အဖြူရောင်သံစဉ်

Navigation

Site owners

  • စိုင်း နက်ရှိုင်း

Page authors

  • စိုင်း နက်ရှိုင်း
    March 2, 2011

မင်းခိုက်စိုးစံ

ဦးထုပ်ထဲကနေ

လူမမာတစ်ယောက်လိုပါပဲ
ကမ္ဘာကြီးရဲ့ လျှာအောက်က သာမိုမီတာထိပ်ဖျား
ပြဒါးတွေ.....
ပေါက်ထွက်လျှံကျလာတော့မတတ်
ကောင်းကင်ကြီးစုတ်ပြတ်သွားအောင် ပူတဲ့ "နွေ"

အပြင်မှာ
ဖုန်မှုန့်ဝါညစ်ညစ်၊ ပိုးလောက်လမ်း ထူလပျစ်ထ
ခြောက်သွေ့ပွရှုပ်၊ သစ်ရွက်ကွဲစုတ်၊ ဖုတ်ကပ်ပေလူး
စိတ်ကူးတွေ ဖြူဖပ်ဖြူရော်ဖြစ်။
အခန်းကျဉ်းလေးထဲ ညှီစို့ပူနွေး
လေအဟောင်းအဆွေးတွေ၊ ပိတ်ညပ်
အ... သက်... ရှု... ရ... ကျပ်... တယ်...
ငါရယ်....
ပုပ်ရိနေတဲ့ ငါ့အလောင်းရယ်...
အင်း! ထိုင်နေဖို့ပဲကောင်းတဲ့.... "နွေ"

နွေဟာ....
ရန်ကုန်မြို့နဲ့ မန္တလေးမြို့ကြီးနှစ်မြို့ကို
"ရုတ်တရက်" သုံးလက်မလောက် ပုဝင်သွားစေခဲ့
ပြီးတော့မှ... အပူဆန့်ကိန်းနိယာမနဲ့
ပျော်ကျပြန့်ထွက်၊ ပက်လက်ကြီးတွေ စီးဆင်းကြ....

နွေဟာ....
သူ့ဘောင်းဘီအိတ်ထဲ
ကြေကွဲခြင်းနဲ့ နောင်တတွေအပြည့်အသိပ်ထည့်ယူပြီး
ငါ့အခန်းထဲ တိတ်တိတ်ကလေးဝင်လာခဲ့
ဟေ့..... ငါလှည့်ပြီး ဖမ်းလိုက်ရမလား..

ကောင်မလေးရေ
တစ်ခုခု အယုယခံချင်နေတဲ့ နွေဥတုအဖို့
ငါတို့ဘာများလုပ်ပေးရင် ကောင်းမလဲ?
တောက်! နည်းနည်းတော့ နောက်ကျသွား...
တကယ်ဆို အားနာပါးနာပဲဖြစ်ဖြစ်
မင်းနဲ့ ငါနဲ့ ချစ်ခဲ့ကြဖို့ကောင်းတာ.....

မေ၊ ၁၉၉၄

မင်းခိုက်စိုးစန်


ဘူတာရုံနဲ့တူတဲ့ ကောင်မလေး

ဥသြဆွဲချင်ရုံသက်သက်နဲ့တော့
ငါ့ သံယောဇဉ်တွေ
ခုတ်မောင်းထွက်ခဲ့တာ မဟုတ်ပေဘူး
အဲဒီစောင့်ကြိုနေဖို့ စိတ်ကူးမရှိတဲ့
ငါ့ရဲ့ဘူတာရုံလေးရေ . . လွမ်းတယ် . .။

အရမ်းကြီးမဟုတ်ပေမယ့် . . တစ်ခါတစ်ခါ
ယောက်ျားတစ်ယောက်မှာလည်း
စိတ်အားငယ်ခွင့်ရှိတာပဲ မဟုတ်လား။

ပန်းသီးတွေ ခါးတဲ့ကာလက
ရှည်လျားလှချည်လားကွယ် . .
ပြောပါ . .
မင်း ငါ့ကို ဘယ်တော့ အိပ်မက်မက်မှာလဲ
မင်းပိုင်ဆိုင်တဲ့ အိပ်စက်ခြင်းရဲ့ တံစက်မြိတ်အောက်မှာ
ငါ..
တိတ်တိတ်ကလေး ရပ်စောင့်နေတာ
ကြာပြီလေ . . .။

ဣနြေ္ဒစိမ်းစိမ်းတွေ လိမ်းသုတ်
ချစ်ခြင်းတွေ
ကုန်တင်ကုန်ချလုပ်ခွင့်မပြုတဲ့
မင်းရဲ့ ဘူတာရုံလေးဆီ . .
. . လာမယ် . .။
မင်းရဲ့ ဘူတာရုံလေးဆီ . .
. . လာမယ် . .။

ဟောဒီ့ကောင် . . ရင်ဘတ်တစ်ခြမ်းနဲ့
ကိုယ့်သံလမ်းကိုယ်ဖောက်ခဲ့တာပါ . .
. . နောက်ကျသွားတယ်။

အလွမ်းတွေ စိုက်ခင်းတစ်ခုလုံး ပွင့်တဲ့အချိန်မှာမှ
ငါ ဆိုတဲ့ကောင်က
တည့်တည့်ကြီး ရောက်ချသွားခဲ့တာပေါ့ကွယ် . .။

မင်းခိုက်စိုးစန်

အိပ်မက်ထဲမှာရွာတဲ့မိုး


ကောင်မလေးရေ…..
ငါ့အလွမ်းတွေ စိုထိုင်း
မိုးငွေ့သယ်တဲ့ တိမ်တွေလို… မှိုင်းနေလိုက်တဲ့ပုံ
မုတ်သုန်လေ တစ်ချက်တိုက်ရုံနဲ့
ငိုတော့မယ်…..။

ကမ်းရိုးတန်းလို ရင်ခွင်မှာ စိုလက်
ပင်လယ်ဘက်ဆီက သတိရခြင်းတွေ
တက်လာတယ်….
ဟောဒီတစ်သက်မှာ…
ဘယ်တုန်းကမှ အိပ်မက် မမက်ဘူးတဲ့ကောင်
ခုတော့… အလွမ်းတွေနဲ့ မှောင်…လို့။

ကယောင်ကတမ်း ညည်းရင်း လန့်နိုး
"မုန်တိုင်းက.. မင်းနာမည်ကို ခိုးသွားတယ်…"
အဲသည်.. တစ်စုံတစ်ရာသော "မိုး" လေ…
ငါ့ ကမ်းခြေအလွန်မှာ ရွာသွန်း
အလွမ်းက ထွက်တဲ့သွေးတွေနဲ့
အိပ်မက်တစ်ခုလုံး စွန်းသွားတယ်…။

မင်းခိုက်စိုးစန်

ဂျစ်ပဆီ

ကိုယ့်လက်ခုပ်ထဲပြန်ကြည့်မိတော့မှ
အလွမ်းက တစ်ပွင့် နှစ်ပွင့်....နဲ့ခြောက်ကပ်
ငါ...ရေငတ်လာတယ်။
တေလေလို ရွက်လွှင့်နေခဲ့ရာက
ငါ့ဝိဥာဉ်ရဲ့ကျောက်ဆူးကိုချ
ဒီညတော့
မင်းရင်ခွင်ထဲမှာပဲ စိတ်ချလက်ချ
.......အိပ်စက်ပါရစေ။
ကောင်မလေးရယ်
ငါက ဖျားနာမှုကိုမှ တွယ်တာတတ်သူပါ....။
တစ်စုံတစ်ခုဖြစ်လာမှာကို ငါစောင့်မျှော်နေမိ၊
......တံခါးဖွင့်သံ
........ခြေသံ
လာ၊ မြန်မြန်သာ ဝင်ခဲ့ပါတော့။
လူ ၈ဝ% ကအလုပ်လုပ်တယ်၊
ဒါပေမယ့်၊ ကျန်တဲ့လူ၂ဝ%က ဆုရတယ်
ငါကတော့
သူတို့ကို ရယ်ရယ်မောမောနဲ့သာ ထိုင်ကြည့်မိ
သွေးအေးအေး ရက်စွဲတွေကိုသာ အသိအကျွမ်းဖွဲ့နေခဲ့တယ်…။
ကောင်မလေးရယ် ...
ငါဟာ “တေလေ” ပါ။
ဆောင်းဦးပေါက်နှင်းတွေနဲ့
ကောင်းကင်မှာ တိမ်တွေက အပြာနုနု
ဟော......
အရပ်ပုပု ကောင်မလေးတစ်ယောက် လမ်းလျှောက်လာနေတယ်၊
အို....... မဟုတ်သေးပါဘူး
ကယောင်ကတမ်းနဲ့ အရောင်ကန်းတဲ့ အိပ်မက်တွေ ငါမက်နေမိ၊
ချစ်လှစွာသော...... ငါရဲ့ညီမသေးသေးလေးရေ
........လွမ်းတယ်၊
........ ဒါပဲ တတ်နိုင်တာမို့ လွမ်းပါရစေ။

မင်းခိုက်စိုးစန်

ယမ်းဘီလူး

(၁)
ဝဋ်တစ်ခုပါပဲ ကလေးရေ...
အဲဒီ , ဘဝဆိုတာကြီးများ
နားလည်အောင် ကြိုးစားရပလားဆိုရင်...

