လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေကိုကြည့်ပါက ပြဿနာအများစုဟာ နိုင်ငံရေးမတည်ငြိမ်မှုကို အခြေခံရာမှ ပြည်သူလူထုယုံကြည်မှုပျက်စီးခဲ့ရပြီး ထိုမှတဆင့် စီးပွားရေးကျဆင်းမှုဆိုသော ဆက်စပ်မှုကို မြင်တွေ့ရပါတယ်။ ဆိုတော့ ၂၀၂၁ မတိုင်မီနှင့် လက်ရှိအခြေအနေများကို နှိုင်းယှဉ်ကြည့်ကြရအောင်...
၁။ စီးပွားရေးတိုးတက်မှု၏ အခြေခံအချက်ဖြစ်တဲ့ ယုံကြည်မှု (Economic Confidence)ရှုထောင့်
စီးပွားရေးဘောဂဗေဒသီအိုရီတွေအရ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုဟာ ငွေကြေးပမာဏတင်မကဘဲ ယုံကြည်မှု (confidence)၊ တည်ငြိမ်မှု (stability) နှင့် အဖွဲ့အစည်းစနစ်များ (institutions) ပေါ်မှာ အလွန်မူတည်ပါတယ်။ ၂၀၂၁ မတိုင်ခင်ကာလမှာ မြန်မာနိုင်ငံဟာ နိုင်ငံရေးအခြေအနေ အထိုက်အလျောက် တည်ငြိမ်မှုရှိခဲ့ပြီး ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းရှင်များနဲ့ ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် ယုံကြည်နိုင်သောဝန်းကျင်တစ်ရပ်ကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာတော့ ယုံကြည်မှုကျဆင်းခြင်းက စီးပွားရေးလုပ်ငန်းအားလုံးကို အဟန့်အတားဖြစ်စေသော အဓိကအချက်ဖြစ်လာပါတယ်။
၂။ မက်ခရိုဘောဂဗေဒ (Macroeconomics) ရှုထောင့်
ကီး(င်း)ရှန်းသီအိုရီ (Keynesian Aggregate Demand Theory) အရ ရေတို (Short run) တွင် GDPကို သတ်မှတ်ပေးတဲ့အရာက စုစုပေါင်း ဝယ်လိုအား (Aggregate Demand) [GDP(Y) = C + I + G + (X − M) ဖြစ်ပါတယ်။
[GDP = Gross Domestic Product (စုစုပေါင်းကုန်ထုတ်တန်ဖိုး), C = consumption (သုံးစွဲမှုနှုန်း), I = investment (ရင်းနှီးမြှုပ်နှံမှု), G = government purchase (အစိုးရအသုံးစရိတ်), X = exports (ပို့ကုန်), M = imports (သွင်းကုန်), X-M = N = net exports (အသားတင်ပို့ကုန်)]
၂၀၂၁ မတိုင်ခင်ကာလ ရွေးကောက်ခံအစိုးရလက်ထက်မှာ နိုင်ငံစီးပွားရေးကောင်းမွန်ပြီး ပြည်သူလူထုရဲ့ ဝင်ငွေတဖြည်းဖြည်းတိုးတက်လာမှုကြောင့် Consumption (C) တိုးလာခဲ့ပြီး ပြည်တွင်းနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများကြောင့် Investment (I) လည်း အတော်အသင့်ရှိခဲ့ပါတယ်။ ဒါ့အပြင် အထည်ချုပ်၊ သစ်တောမဟုတ်သည့် ကုန်ပစ္စည်းများကြောင့် ပို့ကုန်များလည်း သိသိသာသာတိုးတက်ခဲ့ပြီး Economic Confidence လည်း အတော်အသင့်ကောင်းခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုမိုဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် Aggregate Demand တိုးတက်မှုက GDP တိုးတက်မှုကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။
