ကျွန်တော် မတွေ့ ဖူးခဲ့ တဲ့ ဗိုလ်ချုပ်အောင်ဆန်း

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ စည်းရုံးရေးစွမ်းရည်

တက္ကသိုလ်နေ၀င်း

မြန်မာ့ လွပ်လပ်ရေးသမိုင်းကို မှတ်တန်းတင်ရေးသားသည်ရှိသော် ၁၉၄၇-ခုနှစ်ဆန်းက ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် မြန်မာ့လွတ်လပ်ရေးကိစ္စအရေးဆိုရန် ရန်ကုန်မြို့မှ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့သို့ သွားရောက်ခဲ့သည်ကိုလည်းကောင်း၊ ဗိုလ်ချုပ်တို့ အဖွဲ့နှင့် ဗြိတိသျှနန်းရင်းဝန် (၀န်ကြီးချုပ်) မစ္စတာအက်တလီဦးဆောင်သည့် ဗြိတိသျှကိုယ်စာလှယ်အဖွဲ့တို့ ၁၉၄၇-ခုနှစ်၊ ဇန်န၀ါရီလ ၁၃ ရက်နေ့မှစ၍ လန်ဒန်မြို့ရှိ ကမ္ဘာကျော် လိပ်စာတစ်ခုဖြစ်သော အမှတ် ၁၀၊ ဒေါင်းနင်းလမ်း (No. 10, Downing Street)တွင် စတင်ဆွေးနွေးခဲ့သည်ကို လည်းကောင်း ချန်လှပ်ထားလိုက်ပါက ပြီးပြည့်စုံမည် မဟုတ်ချေ။

ထိုနှစ်ဆန်းက သမိုင်းတွင်ကျန်ရစ်မည့် ရက်စွဲတစ်ခုကား ၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ရက်နေ့ပင် ဖြစ်သည်။ အကြောင်းမူကား ထိုနေ့တွင် ဗြိတိသျှအစိုးရက မြန်မာနိုင်ငံအား တစ်နှစ်အတွင်း လုံးဝလွပ်လပ်ရေး ပေးပါတော့မည်ဟု အာမခံချက်ပေးသည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ ကိုအောင်မြင်ချောမောစွာ လက်မှတ်ရေးထိုး လိုက်ကြသောကြောင့်ပင်တည်း။

‘လုံးဝလွတ်လပ်ရေး’ ဆိုသည်မှာလည်း မြန်မာပြည်မနှင့်တကွ တောင်တန်းဒေသရှိ လူမျိုးစုများနေထိုင်ရာဒေသ (ပြည်နယ်) များ အပါအ၀င် UNION ‘ယူနီယံ’ ခေါ် ‘ပြည်ထောင်စု’ ပုံစံအဖြစ် လွတ်လပ်ရေးပေးခြင်းကို ဆိုလိုပေသည်။

(မှတ်ချက်။ ။ ၂၇-၁-၄၇ နေ့တွင် ‘အောင်ဆန်း-အက်တလီစာချုပ်’ လက်မှတ်ရေးထိုးပြီးနောက် ၁၉-၇-၄၇ နေ့တွင် ဗိုလ်ချုပ်နှင့် တကွ အပေါင်းအပါ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရ၍ ကျဆုံးသွားလင့်ကစား ဗိုလ်ချုပ်၏ ဦးဆောင်မှုဖြင့် ဆွေးနွေးတောင်းဆိုရာမှ ရရှိခဲ့သော ‘အောင်ဆန်း-အက်တလီစာချုပ်’သည် ပျက်ပြယ်မသွားခဲ့ပါချေ။ ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ ညပိုင်းမှာပင် ဗိုလ်ချုပ်အောင်ဆန်းနေရာ ဆက်ခံရန်၊ တာဝန်ဆက်လက်ယူရန် ဗြိတိသျှဘုရင်ခံက ဖဆပလအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ သခင်နု (ဦးနု)ကို ဖိတ်ခေါ်ခန့်ထားပြီးနောက် မကြာမီ ဦးနု ကိုယ်တိုင် ဗြိတိသျှအစိုးရ၏ ဖိတ်ခေါ်ချက်အရ လန်ဒန်မြို့သို့ သွားရောက်၍ လွတ်လပ်ရေးအပြီးသတ် အစီအစဉ်အဖြစ် ‘နု-အက်တလီစာချုပ်’ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။)

မည်သို့ပင်ဖြစ်စေ ‘တစ်နှစ်အတွင်း လုံးဝလွတ်လပ်ရေးပေးပါမည်’ ဟု ဗြိတိသျှ အစိုးရက အာမခံချက်ပေးခဲ့သည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ အရ မြန်မာနိုင်ငံသည် ၁၉၄၈-ခု၊ ဇန်န၀ါရီ ၄ ရက်နေ့၊ နံနက် ၄နာရီ မိနစ်၂၀ မှစ၍ ‘ပြည်ထောင်စုသမ္မတနိုင်ငံ’ အဖြစ် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့သောကြောင့် ယင်းသို့ တကယ်လွတ်လပ်ရေးရချိန်၌ သူ အသက်ထင်ရှား မရှိတော့လင့်ကစား သူ၏ဦးဆောင်ကြိုးပမ်းမှုကြောင့် လွတ်လပ်ရေးရခဲ့ခြင်းဖြစ်လေရာ ဗိုလ်ချုပ်အောင်ဆန်းအား ‘လွတ်လပ်ရေးဗိသုကာ’ ဟု ဂုဏ်ပြုတင်စား ခေါ်ဝေါ်နေကြခြင်းဖြစ်သည်။

ယနေ့လူငယ်များ အထူး သိရှိမှတ်သားကြစေချင်သည်ကား လွတ်လပ်ရေး အတွက် ၂၇-၁-၄၇ နေ့က လန်ဒန်မြို့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သော ‘အောင်ဆန်း-အက်တလီစာချုပ်’ကို ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် အခက်အခဲမရှိ လွယ်ကူချောမောစွာ ချုပ်ဆိုနိုင်ခဲ့ခြင်း မဟုတ်ဟူသော အချက်ပင်တည်း။

* * *

ဗိုလ်ချုပ်အောင်ဆန်းသည် လန်ဒန်မြို့သို့ရောက်ပြီး ၀န်ကြီးချုပ် မစ္စတာအက်တလီ ခေါင်းဆောင်သော ဗြိတိသျှအစိုးရအဖွဲ့နှင့် စတင်ဆွေးနွေးကြသည့် ၁၉၄၇-ခု၊ ဇန်န၀ါရီလ ၁၃ ရက်နေ့ကပင် သူ၏လိုလားချက်ကို ဘွင်းဘွင်းနှင့် ပြတ်သားစွာပင် တောင်းဆိုခဲ့သည်။ သူ့အနေဖြင့် မြန်မာနိုင်ငံ ပြည်မအတွက်သာမက တောင်တန်ဒေသရှိ တိုင်းရင်းသားလူမျိုးစုအတွက်ပါ ကိုယ်စားပြု၍ လာရောက်ခြင်းဖြစ်ကြောင်း၊ လိုချင်သည့် လွတ်လပ်ရေးပုံစံကလည်း ပြည်မနှင့် တောင်တန်းဒေသနေ လူမျိုးစုများ၏ ဒေသနယ်ပယ် (ပြည်နယ်) များ စုပေါင်းဖွဲ့စည်းအပ်သည့် UNION ‘ပြည်ထောင်စု’ အသွင်မျိုးဖြစ်ကြောင်းကို ရဲဝံ့ပြတ်သားစွာ ပြောခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဆွေးနွေးပွဲတွင် စတင်အရေးဆိုနေဆဲမှာပင် အနှောက်အယှက်၊ အထစ်အငေါ့တစ်ခု ပေါ်လာပါတော့သည်။