(၂)
စကြာဝဠာကြီးထဲမှာ
တို့ရဲ့ လူ့အဖြစ်ဟာ သေးငယ်နေလိုက်ပုံများ!!!

(၃)
ငှက်တွေတောင်
နံနက်ခင်းကို မှတ်မိနေကြပေါ့...။
ဂန္တ၀င်မြောက်ပါသကွဲ့
...သံတိုမယ်န နည်းနည်း
...ရေခဲတုံး နည်းနည်း
...ပြီးတော့ ရောင်စုံခဲတံတွေ
ငါတို့ခေါင်းထဲ ထိုးထည့်နေတာ...
စိတ်ညစ်နေလား ကလေးရေ...
ကိုယ်ဆွဲတဲ့ ပန်းချီကား
ကိုယ်ပဲ လက်မှတ်ရေးထိုးရမှာ...
ပန်းချီကားဘက်ကတောင် 'နာ'တယ်။
(ဒါ့ထက် သိမ်ငယ်စရာ)
ဘာဆိုဘာမှ မရှိတော့ပါဘူး)
ဟောဒီအရူးက
နံနက်ခင်းကို စုဘူးထဲထည့်ထားပြီး
အ၀ကျဉ်းကျဉ်းကလေးကနေ ချောင်းချောင်းကြည့်
ဘယ်တော့မှ မမှတ်မိနိုင်ပုံလေ...။
ဂန္တ၀င်မြောက်ပါသကွဲ့
ငါ့ရဲ့ စုဘူးထဲက နံနက်ခင်း
ငါ့ ပန်းချီကားထဲမှာ အလိုလို လင်းပနေလိုက်ပုံ!!!
ဝဋ်တစ်ခုပါပဲ ကလေးရေ...
အဲဒီ,ဘ၀ဆိုတာကြီးများ
နားလည်အောင် ကြိုးစားပလားဆိုရင်...

(၄)
'သူမ'နဲ့ 'သ'ူနဲ့
နှစ်ယောက်ချင်း ဆံပင်တွေကို ချည်နှောင်ကြ
ကိုယ့်ရင်ဘတ်ကိုယ်...ကြိုးတပ်လို့
ကိုယ့်ဘာသာကိုယ် တယောထိုးပစ်
စကားလုံးအသစ်တွေ ဖောဖောသီသီသုံးပြီး
တို့ နားမလည်တဲ့ အရာတွေအားလုံးကို
အဲဒီ အမှိုက်ပုံးထဲ တွန်းချဘို့ ကြိုးစား...
ကလေးရေ...
ဒါ...မရိုးသားမှုပါကွဲ့
အဲဒါကို... ချစ်ကြ! ချစ်ကြ! ချစ်ကြ!
ကိုယ့် ပွဲကြည့်စင် ကိုယ်ဆောက်ပြီး
'အထူးတန်းမှာထိုင်သူ'လို့ နာမည်တပ်
မြင့်မြတ်စွာ အောက်တန်းကျနေလိုက်ပုံများ
ရေစုပ်ဝဲကြီးများတောင် ဖြစ်လို့!!!
ကလေးရေ...
ရေဆန်ကို ဖြောင့်ဖြောင့်ကူးနေလို့ကတော့
မင်း...အဲဒီ ဝဲက
လွတ်မှ လွတ်ပါ့မလားကွယ်...။
စကြာဝဠာကြီးထဲမှာ
တို့ရဲ့ လူ့အဖြစ်ဟာ သေးငယ်နေလိုက်ပုံများ!!!

(၅)
လက်ဖက်ရည်ခွက်ထဲ
ကျပြီးသေနေတဲ့ ယင်ကောင်ဟာ...ငါပါပဲ
၂၆ နှစ်လုံးလုံး ညစ်ပတ်
ပန်းကန်ထဲမှာတောင်
ရောဂါပိုးမွှားတွေ ကပ်ညိကျန်နေခဲ့လောက်တဲ့
(ဆေးရုံတစ်ရုံလောက် များမှာပ
...ကုသဗေဒ များသလောက်
...ရောဂါပိုးမွှား များပုံတွေ)
ငါ...၊ ငါ့ မဟာမိတ်...၊ ငါ့ ရန်သူ...
အားလုံး... နာတာရှည် ရောဂါသည်ချင်း အတူတူပါပဲ။
ငါတို့တွေ...ကိုယ့်ကိုကိုယ် မှတ်မိကြပြီလေ!
(ငှက်တွေ...နံနက်ခင်းကို
ရင်းရင်းနှီးနှီး မှတ်မိပုံမျိုး?)
ငါတို့ မသိတာတွေ... များ
ပြီးတော့ ... သိသွားမှာပ။
သိအောင် ဘ၀ကို စာမေးပွဲစစ်ကြ။
ပြီးတော့...
ရလာသမျှ အမှတ်စာရင်းတွေကို
ခြေစုံပစ်ပြီး ယုံလိုက်!!!
ဒါပဲ။ ဒါဟာ ယေဘုယျပဲ။
လိမ်လိုက်ကြ!
စိတ်ညစ်နေမလား... ကလေးရေ
စကြာဝဠာကြီးထဲမှာ
တို့ရဲ့ လူ့အဖြစ်ဟာ သေးငယ်နေလိုက်ပုံများ!!!

(၆)
မနေ့ကတင် ချုံးချုံးကျသွားခဲ့...
...မော်တော်ကားတစ်စင်းမှာ
ငါ့ ဖောင်းလိုက်ပိန်လိုက် အဆုတ်ကြီးကို တပ်ဆင်
... မောင်းနှင်ပစ်လိုက်တာ ... ... ...။
ပျက်နေတာများ ကောင်းသွားမလားဆိုရင်
ငါတို့ရဲ့ စိတ်ဓာတ်တွေ...
ဟောဗားယာဉ်လို ပျံသန်းသွားတတ်လိုက်ကြတာ...
မုတ်သုန်လေထက်တောင်မှ
ပေါ့ပါးနေသေးရဲ့။
ဒီလိုပဲ...
ပျံသန်းလိုက်၊ နားနေလိုက်နဲ့
ဆောင့်ကြီး အောင့်ကြီး ဖွာလိုက်တဲ့ ဆေးလိပ်လို
... တိုဝင်သွား!
အင်းပေါ့လေ...
ငါတို့ရဲ့ စိတ်တွေ မီးဖွားရဲရဲ
အစီခံ ဘယ်တော့ရောက်မလဲ???
... သတ္တိရှိရှိ ကြောက်လန့်နေ...
ဝဋ်တစ်ခုပါပဲ ကလေးရေ...
အဲဒီ, ဘ၀ဆိုတာကြီးများ
နားလည်အောင် ကြိုးစားပလားဆိုရင်...
အား!!!
ကွယ်လွန်သူတို့ရေ...
ငါတို့ရဲ့ ဆံပင်တွေနဲ့
လွမ်းသူ့ပန်းခွေတစ်ခွေ ယက်ပို့လိုက်ပါရဲ့...
ကော့ပါးနီးကပ်(စ်)ကတော့
ကမ္ဘာကို တစ်ပါတ်ပြီးတစ်ပါတ် လည်စေခဲ့ပြီ...
ဟောဒီ ငတိတွေမှာသာ
အ၀ါရောင် ချွဲပျစ်ပျစ်နဲ့
နေမကောင်းဖြစ်လို့ ကျန်ခဲ့တုန်း...
ခက်တယ်... ကလေးရေ
စကြာဝဠာကြီးထဲမှာ
တို့ရဲ့ လူ့အဖြစ်ဟာ သေးငယ်နေလိုက်ပုံများ!!!

