မြတ်ဝေ

ကဗျာ၊ ကဗျာဆရာ နှင့် ခေတ်

1758days since
ခေတ်ကျန်ကဗျာများ စဖွင့်တာ

Recent site activity

မြန်မာကဗျာရဲ့ အသက်ဓာတ်

မောင်ချောနွယ်

ဗမာမလေး

3025days since
မြတ်ဝေ(ဂန့်ဂေါ) ကလောင်နဲ့ ရယ်စရာရသစုံမဂ္ဂဇင်းမှာ ကဗျာစပါတာ

ပိတောက်ပွင့်သစ် ကဗျာခေတ်

2805days since
လရောင်ကိုပျိုးသော ချစ်သူ၏နှုတ်ခမ်းရာများ pamphlet ကဗျာစာအုပ်လေး စထုတ်တာ

2556days since
`သူ့ဆံနွယ်လေးအဝေးမှာ´ pamphlet ကဗျာစာအုပ်လုပ်ဖြစ်တာ

2041days since
`တဖြည်းဖြည်းနဲ့ဝေးသွား´ pamphlet ကဗျာစာအုပ် ထုတ်ဖြစ်တာ

1742days since
`နောက်ထပ်ရောက်ရှိမလာသေးမီ´ pamphlet ကဗျာစာအုပ်ထုတ်တာ

1654days since
ခေတ်ပြိုင် မြန်မာလူငယ်ကဗျာဆရာများနှင့် ကဗျာဒိုင်ယာလော့ဂ် Teen မဂ္ဂဇင်းမှာပါတာ

ထူးအိမ်သင်

ထူးအိမ်သင် ကဗျာများ



... အမေ ...
မိန်းမတကာထက်၌ ကျနော်လေးစားမြတ်နိုးမဆုံးသော
အနာဒိအနန္တမေတ္တာရှင် “ ချစ်သော မေမေ ” သို့ ...

အမေ .....
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ ...
ကဗျာ ...
ကဗျာ ...
သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါအမေ
သားတော့ မီးလောင်နေပြီ။
သျှပ်မှူးကျော်



... မြ ...
အခါတစ်ပါး၌ သူမ၏လက်ဝယ်
ထက် “မြ” သော မြားတစ်စင်းတည်၏။
သို့သော် “တေး” မရှိ။
ထိုအခါ
ငါ၏လက်ဝယ်
ချို ”မြ” သော စောင်းတစ်အိုးတည်၏။
သို့သော် “ကြိုး”မရှိ။
သျှပ်မှူးကျော်၊ မောင်မိုးကျော်၊ အရိုင်းဖြူ
(အဲဒါ သူ့ကလောင်တွေပါ)


... စင်သီယာ ၁ ...
ငါမငိုဖူး
ပြာပုံမှာလူးတဲ့ဘဝ
လွတ်မြောက်ရေး လမ်းစရှာတုန်း
မင်းအမုန်းကိုမေ့လို့
အငွေ့ပျံနေတဲ့မျက်ရည်
လေပွေနဲ့ သစ်ရွက်
ချွေးစက်တွေ ချွေရဦးမယ်
တကယ်ပါ စင်သီယာ
ငါမငိုဖူး ...
ပထမဆုံး မင်းအတွက်ငါ
သေခဲ့တာကြာပြီ
မကြွေနဲ့စင်သီယာ
ငါ ...
သျှပ်မှူးကျော်


