< MYANMAR in ABROAD >



~ ပြည်ပမြေ မှ မြန်မာများ ~



- အနင်းပြားပုံပြင် -
 ( မင်းဒင် )


 အိပ်မပျော်သူအတွက် ညတာဟာ ရှည်လျားလှတယ်လို့ ဓမ္မပဒက ဆို ပါတယ်။ အိပ်မပျော်နိုင်တာမို့ ကျနော် စာ   ထရေးဖြစ်ပါတယ်။
 ကျနော် ဒီစာကို ရေးနေချိန်ဟာ ညတစ် နာရီ ထိုးပြီးပါပြီ။

 တနှစ်မှာ သုံး လလောက် တခေါက်တကျင်း ကျနော်ရှိရာ ဖူးခက်မြို့ကို ရောက် ရောက်လာတတ်တဲ့ ဇနီးသည်ဟာ
 ကျနော့် မနီးမဝေးမှာ အိပ်ပျော်နေ ရှာပါတယ်။
 အောက်ထပ်က ကားဂိုဒေါင်မှာတော့ တပည့်ကျော် ကျော် ဝင်းဌေးလည်း အိပ်ပျော်နေလောက်ပြီ ထင်ပါတယ်။
 ကျနော့်အိမ်ရှိနေ တဲ့ ‘အမ်မခန်’ ဝန်းကျင်တခုလုံး ငြိမ်သက်တိတ်ဆိတ်နေပါပြီ။
 တခါတ ခါမှာတော့ ခပ်လှမ်းလှမ်း ကားလမ်းပေါ်က ကားတွေ ဖြတ်မောင်းနေ တဲ့ အသံတွေကို ကြားနေရပါတယ်။

 ဒီစာကို ရေးနေတဲ့ ကျနော်နဲ့ လက်တကမ်းမှာ လက်ကိုင်အရိုးနဲ့ပါဆိုရင် အရှည်တပေခွဲလောက်ရှိတဲ့ ဂျပန် ကင်ဒိုဓားတချောင်း ရှိနေလေရဲ့။ တကယ်ဆို ဒီဓားဟာ ကျနော့်အသက်အရွယ်နဲ့ သိပ်ပြီး အပ်စပ်လှတဲ့အရာ တော့ မဟုတ်ပေဘူး။

ရှုပ်ထွေးများမြောင်လှတဲ့ ဘဝအတွေ့အကြုံတွေကြောင့် ကျနော့်စိတ်ရဲ့အတွင်းပိုင်းမှာ အေးချမ်းတဲ့ ဘဝတခု ကို မျှော်လင့်တည်ဆောက်နေခဲ့တာ (၈) နှစ်ဝန်းကျင် ရှိခဲ့ပါပြီ။
 ချမ်းသာခဲ့ဖူးပြီ။ ဆင်းရဲခဲ့ဖူးပြီ။
 နေပူဆူးကြမ်း ခရောင်းလမ်းသာမက ဖဲမွေ့ရာ ရွှေကော်ဇောနဲ့လည်း ကျနော်နေခဲ့ဖူးပြီမို့ လောကဓံ အတက်အကျကို ကျနော် အထိုက်အလျောက် သံဝေဂယူနိုင်ခဲ့ပြီ။

 သို့တစေ လက်ရှိအချိန်မှာတော့ ရန်သူဟာ အသက်ကို အချိန်မရွေး ရန်ရှာလာနိုင်တာကြောင့် ဓားဆောင်ရတဲ့ ဘဝကို ရောက်ရပြန်ပြီ။ ကျနော် အိပ်မပျော်နိုင်ပါဘူး။
 ရန်သူဟာ မမျှော်လင့်တဲ့အချိန် မမျှော်လင့်တဲ့နေရာက ပေါ်လာနိုင်တယ်မဟုတ်လား။ ဘယ်က ရန်သူလဲ၊ ဘာကြောင့်လဲဆိုတော့ ဇာတ်လမ်းက ဒီလိုပါဗျာ ... ...။



 * * * * * * *
ကျနော့်ဘဝ ကျနော့်အကြောင်းနဲ့ ရေကြည်မြက်နုရာလို့ ထင်ရတဲ့ ထိုင်းနိုင်ငံ ဖူးခက် မြို့ကို ကျနော် ရောက်နေ တာ (၇) နှစ်ကျော်ခဲ့ပါပြီ။
 ဖူးခက်ကို ရောက်ပုံကလည်း ဒီနေရာ ဒီအရပ်မှာ ‘ဖူးခက်’ ဆိုတဲ့ မြို့ ရှိလေရဲ့ဆိုတဲ့ အသိတခုတည်းနဲ့ အိတ်တလုံးဆွဲပြီး တကိုယ်ထီးတည်း ခရီးနှင်ခဲ့တာပါပဲ။