(ရ)
တေ့ဆက် ဆက်ထားတဲ့ အဟောင်းအနွင်းတွေကြားမှာ
လှေခါးတစ်ခုလို ငါငြီးငွေ့နေခဲ့။
... ... ...
ငါတို့ ဘာတွေကို ယူလာခဲ့သလဲ???
ငါတို့ ဘာတွေကို ထားခဲ့မှာလဲ???
တို့ မသိဘူး။
ပြန်သတိရမိ။
ငယ်ငယ်တုန်းက ကြုံးဝါးခဲ့ဘူးတာ...
"ကမ္ဘာလုံးကို အံစာတုံးလို ခေါက်ပြလိုက်မယ်!
မီးတောက်ကို ဘယ်သူ ဇောက်ထိုးထားလို့ ရမှာလ!!!"
ဒါနဲ့ပဲ...
ကုန်သည်လေထဲ
ငှက်တွေ ရင်ကော့ တိုးဝင်နေပုံ...
ငါ...
ယုံယုံကြည်ကြည်ကြီး ငေးကြည့်နေဖြစ်ပြန်ရော...

(၈)
ကလေးရေ...
ချိန်ခွင် တစ်ဖက်တစ်ချက်ဆီမှာ
မင်းနဲ့ငါ... ၀င်ထိုင်ကြမယ်
ပြီးတော့... မင်းနဲ့ငါ ခွဲခွါကြမယ်
ပြီးတော့... နောက် ဆယ်နှစ်ကြာတဲ့အခါ
မင်းနဲ့ငါ ပြန်ဆုံကြမယ်လေ...
ပြီးတော့... လိုအပ်ပစ်လိုက်ကြမယ်!!!
ကွန်ပါဘူး အသစ်ကျပ်ချွတ်လို သပ်ယပ်မှုမျိုးနဲ့
ငါတို့ဟာ (အဲဒီအခါ)
ကမ္ဘာကြီးတစ်ခုလုံးကို လိုအပ်ပစ်လိုက်ကြတာပေါ့!!!
ယုံတယ်မဟုတ်လား
တစ်ခြားလူ မဟုတ်ပါဘူး
ငါပါ... ငါပါ... ငါပါကွဲ့...
နတ်ရေကန်ထဲ ပစ်ချခံခဲ့ရတာ မဟုတ်ပါဘူး
ခြေစစ်ပွဲမှာတောင်
ပယ်နယ်တီ ဆယ်ခါ ကန်ခဲ့ရတဲ့ ကောင်ပါကွဲ့...။
ဟေ့ ... လာ!!!
မျက်လုံးနဲ့ မေးရိုးတွေမှာ
သေချာမှုတစ်ခုရဲ့ မာနနဲ့ မီးလျှံတွေ တောက်ပ
ဒဿမ ရှာမရတော့အထိ
ငါတို့ ချွန်...မြ...ပစ်...လိုက်...ကြ...ရ...အောင်!!!

(၉)
စကြာဝဠာကြီးထဲမှာ...
'လူ'လာဖြစ်ကြတဲ့
(ကောင်လေးနဲ့ ကောင်မလေး)
အဲဒီ သေးသေးကွေးကွေးလေး နှစ်ယောက်ဟာ...
ဘာဆို ဘာကိုမှ မကြောက်တတ်ကြပါဘူး။
... ... ...
ကလေးရေ...
ကျောက်တောင်ကြီးတွေကိုတောင်မှ
ဖြိုချပစ်လိုက်နိုင်တဲ့
အဲဒီ 'ဒိုင်းနမိုက်'ဆိုတာလဲ
အထုပ်သေးသေးလေးတွေပဲ မဟုတ်လားကွယ်။

မင်းခိုက်စိုးစန်

ဘီလူးမရဲ့ဆောင်း

ပန်းကြွေရင် မြေပေါ်ကျပေမယ့်
ကြယ်ကြွေတဲ့အခါ
ဘယ်သူ့ရင်ခွင်ပေါ်ကျသလဲ ...။

ငါကတော့
ဘီလူးမရဲ့ ရင်ခွင်မှာမှ
ဆောင်းခိုခဲ့မိသူပါ ...။

မနေ့ကတင် အကောင်းကြီးရှိသေးတယ်
ငါ ဘာကြောင့် အရောင်ကန်းသွားရတာလဲ ?

ဘီလူးမရေ ...
အိမ်မက်ဆိုတာ
ကိုယ့်စိတ်ကူးတွေက ကိုယ့်ကို ပြန်ပြောပြတဲ့ ပုံပြင်ပေါ့

မင်းရဲ့လက်သည်းခွံတွေကို အရောင်ခြယ်ဖို့အတွက်
ငါဟာ ဆိုးဆေးတစ်ပုလင်း ဖြစ်ခဲ့ပါသလား။

ငါ့ကို (လက်သည်းဆိုးဆေးလို)
ဆိုးလွယ် ဖျက်လွယ် သဘောမထားပါနဲ့၊
ငါ့အိပ်မက်တွေက
မင်းကို ကျိန်ဆဲကြလိမ့်မယ်။

မင်းခိုက်စိုးစန် Dec 1991

ကြေးစား

အဲဒါ .....
မနေ့ကတင် ဖြစ်ခဲ့တာပါ
___
(၁)
ကြေကွဲခြင်းဆိုတဲ့ နတ်သမီးတစ်ပါးက

ငါနဲ့လက်ထပ်မလား..လို့ ကမ်းလှမ်းလာတယ် ....
ငါ့ကို လာကြိုတဲ့ ဖယ်ရီကားကလည်း
ငါမပါဘဲ ထွက်ခွါသွားခဲ့ပြီ ..
ကျေးဇူးပြုပြီး ငါ့ကို ခပ်တိုးတိုး ရီ(ရယ်)ခွင့်ပြုပါ။

(၂)
ရေကန်က အသင့်ဖြစ်နေပြီလေ ..
ကြာတွေက မပွင့်သေးတာပါ။
မေးခွန်းကိုသာ ရွေးချယ်ခွင့်ရမယ့်ဆိုရင်
ငါလည်း စာမေးပွဲဝင်ဖြေချင်တယ်.....။

(၃)
တစ်ချို့လူတွေက ရှာဖွေတွေ့ရှိကြ
တစ်ချို့လူတွေက ကောက်ရကြ
တစ်ချို့လူတွေက စုဆောင်းကြ.....
တစ်ချို့လူတွေက ရှေ့ကဆက်လျှောက်ကြ...။

အားလုံးမှာ တံခါး နှစ်ပေါက်စီရှိတယ်... လှေခါး နှစ်စင်းစီရှိတယ်၊
(ထပ်ပြောလိုက်ဦးမယ်..)
အားလုံးရဲ့ နာရေးခရီးကိုလည်း
နှစ်မျိုးနှစ်စား စီစဉ်ထားပြီးသားရှိတယ်.....။

(၄)
ငါက
အမှန်တရားရဲ့ မျက်နှာကို တစ်ရွာထင်ခဲ့သူပါ.....။

(၅)
ကလေးဘ၀....
လက်ရေးလှ စာအုပ်ထဲက ၀လုံးရွဲ့စောင်းစောင်းလေးကို
နဂါးခေါင်းလှည့်တဲ့ နေရာတည့်တည့်မှာမှ
ငါ ချရေးခဲ့မိသလား မပြောတတ်ပါဘူး။

(၆)
စိတ်ကူး ကျဉ်းကျဉ်းလေးထဲမှာမှ
ခြေလှမ်းတွေက ကျဲခဲ့တယ်..
ဘာတတ်နိုင်မှာလဲ ..
ဒါ....“ချိန်းဆိုချက်”တစ်ခုပါ
ငါ ရောက်အောင် လာခဲ့တယ် .....
ဘယ်သူ့မျက်နှာကိုမှာ လျှာနဲ့လျက်ဖို့မဟုတ်
ငါ့ အလုပ်က
လမ်းမှာ တွေ့ရသမျှ မီးအိမ်တွေကို
လိုက်လံ ထွန်းညှိဖို့ပါပဲ.....။

(၇)
လူတွေ.. လူတွေ.....လမ်းလျှောက်ရင်း သေနေကြ
မြင်မြင်သမျှ အရာအားလုံးဟာ
သားဆိုးမအေ ဆန်လို့။
“ဘာဖြစ်တာလဲ...? ဘာဖြစ်တာလဲ.. ?
အဲဒါ ဘာဖြစ်နေကြတာလဲ....?”
အမေးအမြန်းထူတဲ့ ကလေးတစ်ယောက်လို
ငါ.....စပ်စုမိ။

နောက် တစ်နာရီလောက်အထိ ဖြစ်ဖြစ်တော့
လူတန်းစေ့အောင် အသက်ရှုလိုက်ကြစမ်းပါ..
ဘာကို စိုးရိမ်နေကြတာလဲ.....?

