Venerable Shwesin Sayardaw Buddhanta Gandhamala Lingara (Buddhanta Gandhamālā Liṅgāra)
The 9th Tipiṭaka Honored Buddhist Monk
(Biography)
ရွှေစင်တိပိဋကဓရဆရာတော်
ဘဒ္ဒန္တဂန္ဓမာလာလင်္ကာရ
(ဘဝဖြစ်စဉ်)
(Biography)
(ဘဝဖြစ်စဉ်)
မြန်မာနိုင်ငံတော် သာသနာ့သမိုင်းတွင် နိုင်ငံတော်၏ နဝမမြောက် “တိပိဋကဓရ” ဆရာတော်ဖြစ်လာသော
ရွှေစင်တိပိဋကဓရ ဆရာတော်ဘဒ္ဒန္တဂန္ဓမာလာလင်္ကာရ
၏ဘဝဖြစ်စဉ်
ဇာတိချက်ကြွေ မွေးရပ်မြေ
မြန်မာနိုင်ငံ၏ နဝမမြောက် ရွှေစင်တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တဂန္ဓမာလာလင်္ကာရကို မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ် ၊ လေးအိမ်တန်းကျေးရွာအုပ်စု ၊ ကျောင်းကုန်းရွာ ခမည်းတော် ဦးထင်ပေါ် + မယ်တော် ဒေါ်ပွားတို့မှ ၁၃၂၉- ခုနှစ် တပေါင်းလဆန်း (၆) ရက် တနင်္လာနေ့တွင် ဖွားမြင်ပါသည် ။ မွေးချင်း (၄) ဦးအနက် ဒုတိယမြောက် သားရတနာဖြစ်ပြီး ငယ်နာမည်မှာ ‘‘မောင်ခင်မောင်အေး’’ ဖြစ်ပါသည် ။ အသက် (၇) နှစ်အရွယ်ရောက်သောအခါ မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ် ၊ လေးအိမ်တန်း ကျေးရွာအုပ်စု ၊ ကျောင်းကုန်းရွာ ရွှေညောင်ပင်ကျောင်း ဆရာတော် ဘဒ္ဒန္တသုန္ဒရ ထံ မိဘများက အပ်နှံ၍ ကျောင်းသားဘဝဖြင့်ပင် သင်ပုန်းကြီး၊ ပရိတ်ကြီး (၁၁) သုတ် စသော ကလေးငယ်များ တတ်သင့်တတ်ထိုက်သော ဗုဒ္ဓဘာသာ အခြေခံပညာများ သင်ကြားခဲ့ပါသည် ။
သာမဏေဘဝမှာ ရှင်ဂန္ဓမာလာ
၁၃၃၈-ခုနှစ် အသက် (၉) နှစ်အရွယ်သို့ ရောက်သောအခါ မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာအုပ်စု၊ ကျောင်းကုန်းရွာ ရွှေညောင်ပင်ကျောင်းဆရာတော် ဘဒ္ဒန္တသုန္ဒရကို ဥပဇ္ဈာယ်ပြု၍ မိဘများဖြစ်ကြသော ဦးထင်ပေါ် + ဒေါ်ပွား တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ သာသနာ့ဘောင်သို့ စတင်ဝင်ရောက်ခဲ့ပါသည် ။
ကိုရင်ဘွဲ့နာမည်မှာ ‘‘ရှင်ဂန္ဓမာလာ’’ ဖြစ်ပါသည် ။ သာမဏေ ရှင်ဂန္ဓမာလာ သည် ရွှေညောင်ပင်ကျောင်း ဆရာတော် ဘဒ္ဒန္တသုန္ဒရ၊ စာချဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓတို့ထံ၌ (၂) နှစ်ခန့်မျှ ရှင်ကျင့်ဝတ်, သဒ္ဒါ, သင်္ဂဟ စသော အခြေခံပါဠိ စာပေများကို သင်ယူခဲ့ပါသည်။
