂ္ဂင်တရားမြတ်ဖြစ်ကြောင်း ဟောကြားတော်မူပါသည်။ ထိုမှတဖန် ရှင်တော်မြတ်သည် ဇာတိ ပဋိသန္ဓေနေရခြင်း ဆင်းရဲမှ၊ အိုမင်းရင့်ရောခြင်း ဆင်းရဲ၊ ဖျားနာရခြင်း ဆင်းရဲ၊ သေရခြင်း ဆင်းရဲ၊ မချစ်မနှစ်လိုအပ်သော သတ္တဝါသင်္ခါရတို့နှင့် ကွေကင်းရခြင်းဆင်းရဲ၊ ချစ်ခင်နှစ်လိုအပ်သော သတ္တဝါတို့နှင့် ကွေကင်းရခြင်း ဆင်းရဲ၊ ပဋိသန္ဓေနေရခြင်း ဆင်းရဲ၊ ခန္ဓာငါးပါးတို့၏ ဆင်းရဲ စသော ဇာတိသဘောတရားသည် ဒုက္ခဖြစ်သော အရိယာတို့၏ သိအပ်သော သစ္စာမည်၏ဟူ၍ ဒုက္ခသစ္စာကို ဟောကြားတော်မူပါသည်။ ပဉ္စဝဂ္ဂီရဟန်းတို့အား တဏှာလောဘသည် တဖန်ဘဝသစ်ကို ဖြစ်စေတတ်၏။ နှစ်သက်ခြင်း၊တပ်မက်ခြင်းနှင့် တကွ ဖြစ်၏။ ထိုထိုဘဝ ထိုထိုအာရုံ၌ အလွန်နှစ်သက်တတ်၏။
ဤတဏှာဟူသည် အဘယ်နည်း။
ကာမတဏှာ = ရူပါရုံစသော ဝတ္ထုကာမကို တပ်မက်သော တဏှာ။
ဘဝတဏှာ = သဿတဒိဌိနှင့် တကွဖြစ်သော တဏှာ။
ဝိဘဝတဏှာ = ဥစ္ဆေဒဒိဌိနှင့်တကွဖြစ်သော တဏှာ။ ဟူ၍ ဤတဏှာဟူသော သဘောတရားသည် ဒုက္ခအကြောင်းဖြစ်သော အရိယာတို သိအပ်သော သစ္စာမည်၏ဟု သမုဒယသစ္စာအကြောင်းကို ဟောကြားတော်မူပါသည်။
ထိုတဏှာလောဘ၏ အကြွင်းမဲ့ တပ်မက်ခြင်းကင်းရာ၊ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ စွန့်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ဝေးစွာစွန့်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ လွတ်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ကပ်ငြိခြင်းကင်းရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ဤနိဗ္ဗာန်ဟူသော သဘောတရားသည် ဒုက္ခ၏ ချုပ်ငြိမ်းရာဖြစ်သော အရိယာတို့သည် သိအပ်သော သစ္စာမည်သော နိရောဓသစ္စာ ကို ဟောကြားတော်မူပါသည်။ မဂ္ဂသစ္စာနှင့်စပ်၍ မဂ္ဂင်ရှစ်ပါး အကျင့်တရားသည်သာလျှင် ဒုက္ခ၏ချုပ်ငြိမ်းရာ နိဗ္ဗာန် သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့ သိအပ်သော သစ္စာမည်၏ဟု ဟောကြားတော်မူပါသည်။
ဇာတိမဟတ္တ --- အမျိုးဇာတ်အားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း၊
ပုညမဟတ္တ --- ဘုန်းသမ္ဘာကုသိုလ် ပါရမီအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း၊
သီလမဟတ္တ --- အကျင့်သီလအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း၊
သမာဓိမဟတ္တ --- တည်ကြည်ခိုင်ခံ့သော သမာဓိအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း၊
