ဒီမေးခွန်းကို ဖြေဖို့ ပေးထားတဲ့ အခြေခံ အချက်တွေက..
အပြော များနေတာကတော့ ကျောင်းသွားတက်ရင်းနဲ့ ပညာရှာ အချိန်တန်ရင် အလုပ်ပါရနိုင်တယ် ဆိုတဲ့လမ်းကြောင်း။
ကိုကလိုစေးထူးရဲ့ မိတ်ဆွေ မေးထားတဲ့ မေးခွန်းတွေနဲ့ ကျနော့်ရဲ့ အဖြေတွေကတော့...
၁။ နိုင်ငံခြားသွားတဲ့လူတိုင်း အဆင်ပြေဖို့ဆိုတာ မျှော်လင့်ချက်အားဖြင့် ဘယ်နှစ်ရာခိုင်နှုန်းလောက်ရှိနိုင်ပါသလဲ။ (ဒီမေးခွန်းအတွက်ဖြေဆိုပေးတဲ့နေရာမှာ အစမှာပြောခဲ့တဲ့ စဉ်းစားပုံ လမ်းကြောင်းပေါ်ကို အခြေခံစေလိုပါတယ်။
ယေဘုယျအားဖြင့်လည်းဆွေနွေးနိုင်ပါတယ်။)
တရားမဝင် နေပြီး ရရာအလုပ် လုပ်မယ်လို့ တွက်ပြီး ထွက်လာတဲ့သူ ဆိုရင်တော့ အခက်အခဲတွေ အများကြီး ရှိနိုင်ပါတယ်... ဒီနိုင်ငံရဲ့ ဥပဒေအရလဲ တရားမဝင် နေရမှာမို့ အလုပ်ရှာရာမှာလဲ အလုပ်ရှင်တွေက ဒီလို အလုပ်သမားတွေကို အလုပ်ခန့်လို့ မရပါဘူး... ဒီတော့ တရားမဝင် အလုပ်သမားတွေကို ဈေးချောင်ချောင်နဲ့ ခန့်ချင်တဲ့ အလုပ်ရှင်တွေ ဆီမှာပဲ လုပ်ရပါလိမ့်မယ်... တရားဝင်လုပ်နေသူတွေလို လုပ်အားခ မျှမျှတတ ရချင်မှ ရပါလိမ့်မယ်... နောက်တစ်ခုက ကိုယ်က တရားမဝင် လုပ်နေရတာမို့ ဆေးကုသခွင့် နဲ့ ရပိုင်ခွင့်တစ်ချို့ သူများနဲ့ တန်းတူ ရနိုင်မှာ မဟုတ်ပါဘူး... တရားမဝင်လာတဲ့ သူတွေမှာ ဖျားနာရင် ဆေးကုသဖို့၊ ဆေးရုံတက်ဖို့ စတဲ့ အခက်အခဲတွေလဲ ရှိနိုင်ပါတယ်...
တစ်ခုတော့ ရှိပါတယ်... ဒီမှာတော့ တရားမဝင်နေတဲ့သူလဲ လူ့အခွင့်အရေးတော့ ရှိပါတယ်... တစ်ခြားတစ်ဖက်မှာ ပြန်တွေးတော့လဲ.. လူ့အခွင့်အရေး ရှိတယ်ဆိုပေမဲ့ နောက်ဆုံး ပြသနာဖြစ်ရင်၊ လူဝင်မှု ကြီးကြပ်ရေးက သိသွားရင်တော့ ပြန်ခိုင်းမှာပါ... တစ်ချို့တွေလဲ ဒီလိုရောက်လာပြီးမှ တစ်နည်းနည်းနဲ့ တရားဝင် နေထိုင်ခွင့် ရပြီး နောက်ပိုင်း အဆင်ပြေသွားတာတွေတော့ ရှိပါတယ်... အချိန်ကာလ အားဖြင့်ပြောမယ်ဆိုရင်တော့ အရင်တုန်းက ဒီလိုနည်းနဲ့ လာခဲ့တဲ့သူတွေ တစ်မျိုးမျိုး အစဉ်ပြေသွားကြပေမဲ့.. အခုနောက်ပိုင်း (စက်တင်ဘာ ၁၁ အကြမ်းဖက်မှု ဖြစ်ပြီး) ကတော့ နေထိုင်ခွင့်ရဖို့ ပိုခက်လာပါတယ်...