လက်ရှိကာလတွင်တော့ ဝင်ငွေကျဆင်းမှု၊ အလုပ်လက်မဲ့များပြားလာခြင်း၊ Economic Confidence မရှိခြင်းအပြင် Exports မတည်ငြိမ် / Imports ကန့်သတ်မှုများတို့ကြောင့် Consumption နှင့် Investment နှစ်ခုလုံး ကျဆင်းနေပြီး Aggregate Demand လုံးဝအားနည်းနေပါတယ်။ ဒါကြောင့် GDPသည်လည်း အလိုလို ကျဆင်းလာမှုဖြစ်ပြီး စီးပွားရေးက stagnation အခြေအနေသို့ ဆက်တိုက်ကျရောက်နေပါတယ်။
စစ်ကော်မရှင်က ပြုလုပ်တဲ့ ရွေးကောက်ပွဲပြီးနောက် တက်လာမယ့် ပုံရိပ်ယောင်အစိုးရလက်ထက်တွင်လည်း ဝင်ငွေကျဆင်းမှုကြောင့် စီးပွားရေးတိုးလာဖို့ ဖြစ်နိုင်ချေနည်းပါတယ်။ ဘာလို့ဆို န်ိုင်ငံအဝှမ်းဖြစ်နေတဲ့ ပဋိပက္ခရဲ့နောက်ဆက်တွဲ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ အများကြီးမျှော်လင့်လို့မရနိုင်ပါဘူး။ ဒါ့အပြင် စစ်တပ်က လက်လွှတ်ထားရတဲ့ နယ်စပ်ဂိတ်တွေရဲ့ အခြေအနေတွေအပြင် sanctionတွေကြောင့်လည်း ပို့ကုန်သွင်းကုန် ကဏ္ဍကလည်း ထင်သလောက် များများစားစား တိုးတက်နိုင်ဖို့ ခဲယဉ်းပါတယ်။
၃။ ဈေးနှုန်းနှင့် ငွေကြေး ရှုထောင့် (Inflation)
၂၀၂၁ မတိုင်ခင်ကာလတွင် ငွေကြေးဖောင်းပွမှု (inflation)/ ဈေးနှုန်းမြင့်တက်မှုကို ဗဟိုဘဏ်၏ ငွေရေးကြေးရေးမူဝါဒ (Monetary Policy)ဖြင့် အတော်အသင့် ထိန်းချုပ်နိုင်ခဲ့ပြီး နိုင်ငံခြားငွေကြေး လဲလှယ်နှုန်းလည်း အတည်ငြိမ်ဆုံးအခြေအနေတွင် ရှိခဲ့ပါတယ်။ သို့သော် လက်ရှိကာလတွင်တော့ သွင်းကုန်အခက်အခဲများနှင့် ကျပ်ငွေလဲလှယ်နှုန်းကျဆင်းမှု (Kyat depreciation)နှင့် ငွေရေးကြေးရေးဆိုင်ရာမူဝါဒအပေါ် ယုံကြည်မှုကျဆင်းခြင်း တို့ကြောင့် သီအိုရီအရ Cost-push Inflation ဖြစ်ပေါ်နေပါတယ်။ ဝယ်လိုအားမတိုးဘဲ ဈေးသာတက်နေတာကြောင့် စီးပွားရေးလည်းမတိုးတက်ဘဲ ဈေးသာတက်နေသည့် Stagflation အန္တရာယ်ကို မြင်တွေ့နေရပါတယ်။
၄။ ဘဏ်လုပ်ငန်း ရှုထောင့် (Banking Sector)
ဘဏ်လုပ်ငန်းသီအိုရီအရ ဘဏ်စနစ်ရဲ့ အဓိကလုပ်ဆောင်ချက်မှာ လူထု၏ အစုငွေကို စီးပွားရေးလုပ်ငန်းများသို့ ချေးငွေအဖြစ် ပြန်လည်ပေးခြင်းဖြစ်ပါတယ်။ ၂၀၂၁ မတိုင်ခင်ကာလတွင် ဘဏ်စနစ်အပေါ် ယုံကြည်မှုရှိနေသေးသဖြင့် Digital banking စတင်ဖွံ့ဖြိုးလာခဲ့ကာ ချေးငွေလည်ပတ်မှုများ၊ SME ချေးငွေများ တဖြည်းဖြည်း တိုးတက်လာခဲ့ပါတယ်။ လက်ရှိအခြေအနေတွင်တော့ KPay တွေ ထင်သလိုအပိတ်ခံရခြင်းတွေအပြင် အခြားအကြောင်းအရာများကြောင့် ဘဏ်အပေါ် ယုံကြည်မှုကျဆင်းလာကာ ပြည်သူလူထုက ငွေများကို ရွှေဝယ်ယူခြင်းကဲ့သို့ အခြားနည်းလမ်းများအဖြစ်သုံးခြင်းနှင့် လက်ထဲကိုင်ထားလာတာကြောင့် Cash-based economy ဖြစ်လာကာ Credit creation လုံးဝအားနည်းသွားပါတယ်။