၁၃၄၀-ခုနှစ် အသက် (၁၁) နှစ်အရွယ်သို့ရောက်သောအခါ ခမည်းတော် ဦးထင်ပေါ် ၏ ဇာတိဖြစ်သော မကွေးတိုင်း၊ ရေစကြိုမြို့နယ် ၊ မဲကုန်းရွာ၊ ညောင်ပင်ကျောင်းသို့ ပြောင်းရွေ့၍ ဆရာတော်ဘဒ္ဒန္တဥတ္တရ အထံ၌ မြို့စာသင်တိုက်ကြီးများသို့တက်လျက် စာမေးပွဲများ အသီးသီး ဖြေဆိုနိုင်ရန် အခြေခံပါဠိစာပေများကို ထပ်မံ၍ စနစ်တစ်ကျ သင်ယူခဲ့ရပြန်ပါသည် ။ ထိုအချိန်ကပင်လျှင် ‘‘ရှင်ဂန္ဓမာလာ’’သည် ဉာဏ်ကောင်းသော ကိုရင်အဖြစ် နာမည်ကြီး ခဲ့ပါသည် ။
၁၃၄၂-ခုနှစ် အသက် (၁၃) နှစ်အရွယ်သို့ ရောက်သောအခါ ညောင်ပင်ကျောင်း ဆရာ တော် ဘဒ္ဒန္တဥတ္တရ ၏ အဆက်အသွယ် လိုက်လံအပ်နှံမှုဖြင့် အမရပူရမြို့၊ ကျမ်းပြုအကျော် မဟာဂန္ဓာရုံ ဆရာတော်ကြီး၏ ကျောင်းတိုက်သို့ ရောက်ရှိပြီး ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒောဘာသ နှင့် နာယကစာချ ဆရာတော်များအထံ၌ ပါဠိစာပေများ ဆက်လက် သင်ကြား အားထုတ် ခဲ့ပါသည် ။ ထိုအမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်၌နေစဉ် ကျောင်းတွင်း စာမေးပွဲများ ဖြစ်ကြ သော အခြေခံမူလတန်း, ပထမတန်းရှေ့ပိုင်း, ပထမတန်းနောက်ပိုင်း စာမေးပွဲများကို ဖြေဆို အောင်မြင်ခဲ့ပါသည်။
အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်၌ (၂) နှစ်မျှ နေထိုင်ပညာသင်ကြားပြီးနောက် ၁၃၄၄-ခုနှစ် အသက် (၁၅) နှစ်အရွယ်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ၊ သဒ္ဓမ္မပဇ္ဇောတာရုံကျောင်း တိုက်သို့ ပြောင်းရွေ့ကာ ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနာဂဝံသ၊ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဉာဏိဿရ နှင့် စာချနာယက ဆရာတော်များ အထံ၌ ပညာများ ဆက်လက်သင်ကြားခဲ့ပါသည်။
ထိုသို့သင်ကြားရင်းဖြင့် အစိုးရပထမပြန်စာမေးပွဲများ မန္တလေးမြို့၊ ပရိယတ္တိသာသန ဟိတသကျသီဟအသင်းကြီးက ကျင်းပသော ‘‘ပရိယတ္တိသာသနာလင်္ကာရ သာမဏေကျော်” စာမေးပွဲ များကို ဝင်ရောက်ဖြေဆိုခဲ့ရာ.....
