ဇွန်လ ၂၁ရက် ၂၀၂၀ခုနှစ်|ဦးသိန်းသန်းထွန်း (လက်ထောက်ညွှန်ကြားရေးမှူး)
သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရေး ကွန်ဗန်းရှင်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အသင်းကြီး (United Nation Convention to Combat Desertification - UNCCD) ကိုကမ္ဘာမြေနှင့်ပတ်ဝန်းကျင်ထိမ်းသိမ်းရေး လုပ်ငန်းစဉ်များ အဓိကအားဖြင့် ကမ္ဘာ့ကုန်းမြေများရှိ အပူချိန်မြင့်မားမှုကြောင့်ဆိုးရွားပြင်းထန်သောရာသီဥတု အခြေအနေများ ကြုံတွေ့ခံစားနေကြရသည့် သဲကန္တာရဆန်သော ကုန်းမြေဂေဟစနစ်များတည်ရှိရာ ကမ္ဘာ့ဒေသများနှင့်ထိုဒေသများတွင် နေထိုင်ရှင်သန်ကြသည့် ကမ္ဘာ့လူသားများအတွက် မြေသယံဇာတတိုးတက်ကောင်းမွန် စေရေး၊ အပူချိန်လျော့ချရေး၊ ဒေသနေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး၊ လူနေမှုအဆင့်အတန်းမြင့်မားရေးတို့အတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရများနှင့်မိတ်ဖက် အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်ဖွဲ့စည်းထားပါသည်။
နောက်ခံသမိုင်းကြောင်း
UNCCD အဖွဲ့အစည်းကြီးကိ ၁၉၉၄ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့တွင် မူကြမ်းရေးဆွဲ၍ ၁၉၉၄ခုနှစ်၊ အောက်တိုဘာလ(၁၄)ရက်နေ့တွင် လက်မှတ်ရေးထိုးအတည်ပြုခဲ့ကာ ၁၉၉၆ခုနှစ်၊ ဒီဇင်ဘာလ(၂၆)ရက်နေ့တွင် စတင်သက်ဝင်လှုပ်ရှားမှုပြုခဲ့ပါသည်။
အဖွဲ့ဝင် နိုင်ငံပေါင်း (၁၉၇)နိုင်ငံဖြင့် ပါဝင်ဖွဲ့စည်းထားရှိပြီး၊ ဂျာမနီနိုင်ငံ ဘွန်းမြို့တွင် အခြေစိုက်ရုံး ဖွင့်လှစ်ဆောင်ရွက်ပါသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်(Secretary General of the United Nations) အား ယုံကြည် စိတ်ချအပ်နှံခြင်းခံရသူအဖြစ် ရွေးချယ်ထာပါသည်။ အဖွဲ့အစည်းကြီး၏ အသုံးပြုလျက်ရှိသော ဘာသာစကားများမှာ အာရေဘစ်၊ တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှားနှင့်စပိန်ဘာသာစကားများ ဖြစ်ကြသည်။
UNCCD အဖွဲ့အစည်းကြီးကို ဆိုးရွားပြင်းထန်သော အပူချိန်ခံစားနေရသည့်သဲကန္တာရဖြစ်ထွန်းနေသော(သို့မဟုတ်)ဖြစ်ထွန်းရန် အလားအလာ ရှိသော ကမ္ဘာ့ နိုင်ငံသားများ၏ ဒေသအသီးသီးတွင် နေထိုင်ကြသည့်ကမ္ဘာ့လူသားများအတွက် အပူချိန်လျော့ပါးသက်သာစေရေး လုပ်ငန်း စဉ်များကို နိုင်ငံအဆင့် (National Level) လုပ်ငန်းဆောင်ရွက်ချက် (Action Programs)များကို ဆောင်ရွက်စေရင်း၊ နှစ်ရှည်မဟာဗျူဟာရည်မှန်းချက်များ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင် လုပ်ကိုင်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။
ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရိုးမြို့၌ ကျင်းပခဲ့သော ကမ္ဘာမြေညီလာခံ (Earth Summit)၏ ထောက်ခံချက်ဖြင့် ၁၉၉၄ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့၊ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၌ မူကြမ်းရေးဆွဲတင်ပြခဲ့ကာ၊ ၁၉၉၆ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်သက်ဝင်လှုပ်ရှားခဲ့သည်မှာ ၂၀၁၉ခုနှစ်ဆိုလျင် (၂၃)နှစ်တာကာလသို့ရောက်ရှိနေပြီး၊ စတင်ခဲ့သည့် ၁၉၉၄ခုနှစ်မှ ရေတွက်သော် (၂၅)နှစ်ငွေရတုတိုင်ခဲ့ပြီဖြစ်ပါသည်။