ဣဒ္ဓိမဟတ္တ ---တန်ခိုးအာနုဘော်အားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း၊
ဗုဒ္ဓိမဟတ္တ --- ဉာဏ်ပညာအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း၊
ဟူ၍ လောကတွင် ရှိရှိသမျှ လူနတ်ဗြဟ္မာ သတ္တဝါတို့ထက် ကြီးကျယ်မြင့်မြတ်ခြင်း အမျိုးမျိုးနှင့် ပြည့်စုံမှသာလျှင်၊ ပြည့်စုံသော ပုဂ္ဂိုလ်ထူးကိုသာလျှင် ဘုရား(ဗုဒ္ဓ) ဟု ဆိုရသည်။
သိဒ္ဓတ္ထဂေါတမ ကို (ခရစ်သက္ကရာဇ်BC 623) လွန်ခဲ့သောနှစ်ပေါင်း ၂၆၀ဝ ကျော်က မွေးဖွားခဲ့သည်။ လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ကျော်လောက်က ပွင့်တော်မူသော ဂေါတမမြတ်စွာဘုရားကား ဆိုခဲ့ပြီးသော ကြီးကျယ်မြင့်မြတ်ခြင်း အမျိုးမျိုးနှင့် ပြည့်စုံသောကြောင့် လောကသုံးပါးတွင် ဘုရားစင်စစ် ဖြစ်တော်မူသည်။
ရှေးရှေးကမ္ဘာ့ကမ္ဘာက ပွင့်တော်မူခဲ့ကြသော ဂင်္ဂါဝါဠုသဲစုပမာ များလှစွာသော ဘုရားများ၊ လွန်ခဲ့သော ဆယ့်ခြောက် အသင်္ချေအတွင်း ပွင့်တော်မူခဲ့ကြသော ဗြဟ္မာဒေဝ စသော ဘုရားများ၊ လွန်ခဲ့သော လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအတွင်း ပွင့်တော်မူသော တဏှင်္ကရာ ဘုရားအစ၊ ကဿပဘုရား အဆုံးရှိသော နှစ်ကျိပ်ခုနစ်ဆူသော ဘုရားများလည်း လောကသုံးပါးတွင် ဘုရားစင်စစ် ဖြစ်တော်မူကြသည်။
သုဒ္ဓေါဒနမင်းကြီး၏ အမျိုးအနွယ်အစဉ်အဆက်မှာ ဩက္ကာကရာဇ်မင်းမှစ၍ ဇယသေနမင်းအထိ ရှစ်သောင်းနှစ်ထောင်သောမင်းတို့သည် ကပိလဝတ်ပြည် ကြီး၌ မင်းပြုကြကုန်၏။ ထိုမင်းတို့တွင်အစဖြစ်သော ဩက္ကာကရာဇ်မင်းကြီး၏ သကြာဝတဘောကုမာရာ=အချင်းတို့ သားတော်တို့သည်စွမ်းနိုင်ကုန်စွ တကား ဟူသော ဥဒါန်းကျူးရင့်မိန့်ခွန်းဆင့်သည်ကိုအစွဲပြု၍ သာကီဝင်မျိုးဟု ခေါ်ကြောင်းကို သုတ်သီ လက္ခန်ပါဠိတော်၌ ဟောပြထားလေသည်။ အရွယ်တော် ဆယ့်ခြောက်နှစ်မှစ၍ နှစ်ဆယ့်ကိုးနှစ်အတွင်း ထီးနန်းစည်းစိမ်ကို ခံစားသည်။ မိဖုရားကြီးကား ယသောဓရာဗိဒေဝီ၊ သားတော်ကား ရာဟုလာဖြစ်သည်။
သူအို၊ သူနာ၊ သူသေ၊ ရဟန်း အသွင် နိမိတ်ကြီး လေးပါးကို မြင်သဖြင့်၊ သတိသံဝေဂ ရလျှက် ၉၇ ခု ဝါဆိုလပြည့် တနင်္လာနေ့တွင် တောထွက်၍၊ ရဟန်းပြု တော်မူသည်။
ခြောက်နှစ်ပတ်လုံး ဒုက္ကရ စရိယာအကျင့်ကို ကျင့်ပြီးလျှင် (ဘီစီ ၅၈၈) ၁ဝ၃ ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဗောဓိပင်ရင်းဝယ်၊ သဗ္ဗေညုတဉာဏ်တော်ကိုရ၍၊ လောကသုံးပါးတွင် ဘုရားစင်စစ် ဖြစ်တော်မူသည်။