၁၃၄၄-ခုနှစ်တွင် အစိုးရပထမပြန်စာမေးပွဲ ‘‘ ပထမငယ်တန်း” နှင့် ပရိယတ္တိသာသနာ လင်္ကာရ သာမဏေကျော် စာမေးပွဲ ‘‘ပထမဆင့်”ကို၎င်း
၁၃၄၅-ခုနှစ်တွင် အစိုးရပထမပြန်စာမေးပွဲ ‘‘ ပထမလတ်တန်း” နှင့် ပရိယတ္တိသာသနာ လင်္ကာရ သာမဏေကျော် စာမေးပွဲ ‘‘ဒုတိယဆင့်”ကို၎င်း
၁၃၄၆-ခုနှစ်တွင် အစိုးရပထမပြန်စာမေးပွဲ ‘‘ ပထမကြီးတန်း’’ ကို၎င်း အသီးသီး အောင် မြင် ခဲ့ပါသည်။
၁၃၄၇-ခုနှစ်တွင် ပရိယတ္တိသာသနာ လင်္ကာရ သာမဏေကျော် စာမေးပွဲ ‘‘တတိယဆင့်” ကို ဖြေဆိုအောင်မြင်၍ ‘‘ပရိယတ္တိသာသနာ လင်္ကာရ သာမဏေကျော်’’ဘွဲ့ ဆက်ကပ်ခံရပြီး ‘‘ရှင်ဂန္ဓမာလာ’’ မှ အလင်္ကာရ ဟူသော ဂုဏ်ထူးဘွဲ့တစ်ခု ထပ်ဆင့်လျက် ရှင်ဂန္ဓမာလာလင်္ကာရ ဖြစ်လာခဲ့ပါသည်။
နိုင်ငံတော်မှကျင်းပသောအစိုးရဓမ္မာစရိယစာမေးပွဲတွင်၁၃၄၈-ခုနှစ်၌ သီလက္ခန္ဓဝဂ္ဂပါဠိ+အဋ္ဌကထာကျမ်း၊ ၁၃၄၉-ခုနှစ်၌ဓမ္မသင်္ဂဏီပါဠိ+အဋ္ဌကထာကျမ်း၊ ၁၃၅၀-ခုနှစ်၌ပါရာဇိကကဏ္ဍပါဠိ+အဋ္ဌကထာကျမ်းတို့ကိုဖြေဆိုအောင်မြင်၍ ‘‘သာသနဓဇဓမ္မာစရိယ”ဘွဲ့တံဆိပ်တော်ကိုရရှိတော်မူခဲ့ပါသည်။
ရဟန်းဘဝရောက်ရှိတော်မူခြင်း
သာမဏေကျော် ဓမ္မာစရိယဘွဲ့ရ ရှင်ဂန္ဓမာလာလင်္ကာရသည် ၁၃၄၉-ခုနှစ် ဝါဆိုလဆန်း (၈)ရက်နေ့တွင် မန္တလေးမြို့ မှန်ကင်းပဇ္ဇောတာရုံကျောင်းတိုက် ခဏ္ဍသိမ်တော်၌ စစ်ကိုင်းတိုင်း မုံရွာမြို့ သဒ္ဓမ္မပဇ္ဇောတာရုံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနာဂဝံသ မထေရ်မြတ်ကို ဥပဇ္ဈာယ်ပြု၍ မန္တလေးမြို့ ဒေါ်စိန့်၊ သ္မီး ဒေါ်စန်းရီ မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သောရဟန်းအဖြစ်သို့ရောက်ရှိခဲ့ပါသည်။
အရှင်ဂန္ဓမာလာလင်္ကာရသည် ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋကဓရ ဆရာတော် ဘုရားကြီးနှင့် မန္တလေးတိုင်း မြင်းခြံမြို့ ဖွားဇာတိတူ (မြို့နယ်တူ) ဖြစ်ပြီး ဆရာတော်ဘုရားကြီး ၏ ဂုဏ်သတင်းကို ကြားဖူးကာ အားကျစိတ်ဖြစ်ခဲ့သော်လည်း “တိပိဋကဓရ” ဆရာတော်တစ်ပါး ဖြစ်လာရန်ကား ငယ်စဉ်က မမျှော်မှန်းခဲ့ပါ။
