Objective

Unicode and Culture of Myanmar Language

ယူနီကုဒ် မြင်းရိုင်းနှင့် ဘိုင်နရီ ခေတ်လွန် မြန်မာစာ ယဉ်ကျေးမ

မှော်ဆရာ

စကားချီး

သုတေသန ဆောင်းပါးကို ရေးချင်ခြင်း၊ ပြောလိုချင်း ဆန္ဒ အမြစ်တွယ် နေသည်မှာ ကြာမြင့်ပြီ ဖြစ်သည်။ ဘိုင်နရီခေတ် (Binary Era)၊ အိုင်တီ ခေတ် (IT Era) တွင် မြန်မာစာ၊ မြန်မာစကား နှင့် ယူနီကုဒ် တို့၏ ရှုပ်ထွေး ကျယ်ပြန့်လှသော ပြဿနာများ အကြောင်း ဆွေးနွေးမှုများ၊ ငြင်းခုန်မှုများ တွေ့တိုင်း၊ မြင်တိုင်း၊ ကြားမိတိုင်းတွင် တစ်စုံတစ်ခုကို ဝင်ရောက် ဆွေးနွေး ပြောဆို လိုခြင်း ဆိုသည့် ပြင်းပြသော ဆန္ဒအား အရင်းခံသည် ဟုဆိုနိုင်ပါ၏။ သို့သော်လည်း ပြောရေးသာရှိ၊ ပြောစရာ မရှိ ဆိုသလို ပြောချင်သော အကြောင်းအရာနှင့် ပတ်သတ်၍ကား ထဲထဲဝင်ဝင်၊ ပိုင်ပိုင် နိုင်နိုင် သိကျွမ်း နားလည်သူ မဟုတ်သဖြင့် ပြောနိုင်သော အစွမ်းမဲ့ကာ နှုတ်ဆိတ် နေခဲ့ရ၏။ ယခုတော့ အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ ထဲဝင် ပိုင်နိုင်စွာ သိကျွမ်းသူ အဖြစ် မဟုတ်စေကာမူ အပြီးသတ် ရယူသုံးစွဲသူ (End User) တစ်ဦး အနေဖြင့် သော် လည်းကောင်း၊ မြန်မာစာ မြန်မာစကားကို အများ လက်ခံ သဘောတူညီသော ခိုင်မာတည်တံ့သည့် စံနှုန်း၊ နည်းစနစ် တစ်ခု ဖြင့် ဘိုင်နရီခေတ်၏ ယူနီကုဒ် မြင်းရိုင်းအား ကျွမ်းကျင်ပိုင်နိုင်စွာ စီးနင်းပြီး တိုးတက်ဖွံ့ဖြိုးမှု ဆီသို့ ဆက်လက် ဦးတည်စေလိုသော မြန်မာ လူမျိုး တစ်ယောက်၏ ဆန္ဒရင်း၊ စေတနာ ဖြင့်သော် လည်းကောင်း ဖတ်ရှုလေ့လာ၊ မှတ်သားမိသမျှ အသိဥာဏ်အား အခြခံ၍ ဤဆောင်းပါးအား ရေးသား လိုက်ရပါကြောင်းနှင့် ဝိုင်းဝန်း၊ ဝေဖန်၊ အကြံပြု၊ မှတ်ချက်ချ၊ ဆွေးနွေးခြင်းများ လွတ်လပ်စွာ ပြုလုပ်ကြပါမည့် အကြောင်းတို့အား ဦးစွာ ပထမ လေးစားစွာ အသိပေး လိုက်ရပါ၏။

 

အပိုင်း (၁)

ဘိုင်နရီ ခေတ်၏ ယူနီကုဒ် မြင်းရိုင်း

စက်မှု အင်ဂျင်နီယာနှင့် စွမ်းအင် အင်ဂျင်နီယာ ဘာသာရပ်များ (Mechanical & Dynamic Engineering) တွင် မြင်းကောင်ရေ အား (Horsepower) ဆိုသည့် စွမ်းအင် (Power) ကိုတိုင်းတာသော အတိုင်းအတာ (Unit) တစ်ခုရှိသည်။ စက်မှုခေတ်ပြောင်း တော်လှန်ရေး၏ အစဟု ဆိုနိုင်သော ကာလ (၁၇၀၂-ခုနှစ်) ၊ စက်မှု သိပ္ပံပညာရှင် (Thomas Savery) နှင့် (James Watt) တို့မှ မြင်း တို့၏ သန်မာ ဖြတ်လတ်လှသော ခွန်အားကို စံထား သတ်မှတ်ကာ စက်ပစ္စည်း များအတွက် စွမ်းအင် အတိုင်းအတာ အဖြစ် စတင်တီထွင် သုံးစွဲခဲ့လာခဲ့ကြခြင်းဖြစ်သည်။ ယနေ့ အိုင်တီ ခေတ်ပြောင်း တော်လှန်ရေး တွင် စွမ်းဆောင်ရည် မြင့်လှသော ကွန်ပြူတာ ဆိုသည့် Binary စနစ် သုံး ဂဏန်းနှစ်လုံး (Digital) ပစ္စည်းများ ပေါ်ထွန်းလာ ပြီးနောက် ကမ္ဘာ အနှံ့အပြားရှိ အသီးသီးသော နိုင်ငံ၊ လူမျိုး အပေါင်းတို့သည်လည်း သန်မာ ဖြတ်လတ်လှပြီး အင်အား ကောင်းမွန်လှသည့် ယူနီကုဒ် (Unicode) ဆိုသော မြင်းရိုင်းကြီး ကို စီးနှင်ကာ အသီးသီးသော အပျော့ထည်များ (Softwares)၊ အသုံးချ ညွှန်ကြားချက် အစုများ (Applications)ကို မိမိတို့ကိုယ်ပိုင် ဘာသာစကား ဖြင့် မိမိတို့ ကိုယ်ပိုင် ယဉ်ကျေးမှုသို့ ပြုလုပ်ဖန်တီးပြီး သကာလ သတင်းနှင့် နည်းပညာ ခေတ်ကြီး (IT Era or Digital Era) အတွင်း အပြေးအလွှား  ဖြတ်သန်း ခရီးနှင်လျက် ရှိကြသည်။

 

 

 

ဝှက်စာဖွဲ့ခြင်း (Character Encoding) နှင့် ASCII Code နည်းစနစ်၏ ကန့်သတ်ချက်များ

ကိန်းဂဏန်း အတိုင်းအတာများကို ဖော်ပြရန် အလင်းလွှတ် ဒိုင်အုတ်မီးလုံးများ (Light Emitting Diode-LED) ကိုသာ အသုံးပြုသည့် အန်နာလော့ဂ် (Analog) ခေတ် ကွန်ပြူတာ မှသည် တစ်ပိုင်းလျှပ်ခံ ပစ္စည်း (Transistor)၊ လျှပ်သို (Capacitor) နှင့် လျှပ်ခံ (Resistor) အစရှိသည်တို့ကို သုံးသော ဘိုင်နရီခေတ်၊ တဖန် ဘိုင်နရီခေတ် အလွန် တစ်ပိုင်း လျှပ်ကူး ပစ္စည်းများ (Semiconductors) နှင့် တစ်ပိုင်းလျှပ်ခံ၊ လျှပ်သို၊ လျှပ်ခံ ပစ္စည်းများကို ဆီလီကွန် အလွှာတစ်လွှာ ထဲတွင် စုပေါင်းထည့်သွင်း အသုံးပြုသော ပေါင်းစပ် လျှပ်စီးပတ်လမ်း ပစ္စည်းများ (Integrated Circuit – IC)၊ မိုက်ခရို ပရိုဆက်ဆာ (Microprocessor) များ အသုံးပြုသော ယနေ့ခေတ်၊ အချိန်အထိ ကွန်ပြူတာ ဆိုသည့် စွမ်းဆောင်ရည်မြင့် ဂဏန်းနှစ်လုံး စက်ပစ္စည်း ကိရိယာ (Digital Devices) များကို လူတို့ ခိုင်းလို၊ ပြောဆိုလိုသည့် အမိန့်များ၊ စာများအား နားလည် လုပ်ဆောင် ပေးရန် အတွက် စက်နားလည်သော ဘာသာစကား ဖြစ်သည့် ဝှက်စာဖွဲ့ခြင်း (Character Encoding) နည်းလမ်းများဖြင့် အမိန့်ပေး ခိုင်းစေ၊ အသုံးပြု လုပ်ဆောင် ခဲ့ကြသည်။ တဖန် ထိုဝှက်စာဖွဲ့ထားသော စက်သာ နားလည်သည့် ဘာသာစကားကို စက်ပစ္စည်းကိရိယာ၏ အထွက်ရလာဒ် (Output Result) တွင် လူတို့နားလည်သော ဘာသာစကားဖြစ်အောင် ဝှက်စာ ဖော်ခြင်း (Decoding or Parsing) အမှုကို ပြန်ပြုရ၏။ ထိုသို့ ကွန်ပြူတာ နှင့်တကွ အခြားသော ဒီဂျစ်တယ် ပစ္စည်းများတွင် ဝှက်စာဖွဲ့ခြင်း နှင့် ဝှက်စာဖော်ခြင်း လုပ်ငန်း (၂) ရပ်ကို ပင် ယနေ့ သတင်းနှင့်နည်းပညာ ခေတ်တွင် ကွန်ပြူတာ အစီအစဉ် ရေးဆွဲခြင်း သို့မဟုတ် Computer Programming ဟု ခေါ်ဆိုနေကြခြင်း ဖြစ်၏။

ဤနေရာတွင် အဓိကထား ဆွေးနွေး ပြောဆိုလိုသည်မှာ ဝှက်စာဖွဲ့ခြင်း (Character Encoding) အပိုင်းဖြစ်သည်။ အများ သိကြသည့် အတိုင်း ကမ္ဘာပေါ်တွင် ဝှက်စာနှင့် တွဲဘက် သိမြင်တတ်ကြသည်မှာ ရေဒီယို ဆက်သွယ်ရေး ဖြစ်သည်။ ကွန်ပြူတာ လောက၏ အခြေခံ အကျဆုံးသော နှင့် ယနေ့ထက်တိုင် ဖွံ့ဖြိုးသုံးစွဲလာသည့် ဝှက်စာဖွဲ့ခြင်း နည်းစနစ် ASCII (American Standard Code for Information Interchange) အားလည်း ရေဒီယို ဆက်သွယ်ရေး စနစ် ၏ ကျော်ကြားသော ဝှက်စာဖွဲ့ခြင်း နည်းလမ်း ဖြစ်သည့် မော့စ်ဆ်ကုဒ် (Morse Code) အိုင်ဒီယာ ကိုပင် အခြေပြု ဖန်တီးခဲ့ကြ၏၊

မူလ ပထမ ASCII Code များတွင် Morse Code ၏ အခြေခံ မူလကုဒ်များ ဖြစ်သည့် အင်္ဂလိပ် အက္ခရာ (English Alphabets) - ၂၆ လုံး နှင့် ကိန်းဂဏန်း (Numerical Digits) - ၁၀ လုံးသာ ပါရှိခဲ့သည်။ နောက်ပိုင်း ကာလများတွင်  အက္ခရာများကို အကြီးအသေး ခွဲခြား သတ်မှတ်ခြင်း၊ ပုဒ်ဖြတ်၊ ပုဒ်ရပ် သင်္ကေတ (Comma, Full Stop, Exclamation Mark, Semi-Columns) များ၊ သချာင်္ဆိုင်ရာ သင်္ကေတများ (Plus, Minus, Multiple, Divide, Percent, Greater Than & Less Than) ၊ ငွေကြေး သင်္ကေတများ ($)၊ အခြား အထူး သင်္ကေတများ ( [ ], { }, &, *, |, \, /, ~,`, ^) ၊ ပုံနှိပ်ခြင်း မပြုနိုင်သော အက္ခရာများ (Space Key, Delete Key, Ctrl Key, Shift Key. etc) အစရှိသည် တို့ကိုပါ ထပ်မံထည့်သွင်း လာခဲ့ပြီး ပုံနှိပ်နိုင်သော အက္ခရာများ (Printable Characters) - ၉၄ လုံး နှင့် ပုံနှိပ်ခြင်း မပြုနိုင်သော အက္ခရာများ (Non-printing Characters) - ၃၃ လုံး တို့ဖြင့် ASCII Code စနစ်တွင် အက္ခရာ- ၁၂၈ လုံး သို့ ရောက်ရှိ အဆုံးသတ်ခဲ့သည်။ (Space Key ကို မမြင်နိုင်သော ရုပ်ပုံဖော်ပြချက် (Invisible Graphic) တစ်ခု အဖြစ် အသုံးပြုသော ကြောင့် ထည့်သွင်း ရေတွက်ခြင်း မပြု)

ဘိုင်နရီ ခေတ်၏ ဂလိုဘယ် ယဉ်ကျေးမှု နှင့် ပြည်တွင်းမှု ပြုခြင်း ဖြစ်စဉ်များ (Localizations) နှင့် အတွေ့တွင် ရိုမန် နှင့် လက်တင် အက္ခရာများ (Roman Characters) အပေါ်၌သာ အလုံးစုံ ဗဟိုပြုထားသော ASCII Code  စနစ် သည် အားနည်းချက်ပေါင်း များစွာတို့ ဖြင့် ပြိုင်ဘက်မရှိ ပထမနေရာမှ လျောကျပြိုဆင်း ခဲ့ရလေ၏။ အဘယ့်ကြောင့် နည်း။ ASCII Code ဖြင့် ဝှက်စာဖွဲ့ခြင်း နည်းစနစ်တွင် မူလ ရိုမန် နှင့် လက်တင် အက္ခရာ ၂၆-လုံး နှင့် ကိန်းဂဏန်းများ သင်္ကေတများ အပါအဝင် စုစုပေါင်း အက္ခရာ- ၁၂၈ လုံး အတွက် လေးလုံးဂဏန်း (Four Digits) 0000 မှ 1111 အထိသာ ကုဒ်နံပါတ်များ အတွက် နေရာသတ်မှတ်ထားပြီး၊ အခြားသော ဘာသာစကားများ အတွက် နေရာ ထပ်မံ တိုးချဲ့သတ်မှတ်ခြင်း မပြုနိုင်တော့ချေ။ သို့အတွက် ကွန်ပြူတာတွင် ကမ္ဘာပေါ်ရှိ ရိုမန်ဘာသာစကား အပြင် အခြားသော ဘာသာစကား သုံးစွဲသူများ (China, Japan, Russia, Arabic… etc) ၏ အက္ခရာများ၊ စာလုံးများ အတွက် ၄င်းတို့၏ သက်ဆိုင်ရာ ဘာသာအလိုက် အက္ခရာများကို ကုဒ်နံပါတ်နေရာ (Code Space) သတ်မှတ်ပေးရန် လိုအပ်လာ၏။

ဒါဖြင့် ယူနီကုဒ်ဆိုတာ ဘာလဲ?  ဘာ့ကြောင့် အရေးပါတာလဲ?

သို့အတွက် ကမ္ဘာပေါ်ရှိ လူမျိုး အသီးသီး တို့၏ ဘာသာစကား၊ အက္ခရာများအား ကွန်ပြူတာတစ်လုံး အတွင်း သဟဇာတ ဖြစ်စွာ ထည့်သွင်း အသုံး ပြုနိုင်ရန် အတွက် လည်းကောင်း၊  ISO 8859 ကဲ့သို့ ကန့်သတ်ချက်များစွာ ရှိနေသော ASCII ၏ ဝှက်စွာဖွဲ့ခြင်း နည်းစနစ် (Character Encoding) ကို ရှောင်လွှဲ အသုံးပြုနိုင်ရန် အတွက် သော်လည်းကောင်း ကွန်ပြူတာ  ပညာရှင်တို့ အသီးသီး အသက ကြံဆဆောင်ရွက် ခဲ့ကြရာတွင် Xerox  Company မှ Joe Becker ၊ Apple Company မှ Lee Collins and Mark Davis တို့ ကနဦးပြု လေ့လာ ဆောင်ရွက်ခဲ့ကြသော   ယူနီကုဒ် ဟု ခေါ်တွင်သည့် နိုင်ငံတကာ/ဘာသာစကားမျိုးစုံ အက္ခရာများ ဝှက်စာဖွဲ့ခြင်း နည်းစနစ်” သည် ၁၉၈၇-ခုနှစ်တွင် ယူနီကုဒ်-၈၈ အမည်ဖြင့် စာတမ်းတစ်ခု စတင်ထွက်ရှိလာခဲ့သည်။

၁၉၈၉ - နှစ်ဦးပိုင်းနှင့် ၁၉၉၀ ခုနှစ်များတွင် ယူနီကုဒ် အဖွဲ့သို့ Ken Whistler ၊ Mike Kernaghan နှင့် Karen Smith-Yoshimura၊ RLG  အဖွဲ့မှ Joan Aliprand ၊  Sun Microsystems  မှ Gleen Wright ၊ Microsoft မှ Michel Suignard နှင့် Asmus Freytag တို့ စသဖြင့် ပူးပေါင်း ပါဝင်လာခဲ့ကြပြီးနောက် ၁၉၉၁-ခုနှစ်၊ ဇန်နဝါရီလ-၃ ရက်နေ့တွင် အမေရိကန် နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်တွင် “ယူနီကုဒ် အကျိုးတူပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ကြီး” (Unicode Consortium) အား တည်ထောင် ဖွဲ့စည်းခဲ့ကြသည်။ ထိုနှစ်ထဲတွင်ပင် ယူနီကုဒ်စနစ် ၏ ပထမ တွဲတည်းဖြတ်မူအား ပုံနှိပ် ဖြန့်ချီခဲ့သည်။