... စင်သီယာ ၂ ...
ငါ့ကဗျာ ဘယ်မှာလဲ
မရဲတရဲ မေးခွန်း
တိုးတိတ်လွန်းမှာသိတယ်
နယ်မချဲ့မီနဲ့ ဝေဒနာ
ငါမနေတတ်ဖူး
အရူးတစ်ယောက်ရဲ့ လွမ်းချင်းကို
မင်းဘာကြောင့် နားထောင်ချင်တာလဲ
အသဲမှာစွဲတဲ့ မြှားချက်ဟာ
လူမသိဘဲ အသက်သေစေတယ်
နွေမှာဖြစ်တဲ့ မိုးတိမ်ဟာ
မုတ်သုန်မလာခင် အိပ်စက်ရဦးမယ်
မင်းရဲ့ နောက်ဆုံးရယ်မောသံမှာ
ငါသေခဲ့ပြီ စင်သီယာ
ငါ့ကဗျာဘယ်မှာလဲ။
သျှပ်မှူးကျော်


... စင်သီယာ ၃ ...
ငါမပြောတော့ဖူး
မင်းဦးနှောက်နွံအိုင်တောမှာ
ဘောဂဗေဒဇယားချပ်တွေ
မျက်တောင်ခတ်တဲ့ကိန်းဂဏန်းတွေ
“ငွေ .. ငွေ .. ငွေ ” (မင်းတို့)
ဆိုနေကျ သီချင်းတစ်စမို့
ငါအလွတ်ရနေပြီ
ဒီအမှိုက်ပုံထဲ၊ ငါ့ကိုမဆွဲနဲ့စင်သီယာ ငါမလာနိုင်ဖူး
စူးစူးဝါးဝါးအော်ဟစ်
ချွေးမိုးအောက်နစ်ပါစေ
မင်းပြုံးနေ စင်သီယာ
ငါမပြောတော့ဖူး .. ။
သျှပ်မှူးကျော်



... စင်သီယာ ၄ ...
မင်းမညာနဲ့
ကွန်ပျူတာနှလုံးသားရှေ့
အသံမဲ့နေတဲ့ တိတ်တစ်ခွေ
မင်းငိုနေသလား .. အချစ်
အက်စစ်မျက်ရည်တွေပဲ
ငရဲဆန်လှတယ်
မင်းဘ၀ ... မင်းအသက်
မင်းဟာ စက်ရုပ်ပဲ
မင်းလုပ်သမျှ ဆန္ဒမဲ့တယ်
ယန္တယားရဲ့ လည်ပတ်မှုဖြစ်စဉ်မှာ
ငွေဟာ လောင်စာပဲ စင်သီယာ
မင်းမညာနဲ့ ... ။
သျှပ်မှူးကျော်



... စင်သီယာ ၅ ...
မင်းကို ငါချစ်တယ်
ရာစုနှစ်ပေါင်များစွာမှာ
လူတွေဒါပဲ ပြောကြတယ်
ငါ့အတွက်စကား (၅) လုံး
မင်းအပြုံးက ၀ါးမြိုခဲ့
သရော်တဲ့ နှုတ်ခမ်းတွေ
“ချွင်” “ချွင်” မြည်နေတယ်
မြေကြီးသားဘ၀မှာ
အဇ္ဈတ္တိကမီးပုံကြောင့်
ငါ့ရင်အုံလူသတ်ကွင်းထဲ
သားရဲတွေအစာတောင်းပြီး
အသက်နဲ့အညီအမျှ ကျိန်ဆို
မိုးပြိုတယ် စင်သီယာ
မင်းကို ငါချစ်တယ်
သျှပ်မှူးကျော်


... မနှင်းဖြူ ...
“ တစ် ”
ချစ်သူ
သင့်နှလုံးသားသည်
ပျားသို့ချို၏။
သို့ပြီးတကား
ဓားသွားမူ ထက်စွာ၏ .. ။