ဘုရားဖြစ်ပြီးနောက်၊ ၄၅ ဝါပတ်လုံး တရားဟောကာ၊ အညာတကောဏ္ဍည အစ၊ သုဘဒ္ဒ အဆုံးရှိသော ဝေနေယျများစွာ သတ္တဝါတို့ကို နိဗ္ဗာန်သို့ပို့ဆောင်တော်မူပြီးလျှင်၊ (ဘီစီ ၅၄၃) ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့တွင် ပရိနိဗ္ဗာန် စံဝင်တော်မူသည်။
၄၅ ဝါပတ်လုံး နေ့စဉ် ပြုလုပ်အပ်သော လုပ်ငန်းများကား-
ပုရေဘတ္တကိစ္စ---နံနက်ဆွမ်းခံကြွခြင်း၊
ပစ္ဆာဘတ္တကိစ္စ---ညနေဒါယကာ ဒါယိကာမတို့အား တရားဟောခြင်း၊
ပူရိမ ယာမကိစ္စ---ညဉ့်ဦးယံ ရဟန်းများအား တရားဟောခြင်း၊
မဇ္ဈိမယာမကိစ္စ--- ညဉ့်လယ်ယံ နတ်များအား တရားဟောခြင်း၊
မစ္ဆိမယာမကိစ္စ--- ညဉ့်နောက်ဆုံးယံကို သုံးပုံပုံတစ်ပုံ စင်္ကြံသွားခြင်း၊
တစ်ပုံ ကျိန်းစက် ခြင်း၊ တစ်ပုံ ကျွတ်ထိုက်သော သတ္တဝါတို့ကို ကြည့်ရှု့ခြင်း ဟူ၍ ငါးပါးဖြစ်သည်။
ဂုဏ်တော်ကား-
အရဟံ --- ပူဇော်အထူးကို ခံတော်မူထိုက်ခြင်း၊
သမ္မာသဗုဒ္ဓ--- ဉေယျဓံတရား အလုံးစုံကို အကုန်အစဉ် သိမြင်တော်မူခြင်း၊
ဝိဇ္ဇာစရဏသမ္ပဇ္ဈ--- ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူခြင်း၊
သုဂတ--- ကောင်းသောစကားကိုဆိုတော်မူခြင်း၊
လောကဝိဒူ--- လောကသုံးပါးကို သိတော်မူခြင်း၊
အနုတ္တရောပုရိသ--- ဆုံးမသင့် ဒမ္မသာရထိ ဆုံးမထိုက်သော သူတို့ကို ဆုံးမရာ၌ အတုမရှိ မြတ်တော် မူခြင်း၊
သတ္ထာဒေဝ--- နတ်လူတို့မနုဿာန ဆရာဖြစ်တော်မူခြင်း၊
ဗုဒ္ဓ--- သစ္စာလေးပါးကို သိတော်မူခြင်း၊
ဘဂဝါ--- ဘုန်းတော်ခြောက်ပါး နှင့် ပြည့်စုံတော်မူခြင်း၊ ဟူ၍ကိုးပါးဖြစ်သည်။
ထိုမှတစ်ပါး မက္ခလိ၊ ပူရဏ၊ အဇိတ၊ ပကုဒ္ဓ၊ နိဂဏ္ဌ၊ သဉ္စယဟူ၍ အယူဝါဒကို ပြုလုပ်တတ်သော တိတ္ထိဆရာကြီး ခြောက်ဦးကိုလည်း ဘုရားဟုခေါ်ဆိုကြသည်။ ထိုသို့ခေါ်ဆို ကြသော်လည်း၊ ယင်းဆရာကြီး ခြောက်ဦးတို့မှာ ယခင်ပြဆို ခဲ့သော ကြီးကျယ်မြင့်မြတ်ခြင်း အမျိုးမျိုးနှင့် မပြည့်စုံသည့် အတွက် ဘုရား မမည်နိုင်ပေ။
Gautama (ဂေါတမ)၊ စင်္ကြာမုနိ သို့မဟုတ် စကြာမုနိ (Shakyamuni) ဟုလည်း သိထားကြသော ("စကြဝတေးမင်းများ၏ ပညာရှိ") သည် ဗုဒ္ဓဘာသာတွင် အဓိက ပုဂ္ဂိုလ်ဖြစ်ပြီး သူ့ဘဝဖြစ်စဉ်၊ ဟောပြောချက်များနှင့် ရဟန်း ဘဝ လိုက်နာရမည့် ဥပဒေများသည် ဗုဒ္ဓဘာသာဝင်များ၏ ယုံကြည်သက်ဝင်ခြင်းခံရပြီးဂေါတမ ဗုဒ္ဓ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူပြီးနောက်တွင် အနှစ်ချုပ်ပြုလုပ်၍ သူ၏နောက်လိုက်တပည့်များက အလွတ်ကျက်မှတ်ထားကြသည်။ Gautama (ဂေါတမ ဗုဒ္ဓ) ၏ မြောက်မြားလှစွာသော အဆုံးအမမျိုးစုံ စုဆောင်းထားရှိခြင်းများသည် နှုတ်ဖြင့်ပြောဆိုခြင်းဓလေ့ဖြင့် လက်ဆင့်ကမ်း ဆင်းသက်လာပြီး နှစ်ပေါင်း ၄၀၀ ခန့်အကြာတွင် ပထမဦးစွာ စာဖြင့်ရေးသားလာကြသည်။