ကျနော့်မှာ ပါလာတဲ့ မနည်းလည်းမနည်း မများလည်းမများလှတဲ့ ထိုင်းဘတ်ငွေတွေနဲ့ ဗမာဈေးဆိုင်လေးတ ဆိုင်
 ဖြစ်မြောက်ဖို့ ကျားခုတ်ကျားခဲ လုံးပန်းခဲ့တာကြောင့် နှစ်နှစ်လောက်အကြာမှာ အခြေကျခဲ့ရော ဆိုပါစို့။
 ဆိုပါစို့လို့သာ ပြောရတာ၊ တကယ်တော့ ရေမြေအသစ်မှာ အခြေချရတဲ့ ဘဝဟာ လွယ်လှတယ်တော့ မဆို နိုင်ပါဘူး။

နယ်ချင်းဆက်နေတဲ့ ဒီတိုင်းပြည်မှာ ဗမာဖြစ်ရတဲ့ဒုက္ခဟာ ဒီလောက်ကြီးလိမ့်မယ်လို့ ကျနော် တွေးတောင်မ တွေးမိတာ အမှန်ပါ။ ပတ်ဝန်းကျင်က ထိုင်းလူမျိုးအတော်များများရဲ့ အထင်သေးတဲ့အကြည့်၊ ထိုင်းရဲအတော် များများ ပေးတဲ့
ဒုက္ခတွေကို ရင်ဆိုင်ကျော်လွှားခဲ့ရတာတွေကို ရေးပြနေရင် မိုးစင်စင်လင်းသွားနိုင်တာမို့ ဒီမှာ တင် ရပ်ပြီး လိုရင်းကိုပဲပြောပါ တော့မယ်။

 * * * * * * *
လွန်ခဲ့တဲ့ လေးရက် (၂၂၊ ၀၃၊ ၂၀၁၁) ကပေါ့ဗျာ။ မနက် (၇) နာရီခွဲလောက် ကျနော်ကိုယ်တိုင် ကားမောင်းပြီး ဖူးခက်မြို့ထဲက ကားဂိတ်မှာ ဇနီးသည် ကော့သောင်းသင်္ဘောနဲ့ တင်လိုက်တဲ့ စားစရာနဲ့ အိမ်အသုံးအ ဆောင်ပစ္စည်းတချို့ သွားသယ်ပြီး အိမ်ပြန်လာခဲ့ပါတယ်။

 ကားပေါ်မှာ ဇနီးသည်ရော ကျော်ဝင်းဌေးပါ ပါလာ ပါတယ်။
 ကျနော့်အိမ်ကို ရောက်လို့ ကားကို ဂိုဒေါင်ထဲသွင်းနေချိန်မှာ ခြံတံခါးပိတ်နေတဲ့ တပည့်ကျော် ကျော် ဝင်းဌေးကို တွန်းဖယ်ပြီး ထိုင်းမျက်နှာစိမ်းသုံးယောက်ဟာ ကျနော့်ခြံထဲကို ဇွတ်ဝင်လာပါတော့တယ်။

 အဲဒီ ထိုင်းသုံးယောက်အနက် နှစ်ယောက်ဟာ အသက်လေးဆယ်ဝန်းကျင်နဲ့ ကျန်တယောက်ကတော့ အသက်ငါးဆယ်ကျော် ရှိပါလိမ့်မယ်။ လေးဆယ်ဝန်းကျင် တယောက်သော မောင်က သူ့အိတ်ကပ်ထဲက ကတ် ပြားတခုကို ထုတ်ပြပြီး ‘ပုလိ ပုလိ’ လို့ တတွတ်တွတ် အော်ရင်း ကျနော်တို့သုံးယောက်ကို ကြမ်းပြင်ပေါ် ခြေ ဟန်လက်ဟန်နဲ့ ထိုင်ခိုင်းပါတော့တယ်။

 ကျော်ဝင်းဌေးကတော့ သူတို့ခိုင်းသလို ထိုင်ချလိုက်ပေမယ့် ကျနော် နဲ့ ဇနီးသည်ကတော့ ကုလားထိုင်တလုံးစီပေါ်မှာ ခပ်အေးအေး ထိုင်လိုက်ပါတယ်။
 ဖူးခက်မှာ အိမ်ထဲ ရဲဝင်စစ် တာ ဖန်တရာတေအောင် ကျနော် ကြုံဖူးခဲ့ပါပြီ။
 ကျနော့် အနေအထားဟာ ရဲလာစစ်တာကို ကြမ်းပြင်မှာ ငုတ် တုပ်ထိုင်ပြီး အစစ်ခံရမယ့် ဆင့်မှမဟုတ်တာဗျာ။