ယူနီကုဒ် စနစ်တွင် ဝှက်စာဖွဲ့ရာ၌ ASCII Code စနစ်မှာကဲ့သို့  အက္ခရာများ၊ ကိန်းဂဏန်းများ ကို ရုပ်ပုံ ဖော်ပြချက်များ (Glyphs) ဖြင့် ကိုယ်စားမပြုပဲ အက္ခရာ၊ ကိန်းဂဏန်း တစ်လုံးချင်းစီ အလိုက် Code Point ဟုခေါ်သည့် ထူးခြားသော ဂဏန်းတန်ဖိုးများ သတ်မှတ်ထားရှိပေးပြီး ၎င်း အက္ခရာများကို ဝဘ်ဘရောက်ဇာ များ၊ Word Processing များတွင်  ပြန်လည် ဝှက်စာဖော် ပြသရာတွင်လည်း သတ်မှတ်ထားသည့် ကုဒ်နံပါတ် အလိုက် စိတ္တဇနာမ်များ သက်သက် ကိုသာ ဖော်ပြခြင်း ဖြစ်ပြီး အရွယ်အစား၊ ပုံသဏ္ဌာန်၊ ဖောင့်ထ် နှင့် ပုံစံ တို့အပေါ်တွင်သာ အဓိက အမှီပြု ထားရသည့် ဆော့ဖ်ဝဲရ် အများစုတို့၏ အမြင်အာရုံ ပုံဖော်ခြင်းနည်းစနစ် (Visual Rendering) အား အသုံးပြုမှုကို လျော့ချနိုင်ခဲ့၏။

ယူနီကုဒ် နည်းစနစ်တွင် အက္ခရာများ၊ ကိန်းဂဏန်းများကို နေရာပေး သတ်မှတ်ရန် Code Space တစ်ခုအတွက်၊ Code Point ပေါင်း ၁,၁၁၄,၁၁၂ ခုဖြင့် အကွာ အဝေး 0hex 10FFFFhex ထိ သတ်မှတ်ထားရှိသည်။ (စကားချပ် -  ASCII Code စနစ်၏ အကွာအဝေး သတ်မှတ်ချက် 0000 မှ 1111 ထိ အက္ခရာ ၁၂၈-လုံး နှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။) ဤနေရာတွင် ယူနီကုဒ် ဆိုသည်အား လွယ်ကူစွာ ရည်ညွှန်းချက် ပေးနိုင်သော “U+” ဆိုသည့် စာလုံး နှင့် ၎င်း၏ နောက်မှ အက္ခရာ တစ်ခုချင်းစီ အလိုက် ကိုယ်စားပြုသော Hexadecimal နံပါတ် ၄-လုံး မှ ၈-လုံး အထိ တွဲရက် ဖော်ပြလေ့ရှိသည် ကို မှတ်သားထားနိုင်သည်။ ဥပမာ အားဖြင့် အခြေခံ ဘာသာစုံ အကန့် (Basic Multilingual Plane -BMP) တွင် “U+0058” ဆိုသည်က Latin Capital Letter – “X” အား ကိုယ်စားပြုပြီး၊ Supplementary Multilingual Plane – SMP တွင် ပါဝင်သော “U+1000” ဆိုသည်က မြန်မာဘာသာစကား ၏ ပထမ အက္ခရာ “က” အား ကိုယ်စားပြုပါသည်။ ယူနီကုဒ် နည်းစနစ် တစ်ခုလုံး (Code Space) အတွက် အထက်ပါ အတိုင်း အက္ခရာများ၏ ကိုယ်စားပြု ကိန်းဂဏန်းများ (Code Points) ကို အကန့်များ (Plane) ဖြင့် ခွဲခြား သတ်မှတ်ထားရာတွင် စုစုပေါင်း အကန့် ၁၇-ကန့် အတွက် ၁-ကန့်စီ လျင် Code Point ပေါင်း ၆၅,၅၃၆ - ခု ဖြင့် အတန်း ၂၅၆ - တန်း နှင့် ၂၅၆ နေရာ စီ သတ်မှတ်ထားရှိသည်။

အောက်ပါ ပုံတွင် ယူနီကုဒ် နည်းစနစ်၏ နေရာ နှင့် အကန့် သတ်မှတ်ချက်များကို လေ့လာကြည့်ရှုနိုင်သည်။

ပုံ (၁) ယူနီကုဒ် စနစ်၏ ကုဒ်ပွိုင့်များအား အကန့်လိုက် သတ်မှတ်ထားရှိပုံ

ဤသို့ ကြီးမား ကျယ်ပြန့်လှသော ယူနီကုဒ် ဖြင့် ဝှက်စာဖွဲ့ခြင်း နည်းစနစ် သည် ကွန်ပြူတာ လောက၏ ကနဦး သမိုင်းဝင် အက္ခရာ ၁၂၈ -လုံး သာပါဝင်သော ASCII Code စနစ်ကြီး တစ်ခုလုံး အား သူ၏ ပထမ အကန့်သာဖြစ်သော BMP အတွင်းသို့ Code Point ရာနှုန်း အနည်းငယ်သာ အသုံးပြု၍ အောင်မြင်စွာ ထည့်သွင်းပစ်ခဲ့ခြင်း ဖြင့် ယူနီကုဒ် နည်းစနစ်အား တစ်ကမ္ဘာလုံးရှိ လူမျိုးတိုင်း ကျယ်ပြန့်စွာ ပါဝင် အသုံးပြုနိုင်ကြောင်းကို ပြသနိုင်ခဲ့သည်။ ထို့အပြင် ကမ္ဘာပေါ်ရှိ ဘာသာစကားတိုင်း၏ အက္ခရာတိုင်း တို့အား နည်းစနစ် တစ်ခုတည်းအောက်ရှိ တိကျသော ကိုယ်ပိုင် နေရာပေးမှုနှင့် ကိန်းဂဏန်း တန်ဖိုးသတ်မှတ်မှု ကိုသာ အသုံးပြုသဖြင့် ဘာသာစကား တစ်ခုမှ အခြားတစ်ခုသို့ လွယ်ကူစွာ ဘာသာပြန်နိုင်ခြင်း၊ ယူနီကုဒ်၏ စံသတ်မှတ်ချက်များကို Adobe Systems, Apple, Google, HP, IBM, Microsoft, Sun Microsystems နှင့် Yahoo အစရှိသည့် ဦးဆောင် ဆော့ဖ်ဝဲရ် ထုတ်လုပ်သော ကော်ပိုရေးရှင်းကြီးများ ကိုယ်တိုင် လက်ခံသုံးစွဲလာကြပြီး မည်သည့် Platform, မည်သည့် Program, မည်သည့် ဆော့ဖ်ဝဲရ် ထုတ်ကုန် ပစ္စည်း၌ မဆို မိမိ တို့ ကိုယ်ပိုင် ဘာသာစကားဖြင့် လွယ်ကူစွာ အသုံးပြုနိုင်ခြင်း၊ ယူနီကုဒ် နည်းစနစ်ကို အသုံးပြုပြီး အင်တာနက် ဒေတာဘေ့စ်များတွင် မိမိတို့ ကိုယ်ပိုင် ဘာသာစကားဖြင့် ပညာရပ်ဆိုင်ရာ ဘာသာရပ် အဘိဓာန်များ တည်ဆောက်ခြင်း၊ သိလိုသော အကြောင်း အရာများအား လွယ်ကူစွာ ရှာဖွေနိုင်ခြင်း အစရှိသော မရေ မတွက်နိုင်သော အကျိုးကျေးဇူးများစွာ တို့ကိုပါ ရရှိစေပါသည်။

သို့ အတွက် ယူနီကုဒ်၏ အဓိပ္ပါယ်ကို အောက်ပါ အတိုင်း မြန်မာဘာသာဖြင့် သတ်မှတ်ဖော်ပြလို၏။

ယူနီကုဒ် ဆိုသည်မှာ မည်သည့် ဘာသာစကား (Language)၊ မည်သည့် အခြေခံ အဆောက်အဦး (Platform)၊ မည်သည့် ညွှန်ကြားချက် အစုအဝေး (Program) ၌ မဆို အက္ခရာ တစ်ခုချင်းစီ အလိုက် ကိန်းဂဏန်း တန်ဖိုးသတ်မှတ် ပေးနိုင်သော ဝှက်စာဖွဲ့ခြင်း နည်းစနစ်(Character Encoding) ဖြစ်သည်။

ပြီးခဲ့သော ဧပြီလ - ၂၀၀၈ ခုနှစ်တွင် ထွက်ရှိခဲ့သည့် ယနေ့ခေတ်၏ နောက်ဆုံးပေါ် ယူနီကုဒ် ၅.၁.၀ တွင် ကမ္ဘာပေါ်ရှိ ဘာသာစကားများ၏ အက္ခရာ ပေါင်း ၁၀၀,၇၁၃ လုံးပါရှိခဲ့ပြီး၊ မြန်မာ၊ ဗီယက်နမ် တို့၏ ဖြည့်စွက်ပြင်ဆင်ချက် အက္ခရာသစ်များ အပါအဝင် အခြားသော ဘာသာစကား ၁၃-ခု တို၏ အက္ခရာအသစ်များ ပါရှိခဲ့သည်။ ၎င်း မတိုင်မှီ နောက်ဆုံး တည်းဖြတ်မူ (Version) ဖြစ်သော ယူနီကုဒ် ၅.၀ တွင် အက္ခရာစာလုံး သတ်မှတ်ချက်ပေါင်း ၉၉,၀၈၉ - လုံး ပါဝင်ခဲ့ပြီး ယူနီကုဒ် နည်းစနစ်တစ်ခုလုံး အတွက် “နိုင်ငံတကာ စံပြုအဖွဲ့အစည်း” မှ စံသတ်မှတ်ချက် နံပါတ်မှာ ISO/IEC 10646 ဖြစ်သည်။

 

အပိုင်း (၂)

ရာဇကုမာရ် ကျောက်စာ မှသည် မိုက်ခရို ပရိုဆက်ဆာ ဆီသို့

မြန်မာစာ နှင့် အင်္ဂလိပ်စာ

မြန် မာစာ၊ မြန်မာစကား သည် လွန်ခဲ့သော နှစ် ၁၀၀၀- ကျော် ကာလ ပုဂံ အင်ပိုင်ယာခေတ် (အေဒီ ၈၄၉ -၁၂၈၇) မှစတင်ကာ တိုးတက်ဖွံ့ဖြိုး တည်ရှိလာခဲ့သော သမိုင်းကြောင်း ခိုင်မာ လှသည့် ဘာသာစကား တစ်ရပ် ဖြစ်သည်။ အဆိုပါ ခေတ်တွင် မူလအစက ပျူ၊ မွန်၊ မြန်မာ၊ ပါဠိ တို့ပါဝင်သော ဘာသာစကား လေးမျိုးလုံးအား ပြည်သူပြည်သား အပေါင်းတို့ အသုံးပြု ပြောဆိုခဲ့ကြမည် ဟုလည်း ယုံကြည်ရ၏။ ထိုအချက်ကို သက်သေပြရန် အစောဆုံး တွေ့ရှိရသည့် ခိုင်မာသော အထောက် အထား တစ်ရပ် အနေဖြင့် ကျန်စစ်သားမင်းကြီး၏ သားတော် ရာဇကုမာရ် မင်းသား ရေးထိုးခဲ့သော မြစေတီ ကျောက်စာ အား ညွှန်းဆိုနိုင်သည်။

ယနေ့ခေတ်တွင် မြန်မာ ဘာသာစကားအား ဘာသာဗေဒပညာရှင်တို့ အလိုအားဖြင့် တရုတ် ဘာသာ အပါအဝင် အခြား ဘာသာစကား အမျိုးအစားပေါင်း ၂၅၀- ကျော်ပါဝင်သည့် အရှေ့အာရှ သုံး ဘာသာစကား ဖြစ်သော ဆီနို-တိဘက်တန် ဘာသာ စကား အမျိုးအစားအတွင်းသို့ ထည့်သွင်း ဖော်ပြထားပြီး၊ အုပ်စု အနေဖြင့်မူ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ နီပေါ နှင့် ဘင်္ဂလားဒေ့ရှ်  အစရှိသည့် ဘာသာစကားများ ပါဝင်သော တိဘက်တို-ဘားမန်း ဘာသာစကားများ အုပ်စု အတွင်းသို့ ထည့်သွင်း ဖော်ပြထား သည်ကိုတွေ့ရှိရသည်။ မြန်မာဘာသာစကား သည် မြန်မာပြည်၏ တရားဝင် ရုံးသုံးဘာသာစကား ဖြစ်ပြီး ကမ္ဘာ အရပ်ရပ်တွင် ပထမ ဘာသာစကား နှင့် ဒုတိယဘာသာ စကားအဖြစ် သတ်မှတ်သုံးစွဲသူပေါင်း သန်း - ၄၀  ကျော် ဖြင့် ကမ္ဘာ့ဘာသာစကား အဆင့်အတန်း သတ်မှတ်ချက်တွင် အဆင့်-၃၄ သတ်မှတ်ထားခြင်း ခံရသည်။

ဂလိုဘယ် ကမ္ဘာ၏ ဂလိုဘယ် ဘာသာစကား အဖြစ် ယနေ့ သတ်မှတ် သုံးစွဲနေကြသော အနောက်-ဂျာမန် ဘာသာစကား အုပ်စုဝင် ဖြစ်သည့် အင်္ဂလိပ်ဘာသာ စကား သည် မြန်မာ ဘာသာစကားနှင့် ခေတ်ပြိုင်ပင် ၁၁-ရာစု တွင် ပေါ်ပေါက်လာသည်ဟု ယူဆနိုင်ဖွယ် အထောက်အထားများ တွေ့ရှိရပြီး၊ ၎င်း၏ ရှေ့ ခေတ်ပြိုင် အချိန်ကာလများတွင် ယနေ့ အင်္ဂလိပ် လူမျိုး ဖြစ်လာမည့် အင်္ဂလို-ဖရီရှန်အင်ဂလို-ဆက်ဆွန်ရိုမန် နှင့် နော်မန် လူမျိုးစုများ သည် ယခု အင်္ဂလိပ်ဟောင်း ဘာသာ ဟု ခေါ်ဆိုနေကြသော ဘာသာစကားမျိုးစုံကို ရောစပ် ပြောဆိုရသည့် အင်္ဂလို-နော်မန် ဟုခေါ်သော ရောယှက်ဘာသာစကား အား ပြောဆိုသုံးစွဲခဲ့ကြကြောင်း လေ့လာတွေ့ရှိသည်။ ယနေ့ကမ္ဘာ့ အဆင့် သတ်မှတ်ချက် အရ အင်္ဂလိပ် ဘာသာစကားသည် မူလဒေသခံ ပြောဆို သုံးစွဲသူများ အပါအဝင် တရားဝင် ရုံးသုံးဘာသာ စကားအဖြစ် သတ်မှတ်ထားသော အမေရိကန်ပြည်ထောင်စု၊ ဥရောပ သမဂ္ဂ နှင့် အခြားသော နိုင်ငံများရှိ ပြောဆို သုံးစွဲသူများ အဆုံး စုစုပေါင်း ပြောဆိုသုံးစွဲသူ ဦးရေပေါင်း ၁.၈ ဘီလီယံ ဖြင့် ကမ္ဘာ့ နံပါတ် ၁ နှင့် ၂ ဘာသာစကား အဖြစ် သတ်မှတ်ထား၏။

အဘယ့်ကြောင့် ထိုသို့ဖြစ်ရသနည်း။ သာမန်အားဖြင့် ဗြိတိသျှ နေမဝင် အင်ပါယာ ၏ ကြီးမားကျယ်ပြန့်ခဲ့မှု နှင့် ယနေ့ခေတ် အမေရိကန် ကဲ့သို့သော မဟာအင်အားကြီး နိုင်ငံတို့၏ အရှိန်အဝါများက အင်္ဂလိပ် ဘာသာစကား၏ ကမ္ဘာနှင့် ချီ၍ အရေးပါ အရာရောက်မှု ကို ဖြစ်ပေါ်စေခဲ့သည်ဟု ထင်မြင်ယူဆဖွယ် ဖြစ်သည်။ သို့သော် ဤအရာများ၏ နောက်ကွယ်တွင် အင်္ဂလိပ်ဘာသာစကား၏ ကမ္ဘာဆန်စွာ အသုံးပြုခံရခြင်း ကို ပံ့ပိုးပေးခဲ့သော အဓိက တစ်ချက် ရှိသေးသည်။ ၎င်းမှာ အင်္ဂလို-ဖရီရှန် တို့၏ ဘာသာစကား အပေါ်တွင် အခြေခံထားသည့် အင်္ဂလိပ် ဘာသာစကားသည် ထိုကာလများ ကတည်းကပင် နော်မန် နှင့် ရိုမန် ဘာသာစကားများ၏ လွမ်းမိုးမှုနှင့် ရောယှက်အသုံးပြုမှုများ အား လိုက်လျောညီထွေဖြစ်အောင် လက်ခံ မွေးစား အသုံးပြုနိုင်ခဲ့ကြပြီး ယနေ့ အင်တာနက် ခေတ်၊ ဒီဂျစ်တယ် အချိန်  အထိတိုင်အောင် မည်သည့်ဘာသာစကား ၏ အစိတ်အပိုင်းကိုမဆို လွယ်လင့်တစ်ကူ လက်ခံထည့်သွင်း မိမိပိုင်အဖြစ် ပြုလုပ်နိုင်သော စွမ်းရည်ရှိသည့် “အငှားဘာသာစကား” တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ခြင်း ပင်ဖြစ်သည်။

 

မြန်မာစာပေ၏ ပြောင်းလဲ တိုးတက်မှုများ သမိုင်းအကျဉ်း

            မြန်မာ လူမျိုးတို့၏ ဘာသာစကားဖြစ်သော မြန်မာစာ၊ မြန်မာစကား သည် ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင် (ပု၊ ပင်း၊ အင်း၊ တောင်၊ ညောင်ရမ်းနောင်၊ ကုန်းဘောင် နှစ်ဆက်ခွဲ ဟု ဆိုရိုးရှိသည်)  အစရှိသည့် မြန်မာဘုရင်များ စိုးစံသော ပဒေသရာဇ်ခေတ် အဆက်ဆက် ကတည်းကပင် အဆင့်အတန်းမြင့်စွာ တည်ရှိ၊ အသုံးပြုလာခဲ့ သော ကိုယ်ပိုင် ဘာသာစကား စစ်စစ်တစ်ခုဖြစ်သည်။ ခေတ်အလိုက် အက္ခရာများ၏ ပုံသဏ္ဍာန် ပြောင်းလဲခြင်း၊ စာများ၊ ကဗျာများ၏ အရေးအသား၊ စကားလုံး အသုံးအနှုံး စသည်တို့ ကွာခြားခြင်းများ ရှိသည် မှန်သော်လည်း ပုဂံခေတ်၏ “တောင်ကျချောင်းတေး၊...”  အစချီသော “မြကန်” ကဗျာမှသည် လက်ဝဲသုန္ဒရ အမတ်ကြီး၏ “သေနင်္ဂဗျူဟာ စစ်ပညာ ကျမ်း” အလယ်၊ ဦးကုလား၏ “မြန်မာ ရာဇဝင်များ” အဆုံး ခေတ်အဆက်ဆက်၊ နယ်ပယ် အသီးသီးတွင် တိုးတက် မြင့်မား၊ ထိရောက်၊ ကျယ်ပြန့်စွာ အသုံးပြုလာခဲ့ကြသော ဘာသာစကား တစ်ခုဖြစ်သည် ဆိုခြင်းကို မည်သူမျှ ငြင်းနိုင်အံ့ မထင်ပါ။

