ဇွန်လ ၂၂ရက် ၂၀၂၀ခုနှစ် | United Nations
၁၉၄၈ခုနှစ် ဒီဇင်ဘာလ ၉ ရက် အထွေထွေညီလာခံ ဆုံးဖြတ်ချက် ၂၆၀ (က) (၃) ဖြင့် အတည်ပြုပြီး နိုင်ငံများက လက်မှတ်ရေးထိုးရန်၊ အတည်ပြုရန်နှင့် ကွန်ဗင်းရှင်ဝင်နိုင်ငံအဖြစ် ပါဝင်ရန် အဆိုပြုပါသည်။
အပိုဒ် ၁၃ နှင့်အညီ ၁၉၅၁ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင် စတင်အသက်ဝင်သည်။
ကွန်ဗင်းရှင်းစာချုပ်တွင် ပါဝင်ချုပ်ဆိုသော နိုင်ငံများသည် လူမျိုးပြုတ်သတ်ဖြတ်မှုသည် နိုင်ငံတကာ ဥပဒေအရ ပြစ်မှု ဖြစ်သည့် အပြင် ကုလသမဂ္ဂ၏ စိတ်ဓာတ်၊ ရည်မှန်းချက်တို့နှင့် ဆန့်ကျင်ပြီး ယဉ်ကျေးသော ကမ္ဘာက ပြင်းထန်စွာ ရှုံ့ချကြောင်း ၁၉၄၆ခုနှစ် ဒီဇင်ဘာလ ၁၁ ရက် နေ့စွဲပါ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက် ၉၆ (၁) ဖြင့် ကြေညာ ထားသော ကြေညာချက်ကို စဉ်းစားသုံးသပ်ပြီး လူမျိုးပြုတ် သတ်ဖြတ်မှုသည် လူသားမျိုးနွယ်အပေါ် သမိုင်းတလျှောက် ခေတ်အဆက်ဆက် ကြီးမားသော ဆုံးရှုံးမှု များကို ဖြစ်စေခဲ့ကြောင်း အသိအမှတ်ပြုလျက်ကမ္ဘာ့လူသားအားလုံး ထိုသို့သော စက်ဆုပ်ဖွယ် ဘေးဆိုးမှ လွတ်မြောက်စေရေး နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု လိုအပ်သည်ဟု အလေးအနက် ယုံကြည်လျက် ဤကွန်ဗင်းရှင်းတွင် ပြဋ္ဌာန်းထားသည့်အတိုင်း သဘောတူညီကြပါသည်။
အပိုဒ် ၁
လူမျိုးပြုတ်သတ်ဖြတ်မှုသည် ငြိမ်းချမ်းနေစဉ်အချိန်တွင် ကျူးလွန်သည်ဖြစ်စေ၊ စစ်မက်ဖြစ်ပွားနေချိန်တွင် ကျူးလွန်သည်ဖြစ်စေ နိုင်ငံတကာ ဥပဒေအရ ပြစ်မှုဖြစ်ကြောင်းနှင့် ယင်းပြစ်မှု မကျူးလွန်စေရေး တားဆီး ကာကွယ်ခြင်း၊ ကျူးလွန်ပါက ပြစ်ဒဏ်ကျခံစေခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ကွန်ဗင်းရှင်းတွင် ပါဝင်ချုပ်ဆိုသေ ာနိုင်ငံများကအတည်ပြုပါသည်။
အပိုဒ် ၂
ဤကွန်ဗင်းရှင်းတွင် လူမျိုးပြုတ် သတ်ဖြတ်မှုဆိုသည်မှာ တိုင်းနိုင်ငံ၊ တိုင်းရင်းသား၊ လူမျိုး သို့မဟုတ် ဘာသာရေး အုပ်စုတစ်စုကို အားလုံးဖြစ်စေ တစ်စိတ်တစ်ဒေသဖြစ်စေ ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်ဖြင့် ကျူးလွန်သော အောက်ဖော်ပြပါ လုပ်ဆောင်မှုတစ်ခုခုကို ဆိုလိုသည်။
(က) အုပ်စုတွင် ပါဝင်သူများကို သတ်ဖြတ်ခြင်း
(ခ) အုပ်စုတွင် ပါဝင်သူများကို ပြင်းထန်သော ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်း ထိခိုက်ဒဏ်ရာ ရစေခြင်း
(ဂ) တစ်အုပ်စုလုံးဖြစ်စေ တစ်စိတ်တစ်ဒေသဖြစ်စေရုပ်ဝတ္ထုပိုင်း ပျက်စီး စေရန် ကြံရွယ်သော ဘဝနေထိုင်မှု အခြေအနေများကို တမင်ရည်ရွယ်လျက် ကျရောက်ခံစားရစေခြင်း