ဟစ်တလာတောင်မှ သူ့ရဲ့စစ်ပွဲခရာကို
ခုထိ မမှုတ်ရသေးဘူးလေ..
ဒုတိယကမ္ဘာစစ်မဖြစ်ခင်
မိနစ်(၆၀)လောက်တော့
ငါတို့ ကော်ဖီသောက်ချိန်ရပါသေးတယ်။

(၈)
မိုးခေါင်သလိုမျိုး ဆောင်းကကော မခေါင်နိုင်တော့ဘူးတဲ့လား
___

တစ်ခါတရံ
ငါ.....ကြေးစားဆန်ပစ်လိုက်တယ်
ကံကြမ္မာက ဘုရားထူးတာ ခံကြည့်ဖူးချင်လို့ .....။

ဒါပေမယ့် ..
အိပ်ယာကသာ အကြိမ်ကြိမ် ထခဲ့ရတယ်
နိုဝင်ဘာကတော့ ရောက်မလာခဲ့ဘူး၊
အဲဒီလို....သိပ်အကြောင်းမထူးတဲ့အခါ
ကြေးစားဘ၀ကို ငါ ငြီးငွေ့လာပြန်ရော..... ။

အရှုံးတွေကို
တံဆိပ်ခေါင်းလို တယုတယ
စုနေခဲ့တုန်းကတော့
ရာသီဥတုက ကိုယ့်ဖက်ပါခဲ့တယ်..

ကြည့်စမ်း !!
ငါဟာ မိမွေးတိုင်း ဖမွေးတိုင်းကိုက
လွမ်းသူ့ပန်းခွေဆန်ခဲ့ရတဲ့ကောင်ပါ။

(၉)
“ဘ၀ပေးပြီး ရွေးရမယ်...”တဲ့
နိုဝင်ဘာရဲ့ ကြေးက ကြီးတယ်....
(လဲပြီးသေလိုက်ကြပါလား အမျိုးကောင်းသားတို့ရေ..)
“အမှန်တရား”ဆိုတဲ့ ငနဲကလည်း
ပြဇာတ်မင်းသား ဆန်နေလိုက်တာ....

သူ့ကို လူပြောသူပြောများတာ တစ်ခုတည်းနဲ့ပဲ
အကျေနပ်ကြီး ကျေနပ်
ကိစ္စပြတ်နေတော့တာပဲ။

(၁၀)
နာကျည်းစရာ မကောင်းပါဘူး....
ပျင်းစရာပဲ ကောင်းနေသေးတော့ရဲ့.....။

(၁၁)
ငါ့ မွေးနေ့ကို ခရီးဦးကြိုပြုဖို့မလို
ငါ့ ဈာပနကိုလည်း ကျင်းတူးပေးဖို့ အကြောင်းမရှိ
ငါ့မျက်လုံးတွေ ပျင်းရိပျင်းတွဲ အေးစက်တတ်ဖို့နဲ့
သွေးမပျက်တတ်သူတွေသာ
နောက်ဆုံးမှာ အသက်ရှင်ကျန်မယ့်အကြောင်း
ကြေးစားဘ၀က
ငါ့ကို ကောင်းကောင်းသင်ကြားပေးခဲ့ပြီ.....။

(၁၂)
မီးကုန်ယမ်းကုန် အိပ်စက်ခဲ့တာတောင်မှ
အိပ်မက်တွေက မစို့မပို့နဲ့ကောင်....။
(ကိုယ့်ကိုယ်ကိုယ် လှောင်တာတော့ မဟုတ်ဘူး၊ ဒါပေမယ့်....)
အသံထွက်အောင်ကို ငါ ရယ်လိုက်မိတော့တယ် ..

(၁၃)
ငါ .. ပုံပျက်ပန်းပျက်
ငါ .. ပြောင်းတိပြောင်းဆန်
ငါ .. ကျွမ်းထိုးမှောက်ခုံ
အဲဒီလိုဖြစ်နေတဲ့ ငါ့ပုံကို
ကော်ဖီခါးခါးတစ်ခွက်ငုံလို့ ငါထိုင်ကြည့်
ပုခုံးလေးတောင် တွန့်ပြခဲ့မိသေးတယ်။

(၁၄)
နိုဝင်ဘာနဲ့တူတဲ့ ကောင်မလေးရေ..
မင်းရဲ့အနမ်းတွေကို
စာချုပ်စာတမ်းနဲ့ မွေးစားချင်တယ် ..
မင်းဘက်က အဆင်သင့်ဖြစ်ရင်
အကြောင်းကြားလိုက်ပါ၊
ငါစီးမယ့်ရထားက
ပြဿဒါးနေ့မှ ထွက်မှာ ဖြစ်ပါတယ်

