~ ဦးခင်မောင်ညို (ဘောဂဗေဒ) နှင့် သတင်းစာပညာလေ့လာရေးသင်တန်း




   စာနယ်ဇင်း၊ စီးပွားရေးနှင့် ဦးခင်မောင်ညို (ဘောဂဗေဒ)


      မြန်မာသတင်းစာဆရာ၊ စာရေးဆရာ ၂၆ ဦးမှာ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဟု ညွန်းဆိုလေ့ရှိသော
အိန္ဒိယနိုင်ငံ၏မြို့တော် နယူးဒေလီတွင် သတင်းစာပညာလေ့လာရေးသင်တန်းကို တက်ရောက်လျက် ရှိသည်။


   စက်တင်ဘာ ၁၇ ရက်နေ့မှ အောက်တိုဘာ ၂ ရက်နေ့အထိ ပြုလုပ်သော ယခုသင်တန်းတွင် တက်ရောက်နေသူများ အနက်မှ ဦးခင်မောင်ညို (ဘောဂဗေဒ)ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားသည်။

အိန္ဒိယသံရုံး အစီအစဉ်နဲ့ မြန်မာသတင်းထောက်တွေ အိန္ဒိယကိုလာကြတယ်၊ အဲဒါနဲ့ ပတ်သက်ပြီး ဆရာ့အတွေ့အကြုံရှင်းပြပေးပါလား။


        ကျနော်က စာတော့ရေးနေတယ် စာနယ်ဇင်းနဲ့ ပတ်သက်ရင်တော့ ဘာမှာမသိဘူးပေါ့လေ၊ စာနယ်ဇင်းပညာ သတင်းစာပညာ ဘာမှမသိဘူး။ ဘာမှမသိပေမဲ့ ခုဒီသင်တန်းလာလိုက်ရတဲ့အခါကျတော့ ကျနော့်အနေနဲ့ တော်တော်လေး သိလာတယ်ပေါ့နော်။ ကျန်တဲ့လူတွေ အနေနဲ့လည်း တော်တော်လေး သိလာကြပါတယ်။ ဒီအထဲမှာတော့ လူမျိုးစုံပါတယ်၊ နိုင်ငံခြားကိုတခေါက်မှ မရောက်ဖူးတဲ့လူတွေပါတယ်။ အိန္ဒိယကို မရောက်ဖူးတဲ့လူတွေလည်း အများကြီးပါတယ်၊ အဲတော့ အိန္ဒိယအကြောင်း တစေ့တစောင်းပေါ့ဗျာ။ စာနယ်ဇင်းကတော့သင်တန်းကတော့ တော်တော်ကောင်းပါတယ်။ ဒီလောက် ကောင်းမယ်လို့တောင် မျှော်လင့်မထားဘူးလေ။

ဘယ်လိုသင်တန်းမျိုးတွေ ပို့ချပေးနေလဲခင်ဗျာ့။

ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေတွေ၊ နောက်ပါလီမန်နဲ့ ပတ်သက်တဲ့ဟာမျိုးတွေပေါ့လေ။ ဒါမျိုးတွေပါတယ်၊ အင်တာနက် ဝက်ဆိုဒ်အကြောင်းတွေ၊ ဆိုက်ဘာမီဒီယာအကြောင်းပါတယ်၊ နောက်တခုက Photojournalism အကြောင်းလေးတွေပါတယ်။ တချို့ဟာတွေကတော့ ကိုယ်တို့အနေနဲ့ပြောရရင် ကိုယ်တို့က သတင်းရေးတဲ့ အလေ့အထသိပ်မရှိဘူး။ ကိုယ်တို့ကတော့ ခေါင်းကြီးတို့၊ ဆောင်းပါးတို့၊ ဖီချာတို့ တန်းရေးတာပေါ့လေ။ ဒါလေးတွေနဲ့ပတ်သက်တဲ့ အခြေခံ Principal လေးတွေလည်း တော်တော်လေးကိုသိရတယ်။ သင်တဲ့ဆရာ တွေကလည်း တော်တော်,တော်ပါတယ်။

ခုလာတဲ့သင်တန်း ခရီးစဉ်မှာ ဘယ်လိုမျိုးသတင်းထောက်တွေ၊ ဘယ်လိုမျိုး စာရေးဆရာတွေပါလဲခင်ဗျာ့။

အကြီးထဲကတော့ ကိုယ်ရယ်၊ ဆရာဟိန်းလတ်ရယ် နှစ်ယောက်ပဲ။ ဒါပေမဲ့ ကိုယ်တို့နှစ်ယောက်ကလည်း စာပေနဲ့စာနယ်ဇင်းက လူတွေအနေနဲ့ လာတာမဟုတ်ဘူး။ ဆရာကလည်း သူဂျာနယ်ကနေ သူ့ဟာသူ လျှောက်တယ်။ ဆရာဟိန်းလတ်ကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ်လာကြတာ။ အသင်းအဖွဲ့ကို ကိုယ်စားပြုပြီး လာတာမဟုတ်ဘူး။ ကျန်တာတွေကလည်း တသီးပုဂ္ဂလတွေချည်းပါပဲ။ ရန်ကုန်တိုင်းမ်း ကပါတယ်၊ 7 Days ကပါတယ်။ မန္တလေးကလည်းပါတယ်။ နောက် မြန်မာတိုင်းမ်းကတော့ တော်တော်များတယ်၊ ၆ ယောက်လောက် ပါတယ်၊ တခြားထဲက တယောက်စနှစ်ယောက်စ ပါတယ်။ MRTV4 ကလည်း တယောက်ပါတယ်။ တော်တော်များများကတော့ အိန္ဒိယကို မရောက်ဘူးတဲ့သူတွေပဲ။

ရောက်လာတဲ့အချိန်မှာ အိန္ဒိယနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ကို ဆရာ့အနေနဲ့ ဘယ်လိုမျိုးမြင်လဲ၊ ဘယ်လို သုံးသပ်လဲခင်ဗျာ့။

အခုဖြစ်နေတာပြောရရင်ပေါ့နော်၊ ကိုယ်တွေကလည်း စိတ်ဝင်စားတော့ ဆရာတွေက သုံးသပ်ပြတာပေါ့လေ။ Commonwealth Games ကိစ္စနဲ့ပတ်သက်လို့ များတယ်ပေါ့နော်။ တကယ်တမ်းကတော့ ဒါမျိုးတွေလည်း မရှိဘူး မဟုတ်ဘူး ရှိတယ်။ ဒီသတင်းတွေက ဖွကြတာပေါ့လေ၊ ဒီရှိသင့်တာ ရှိနေတာထက် များတယ်ပေါ့။ အဲဒီတော့ သတင်းလွတ်လပ်ခွင့် တော်တော်များတယ်ပေါ့နော် ဒါကိုယ်တို့ ရှု့ထောင့်ကပြောတာပါ။ နောက် ဆရာကြီးတွေ သုံးသပ်တာကလည်း အဲဒီလိုပဲ သုံးသပ်တယ်၊ တဆိတ်တအိတ်လုပ်တယ်ပေါ့လေ။

ခုဒီခရီးစဉ်က မြန်မာအစိုးရက အိန္ဒိယနဲ့ ဆက်စပ်ပြီး လွှတ်လိုက်တာလား၊ အိန္ဒိယကနေ မြန်မာဂျာနယ်တွေကို သီးသန့်ခေါ်တဲ့ခရီးစဉ်လား။

ဂျာနယ်တွေကို သီးသန့်ခေါ်တဲ့ ခရီးစဉ်ပါ၊ အစိုးရနဲ့ ဘာမှမပတ်သက်ဘူး။ သူတို့ကလွှတ်တာလည်း မဟုတ်ဘူး၊ တားလည်းမတားဆီးဘူး၊ ပိတ်လည်း မပိတ်ပင်ဘူး။ သီးခြားလာတဲ့ ခရီးစဉ်ပါ။ ဒီဘက်က ဖိတ်တာပေါ့၊ ဒီဘက်က ဖိတ်တာမှာ လူ၅ဝ၊ ၆ဝ လောက် လျှောက်တယ်ကြားတယ် အဲဒီအထဲကမှ ရွေထားတာပါ။
အခုလို ပြည်ပကို ပြည်တွင်းက သတင်းထောက်တွေ၊ အယ်ဒီတာတွေ၊ စာရေးဆရာတွေ လာကြတဲ့အခါ မြန်မာနိုင်ငံရဲ့ သတင်းစာလွတ်လပ်ခွင့်အတွက် ဘယ်လောက် အထောက်အကူပြုနိုင်သလဲ အထောက်အကူ ပြုနိုင်မယ်ကော ထင်လားခင်ဗျာ့။