မြင့်မြတ်သော အမှန်တရားလေးရပ် - ထိုဝေဒနာခံစားရခြင်းသည် တည်ရှိခြင်း၏ ရှိရင်းစွဲအစိတ်အပိုင်း တစ်ခုဖြစ်သည်။ ထိုဝေဒနာခံစားရခြင်း၏ မူလသည် မသိခြင်းဖြစ်ပြီး ထိုမသိခြင်း၏ အဓိက လက္ခဏာများသည် သံယောဇဉ်တွယ်တာမှုနှင့် မက်မောတောင့်တခြင်းဖြစ်သည်။ ထိုသံယောဇဉ် တွယ်တာမှုနှင့် မက်မောတောင့်တခြင်းတို့သည် ရပ်စဲနိုင်သည်၊ ပြီးနောက်တွင် မြင့်မြတ်သော လမ်းကြောင်းရှစ်ပါး နောက်သို့ လိုက်ပါခြင်းသည် သံယောဇဉ်တွယ်တာမှုနှင့် မက်မောတောင့်တခြင်းကို ရပ်စဲခြင်းဆီသို့ ဦးတည်လိမ့်မည်ဖြစ်ပြီး ဝေဒနာခံစားရခြင်းကိုပါ ရပ်စဲနိုင်မည်။ မြင့်မြတ်သော လမ်းကြောင်းရှစ်ပါး - မှန်ကန်သော နားလည်ခြင်း၊ မှန်ကန်သော အတွေးအခေါ်၊ မှန်ကန်သော အပြောအဆို၊ မှန်ကန်သော အပြုအမူ၊ မှန်ကန်သော အသက်မွေးဝမ်းကြောင်းမှု၊ မှန်ကန်သော အားထုတ်မှု၊ မှန်ကန်သော သတိရှိမှုနှင့် မှန်ကန်သော အာရုံစူးစိုက်မှု။ မှီခိုအားထားနေရသော မူရင်းဖြစ်ခြင်း- မည်သည့် ဖြစ်စဉ်မဆို 'တည်ရှိနိုင်' သည်မှာ အချိန်ကာလ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို လွှမ်းခြုံထားသည့် ရှုပ်ထွေးလှစွာသော အကြောင်းနှင့်အကျိုး ကွန်ရက်တစ်ခုအတွင်းရှိ အခြားသောဖြစ်စဉ်များ၏ တည်ရှိမှုကြောင့်သာဖြစ်သည်။ အရာအားလုံးသည် သို့ဖြစ်ပါ၍ ပြုပြင်ဖန်တီးခံရပြီး ယာယီသာဖြစ်သည် (အနိစ္စ)၊ ၎င်းတို့တွင် စစ်မှန်သော အမှီအခိုကင်းသည့် ကိုယ်ပိုင်လက္ခဏာမရှိပါ (အနတ္တ)။ လက်ခံထားသော ပိဋကကျမ်းများ၏ အမှားကင်းခြင်းကိုပယ်ချခြင်း- အကယ်၍ အဆုံးအမများသည် ကျွန်ုပ်တို့၏အတွေ့အကြုံများမှနေ၍ ထောက်ခံခြင်းမရှိခြင်းနှင့် ပညာရှိတို့၏ ချီးကျူးခြင်းမရှိပါက ၎င်းတို့ကို လက်မခံသင့်ပါ။ အသေးစိတ်အတွက် Kalama Sutta (ကာလာမ သုတ္တန်) ကိုကြည့်ပါ။
အယူဝါဒတစ်ခုကို တဆင့်ကြားရုံမျှဖြင့် သို့တည်းမဟုတ် သူတပါး ဟောကြားသည်ကို ကြားရုံမျှဖြင့် ထိုအယူဝါဒကို မှန်သည် ဟူ၍လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း ပြောသံကြားရုံနဲ့လည်း မယုံနဲ့။ ရှေးရိုးစဉ်ဆက်စကားရယ်လို့လည်း မယုံနဲ့။ အဲသလိုဖြစ်ဖူးသတဲ့လို့လည်း မယုံနဲ့။ စာပေကျမ်းဂန်ထဲမှာပါတယ်လို့လည်း မယုံနဲ့။ ကိုယ့်ဘာသာ တွေးမိကြံမိတာလောက်ကလေးနဲ့လည်း မယုံနဲ့။ ကိုယ့်ခံယူထားချက်နဲ့ တူတယ်ဆိုရုံနဲ့လည်း မယုံနဲ့။ ကိုယ်ယုံကြည် ရိုသေတဲ့သူရဲ့စကားဆိုပြီးတော့လည်း မယုံနဲ့။