မင်းခိုက်စိုးစန်

သေချင်းဆိုးမလေး


ကြည့်ကြ!!! ဟောဒါ. . .
ငါ့ရဲ့ ချစ်လှစွာသော သေချင်းဆိုးမလေး ဖြစ်ပေရဲ့။
ဘ၀ကို ...
ပေါ့ပေါ့ပါးပါး ခံယူလိုက်ပုံများ ...
မြင်လား!!! “သူမ” တစ်ကိုယ်လုံးတောင်မှ
ပါးပြီး ပေါ့နေတဲ့ပုံ။
(အဲဒီ သေချင်းဆိုးမလေးက)
“မျှော်လင့်ချက်”ဆိုတာကိုလည်း အယုံအကြည် မရှိပေဘူး။
နောက်ပြီး... သူမက
“အရူး”နဲ့ “နတ်ဘုရား”တွေကိုလည်း
အတူတူလို့ သဘောထားတတ်သေး...။
အဲဒီ သေချင်းဆိုးမလေးပေါ့!!!
ဘ၀ဟာ...
ဝမ်းနှုတ်ဆေး တစ်ခွက်လောက်တောင်မှ
အာမခံချက် မပေးနိုင်ဘူးလို့ ယူဆ၊
(အဲဒီ သူမက)
လမ်းမှာ ခဏခဏ ပြုံးပြနေတတ်သူတွေကိုလည်း
“အာရုံကြောရောဂါ ရနေတယ်”လို့ လှောင်တတ်သူ ...
အဲဒီ သေချင်းဆိုးမလေးပေါ့!!!
လောကကြီးရဲ့ အယုယခံဘို့ရာ
နေရာတစ်နေရာ ရှာရမှာကို ရှက်တတ်၊
ကြယ်သရဖူတွေ
ခြေမနဲ့ ညှပ်ပြီး ကောက်ဆောင်းဘို့ကို
ပျင်းရိတတ်သူ...။
အဲဒီ သေချင်းဆိုးမလေးပေါ့!!!
ဈေးပေါပေါ ဆက်ဆံမှုတွေကို ရွံရှာ
“မင်္ဂလာ နံနက်ပါ”လို့ နှုတ်ဆက်ခံရတာကို မုန်း၊
ကိုယ့်မျက်လုံး ကိုယ်တံခါးပိတ်ပြီး
နေမြင့်တဲ့အထိ အိပ်တတ်သူ...။
အဲဒီ သေချင်းဆိုးမလေးပေါ့!!!
တစ်နေ့ တစ်နေ့... ၂၄ နာရီပြည့်အောင် စောင့်ရတာကို စက်ဆုပ်
ထမင်းနှစ်ခါတောင် စားနေရတာကို
အလုပ်ရှုပ်တယ်လို့ ထင်တဲ့သူ...။
အဲဒီ သေချင်းဆိုးမလေးပေါ့ !!!
သူမရဲ့ အင်္ကျီလက်ရှည်အဖျားတွေကိုတောင်
အောင်အောင်မြင်မြင် မခေါက်တင်တတ်
ကြောင်ကလေးတစ်ကောင်ကို အ၀တ်ပတ်သလို
ဖိုသီဖတ်သီ နေထိုင်
(သူမ ကိုယ်တိုင်က...)
“ဘ၀”ကို ကြယ်သီးအပြည့်တပ်ပြီး ၀တ်ဆင်ရာမှာ
ကျဉ်းကျပ်တယ်လို့ ထင်တဲ့သူ။
သူမရဲ့ ဘ၀မှာ...
အချစ်ဆိုတာ ဘယ်ရှိနိုင်မလဲ !!!
မြို့ထဲက ပလက်ဖောင်းတွေပေါ်မှာ
လမ်းလျှောက်တဲ့ အခါမျိုးတောင်မှ
မျက်နှာချင်းဆိုင်က လာတဲ့သူတွေကို ရှောင်...ရှောင်ပေးရတာ
(သူမဘက်က) လိုအပ်တာထက် ပိုကျဆုံး
အတ္တတွေ ဘုန်းနိမ့်ကုန်ပြီလို့ ထင်တဲ့ မိန်းမ...။
မျက်နှာပေါ် ဆံပင်တွေ ၀ဲကျ
အဲဒီ ဖရိုဖရဲလေးပေါ့...။
(သူမက ခေါင်းဖီးရတာကို အလုပ်ပိုလို့ထင်တယ်)
“ကမ္ဘာမြေဆွဲငင်အားရှိမှတော့
ဆံပင်တွေ အောက်ကိုကျနေတာ
ဘာ မကျေနပ်စရာ ရှိသလဲ” လို့လည်း မေးရဲ့။
အဲဒီ သေချင်းဆိုးမလေးပေါ့ !!!
“နစ်ရှေး”ရဲ့ အတွေးအခေါ်ကျမ်းကို ဆွဲဆုတ်
ပလက်ဖောင်းပေါ်က ဖုန်တွေကို
အဲဒီစက္ကူနဲ့ သုတ်ပြီး ထိုင်တဲ့သူ...။
“ကျွန်မက...
ဘယ်သူ့ကို လက်ဆွဲနှုတ်ဆက်ရမှာလဲ
ဒါမှမဟုတ်.. ဘယ်သူ့ကို အမြီးနှံ့ပြရမှာလဲ..”
ကဲ!!!
အဲဒီသေချင်းဆိုးမလေးပေါ့
သူမက စိတ်အလိုမကျရင်လည်း
“ဆဲ”တတ်သေးတယ်...။
အဲဒီ သေချင်းဆိုးမလေးပေါ့...။
စိတ်ကူးနဲ့ လွမ်းရတာက
တစ်ကမ္ဘာလုံးကို ထမ်းထားရတာထက်
...ပိုလေးတယ်လို့ ယူဆ။
တစ်စုံတစ်ယောက်ကို သတိရဘို့
ဘယ်တုန်းကမှ မတက်ကြွခဲ့သူ
အဲဒီ သေချင်းဆိုးမလေးပေါ့...
“သိမ်းဆည်းစရာတွေ များလွန်းနေတဲ့ဘ၀မှာ...
ကျွန်မက... ကိုယ့်ကိုကိုယ်တောင်
သိမ်းမထားချင်တဲ့...ကောင်”လို့ ပြောခဲ့။
တကယ့်သေချင်းဆိုးမလေးပေါ့...
ဟောဒီမှာ ... မလှုပ်မယှက်ခေါက်ခွေ
အဲသည်လို နေရုံသက်သက်ကလေး နေ နေလိုက်ပုံက
ဘ၀ကို အ၀တ်ရုပ်တစ်ရုပ်လို ယူဆ
တစ်စုံတစ်ဦးက သူမကို ပစ်ချခဲ့တဲ့အတိုင်းပါပဲ...။
သူမက လောကကြီးကို ခါးပြီး
အဲဒီ ခါးသီးတဲ့ အရသာကပဲ
သူမကို ပြန်ခါးတယ်...။
နားလည်ပေးလိုက်ပါ... လောကကြီးရေ။
“ဘာများ အရေးကြီးလို့လဲ”ဆိုတဲ့ လှောင်ကြည့်နဲ့
ခင်ဗျားကို ရိသဲ့သဲ့ ပြုံးပြနေတဲ့ မိန်းမ...
သူမကတော့ မတောင်းပန်တတ်တာ သေချာတယ်။
နားသာလည်ပေးလိုက်ပါ .. လောကကြီးရေ
ဒါမှမဟုတ်.. သူမကို ခွင့်လွှတ်ပါ..။
လောကကြီးရေ...
ဒါမှမဟုတ် ... သူမကို ဦးညွှတ်ဂုဏ်ပြုပါ...
ဒါမှမဟုတ် ... သူမကို တစ်ခုခု ပြစ်ဒဏ်ခတ်ပါ...
ဒါမှမဟုတ် ...
လောကကြီးရေ... အဲဒီ သေချင်းဆိုးမကို
ပစ်သာချထားလိုက်ပါ။
“သူမ”ပေါ့...
...........
နတ်ဆိုးတစ်ပါးလည်း ဖြစ်၊
ကောင်းကင်တမန်လည်းဖြစ်၊
(အဲဒီ သေချင်းဆိုးမလေးကိုမှ)
ငါက...
လည်ပင်းညှစ်သတ်ချင်လောက်အောင်
ချစ်နေမိခဲ့တာပေါ့ကွယ်...။

မင်းခိုက်စိုးစန်

မင်းခိုက်စိုးစန်

(၁)
သံယောဇဉ် အပူတွေနဲ့
(ငါ့ကို) နောက်သလို ပြောင်သလို
လာမလောင်ကျွမ်းပါနဲ့ကွယ်...။

အငွေ့ပျံပျောက်ကွယ်သွားမှာ
ငါ့ကိုယ်ငါ မစိုးရိမ်ပါဘူး ကောင်မလေးရဲ့
ကောင်းကင်မှာ ငွေ့ရည်ဖွဲ့ပြီး
မိုးအဖြစ်နဲ့ ပြန်ရွာချတဲ့အခါ....
ငါ့ကြောင့်
မင်းတစ်ကိုယ်လုံး စိုစွတ်မှာကိုပဲ စိုးတယ်။

(၂)
အိပ်မက်ဆိုတာ
ကိုယ့်စိတ်ကူးတွေက ကိုယ့်ကို ပြန်ပြောပြတဲ့ ပုံပြင်ပေါ့၊

ကောင်မလေးရေ....
မင်းရဲ့ လက်သည်းခွံတွေကို အရောင်ခြယ်ဖို့အတွက်
ငါဟာ ဆိုးဆေးတစ်ပုလင်း မဟုတ်ခဲ့ပါဘူး
(ငါ့ကို...)
ဆိုးလွယ်ဖျက်လွယ် သဘောမထားပါနဲ့
ငါ့အိပ်မက်တွေက မင်းကို ကျိန်ဆဲကြလိမ့်မယ်

မင်းခိုက်စိုးစန်

ဂျစ်ပစီတစ်ယောက်ရဲ့ ရင်ကွဲပက်လက်လမ်းဆုံ

လမ်းပေါ်မှာ လူတွေတွေ့တိုင်း
လိုက်ပြီး မေးကြည့်ရဦးမယ်...
..... ..... .....
“ချစ်တယ်” ဆိုတာ ကိုယ့်ကိုယ်ကို
သတ်သေတဲ့ နည်းတစ်မျိုးလား... လို့။

ကောင်မလေးရယ်...
ငါဟာ “တေလေ” ပါ။
ဖျားနာမှုကိုမှ တွယ်ကာတတ်သူတစ်ယောက်ပေါ့။

သန့်စင်ချင်လို့
အလင်းထဲမှာ ငါ လမ်းလျှောက်တယ်။
အပြစ်က လွတ်ဖို့အတွက်တော့
ငါ ဒူးထောက်လိမ့်မယ် မဟုတ်ပေဘူး။

မင်းအတွက်တော့ ငါဟာ..
...ဘာမှ မဟုတ်ပါဘူး။
ဒါပေမဲ့.. အဲဒီ “ဘာမှ မဟုတ်ဘူး” ကိုပဲ
ငါ သေသေချာချာ သိမ်းဆည်းထားတယ်
မင်းကို သတိရတဲ့အခါ
မကြာ.. မကြာ.. ထုတ်.. ထုတ်ကြည့်ချင်လို့။

ငါ့ကို
“ပြဿနာကောင်” လို့ မပြောပါနဲ့...။
ဖြစ်သမျှတွေ အားလုံးအတွက်
ငါ့မှာ ဆင်ခြေဆင်လက်တွေ
လုံလုံလောက်လောက်ရှိနေတတ်တယ်။
(လောကကြီးကို ပခုံးတစ်ချက်တွန့်ပြီး ပြုံးပြလိုက်ရဲ့)

လူငယ်တစ်ယောက်ရဲ့ ရင်ဘတ်ဟာ
အဆင်မပြေမှုများများ
အလွမ်းခါးနည်းနည်း
အစွဲအလမ်းကြီးတတ်တဲ့ အိပ်မက်တချို့တလေ
မခံချင်စိတ်တွေ ပေပွ
လူငယ်ပီသတဲ့ ဘ၀င်တစ်မျိုး ခပ်ထွေထွေနဲ့
ငါ နေပျော်အောင် နေတယ်။

ငါဟာ
ရင်ခုန်နေတဲ့ သံဆူးကြိုးတစ်ချောင်းပေါ့။

ငါ့ရှေ့ တိုးဝင်လာတဲ့
ကောင်မလေးတွေ အားလုံးကို ငြိပစ်လိုက်ဖို့
ဟောဒီသံဆူးကြိုးက
အဆင်သင့် စောင့်နေတယ်။