ကိုယ်တို့ဘက်ကတော့ အထောက်အကူ ပြုနိုင်မယ်လို့ထင်ပါတယ်။ ဒါကြောင့်မို့လို့လဲ လာတာပါ၊ ကိုယ်တို့ ဘက်က နှစ်ပိုင်းပေါ့ တပိုင်းက လွတ်လပ်ခွင့်၊ ကိုယ်ဘာတွေရသင့်တယ်၊ ရထိုက်တယ်ဆိုတာကိုလည်း ကိုယ်တို့ သိပ်မသိဘူးလေ။ အခုဒီမှာကျ လွှတ်တော်မှာဆိုရင် သတင်းထောက်တွေအတွက် အခန်းသီးသန့်ထားတယ်။ အဲဒါမျိုးတွေပေါ့လေ၊ ဘာတွေရမလဲပေါ့ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ကိုယ်တို့မသိဘူး၊ အဲဒီတော့ ဒါတွေသိလာတယ်ပေါ့။ တဘက်ကလည်း ကိုယ်တို့စောင့်ထိန်းရမယ့် တာဝန်တွေပေါ့နော်။ အဲတော့ တချို့ကလေးတွေပြောသလို ဟာ သတင်းထောက်လုပ်ဖို့ဆိုတာ မလွယ်ပါလားပေါ့လေ။ သတင်းထောက် ဆိုတာ good citizen ပေါ့၊ နောက်တခုက statesmen ဆန်ဆန်ပေါ့လေ ပြည်သူလူထုကို ကိုယ်စားပြုပြီး ပြောဖို့ဆိုဖို့ကိစ္စက တော်တော်တာဝန်ကြီးတယ်ပေါ့လေ။ တချို့လည်း မလွယ်ပါလား ဆိုတဲ့သဘောလေး နည်းနည်း မြင်လာတယ်ပေါ့။ အဲဒီတော့ ဒီလွတ်လပ်မှု၊ ကိုယ့်ရဲ့အခွင့်အရေးတွေဟာ ဘာတွေဖြစ်သင့်တယ်၊ ဘာတွေရှိသင့်တယ်ဆိုတာကိုလည်း နားလည်နိုင်သလို ကိုယ့်မှာ တာဝန်မသေးဘူးဆိုတာလဲ သိလာတယ်။ အများအာဖြင့်ကတော့ လူငယ်ဆိုတာကတော့ အခွင့်အရေးကို နည်းနည်းလေး ထည့်တွက်တယ်။ တာဝန် ကိုတော့ သိပ်နားမလည်တတ်ဘူး၊ ပိုပြီးတော့ မျှမျှတတ မြင်တတ်လာလိမ့်မယ်လို့ ယူဆပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အိန္ဒိယမှာ commonwealth games နဲ့ ပတ်သက်တဲ့ တံတားတခု ပြိုသွားတယ်။ အဲဒီတံတား ပြိုသွားတဲ့အတွက် အိန္ဒိယ အစိုးရနဲ့ ဆောက်လုပ်ရေးကုမ္ပဏီကို ဝေဖန်ရေးသားတာတွေရှိတယ် အဲလိုမျိုး ဟာတွေဖေါ်ပြတာတွေကို ဒီသင်တန်းမှာ လာတက်တဲ့လူတွေက ဖတ်မှတ်တာတို့၊ အဲဒါမျိုးကို မြန်မာပြည်ထဲမှာ ပြန်ပြီးတော့ ရေးသားနိုင်ဖို့ အခွင့်အရေးရှိတယ်လို့ ဆရာထင်သလား။

ဒါနှစ်ပိုင်းပေါ့နော်၊ အိန္ဒိယက ဆရာတွေဆိုလည်း ကိုယ်တို့ရဲ့ အခြေအနေကို သိပ်နားမလည်ဘူးပေါ့။ မြန်မာ သတင်းလောကအကြောင်းကို ပြောရရင်တော့ သံသရာက နည်းနည်းရှည်တယ်။ Case by Case ပဲလို့ ပြောရမလား မရဘူးဆိုတဲ့လူတွေလည်းရှိတယ် ရတယ်ဆိုတဲ့လူတွေလည်း ရှိတယ်ပေါ့လေ။ အဲတော့ ရေးပုံရေးနည်းအပေါ်မှာလည်း အများကြီးမူတည်တယ်။ ဒါတွေကတော့ အများကြီးပဲ၊ အားလုံးမရကြတာတော့ မဟုတ်ဘူး၊ သူတို့ နည်းနည်း ယုံကြည်စိတ်ချရတဲ့လူတွေဆိုရင်၊ သူတို့နဲ့ ဆက်ဆံရေး အဆင်ပြေတဲ့လူ အဲဒီလူတွေဆိုရင်ရတယ်ပေါ့နော်၊ နောက်အဲဒါကလည်း အခြေအနေ အချိန်အခါပေါ့၊ ဥပမာ မနေ့က မရဘူး၊ ဒီနေ့ရတယ် ကနေ့ရပြီး မနက်ဖြန်ကျတော့ ရချင်မှ ရတယ်ပေါ့လေ။ မြန်မာနိုင်ငံမှာကတော့ အစစ အရာရာ မတည်ငြိမ်သေးတဲ့အခါကျတော့ အဲဒီလိုဟာမျိုးတွေတော့ ရှိပါတယ်။ ပုံသေ ဘယ်သူတော့ မရဘူးလို့ မရှိပါဘူး။ အဲလိုမျိုး မူပေါ့၊ ပိတ်ပင်တာမျိုးတော့ မရှိဘူး။ ခပ်ပါးပါးပေါ့၊ အပြုသဘောရေးတယ်လို့ ယူဆရင်လည်း ခွင့်ပြုနိုင်တာ များပါတယ်။ ဒါပေမဲ့ ဒီ Tones တွေအလိုက်ပေါ့၊ ရေးပုံရေးနည်း၊ တင်ပြပုံတင်ပြနည်း၊ ဆက်ဆံပုံ အဲဒီဟာတွေအပေါ်မှာလည်း အများကြီးမူတည်ပါတယ်။ မူအနေနဲ့တော့ ဘယ်ဟာတွေ မရေးရဘူး၊ ဘယ်ဟာတွေ ရေးရမယ်လို့တော့ သိပ်မရှိပါဘူး။

ရွေးကောက်ပွဲပြီးလို့ နောက်တက်လာမယ့် အစိုးရလက်ထက်မှာ၊ မြန်မာစာနယ်ဇင်းလောက
ပိုပြီးလွတ်လပ်ခွင့် ရှိနိုင်တယ်လို့ မျှော်လင့်လို့ရသလား။

