နိုင်ငံတစ်နိုင်ငံအတွက်သော်လည်းကောင်း၊လူမျိုးတစ်မျိုးအတွက်သော်လည်းကောင်း၊ လူ့အဖွဲ့အစည်းတစ်ရပ် အတွက်သော်လည်းကောင်း ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်ပေးနိုင်မဲ့ အဓိကရင်းမြစ်ဟာ ပညာရေးပဲဖြစ်တယ်လို့ ကမ္ဘာအဝှမ်းက လက်ခံထားကြပါတယ်။ လူ့အဖွဲ့အစည်းတွေအတွက် ကျန်းမာရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေးကဏ္ဍ စတဲ့ မည်သည့်ကဏ္ဍမှာမဆို ကျင်လည်လုပ်ကိုင်ကြရသူများဟာ တစ်ချိန်ကအခြေခံပညာထွက် ကျောင်းသား၊ကျောင်းသူများပါပဲ။ ဒီနေရာမှာ မေးစရာ မေးခွန်းတွေရှိလာပါတယ်။
ဤကမ္ဘာလောကမှာရှိတဲ့ သတ္တဝါတွေထဲမှာ လူသားဟာ အသိဉာဏ်ပညာအမြင့်မားဆုံးဖြစ်တယ်လို့ လက်ခံထားကြပါတယ်။ ခွေးကလေး၊ ကြောင်ကလေး၊ ငှက်ကလေးတွေတောင် အစားအစာစားသောက်တတ်ဖို့၊ လမ်းလျှောက်တတ်ဖို့၊ သားကောင်ရှာတတ်ဖို့၊ အပျံသင်တတ်ဖို့ အမျိုးမျိုး သင်ယူကြရပါတယ်။ လူသားတွေအတွက်ကတော့ တိရစ္ဆာန်ကလေးတွေထက် အဆပေါင်းများစွာ သင်ယူလေ့လာမှု ပြုနေကြတာဖြစ်ပါတယ်။ "ဃရာဝါသောဗဟုကိစ္စော - ကိစ္စများမြောင် ဤလူ့ဘောင်" လို့ အဆိုရှိတဲ့အတိုင်း လူမှုကိစ္စအဝဝကို ဆောင်ရွက်နိုင်ဖို့ လေ့လာသင်ယူမှုပေါင်းများစွာကို လုပ်ဆောင်ကြရပါတယ်။