၅။ ဘဏ္ဍာရေးဘောဂဗေဒ (Financial Economics) ရှုထောင့်
ဘဏ္ဍာရေးဘောဂဗေဒ (Financial Economics) အရ ရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ချက်ဟာ Expected Return နှင့် Risk Premium အပေါ် မူတည်ပါတယ်။ ၂၀၂၁ မတိုင်ခင်ကာလမှာ နိုင်ငံရေးအန္တရာယ် (political risk) နည်းပါးသဖြင့် Expected Return သည် Risk ထက် မြင့်မားခဲ့ပြီး အထူးသဖြင့် manufacturing, energy, services sector တို့မှာ FDI ဝင်ရောက်မှုများကို သိသိသာသာ မြင်တွေ့နိုင်ခဲ့ပါတယ်။ လက်ရှိကာလတွင်တော့ နိုင်ငံရေးအန္တရာယ်မြင့်မားလာမှုကြောင့် Risk Premium အလွန်မြင့်တက်ပြီး ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ လုံးဝကျဆင်းသွားပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲပြီးနောက်တွင်လည်း နိုင်ငံရေးအသိအမှတ်ပြုမှု (Political legitimacy) ရနိုင်ခြင်းအပေါ် သံသယဖြစ်ဖွယ်ရှိနိုင်တာကြောင့် Risk premium မြင့်ခြင်း၊ Capital flight ဆက်လက်ဖြစ်နိုင်ချေရှိကာ sustainable investment recovery လည်း မရှိသလောက်အခြေအနေ ဖြစ်နိုင်ပါတယ်။
၆။ စစ်ကော်မရှင်ဦးစီးသော ရွေးကောက်ပွဲပြီးနောက် စီးပွားရေးကောင်းလာမလား။
အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး သံသယများအပြင် မေးခွန်းများစွာလည်း ပေါ်လာပါတယ်။ Institutional Economics အရ စီးပွားရေးတိုးတက်မှုသည် ရွေးကောက်ပွဲရှိခြင်းနှင့် တိုက်ရိုက်မသက်ဆိုင်ဘဲ အရေးအကြီးဆုံးအချက်မှာ ယုံကြည်ရသော အဖွဲ့အစည်းများဖြစ်ခြင်း (Trust on institutions) နှင့် တရားဥပဒေစိုးမိုးရေး (Rule of Law) ဖြစ်ပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲကျင်းပခြင်းတစ်ခုတည်းနဲ့ မလုံလောက်ဘဲနိုင်ငံတကာ လက်ခံမှုမရှိပါက sanctionဆက်လက်ရှိနိုင်ပြီး Economic Confidence နဲ့ ဘဏ်စနစ်အပေါ် ယုံကြည်မှုများ ပြန်လည်မရရှိနိုင်ပါက FDI များ ဝင်ရောက်ရန်လည်း ခက်ခဲနိုင်ပြီး စီးပွားရေးပြန်လည်ကောင်းမွန်လာရန် အလွန်ခက်ခဲပါတယ်။ ဒါကြောင့် စစ်ကော်မရှင် ရွေးကောက်ပွဲပြီးနောက် စီးပွားရေးအခြေအနေ (Post-Election Scenarios)မှာ အောက်ပါအခြေအနေ (၃) မျိုး ဖြစ်နိုင်ပါတယ်။
အခြေအနေ ၁။ ။ ရွေးကောက်ပွဲရှိသော်လည်း နိုင်ငံတကာ လက်ခံအသိအမှတ်ပြုမှု အပြည့်မဝမရနိုင်ဘဲ Sanctions ဆက်လက်ရှိနေကာ FDI ဝင်ရောက်လာခြင်းမရှိဘဲ ကုန်သွယ်ရေးလုပ်ငန်းစဉ်မှာ အကန့်အသတ်အတားအဆီးတွေ ဆက်လက်ရှိနိုင်တယ်။ ဒါ့အပြင် စီးပွားရေးတိုးတက်မှုလည်း ထင်သလောက်မရှိနိုင်ဘဲ ငွေကြေးဖောင်းပွမှုက နဂိုအတိုင်း ဆက်လက်ရှိနေနိုင်ပါတယ်။
