ဇွန်လ ၁၆ရက် ၂၀၂၀ခုနှစ် |ဒေါက်တာသိန်းလွင်
၁၉၉၅ ခုနှစ် နောက်ပိုင်းမှာ နိုင်ငံတကာပညာရေးပြုပြင်ပြောင်းလဲမှုများဟာ ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် လေ့လာသင်ယူတဲ့ နည်းစံနစ်များနဲ့ဝေဖန် ပိုင်းခြား စဉ်းစားမှုကို မြှင့်တင်တဲ့ နည်းစံနစ်များသို့ ဦးတည်လာခဲ့ပါတယ်။ ဝေဖန်ပိုင်းခြားစဉ်းစားမှုကို မြှင့်တင်တဲ့နည်းစံနစ်များဟာ တည်ဆဲသင်ရိုးညွှန်းတမ်းများကို ဆက်လက်အသုံးပြုနိုင်ပြီး သင်ကြားနည်းစံနစ်အသစ်များကို ပြောင်းလဲ အသုံးပြုခြင်းဖြစ်ပါတယ်။ သင်ကြားနည်းစံနစ်သစ်များဟာ ပညာရေး သုတေသနတွေ့ရှိချက်များကို အခြေခံပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။
နိုင်ငံတကာ ပညာရေးပြောင်းလဲမှုများ
၁၉၆၀ ခုနှစ်များမှာ အာကာသ၊ သိပ္ပံနဲ့နည်းပညာတိုးတက်ရေးကို ဦးစားပေးတဲ့အတွက် ပညာရေးကဏ္ဍမှာလည်း သိပ္ပံနဲ့နည်းပညာတို့ကိုဦးစားပေးသင်ကြားပေးခဲ့ပါတယ်။ ၁၉၇၀နှစ်များမှာ စီးပွားရေး၊ လူမှုရေးနဲ့ စာရိတ္တမြင့်မားရေး တို့ကို ဦးတည် သင်ကြားခဲ့ပါတယ်။ ၁၉၈၀ ခုနှစ်များမှာ မူလတန်းအဆင့်မှစပြီး ကျောင်းသားတဦးချင်းစီရဲ့ အခြေခံအရေး၊ အဖတ်အတွက်တို့ကိုဦးစား ပေးခဲ့ပါတယ်။၁၉၉၀ပြည့်လွန် နှစ်များမှာတော့ ပညာရေး ပြုပြင်ပြောင်းလဲမှုများဟာ ကျောင်းသားများရဲ့ဝေဖန်ပိုင်းခြား စဉ်းစားမှုကိုမြှင့်တင်ဘို့ ပြောင်းလဲလာခဲ့ပါတယ်။ ဝေဖန်ပိုင်းခြား စဉ်းစားမှုကိုမြှင့်တင်တဲ့ နည်းလမ်းများဟာ အောက်ပါ အချက်များကြောင့် လိုအပ်ကြောင်းသိသာထင်ရှားပါတယ်။
သတင်းအချက်အလက်များတိုးပွားများပြားလာခြင်း
ယနေ့ကျနော်တို့သိထားတဲ့ အသိဉာဏ်နဲ့ဗဟုသုတ အချက်အလက်တွေဟာ နောင်ဆယ်နှစ်အတွင်းမှာ သိရမဲ့ အသိဉာဏ်ဗဟုသုတရဲ့ဆယ်ပုံတပုံဘဲရှိပါတယ်။ သင်ရိုးညွှန်းတမ်း ရေးဆွဲသူတွေရော အတန်းထဲမှာသင်ကြားတဲ့ဆရာ၊ ဆရာမတွေပါ မမြင်ရသေးတဲ့အနာဂါတ်မှာ ကလေးတွေကိုအောင်မြင်တဲ့ဘဝမှာရပ်တည်နိုင်ဘို ့အကောင်းဆုံးဘယ်လို ပြင်ဆင်ရမလဲဆိုတဲ့ မေးခွန်းနဲ့ ရင်ဆိုင်နေရပါတယ်။ အခုမူလတန်းတက်နေတဲ့ကလေးတွေဆယ်တန်းအောင်ရင် ဘယ်လို အလုပ်မျိုးတွေလုပ်မလဲဆိုတာ မခန့်မှန်းနိုင်သေးပါဘူး။ အမေရိကန်နိုင်ငံမှာဆိုရင် နောက်ရာစုနှစ်မှာ လူတွေလုပ်မဲ့ အလုပ်အကိုင်မျိုးရဲ့ ၂၅ရာခိုင်နှုန်းဟာ အခုမပေါ်သေးဘူးလို့ဆိုပါတယ်။ နောက်ရာစုနှစ်မှာ ဒီကနေ့ လုပ်နေတဲ့ အလုပ်တွေဟာလည်း အကြီးအကျယ် ပြောင်းလဲသွားမယ်လို့ယူဆပါတယ်။ အနာဂါတ်မှာ ထိရောက်ဖို့ရာ အသိပညာနဲ့နားလည်မှုအသစ်တွေလိုအပ်လာပါတယ်။ အရင်က ကျောင်းသားတွေကို သင်ကြားပေးရာမှာ အကြောင်းအရာနဲ့အချက်အလက်တွေကို ဦးစားပေးသင်ကြားပါတယ်။ ဒီနေ ့ခေတ်မှာ အကြောင်းအရာတွေက အရေးကြီးပေမဲ့အရေးအကြီးဆုံးမဟုတ်ပါဘူး။ ကျောင်းသားတွေ အတွက်အဓိက အလုပ်က ထိထိရောက်ရောက် ဘယ်လိုသင်ယူမလဲ ဆိုတာနဲ့ဘယ်လို ဝေဖန်ပိုင်းခြားစဉ်းစားမလဲ ဆိုတာ ပိုပြီးအရေးကြီးလာပါတယ်။ သတင်းအချက် အလက်အသစ်တွေနဲ့တွေ့တဲ့အခါ ကျောင်းသားတွေဟာ စဉ်းစဉ်းစားစား စစ်ဆေးပြီး ဝေဖန်ပိုင်းခြားရပါမယ်။ ရှုဒေါင့်အမျိုးမျိုးကနေရှုမြင်သုံးသပ် နိုင်ရပါမယ်။
ဝေဖန်ပိုင်းခြားစဉ်းစားခြင်းဆိုတာဘာလဲ
ဝေဖန်ပိုင်းခြားစဉ်းစားသူ တယောက်အတွက် သတင်းအချက်အလက်တွေကိုနားလည်ခြင်းဟာ သင်ယူခြင်းရဲ့အစ ဖြစ်ပြီး အဆုံးမဟုတ်ပါဘူး။ ဝေဖန်ပိုင်းခြားစဉ်းစားတယ်ဆိုရာမှာ အတွေးအခေါ်တွေရယ်၊ သူတို့ရဲ့နောက်ဆက်တွဲ ဆိုလိုချက်တွေရယ်ကို ရှုဒေါင့်အမျိုးမျိုးကနေ စီစစ်ပြီး ဒီအတွေးအခေါ်တွေကိုထောက်ပံ့တဲ့အချက်တွေကိုရှာပြီး ရရှိတဲ့အချက် တွေအပေါ်အခြေခံပြီး ကိုယ့်ရပ်တည်ချက်ကို ရှာရပါမယ်။
ဝေဖန်ပိုင်းခြား စဉ်းစားရာမှာ အတွေးအခေါ် အမျိုးမျိုးကို စုပေါင်း၊ အဓိပ္ပါယ်ပြန် စဉ်းစားပြီး၊ အတွေးအခေါ်တွေနဲ့ သတင်းအချက်အလက်တွေကိုပြန်သရုပ်ဖေါ်ရပါမယ်။ ဝေဖန်ပိုင်းခြားစဉ်းစားရာမှာ စိတ်ပိုင်းဆိုင်ရာလုပ်ငန်းတွေတပြိုင်နက်ပါဝင်ပါတယ်။ ဝေဖန်ပိုင်းခြားစဉ်းစားခြင်းဟာ အဆင့်မြင့်တဲ့အတွေးအခေါ်တရပ်ဖြစ်တဲ့အတွက် အသက်ကြီး တဲ့ကျောင်းသားတွေသာ ဝေဖန်စဉ်းစားနိုင်တယ်လို့ထင်လေ့ ရှိပါတယ်။ ဒါဟာ မမှန်ပါဘူး။ ကလေးသူငယ် တွေလည်း သူတို့ရဲ့ တိုးတက်မှု အဆင့်နဲ့အညီ အဆင့်မြင့်မြင့် တွေးခေါ်နိုင်ပါတယ်။ ရှုပ်ထွေးတဲ့ပြသနာဖြေရှင်းခြင်း၊ အဆင့် မြင့်ဆုံးဖြတ်ချက်ချခြင်းတို့ကို လိုလိုလားလား လုပ်တတ်ပါတယ်။