(ဃ) အုပ်စုအတွင်း ကလေးမွေးဖွားမှုကို တားဆီးရန် ရည်ရွယ်သော အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း
(င) အုပ်စုမှ ကလေးသူငယ်များကို အခြားအုပ်စုသို့ အဓမ္မ လွှဲပြောင်းခြင်း
အပိုဒ် ၃
အောက်ဖော်ပြပါ လုပ်ဆောင်ချက် များကို ပြစ်ဒဏ် ကျခံစေရန်ဖြစ်ပါသည်။
(က) လူမျိုးပြုတ်သတ်ဖြတ်မှု
(ခ) လူမျိုးပြုတ်သတ်ဖြတ်မှုကျူးလွန်ရန် လျှို့ဝှက်ပူးပေါင်းကြံစည်ခြင်း
(ဂ) လူမျိုးပြုတ် သတ်ဖြတ်မှု ကျူးလွန်ရန် တိုက်ရိုက် လူသိရှင်ကြား သွေးထိုး လှုံ့ဆော်ခြင်း
(ဃ) လူမျိုးပြုတ်သတ်ဖြတ်မှုကျူးလွန်ရန် ကြိုးစားခြင်း
(င) လူမျိုးပြုတ်သတ်ဖြတ်မှုကျူးလွန်ရာတွင် အလိုတူအလိုပါဖြစ်ခြင်း
အပိုဒ် ၄
လူမျိုးပြုတ် သတ်ဖြတ်မှု သို့မဟုတ် အပိုဒ် ၃ တွင် ဖော်ပြထားသော အခြား လုပ်ရပ်တစ်ခုခုကို ကျူးလွန်သူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်ရှိသော အုပ်ချုပ်သူများဖြစ်စေ၊ အစိုးရအရာရှိများ ဖြစ်စေ၊ လူပုဂ္ဂိုလ်များဖြစ်စေ ၎င်းတို့အား ပြစ်ဒဏ်ကျခံစေရပါမည်။
အပိုဒ် ၅
ကွန်ဗင်းရှင်းတွင် ပါဝင်ချုပ်ဆိုသော နိုင်ငံများအနေဖြင့် ဤကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များအတိုင်း ကျင့်သုံး နိုင်ရန် လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းရေးနှင့် အထူးသဖြင့် လူမျိုးပြုတ်သတ်ဖြတ်မှု သို့မဟုတ် အပိုဒ် ၃ တွင် ဖော်ပြထားသော အခြား လုပ်ရပ်တစ်ခုခုကို ကျူးလွန်သူများအတွက် ထိရောက်သော ပြစ်ဒဏ်များ ပြဋ္ဌာန်းထားရှိရေး မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ပါမည်။
အပိုဒ် ၆
လူမျိုးပြုတ်သတ်ဖြတ်မှု သို့မဟုတ် အပိုဒ် ၃ တွင် ဖော်ပြထားသော အခြား လုပ်ရပ်တစ်ခုခုကို ကျူးလွန်မှုဖြင့် စွဲချက်တင်ခံရသူများကို ကျူးလွန်သည့် နယ်မြေဒေသအတွင်းရှိ စီရင်ဆုံးဖြတ်ခွင့်ရှိသော နိုင်ငံတော်၏ တရားရုံးက သို့မဟုတ် ကွန်ဗင်းရှင်းတွင် ပါဝင်ချုပ်ဆိုသော နိုင်ငံများက နိုင်ငံတကာ ပြစ်မှုဆိုင်ရာ ခုံရုံး တစ်ရပ်ရပ်၏ စီရင်ခွင့်ကို လက်ခံထားပါက ယင်းသို့သော စီရင်ခွင့်ရှိသည့် နိုင်ငံတကာ ပြစ်မှုဆိုင်ရာ ခုံရုံးက စစ်ဆေးစီရင်ရမည်။
အပိုဒ် ၇
ပြစ်မှုကျူးလွန်သူကို သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရေး ဆောင်ရွက်ရာတွင် လူမျိုးပြုတ် သတ်ဖြတ်မှု သို့မဟုတ် အပိုဒ် ၃ တွင် ဖော်ပြထားသော အခြား လုပ်ရပ်တစ်ခုခုကို ကျူးလွန်မှုကို နိုင်ငံရေး ပြစ်မှုများဟု မမှတ်ယူရန် ဖြစ်ပါသည်။