“ နှစ် ”
ဆောင်းဦးပေါက်ညများရဲ့
ပွင့်ဦးနှင်းဆီဖြူဟာ၊ ငါ့သခင်မ
ငါ့ဘ၀ရဲ့ ကိုယ်ပွားအသက်ပါ။
မင်းဘ၀နဲ့ ငါရှင်သန်တယ်။
ပျိုရွယ်ခြင်း၊ ချိုမြတဲ့အဆိပ်
အိပ်ရာဝင်ပုံပြင်ထဲက
နတ်သမီးတစ်ပါးရဲ့ အလှကို ငါမှတ်မိခဲ့ပြီ။
ဒီဇင်ဘာမှာ နှင်းကျတယ်
တစ်လလုံးပါပဲ
ပထမဆုံးနှင်းပွင့်ကတော့
သူပေါ့ကွယ်၊ ဆွတ်ဆွတ်ဖြူဖြူ
ငန်းမွှေးတောင်သွင်တူသော
နူးညံ့ချောနုခြင်းနဲ့ ငါ့ရဲ့အသက်
အိပ်မက်အပြုံးရှင်ပေါ့ ၊ သူ ....
“ မနှင်းဖြူ ” လေ။

“ သုံး ”
“ မနှင်းဖြူ ”
မင်းဘယ်သူလဲ ..
ငါကလွဲလို့ ၊ မင်းတောင်မှမသိ
မြတ်နိုးမိသူပါ။ သူဟာ ...
ငါ့ဘ၀ရဲ့ ပထမဦးဆုံး
နှင်းဖုံးတောင်တန်းများရဲ့ နတ်မိမယ်
သံယောဇဉ်အနွယ်များရဲ့ မိခင်
ပွင့်ဦးသခင် ဆိုနိုင်ပါရဲ့။
နွဲ့လျတဲ့ခြေလှမ်းများ
ငါ့နှလုံးသားမှာ ..
ဒဏ်ရာထင်အောင် ပြင်းထန်ခဲ့ ၊ ကဲ ...
ဒီလိုဘယ်သူသိမလဲကွယ်။

“လေး”
ဆောင်းညရဲ့ နှုတ်ခမ်းအစွန်းမှာ
လမ်းများပေါ် “ငါ ” တေးသီခဲ့တယ်
နားမလည်နိုင်တဲ့ ခံစားမှုဘဝ
တေးချင်းမှာ စတည်ခဲ့ပေါ့။
ဖျော့တော့တဲ့လရောင်သွန်းချိန်
မှိန်ပြာပြာ နှင်းစက်ကြွေသံလို
ကောင်းကင်ငိုနေရဲ့ ၊ အို .. အလှ
မင်းကို တမ်းတလို့ ..
“ကိုစောငြိမ်း” ရဲ့ “ပွင့်ဦး”
ငါဆိုခဲ့ဖူးပြီ .. ။

“ငါး”
ဟောသည်မှာ အချစ် ..
ကဗျာလိုလှတဲ့ ပန်းပွင့်၊ သစ်ရွက်
စက်နဲ့လုပ်တာမဟုတ်။
မင်းအတွက်ပဲ သည်မှာ
နုံချာပေမယ့် လတ်ဆတ်တဲ့နှလုံးသား
ဥပက္ခာမထားစေချင်
အရှင် .. သခင် ..
သစ်ခက်ပလ္လင်မှာစံ၍
တေးချင်းကို နာခံ
မိုးယံ၌ပြည့်သော ပီတိနှင့်
တင့်တယ်စေပါမည်။

“ခြောက်”
လုံမရဲ့ အကြည့်
နေထိတဲ့ ပန်းပါပဲ၊
ညိုးလျော်ဆဲအပြုံးဟာ
ပြည့်ဝပါပေရဲ့
စောင့်စားသူ နေပူမှာရပ်လို့
မင်းကို စောင့်ဖို့ ငါအသက်ရှင်တယ်။
သစ်ပင် ၊ တောတောင် ၊ နေရောင် ..
ငါ့သခင် အောင်နိုင်တယ်။
ဘယ်သူငြင်းမလဲ အိုအချင်းတို့
အို .. အမျိုးကောင်းသားတို့
ငါ့အားခွင့်လွတ်ကြပါလေ ..
အချစ်စေကျွန်ဖြစ်တယ်။
ဇာမဏီငှက်၏ တင့်တယ်ခြင်းဖြင့်
ကြယ်ပွင့်တို့ကို နွံ၌နစ်စေသူ ..
ချစ်ခြင်း ၊ မုန်းခြင်း ၊ ဥပက္ခောနှင့် ခံယူမှု
ပန်းနုကျောက်ဆစ်အသွင်
မြင်သူတိုင်းအား အကြည့်ဖြင့်သိမ်းပိုက်သူ .. ။