အမြဲတမ်းအတွင်းဝန်ရုံးနှင့်၎င်း၏တာဝန်ဝတ္တရားများ
၁၉၉၇ခုနှစ်၊ အီတလီနိုင်ငံ၊ ရောမမြို့၌ကျင်းပခဲ့သည့် ပထမအကြိမ်အဖွဲ့ဝင်နိုင်ငံများ ညီလာခံ (COP)ကာလအတွင်း အမြဲတမ်းအတွင်းဝန်ကို ခန့်အပ်ခဲ့ကာ ၁၉၉၉ခုနှစ်၊ ဇန်နဝါရီလတွင် ဂျာမနီနိုင်ငံ၊ ဘွန်းမြို့၌ရုံးဖွင့်လှစ် ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ၂၀၀၆ခုနှစ်၊ ဇူလိုင်လတွင် ကုလသမဂ္ဂရုံးဝင်းအသစ်၌ ယနေ့အထိ ဖွင့်လှစ်ဆောင်ရွက်နေပါသည်။
အတွင်းဝန်ရုံး၏ အဓိကလုပ်ငန်းတာဝန်များမှာ UNCCD ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများအစည်းအဝေး (COP) ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ကွန်ဗင်းရှင်းအား အကူ အညီဖြစ်စေသောအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ လိုအပ်သောကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အဖွဲ့ဝင်နိုင်ငံများမှ ပေးပို့တင်ပြလာသော နိုင်ငံအဆင့် အစီရင်ခံစာများ စုစည်းခြင်းနှင့် ဖြန့်ဝေပေးခြင်းတို့ကို အဓိကထားဆောင်ရွက်ရပါသည်။ UNCCD အတွင်းဝန်ရုံးအနေဖြင့် အခြားသော ကုလသမဂ္ဂ အဖွဲ့အစည်းများဖြစ်သည်ံ ကုလသမဂ္ဂရာသီဥတုပြောင်းလဲခြင်း ကွန်ဗင်းရှင်း (UNFCCC)နှင့် ဇီဝမျိုးစုံမျိုးကွဲကွန်ဗင်းရှင်း (CBD)တို့နှင့်လည်း အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်ရပါသည်။
UNCCD အဖွဲ့ဝင်နိုင်ငံများ၏ညီလာခံ (COP)
UNCCD ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ ညီလာခံ (COP)အနေဖြင့် အဖွဲ့အစည်းကြီး၏ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုများကို ကြီးကြပ်စီမံအုပ်ချုပ်သည်။ အဖွဲ့ဝင်နိုင်ငံများမှ အစိုးရကိုယ်စား လှယ်တော်ကြီးများ၊ ကျွမ်းကျင်ပညာရှင်များ၊ သိပ္ပံပညာရှင်များ စုံညီစွာ တက်ရောက်ဆွေးနွေးကြပါသည်။
ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ ပုံမှန်ညီလာခံအစည်းအဝေးများကို တနှစ်တကြိမ်ကျင်းပခဲ့ရာ -
(က) ၁၉၉၇ခုနှစ်၊ အောက်တိုဘာလ(၂၉)ရက်နေ့မှ နိုဝင်ဘာလ (၁၀)ရက်နေ့အထိ အီတလီနိုင်ငံ၊ ရောမမြို့တွင် COP(1) အားလည်းကောင်း
(ခ) ၁၉၉၈ခုနှစ်၊ နိုဝင်ဘာလ(၃၀)ရက်နေ့မှ ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ၊ ဆီနီဂေါနိုင်ငံ ဒါကာမြို့တွင် COP (2) အားလည်းကောင်း၊
(ဂ) ၁၉၉၉ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက်နေ့မှ (၂၆)ရက်နေ့ထိ ဘရာဇီးနိုင်ငံ ရီဆီဖီမြို့တွင် COP (3) အားလည်းကောင်း
(ဃ) ၂၀၀၀ပြည့်နှစ်၊ ဒီဇင်ဘာလ(၁၁)ရက်နေ့မှ (၂၂)ရက်နေ့ထိ ဂျာမနီနိုင်ငံ ဘွန်းမြို့တွင် COP (4) အားလည်းကောင်း
(င) ၂၀၀၁ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ (၁၂)ရက်နေ့အထိ၊ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် COP (5) အားလည်းကောင်း