ကျနော့်စိတ်ထဲ နည်းနည်းထူးဆန်းနေသလို ထင်လိုက်တာကြောင့် ဘာကိစ္စရှိလို့လဲ ဆိုပြီး တည်တည်ငြိမ်ငြိမ်ပဲ မေးလိုက်ပါတယ်။
 ဒီတော့ ကိုယ်တော်ချောတွေက ပတ်စပို့ ပတ်စပို့ ဆိုပြီး လုပ်ပြန်ပါတယ်။

ကျနော်လည်း ကျော်ဝင်းဌေးရဲ့ အလုပ်သမားကတ်ရယ်၊ ကျနော်တို့ ဇနီးမောင်နှံရဲ့ ပတ်စပို့တွေရယ် ထုတ်ပြလိုက်တော့ စာ အုပ်တွေကို ဖွင့်တောင်မကြည့်ဘဲ သိမ်းလိုက်ပါတော့တယ်။
 နောက်တဆက်တည်းဆိုသလို ကျနော့်ပစ္စည်းဂို ဒေါင်ကို ဖွင့်ပြီး တောင်ရှာမြောက်ရှာ လုပ်ပြန်ပါတယ်။

 ဒီအတွက် ကျနော် မပူပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖူးခက်မှာ တခုတည်းသော ဗမာဆိုင်ကို မိတ်ဆွေထိုင်း တယောက် နာမည်ခံပြီး အထင်ကရ လူသိရှင်ကြား ဖွင့်ထားတာပါ။ ဖူးခက်မြို့မရဲစခန်း (စံမကောင်းစခန်း) က သတ်မှတ်တဲ့ လစဉ်ကြေး ဘတ်သုံးထောင် မှန်မှန်ပေးနေတာကြောင့်လည်း ပါပါတယ်။

 ရွှေဧည့်သည်သုံးယောက်ဟာ ဒီအချက်ကို သိနေပြီးသားထင်ပါရဲ့။
 ကျနော့်ဂိုဒေါင် အပြည့်နီးပါးရှိနေတဲ့ ဗမာ စားသောက်ကုန်တွေ၊ ဆေးဝါးတွေကို သိပ်စိတ်ဝင်စားဟန်မပြဘဲ တစုံတခုကို သည်းသည်းမဲမဲ ရှာနေပြန်ပါ တယ်။

 ဆယ်မိနစ်လောက် တောင်လှန်မြောက်လှန် လုပ်ပြီးတော့ ချောင်ကြိုချောင်ကြားက လေးကီလို လောက်လေး မယ့် အထုပ်တထုပ်ကို ဆွဲထုတ်လာပါတယ်။ အဲဒီအထုပ်ကို ကျနော်မြင်ရုံနဲ့ ဒါဟာ ကွမ်းစားဆေး အထုပ်ဆို တာ ကျနော်သိလိုက်ပေမယ့် ဒီအတွက်လည်း ကျနော် မပူပြန်ပါဘူး။

 အခွန်မဲ့ ဆေးလိပ်ဆေးရွက်ကြီးတွေကို ရှာဖွေဖမ်းဆီးတဲ့ အဖွဲ့ခေါင်းဆောင် အင်စပက်တာ ဖိချိုင်းဟာ ကျနော့်မိတ်ဆွေအရင်းကြီးဖြစ်တဲ့အပြင် သူတို့ သတ်မှတ်တဲ့ လစဉ်ကြေး ထိုင်းဘတ် ငါးထောင်လည်း မပျက်မကွက် ပေးနေကျမို့ ကျနော် မပူတာပါ။

 ဒီမှာတင် အသက်လေးဆယ်ဝန်းကျင် အရပ်မြင့်မြင့် ကိုယ်တော်က ဒီဆေးရွက်ကြီးတွေဟာ ပြစ်ဒဏ်သိပ်ကြီး တယ်ဆိုတာ သိတယ်မဟုတ်လားဆိုပြီး စခန်းကို လိုက်ခဲ့ဖို့ ခေါ်ပါတော့တယ်။ ဒီတော့ ကျနော်က လက်ထဲက တယ်လီဖုန်းနဲ့ ဖိချိုင်းဆီ ဖုန်းဆက်ဖို့ ပြင်လိုက်ချိန်မှာတော့ အဲဒီလူဟာ သူ့ခါးကြားက သေနတ်ကို ထုတ်ချိန် ရင်း ကျနော့်လက်ထဲက ဖုန်းရော၊ ကျော်ဝင်းဌေးဆီက ဖုန်းကိုပါ သိမ်းလိုက်ပါတော့တယ်။