            တိဘက်-မြန်မာ အုပ်စုဝင် မြန်မာ လူမျိုးတို့သည် အေဒီ-ဂ၃၂ တွင် ပျူနိုင်ငံတော် ပျက်စီးပြီး ၁၁-ရာစု အနော်ရထာဘုရင်၏ ပုဂံခေတ် မတိုင်မှီ မြန်မာနိုင်ငံ ကတည်းကပင် သံတူကြောင်းကွဲ “ရှေးဦး မြန်မာစကား” (နှာ- ၁၁၂-၁၁၃၊ ရှေးမြန်မာများ ဝင်ရောက်ခဲ့ပုံ ဆောင်းပါး ၊ ၁၉၉၈၊ ဗိုလ်မှူး ဘရှင် တွင်ရှု) များကို စတင်ပြောဆို သုံးစွဲ လာခဲ့ကြပြီး ဖြစ်သည်။ ထို့နောက် မြန်မာတို့၏ ကိုယ်ပိုင် ဘာသာစကား ဖြစ်သော မြန်မာဘာသာ သည် ပထမ မြန်မာနိုင်ငံတော် “ပုဂံခေတ်”  ကတည်းကပင် အများသုံး ပထမ ဘာသာစကား(First Language) ဖြစ်ခဲ့မည် ဟူသော ဆရာကြီး မင်းသုဝဏ် ၏ အယူအဆအား ဆရာကြီး ဦးဖေမောင်တင် ၏ “မြစေတီကျောက်စာ စာတမ်း” တွင် အောက်ပါ အတိုင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ပါဌ် လျောက်ပြန်နည်း အတွက် သာဓက ထုတ်ဆောင် ဖော်ပြလိုသော ကျောက်စာမှာ ကျန်စစ်သားမင်း၏ သားတော် ရာဇကုမာရ် သည် ခရစ် သက္ကရာဇ် ၁၁၁၂ -ခုတွင် ရေးထိုးသည့် ပါဠိ၊ မွန်၊ ပျူ၊ မြန်မာ လေးဘာသာ ကျောက်စာဖြစ်သည်။ အကြောင်းအရာ တစ်ရပ်တည်းကို လေးဘာသာနှင့် ဖော်ထားချက် ဖြစ်သဖြင့် ဘာသာတစ်ခုကိုမူတည်၍ ကျန်သုံးဘာသာ ဖြင့် ပါဌ်လျောက်ပြန်သည်ဟု ယူဆရန်ရှိသည်။ လေးမျိုးကို တိုက်ဆိုင်ကြည့်ကြသော ဆရာတို့ကား မြန်မာဘာသာကို မူရင်းဟု ယူဆလိုကြသည်။ မြန်မာမူကိုမှ၊ မွန်၊ ပါဠိ၊ ပျူ တို့ဖြင့် ပြန်သည်ဟု ဆိုလိုသည်။

            ပုဂံခေတ် (၈၄၉-၁၂၈၇) မှသည် မြန်မာတို့ လွတ်လပ်ရေး ဆုံးရှုံးသည့် ၁၈၈၅-ခုနှစ် တိုင်အောင် နှစ်ပေါင်း ၁၀၃၆-ခုနှစ် အတွင်း မြန်မာစာပေ ယဉ်ကျေးမှု သည် လူပုဂ္ဂိုလ် အမျိုးမျိုးတို့၏ စွမ်းဆောင်မှုများ အောက်တွင် ဗုဒ္ဓဘာသာ(ပါဠိ) နှင့် အိမ်နီးချင်း (အိန္ဒိယ၊ ထိုင်း) နိုင်ငံများ၏ ယဉ်ကျေးမှုများကို ကိုယ်ပိုင်အဖြစ် သွတ်သွင်း မွေးမြူရင်း ဗုဒ္ဓ၏ ဒဿနိက ဗေဒများ၊ ကျင့်ဝတ်ဆိုင်ရာများ နှင့် သူ၏ အထ္ထုပ္ပတိဆိုင်ရာ ဇာတ်နိပါတ်တော်များကို ရှင်းလင်း ဖော်ပြထားသော ကျမ်းစာများ အဖြစ်လည်းကောင်း၊ ပဒေသရာဇ် ခေတ်နှင့် အုပ်ချုပ်သူ လူတန်းစားတို့၏ ပုံရိပ်များကို ထင်ဟပ် နိုင်သည့် ရာဇဝင်ကျမ်းများ အဖြစ်လည်းကောင်း၊ လွှတ်တော်နှင့် အုပ်ချုပ်မှု ဆိုင်ရာ စာပေများဖြစ်သည့် စီရင်ထုံး၊ လျောက်ထုံး၊ ဓမ္မသတ် စသည်တို့ အဖြစ်လည်းကောင်း၊ ဆေးပညာ၊ နက္ခတ္တဗေဒ၊ စစ်မဟာ ဗျူဟာဆိုင်ရာ နှင့် စက်မှု၊ လက်မှု ဆိုင်ရာများ ကို ရေးသား မှတ်တမ်း တင်ထားသည့် ကျမ်းစာများ အဖြစ်လည်းကောင်း၊ စာပေယဉ်ကျေးမှု၏ ပြယုဂ် ဟုဆိုနိုင်သော ပျို့၊ ရတု၊ ရကန်၊ ဧချင်း၊ အိုင်ချင်း၊ ကချင်း၊ မော်ကွန်း၊ လင်္ကာ၊ တေးထပ်၊ လေးချိုး၊ ဒွေးချိုး၊ ဘောလယ်၊  ပြဇာတ်၊ ကဗျာ စသည်တို့ အဖြစ်နှင့် လည်းကောင်း ကမ္ဘာ့ ယဉ်ကျေးမှုတို့နှင့် ခေတ်ပြိုင် တိုးတက် ဖြစ်ထွန်း ပေါ်ပေါက်ခဲ့၏။ ဆိုလိုသည်မှာ ကမ္ဘာကျော် အီလီယက်နှင့် အော်ဒက်ဆီ ကဗျာရှည်ကြီးကို ဖန်တီးသူ ဂရိမှ ဟိုးမား နှင့်  ဗြိတိသျှ လူမျိုး နာမည်ကျော် ပြဇာတ်ရေးဆရာ ရှိတ်စပီးယား ကဲ့သို့ပင် မြန်မာတို့၌လည်း စစ်ချီကဗျာ ရှည်ကြီးများ ရေးဖွဲ့ခဲ့သူ လက်ဝဲသုန္ဒရ အမတ်ကြီး၊ ပြဇာတ် အကျော် အမော် စလေ ဦးပုည အစရှိသော မြန်မာ ပုဂ္ဂိုလ်ကျော်များ ၏ မြန်မာစာပေ လက်ရာမွန်များ မြင့်မားစွာ ဖြစ်ထွန်းတည်ရှိခဲ့သည် ဟူသော အချက်ဖြစ်သည်။

            လွတ်လပ်ရေး ကြိုးပမ်းမှုကာလ နှင့် လွတ်လပ်ရေး ရရှိပြီး ကာလများတွင်လည်း မြန်မာစာပေသည် မျိုးချစ် စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး အတွက်လည်းကောင်း၊ ပြည်သူ ပြည်သားတို့ နား၊ မျက်စိ ကိုကမ္ဘာ့စာပေ များနှင့် မိတ်ဆက်ပေးရာ တွင်လည်းကောင်း အထူးအရေးပါသော နေရာမှ တာဝန်ယူခဲ့သည်ကို ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၊ ဆရာကြီး ရွှေဥဒေါင်း၊ သိပ္ပံမောင်ဝ ၊ ဆရာကြီး မင်းသုဝဏ်၊ ဆရာ ဇော်ဂျီ၊ လူထုဦးလှ ၊ ဂျာနယ်ကျော် ဦးချစ်မောင်၊ ဆရာ မြသန်းတင့် အစရှိသူ မြန်မာ ပညာကျော် တို့၏ စာပေလက်ရာမွန် များကို လေ့လာကြည့်ရှုခြင်းဖြင့် သိရှိနိုင်၏။

 

ဒီဂျစ်တယ် မြန်မာစာပေ သို့မဟုတ် ကုဒ်ပွိုင့်-၁၆၀ ၏ သမိုင်းဦး (Digital Myanmar Literature or Early History of Code Points-160)

            ၁၉၇၉-ခုနှစ်၊ တက္ကသိုလ်များ ဗဟို ကွန်ပြူတာဌာန (ရန်ကုန်) [Universities Computer Center (UCC)] သို့ အိုင်စီအယ် ကုမ္ပဏီထုတ် ICL 1902s Mainframe ကွန်ပြူတာ တစ်လုံး ပထမဆုံး ရောက်ရှိခဲ့သည်။ ထို့နောက် ဗြိတိန်နိုင်ငံသား မြန်မာစာ ပါမောက္ခ ဂျွန်၊ အိုကီးလ် ၏ ကြီးကြပ်မှုဖြင့် ပထမဆုံး မြန်မာ ကွန်ပြူတာ စာလုံး ကို မက်ခ်ကင်းတော့ရှ် ကွန်ပြူတာ အတွက် တီတွင်နိုင်ခဲ့၏။ ဝင်းဒိုးစ် စနစ်အတွက် ပထမဆုံး မြန်မာစာလုံး ပုံစံ ကိုမူ MCC ၏ ပရိုဂရမ်မာ များဖြစ်ကြသော (ဦး) ဇော်ထွဋ် နှင့် (ဦး) သက်ကိုကို တို့မှ ဖန်တီးနိုင်ခဲ့ကြပြီး မတ်လ ၁၃ ရက်၊ ၁၉၉၂ ခုနှစ် တွင် အများပြည်သူထံသို့ ဖြန့်ချီနိုင်ခဲ့သည်။ ထို့နောက်တွင် ဝင်းဒိုးစ် စနစ်နှင့် ပန်းသီး ကွန်ပြူတာများ အတွက် မြန်မာ စာလုံးပုံစံများ နာမည် အများအပြား ဖြင့်ထွက်ရှိလာခဲ့ကြပြီး ထို ကွန်ပြူတာအတွက် မြန်မာစာလုံး ပုံစံများကို မြန်မာနိုင်ငံရှိ မြို့ကြီးများ၏ နာမည်များဖြင့် အမည်ပေး သတ်မှတ်ထားလေ့ ရှိခဲ့ကြသည်။

            မြန်မာစာပေလောကတွင်လည်း ကွန်ပြူတာစာလုံး၊ ကွန်ပြူတာစာစီ၊ ကွန်ပြူတာ ဒီဇိုင်း စသဖြင့် ကွန်ပြူတာနှင့် ကွန်ပြူတာ ကို အသုံးပြုမှု နယ်ပယ်တို့ ကြီးမား ကျယ်ပြန့်လာခဲ့ပြီး မြန်မာစာပေ အရေးအသားများ၊ ကဗျာများ၊ ဝတ္ထုများနှင့် ဘာသာစကား ဆိုင်ရာလေ့လာမှုများ စသည်ဖြင့် တိုးတက် ပြောင်းလဲလာခဲ့ပြီး မြန်မာစာအုပ်နှင့် စာပေလောကအား တစ်ခေတ် ဆန်းစေခဲ့သည်ဟု ဆိုနိုင်ပါသည်။

            သို့သော် အထက်ပါ မြန်မာစာလုံးပုံစံများ (Font) များသည် ကွန်ပြူတာ၏ မူလပါသော အက်စ်ဆီး ကုဒ် (ASCII Code) အခြေပြု အင်္ဂလိပ် အက္ခရာများ ကို မြန်မာ အက္ခရာ ပုံသဏ္ဍာန်များ (Glyphs) ပြောင်းလဲ၍သာ အသုံးပြုခြင်း ဖြစ်သဖြင့်  အမှန်တစ်ကယ် ဘာသာစကားတစ်ခု တွင် ပါရှိလုပ်ဆောင်ရမည့် စာလုံးပေါင်းသတ်ပုံ စစ်ဆေးခြင်း၊ စကားစုများအား အလိုအလျောက် ခွဲခြားပေးခြင်း၊ ပြန်လည်ရှာဖွေခြင်း၊ ပေါင်း၊ နှုတ်၊ မြှောက်စားခြင်း စသည်တို့ အပါအဝင် ကွန်ပြူတာ၏ ဗဟိုအချက်အလက် ထိန်းချုပ်ရေး ဌာန(Data Base) တွင် မှတ်တမ်းတင် သိမ်းဆည်းခြင်း များ အတွက်တို့ကို မြန်မာဘာသာ ဖြင့် လုပ်ဆောင်နိုင်ခြင်း မရှိချေ။

            သို့အတွက် Universal ASCII Code ဟု တင်စားခေါ်ဆိုကြသည့် Unicode တစ်ဖြစ်လဲ Universal Character Set  စံ သတ်မှတ်ချက် အတွင်းသို့ မြန်မာဘာသာကို ကိုယ်ပိုင် ကုဒ်ပွိုင့်များဖြင့် ထည့်သွင်း နေရာပေး အသုံးပြုနိုင်ရေး ကြိုးပမ်းမှုများ ၁၉၉၃ ခုနှစ်တွင် ယူနီကုဒ် အကျိုးတူအဖွဲ့အစည်းကြီး (Unicode Consortium) သို့ အမေရိကန်နိုင်ငံဖွား၊ ယခု အိုင်ယာလန် နိုင်ငံသားခံယူ ထားသူ မိုက်ကယ် အီဗာဆင် ၏ သတင်းပို့ချက်နှင့် အတူ စတင်ပေါ်ပေါက်လာခဲ့၏။ ၁၉၉၈-ခုနှစ် တွင် ယူနီကုဒ်အဖွဲ့ကြီး မှ မြန်မာဘာသာနှင့် ဆက်စပ် တိုင်းရင်းသား ဘာသာများ၏ အက္ခရာစာလုံးများ အတွက် ကုဒ်ပွိုင့် U+1000 မှ U+109F အထိ ကုဒ်ပွိုင့်ပေါင်း ၁၆၀   ဖြင့် နေရာပေး သတ်မှတ်ခဲ့သည်။

ပုံ (၂) ယူနီကုဒ် ၅.၁.၀ ဇယား တွင် မြန်မာစာနှင့် တိုင်းရင်းသား ဘာသာများ အတွက် နေရာပေး သတ်မှတ် ထားပုံ

မြန်မာစာပေ ကို ယူနီကုဒ် စနစ်အတွင်း ထည့်သွင်းနိုင်ရေး နှင့် ပြည်တွင်းမှု ပြုရေး စတင် လေ့လာ ဆောင်ရွက်ခဲ့သော မြန်မာ မဟုတ်သည့် အခြား နိုင်ငံခြားသား တစ်ဦးမှာ W3C (World Wide Web Consortium) ၏ ဦးဆောင် အဖွဲ့ဝင်သူ တစ်ဦးဖြစ်သည့် ဗြိတိန် နိုင်ငံသား Richard Ishida ဖြစ်သည်။ မြန်မာ စကားလုံးများ၏ နေရာပေးသတ်မှတ်ပုံများ၊ နိမ့်သံ၊ မြင့်သံ နှင့် တက်သံ အစ ရှိသည်တို့ အပေါ်တွင် မူတည်၍ မြန်မာစကား၏ ပြောင်းလဲပုံများ အား Ishida လေ့လာ စူစမ်းမှု ပြုလုပ်ပြီး ရှာဖွေ တင်ပြထားသည့် စာတမ်းတစ်စောင်ကို သူ၏ ကိုယ်ပိုင် ဝဘ်စာမျက်နှာ တွင် လေ့လာဖတ်ရှုနိုင်သည်။ မြန်မာ ယူနီကုဒ်ကို လေ့လာနေသည့် ပညာရှင်များ အတွက် အထူးအသုံးဝင် မည့် အွန်လိုင်း မြန်မာစာလုံး ကောက်ယူနိုင်သော ဝဘ်စာမျက်နှာ (Myanmar Script Picker) တစ်ခုကိုလည်း Ishida မှ ဖန်တီး ထားခဲ့သည် ကို တွေ့ရှိရသည်။

            မြန်မာပညာရှင်များထဲမှ ပထမဦးဆုံး မြန်မာ ယူနီကုဒ်ဖောင့်ထ်ဖြစ်သော မြစေတီ မြန်မာ ယူနီကုဒ် ဖောင့်ထ် တီထွင်သူ (ဦး)ငွေထွန်း ၏  မြန်မာ ယူနီကုဒ်နှင့် ပတ်သက်သည့် အယူအဆ အမှား၊ အမှန်များအား လေ့လာ ဆန်းစစ်မှု ပြုလုပ်ထားသည့် ပညာပေး စာအုပ်အား ဤနေရာတွင် ဒေါင်းလုဒ် လုပ် ရရှိနိုင်သည်။ ယနေ့ လက်ရှိ အချိန်အထိ မြန်မာဘာသာစကားကို ယူနီကုဒ်အတွင်း တိုးတက်ဖြစ်ပေါ်လာစေရေး ဆောင်ရွက်ခဲ့ကြသော မြန်မာနှင့် အခြား ပညာရှင် အသီးသီးတို့အား မြန်မာတတ်သိများ ဖိုရမ် တွင် ဖော်ပြထားသည်ကို ထပ်ဆင့် ကူးယူ ဂုဏ်ပြု ဖော်ပြအပ်ပါသည်။

အောက်ပါ ပုဂ္ဂိုလ်များသည် လက်ရှိ ယူနီကုဒ် ၅.၁.၀ အထိ မြန်မာစာ အတွက် စံသတ်မှတ်ချက် တစ်ခု တိုးတက် ဖြစ်ပေါ် လာစေရေးတွင် အဓိက ကြိုးပမ်းအားထုတ်ခဲ့ကြသများ အဖြစ် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

           

1.       Michael Everson  | Evertype

2.       ဦး ဇော်ထွဋ်  | (Myanmars.Net)