“ ခုနှစ် ”
အို .. ချစ်သူလုံမ
ပထမဘ၀မှာ တွယ်ငင်သော
သံယောဇဉ်ပိုင်စိုးသူ
နှင်းမြူသည်းပွတ်၊ ဆွတ်ဆွတ်ဖြူစင်၍
အိပ်မက်အငွေအသက်ပမာ
ငါမြတ်နိုးသူ .. ငါ့အား ..
သနားသဖြင့် ဥပက္ခာသစ်ရိပ်မှ
ဖဲကျဉ်ခွင့်ရစေပါ။ ငါ့အား ..
ဝါမျှင်ဂွမ်းစကဲ့သို့ ချီမ၍
သင့်အနမ်း၍ကြွေသော ပန်းပွင့်ရေအိုင်ထက်
သက်စေပါဘိ။
သက်ရွက်လောင်းလှေဦးတွင်
သခင်မစံပါ။
ကဗျာသစ်ခက်ဖြင့်ပြုသော
လှော်တက်ကို ငါကိုင်မည်။
အောင်နိုင်ခြင်းနှင့် ဒဏ်သင့်သောငါ့အား
အသာယာဆုံး တိတ်ဆိတ်ခြင်းဖြစ်သည့်
အချိုမြိန်ဆုံးတေးချင်းကို
ဆိုခွင့်ပြုပါ ၊ ထိုအခါ ..
ကမ္ဘာမြေသည် သခင်မအပြုံး၌ပွင့်သော
ဆည်းဆာပန်းပွင့်သစ်၏
နှစ်ချို့ စပျစ်အရက်ပမာ
ငါမူးယစ်စွာ မွေ့ပျော်စေလိမ့်မည်။

“ ရှစ် ”
အားလုံးပြီးဆုံးသွားခဲ့ပြီ ..
“ မနှင်းဖြူ ”
အားလုံးပြီးဆုံးသွားပြီလေ၊
အခုတော့ ......

“ကိုး”
မြစ်တစ်စင်းမှာ သူ .. ငါ ..
နှစ်ခါရေမချိုးနိုင်
စီးဆင်းနေဆဲ အချိန်စက်ဝန်း
ပုံတူသွန်းလုပ်၊ အရုပ်ဆင်းတု
ပြုစုသူမဲ့ပေရဲ့ .. ။
ပစ္စုပ္ပန်မဲ့သောအခါ
အနာဂတ်မတည်စွမ်းသာ
သည်သို့ .. သံသရာရှိလျှင်အဆုံး၊ ငါမို့ဖြစ်ရင်း
ချစ်ခြင်းအပ မြဲစေ ..
ကျိန်စာဆိုခဲ့လေသလား
အို .. နတ်ဘုရားတို့ ။
အို .. ပိုင်ဆိုင်သူတို့ ။
သျှပ်မှူးကျော်


... အစ၏အဆုံး (သို့မဟုတ်) အဆုံး၏အစ ...
ကမ္ဘာဦးသူတို့သည် ရသပထ၀ီကိုစားကုန်၏။ အချို့အဆင်းလှကုန်၏။
အချို့အဆင်းမလှကုန်။
ထိုသူတို့တွင်
အဆင်းလှသူတို့သည် အဆင်းမလှသူတို့ကို
မထီမဲ့မြင်ပြုကြကုန်၏။
ထိုသို့ပြုသည်ရှိသော် .. ။
(ဦးကုလားရာဇ၀င်)
နှလုံးသားနဲ့ဖတ်ဖို့
(ရင်၌ဖြစ်သော)
ချစ်ဇနီးသို့
သျှပ်မှူးကျော်