ယင်းကား ဗြိတိသျှ အစိုးရထံသို့ မြန်မာနိုင်ငံမှ ကြေးနန်းတစ်စောင် ရောက်လာခြင်းဖြစ်သည်။ ကြေးနန်းစာတွင် ယခု လန်ဒန်ရောက်နေသူ အောင်ဆန်းသည် တောင်တန်ဒေသ တိုင်းရင်းသားလူမျိုးစုများကို ကိုယ်စားမပြု၊ အထူးသဖြင့် ရှမ်းပြည်နယ်ကို ကိုယ်စားပြုသူမဟုတ်၊ မြန်မာပြည်မ၏ ကိုယ်စားလှယ်သာဖြစ်ကြောင်း ပါရှိလာပြီး ကြေးနန်းစာ၏ အောက်တွင် ရှမ်းစော်ဘွားနှစ်ဦး၏ အမည် ပါလာသည်။

ဤတွင် ဗြိတိသျှ အစိုးရက အဆိုပါ ကြေနန်းစာကိုပြပြီး ဗိုလ်ချုပ်အောင်ဆန်းအား ‘မင်းပြောသလို တိုင်းရင်းသား လူမျိုးစုများကို ကိုယ်စားပြု အရေးဆိုပိုင်ခွင့်မရှိ’ဟု ပြောပါသည်။

ကြေးနန်းစာကြောင့် သခင်မြစသော မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များသည် အထူးစိုးရိမ် တုန်လှုပ်သွားသော်လည်း ဗိုလ်ချုပ်အောင်ဆန်းကမှု ယခုကြေနန်းရိုက်သူ စော်ဘွားနှစ်ဦးသည် လူနည်းစုသာဖြစ်ကြောင်းသိသဖြင့် ဣနြေ္ဒမပျက်ချေ။

ရှမ်းစော်ဘွားနှစ်ဦးက ဗြိတိသျှအစိုရထံ ကြေးနန်းရိုက်လိုက်ကြောင်းကို ရန်ကုန်မြို့ရှိ ဖဆပလဋ္ဌာနချုပ်မှ တာဝန်ရှိလူကြီးများက ကြားသိရလေရာ ချက်ချင်းပင် တန်ပြန်လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ကြပါသည်။

ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့ချုပ်မှ ဦးတင်အေး (နောက်ပိုင်း နိုင်ငံတော် ကောင်စီဝင်)၊ ဦးထွန်းမြင့် (တောင်ကြီး) တို့နှင့်တိုင်ပင်၍ ဗိုလ်ချုပ်အောင်ဆန်းအား အလေးအနက် ထောက်ခံသည့် လူထုစည်းဝေးပွဲတစ်ရပ် ပြုလုပ်ရန် ဗိုလ်မှုးအောင် (ရဲဘော်သုံးကျိပ်)၊ ဗိုလ်ထွန်းလင်း (ပြည်သူ့ရဲဘော်) နှင့် ဦးဖေခင် (နောက်ပိုင်းသံအမတ်ကြီး၊ အငြိမ်းစား) တို့အား တောင်ကြီးမြို့သို့ စေလွှတ်လိုက်ပါသည်။

ဦးတင်အေးနှင့် ဦးထွန်းမြင့် (တောင်ကြီး) တို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုကို အကြွှင်းမဲ့ လက်ခံ ယုံကြည်သူများဖြစ်သည့်ပြင် အလွန်တက်ကြွသော လူငယ်များဖြစ်သည့်အလျောက် သူတို့ခေါင်းဆောင်သည့် ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့ချုပ် သည် ရှမ်းပြည်နယ်တွင် အထူးသြဇာညောင်းပြီး လူငယ်ထုအား စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပါသည်။ ထို့ကြောင့် ဦးတင်အေး အမှုးပြုသော အဖွဲ့ချုပ်ခေါင်းဆောင်များက ပြည်နယ်အတွင်းရှိ မြို့နယ်အဖွဲ့ခွဲများအား စော်ဘွားနှစ်ဦး ဘိလပ်သို့ ကြေးနန်းရိုက်ခြင်းကို ကန့်ကွက်ရှုတ်ချသည့် အစည်းအဝေးများ ပြုလုပ်၍ ဆန္ဒ ပြကြရန် ညွှန်ကြားလိုက်သည်။ ထို့ပြင် တောင်ကြီးမြို့နယ်တွင် လူတန်းစား အလွှာအသီးသီးပါဝင် သည့် လူထုစည်းဝေးပွဲကြီးတစ်ရပ် ကျင်းပရန် စီစဉ်လိုက်သည်။ ယင်းလူထုစည်းဝေးပွဲသို့ တက်ရောက်သူလူဦးရေမှာ နှစ်ထောင်ကျော်ရှိရာ မြန်မာပြည်မတွင်ဆိုလျှင် ပရိတ်သတ် မများလှဟုဆိုနိုင်သော်လည်း ရှမ်းပြည်နယ်အဖို့မှာမူ မကြုံစဖူး ထူးကဲစွာ အင်အားပြလိုက်သော ဆန္ဒပြမှု သို့မဟုတ် နိုင်ငံရေးလှုပ်ရှားမှုကြီးတစ်ရပ် ဖြစ်ခဲ့သည်။ ယင်းအစည်းအဝေးကြီးက ရှမ်းပြည်နယ်အနေဖြင့် မြန်မာပြည်မနှင့်အတူ တစ်ပြိုင်တည်း လုံးဝလွတ်လပ်ရေး တောင်းဆိုကြောင်းနှင့် ပြည်မနှင့်အတူ တောင်တန်းဒေသ ပြည်နယ်များ စုပေါင်းဖွဲ့စည်းအပ်သော ‘ပြည်ထောင်စု’ အသွင်ဖြင့် လုံးဝလွတ်လပ်ရေးရလိုကြောင်း ဗိုလ်ချုပ်အောင်ဆန်း၏ တောင်းဆိုချက်ကို အကြွင်းမဲ့ထောင်ခံပါကြောင်း တခဲနက် ဆုံးဖြတ်ချက်ချလိုက်ပါသည်။ အစည်းအဝေးကို ကြွေးကြော်သံများဖြင့် ရုတ်သိမ်း၍ စနစ်တကျ တန်းစီလှည့်လည်ကာ ဗြိတိသျှအစိုရ တောင်တန်ဒေသ အုပ်ချုပ်ရေးရုံးရှေ့သို့သွားပြီး ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်အော်ကြွေးကြော် ဆန္ဒပြခဲ့ကြသေးသည်။ ဤကား ရှမ်းပြည်နယ် သမိုင်းတွင် ပထမဆုံးအကြိမ် ပြည်သူလူထု၏ နိုင်ငံရေး ဆန္ဒပြမှုကြီးပင် ဖြစ်တော့သည်။