ကွန်ဗင်းရှင်းတွင် ပါဝင်ချုပ်ဆိုသော နိုင်ငံများအနေဖြင့် ယင်းသို့သော ဖြစ်ရပ်များတွင် မိမိတို့နိုင်ငံ၏ ဥပဒေများ၊ ချုပ်ဆိုထားသော စာချုပ်များနှင့်အညီ ပြစ်မှုကျူးလွန်သူကို သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးရေး ခွင့်ပြုရန် ကတိကဝတ်ပြုပါသည်။
အပိုဒ် ၈
လူမျိုးပြုတ်သတ်ဖြတ်မှု လုပ်ရပ်များ သို့မဟုတ် အပိုဒ် ၃ တွင် ဖော်ပြထားသော အခြား လုပ်ရပ်များ ကျူးလွန်ခြင်းကို တားဆီးကာကွယ်ရန် သို့မဟုတ် နှိမ်နင်းရန် သင့်တင့်လျောက်ပတ်သည်ဟု မိမိတို့က ယူဆသော အရေးယူ ဆောင်ရွက်မှုများကို ကုလသမဂ္ဂပဋိညာဉ်နှင့်အညီ ပြုလုပ်ပေးပါရန် ကွန်ဗင်းရှင်းတွင် ပါဝင်ချုပ်ဆိုသော မည်သည့်နိုင်ငံမဆို လုပ်ပိုင်ခွင့်ရှိသော ကုလသမဂ္ဂ အဖွဲ့အစည်း ဌာနများကို တောင်းဆိုနိုင်သည်။
အပိုဒ် ၉
လူမျိုးပြုတ်သတ်ဖြတ်မှု သို့မဟုတ် အပိုဒ် ၃ တွင် ဖော်ပြထားသော အခြား လုပ်ရပ်တစ်ခုခုကို ကျူးလွန်မှု အတွက် နိုင်ငံတစ်နိုင်ငံတွင် တာဝန်ရှိမှု အပါအဝင် ဤကွန်ဗင်းရှင်းကို အဓိပ္ပာယ်ကောက်ယူခြင်း၊ ကျင့်သုံးခြင်း သို့မဟုတ် ပြည့်မီအောင် ဆောင်ရွက်ခြင်းများနှင့် စပ်လျဉ်းသည့် ကွန်ဗင်းရှင်းတွင် ပါဝင်ချုပ်ဆို သော နိုင်ငံများအကြား အငြင်းပွားမှုများကို အငြင်းပွားသည့် ကွန်ဗင်းရှင်းဝင်နိုင်ငံတစ်နိုင်ငံ၏ မေတ္တာ ရပ်ခံ ချက်ဖြင့် နိုင်ငံတကာတရားရုံး (International Court of Justice) သို့ တင်သွင်းရန် ဖြစ်သည်။
အပိုဒ် ၁၀
ဤကွန်ဗင်းရှင်းစာသားမှာ တရုတ်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ပြင်သစ်ဘာသာ၊ ရုရှားဘာသာနှင့် စပိန်ဘာသာ စာသားများအားလုံး တန်းတူညီမျှ မူရင်းအမှန် ဖြစ်ပြီး ၁၉၄၈ခုနှစ် ဒီဇင်ဘာလ ၉ ရက် နေ့စွဲတပ်ရန် ဖြစ်သည်။
အပိုဒ် ၁၁
ဤကွန်ဗင်းကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ သို့မဟုတ် အထွေထွေညီလာခံက လက်မှတ်ရေးထိုးရန် ဖိတ်ကြားခြင်းခံရသော ကုလသမဂ္ဂ အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများ၏ ကိုယ်စားလှယ်များက လက်မှတ် ရေးထိုးနိုင်ရန် ၁၉၄၉ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဖွင့်လှစ်ထားရှိရန် ဖြစ်သည်။ ဤကွန်ဗင်းကို အတည်ပြုပြီး အတည်ပြုထားသော ကွန်ဗင်းရှင်း စာချုပ်ကို ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံ အပ်နှံရမည်။ ၁၉၅၀ ခုနှစ် ဇန်နဝါရီလ ၁ ရက် နောက်ပိုင်းတွင် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ သို့မဟုတ် အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း ဖိတ်ကြား ခြင်းခံရသော ကုလသမဂ္ဂ အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများ၏ ကိုယ်စားလှယ်များက ဤကွန်ဗင်းတွင် ပါဝင်ရန် ဆောင်ရွက်နိုင်သည်။ ကွန်ဗင်းရှင်းတွင် ပါဝင်ကြောင်း ကွန်ဗင်းရှင်းစာချုပ်များကို ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံ အပ်နှံရမည်။