အဲဒါကတော့ မျှော်လင့်ကြတာပေါ့၊ အခုမရှိဘူးပေါ့၊ အခုက နည်းနည်းလေးပဲရှိတာပေါ့၊ နည်းနည်းလေး ရှိတဲ့အခါကျတော့ ကိုယ်ပြည်ပကို ရောက်လေ့ရောက်ထရှိတဲ့အခါတိုင်းမှာ ပြောလေ့ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ ပြည်တွင်းကလူက ဖန်ခွက်ထဲမှာ ရေတဝက်ရှိတယ်ဆိုတာကို မြင်တယ်။ အပြင်က လူတွေကတော့ တဝက်မရှိဘူးဆိုတဲ့ဟာ မြင်တယ်ပေါ့လေ။ အဲဒီတော့ ကိုယ်တို့က တဝက်လည်း ဖြစ်ချင်ဖြစ်မယ် လေးပုံတပုံလည်းဖြစ်ချင်ဖြစ်မယ်ပေါ့။ အဲဒီတော့ ဒါနဲ့ ယှဉ်ကြည့်ရင် အရင်ကထက်စာရင်တော့ ပိုရလာလိမ့်မယ်လို့မြင်တယ်။ ဒါပေမဲ့ ပြည်ပက လူတွေထင်သလို အပြင်ကလူတွေ မျှော်လင့်သလိုပေါ့ အဲဒီဟာတော့ ကိုယ်တို့ ပြည်တွင်းကလူတွေအနေနဲ့ကတော့ အရမ်းကြီး ဧရာမ အပြောင်းအလဲကြီး ဖြစ်လာလိမ့်မယ်လို့ မယူဆပါဘူး။

ဆင်ဆာဘုတ်အဖွဲ့တော့ ဆက်ရှိနေဦးမယ်ဆိုတဲ့ သဘောလားခင်ဗျာ့။

ဆင်ဆာဘုတ်အဖွဲ့ပဲဖြစ်ဖြစ်၊ တခြားနာမည်နဲ့ပဲဖြစ်ဖြစ်ပေါ့၊ ဥပမာ ပါတီနဲ့ ပတ်သက်ပြီး ရေးတာသားတာတွေနဲ့ ပတ်သက်ပြီး၊ အရင်အာမခံကြေးတင်ထား၊ အာမခံကြေးတင်ထားပြီးတော့မှ သူကထုတ်၊ ထုတ်တော့ သတ်မှတ်ချက်နဲ့ ငြိတဲ့အခါကျရင် အာမခံကြေးထဲက နှုတ်မယ့်သဘောပေါ့လေ၊ အဲလိုဟာမျိုးက ဟိုဘက်ခေတ်တွေတုန်းက ရှိခဲ့တယ်လို့ပြောတယ်။ အဲဒီ ပုံစံမျိုးလည်း ဖြစ်ကောင်းဖြစ်မယ်။ လုံးဝကြီး လွတ်လွတ်ကျွတ်ကျွတ်ကြီး၊ ထင်ရာစိုင်းဆိုတာမျိုးတော့ ဖြစ်မယ်မထင်ဘူး။ သူတို့ပြောတာကလည်း စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလို့ အဲလိုမျိုး ပြောတာကိုး၊ နောက်ပြီးတော့ ကိုယ်တို့တတွေ အရေးအခင်း ကာလက တွေ့ရတဲ့ စာနယ်ဇင်းပုံစံမျိုးကိုလည်း သိပ်သဘောမကျဘူး။ ကောလဟာလ တခုကို ကောက်ပြီးရေး၊ ထင်တာရေး၊ အဲလိုပေါ့လေ နည်းနည်း ပရမ်းပဒါ နိုင်လွန်းတယ်ပေါ့လေ။ ဒီထက်ပိုပြီးတော့ လွတ်လပ်တာ မျိုးတော့ ကိုယ်တို့ မျှော်လင့်ပါတယ်။

ဆရာက စီးပွားရေးဆောင်းပါးတွေ ရေးတယ်၊ လေ့လည်းလေ့လာတယ်၊ မြန်မာပြည်ရဲ့ စီးပွားရေးက တကယ်တော့ အခြေအနေသိပ်မကောင်းဘူး။ ဒါကို မြန်မာအစိုးရက သူတို့ လုပ်နေပါတယ် လို့ပြောတယ်။ မြန်မာအစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေကလည်း လုပ်နေတယ်လို့ ပြောတယ်။ ဒါပေမဲ့ ဖြစ်မလာသေးဘူး၊ အဲဒါကို ဆရာ့အနေနဲ့ ဘာမျှော်သလဲ၊ မျှော်လင့်ချက်ကော ရှိလား။

ကိုယ်တို့မှာ မျှော်လင့်ချက် မရှိဘူးဆိုရင်လည်း နေစရာဘာမှ မရှိတော့ဘူး၊ အဲဒီတော့ ကိုယ့်အနေနဲ့ ပြောရရင် မျှော်လင့်တယ်။ မျှော်လင့်တယ်ဆိုတာက အခုနဲ့စာရင် ပိုပြီးတော့ ဖြစ်လာမယ်၊ ဖြစ်သင့် ဖြစ်ထိုက်တာလေးတွေ ပိုပြီးတော့ ဖြစ်လာမယ်လို့ ကိုယ့်အနနဲ့ မျှော်လင့်တယ်။ မျှော်လင့်ချက်မရှိရင်လည်း ကိုယ်တို့ဘဝက ဆုံးနေပြီလေ။ အဲဒီ မျှော်လင့်ချက်နဲ့ပဲ ကိုယ်တို့ အသက်ရှင်နေတာပါ။

အဲဒီမျှော်လင့်ချက်က လက်တွေ့ကော ကျရဲ့လားခင်ဗျာ့။

လက်တွေ့လည်းဆန်တယ်၊ လက်တွေ့ဆန်တယ်ဆိုတာ အရမ်းကြီး မမျှော်လင့်ထားဘူး။ စောစာက ပြောသလို ဖန်ခွက်တဝက်ပဲရှိတာ၊ လေးပုံတပုံလောက်ပဲရှိတာကနေပြီးတော့၊ သုံးပုံတပုံလောက် ဖြစ်ချင် ဖြစ်သွားမယ်၊ တဝက်လောက် ဖြစ်ချင်ဖြစ်သွားမယ်။ ဒီလိုမျိုး မျှော်လင့်ထားတယ်၊ Full Cup ဖန်ခွက် အပြည့်ကတော့ မမျှော်လင့်ထားဘူး၊ အဲတော့ ကိုယ်တို့ ဘယ်လောက်ထိ မျှော်လင့်နိုင်သလဲ၊ ဘယ်လိုမျိုး မျှော်လင့်မလဲ ဆိုတာက ကိုယ်တို့မှာ ဘဝပေးအခြေအနေအရ၊ ကိုယ်ဆိုရင်လည်း အသက် ၅ဝ ကျော်လာပြီ၊ ဆိုတော့ ဆန္ဒကတော့ ရှိတာပေါ့၊ အဲဒီ ဆန္ဒကလည်း အကျိုးအကြောင်းဆီလျှော်တဲ့ ဆန္ဒပဲ၊ ကိုယ်တို့မှာ တမတ်ရှိတဲ့ ဟာကနေ နှစ်ကျပ် သုံးကျပ် မဖြစ်ချင်ဘူး။ ၃ဝ၊ ၄ဝ၊ ၅ဝ၊ ရချင်တယ်၊ အဲဒီတော့ ဟို ၁ဝဝ က မလိုချင်လို့လားဆိုတော့ လိုချင်တာပေါ့၊ ဒါလူတိုင်းက လိုချင်ကြတဲ့ဟာ သို့သော် အဲဒီ ၁ဝဝ က ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ တွက်ထားတယ်။ တွက်ထားတော့ အရမ်းကြီး မျှော်လင့်ထားပြီးတော့ ရင်ကွဲပက်လက် ဖြစ်ရတဲ့ဟာမျိုး ကိုယ်တို့ကမဖြစ်ဘူး၊ Realistic က အစက တဲလောက်ရှိတဲ့လူက ဥပမာဆိုပါတော့ အိမ်လောက် ရှိတယ်ဆိုလို့ရှိရင် ကျေနပ်တဲ့သဘော၊ အိမ်အဆင့် ရောက်သွားပြီဆိုရင်တော့ တိုက်နဲ့နေနိုင်ဖို့ မျှော်လင့်ချင် မျှော်လင့်မယ်။ အဲဒီတော့ ကိုယ်တို့က တဲနဲ့နေတဲ့အဆင့်မှာ တိုက်နဲ့နေတဲ့အဆင့်ကို မျှော်လင့် မထားဘူး။