ထိုနေ့မှာပင် ဦးတင်အေး၊ ဦးဖေခင်တို့ အဖွဲ့က ရန်ကုန် ဖဆပလ ဋ္ဌာနချုပ်နှင့် လန်ဒန်မြို့ရောက် ဗိုလ်ချုပ်အောင်ဆန်းတို့ထံသို့ လူထုစည်းဝေးပွဲကြီး၏ ဆုံးဖြတ်ချက်ကို အမြန်ကြေးနန်းရိုက် အကြောင်းကြားလိုက်ကြသည်။

ဗိုလ်ချုပ်ကလည်း ဗြိတိသျှဝန်ကြီးချုပ် မစ္စတာအက်တလီအား တောင်ကြီးမြို့ လူထုအစည်းအဝေးကြီးမှ ဆုံးဖြတ်ချက်ကို ထုတ်ပြလိုက်သောအခါ ‘အောင်ဆန်းသည် ရှမ်းပြည်နယ်ကို ကိုယ်စားမပြု’ ဟူသော စော်ဘွားနှစ်ဦး၏ ကြေးနန်းသည် အလိုအလျောက် ပျက်ပြယ်သွားလေတော့သည်။

သို့နှင့်ပင် ဗိုလ်ချုပ်တို့ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှ အစိုရတို့ ညှိနှိုင်း ဆွေးနွေးပွဲ ဆက်လက်ကျင်းပနိုင်ခဲ့ရာ နောက်ဆုံး၌ ဗြိတိသျှတို့သည် မတတ်သာတော့ဘဲ မြန်မာနိုင်ငံအား ‘ပြည်ထောင်စု’ ပုံစံဖြင့် လုံးဝလွတ်လပ်ရေးပေးရန် သဘောတူကြောင်း အတည်ပြုသည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ ကို ၂၇-၁-၄၇ နေ့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုလိုက်ရတော့သည်။

သို့ရာတွင် မစ္စတာ အက်တလီဦးဆောင်သော ဗြိတိသျှအစိုးရသည် ၀န်ကြီးချုပ်ဟောင်း ‘ချာချီ’ ဦးဆောင်သည့် ‘ကွန်ဆာဗေးတစ်’ ပါတီ၏ ဖိအားပေးမှုကြောင့် ‘အောင်ဆန်း-အက်တလီစာချုပ်’ တွင် မသိမသာ လှည့်ကွက်သဖွယ် ‘၀ှက်ဖဲ’ တစ်ခု ထည့်သွင်းရေးသားထားလေသည်။ ယင်း ‘၀ှက်ဖဲ’ ကတော့ ဤသို့ဖြစ်သည်။

‘အောင်ဆန်း-အက်တလီစာချုပ်’ ၏ အပိုဒ် ၃(ဂ) တွင် –

‘တောင်တန်းဒေသ ပြည်နယ်များအတွက်မူ သက်ဆိုင်ရာ လူမျိုးစု ခေါင်းဆောင်များကိုယ်တိုင်က မြန်မာပြည်မနှင့်အတူ လွတ်လပ်ရေး ရယူကာ ‘ယူနီယံ’ ခေါ် ပြည်ထောင်စုပုံစံဖြင့် နေလိုကြောင်း အခိုင်အမာ စာချုပ်တစ်ခု လက်မှတ်ရေးထိုးပေးကြရမည်’ ဟု ထည့်သွင်းထားခြင်းပင်ဖြစ်သည်။

ဤကား တောင်တန်းဒေသမှ တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာ ပြည်နယ်များနှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းအား ‘စိန်ခေါ်’ လိုက်ခြင်းပင် ဖြစ်သည်။ ဗိုလ်ချုပ်ကလည်း ယင်းစိန်ခေါ်ချက်ကို ရဲဝံစွာပင် လက်ခံကာ ၁၉၄၇-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ အရောက် ရန်ကုန်သို့ ပြန်လာခဲ့ပါသည်။

* * *

ထိုအချိန်၌ တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များ၏ စုံညီအစည်းအဝေးကို ရှမ်းပြည်နယ် ပင်လုံမြို့၌ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားပြီးဖြစ်ရာ ဗြိတိသျှတို့က ဗိုလ်ချုပ်အောင်ဆန်းအား အဆိုပါ ‘ပင်လုံအစည်းအဝေး၌ လူမျိုးစု ခေါင်းဆောင်များ၏ သဘောတူ လက်ခံကြောင်းစာချုပ် လက်မှတ်ရေးထိုးအောင် တတ်နိုင်လျှင် လုပ်ပြပါလော့’ ဟုစိန်ခေါ်လိုက်ခြင်းပင်ဖြစ်သည်။

ဗိုလ်ချုပ်တို့ ဗြိတိန်နိုင်ငံရောက်နေချိန်တွင် မြန်မာပြည်ရှိ ဗြိတိသျှအစိုရ တောင်တန်းဒေသ အုပ်ချုပ်ရေးဋ္ဌာနမှ ‘စတီဗင်ဆင်’ဆိုသူ ဦးဆောင်သော နယ်ချဲ့လက်ပါးစေများသည် တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များအား နည်းမျိုးစုံဖြင့် သွေးခွဲနေခဲ့ကြသည်။

‘အောင်ဆန်းတို့ မယုံကြနဲ့၊ သူနဲ့ပေါင်းရင် ခင်ဗျားတို့ ဒုက္ခရောက်မှာပဲ၊ ဗြိတိသျှအုပ်စိုးမှု အောက်မှာပဲနေမှ ခင်ဗျားတို့သက်သာမယ်’ စသည်ဖြင့် ခြေထိုးသွေးခွဲသလို တစ်ဖက်ကလည်း နိုင်ငံခြားမှ အကောင်းဆုံး အရက်ယမကာများ၊ စားကောင်းသောက်ဖွယ်များဖြင့် ဖြားယောင်းစည်းရုံးမှုကြောင့် လူမျိုးစုခေါင်းဆောင်အချို့သည် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ် လက်မှတ်ထိုးသင့်၊ မထိုးသင့် စဉ်းစားရာ၌ တွေဝေလျက် ရှိကြသည်။

ထို့ကြောင့်လည်း ဗိုလ်ချုပ်သည် လန်ဒန်မြို့၌ တစ်လလုံးလုံး အလွန်ပင်ပန်းစွာ အလုပ် လုပ်ခဲ့ရပြီးနောက် ရန်ကုန်ပြန်ရောက်သောအခါ အနားယူ အပန်းဖြေရန်ပင် စိတ်မကူးတော့ဘဲ ပင်လုံသို့ ဖေဖေါ်ဝါရီလ ၈ ရက်နေ့အရောက် ခရီးထွက်ခဲ့ပါသည်။