... အသက်သည် အိမ်မက် ...
အိမ်မက်သည်သူ
သူသည် အသက်ဖြစ်စေ
ဆောင်းနှောင်းလျှင် နွေဦး၏။
နွေဦး၌ နှင်းကြွင်းသည်။
နှင်းကြွင်းပြယ်သော်လည်း
သစ္စာကြွင်းစေ။
မြတ်နိုးခြင်း ကြွင်းစေ။
သျှပ်မှူးကျော်



သက်တံ

ညနေခင်းတခု
မိုးစဲလင်းပွင့်ကောင်းကင်မှာ..
ဟာ…..
လှလိုက်တဲ့ သက်တံကြီးတစင်း
စီးဆင်းနေတာတွေ့တယ်။
ရုတ်တရက်ပဲ
ငါ… ကြေကွဲခဲ့ရပေါ့
ဘ၀ဆိုတာ သက်တံလိုပါလား… ။
ရှိတော့ရှိပါရဲ့
ဒါပေမဲ့
အရှိမဲ့ … ။ ၊
ထူးအိမ်သင်




ချောင်းကြည့်ပေါက်များ

သူ့အလို...
အထက်အဆိုပါအကြောင်းများအရ
တွေးဆချက်များမှာ

(၁)
"စကားလုံးများ" ဟာ "အတု" ဖြစ်ပြီး
"စိတ်" သည် "အစစ်အမှန်" ဖြစ်တယ်...တဲ့။
(၂)
"ခြေထောက်တွေ" ဟာ "လမ်း" ဖြစ်ပြီး
"ငါ" သည် "ခရီးဆုံး" ဖြစ်တယ်...တဲ့။
(၃)
ဆိုတော့ကာ...
အဲဒီခြေထောက်အတုတွေနဲ့
အဲဒီစကားလုံး တင်းကြမ်းပြည့်လမ်းကိုပဲ
စီးစီးပြီး သွားနေရတာ... တဲ့
အဲဒီခရီးဆုံးမှ ရောက်ပါ့မလား
အဲဒီအစစ်အမှန်ရော ဟုတ်ပါ့မလား
အဲဒီစိတ်ကြီးကို ကုန်လွန်းလို့
အဲဒီ ငါကဖြင့်...တဲ့
အင်း
ပျင်းတယ်....ဆိုတာကြီးပဲ
ကြိတ်မနိုင် ခဲမရ...
.......။

ရဲသင်ရန် (ထူးအိမ်သင်)
၂၀ဝ၂၊ အောက်တိုဘာ၊ ပန်မဂ္ဂဇင်း

Peepholes

in his wishes...
after above-mentioned reasons
so are the thoughts
(1)
'words' are false and
'mind' is 'real' so said...
(2)
'feet' are 'paths' and
'self'' is 'the end journey' so said...
(3)
then so
with those very false feet
wearing those very words-filled paths
wearing and wearing and going that...
ever reach that very end journey?
ever might be that very real?
so tired of that very mind
'even that very self' said
yeah!
'boring' is the very burden
helplessly, unbearingly...
.........

icy (1-7-2009)

စံပါယ်ဖြူအိပ်မက်


ကိုထူးအိမ်သင်ကိုယ်တိုင်ရေးကဗျာလေးပါ။ ၁၉၈၂ခုနှစ်က ရှုမ၀မဂ္ဂဇင်းမှာ"လင်းထက်"ဆိုတဲ့ကလောင် 
နာမည်နဲ့ရေးသားခဲ့ပါတယ်။ 

စံပါယ်ဖြူအိပ်မက်

လှိုင်းခတ်သံ ဂီတ... 
ချိုမြ မပီပြင်၊သည်ရင်မှာ 
ကြယ်ပြာ..လပြာ..ကောင်းကင်ပြာ... 
ရောင်လွှာ မြူးပြက်၊လျှပ်လက်သလို 
အို.....လှလိုက်တာ။ 

