ဘလော့



                             

















ကိုကျော်သူ(သရုပ်ဆောင်) ရဲ့...Post လေးပါ...

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် ရတနာသုံးပါးကို ကြည်ညိုလေးစား ဦးခိုက်ကြသော်လည်း ကံနှင့် ပတ်သက်၍ ယုံကြည်မှု အားနည်းမှုများကို တွေ့ရသည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် ကောင်းတာလုပ် ကောင်းကျိုးပေးမည်၊ မကောင်းတာလုပ် မကောင်းမှုများ အကျိုးရမည်ဟူ၍ ဟောကြားခဲ့တော်မူသည်။ မိမိ၏ ကံသာလျှင် မိမိ၏ ကိုယ်ပိုင်ပစ္စည်း၊ ကိုယ်ပိုင်ဥစ္စာများဖြစ်သည်။
ကောင်းကျိုး၊ ဆိုးကျိုး တို့သည် ကံတရားပေါ်၌သာ တည်လေသည်ဟူ၍ မြတ်စွာဘုရားရှင်၏ ဒေသနာတော်များရှိခဲ့သည်။
သို့သော် . . . . .''ဟာ ... မင်းတို့က တတ်လည်း တတ်နိုင်ရဲ့သားနဲ့၊ ပိုက်ဆံလည်း ရှိသားနဲ့ ဘာလို့ ဒီနာရေး ကူညီမှု အသင်းကိုမှ သွားပြီး အကူအညီ တောင်းရတာလဲ'' ဘာဖြစ်လို့ ကိုယ်ပိုင် အခေါင်း (Coffin) နဲ့ မီး မသဂြိုလ်တာလဲ''စသည် ... စသည် စကားသံများ၊ တီးတိုး သံများသည် ကျွန်တော့် အဒေါ်ဝမ်းကွဲတော် သူ၏ နာရေးကိစ္စတွင် အဒေါ်၏ သားဖြစ်သူ၊ ကျွန်တော်၏ ညီဝမ်းကွဲအား သူတို့၏ ပတ်ဝန်းကျင် အသိုင်းအဝိုင်း တစ်ချို့မှ ပြောကြားလိုက်သော စကားရပ်များပင် ဖြစ်တော့သည်။ ကျွန်တော်၏ ညီဝမ်းကွဲမှ ကျွန်တော့်အား ပြန်လည်၍ ပူဆွေးသောက အပူမီးများထဲမှ အားယူကာ တီးတိုး ပြန်လည် ပြောပြ၍ ကျွန်တော် သိလိုက်ရခြင်းပင်။
ဤတွင် ကျွန်တော့်တွင် ရှင်းပြရန် တာဝန်ရှိလာသည်။ ကျွန်တော့် ကိုယ်ပိုင်ဉာဏ်၊ ကိုယ်ပိုင် အသိနှင့် ရှင်းပြသည်ထက် ကျွန်တော်တို့၏ ခေါင်းဆောင်ကြီးဖြစ်သော၊ ကျွန်တော်တို့ ကြည်ညို လေးစားသော မန္တလေးမြို့၊ ဗြဟ္မစိုရ်ကျောင်းတိုက် ဆရာတော်ကြီး မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ ဘဒ္ဒန္တတိက္ခ ဟောကြားခဲ့သော ယဿ သတို့သား တရားတော်ထဲမှ လူများ အယူသီး ပုံများ၊ အစွဲကြီးပုံများ၊ တလွဲ ဆံပင် ကောင်းမှုများကို ထုတ်နှုတ် ရှင်းပြ ပါမည်။
ဆရာတော်ကြီးသည် ဤယဿ သတို့သား အရဟတ္တဖိုလ်တည်ခန်း တရားတော်ကို အမျိုး၊ ဘာသာ ၊ သာသနာ အတွက် ဟောကြား ခြင်းပင်ဖြစ်သည်။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ရတနာ သုံးပါးကို ကြည်ညို လေးစား ဦးခိုက်ကြသော်လည်း ကံနှင့် ပတ်သက်၍ ယုံကြည်မှု အားနည်း မှုများကို တွေ့ရသည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် ကောင်းတာလုပ် ကောင်းကျိုး ပေးမည်၊ မကောင်းတာ လုပ် မကောင်းမှုများ အကျိုး ရမည် ဟူ၍ ဟောကြား ခဲ့တော်မူသည်။ မိမိ၏ ကံသာလျှင် မိမိ၏ ကိုယ်ပိုင် ပစ္စည်း၊ ကိုယ်ပိုင် ဥစ္စာများဖြစ်သည်။ ကောင်းကျိုး၊ ဆိုးကျိုး တို့သည် ကံတရား ပေါ်၌သာ တည် လေသည် ဟူ၍ မြတ်စွာ ဘုရားရှင်၏ ဒေသနာ တော်များရှိခဲ့သည်။
သို့သော် လူအများစုသည် နာရေး ကိစ္စများတွင် အယူသီး ကြသည်။ နာရေး ကိစ္စကြောင့် စီးပွား ပျက်တယ်၊ လူသေ တတ်တယ်၊ ထိခိုက် နစ်နာမယ်၊ ပျက်စီး ဆုံးရှုံး တတ်တယ်၊ နိမိတ် မကောင်းမှုတွေ ဖြစ်စေတယ် ... စသည် ... စသည်ဖြင့် ဘိုးဘေး ဘီဘင် လက်ထက်ကတည်းက အယူ သီးမှုများ၊ အရိုး စွဲမှုများ၊ အမှား စွဲများ ရှင်သန်လာခဲ့သည်။
ယနေ့ခေတ် လူ တော်တော် များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အတွေ့အထိ ဟူသော အာရုံ ငါးပါးထဲတွင် နစ်မွန်း နေကြကာ မိမိကိုယ်ကို မိမိတို့ သုဘ (သို့မဟုတ်) မင်္ဂလာဟု ထင်နေ ကြသည်။ မြင်နေကြသည်။ အမှန် စစ်စစ် ရှင်သူ၊ သေသူတို့ အားလုံးသည် အသုဘ (သို့မဟုတ်) အ မင်္ဂလာများသာ ဖြစ်တော့သည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့အားလုံး ရေမချိုးဘဲနှင့် ရက်ပေါင်း (နှစ်ဆယ်) ခန့် နေကြည့်သော် မိမိတို့ ခန္ဓာမှ အပုပ်နံ့များ တထောင်းထောင်း ထွက်နေတော့မည်။ ရုပ်တရား၊ နာမ်တရား အားလုံးသည် အသုဘ ချည်းပင် ဖြစ်တော့သည်။ မည်သည့်အရာမှ တည်မြဲမှုကို မဆောင်နိုင်ချေ။
မြတ်စွာဘုရားရှင်သည် လူများ ၉၆ ပါးသော ရောဂါ ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ ရှေးယခင်ကာလ ကမ္ဘာဦးစ ကာလတွင် လိုချင်တပ်မက်မှုကြောင့် ဖြစ်ပေါ်သောရောဂါ၊ ဆာလောင်မွတ်သိပ်ခြင်းကြောင့် ဖြစ်ပေါ်သော ရောဂါ၊ အိုမင်းရင့်ရော်မှု ရောဂါ ဟူ၍ သုံးမျိုး သာရှိခဲ့သည်ဟူ၍ ဟောကြား ခဲ့သည်။ ဤတွင်မှ တိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်းမှ အစပြု၍ ရောဂါ ၉၆ ပါးတို့သည် လူတို့တွင် ဖြစ်ပေါ်လာရတော့သည်။
မြတ်စွာဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့ သွင်းရာ၌ 'ခိုက်သည်' ဟူ၍ မဟောကြားခဲ့ပါ။ အမှန်စင်စစ် တိရစ္ဆာန်မသာ (ဥပမာ - ကြက်၊ ဝက်၊ ပုရစ်...) ကို ဝမ်းဗိုက်အတွင်းသို့ သွင်းမှသာ ခိုက်မည်ဖြစ်သည်။ ဒူလာ အညောင်းရောဂါသည် သည် ကြက်သားစားကြည့်၊ သွေးတိုးရောဂါရှိလျှင် ဝက်သာ စားကြည့်၊ ပုရစ်စား ကြည့်လျှင် သေသည် အထိ ခိုက်မည် ဖြစ်သည်။ ဦးနှောက်သွေးကြော ပြတ်၍ သေသည် အထိ ခိုက်မည်ဖြစ်သည်။ ဤတွင် မြတ်စွာဘုရား၏ အယူနှင့် လူအတော် များများ၏ အယူတို့သည် ဆန့်ကျင်ဘက် ဖြစ်နေတော့သည်။
ဆုံးပါးသွားတဲ့ လူမသာကို အိမ်ထဲ မသွင်းကောင်းဘူး၊ အိမ်ရှေ့က မဖြတ်ရဘူး၊ အိမ်ပေါက်ဝက မထုတ်ရဘူး ဟူ၍ အယူသီးမှုများနှင့် ရှုပ်ထွေး နေတော့သည်။ ရွာ အပြင်ဘက်တွင် သေလျှင် ရွာထဲ မသွင်းရဘူး၊ အရပ် အပြင်ဘက်တွင် သေလျှင် အရပ် ထဲ မသွင်း ကောင်းဘူး။ သွင်းလျှင် ရွာ နာတယ်၊ အရပ် နာတယ်၊ အိမ်သူ အိမ်သားတွေ ခိုက်တယ် ဟူ၍ မည်သည့် ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံး အားလုံး နီးပါး အယူသီးမှုက စိုးမိုး လွှမ်းခြုံမှုကို ခံနေရသည်။
ဤသို့ဆိုလျှင် မနက်တိုင်း မနက်တိုင်း အိမ်ရှင်မများ ဈေးမှ အပြန်ကို ကြည့်လိုက် စေချင်သည်။ ခြင်းတောင်းလေးနှင့် ဈေးဝယ် ပြီး ပြန်လာ သည့်အခါတွင် ခြေထောက်လေး နှစ်ချောင်းကို ဈေးခြင်းတောင်း အတွင်းမှ အပေါ်ပေါ်အောင် ဟင်းသီးဟင်းရွက်များကို အောက်မှ ခုကာ ပြန်လာပုံကို တွေ့ကြရမည်ဖြစ်သည်။ ဤ ခြေထောက်ကား ကြက်၊ ဝက် စသည့် တိရစ္ဆာန်၏ ခြေထောက်ပင်။ ဤသို့သော ကြက်၊ ဝက်၊ ဆိတ်၊ ငါး စသည့် တိရစ္ဆာန် မသာပေါင်းစုံတို့ကို မိမိတို့အိမ်တွင်းသို့ ဂုဏ်ယူဝင့်ကြွားစွာ သွင်းကြသည်။ အဆုံးစွန်ဆုံး မြွေ မသာ လည်းသွင်း၊ ပုရစ်မသာ လည်းသွင်း၊ ဖား မသာလည်း သွင်းကြတော့သည်။
'လူမသာတော့ မသွင်းဘူးတဲ့' လူသေလျှင် အိမ် နောက်ဘေး သယ်သွား၊ ပြီးရင် တံစက်မြိတ် ရေ လက်ပြန် ရေနှင့် ရေချိုးပေး၊ ဆပ်ပြာတိုက်၊ ရေသုတ်၊ အဝတ်အစား ဝတ်ပေး၊ သနပ်ခါး လိမ်း၊ ဆံပင် ထုံးပေး၊ နှုတ်ခမ်းနီ၊ ပါးနီ ဆိုးပေး၊ နှင်းဆီပန်း ပန်ပေးနှင့် စသည့်ဖြင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက်ပြ နေကြ တော့သည်။ အလောင်း လှအောင် လုပ်တာတဲ့၊ ပြုံးပြုံးလေး သေမှ အလောင်းလှတာတဲ့။ နောက်မှ ခေါင်း ကဆံပင်ကို ဖြတ်ပြီး ခြေထောက် နှစ်ချောင်းကို တုပ်တော့သည်။ ဘာဖြစ်လို့လဲ မေး ကြည့်တော့သူ့ကို အိမ်မှာ နှစ်ညတောင် သိပ်ထားရဦးမှာတဲ့။ သေတာတောင် အချုပ်အနှောင် ခံရတဲ့ ဘဝ၊ အမှန်စင်စစ် တရားလေး တွေ့ပြီး ပြုံးပြုံးလေးသေမှ အလောင်းလှမည်ဖြစ်သည်။
ယခုမူ ဈေးမှ သယ်လာသော တိရစ္ဆာန် မသာများကို အိမ်ထဲသွင်း၊ မီးဖိုချောင်ထဲ သယ်၊ ရေဆေး၊ ဓားသွေး၊ ခုတ်ထစ် ပိုင်းဖြတ်၍ ချက်ပြုတ်၊ စားပွဲပေါ် တင်ကာ မိသားစု ဝိုင်းဖွဲ့ပြီး စားသောက်ကြသည် မဟုတ်ပါလား၊ အရိုးကိုပင် နူးနေအောင်လုပ်ပြီး စားကြသည်။ ပါးစက်ထဲ ညက်ညက် ကြေအောင်ဝါး၊ မျိုချ၊ ဝမ်းဗိုက်ထဲသို့ ရောက်သွားတော့သည်။ ဤနေရာတွင် လူ့ဝမ်းဗိုက်သည် တိရစ္ဆာန်တို့၏ သင်္ချိုင်းပင်၊ လူ့ပါးစပ်သည် တိရစ္ဆာန်တို့၏ မီးသင်္ဂြိုလ်စက်ပင်ဖြစ်တော့သည်။ တိရစ္ဆာန်မသာကျတော့ ဝမ်းဗိုက်ထဲသို့ ထည့်ပြီး လူမသာ ကျတော့ အိမ်ထဲသို့ပင် အသွင်းမခံမှုတို့သည် အဆိုးဝါးဆုံးသော အယူသီးမှု။ မိစ္ဆာဒိဋ္ဌိ အယူဝါဒမှ ဆင်းသက်လာမှုပင် ဖြစ်တော့သည်။
တစ်ဖန် လူသေ ပါးစပ်ထဲသို့ ငွေတစ်မတ် ထည့်ခြင်းသည် ''ကူးတို့ခ'' ဟု ဆိုကြပြန်သည်။ လူသေ အသက်မရှိသော ခန္ဓာသည် ငွေတစ်မတ်နှင့် မည်သည့် ကားကို စီး၍ ရမည်နည်း။ အချို့သော သူတို့က ပါးစပ်ထဲမှ ငွေတစ်မတ်ကို နှိုက်ယူ ပြန်သည်။ Lucky ကောင်းတယ်တဲ့၊ ငွေပွားတယ်တဲ့၊ နောက် နာရေး မော်တော်ယာဉ်လည်း ရောက်ရော ခြေက မထုတ်ရဘူး၊ ခေါင်းက မထုတ်ရဘူး၊ တံခါးဘောင်နဲ့ မထိရဘူး၊ အိမ်နံရံနဲ့ မထိရဘူး၊ လှေကားက မဆင်းရဘူးနှင့် ''ဘူး'' များ ပဲ့တင် ထပ်လျှင်ပင်၊ နောက်ကြေးစည်ထု၊ ကနဖျင်း ဖျက်ခြင်းများ ပြုလုပ်တော့သည်။
ရေအိုးခွဲ လိုက်ခြင်းသည် သေသူအား အိမ်သို့ ပြန်မလာ နိုင်အောင် အိုးစား ခွဲခြင်းဟု ဆိုသော်လည်း မော်တော်ယာဉ်ပေါ်သို့ တင်သောအခါ ခေါ်မသွားရဘူး၊ ပစ်သွား ပြီလား ဟူ၍ ငိုကြ ယိုကြ နှင့်ပင်၊ အယူအစွဲ၊ အယူသီးမှုတို့နှင့် ဆန့်ကျင်ဘက် လုပ်ရပ်များပင်၊ သုဿာန်တွင် ဝေငှသည့် ယပ်တောင်၊ လက်ကမ်းစာစောင်မှ အစ အကုန်ယူကြသည်။ သေသူ၏ ပုဆိုး၊ လုံချည်၊ အင်္ကျီ၊ ခုတင်၊ ခြင်ထောင်၊ မွေ့ရာများကို ဘုန်းကြီးကျောင်းသို့ ပို့ခြင်းသည် အိမ်မှာ ခိုက်မှာ စိုး၍ ဖြစ်သည်ဟု ယူဆကြသည်။ ကန့်လန့်ကာ (ခန်းဆီး)ချုပ်၍ ဦး/ဒေါ်... ဘယ်သူ၏ ကောင်းမှုဟု စာတမ်းထိုးကာ ဘုန်းကြီးကျောင်း မျက်နှာစာအောက်မှာ ကုသိုလ်ရအောင်ဆွဲပေး၊ ချိတ်ပေးရန် တောင်းဆို လျှောက်ထားကြသည်။
အိမ်တွင် ခိုက်မှာ စိုး၍ ဟု ဆိုကြသည်။ ဤသို့ဆိုလျှင် ဘုန်ကြီးကျောင်းများ၊ ဘုန်းကြီးများ ကျတော့ ခိုက်ချင် ခိုက်ပါ စေဟူသော သဘောများ လားဟု စဉ်းစားမိပြန်သည်။ ဤကဲ့သို့ ခိုက်မှာကို ကြောက်ကြလျှင် သေဆုံးသွားသူ၏ လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုး စသည်တို့ ဘယ်များ ရောက်ကုန်ပြီလဲ၊ ဘုန်းကြီးကျောင်းသို့ ခိုက်မှာစိုးလို့ဟူ၍ ပေးပို့လှူဒါန်းခြင်းကို မမြင်မိချေ။
ရပ်ကွက်ထဲတွင် ဆုံးပါးသွားပါက နာရေးမော်တော်ယာဉ်ကို 'ဒီဘက်က မထွက်ရဘူး၊ ဟိုဘက်က ထွက်' ဆိုတဲ့ စကားမျိုး ရပ်ကွက်တိုင်း လိုလိုတွင် အစဉ်ကြားရမြဲ၊ အဘယ်ကြောင့်ဆို ဒီဘက်အခြမ်းက သေသူတွေ များနေလို့ဗျာ၊ ကဲ .. အဲဒါဆိုရင်တော့ ဒီတစ်ခါ ဟိုဘက်က လူတွေ သေစေလိုတဲ့ သဘောလားဗျာ၊ အကယ်၍ များ ဒီဘက်ကလည်း အထွက်မခံ၊ ဟိုဘက်ကလည်း အထွက် မခံခဲ့လျှင် မည်ကဲ့သို့ သင်္ဂြိုလ်မည်နည် ဟု စဉ်းစားစေချင်သည်။
ဤသို့သော အစွဲအလမ်း၊ အယူသီးမှုတို့ကြောင့် ရှေးယခင်ကတည်းက မြန်မာလူမျိုးများတွင် 'နာရေး ကူညီမှုအသင်း' ဟူ၍ မရှိခဲ့ခြင်းပင်။ အမှန်မှာ ဈာပန ပြချသည့် အလုပ်သည် အမှန်တကယ် မြင့်မြတ်သော အလုပ်ပင် ဖြစ်သည်။ အနိမ့်ကျဆုံးသော ကုသိုလ်အလုပ်သည် မြင့်မြတ်သော ဖြူစင်သော စိတ်ဓါတ်ရှိသူတို့၏ အလုပ်ပင် ဖြစ်တော့သည်။ ဆင်းရဲ ဒုက္ခရောက်နေသူတို့အား သနားညှာတာ ရိုင်းပင်းကူညီ သူတို့ပင် ဖြစ်တော့သည်။ သူတစ်ပါး၏ ဒုက္ခကို ကယ်တင်သူတို့ အလုပ်သည် နာရေးကူညီမှု အသင်း၏ လုပ်ရပ်ပင် ဖြစ်တော့သည်။
ဤသည်ကို ဂုဏ်မရှိသော အလုပ်၊ ခိုက်သည့်အလုပ်... ဟူ၍ အယူသီး ကြသည်။ သုဘရာဇာဟူ၍ ခေါ်ကြသည်။ မေးချင်၊ ခေါ်ချင်၊ ဆေးဖော် ကြောဖက်ပင် မလုပ်ချင်ကြပေ။ ဤသည်မှာ တရားသဘောနှင့် ဝေးစွာ အယူ သီးကြခြင်းပင် ဖြစ်တော့သည်။ မြန်မာလူမျိုးများသည် လူအယောက် ၁ဝဝ တွင် ၉ဝ ခန့်ရှိသည်။ ဥပမာ - အလောင်း တစ်လောင်းအတွက် ကုန်ကျစရိတ်မှာ ငါးထောင်ကျပ် ကုန်ကျမည်ဆိုလျှင် အလောင်း ၂ဝ တွက် ငွေတစ်သိန်း ကုန်မည်။ တစ်နှင်လျှင် ၃၆၅ သိန်း ကုန်ရမည် ဖြစ်သည်။ ဤသို့ တစ်နှစ်လျှင် အနည်းဆုံး ၃၆၅ သိန်းဝင်မည့် ကုမ္ပဏီများ၊ ဖက်စပ် လုပ်ငန်းများ မရှိနိုင်၊ မည်သည့် ကုမ္ပဏီလုပ်ငန်းမှ ဤသို့ မမြတ်နိုင်။