တခုခုမှားနေပြီဆိုတာ ကျနော် သိလိုက်ပါပြီ။ တကယ်တော့ အိမ်ကို ဝင်စစ်ဖူးတဲ့ ရဲမှန်သမျှ လက်ကိုင်ဖုန်းကို သိမ်းလေ့မရှိပါဘူး။ 
ပြဿနာကြုံလို့ ကျနော် ဖုန်းဆက်လိုက်ရင် ကျနော့်မိတ်ဆွေ ထိုင်းရဲ တယောက်မဟုတ် တယောက် ရောက်လာပြီး ညှိလိုက်နှိုင်းလိုက်ရင် လက်ဖက်ရည်ဖိုး၊ ဘီယာဖိုးနဲ့တင် ပြီးသွားတာ ထုံးစံလိုဖြစ် နေပါပြီ။
 တိုတိုပြောရရင် ဒီမောင်တွေဟာ စခန်းကို ခေါ်ဖို့ စကားမဟတော့ဘဲ ကျနော့်ဆီကနေ ထိုင်းဘတ် သုံးသိန်း ထုတ်ပေးဖို့ အကျပ်ကိုင်ပါတော့တယ်။

 ကျားသားမိုးကြိုး ဘတ်သုံးသိန်းတဲ့ဗျာ။ ကျနော်လည်း စကားနည်း ရန်စဲဆိုပြီး ထိုင်းဘတ်တသောင်းပေးမယ်၊ ပြန်ကြပါတော့ဆိုတော့ ပွဲက ပိုကြမ်းသွားပါလေရော။ သုံးသိန်းမရရင် နှစ်သိန်းပေးရမတဲ့။ ဒါတင်မကဘူး။ 
 ကျ နော့်လက်ကိုင်အိတ်ထဲက ဘဏ်စာအုပ်ကို ဖွင့်ကြည့်ပြီး ဘဏ်စာရင်းလက်ကျန် ခြောက်သောင်းခုနှစ်ထောင် တွေ့တော့ နောက်ထပ်ဘယ်ဘဏ်မှာ စာရင်းဖွင့်ထားသေးသလဲ လုပ်ပြန်ပါတယ်။ 
 ကျနော့်တအိမ်လုံး အိပ်ခန်း ပါမကျန် မွှေနှောက်ပြီးတဲ့နောက်မှာတော့ ဘာမပြောညာမပြော တပည့်ကျော် ကျော်ဝင်းဌေးကို သုံးလေးချက် ဆောင့်ကန်ပါတော့တယ်။

 ကျနော်က မလုပ်နဲ့ဆိုပြီး ဝင်တားတဲ့အခါမှာတော့ သေနတ်ကိုင်ထားတဲ့ တယောက်ဟာ ကျန်တဲ့ လက်တ ဖက်နဲ့ ကျနော့် နားရင်းကို လှမ်းရိုက်လိုက်ပြန်ပါတယ်။ သူ ရိုက်တဲ့အရှိန်က သိပ်မပြင်းပေမယ့် ကျနော့်စိတ်ထဲ မှာ ထောင်းကနဲ ဖြစ်သွားခဲ့ပါပြီ။ 

 အင်အားချိန်ခွင်ညှာကို ပြန်ကြည့်လိုက်တော့ သူတို့က သေနတ်တလက်၊ လူ သုံးယောက်၊ ကျနော်တို့က မိန်းမသားတယောက်နဲ့ အကြောက်လွန်နေတဲ့ တပည့်ကျော်။ 
 ကျနော် အဆုံးအ ဖြတ်မှားရင် ဒုက္ခရောက်သွားနိုင်တာမို့ စိတ်ကို လျှော့လိုက်ရပါတယ်။

နောက်ဆုံးတော့ လေးဆယ်ဝန်းကျင် နှစ်ယောက်အနက် တယောက်က သေနတ်နဲ့ ကျနော့်ကို ချိန်ရင်း ကျန် တယောက်က ကားမောင်းပြီးတော့ ကျနော့်အိမ် မလှမ်းမကမ်းက ငွေထုတ်စက် ရှိရာကို ခေါ်သွားကြပါတော့ တယ်။

 အသက်ငါးဆယ်ကျော် အဖိုးကြီးကတော့ ကျနော့်အိမ်မှာ ကျနော့်အဖွဲ့သားနှစ်ယောက်ကို စောင့်ကြည့် ရင်း ကျန်ခဲ့ကြရောဆိုပါတော့။

 ငွေထုတ်စက်ဟာ ကျနော့်အိမ်နဲ့ တကီလိုတောင် မဝေးတဲ့ ဆဲဗင်းအလဲဗင်းဆိုင်မှာ ရှိနေတာမို့ နှစ်မိနစ်ဝန်း ကျင်လောက်နဲ့ ရောက်သွားပြီး စိတ်ထဲမှာ စပ်ဖျင်းဖျင်းနဲ့ပဲ ထုတ်ပေးလိုက်ရပါတော့တယ်။ 
 ကျနော် ငွေထုတ် ပြီး ကားပေါ်ပြန်ထိုင်လိုက်တဲ့အချိန်မှာ၊ ဘတ်ခြောက်သောင်းကို ကားမောင်းတဲ့သူ လက်ထဲကို ထည့်ပေး လိုက်တဲ့အချိန်မှာ ကျနော်ဟာ သူတို့ကားအတွင်းပိုင်းကို စေ့စေ့စပ်စပ် လိုက်ကြည့်ပြီး မှတ်ထားလိုက်ပါတယ်။ 