အခြေအနေ ၂။ ။ တံခါးပိတ်စီးပွားရေးစနစ်ကို အားပေးသည့် “Closed Economy” မော်ဒယ်အရ လက်ရှိလုပ်နေတဲ့ သွင်းကုန်အစားထိုးနိုင်ရန် ပြည်တွင်းထုတ်လုပ်မှုကို အားပေးနိုင်ချေလည်းရှိနိုင်ပါတယ်။ သို့သော် နည်းပညာကောင်းကောင်း၊ လုံလောက်တဲ့ ငွေကြေး အရင်းအနှီးကြီးကြီးမားမားမရှိတဲ့အပြင် ဈေးကွက်အရွယ်အစားကလည်း အကန့်အသတ်ရှိနိုင်တဲ့အတွက် ထုတ်လုပ်နိုင်စွမ်းနည်းပါးနိုင်ပြီး ရေရှည် စီးပွားရေးဖွံ့ဖြိုးမှု ဖြစ်နိုင်ရန် အလားအလာနည်းပါးနိုင်ပါတယ်။
အခြေအနေ ၃။ ။ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုမရှိလျှင် တိုင်းပြည်ဘဏ္ဍာရေးအတွက် recovery ဖြစ်ရန် ခက်ခဲနိုင်ပါတယ်။ စီးပွားရေးတိုးတက်မှုအတွက် နိုင်ငံရေးအရ အသိအမှတ်ပြုမှု၊ institution အားကောင်းဖို့နှင့် ယုံကြည်မှုလိုအပ်ပါတယ်။ ရွေးကောက်ပွဲတစ်ခုတည်းဖြင့် စီးပွားရေးယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန် မဖြစ်နိုင်ပေ။
နိဂုံးချုပ်ရသော် နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဆိုတာ ငွေကြေးတစ်ခုတည်းအပေါ် အခြေမခံတဲ့အတွက် ငွေကြေးနဲ့ပဲ မဖြေရှင်းနိုင်ပါ။ စီးပွားရေးပြန်လည်တည်ဆောက်ဖို့
(၁) နိုင်ငံရေးအရ တရားဝင် အသိအမှတ်ပြုမှု (Political legitimacy)
(၂) ဘဏ်စနစ်အပေါ် ယုံကြည်မှု
(၃) ငွေကြေးတည်ငြိမ်မှု (တနည်း) ငွေကြေးဖောင်းပွမှုနှုန်း နည်းပါးခြင်း
(၄) တရားဥပဒေစိုးမိုးမှု
(၅) နိုင်ငံတကာ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု စသည်တို့ လိုအပ်ပါတယ်။
၂၀၂၁ မတိုင်ခင် မြန်မာ့စီးပွားရေးဟာ ပြည်ပရင်းနှီးမှုဖိတ်ခေါ်ခြင်း၊ စီးပွားရေးအရ ယုံကြည်မှုနှင့် institution များအပေါ် ယုံကြည်ချက်အခြေခံ၍ တဖြည်းဖြည်းတိုးတက်လာခဲ့ပါတယ်။ လက်ရှိအခြေအနေတွင်တော့ အဆိုပါအချက်များ ပျက်စီးသွားခြင်းကြောင့် GDP ကျဆင်းခြင်း၊ Banking system ပျက်စီးခြင်းနှင့် Investment collapse ဖြစ်ပေါ်လျက်ရှိပါတယ်။ ယုံကြည်မှု၊ တည်ငြိမ်မှု၊ စနစ်ကောင်းမှုတို့ မရှိလျှင်ရွေးကောက်ပွဲတစ်ခုတည်းဖြင့် မြန်မာ့စီးပွားရေး မပြန်ကောင်းနိုင်ပါ။ ဒါ့ကြောင့် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှု၊ နိုင်ငံတကာအသိအမှတ်ပြုမှုနှင့် နိုင်ငံရေးအရ တရားဝင်မှုမရှိဘဲ ရွေးကောက်ပွဲတစ်ခုတည်းဖြင့် စီးပွားရေးပြန်လည်တည်ဆောက်နိုင်မည်မဟုတ် ကြောင်းကို သီအိုရီအရရော လက်တွေ့အရာများကပါ ထောက်ပြနေပါတယ်။
References
Asian Development Bank. Asian Development Outlook – Myanmar
Central Bank of Myanmar
Keynes, J. M. (1936). The General Theory of Employment, Interest and Money.