3.       Martin Hosken  (Graphite Padauk & UTN11-1/2) | SIL.org

4.       ဦး မောင်ထွန်းထွန်းလွင် (UTN11-1) | Myanmar World Distribution

5.       Keith Stribley  (PadaukOT, MyOOo) | ThanLwinSoft.org

6.       ဦး ငွေထွန်း  (Solveware Solution)

7.       ဦး ဝဏ္ဏကိုကို (Thesis, MyOOo)

8.       ဦး ဆန်းထွန်း (Myanmar3 font developer) | MyanmarNLP Research Center

9.       MyanmarNLP Research Center ရှိ အားလုံးသော လက်ရှိ ပညာရှင်များ နှင့် အနားယူပြီး ပညာရှင်များအားလုံး

 

 

 

 

 

 

 

အပိုင်း (၃)

ယူနီကုဒ် စနစ်သုံး မြန်မာ စာလုံးများ (Unicode Standard Myanmar Fonts)

 

            (က) မြစေတီ

၁၉၉၉ ခုနှစ်မှ စတင်ကာ ယူနီကုဒ် အဖွဲ့အစည်းမှ သတ်မှတ်ပေးထားသော စံအတွင်း မြန်မာစာလုံးများ ထည့်သွင်း အသုံးပြုနိုင်ရေးအတွက် သံလွင်ဆော့ဖ် မှ ပိတောက်မန္တလေး ပရောဂျက် အစရှိသော မြန်မာယူနီကုဒ် အကောင် အထည်ဖော်ရေး အဖွဲ့များ စတင်ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် အောင်မြင်မှု မရရှိခဲ့ကြပဲ ၂၀၀၂ ခုနှစ်တွင်မှ (ဦး) ငွေထွန်း (Solveware Solution) မှ မြစေတီ ယူနီကုဒ် ကိုတီထွင် နိုင်ခဲ့ကာ etrademyanmar.com တွင် စတင်အသုံးပြုနိုင်ခဲ့သည်။ ယူနီကုဒ်၏ စံသတ်မှတ်ချက်များနှင့် အနီးစပ်ဆုံး ကိုက်ညီသော ပထမဦးဆုံး မြန်မာယူနီကုဒ်ဖောင့်ထ် ဖြစ်ပြီး အခမဲ့ နှင့် ဝယ်ယူ အသုံးပြုနိုင်သော ဗားရှင်း ဟူ၍ ၂-မျိုးရှိကာ မြန်မာ ဝဘ်လောက တွင်မူ တွင်ကျယ်စွာ အသုံးပြုနိုင်ခြင်း မရှိခဲ့ပေ။

ယူနီကုဒ် အကြောင်း ထဲဝင်၊ ကျယ်ပြန့်စွာ ပညာပေးမှုများ၊ ပြည်တွင်း၌ပင် ယူနီကုဒ် အကြောင်း ကျယ်ပြန့်စွာ လေ့လာမှုများ မပြုလုပ်နိုင်သေးမှီမှာပင် မြန်မာ ယူနီကုဒ်စနစ် တစ်ခုကို အစောဆုံး တီထွင် အသုံးပြုနိုင်ခဲ့ခြင်းသည် မြစေတီ ယူနီကုဒ်စနစ် အတွက် သမိုင်း မှတ်တိုင် တစ်ခုသဖွယ် ဖြစ်သော အောင်မြင်မှုကြီး ဖြစ်ပြီး ၎င်းနောက်မှ နေ၍ အခြေခံ အုတ်မြစ်သဖွယ်ဖြစ်သည့် မြန်မာယူနီကုဒ် စနစ်အား တစ်ပြည်လုံး ကျယ်ပြန့်စွာ အသုံးပြုလာနိုင်ရေး အတွက် နေရာတိုင်းတွင် အခမဲ့ ဖြန့်ဝေခွင့်ပေးခြင်း၊ အသုံးပြုနည်းများ၊ ပိုမို ကောင်းမွန်သော ဗားရှင်းများ အတွက် ထပ်မံ တိုးတက် (Develop) ထုတ်လုပ်နိုင်ရန် အခြေခံ သီအိုရီများ ဖြန့်ဝေ ပညာပေးခြင်း၊ ထိုမှ တစ်ဆင့် ပထမဆုံးသော မြန်မာယူနီကုဒ် ဖြစ်သည်နှင့် အညီ မြစေတီအား အနည်းဆုံး ပြည်တွင်း အဆင့် ခိုင်မာတိကျသော စံသတ်မှတ်ချက် တစ်ခုဖြစ်လာအောင် ကြိုးပမ်းနိုင်ခြင်း မရှိခဲ့ပဲ ဦးစွာ စီးပွားရေး လုပ်ငန်းသုံးရန် အဓိကထား ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ခြင်း တို့သည်ကား မြစေတီ အတွက် ဝမ်းနည်းဖွယ် ဖြစ်ရပ်များ ဖြစ်လာခဲ့သည်။ ထို အတွက် ထင်သာမြင်သာ ရှိလှသော ဥပမာ တစ်ခုကား “လယ်သမား ကောင်းဟူသည် လယ်မြေကို ညက်စွာ ထွက်ယက်ပြီးမှ မျိုးစေ့၊ မျိုးပင် တို့ကို စနစ်တကျ စိုက်ပျိုးအပ်ခြင်း” ဟူသော ဥပမာ ဖြစ်ပေလိမ့်မည်။ မြန်မာတို့ အတွက် အလွန့်အလွန် အခြေခံကြီးဖြစ်သော၊ လယ်မြေနှင့် တူသော မြန်မာစာ အတွက် ယူနီကုဒ်စနစ် ကို မှ အားလုံး အကျွမ်းတဝင် ကြေညက်စွာ အသုံးမပြု နိုင်ကြသေးမှီ ၎င်းမှ ထပ်မံ ပေါက်ရောက် ထွက်ရှိ လာမည့် သီးပင်၊ စားပင် တို့အား အောင်မြင်စွာ သီးပွင့် ဆွတ်ခူးရန် အတွက် မျှော်လင့်ခြင်း ပြုနိုင်အံ့ မထင်ပေ။

(ခ) မြန်မာ - ၁၊ ၂၊ ၃ (Myanmar1, 2, 3)

            မြန်မာနိုင်ငံ ကွန်ပြူတာ အသင်းချုပ် ၏ ကြီးကြပ်မှုဖြင့် မြန်မာစာ စနစ် အကောင်အထည်ဖော်ခြင်း အဖွဲ့ (Myanmar Unicode and National Language Processing Research Center – MyanmarNLP) အား ၂၀၀၂-ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ MyanmarNLP အဖွဲ့မှ Myanmar1, Myanmar2 နှင့် Myanmar3 ယူနီကုဒ် ဖောင့်ထ် များကို အများပြည်သူတို့ အခမဲ့ သုံးစွဲရန် အတွက် အဆင့်ဆင့် တီထွင်နိုင်ခဲ့ပြီး နောက်ဆုံး ထုတ် ယူနီကုဒ် ဗားရှင်းမှာ ရတနာပုံ ဆိုက်ဘာမြို့တော် ဖွင့်ပွဲ (၁၄.၁၂.၂၀၀၇) တွင် ဖြန့်ချီခဲ့သော Myanmar3 ဖြစ်သည်။ ၎င်း Myanmar3 ဖောင့်ထ် အား နိုင်ငံတကာ စံပြုအဖွဲ့အစည်း (ISO) ၏ စံနှုန်းသတ်မှတ်ချက်များ အတိုင်း ထုတ်လုပ်ထားသည်ဟု သိရပြီး မိုက်ခရိုဆော့ဖ် ဝင်းဒိုးစ် စနစ်၊ ပန်းသီး ၏ OS စနစ်နှင့် Linux စနစ်များတွင်ပါ အသုံးပြုနိုင်လိမ့်မည် ဖြစ်ကြောင်း ဖော်ပြထားကာ မြန်မာ ကွန်ပြူတာ အသုံးပြု သူများ အတွက် ထပ်မံ စောင့်ကြည့် လေ့လာရမည့် ယူနီကုဒ် တစ်ခုအဖြစ် ဆက်လက် တည်ရှိနေ၏။

Myanmar NLP မှ ထုတ်လုပ်ဖြန့်ချီသော ဖောင့်ထ် ဒီဇိုင်းနှင့် လက်ကွက်များကို အသုံးပြုရန် မြန်မာ-၁၊ မြန်မာ-၂ နှင့် မြန်မာ-၃ တို့ အတွက် ကိုယ်ပိုင် Open Type ဖောင့်ထ် များနှင့် လက်ကွက်မြေပုံဖိုင် တစ်ခုစီ ကိုယ်ပိုင် တီထွင် ပါရှိပြီး နောက်ဆုံးထုတ် မြန်မာ-၃ ဖောင့်ထ် ကို မိမိ ကွန်ပြူတာ တွင်ထည့်သွင်းပြီး လက်ကွက် အသုံးပြုနိုင်ရန် အတွက် Tavultesoft Keyman (Home Free Version) ကို အသုံးပြုထားသည်။ လက်ရှိ နောက်ဆုံးထုတ် Myanmar3 ဖောင့်ထ် သည် ယူနီကုဒ်၏ နောက်ဆုံး စံသတ်မှတ်ချက် ၅.၁.၀ နှင့် ကိုက်ညီအောင် ပြုပြင်ထားသည် ဟုသိရှိရပြီး Myanmar NLP ၏ ဝဘ်ဆိုဒ်တွင်မူ ပထမဦးဆုံးထုတ် ဗားရှင်းဖြစ်သော မြန်မာ-၁ ကိုသာလျင် Standard Version အဖြစ် ဖော်ပြထားသေးသည် ကို တွေ့ရှိရသည်။

ယူနီကုဒ်၏ စံသတ်မှတ်ချက်များ နှင့် ကိုက်ညီမှုရှိပြီး အစိုးရမဟုတ်သော၊ မြန်မာ ယူနီကုဒ်ကို လေ့လာဖွံ့ဖြိုးမှုများ ပြုလုပ်နေသော အဖွဲ့များ အနက် တာဝန်အရှိဆုံး ဖြစ်သော အမျိုးသား စီမံကိန်း အဖွဲ့တစ်ခုမှ ထုတ်ဝေသော အခမဲ့ ဗားရှင်း ဖြစ်သော်လည်း မြန်မာ ၁၊ ၂၊ နှင့် ၃ ဖောင့်ထ် တို့ကို အသုံးပြုသူ နည်းပါးခဲ့ကြ၏။ အကြောင်းရင်းမှာ အဆိုပါ ယူနီကုဒ် စနစ်၏ (ယူနီကုဒ် စနစ်ကို အတိအကျ လိုက်နာထားသော စနစ်ဖြစ်သည့် အလျောက်) အသုံးပြုရာတွင် ရှုပ်ထွေးမှုများ အနည်းငယ် ပါရှိနေခြင်း ၊ ဗားရှင်း တစ်ခုနှင့် တစ်ခု အပြောင်းအလဲများ ကြားတွင် စံပြုသတ်မှတ်မှုများ ကွာဟချက် ကြီးမားနေခြင်း၊ ဖောင့်ထ် ပုံစံ သေသပ်မှု အနည်းငယ် လိုအပ်နေခြင်း နှင့် နောက်ဆုံး Myanmar NLP ကိုယ်တိုင် အဆိုပါ Myanmar 1, 2, 3 Font များကို အသုံးပြုသူများ မြန်ဆန်စွာ လက်ခံ အသုံးပြု လာနိုင်စေရေး အတွက် ကျယ်ပြန့်စွာ စည်းရုံး လှုံ့ဆော်မှုများ မပြုလုပ်နိုင်ခဲ့ခြင်း တို့ကြောင့် ဖြစ်ကြောင်း သုံးသပ် တွေ့ရှိရသည်။ (မြန်မာ-၁ [၂၀၀၆] မထွက် မှီ ဇော်ဂျီ-၁ [၂၀၀၅] ထွက်ရှိခဲ့ပြီး တွင်ကျယ်ခဲ့မှု ကလည်း အဓိက အကြောင်း တစ်ရပ် ဖြစ်ဖွယ် ရှိသည်။)

အငြင်းပွားဖွယ် ပြဿနာများ ရှိနေသော်ငြားလည်း လက်ရှိ Myanmar 1,2,3 Unicode Font များသည် ယူနီကုဒ် အကျိုးတူ အဖွဲ့အစည်း ကြီးမှ သတ်မှတ်ထားသော ကမ္ဘာသုံး ယူနီကုဒ် စနစ်၏ မြန်မာစာ အတွက် စံနှုန်းများကို အတိကျနိုင်ဆုံး ဖြစ်အောင်နှင့် မြန်မာစာ ရေးထုံးများအတိုင်း လိုက်နာပြီး ရေးသား အသုံးပြုနိုင်ရန် တီထွင်ဖန်တီး ထားသည်ကို တွေ့ရှိရကာ (ဥပမာ - န ငယ် ၂-မျိုး၊ နှင့် ၊ ရ ရစ် ၄-မျိုး၊             ၊ တစ်ချောင်းငယ်၊ နှစ်ချောင်းငယ် ၂-မျိုးစီ၊ုူ  စသည်တို့ သတ်မှတ်ထားခြင်း မရှိပဲ အသုံးပြုသော စကားလုံးနှင့် အသုံးပြုပုံ ကိုလိုက်၍ ကီးတစ်ခုတည်းကို ရိုက်နှိပ်ရုံဖြင့် အလိုအလျောက် ပြောင်းလဲအောင် ဖန်တီးထားခြင်း . စသည်…)  တရားဝင် အနေအထား တစ်ခုအတွက် အသုံးပြုရန် မူရင်း ဆော့ဖ်ဝဲ ကို မြန်မာဘာသာသို့ ပြန်ဆို ရေးသားသူများ၊ ဝဘ်ဆိုဒ် ဖန်တီး ရေးသားသူများ စသူတို့ အနေဖြင့် ပြည်တွင်းမှု ပြုခြင်း (WordPress & Joomla စသည့် အခြေခံ ဆော့ဖ်ဝဲရ် အထုပ်များကို မြန်မာဘာသာ ဖြင့် အလွယ် အသုံးပြုနိုင်ရန် ပြန်ဆိုခြင်း စသည်…)၊ အခြားသော မြန်မာဘာသာသို့ ပြန်ဆိုခြင်း (Officially Localizations For Softwares  & Web Development ) စသည့် လုပ်ငန်း ဆောင်တာတို့အတွက် အလွယ် တစ်ကူ အခမဲ့ ရရှိနိုင်သော မရှိမဖြစ် နှင့် မသုံးမဖြစ် သုံးရမည့် မြန်မာ ယူနီကုဒ် ဖောင့်တစ်ခု ဖြစ်သည် ဆိုခြင်းကိုမူ ငြင်းပယ်ဖွယ် မရှိပါချေ။

 

            (ဂ) ဇော်ဂျီ (ZawGyi )

               လက်ရှိ  မြန်မာ ကွန်ပြူတာ အသုံးပြုသူများ (End Users) နယ်ပယ်တွင် အောင်မြင်မှု အရှိဆုံး၊ ကျယ့်ပြန့်စွာ အသုံးချမှုအများဆုံး၊ ဖောင့်ထ်၏ သေသပ်လှပမှုနှင့် အသုံးပြုရန် လွယ်ကူမှု အရှိဆုံး၊ အငြင်းပွားဖွယ်လည်း အဖြစ်ဆုံးသော ဇော်ဂျီ ဟု ခေါ်သည့် တစ်စိတ် တစ်ပိုင်း မြန်မာ ယူနီကုဒ်စနစ် (ZawGyi Myanmar Unicode) ကို မြန်မာ့ အိုင်တီ နယ်ပယ်မှ ပညာရှင် ငါးဦး ပါဝင်သော ဇော်ဂျီ အဖွဲ့ နှင့် အယ်လ်ဖာ မန္တလေး (Alpha Mandalay) တို့ ပူးပေါင်း၍ ယူနီကုဒ် ၄.၀ အပေါ်တွင် အခြေခံကာ၂၀၀၅ ခုနှစ် တွင် အခမဲ့ စတင်ထုတ်လုပ် ဖြန့်ချီခဲ့သည်။ ကိုယ်ပိုင် ကီးဘုတ် ဆော့ဖ်ဝဲရ် ကို အသုံးပြုထားပြီး ပြုပြင်မှုများ၊ အသစ်ထပ်မံ ထုတ်လုပ်မှုများ အဆင့်ဆင့် နှင့် မြန်မာ ကွန်ပြူတာ အသုံးပြုသူများ (အထူးသဖြင့် ဘလော်ဂါများ) လောကဝယ် လွယ်လင့်တစ်ကူ၊ ထိထိရောက်ရောက် ၊ အခမဲ့ အသုံးချနိုင်ခြင်း တည်းဟူသော အချိန်အခါ၏ လိုအပ်ချက်ကို အမိအရ ဆုပ်ကိုင်ကာ ဇော်ဂျီ မြန်မာယူနီကုဒ် သည် ၂၀၀၇ ခုနှစ်တွင် MCPA (Myanmar Computer Professional Association)  Excellent Award ဆုကို ရရှိသည် အထိ အောင်မြင်ခဲ့သည်။