ယေဘူယျ အားဖြင့်ပြောမယ်ဆိုရင်တော့ တရားမဝင်နေပြီး အလုပ်လုပ်မယ်ဆိုရင် အခက်အခဲ တော်တော်များများ ကြုံရပါလိမ့်မယ်... တစ်ကယ်လို့ ဆွေမျိုးသားချင်းတွေ မိတ်ဆွေရင်းတွေ ရှိမယ်၊ ကိုယ်က တရားမဝင် လာအလုပ်လုပ်မယ်ဆိုရင်တော့ ဒီအတိုင်းလာတာထက် စာရင်တော့ နည်းနည်းတော်သေးတယ်လို့ ပြောလို့ရပါတယ်...
၂။ ပထမဆုံးကျောင်းသွားတက်မယ်...။ ကျောင်းတက်ရင်းအလုပ်လုပ်တာလည်း ဖြစ်ချင်ဖြစ်မယ်။ ကျောင်းပြီးမှ အလုပ်ရှာလုပ်မယ် ဆိုတာလည်းရှိမယ်။ အလုပ်အတွက် သီးသန့်သွားတာ မဟုတ်ဘဲ ကျောင်းသွားတက်ရင်း အလုပ်ရှာ၊ နောက်… အခြေကျနေထိုင်ဖို့ စဉ်းစားတဲ့လူတွေ အတွက် ဘယ်လိုအခက်အခဲမျိုးတွေ ရှိနိုင်မလဲ။
ဖြေ။ ကျောင်းသွားတက်မယ် ဆိုရင်တော့ ဒီမှာ တစ်ခု စဉ်းစားရမှာက ကျောင်းစရိတ်ပါပဲ... ပြည်ပက လာရောက်ကျောင်းတက်သူတွေဟာ ကျနော်တို့ ပြည်တွင်းမှာနေတဲ့ ကျောင်းသားတွေထက် ကျောင်းလခ အဆပေါင်းများစွာ ပိုပေးပြီး တက်ကြရပါတယ်... ကျောင်းပြီး ဘွဲ့ရတဲ့ အထိ အိမ်ကလည်း တစ်နည်းတစ်ဖုံနဲ့ ထောက်ပံ့နိုင်တယ်ဆိုရင်တော့ မဆိုးပါဘူး... မဟုတ်ရင်တော့ ပြည်ပကျောင်းသားအနေနဲ့ ကျောင်းလာတက်တယ်ဆိုရင်တော့ ကျောင်းစရိတ်ကြီးတာကို ထဲ့တွက်ထားရပါလိမ့်မယ်... နောက်တစ်ခုက ကျောင်းသားအနေနဲ့ တရားဝင်လာတာဆိုရင် အချိန်ပိုင်းပဲ တရားဝင်အလုပ် လုပ်လို့ ရပါတယ်... အချိန်ပြည့် လုပ်ခွင့် မရပါဘူး... တစ်ချို့တွေကတော့ အပြင်မှာ အဆင်ပြေတဲ့ အလုပ် အချိန်ပြည့် ထွက်လုပ်ရင်း ကျောင်းဆက်တက်တာမျိုးတွေ ရှိပါတယ်... တရားတော့ မဝင်ဘူးပေါ့...
တစ်ချို့ကြတော့လဲ မိသားစုနဲ့ အတူ တရားဝင် ရွှေ့ပြောင်းလာတာဆိုရင်တော့ ဒီက ပုံမှန်ကျောင်းစားရိတ်ပဲ ကုန်မှာပေါ့... နောက်တစ်ခုက ဒီမှာ နေထိုင်ခွင့် ရှိပြီးသူတွေ အဖို့ ကျောင်းတက်မယ်ဆိုရင်တော့ မိသားစု ဝင်ငွေပေါ် မူတည်ပြီး အစိုးရထောက်ပံ့ကြေး၊ စကောလားရှစ်ပ်တွေ (စာကြိုးစားရင်) ရလို့ ကျောင်းစားရိတ် ထပ်သက်သာသွားနိုင်ပါတယ်...
တစ်ချို့ အရမ်းကို ကြိုးစားတဲ့ သူတွေလဲ တွေ့ဖူးပါတယ်... အလုပ်ကိုလဲ အချိန်ပြည့်လုပ်ပြီး၊ ကျောင်းကိုလဲ အချိန်ပြည့်တက်တာမျိုးပါ... တစ်ကယ်တမ်း ဒီလို လုပ်မယ်ဆိုရင် လွယ်တော့မလွယ်ပါဘူး... တော်တော်ကို ခံနိုင်ရည်ရှိပြီး ကြိုးစားမဲ့သူမျိုးတွေမှ ဖြစ်မှာပါ... ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ချင့်ချိန်ရမဲ့ ကိစ္စလဲ ဖြစ်ပါတယ်...