သာမဏေကျော် ဓမ္မာစရိယဘွဲ့ရပြီးနောက် စစ်ကိုင်းတိုင်း မုံရွာမြို့ သဒ္ဓမ္မပဇ္ဇောတာရုံ ကျောင်းတိုက်၌ စာပေပို့ချပေးရင်း ၁၃၄၉-ခုနှစ်တွင် ဝိနယပိဋက ရှေ့ပိုင်း(၂)ကျမ်းဖြစ်သော ပါရာဇိကဏ်ပါဠိတော်၊ ပါစိတ်ပါဠိတော်ကျမ်းများကို ကျက်မှတ်ဝင်ရောက်ပြန်ဆိုခဲ့ရာ အောင်မြင်သောကြောင့် နိုင်ငံတော်အစိုးရမှ “ဥဘတောဝိဘင်္ဂဓရ”ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
၁၃၅၀-ခုနှစ် အသက် (၂၁)နှစ်အရွယ်တွင် ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး တည်ထောင်ထားတော်မူအပ်သော စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ မိုးမိတ်ကုန်းမြေ တိပိဋကနိကာယကျောင်းတိုက်သို့ ပြောင်းရွေ့ကာ ဆက်လက်၍ အထက်တန်း တိပိဋကစာပေများကို လေ့လာသင်ကြားခဲ့ပါသည်။
ထိုသို့ တိပိဋကစာပေများကို ကျေးဇူးရှင် မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီးထံ လေ့လာသင်ကြားရင်း ဝင်ရောက်ဖြေဆိုခဲ့ရာ ၁၃၅၂-ခုနှစ်တွင် ဝိနယပိဋက နောက်ပိုင်း (၃)ကျမ်းဖြစ်သော မဟာဝဂ္ဂပါဠိတော်၊ စူဠဝဂ္ဂပါဠိတော်၊ ပရိဝါရပါဠိတော်ကျမ်းများကို အာဂုံပြန်ဆိုအောင်မြင်တော်မူ၍ “ဝိနယဓရ”ဘွဲ့တံဆိပ်တော် -
၁၃၅၃-ခုနှစ်တွင် ဝိနယပိဋက ရှေ့ပိုင်း (၂)ကျမ်းကို သဘောရေးဖြေအောင်မြင်၍ “ဥဘတောဝိဘင်္ဂကောဝိဒ”ဘွဲ့တံဆိပ်တော်-
၁၃၅၄-ခုနှစ်တွင် ဝိနယပိဋက နောက်ပိုင်း (၃)ကျမ်းကို သဘောရေးဖြေအောင်မြင်၍ “ဝိနယကောဝိဒ”ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
ဝိနယပိဋက ပိဋကတ် တစ်ပုံကို အာဂုံ,ရေးဖြေ နှစ်ထွေလုံး အောင်မြင်တော်မူသဖြင့် နိုင်ငံတော်အစိုးရက အရှင်ဂန္ဓမာလာလင်္ကာရ “ဝိနယဓရ, ဝိနယကောဝိဒ”ဘွဲ့တံဆိပ်တော်နှင့် အရိုးဝါ ကနက္ကဒဏ် ထီးဖြူတော်တစ်လက် တံဆိပ်ပါရှိသော သာသနာ့အောင်လံတော် ကုန်း,ရေအခမဲ့ အထက်တန်းခရီးသွား လက်မှတ်တို့ကိုလည်း ဆက်ကပ်လှူဒါန်းကြပါသည်။
ဝိနယပိဋက ဝိနည်းပိဋကတ်တစ်ပုံကို အောင်မြင်ပြီး နှစ်ပုံမြောက် သုတ္တန္တပိဋကကို ဆက်လက်လေ့လာသင်ကြား ဝင်ရောက်ဖြေဆိုရာ-
၁၃၅၅-ခုနှစ်တွင် သုတ္တန္တပိဋက ဒီဃနိကာယ် (၃)ကျမ်းကို အာဂုံပြန်ဆိုအောင်မြင်၍ “ဒီဃဘာဏက”ဘွဲ့တံဆိပ်တော်-
၁၃၅၆-ခုနှစ်တွင် သုတ္တန္တပိဋက ဒီဃနိကာယ် (၃)ကျမ်း သဘောရေးဖြေကို ဆက်လက် ဖြေဆိုအောင်မြင်၍ “ဒီဃနိကာယကောဝိဒ”ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်းခဲ့ကြ ပါသည်။
