မျိုးတေဇာမောင်

ပက်ရှ်ဝါ(Peshawar)

 

ပြတင်းပေါက်မှာ အလံဖြူလေးလွှင့်ထားတယ်

စာသင်ကျောင်းမှန်းသိစေချင်လို့

'ကလေးများစာဖတ်နေကြသည်'

အတိုက်အခိုက်အပစ်အခတ်မခံလိုပါ

“ကလေးများငယ်ရွယ်လွန်းပါသည်”

“အညွှန်း”နဲ့ “အညွှန်းခံ” ကြား

အချိတ်အဆက်ပြတ်တောက်မှုပဲလား

ကွန်ပျူတာဟာ “အလံဖြူလေး“ကို

အဓိပ္ပာယ်မဖွင့်ဆိုနိုင်ခဲ့ဘူး။

ကွန်ပျူတာဟာ ကလေးကိုကလေးလို့မမြင်၊

လူလို့ပဲမြင်တယ်။

မောင်းသူမဲ့လေယာဉ်တစ်စင်း

လွှတ်ချလိုက်တဲ့ဗုံးတစ်လုံး

အလံဖြူလေးလွှင့်ထားတဲ့ဆီကို . . .။

                                                                             မျိုးတေဇာမောင်

                                                                                                


ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်


ကမ္ဘာဟာင်းဟာ သေဆုံးခဲ့ပြီ
စာအုပ်အဟောင်းတွေနဲ့အတူ ကမ္ဘာဟောင်းဟာ သေဆုံးခဲ့ပြီ
အပေါက်အပြဲတွေနဲ့ စုတ်ပြတ်နေတဲ့ ဖိနပ်စုတ်လို မိန့်ခွန်းတွေ မလိုအပ်တော့ပါ
ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်
ငါတို့ဟာ ရောင်းစားခံခဲ့ရ
ဓာတ်ကြိုးထဲမှာပဲ ဓာတ်အားတွေ သေဆုံးသွားကြ
ပေါင်မုန့်မရှိရင် ကိတ်မုန့်စား
လျှပ်စစ်မီးမလာရင် ဖယောင်းတိုင်ထွန်း
၂၁ ရာစု မေရီအင်တွိုင်းနက်လေသံလာမပစ်နဲ့
ငါတို့လမ်းပေါ်ထွက်ခဲ့မယ်
မနှစ်သိမ့်ပါနဲ့
ကတိက၀တ်တွေ မပေးပါနဲ့
ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်
“ဒီမိုကရေစီအရင် မီးလာပေးပါ” ပြည်သူ့အသံ
နောက်ကွယ်အနက်တွေ ရှိနေတာ ဘာလို့နားမလည်သလဲ
စနစ်ကိုက မကောင်းတာပါ ပြောရင်း အဲဒီစနစ်ထဲ ပိုးဖလံမီးတိုးတိုးဝင်
ဟုတ်ကိုမဟုတ်သေးဘူး
ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်
ပြောတိုင်းယုံတဲ့ ပုတ်သင်ညိုတွေလို
တဟုတ်ဟုတ်နဲ့ ဟုတ်မနေတော့ဘူး
ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်
ငါတို့ ထွက်လာမယ့် လမ်းဟာ အခုမှ ဖြစ်လာတာမဟုတ်ဘူး
အစဉ်အလာနဲ့ လမ်း
အောင်ဆန်းလမ်း
အောင်ကျော်လမ်း
ဗဟိန်းလမ်း
ခွပ်ဒေါင်းအစစ်တွေ ပျံတဲ့လမ်း
ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်
ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်
စကားကတိတွေ
တရားမဲ့အသိတွေ ဆွဲစုတ်
ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်။ ။

(လျှပ်စစ်မီးတိုက်ပွဲသို့ ...)