ကမ္ဘာလောကကြီး ပိုမိုကျယ်ပြန့် ရှုပ်ထွေးလာပြီး ဒီမိုကရေစီဝါဒ ကမ္ဘာအနှံ့ပျံ့လာတာနဲ့အမျှ ခက်ခဲတဲ့ပြသနာတွေကိုလူငယ်တွေအနေနဲ့ဖြေရှင်းနိုင်ဖို့အခြေအနေတွေကိုသုံးသပ်ဖို့အတွေးအခေါ် အမျိုးမျိုးကို ခြင့်ချိန်ဝေဖန်ဖို့နဲ့လေးနက်တဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်ဖို့အရင်ထက်ပိုလိုအပ်လာတာ ထင်ရှားပါတယ်။ ဒါ့အပြင် ဝေဖန်ပိုင်းခြား စဉ်းစားနိုင်တဲ့အရည် အချင်းကိုလည်း ဖေးဖေးမမရှိတဲ့ သင်ယူမှု ပတ်ဝန်းကျင်မှာ ပြုစု ပျိုးထောင်ပေးပြီးအားပေးဖို့လိုတယ်ဆိုတာလည်း ထင်ရှားလာပါတယ်။
ကျောင်းသားများ၏သင်ယူမှုဆိုင်ရာသဘောတရားများ
ဝေဖန် ပိုင်းခြား စဉ်းစားမှုကို မြှင့်တင်တဲ့ သင်ကြားနည်းစံနစ်တွေဟာ ပညာရေးဆိုင်ရာ ပညာရှင်တွေ လက်ခံထားတဲ့သင်ယူမှု သဘောတရားများအပေါ်မှာ အခြေခံတည်ဆောက်ထားပါတယ်။ ဆွစ်ဇာလန်နိုင်ငံက ပညာရှင်Piaget(၁၈၉၆-၁၉၈၀) ရဲ့ အဆိုဖြစ်တဲ့ ကျောင်းသားများရဲ့တက်ကြွစွာသင်ယူမှု၊ မေးခွန်းများမေးမြန်းပြီး လေ့လာသင်ယူမှုတွေ(Constructive Learning Theory)ကို ဆက်လက်အသုံးပြုပါတယ်။ အမေရိကန်နိုင်ငံကDewey (1859-1952)ဦးဆောင်တဲ့သင်ယူမှု အယူအဆ (Progressive Learning Theory)ကိုလည်း လက်ခံပါတယ်။ ဒီအယူအဆမှာပညာရေးဟာ လူမှုရေးဖြစ်စဉ်တခုဖြစ်တယ်။ ကျောင်းသားတွေရဲ့သင်ယူမှုဟာ အရင်ကသိထားပြီးသားတွေအပေါ်မှာ အခြေခံတည်ဆောက်တယ်ဆိုတာနဲ့၊ စုပေါင်းသင်ယူမှုတွေကိုလက်ခံပါတယ်။ ဝေဖန်ပိုင်းခြားစဉ်းစားမှုကိုမြှင့်တင်တဲ့ သင်ကြားနည်းစနစ်ရဲ့ ထူးခြားချက်တခုကတော့ ကျောင်းသားတွေ အရင်ကသိထားတဲ့အချက် တွေကို ထွက်ပေါ်ခွင့်ပေးပါတယ်။ အရင်က သိထားတာမှားနေရင်လည်း ပြန်ပြီးပြင်ခွင့်ရပါတယ်။ မှားလို့အပြစ်ပေးမခံရပါဘူး။