လာဘ်စားတာ၊ လက်ဝါးကြီးအုပ်ထားတာ၊ ငွေကြေးရှိတဲ့လူက ထိန်းချုပ်ထားတာ၊ နောက်တခုက အာဏာကို ထိပြီဆိုရင် အဲဒီဟာကို ပိတ်လိုက်တာ၊ အဲဒီ အခြေခံအချက်တွေကကော ပြောင်းသွားနိုင်မလား နောက်တက်လာမယ့်အစိုးရက ဒါတွေကို ကိုင်တွယ်နိုင်မလား၊ နောက်တက်လာမယ့် အစိုးရက ဒီလူဒီလူ တွေပဲ တော်တော်များများက ပြန်ပါလာတာဆိုတော့၊ ဒါတွေပြောင်းလဲမလား၊ မျှော်လင့်လို့ရမလား။

မျှော်လင့်ပါတယ်၊ မျှော်လင့်တယ်ဆိုတာက စောစောက ပြောသလိုပဲ များများစားစား မရှိပါဘူး။ သုံးလေးချက် လောက်ပေါ့၊ ဥပမာ ပြောရရင် Rule of Law ပေါ့၊ အခုက အမိန့်တို့ ညွှန်ကြားချက်တို့နဲ့ အုပ်ချုပ်တာကနေ ဥပဒေနဲ့ အုပ်ချုပ်မယ် ဥပဒေနဲ့ ပြောနိုင်ဆိုနိုင်မယ်ဆိုရင် အုပ်ချုပ်ရေး ယန္တရားမှာ အနည်းနဲ့အများ ထိန်းချုပ်လို့ ရနိုင်မယ်လို့ မျှော်လင့်တယ်။ ဒါပေမဲ့လည်း ဆရာခုတလော ဘာကိုစိတ်ပူသလဲဆိုရင် အုပ်ချုပ်ရေး ယန္တရားက ဒီဥပဒေ ဒီဥပဒေကို ပြဌာန်းလိုက်တယ် ပြဌာန်းလိုက်တဲ့အခါကျရင် ဆရာဘာကို စိတ်ပူသလဲဆိုရင် ပြည်သူ့ ဝန်ထမ်းကို ဆရာစိတ်ပူတယ်။ ဥပဒေက ပြဌာန်းလိုက်တဲ့ ဥပဒေက ဒီလိုဖြစ်သွားပြီဆိုရင် အဲဒီ ဥပဒေက ပြည်သူ့ဝန်ထမ်းလက်ထဲရောက်သွားရင် ဘယ်လိုဖြစ်မလဲ၊ ဒါ ပြည်သူ့ဝန်ထမ်းရဲ့ Mentality ပေါ့နော်၊ ဆရာလည်း ပြည်သူ့ဝန်ထမ်းလုပ်လာတဲ့အခါကျတော့ ပြည်သူ့ဝန်ထမ်းရဲ့ Mentality ကိုထိန်းဖို့ပဲ။ အဲဒီတော့ အခုတလောမှာဘာကို ဇောင်းပေးပြီးတော့ ရေးနေတာလဲဆိုတော့ ပြည်သူ့ဝန်ထမ်းဟာ ပြည်သူလူထု ပြေလည်ဖို့ ပြည်သူလူထု ချောချောမွေ့မွေ့ သွားဖို့လာဖို့ကို လုပ်ပေးရမယ်ဆိုတဲ့ဟာကို ဇောင်ပေးနေတာပေါ့။ အဲဒီလိုလေးတွေပေါ့ ဒါကိုယ်တို့က ဟိုဘက်အတွက်ကို ကြိုပြီးတော့ ပြင်နေတဲ့သဘောပဲ။ အဲတော့ အထူးသဖြင့် စီးပွားရေးရှုထောင့်က ပြောရလို့ရှိရင် ကိုယ် အားမရဆုံးကတော့ နိုင်ငံအဆင့် စီးပွားရေး စီမံခန့်ခွဲမှု၊ ဟိုဟာလုပ်တယ်၊ ဒီဟာလုပ်တယ်ဆိုတာတွေက အကုန် အိုကေ၊ Microeconomics Management နိုင်ငံအဆင့် စီးပွားရေးကို ကိုင်တွယ်တဲ့အခါမှာ ဥပမာ ငွေဖေါင်းပွမှုကို ထိန်းမှာလား၊ ငွေဖေါင်းပွအောင် လုပ်မှာလား၊ ဘာလား ဆိုတဲ့ဟာကို ကိုယ်လည်း အတိုင်းအတာတခုအထိ ထဲထဲဝင်ဝင် လေ့လာခဲ့ပေမဲ့၊ အဲဒီဟာမျိုးကို ပီပီပြင်ပြင် ကိုယ် မတွေ့ခဲ့ဘူး၊ အဲဒီလိုဟာမျိုးက တကယ်လို့ လွှတ်တော်မှာ ပြောကြဆိုကြရင်လည်း လွှတ်တော်မှာပြောကြဆိုကြ၊ လွှတ်တော်မှာ မပြောမဆိုရင်လည်း ကိုယ်တို့က အပြင်က ပြောမှာ၊ အဲဒီတော့ လွှတ်တော်မှာ ပြောကြဆိုကြတဲ့လူတွေကို ကိုယ်တို့က Feed လုပ်ချင်လုပ်မယ်။ အဓိက ကတော့ အများနဲ့ သက်ဆိုင်တာက ဥပဒေရဲ့ အောက်မှာ အကုန်ရှိရမယ်။ ဒါက မျှမျှတတပေါ့၊ သူဌေးကော ဆင်းရဲသားကော အတူတူ ကစားနိုင်တဲ့ကွင်းပေါ့နော်။ ဒါမျိုး ချက်ချင်း လက်ငင်းကြီး ဖြစ်လာလိမ့်မယ်လို့ မမျှောင်လင့်ဘူး။ စီးပွားရေးပညာရှင်တယောက်အနေနဲ့ ပြောရရင်၊ ကိုယ်က တချက်ပဲ မျှော်လင့်တယ်၊ နိုင်ငံအဆင့် စီးပွားရေး စီမံခန့်ခွဲမှု၊ နိုင်ငံအဆင့် Microeconomics Management အဲဒီ တချက်ကိုပဲ ကိုယ်က မျှော်လင့်တယ်၊ အဲဒါလေး အတိုင်းအတာတခုအထိ ဖြစ်သွားရင်တော့ စီးပွားရေး တည်ငြိမ်အောင်လည်း လုပ်နိုင်မယ် တိုးတက်အောင်လည်း လုပ်နိုင်မယ်။ အခုက လုံးဝ မတိုးတက်တာတော့လည်း မဟုတ်ဘူး၊ တိုးတက်တယ်လို့ ပြစရာလေးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ တိုးတက်သင့်သလောက် မတိုးတက်ဘူး၊ ဖြစ်သင့်သလောက် မဖြစ်ဘူး။ တိုးတက်သင့်သလောက် မတိုးတက်ဘူး၊ ဖြစ်သင့်သလောက် မဖြစ်ဘူးဆိုတာ ဘာကြောင့်လဲဆိုတော့ Microeconomics Management ပဲ၊ အဲဒီတော့ မတိုးတက်တဲ့အတွက်၊ ဝေစုတခုကို ထပ်ထပ်ပြီးတော့ ပိုင်းတဲ့အခါမှာ ရှားပါးတဲ့အတွက် ကိုယ်နဲ့ အဆင်ပြေတဲ့လူကိုပေးတယ်၊ ကိုယ်နဲ့ အဆင်မပြေတဲ့လူကို မပေးဘူး ဆိုတဲ့ဟာမျိုးရှိတယ်။ တိုးတက်လာတယ်၊ ဒီဝေစုကြီးက ကြီးမားလာတယ်ဆိုရင် သူ့လည်း ပေးနိုင်မယ် ကိုယ့်လည်းပေးနိုင်မယ်၊ ကိုယ်ကတော့ စီးပွားရေးဘက်က ပြောရင် အဓိက ပြဿနာဟာ Microeconomics Management လို့ မြင်တယ်။