 ကျနော့် အိမ်ပြန်ရောက်ပြီး ကားပေါ်က အဆင်းမှာလည်း ဟွန်ဒါစီဗစ် အမျိုးအစား ကားနံပတ် ကျောကျာန်း၊ ချော်ချင် ၆၅၂၂ (ခရုန်ထစ်) ကို အလွတ်ကျက်ထားလိုက်ပါတော့တယ်။

 ပတ်စပို့တွေကော၊ ဖုန်းတွေပါ ပြန်ပေးပြီး သူတို့ထွက်သွားလို့ နာရီဝက်အကြာမှာတော့ ကျနော် ဖုန်းဆက်ခေါ် တာကြောင့် ဖိချိုင်း ရောက်လာပါတော့တယ်။ 
မင်းကို ငါလစဉ် တာဝန်ကျေပါလျက်နဲ့ ဒီလိုအလုပ်ခံရတာ သိပ် အရုပ်ဆိုးလွန်းတယ်လို့ အပြစ်တင်ရင်း ဖြစ်ကြောင်းကုန်စင် ရှင်းပြတော့ သူက ခပ်တွေတွေ စဉ်းစားလိုက်ရင်း ... ဒါဟာ ရဲအတုတွေပဲ ဖြစ်ရမယ်တဲ့ဗျာ။

 ဒီမှာတင် ကျနော်က “ဒါဆို သူတို့ကားနံပါတ်ကို ငါမှတ်မိတယ်။ မင်း လိုက်ရှာရင် လွယ်လွယ်လေး” လို့ ပြောလိုက်တော့ သူက ချက်ချင်းဆိုသလို တောက်တခေါက်ခေါက်နဲ့ ထွက် သွားပြီး တရားခံတွေကို တောနင်း ပါတော့တယ်။

 အမှန်ပြောရရင် ဘတ်ခြောက်သောင်းဟာ ကျနော့်အတွက် သိပ်မှုစရာ ပမာဏတော့ မဟုတ်ပါဘူး။ 
သိက္ခာကို ထိပါးတယ်ဆိုတဲ့ အသိရယ်၊ ဖူးခက်မြို့ကြီးဟာ လုံခြုံမှုမရှိတော့ဘူးလားဆိုတဲ့ အတွေးကြောင့် အခံရခက်တာ တော့အမှန်ပါပဲ။
 တကယ်တော့ ဖူးခက်ရဲတွေထဲမှာ ကျနော့်ကို မသိတဲ့သူ တော်တော်ရှားလှပါတယ်။

ကျနော့် အိမ်ကို ဖူးခက် ဒုတိယမြို့တော်ဝန်ကိုယ်တိုင် ဝင်ထွက်သွားလာဖူးပြီး စင်္ကာပူသွားလည်ချင်တယ်ဆိုလို့ သူ ရော သူရုံးအဖွဲ့ကိုပါ ကျနော့်စားရိတ်နဲ့ ပို့ခဲ့ဖူးတဲ့အထိ ကျနော့်ပေါင်းသင်းဆက်ဆံရေးအဝန်းအဝိုင်း ကျယ်ဝန်း ပါတယ်။
 ဒါပေမယ့် အခုဖြစ်သွားတဲ့ကိစ္စကို ကြည့်ရင် ကျနော့် ပေါင်းသင်းဆက်ဆံရေးဟာ အရာမထင်သလို ပါပဲကလားဗျာ။

နောက်တနေ့ မနက်အထိ ဖိချိုင်းဆီက ဘာမှပြန်ကြားချက်မရခဲ့ပါဘူး။ ဖြစ်ချင်တော့ မနက် ရှစ်နာရီလောက် မှာ ကိုယ်တိုင်ကားမောင်းပြီး ဝထေ့ဖ်အရပ်မှာရှိတဲ့ ကျနော့်ဆိုင်ရှိရာကို အလာ၊ အိမ်နဲ့ မလှမ်းမကမ်းအရောက် နောက်ခန်းမှာ ထိုင်နေတဲ့ ဇနီးသည်က ရုတ်တရက် ဟိုကားက မနေ့က ရှင်ပြောတဲ့ ကားနံပါတ်ပါလားဆိုပြီး ထအော်လို့ သေချာကြည့်လိုက်တော့၊ မီးပွိုင့်နဲ့ မလှမ်းမကမ်း ဆိုင်တခုရှေ့မှာ ရပ်ထားတဲ့ အဲဒီကားကို တွေ့ လိုက်ရပါတော့တယ်။