ဝေဖန်ပိုင်းခြားမှု ဖြစ်စဉ်ဟာ သင်ယူမှုအဆင့်ဆင့်ဖွံ့ဖြိုးတိုးတက်မှုကို ရှေ့ရှုတဲ့ Bloom's Taxonomy နဲ့လည်းကိုက်ညီပါတယ်။ သင်ယူမှုဟာသတင်းအချက်အလက်တွေကိုရရှိခြင်း၊ အချက်အလက်အသစ်တွေကိုကောင်းစွာနားလည်ခြင်း၊ ပြန်လည်အသုံးချနိုင်ခြင်း၊ အသေးစိပ်ခွဲခြမ်း စိတ်ဖြာကြည့်ရှုခြင်း၊ အရင်က သိထားတဲ့ အချက်အလက်တွေနဲ့ပေါင်းစပ်ပြီး သိမြင်မှုအသစ်ရရှိခြင်းနဲ့အဆုံးမှာ တန်ဖိုးဖြတ်နိုင်တဲ့အထိ အဆင့်ဆင့်တိုးတက်သွားပါတယ်။
ဝေဖန်ပိုင်းခြားစဉ်းစားခြင်းကြောင့်ရရှိမည့်အကျိုးကျေးဇူးများ
ကျောင်းသားများဝေဖန်ပိုင်းခြားစဉ်းစားတဲ့အလေ့အကျင့်ရလာပြီဆိုရင် တဦးချင်းအကျိုးစီးပွားကနေ အများအကျိုးကို ကြည့်မြင်တတ်လာပါတယ်။ မစဉ်းစားမဆင်ခြင်ဘဲ တခြားသူရဲ ့လွှမ်းမိုးခံနေရတဲ ့ဘဝကနေ ကိုယ်ပိုင်အသိအမြင်နဲ့ ရပ်တည်နိုင်လာပါတယ်။ စိတ်ထဲမှာ အလိုလိုသိနေတယ်ဆိုရာကနေ ယုတ္တိရှိရှိပြောဆိုတတ်လာပါတယ်။ ရှုဒေါင့်အမြင်တမျိုးတည်း တရားသေရပ်တည်ရာကနေ ရှုဒေါင့်အမျိုးမျိုးကနေ ကြည့်တတ်မြင်တတ်လာပါတယ်။
ကျောင်းသားများ ဝေဖန်ပိုင်းခြားစဉ်းစားတတ်လာတဲ့အခါ ဆရာတွေအတွက် အခက်အခဲတခုတော့ ရင်ဆိုင်လာရနိုင်ပါတယ်။ ဒါကတော့ ကျောင်းသားတွေရဲ့ ဖြေဆိုချက်တွေမှာ အဖြေတမျိုးတည်း မဟုတ်တော့ဘဲ သူတို့ရဲ့အမြင်၊ သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ပေါင်းစပ်တဲ့ အဖြေအမျိုးမျိုးဖြစ်လာနိုင်ပါတယ်။ ဆရာယူဆတဲ့ အဖြေနဲ့လည်း တူချင်မှတူပါမယ်။ ဒါကိုလက်ခံနိုင်ရပါမယ်။
မြန်မာနိုင်ငံပညာရေး ပြုပြင်ပြောင်းလဲမှုဟာ နိုင်ငံတကာပညာရေးဖြစ်ပေါ်တိုးတက်မှုနဲ့ အမှီလိုက်မယ်ဆိုရင် ကျနော်တို့ရဲ့သင်ကြားနည်းစံနစ်တွေကို ဝေဖန်ပိုင်းခြားစဉ်းစားမှုကိုမြှင့်တင်တဲ့ နည်းစံနစ်တွေနဲ့အစားထိုး ရပါမယ်။
___________________________
[၂၀၀၄ခုနှစ် သြဂုတ်လ၊ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသောဒေါက်တာသိန်းလွင်၏ "ဝေဖန်ပိုင်းခြားစဉ်းစားခြင်းကို မြှင့်တင်သောသင်ကြားနည်းစံနစ်" စာတမ်းအား ပြန်လည် တင်ပြအပ်ပါသည်။]
Tag: Education, Article