               ဇော်ဂျီ ယူနီကုဒ် ကို ၂၀၀၈-ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်နေ့ တွင် နောက်ဆုံး မွမ်းမံ ထုတ်လုပ်ခဲ့ကြောင်း ဇော်ဂျီ၏ ကိုယ်ပိုင် ဝဘ်ဆိုဒ် တွင် ဖော်ပြထားပြီး နောက်ဆုံးထုတ် ဗားရှင်းသည် မည်သည့် ယူနီကုဒ် ဗားရှင်းကို အခြေခံ ထားကြောင်း ကိုမူ ဖော်ပြထားခြင်း မရှိပေ။ လေ့လာသူ ပညာရှင်တို့၏ အလိုအရ ဇော်ဂျီ မြန်မာဖောင့်ထ် သည် အသုံး ပြုရန် လွယ်ကူမှု ရှိခြင်း နှင့် ဖောင့်ပုံစံ သေသပ် လှပခြင်းတို့မှ အပ အခြားသော ယူနီကုဒ်-၅.၁.၀ ၏ စံသတ်မှတ်ထားချက် များအား လိုက်နာရန် ကိုမူ အကြီးအကျယ် ပျက်ကွက်နေကြောင်း လေ့လာတွေ့ရှိရသည်။ ပမာအားဖြင့် ဆိုရလျင် ဇော်ဂျီသည် အထက်တွင် ဆိုခဲ့သည့် အတိုင်း ယူနီကုဒ် အဖွဲ့အစည်းမှ မြန်မာ အက္ခရာနှင့် တိုင်းရင်းသား အက္ခရာများ အတွက် ကုဒ်ပွိုင့်နေရာ သတ်မှတ်ချက်များကို မိမိလိုအပ်သလို အသုံးပြုထားပြီး အသုံးပြုသူများ(End Users) ၏ လိုအပ်ချက်များ ရှိနေချိန်တွင် အချိန်ကိုက် ထွက်ရှိလာခဲ့သော အစွမ်းထက် ဆေးမြီးတို ပမာ ဖြစ်လာခဲ့သည်။ ဇော်ဂျီအနေဖြင့် အနာဂတ်တွင် ထွက်ရှိမည့် ဗားရှင်း အသစ်များနှင့် ပတ်သက်၍ လုပ်ဆောင်ရန်မှာ လက်ရှိ ဖြစ်ပျက်နေသည့် အသုံးပြုသူများ၏ အလွယ်လိုက်လိုခြင်း ဆန္ဒကို အခြေခံသည့် လတ်တလော တောင်းဆိုမှုများကို ငြင်းပယ်ကာ ယူနီကုဒ်၏ စံသတ်မှတ် ချက်များ အတိုင်း တိကျစွာ လိုက်နာထားသော ဖောင့်ထ်ပုံစံ နေရာချထားမှုများနှင့် မြန်မာစာ ရေးထုံးကို လိုက်နာမှုရှိသော လက်ကွက်ပုံစံသို့ တိုးတက် ထုတ်လုပ်ရန် သာဖြစ်သည်။ ထိုအချက်များ မပါရှိပဲ ဆက်လက်ထွက်ရှိမည့် ဗားရှင်း အသစ်များသည်လည်း ယခုအတိုင်းသာ ဖြစ်နေပါက ရေရှည်တွင် ကွန်ပြူတာသုံး မြန်မာစာ စနစ်အတွက် ကြီးမားသော အခက်အခဲ နှင့် အဟန့် အတား တစ်ခုအဖြစ် ပေါ်ပေါက်လာရန် အားထုတ်နေ သကဲ့သို့ ရှိနေပေလိမ့်မည်။

 

ပုံ (၃) ယူနီကုဒ် ၅.၁.၀ တွင် သတ်မှတ်ထားသော မြန်မာစာ အတွက် နေရာ သတ်မှတ်ချက် ပြပုံ

ပုံ (၄) လက်ရှိ အသုံးပြုနေသော ဇော်ဂျီ မြန်မာ ယူနီကုဒ် ၏ မြန်မာစာ အတွက် နေရာ သတ်မှတ်ချက် ပြပုံ

               ပုံများ- ယူနီကုဒ် ၅.၁.၀ စံသတ်မှတ်ချက်များ နှင့် ဇော်ဂျီတို့၏ အသုံးပြုပုံ ကွဲလွဲနေခြင်းအား သရုပ်ပြပုံ

              

               ယခုလက်ရှိ အနေအထားတွင်မူ ဇော်ဂျီသည် မြန်မာ ဘလော်ဂါများနှင့် အဓိက သတင်း ဝဘ်ဆိုဒ်ကြီးများ ကိုယ်တိုင် အလေးထား သုံးစွဲနေမှုတို့ကြောင့် မြန်မာတို့၏ ဝဘ်လောကတွင် လတ်တလော အနေဖြင့် အလွန့်အလွန်မှပင် အဆင်ပြေလျက် ရှိနေခြင်းမှာ အငြင်းပွားဖွယ် မရှိသော အချက်ဖြစ်သည်။ သို့သော် အမှန်တစ်ကယ် အပြည်ပြည်ဆိုင်ရာစံနှုန်း သတ်မှတ်ချက်များ အတိုင်း လိုက်နာထားသော လူသုံးများ ဆော့ဖ်ဝဲရ်များ၊ ပင်မ မောင်းနှင်စနစ်များ (Operating Systems)၊ ဝဘ်ဆိုဒ် ဖွံ့ဖြိုးခြင်း နည်းပညာများ (Web Development) ၊ ဘာသာစကား အဘိဓာန်များ (Lexicon)၊ အလိုအလျောက် ဘာသာပြန်ဆိုခြင်း(Machine Translation) လုပ်ငန်းများ တွင် အသုံးပြုရန် အတွက်ကား လွန်စွာမှ အလှမ်းဝေးလျက် ရှိပြီး လက်ရှိ ဇော်ဂျီကို အသုံးပြုနေသော ဝဘ်ဘလော့ဂ်များ၊ သတင်းဆိုဒ်ကြီးများ၊ တစ်ကိုယ်ရေ အသုံးပြုသူများ အနေဖြင့် မိမိ၏ လတ်တလော အဆင်ပြေမှုထက် ကျော်လွန်၍ ဇော်ဂျီ၏ အာမခံနိုင်မှု အဆင့်အတန်းအား အနာဂတ် ကာလအထိ စဉ်းစားရန်မှာ လွန်စွာမှ ပြုလုပ်သင့်သော အချက်တစ်ခု ဖြစ်သည်။ ထင်သာမြင်သာ အရှိဆုံး နှင့် အခြေခံ အကျဆုံး ဥပမာ ပေးရလျင် ယခု ကျွန်ုတို့ အနေဖြင့် ဂူဂဲယ် ဘာသာပြန် စာမျက်နှာ သုံးပြီး ယူနီကုဒ် စံသတ်မှတ်ချက် အတိုင်း အသုံးပြုထားသော ဝဘ်စာမျက်နှာများအား တစ်ဘာသာမှ တစ်ဘာသာသို့ လွယ်ကူစွာ ပြောင်းလဲ ကြည့်ရှုနိုင်၏။ မကြာတော့သော ကာလတွင် ယူနီကုဒ် ၅.၁.၀ ကိုလိုက်နာသော မြန်မာစာ စနစ်အား အဓိက ဆော့ဖ်ဝဲရ် ကုမ္ပဏီကြီးများ ထည့်သွင်း အသုံးပြုလာကြပြီး သကာလတွင် လက်ရှိ ဇော်ဂျီသုံး ဝဘ်စာမျက်နှာများ အနေဖြင့် ကမ္ဘာအရပ်ရပ်ရှိ လူများ ထိုသို့ လွယ်ကူစွာ လေ့လာဖတ်ရှုနိုင်ခွင့် ရပါမည်လော။ စဉ်းစားဖွယ် ဖြစ်၏။

              

               (ဃ) မိုင်မြန်မာ (MyMyanmar)

               Technomation Studio ဟု အမည်တွင်သော တက်ကြွသည့် လူငယ်များနှင့် ဖွဲ့စည်းထားသည့် မြန်မာ အိုင်တီကုမ္ပဏီ တစ်ခုမှ ၂၀၀၅- ခုနှစ်တွင် မိုင်မြန်မာ ယူနီကုဒ် စနစ် ၄.၁ (MyMyanmar Unicode System 4.1)ကို တီထွင်ဖန်တီး နိုင်ခဲ့သည်။ ကိုယ်ပိုင် ဖောင့်ထ်၊ ကိုယ်ပိုင် ကီးဘုတ် ဆော့ဖ်ဝဲရ် တို့ဖြင့် သားသားနားနား ထွက်ရှိလာခဲ့သော မိုင်မြန်မာသည် ယူနီကုဒ် ၏ ထိုအချိန်က စံနှုန်းများကိုလည်း အတိအကျ လိုက်နာထားကြောင်း သိရှိရပြီး အခမဲ့ နှင့် ရောင်းချသော ဗားရှင်း ဟူ၍ ၂-မျိုး ရှိခဲ့သည်။ စိတ်အားထက်သန်စွာ ကြိုဆိုခဲ့ကြသည့် အသုံးပြုသူများအား မိုင်မြန်မာ၏ ထိုစဉ်က အခမဲ့ဗားရှင်းက ကွန်ပြူတာ အတွင်း ထည့်သွင်း အသုံးပြုပြီး ပြန်လည် ထုတ်ပယ်ရန် ခွင့်မပြုခြင်း၊ ရယူ အသုံးပြုရန် လွယ်ကူမှု မရှိခြင်း ဟူသော အချက်များနှင့် ပြန်လည် တုံ့ပြန်ခဲ့သဖြင့် ကွန်ပြူတာ အသုံးပြုသူတို့ မြန်မာ ယူနီကုဒ် စနစ်တစ်ခု အပေါ် မျှော်လင့်ချက်များ ညှိုးမှိန်ကာ တစ်ဖန် လက်မှိုင်ချ ခဲ့ကြရ၏။

               မြစေတီ ပြီးနောက် မြန်မာ လူမျိုးများ ဖန်တီးသော ယူနီကုဒ် စနစ်များထဲတွင် အသပ်ရပ်ဆုံး နှင့် ကိုယ်ပိုင် အဖြစ်ဆုံး ယူနီကုဒ် ဖြစ်သော်လည်း မိုင်မြန်မာသည် အထက်တွင် ပြဆိုခဲ့သော မြစေတီယူနီကုဒ် မှ အမှားကိုပင် ထပ်မံ သယ်ဆောင် လာခဲ့ပြန်၏။ ၎င်းကား စီးပွားရေး လုပ်ငန်းသုံးများ အတွက်သာ အဓိက ရည်ရွယ်ထားခြင်း ဟူသော အချက် ဖြစ်သည်။ ၂၀၀၇- ခုနှစ်တွင် ထပ်မံ ထွက်ရှိလာခဲ့သော မိုင်မြန်မာ ဒုတိယမျိုးဆက် (MyMyanmar2G) သည် မြန်မာ စကားလုံးများ စစ်ဆေးခြင်း၊ ဘားဂလစ်ရှ် အဘိဓာန် ( မြန်မာစာအသံထွက်ကို အင်္ဂလိပ် စာလုံးဖြင့် ပေါင်းပြီး ရှာဖွေ အသုံးပြုနိုင်သော စနစ် )၊ ကိုယ်ပိုင် ကီးဘုတ်၊ ကိုယ်ပိုင်ဖောင့် နှင့် ကီးဘုတ်တွင် ရိုးရိုးလက်ကွက် တစ်မျိုး၊ စာလုံးများအား အသံထွက် အလိုက် ရိုက်နိုင်သော ပန်းသီး ကွန်ပြူတာသုံး လက်ကွက် တစ်မျိုး စသဖြင့် တိုးတက် ထည့်သွင်း ပါရှိခဲ့သော်လည်း ယခင်ဗားရှင်း အတိုင်းပင် ထည့်သွင်းပြီး ပြန်လည် ဖြုတ်ချ မရသော ပြဿနာများ ၊ အခြား ယူနီကုဒ်များ နှင့် ယှဉ်တွဲ အသုံးပြုမရသော ပြဿနာများ၊ စီးပွားရေး သုံးအတွက်သာ အဓိက ရည်ရွယ်ထားခြင်း စသော ပြဿနာများဖြင့် အသုံးပြုသူများ ကြားတွင် စိတ်မသက်သာဖွယ် ဖြစ်ခဲ့ရ ပြန်သည်။

              

(င) အခြား မြန်မာ ယူနီကုဒ်များ နှင့် မြန်မာယူနီကုဒ် ဖွံ့ဖြိုးရေး ပရောဂျက်များ (Other Myanmar Unicode Fonts & Myanmar Unicode Development Projects)

            ထိုသို့ မြန်မာယူနီကုဒ် ကို တည်တည်တံ့တံ့နှင့် မြန်မာအားလုံး အလွယ်တစ်ကူ အသုံးပြုလာနိုင်ရေး ကြိုးပမ်းမှုများ တွင် အောက်ပါ မြန်မာ ယူနီကုဒ် များ နှင့် အဖွဲ့အစည်းများလည်း မိမိနည်း မိမိဟန်ဖြင့် ပါဝင်ကြိုးပမ်း ခဲ့ကြသည်ကို လေ့လာတွေ့ရှိရသည်။

၁။ ပိတောက် မြန်မာယူနီကုဒ် ဖောင့်ထ် - မြန်မာ လူမျိုး မဟုတ်သော Martin နှင့် Debbi Hosken တို့မှ ဖန်တီး ထုတ်လုပ်ပြီး ယူနီကုဒ် ၅.၁.၀ နှင့် ကိုက်ညီမှုရှိကာ Keyman Keyboard အသုံးပြုထားသော စီးပွားရေး လုပ်ငန်းသုံး အတွက် ပိုမို ရည်ရွယ်ထားသည့် ပိတောက်ဖောင့်ထ် ကို သံလွင်ဆော့ဖ် စာမျက်နှာ တွင် သွားရောက် လေ့လာနိုင်သည်။

၂။ ပုရပိုဒ် မြန်မာယူနီကုဒ် ဖောင့်ထ် - မြစေတီ ကို ထုတ်လုပ်သော Solveware Solution Company မှပင် တီထွင် ထုတ်လုပ် ဖြန့်ချီပြီး GPL နှင့် Creative Common License များအောက်တွင် အခမဲ့ ဖြန့်ချီသည်ဟု ပုရပိုဒ်၏ ဝဘ်စာမျက်နှာ တွင် ဖော်ပြထားသည်။

၃။ မေခ နှင့် မလိခ ဖောင့်ထ်များ - ယူနီကုဒ် စံသတ်မှတ်ချက် ၄.၁ နှင့် ကိုက်ညီပြီး Solveware Solution မှ ထုတ်လုပ်ဖြန့် ချီသော စီးပွားရေး လုပ်ငန်းသုံး (အခမဲ့ မဟုတ်) အမျိုးအစားဖြစ်သည်။

၎။ ယူနီမြန်မာ နှင့် ယူနီဘားမား ဖောင့်ထ်များ - အဖွဲ့ဝင် ငါးဦးပါရှိပြီး ယူနီမြန်မာနှင့် ယူနီဘားမား အမည်ရှိ စွယ်စုံသုံး (Cross Platform- Windows, Mac OS, Linux) မြန်မာ ယူနီကုဒ် စနစ်တစ်ခု ဖြစ်လာစေရေး လေ့လာမှုများ ပြုလုပ်နေကြသော ယူနီမြန်မာ အဖွဲ့မှ ထုတ်လုပ် ဖြန့်ချီပြီး တန်ဖိုး အခမဲ့ ဖြစ်သည်။

၅။ ပုည ယူနီကုဒ် ဖောင့် - ၎င်း၏ မူလ စာမျက်နှာကို လတ်တလောတွင် ဝင်ရောက် ကြည့်ရှုမရ ဖြစ်နေပြီး ဖောင့်ထ် ကို ဒေါင်းလုဒ် လုပ်ရန် အတွက်လည်း ပိတ်ပင်ထားကြောင်း တွေ့ရှိရသည်။ ယခင်က ပုည ယူနီကုဒ်ကို မြန်မာ ဘလော်ဂါ တို့ စတင် စမ်းသပ် သုံးစွဲခဲ့ကြသေးကြောင်း အထောက် အထား တစ်ရပ်အဖြစ် ကိုမောင်လှ၏ ဘလော့ဂ်စာမျက်နှာ တွင် သာ ဝင်ရောက် ဖတ်ရှုနိုင်တော့ကြောင်း တွေ့ရှိရသည်။

၆။ မြန်မာဘာသာစကား နည်းပညာ - မြန်မာတတ်သိများ (MM Geeks Fourm) အဖွဲ့၏ “မျက်နှာစာ ဝဘ်စာမျက်နှာ” (Portal WebPage) တစ်ခုဖြစ်ပြီး မြန်မာ ယူနီကုဒ်များ အတွက် တစ်ခုမှ တစ်ခုသို့ လွယ်ကူစွာ ပြောင်းလဲရန် ကွန်ဗာတာ ဆော့ဖ်ဝဲရ်များ၊ ဘားဂလစ်ရှ် ခေါ်သည့် မြန်မာ အသံထွက်ကို အင်္ဂလိပ် လို တိုက်ရိုက်ရိုက်ပြီး မြန်မာစာလုံးများ ကို မိမိစိတ်ကြိုက် ရွေးချယ် အသုံးပြုနိုင်သော ဆော့ဖ်ဝဲရ်များ၊ Keyman ခေါ် လက်ကွက် အကူ ဆော့ဖ်ဝဲရ်များ စသဖြင့် ကွန်ပြူတာသုံး မြန်မာစာ စနစ်များ အတွက် မိမိတို့ဝါသနာ အလျောက် အထောက်အကူပြု ပရောဂျက်များ ဖြင့် စုပေါင်း တီထွင်မှုများ ပြုလုပ်ကာ အခမဲ့ ဖြန့်ချီပေးနေသော အဖွဲ့တစ်ခု ဖြစ်သည်။ မြန်မာဘာသာစကား နည်းပညာ အဖွဲ့၏ ထင်ရှားသော လေ့လာမှု တစ်ခုအဖြစ် ယခု လက်ရှိ မြန်မာယူနီကုဒ် အသီးသီးတို့၏ ကွဲလွဲနေမှုများအား နှိုင်းယှဉ် ပြသထားသော Myanmar Unicode Implementation Public Awareness Table  အမည်ရှိ ဤဇယား အား ညွှန်းဆိုလို၏။

 

အပိုင်း (၄)

လက်ရှိ အချိန်တွင် မည်သည့် မြန်မာ ယူနီကုဒ် ဖောင့် ကို သုံးစွဲခြင်းက မြန်မာတို့ အတွက် အသင့်တော်ဆုံး ဖြစ်မည်နည်း

 