သို့သော် ကျွန်တော်တို့သည် ဤသို့ မြေမြှုပ်ခ၊ မီးသင်္ဂြိုလ်ခ များယူ၍ ဘဝကို ရပ်တည်ကြသော သူများမဟုတ်၊ မိမိ ဝမ်း တစ်ဝမ်း မိမိရှာဖွေစားသောက်ရင်းနှင့် စေတနာ့ ဝန်ထမ်း အခမဲ့ ကုသိုလ် ယူနေ ကြသူများပင် ဖြစ်သည်။ ကျွန်တော်တို့၏ နာရေးကူညီမှုအသင်းကြီးသည် လူမျိုး၊ ဘာသာမရွေး၊ ဆင်းရဲ-ချမ်းသာမရွေး ခုနှစ်ရက် သားသမီးတို့၏ နာရေး ကိစ္စ အဝဝကို အခမဲ့ ကုသိုလ်ဖြစ် လုပ်ဆောင်ပေးနေသော အသင်းအဖွဲ့ပင် ဖြစ်သည်။ ဤကဲ့သို့ အခမဲ့ သယ်ယူပို့ဆောင်ပေးခြင်း၊ အခမဲ့ ကုသိုလ်ယူခြင်း၊ အခမဲ့ နာရေးကူညီခြင်း လုပ်ငန်းများတွင် အယူသီးမှုများ၊ အစွဲ မှားမှုများ၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒများသည် အတားအဆီး၊ အနှောင့်အယှက်၊ အဟန့်အတားများ ပင် ဖြစ်တော့သည်။
ထို့ကြောင့် 'လူ့ဘုံ ထုထုံးစံ၊ ကဲ့ရဲ့ဒဏ်ဖြင့်၊ ရန်မာန် ပိတ်သည်း၊ ခရီးခဲ၌၊ စိတ်ဇွဲ သန်သန်၊ နောက် မပြန်ဘဲ၊ ရဲမာန် ရဲဆေး၊ ရဲ စိတ် မွေးလျက်၊ ရဲသွေး နီနီ၊ စီရရီဖြင့် ဦးတည်မပျက်၊ ရှေ့သို့ဆက်လော'့ ဟူသော မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး (အမရပူရ)၏ သြဝါဒ ဆုံးမစာအရ ကျွန်တော်တို့သည် ကျွန်တော်တို့၏ အနှောင့်အယှက်၊ အတား အဆီးများဖြစ်သော အယူသီးမှု၊ အစွဲအလန်း၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒများကို ဖြူစင် သန့်ရှင်း ထက်မြတ်သော တရား ဓမ္မတည်းဟူသည့် ဓားဖြင့် ခုတ် တန်ခုန်၊ လှီး တန်လှီး၊ ဖြတ် တန်ဖြတ်၍ ခုနှစ်ရက်သားသမီးတို့၏ နာရေး (လူမှုရေး) တို့ကို ရိုးမြေကျသည် အထိ ရဲစိတ်၊ ရဲမာန်မွေးကာ ပန်းတိုင် ရောက်သည် အထိ ရှေ့ဆက် လျှောက်လှမ်းတော့မည်ဟု သံဓိဋ္ဌာန် ချမှတ်လိုက်သည်။
(ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်။)
အားလုံးကို လေးစားဦးညွတ်လျက်
ကျော်သူ ( Actor )

ပြည်သူကို ပေးဆပ်ဖို့ ကျနော် ဆုံးဖြတ်ထားပါတယ် -----နာရေးကူညီမှုအသင်းမှ အသင်းဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူနှင့်ဆက်သွယ်မေးမြန်းချက်။ ၁၇ နိုဝင်ဘာ ၂၀၀၉ NJ

ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ ကျနော့်မှာ ပြည်သူကိုပြန်ပေး ဆပ်ရမယ့် တာဝန်ရှိတယ်။ ပြည်သူကိုပေးဆပ်ရမယ့် တာဝန်အရရော၊ ကျနော်ရဲ့ စေတနာရော၊ ကျနော်ရဲ့ အရင်ဘ၀က ဘာလုပ်ခဲ့လို့လည်း တော့ မသိဘူး၊ အခုအချိန်အထိ ခပ်ရိုင်းရိုင်းပြောရရင် အရင်တုန်းကတော့ ရုပ်ရှင်မင်းသားပေါ့၊ အခုဟာကတော့ မသာမင်းသားဖြစ်နေတာ..-------
၂၀၀၁ ဇန်န၀ါရီ (၁) ရက်တွင် ရုပ်ရှင်ဒါရိုက်တာကြီး ဦးသုခ (ကွယ်လွန်) နာယကအဖြစ် စတင်ဦးစီးတည်ထောင်ခဲ့သော နာရေးကူညီမှုအသင်းမှ အသင်းဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူနှင့်ဆက်သွယ်မေးမြန်းချက်။
မေး။ ။ ကိုကျော်သူအနေနဲ့ နာရေးကူညီမှုအသင်း လုပ်ကိုင်လာခဲ့တဲ့ (၉) နှစ်တာကာ လ အတွင်းမှာ အသင်းအနေနဲ့လုပ်ချင်ပြီး အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်သေးတဲ့ လုပ်ငန်းတွေ ရှိပါသလား။
ဖြေ။ ။ အသင်းအနေနဲ့ကတော့ ကျနော်တို့လုပ်ချင်တဲ့ အတိုင်းအတာတွေတော့ ရှိပါတယ်။ တချို့ဟာတွေက စည်ပင်က ခွင့်ပြုချက်မရတာတွေလည်း ရှိတယ်။ ကျနော်တို့ကတော့ ဒီထက်ပိုပြီး ပြည်သူလူထုအားလုံးကို အဆင်ပြေအောင် လုပ်ပေးချင်တယ်။ လုပ်ပေးချင်တဲ့ဆန္ဒတွေရှိတယ်။ ဒါပေမယ့် တချို့ဟာတွေတော့ ခွင့်ပြုဖို့ ငြိစွန်းနေလို့ ခွင့်မပြုတာတွေ ရှိတယ်။
မေး။ ။ မြောက်ဒဂုံကို ပြောင်းရွှေ့ခဲ့ရတဲ့ ကိုကျော်သူတို့ နာရေးကူညီမှုအသင်း ခြံဝင်းရှေ့မှာ (၅) ပေအကျယ်၊ (၅) ပေအနက် ရေမြောင်းမတူးလို့ အသင်းအဆောက်အဦကို ခွင့်ပြုချက်မရဘဲ သုံးတယ်ဆိုပြီး မြောက်ဒဂုံစည်ပင်က တရားစွဲဆိုမယ်ဆိုတဲ့ကိစ္စရော အခြေအနေဘယ်လိုရှိပါသလဲ။
ဖြေ။ ။ လောလောဆယ်တော့ အဆောက်အဦ အသုံးပြုခွင့် သူတို့ချပေးလိုက်ပြီ။ မြောင်းကတော့ (၂) ပေတော့ ဖောက်ပေးရတာပေါ့လေ။ အမှုကိစ္စကတော့ သူတို့ တရားစွဲလို့မရဘူးလေ။ ကျနော်မသွားတဲ့အတွက် အမှုကို ဖွင့်ကို မဖွင့်လိုက်ရတာ၊ အမှုဖွင့်ခွင့်မရသွားဘူး။
မေး။ ။ ဒီလိုကိစ္စမျိုးတွေ ဖြစ်တာ နာရေးကူညီမှုအသင်းတခုတည်းပဲဖြစ်တာပါလား၊ ဘာကြောင့်လို့ထင်ပါသလဲ။ တခြားလူမှုရေးအသင်းအဖွဲ့တွေရော ဒီလိုပြဿနာမျိုးတွေ ရှိပါသလား။
ဖြေ။ ။ တခြားအသင်းအဖွဲ့တွေတော့ ကျနော်မသိဘူး။ ကျနော့်အသင်းနဲ့ပတ်သက်တာပဲ လုပ်နေတယ်ဆိုတော့။ တခြားအသင်းတွေတော့ ဘာတွေဖြစ်နေလဲမသိဘူး။ ဒါပေမယ့် တချို့အဖွဲ့လေးတွေကတော့ ကျနော့်ဆီဖုန်းဆက်ပြီးတော့ ကျေးဇူးတင်ပါတယ်ပေါ့။ ကိုကျော်သူ အခုလိုအင်တာဗျူးတွေ လုပ်တဲ့အတွက် သူတို့လည်း တော်တော်အဆင်ပြေသွားတယ်လို့ ပြောတယ်။ အဓိကကတော့ ကျနော်တို့နာရေးကူညီမှုအသင်းကို ဖိအားပေးတယ်။ ကျနော်သိသလောက်ပေါ့လေ။ နောက် ဒီအသင်း ဦးဆောင်နေတာလည်း ကျနော်ဖြစ်နေတာကိုး။ အဓိကဦးဆောင်နေတဲ့ ကျနော်ရယ်၊ ကျနော့်အမျိုးသမီး ရွှေဇီးကွက်ရယ်၊ ဆရာမ ဒေါ်သန်းမြင့်အောင်ရယ်ပေါ့၊ ဒီသုံးယောက်စလုံးက သံဃာ့ကိစ္စတုန်းက သံဃာတော်တွေကို ဆွမ်းကပ်တာတို့၊ ဆေးကပ်တာတို့ အအေးအချိုရည်ကပ်တာတို့ လုပ်ခဲ့တော့ ကျနော်တို့ကို မဲတယ်ထင်တာပဲ။
မေး။ ။ ဒါဆို အသင်းအနေနဲ့ တခြားဖြေရှင်းရတဲ့ အခက်အခဲ ပြဿနာတွေကော ရှိပါသလား။
ဖြေ။ ။ အသင်းစထူထောင်ကတည်းက စတာဆိုရင်တော့ အခေါင်းကိစ္စပေါ့၊ ကျနော်တို့က မှန်ခေါင်းသုံးတယ်။ မှန်ခေါင်းသုံးတယ်ဆိုတာက အောက်ကကတ်ပေါ်မှာ အလောင်းကိုတင်ပြီးတော့ မီးသင်္ဂြိုဟ်စက်ရောက်တော့မှ ကတ်နဲ့အလောင်းကိုပဲ မီးရှို့လိုက်တယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် ကာယကံရှင်တွေလည်း သက်သာတယ်၊ ပြီးတော့ သစ်ဖြုန်းတီးရာလည်း မရောက်ဘူး။ သစ်ခြွေတာရာလည်းရောက်တယ်ပေါ့။ အဲဒါကို ပထမပိုင်းက တော်တော်လေး ကန့်ကွက်ခံရတယ်။ အခေါင်းရောင်းသမားတွေက အခေါင်းတွေ ရောင်းခွင့်မရလို့၊ ရောင်းအားကျလို့ဆိုပြီးတော့ အမျိုးမျိုး ပြဿနာလုပ်တာပေါ့လေ။ လူမြင်ကွင်းကြီးမှာ မကောင်းဘူး၊ မှန်ခေါင်းကြီးနဲ့သယ်တာတို့ ဘာတို့ပေါ့၊ အဲဒါမျိုးတွေ အမျိုးမျိုးအပြောခံရတယ်။ အဲဒါတွေကိုလည်း ကျနော်တို့ ဖြေရှင်းခဲ့ရတာပေါ့လေ။ နောက် အသေးအမွှားတွေကတော့ အများကြီးပဲ၊ ပြောလို့ကုန်မှာမဟုတ်ဘူး။
အခေါင်းကိစ္စကတော့ ဒီအတိုင်း ခန်းမထဲမှာထားရင်လည်း သူတို့ဒီအတိုင်း ဇာခြင်ထောင်ကြီးအုပ်ထားပြီးမှ အခေါင်းထဲထည့်သယ်တာပဲ။ ကျနော်တို့က မှန်ခေါင်းထဲမှာ ကြည့်ကောင်းအောင်ထားတယ်။ ပိုပြီးတော့တောင် သားနားအောင် ကျနော်တို့က ထားတယ်။ သယ်တဲ့အခါကျမှ ကတ္တီပါအစအနီရောင်ကို ဖုံးပြီးတော့ ကျနော်တို့က မီးသင်္ဂြိုဟ်စက်ထဲကို သယ်သွားတယ်၊ အဲဒါပိုပြီးတော့တောင် ခမ်းခမ်းနားနားဖြစ်သေးတယ်။ အခု သူတို့ ဘာမှပြောလို့မရတော့ဘူး။ အခုလည်း ဒီအတိုင်းပဲ လုပ်ပါတယ်။
မေး။ ။ ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်တယောက်ဖြစ်တဲ့ ကိုကျော်သူအနေနဲ့ ဒီနာရေးကူညီမှုလုပ်ငန်းတွေနဲ့ ကိုယ့်ရဲ့အနုပညာ လဲလိုက်ရသလိုဖြစ်နေတော့ နာရေးကူညီမှုအသင်းနဲ့ အနုပညာအလုပ် ဘယ်ဟာကို ကိုကျော်သူ ရွေးချယ်လုပ်ကိုင်သွားမလဲဆိုတာ သိပါရစေ။
ဖြေ။ ။ ကျနော်ကတော့ ရုပ်ရှင်အလုပ်ကို မလုပ်တော့ဘူး။ ကျနော်ဆုံးဖြတ်ထားတာ။ ရုပ်ရှင်ရိုက်ခွင့်ပြုရင်တောင်မှ ကျနော်က သမိုင်းအစစ်အမှန်တို့၊ biography တို့ အဲလိုရိုက်တဲ့ဟာမျိုးပဲ ကျနော်က ရိုက်တော့မယ်။ သမိုင်းအစစ်အမှန်ကိစ္စတွေပဲ ကျနော်ရိုက်မယ်။
နာရေးကူညီမှုအသင်းကလည်း ဘဘဦးသုခက အဓိကပေါ့။ ဘဘဦးသုခက နာရေးကူညီမှုအသင်းလုပ်မယ်ဆိုတော့ အဲဒီအချိန်မှာ ကျနော့်အမျိုးသမီး ရွှေဇီးကွက်ကလည်း သူ့အဒေါ်က မန္တလေး ဗြမ္မာဆိုအသင်းမှာ အဖွဲ့ဝင်ပေါ့လေ။ ရွှေဇီးကွက်ကလည်း လုပ်ချင်တယ်။ ဘဘလုပ်မယ်ဆိုတာနဲ့ ကျနော်တို့ သွားငွေလှူပြီးတော့ စပြီးလုပ်ဖြစ်သွားတာပါ။ အဲလိုလုပ်ဖြစ်ရင်းနဲ့ ဘဘကလည်း မကြာမကြာ ဆုံးမတယ်။ ကျော်သူတဲ့၊ မင်းလိုအနုပညာသမားတယောက်လုပ်မှ လူမှုရေးကိစ္စက အောင်မြင်တာတဲ့၊ မင်းလုပ်မှဖြစ်မယ်တဲ့၊ မင်းပြည်သူကို ပြန်အလုပ်အကျွေးပြုရမယ်ဆိုတာနဲ့ အခုအချိန်အထိ ပြည်သူကို အဲဒါနဲ့ ပြန်ပေးဆပ်နေတာပါ။
မေး။ ။ အခု လုပ်နေတဲ့ နာရေးကူညီမှုအသင်း လုပ်ငန်းအပေါ် ဘယ်လိုသဘောထားပါသလဲ။
ဖြေ။ ။ ဒီလုပ်ငန်းဟာ အင်မတန် မွန်မြတ်တယ်လို့ ကျနော်မြင်တယ်။ ဘာလို့လဲဆိုတော့ ဒါက ဒီ့ပြင် လူမှုရေးလုပ်ငန်းနဲ့မတူဘူး။ သူက တကယ့်ကို လူတွေရဲ့အပူမီးကို ကျနော်တို့က ငြိမ်းပေးရတာ။ သေဆုံးသွားတဲ့အိမ်ရောက်ပြီဆိုရင် ကျနော်တို့ကို တွေ့ပြီဆိုရင် သူတို့ကြေကွဲတာတွေ တော်တော်လျှော့သွားတယ်။ နောက် ကျနော်တို့ကိုယ်တိုင် ဖေးဖေးမမနဲ့ အလောင်းကိုသယ်၊ သင်္ဂြိုဟ်ပေးဆိုတော့ သူတို့လည်း တော်တော်လေးကို စိတ်ကျေနပ်မှုရှိတယ်။ ဒါဟာ ကိုယ့်အတွက်လည်း ကုသိုလ်အရမ်းရတယ်၊ အဖိုးမဖြတ်နိုင်တဲ့ ပီတိရတာပေါ့လေ။
မေး။ ။ အသင်းအနေနဲ့ ရည်မှန်းချက် ပြည့်ဝအောင်မြင်တယ်လို့ ဆိုနိုင်ပါသလား။
ဖြေ။ ။ အခြေအနေကတော့ လိုပါသေးတယ်။ ကျနော်တို့ လုပ်ချင်တဲ့အတိုင်းအတာတွေ အများကြီးရှိပါသေးတယ်။ နာရေးတခုတင် မဟုတ်ဘူး။ ကျနော်တို့က ဆေးကုသမှု ဖြစ်တဲ့ သုခကုသိုလ်ဖြစ်ဆေးခန်းဆိုတာပါ ဖွင့်ထားတာကိုး။ ကျန်းမာရေးချို့တဲ့တဲ့ ဆင်းရဲနွမ်းပါးတဲ့သူတွေကို အလကားအခမဲ့ တရက်ကို အယောက် (၂၀၀) လောက် ကျနော်တို့ ကုပေးနေရတယ်။ အဲဒီဘက်အပိုင်းမှာ ကျနော်တို့က လုပ်ပေးရဖို့တာဝန်ရှိတယ်။ ဒါကတော့ ဘယ်အစိုးရပဲတက်တက်၊ ဘယ်အစိုးရပဲ အုပ်ချုပ် အုပ်ချုပ် ကျနော်တို့ကတော့ ဒီနာရေးကိစ္စနဲ့ ကျန်းမာရေးကိစ္စကို အဓိကထားပြီး ပေးဆပ်သွားမယ်ဆိုတာ ဆုံးဖြတ်ထားပါတယ်။
မေး။ ။ သုခဆေးခန်းအခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ဆေးခန်းကလည်း အခု လူနာများတယ်။ အရင်သင်္ကန်းကျွန်းတုန်းကဆိုရင် နည်းတယ်။ အခု လူနာလည်း များလာပြီးတော့ volunteer ဆရာဝန်တွေဆိုလည်း အယောက် (၄၀) ကျော်လောက်ရှိလာတယ်။ ဒီဆရာဝန်တွေရဲ့ ကျေးဇူးကြောင့်လည်း အခုလိုဆေးခန်းဖွင့်နိုင်တာပေါ့လေ။ အလှူရှင်တွေရဲ့ အလှူငွေနဲ့ ဒီဆရာဝန်တွေရဲ့ အခမဲ့ကုသပေးမှုအတွက် ကျနော်တို့ကလည်း တဆင့်ပြန်ပြီး ပြည်သူကို ထောက်ပံ့ပေးနေတာပေါ့။
မေး။ ။ အဓိက ဘယ်လိုရောဂါမျိုးတွေကို လက်ခံကုသပေးနေပါသလဲ။
ဖြေ။ ။ အဓိကအနေနဲ့ ဒီမှာ မျက်စိကုပေးတယ်၊ မျက်စိတိမ်ခွဲတာမျိုးပေါ့။ မျက်စိခွဲပေးတယ်၊ အရေပြားကြည့်ပေးတယ်၊ အရိုး အကြော ကြည့်တယ်၊ သားဖွားနဲ့ မီးယပ်ရှိတယ်၊ ကလေး အထူးကုရှိတယ်၊ နောက်အထွေထွေပေါ့။ ultrasound စက်ရှိတယ်၊ နောက် ဓာတ်မှန်စက်အတွက် အဆောက်အဦဆောက်ခွင့် ထပ်လျှောက်ထားတယ်။ ဆောက်ခွင့်ရရင် ဓာတ်မှန်စက်ထည့်မယ်။ အခုလောလောဆယ်တော့ ဓာတ်မှန်ရိုက်မယ်ဆိုရင် ကျနော်တို့က နီးစပ်ရာဆေးခန်းနဲ့ ဆေးရုံတို့မှာပဲ လူနာက သူ့ဖာသာ သွားရိုက်ပြီးတော့ အဲဒီက ဖြတ်ပိုင်းနဲ့ ဓာတ်မှန်ပြားပြရင် ကျနော်တို့က ငွေရှင်းပေးလိုက်တယ်။ အခု ကိုယ်ပိုင်ဓာတ်မှန်တော့ လုပ်ဖို့ရှိတယ်။ နောက် သွားဆေးခန်းပါ ဖွင့်ထားပါတယ်။
မေး။ ။ အသင်းကို ဘယ်လိုရပ်တည် လည်ပတ်နေတယ်ဆိုတာ သိပါရစေ။
ဖြေ။ ။ ကျနော်တို့ရဲ့ အန်ဂျီအိုအဖွဲ့ကတော့ ကမ္ဘာပေါ်မှာတောင် ရှိမယ်မထင်ဘူး။ proposal တင်ပြီးတော့ ရပ်တည်တဲ့အသင်း မဟုတ်ပါဘူး။ ကျနော်တို့က တကယ့်မြန်မာပြည်သူပြည်သားတွေ၊ နိုင်ငံခြားရောက် မြန်မာလူမျိုးတွေ၊ တချို့နိုင်ငံခြားသားတွေက ကျနော်တို့ရဲ့လုပ်ရပ်ကို သဘောကျပြီးလာလှူတယ်။ လှူတဲ့ရန်ပုံငွေ အလှူငွေကို ကျနော်တို့က စနစ်တကျဘဏ်မှာထားပြီးတော့ စနစ်တကျသုံးစွဲတယ်။ အဲဒီ အလှူငွေနဲ့ ကျနော်တို့က ရပ်တည်နေတာပါ။ နာရေးကူညီမှုအသင်းက ၂၀၀၁ ခုနှစ် စကတည်းက အခုအချိန်အထိ ပိုက်ဆံတပြားတချပ်မှ မယူဘဲနဲ့ ကျနော်တို့ လုပ်ခဲ့ရတာ။ အခု နာရေးကိစ္စ လုပ်နေတာလည်း အသင်းက ကိုယ့်ကားနဲ့ ကိုယ့်ဓာတ်ဆီနဲ့ကိုယ် သွားတယ်။ ထမင်းစားလည်း ကိုယ့်စရိတ်နဲ့ကိုယ် စားကြတာ။ ကျနော်တို့က လခစားလည်း မဟုတ်ဘူး။
မေး။ ။ နာရေးကူညီမှုအသင်းကို တနိုင်ငံလုံးအတိုင်းအတာနဲ့ရော လုပ်ဖို့ အစီအစဉ်ရှိပါသလား။
ဖြေ။ ။ ကျနော်တို့အသင်းကတော့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဆိုပြီး တသင်းပဲရှိပါတယ်။ ကျနော်အနေနဲ့ကတော့ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကျနော်လိုက်ဖွင့်ပေးတဲ့ မြို့တွေ ရွာတွေအားလုံးဆိုရင် (၅၀) ကျော်လောက်ပြီ။ ကျနော်အသက်ထက်တောင် များသွားပြီ။ ဒါပေမယ့် အဲဒီမြို့တွေက အသင်းတွေက ကျနော်တို့ရဲ့ လက်အောက်ခံလည်းမဟုတ်ဘူး၊ သူတို့ဘာသာသူတို့ ကျနော်တို့ကို အားကျပြီး ဖွင့်တာပေါ့လေ။ သူတို့မြို့တွေ၊ ရွာတွေမှာဖွင့်တယ်ဆိုရင် သူတို့မြို့သူမြို့သားတွေက အယူသီးတာတွေများတယ်။ ဗမာပြည်သူလူထုက အယူသီးတာ ပပျောက်ဖို့အတွက် ကျနော့်ကိုခေါ်တယ်၊ မင်းသားကိုယ်တိုင်လာပြီးတော့ အလောင်းထမ်းပေးတယ်၊ သင်္ဂြိုဟ်ပေးတယ်၊ သူတို့ရှေ့မှာလုပ်ပြတယ်။ ညဘက်ဆို ကျနော်တို့က အယူသီးတာပပျောက်ဖို့အတွက် ဟောပြောပွဲမျိုး လုပ်ပေးတယ်။ အဲလိုလုပ်ပေးတော့ သူတို့လည်းကျေနပ်သွားတယ်။ အဲလိုမျိုး ကျနော်လိုက်ဖွင့်ပေးရတာပေါ့။ ဒါပေမယ့် အခုနောက်ပိုင်းကျ ကျနော်ခရီးသွားရတာ မလွတ်လပ်တော့ဘူး။ ဒါကြောင့် ကျနော့်ကို ဖိတ်တဲ့မြို့တွေ ကျနော်မသွားနိုင်တော့ဘူး။ ပြီးခဲ့တဲ့ (၃) နှစ် လောက်အထိတော့ ကျနော်တောက်လျှောက်လိုက်ဖွင့်ပေးထားတယ်။
မေး။ ။ ပြည်သူတွေကို အမှတ်တရစကား ဘာပြောချင်ပါသလဲ။
ဖြေ။ ။ ကျနော်ကတော့ အခုအချိန်မှာ အသက် (၅၀) ဖြစ်ပြီ။ ရုပ်ရှင်ရိုက်ခဲ့တာဆိုလည်း (၂၅) နှစ်လောက် ရှိသွားပြီ။ အဲဒီအတွင်း ပြည်သူတွေ ကျနော်ကိုအားပေးတဲ့ငွေနဲ့ ကျနော်မိသားစုရပ်တည်ဖို့အတွက် ကျနော်လုပ်ခဲ့ပြီးပြီ။ ကျနော့်မှာ ပြည်သူကိုပြန်ပေးဆပ်ရမယ့် တာဝန်ရှိတယ်။ ပြည်သူကိုပေးဆပ်ရမယ့် တာဝန်အရရော၊ ကျနော်ရဲ့စေတနာရော၊ ကျနော်ရဲ့ အရင်ဘ၀က ဘာလုပ်ခဲ့လို့လည်းတော့ မသိဘူး၊ အခုအချိန်အထိ ခပ်ရိုင်းရိုင်းပြောရရင် အရင်တုန်းကတော့ ရုပ်ရှင်မင်းသားပေါ့၊ အခုဟာကတော့ မသာမင်းသားဖြစ်နေတာပေါ့လေ။ အဲဒီလိုပဲ ဒီဟာနဲ့ပဲ ပြည်သူကိုပေးဆပ်ဖို့ ကျနော်ဆုံးဖြတ်ထားပါတယ်။