စာပေလွတ်လပ်ခွင့်နဲ့ ပြန်ပြီးကြည့်မယ်ဆိုရင် ခုဏလို ဝန်ထမ်းတွေက မလုပ်ဘူးပဲထား၊ ဝန်ထမ်းတွေက မလုပ်ဘူးဆိုရင် စတုတ္တ မဏ္ဍိုင်က ထောက်ပြလို့ရတယ်။ စတုတ္တ မဏ္ဍိုင်က လွတ်လွတ်လပ်လပ် လုပ်လို့မရဘူး ဆိုရင်ဘယ်လိုလုပ်မလဲ၊ Implement လုပ်တဲ့လူကို ပြောလို့မရဘူး၊ သူတို့ မလုပ်ဘူးဆိုရင် ထောက်ပြတဲ့နေရာ ရှိရမယ်၊ ဥပမာ ပါလီမံက ထောက်ပြမလား၊ စတုတ္တမဏ္ဍိုင်က ထောက်ပြမလား၊ တကယ့်တကယ်တော့ ထောက်ပြမယ့်လူမရှိဘူး အဲဒီလို ဖြစ်နေတာ မဟုတ်ဘူးလား။


         သွားနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို တကယ်အကောင်အထည်ဖေါ်မယ်ဆိုရင်တော့ ထောက်ပြရမယ်၊ ထောက်ပြရမယ်ဆိုတာက ကိုယ်တို့က ဒီခရီးစဉ်မှာပေါ့နော် ဆန္ဒလေးတခုပေါ့၊ ကိုယ်တို့ဆီမှာ အစစ၊ ဝန်ထမ်းပဲ ဖြစ်ဖြစ်၊ ကျောင်းသားပဲဖြစ်ဖြစ် ကိုယ်တို့က အားမရဘူးပေါ့နော်၊ ခါးပြတ်တယ်၊ ဘာဖြစ်တယ်၊ ဆိုတာမျိုးကို ပြောကြတယ်၊ ပြောကြတဲ့အခါကျတော့ ဟုတ်ပြီထောက်ပြ၊ ခုသတင်းထောက်တွေ ခဏခဏ လာမေးတယ်။ သတင်းထောက်တွေ ခဏခဏ လာမေးတဲ့အခါကျ ဒီတိုင်းပြောပြီး ဒီတိုင်းရေးလိုက်တဲ့အခါကျ တလွဲတွေ ဖြစ်တာများတယ်။ များတဲ့အခါကျတော့ ဒီလို သင်တန်းမျိုးလေးတွေကနေပြီးတော့ စောစောက ကိုယ်ပြောသလို ကိုယ့်တာဝန်လေးတွေ ကိုယ်သိလာမယ်၊ ကိုယ့်လုပ်ပိုင်ခွင့်လေးတွေ ကိုယ်သိလာမယ်၊ တဘက်ကလည်း Knowledgeable သတင်းစာဆရာတွေဖြစ်လာမယ်။ အဲဒီတော့ အခုအတိုင်းအတာပေါ့နော် ကိုယ်တို့ သိပ်ပြီး မလွတ်လပ်ဘူး၊ သိပ်ပြီးတော့ လွတ်လွတ်လပ်လပ် ရေးနိုင်သားနိုင်တဲ့ အနေအထားမဟုတ်ဘူး။ အဲဒီလိုမျိုး ဖြစ်နေတာတောင်မှ ရေးတဲ့နေရာမှာ တလွဲရေးတာတွေက အရမ်းများတယ်၊ အဲဒီတော့ Reasonable journalism အဲလိုမျိုးပေါ့၊ ထောက်ပြရမယ်၊ ထောက်ပြတာက ကိုယ်နဲ့မတည့်လို့ အမြင်ကတ်လို့ မဟုတ်ဘူး၊ တကယ်ကို ပရော်ဖက်ရှင်နယ်ပေါ့နော်၊ ပရော်ဖက်ရှင်နယ် ပီပီသသဖြစ်ရမယ်။ အဲတော့ ကလေးတွေပေါ့နော် ကိုယ်တို့တွေကတော့ ကြီးပါပြီ၊ အများအားဖြင့်တော့ ၂ဝ တွေ ၃ဝ တွေပေါ့၊ တချို့လည်း သိပ်လျော့တွက်လို့မရဘူး၊ တချို့လည်း သူတို့ ကိုယ်တို့ထက်တောင်မှ exposure များတယ်။ တချို့လည်း လိုသေးတယ်ပေါ့၊ အဲဒီတော့ သူတို့လည်း ဒါမျိုးလေးတွေ ကိုယ်တို့ဆီ ဒီအခွင့်အရေးတွေ ရမှမရခဲ့ကြတာပဲ။ အခုဒီအခွင့်အရေးလည်း ရတယ်၊ သွားခွင့်လည်း ပေးထားတယ်၊ သွားခွင့်ပေးတာ၊ မပေးတာကို ဘာမှမပြောလိုဘူး၊ သူ့ကိစ္စလည်း မဟုတ်ဘူး၊ သူနဲ့လည်း မဆိုင်ဘူး။ မသွားနဲ့လည်း မပြောဘူး၊ သွားလည်း မပြောဘူး၊ အခု ဌာနဆိုင်ရာဝန်ထမ်း လေးငါးယောက် ပါတယ်၊ ဒါသူတို့ကို သက်ဆိုင်ရာဌာက ခွင့်ပြုတယ်ဒါပဲ။ ကျန်တဲ့လူက သွားချင်သွား မသွားချင်နေ ဒီလိုပဲသွားနေကြတာပါ။ ကိုယ်သိသလောက်ဆိုရင် အစုံပဲ၊ ကိုယ့်အနီးအနားမှာရှိတဲ့ သတင်းစာဆရာ၊ ဂျာနယ်လစ်က အသွားဆုံးပဲ အဲဒီလိုတော့ ထင်တယ်နော်။

ဆရာတို့က ရှေ့မီနောက်မီဆိုတော့ အခုခေတ်လူငယ်တွေရဲ့ စာပေအဆင့်အတန်း၊ သတင်းစာ၊ မီဒီယာအဆင့် ဘယ်လောက်လိုက်နိုင်သလဲပေါ့။ များသောအားဖြင့် ဝေဖန်တာက မြန်မာပြည်ရဲ့ သတင်းစာပညာဟာ အရမ်းကို ကျသွားတယ်လို့ ဝေဖန်တယ်။ အထူးသဖြင့် မြန်မာပြည်ထဲမှာ censorship ပေါ့နော် နောက်တခုက Self-censorship ပေါ့၊ ရေးလိုက်မိရင် ပိတ်မှာပဲ ငြိမှာပဲ အဲဒီတော့ မရေးဘူးဆိုပြီးတော့ ဝေဖန်ကြတယ်။ အဲဒီလို လူငယ်တွေ အပေါ်ဆရာဘယ်လိုထင်သလဲ၊ ဒါမှမဟုတ် လူငယ်တွေက မျောလိုက်နေတယ်လို့ ထင်သလား။

ဆရာ့အမြင်ကတော့တမျိုးပဲ ဥပမာ တချို့ကလေးတွေ လာတယ်ပေါ့နော်။ ကျနော်တို့ ဘယ်လိုရေးရင် ထောင်ကျမှာ ဘာညာအဲလိုမျိုး အဲတော့ ထောင်ကျဖို့ မလိုဘူးလို့ ဆရာက ယူဆတယ်။ မြန်မာပြည်ထဲမှာ နေတဲ့လူတွေအတွက် ထောင်ထဲမှာသွားပြီး ဘာမှလုပ်လို့မရတာထက်စာရင် ပေးတဲ့အခြေအနေလေးကို ယူပြီးတော့ ပြောကြ၊ ဆိုကြ၊ ရေးကြသားကြတဲ့ဟာကို ဆရာကတော့ ပိုပြီးတော့ သဘောကျတယ်။ ထောင်ကျအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးတာသားတာ၊ ဒါမှမဟုတ်လည်း တခြားရည်ရွယ်ချက်နဲ့ ရေးတဲ့ သားတဲ့ဟာမျိုးကို ဟိုဝှာမဖြစ်ဘူး၊ ဆရာက ဆရာ့ကိုယ်တိုင်ပဲ ဥပမာပေးပြီးတော့ ပြောပြတယ်။ ထောင်မကျအောင် ရေးလို့ရတယ်။ အကန့်အသတ်က ဘယ်အထိ ဆိုတဲ့အထဲမှာ ဒီကြားထဲမှာကိုယ်က လှုပ်ရှားလို့ရသေးတယ်။