            (က)  ယူနီကုဒ် နှင့် မြန်မာစာ

ယူနီကုဒ် နှင့် မြန်မာစာ၊ မြန်မာစာနှင့် ယူနီကုဒ် တို့သည် ပြဿနာများ၊ ရှုပ်ထွေးမှုများ အဖြစ် တွဲဘက် ရှုမြင်ခြင်း ခံလာခဲ့ ကြသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။ ယခုထိလည်း အဆုံး မသတ်နိုင်သော ပြဿနာ တစ်ခုအဖြစ် ဆက်လက် တည်ရှိနေခြင်းကား မြန်မာတို့အတွက် နာလိုခံခက်ဖွယ် အနေအထား တစ်ရပ် ကိုဖြစ်ပေါ်စေပြီး မြန်မာယူနီကုဒ်ကို အပြီးသတ် ရယူသုံးစွဲသူများ ကြားတွင်လည်း သို့လော၊ သို့သော နှင့် ဒွိဟ သံသယ စိတ်များ၊ မိမိ လက်ရှိ သုံးနေရသော မြန်မာ ယူနီကုဒ် စနစ် အပေါ်တွင် ကျေနပ်မှု နှင့် ယုံကြည်မှု အပြည့်အဝ မရရှိခြင်း စသော ပြဿနာများဖြင့် လုံးချာလည် လိုက်နေစေ၏။ ၎င်း အဖြစ်အပျက်များ၏ အကျိုးဆက်ဖြစ်သော အထက်ပါ မေးခွန်းကို ဖြေရန် အတွက်ကား ယနေ့ အချိန်တွင် မြန်မာ ကွန်ပြူတာ အသုံးပြုသူများနှင့် တိုက်ရိုက် ထိတွေ့မှုရှိပြီး နီးစပ်မှု ပိုမိုရှိကြသည်ဟု ယူဆသော မြန်မာ-၃ နှင့် ဇော်ဂျီ ဖောင့်များ အပေါ်တွင်သာ အဓိက အခြေပြု စဉ်းစား ဆွေးနွေးသွား လိုပါသည်။

(ခ) မြန်မာ-၃ နှင့် ဇော်ဂျီ တို့ကို နှိုင်းယှဉ် ဆွေးနွေးမှုများ

            လက်ရှိ ယူနီကုဒ်စနစ်သုံး မြန်မာ ဖောင့်ထ်များ အနက် အသုံးအတွင်ကျယ်ဆုံးဖြစ်နေသော ဇော်ဂျီ မြန်မာ ဖောင့်ထ် သည် မြန်မာ ဝဘ်လောက၏ ထိပ်သီး ဝဘ်ဆိုဒ်များ၊ ကနဦး ဘလော်ဂါကြီးများ ကိုယ်တိုင် ဦးဆောင်ဦးရွက် စတင် သုံးစွဲလာခဲ့ကြမှုနှင့် အခြား သုံးစွဲသူများ၏ ကျယ်ပြန့်စွာ လက်ခံ အသုံးပြုမှု တို့ဖြင့် ယနေ့ အချိန်တွင် အအောင်မြင်ဆုံး သော မြန်မာဖောင့်ထ် တစ်ခုဖြစ်သော်လည်း ယူနီကုဒ်၏ စံနှုန်းများဖြင့် ချိန်ထိုး သတ်မှတ်လျင်မူ ချို့ယွင်းချက် အကြီးဆုံးသော ဖောင့်ထ် တစ်ခုဖြစ်သည် ဆိုခြင်းအား အထက်တွင် ပြဆိုခဲ့ပြီး ဖြစ်သည်။

            မြန်မာ-၃ သည် Myanmar NLP ( မြန်မာ ယူနီကုဒ် စနစ်တစ်ခု ပေါ်ပေါက်ရေး အတွက် အဓိက တာဝန်ရှိ အဖွဲ့အစည်း ) မှ နောက်ဆုံး ထုတ်လုပ်ထားသော ယူနီကုဒ် စံနှုန်း ၅.၁.၀ နှင့် ကိုက်ညီသည့် မြန်မာယူနီကုဒ် ဖောင့်ထ် စစ်စစ် ဖြစ်သည်။ သို့သော်လည်း မြန်မာ-၃ သည် လက်ကွက် အသုံးပြုရာတွင် ဇော်ဂျီလောက် လျင်မြန်၊ လွယ်ကူမှု မရှိခြင်း (အကြောင်းရင်းမှာ မြန်မာ-၃ ကို ရိုက်ရာတွင် ဇော်ဂျီကဲ့သို့ “အရင်လာ အရင်ရိုက်” စနစ်ဖြင့် မဟုတ်ပဲ မြန်မာ သင်ပုန်းကြီး ဖတ်စာပါ စာလုံးပေါင်းပုံ အတိုင်း ရိုက်နှိပ်ရခြင်း ကြောင့်ဖြစ်သည်။ ဥပမာ- ဇော်ဂျီတွင် ကြ ကို ရိုက်ရန် အတွက်”ြ   “ ကို အရင် ရိုက်ပြီးမှ “က” ကိုရိုက်နှိပ်ရပြီး မြန်မာ-၃ တွင်မူ ကြ ကိုရိုက်ရန် အတွက် “က” ပြီးနောက်မှ “ြ  ” စသဖြင့် မြန်မာစာ ရေးထုံး အတိုင်း ရိုက်နှိပ်ရသည်။)၊ ဝဘ်ပေါ်တွင် ရိုက်နှိပ် အသုံးပြု ရာ၌ အချို့စာလုံးများမှာ ယခုထိ မှန်ကန်စွာ မပြနိုင်သေးခြင်း၊ ဖောင့်ထ် ထွက်မလှခြင်း စသော ပြဿနာများဖြင့် ဇော်ဂျီကို လက်ရှိ အသုံးပြု နေကြသူများအား မြန်မာ-၃ သို့ ပြောင်းလဲ သုံးစွဲရန် လက်တွန့်စေခဲ့ပြန်သည်။

မြန်မာ-၃ နှင့် ပတ်သက်၍ စူးစမ်း ဝေဖန်မှု ပြုလုပ်ထားသော ဆောင်းပါး တစ်ပုဒ်ကို မြန်မာ ဘလော်ဂါ တစ်ဦး ဖြစ်သူ (ကို) ညီလင်းဆက် ၏ ဘလော့ တွင် ဖတ်ရှုနိုင်ပြီး အဆိုပါ ဆောင်းပါးတွင် (ကို) ညီလင်းဆက် က မြန်မာ-၃ တွင်လည်း အမှားအယွင်းများ ပါနေသေးကြောင်း ထောက်ပြ ပြောဆိုထားသည် ကိုတွေ့ရသည်။ မည်သို့ပင် ဖြစ်စေ ထိုအရာများအား အမှားအယွင်းဟု သတ်မှတ်လျင်ပင် ဇော်ဂျီဖောင့်ထ် ၏ ယခု လက်ရှိ ကုဒ်ပွိုင့် နေရာချထားမှုအရ ဖြစ်ပေါ်နေသည့် ကြီးမားသော အမှားအယွင်းများနှင့် နှိုင်းယှဉ်ပါက မြန်မာ-၃ ဖောင့်ထ် အတွက် မပြောပ လောက်သော အသေးအဖွဲသာ ဖြစ်သည် ဆိုခြင်းကိုမူ သတိချပ်သင့်လှ၏။

            စီးပွားရေး အရရောင်းချသည့် မြန်မာယူနီကုဒ် ဖောင့်ထ်များ၏ အခမဲ့ဗားရှင်းများ၊ Myanmar NLP နှင့် အခြား ယူနီကုဒ် ထုတ်လုပ်သော အဖွဲ့အစည်းများက ထုတ်လုပ်သည့် မြန်မာယူနီကုဒ် ဖောင့်ထ် မျိုးစုံများ စသည်တို့အား မိမိကိုယ်တိုင် လက်တွေ့သုံးစွဲပြီး သူ၏ အတွေ့အကြုံများအား ဆောင်းပါး တစ်ပုဒ် အဖြစ် ရေးသားထားသည့် မြန်မာ ဘလော်ဂါ တစ်ဦးဖြစ်သူ (ကို) ဇော်မင်း၏ စိတ်ဝင်စားဖွယ် ဆွေးနွေးချက်အား ဤနေရာတွင် ဆက်လက်လေ့လာ ဖတ်ရှုနိုင်သည်။ မြန်မာ-၃ နှင့် ဇော်ဂျီတို့အား နှိုင်းယှဉ် ဆွေးနွေးမှုများ ပြုလုပ်ထားကြသည့် မြန်မာ အိုင်တီ ပရိုဖက်ရှင်နယ် အဖွဲ့ဝင် တို့၏ ဆွေးနွေးချက်များ အား ဤနေရာတွင် ဖတ်ရှု နိုင်သကဲ့သို့ ဇော်ဂျီနှင့် မြန်မာ-၃ တို့ ပိုမိုပွင့်လင်းသော ဆက်ဆံရေးဖြင့် မြန်မာယူနီကုဒ် ပြဿနာအား ပူးပေါင်း အဖြေရှာကြရန် တိုက်တွန်းထားသည့် စဉ်းစားဖွယ် ဆောင်းပါးတစ်ပုဒ် ကိုလည်း ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

           

(ဂ) မြန်မာ-၃ သည် အပြီးသတ် အဖြေလော?

မိမိ၏ ခဏတာ တစ်ကိုယ်ရေ သုံးစွဲမှု တွင် အဆင်ပြေ၊ လွယ်ကူခြင်း သက်သက်ကို မကြည့်ပဲ အခြားသော ဘာသာစကား တစ်ခု၏ လုပ်ဆောင်နိုင်ရမည့် စွမ်းရည်များဖြစ်သည့် ပုဒ်အစုများ၊ စကားစုများ ခွဲခြားသတ်မှတ်နိုင်ခြင်း (Syllable) ၊ ဆော့ဖ်ဝဲရ်များအား ပြည်တွင်းမှုပြုခြင်း (Localization)၊ အလိုအလျောက် ဘာသာပြန်ဆိုနိုင်ခြင်း၊ တရားဝင် ဆော့ဖ်ဝဲရ် ထုတ်လုပ်သော ကုမ္ပဏီကြီးများက လက်ခံ အသုံးပြုနိုင်ခြင်း (Internationalization) စသော အချက်များကို အခြေပြုသည့် အရှည်မျှော်တွေးခြင်း နည်းလမ်းများဖြင့် စဉ်းစားလျင်မူ ယနေ့ အချိန်တွင် ကျွန်ုပ်တို့နှင့် အသင့်တော်ဆုံး နှင့် မသုံးမဖြစ် သုံးသင့်သည့် မြန်မာယူနီကုဒ် ဖောင့်ထ် မှာ မြန်မာ-၃ သာဖြစ်ကြောင်း ရှင်းရှင်း မြင်သိနိုင်ပါ၏။ ကျန်သော မြစေတီ၊ မိုင်မြန်မာ၊ ပုရပိုဒ် နှင့် ပိတောက် အစရှိသည် တို့ကား စီးပွားရေး လုပ်ငန်းများ အတွက်သာ အဓိက ရည်ရွယ်သောကြောင့် သာမန်သုံးစွဲ သူအများစု အနေဖြင့် ဝယ်ယူသုံးစွဲရန် ခက်ခဲဆဲ အခြေအနေပင် ဖြစ်၏။

အကယ်၍ ဇော်ဂျီသာ ယူနီကုဒ် ၅.၁.၀ နှင့် ကိုက်ညီအောင် ထပ်မံမွမ်းမံပြီး အသစ်ပြုပြင် ထုတ်လုပ်ခဲ့လျင် ဟူသော အတွေးဖြင့် စောင့်စားနေကြသူများ အတွက်လည်း အမှန်တစ်ကယ်သာ ဇော်ဂျီမှ ယူနီကုဒ် စံအဆင့်အတန်း ကိုလိုက်နာပြီး အသစ် ထပ်မံ ထုတ်လုပ်ခဲ့လျင် စံတစ်ခုတည်း အောက်သို့ မြန်မာ-၃ နှင့် အတူ ရောက်ရှိသွားပြီ ဖြစ်သောကြောင့် အထူးအထွေပြဿနာများ ထပ်မံပေါ်ပေါက်ရန် အကြောင်း မရှိတော့ကြောင်း ရှင်းရှင်းပင် သိမြင်နိုင်၏။ မြန်မာ-၃ အနေဖြင့်လည်း နောက်ထွက်မည့် ဗားရှင်းများ အတွက် တစ်ခုနှင့် တစ်ခု ကွာဟချက် မကြီးမားစေရန် နှင့် ပိုမိုတည်ငြိမ်မှုရှိသော အဓိက အခြေခံအနေအထား တစ်ရပ်ဆီသို့ တက်လှမ်းနိုင်ရန် အတွက် ယခုကတည်းက ကြိုတင်ပြင်ဆင်မှုများ ပြုအပ်လှ၏။

အားလုံး တကာ့အားလုံးတို့ထက် ပိုမို အဓိကကျသော ဆောင်ရွက်ဖွယ် တစ်ရပ်မှာကား အသီးသီးသော မြန်မာ ပညာရှင်တို့ အနေဖြင့် မြန်မာစာ၊ မြန်မာစကားအား တိုးတက်သော သမိုင်းတစ်ခုသို့ မြှင့်တင်စိမ့်သောငှာ စံချိန်မှီ မြန်မာယူနီကုဒ် တစ်ခု ပေါ်လာရေးနှင့် သုံးစွဲသူများ အဆင်ပြေချောမွေ့ရေး ဟူသော အချက်တို့ကိုသာ အဓိကထားပြီး ကျန်သော သူ့ကိုယ်ပိုင်၊ ငါ့ကိုယ်ပိုင် ဟူသည့် အချက်များကို ခေတ္တမျှ လွှတ်ချထားခဲ့ကြ၍ အားလုံး၌ ရှိသော အကောင်းဆုံး အချက်များအား စုပေါင်းရယူ လုပ်ဆောင်နိုင်ခဲ့ကြလျင် မဝေးသော ကာလတွင် မြန်မာ ယူနီကုဒ် ဖြင့် မြန်မာ ဝင်းဒိုးစနစ်များအား တိုးတက်သုံးစွဲနိုင်အံ့ ဟု မြန်မာအပေါင်းတို့ အိပ်မက် မက်နိုင်ကြ ပေလိမ့်မည်။

           

(ဃ) ဖောင့်ပြောင်း ကိရိယာများ

            မြန်မာစာ အတွက် ယူနီကုဒ်၏ အရေးကြီးပုံကို ပိုမို တွေးတောလာကြသည့် လက္ခဏာ တစ်ရပ်အဖြစ် ယူနီကုဒ် ၅.၁.၀ နှင့် ဇော်ဂျီ ဖောင့်ထ်ကို ဖတ်သူစိတ်ကြိုက် လိုအပ်သလို ပြောင်းလဲ အသုံးပြု ဖတ်ရှုနိုင်သည့် ဖောင့်ပြောင်း ကိရိယာ လေးများ  မြန်မာ ဘလော့ဂ် အတော်များများတွင် လတ်တလော ကာလ၌ ပိုမိုတပ်ဆင် အသုံးပြုလာကြသည်ကို ဝမ်းမြောက်ဖွယ် တိုးတက်မှု တစ်ရပ် အဖြစ် ရှုမြင်နေရသည်။ အခြေခံကျလှသော အသုံးဝင် ထိုကိရိယာ လေးကို မိမိ၏ ဝဘ်လလော့ဂ်များတွင် တပ်ဆင် အသုံးပြုနည်း နှင့် တကွ၊ အခြားသော မြန်မာ-၃ ယူနီကုဒ် ဖောင့်ထ်ကို ပြောင်းလဲ သုံးစွဲမည့် သူများ အတွက် လိုအပ်ချက်များ ဖြစ်ကြသည့် ဇော်ဂျီ မှ မြန်မာ-၃ သို့ပြောင်းလဲပေးနိုင်သော ဖောင့်ပြောင်းကိရိယာ အပါအဝင် ကျော်ကြားသည့် လူသုံးများ ဖောင့်ထ် အတော်များများမှ ယူနီကုဒ် ၅.၁.၀ စနစ်သုံး ဖောင့်ထ်များသို့ အလိုအလျောက် ပြောင်းလဲပေးနိုင်သော ဆော့ဖ်ဝဲရ်များ၊ အွန်လိုင်း ဖောင့်ပြောင်း ကိရိယာများ ရယူ အသုံးပြုနိုင်သော နေရာများအား စာရင်းပြုစု ဖော်ပြထားပါသည်။

(၀၁) Burglish Font Converter :     မြန်မာတတ်သိများအဖွဲ့ မှ အဖွဲ့ဝင်များ၏ ကြိုးပမ်းမှု တစ်ခု ဖြစ်ပြီး မြန်မာ-၃ နှင့် ဇော်ဂျီ အပါအဝင် မြန်မာ ကွန်ပြူတာ လောကအတွင်း ထင်ရှားသော ဖောင့်ထ် ၁၆-မျိုး ခန့်အား တစ်ခုမှ တစ်ခုသို့ အွန်လိုင်းပေါ်၌ပင် လွယ်ကူစွာ ပြောင်းလဲ ရယူနိုင်ရန် စီစဉ်ထားရှိသည်။

(၀၂) ThanLwin Soft Converters : ပိတောက်ဖောင့်ထ် ကိုတီထွင်ထုတ်လုပ်သော သံလွင်ဆော့ဖ်မှ ထုတ်လုပ်ထားသော ဖောင့်ထ် ကွန်ဗာတာ ဆော့ဖ်ဝဲရ်များ ဖြစ်ကြသည်။ မိမိ၏ ဝင်းဒိုးစ် စနစ်အတွင်း ထည့်သွင်း အသုံးပြုရပါမည်။

(၀၃) KaNaung Font Converter : မြန်မာတတ်သိများ အဖွဲ့၏ ကြိုးပမ်းအားထုတ်မှု တစ်ခုပင် ဖြစ်ပြီး မိမိ၏ ဝင်းဒိုးစ် စနစ်အတွင်း ထည့်သွင်း အသုံးပြုနိုင်သော ဆော့ဖ်ဝဲရ် တစ်ခုပင် ဖြစ်ကာ ဇော်ဂျီနှင့် မြန်မာ-၃ အပါအဝင် အခြား နာမည်ကြီး ဖောင့် ၁၄-မျိုးတို့အား အပြန်အလှန် ပြောင်းလဲပေးနိုင်သည်။

(၀၄) Offline MMFont Converter : ဝဘ်ဘလော့ဂ်များ နှင့် ဝဘ်ဆိုဒ်များတွင် ထည့်သွင်း အသုံးပြုနိုင်သော အော့ဖ်လိုင်း ဗားရှင်း တစ်ခုဖြစ်ပြီး မိမိဆိုဒ်၏ စာဖတ်သူမှ ကြိုက်နှစ်သက်ရာ ဖောင့်ထ် ကို ရွေးချယ် အသုံးပြုစေနိုင်သည်။ အသုံးပြုနည်းကို မူရင်း ဘလော့ဂ်တွင် ရှာဖွေဖတ်ရှုနိုင်ပြီး မြန်မာ ဘလော်ဂါ တစ်ဦးဖြစ်ကို (ကို)သင်ကာ မှ ထပ်မံ ရေးသား ထားသည်ကိုလည်း ဤနေရာတွင် သွားရောက် လေ့လာဖတ်ရှု နိုင်သည်။