တနှစ်တကြိမ် နှစ်စည် အသီးသီးကျင်းပပြုလုပ်ခဲ့ပါသည်။
(စ) ၂၀၀၁ခုနှစ် အစည်းအဝေးတွင် ကွန်ဗင်းရှင်း၏လက်တွေ့လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု သုံးသပ်ရေးကော်မတီ (CRIC) ဖွဲ့စည်းပြီးနောက် ၂၀၀၂ ခုနှစ်မှစတင်၍ ထိုကော်မတီမှ သုံးသပ်စိစစ် အကဲဖြတ်ခဲ့ပါသည်။ ၂၀၀၁ခုနှစ်နောက်ပိုင်း COP အစည်းအဝေးများကို ၂နှစ်တကြိမ် ကျင်းပပြုလုပ်ခဲ့ပါသည်။
(ဆ) ၂၀၀၃ခုနှစ်၊ သြဂုတ်လ(၂၅)ရက်မှစက်တင်ဘာလ(၅)ရက်နေ့အထိ ကျူးဘားနိုင်ငံ၊ ဟာဗားနားမြို့တွင် COP(6) အားလည်းကောင်း
(ဇ) ၂၀၀၅ ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်မှ (၂၈)ရက်နေ့အထိ ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တွင် COP (7) အားလည်းကောင်း
(ဈ) ၂၀၀၇ခုနှစ် စက်တင်ဘာလ(၃)ရက်နေ့မှ (၁၄)ရက်နေ့အထိ စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် COP (8) အားလည်းကောင်း
(ည) ၂၀၀၉ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့မှ အောက်တိုဘာလ (၂)ရက်နေ့အထိ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရိစ်မြို့တွင် COP (9) အားလည်းကောင်း
(ဋ) ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့မှ (၂၀)ရက်နေ့အထိ၊ တောင်ကိုးရီးယားနိုင်ငံ၊ ချန်ဝန်မြို့တွင် COP (10) အားလည်းကောင်း
(ဌ) ၂၀၁၃ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက်နေ့မှ (၂၇)ရက်နေ့အထိ၊ နမီးဘီးယားနိုင်ငံ၊ ဝင်းဟုတ်မြို့တွင် COP (11) အားလည်းကောင်း
(ဍ) ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ တူရကီနိုင်ငံ၊ အန်ကာရာမြို့တွင် COP(12) အားလည်းကောင်း
(ဃ) ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့မှ (၁၆)ရက်နေ့အထိ၊ တရုတ်နိုင်ငံ အော်ဒို့စ်မြို့တွင် COP (13) အားလည်းကောင်း
(ဏ) ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ(၂)ရက်နေ့မှ (၁၃)ရက်နေ့အထိ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် COP (14) အားလည်းကောင်း အသီးသီး ကျင်းပပြုလုပ်ခဲ့ကြပါသည်။
Conference of Parties(COPs)အစည်းအဝေးသို့ကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံများ၏ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးဖြစ်ပြီး၊ ဆုံးဖြတ် ချက်ပေးနိုင်စွမ်းရှိသည့် နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ ပြည်ထောင်စုဝန်ကြီးနှင့် အဆင့်မြင့်အရာရှိများ တက်ရောက်ဆွေးနွေးပါကြောင်း တင်ပြအပ်ပါသည်။
ယခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပပြုလုပ်မည့် UNCCD, COP (14) အစည်းအဝေး ခေါင်းစဉ်မှာ "Restore Land, Sustain Future" 'မြေသယံဇာတ ထိန်းသိမ်းမှ၊ တို့အနာဂါတ်သာယာလှပမည်' ဖြစ်ပါသည်။ ထိုအခမ်းအနားသို့ အစိုးရ၊ လူမှုအဖွဲ့အစည်းများ၊ ပညာရှင်များနှင့် ပုဂ္ဂလိကကဏ္ဍများမှ ကျွမ်းကျင်သူပေါင်း (၅၀၀၀) ကျော်တက်ရောက်မည်ဖြစ်ပြီး၊ ကွန်ဗင်းရှင်း၏ လက်တွေ့လုပ်ငန်းစဉ်များ သုံးသပ်ရေးကော်မတီ၏တင်ပြချက်ပါ အဓိကအချက်များကို High Level Segment အဆင့်မြင့် အရာရှိကြီးများ၏ အထူးအစည်းအဝေးတရပ်ကျင်းပပြုလုပ်သွားရန်ရှိပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် တက်ရောက် ဆွေးနွေးမည်ဖြစ်ပြီး ဆွေးနွေးမည့်အကြောင်းအရာ (၆)ချက်မှာ -