ကျောင်းတက်ဖို့လာပြီး ကျောင်းပြီးရင် အလုပ်ရှာမယ်ဆိုတဲ့ သူတွေအတွက်... အရင်ဆုံး တစ်ကယ်ကျောင်းပြီးအောင် ဘွဲ့ရအောင် တက်နိုင် လုပ်နိုင်ရပါမယ်... ဖြစ်နိုင်ရင် သူများထက် ပိုထူးချွန်အောင် ကြိုးစားနိုင်တယ် ဆိုရင်တော့ ကျောင်းပြီး အလုပ်ရ၊ နေထိုင်ခွင့်ရ ဖို့ အခွင့်အလမ်း ပိုများတာပေါ့... ကျောင်းပြီးချိန်မှာ အလုပ်ရှင်က အလုပ်လုပ်ခွင့် ဗီဇာ ထောက်ခံပေးပြီး အလုပ်ခံ့ချင်တဲ့ အရည်ချင်းမျိုးရှိတယ်ဆို အလုပ်ရော၊ ယာယီ နေထိုင်ခွင့်ပါ ရနိုင်တာပေါ့... ဒီကနေ နောက်ထပ်ပို အဆင်ပြေသွားနိုင်ပါတယ်...
၃။ တချို့ကလည်းရှိပါတယ်။ သားသမီးတွေ နိုင်ငံခြားသွားနိုင်ဖို့ ရှိသမျှအရင်းအနှီး၊ အိမ်ရာ အစရှိသဖြင့်ထုခွဲပြီး စွန့်စားလိုက်ကာမှ အဆုံးမှာ အခက်တွေ့နေရတဲ့ လူတွေပါ။ ဒီလိုစွန့်စားတာမျိုးကောလုပ်သင့်ပါသလား။
၎။ နိုင်ငံခြားထွက်တယ်ဆိုတာ အရည်အချင်းရှိသူတွေရဲ့ ထွက်ပေါက် ဖြစ်တယ်။ နိုင်ငံခြားမှာကြုံရမယ့် စိန်ခေါ်မှုတွေကို ခံနိုင်ရည်ရှိမယ့် အရည်အချင်းမျိုး မရှိရင် မလွယ်လှဘူး ဆိုတာတွေ ပြောနေကြတာရှိပါတယ်။ ဒါကကော ဘယ်လောက်အထိမှန်နိုင်မလဲ။ နောက် နိုင်ငံခြားမှာ
င်္ကြုရနိုင်တဲ့ စိန်ခေါ်မှုတွေကရောဘာတွေများဖြစ်နိုင်မလဲ။
ဖြေ။ အရည်အချင်း ရှိသူတွေအတွက် ထွက်ပေါက်ဆိုတာ မှန်သင့်သလောက် မှန်ပါတယ်... ကြိုးစားသလောက်လဲ အခွင့်အရေး တစ်ချိန်မှာ ပြန်ခံစားရတာ မှန်ပါတယ်... ကျွန်တော့် အမြင်မှာတော့ ကျွန်တော်တို့ ပုံမှန် ကျင်လည်နေတဲ့ ပတ်ဝန်းကျင်နဲ့ မတူတာမို့ စိတ်ဖိစီးမှုတွေလဲ အတော်ကို များပါတယ်... အပြိုင်အဆိုင်တွေနဲ့ ကြိုးစားရုံးကန် ရမှာမို့ စိတ်ဓါတ်ကြံ့ခိုင်ဖို့ လိုပါတယ်... တော်တော်လေး ငယ်ငယ်ထဲက ရောက်လာတဲ့ သူတွေအဖို့၊ အပြောင်းအလဲတွေကို လိုက်ပြီး ဒေါင်ကျကျ ပြားကျကျ နေတတ်သူတွေအဖို့ တစ်ဖြေးဖြေး နေသားကျပြီး အဆင်ပြေသွားတတ်ပေမဲ့၊ အသက် နည်းနည်းကြီးပြီး မြန်မာပြည်မှာ တော်တော်လေး နေသားကျနေပြီးမှ ရောက်လာသူတွေအဖို့တော့ နည်းနည်း စိတ်ကျဉ်းကျပ်ရမှာတော့ အမှန်ပဲ...