မခိုင်ရွှန်းလဲ့ရည်သေဆုံးရခြင်းနောက်ကွယ်တွင် စုံစမ်းရေးအဖွဲ့ ကဖော်ထုတ်သွားမယ်ဟုပြောကြား

ရန်ကုန်တွင် ပြီးခဲ့သည့် အောက်တိုဘာလ (၂၇) ရက်နေ့က ရွှေ့ဂုံတိုင်ရှိ S S C အထူးကုဆေးခန်းတွင် အူအတက်ရောင်သည်ကို ခွဲစိတ်ပြီးနောက် ကွယ်လွန်သွားခဲ့သော အသက် (၁၅) နှစ်အရွယ် (၉) တန်းကျောင်းသူကလေး မခိုင်ရွှန်းလဲ့ရည်နှင့် ပတ်သက်၍ စုံစမ်းရေးအဖွဲ့ဖွဲ့ကာ တပတ်အတွင်း စုံစမ်းဖော်ထုတ်မည်ဟု ယနေ့ထုတ် ကျန်းမာရေးဂျာနယ်ဖြစ်သော Health Digest ဂျာနယ်တွင် ပါရှိသည်။
ယင်းစုံစမ်းရေးအဖွဲ့ကို မြန်မာနိုင်ငံဆေးကောင်စီက အရေးပေါ်ဖွဲ့လိုက်ခြင်းဖြစ်ပြီး သေဆုံးသွားသော ကျောင်းသူလေး၏ မိသားစုဝင်များကို နိုဝင်ဘာ (၂၆) ရက်နေ့တွင် ခေါ်ယူကာ အစည်းအဝေးတခုပြု လုပ်ခဲ့သေးကြောင်း ဆေးကောင်စီအဖွဲ့ဝင် ဆရာဝန်တဦးက ပြောသည်။
ယင်းစုံစမ်းရေးအဖွဲ့တွင် စီမံခန့်ခွဲမှုဆိုင်ရာ ဆရာဝန်ကြီးများ၊ ခွဲစိတ်အထူးကု ဆရာဝန်ကြီးများ၊ ကလေးအထူးကု ဆရာဝန်ကြီးများနှင့် မှုခင်းဆိုင်ရာဆရာဝန်ကြီးများ ပါဝင်ကြောင်း အဆိုပါဂျာနယ်တွင် ပါရှိသည်။
ပြီးခဲ့သည့် တပတ်ကစ၍ အဆိုပါကျောင်းသူကလေးနှင့်ပတ်သက်သော သတင်းများအား ဂျာနယ်များတွင် ဖော်ပြခြင်းကို စာပေစိစစ်ရေးက တားမြစ်ထားကြောင်း ရန်ကုန်စာနယ်ဇင်းအသိုင်းအ၀ိုင်းမှ သိရသည်။
အဆိုပါ ကျောင်းသူကလေး၏သတင်းမှာ ကျန်းမာရေးဂျာနယ်တစောင်ဖြစ်သော Health Digest ဂျာနယ်တွင် ပါရှိပြီးနောက် လျှပ်တပြက်သတင်းဂျာနယ်က အသေးစိတ်ရေးသားဖော်ပြခဲ့ကြောင်း၊ ထို့နောက် ၀ိကလီးအလဲဗင်းဂျာနယ်နှင့် မြန်မာတိုင်းမ်သတင်းဂျာနယ်တို့က ရေးသားသည့်သတင်းများကြောင့် ရန်ကုန်ပြည်သူများက ကျောင်းသူလေးနှင့်ပတ်သက်၍ သနားကရုဏာပိုကာ ခွဲစိတ်ဆရာဝန်ကြီးကို ဒေါသဖြစ်လျက်ရှိကြောင်း သိရသည်။
ကျောင်းသူလေး မခိုင်ရွှန်းလဲ့ရည်သည် ပြီးခဲ့သည့် အောက်တိုဘာ(၂၁) ရက်တွင် စတင်ဖျားပြီး (၂၅) ရက်တွင် S S C ဆေးခန်း သို့ သွားရောက်ပြသရာ ခွဲစိတ်ကုသမှုခံခဲ့ရကြောင်း၊ (၂၇) ရက်နေ့တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သတင်းဂျာနယ် များတွင် ဖော်ပြသည်။
မခိုင်ရွှန်းလဲ့ရည်အား အောက်တိုဘာ (၂၅) ရက်တွင် ခွဲစိတ်ပြီးနောက် အောက်တိုဘာ (၂၆) ရက်၊ နေ့လယ်အချိန် ဆေးခန်းတာဝန်ကျဆရာဝန်က လူနာတွင် သွေးလွန်တုပ်ကွေးရောဂါ ပါလာကြောင်း လာရောက်ပြောဆိုသည်ဟုလည်း ဂျာနယ်များတွင် ပါရှိသည်။
သေဆုံးသွားသော ကျောင်းသူလေးနှင့် နီးစပ်သည့်အသိုင်းအ၀န်းများ၏ ပြောပြချက်အရ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်နေသည်ကို အူအတက်ရောင်သည်ဟု ယူဆကာ ခွဲစိတ်လိုက်ကြောင်း သိရသည်။
ခွဲစိတ်ပေးသည့်ဆရာဝန်မှာ အစာအိမ်နှင့် အူလမ်းကြောင်း ခွဲစိတ်ဆရာဝန် ဦးကြည်စိုးဖြစ်ပြီး S S C အထူးကုဆေးခန်း၏ ရှယ်ယာဝင်တဦးဖြစ်ကြောင်း သိရသည်။

မခိုင်ရွှန်းလဲ့ရည် သေဆုံးရခြင်း၏ နောက်ကွယ်တွင် ...
Monday, 30 November အေးချမ်းမြေ့ ဧရာဝတီ