 

အပြီးသတ် ချဉ်းကပ်မှု (Final Approaching)

            ကွန်ပြူတာ စပေါ်ပြီး မကြာတော့သော နှစ်အနည်းငယ် အတွင်းမှာပင် ယူနီကုဒ် ဆိုသော စံ တစ်ခုကို ကမ္ဘာအရပ်ရပ်ရှိ ပညာရှင်တို့၏ ပူးပေါင်း ကြံဆမှုများဖြင့် တီထွင်နိုင်ခဲ့ကာ ကမ္ဘာပေါ်ရှိ လူမျိုးတိုင်း၏ ဘာသာစကားများကို ကွန်ပြူတာ အတွင်း လွယ်လင့်တစ်ကူ ထည့်သွင်း အသုံးပြုလာနိုင် ခဲ့ကြသည်။ ယူနီကုဒ် ပေါ်စဦးက ယခုကဲ့သို့ပင် တီထွင်သူ ပညာရှင်များနှင့် ကျန်သည့် အခြားပညာရှင်များ ကြားတွင်လည်း ယူနီကုဒ်ကို လက်ခံလိုသူနှင့် မုန်းတီးသူများ ဟူ၍ အသီးသီး ကွဲပြားကာ ငြင်းခုန်ဆွေးနွေးမှုများ၊ ယူနီကုဒ်စနစ်အား ဆန့်ကျင်တိုက်ခိုက်မှုများ အကြီးအကျယ် ကြုံတွေ့ခဲ့ကြရပြီး ယခု အခါတွင်မူ ကမ္ဘာပေါ်ရှိ ဘာသာစကားပေါင်း ၄၀၀- ကျော်ခန့် သည် ယူနီကုဒ် စနစ် အတွင်း ထည့်သွင်း သတ်မှတ်ထားပြီး ဖြစ်ကာ အချို့လည်း မိမိတို့ ဘာသာစကား များဖြင့် ဝင်းဒိုးစ် စနစ်များ၊ အသုံးချ ဆော့ဖ်ဝဲရ်များ၊ ဝဘ်စာမျက်နှာများကို အလွယ်တစ်ကူ အသုံးချ ဖတ်ရှု နေနိုင်ကြပြီ ဖြစ်သည်။

            မြန်မာတို့၏ မြန်မာ ယူနီကုဒ်မှာ မူကား ၁၉၉၈ ခုနှစ် ယူနီကုဒ် အကျိုးတူအဖွဲ့ကြီးမှ မြန်မာစာ အတွက် ကုဒ်ပွိုင့် ၁၆၀ စတင်သတ်မှတ် ပေးခဲ့ချိန်မှ စရေတွက်လျင် ယခု ၂၀၀၈ ခုနှစ် အထိ ၁၀ နှစ် နီးပါးခန့် အချိန်ကြာမြင့်ပြီ ဖြစ်သော်လည်း ခိုင်မာသည့် စံသတ်မှတ်ချက် တစ်ခုအောက်တွင် ကွန်ပြူတာ အသုံးပြုသူအားလုံး စိတ်ချ လက်ချ နှင့် လွယ်လင့်တစ်ကူ အသုံးပြုနိုင်သော ယူနီကုဒ် စနစ်တစ်ခု အဖြစ် အောင်အောင်မြင်မြင် ဖြစ်ထွန်းမလာ သေးသည်ကို ဝမ်းနည်းဖွယ် တွေ့ရှိနေကြရသည်။ အဘယ့်ကြောင့်နည်း။

            လေ့လာမိသော စစ်ဗျူဟာ စာပေ များတွင် ရန်သူ့စခန်း တစ်ခုကို အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်ရန် အတွက် ချဉ်းကပ်ရာ လမ်းကြောင်း၏ အရေးပါမှုကို အထူး အလေးပေး ဖော်ပြလေ့ရှိသည်ကို တွေ့ရှိ မှတ်သားရဖူးသည်။ ယခု မြန်မာယူနီကုဒ် ၏ မအောင်မမြင် ဖြစ်ရသော အခြေခံ အကြောင်းအချက် ကိုလည်း ထိုဥပမာ နှင့်ပင် နှိုင်းယှဉ် ပြဆို လိုပါသည်။ ချဉ်းကပ်ရာ လမ်းကြောင်း မှားယွင်းမှု

 

            (၁) အဓိက တာဝန်ရှိသူ အဖွဲ့အစည်း၏ ချဉ်းကပ်ရာ လမ်းကြောင်း မှားယွင်းမှု

            (က) မြန်မာယူနီကုဒ်ကို ဖွံ့ဖြိုးမှု ပြုလုပ်ရန် အဓိက တာဝန်ရှိသော အဖွဲ့အစည်းဖြစ်သည့် မြန်မာ အဲန်အယ်လ်ပီ (Myanmar NLP) သည် ၂၀၀၂ ခုနှစ်တွင် စတင်ဖွဲ့စည်းနိုင်ခဲ့ပြီး မြန်မာ နိုင်ငံတွင် အင်တာနက်နှင့် ကွန်ပြူတာ သုံးစွဲမှုများ တစ်ဟုန်ထိုး မြင့်တက်လာ နေချိန်ဖြစ်သည့် ၂၀၀၄/၂၀၀၅ ပတ်ဝန်းကျင်တွင် မြန်မာ ယူနီကုဒ်စနစ် တစ်ခုကို အပူတစ်ပြင်း လေ့လာတီထွင်မှု ပြုလုပ်ကာ တိကျသော စံနှုန်း တစ်ခု သတ်မှတ်၍ အများပြည်သူ ထံသို့ အမြန်ဆုံး နှင့် အလွယ်ကူဆုံး အသုံးပြုနိုင်ရန်  ဖြန့်ဝေသင့်ခဲ့သော်လည်း အဖွဲ့ကြီး၏ အစောဆုံး ယူနီကုဒ် ဖောင့်ထ် ဖြစ်သော မြန်မာ-၁ (Myanmar1) ကိုပင် ၂၀၀၆ ခုနှစ်တွင်မှ ဖြန့်ချီနိုင်ခဲ့ခြင်း။

            (ခ) ဆိုခဲ့သည့် အတိုင်း နောက်ကျပြီးမှ ပင် ဖြန့်ချီနိုင်ခဲ့သော်လည်း အပြီးသတ် ရယူ အသုံးပြုသူများ အတွက် မြန်မာ-၁ ယူနီကုဒ် စနစ်ကို အသုံးပြုရာတွင် လွယ်ကူရှင်းလင်းမှု မရှိခဲ့ခြင်း၊ ဖောင့်ပုံစံများ သေသပ်မှု မရှိဖြစ်ခဲ့ခြင်း နှင့် မည်သို့ပင်ဖြစ်စေ ယူနီကုဒ် စံသတ်မှတ်ချက် အရ ထုတ်လုပ်ထားသော ယူနီကုဒ် ဖောင့်ထ်ဖြစ်သည့် အတွက် မဖြစ်မနေ သုံးစွဲကြရန် လိုအပ်ကြောင်း ကျယ်ပြန့်သော ပညာပေး လှုံ့ဆော်မှုများ မပြုလုပ် နိုင်ခဲ့ခြင်း။

            (အနိမ့်ဆုံး အဆင့်အနေဖြင့် အိုင်စီတီပါ့ခ်များ နှင့် အခြားသောနေရာများတွင် ကျင်းပသော အိုင်စီတီပြပွဲများ၊ ဂရပ်ဖစ် ဆိုင်ရာ ပြိုင်ပွဲများ၊ ဂိမ်းပြိုင်ပွဲများ စသည်တို့တွင် လူတိုင်း မည်သူမဆို အလွယ်တစ်ကူ လေ့လာနိုင်သော လက်ကမ်းစာစောင်များ ထားရှိပေးခြင်း၊ ဖြန့်ဝေပေးခြင်း တို့ဖြင့် မြန်မာ ယူနီကုဒ် အကြောင်း အများပြည်သူတို့ ကျယ်ပြန့်စွာ သိရှိလာနိုင်ရေး ပညာပေး ဆောင်ရွက်နိုင်ပါ၏။)

            (ဂ) အဖွဲ့ကြီး အနေဖြင့် မိမိထံမှ ယူနီကုဒ်စနစ်ကို အသုံးပြုသူများ၏ မှတ်ချက်များ၊ အကြံပြုချက်များကို တိုက်ရိုက် မြင်တွေ့ဖတ်ရှု၊ ပြန်လည် ဖြေကြားခွင့် ရနိုင်သော မြန်မာ အင်တာနက် ယူဇာ အများစုနှင့် အကျွမ်းတစ်ဝင် ဖြစ်သည့် ဖိုရမ် ပုံစံ ဆွေးနွေးခန်းများအား ထားရှိရန် ယနေ့ ထက်တိုင် လိုအပ်နေခြင်း။

 

            (၂) အခြား ယူနီကုဒ် ထုတ်လုပ်သော အဖွဲ့အစည်းများ၏ ချဉ်းကပ်ရာ လမ်းကြောင်း မှားယွင်းမှု

            (က) မြစေတီ၊ မိုင်မြန်မာ နှင့် ပိတောက် အစရှိသည့် မြန်မာ ယူနီကုဒ် တီထွင်ထုတ်လုပ်သူ အဖွဲ့အစည်းများသည် ဂုဏ်ယူဖွယ် မြန်မာ ယူနီကုဒ် စစ်စစ်များအား ကိုယ်တိုင် တီထွင်နိုင်ခဲ့ကြသည် မှန်သော်လည်း အခြေခံ လယ်ယာမြေ ပမာ ဖြစ်သော ယူနီကုဒ် အကြောင်းအား ပြည်သူတို့ ကျယ်ပြန့်စွာ နားလည်၊ သိရှိခြင်း ဖြစ်လာအောင် မစွမ်းဆောင် နိုင်ကြသေးမှီ မိမိတို့ စီးပွားရေး အတွက်သာ အဓိက ဦးစားပေး ထုတ်လုပ်ဖြန့်ချီခဲ့ရန် ကြိုးပမ်းခဲ့ကြခြင်း။

(ခ) မြန်မာ အဲန်အယ်လ်ပီ (Myanmar NLP) အဖွဲ့မှ မြန်မာယူနီကုဒ် အတွက် တိကျသော စံတစ်ခု မသတ်မှတ် နိုင်သေးသော အနေအထား တစ်ခုတွင် အဖွဲ့အသီးသီး၊ ပုဂ္ဂိုလ် အသီးသီး တို့သည် မိမိတို့ ယူနီကုဒ် စနစ်အား မိမိတို့၏ ကိုယ်ပိုင်ဟန် ပိုမိုပေါ်လွင်ရေး၊ မိမိ၏ စနစ်ကသာ အစစ်အမှန်နှင့် ကိုယ်ပိုင်ဖြစ်ကြောင်း ပြသရေး တို့ကိုသာ အထူးအလေး ထားခဲ့ကြပြီး သကာလ အသုံးပြုသူအားလုံး အတွက် အခြေအနေ အရပ်ရပ်တွင် လိုက်လျောညီထွေ ဖြစ်စေမည့် စံတစ်ခုအောက်တွင် ပူးပေါင်း၊ ညှိနှိုင်းဆောင်ရွက်မှု ပြုလုပ်ရန် ပျက်ပြားခဲ့ကြခြင်း။

(ဂ) ဇော်ဂျီ အနေဖြင့်ကား အခြေအနေ အရပ်ရပ်နှင့် အခက်အခဲ အမျိုးမျိုးကြားတွင် အသုံးပြုသူ အားလုံးတို့ လတ်တလော အဆင်ပြေစေရေး ဟူသော အချက်ကို အဓိက အခြေခံကာ အခမဲ့ ထုတ်လုပ် ဖြန့်ချီ ပေးခဲ့ပြီး ရည်ရွယ်သည့် အတိုင်း ကြီးကျယ်စွာ အောင်မြင်လာခဲ့သည် မှန်သော်လည်း အမှန်တစ်ကယ် လိုအပ်သော ယူနီကုဒ် စံနှုန်းများကို လိုက်နာရန် အကြီးအကျယ် ပျက်ကွက်ခဲ့ခြင်းဖြင့် ယခုအခါ ကိုယ့်ထောင်ချောက် နှင့် ကိုယ်ပြန်ပိတ်မိ နေစေခြင်း ။ ယခုထိလည်း ယူနီကုဒ် စံနှုန်းများကို လိုက်နာ ပြောင်းလဲ ဆောင်ရွက်ရန် အတွက် (ကိုယ့် ကြိုးနှင့် ကိုယ် ပြန်ချည်မိ ဆိုသကဲ့သို့) ဇော်ဂျီဖောင့်ထ်၏ ကြီးမားသော လက်ရှိ အသုံးပြုသူများ ပမာဏက အဟန့်အတား ဖြစ်နေစေခဲ့ခြင်း။

 

(၃) အပြီးသတ် မြန်မာ ယူနီကုဒ် ရယူ သုံးစွဲသူများ (End Users) ၏ ချဉ်းကပ်ရာ လမ်းကြောင်းမှားယွင်းမှု

(က) အပြီးသတ် ရယူသုံးစွဲသူ မြန်မာများ အနေဖြင့် မြန်မာတို့အတွက် အခြေခံကျလှသော မြန်မာ ယူနီကုဒ် စနစ်တစ်ခု ဖြစ်ပေါ်စေရေးတွင် စီးပွားရေး အရမဟုတ်ပဲ ယူနီကုဒ် ဖွံ့ဖြိုးရေးသက်သက်ကို လုပ်ဆောင်နေကြသော အဖွဲ့အစည်းများအား မိမိတို့ တတ်နိုင်သမျှ ငွေကြေးထည့်ဝင် လှူဒါန်းမှုများ (ကမ္ဘာအရပ်ရပ်ရှိ ထိုသို့သော ဆော့ဖ်ဝဲရ် အခမဲ့ ဖန်တီးထုတ်လုပ်သူ ပရောဂျက် များတွင် No Donation, No Project! ဟူသော လက်သုံးစကား တစ်ခုမှာ မြန်မာတို့ အတွက် မှတ်သားဖွယ် ဖြစ်ပေမည်)၊ မေးမြန်း ဆွေးနွေးမှုများ နှင့် အားပေးလှုံ့ဆော်မှုများ ပြုလုပ်ရန် ပျက်ကွက်ခဲ့ကြခြင်း။

[ဖိုရမ်နှင့် စကားပြောခန်း (Chat Room) များတွင် နေ့စဉ် အနည်းဆုံး ၁-နာရီ အချိန်ကုန် ခံသည်ဟု ဆိုလျင် မြန်မာ ယူနီကုဒ် နှင့် ပတ်သက်၍  တစ်နေ့လျင် ၁၅-မိနစ် စာမျှသော အားပေးစကား၊ အကြံပြုချက် တစ်ခုကို ကိုယ်ကျိုး မဖက် အများအတွက် လုပ်ဆောင်နေကြသည့် မြန်မာယူနီကုဒ် ဖန်တီးနေသူများအတွက် မပြောသင့် ပါသလော။]

(ခ) အလွယ်ကြိုက်၊ အလွယ်လိုက်ခဲ့ ကြခြင်းဖြင့် မိမိတို့ အလိုရှိသည် ဟု ဆိုသော ခိုင်မာသည့် မြန်မာ ယူနီကုဒ် စနစ် အပြောင်းအလဲ တစ်ခုကို မိမိတို့ကိုယ်တိုင် လက်သင့်ခံရန် အဆင်သင့် မဖြစ်ကြသေးခြင်း။  

[မြန်မာ-၃ ယူနီကုဒ်၏ လက်ကွက်သည် ဇော်ဂျီနှင့် မတူ ကွဲလွဲမှု ရှိနေသည်မှာ မှန်၏။ မြန်မာ-၃ ဖောင့်ပုံစံသည် ဇော်ဂျီလောက် မလှသည်မှာလည်း မှန်၏။ သို့သော် မြန်မာ-၃ လက်ကွက်သည် မြန်မာစာ ရေးထုံးအရ များစွာ မှန်ကန်မှု ရှိပြီး အမှန်တစ်ကယ် အသုံးပြုလျင်မူ ၂-ရက်ခန့် အချိန်အတွင်း အကျွမ်းတဝင် ဖြစ်သွား စေနိုင်ပြီး ဖောင့်ထ်ပုံစံသည်လည်း ပြောပလောက်အောင် ဆိုးရွားမနေပဲ အင်တာနက်ပေါ်တွင် အသုံးပြုရန် အတွက် အတော်များများသော အဓိက ဘရောက်ဇာများ (IE, Firefox. Etc) ၌ ကောင်းမွန်စွာ အသုံးပြုနိုင်၊ မြင်တွေ့ကြည့်ရှုနိုင် သော်လည်း အသစ်ကို လိုသာလိုချင်သည်၊ အသစ်နှင့်ပါလာသော ဒုက္ခအနည်းငယ်ကိုမျှ လက်သင့်မခံနိုင်သော သဘော ဝင်နေကြသဖြင့် ယူနီကုဒ် စံနှုန်းနှင့် လက်ရှိ အကိုက်ညီဆုံး မြန်မာ-၃ ကိုပင် ယခုထက်ထိ မသုံးပဲ ပစ်ပယ်ထားနေကြခြင်း] (မိမိကိုယ်တိုင် အပါအဝင်)

 

အပိုင်း (၅)

အဆုံးသတ် ဆန္ဒမွန်

 

