Nar Lal Naing Mha A Phaw
“နားလည်နိုင်မှ အဖော်”
အဖော်ဆိုတာ ဘယ်လိုမျိုးကိုခေါ်တာလဲ။ ကိုယ့်စိတ်ထဲမှာ ဘာတွေခံစားနေရတယ်ဆိုတာကို သိတဲ့လူ၊ ကိုယ်ကို ကိုယ်ချင်း စာနိုင်တဲ့လူ၊ ကိုယ်ကိုနားလည်တဲ့လူ (နားလည်တယ် ဆိုရာမှာလည်း ကိုယ့်ရဲ့ အကောင်းရော၊ အဆိုးရော၊ အားနည်းချက်တွေ အကုန် လုံးကို နားလည်တာကို ဆိုလိုတယ်။) ကိုယ်ကို အလကားနေရင်း အပြစ်မတင်တဲ့သူ၊ မဝေဖန် မရှုံ့ချတဲ့သူ၊ အပြစ်မရှာတဲ့ သူကို ကိုယ့် အဖော်လို့ခေါ်တယ်။
သာမန်အားဖြင့် လူတွေဟာ အပြစ်မရှိ အပြစ်ရှာတတ်ကြတယ်။ အပြစ်သေးသေးကို ပုံကြီးချဲ့ တတ်ကြ တယ်။ အဖော် ကောင်း၊မိတ်ဆွေကောင်းဟာ အဲဒီလိုမလုပ်ဘူး ။ ကိုယ့်ရဲ့ချို့ယွင်းချက်ကို စေတနာ မေတ္တာနဲ့ မထောက်ပြဘူးလို့ မဆိုလိုဘူးနော်။ ကိုယ့်မှာ အမှားတွေ ချို့ယွင်းချက်တွေရှိရင်တောင်မှ အဲဒါကို ကိုယ်ချင်းစာ ပြီးတော့ နားလည်ဖို့ ကြိုးစားတယ်။ “ငါသာသူ့နေရာမှာ နေရရင် ဘယ့်နှယ်များနေမလဲ” လို့ ကိုယ်ချင်းစာတတ်တယ်။ ပြီးမှ အဲဒီချို့ယွင်းချက်ကို မေတ္တာ ၊ စေတနာ အပြည့်နဲ့ပြောပြတယ်။ ကိုယ်စကားကို သေသေချာချာ နားထောင်တယ်။ အဓိပ္ပါယ်ကိုလည်း မှန်မှန်ကန်ကန်ကောက်တယ်။ ဒီအချက်ကို သေသေချာချာ စဉ်းစားပါနော်။
အဖော်ဖြစ်ဖို့ရာ လိုအပ်တဲ့ အဂါင်္ရပ်တွေ တော်တော်များပါတယ်။ ကိုယ့်အနားမှာ ထိုင်နေရုံနဲ့ အဖော်လို့ပြောလို့မရပါဘူး။ ကိုယ်ပြောတဲ့ စကားကို မှန်မှန်ကန်ကန်နဲ့ ကိုယ်ဆိုလိုတဲ့ အဓိပ္ပါယ်အတိုင်း နားလည်မှသာ သူနဲ့ကိုယ်နဲ့အဖော် ဖြစ်နိုင်တယ်။ ကိုယ် က စကားတစ်ခုခုပြောတယ်။ အဲဒါကို သူကသူ့ဟာသူလိုသလို အဓိပ္ပါယ်ကောက်တယ်။ ကိုယ်ကအဲဒါငါပြောချင်တဲ့ အဓိပ္ပါယ် မဟုတ် ပါဘူးလို့ ရှင်းပြရင်တောင် သူကလက်မခံဘူး။ သူကောက်ချင်တဲ့ အဓိပ္ပါယ်ကောက်တယ်။ အဲဒါမျိုးလုပ်တတ်တယ်ဆိုရင် အဲဒီ လူနှစ် ယောက်ဟာ အဖော် မဖြစ်နိုင်ဘူး။
နားလည်တယ်ဆိုတဲ့ ကိစ္စဟာ ဘယ်တော့မှရာနှုန်းပြည့်မဖြစ်နိုင်ဘူး။ သို့သော် သူ့အောက်တစ်ဆင့်နှိမ့် ပြီးတော့ ပြောရမယ် ဆိုရင် နားလည်ချင်စိတ်ရှိတယ်။ နားလည်ဖို့ကြိုးစားတယ် ဆိုရင်ကိုပဲ အင်မတန်တော်လှ ပါပြီ။ အဲဒီလောက်ဆိုရင် ကိုပဲ ဒီလူနှစ် ယောက် အဖော်ဖြစ်လို့ရပြီ။ အများစုကတော့ တစ်အိပ်ထဲမှာ အတူတူပင် နေသော်လည်း တစ်ယောက်ကို တစ်ယောက် အဓိပ္ပါယ် ကောက်တွေလွဲနေတယ်။ စကားကိုဆုံးအောင် နားမထောင်ဘူး ၊ ကိုယ်ချင်းမစာဘူး ၊ နားမလည်ဘူး။ ခန္ဓာကိုယ်ချင်း ထိပြီးတော့ ထိုင် နေပေမဲ့လည်း စိတ်ချင်း တစ်ယောက်ကိုတစ်ယောက် မသိဘူးလို့ ပြောလို့ရတယ်။ သူ့လည်းငါမသိ၊ ငါ့လည်းသူမသိ။ ဒီလိုလူ နှစ် ယောက်က အဖော်မဖြစ်နိုင်ဘူး။