မခိုင်ရွှန်းလဲ့ရည်နှင့် မိခင်ဒေါ်ချိုချိုမြင့် (ဓာတ်ပုံ - လျှပ်တစ်ပြက်ဂျာနယ်)
ကွယ်လွန်သည်မှာ ၁ လကျော်ခဲ့ပြီ ဖြစ်သော်လည်း မခိုင်ရွှန်းလဲ့ရည်နှင့် ပတ်သက်သည့် သတင်း နောက်ဆက်တွဲများကား ဝေဖန်ဆွေးနွေး စရာများ အဖြစ် ကျန်ရစ်ခဲ့ပေသည်။
လွန်ခဲ့သည့် တလကျော် အောက်တိုဘာ ၂၇ ရက်နေ့ နံနက်က ဗဟန်းမြို့နယ်အတွင်းရှိ အထူးကုဆေးခန်းတွင် ခွဲစိတ်ကုသမှု ခံယူအပြီး ကွယ်လွန်သွားခဲ့သည့် နဝမတန်းကျောင်းသူ မခိုင်ရွှန်းလဲ့ရည်၏ ဖြစ်ရပ်နှင့် ပတ်သက်၍ Weekly Eleven သတင်း ဂျာနယ်နှင့် လျှပ်တစ်ပြက် ဂျာနယ်တို့တွင် ရေးသားဖော်ပြခဲ့ကြသည်။
Weekly Eleven သတင်း ဂျာနယ်တွင် အဆိုပါသတင်းကို 'ဆရာဝန်ကြီးများ လူနာအပေါ် အချိန်ပေးမှု နည်းပါးခြင်း၊ ဆေးရုံ၊ ဆေးခန်းကြီးများ၏ ဆရာဝန် ကြီးများမျက်နှာ တစ်ခုတည်း ကိုသာ ကြည့်ခြင်းကြောင့် ကြေကွဲဖွယ်ဖြစ်ရပ် များဖြစ်ပေါ်နေ' ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားသည်။ သေဆုံးသူ၏ ဆွေမျိုး၊ မိဘနှစ်ဦး၊ လေ့လာသုံးသပ်သူများ၊ အသည်းအထူးကု ဆရာဝန်ကြီး၊ စာနယ်ဇင်းသမားတဦး၏ ပြောဆိုချက်များနှင့် ပါမောက္ခ သမားတော်ကြီး ဦးလှမြင့်၏ “ဆေးပညာ လောကသားများသို့ ပန်ကြားချက်” စာအုပ်ကို ကိုးကား ဖော်ပြထားသည်။
အဆိုပါဆောင်းပါးတွင် Eleven Media Group မှ တာဝန်ရှိသူ တဦးက “ချမ်းသာပြီး ငွေကြေးတတ်နိုင်တဲ့ အထူးကု ဆေးခန်းသွားနိုင်၊ ပြောနိုင်တဲ့သူမို့ ဒီလိုသိကြရတာပါ။ ဆင်းရဲပြီး ပြောပြနိုင်စွမ်း မရှိတဲ့လူတွေ ဘယ်လောက် ခံစားထားကြရပြီလဲ။ လူထုကျန်းမာရေး စောင့်ရှောက်မှုကို ဒေသတွင်း နိုင်ငံတွေနည်းတူ သုံးစွဲ နိုင်ဖို့တော့ လိုပါတယ်။ ကျန်းမာရေးနဲ့ ပညာရေးမှာ သုံးစွဲမှုတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ငွေယိုပေါက်ကို ပိတ်စေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေပါ။ ဒီဖြစ်ရပ်မှာ ပြဿနာရဲ့ အရင်းအမြစ်ကို သိထားရင် ကောင်းပါတယ်။ လူထု ကျန်းမာ ရေးစောင့်ရှောက်မှုကို အရှိန်မြှင့်ဖို့ လိုလာပါပြီ” ဟု သုံးသပ်ထားသည်။
လျှပ်တစ်ပြက် ဂျာနယ်တွင်လည်း “ရန်ကုန်မြို့ရှိ ပုဂ္ဂလိက အထူးကု ဆေးခန်းမှ မိန်းကလေးငယ်တစ်ဦး၏ ကြေကွဲရင်နင့်ဖွယ် ဖြစ်ရပ်” ဆိုသည့် ခေါင်းစဉ်နှင့် မိသားစု ဆွေမျိုးအသိုင်းအဝန်း၏ မှတ်ချက်များကို ကိုးကား ရေးသားထားကြောင်း တွေ့ရသည်။
“ခွဲစိတ်ပြီး သီးသန့်ကိုယ်ပိုင်အခန်း မရသေးခင်၊ ပိုးသတ်ခန်းမှာ ညနေ ၃ နာရီထိနေရတယ်။ အဲဒီ အချိန် ဆေးရုံရဲ့ အခန်းနံရံကို လျှပ်စစ်မော်တာနဲ့အပေါက်ဖောက်တယ်။ တူတွေနဲ့ထုတယ်။ အသံတွေက ဆူညံနေတာပဲ။ ဒါကတော့ ဆေးခန်းရဲ့ ဝန်ဆောင်မှု ညံ့ဖျင်းတဲ့အကြောင်းပါ။ ကျမတို့ပြောတာ ပြောလို့မရဘူး။ ကျမအပြင်းအထန်ကန့်ကွက်မှ ဝရိန်မဆော်တော့ဘဲ ရပ်သွားတယ်” ဟု မခိုင်ရွှန်းလဲ့ရည်၏ မိခင်က ပြောသည်ကို လျှပ်တစ်ပြက်တွင် ရေးသားဖော်ပြထားသည်။
အဆိုပါဂျာနယ်တွင်ပင် “အထက်ပါ ကြေကွဲရင်နင့်ဖွယ် ဖြစ်ရပ်မျိုးနှင့် ပတ်သက်၍ အခြားလူနာများဤကဲ့သို့ အဖြစ်ဆိုးနှင့် ထပ်မံမကြုံတွေ့စေရန် အထူးကုဆေးခန်းရှိ ဆရာဝန်များ အတွေ့အကြုံ ရှိသော်လည်း ဆေးပညာကို အဆက်မပြက်လေ့လာပြီး သတိရှိရှိနှင့်စေတနာထားကာ လူနာများအား ကြည့်ရှုစောင့်ရှောက်ကုသပေးသင့်ကြောင်း အပြုသဘောဆောင်၍ ကာယကံရှင် ဆွေမျိုးအသိုင်းအဝန်းက လျှပ်တစ်ပြက်သို့ထပ်မံပြောကြားခဲ့သည်” ဟု ရေးသားထားသည်။
ထိုသတင်းပေးပို့ချက်များနှင့် ပတ်သက်၍ တက္ကသိုလ်လှမော်ဆိုသူက “မြန်မာသတင်းမီဒီယာ တချို့ စည်းဘောင်လွတ် နေခြင်း” ဆိုသည့် ခေါင်းစဉ်ဖြင့် တရားဥပဒေရှုထောင့်၊ ဆေးပညာရှုထောင့်တို့မှ ကြည့်ကာ “မြန်မာ့ လူထု ကျန်းမာရေး” ဆိုသည့် http://health.ngoinmyanmar.orgဘလော့ စာမျက်နှာတွင် တန်ပြန်ရေးသား ဖော်ပြခဲ့သည်။
ထိုဘလော့စာမျက်နှာတွင် ရေးသားနေသူများမှာ မြန်မာလူထု ကျန်းမာရေးအတွက် လုပ်ဆောင်လျက်ရှိသော ပညာရှင်များ ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်လှမော်၏ ဆောင်းပါး၌ “သတင်းနှစ်ပုဒ်လုံး၏ သုံးသပ်ချက်မှာ ဆရာဝန်၏ အမှားကြောင့် အမျိုးသမီးငယ် အသက်ဆုံးရှုံးရသည်ဟု ဆိုထားပြီး နောင်တွင် အလားတူ အမှားမျိုးမဖြစ်ရန် အကြံဉာဏ် ပေးထားလေသည်” ဟု ဖော်ပြထားသည်။
“သတင်းနှစ်ပုဒ်လုံး၏ အရင်းအမြစ်သည် ကွယ်လွန်သွားသော အမျိုးသမီးငယ်၏ မိခင်ထံမှ ဖြစ်သည်။ သက်ဆိုင်ရာ ပုဂ္ဂလိကဆေးရုံနှင့် ပါဝင်ပတ်သက်နေသော ဆရာဝန် (သို့မဟုတ်) ၎င်းတို့က လွှဲအပ်သော ရှေ့နေတို့၏ တိုက်ရိုက် ပြောဆိုချက်များ မပါဝင်။ (မိခင်က တဆင့်ပြောသော ဆေးရုံ၏ အစုရှယ်ယာ ပါဝင်သူတဦး၏ ပြောဆိုချက်သည် hearsay evidence ဖြစ်သဖြင့် သက်သေအဖြစ် တင်ရန် ခဲယဉ်းသည်) ထို့ကြောင့် မျှတမှု ရှိသော သတင်းများ မဟုတ်ပေ” ဟုလည်း ၎င်းက ဆိုထားသည်။
ရန်ကုန်အခြေစိုက် သတင်းဂျာနယ်တစောင်၏ အယ်ဒီတာတဦးကမူ သတင်းဂျာနယ်တစောင်၏ တာဝန်ရှိသူ တဦးက ဝင်ရောက် သုံးသပ်ထားသည်မှအပ Weekly Elevenပါ သတင်းသည် စည်းဘောင်လွတ်သည်ဟု မဆိုနိုင်ကြောင်း၊ မြန်မာပြည်၏ အခြေအနေအရ ယခုကဲ့သို့သော သတင်းသည် လိုက်ရခက်ခဲသော သတင်းတပုဒ်ဖြစ်ကြောင်း၊ ယခုကဲ့သို့သော ဖြစ်ရပ်ကို ပြည်သူသိရှိရန်အတွက် ဖော်ပြသင့်ကြောင်း ပြောသည်။
“မိသားစုက ခံစားချက်နဲ့ ပြောသွားတယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် တဘက်က အသံကို ရဖို့ကျတော့ အထူးကု ဆေးခန်းဘက်ကို မေးလို့မရဘူး။ အဲဒီဆေးရုံဆေးခန်း အမည်ကိုလည်း ထည့်ရေးလို့မရဘူး။ ရေးရင်စိစစ်ရေးက ဖြုတ်မှာ။ စိစစ်ရေးက မဖြုတ်တောင် အသရေဖျက်မှုနဲ့ တရားစွဲခံရလို့ ဆုံးမှာမဟုတ်ဘူး။ နောက်ပြီး သတင်းသမားတွေ အနေနဲ့ မကြိုးစားဘဲတော့ နေမှာမဟုတ်ဘူး။ ရသလောက်တော့ ကြိုးစားမှာပဲ” ဟု သူက ဆက်ပြောသည်။
ဧရာဝတီမဂ္ဂဇင်းက မခိုင်ရွှန်းလဲ့ရည် ဆေးကုသမှု ခံယူခဲ့သော ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင်အထူးကု ဆေးခန်းသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူများ မအားလပ်ကြောင်းသာ ပြန်ကြားခဲ့သည်။ မခိုင်ရွှန်းလဲ့ရည်ကို ခွဲစိတ်ခဲ့သော ဆရာဝန်ကြီးမှာမူ တရုတ်ပြည်သို့ ခရီးသွားနေကြောင်း သိရသည်။
မြန်မာပြည်တွင် အစိုးရဆေးရုံကြီးများ၌ “စရိတ်မျှပေး ကျန်းမာရေး” ဆိုသည် စနစ်ကို ကျင့်သုံးလျက်ရှိရာ လိုအပ်သည့် ဆေးဝါးမှန်သမျှ လူနာက ငွေကုန်ကြေးကျခံရပြီး ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းတွင် စိုးရိမ်ရသည့် အနေအထား ဖြစ်နေကြောင်း လေ့လာသူတို့က သုံးသပ်ကြသည်။
အစိုးရဆေးရုံကြီးများ၌ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသောကြောင့် ပုဂ္ဂလိက ဆေးခန်းကြီးများတွင် ငွေကုန် ကြေးကျခံကာ တက်ရောက်ကုသသော်လည်း ထိရောက်သော စောင့်ရှောက်မှု မရရှိဘဲ အများစုမှာ ဝန်ဆောင်မှု ညံ့ဖျင်းလှကြောင်း ဝေဖန်နေကြ သည်။
ယခုလက်ရှိတွင် “စားသုံးသူ အခွင့်အရေး” နှင့်ပတ်သက်၍ ပညာပေး ပိုစတာများ၊ ကာတွန်းများ ရေးဆွဲနေသော ကာတွန်း အော်ပီကျယ်က မြန်မာပြည်တွင် စားသုံးသူနှင့် ပတ်သက်၍ ကာကွယ်ပေးသည့် ဥပဒေ မရှိသော်လည်း မခိုင်ရွှန်းလဲ့ရည်၏ ဖြစ်ရပ်မျိုး နောင်မဖြစ်ရန် ဖြစ်ရပ်မှန်ကို ဖော်ထုတ်သင့်သည်ဟု ဆိုသည်။
၎င်းက မကြာသေးမီက ဆရာဝန်များနှင့် ပတ်သက်၍ ရေးဆွဲပေးထားသော “စားသုံးသူ အခွင့်အရေး” ပညာပေး ပိုစတာအကြောင်းကို ပြောပြီး ဆရာဝန်နှင့်လူနာ အင်အားမမျှခြင်း၊ အချိန်မပေးနိုင်ဘဲ ရုပ်ပြသဘော ဆိုင်းဘုတ်တပ်ခြင်း၊ ဆေးကုသပုံ မှားယွင်းခြင်း၊ ဆေးဝါးမှားယွင်းခြင်း၊ မလိုအပ်ဘဲ ခွဲစိတ်ကုသမှု ပြုခြင်းတို့ကြောင့် လူနာများ အသက်ဆုံးရှုံးရသည့် အဖြစ်အပျက်များမှာ မြန်မာနိုင်ငံတွင်သာ မကဘဲ ကမ္ဘာမှာပါ ကြုံတွေ့နေရသည်ဟု ဆိုသည်။
“ဒီဆရာဝန်ကြီး တယောက်တည်းကို ပြောတာ မဟုတ်ပါဘူး၊ ဒီလို အဖြစ်အပျက်မျိုးတွေကြောင့် နောက်မှ နောင်တရတာမျိုး မဖြစ်ရအောင် ကြိုတင်ကာကွယ်သင့်ပါတယ်” ဟု ကာတွန်းအော်ပီကျယ်က ပြောသည်။
မန္တလေးမြို့နေ ခန္ဓာဗေဒ ဆရာဝန်ကြီးတဦးဖြစ်သူ ဒေါက်တာတင်မောင်ကြည်က ခွဲစိတ်ကုသမှုတခုတွင် အုပ်ထိန်းသူ၊ သက်ဆိုင်သူ တဦးဦး၏ ခွင့်ပြုချက်မပါရှိဘဲ ပြုလုပ်၍ မရသဖြင့် ယခုဖြစ်ရပ်နှင့်ပတ်သက်၍ မည်သူ့ကိုမှ အပြစ်တင်စရာ မရှိကြောင်း ရှင်းပြသည်။
“တကယ်တော့ ဒီလို အဖြစ်ဆိုးမျိုးတွေ မကြုံရအောင် လိုအပ်တဲ့ ကျင့်ဝတ် စည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာ ကျင့်သုံးမယ် ဆိုရင် အကောင်းဆုံးပါပဲ” ဟု သူက ဆိုသည်။
ရန်ကုန်အခြေစိုက် သတင်းဂျာနယ် အယ်ဒီတာက သတင်းသမားများ အနေနှင့် ခံစားချက်နောက်ကို လိုက်၍ ရေးသားခြင်းမှအပ မှန်ကန်သော အချက်အလက်များနှင့် ပြည်သူသိသင့်သော သတင်းများကို အတတ်နိုင်ဆုံး ရေးသားဖော်ပြလျှင် အာဏာပိုင်တို့ ကလည်း ခွင့်ပြုပေးသင့်ကြောင်း သုံးသပ်သည်။
မခိုင်ရွှန်းလဲ့ရည် သေဆုံးခြင်းနှင့် ပတ်သက်၍ ၎င်း၏ မိခင်က ခွဲစိတ်ဆရာဝန်ကြီးအား တရားမစွဲလိုကြောင်း၊ ဆရာဝန် အနေနှင့် အသိစိတ်ဓာတ်ရှိစွာ ကိုယ်တိုင်ဝန်ခံစေချင်ကြောင်း ပြောကြားခဲ့သည်ဟု ယခင်အပတ်ထုတ် မော်ဒန်သတင်းဂျာနယ်တွင် ဖော်ပြထားသည်။
http://moemaka.com/index.php?option=com_content&task=view&i...
ရန်ကုန်ရှုခင်း-လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်
နိုဝင်ဘာ ၃၀၊ ၂၀၀၉
ပုဂ္ဂလိက ဆေးရုံ၊ လူနာအခွင့်အရေးနှင့် တရားစီရင်ရေး
မကြာမီရက်ပိုင်းအတွင်းမှာ စာဖတ်သူတွေ စိတ်ဝင်စားဆုံး သတင်းတပုဒ်ကတော့ ခွဲစိတ် ဆရာဝန်တဦးရဲ့ ပေါ့ဆမှုကြောင့် ၁၅နှစ်သမီးအရွယ် လူနာတဦးသေဆုံးခဲ့ရတယ် ဆိုတဲ့ သတင်းပါ။ အဖြစ်အပျက်က အောက်တိုဘာလကုန်မှာ ဖြစ်ပျက်ခဲ့ပြီး လူနာရဲ့ မိခင်ဖြစ်သူက အပတ်စဉ်ထုတ် ဂျာနယ်တွေတချို့ကို အချက်အလက်တွေပေးခဲ့တဲ့ နောက် လျှပ်တပြက်နဲ့ Weekly Eleven ဂျာနယ်တို့က သတင်းအဖြစ်ဖေါ်ပြခဲ့ကြတာပါ။
ဘာဖြစ်လို့ ၁၅နှစ် အရွယ် မိန်းကလေးကို သွေးလွန်တုပ်ကွေးလား၊ အူအတက်ပေါက်တာလား ဆိုတာအတည်မပြုနိုင်သေးပဲ ခွဲစိတ်ခဲ့ရတာလဲ၊ မြန်မာနိုင်ငံက ပုဂ္ဂလိကဆေးရုံတွေရဲ့ အားကိုးစိတ်ချရမှု အနေအထားဟာ အဲဒီလောက်ထိ နိမ့်ကျနေသလား၊ ဆရာဝန်တွေဘက်ကရော လူနာတယောက်ရဲ့ အသက်ကို တန်ဖိုးမထားနိုင်ကြတော့ပဲ တရက်မှာ လူနာများနိုင်သမျှ များများ ကြည့်နိုင်ဖို့ ကိုပဲစိတ်သန်နေကြသလား စတဲ့မေးခွန်းတွေ ပိုမိုကျယ်လောင်လာပါတယ်။
ယခုအဖြစ်အပျက် မဖြစ်ပျက်မီကတည်းကလည်း မကြာခဏ ရွှေဂုံတိုင် အထူးကုဆေးခန်းနဲ့ ပတ်သက်ပြီး ဘ၀င်မကျကြတဲ့ အဖြစ်တွေကြားဖူး နေပါတယ်။ လူနာကို ခွဲစိတ်ရာမှာ သေချာမှုမရှိလို့ နောက်တကြိမ်ပြန်ခွဲရတဲ့ အဖြစ်၊ ဆရာဝန်ရဲ့ ပေါ့ဆမှုကြောင့် နောက်တကြိမ် ထပ်ခွဲရတာကို လူနာရှင်က ရိပ်မိသိရှိပေမယ့်လည်း ကုလက်စတန်းလန်းမို့လို့ ဆရာဝန်နဲ့ အချင်းမများချင်တာ၊ ခွဲလက်စလူနာကို နောက်ဆေးရုံတခုပြောင်းဖို့ မလွယ်ကူတာကြောင့် အကျယ်အကျယ် မဖြစ်စေပဲ ကြိတ်မှိတ်ခံစားလိုက်ရတဲ့ အဖြစ်အပျက်၊ နယ်မှ အသဲရောင်အသားဝါနဲ့ ဆေးရုံလာတက်တဲ့ လူနာ၊ တရက်ကို ကျပ်တသိန်းလောက် ကုန်ကျစရိတ်တက်နေသော်လည်း သိသာထူးခြားလာခြင်းမရှိပဲ ၁၀ ရက်ဝန်းကျင်လောက်ကြာတဲ့အခါ အခြားဆေးခန်းရုံမှာ ပြောင်းဖို့ပြောတဲ့အခါ ဆေးရုံက ကိုယ်ဆုံးဖြတ်ချက်နဲ့ကိုယ်ပြောင်းတာ ဖြစ်လာမယ့် အကျိုးဆက်ကိုလုံးဝတာဝန်မယူဘူး ဆိုပြီး ပြောဆိုကာ လက်မှတ်ထိုးခိုင်းတဲ့ အဖြစ်တွေဟာ ရွှေဂုံတိုင် အထူးကုဆေးခန်းနဲ့ ဆက်နွယ်ပြီး ကြားဖူးနေတဲ့ အဖြစ်အပျက်တွေပါ။
မြန်မာနိုင်ငံမှာ လူနာနဲ့ ဆရာဝန်အကြား ဆက်ဆံရေးမှာ တစုံတရာမှားယွင်းခဲ့ရင် ဘယ်လို ဆောင်ရွက်ကြမလဲ ဆိုတဲ့ ဖြေရှင်းနည်း၊ တရားဥပဒေ အကာအကွယ် တွေမရှိသေးပါဘူး။ မြန်မာ့လူမျိုးတွေရဲ့ စိတ်ရင်းအရ တစုံတရာ ဆရာဝန်ကမှားယွင်းခဲ့ရင်တောင် တမင်ရည်ရွယ်လုပ်တာမဟုတ်ပါဘူးလေ၊ သေပြီးတဲ့သူလည်း ပြန်ရှင်လာမှာ မဟုတ်တော့ဘူးဆိုပြီး ကန့်လန့်ကာချကာ အမှားအယွင်းကို လျော်ပြစ်လိုက်ကြတာများပါတယ်။ သို့ပေမယ့် ဆရာဝန်တဦးက မှားယွင်းကုသလို့ လူနာအသက်ဆုံးရှုံးရတဲ့ အဖြစ်မျိုးကို ခွင့်လွှတ်ပြီး လျော်လိုက်ကြမယ် ဆိုရင် နောက်နောင်မှာ အခြားလူနာတွေအပေါ် ထပ်ပြီး မှားယွင်းနိုင်ပါသေးတယ်။ အဲဒီလို တွေးဆပြီး ဖြစ်ပျက်ပြီးတဲ့ဟာကို ပြန်လည်စုံစမ်းစစ်ဆေးဖို့ လိုအပ်တာလည်းဖြစ်ပါတယ်။
လတ်တလော ဖြစ်ပျက်ခဲ့တဲ့ မခိုင်ရွှန်းလဲ့ရည် ကိစ္စဟာ ခွဲစိတ် အထူးကု ဆရာဝန် ဒေါက်တာကြည်စိုး ဖြစ်စေ၊ ရွှေဂုံတိုင် အထူးကုဆေးခန်း (SSC )ပဲ ဖြစ်စေ၊ အခြားသော ဆေးခန်း၊ ဆေးရုံတွေပဲ ဖြစ်စေ နောက်နောင်မှာ လူနာတွေရဲ့ အသက်ကိုတန်ဖိုးထားဖို့ရာ လေးလေးနက်နက် သတိပေး စေ့ဆော်လိုက်တဲ့ အဖြစ်အပျက်တခု ဖြစ်နေပါတယ်။
ယခုရက်ပိုင်းမှာ အထက်ပါ ကိစ္စကို စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး ဖေါ်ထုတ်မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ယခင်က မထင်မရှားနဲ့ အသက်ဆုံးရှုံးသွားခဲ့သူတွေ တယောက်မက၊ ဆယ်ယောက်မက ရှိခဲ့မှာပါ။ သို့ပေမယ့် လူနာရှင်ဘက်ကရော၊ ဆေးရုံဘက်က ငွေနဲ့လိုက်ပိတ်တာ၊ အာဏာသုံးပြီး မီဒီယာမှာ မဖေါ်ပြအောင် ပိတ်ဆို့တာတွေရှိခဲ့လို့ ယခုလို ဆွေးနွေးအရေးယူစရာ ကိစ္စမဖြစ်လာပါ။ ယခုကိစ္စကတော့ မီဒီယာမှာ ဖေါ်ပြလိုက်လို့ လူစိတ်ဝင်စားမှုပိုများလာပြီး တစုံတရာ အရေးယူဆောင်ရွက်ဖို့ ဖြစ်လာတာပါ။
လူတဦးချင်းစီရဲ့ အခွင့်အရေးဆိုတာတွေကို လူထုအနေနဲ့ ယခင်ကတည်းက မသိရှိခဲ့ကြပါဘူး။ ဘာလို့လဲဆိုရင်စနစ်အရိပ် လွှမ်းမိုးထားတာကြောင့် ဘယ်နေရာမဆို ကိုယ့်ရဲ့ အခွင့်အရေးကဘာလဲ၊ အဲဒီအခွင့်အရေးကို ဘယ်လိုဖောက်ဖျက်ခံရရင် ဘယ်လိုတောင်းဆိုမလဲ၊ စားသုံးသူအခွင့်အရေး၊ လူနာအခွင့်အရေး၊ ကျောင်းသားအခွင့်အရေး အစရှိတဲ့ ကိစ္စရပ်တွေကြုံလာတဲ့အခါ မြန်မာလူထုအနေနဲ့ ကိုယ့်အခွင့်အရေး ဆိုတာထက်ကို ကိုယ်တောင်းဆိုမယ့် အဖွဲအစည်းက အာဏာပိုင်တွေနဲ့ ဘယ်လိုအဆက်အသွယ်ရှိသလဲ၊ လက်တွေ့မှာ ဘယ်လိုဖြစ်ပျက်နေသလဲ ဆိုတာကိုပဲ ထည့်သွင်းစဉ်းစားကာ လက်လျော့အရှုံးပေးလိုက်ကြပါတယ်။
စစ်တပ်မဟုတ်ရင် ၊ ဒေသဆိုင်ရာအာဏာပိုင်မဟုတ်ရင် မြန်မာနိုင်ငံမှာ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတရပ်ကို တောင်းဆိုဖို့ ဖောက်ဖျက်ခြင်းခံရရင် တရားဥပဒေရဲ့ အကာအကွယ်ရဖို့ မလွယ်ကူပါဘူး။ တရားစီရင်ရေးစနစ်ကိုစနစ်က ဆယ်စုနှစ်များစွာ ဖျက်ဆီးပြီး လိုသလိုပုံသွင်းထားခဲ့လို့ တရားသူကြီးတွေ၊ ဥပဒေ ၀န်ထမ်းတွေဆိုတာလည်း အထက်ခိုင်းတာ လုပ်ဖို့ လာဘ်စားဖို့ဆိုတဲ့ အချက်တွေကိုသာ ဆောင်ရွက်နေကြသလို ဖြစ်နေပါပြီ။
ပြည်သူလူထုကလည်း တရားစီရင်ရေး စနစ်က အားကိုးယုံစားဘွယ်ရာမရှိလို့ တရားဥပဒေ အကာအကွယ်ကို ယူဖို့ တရားစွဲပြီး အဖြစ်အပျက်မှန်ကိုပေါ်ထွက်လာအောင် လုပ်ဆောင်ဖို့ ယုံကြည်မှု နည်းပါးလာနေတာ ကိုမြင်နေရပါတယ်။
ယခုအဖြစ်အပျက်ကတော့ တရားစီရင်ရေးစနစ်ရဲ့ အကာအကွယ်ရနိုင်မရနိုင် မပြောနိုင်သေးပါဘူး။ သို့ပေမယ့် မီဒီယာပေါ်ရောက်လာလို့ လူအများ ဆွေးနွေးစရာ၊ ၀ိုင်းဝန်းထောက်ပြစရာ ၊ နောက်နောင် မဖြစ်ရအောင် ဘယ်လိုကာကွယ် ကြမလဲဆိုတဲ့ အာရုံစိုက်မှုရပြီလို့ပဲ လောလောဆယ်မှာ ပြောနိုင်ပါသေးတယ်။