ဗိုလ်ချုပ် ပင်လုံသို့ရောက်သွားချိန်၌ အခြေအနေမှာ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ကျင်းပမည့် ပင်လုံညီလာခံကြီးတွင် တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များ စည်းလုံးညီညွတ်စွာဖြင့် လက်မှတ်ရေးထိုးကြပါ့မလား ဟုစိုးရိမ်ဖွယ် ဖြစ်နေသည်မှာ အမှန်ပင် ဖြစ်ပါသည်။

ယင်းအခြေအနေကို ကောင်းစွာသိပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုကို အကြွင်းမဲ့ယုံကြည်ထောက်ခံသူ ကချင်ခေါင်းဆောင် ဆမားဒူဝါဆင်ဝါးနောင်၊ မိုင်းပွန်စော်ဘွားကြီး (အာဇာနည်ခေါင်းဆောင်) နှင့်တကွ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့မှ ဦးတင်အေး၊ ဦးထွန်းမြင့် (တောင်ကြီး)၊ အိုင်စီအက်စ် ဦးတင်ထွဋ်၊ ဦးဖေခင် စသောပုဂ္ဂိုလ်များက ပင်လုံရောက် ကိုယ်စာလှယ်များအား အလျင်အမြန် စည်းရုံးလှုပ်ရှားမှုဖြင့် နှစ်နာရီ အတွင်း ကိုယ်စားလှယ်ပေါင်းစုံပါဝင်သော အစည်းအဝေးတစ်ခု ဖြစ်မြောက်သွားပါတော့သည်။

ယင်းအစည်းအဝေးသို့ ဗိုလ်ချုပ်ကိုယ်တိုင်တက်ရောက်ပြီး ‘ယူနီယံ’ ခေါ် ပြည်ထောင်စု အသွင်ဖြင့် ပြည်နယ်များနှင့် ပြည်မတို့ ပူးပေါင်းဖွဲ့လျက် လွတ်လပ်ရေး ရယူခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်ကြောင်း အချက်အလက် စုံလင်စွာဖြင့် ရှင်းလင်းပြောပြရာ အားလုံးက နားလည်သဘောပေါက်သွားပြီး လက်ခံသဘောတူညီသွားကြလေသည်။

ထိုနေ့ကား ၁၉၄၇-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ပင်ဖြစ်သည်။

တစ်နည်းအားဖြင့် ပြည်ထောင်စုနေ့ (ဖေဖေါ်ဝါရီလ ၁၂) ဖြစ်ပေါ်လာစေသည့် ပင်လုံညီညွတ်ရေး စာချုပ်ကြီး ဖြစ်မြောက်အောင်မြင်ရန် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ညနေကျမှပင် သေချာသွားခဲ့ပါသည်။

ထိုအချိန်၌ ‘စတီဗင်ဆင်’ ဦးဆောင်သော ဗြိတိသျှနယ်ချဲ့လက်ပါးစေအုပ်စုကတော့ နောက်ဆုံးအခြေအနေကို မသိကြသေး။ သူတို့သွေးခွဲ ခြေထိုးထားသည့်အတိုင်း ပင်လုံစာချုပ် မည်သို့မှ ဖြစ်မြောက်နိုင်မည် မဟုတ်ဟု တထစ်ချ ထင်နေကြဆဲပင် ဖြစ်သည်။

တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များနှင့်တကွ ကချင်ဒူဝါများ၊ ရှမ်ပြည်နယ်မှ နယ်ရှင်စော်ဘွားများသည် ဗိုလ်ချုပ်၏ နှလုံးသားအတွင်း အခိုင်အမာ ကိန်းအောင်းနေသည့် ‘ပြည်ထောင်စုစိတ်ဓါတ်’ အကြောင်း ကောင်းစွာသိမြင် သဘောပေါက်သွားကြပြီ ဖြစ်လေသည်။

ထို့ကြောင်ပင် နောက်တစ်နေ့ ဖေဖေါ်ဝါရီလ ၁၂ ရက် နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း အမှုးပြုသော ကိုယ်စာလှယ် ၂၂ဦး တို့သည် သမိုင်းဝင် ‘ပင်လုံညီညွတ်ရေး စာချုပ်ကြီး’ ကို တစ်ယောက်ပြီးတယောက် ဆက်တိုက် လက်မှတ်ရေးထိုးလိုက်ကြသည်။

ဤကား ၁၉၄၂-ခုနှစ် ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ခေတ်မှစ၍ ဗိုလ်ချုပ်အနေဖြင့် အထူးကြိုးစာ တည်ဆောက်ခဲ့သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ စစ်ပြီးခေတ် ဖဆပလ အဖွဲ့ချုပ် သို့မဟုတ် အမျိုးသားတပ်ဦးကြီး၏ ဥက္ကဋ္ဌအဖြစ် တိုင်းရင်းသားလူမျိုးစု များအား တရင်းတနှီး စည်းရုံးခဲ့ခြင်း၊ (၂၆-၉-၄၆) နေ့တွင် အစိုးရ အာဏာရရှိပြီး နောက်တွင်လည်း တောင်တန်းဒေသများသို့ ကိုယ်တိုင်သွားရောက်လျက် သွေးချင်းလူမျိုးစုများအား အပင်ပန်းခံ စည်းရုံးခဲ့ခြင်းတို့၏ ရလဒ်ပင်တည်း။

တစ်နည်းအားဖြင့် ဗိုလ်ချုပ်သည် သူ၏ စည်းရုံးရေးစွမ်းရည်ဖြင့် ‘ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်’ ဟူသော လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံကို ကမ္ဘာ့မြေပုံပေါ်တွင် ထင်ရှား ပေါ်လွင်စွာ ရေးဆွဲဖန်တီးနိုင်ခဲ့ခြင်းပင် ဖြစ်ပါသတည်း။

စတိုင်သစ်မဂ္ဂဇင်း (ဖေဖေါ်ဝါရီ-၁၉၉၅)


ကားပျက်၍ ခြေလျင် လျှောက်ခဲ့သော ဗိုလ်ချုပ်


အောက်ပါ ဗိုလ်ချုပ် အကြောင်းကို ဖိုးတရုတ်၏ အင်တာနက်စာမျက်နှာမှဖေါ်ပြလိုက်ပါတယ်။ တက္ကသိုလ်နေ၀င်းရေးတဲ့ အမှတ်တရ ဗိုလ်ချုပ် ကို ဆက်လက်ပြီး အင်တာနက်တွင် အပိုင်းလိုက် သိမ်းဆည်ဖေါ်ပြသွားပါမယ် ။လာရောက်လေ့ လာဖတ်ရှု တဲ့ အတွက် ကျေးဇူးတင်ပါတယ်။

(ဒေါင်းတမာန်)

ဆောင်းပါးရှင် - တက္ကသိုလ် နေ၀င်း (ဗိုလ်ထွန်းလှ)

