May all being be peace and health. 

 

Mogoke Talk(Mp3 burmese )

 
Onlinedhamma Books  

 

U Sae Kain Dha mp3

 

Dhamma Shorts stories and notes

 

  Onlinedhamma fonts download

 


 

အရိယသစ္စာလေးပါး

သစ္စာလေးပါးကို ထိုးထွင်းသိမြင်မှ နောက်တစ်ဖန်ပဋိသန္ဓေနေရခြင်း ဒုက္ခချုပ်ငြိမ်းမည်

မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောဋ္ဋိရွာဆီသို့ ကြွရောက်တော်မူပြီးလျင် ထိုရွာ၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏ -
ရဟန်းတို့ အရိယသစ္စာလေးပါးတို့ကို လျော်ကန်စွာ မသိခြင်းကြောင့်၊ ထိုးထွင်း၍ မသိခြင်းကြောင့်၊ ငါသည် လည်းကောင်း၊ သင်တို့သည်လည်းကောင်း၊ ရှည်လျားလှစွာသော ဤ(သံသရာ) ကာလပတ်လုံး ပြေးသွားခဲ့ရလှလေပြီ၊ ကျင်လည်ခဲ့ရလှလေပြီ။
အဘယ်လေးပါးတို့ကို (မသိခြင်းကြောင့်)နည်းဟူမူ -
 ရဟန်းတို့ ဆင်းရဲအမှန်(ဒုက္ခအရိယသစ္စာ)၊
 ဆင်းရဲဖြစ်ကြောင်းအမှန် (သမုဒယအရိယသစ္စာ)၊
 ဆင်းရချုပ်ရာအမှန် (နိရောဓအရိယသစ္စာ)၊
 ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းလမ်းစဉ်အမှန် (မဂ္ဂအရိယသစ္စာ) ဖြစ်သည်။
ရဟန်းတို့ (ငါသည်) ထို အရိယ သစ္စာလေးပါးကို လျော်ကန်စွာ သိပြီ၊ ထိုးထွင်း၍ သိပြီ၊ ဘဝ၌ တပ်မက်ခြင်း
( ဘဝတဏှာ) ကို အကြွင်းမဲ့ဖြတ်ပြီးပြီ၊ ဘဝသစ်သို့ ဆွဲဆောင်တတ်သော ကြိုးနှင့်တူစွာ ဘဝတဏှာသည် ကုန်လေပြီ၊ ယခုအခါ တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်းမရှိတော့ပြီ ဟု မိန့်တော်မူ၏။
ဤတရားတော်ကို နားယူရသည့်အကျိုးအားကြောင့် သစ္စာလေးပါးကို ထိုးထွင်းသိပါမှ ဇာတိသံသရာဝဋ်ဆင်းရဲကလွတ်မြောက်နိုင်မည် ဖြစ်သည်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ရပေလိမ့်မည်။
အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ ဆိုတဲ့ အကြောင်းတရားငါးပါး သမုဒယသစ္စာတရားကြောင့် ဒီဘဝမှာ ဝိညာဏ်-နာမ်ရုပ်-သဠာယတန-ဖဿ-ဝေဒနာ ဆိုတဲ့ အကျိုးတရားငါးပါး ဒုက္ခသစ္စာတရားဖြစ်ပုံ ၊ ယခုပစ္စုပ္ပန်ဘဝ- ယခုဆဲဆဲ၌ ပြုစုပျိုးထောင်ထားတဲ့ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံဆိုတဲ့ အကြောင်းတရားငါးပါး သမုဒယသစ္စာတရားတွေကြောင့် အနာဂတ်ဘဝတွင် ဝိညာဏ်-နာမ်ရုပ်-သဠာယတန-ဖဿ-ဝေဒနာ ဆိုတဲ့ အကျိုးတရားငါးပါး ဒုက္ခသစ္စာတရား ထင်ရှားဖြစ်ပုံကိုလည်း မြတ်စွာဘုရားရှင်ဟောတော်မူသည်ကို အသိသညာဖြင့် မှတ်သားပါ။
အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ ခြံရံလျက် ပြုစုပျိုးထောင်ထားတဲ့ ကုသိုလ်ကံ သို့မဟုတ် အကုသိုလ်ကံဆိုတဲ့ သမုဒယသစ္စာကြောင့် ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ ထင်ရှားဖြစ်ပုံကို ဟုတ်တိုင်းမှန်စွာသိလျှင် သမုဒယသစ္စာကို သိသည်မည်ပါတယ်။ အဲဒီသမုဒယသစ္စာကို ထိုးထွင်းသိမြင်တဲ့ ဉာဏ်ကို ဓမ္မပဋိသမ္ဘိဒါဉာဏ်လို့ ခေါ်ပါတယ်။
အိုးခြင်း သေခြင်းဆိုတဲ့ ဇရာ မရဏသဘောရှိတဲ့ ခန္ဓာတို့ကို သိတတ်တဲ့ဉာဏ်က အတ္ထပဋိသမ္ဘိဒါဉာဏ်ဖြစ်ပါတယ်။ ဇရာ မရဏရဲ့ အကြောင်းရင်း သမုဒယလက်သည်ကို သိတတ်တဲ့ဉာဏ်က ဓမ္မပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါတယ်၊ ဇရာ၊ မရဏ၏ ချုပ်ရာ နိရောဓကို သိတတ်တဲ့ ဉာဏ်က အတ္ထပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါတယ်။ ဇရာ၊ မရဏ၏ ချုပ်ရာ နိရောဓသို့ ရောက်ကြောင်း မဂ္ဂသစ္စာတရားကို ထိုးထွင်းသိတတ်တဲ့ဉာဏ်သည်လည်း ဓမ္မပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါတယ်။
ဒုက္ခသစ္စာတရားတွေကို ထိုးထွင်းသိတဲ့ ဉာဏ်က အတ္ထပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါတယ်။ ဒီအတ္ထပဋိသမ္ဘိဒါဉာဏ်ကို တစ်ဖန်ပြန်ပြီး ဝိပဿနာရှုနိုင်လျှင် အဲဒီ ဝိပဿနာဉာဏ်က ပဋိဘာနပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါတယ်။
တစ်ခါ သမုဒယသစ္စာကို ထိုးထွင်းသိတဲ့ဉာဏ်က ဓမ္မပဋိသမ္ဘိဒါဉာဏ်ဖြစ်ပါတယ်။ အဲဒီ ဓမ္မပဋိသမ္ဘိဒါဉာဏ်ကို တစ်ဖန်ပြန်၍ ဝိပဿနာရှုနိုင်ပါက အဲဒီ ဝိပဿနာဉာဏ်က ပဋိဘာနပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါတယ်။
ပြီးတော့ အဲဒီ ပဋိဘာနပဋိသမ္ဘိဒါဉာဏ် အမည်ရတဲ့ ဝိပဿနာဉာဏ်ကို တစ်ဖန်ထပ်ပြီး ဝိပဿနာရှုနိုင်လျှင် အဲဒီ ဝိပဿနာဉာဏ်ကိုလည်း ပဋိဘာန ပဋိသမ္ဘိဒါဉာဏ် လို့ပဲခေါ်ပါတယ်။