အပိုဒ် ၁၂
ကွန်ဗင်းရှင်းတွင် ပါဝင်ချုပ်ဆိုသော မည်သည့်နိုင်ငံမဆို အချိန်မရွေး ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံ လိပ်မူ၍ အကြောင်းကြားစာ ပေးပို့လျက် မိမိနိုင်ငံက နိုင်ငံခြားဆက်ဆံရေးကို တာဝန်ယူထားသော နယ်မြေဒေသ အားလုံးသို့ဖြစ်စေ၊ တစ်ရပ်ရပ်သို့ဖြစ်စေ ဤကွန်ဗင်းရှင်း အကျုံးဝင်မှုကို တိုးချဲ့နိုင်သည်။
အပိုဒ် ၁၃
အတည်ပြုပြီး သို့မဟုတ် အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး ကွန်ဗင်းရှင်းစာချုပ်များကို အပ်နှံသည့် အရေအတွက် ၂၀ ပြည့်သည့်နေ့တွင် အထွေထွေ အတွင်းရေးမှူးချုပ်သည် အစီရင်ခံချက် မှတ်တမ်း (procès-verbal) ပြုစု၍ မိတ္တူကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် အပိုဒ် ၁၁ တွင် ရည်ညွှန်းသော ကုလသမဂ္ဂ အဖွဲ့ဝင် မဟုတ်သည့် နိုင်ငံများအားလုံးသို့ ဖြန့်ဝေရန်ဖြစ်သည်။
အခု ၂၀မြောက် အတည်ပြုသည့် သို့မဟုတ် အဖွဲ့ဝင်အဖြစ် ပါဝင်သည့် ကွန်ဗင်းရှင်းစာချုပ်ကို အပ်နှံသည့် နေ့စွဲမှ ရက်ပေါင်း ၉၀ ပြည့်သည့်နေ့တွင် ဤကွန်ဗင်းရှင်း စတင်အတည်ဖြစ်စေရမည်။
ကွန်ဗင်းရှင်း စတင်အတည်ဖြစ်သည့်နေ့စွဲ နောက်ပိုင်းတွင် ကွန်ဗင်းရှင်းကို အတည်ပြုခြင်း သို့မဟုတ် အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်း ဖြစ်ပါက အတည်ပြုသည့် သို့မဟုတ် အဖွဲ့ဝင်အဖြစ်ပါဝင်သည့် ကွန်ဗင်းရှင်း စာချုပ်ကို အပ်နှံသည့် နေ့စွဲမှ ရက်ပေါင်း ၉၀ ပြည့်သည့်နေ့တွင် စတင်အတည်ဖြစ်စေရမည်။
အပိုဒ် ၁၄
ဤကွန်ဗင်းစတင်အတည်ဖြစ်သည့် နေ့စွဲမှ ဆယ်နှစ်ကာလအတွင်း ဆက်လက်၍ အတည်ဖြစ်စေရမည်။ ကွန်ဗင်းရှင်းတွင် ပါဝင်ချုပ်ဆိုသော နိုင်ငံများသည် ဤကွန်ဗင်းရှင်း အတည်ဖြစ်နေသည့် လက်ရှိကာလ မကုန်ဆုံးမီ အနည်းဆုံး ခြောက်လကြိုတင်၍ ကွန်ဗင်းရှင်းတွင်အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းအား အဆုံးသတ်မည် ဖြစ်ကြောင်း အကြောင်းမကြားပါက ဆက်လက်၍ ငါးနှစ်ကာလ တစ်ကြိမ်ပြီး တစ်ကြိမ် အတည်ဖြစ်နေ စေရမည်။ ကွန်ဗင်းရှင်းတွင်အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းအား အဆုံးသတ်လိုပါက ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံ လိပ်မူ၍ စာဖြင့်ရေးသား အကြောင်းကြားစာ ပေးပို့ပြီး အဆုံးသတ်ရန် ဖြစ်သည်။