နောက် ကာလာမသားတွေကို လောဘ၊ ဒေါသ၊ မောဟ။ (တပ်မက်မှု၊ အမျက်ထွက်မှု၊ မိုက်မဲတွေဝေမှု) ဆက်ဟောလေ၏။
အယူဝါဒတစ်ခုကို တဆင့်ကြားရုံမျှဖြင့် သို့တည်းမဟုတ် သူတပါး ဟောကြားသည်ကို ကြားရုံမျှဖြင့် ထိုအယူဝါဒကို မှန်သည် ဟူ၍လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် မိမိတို့၏ ဘိုးဘေးစဉ်ဆက် ဆင်းသက်လာသော မိရိုးဖလာ အယူဝါဒဖြစ်သည်ဟူ၍လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် ဤအရာသည် ဤသို့ဖြစ်သည် ဟူသော ကောလဟလဖြင့်လည်း သို့တည်းမဟုတ် ထိုအယူဝါဒကို ယုံကြည်ကိုးကွယ်သူများသည် ဟူ၍လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
အယူဝါဒတစ်ခု၏ မိမိတို့သင်ထားသော စာများနှင့် ညီညွတ်ရုံမျှဖြင့်လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း ၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
အယူဝါဒတစ်ခု၏ မိမိကြံစည်ထားသောအကြံအစည် အတွေးအခေါ်နှင့် ကိုက်ညီသည် သိုတည်းမဟုတ် မိမိ အယူဝါဒခြင်း တူသည် ဟူ၍ လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေ သည် သူတစ်ပါးတို့ လုပ်နည်းကိုင်နည်းကို သဘောကြ၍ သို့တည်းမဟုတ် ထိုအယူဝါဒကို သူတပါးတို့ ကိုးကွယ်ယုံကြည် သည် ဟူ၍လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်းမဆုံးဖြတ်သင့်ပေ။
အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် မိမိတို့ ယုံကြည်ထိုက်သောပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟု ပုဂ္ဂိုလ်စွဲအားဖြင့်လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် ငါတို့၏ ဆရာစကား ဖြစ်ရုံမျှဖြင့်လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်းမဆုံးဖြတ်သင့်ပေ။
အယူဝါဒတစ်ခုမှ လာသော အဆုံးအမ၊ လမ်းစဉ်တွေသည် ကောင်းလည်းမကောင်း၊ အပြစ်လည်းမကင်း၊ ပညာရှိတို့ ကဲ့ရဲ့စရာလည်းဖြစ်၏။ ထိုလမ်းစဉ်အတိုင်း ကျင့်ကြံလျှင် (မိမိအားလည်းကောင်း၊ သူတပါးအားလည်းကောင်း၊ လောကအားလည်းကောင်း) စီးပွားမဲ့ ဒုက္ခရောက်ဖို့ဖြစ်၏- ဟု ကိုယ်တိုင် နားလည်လာသောအခါမှသာ ထိုအယူဝါဒကို စွန့်လွှတ်သင့်ပါသည်။