စာဖတ်ပရိသတ်များခင်ဗျား -

ဗိုလ်ချူပ်ရဲ့  ကိုယ်ရေးအရာရှိ (PA) တစ်ဦး ဖြစ်သူ တက္ကသိုလ် နေ၀င်း ရေးသားထားတဲ့ “ဗိုလ်ချူပ်အောင်ဆန်းနှင့် လွတ်လပ်ရေး ကြိုးပမ်းမှု မှတ်တမ်း” စာအုပ်မှ အတုယူ လေးစားဖွယ် ဗိုလ်ချူပ်ရဲ့ စိတ်ဓါတ်ကို ထုတ်နှုတ် တင်ပြလိုက်ပါတယ်။ ယခုလာမဲ့ ဖေဖော်ဝါရီ (၁၃) ရက်နေ့ဟာ ကျွန်တော်တို့ ဗိုလ်ချုပ်ရဲ့  မွေးနေ့ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံ လွတ်လပ်ရေး ရအောင် စွမ်းစွမ်းတမံ ကြိုးစားခဲ့တဲ့ တပ်မတော် ဖခင် ဗိုလ်ချုပ် အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့် ဒီဆောင်းပါးကို ကျွန်တော် ကိုဖိုးတရုတ်မှ တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ ယနေ့ ဗိုလ်ချူပ် တွေနဲ့တော့ ဆန့်ကျင်ဘက် ဖြစ်နေတာကို လေ့လာသိရှိကာ အခွင့်အရေးကို ရသလောက် ရဟန်း သံဃာ ကျောင်းသား ပြည်သူတွေရဲ့  အသက်နဲ့ ဖလှယ်ပြီးတောင် မတရားရယူထားတဲ့ တပ်မတော်ကို ခုတုံးလုပ်သူ စစ်အာဏာရှင်တစ်စုကို ဖယ်ရှားကြဖို့ တိုက်တွန်းနှိုးဆော်ရင်း တင်ပြ လိုက်ရပါတယ်ခင်ဗျား။

၁၉၄၆ ခုနှစ် စက်တင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့မှ ပြန်လည် စတင်ရမည် ဖြစ်ပါသည်။ ထိုနေ့သည် မြန်မာ့ လွတ်လပ်ရေး သမိုင်းမှာ အရေးပါသော မှတ်တိုင်တစ်ခုလည်း ဖြစ်ပါသည်။ အကြောင်းမူကား လန်ဒန်မြို့ ရှိ ဗြိတိသျှ အစိုးရ၏ ညွှန်ကြားချက်အရ ရန်ကုန်မှ အင်္ဂလန် ဘုရင်ခံက ဗိုလ်ချုပ်အောင်ဆန်းအား အုပ်ချုပ်ရေး အာဏာ လွှဲပြောင်းပေးခဲ့သောနေ့ ဖြစ်သောကြောင့်ပင်တည်း။

တနည်းအားဖြင့် ၂၆-၉-၄၆ နေ့သည် ဗိုလ်ချုပ်အောင်ဆန်း အုပ်ချုပ်ရေး အာဏာ ရရှိကာ ၀န်ကြီးများအဖွဲ့ (ကက်ဘိနက်) ခေါင်းဆောင် ဖြစ်လာသည့်နေ့ပင် ဖြစ်ပါသည်။ ထိုနေ့နံနက် ရန်ကုန်မြို့  အလုံလမ်းရှိ အင်္ဂလိပ် ဘုရင်ခံ အိမ်တော် (ယနေ့ ပြည်သူ့ လွှတ်တော်တည်ရာ) သို့ သွား၍ ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရ အဖွဲ့ ခေါင်းဆောင် တာဝန်ကို လက်မှတ်ရေးထိုး ရယူပြီးနောက် ဗဟန်း၊ တာဝါလိန်းလမ်းရှိ သူ၏ နေအိမ် (ယခု ဗိုလ်ချုပ် ပြတိုက်) သို့ ပြန်ရောက် ရောက်ချင်း ကျွန်တော့်အား ခေါ်၍ အရေးကြီးစကား ပြောခဲ့ပါသည်။

Gen Aung San Meeting

“ဟေ့ကောင် ဒီနေ့ကစပြီး ငါဟာ အစိုးရအဖွဲ့ (ကက်ဘိနက်) ခေါင်းဆောင် ဖြစ်လာပြီ၊ မင်းကလည်း ငါ့ရဲ့  ပီအေ (အပါးတော်မြဲ) အဖြစ် တစ်ရက် နှစ်ရက်အတွင်း တရားဝင် ပြန်တမ်း ထွက်လာလိမ့်မယ်၊ ဒီတော့ ငါတို့မှာ အဆောင်ယောင် အခွင့်အရေးတွေ ရလာလိမ့်မယ်၊ အာဏာ ရလာတယ်ဆိုရင်ပဲ ငါတို့ကို ချဉ်းကပ် အကူအညီ တောင်းတာတွေ လာလိမ့်မယ်၊ ငါ့ရဲ့  ဆွေမျိုးတွေ၊ ငါ့မိန်းမဘက်က အမျိုးတွေ၊ ပြီးတော့ မင်းနဲ့ ပတ်သက်တဲ့ အပေါင်းအသင်းတွေ အားလုံး ဘယ်သူ့ကိုမှ မတရား အခွင့်အရေး မပေးရဘူး၊ သူတို့ အကူအညီ တောင်းတာကို လုပ်မပေးရဘူး၊ မင်းတို့ ငါတို့ကလည်း ဘယ်သူ့ဆီကမှ ဘာအကူအညီမှ မယူရဘူး၊ အခွင့်အရေး မယူရဘူး။”

ဤသို့လျှင် ဗိုလ်ချုပ်သည် ကျွန်တော့်အား တိကျပြတ်သားစွာ ပြောခဲ့ရာ တနည်းအားဖြင့် သူ၏ သဘောထား ဆန္ဒ နှင့် လမ်းညွှန်ချက် ပေးလိုက်ခြင်းပင် ဖြစ်သည်ဟု ဆိုရပါမည်။

“ဘယ်သူ့ဆီကမှ အကူအညီ မယူရဘူး၊ အခွင့်အရေး မယူရဘူး” ဟူသော ဗိုလ်ချုပ်စကား၏ အဆုံးသတ်ပုံကို ကျွန်တော်သည် ယနေ့အထိ မမေ့နိုင်ပါ။ မမေ့နိုင်အောင်လည်း ဗိုလ်ချုပ် အောင်ဆန်းသည် သူအမိန့်ပေး ညွှန်ကြားသလို သူကိုယ်တိုင်လည်း လိုက်နာ ကျင့်သုံးခဲ့ကြောင်း ကိုယ်တွေ့ ဖြစ်ရပ်တစ်ခု ကြုံတွေ့ခဲ့ရပါသည်။