နှစ်ပုံမြောက်ဖြစ်သော သုတ္တန္တပိဋက ဒီဃနိကာယ် (၃)ကျမ်းကို အာဂုံ,ရေးဖြေ နှစ်ထွေလုံး အောင်မြင်တော်မူသဖြင့် နိုင်ငံတော်အစိုးရက အရှင်ဂန္ဓမာလာလင်္ကာရ “ဒီဃဘာဏက,ဒီဃနိကာယကောဝိဒ”ဘွဲ့တံဆိပ်တော်နှင့် အရိုးဝါ ကနက္ကဒဏ် ထီးဖြူတော် နှစ်လက် တံဆိပ်ပါရှိသော သာသနာ့အောင်လံတော်တို့ကို ဆက်ကပ်လှူဒါန်းကြပါသည်။
သုတ္တန္တပိဋက ဒီဃနိကာယ် (၃)ကျမ်းတို့ကို အောင်မြင်ပြီး (၃)ပုံမြောက်ဖြစ်သော အဘိဓမ္မပိဋကတ်ကို ဆက်လက်လေ့လာသင်ကြား ဝင်ရောက်ဖြေဆိုခဲ့ရာ-
၁၃၅၈-ခုနှစ်တွင် အဘိဓမ္မာ ရှေ့ပိုင်း (၅)ကျမ်းကို အာဂုံပြန်ဆိုအောင်မြင်၍ “မူလအာဘိဓမ္မိက”ဘွဲ့တံဆိပ်တော်-
၁၃၅၉-ခုနှစ်တွင် အဘိဓမ္မာ ရှေ့ပိုင်း (၅)ကျမ်းကို သဘောရေးဖြေအောင်မြင်၍ “မူလအဘိဓမ္မကောဝိဒ”ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်းကြပါသည်။
“တိပိဋကဓရ”ဘွဲ့တံဆိပ်တော်ရ
အရှင်ဂန္ဓမာလာလင်္ကာရသည် ပိဋကတ် နှစ်ပုံခွဲ အောင်မြင်ပြီးနောက် ကျန်ရှိနေသော အဘိဓမ္မာနောက်ပိုင်း ယမိုက်,ပဋ္ဌာန်းကျမ်းကြီးများအတွက် ဗန်းမော်ဆရာတော်ဘုရားကြီး အထံ၌ ပဋ္ဌာန်းဆိုင်ရာ စာဝါများ သင်ကြားနည်းခံရင်း တစ်နှစ်တာမျှ အချိန်ယူကြိုးစား ပြင်ဆင်ခဲ့ပါသည်။
ဆရာတော်သည် မျက်စိအင်အား သိပ်မကောင်းလှပါ မျက်မှန်ပါဝါ (၈၀၀)ကျော် (၉၀၀)နီးပါးရှိပါသည်။
၁၃၆၁-ခုနှစ်တွင် ထိုင်းနိုင်ငံ၊ လန်ပန်းမြို့သို့ ဓမ္မခရီးစဉ်ကြွရောက်ခိုက် မျက်စိပါဝါ စမ်းသပ်ရာမှ လေဆာဖြင့် မျက်စိကုသရန် အဆင်ပြေသဖြင့် စောင့်ဆိုင်း၍ ကုသနေရင်း ယမိုက်ပါဠိတော်ကြီး (၃)အုပ်ကို ကျက်မှတ်ခဲ့ပါသည်၊ မျက်စိကုပြီး၍ မြန်မာပြည် ပြန်ရောက် သည့်အခါ မန္တလေးတိုင်း ပြင်ဦးလွင်မြို့ အနီးစခန်း တိပိဋကနိကာယကျောင်းတိုက်ခွဲ၌ သီတင်းသုံး၍ ပဋ္ဌာန်းပါဠိတော်ကြီးများကို ကျက်မှတ်ပြန်ပါသည်။
ပဋ္ဌာန်းပါဠိတော်ကြီးများကို ကျက်မှတ်ရသည့်အချိန်မှာ ၁၃၆၁-ခုနှစ် ဝါဆိုဦးကာလသို့ ရောက်နေပြီဖြစ်၍ စာမေးပွဲ ဖြေဆိုရန် အချိန်သိပ်မလိုတော့သဖြင့် အချိန်မီပြီးစီးနိုင်ရန် ထက်မြတ်စူးရှသော ဉာဏ်ကို အစွမ်းကုန်ထုတ်သုံး၍ ကြိုးစားကျက်မှတ်ခဲ့ရပါသည်။