အပိုဒ် ၁၅
ကွန်ဗင်းရှင်းတွင်အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းကို အဆုံးသတ်ခြင်းများကြောင့် ကွန်ဗင်းရှင်းဝင်နိုင်ငံ အရေအတွက်သည် ၁၆နိုင်ငံထက် လျော့နည်းကျဆင်းသွားလျှင် ကွန်ဗင်းရှင်းတွင်အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းကို နောက်ဆုံး အဆုံးသတ်ခြင်း အတည်ဖြစ်သည့် နေ့စွဲမှ စတင်၍ ကွန်ဗင်းရှင်းသည်လည်း အတည် ဖြစ်ခြင်းမှ ရပ်စဲစေရမည်။
အပိုဒ် ၁၆
ကွန်ဗင်းရှင်းတွင် ပါဝင်ချုပ်ဆိုသော မည်သည့်နိုင်ငံမဆို အချိန်မရွေး ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံ လိပ်မူ၍ အကြောင်းကြားစာ ပေးပို့လျက် ဤကွန်ဗင်းရှင်းကို ပြင်ဆင်ချက် ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံနိုင်သည်။ ယင်းသို့မေတ္တာရပ်ခံလာပါက တစ်စုံတစ်ရာ လုပ်ဆောင်မည် မလုပ်ဆောင်မည်၊ မည်သည်တို့ကို လုပ်ဆောင်မည်ကို အထွေထွေညီလာခံက ဆုံးဖြတ်ရန်ဖြစ်သည်။
အပိုဒ် ၁၇
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်သည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် အပိုဒ် ၁၁ တွင် ရည်ညွှန်းသော ကုလသမဂ္ဂ အဖွဲ့ဝင် မဟုတ်သည့် နိုင်ငံများအားလုံးထံ အောက်ပါတို့ကို အကြောင်းကြား ရမည်။
(က) လက်မှတ်ရေးထိုးခြင်းများ၊ အတည်ပြုခြင်းများနှင့် ကွန်ဗင်းရှင်းဝင်အဖြစ် ပါဝင်ခြင်းများကို အပိုဒ် ၁၁ နှင့်အညီ လက်ခံရရှိခြင်း
(ခ) အကြောင်းကြားစာများကို အပိုဒ် ၁၂ နှင့်အညီ လက်ခံရရှိခြင်း
(ဂ) အပိုဒ် ၁၃ နှင့်အညီ ဤကွန်ဗင်းရှင်းစတင်အတည်ဖြစ်သည့်နေ့စွဲ
(ဃ) အပိုဒ် ၁၄ နှင့်အညီ ကွန်ဗင်းရှင်းတွင်အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းကို အဆုံးသတ်မည် ဖြစ်ကြောင်း လက်ခံရရှိခြင်း
(င) အပိုဒ် ၁၅ နှင့်အညီ ကွန်ဗင်းရှင်းရပ်စဲခြင်း
(စ) အပိုဒ် ၁၆ နှင့်အညီ အကြောင်းကြားစာများ လက်ခံရရှိခြင်း
အပိုဒ် ၁၈
ဤကွန်ဗင်းရှင်း မူရင်းကို ကုလသမဂ္ဂ မော်ကွန်းတိုက်တွင် ထားရှိရမည်။ ကွန်ဗင်းရှင်းမိတ္တူမှန် တစ်စောင်စီ ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် အပိုဒ် ၁၁ တွင် ရည်ညွှန်းသော ကုလသမဂ္ဂ အဖွဲ့ဝင် မဟုတ် သည့် နိုင်ငံများအားလုံးသို့ ဖြန့်ဝေရန်ဖြစ်သည်။
အပိုဒ် ၁၉
ဤကွန်ဗင်းရှင်း အတည်ဖြစ်သည့် နေ့တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က မှတ်တမ်းရေးသွင်း ရန် ဖြစ်သည်။
[United Nation Information Centre - Yangon မှကူးယူဖော်ပြပါသည်။]
ref: https://tinyurl.com/yanr266m
Tag: Article, Law, UN