ကြုံတွေ့ခဲ့ရပုံမှာ ဤသို့ ဖြစ်ပါသည်။ ထိုအချိန်က “ဘုရင်ခံ၏ အမှုဆောင်ကောင်စီ” ဟုခေါ်သော အစိုးရအဖွဲ့၏ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ၀န်ကြီးအဖြစ် စီးခဲ့သည့် မော်တော်ယာဉ်မှာ အင်္ဂလန် ပြည်လုပ် “၀ူစလီ” အမျိုးအစား အနက်ရောင် ဆလွန်းကား အမှတ် RA/2874 ဖြစ်ပါသည်။

e18080e180ace180b8e18095e180b6e180af

ဗိုလ်ချုပ်၏ အိမ်တွင် ထိုကားတစ်စီးမှ လွဲ၍ အခြား မော်တော်ကား မရှိခဲ့ပါ။ ဗိုလ်ချုပ်မှာ အစိုးရ အဖွဲ့ တာဝန် အပြင် နိုင်ငံရေး အဖွဲ့အစည်း (ဖဆပလ အဖွဲ့ချုပ်) ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထား၍ အလွန်အလုပ်များနေရာ သူလှုပ်ရှားသွားလာရာ၌ အထက်ဖော်ပြပါ မော်တော်ကား တစ်စီးနှင့်ပင် သွားလာရသောကြောင့် ဗိုလ်ချုပ် ကတော် ဒေါ်ခင်ကြည်နှင့် သားသမီးများ အနေဖြင့် မော်တော်ကား စီးခွင့်သိပ်မရကြရှာပါ။ ရံဖန်ရံခါ ရုံးပိတ်ရက် တနင်္ဂနွေနေ့ ညနေဘက်တွင် ဗိုလ်ချုပ်က ဇနီးနှင့်ကလေးများကိုပါ ခေါ်ပြီး ကန်တော်ကြီး တပတ် ကားလျှောက်စီးသည့် အခါလောက်တွင်သာ စီးခွင့်ရကြပါသည်။

“ဗိုလ်ကြီး၊ ကားဘာဖြစ်တယ် မသိဘူး၊ စက်နှိုးလို့ မရဘူး၊ ကျွန်တော်လည်း တတ်သလောက် မှတ်သလောက် အမျိုးမျိုး ကြိုးစားပြင်ကြည့်တယ်၊ ဘယ်လိုမှ နှိုးလို့ မရဖြစ်နေတယ်၊”

“ဟေ.. ဟုတ်လား၊ မင်း သေသေချာချာ လုပ်ကြည့်ပြီးပြီလား” ကျွန်တော်က ဤသို့ ပြန်မေး ရခြင်းမှာ ရဲဘော် ကျော်စိန်သည် ကားမောင်းတတ်ရုံမက စက်ပြင်ပညာပါ အသင့်အတင့် တတ်ထားသူ ဖြစ်၍ မေးလိုက်ခြင်း ဖြစ်ပါသည်။

“ဟုတ်ကဲ့၊ ကျွန်တော် အစွမ်းကုန် ကြိုးစားကြည့်ပြီးပါပြီ၊ လုံးဝ စက်နှိုးလို့ မရပါဘူး၊”

ရဲဘော်ကျော်စိန် ပြန်ပြောချိန်တွင် ကျွန်တော်သည် လက်ပတ်နာရီကို ကြည့်လိုက်ရာ မနက် (၉) နာရီခွဲ ကျော်နေပြီ ဖြစ်ကြောင်း တွေ့ရသဖြင့် မျက်လုံး ပြူးသွားမိပါသည်။ ထိုနေ့ မနက် (၁၀)နာရီတွင် အတွင်းဝန် ရုံး၌ ဗိုလ်ချုပ်က ၀န်ကြီးအဖွဲ့ အရေးပေါ် အစည်းအဝေး ခေါ်ထားသဖြင့် ကျွန်တော်တို့ ရုံးကို (၁၀) နာရီ အရောက်သွားရန် အရေးကြီးသောကြောင့် စိုးရိမ်သွားမိခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်တော်လည်း ချက်ချင်းပင် ဗိုလ်ချုပ်အား အကျိုးအကြောင်း သတင်းပို့မှ ဖြစ်ချေတော့မည်ဟု ဆုံးဖြတ်ကာ ဗိုလ်ချုပ် ရှိရာ အိမ်အောက်ထပ် ဧည့်ခန်းသို့ ခပ်သုတ်သုတ် သွားလိုက်ပါသည်။ ဗိုလ်ချုပ်က ကျွန်တော့်အား မြင်လျှင် သူ့အား ရုံးသွားရန် လာခေါ်ပြီဟု ယူဆဟန်ဖြင့် “ဘာလဲဟေ့.. ငါတို့ သွားကြတော့မလား” ဟု မေးပြီး ထိုင်နေရာမှ “ထ” လိုက်ပါသည်။ ဒီတော့မှ ကျွန်တော်က မော်တော်ကား အခြေအနေကို ပြောပြလိုက် ရပါသည်။

“ဗိုလ်ချုပ် ရုံးသွားလို့ မဖြစ်သေးဘူး၊ ဒီနေ့ မော်တော်ကား ပျက်နေတယ်၊ ရဲဘော် ကျော်စိန် အမျိုးမျိုး ကြိုးစားပြီး နှိုးကြည့်တာဘဲ၊ ဒါပေမဲ့ ဘယ်လိုမှ စက်နှိုးလို့ မရဘူး။ ကျွန်တော်တို့ ကားတွေ ပြုပြင်ဖို့ တာဝန်ယူတဲ့ ကုန်းလမ်း ပို့ဆောင်ရေး ဌာန ၀ပ်ရှော့ကို ပို့ပြီး ပြင်မှ ဖြစ်မယ်။”

“ဟုတ်လား. ကားက လုံးဝ မောင်းလို့ မရတော့ဘူးလားကွ”

“ဟုတ်ကဲ့ လုံးဝ စက်နှိုးလို့ မရဘူးဖြစ်နေတယ်၊ ရုံးမှာလည်း ဗိုလ်ချုပ်ခေါ်ထားတဲ့ အစည်းအဝေးက (၁၀) နာရီ စဖို့ ရှိနေတယ်၊ အခု (၉) နာရီခွဲ ကျော်နေပြီ၊ ဒါကြောင့် ကျွန်တော်တို့ ရုံးကို အချိန်မှီ သွားနိုင်အောင် တယောက်ယောက်စီက မော်တော်ကားတစ်စီး ဖုန်းဆက်  တာင်းလိုက်မယ်။” ပြောပြောဆိုဆို ကျွန်တော်သည် အိမ်ပေါ်ထပ် တက်သည့် လှေကားရင်းရှိ တယ်လီဖုန်းဆီကို လျှောက်သွားစဉ် ဗိုလ်ချုပ်က လှမ်းခေါ်လိုက်ပါသည်။

“ဟေ့ကောင်.. မင်းက တယ်လီဖုန်းဆက်ပြီး မော်တော်ကား တောင်းမလို့ မဟုတ်လား” ဗိုလ်ချုပ်၏ လေသံက တင်းမာနေသဖြင့် ကျွန်တော်လည်း ဆက်မလျှောက်တော့ဘဲ ဗိုလ်ချုပ် ရှိရာသို့ ပြန်လှည့်လာခဲ့ပါသည်။

“ဟုတ်ကဲ့ ဒါမှ ကျွန်တော်တို့ ရုံးကို မြန်မြန်သွားနိုင်မှာ မဟုတ်လား” ကျွန်တော်က အမှန်အတိုင်း ပြန်ပြောလိုက်ရာ ဗိုလ်ချုပ်သည် ပို၍ လေသံပြင်းစွာဖြင့် ကျွန်တော့်အား အပြစ်တင် ပါလေ တော့သည်။