စာမျက်နှာ (၂၆၀၀)ကျော်ရှိပြီး အလွန်လည်း ခက်ခဲနက်နဲလှသော ပဋ္ဌာန်းပါဠိတော်ကြီးများကို (၅) လခန့်ဖြင့် ပြီးအောင် ကျက်နိုင်သည်ကို ထောက်သောအားဖြင့် ဆရာတော်၏ ဉာဏ်ရည်ဉာဏ်သွေးကို ခန့်မှန်းနိုင်ကြပေလိမ့်မည်။
၁၃၆၁-ခုနှစ်တွင် အဘိဓမ္မာနောက်ပိုင်းကို ဝင်ရောက်ပြန်ဆိုရာ (၁၈)ရက်တိုင်တိုင် ချောချောမောမော ပြန်ဆိုအောင်မြင်၍ “အာဘိဓမ္မိက”ဘွဲ့တံဆိပ်တော်နှင့် “တိပိဋကဓရ” ဘွဲ့တံဆိပ်တော် အရိုးနီ ကနက္ကဒဏ် ထီးဖြူတော်သုံးလက် တံဆိပ်ပါရှိသော သာသနာ့အောင်လံတော်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
တိပိဋကဓရ ဖြစ်ပြီးသော အရှင်ဂန္ဓမာလာလင်္ကာရ သည် ယမိုက်,ပဋ္ဌာန်းကျမ်းကြီး များ၏ အဖွင့် အဋ္ဌကထာ ဋီကာ အရကောက် စသည်တို့ကို သေချာစွာ ကြည့်ရှုလေ့လာ မှတ်သား၍ ၁၃၆၂-ခုနှစ်တွင် တိပိဋကဓရ စာမေးပွဲကြီးကို ဆက်လက်ဝင်ရောက်ဖြေဆိုရာ အဘိဓမ္မာ နောက်ပိုင်း သဘောရေးဖြေ အောင်မြင်သဖြင့် “အဘိဓမ္မကောဝိဒ” ဘွဲ့တံဆိပ်တော်နှင့် “တိပိဋကကောဝိဒ” ဘွဲ့တံဆိပ်တော်တို့ကို နိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်း ခဲ့ကြပါသည် ။
ပိဋကတ်သုံးပုံကို အာဂုံရော သဘောရေးဖြေပါ အောင်မြင်တော်မူသော တိပိဋကဓရ, တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ အရှင်ဂန္ဓမာလာလင်္ကာရကို နိုင်ငံတော်အစိုးရက ပိဋကတ်သုံးပုံ၏ အဆောင်အရောင်ဖြစ်သော အရိုးဝါ ကနက္ကဒဏ် ထီးဖြူတော် သုံးလက်ပါရှိသော သာသနာ့အောင်လံတော်နှင့် ကုန်း,ရေ,လေ သုံးဌာန အခလွတ် အထက်တန်း ခရီးသွားလက်မှတ် လစဉ်ဆွမ်းဆန်တော်အလှူ စသည်တို့ကို ဆက်ကပ်လှူဒါန်းကြပါသည် ။
အရှင်ဂန္ဓမာလာလင်္ကာရ သည် မြန်မာနိုင်ငံတော် သာသနာ့သမိုင်းတွင် နိုင်ငံတော်၏ ကိုးပါးမြောက် “တိပိဋကဓရ” ဆရာတော် ဖြစ်လာခဲ့ပါသည်။
ရွှေစင်တိပိဋကဓရဆရာတော်ဘဒ္ဒန္တဂန္ဓမာလာလင်္ကာရ၏ဘဝဖြစ်စဉ်နှင့်စွမ်းစွမ်းတမန်ကြိုးစားအားထုတ်မှု၊ပြောင်မြောက်သောဇွဲလုံ့လစွမ်းအား၊ထက်မြက်သောဥာဏ်ရည်ဥာဏ်စွမ်းနှင့်အံ့မခန်းထူးခြားအောင်မြင်မှု့များကိုသိရှိပြီးဝမ်းမြောက်ဝမ်းသာပီတိဖြစ်လျှက်ကြည်ညိုဖူးမြှော်ကုသိုလ်ယူနိုင်ကြစေရန်ရည်ရွယ်၍ဤမှတ်တမ်းကိုဆရာတော်၏ဓါတ်ပုံများ၊တိပိဋကဘွဲ့လက်မှတ်များ၊အခြားစာစောင်များနှင့်သတင်းစာမှတ်တမ်းများကိုပါစုဆောင်း၍ထည့်သွင်းပူဇော်ပါသည်။