ကဲ.. ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ ယဉ်ကျေးမှုလဲကွယ်..။
ဘာရယ် မဟုတ်ပါဘူး (ငါကတော့ နောက်တာပါ)

ငါဆိုတဲ့ တေလေက
မိန်းမတွေကို ချစ်ရတာ
ဂျင်းဘောင်းဘီ ၀တ်ရတာလောက်တောင်
သက်တောင့်သက်သာ မရှိဘူးလို့ ထင်တဲ့ကောင်။

ငါ့ကို နားလည်တယ်လို့ ထင်တဲ့သူတွေအားလုံးကို
ငါ ရယ်တယ်။
အသုဘချပြီးစ အိမ်လို့.. ငြိမ်ဆိတ်
ဟောဒီမှာ.. တေလေတစ်ယောက်ပေါ့။
သူ့ပါးစပ်ကို တင်းတင်းပိတ်ပြီး
(လောကကြီးကို) ပြုံးတယ်။

ငါ့ကို ဘယ်သူမှ နားမလည်ကြပါဘူး...။
ငါ့ကို ဘယ်သူမှ နားမလည်ကြပါဘူး...။

မင်းခိုက်စိုးစန်
(ဂျစ်ပစီတစ်ယောက်ရဲ့ ရင်ကွဲပက်လက်လမ်းဆုံ စာအုပ်မှ)

လွမ်းလို့သေသွားတဲ့သစ်ပင်

ကိုယ့်ဘာသာကို မိုးလင်းရ
ကိုယ့်ဘာသာကိုယ် မိုးချုပ်ရနဲ့
အဲဒီ နေရောင်ခြည်ကိုက ရှုပ်တယ်။

မတောက်ပချင်ပါဘူးကွယ်
ပြန်ပြန်မှောင်ရတာနဲ့ မကာမိလို့။

ကြာ...လိုက်...တာ... ...
အလင်းတွေ အသက်ရှူနေလိုက်ပုံက
(ဒါနဲ့ပဲ...) သူမရဲ့ အပြုံးကို မြင်ရဖို့
နောက်ကျခဲ့ပြန်ရော...။

ငါ့ကျောပေါ် ထမ်းထားရတဲ့ အလွမ်းကတော့
မင်းရဲ့ အမည်နာမကို
တမ်းတမ်းတတ ရေရွတ်တယ်...။

ဖွတ်ထွက်တာတောင်မှ
တောင်ပို့မှန်း မသိခဲ့ပါဘူး
ဘ၀ကူး မကောင်းနိုင်တဲ့အထိတောင်...
အသိဥာဏ်တွေ မှောင်ခဲ့။

(အဲဒီကောင်ဟာ...အသေအချာမှောင်ခဲ့
အချစ်တွေ မဲ့ပြီဆိုရင်
သွေးမခုန်ချင်တော့ပါဘူးလို့ ငြင်းတဲ့ကောင်)

နောက်သလို ပြောင်သလိုနဲ့
ငါ့ကို လာချစ်သွားတဲ့ ကောင်မလေးရေ...
“အနမ်းတွေ ဆေးထိုးမှားခဲ့တာပါ...” တဲ့
လွမ်းလို့သေသွားတဲ့သစ်ပင်က
အရွက်ကို ခြွေချပြီး ပြောတယ်...။

မင်းခိုက်စိုးစန်

ချစ်သူပျောက်ကို လိုက်ရှာနေတဲ့ မှတ်ပုံတင်

(၁)
စံပယ်တွေ တ၀ုန်းဝုန်း ရွာချခဲ့တာတောင်မှ
ငါဆိုတဲ့ကောင်ဟာ
ရနံ့ တစ်ခုတလေတောင် စိုစွတ်ခွင့် မရခဲ့ပါဘူး....

(၂)
သူမရဲ့ နဖူးကို ထိတယ်ဆိုရုံကလေး ငါနမ်းခဲ့တာပါ...။

(၃)
ဒါနဲ့များ...
အလွမ်းတွေ ငါ့ရင်ထဲ ၀င်ခွင့်ဗီဇာ ရသွားတဲ့ကာလက
ရှည်လျားလှချည်လားကွယ်.....
ပြောပါ မင်းငါ့ကို ဘယ်တော့ အိပ်မက်မက်မှာလဲ
မင်းပိုင်ဆိုင်တဲ့ အိပ်စက်ခြင်းရဲ့တံစက်မြိတ်အောက်မှာ
ငါတိတ်တိတ်ကလေး ရပ်စောင့်နေတာကြာပြီကွယ်....

(၄)
ငါဟာမင်းရဲ့ သက်ရှိမှတ်ပုံတင် တစ်ခုပါကွဲ့၊
ဟောဒီကောင်ရဲ့ရင်ဘတ်မှာ မင်းလက်ဗွေရာရှိတယ်လေ....
(မှတ်ပုံတင်တစ်ခုက
သူ့ပိုင်ရှင်ကို လိုက်ရှာနေပုံ
အို....လူတွေကို ပြောပြရင်တောင်
ယုံနိုင်စရာ မရှိပါဘူးကွဲ့)
ငါဆိုတဲ့ကောင်ကလည်း၊ မင်းအတွက်နဲ့
သူများတံတွေးခွက်ထဲ ရောက်ရင်တောင်
ပက်လက်တော့ အမျောခံမှာ မဟုတ်ဘူး၊
မင်းဆီကို လက်ပစ်ကူးပြီး လာခဲ့မယ်

(၅)
စံပယ်ပွင့်ရေ...
အချစ်တွေ ဖျားနာသွားတဲ့အထိ
ငါ့အပေါ်ရွာချလိုက်ပါကွယ်
နှင်းဆီအဖြူတစ်ပွင့် ထိုးစိုက်ထားတဲ့ နံနက်ခင်းနဲ့အတူ
ချစ်သူပြန်လာမယ်.....တဲ့
ရွာလှည့်ပါ......လာခဲ့ပါ......
အချစ်ရေ...
မင်း နောင်တ မရစေရပါဘူးကွယ်။

မင်းခိုက်စိုးစန် (၁၉၉၈)

သပွတ်ခါးသီးဝိဇ္ဇာများရဲ့ဘုန်းတော်ဘွဲ့


ဟား..ဘာတဲ့
မဟာအောင်မြင်မှုကြီးအတွက်ဆိုလား
ချိနဲ့နဲ့လူမမာအိုတစ်ယောက်ကို
ချည်တုပ်ရိုက်နှက်
အောင်ပွဲခံရက်နေလိုက်တာ
ဒါ မဟာဗျုဟာ တစ်ခုလည်းဖြစ်ရဲ့

ဟေ့…..ကိုယ့်နံရိုးယောင်ဆောင်နေတဲ့ ကောင်တွေ
၂၀ ကျော်နေတဲ့ အသက်တွေကို
ဂျပန်လုပ် အပိုပစ္စည်းလို
ခပ်ပေါ့ပေါ့သဘောထား
အိုးပုပ်ချိုးရုပ်တွေနဲ့ကစားရင်း
အိုမင်းမှန်းမသိ အိုမင်းနေတဲ့ကောင်တွေ…..ရေ

ကြည့်လေ
ဘောင်ကွပ်ထားမယ့် အမြှီးတစ်ချောင်းအတွက်
အချိန်တွေကိုသောက်မျို
ကိုယ့်အသား ကိုယ်ကိုက်ဖဲ့
ရုတ်တရက်
အိပ်ကပ်ဖောင်းဖောင်းကြီးရဲ့ ရယ်သံကြောင့်
ခရီးသွားဟန်လွှဲတစ်ယောက်
ကျဉ်းမြောင်းလှတဲ့လည်ချောင်း
မျော်လင့်ခြင်းအသားတစ်ကြီး နင်
ဆန့်ငင်…ဆန်ငင်နဲ့

မျိုချလိုက်ရမှာလား
အရသာရှိတဲ့ အဆိပ်တွေကို
အလိုတူနေလျက်နဲ့များ
ခိုးဝှက် ကားတင်ပြေးရမလို
ငါတို့လက်ထပ်ရမယ့် သတို့သမီးက
ခန်းဝင်ပစ္စည်း မဖြစ်စလောက်နဲ့
ခေါင်မိုးကြီးကြီးရဲ့ အောက်မှာ
ခြေသံပြင်းပြင်း လမ်းလျှောက်ပြ
လာကြ.. ကြည့်ကြ…..လာကြည့်ကြ
မင်္ဂလာဦးည သန်းခေါင်ယံနားလေးမှာ
အတောင်မှားယက်မိတဲ့ပုဆိုး
ပုံဆိုးပန်းဆိုးကြီး ကွင်းကျဉ်းနေမှာကို…..။

ဇုံနီ၊ ဧထက်၊ မင်းခိုက်စိုးစန်
ရာစုသစ်မြစ်ကျဉ်းအမှတ်(၂)၊ ဇွန်.၂၂.၁၉၉၄

ခွဲခွါချိန်


နွေရာသီ ရောက်လာတာကိုက စောလွန်းတယ်...
အဲသည်လောက် မွန်းကျပ်မယ်မှန်း သိခဲ့ရင်
(အစကတည်းက)
အသက်ရှူတတ်အောင် ငါ မသင်ခဲ့ပါဘူး...