စာအသွားနဲ့မဟုတ်ဘဲ ဥပမာ အသွားဖြင့် ရှင်းပြရလျင် -
အဆင်းဆိုတဲ့ အာရုံ နှင့် မျက်စိအကြည်လွှာ တို့ ဆုံမှု အကြောင်းပြု၍ ၎င်းဆုံတဲ့နေရာမှာ မြင်စိတ် ဖြစ်ပေါ်ပါတယ်။ မြင်စိတ်ကလေး ကို မရှုရင် အဆင်း၌ ခင်မင်စရာကောင်းတဲ့အသွင်လက္ခဏာကလည်းရှိနေ၊ မိမိအတွင်းလောဘကိလေသာကိုလည်း မပယ်သတ်ရသေးဆိုရင် ခင်မင်စရာအပေါ်မှာ တက်မက်မှုအသွားဆက်တတ်ပါတယ်။ တဏှာ ဖြစ်သွားတာပေါ့။ အဲဒီတက်မက်မှုအသွားကနေ စွဲလမ်းမှု အသွားဆက်ဖြစ်သွားပါတယ်။ အဲဒီ စွဲလမ်းမှုကနေ ကာယ၊ဝစီ၊မနောအားဖြင့် ကံမြောက်အားထုတ်မှုအသွား ဆက်ဖြစ်သွားပါတယ်။ ၎င်းကံမြောက်သွားပြီဆိုရင် နောက်ဇာတိဖြစ်ကြောင်း အားထုတ်မှု တစ်ကြိမ်ဖြစ်သွားလေရောဗျာ။
အဆင်းနဲ့မျက်စိအကြည်လွှာ တို့က အကြောင်းဖန်၍ အကျိုး မြင်စိတ်ဖြစ်သွားတဲ့အစဉ်လေးမှာ–
အကြောင်းသမုဒယတရားစု၏ ပြုပြင်မှုသဘောကို သိမြင်လျင် ၎င်းသိမြင်သည့် ဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါတယ်။
ထိုအကြောင်းသမုဒယတရားစုက သူ့ပင်ကိုယ်သဘောအားဖြင့် ဓမ္မသဘောသဘာဝဖြစ်တဲ့ အနိစ္စလက္ခာ၊ ဒုက္ခလက္ခာ၊ အနတ္တလက္ခဏာ၊ ဝိပရိဏာမ ဆိုတဲ့ ဖောက်ပြန်သွားတဲ့ လက္ခဏာ၊ ဖြစ်ပျက်သဘောပြသွားတဲ့ လက္ခဏာ ကို သိရင် ပဋိဘာနပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါတယ်။
အကျိုး ဒုက္ခသစ္စာ မြင်စိတ်၏ အကြောင်းတရားနှစ်ခုက ပြုပြင်၍ ဖြစ်ပေါ်မှုသဘောကို သိမြင်လျင် ၎င်းသိမြင်သည့် ဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါတယ်။
ထိုအကျိုး မြင်စိတ် ၍ ဓမ္မသဘောသဘာဝဖြစ်တဲ့ အနိစ္စလက္ခာ၊ ဒုက္ခလက္ခာ၊ အနတ္တလက္ခဏာ၊ ဝိပရိဏာမ ဆိုတဲ့ ဖောက်ပြန်သွားတဲ့ လက္ခဏာ၊ ဖြစ်ပျက်သဘောပြသွားတဲ့ လက္ခဏာ ကို သိရင် ပဋိဘာနပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါတယ်။
၎င်းအထက်ပါ ဉာဏ်တွေကို ဖြစ်ခွင့်မရလိုက်ပဲ အစဉ်အားဖြင့် တက်မက်မှုအသွားပေါ်သွားတယ်ဆိုပါစို့ ။
မြင်စိတ်က အကြောင်းပြုလို့ တက်မက်မှု တဏှာအကျိုးပေါ်သွားတာဖြစ်တဲ့အတွက် –