အဲလိုမျိုးဆိုရင် Self-censorship မဖြစ်နိုင်ဘူးလား။

Self-censorship မဖြစ်နိုင်ဘူး၊ တချို့ဟာတွေက သူတို့စိတ်ထဲမှာ တမျိုးဖြစ်နေတဲ့ဟာတွေပေါ့၊ ကိုယ့် အားနည်းချက်ကို ဖုံးတဲ့ ဆင်ခြေလို့ ယူဆတယ်။ တချို့လည်း စာပေစိစစ်ရေးကြောင့် မရေးဘူးဘာညာ၊ အဲဒီ လူတွေဟာ စာပေးစိစစ်ရေး ရှိရှိ၊ မရှိရှိ၊ ဘယ်တော့မှ ရေးမှာမဟုတ်ဘူး။ ကိုယ်တို့တတွေကတော့ ရေးနေတာပဲ အဲဒီတော့ ပြည်ပထွက်တဲ့အခါကျတော့ စာအုပ်ဘယ်လောက် ထုတ်ပြီးပြီလဲ။ စာအုပ် ၄ဝ လောက်ရေးပြီးပြီ ဆိုတော့ မြန်မာပြည်မှာ စာပေးစိစစ်ရေး ဒီလောက်ရှိနေတဲ့ကြားထဲက မင်းက ဒီလောက်ရေးနိုင်သလား ဆိုတော့ ငါရေးတဲ့အကြောင်းအရာပေါ်မှာလည်း မူတည်တယ်၊ ငါရေးတဲ့ အကြောင်းအရာတွေက ဘယ်သူ့မှ ထိခိုက်တဲ့ဟာ မရှိဘူး၊ နိုင်ငံတော်ရဲ့ အကျိုးစီးပွားကိုလည်း ထိခိုက်တာမရှိဘူး၊ တဦးချင်း အကျိုးစီးပွားကိုလည်း မထိခိုက်ဘူး၊ ဒါပေမဲ့ နိုင်ငံတော်ကို စွတ်ပြီးဖားနေတာမဟုတ်ဘူး၊ နိုင်ငံတော်လုပ်သမျှ ဟုတ်ပါတယ် ဆိုတာမျိုးလည်း ရေးနေတာလည်း ဟုတ်ဘူး။

ဆရာ့စာတွေ ပယ်ခံရတာမျိုးကော ရှိလား။

ရှိပါတယ်၊ အဲဒါတွေကိုလည်း နားလည်နိုင်တယ်၊ ဝန်ထမ်းဆိုတာကတော့ ကိုယ်လည်းဝန်ထမ်းလုပ်လာတာပဲ။ ဝန်ထမ်းဆိုတာမျိုးကတော့ ဒါမျိုးဆိုရင်တော့ ပယ် ဒါမျိုးဆိုရင်တော့ အထင်အမြင်မှားနိုင်တယ်။ ဘယ်လူကြီး တွေက ဘယ်လို အဓိပ္ပါယ်ကောက်နိုင်တယ်၊ ဘာညာဆိုတဲ့ဟာမျိုးကို ကိုယ်က ဘယ်တော့မှ မပြောဘူး။ ကိုယ့်ဟာကို ပယ်လို့ ဆုတ်လို့ ဆိုတဲ့ဟာမျိုးကို မပြောဘူး။

သင်တန်း အတွေ့အကြုံတွေကို ဆရာ့ Blog မှာလည်း ရေးတာသိပ်မတွေ့ဘူး၊ နောက် facebook မှာတင်ထားတဲ့ ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး ဆရာဆီ feedback တွေဘာတွေပြန်လာလဲ။

ဘာမှတော့ ပြန်မလာဘူးဗျ၊

လူတွေက မသိချင်ကြဘူးလား၊ အိန္ဒိယကို မြန်မာတွေ လာကြတယ်၊ သင်တန်းတွေ လာတက်ကြတယ် ဒါလေးတွေကိုလေ။

ဒီနေ့ တင်ထားတာနဲ့ ပတ်သက်ပြီးတော့,တော့ ဘာ feedback ပြန်လာမလဲတော့ မပြောတတ်ဘူး၊ ဒါက ကိုယ်တို့ ရောက်ရောက်ချင်းရေးတဲ့ဟာလေ ရောက်ရောက်ချင်းဆိုတော့ ဒီအပတ်ထဲမှာရေးထားတာ၊ ဒါလည်း သိပ်ပြီးအချိန်မရဘူး၊ အဲဒါက အသေးစိတ်မပါဘူး၊ ဖွင့်ပွဲလုပ်တဲ့ နေ့လောက်ပဲပါတယ်၊ ဥပမာ မနေ့ကသင်တဲ့ လွှတ်တော်အကြောင်းတို့ ရွေးကောက်ပွဲအကြောင်းတို့ ရွေးကောက်ပွဲအကြောင်းဆိုရင် ဒီက ကလေးတွေက သိချင်တာတွေ အများကြီးပဲ၊ ကြုံလည်း မကြုံဘူးကြဘူးဆိုတော့လေ၊ ဆိုတော့ အဲဒါမျိုးဆို အချိန်က မလောက်ဘူး။ သူကလည်း သူ့အချိန်နဲ့ သူဆိုတော့လေ၊ နောက်သူတို့က ကိုယ်တို့အခြေအနေကို လုံးဝ မသိဘူး။ ပြဿနာ တခုက ဘာလဲဆိုရင် ဒီအုပ်စုအနေနဲ့ ပြောရရင် တော်တော်များများက အိန္ဒိယကို ဘာမှ မသိဘူး။ ဒါပေမဲ့ ဒီဘက်က အိန္ဒိယ ပါမောက္ခများကလည်း မြန်မာနိုင်ငံရဲ့ အခြေအနေကို ဘာမှကို မသိဘူး။ အနည်းဆုံးကတော့ သူ့အခြေအနေကိုယ့်အခြေအနေ သိရမယ်၊ အခု Assignment တခုဆိုရင် Understanding India သဘောမျိုးပေါ့လေ အဲဒါကို လုပ်ခိုင်းတာတွေ့တယ် အဲဒါကို ဘယ်လိုမြင်လဲဆိုတာ သိပ်တော့ မလွယ်ဘူးပေါ့နော်။ အခုနောက်ပိုင်းဆို ကိုယ်တို့က ဘာတွေရေးစရာတွေရှိလာလဲဆိုတော့ သင်တန်းကလည်း တနေကုန်တက်တာလေ ညကျရင်လည်း မောကြတာဆိုတော့ Topic တခုစီ တခုစီကို ရေးစရာတွေရှိလာတယ်။ အဲဒီဟာတွေကို တင်ထားမယ် တင်ထားမယ်ဆိုပေမဲ့၊ အရင်အတွေ့အကြုံတွေအရ ပြောရရင်တော့ သိပ်ပြီးတော့ respond ဒီလောက်ကြီးမဟုတ်ပါဘူး။ သိပ်ပြီးတော့ မျှော်လင့်မထားဘူး။

မြန်မာပြည်ရဲ့ ပြဿနာက သတင်းထိန်ချန်တယ်လို့ မြင်ကြတယ်၊ အာဏာပိုင်ကပဲဖြစ်ဖြစ်၊ သက်ဆိုင်ရာကပဲ ဖြစ်ဖြစ်၊ အဲဒီတော့ သတင်းထောက်တွေက ဘယ်လောက်ပဲ ကြိုးစားကြိုးစား ထိန်ချန်ထားတယ်၊ ပိတ်ဆို့ထားတယ်ဆိုရင် အခက်အခဲရှိတယ်၊ သတင်းထိန်ချန်မှု ပြဿနာကို ဆရာ အသိအမှတ်ပြုသလား ဆရာဘယ်လိုမြင်လဲခင်ဗျာ့။

