Please download the full paper here
မြန်မာနိုင်ငံ၏ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများ စီမံခန့်ခွဲမှုအားသယံဇာတဖက်ဒရယ်ဝါဒအမြင်ဖြင့် လေ့လာခြင်း
Nyein Chan, Haruno & Nway Oo Ko Ko
မြန်မာနိုင်ငံသည် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံ၍ ပြည်ထောင်စုတည်ဆောက်ရန် ဦးတည်ချက်ဖြင့် အဘက်ဘက်မှ ကြိုးပမ်းလျက်ရှိရာ သဘာဝ သယံဇာတများနှင့် ဆက်စပ်၍ အတိတ်တွင်ဖြစ်ပွားခဲ့သော ပြဿနာများမှ သင်ခန်းစာများ ရယူ၍ အနာဂတ်ဖက်ဒရယ်နိုင်ငံတွင် သဘာဝသယံဇာတများကို ဖက်ဒရယ်စနစ်ဖြင့် စီမံခန့်ခွဲနိုင်ရန်မှာ နိုင်ငံတည်ဆောက်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ထို့အတူ ပြည်သူလူထု၏ နိုင်ငံရေးအသိအမြင် ပိုမိုပွင့်လင်းလာသည်နှင့်အမျှ မျှော်မှန်းထားသော အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး၏ သဘာဝသယံဇာတကဏ္ဍတွင် ထည့်သွင်းစဉ်းစားသင့်သည့် သယံဇာတ ဖက်ဒရယ်ရေးရာ အသိအမြင်များကို လေ့လာဖော်ထုတ်မည့် သုတေသနများလည်း လိုအပ်လာသည်။ ယခင် သယံဇာတဖက်ဒရယ်စနစ်နှင့် ပတ်သက်၍လေ့လာချက်များတွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ကဏ္ဍသည် လစ်ဟာလျက်ရှိသည်။ ဤသုတေသနတွင် ယခင်ထုတ်ဝေထားသော စာတမ်းများအားလေ့လာ၍ လည်းကောင်း၊ ကြိုတင်ပြင်ဆင်ထားသော မေးခွန်းလွှာဖြင့် စစ်တမ်းကောက်ယူခြင်းနှင့် Key Informant Interview နည်းလမ်းများအသုံးပြု၍လည်းကောင်း ကမ္ဘာနှင့်အဝှမ်းကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှု ပြဿနာများနှင့် တိုက်ရိုက်ဆက်စပ်နေပြီး မြန်မာနိုင်ငံ၏ အရေးပါသော သဘာဝသယံဇာတ အရင်းအမြစ်တခုဖြစ်သည့် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများ စီမံခန့်ခွဲရေးအား သယံဇာတဖက်ဒရယ်ရှုထောင့်မှ ဆန်းစစ်လေ့လာ ထားပါသည်။ တွေ့ရှိချက်များအနေဖြင့် ခေတ်အဆက်ဆက် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ သယံဇာတ ပိုင်ဆိုင်ခွင့်၊ စီမံအုပ်ချုပ်ခွင့်နှင့် ဘဏ္ဍာရေးဆိုင်ရာအစီအမံများတွင် ဗဟိုချုပ်ကိုင်မှု ကြီးမားခဲ့မှုများနှင့် ၂၀၀၈-ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ အဆိုပါဗဟိုချုပ်ကိုင်မှုများကို အနည်းငယ်လျှော့ချထားသော်လည်း ဥပဒေ ပြုရာတွင်လည်းကောင်း၊ လုပ်ငန်းများလက်တွေ့အကောင်အထည်ဖော်ရာတွင်လည်းကောင်း အားနည်းချက်များကို တွေ့ရှိရပြီး၊ အခြားဖက်ဒရယ် နိုင်ငံများ၏ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ပိုင်ဆိုင်ခွင့်ပုံစံ၊ စီမံအုပ်ချုပ်ခွင့်အာဏာနှင့် ဘဏ္ဍာရေးအစီအမံများအပေါ် လေ့လာတွေ့ရှိချက်များနှင့် မြန်မာနိုင်ငံ၏ အနာဂတ် ဖက်ဒရယ်သယံဇာတကဏ္ဍတွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ပိုင်ဆိုင်ခွင့်၊ စီမံအုပ်ချုပ်ခွင့်နှင့် ဘဏ္ဍာရေးဆိုင်ရာ အစီအမံများအပေါ် မျှော်မှန်းချက်များကိုပါ ထည့်သွင်းဖော်ပြထားပါသည်။ တွေ့ရှိချက်များအပေါ် အခြေပြု၍ သယံဇာတထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲမှုအာဏာအများဆုံး ရရှိသင့်သည့် ပြည်နယ်အစိုးရထံသို့ အချုပ်အခြာအာဏာ ခွဲဝေကျင့်သုံးသည့် နိုင်ငံရေးစနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် အခြေတည်၍ သယံဇာတမူဝါဒကို ချမှတ်ရန်လိုအပ်ကြောင်း၊ တိုင်းရင်းသားလူမျိုးစုအားလုံးနှင့် လူနည်းစု၏ အခွင့်အရေးများကို အသိအမှတ်ပြု၊ အကာအကွယ် ပေးနိုင်သည့် ဖွဲ့စည်းပုံဖြင့် အစိုးရအလွှာများအကြား ရှင်းလင်းတိကျသော နိုင်ငံရေးအာဏာခွဲဝေမှုရှိရန် လိုအပ်ကြောင်း၊ သစ်တောအပါအဝင် သယံဇာတမူဝါဒကို မချမှတ်မီ ဖက်ဒရယ်မြေယာမူဝါဒကို ခိုင်မာအားကောင်းစေရန် အရေးကြီးကြောင်း၊ မူဝါဒနှင့် ဥပဒေများ ရေးဆွဲချမှတ်ခြင်းကို မြေပြင်အခြေအနေနှင့် အနီးကပ်ဆုံးရှိသည့် အစိုးရအလွှာမှ တနိုင်ငံလုံးလွှမ်းခြုံသည့် အဆင့်သို့ တည်ဆောက်ယူသည့် (bottom-up) နည်းလမ်းဖြင့် လွတ်လပ်ပွင့်လင်းစွာ ကြိုတင်ချပြဆွေးနွေးသဘောတူညီမှု ရရှိရေးကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်သူလူထုနှင့် အနီးကပ်ဆုံးတည်ရှိ၍ သစ်တောသယံဇာတ ထုတ်ယူသုံးစွဲခြင်း၊ အသုံးချခြင်းနှင့် ထိန်းသိမ်းခြင်း ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများကို ဆောင်ရွက်ကြမည့် အစိုးရဌာနအဖွဲ့အစည်းများအနေဖြင့်လည်း ဝန်ထမ်းဖွဲ့စည်းပုံ၊ စွမ်းဆောင်ရည်၊ ဖက်ဒရယ်အသိအမြင်နှင့် ခံယူချက်များပါ အားကောင်းလာစေရန် ပြုပြင်ပြောင်းလဲရေးအတွက် ရည်ရွယ်သည့် စွမ်းဆောင်ရည်တည်ဆောက်မှု အစီအစဉ်များကိုလည်း ဆောင်ရွက်ရန် လိုအပ်ကြောင်း သုံးသပ်အကြံပြု ထားပါသည်။