အကြောင်းသမုဒယတရားမြင်စိတ်၏ ပြုပြင်မှုသဘောကို သိမြင်လျင် ၎င်းသိမြင်သည့် ဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါတယ်။
ထိုအကြောင်းသမုဒယတရားစုမြင်စိတ်က သူ့ပင်ကိုယ်သဘောအားဖြင့် ဓမ္မသဘောသဘာဝဖြစ်တဲ့ အနိစ္စလက္ခာ၊ ဒုက္ခလက္ခာ၊ အနတ္တလက္ခဏာ၊ ဝိပရိဏာမ ဆိုတဲ့ ဖောက်ပြန်သွားတဲ့ လက္ခဏာ၊ ဖြစ်ပျက်သဘောပြသွားတဲ့ လက္ခဏာ ကို သိရင် ပဋိဘာနပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါတယ်။
အကျိုး ဒုက္ခသစ္စာ တဏှာနဲ့ယှဉ်တဲ့စိတ်(တက်မက်သွားတဲ့သဘောလေး) ၏ အကြောင်းတရားမြင်စိတ်က ပြုပြင်၍ ဖြစ်ပေါ်မှုသဘောကို သိမြင်လျင် ၎င်းသိမြင်သည့် ဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါတယ်။
ထိုအကျိုး တဏှာနဲ့ယှဉ်တဲ့စိတ် ၍ ဓမ္မသဘောသဘာဝဖြစ်တဲ့ အနိစ္စလက္ခာ၊ ဒုက္ခလက္ခာ၊ အနတ္တလက္ခဏာ၊ ဝိပရိဏာမ ဆိုတဲ့ ဖောက်ပြန်သွားတဲ့ လက္ခဏာ၊ ဖြစ်ပျက်သဘောပြသွားတဲ့ လက္ခဏာ ကို သိရင် ပဋိဘာနပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါတယ်။
တက်မက်မှုသဘောဆောင်၍ စွဲလမ်းမှုအသွားဆက်ဖြစ်သွားတဲ့အတွက်–
အကြောင်းသမုဒယတရားစု တက်မက်တဲ့စိတ်ကလေး၏ ပြုပြင်မှုသဘောကို သိမြင်လျင် ၎င်းသိမြင်သည့် ဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါတယ်။
ထိုအကြောင်းသမုဒယတရား တက်မက်တဲ့စိတ်ကလေးက သူ့ပင်ကိုယ်သဘောအားဖြင့် ဓမ္မသဘောသဘာဝဖြစ်တဲ့ အနိစ္စလက္ခာ၊ ဒုက္ခလက္ခာ၊ အနတ္တလက္ခဏာ၊ ဝိပရိဏာမ ဆိုတဲ့ ဖောက်ပြန်သွားတဲ့ လက္ခဏာ၊ ဖြစ်ပျက်သဘောပြသွားတဲ့ လက္ခဏာ ကို သိရင် ပဋိဘာနပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါတယ်။
အကျိုး ဒုက္ခသစ္စာဖြစ်တဲ့ ဥပါဒါန်- စွဲလမ်းမှုလေးဖြစ်သွားတဲ့စိတ် ၏ အကြောင်းတရား တက်မက်တဲ့စိတ်ကလေးက ပြုပြင်၍ ဖြစ်ပေါ်မှုသဘောကို သိမြင်လျင် ၎င်းသိမြင်သည့် ဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါတယ်။
ထိုအကျိုး စွဲလမ်းမှုလေးဖြစ်သွားတဲ့စိတ်၍ ဓမ္မသဘောသဘာဝဖြစ်တဲ့ အနိစ္စလက္ခာ၊ ဒုက္ခလက္ခာ၊ အနတ္တလက္ခဏာ၊ ဝိပရိဏာမ ဆိုတဲ့ ဖောက်ပြန်သွားတဲ့ လက္ခဏာ၊ ဖြစ်ပျက်သဘောပြသွားတဲ့ လက္ခဏာ ကို သိရင် ပဋိဘာနပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါတယ်။