ဥပမာ - Maths သင်္ချာပညာရှင်တစ်ယောက်နဲ့ Physic ရူပဗေဒပညာရှင် တစ်ယောက်ရှိတယ် ဆိုပါတော့။ သူတို့ နှစ်ယောက်က ဘာသာရပ်ချင်း ဆက်စပ်မှုတော့ နဲနဲရှိနေတော့ တစ်ယောက်ကို တစ်ယောက် ဒီဘာသာရပ်နဲ့ ပတ်သက်တာတွေ ပြော ကြမယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ အဖော်မဖြစ်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ အဲဒါက ပြင်ပအကြောင်းဖြစ်တယ်။ ကိုယ့်ဘ၀ ကိုယ့် ခံစားချက်နဲ့ ပြည့်ပြည့်၀၀ ဆက်စပ်မှု မရှိသေးဘူး။ သို့သော်လည်း သူတို့နှစ်ယောက်က ပညာရှင် အချင်းချင်းကို တန်ဖိုးထားတဲ့ ဆက် ဆံရေးတော့ဖြစ်မယ်။ ဒါပေမဲ့ အဲသလောက်နဲပ ဆက်ဆံရေး မလုံလောက်ဘူး။ သူ့မှာဝမ်းနည်းတဲ့အခါလည်း ရှိမယ်၊ စိုးရိမ်တဲ့ အခါလည်း ရှိမယ်၊ အားငယ်တဲ့အခါလည်း ရှိမယ် ၊ ကျေနပ်ဝမ်းသာတဲ့ အခါလည်း ရှိမယ်။ အဲဒါတွေအားလုံးကို မျှဝေပြောပြနိုင်မှသာ မိတ်ဆွေကောင်း ၊ အဖော်ကောင်းလို့ ခေါ်နိုင်တယ်။
ဘယ်သူဖြစ်ဖြစ် တစ်ခါတစ်လေ ၀မ်းနဲတတ်တယ်။ ဒါပေမဲ့အဲဒါ ဟန်လုပ်ပြီး ဖုံးဖိနေတတ်တယ်။ လူတွေနဲ့တွေတဲ့အခါ ပျော်နေတဲ့ အမူအရာမျိုး လုပ်ပြတယ်။ “ငါ ၀မ်းနည်းတာ လူမသိစေရဘူး၊ လူသိရင်ငါ့ကို ပျော့ညံ့တဲ့လူ လို့ ထင်မယ်”။ အဲဒီ တော့ ဟန်လုပ်ပြီး နေပြတယ်။ ဟန်လုပ်ပြီးတော့ နေရတာ သိပ်ပြီးတော့ lonely ဖြစ်တယ်၊ အဖော်မဲ့တယ်။ ဟန်လုပ်ပြီး ဆက်ဆံနေမှ ဖြစ်တဲ့သူဟာ ကိုယ့်အဖော် မဖြစ်နိုင်ဘူး။
တချို့ ကိုယ်လုပ်ခဲ့တဲ့ ကိစ္စတွေထဲမှာ ကိုယ်ဟာကိုယ်ပဲ ပြန်ပြီးတော့ ရှက်ရတဲ့ ကိစ္စမျိုး ရှိချင်ရှိမယ်။ မအောင်မြင်ခဲ့တဲ့ ကိစ္စ မျိုးလည်း ရှိချင်ရှိမယ်။ အဲဒီလို ကိုယ်စိတ်ထဲမှာ ရှက်တာ၊ ကြောက်တာ၊ အားငယ်တာ၊ စိုးရိမ်တာ၊ ၀မ်းနည်းတာတွေကို မသိတဲ့လူ၊ နားမလည်တဲ့သူ၊ ကိုယ်ချင်းမစာနိုင်တဲ့သူ အဖော်မဖြစ်နိုင်ဘူး။ အထူးသဖြင့် တစ်အိမ်တည်း အတူတူနေတဲ့သူဆိုရင် ပိုပြီးတော့ အရေး ကြီးပါတယ်။
တချို့လူတွေဟာ လူအများနဲ့လည်း တကယ်ခင်ခင်မင်မင် ရင်းရင်းနှီးနှီး မဆက်ဆံတတ်ဘူး။ လူတွေနဲ့ ကင်းကွားပြီး တစ် ယောက်တည်း ဖြစ်နေတာကိုလည်း နဲနဲခံရတာခက်နေတယ်။ ကိုယ်အကြောင်းကိုယ် ပြန်တွေး မိရင်၊ ပြန်စဉ်းစားမိရင် ခံရခက်နေ တယ်။ ဒါမျိုး လူတော်တော်များများ ခံစားဖူးမှာပါ။