သဲသောင်ခုံလား၊ရေစွယ်လားလေ 
ခြေသံဖွဖွ၊ကြားနေရပေါ့ 
မွှေးမြသန့်စင်၊အာရုံမြင်ရနံ့ 
သင်းပျံနေဆဲ၊ရင်ထဲမှာ...။ 

စကားတိုးတိုး၊မြူခိုးဝေေ၀ 
စံပယ်ရေ..စံပယ်ဖြူ... 
ဘယ်သူများလဲ၊မေးလိုက်ဆဲမှာ 
သဲသဲလှုပ်လှုပ်၊ငှက်တစ်အုပ်... 
ရုတ်ခြည်းပျံပြေး၊ဟိုးအဝေးကို။ 

သည်အိမ်မက်မှ၊မောင် နိုးထလည်း 
တမ်းတတပ်မက်၊ရုန်းမထွက်ချင် 
သက်ဦးမြတ်မွန်၊ရွာလွန် ရွက်တိုက် 
ပြေးလိုက် ရှာဖွေ..။ 
စံပယ်ရေ..စံပယ်ဖြူ 
ဘယ်သူများလဲ၊ဘယ်မှာလဲကွယ် 
ရင်ထဲ မေးမိဆဲပါမေ။

လင်းထက်




မမခင်ဦးစံပယ်သို့ တမ်းချင်း (၂)

မမခင်ဦးစံပယ်ရယ်
မြေကြီးအောက်မှာ ငှက်တကောင်ရှိတယ်။

မြေကြီးအောက်ကငှက်ဟာ
တောင်ပံတဖက်တည်းနဲ့ မြေကြီးကိုယက်ပြီး
ကောင်းကင်ပေါ်တက်လာနိုင်တယ်။

မြေကြီးအောက်ကငှက်ဟာ
တောင်ပံမပါဘဲနဲ့လည်း မြေကြီးထဲကထွက်ပြီး
မိုးပေါ်ကိုတက်လာနိုင်တယ်။

မြေကြီးအောက်ကငှက်ဟာ
ဂစ်တာတလက်နဲ့လည်း ကမ္ဘာမြေငြိမ်းချမ်းဖို့ 
တေးတို့ နိုင်တယ်။
မြေကြီးအောက်ကငှက်ဟာ
ဂစ်တာမပါဘဲနဲ့လည်း ကမ္ဘာပေါ်ကစစ်ပွဲတွေရပ်စဲဖို့ 
တေးညှို့ နိုင်တယ်။

မမခင်ဦးစံပယ်ရဲ့
မြေကြီးအောက်ကငှက်ဟာ
သောင်ရင်းမြစ်ကို ဖြတ်ပြီးတော့လည်း သွားခဲ့ဖူးတယ်
သောင်ရင်းမြစ်ကို ကျော်ပြီးတော့လည်း ပြန်ခဲ့ဖူးတယ်။

မမခင်ဦးစံပယ်ရယ်
မြေကြီးအောက်ကငှက်ဟာ
ချစ်ခြင်းမေတ္ထာနဲ့ဥာဏ်ပညာကိုယုံကြည်သတဲ့။

မြေကြီးအောက်ကငှက်ဟာ
မမခင်ဦးစံပယ်ရဲ့ မိသားစုလူနာဖြစ်ခဲ့ဖူးသလို
ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက် လူငယ်လည်းဖြစ်ခဲ့ဖူးတယ်။