သစ်ပင်တွေ သွေ့ခြောက်
အသံတစ်သံကို ကြောက်နေရသလိုလို..
အချစ်ရေ... တို့စိတ်နဲ့ တို့ကိုယ်ပဲ
သစ်ရွက်တွေလိုပဲ အတူ ကြွေပစ်လိုက်ကြမယ်
“ဘာ...ဖြစ်...လို့...ခွဲ...ရ...မှာ...လဲ...ကွယ်”

မြက်ခင်းတွေ အမြဲစိမ်းနေတာ မြင်ရအောင်
ဘ၀ကို... ဘောလုံးကွင်းပဲ ဖြစ်လိုက်စေ့ချင်တော့တယ်...
အခုတော့...

နွေရာသီ ရောက်လာတာကိုက စောလွန်း
(မင်း...သွားမယ်ဆိုလည်း)
စကားတစ်ခွန်းတော့ နှုတ်ဆက်ခဲ့ဖို့ ကောင်းတယ်။

မင်းခိုက်စိုးစန်

ကံဆိုးကောင်

သည့်ထက်ပိုပြီးမှောင်စရာ...
ဘာကျန်သေးလို့လဲ
လျှပ်စီးတွေ လက်လက်ပြနေတာကိုပဲ
ယုံကြည်ပစ်လိုက်ရတော့မယ်။

ကောင်...မ...လေး...ရေ...
စပယ်တွေ တ၀ုန်းဝုန်း ရွာချခဲ့တာတောင်မှ
ငါဆိုတဲ့ကောင်က
ရနံ့ တစ်ခုတစ်လေတောင်
စိုစွတ်ခွင့် မရပါဘူး။

စိတ်ကူးတွေ အအေးပတ်တာပဲ
အဖတ်တင်တော့ရဲ့...

အရောင်းပြခန်းတစ်ခုရဲ့ နံရံမှာ
ကိုယ့်ကိုကိုယ် ချိတ်ဆွဲပြသထားတာလည်း
၂၆ နှစ်သာ ကြာသွားတယ်
တစ်ခါမှ ဈေးကောင်းပေးဝယ်တာ မခံရပါဘူး။

အခုတော့ ... ဟောဒီ ကောင်မလေးကိုပဲ
ကျေးဇူးတွေ တင်ပစ်လိုက်ရတော့မယ်...
ဝယ်သူမရှိတဲ့ ငါ့ကို
နံရံပေါ်က ဖြုတ်ချ ခိုးယူသွားလို့...

ငါ့ရဲ့ မွတ်သိပ်ခြင်းတွေကို သယ်ပိုးသွားတဲ့
ချစ်လှစွာသော သူခိုးမလေးရေ...
ပေးပါ... ပေးခဲ့ပါ...

ငါ့ရဲ့ လက်နက်ချခွင့်ကို
သနားသဖြင့် ပေးခဲ့ပါ။
ငါ့ရဲ့ အမည်နာမ မရှိတဲ့အဖြစ်နဲ့
မင်းစတိုခန်းရဲ့ ထောင့်ကျဉ်းမှာ
ဟောင်းဟောင်းမြင်းမြင်း လွှင့်ပစ်ခံထားရာက
တရားဝင် သေဆုံးခွင့် ပေးပါ။
ဝေးကွာပြီ ဆိုမှတော့
ငါ့ တနင်္ဂနွေကို ငါ ဖန်ဆင်း
တစ်နေ့ခင်းလုံးပဲ အိပ်ပစ်လိုက်တော့မယ်။

အဲဒါပါပဲ... ကောင်မလေးရယ်
သည့်ထက်ပိုပြီး မှောင်စရာ
ဘာကျန်သေးလို့လဲ !

မတန်ပါဘူးကွယ်...
အဲဒီ...ကံကြမ္မာဆိုတဲ့ တစ္ဆေတစ်ကောင်က
(ငါ့ကို) သေအောင်ပဲ ခြောက်လှန့်နေရော့တယ်။

မင်းခိုက်စိုးစန်

ဖယောင်းတိုင်များ


တစ်စုံတစ်ရာက ဖန်ဆင်းတဲ့အမှောင်ထဲမှာ...
နှင်းဆီပန်းတစ်ခင်းစာ အာရုံခံစားမှုတွေကို
တန်ဘိုးအဖြစ်ပေးချေလို့
ထောင်ချောက်တွေရဲ့ပါးစပ်ကို
ဇက်ကြိုးတပ် ပါးချပ်ဆင်
ငါတို့..စီးနှင်လိုက်ကြမယ်..
တစ်ခြားသူတွေရဲ့အမြင်မှာ..
အသက်ငင်နေတယ်လို့ ထင်ချင်လည်းထင်ရော့
ငါတို့ရဲ့အိပ်မက်တွေကိုတော့
ဆေးပေါ့လိပ် ခပ်ညံ့ညံ့လို
ခဏခဏ မီးသေနေမှာ မလိုလားပါဘူး
ဘုရားသခင်ကို ဖဲယှဉ်ရိုက်ဖို့ ငါတို့စိန်ခေါ်ပစ်လိုက်တယ်
မိုက်ရဲလိုက်ပုံများ....နှလုံးသ
ားကောင်ရေတစ်သန်းအားနဲ့ပဲ
တဖုန်းဖုန်း...လဲကျ..လဲကျ
ကိုယ့်ဘ၀ကိုယ် ပြန်ခွထိုင်ပြီး
စက်ဘီးစီးသင်နေလိုက်ကြတာ...
ကံကြမ္မာကို အလျော့ပေးတတ်ဘို့ ပညာကို
ဘယ်တက္ကသိုလ်မှာမှ မသင်လာခဲ့တဲ့ကောင်တွေလေ...
အဲဒီကောင်တွေက၊ အမှောင်ကိုစီးချင်ထိုးဘို့တဲ့
ကိုယ့်ကိုကိုယ်မီးရှို့ပစ်
ပြီးတော့...အဲဒီသွေးသားဖြစ် အလင်းရောင်ကို
လက်နက်လိုကိုင်ဆောင်လို့
ရာဇသံ တစ်စောင်ပို့လိုက်တယ်
ဟေ့ -အမှောင်!!!!!
မင်းအတွက်ကြိုးမိန့်ကို ငါတို့ယူဆောင်လာခဲ့ပြီ...။

မင်းခိုက်စိုးစန်
(၁၉၉၅)
ရာစုသစ်မြစ်ကျဉ်း(အမှတ်၎)


ကျွန်တော်လား
တစ်ခါက ကျွန်တော် ရေးခြစ်ခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်လိုပေါ့။

အဖေ....
အသက်(၄၀) ကျော် အမျိုးသား
ဦးနှောက်နဲ့ စကားပြောတယ်။

အမေ....
အသက်(၄၀) ကျော် အမျိုးသမီး
နှလုံးသားနဲ့ သိမ်းဆည်းတယ်။

ကျွန်တော်....
အသက်(၂၀) ကျော် ကောင်လေး
(ဘာကိုမှ မတွေးဘူး)
အိပ်တယ် စားတယ်၊ အိပ်တယ် စားတယ်။
အိပ်တယ် စားတယ်၊ အိပ်တယ် စားတယ်။
အိပ်တာနဲ့ စားတာကြားမှာ
မကြာမကြာ သန်းဝေတယ်။