မခိုင်ရွှန်းလဲ့ရည် သေဆုံးမှု တာဝန်ရှိ ဆရာဝန်ကို ဆေးကုသခွင့် ၅ နှစ်ပိတ်ပင်


ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးခန်း (SSC) တွင် သေဆုံးခဲ့သော မခိုင်ရွှန်းလဲ့ရည်ကို ခွဲစိတ်ကုသခဲ့သည့် ဆရာဝန်ကြီး ဒေါက်တာ ကြည်စိုးအား မြန်မာနိုင်ငံ ဆေးကောင်စီက ယနေ့မှစ၍ ဆေးကုသခွင့် ၅ နှစ် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

[လွန်ခဲ့သည့် ၁ လကျော်က ရွှေဂုံတိုင် အထူးကုဆေးခန်း (SSC) တွင် သေဆုံးခဲ့သည့် မခိုင်ရွှန်းလဲ့ရည်ကို ၎င်း၏ သူငယ်ချင်း တဦးနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - လျှပ်တစ်ပြက်)]


ဒေါက်တာကြည်စိုးအား တာဝန်မယူမှု၊ မှားယွင်းကုသမှု နှင့် ဆုံးဖြတ်ချက် မှားယွင်းမှု ဟူသော ပြစ်ချက် ၃ ရပ်ဖြင့် မခိုင်ရွှန်းလဲ့ရည် သေဆုံးရခြင်းနှင့်ပတ်သက်ပြီး အရေးယူခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းသတင်းဂျာနယ် တစောင်က ပြောသည်။

“ဒီနေ့ပဲ ဆေးကောင်စီက သတင်းထုတ်ပြန်လိုက်တာပါ။ ဘာမှပြန်မမေးနဲ့တော့လို့ ပြောပါတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ဆိုသည်။

မခိုင်ရွှန်းလဲ့ရည် သေဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆေးကောင်စီက နိုဝင်ဘာ ၂၆ ရက်နေ့တွင် စုံစမ်းစစ်ဆေးမှု ကော်မတီ ဖွဲ့ကာ ၃၀ ရက်နေ့တွင် ၎င်းဆေးကုသမှုခံယူခဲ့သည့် SSC နှင့် ခွဲစိတ်ကုဆရာဝန်ကြီး ဒေါက်တာကြည်စိုးကို စတင် စုံစမ်းစစ်ဆေးကာ ယနေ့ အရေးယူလိုက်ခြင်း ဖြစ်သည်။

အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသူ မခိုင်းရွှန်းလဲ့ရည်သည် အောက်တိုဘာလ ၂၅ ရက်နေ့တွင် သွေးလွန်တုပ်ကွေး ရောဂါကြောင့် ၀မ်းဗိုက်နာသော ဝေဒနာဖြင့် ရွှေဂုံတိုင်ဆေးခန်းသို့ ရောက်ရှိလာရာ ဆေးခန်းမှ အစာအိမ်နှင့်အူလမ်းကြောင်းခွဲစိတ် အထူးကုဆရာဝန်ကြီးက အူအတက်ရောင် ရောဂါဖြစ်နေသည်ဟုပြောဆိုပြီး ခွဲစိတ်ကုသရာမှ အောက်တိုဘာလ ၂၇ ရက်နေ့တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မခိုင်ရွှန်းလဲ့ရည် သေဆုံးပြီး ၂ ပတ်ကျော်အကြာတွင် ရန်ကုန်အခြေစိုက် လျှပ်တစ်ပြက် ဂျာနယ်နှင့် Weekly Eleven သတင်းဂျာနယ်တို့က ၎င်းသေဆုံးရသည့် ဖြစ်ရပ်နှင့်ပတ်သက်၍ သတင်းများ ရေးသားဖော်ပြခဲ့ကြသည်။