“မင်းက တော်တော် ညံ့သေးတာဘဲ၊ တယ်လီဖုန်း ဆက်ပြီး မော်တော်ကားတောင်းဖို့ တခုတည်းဘဲ မင်း တွေးမိတာကိုး၊ မင်းတို့ ငါတို့ အနေနဲ့ အခုနေအခါ မော်တော်ကား လှမ်းတောင်း လိုက်ရင် တစ်စီးမဟုတ်ဘဲ (၁၀) စီးလည်း ရနိုင်တယ်၊ အဲဒါ ဆက်စပ်ပြီး စဉ်းစား ကြည့်မှာပေါ့၊ စီးပွားရေး လုပ်ငန်းရှင်တွေဟာ ငါတို့ကို မော်တော်ကားပေး ကူညီတာကို အကြောင်းပြုပြီး သူတို့က ငါတို့ဆီက မတရား အခွင့်အရေးတွေ တောင်းလာမှာ ကိုတော့ မင်း မတွေးမိဘူး မဟုတ်လား၊ မင်းကို ငါ အစောကြီးကတည်းက ကြိုပြောခဲ့တယ် မဟုတ်လား၊ မင်းတို့ ငါတို့ အနေနဲ့ ဘယ်သူ့ဆီကမှ ဘာ အကူအညီမှ မယူရဘူး၊ အခု မင်းက မော်တော်ကား လှမ်းတောင်းတာ ဟာလည်း အခွင့်အရေး ယူတာဘဲ၊ ဒါကြောင့် မင်း စောစောက စိတ်ကူးသလို တယ်လီဖုန်း ဆက်ပြီး မော်တော်ကား မတောင်းရဘူး။”

“ဒါဖြင့် ကျွန်တော်တို့ ဘာလုပ်ရမလဲ ဗိုလ်ချုပ်”

“ဘာမှ လုပ်မနေနဲ့ ငါတို့ ကားပျက်နေတယ် မဟုတ်လား၊ ဒီတော့ မင်းနဲ့ငါ ရုံးကို လမ်းလျှောက် သွားကြမယ်၊ ရုံးရောက်တော့မှ သယ်ယူပို့ဆောင်ရေး ဌာနကို ဖုန်းဆက်ပြီး ငါတို့ကားကို စက်ပြင်သမားတွေ လာဆွဲယူဖို့နဲ့ ပြင်ပေးဖို့ ပြောပေါ့၊ ကဲ ပြောနေတာ ကြာတယ်ကွာ သွားကြစို့”

ပြောပြောဆိုဆို ဗိုလ်ချုပ်သည် စိတ်မြန်သူ ပီပီ သူကိုင်နေကျ မိုးကာ အင်္ကျီကို လက်မောင်းတွင် ခေါက်တင်လျှက် အိမ်ရှေ့ လှေကားမှာ ဆင်း လျှောက်သွားပါတော့သည်။ ကျွန်တော်လည်း မည်သို့မှ မတတ်နိုင်ဘဲ သူ၏ နောက်မှ ခပ်သုတ်သုတ် ပြေးလိုက်သွားရပါသည်။

သူ အစိုးရ အဖွဲ့ အာဏာရယူသည့် နေ့က ပြောခဲ့သော “ဘယ်သူ့ဆီကမှ အကူအညီ မယူရဘူး၊ အခွင့်အရေး မယူရဘူး” ဟူသော စကားအတိုင်း ဗိုလ်ချုပ်သည် အယူသည်းစွာ ကိုယ်တိုင် လိုက်နာ ကျင့်သုံးနေပါသည် တကား ဟုသာ စိတ်ထဲမှ ဆင်ခြင်သုံးသပ်မိပါသည်။

သို့နှင့်ပင် ကျွန်တော်နှင့် ဗိုလ်ချုပ်တို့ ဆရာတပည့်နှစ်ဦးသည် တာဝါလိန်းလမ်းမှ ထွက်၍ နတ်မောက်လမ်း၊ ဗဟန်းလမ်း အတိုင်း လျှောက်ပြီး ဗဟန်း အ၀ိုင်းကို ဖြတ်ကျော်ကာ တိရစ္ဆာန်ရုံ ဘေးရှိ ပလက်ဖောင်းသို့ပင် ရောက်သွားကြပါသည်။

ဗိုလ်ချုပ်က ရှေ့ မှ ခြေလှမ်းသွက်စွာဖြင့် လျှောက်ပြီး ကျွန်တော်က နောက်မှ လိုက်သွားရာ အော်စတင် အမျိုးအစား မော်တော်ကားငယ် တစ်စီး ကျွန်တော့်အနီးတွင် ထိုးစိုက်လာသဖြင့် ကျွန်တော်လည်း အံ့အားသင့်စွာ လှမ်းကြည့်မိပါသည်။

ထိုကားကလေးကို မောင်းလာသူမှာ မြန်မာ့ရုပ်ရှင်ကို စတင်တီထွင်သူ ရုပ်ရှင်ဖခင်ကြီး လန်ဒန်အတ် ဦးအုံးမောင် ဖြစ်နေပါသည်။ ထိုအချိန်က သူသည် ဗဟန်း ၀င်္ကပါလမ်းတွင် ခေတ္တနေထိုင်ပြီး ဆူးလေ ဘုရားလမ်းရှိ သူ၏ ဓာတ်ပုံတိုက်နှင့် ရုပ်ရှင် ကုမ္ပဏီ ရှိရာသို့ ကိုယ်တိုင် ကားမောင်းသွားခြင်းဖြစ်ဟန် တူပါသည်။ ကျွန်တော်သည် ကျောင်းသားဘ၀က ရုပ်ရှင်ဝါသနာ ပါသဖြင့် ရုပ်ရှင် စတူဒီယိုများသို့ ရံဖန်ရံခါ သွားရောက်လေ့လာရင်း ဦးအုံးမောင်နှင့် သိကျွမ်းနေပါသည်။

“ဟေ့ မောင်ရင်.. ခဏလာပါဦးကွယ့်” ဦးအုံးမောင်က ကားရပ်ပြီး လှမ်းခေါ်သဖြင့် သူခေါ်ရာသို့ ချဉ်းကပ်သွား ပါသည်။ ဗိုလ်ချုပ်က လုံးဝ လှည့်မကြည့်ဘဲ ဆက်လျှောက်သွားပါသည်။

“နေစမ်းပါဦး၊ မောင်တို့ ဆရာတပည့် ဘယ်လို ဖြစ်လာတာလဲ၊ လမ်းမပေါ် ခြေကျင် လျှောက်ရသလား၊ မော်တော်ကား ကောကွယ့်” ဦးအုံးမောင်က မေးသဖြင့် ကျွန်တော်ကလည်း “ဗိုလ်ချုပ်ရဲ့ ကား ပျက်နေလို့ စက်နှိုးမရတာနဲ့ အိမ်မှာဘဲ ထားပစ်ခဲ့ရပါတယ်” လို့ ပြန်ပြော လိုက်ပါသည်။