 ဒါနဲ့ ဖိချိုင်းကို ... မနေ့က ကား၊ အခု ငါတွေ့နေပြီ၊ မင်းလာခဲ့ပါဆိုပြီး ဖုန်းဆက်လိုက်တော့ ဆယ်မိနစ်အတွင်း မှာ ဖိချိုင်းဟာ ယာဉ်ထိန်းအရာရှိနဲ့ ပေါက်ချလာပြီး သူ့နောက်မှာ ရဲကားတစီးပါ ပါလာပါတော့တယ်။ 
သူက ကားကို အနီးကပ် သေချာကြည့်ခိုင်းပြီး ခင်ဗျားမှတ်မိတာ ဒီကား သေချာရဲ့လား ဆိုလို့ ကားရဲ့ခေါင်းခန်းကို ကြည့်လိုက်တော့ ဒက်ရှ်ဘုတ်ပေါ်မှာ ခေါင်းတညိတ်ညိတ် လုပ်နေတဲ့ အရုပ်အဝါလေးဟာ မနေ့ကလိုပဲ ကျ နော့်ကို နှုတ်ဆက်နေလေရဲ့။

 တဆက်တည်းဆိုသလို ကျနော် ငွေလိုက်ထုတ်ပေးခဲ့တဲ့ အမ်မခန် ဆဲဗင်းအလဲဗင်းက စီစီတီဗီကို ရဲခြောက် ယောက်လောက်နဲ့ သွားစစ်ကြည့်တော့လည်း ကျနော်နဲ့ ဇာတ်လိုက်တယောက်ဟာ အဲဒီနေ့ မနက် ကိုးနာရီ လေးဆယ့်နှစ်မိနစ်၊ ငွေထုတ်စက်ရှေ့မှာ အလုပ်ရှုပ်နေပုံတွေကို ထင်ထင်ရှားရှား တွေ့ကြရပါတော့တယ်။ 
 ကျ နော် ပြောပြတဲ့ နံပတ်နဲ့ ကားဟာလည်း စီစီတီဗီမှာ အထင်းသားကြီး ပါလာတော့တာပေါ့ဗျာ။

 ဒီတော့ ဖိချိုင်းကော ရဲအဖွဲ့ပါ ကျနော့်ထွက်ချက်ကို ယုံကြည်သွားကြပြီး ချက်ချင်းဆိုသလို ကားကို ရှာဖွေပုံစံ နဲ့ သိမ်းပါတော့တယ်။ အတိုချုပ်ရရင် အဲဒီည (၁၀) နာရီမှာ ကျနော် ရဲစခန်းကို လိုက်သွားပြီး အမှုဖွင့်ရပါ တော့တယ်။ 
အဲဒီမှာလည်း အမှုဖွင့်တဲ့ အသက်နှစ်ဆယ်ကျော်အရွယ် ထိုင်းရဲအရာရှိလေးဟာ ကျနော် ဗမာလူ မျိုးဆိုတာ သိသွားတော့ မျက်နှာထား နည်းနည်း ပြောင်းသွားတာကို သတိထားလိုက်မိပါတယ်။

 စခန်းကအပြန် ကားပေါ်မှာ ကျနော့်တပည့် ကျော်ဝင်းဌေး ပြောတဲ့ စကားတခွန်းကြောင့် ဇာတ်လမ်းဟာ ပိုရှုပ် လာပြန်ပါတယ်။ သူ့စကားအရ အဲဒီကားသိမ်းခဲ့တဲ့ အိမ်ဟာ လွန်ခဲ့တဲ့ တပတ်ကျော်လောက်က အလုပ်ထွက် သွားတဲ့ ကျနော့်ဒရိုင်ဘာ ‘ဘလက်’ ဆိုတဲ့ ငနဲ အမြဲဝင်ထွက်နေတဲ့ အိမ်ဆိုပဲ။

 ရော .. ဒါဆို ဒီကိစ္စဟာ ကျနော့် ဒရိုင်ဘာဟောင်း ဘလက်နဲ့ ဆက်စပ်နေနိုင်တာပေါ့။ ဘလက်ဟာ အသက် (၄၅) နှစ်လောက်ရှိတဲ့ ထိုင်းလူမျိုးပါ။ လွန်ခဲ့တဲ့ ငါးလလောက်က အလုပ်အကိုင်မရှိတာကြောင့် ကျနော့်ဆိုင် နားက ဖိဝမ်ဆိုတဲ့ ကွတ်တီယိုဆိုင်က ထိုင်းအမျိုးသမီးကြီးတဦး အဆက်အသွယ်နဲ့ အလုပ်ခန့်ထားခဲ့တာပါ။ 

 အလုပ်ခန့်စဉ်တုန်းကတော့ ဘလက်ဟာ သူသိပ်ကြိုက်တဲ့ ဆေးလိပ်ကို တခါဝယ် နှစ်လိပ်နှုန်းသာ ဝယ် သောက်နိုင်ခဲ့ပေမယ့် ကျနော့်ကားကို မောင်းပြီး နှစ်လလောက်အကြာမှာ ဘူးလိုက်ဝယ်သောက်တဲ့ အဆင့် ရောက်လာပြီး လေသံပါ မာလာပါတော့တယ်။ 