ပြုပါတယ်၊ ကိုယ်လည်း တစိတ်တဒေသ လုပ်တာတဲ့အခါကျတော့၊ နံပတ် ၁ က ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိဘူး၊ လူတွေရဲ့ သဘောထားက မှားတယ်ဆိုတဲ့ဟာကို လက်ခံနိုင်ရမယ်။ သူလည်း မှားတတ်တယ် ကိုယ်လည်း မှားတတ်တယ်ပေါ့ ဒီအမှားကို နင်းဖို့ဆိုရင်တော့ ဟိုဘက်က(အစိုးရ) ဖုံးတာပေါ့နော် ဒါတခုပေါ့။ အနည်းဆုံး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမှ ကိုယ့်စွမ်းအားကို ကိုယ်ယုံကြည်မှုရှိမှ။

ပြည်ပက မီဒီယာတွေ စာစောင်တွေ၊ မြန်မာသတင်းဌာနတွေ သူတို့က မြန်မာပြည်သူတွေအတွက် တကယ်ကော အထောက်အကူပြုသလား၊ မြန်မာပြည်သူတွေ အကျိုးစီးပွားအတွက် အထောက်အကူ ပြုတယ်လို့ ဆရာ ယုံကြည်သလား။

နှစ်ခုရှိပါတယ်၊ တတ်နိုင်သမျှတော့ ပြည်သူပြည်သားတွေကတော့ သတင်းတွေကို သိချင်တဲ့အခါကျတော့ ဒီပြည်ပက သတင်းဌာနတွေသတင်းတွေကို တော်တော်လေး အားကိုးအားထားပြုပြီးတော့ ဖတ်ကြပါတယ်။ ဒါပေမဲ့ ဘယ်လောက် အထောက်အကူပြုသလဲဆိုတာကိုတော့ နည်းနည်း ပြောဖို့ခက်ပါတယ်။ ဒီပြည်ပ သတင်းဌာနတွေက ဘာပြောင်းလဲအောင် လုပ်နိုင်သလဲလို့မေးရင်တော့ သိပ်ပြီးတော့ အားရစရာ မရှိဘူးပေါ့။ တခါတလေကျရင်တော့ ပြည်ပသတင်းဌာနတွေက တခုခု ပြောလိုက်ဆိုလိုက်တဲ့အတွက် ပြည်တွင်းမှာ နေရထိုင်ရ ခက်သွားတာမျိုး၊ ပြည်တွင်းမှာ ဒုက္ခရောက်သွားတာမျိုး အဲလိုမျိုးတွေလည်း ကြုံရတယ်၊ အဲဒီတော့ အကျိုးရှိတာလည်း ရှိတယ်၊ ဆုတ်ယုတ်သွားတာလည်း ရှိတယ်။ တချို့ကိစ္စတွေက ကိုယ့်ဘက်ကလူကို ကာကွယ်မပေးဘဲနဲ့ ထုတ်ပြလိုက်သလိုမျိုး တွေလည်းရှိတယ်။ အဲဒီတော့ ခြုံပြီးပြောရမယ်ဆိုရင်တော့ အတိုင်းအတာတခုအထိတော့ အကျိုးရှိပါတယ်။ ဒါပေမဲ့ ပြည်သူတွေအနေနဲ့ ဘယ်လောက် မျှော်မှန်းကြလဲ တော့ မပြောတတ်ဘူး။ အကျိုးမဲ့လို့တော့ မပြောဘူး ဒါပေမဲ့ မဆင်မခြင်ပေါ့လေ စောစောက ပြောသလို ဆရာတို့ ခံစားရတာပေါ့နော်၊ ဆရာလည်း ပြည်ပကို ခဏခဏ ထွက်တဲ့အခါကျတော့ ဟိုလူလာမေး ဒီလူ လာမေးတွေ လုပ်တဲ့အခါ ဆရာတို့ခံစားရတာက ပြည်တွင်းက အကြောင်းတွေကို မေ့နေပြီပေါ့နော်။ အဆက်တွေ ပြတ်နေပြီ၊ အခြေအနေတွေမတူဘူး၊ ဥပမာ ကိုယ်တို့လှုပ်ရှားတာတွေ အစိုးရနဲ့ ပေါင်းတယ် ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတဲ့ဟာမျိုး အပြင်က လူတွေက ပြည်တွင်းက အခြေအနေကို နားမလည်နိုင်ဘူးလို့ ထင်တယ်၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေတွေက မတူဘူး၊ ဥပမာ အိန္ဒိယ ပဲ ဆိုကြပါစို့ အိန္ဒိယ လွတ်လပ်ပုံမျိုးနဲ့ မြန်မာပြည်လွတ်လပ်ပုံမျိုး ဘယ်လိုမှ မတူနိုင်ဘူး။ အဲဒီတော့ အိန္ဒိယမှာ နေတဲ့ ပတ်ဝန်းကျင်နဲ့ မြန်မာနိုင်ငံကို တိုင်းရင်ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့၊ အဲဒီလိုလေးတွေကတော့ မကြာခဏ ခံစားရတယ်။

ပြည်ပက မီဒီယာတွေအနေနဲ့ သတင်းတင်ပြမှုမှာ မှားတဲ့သတင်းနဲ့ မှန်တဲ့သတင်း၊ ဘယ်ဟာက ရာခိုင်နှုန်း ပိုများတယ်လို့ ဆရာအနေနဲ့ သုံးသပ်မိသလဲ။

ဆရာကတော့ မှားတယ်လို့ သိပ်မမြင်ပါဘူး၊ ဒါပေမဲ့ သတင်းကို manipulate လုပ်တာပေါ့နော် သတင်းကို ချဲ့တာ၊ ချုံ့တာ၊ ဒါက ဘယ်သတင်းဌာနပဲ ဖြစ်ဖြစ်ပေါ့လေ၊ ကိုယ်အကျိုးရှိမယ့် သတင်းဆိုရင် ချဲ့တယ်၊ ကိုယ်အကျိုးမရှိမယ်ဟာမျိုးဆို ချုံ့တယ်။ ချဲ့တာ၊ ချုံ့တာ ဆိုတဲ့ ဟာမျိုးတွေပါ၊ မှန်တာ မှားတာ ဆိုတဲ့ဟာ ကတော့၊ ပြည်တွင်းက တခါတလေ ပြန်ပြီးတော့ ရှင်းတာတွေလည်းရှိတယ်။ ပြန်ပြီးတော့ ပြောပြတာတွေလည်း ရှိတယ်။ ကိုယ်ပြောချင်တာ မှန်တဲ့ မှားတဲ့ ကိစ္စမဟုတ်ဘူး၊ မှန်တာကတော့ အများစုက အမှန်တွေပဲ၊ ပြည်တွင်းမှာ ပြောလို့ မဖြစ်တာတွေကို အပြင်က ပြောကြ လုပ်ကြတယ်ပေါ့နော်၊ ဒါပေမဲ့ ဒီသတင်းအပေါ်မှာ မူတည်ပြီးတော့ ရေးကြသားကြ ပြောကြဆိုကြတာတွေက manipulate လုပ်တာ၊ ကစားတာ၊ အဲဒီကိစ္စကိုပဲ ပြောချင်တာပါ။

အခုလို စာနယ်ဇင်းသမားတွေ၊ သတင်းထောက်တွေ အိန္ဒိယသင်တန်းလာတက်တော့ အကျိုးရှိတယ်လို့ ဆရာကပြောပါတယ်၊ အဲဒီလို မြန်မာ သတင်းထောက်တွေ နိုင်ငံတကာကို ထွက်ပြီးတော့ လွတ်လွတ်လပ်လပ် လေ့လာပြီး အဲဒီက အတွေ့အကြုံတွေကို မြန်မာနိုင်ငံမှာ လွတ်လွတ်လပ်လပ် ပြန်ရေးလို့ရသလား ဆရာ့အနေနဲ့ ဘယ်လိုထင်လဲ။