ထိုကဲ့သို့ သတင်းဂျာနယ်များက ဖော်ထုတ်တင်ပြခဲ့သည့်အချိန် အတောအတွင်း ဒေါက်တာကြည်စိုးမှာ တရုတ်ပြည်သို့ ခရီးထွက်နေကြောင်း ကြားသိရသည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ရန်ကုန်သတင်းဂျာနယ် အယ်ဒီတာတဦးက ယခုကဲ့သို့ မီဒီယာ၏ ဖော်ပြမှုကြောင့် ဖြစ်ရပ်မှန်ကိုသိရှိပြီး အရေးယူနိုင်ခဲ့သည့်အတွက် ဤဖြစ်ရပ်ကို အများပြည်သူက အတုယူသင့်သည်ဟု ဆိုသည်။

“ဖြစ်ရပ်မှန်ကို မီဒီယာကို ပြောရဲတဲ့ မိသားစုဝင်တွေကို ချီးကျူးတယ်။ ဒီလိုဖြစ်ရပ်မျိုးတွေ အများကြီး ရှိနိုင်ပေမယ့် ဘယ်သူမှ မသိလိုက်ရဘူး။ ဒီဖြစ်ရပ်ကို အတုယူပြီး လူတိုင်းလူတိုင်း မီဒီယာကို ပြောရဲမှ နောက်ပိုင်း ဘယ်သူမှ လက်လွတ်စပယ် မလုပ်ရဲမှာ” ဟု သူက ဆက်ပြောသည်။

မီဒီယာများအနေနှင့်လည်း ဖြစ်ရပ်မှန်ကို ဖော်ထုတ်တင်ပြကြရန်လိုကြောင်း၊ မီဒီယာကြောင့်သာ ယခုဖြစ်ရပ်ကို လူသိရှင်ကြား ဖြစ်ခဲ့ရ၍ အရေးယူဖော်ထုတ်သည့် အဆင့်အထိ ရောက်ခဲ့ကြောင်း သူက ဆိုသည်။

“တကယ်လို့ ဘယ်သူမှ မသိလိုက်ရင် ဘာမှမလုပ်ဘဲ ဒီအတိုင်းပဲ ပြီးသွားမှာ” ဟု ၎င်းက ပြောသည်။

မခိုင်ရွှန်းလဲ့ရည် သေဆုံးမှုနှင့်ပတ်သက်၍ ဒေါက်တာကြည်စိုးကို ဆေးကုသခွင့် ၅ နှစ်ရုတ်သိမ်းသကဲ့သို့ မခိုင်ရွှန်းလဲ့ရည် ဆေးကုသမှု ခံယူခဲ့သော SSC ဆေးခန်းအနေနှင့်လည်း ကာယကံရှင် မိသားစုအား ဝန်ချတောင်းပန်စေမည်ဖြစ်ကြောင်း သိရသည်။


၎င်းဖြစ်ရပ်နှင့် ပတ်သက်၍ ဧရာဝတီမဂ္ဂဇင်းက SSC သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဆေးခန်း၏ တာဝန်ရှိသူတဦးက အဆိုပါသတင်းများ မကြားသေးကြောင်း၊ လတ်တလောတွင် ယခုဖြစ်ရပ်နှင့်ပတ်သက်၍ မည်သည့် အင်တာဗျူးကိုမှ ဖြေကြားမည်မဟုတ်ကြောင်း ပြောကြားသည်။


ထိုင်းနိုင်ငံအခြေစိုက် သတင်းစာပညာ သင်တန်းများ ပို့ချပေးနေသော ဦးစံမိုးဝေက “သတင်းမီဒီယာ သမားတယောက် အနေနဲ့ နှစ်ထောင်းအားရ ဖြစ်ရပါတယ်။ နောက်နောင် ဆေးရုံတွေ၊ ဆရာဝန်တွေဘက်က သတိထား ဆင်ချင်စရာ ဖြစ်သွားသလို ပြည်သူလူထု အနေနဲ့လည်း မှန်တယ်လို့ ယုံကြည်ရာကို မီဒီယာကို ပြောပြရဲလာမယ်လို့ ယုံကြည်ပါတယ်။ သတင်းမီဒီယာရဲ့ သြဇာဆိုတာ ဒါပါပဲ။ တလွဲအသုံးမချကြဖို့တော့ လိုတာပေါ့” ဆိုသည်။

ယခုကဲ့သို့ ဆရာဝန်တဦး၏ ပေါ့လျော့မှုကြောင့် လူနာတဦးအသက်ဆုံးရှုံးရသည့် သတင်းကို မီဒီယာများတွင် ဖော်ပြပြီး လူသိရှင်ကြား စုံစမ်းအရေးယူမှု ပြုလုပ်သည့်ဖြစ်ရပ်မှာ မြန်မာပြည်တွင် ပထမဆုံးအကြိမ် ဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်သည်။

အောက်ကattachmentမှာကသတင်းစာကို printထုတ်ထားတာလေးပါ

အာရှတော်ဝင်မှာဖြစ်ပြန်ပြီတဲ့လား



ကောင်းဝါ(ဒီဇင်ဘာ- ၂၉)။ ။ ရန်ကုန်မြို့ အမှတ်-၂၁၊ ၁၃၄ လမ်း၊ မအူကုန်းတွင်နေထိုင်သူ ဒေါ်ခင်ကြည်အသက် (၆၈)နှစ်သည် အထက်တန်းပြဆရာမ (အငြိမ်းစား)တစ်ဦးဖြစ်ပါသည်။ဒေါ်ခင်ကြည်တွင် ဆီးချို၊ သွေးတိုး၊ နှလုံး ရောဂါများရှိပြီး ဆေးရုံဆေးခန်းများတွင် တက်ရောက်ကုသနေကျ လူနာတစ်ဦးဖြစ်ပြီး နိုဝင်ဘာလနောက်ဆုံး အပါတ်တွင် အာရှတော်ဝင်အထူးကုဆေးခန်း၌ ဆရာဝန်များ၏မှားယွင်းကုသမှုကြောင့် ကွယ်လွန်ခဲ့ရသည်ဟု ၄င်းနှင့်နီးစပ်သူတစ်ဦးမှပြောပါသည်။

ပြီးခဲ့သည့်နိုဝင်ဘာပထမအပါတ်တွင် ခြေ၊လက်နှင့် ကိုယ်တွေပါယောင်ယမ်းလာသောကြောင့် ကျောက်ကပ်ဆရာ ဝန်ထံတွင်ပြသရန် refer လုပ်ပေးခဲ့ပြီး။ ကျောက်ကပ်အထူးကုဆရာဝန်ဒေါက်တာ ဒေါ်ခင်သီတာသွင်က အာရှ တော်ဝင်ဆေးခန်းကို တက်ခိုင်းခဲ့သည်ဟုဆို၏။ လွှဲပြောင်းတက်ရောက်တဲ့နေ့မှာ (၇.၁၁.၂ဝ၉) ရက်နေ့ဖြစ်ပါသည်။

ထို့နောက် တစ်ရက်ခြား ကျောက်ကပ်ဆေးနေရပြီးစုစုပေါင်း (၅) ကြိမ်ဆေးပြီးသွားခဲ့သည်ဟု ၄င်းနှင့် နီးစပ်သူ ဆွေမျိုးတစ်ဦးမှ ပြောဆိုခဲ့သည်။ လူနာ၏ လျှာနှင့်သွားတွင် နာကျင်ကြောင်း ပြောသည့်အတွက် အာရှတော်ဝင် ဆေးခန်းကြီးတွင်ထိုင်သည့် ဒေါ်ကြူကြူဆွေဝင်းမှ လာစစ်ဆေးခဲ့ရာ။ လျှာမှာအနာတွေ့သောကြောင့် biopsy ယူမှ ရမည်၊ သွားများကိုလည်းစစ်ဆေးပေးမည်ဟုဆိုသောကြောင့် (၂၁.၁၁.၂ဝ၉) ရက်နေ့ နံနက် (၇)နာရီတွင် operation theater သွင်းပြီး လျှာတွင် biopsy ယူတဲ့အပြင် သွား(၁၁)ချောင်းကို နှုတ်လိုက်သည်။ (၁ဝ)နာရီ တွင် operation theater မှ ပြန်ထုတ်လာခဲ့ပါသည်။ ထုတ်လာသည့်အချိန်မှစပြီး သတိပြန်လည်လာခြင်းမရှိပါ။ (၂)နာရီ တွင် ICU ဌာနသို့ခေါ်ဆောင်သွားခဲ့ရာ သတိပြန်ရလာခြင်းမရှိဘဲ (၂၂.၁၁.၂ဝဝ၉) ရက်နေ့တွင် နံနက် (၄း၅ဝ) အချိန်တွင် သေဆုံးသွားခဲ့သည်ဟု ဆေးခန်းဝန်ထမ်းတစ်ဦးမှ ပြောပါသည်။ သို့ရာတွင် Death Certificate မှာ သေဆုံးရောဂါဖော်ပြရာတွင် လူကြီးရောဂါ ဟုရေးသားဖော်ပြခဲ့ပါသည်။ လျှာ biopsy results မှာ ကင်ဆာမဟုတ် ကြောင်း ဓါတ်ခွဲခန်းမှ အကြောင်းပြန်စာကို နောက်ပိုင်းတွင်းသိရသည်ဟု အဆိုပါဆေးခန်း ဝန်ထမ်းမှ ဆက်လက်ပြောဆိုခဲ့ပါသည်။

အမည်မဖေါ်လိုသူ ကျောက်ကပ်ဆရာဝန်တစ်ဦး၏အဆိုအရ အခြားရောဂါများရှိပြီး ကျောက်ကပ်ဆေးနေရသော လူနာကို တစ်ကြိမ်တည်းသွား (၁၁)ချောင်းမနှုတ်သင့်ကြောင်းနှင့် ရောဂါ၏အမျိုးအစား တိတိကျကျမစစ်ဆေးဘဲ နှင့် Death Certificate မှာ သေဆုံးရောဂါဖော်ပြရာတွင် လူကြီးရောဂါဟုပြီး စလွယ်ဆုံးဖြတ်ချက်ချခြင်းသည်
မဖြစ်သင့်ကြောင်း ကောင်းဝါးသတင်းဌာနကိုရှင်းပြခဲ့ပါသည်။

အဆိုပါသေဆုံးမှုကြောင့် True Journal /7 Days News Journal သတင်းထောက်များ မှအသေးစိတ် လာရောက်သတင်းယူမေးမြန်းခဲ့သော်လည်း အာရှတော်ဝင်ဆေးခန်းမှ မထည့်ရန် ပိတ်ပင်ထားကြောင်း သိရှိရပါသည်။

ထို့အပြင် ယခုအခါ သေဆုံးသူကာယကံရှင် မိသားစုအား အာရှတော်ဝင်ဆေးရုံကြီးမှ ဤအကြောင်းအား အပြင်သို့ မပြောရန်၊ မဖော်ရန် အကြိမ်ကြိမ် ဖိအားပေးဆောင်ရွက်နေကြောင်း ကွယ်လွန်သူ၏ မိတ်ဆွေများ ပြောပြချက်အရ သိရှိရပါသည်။

အထက်ပါသတင်းကို http://www.kaowao.org/b/dec09-29b.php မှကူးယူဖော်ပြခြင်းဖြစ်ပါသည်....

ကရင်နှစ်သစ်ကူးမှာ အတူပျော်ကြရအောင်


နှစ်စဉ်ပြာသိုလဆန်း(၁) ရက်နေ့ဟာဆိုလျင် ကရင်နှစ်သစ်ကူးနေ့ဖြစ် ပါတယ်။
ဒီနှစ်ကတော့(၁၆-၁၂-၀၉)ဗုဒ္ဓဟူးနေ့မှာကျရောက်ပါတယ်
ကရင်နှစ်သစ်ကူးနေ့ဟာ ကရင်အမျိုးသားများအ တွက် အထွတ်အမြတ်ထားတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ နှစ်သစ် ရောက်တိုင်း ကရင်အမျိုးသားတွေဟာ မိမိတို့၏ သက်ကြီး ဝါကြီးပုဂ္ဂိုလ်များကို အလေးအမြတ်ပြု ပူဇော်ပသ ကန်တော့ ကြပါတယ်။ သက်ဆိုင်ရာဘာသာ ယုံကြည်ကိုး ကွယ်မူအလိုက် ဝတ်ပြုဆုတောင်းပွဲတွေ ပြုလုပ်ကြသလို မိမိတို့ရဲ့ရိုးရာယဉ် ကျေးမူစာပေဓလေ့ထုံးတမ်းတွေကို ပြန်လည်ဖော်ထုတ်ကြပါတယ်။
ပြီးတော့ ပျော်ပွဲရွှင်ပွဲ တွေဒုံးယိမ်းအကတွေနဲ့လည်းဖြေဖျော်ပေးပါသေးတယ်။ ဒါကြောင့် နှစ်သစ်ကူးပွဲတော်မှာ ရိုးရာယဉ်ကျေးမူ အကတစ်ခုဖြစ်တဲ့ ဒုံးယိမ်းအကဟာ လူအများစိတ်ဝင်စားတဲ့ အကတစ်ခု ဖြစ်သလို ထူးထူးခြားခြား မြူးကြွမှု ရှိတဲ့အတွက် ကရင်လူမျိုးတွေအတွက် ဂုဏ်ယူဘွယ်ရာအကတစ်ခု လို့ဆိုယင်မမှားပါဘူး။ ချမ်းအေးတဲ့ ငွေနှင်းမှုံကြား မှာ ရွှင်မြူးတဲ့ဒုံးယိမ်းအသံတွေဟာ တကယ့်ကို ပဏာရလှပါတယ်။ ဒုံးယိမ်းအကဟာ သွက်သွက်လက် လက်မြူးမြူးကြွကြွနှင့်ကနေရတာပဲလို့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေ အပါ အဝင် ကရင်လူငယ်တွေပါ အားလုံးလိုလိုကသိမြင်ထားကြပါတယ်။ တကယ် တမ်းကျတော့ လူငယ်တွေအများစုဟာ ဒုံးယိမ်းအကအကြောင်းကို ကောင်းစွာသိသူနည်းပါးလှပါတယ်။ ဒုံးယိမ်းအကကိုလူငယ်တွေမှသာကနိုင်ကြပါတယ်။ ပေါ့ပါး သွက်လက်စွာခန္ဓာကိုယ်ကို လှုပ်ရှားနေရ တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ဒုံရင်းကျေးရွာဇာတိနေ အသက်(၇၀)ကျော်နေပီဖြစ်တဲ့ ဒုံဆရာကြီး အဖိုးခွဲ ဆိုသူမှ ဒုံးယိမ်းအကနဲ့ပတ်သက်ပြီး အခုလိုရှင်းပြထားပါတယ်-