(၁) မြေ၊ ရာသီဥတုနှင့်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်
(၂) ကျေးလက်နှင့် မြို့ပြလူ့အသိုက်အဝန်းများတိုးတက်စေဖို့၊ အတူကြိုးစားကြစို့
(၃) ဂေဟစနစ်ပြန်လည်ရှင်သန်တိုးတက်စေဖို့၊ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုအဖြစ်ဆောင်ရွက်ကြစို့
(၄) မြေစောင့်ရှောက်သူများသို့ တန်ဖိုးပေးဆပ်ချည်းကပ်ကြစို့
(၅) ကျန်းမာသောလူသားများအတွက်ကောင်းမွန်သော မြေသယံဇာတဖြစ်ပေါ်ရေး
(၆) မြေအခြေပြုလုပ်ငန်းကဏ္ဍများအတွက် ထွက်ကုန်တန်ဖိုးမြှင့်တင်ပေးခြင်းအစီစဉ်များဖြစ်ကြပါသည်။
UNCCD, COP (14) အစည်းအဝေးအပြီး၌ နယူးဒေလီကြေငြာချက် (NewDehli Declaration) ကိုထုတ်ပြန်သွားရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း သတင်းရရှိပါသည်။
သိပ္ပံနှင့်နည်းပညာကော်မတီ (Committee on Sceience and Technology (CST))
UNCCD, COP အစည်းအဝေးများနှင့်အတူပင် UNCCD၏သိပ္ပံနှင့်နည်းပညာကော်မတီ (CST) အစည်းအဝေးကို အစိုးရကိုယ်စားလှယ်များ၊ အထူးအားဖြင့် သဲကန္တာရတိုက်ဖျက်ရေးနှင့် အပူချိန်လျှော့ချရေးလုပ်ငန်းဆိုင်ရာကျွမ်းကျင် ပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ဆွေးနွေးကြပါသည်။ ကော်မတီအနေဖြင့် သုတေသနဆိုင်ရာ ဦးစားပေးလုပ်ငန်းများ ခွဲခြားသတ်မှတ်ခြင်း၊ သုတေသနပညာရှင်များအကြား၊ ပူးပေါင်းဆောင်ရွက်မှု အားကောင်းခိုင်မာစေရေး နည်းလမ်းများ ဖော်ထုတ်ခြင်းတို့ကို လုပ်ဆောင်ပါသည်။
သိပ္ပံနှင့်နည်းပညာကော်မတီ (CST) အနေဖြင့်ခိုင်မာသော ကိန်းဂဏန်းအချက်အလက်များ စုဆောင်းခြင်း၊ ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းနှင့် စိစစ် သုံးသပ်ခြင်း များကို သုတေသနနှင့် ဖွံ့ဖြိုးရေး (Research Development) ကဏ္ဍများ၌ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်လုပ်ဆောင်ရန်လုပ်ကိုင်ကြပါသည်။ နိုင်ငံအလိုက်ပြုစုတင်ပြလာသော သုတေသနအစီရင်ခံစာများနှင့် သုတေသန စာတမ်းများ၏သဲကန္တာရဖြစ်ထွန်းမှု တားဆိးကာကွယ်တိုက်ဖျက်ရေးနှင့် အပူချိန်လျှော့ချရေးလုပ်ငန်းစဉ်များကို ကမ္ဘာ့နိုင်ငံများတွင် တွင်ကျယ်စွာအသုံးပြုနိုင်ရေး ပညာပေးအစီအစဉ်များ (Knowledge Hub) တွင်ဖော်ပြဖြန့်ဝေပေးခြင်းများဆောင်ရွက်ပါသည်။
သိပ္ပံနှင့် နည်းပညာကော်မတီတွင် ဥက္ကဌ(၁)ဦးနှင့် ဒု-ဥက္ကဌ(၄)ဦးဖြင့် ပါဝင်ဖွဲ့စည်းထားပါတယ်။ ဥက္ကဌကိုကိုယ်စားပြုနိုင်ငံများမှ COPတွင်ရွေးချယ်ပြီး၊ COP အား အကူအညီပေးရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်သည်။ သိပ္ပံနှင့်နည်းပညာကော်မတီအနေဖြင့် လူနှင့်သဘာဝကြောင့်ဖြစ်ပေါ်လာသည့် သဲကန္တာရနှင့် အပူချိန်မြင့်မားလာမှုတို့၏ အဓိကအကြောင်းအရင်းများကို ရှာဖွေစူးစမ်းခြင်း၊ စားနပ်ရိက္ခာပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေး၊ ထာဝစဉ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သယံဇာတစီမံအုပ်ချုပ်ရေးဆိုင်ရာ နယ်ပယ် များအတွက် အသုံးချသိပ္ပံနှင့်နည်းပညာကူညီရန်ဖြစ်သည်။