ဖြစ်ပျက်သဘောကို မြင်တဲ့ ဉာဏ်ကို ပဋိဘာနပဋိသမ္ဘိဒါဉာဏ် ဖြစ်သည်ဟုလည်း မှတ်နိုင်ပါတယ်။ ၎င်းဖြစ်ပျက်သဘောကို မြင်တဲ့ ဉာဏ်ကလည်း ဖြစ်မှုပျက်မှု အနိစ္စ တရားဖြစ်တဲ့အတွက် ၎င်း ဉာဏ်၏ ဖြစ်ပျက်သဘောကို မြင်တဲ့ဉာဏ်ကိုပဲ ပဋိဘာနပဋိသမ္ဘိဒါဉာဏ် ဟု ခေါ်ပါတယ်။
ဒီ ဖြစ်ပျက်သဘော ကို ကြိမ်ဖန်များစွာ မြင်သည့် ပဋိဘာနပဋိသမ္ဘိဒါဉာဏ်( ဝိပဿနာဉာဏ်) ရင့်သန်လာရင် ၎င်း စိတ်၏ ဖြစ်မှု၌လည်း ပျက်ခြင်းဒုက္ခဆင်းရဲရှိတယ်၊ ပျက်မှုသည်လည်း ဒုက္ခဆင်းရဲပဲ။ ဤဒုက္ခဆင်းရဲများကို ကြိမ်ဖန်များစွာ ရှုမြင်သည့်ဉာဏ်တက်လာလတ်သည်ရှိသော ထိုဉာဏ်သည် ဖြစ်ပျက်သင်္ခါရကို စွန့်ခွာ၍ ဖြစ်မှု၊ပျက်မှုသဘောတို့ ချုပ်ငြိမ်းရာ အသင်္ခတနယ်သို့ တိုးဝင်သွားပါတယ်။ ဒုက္ခသစ္စာ၏ အဆုံး၌ နိရောဓသစ္စာကို ထိုးထွင်းသိမြင်သည့် ဉာဏ်လို့ ခေါ်ပါတယ်။ အမည်နာမအားဖြင့် ၎င်းဉာဏ်ကိုတော့ မဂ်ဉာဏ်ဟု ခေါ်ပါတယ်ခင်ဗျား။ တစ်နည်း အားဖြင့် သစ္စာလေးပါးအား ထိုးထွင်းသိမြင်သည့်ဉာဏ်ဟုလည်း ခေါ်ဆိုနိုင်ပါတယ်။
အပေါ်ဆုံးမှာ သစ္စာလေးပါးကို ထိုးထွင်းသိပါမှ ဇာတိသံသရာဝဋ်ဆင်းရဲကလွတ်မြောက်နိုင်မည် ဖြစ်ပါတယ်လို့ ဆိုခဲ့တဲ့အတွက် အဆင့်ဆင့်ရှုမှတ်ပွားများ၍ ဒုက္ခသစ္စာ၏ အဆုံး၌ နိရောဓသစ္စာကို ထိုးထွင်းသိမြင်သည့် ဉာဏ်၊ သစ္စာလေးပါးအား ထိုးထွင်းသိမြင်သည့်ဉာဏ်အား လေးကြိမ်မြောက်ပြီးဆုံးနိုင်ခဲ့လျင် နောက်တစ်ဖန် ပဋိသန္ဓေနေရခြင်း ဒုက္ခချုပ်ငြိမ်းပါလိမ့်မည်။ ဝဋ်သံသရာစခန်းသိမ်းပါလိမ့်မည်။
ဒါကြောင့် ဖြစ်ဆဲခန္ဓာ့အစဉ်မှာ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေက ပြုပြင်ပေးလို့ ဖြစ်ပေါ်လာတဲ့ ဒုက္ခသစ္စာတရားနှင့် သမုဒယသစ္စာတရားတွေကို သတိထား ဝီရိယစိုက်၍ သိအောင် အားထုတ်ပါ၊ သိတဲ့ဉာဏ်ရဲ့ ဖြစ်မှုပျက်မှုသဘောကိုပါ ဆင်ခြင်သုံးသပ်၍ ၎င်းဖြစ်မှုပျက်မှုဒုက္ခဆင်းရဲအား မုန်း၍ ငြီးငွေ့သည့်ဉာဏ်များ၊ စွန့်ခွာသည့်ဉာဏ်များ ရင့်သန်တိုးမြှင့်လာ၍ ဖြစ်ပျက်ဒုက္ခအဆုံး၌ မဖြစ်မပျက်သည့်သုခ ကို မျက်မှောက်ပြုနိုင်ကြပါစေ။