မြေကြီးအောက်ကငှက်ဟာ
သီချင်းနဲ့မတောင်းရမ်းခဲ့ဖူးဘူး။

မြေကြီးအောက်ကငှက်ဟာ
မာနမဲ့ ဒူးထောက်အရှံးမပေးခဲ့ဖူးဘူး။

မြေကြီးအောက်ကငှက်-
သူဟာ “အတ္တမဲ့အလင်း”
မြေကြီးအောက်ကငှက်ဟာ
ပေါ်လစီသီချင်းတွေ မဆိုခဲ့သလို
ပေါ်လစီသီချင်းတွေလည်း မရေးခဲ့ဘူး။

ပေါ်လစီစတိတ်ရှိုးစင်ပေါ်ကိုလည်း
ဘယ်တော့မှမတက်ခဲ့ဘူးလေ။

မြေကြီးအောက်ကငှက်ကို
အာဏာ၊ ငွေကြေး ၊ရမ္မက်၊ ဂုဏ်ထူးဆောင်လက်မှတ်တွေနဲ့ 
မြှူဆွယ်လို့ မရဘူးလေ။

မြေကြီးအောက်ကငှက်ဟာ
ကမ္ဘာ့ဒုက္ခနဲ့အသည်းကွဲခဲ့ဖူးသလို
မြန်မာ့ဒုက္ခနဲ့လည်း အသည်းကွဲခဲ့ဖူးသူ။

မြေကြီးအောက်ကငှက်ဟာ
အတောင်ညောင်းလို့ အိပ်စက်ရတဲ့အခါ
ဆရာကြီးမင်းသုဝဏ်နဲ့ ဘေးချင်းယှဉ်ပြီး အိပ်စက်ရတယ်။

မြေကြီးအောက်ကငှက်ဟာ
သေနတ်များကိုလည်းခုံမင်ပြီး
နှင်းဆီပန်းများကိုလည်း စွဲလမ်းသူဖြစ်တယ်။

မြေကြီးအောက်ကငှက်ဟာ
ရှစ်လေးလုံးအရေးတော်ပုံကို ကောင်းကောင်းရင်ခုန်ခဲ့ဖူးတယ်။

အကယ်၍ အသက်ထင်ရှားရှိနေဦးမယ်ဆိုရင်
မြေကြီးအောက်ကငှက်ဟာ
ရွှေဝါရောင်တော်လှန်ရေးကိုလည်း ကျိန်းသေ ရင်ခုန်ဦးမှာပဲ။

ရန်သူနဲ့မိတ်ဆွေ မခွဲခြားနိုင်ဘဲနဲ့ 
တော်လှန်ရေးလုပ်လို့ မရဘူးဆိုရင်
မမခင်ဦးစံပယ်ရဲ့
မြေကြီးအောက်ကငှက်ဟာ
တော်လှန်ရေးသမားစစ်စစ်ပေါ့။

တကယ်တော့ မမခင်ဦးစံပယ်ရယ်
မြေကြီးအောက်ကငှက်ဆိုတာ
ကောင်းကင်ကိုတောင် ငုံ့ကြည့်နိုင်စွမ်းရှိသူပေပဲ။

မြေကြီးအောက်ကငှက်ဟာ
ဘယ်လောက်တောင် ကြီးကျယ်သလဲဆိုရင်
ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းကိုတောင်
ရုပ်ရှင်ရိုက်ပြဦးမတဲ့။

မမခင်ဦးစံပယ်ရဲ့
မယုံမရှိနဲ့
မြေကြီးအောက်ကငှက်ဟာ
သီချင်းနဲ့ပုန်ကန်သူ
အနုပညာသူပုန်စိတ်ကြီးသူ။

မမခင်ဦးစံပယ်ရယ်
မြေကြီးအောက်ကငှက်ကို
အနာဂတ်ကလည်း နှစ်လိုပေမယ်။

သူ့ကိုဂုဏ်ပြုဖို့ 
ကျွန်တော်တို့ ဘဝ လုံခြုံအောင်လုပ်ရမယ်။

ဘဝလုံခြုံဖို့ ဆိုရင်
(၁)စစ်အာဏာရှင်စနစ်ပြုတ်ကျမှဖြစ်မယ်
(၂)ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရမှဖြစ်မယ်
(၃)ဒေါ်အောင်ဆန်းစုကြည်အစိုးရ ပေါ်ထွန်းမှဖြစ်မယ်။