IMF Reports
Local and International News Agencies
Ministry of Commerce, Government of Myanmar
Ministry of Finance, Government of Myanmar
Mishkin, F. S. (2018). The Economics of Money, Banking and Financial Markets.
North, D. C. (1990). Institutions, Institutional Change and Economic Performance.
Stiglitz, J. E. (2000). Capital Market Liberalization and Economic Growth and Instability. World Development, 28, 1075-1086. https://doi.org/10.1016/S0305-750X(00)00006-1
World Bank. Myanmar Economic Monitor.
မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းလို့ပြောလိုက်ရင် ပုဂ္ဂလိကပိုင်၊ အစိုးရပိုင် နဲ့ စစ်တပ်ပိုင် ဆိုပြီး ယေဘူယျ ၃မျိုးခွဲခြားနိုင်ပါတယ်။ အားလုံးသိကြတဲ့ ပုဂ္ဂလိကပိုင် ဆိုတာကတော့ တစ်သီးပုဂ္ဂလ/ ကုမ္မဏီအဖွဲ့အစည်း/ပုဂ္ဂလိကစီးပွားရေးအဖွဲ့အစည်းတွေက ပိုင်ဆိုင်တဲ့ ဘဏ်လုပ်ငန်း၊ တယ်လီကွန်းလုပ်ငန်း၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း တို့လို လုပ်ငန်းတွေပါဝင်ပါတယ်။ အစိုးရပိုင်လုပ်ငန်းလို့ပြောရင် အမြတ်အစွန်းအများကြီးမရရှိဘဲ၊ အချို့လုပ်ငန်းတွေဆို အရှုံးပြလေ့ရှိတဲ့ ပြည်သူကိုဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းတွေပဲဖြစ်ပါတယ်။ အဆိုပါ လုပ်ငန်းတွေထဲမှာ မြန်မာ့စီးပွားရေးဘဏ်လို ဘဏ်လုပ်ငန်းများ၊ မီးရထား၊ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ BPI စက်ရုံကဲ့သို့ ထုတ်လုပ်ရေး(စက်မှု)လုပ်ငန်းတွေ ပါဝင်ပါတယ်။ စစ်တပ်ပိုင်လုပ်ငန်းတွေကတော့ ကဏ္ဍမျိုးစုံမှာရှိပါတယ်။ ဥပမာပြရရင် မြဝတီဘဏ်၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ MyTel telecom Company အစရှိတဲ့ ဘဏ်လုပ်ငန်း၊ ထုတ်လုပ်ရေးလုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်း အစုံရှိပါတယ်။
ဒီနေရာမှာ အစိုးရပိုင်လုပ်ငန်း နဲ့ ပုဂ္ဂလိကပိုင်လုပ်ငန်းတွေကို နှိုင်းယှဉ်တဲ့အခါ ပုဂ္ဂလိကပိုင်လုပ်ငန်းတွေက အကျိုးအမြတ်ရလေ့ရှိပြီး အစိုးရပိုင်လုပ်ငန်းတွေက အမြတ်နည်းပါးခြင်း၊ အချို့အစိုးရပိုင်လုပ်ငန်းများဆိုလျှင် အရှုံးခံပြီး ဆက်လက်ရပ်တည်နေရခြင်းတို့ကို တွေ့နိုင်ပါတယ်။ လွတ်လပ်ရေးရပြီးကာစ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကလုပ်ငန်းတွေရှင်သန်ပေါများခဲ့ပေမယ့် ၁၉၆၂ခုနှစ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက အရပ်သားဒီမိုကရေစီအစိုးရထံမှ အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ၁၉၆၅ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၈ ဖြင့် ၁၉၆၅ခုနှစ်၊ ဆိုရှယ်လစ်စီးပွားရေးစံနစ်တည်ဆောက်မှုအတွက် လုပ်ပိုင်ခွင့်များအပ်နှင်းသည့်ဥပဒေကို ပြဌာန်းလိုက်ပါတယ်။ အဆိုပါ ဥပဒေအရ ဘဏ်လုပ်ငန်းတွေကအစ ပုဂ္ဂလိကပိုင်လုပ်ငန်းတွေကို မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်စနစ်ဖြင့် ပြည်သူပိုင်(Nationalization) သိမ်းယူလိုက်တဲ့အခါမှာ ပုဂ္ဂလိကစီးပွားရေးကဏ္ဍ မှေးမှိန်သွားခဲ့ရတယ်။ သို့သော်လည်း ၁၉၈၉ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) လက်ထက်မှာတော့ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများဥပဒေကို ၃၁-၃-၁၉၈၉ရက်စွဲပါ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥပဒေအမှတ် (၉/၈၉)ဖြင့် ထုတ်ပြန် ပြဌာန်းခဲ့ပါတယ်။ အဆိုပါဥပဒေတွင် ကျွန်းသစ်ထုတ်လုပ်ခြင်း၊ ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်း၊ လေကြောင်းပို့ဆောင်ရေးလုပ်ငန်းနှင့် ရထားပို့ဆောင်ရေးလုပ်ငန်း၊ စာတိုက်နှင့်ကြေးနန်းဆက်သွယ်ရေးလုပ်ငန်းအစရှိသော လုပ်ငန်းပေါင်းများစွာကို အမျိုးအစား(၁၂)မျိုးခွဲ၍ အဆိုပါလုပ်ငန်းများကို အစိုးရကသာ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများအဖြစ် လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိကြောင်း အခန်း(၂)၊ ပုဒ်မ ၃တွင် ပြဌာန်းထားပါတယ်။ သို့သော်လည်း ပုဒ်မ ၄တွင် အဆိုပါ ပုဒ်မ ၃ အရ အစိုးရကသာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် သတ်မှတ်ထားသော စီးပွားရေးလုပ်ငန်းတစ်ရပ်ရပ်ကို ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အကျိုးစီးပွားအလို့ငှာ အစိုးရနှင့်အခြား မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် မည်သည့်စီးပွားရေးအဖွဲ့အစည်းကမဆို ဖက်စပ်လုပ်ကိုင်ဆောင်ရွက်နိုင်ရန်ဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦးသို့မဟုတ် စီးပွားရေးအဖွဲ့အစည်းတစ်ခုခုက စည်းကမ်းသတ်မှတ်ချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရန်ဖြစ်စေ အမိန့်ကြော်ငြာစာထုတ်ပြန်၍ ခွင့်ပြုနိုင်သည် ဟုလည်းပြဌာန်းထားပါသည်။ အဆိုပါ ဥပဒေပုဒ်မ ၄အရ ဖက်စပ်လုပ်ကိုင်ခြင်း (Corporation)နှင့် ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း(Privatization)တို့အတွက် လမ်းစတစ်ခုဖြစ်လာခဲ့ပါသည်။
နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကပိုင်လုပ်ငန်းများကဲ့သို့ သင့်လျော်သောအကျိုးအမြတ်ရရှိစေရန် အဓိကထိန်းကျောင်းဆောင်ရွက်ရသော ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ကို နဝတအဖွဲ့အတွင်းရေးမှူး(၁)က ဥက္ကဋ္ဌ၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီး စုစုပေါင်းအဖွဲ့ဝင်(၂၀)ဦးပါဝင်သည့် အဆိုပါကော်မရှင်ကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ၉-၁-၁၉၉၅ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၀/၉၅)ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အဆင့်ဆင့်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးက ၄-၅-၂၀၁၆ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၁၆)ဖြင့် ဒုတိယသမ္မတ(၁)က ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အတွင်းရေးမှူးအဖြစ်တာဝန်ယူပြီး အဖွဲ့ဝင်(၁၂)ဦးပါဝင်သည့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ကို (၉)ကြိမ်မြောက် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ဒါ့အပြင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့တွင် စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၈-၃-၂၀၂၁ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၄၁/၂၀၂၁)ဖြင့် နစကဒုတိယဥက္ကဋ္ဌက ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက အတွင်းရေးမှူးအဖြစ်တာဝန်ယူပြီး အဖွဲ့ဝင်(၁၁)ဦးပါဝင်သည့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။