ကိုယ်ရောက်နေတဲ့ နိုင်ငံရဲ့ ပင်မ ဘာသာစကား ကို မပြောနိုင်ရင် စစရောက်လာသူတစ်ယောက်အဖို့ တော်တော်လေးကို အခက်တွေ့ရပါတယ်... ကျောင်းတက်ဖို့ ကြိုးစားရာမှာပဲ ဖြစ်ဖြစ်၊ အလုပ်ရှာရာမှာပဲ ဖြစ်ဖြစ် အခက်အခဲတွေ ရှိနိုင်သလို၊ အဲဒီ အခက်အခဲတွေကြောင့် စိတ်ညစ် စိတ်ဓါတ်ကျရတာတွေလဲ ဖြစ်လာရပါတယ်... တစ်ခုတော့ ရှိတယ်... ဘာသာစကား၊ ယဉ်ကျေးမှုဆိုတာ ဘယ်သူကမှ မွေးထဲက တတ်လာတာ မဟုတ်လို့ စိတ်ဓါတ်မကျပဲ ကြိုးစားလေ့လာမယ်ဆိုရင်တော့ နောက် တစ်ဖြေးဖြေး နေသားကျသွားရင် ဒီလိုမျိုးတွေ မခံစားရတော့ပါဘူး... အကောင်းဆုံးကတော့ ကိုယ်သွားမဲ့ နိုင်ငံရဲ့ ဘာသာစကားကို ကြိုတင် ကြိုးစားလေ့လာထားတာဟာ အကောင်းဆုံး ပြင်ဆင်မှု တစ်ခုပါပဲ... ဒီဘာသာစကားနဲ့ ပတ်သက်တာကို ပေါ့ပေါ့တန်တန် မတွက်သင့်ပါဘူး...
၅။ ကျနော်တို့မြန်မာတွေအတွက်ရော နိုင်ငံခြားကအလုပ်အကိုင်အခွင့်အလမ်းဆိုတာ ဘယ်လောက်ရှိနိုင်ပါသလဲ။
ဖြေ။ ဒီမှာတော့ အရည်အချင်းရှိရင် အလုပ်အကိုင် အခွင့်အလမ်းဆိုတာ ကိုယ့်အတွက် ရှိနေတာပါပဲ... မြန်မာတွေမှ မဟုတ်ပါဘူး... မြန်မာမို့လို့ အလုပ်မရနိုင်ဘူး ဆိုတာထက် ခေါ်ထားတဲ့ အလုပ်အတွက် အရည်အချင်း မရှိလို့၊ လုပ်နိုင်မယ် မထင်လို့ မခံ့တာပဲ ဖြစ်နိုင်ခြေ ရှိမှာပါ...
၆။ နောက်ပြောကြတာတွေလည်းရှိပါတယ်။ နိုင်ငံခြာသွားတယ်ဆိုတာ ထီထိုးတာမဟုတ်ဘူး။ ဖြစ်နေတာက
စွန့်စားပြီး သွားရတာတွေ ဖြစ်နေတယ်။ သက်သက်သာသာမဟုတ်ပဲ ပြန်မရတဲ့လူတွေက များနေတယ်။
အလုပ်ကြမ်းသမားမဟုတ်တော့ အခက်င်္ကြုတဲ့အခါ ဖြေရှင်းဖို့ခက်ပြီး မအပ်စပ်တာတွေ၊ မမျှော်လင့်တာတွေ ဖြစ်လာရတယ်။ မိန်ခလေးတွေ ဆိုရင် ယဉ်ကျေးမှုအရ မတူညီတာတွေ အများကြီးရှိနေတော့ လိုက်လျောညီထွေ ဖြစ်ဖို့၊ အခက်အခဲရှိလာတဲ့အခါ အလွယ်တကူဖြေရှင်းနိုင်ဖို့ ဆိုတာတွေမှာ လက်တွေ့အနေအထားအရ ရုန်းကန် နေရတဲ့ ခြေအနေတွရှိနိုင်တယ် ဆိုတာတွေလည်းကြားနေရပါတယ်။ ဒါတွေကရော ဘယ်လောက်အထိ မှန်ကန်မှုတွေ ရှိနိုင်ပါသလဲ။
ဖြေ။ သေချာတာကတော့ ကျွန်တော့် အသိတစ်ယောက် ပြောသလိုပါပဲ... နိုင်ငံခြားသွားတယ်ဆိုတာ နတ်ပြည်သွားတာ မဟုတ်ဖူး တဲ့... နိုင်ငံခြား ရောက်သွားရုံနဲ့တော့ နေ့ချင်းညချင်း ကြီးပွားသွားတယ် မရှိပါဘူး... ရောက်ရောက်ခြင်း ထီပေါက်တယ် ဆိုရင်တော့ မပြောတတ်ဖူး... ကိုယ့် ပတ်ဝန်းကျင်မှာ နိုင်ငံခြားက ပြန်လာပြီး ကြီးပွားလာတဲ့ သူတွေ ဆိုတာလဲ ကြိုးစားလို့သော်လည်းကောင်း၊ အမွေအနှစ် ရလို့သော်လည်းကောင်း.. ဒါမျိုးတွေပဲ ရှိမှာပါ... သူတို့က သူတို့ အတွေ့အကြုံတွေကို ရိုးရိုးသားသား (အကြွားမပါပဲ) ဝေမျှမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့...
မိန်းကလေးတွေ အတွက်ကတော့ (တစ်ချို့ ပြောချင်တာတွေ ရှိပေမဲ့ ပြောသင့် မပြောသင့် မသေချာတာမို့ သိပ်မရေးတော့ဘူးဗျာ)...
၇။ နိုင်ငံခြားမှာနေထိုင်ဖို့ ကုန်ကျစရိတ်အသေးအဖွဲက စလို့ ကုန်ကျစရိတ်တွေ ဘယ်လောက်ရှိနိုင်ပါသလဲ နဲ့ အစ်ကိုတို့ဆီမှာရော သာမန်လူတစ်ယောက်ရတဲ့ ၀င်ငွေနဲ့ ထွက်ငွေ ကွာဟမှုက ဘယ်လောက်ရှိနိုင်ပါသလဲ။
၈။ နောက်ဆုံးအနေနဲ့ နိုင်ငံခြားသွားမယ့်လူတစ်ယောက်ဟာ သေချာပြင်ဆင်ပြီမှ သွားသင့်ဆိုတာကို လက်ခံပါသလား ဆိုတာနဲ့ ရင်းနှီးမြှုပ်နှံမှု အသွင်ဆောင်လာတဲ့ နိုင်ငံခြားသို့သွားရောက်မှုတွေ အတွက် ထွက်ခွာသူတွေဟာ ဘယ်လိုပြင်ဆင်မှုတွေ လုပ်သင့်သလဲဆိုတာ သီးခြားအင်္ကြပေးစေလိုပါတယ်။
ဖြေ။ သေချာ ပြင်ဆင်ပြီးမှ သွားသင့်ပါတယ်... အထက်ကပြောသလို ဘာသာစကားကို ကြိုတင်လေ့လာထားသင့်ပါတယ်... နောက်ပြီး တစ်ကယ်ရောက်ဖူးသူတွေက အတွေ့အကြုံတွေ ဝေမျှမယ်ဆိုရင် ပိုကောင်းတာပေါ့... အသိမိတ်ဆွေတွေထဲမှာ ရှိတယ်ဆိုရင် သိသင့်သိထိုက်တာတွေ ကြိုတင် စုံးစမ်းထားတော့ ပြင်ဆင်ထားနိုင်တာပေါ့... ကျောင်းဆိုလဲ ကျောင်းနဲ့ ပတ်သက်တာတွေ၊ အလုပ်ဆိုလဲ အလုပ်နဲ့ ပတ်သက်တာတွေ သိသင့်သလောက် ကြိုသိထားမယ်၊ ကြိုပြင်ဆင်ထားမယ်ဆိုရင် ရောက်လာချိန်မှာ အခက်အခဲတွေ သိပ်မရှိတော့ဘူးပေါ့...
လူငယ်တွေ အနေနဲ့ ကြိုးစားချင်စိတ်၊ အောင်မြင်ချင်စိတ်၊ စွန့်စားလိုစိတ်တွေ ရှိနေတာ ကောင်းပါတယ်... အားလဲပေးတယ်ဗျာ... ဒါပေမဲ့ တစ်ဖက်မှာလဲ ဘာကိုမဆို မဆင်မခြင် မသိပဲနဲ့ ရမ်းလုပ်လို့ ဒုက္ခရောက်ရတာမျိုးလဲ မဖြစ်စေချင်ဘူး... ကြိုးစားသူတိုင်းကို အောင်မြင်စေချင်တယ်...
မှတ်ချက်။ ကျွန်တော် မြန်မာစာတွေ ဒီလောက် အများကြီးရေးတာ ၁၀ နှစ်ကျော်အတွင်းမှာ ဒါ ပထမဦးဆုံး တစ်ခါပါပဲ... စာရေးတာမှာ အမှားအယွင်းတွေ ရှိရင်၊ စကားလုံး အသုံးအနှုံးတွေ မသင့်တော်တာ ရှိရင်၊ နောက်ပြီး လူငယ်တွေအတွက် အကြံပေးတာ၊ ထောက်ပြတာမှာ မသင့်တော်ဘူးထင်ရင် ခွင့်လွှတ်ကြဖို့နဲ့ ပြင်ပေး၊ အကြံပေးဖို့ ပြောပါရစေ။