ကျွမ်းကျင်သူများအုပ်စု အစည်းအဝေး (Group of Experts-GoE)
ကျွမ်းကျင်သူများအုပ်စု (GoE) အစည်းအဝေးအနေဖြင့် သိပ္ပံနှင့်နည်းပညာကော်မတီသို့ လက်ရှိမြေပြင်အခြေအနေမှန် သတင်းအချက် အလက်များ၊ အတွေ့အကြုံများနှင့်အမှန်သက်ရောက်နိုင်မှုအခြေအနေ၊ ဖြစ်တန်စွမ်းရှိသော အလားအလာသုံးသပ်ချက်များ၊ မူဝါဒဆိုင်ရာကန့်သတ်ချက်များ၊ သိပ္ပံပညာရပ်ဆိုင်ရာ စိန်ခေါ်မှုများကို လုပ်ငန်းအစီအစဉ်များအလိုက်စနစ်တကျပြုစု တင်ပြပါသည်။ ကျွမ်းကျင်သူများ အုပ်စုအစည်းအဝေးမှ ထွက်ပေါ်လာသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ သုတေသန စီမံကိန်းများ၊ နည်းပညာဖလှယ်ရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းများ၊ နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့်သက်ဆိုင်သူများပါဝင်သည့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များနှင့် သဲကန္တာရ ဖြစ်ထွန်းမှုတိုက်ဖျက်ရေးအသိပညာပေးဆိုင်ရာ လုပ်ငန်းများ ထိရောက်တွင်ကျယ်စွာဖြန့်ဝေပေးနိုင်ရေးလုပ်ငန်းစဉ်များ ဖော်ထုတ်ဆွေးနွေးကြပါသည်။
ကျွမ်းကျင်သူများအုပ်စု အစည်းအဝေးမှလက်ရှိလုပ်ကိုင်ဆောင်ရွက်နေသည့်လုပ်ငန်းများ၏ အောင်မြင်မှုနှင့်အခြားသင့်တော်ရာဒေသများသို့ ပျံ့နှံ့လုပ်ကိုင်နိုင်စွမ်းရှိ/မရှိစိစစ်ခြင်းနှင့် ပိုမိုထိရောက်ကောင်းမွန်သောသိပ္ပံပညာရပ်ဆိုင်ရာများကို ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများရှိသိပ္ပံပညာနယ်ပယ်များသို့ လက်တွေ့အသုံးချနိုင်ရေးဖြန့်ဝေထားခြင်းတို့ကိုဆောင်ရွက်ရပါသည်။
အပူချိန်မြင့်မားသော သဲကန္တာရနေလူသားများအတါက်အပူချိန်လျှော့ချရေးနှင့်သဲကန္တာရတိုက်ဖျက်ရေးနိုင်ငံအဆင့်လုပ်ငန်းအစီအစဉ်များ (National Action Programmes-NAP) မှတဆင့် ဒေသအဆင့်လုပ်ငန်းအစီအစဉ်များ(Regional Action Programmes-RAP)နှင့် ဒေသခွဲအဆင့်လုပ်ငန်းအစီအစဉ်များ (Sub-Regional Action Programmes-SRAP)များကို UNCCD ကွန်ဗင်းရှင်းပြဌာန်းချက်များနှင့်အညီ ရေးဆွဲပြုစု၍ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်ရန်လည်း လွန်စွာမှအရေးကြီးပါကြောင်းနှင့် ကမ္ဘာအဝန်းရှိသဲကန္တာရဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မြေနှင့်ရေသယံဇာတ ရေရှည် စဉ်ဆက်မပြတ် အသုံးချနိုင်ရေး စီမံခန့်ခွဲခြင်း၊ စီမံကိန်းလုပ်ငန်းများတွင် နိုးကြားတက်ကြွသော အသိစိတ်ဓါတ်နှင့် ကျရာ အခန်းကဏ္ဍမှပူးပေါင်းပါဝင်ဆောင်ရွက်မှသာ သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။
[၂၀၁၉ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ဝေသော'သစ်တောကြေးမုံ' စာစောင် မှကူးယူဖော်ပြပါသည်]