အဆိုပါ ပုဂ္ဂလိကပြုလုပ်ရေးကော်မရှင်၏ ရုံးလုပ်ငန်းများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (ယခင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန) အောက်ရှိ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနက ဆောင်ရွက်ပေးရပါတယ်။ ထို့ပြင် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က ဘယ်လိုလုပ်ငန်းတာဝန်တွေကို ဆောင်ရွက်ရသလဲဆိုရင် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ နိုင်ငံပိုင်အချိုးအစားကိုလျော့ချ၍ ပုဂ္ဂလိကပိုင်အချိုးအစားသို့ ပြောင်းလဲတိုးတက်လုပ်ဆောင်နိုင်ရန်အတွက် ပုဂ္ဂလိကပြုလုပ်ရေးလုပ်ငန်းစဉ်များအား စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စွမ်းဆောင်ရည်ကျဆင်းလျက်ရှိသည့် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံနှင့် စီးပွားရေးလုပ်ငန်းများအား စွမ်းဆောင်ရည်တိုးတက်စေရေးအတွက် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးနည်းလမ်းများအား အသုံးပြု၍ ဆောင်ရွက်ခြင်း၊ အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ခြင်း(Public-Private Partnership - PPP) ပုဂ္ဂလိက-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ခြင်း (Private-Private Partnership)လုပ်ငန်းဆောင်ရွက်ခြင်းဖြင့် အရင်းအနှီးများ တိုးတက်ရရှိလာခြင်းစသည့် အကျိုးကျေးဇူးများဖြစ်ပေါ်လာစေရေးဆောင်ရွက်ပေးရန်၊ ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းကော်မတီများဖွဲ့စည်းရန်နှင့် ယင်းတို့၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးခြင်းအစရှိသည့် လုပ်ငန်းတာဝန်အမျိုးအစား (၁၃)မျိုးကို အဓိကလုပ်ဆောင်ရပါတယ်။
ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းသည် နိုင်ငံတော်အကျိုးဖြစ်ထွန်းစေသော ကောင်းကျိုးများရှိသကဲ့သို့ ဆိုးကျိုးများလည်းရှိပါတယ်။ နိုင်ငံတော်ကိုထိန်းကျောင်းမောင်းနှင်ရေးယန္တရားတွင် အဂတိတရားရှိခြင်း၊ တင်ဒါခေါ်ယူရာတွင် စီးပွားရေးကို လက်ဝါးရိုက် လာဘ်သိပ်ထိုး (under-the-table) ပြီး လွှဲပြောင်းရယူခြင်း အစရှိသည်တို့ရှိပါက ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ အရပ်သားအစိုးရလက်ထက်တွင်ပင် အဂတိတရားရှိနိုင်တာကြောင့် စစ်တပ်အုပ်ချုပ်သည့်ကာလ (ယခု စစ်ကောင်စီ၊ ယခင် နဝတ၊ နအဖ လက်ထက်)တွင် ပို၍ပင် ဆိုးရွားလာနိုင်ပါတယ်။ နောက်တစ်ချက်က အဆိုပါ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်သည် စစ်ကောင်စီဒုတိယဥက္ကဋ္ဌကိုယ်တိုင် ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသည့်အတွက် လုပ်ပိုင်ခွင့်အရရော၊ လုပ်နည်းအရရော စိတ်ကြိုက်ဆောင်ရွက်နိုင်ချေလည်းရှိပါတယ်။ ၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီးသည့်နောက်ပိုင်း ၎င်းကို ဆန့်ကျင်သော အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ပြည်သူများ၏နေအိမ်၊ ပိုင်ဆိုင်မှုများကို ချိတ်ပိတ်သိမ်းဆည်းခြင်းပြုလုပ်ခဲ့သည်မှာ များစွာရှိနေပါသည်။ ချိတ်ပိတ်သိမ်းဆည်းသည်ဆိုသည်မှာ နိုင်ငံတော်ပိုင်ပစ္စည်းများအဖြစ် သတ်မှတ်လိုက်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် အဆိုပါပစ္စည်းများသည် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏လက်အောက်သို့ ရောက်ရှိသွားပြီး ပုဂ္ဂလိကသို့ လွှဲပြောင်းပေးအပ်ခြင်းတို့ လုပ်ဆောင်နိုင်ပါတယ်။ အဆိုပါပစ္စည်းများတွင် မြေနှင့် အဆောက်အဦများ နှင့် မြေကွက်များ အဓိကအားဖြင့် ပါဝင်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆိုပါကော်မရှင်၏ ပုဂ္ဂလိကသို့လွှဲပြောင်းရန် တင်ဒါခေါ်ခြင်းကို တရားမဝင်ကြောင်းနှင့် ဝယ်ယူထားမိပါက နိုင်ငံပိုင်အဖြစ်ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်းကိုလည်း ၂၀၂၀အထွေထွေရွေးကောက်ပွဲရလဒ်အရ ပြည်သူ့ဆန္ဒနှင့်အညီ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ ခန့်အပ်တာဝန်ပေးထားသော အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ ၉-၇-၂၀၂၁ ရက်စွဲပါ ကြေညာချက်အမှတ် (၅/၂၀၂၁)ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးလည်းဖြစ်ပါသည်။
ထို့ကြောင့် အဆိုပါ နိုင်ငံပိုင်မြေနှင့်အဆောက်အဦ၊ မြေကွက်တို့ကို ဝယ်ယူမည့်သူများအနေဖြင့် စဉ်းစားကြရန်နှင့် စစ်တပ်အာဏာသိမ်းကာလတွင် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်အနေဖြင့် နိုင်ငံတော်အကျိုးထက် စစ်ကောင်စီ၏ ထိန်းချုပ်မှုအတိုင်းသာ လိုက်နာရနိုင်ဖွယ်ရှိကာ ၎င်း၏အခန်းကဏ္ဍသည် ကြီးမားပြီး နိုင်ငံတော်စီးပွားရေးအတွက် မျှော်ကိုးပါက ကောင်းကျိုးဖြစ်စေနိုင်ပြီး ဥပဒေအကြောင်းပြကာ မတရားချိတ်ပိတ်သိမ်းဆည်းထားသော ပြည်သူများ၏ပိုင်ဆိုင်မှုများကို နိုင်ငံတော်ပိုင်အတင်းအဓမ္မသတ်မှတ်ကာ ပြန်လည်ရောင်းချခြင်းဆောင်ရွက်ပါက ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတော်၏စီးပွားရေးကို အထောက်အကူပြုရန် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်သည် အရေးပါသောအခန်းကဏ္ဍက ပါဝင်လျက်ရှိကြောင်း တင်ပြလိုက်ရပါတယ်။
ရည်ညွှန်း
(၁) ၁၉၆၅ ခုနှစ်၊ ဆိုရှယ်လစ် စီးပွားရေးစံနစ် တည်ဆောက်မှုအတွက် လုပ်ပိုင်ခွင့်များအပ်နှင်းသည့် ဥပဒေ
(၂) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန website. ရယူရန် https://www.mopf.gov.mm/my/page/planning/project-appraisal-progress-reporting-department-paprd/322
(၃) နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများဥပဒေ
(၄) နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများဥပဒေကို ပြင်ဆင်သည့်ဥပဒေ
(၅) အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန Website. ရယူရန် https://mopfi.nugmyanmar.org/my/announcement-5-2021/
(၆) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး လူမှုကွန်ရက်စာမျက်နှာ
(၇) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ ၁၂-၈-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၆)
(၈) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၈-၃-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၁/၂၀၂၁)