မြေကြီးအောက်ကငှက်ကို
လွမ်းတဲ့အခါ
“ရာဇဝင်များရဲ့ သတို့သမီး” သီချင်းနားထောင်ပါ။

အခု ကျွန်တော်သူ့ကိုလွမ်းနေတဲ့အကြောင်း
မြေကြီးအောက်ကငှက်ဆီကို
အီးမေးလ်ပို့လိုက်မယ် မမခင်ဦးစံပယ်။

ပြီးတော့ သူ့ကိုလွမ်းတဲ့အကြောင်းရေးထားတဲ့ဒီကဗျာ
သူ့သမီး မိကွန်ထော ဖတ်ဖို့ 
ဖက်စ်နဲ့ ပို့ရဦးမယ်။
သူ့ဇနီး သွယ်သွယ်ထွေးကိုလည်း
ကျနော်သတိရကြောင်းပြောပြပေးပါ။

မမခင်ဦးစံပယ်
ကျွန်တော်ပြန်လာတဲ့အခါ
မြေကြီးအောက်ကငှက်အမှတ်တရ
ကဗျာရွတ်ဆိုပွဲတခုလုပ်ကြတာပေါ့
သူ့သီချင်းတွေလည်းဆိုကြတာပေါ့
တချိန်ချိန်ပေါ့။

တနေ့တော့
ကျနော်တို့ လုပ်ကိုလုပ်နိုင်ရမယ်။

တနေ့
ကျနော်တို့ မုချ နိုင်ရမယ်။

အခုတော့ မစ်ရှီဂန်မှာ
လွမ်းရုံပဲ လွမ်းနိုင်သေးတာ။

မြေကြီးအောက်ကငှက်ကို အားနာတယ်။
တိုင်းပြည်ကိုလည်း အားနာတယ်။

မမခင်ဦးစံပယ်ရေ
ကောင်းကင်ပေါ်မှာ ငှက်တကောင်ရှိတယ်လေ။ ။

အောင်ဝေး
(ထူးအိမ်သင် ကွယ်လွန်ခြင်း ၄ နှစ်ပြည့်အမှတ်ရ၊ ၁၄ ဩဂုတ် ၂၀၀၈)



နှုတ်ဆက်တေး

ဂွတ်ဘိုင် ကပ္ပတိန် ထူးအိမ်သင်
ငါတို့ အသက်ကယ်လှေပေါ် ရှင်သန်နေဆဲပါ
မင်း သဘောင်္ကြီးနဲ့အတူ ပင်လယ်ထဲ နစ်မြုပ်ခဲ့ရာ
ဂွတ်ဘိုင် ကပ္ပတိန် ထူးအိမ်သင်
မင်းဝိညာဉ် ကမ်းကြည့်ငှက်ကလေး ပြန်လာတဲ့အခါ
ငါတို့တနေ့ အောင်ပွဲနဲ့ ကုန်းမြေကို တွေ့နိုင်တာ။
ဂွတ်ဘိုင် ကပ္ပတိန် ထူးအိမ်သင်
နောင်တချိန် ငါတို့ လွတ်လပ်စွာ မွေးဖွားခွင့်ရှိရင်
ကလေးတွေကို မင်းနာမည်ပေးမှာ အသေအချာ
ဂွတ်ဘိုင် ကပ္ပတိန် ထူးအိမ်သင်။
ဂွတ်ဘိုင် ကပ္ပတိန် ထူးအိမ်သင။်
ဂွတ်ဘိုင် ကပ္ပတိန် ထူးအိမ်သင်။   ။



နှုတ်ဆက်တေး
အောင်ဝေး
သြဂုတ် ၁၄၊ ၂၀၀၈ 
Comments