“ဖြစ်မှ ဖြစ်ရလေ မောင်ရင်ရယ်၊ ကားပျက်ရင်လည်း တစ်ယောက်ယောက်စီက ကားတစ်စီး ခဏတောင်းပြီး စီးသွားရောပေါ့၊ မောင်ရင့်ဆရာ ဗိုလ်ချုပ်လို ပုဂ္ဂိုလ်က လမ်းဘေး ပလက်ဖောင်းမှာ ခြေလျှင် လျှောက်နေရတာ မသင့်တော်ပါဘူး။”

“ကျွန်တော်လည်း ဦးလေး ပြောသလိုဘဲ မော်တော်ကား တစ်စီး ဖုန်းဆက်တောင်းမလို့ဘဲ၊ ဒါပေမဲ့ ဗိုလ်ချုပ်က မတောင်းရဘူးတဲ့၊ ဗိုလ်ချုပ်စီးဖို့ မော်တော်ကား ကူညီရတာကို အကြောင်းပြုပြီး နောက်ပိုင်းကျရင် မတရား အခွင့်အရေးတွေ တောင်းလာလိမ့်မယ်၊ စီးပွားရေး သမားတွေဟာ အဲဒီလို လုပ်တတ်တယ်လို့ ဆိုပြီး အတွင်းဝန် ရုံး ရောက်အောင် ခြေလျှင် လျှောက်ကြမယ် လို့ ပြောပါတယ်။”

ကျွန်တော်က ရှင်းပြသည်ကို လန်ဒန်အတ် ဦးအုံးမောင်သည် နားလည်သဘောပေါက်ဟန်ဖြင့် ပြုံးပြီး ခေါင်းညိတ် လိုက်ပါသည်။

“အေးပါ၊ ဗိုလ်ချုပ်ပြောတာကို ဦးလည်း သဘောပေါက်ပါတယ်၊ ကိုင်း.. မောင်ရင့် ဆရာဆီ ခပ်မြန်မြန် ပြေးလိုက်ပြီး ပြောစမ်းပါ။ လန်ဒန်အတ် ဦးအုံးမောင်က မြို့ ထဲက အလုပ်တိုက်သွားရင်း လမ်းကြုံလို့ ဗိုလ်ချုပ်ကို အတွင်းဝန်ရုံး ပို့ပေးပါရစေလို့ ကျုပ်က ရုပ်ရှင်သမားမို့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကုန်သည်တွေလို ဘာအခွင့်အရေးမှ မတောင်းပါဘူး။ ဗိုလ်ချုပ်လို နိုင်ငံ့ခေါင်းဆောင်တစ်ဦး လမ်းမပေါ် ခြေလျှင် လျှောက်နေ တာလည်း ကြည့်မကောင်းပါဘူး။ ဒါကြောင့် ကျုပ်ကားကလေးနဲ့ ဗိုလ်ချုပ်ကို ရုံးအရောက် ပို့ပေးပါရစေလို့ သွားပြောစမ်းပါကွယ်”


ဦးအုံးမောင်၏ စကားအဆုံးတွင် ကျွန်တော်လည်း ကပျာကယာ ဗိုလ်ချုပ်ဆီ ပြေးလိုက်ပြီး သူ့၏ လက်မောင်း တဖက်ကို အသာဆွဲလိုက်ပါသည်။

“ဟေ့ကောင်. ဘာလုပ်တာလဲကွ” ဗိုလ်ချုပ်က စိတ်တိုဟန်ဖြင့် ငေါက်သဖြင့် ကျွန်တော် ဦးအုံးမောင်၏ မော်တော်ကား ရပ်ထားရာကို ညွှန်ပြရင်း ရှင်းပြလိုက်ရပါသည်။

“ဗိုလ်ချုပ် ဟိုကားပေါ်က ပုဂ္ဂိုလ်ကြီးကို သိတယ်မဟုတ်လား၊ ဆရာဒီးဒုတ် ဦးဘချိုရဲ့  မိတ်ဆွေရင်း လန်ဒန်အတ် ဦးအုံးမောင်ပါ၊ သူက ဆူးလေဘုရားလမ်း သူ့ရဲ့  အလုပ်တိုက်ကို သွားရင်း လမ်းကြုံလို့ ဗိုလ်ချုပ်ကို အတွင်းဝန်ရုံး ရောက်အောင် ပို့ပေးပါရစေလို့ ပြောပါတယ်၊ ပြီးတော့ သူဟာ ရုပ်ရှင်သမားမို့ စီးပွားရေးသမား ကုန်သည်ကြီး တွေလို ဘာအခွင့်အရေးတွေမှ မတောင်းပါဘူးလို့လည်း ပြောပါတယ်၊ နောက်တခုက စစ်ကြိုခေတ်က ဗိုလ်ချုပ်တို့ရဲ့  ဒို့ဗမာ အစည်းအရုံးကို လျှို့ ဝှက်ကူညီ ထောက်ပံ့ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်၊ သူက ကားရပ်ပြီး ခေါ်တာကို ငြင်းရင် အားနာစရာ ကောင်းပါတယ် ဗိုလ်ချုပ်” ကျွန်တော်၏ စကားအဆုံးတွင် ဗိုလ်ချုပ်သည် လန်ဒန်အတ် ဦးအုံးမောင်ဘက်သို့ လှမ်းကြည့်လိုက်ပါသည်။

ဦးအုံးမောင်သည် ဆရာ ဦးဘချို နှင့် ခင်မင်ရင်းနှီးနေသော မိတ်ဆွေ ဖြစ်သည့်အပြင် ဦးဘချို ကဲ့သို့ပင် ဆံပင်ရှည် သျှောင်ထုံးနှင့် တဘက် ခေါင်းပေါင်း ပေါင်းထားသဖြင့် မြန်မာလူကြီး တစ်ဦး ပီသစွာ ခန့်ညားကာ ဥပဓိရုပ် အလွန်ကောင်းသူလည်း ဖြစ်ပါသည်။

ဗိုလ်ချုပ်သည် ဦးအုံးမောင်ကို ကြည့်ပြီး အားနာသွားဟန်ဖြင့် ကြိမ်းမောင်းဆူပူခြင်း မပြုတော့ဘဲ အော်စတင် ကားလေး ရပ်ထားရာသို့ လျှောက်သွားကာ ဦးအုံးမောင်အား ပြုံး၍ နှုတ်ဆက် ပါသည်။

သို့နှင့်ပင် ကျွန်တော်တို့ ဆရာတပည့်နှစ်ဦးသည် လန်ဒန်အတ် ဦးအုံးမောင်၏ ကားကြုံ စီး၍ အတွင်းဝန်ရုံးသို့ လိုက်ပါသွားခဲ့ပါသည်။

ဗိုလ်ချုပ်သည် ဦးအုံးမောင်အား မျိုးချစ်ပုဂ္ဂိုလ်ကြီး တစ်ဦးအဖြစ် လေးစား၍ တစ်ကြောင်း၊ ၀ိသမ လောဘသား စီးပွားရေးသမား မဟုတ်သဖြင့် အခွင့်အရေး မတောင်းပါဟု ဆိုခြင်းကို ယုံကြည်၍ တစ်ကြောင်း၊ ကားကြုံ လိုက်စီး ခဲ့ခြင်းပင် ဖြစ်ပါသတည်း။







Subpages (1): After the life of sunset
Comments