ဂျစ်ပဆီတစ်ယောက်ရဲ့ ရင်ကွဲပက်လက် လမ်းဆုံ စာအုပ်မှ

မင်းခိုက်စိုးစန်ရဲ့ သုည

မင်းခိုက်စိုးစန်ရဲ့ ကဗျာတွေကို ဘယ်လို ဘယ်လို ခရေဇီဖြစ်မှန်းမသိဘူး။ ခံစားချက်တွေကပဲ တူနေလို့လား မပြောတတ်ဘူး အရမ်းကို အရမ်းကို ကြိုက်ပါတယ်။ သူ့ရဲ့စာအုပ်တစ်အုပ် ရပြီဆိုရင် စာအုပ်ထဲက အကြောင်းအရာတွေကို ဖတ်မဲ့အစား စာအုပ်ထဲမှာပါတဲ့ ကဗျာတွေကိုပဲ အရင်လိုက်ရှာ ဖတ်မိတဲ့အထိ ကြိုက်ပါတယ်။ သူ့ရဲ့ ကဗျာတွေကို အလွတ်ရတဲ့အထိ အကြိမ်ကြိမ် ရွတ်ဖတ်တတ်တယ်။ အဲလိုပါပဲ ကျွန်မရဲ့ အကျင့်ဆိုးက တစ်ခုခုကို စွဲလမ်းမိပြီဆိုရင် အရူးအမှုးပါပဲ။ အောက်က စာတွေကတော့ မင်းခိုက်စိုးစန်ရဲ့ “သုည” စာအုပ်ထဲက ကျွန်မကြိုက်တဲ့ စာအချို့ပါ။

xxxxxxxxxxxxxxxxx
ပင်လယ်ဟာ တောင်တန်းတွေရဲ့ ဘုရင်ဖြစ်တယ်။
ဘာဖြစ်လို့လဲဆိုတော့....
ပင်လယ်ဟာ အားလုံးရဲ့ အောက်နိမ့်တဲ့ နေရာမှာ ရှိနေလို့ပဲ။
ပင်လယ်ဟာ သူ့ကို တောင်တန်းတွေက ၀ါးမျိုသွားမှာကို စိုးရိမ်ပူပန်မနေဘူး။
တောင်တန်းတွေကသာ သူတို့ကို ပင်လယ်က ဖုံးလွှမ်းသွားမှာ ကြောက်ရွံ့ စိုးလန့်နေရရဲ့။
မသိမ်းပိုက်သူဟာ အရာရာကို အောင်နိုင်တယ်။

xxxxxxxxxxxxxxxxxxxxxxx
အသုံးမကျတဲ့ ပေါင်းမြက်ပင်တွေနဲ့
အသုံးအ၀င်ဆုံးလို့ ဆိုကြတဲ့ ကျွန်းပင်တွေဟာ
မြေကြီးတစ်ခုတည်းရဲ့ အပေါ်မှာပဲ ပေါက်ကြတယ်။
တစ်စုံတစ်ရာကို ရယူပိုင်ဆိုင်ရတာပဲဖြစ်ဖြစ်
တစ်စုံတစ်ရာကို စွန့်လွှတ်ပေးဆပ်ရတာပဲဖြစ်ဖြစ်ပေါ့

ထားလိုက်ပါလေ..... ထားလိုက်ပါ။
နှလုံးသားဆိုတဲ့ အရာဟာ မြေကြီးဆန်တယ်။

xxxxxxxxxxxxxxxxxxx
“၀ါး” သည် ကြံ့ခိုင်သန်မာ၏။
သို့သော်.... ပျော့ပျောင်း၏။
အလိုရှိသည့်ပုံစံအတိုင်း ကွေးညွတ်၍ ရသလို
ပြန်လွှတ်လိုက်ရင်လည်း
နဂိုအတိုင်း ပြန်ဖြစ်သွားပြီး ဆက်လက်သန်မာ ဖွံ့ဖြိုးမြဲ ဖွံ့ဖြိုးနေသည်သာ ဖြစ်၏။
လူဆိုသည်မှာ
ရံဖန်ရံခါတွင် ၀ါးပင်နှင့်တူဖို့ လိုအပ်ပါသည်။

xxxxxxxxxxxxxxxxxx
တစ်ဖက်သတ်ပဲ စိမ်းလန်းခွင့်ရတဲ့
ဟောဒီ တောအုပ်ထဲမှာ . . .
ငါ ဘာလို့ ဆက်ရှင်သန်မှာလဲ ! ! ! !
လူတွေရဲ့ မျက်ဝန်းကိုက . . . . ညှီစော်နံတယ်။
လေတိုက်ရင် ယိမ်းပြဖို့အတွက်
မြက်ပင်တွေပေါက်နေကြတာ မဟုတ်ဘူး
. . . .
ကိုယ့်ရူးသွပ်မှုနဲ့ကိုယ် စိမ်းလန်း
င့ါအပေါ်. . .
ဘယ်သူမှ လမ်းဖြတ်မလျှောက်ရင် တော်ပြီ. . . .

xxxxxxxxxxxxxxxxxx
ကျောက်တုံးတစ်တုံးပေါ်ကို
အလင်းရောင် ကျနေတယ်. . .။
အလင်းကွယ်သွားတဲ့အခါ ကျောက်တုံးပေါ်
အမှောင်ရိပ်ကျလာမှာပဲပေါ့။
ကျောက်တုံးဟာ ဘာမှ မပြောင်းလဲသွားပါဘူး။

လူတွေဟာ ကိုယ်ကောင်းမှုပြုတဲ့အခါ
တစ်လောကလုံး သိစေချင်ကြတယ်. . .။
ကိုယ်က မကောင်းမှုပြုတဲ့အခါကျတော့
တစ်လောကလုံး ဘယ်သူမှ မသိစေချင်ကြပြန်ဘူး။

လောက ကတော့ ဘာမှမပြောင်းလဲပါဘူး။
သင့်စိတ်ကသာ အလင်း-အမှောင်ကို ထွန်းညှိနေတာပါ။

မင်းခိုက်စိုးစန် (သုည) စာအုပ်မှ

စိုမှာစိုးလို့ မိုးမိတယ်

ဆယ့်နှစ်ကြိုး ကဝေအတတ်နဲ့. . .
(ငါ့ရင်ထဲက) မီးခတ်တဲ့ စကားလုံးတွေကို သတ်ငြိမ်း
အိပ်မက်သိမ်းတမ်း ပြုစားတတ်တဲ့.... “ရွာသူ”ရေ
ရင်ခုန်သံတွေကို “ခေါစာပစ်” လိုက်တယ်......
သခင်မ.....
ပျော်ပါ...၊ ပါးပါ...၊ စားပါ...၊ သောက်ပါ...
မရိုမသေ တမ်းတမိတဲ့
ဟောဒီက အမိုက်အမဲကိုလည်း အပြစ်က လွှတ်တော်မှုပါ....။
မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့
အကြည့်လက်လက်တွေကိုလည်း
ပေးသနားတော်မှုပါ....။
“တရားဝင် စစ်ကြေညာပြီး မတွယ်တာရရင်
ဘာကိုမှ မလုပ်ချင်ဘူး” ဆိုတဲ့
ဟောဒီက ငပျင်း.....အတွက်
လက်ကြောတင်းအောင် လွမ်းခွင့် ပြုတော်မှုပါ....။

မင်းခိုက်စိုးစန်
စိုမှာစိုးလို့ မိုးမိတယ် စာအုပ်မှ

တစ်ကိုယ်တော်

ဘ၀ကို တစ်ခါတစ်ခါ
အပေါ်စီးက ငုံ့ကြည့်ရတော့လည်း
သိပ်မဆိုးလှဘူးလို့ ထင်လာတယ်...။

ဖျားနာမှုကိုမှာ မစားသောက်ရင်
တစ်နေ့တစ်နေ့ ဘာလုပ်ရမှာလဲ...?

မြစ်ဘေးက သစ်ပင်လို
သူများတွေ စီးဆင်းနေတာကိုပဲ ငေးကြည့်နေချင်ရဲ့။

ဒါမှမဟုတ်
ပိုက်ဆံတတ်နိုင်တဲ့ အခါကျရင်
ရောဂါတစ်ခုရဲ့ နာမည်ကို ၀ယ်ယူပြီး
ကိုယ့်ကိုကိုယ် စိတ်ပူကြည့်နေချင်တယ်...။

လူတွေက
တစ်ခါ တစ်ခါ လဆန်းလိုက်
တစ်ခါ တစ်ခါ လဆုတ်လိုက်နဲ့
သူတို့ရဲ့ စိတ်ဒီရေက
အတက်အကျ ရှုပ်လွန်းတော့လည်း
ကိုယ့်သင်္ဘောကိုယ်
ဘယ်လို ခုတ်မောင်းရမယ်မှန်း မသိတော့ပြန်ဘူး။

“ချော်လဲရောထိုင် ကြေကွဲတတ်သူတွေ မလာရ”
ငါ့ ဈာပနကို
ငါ တစ်ယောက်တည်း ချမယ်။

လောလောဆယ်မှာ
လိုလိုမည်မည်
ငါ စဉ်းစားကြည့်နေမိတာကတော့
အခုတည်ခင်းတဲ့ ညစာကို
နာမည် ဘယ်လိုပေးရင် ကောင်းမလဲ ဆိုတာကိုပဲ

မင်းခိုက်စိုးစန်






Comments