 အကြောင်းရင်းကတော့ ဘလက်ဟာ ကျနော့်ကားကို အသုံး ပြုပြီး ဘိန်းစာရွက် (ဘိုင်ကထောင်) ရောင်းနေတာကြောင့်လို့ နောက်ပိုင်းမှာ ကျနော် သိလာရပါတော့တယ်။

ဘိုင်ကထောင် ခေါ်တဲ့ ဘိန်းစာရွက်ဟာ ထိုင်းနိုင်ငံတောင်ပိုင်းမှာ အလေ့ကျပေါက်ပြီး မဟာမြန်မာတွေရဲ့ တီ ထွင်ဖန်တီးချက်နဲ့ ချောင်းဆိုးပျောက်ဆေး၊ ကော်ဖီမစ်တွေနဲ့ ရောကျိုလိုက်ရင် အာစီယံခေါ် မူးယစ်ဆေးတ မျိုးဖြစ်လာတဲ့ အရွက်ပါပဲ။ ဘလက်ဆီကနေ တခဲနက် ဝယ်ယူအားပေးကြတဲ့ ဖောက်သည်တွေကလည်း မ ဟာမြန်မာတွေပဲပေါ့ဗျာ။

အဲဒီကိစ္စကို မလုပ်ဖို့ အကြိမ်ကြိမ် တားမြစ်ပေမယ့် ဝင်ငွေသိပ်ကောင်းနေတာကြောင့် ဘလက်ဟာ အလုပ်က ထွက်တဲ့လမ်းကို ရွေးချယ်သွားခဲ့ပြီး တပတ်အကြာမှာ ကျနော် ဒီပြဿနာနဲ့ ရင်ဆိုင်ရတာပါပဲ။ 
တကယ်တော့ ဒီအမူအကျင့်ဟာ ထိုင်းလူမျိုးတော်တော်များများ အရိုးစွဲနေတဲ့ အကျင့်ပါ။ 
အထူးသဖြင့် နိုင်ငံခြားသား အလုပ် ရှင်တွေအပေါ်မှာ ထိုင်းတွေ လုပ်လေ့လုပ်ထရှိတဲ့ စရိုက်ပါ။


ကျနော်ဟာ နေ့စဉ်ဆိုသလို ရဲတွေလာပြတဲ့ မသင်္ကာသူတွေရဲ့ဓာတ်ပုံတွေ၊ ခေါ်ပြတဲ့ လူတွေကို ဟုတ်မဟုတ် လိုက်ကြည့်နေရပါတယ်။ 
ဒီနေ့အထိဆို ပြဿနာဖြစ်ခဲ့တာ လေးရက်မြောက်ခဲ့ပေမယ့် တရားခံတွေကို မမိနိုင် သေးပါဘူး။
 ဖိချိုင်းမျက်နှာကြောင့်လား၊ ဆောင်ရွက်နေကျ တာဝန်ပေပဲလား မဆိုနိုင်ပေမယ့် ထိုင်းရဲတွေဟာ ကျနော့်အမှုကို နေ့ရောညပါ အပူတပြင်း လိုက်လံစုံစမ်းနေတာတော့ သေချာလှပါတယ်။
ဒီအတွက်တော့ ကျေးဇူးစကားဆိုရပါမယ်။

 ဒါပေမယ့် ကျနော့်စိတ်ထဲမှာ တဖြည်းဖြည်း ပူပင်စိတ်ဝင်လာပါတော့တယ်။ ဖူးခက်မြို့ကြီးဟာ ကမ္ဘာကျော်
 ခ ရီးသွားမြို့ကြီး ဖြစ်သလို ရာဇဝတ်မှု အလွန်ထူပြောတဲ့ နေရာဒေသပါ။
 ထိုင်းလူမျိုး လူမှောင်ခိုသွင်းတဲ့ ဂိုဏ်း အချင်းချင်း မသင့်မြတ်ရာကနေ ‘ချမ်းမွန်’ ဆိုတဲ့ မွန်လူငယ်တယောက်ရဲ့ အိမ်ထဲဝင်ပြီး သေနတ်နဲ့ လေးငါး ချက် ဝင်ပစ်သွားတာ တနှစ်ကျော်လောက်ပဲ ရှိပါဦးမယ်။