အယူဝါဒတစ်ခုမှ လာသော အဆုံအမ၊ လမ်းစဉ်တွေသည် ကောင်းလည်းကောင်း၊ အပြစ်တို့ မှလည်းကင်း၊ ပညာရှိတို့ ချီးမွှမ်းစရာလည်းဖြစ်၏။ ထိုလမ်းစဉ်အတိုင်း ကျင့်ကြံလျှင် (မိမိအားလည်းကောင်း၊ သူတပါးအားလည်းကောင်း၊ လောကအားလည်းကောင်း) ကောင်းသောအကျိုးစီးပွားဖြစ်ဖို့သာရှိ၏- ဟု ကိုယ်တိုင်နားလည်လက်ခံ နိုင်သောအခါမှသာ ထိုအယူဝါဒကို စွဲမြဲစွာလက်ခံသင့်ပါသည်။
ထိုဟောကြား ချက်မှာ အယူဝါဒတခု၏ အမှားအမှန်ကို ဆုံးဖြတ်ရာတွင် တဆင့်ကြားမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု လက်မခံသင့်၊ မိရိုးဖလာ အယူဝါဒဖြစ်၍လည်း လက်မခံသင့်၊ ဤအရာသည် ဤသို့ဖြစ်သကဲ့ဟူသော ကောလာဟာလဖြင့်လည်း လက်မခံသင့်၊ ကျမ်းဂန်စာပေနှင့် ညီညွတ်သည်ဆိုရုံနှင့်လည်း လက်မခံသင့်၊ မိမိတို့ ယုံကြည်ထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟုဆိုကာ ပုဂ္ဂိုလ်စွဲဖြင့်လည်း လက်မခံသင့်၊ မိမိတို့ လေးစားသော ဆရာ၏ စကားဖြစ်သည်ဟုဆိုကာ ဆရာစွဲဖြင့်လည်း လက်မခံသင့်ဘဲ ဝေဖန်ဆန်းစစ်ကာ လက်တွေ့လုပ်ကြည့်၍ အကျိုးရှိသည့် အယူဝါဒ ( ဝိဘဇ္စဝါဒ) ကိုသာ လက်ခံရမည် ဆိုသည့်အချက် ဖြစ်သည်။
Anicca (အနိစ္စ) - ထိုအရာအားလုံးသည် အမြဲမတည်ရှိနိုင်ပါ။
Dukkha (ဒုက္ခ) - ထိုသတ္တဝါအားလုံးတို့သည် မပြတ်သားသောစိတ်ကြောင့် အခြေ အနေများအားလုံးမှ ဒုက္ခခံစားရသည်။
Anatta (အနတ္တ) - မပြောင်းလဲသော "မိမိကိုယ်ကို" ဟူသောအမြင်သည် အတွေးမှားတစ်ခုသာ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ၊ အချို့သော မဟာယာနကျောင်းများတွင် ထိုအချက်များကို အနည်း သို့မဟုတ် အများ အားဖြင့် အကူအပံ့သဘောမျှသာဖြစ်ကြောင်း သတ်မှတ်လာပြီဖြစ်သည်။ ဗုဒ္ဓအဆုံးအမများ၏ ပို၍နက်နဲသော ရှုထောင့်များနှင့် ရဟန်းတော်များအတွက် အချို့သော စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာဥပဒေများ တို့ အပေါ်တွင် သဘောမတူညီမှုအချို့ကို များစွာသော ဗုဒ္ဓဘာသာကျောင်းများ အတွင်းတွင် တွေ့ရသည်။
တရားရှုမှတ်သင်ကြားခြင်း၏ ဆုလာဒ်သည် ဤဘဝတွင် သင့်ကိုယ်သင်ပေးနိုင်သည့် အကြီးမားဆုံးသော ဆုလာဒ်ဖြစ်သည်။ တရားရှုမှတ်ခြင်းသည် သင်၏သဘာဝအမှန်တရားများကို ရှာဖွေရန်ခရီးကို တာဝန်ယူ အာမခံထား နိုင်သည့် တစ်ခုတည်းသော အကြောင်းတရားဖြစ်သည်။ ထိုသို့လုပ်ခြင်းအားဖြင့် ကောင်းသော ရှင်သန်ခြင်းနှင့် ကောင်း သောသေဆုံးခြင်းကို လိုလားသောသင်၏တည်ငြိမ်မှုနှင့် ယုံကြည်မှုတို့ကိုတွေ့မြင်လာမည်။ တရားရှုမှတ်ခြင်းသည် ဉာဏ်အလင်းရရှိစေသည့် လမ်းဖြစ်သည်။