မျိုးတေဇာမောင်


ဆံပင်ရှည်ရှည် အရပ်ရှည်ရှည်

တအိအိပြိုကျလာတဲ့ အာရုံထဲ

မှားခဲ့တဲ့တရားတွေ

ပစ်ထားခဲ့တဲ့စကားတွေ

သစ်ရွက် တစ်ရွက်မှ မရှိတော့တဲ့ သစ်ပင်

ဆက်ကြွေနေချင်သေးသလို

အမြစ်ကနေ ကိုယ့်ကိုယ်ကိုယ် ဆွဲနှုတ်ပစ်ချင်နေသလို

ကြည့်၊ ဟိုမှာ ဓာတ်ကြိုးပေါ်က ရေစိုငှက်

မြောင်းထဲမှာ ကြွပ်ကြွပ်အိတ်စုတ် တစ်ခု

နားချင်သလို နား

မျောချင်သလို မျော

“ရေသန့်ဘူးလေး ချပေးကြပါ” ဘ၀တွေ

ယဉ်းလာတဲ့အနာ

တင်းလာတဲ့စိတ်

အိပ်မပျော်တဲ့ မျက်လုံးတွေ

ခပ်နက်နက်တွင်းတွေထဲမှာ

ရေးမရတဲ့ကဗျာတွေ။

အချစ်အကြောင်း ပြောရင်း

ခေတ်အကြောင်း ရောက်ချင်လည်းရောက်မှာ

ခေတ်အကြောင်းကနေ

အချစ်အကြောင်းလည်း ဖွဲ့နွဲ့မိမှာပဲ

သွားခဲ့တဲ့ လမ်းတွေ

နှစ်ကာလာတွေ ၁၉၈၃၊ ၁၉၈၄၊ ၁၉၈၅၊ ၁၉၈၆၊ ၁၉၈၇၊

၁၉၈၉၊ ၁၉၉၀...၂၀၀၀၊ ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၃၊ ၂၀၀၄၊

၂၀၀၅၊ ၂၀၀၆၊ ၂၀၀၇၊ ၂၀၀၈၊ ၂၀၀၉ နောက်ထပ် ၂၀.......

ဘယ်အထိလဲ မသိ၊ မသိခြင်းထဲ

မသိ “ခြင်း” ထဲအမှိုက်တွေ ဘ၀တွေ နေ့စွဲတွေ

some days to remember

some days to forget.