ဒုံးယိမ်အကစတင်ဖြစ်ပေါ်လာရတဲ့အကြောင်းအရင်းကတော့ ရှေးခေတ်အပျိုလူပျိုတွေဟာ သစ်ပင် ဝါးပင် အောက်မှာ ချိန်းတွေ့နေကြပြီး လူကြီးတွေကသူတို့ရဲ့အဖြစ်ကို ကြည့်မကောင်းရှုမလှဖြစ်ခဲ့ရာမှ ရိုးရယဉ်ကျေးမူတွေရှိလာအောင် အပျိုလူပျိုတွေကိုစုရုံးပြီး ဒုံးယိမ်းအကကို စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်။ ရှေးခေတ်ကဒုံးဆရာတွေဟာ ဒုံးသင်ကြား တဲ့နေရာမှာ တစ်နှစ်တာအတွင်းမှာရှိတဲ့ သဘာဝပတ်ဝန်း ကျင်ကအဖြစ်အပျက်တွေကို အခြေခံပြီးမှ ဒုံးသီချင်းကိုဖွဲ့နွဲ့ပြီး ဒုံးအကသင်ကြားပေး ပါတယ်။ ဒုံးဆိုတာရိုးရာယဉ်ကျေးမူကြားမှာ စိတ်ကိုမြူးကြွစေတဲ့အက တခုဖြစ်ပါတယ်။

ကရင်ရိုးရာ ဒုံးယိမ်းအကကို ကရင်တစ်မျိုးသားလုံးက ခရစ်တော်မပေါ်မီ BC ၇၃၉ ခုနှစ်မှာ စတင်အသိ
အမှတ်ပြုလာခဲ့ပါတယ်။ ရှေးခေတ်က ဒုံးအမျိုးအစား (၇) မျိုးရှိပြီး ယင်း (၇) မျိုးမှာ ဒုံးမောင်ရိုး၊ ဒုံးဆအော် (ခေါ်) (ဒုံးမျောက်)၊ ဒုံးမူး နော်ဖိုးသားခွား (ဒုံးအပျိုလူပျို)၊ ဒုံးလူအို၊ ဒုံးပနား (ခေါ်) (ဒုံးကျွဲ)၊ ဒုံးထရဲ (ခေါ်) (ဒုံးဒရယ်)၊ ဒုံးကုလားတို့ဖြစ်ပါတယ်။
ဒုံးမောင်ရိုးအကမှာ ဟွေးလေးလေးမောင်းရိုး ဆိုတဲ့သံစဉ်နဲ့ အစချီပြီးဖြေး ဖြေးနှင့် ကရပါတယ် သို့သော်လည်း ကကွက် သိပ်မရှိပါ။
ဒုံးဆအော် (ခေါ်) (ဒုံးမျောက်) သည် မျောက်မျက်နှာကဲ့သို့မျက်နှာအမူအရာထားပြီး ကရတာမျိုးဖြစ်ပါတယ်။
ဒုံးမူးနော်ဖိုးသားခွား (ခေါ်) (ဒုံးအပျိုလူပျို) သည် ယနေ့ကနေတဲ့ဒုံးပဲဖြစ်ပါတယ်။ ဒုံးလူအိုကတော့ လူကြီးပိုင်းတွေကတဲ့ဒုံး ဖြစ်ပါတယ်
ဒုံးပနား (ခေါ်) (ဒုံးကျွဲ)သည် ကျွဲထိန်း သမား များကတီထွင်လာတာဖြစ်ပြီး ကျွဲဂျိုနဲ့တူတဲ့ ဂျိုကိုပြုလုပ်ပြီး ခေါင်းမှာပတ်ပြီး ကကြပါတယ်။
ဒုံးထရဲ (ခေါ်) (ဒုံးဒရယ်) ဟာလည်းပဲ ဒရယ်ခေါင်းဂျိုတပ်ပြီးကကြပါတယ်။ ဒုံးကုလားအကမှာတော့ ကုလားတို့ရဲ့တေးသံတေးသွား နဲ့အတူ ကုလားတို့ရဲ့အက အမူရာနှင့်ညီအောင် ကနေရပြီး ရယ်စရာ ကောင်းသောဒုံးတစ်မျိုးလည်းဖြစ်ပါတယ်။ ယင်းဒုံး ကုလားအကဟာ အသားဖြူသူတချို့က အိုးမဲသုတ် လိမ်းပြီးမှကကြရပါတယ်။

ယခုခေတ်ဒုံးအများစုက တဖွဲ့မှာ လူ (၃၂) ဦး မှ (၃၄၊ ၃၆) ဦးအထိရှိပါတယ် လူများရခြင်း အကြောင်းမှာ ဒုံးယိမ်းအကဟာ ကကွက်နှင့်အတူကရတာပြီး လူများမှ ကကွက်စေ့ပါတယ် အထူးသဖြင့် ကကွက်တွေဟာ KAREN သင်္ကေတတွေကို ကကြတာများပါတယ် တချို့ကကွက်တွေမှာ ကရင်နှစ် သစ်ကူးနေ့ဆိုတဲ့ သင်္ကေတကို အကွက်ကျကျစီပြီးကကြတယ် အက္ခရာ တစ်လုံးချင်းကို ကကြတာဖြစ်ပါတယ် သို့သော်လည်း ကကွက်စီတဲ့နေရာမှာ ဘယ်ကကွက်ကို ကရမလဲဆိုတာ ကန့်သတ်ချက်မရှိပါ။ သင်ကြားပေးတဲ့ဒုံးဆရာအပေါ်မှာသာမူတည်တယ်လို့ ဒုံးဆရာတစ်ဦး ကပြောပါတယ်။

အများအားဖြင့် ဒုံးအဖွဲ့တိုင်းမှာ ဒုံးပဏာမရှေးဦးကို သုံးယောက်၊ နှစ်ယောက်၊ တစ်ယောက် စသဖြင့်ထားလေ့ရှိပါတယ်။ အဓိကတစ်ဦးမှာ အမျိုးသမီးဖြစ်ပြီး ၄င်းအမျိုးသမီးတစ်ဦးဟာ မေတ္တာပို့ သတဲ့ တေးသီချင်းကိုသီဆိုရင်းကနေရတာဖြစ် ပါတယ် ၊ ၄င်းဆုတောင်းမေတ္တာပို့သခြင်းကို တစ်ပင်တိုင်အက ဟူ၍ခေါ်ဝေါ်ကြပါတယ်။ တစ်ခါတစ်ရံမှာ ဒုံးပဏာမရှေးဦးကို အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား နှစ်ဦး ထားရှိကြပါတယ်။ ၄င်းအမျိုးသားနှစ်ဦးဟာ အမျိုးသမီးရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာ ကနေရပါ တယ်။
ဒုံးပဏမ ရှေးဦးကို အမျိုးမျိုးထားလေ့ရှိကြပါတယ်။ ဒုံးပဏာမရှေးဦးထား ရှိရတဲ့အပြင် ကရင်အမျိုးသား အလံတော်ကို ကိုင်ဆောင်ရမည့် အမျိုးသမီးတစ်ဦးလည်းထားရှိရပါတယ် ဒုံးအဖွဲ့တိုင်း အမျိုးသားအလံကိုင် ဆောင်ရခြင်း၏ အကြောင်းမှာ ကရင်အမျိုးသား၏အလံတော်ကို လေးစားဂုဏ်ပြုခြင်းအနေဖြင့်လည်းကောင်း ဒုံးတစ်ခုလုံး၏ မျက်နှာဖုံးအနေဖြင့်လည်းကောင်း အလံကိုင်ရခြင်းဖြစ်ပါတယ် ၊ ၄င်းအလံကိုင်သူတစ်ဦးဟာ မတ်မတ်ရပ်နေရတဲ့ အပြင် ဒုံးကပြီးသည်အထိ အလံကိုငြိမ်သက်စွာကိုင်ထားရပါတယ်။ ဒုံးစတင်ကတော့မည်ဆိုလျင် အလံကိုင်တဲ့အမျိုး သမီးသည်ဒုံး၏စင်မြင့်ပေါ်၌ ရှေ့သို့ဦးစွာထွက်လာရပါတယ် ၄င်းအလံကိုင်အမျိုး သမီးထွက်လာပြီးမှ ဒုံးပဏာမရှေးဦး သုံးယောက်လည်း မေတ္တာပို့သထွက်လာရပါတယ် မေတ္တာပို့သ ပြီးတဲ့နောက်မှာ ဒုံးတစ်ဖွဲ့လုံးစတင်ကရပါတယ်။

ဒုံးနှင့်အတူတွဲကအသုံးပြူတဲ့ တီးမှုတ်တူရိယာများကတော့ ပင်စည်၊ ကြေးကွင်း၊ နွဲ၊မောင်း၊ ဝါးလက်ခေါက်တို့ဖြစ်ပါ တယ်။ တေးသီချင်းနှင့်အတူသံပြိုင်သီဆိုကရပါတယ် တီးဝိုင်းအနားမှာ နောက်ခံ တေးအဖွဲ့တဖွဲ့လည်းထားရှိရပါတယ်။ ရိုးရာဝတ်စုံအဖြစ် အမျိုးသားမှာ လုံချည်၊ အင်္ကျီအောက်ခံ အဖြူရောင်လက်ရှည် နှင့် အပေါ်ကရိုးရာအင်္ကျီ၊ ခါင်းပေါင်း၊ ခြေစွပ်အဖြူဝတ်ပြီး အမျိုးသမီးမှာလည်း ထဘီ၊ အင်္ကျီ၊ ခေါင်းစည်းပုဝါ နှင့်အတူ ဘယ်ဘက်လက်၏လက်ခလယ်မှာ အဖြူရောင်ပုဝါ သေးသေး လေးတခုကို ညှပ်ထားရပါတယ် အမျိုးသားတွေလိုပဲ ခြေစွပ်အဖြူ များကိုဝတ်ဆင်ကြပါ တယ်။

အခုလက်ရှိဒုံးအကနဲ့ ရှေးခေတ်ကဒုံးအကကို နှိုင်းယှဉ်ကြည့် ခြင်းအားဖြင့် များစွာကွာခြား လှပါတယ်။ အခုလက်ရှိဒုံးယိမ်း အကဟာ စိတ်ကိုမြူးမြူးကြွကြွနဲ့ရှိစေပါတယ်။ရိုးရာယဉ်ကျေး မူနဲ့လည်း လိုက်ဖက်မူရှိပါတယ်။ အထက်မှာဖေါ်ပြခဲ့တဲ့ ရှေး ခေတ်ဒုံး (၇) မျိုးကတော့ ရိုးရာယဉ်ကျေးမူနဲ့ ကိုက်ညီမူ မရှိ တဲ့အတွက် ဒုံးဆရာတစ်ဦးကနေပြီး ဒုံးယိမ်းအကကို ယဉ် ကျေးမူရှိတဲ့အမူအရာလေးရှိလာ အောင် ၁၉၃၆ ခုနှစ် မှာ ပထမတခါ ပြန်လည်ပြုပြင်ခဲ့ပါတယ် ထိုအချိန်ကစပြီး အဆိုပါဒုံး (၇) မျိုးဟာ ပျောက်လုနီးပါး ဖြစ်လာခဲ့ပါတယ်။

ပြန်လည်ပြုပြင်ခဲ့ရခြင်း၏အကြောင်းမှာ ဥမာအားဖြင့် ဒုံးဆအော် (ခေါ်) မျောက်အကဒုံးဟာ မျောက်မျက်နှာလိုမျိုး မျက်နှာအမူအရာထားကရပြီး၊ ဒုံးဒရယ် သည် လည်းပဲ ဒရယ်ဂျိုကိုခေါင်းမှာတပ်ပြီး ကရတဲ့အတွက်ကြောင့် ၄င်းအက တွေဟာ ယဉ်ကျေးမူနဲ့ လိုက် ဖက်မှုမရှိဖြစ်နေပါတယ်။ ထို့ကြောင့် ၄င်းအကတွေကို ပြန်လည်ပြုပြင်ခဲ့ရခြင်းဖြစ်ပါတယ်။

ဒုံးယိမ်းအကကိုပထမဆုံးတခါ ပြန်လည်ပြုပြင်ပြီးနောက်ပိုင်း ကရင်စာပေယဉ်ကျေးမူရှိ ဒုံးဆရာကြီး ရွှေကြိုးကြာမှ ရိုးရာ ယဉ်ကျေးမူဒုံး၏အမည်အခေါ်အဝေါ်နှင့် အကအားလုံးကို တမျိုးတစ်စား တည်းဖြစ်အောင် ယဉ်ကျေးမူရှိရှိနှင့် မြူးမြူး ကြွကြွကရတဲ့အကမျိုးဖြစ်လာအောင် ၁၉၆၄ ခုနှစ် (မဆလ) ခေတ်မှာ ဒုံးယိမ်းအကကို ပြန်လည်ပြုပြင်ဖွဲ့စည်း နိုင်ခဲ့ပါ တယ်။ အဲဒီအချိန်ကစပြီး ကရင်တွေ နှစ်သစ်ကူး ပွဲတော်ကျင်းပတိုင်း ရိုးရာယဉ်ကျေးမှုအကတစ်ခုဖြစ်တဲ့ ဒုံးယိမ်းအက ကိုပါ ကနေခဲ့ကြတာ ဒီကနေ့ဒီ အချိန်အထိပါပဲ။ ဆောင်းနဲ့နှင်းခွဲခြားမရသလို ကရင်လူမျိုးနဲ့ဒုံးယိမ်းအက ဟာခွဲခြားလို့ မရပါဘူး။ နှင်းတွေဝေတဲ့ပြာသိုလရောက်တဲ့အခါတိုင်း ဖါးစည်သံတလွင်လွင်နဲ့ ကရင်ဒုံးယိမ်းအသံလေးတွေဟာ ဆောင်း အလှကိုချယ်မှုန်းထားသလိုပါဘဲ။

ကဲဒီနှစ်မှာကျရောက်တဲ့ ကရင်နှစ်သစ်ကူးပွဲတော်မှာ အတူတကွငြိမ်းချမ်းပျော်ရွင်စွာ ဆင်နွဲနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်....
ကျေးဇူးတင်ပါတယ်
ą
7.jpg
(356k)
ကျော်ဇင် ဦး,
Dec 4, 2009, 9:25 AM
Comments