မတားပါဘူး၊ အခုကိုယ်တို့ကတော့ ဒါ သတင်းစာဆရာအနေနဲ့ ဒါပထမဆုံး ထွက်ဖူးတာပေါ့နော်၊ တခြား ထွက်တာကတော့ စီးပွားရေး ပညာရှင်အနေနဲ့ စာတမ်းဖတ်တာတို့ဘာတို့၊ ကိုယ်တို့ကိုတော့ တားဆီးတာ ဘာညာမရှိပါဘူး။ ရေးတာကလည်း မြင်မြင်သမျှတော့ အကုန်လုံးတော့ ရေးလို့မရဘူးပေါ့။ မြင်မြင်သမျှဆိုတာ ကိုယ့်အတိုင်းအတာနဲ့ကိုယ်ပေါ့နော်။ ရေးတာ သားတာကလည်း အများအားဖြင့်တော့ အတားအဆီး မရှိပါဘူး။ ပြီးခဲ့တဲ့ ခရီးစဉ်တွေတုန်းက ကိုယ်ရေးတာတွေလည်း ပြဿနာမရှိပါဘူး။ တခုရှိတာက ကိုယ်တို့က ဘယ်ဟာ ဆိုရင်တော့ ဘယ်လိုရေးရမယ်၊ ဆိုတဲ့ presentation ပေါ့နော်၊ အဲဒီနေရာတွေမှာ သတိထားတယ်၊ နောက် စီးပွားရေးနဲ့ ပတ်သက်ပြီးတော့၊ တောက်လျောက် ရေးနေလို့ရပါတယ်၊ ဘယ်ဟာမရေးနဲ့ ဘာညာတော့ မရှိဘူး၊ အဖြတ်အတောက်လည်း ကိုယ့်အနေနဲ့ ပြောရရင် ခံရတာနည်းတယ်။ ဒီစနစ်ကြီးအောက်မှာ ကိုယ်တို့က နေလာတာ များနေပြီဆိုတော့ အသုံးအနှုန်းက ဘယ်လိုဆိုရင် ဖြစ်နိုင်တယ်၊ ဘယ်လိုဆိုရင် မရနိုင်ဘူး ဆိုတဲ့ ဟာမျိုး သိနေတာပေါ့၊ အပြင်က အရေးအသားလိုမျိုး လွတ်လပ်တဲ့လူတွေရေးတဲ့ အရေးအသားလိုမျိုး၊ အစိုးရကို ပြောချင်သလိုပြောတယ်၊ လုပ်ချင်သလိုလုပ်တယ်ဆိုတာမျိုးတော့ မရဘူး။ ပုံမှန်အနေနဲ့ ပြောရရင်တော့ ဆရာ အစကပြောထားသလိုပဲလေ၊ ဘယ်သူရေးသလဲဆိုတဲ့ အပေါ်မှာလည်း အများကြီးမူတည်တယ်။ ဘယ်သူရေး သလဲ၊ ဘယ်လိုရေးသလဲ၊ နောက်သူတို့နဲ့ ဆက်ဆံရေး၊ သူတို့နဲ့ ဆက်ဆံရေး ဆိုတာကလည်း ဖားနေတာမျိုးတို့ သူတို့လုပ်သမျှ ထောက်ခံတာမျိုးတို့မဟုတ်ဘူး၊ သူတို့လည်း ဘယ်သူဘယ်သူက နိုင်ငံရေး အရောင်မရှိဘူး၊ ဥပမာအနေနဲ့ ပြောရရင် ကိုယ်တို့တတွေပေါ့လေ။

အဲဒီတော့ သူတို့ချမှတ်ထားတဲ့ ပေါ်လစီက လူပုဂ္ဂိုလ်အပေါ်မှာ မူတည်နေတယ်လို့ ယူဆလို မရနိုင်ဘူးလား။

မူဝါဒအနေနဲ့ကတော့ ဘယ်သူ့ကိုဆိုရင်၊ ဒါတွေ မရေးရဘူးဆိုတာမျိုး သိပ်မမြင်ဘူး၊ ဂျာနယ်တွေမှာ တချို့ ကိစ္စတွေဆိုရင် ကိုယ်တို့အချင်းချင်းတောင်မှ တော်တော်လွန်တယ်လို့ အချင်းချင်း ပြောစရာ ဆိုစရာလေးတွေ ရှိကြတယ်။

လွန်တယ်ဆိုတာ ဆရာဥပမာ ပြောပြလို့ရမလား။

ကိုယ်လည်း တပတ်လောက်ကြာပြီဆိုတော့ ရုတ်တရက်သတိမရဘူး။ အဲလိုမျိုးပေါ့လေ တခါတလေမှာ ပြောတာဆိုတာလေးတွေ နည်းနည်းများတယ်ပေါ့နော်၊ အဲဒီဟာလေးတွေလည်း လွတ်လာတာ အများကြီးပဲ လွတ်ထားတာပေါ့၊ အဲဒီတော့ ဒီလိုပါပဲ၊ စာနယ်ဇင်းမှာလည်း ဘယ်သူ့တော့နည်းနည်းလေး ပိုယုံတယ်ဆိုတဲ့ ဟာမျိုး သူတို့ဘက်မှာလည်း ရှိမှာပေါ့လေ၊ သူတို့ဟာ သူတို့ သတ်မှတ်ထားတဲ့ဟာပေါ့။ အဲဒီတော့ ကိုယ့်အနေနဲ့ ပြောရရင်တော့ ကိုယ်က စီးပွားရေးကို ရေးတာကိုး စီးပွားရေးကိုရေးတာဆိုတော့ အစိုးရဘက်ကိုလည်း လိုက်ပြီးတော့ ပြောတာမျိုးမလုပ်ဘူး။ ပြည်ပကလူတွေ ယူဆသလိုလည်း ကိုယ်က မယူဆဘူး၊ ဒါပေမဲ့ ကိုယ်ယူဆတဲ့နေရာကနေပေါ့နော် ဒါကတော့ ဒါကတော့ မှန်တယ်၊ ဒါကတော့ မှားတယ် ကိုယ့် Stan ကိုယ် ရေးတဲ့ဟာမျိုးပေါ့လေ။ Professional အနေနဲ့ ရေးတယ်ပေါ့လေ၊ Professional အနေနဲ့ရေးရင် ကိုယ်ထင်ပါတယ် ဘယ်သူရေးရေးပါ၊ အခု လူထု ဦးစိန်ဝင်းဆိုလည်း တော်တော်ရေးတာ ပြောတာပဲ၊ သူရေးတဲ့ ဟာတွေလည်း ခွင့်ပြုနေတာ တွေ့ရတာပဲ၊ ဆရာမောင်ဝံသ ရေးတဲ့ဟာတွေဆိုလည်း ခွင့်ပြုနေတာပဲ။ ဒါပြည်တွင်းကော ပြည်ပကော နည်းနည်းလက်ခံနိုင်တဲ့ ပုဂ္ဂိုလ်မျိုးတွေပေါ့လေ၊ နောက် ပြည်ပကလည်း၊ သူတို့ ပြောတာဆိုတာကို သဘောကျချင်ကျမယ်၊ မကျရင်လည်း မကျဘူး၊ ဒါပေမဲ့ နည်းနည်း လက်ခံနိုင်တဲ့ သဘော ရှိတယ်လေ၊ အဲလိုဟာမျိုးလေးတွေလည်း ရှိတယ်၊ တချို့ဟာတွေကတော့၊ အဲဒီ ဆက်ဆံရေးရယ် Professional မဆန်တာရယ်၊ လူငယ်ပိုင်း ဘာညာကတော့ ဆန္ဒစောတာပေါ့၊ လုပ်လို့ရမလား ဘာညာ ဆိုပြီးတော့ လုပ်ထည့်လိုက်ပြီးတော့ ဖြစ်မလာတာတွေ၊ မလုပ်နိုင်တာတွေ အဲဒီလို ဟာမျိုးတွေ များပါတယ်။

ဟုတ်ကဲ့ ကျေးဇူးပါဆရာ။


CREDIT : မဇ္ဈိမသတင်းဌာန
Comments