ဆက်ရေးဖို့ ၀ါကျတွေ

ဖွဲ့နွဲ့။

လေကိုတောင် သံသယနဲ့ရှုတယ်။

ရေသန့်ဘူးထဲက လက်ကျန်တစ်ဝက်ကို

မယုံဘူး

မနက်ဖြန်ဟာ ဖူးဖွင့်ဖို့ မသေချာတဲ့ ပန်းတစ်ပွင့်

ပြီးခဲ့တဲ့ သက္ကရာဇ်တွေ

“ရုပ်” သဘောထက် “အသံ”အားသာ ဆက်သွယ်ရာဖြစ်ခဲ့

စာအုပ်ထူထူများ၊ စစ်ပွဲများ

ဆော့ဖ်ဝဲများ၊ လေယာဉ်ပျံများ

သက္ကရာဇ်မျဉ်းကွေးများ၊ ဘာသာစကားများ

သစ်ပင်သစ်ကိုင်းများ၊ ၀ါစင်္ဂများ

မြို့အ၀င်ဂိတ်ကြေးများ၊ ရောမမြို့ကမိန်းမပျက်များ

ခွင့်မဲ့ပျက်ကွက်ခြင်းများ၊ ချောင်းကောမြစ်ကောများ

အထင်သေးဖွယ်ထက်မြက်မှုများ၊ ဂျူးလိယက်ဆီဇာများ

ဘရုတတ်စ်များ

ပျင်းရိလေးတွဲ့သော နိုင်ငံရေးသမားများ

“ Change We Believe ” များ၊ မပြားသေးသော ကမ္ဘာများ

ချစ်ခြင်းမေတ္တာဟာ သမိုင်းဒဏ်ခံပစ္စည်း၊ ဒီလိုရေးခဲ့ပြီ

ပြောကြပါ

ပြောဖြစ်အောင် ပြောကြပါ

ဘာမှမဖြစ်တော့ဘူးလို့ ပြောကြပါ

တခုခုဖြစ်တော့မလို ပြောကြပါ

တခုခုတော့ ပြောကြပါ

(ခင်ဗျားတို့ ပြောဟန် ကျုပ်လက်မခံ

ခင်ဗျားတို့ပြောခွင့်အတွက်

ကျုပ်အသက်ပေးဖို့ အသင့်ရှိတယ်')

ဇော့်ကဗျာတစ်စ

ဖျတ်ခနဲ သတိတရ ရှိမိတယ်။

အနုပညာ

ဥာဏ်ပညာ

ချစ်ခြင်းမေတ္တာ

ပြောကြပါ

ဘာသာစကားဟာ

ဘာသာစကားအလုပ် လုပ်နေစဉ်မှာ

ခံစားချက်ကလည်း သူ့အလုပ်သူ လုပ်နေမှာပဲ

ဟောဒီမှာ ငါ့ကဗျာ

ခံယူချက်ရှိမှ ခံစားချက် ဖြစ်ရတာ

' စက္ကူမြင်းတောင်တွင်းရထား”  အလကားရခဲ့တာ

မဟုတ်ဘူး

“ခုတ်သားစများ” ပေါပေါပဲပဲ မဟုတ်ဘူး

ဖော်ဝေး၊ အောင်ချိမ့်၊ မောင်ချောနွယ်

ဘ၀တွေ ပစ်ချပြီး ကဗျာရေးခဲ့

ငါ လက်တွန့်နေဆဲ တစ်မနက်မှာ

ဂျင်းဘောင်းဘီဝတ် မောင်သင်းခိုင်ကို မြင်ရင်း

ကြည့်မိရင်း

ကဗျာဆရာဆိုတာ အကောင်းဆုံး Life Style ပဲဆိုတာသိခဲ့

ငါ့လက်တော့ တွန့်နေဆဲ။

ချစ်ခြင်း မေတ္တာ

ချစ်ခြင်း မေတ္တာ

တတွတ်တွတ် ရွတ်နေတဲ့ နှလုံးအိမ်မှာ

ကျီးလန့်စာစား မေတ္တာတရားဟာ

ကျီးကန်းတောင်းမှောက် မျက်လုံးတွေနဲ့

မေတ္တာတရားဟာ။

ဘ၀ဟာ ပုံမှန်ဖြစ်နေပါပြီ။

အခု ဒီမှာ ထမင်းနပ်မှန်တာ ဟိုဘက်ကို လွန်ခဲ့ပြီ

လက်ဖက်ရည် “ပေါ့စိမ့်” နဲ့ မသေတော့ဘူး နဲ့

မုန့်ဟင်းခါးတစ်ပွဲနဲ့ မော်တော်ဆိုင်ကယ် တစ်စီးနဲ့

တခါတလေ ဘီယာလေးချရင်း ပျင်းရိရင်း

ဘ၀ဟာ ပုံမှန်ဖြစ်နေပါပြီ

အဝေးက ရထားသံ၊ ဥသြမြည်သံ၊ အရင်ကအသံ

ပျောက်နေတဲ့အသံ

ဖျတ်ခနဲ ပြန်ကြားရ “အံကြိတ်သံလား”

“ရယ်မောသံ” တစ်ခုခု

“ရေသန့်ဘူးလေး ချပေးခဲ့ပါ” ဘ၀တွေ

ပုံမှန်ဖြစ်နေပါပြီလား

 


မျိုးတေဇာမောင်

၂၀၁၀ ၊ မတ်လ ၊ ရုပ်ရှင်တေးကဗျာ

Comments