ပြီးခဲ့သော အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ယခု ရွေးချယ်ခံ သမ္မတ မစ္စတာ ဘားရက်ခ် အိုဘားမား ၏ မဲဆွယ် စကားလုံးဖြစ်သော Change We Need! ဆိုသည်မှာ ကမ္ဘာ အနှံ့ကပင် ကြားသိခဲ့ရသော ကမ္ဘာကျော် စကားစုတစ်ခု ဖြစ်သည်။ ရွေးကောက်ပွဲ ပြီးနောက် အိုဘားမား အနိုင်ရသွားသည့် အခါတွင် Yes We Can! ဆိုသည်ကို ထပ်မံ ကြားရပြန်သည်။ သာမန်အားဖြင့် စကားစု ၂-စုတို့သည် သာမန် အဓိပ္ပါယ်များသာ ဖြစ်ဖွယ် ရှိသော်လည်း အမှန်တစ်ကယ် တွင်မူ ထို့ထက်မက လေးနက်သော အဓိပ္ပါယ်များ ရှိနေကြောင်း ခံစားသိရှိရ၏။ ထိုသို့ ခံစားမိသည့် အခါ Change We Need! နှင့် Yes We Can! တို့သည် အပြောင်းအလဲကို လိုအပ်ကြောင်းနှင့် မိမိတို့ လုပ်နိုင်ကြောင်း ဖော်ပြနေသည့် ပုဒ်များ သက်သက်သာ မဟုတ်တော့ပဲ ၎င်းတို့နောက်ကွယ်မှ ကွယ်ဝှက်နေသော အဓိပ္ပါယ်များ ဖြစ်သည့် ထို ကြုံတွေ့လာရမည့် အပြောင်းအလဲကို ရဲရဲကြီး လက်ခံနိုင်ကြောင်း၊ အပြောင်းအလဲကို လက်ခံရန်အတွက် မိမိတို့ တစ်ဦးချင်း ကိုယ်စီတွင် အဆင်သင့် ပြင်ထားပြီး ဖြစ်ကြောင်း၊ အပြောင်းအလဲ ဆိုတိုင်း အရာအားလုံး ပြည့်စုံ ကောင်းမွန် လာရမည်ဟု မမျှော်လင့်ထားပဲ အပြောင်းအလဲနှင့် အတူ ပါလာတတ်သော အခက်အခဲများ၊ အဆင်မပြေမှုများ အားလုံးကိုပါ အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းရန် အဆင်သင့် ဖြစ်နေကြောင်း စသည်ဖြင့် အော်ဟစ် တိုင်တည်သံများကိုပါ ကြားသိ လိုက်ရသည့်နှယ် ဖြစ်လာ၏။

မြန်မာတို့သည်လည်း ထိုနှယ်ပင် ဖြစ်ပေမည်။ မိမိတို့ အလိုရှိအပ်သော ခိုင်မာတိကျသည့် မြန်မာစာယူနီကုဒ် စနစ်တစ်ခု ကျယ်ပြန့် အောင်မြင်မှု ဖြစ်လာရေး အတွက် မိမိတို့ တစ်ဦးချင်းစီ ကိုယ်တိုင် မိမိတို့၏ လတ်တလော စိတ်ခံစားမှု နှင့် ဆန္ဒ အခင်းအကျင်း များအား အရာအားလုံးကို လက်ခံနိုင်သည့် အသင့်အနေအထား အဖြစ် ပြုပြင် ဖန်တီးထားမှသာ ထပ်မံ ထွက်ရှိလာမည့် စနစ်အသစ်၏ အသုံးပြုရ လွယ်ကူခြင်း၊ ခက်ခဲခြင်း တို့ကို ရှုမြင်ခြင်း မရှိပဲ အသစ်ဖြစ်သော စံနှုန်းကိုက် မြန်မာယူနီကုဒ် အပေါ်တွင် လက်ခံသုံးစွဲရန်အတွက် လျင်လျင်မြန်မြန် ဆုံးဖြတ်ချက် ချမှတ်နိုင်ပေလိမ့်မည်။ အပြောင်း အလဲတစ်ခုဖြစ်တိုင်း အားလုံး အလွယ်တကူ ပြည့်စုံကောင်းမွန် လာလိမ့်မည်ဟု မျှော်လင့် ယုံကြည် ထားမှုမှ အထူး ရှောင်ကြဉ်ရန် လိုအပ်ပြီး သို့မှလည်း အပြောင်းအလဲအား အမှန်တစ်ကယ် ကြုံတွေ့ရသည့် အခါ ရင်ဆိုင်ရမည့် အခက်အခဲ၊ အဆင်မပြေမှုများကို ရဲရဲရင့်ရင့် လက်ခံ ကျော်လွှား ရင်ဆိုင် ဖြတ်သန်း နိုင်ကြပေမည်။ တီထွင် ဖန်တီးရသူ ပညာရှင်များ၏ များပြားလှသော ဒုက္ခ၊ သုခ များကိုလည်း ထိုမှသာ မျှဝေ ခံစား နားလည်ပေးရာ ရောက်ပေမည်။

အပြီးသတ် အနေဖြင့်ကား မြန်မာယူနီကုဒ် စနစ် တစ်ခု ဖြစ်ပေါ်လာစေရေး အထူး ကြိုးပမ်းနေကြသူ မူလကတည်းက ထူးချွန် အောင်မြင်ပြီးသား ဖြစ်ကြသည့် မြန်မာ ပညာရှင်များ၊ အဖွဲ့အစည်းများ အနေဖြင့် ယခုထက် ပိုမို လွတ်လပ် ပွင့်လင်းသည့်၊ ကြီးသည် ငယ်သည်မဟူ မြန်မာလူမျိုး အချင်းချင်း လေးစားမှု ကို အရင်းခံသည့်၊ ကိုယ်ကျိုးမဖက် အများအကျိုး အတွက်ကိုသာ ဦးစွာ ရှေးရှုသည့်၊ ချစ်ကြည်မှုကို အရင်းခံသော ပူးပေါင်းဆောင်ရွက်မှု ကို လိုလားသည့်၊ ခိုင်မာသော မြန်မာယူနီကုဒ် စံသတ်မှတ်ချက် တစ်ခုတည်းကိုသာ စိုက်လိုက်မတ်တတ် ဦးတည်သည့် စိတ်ဓာတ်များတို့ကို အခြေခံကာ ယခင့်ယခင်က မိမိတို့၏ လိုအပ်ချက်၊ အားနည်းချက်များကို အကောင်းဆုံး ပြုပြင်ပြီး စည်းလုံးညီညွတ်မှု၏ ရလာဒ်ဖြစ်သော ကြီးကျယ် ထင်ရှားသည့် အောင်မြင်မှု ပန်းတိုင် မြန်မာ ယူနီကုဒ် စနစ် တစ်ခုကို မြန်မာ တစ်မျိုးသားလုံးတို့ အတွက် မကြာတော့သော အချိန်ကာလတွင် ယူဆောင်လာကြလိမ့်မည် ဖြစ်ကြောင်း ပြင်းပြသော ဆန္ဒကို အရင်းပြု၍ ခိုင်မာလေးနက်စွာ ယုံကြည်မိပါတော့၏။

 

 

 

 

မှော်ဆရာ

၂၅.၁၂.၂၀၀၈ (ကြာသပတေးနေ့)

ဆက်သွယ်ရန်

Myanmarne0[at]gmail.com

http://mbl0gger.net/

http://wordpressmyanmar.com/

 

ဝေဖန် အကြံပြုခြင်း၊ မှတ်ချက်ချ ဆွေးနွေး ပြောဆိုခြင်းများ အားလုံးအား ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်းနှင့် ဤဆောင်းပါး တစ်ခုလုံးအား ထပ်ဆင့် အသုံးပြုလိုခြင်းများ ပြုလုပ်လိုပါက အထက်ပါ လိပ်စာ အတိုင်း ဆက်သွယ် နိုင်ပါကြောင်း လေးစားစွာ အသိပေး အပ်ပါသည်။

 

 

စာကြွင်းနှင့် ကျေးဇူးတင်စကား

 

 ဤ စာတမ်းဆောင်းပါးသည် ကျွန်တော် ဘလော့ဂ် ရေးလာသော သက်တမ်းတစ်လျောက် အချိန်အကြာဆုံး (စုစုပေါင်း ၂၄-ရက် တိတိ) ရေးခဲ့သည့် ဆောင်းပါး တစ်ပုဒ်ဖြစ်ပြီး မိမိအတွက် စိမ်းလွန်းလှသော နယ်ပယ်တစ်ခု ထဲသို့ စိတ်ဝင်စားမှု နှင့် ရေးသားလိုခြင်း ဆန္ဒ တစ်ခုတည်းကို အရင်းပြု၍ ဆောင်းပါးပါ အကြောင်းအရာများ အားလုံးကို မိမိဘာသာ မိမိ “က”  ကြီးမှ စတင် သင်ကြား လေ့လာ ရှာဖွေခဲ့ရပါ၏။ ဤဆောင်းပါး ရေးသားရန် အတွက် ၂၀၀၈-ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့တွင် အင်တာနက် တစ်ခွင်၌ ကနဦး စူးစမ်း ရှာဖွေ လေ့လာမှုများ စတင်ခဲ့ပြီး ပထမပိုင်း ဆောင်းပါး “ယူနီကုဒ် မြင်းရိုင်း”ကို နိုဝင်ဘာ (၁၀) ရက်၊ ၂၀၀၈-ခုနှစ် တွင် ဖော်ပြနိုင်ခဲ့သည်။ ဒုတိယပိုင်း “မြစေတီကျောက်စာမှသည် မိုက်ခရိုပရိုဆက်ဆာ ဆီသို့”  ကို နိုဝင်ဘာလ (၂၉)၊ ၂၀၀၈-ခုနှစ် တွင်မှ အပြီးသတ် နိုင်ခဲ့သည်။ တတိယပိုင်း “ယူနီကုဒ် စနစ်သုံးမြန်မာ စာလုံးများ” နှင့် နောက်ဆုံးပိုင်း “မည်သည့် ယူနီကုဒ် ဖောင့်ထ် ကိုသုံးစွဲကြမည်နည်း” တို့အား ၂၂.၁၂.၂၀၀၈ နေ့တွင် အပြီးသတ်၊ အချောကိုင် ရေးသားနိုင်ခဲ့၏။ ဤစာတမ်းအား အပြီးမသတ် နိုင်မှီ ကာလ များတွင်လည်း အလုပ်ကိစ္စနှင့် ကျောင်းကိစ္စများ၊ ကိုယ်ရေးကိုယ်တာ ကိစ္စများ ဖြင့် အချိန်လု နပန်းလုံးရင်း တစ်ခါတစ်ရံ တစ်ရက်လုံးလုံး စာတစ်ကြောင်းသာ ရသည့်အခါလည်း ရှိခဲ့သလို တစ်ခါတစ်ရံလည်း တစ်ရက်လုံး ရေးဖို့ကြိုးစားရင်းနှင့်ပင် လိုအပ်သော အထောက် အထား ရှာမတွေ့၍  စာတစ်လုံး၊ တစ်ပါဒမျှပင် ထွက်မလာသည် များလည်း ရှိခဲ့ပါသည်။ တစ်ခါတစ်ရံလည်း ဝါကျအထားအသို များအား ရေးပြီးမှ မကြိုက်၍ သော်လည်းကောင်း၊ အချက်အလက် မခိုင်လုံဟု ယူဆ၍ သော်လည်းကောင်း၊ ဤသို့ မရေးသားသင့်ဟု မိမိဘာသာ မိမိ ယူဆ၍ သော်လည်းကောင်း ဖြုတ်၊ ထုတ်၊ နှုတ်ပယ်၊ ပြုပြင်ခြင်းများ ပြုလုပ်ခဲ့သည့် အကြိမ်တွေကလည်း များပြားလှစွာပင် ဖြစ်သည်။

ဆိုခဲ့သည့် အတိုင်း တစ်ခုတည်းသော စိတ်အား ထက်သန်မှုနှင့် ခိုင်မာ တည်တံ့ပြီး အသုံးပြုရန် လွယ်ကူသည့်၊ အားလုံး လက်ခံသဘောကျသည့် မြန်မာယူနီကုဒ်စနစ် တစ်ခု အမြန်ဆုံး ပေါ်ပေါက် စေလိုခြင်း တည်းဟူသော တစ်ကြောင်းတည်းသော ရည်ရွယ်ချက် စေတနာ တို့အပေါ်တွင် အလုံးစုံ အခြေပြု၍ ကျွန်တော်၏ တစ်ထွာ၊ တစ်မိုက် မျှသာဖြစ်သော ဦးနှောက်နှင့် နုံနဲ့လှသည့် အသိဥာဏ်ကို မဖြစ်ဖြစ်အောင် ကြိုးစား ဖြစ်ညှစ် ရေးသားခဲ့ခြင်းသာ ဖြစ်သဖြင့် စာတမ်းပါ အချက်အလက်များ၏ မတိကျ၊ မခိုင်လုံမှုများ၊ မှားယွင်းချွတ်ချော်မှုများ နှင့် အခြားသော လိုအပ်ချက်များ အားလုံး တို့အတွက် ကျွန်တော့်တွင်သာ အပြည့်အဝ တာဝန်ရှိပါကြောင်း တို့အား စာဖတ်သူအားလုံးကို လေးစားစွာ တစ်ပါတည်း အသိပေး အပ်ပါသည် ခင်ဗျား။

ဤစာတမ်း ပြုစုနိုင်ရေး အတွက် အင်တာနက်ပေါ်တွင် လေ့လာဖွယ်၊ မှတ်သားဖွယ် မှတ်တမ်းမှတ်ရာများအား စနစ်တကျ ပြုစု စုဆောင်း ထားရှိခဲ့ကြသူများ အားလုံး နှင့် ကျွန်တော် ရေးသမျှ ဆောင်းပါးတိုင်းတို့ကို လာရောက် ဖတ်ရှုအားပေးကြသူများ၊ နောက်ထပ်၊ နောက်ထပ် ဆောင်းပါးများ ထပ်မံ ရေးသားလိုစိတ်ဖြစ်လာအောင် မှတ်ချက်များ ချီးမြှင့် ပေးသွားခဲ့ကြသူများ နှင့် ယခုစာဖတ်နေသူ အပါအဝင် စာဖတ်သူအားလုံးတို့ကိုလည်း ကျေးဇူး အထူးတင်ရှိပါကြောင်း ထပ်ဆင့် ပြောကြား လိုက်ရပါသည်။

 

 

 

 

ရည်ညွှန်းကိုးကားသော ဝဘ်စာမျက်နှာများ၊ စာအုပ်များ စာရင်း

(က)  ယူနီကုဒ် အကြောင်းများ

၁။ ယူနီကုဒ် ဆိုတာဘာလဲ (Unicode.Org)

၂။ ယူနီကုဒ် အကြောင်း (Wikipedia.Org) - အင်္ဂလိပ်ဘာသာဖြင့်

၃။ ယူနီကုဒ် အကြောင်း (Wikimyanmar.Org) - မြန်မာ ဘာသာဖြင့်

၎။ ယူနီကုဒ် အကြောင်း (AlanWood.Net)

၅။ ယူနီကုဒ် အကြောင်း (University of Utah)

၆။ ယူနီကုဒ် ၏ စံအဆင့်အတန်းများ (Unicode.Org)

၇။ ယူနီကုဒ် ၏ စံအဆင့်အတန်းများ (Wikipedia.Org)

၈။ ယူနီကုဒ် တွင် ထည့်သွင်းပြီး ဘာသာ စကားများ (Unicode.Org)

 

(ခ) မြန်မာ ဘာသာစကား နှင့် ဆက်စပ် လေ့လာမှုများ

၁။ မြန်မာဘာသာစကား အကြောင်း (Wikipedia.Org - Burmese Language)

၂။ မြန်မာစာပေ အကြောင်း (Wikipedia.Org - Literature of Burma) (Washington Uni Library- MyaZeDi Inscription)

၃။ မြန်မာနိုင်ငံ သမိုင်း (Wikipedia.Org - History of Myanmar) (Washington Uni Library- Myanmar Before Anawrahta)

၎။ မြန်မာ့ ယဉ်ကျေးမှု (Wikipedia.Org – Culture of Burma)

၅။ ပါဠိဘာသာ အကြောင်း (Wikipedia.Org – Pali Language)

၆။ မြန်မာစာပေယဉ်ကျေးမှု ကိုလေ့လာခြင်း (Northern Illinois University – Studying of Burmese Literature) (Myanmar Poems)

၇။ မြန်မာဘာသာစကား ဖွံ့ဖြိုးလာပုံ (Myanmars.Net – Myanmar Scripts Development)

၈။ အင်္ဂလိပ်ဘာသာစကား သမိုင်း (Wikipedia.Org – History of English Language)

၉။ မြန်မာ ယူနီကုဒ် အကြောင်း (Unicode.Org – Myanmar Character Chart) (U+100 PDF Book) (MM Unicode Myths & Truths)

၁၀။ မြန်မာ ယူနီကုဒ် ဖွံ့ဖြိုးလာပုံ အကြောင်း (Myanmar CyberSpace PDF Book) (Myanmar Unicode Characters Set)

၁၁။ မြန်မာ ဘာသာစကား လေ့လာရေး အမျိုးသားဗဟို ဌာန (Myanmar NLP Research Center Seminar & Workshops ) (Myanmar NLP Complete Works & Doc)

၁၂။ မြန်မာ နိုင်ငံ ကွန်ပြူတာနည်းပညာ သမိုင်း (Myanmar NLP Research Center-X) (The First Computer in Myanmar -X) (Brief History of Yangon University of Computer Studies) (Yangon City.Com) (United Nation ESCAP ) (United Nation ESCAP - Myanmar Development Study PDF Book By Professor K.J Joseph | HTML Version )

 

(ခ) ယူနီကုဒ် စနစ်သုံး မြန်မာ ဖောင့်ထ် များ နှင့် ဆက်စပ် လေ့လာမှုများ

(က) မြန်မာ ယူနီကုဒ်နှင့် ပတ်သက်သည့် မှတ်တမ်းမှတ်ရာများ (Myanmar NLP References, Opentype Fonts By Myanmar NLP, ThanLwinSoft, MyMyanmar)

(ခ) မြန်မာ ယူနီကုဒ် ဖောင့်ထ် များ နှင့် ပရောဂျက်များ (Myanmar NLP Projects, MyaZedi, MyMyanmar, ThanLwinSoft, Zawgyi, Alpha Mandalay, UniBurma Project, UniMM, KeyMagic Project, MMLT Progects )

(ဂ) မြန်မာ ယူနီကုဒ် ဖောင့်ထ် များ နှင့် ပတ်သက်သည့် ဆွေးနွေးချက်များ ( Zawgyi on MyMyanmar, Zawgyi on NyiLynnSeck, Myanmar3 on MM IT Pros, MM Geeks Forum, UniBurma on MM Geeks, MMLT Unicode Implementation , MM3Font Converter Blog, )

(ဃ) အပျော့ထည်များအား ပြည်တွင်းမှု ပြုခြင်း (Localization Languages, FOSS Localization Tools List )

 

ဤ စာတမ်းဆောင်းပါး ၏ အသုံးပြုခွင့် လိုင်စင်



The all credits of graphics which used above are going to original owners and all of remaining contents are licensed under a  Creative Commons Attribution-Noncommercial-Share Alike 3.0 License.

 

Comments