ထိုင်းရဲတချို့ဆိုရင်လည်း ဗမာဆိုရင် လမ်းမှာ ဖမ်း စစ်ရင်း ရွှေအပေါင်လက်မှတ် တွေ့ရင်တောင် အတင်းသိမ်းပြီး သွားရွေးယူလိုက်ကြတဲ့အထိ လက်ရဲဇက်ရဲနိုင် ပါတယ်။ 
ထိုင်းတောင်ပိုင်းက ရာဘာခြံ တော်တော်များများက မြန်မာပြည်ဖွား အလုပ်သမားတွေလည်း မကြာ ခဏဆိုသလို ဓားမြတိုက်ခံရ၊ မုဒိမ်းကျင့်ခံရ၊ အသတ်ခံရဆိုတဲ့ သတင်းတွေဟာ မကြားချင်မှ အဆုံးမဟုတ် လား။

 လူဆိုးတွေရဲ့ရုပ်သွင်ကို သေချာပေါက်မှတ်မိနေတဲ့ ကျနော့်တို့ဟာ ဘယ်မှာလာ အိပ်ကောင်းခြင်း အိပ်နိုင်ပါ တော့မလဲ။


နယ်မြေထိုင်းရဲတွေကတော့ ကျနော့်အိမ်ဝန်းကျင်ကို ပတ်တယောင်ချထားပေးပြီး စောင့်ကြည့်ပေးမယ် ဆိုပါ တယ်။ 
အိမ်မှာလည်း စီစီတီဗီ ကင်မရာ တပ်ထားပါလို့ ညွှန်ကြားလေရဲ့။ 
ကျနော့်အိမ်ဟာ ဖူးခက်မြို့ အမ်မခန် အရပ်က ဆိတ်ငြိမ်ရပ်ကွက်မှာ ရှိနေတာကြောင့် မြို့နဲ့နည်းနည်းလှမ်းပါတယ်။ 
ဘေးပတ်ဝန်းကျင်တွေက အိမ် တွေကလည်း လူဝင်လူထွက် အင်မတန်နည်းတာကြာင့် အရေးအကြောင်းဆို အကူအညီလွယ်လွယ်ရဖို့ လမ်း မမြင်လှပါဘူး။

 နောက်ဆုံးတော့ တရားခံ မမိခင်စပ်ကြား ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့သာ ဗမာ့သွေးနဲ့ ရဲဆေးတင်၊ ဆုံး ဖြတ်၊ နေ့ရောညပါ ခြံတံခါးကို သော့ခတ်၊ ညဆို တအိမ်လုံး သော့ကုန်လျှောက်ခတ်ပြီး ဓားတလက် ခေါင်းအုံး အိပ်နေရတော့တာပါပဲ။

 တပည့်ကျော် ကျော်ဝင်းဌေးကတော့ ဦးလေးရယ်၊ သူတို့သာ ကိုယ့်အိမ်ထဲ ဝင်လာရဲလို့ကတော့ ဘာမလဲစရာ ရှိသလဲ။ 
 သူတသက် ကိုယ်တသက်ပေါ့ ဆိုပြီး ဗမာ့သွေးကို ကြွေးကြော်နေလေရဲ့။

* * * * * * *
အေးဗျာ။ ကျနော်လို တရားဝင် ပတ်စပို့၊ ကိုယ်ပိုင်ကုမ္ပဏီ အခိုင်အမာနဲ့ နေတဲ့သူတောင် ဒီလိုဒုက္ခ ကြုံရတယ် ဆိုတော့ ထိုင်းနိုင်ငံတနံတလျား တော်ရာအရပ်တွေမှာ သန်းနဲ့ချီရောက်နေကြရတဲ့ ရွေ့ပြောင်းအလုပ်သမား ကျနော်တို့လူမျိုးတွေရဲ့ နေ့စဉ်ဘဝကို စဉ်းစားသာကြည့်ပေတော့ဗျာ။

 ကျနော်တို့လူမျိုးတွေအတွက် ဒီလို ကျီး လန့်စာစား၊ ချောက်ချောက်ချားချား ဘဝမျိုးကနေ ဘယ်တော့များမှ လွတ်ကြမှာပါလိမ့်။ 
သားစဉ်မြေးဆက် ဒီ ဘဝမျိုးနဲ့ ဆက်ရှိနေကြဦးမယ်ဆိုရင်တော့ လွတ်မြောက်ရာလမ်းကို ရှာကြရပါလိမ့်မယ်။
 အဲဒီလွတ်မြောက် ရေးမှာ ဓားတို့၊ သေနတ်တို့ဆိုတာ ဆက်ပါနေရဦးမယ်ဆိုရင်လည်း ‘မှတပါး အခြားမရှိ’ လို့သာ ထင်မိတာပါပဲ။

 ဟော ... ပြောရင်းဆိုရင်း ထိုင်းတီဗီမှာ လစ်ဗျားက သေနတ်သံတွေ ကြားနေရပြီကောဗျာ ...။ ။

 ( မင်းဒင် )
(ကိုယ်တွေ့အဖြစ်အပျက်ကို ရေးသားပါသည်)
29,3, 2011

Comments