ကျွန်တော် အကြိုက်ဆုံး ပိုစ့်လေးတွေ စုဆည်းမှုပါ။
ကို Republic ၊ ကို Pk ၊ မနိုင်းနိုင်းစနေ ၊ XyBo တို့ ၏ နှစ်သက်မိသော ပိုစ့်များကို တဆင့်ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည် ။
နှုတ်ဆိတ်နေသော အချစ်

မိဘတွေရဲ့ ဖိအားတွေကြောင့် သူတို့ စုံတွဲ အမြဲလိုလို စကားများကြတယ်။ ကောင်မလေးဟာ ကောင်လေးကို အသက်ထက်ဆုံး ချစ်နေလေတော့ သူ့ကောင်လေးကို ဘယ်လောက် ချစ်သလဲ ဆိုပြီး အမြဲ မေးလေ့ရှိတယ်။
ဒီမေးခွန်းအတွက် ကောင်လေးမှာ ဖြေပြစရာ စကားလုံးတွေ ရှားနေတော့ တခါတလေ ကောင်မလေးက အတော်လေး စိတ်ပျက်မိတယ်။ သူ့လောက် မချစ်လို့လား ဆိုပြီးတော့လည်း တခါတခါ သံသယ ၀င်မိတော့တယ်။ နောက်ပြီး မိဘတွေ သဘောမတူလို့ ထွက်လာတဲ့ စကားလုံး အပြင်းစားတွေကြောင့်လည်း ဒေါသမှန်သမျှဟာ ကောင်လေးအပေါ်ပဲ ဖွင့်ချလိုက်တယ်။ ကောင်လေးကတော့ သူ့ချစ်သူရဲ့ ဒေါသ အားလုံးကို တိတ်ဆိတ် တည်ငြိမ်စွာနဲ့ပဲ ဘာမှ မပြောဘဲ ငြိမ်ခံနေလိုက်တယ်။
" စကားလုံးတွေနဲ့ ပီပြင်အောင် ပုံမဖော်တတ်ပေမယ့် အချစ်လေးအပေါ် ကို ဘယ်လောက်ချစ်သလဲဆိုတာ ကို အသိဆုံးပါ။ အချစ်လေး ခွင့်ပြုမယ်ဆိုရင် ကျန်နေသေးတဲ့ မင်းဘ၀ရဲ့ စက္ကန့်တိုင်းကို ကို စောင့်ရှောက်ပါရစေလား။ အချစ်ရဲ့ မိဘတွေကိုတော့ ကို သူတို့ သဘောတူတဲ့အထိ ကြိုးစားပါ့မယ်။ ကို့ကို လက်ထပ်ခွင့် ပြုပါလား။" လို့ တောင်းဆိုလိုက်တယ်။
ကောင်မလေး သဘောတူလိုက်သလို၊ ကောင်လေးရဲ့ အထပ်ထပ် အခါခါ ကြိုးပမ်းမှုကြောင့် မိဘတွေကလည်း လက်ထပ်ခွင့် ပြုလိုက်တယ်။ ဒါနဲ့ သူ မထွက်ခွာခင်မှာပဲ လူကြီးချင်း စေ့စပ်ကြောင်းလမ်းပွဲလေး လုပ်ခဲ့တယ်။
ကောင်လေး အနေနဲ့ နိုင်ငံခြားမှာ ပညာဆက်ပြီး သင်နေတဲ့ အချိန်နဲ့ အတူ ကောင်မလေးကလည်း လုပ်ငန်းခွင်ဝင်ပြီး တစ်ဖက်တစ်လမ်းက ပိုက်ဆံ စုနေတော့တယ်။ သူတို့ရဲ့ ချစ်ခြင်းတွေကို ဖုန်းနဲ့ အင်တာနက်ကနေ တဆင့်ပဲ ထုတ်ဖော်ခွင့် ရကြတယ်။ လွမ်းဆွတ်ဖွယ် ခက်ခဲတဲ့ ဘ၀တွေကို ဖြတ်သန်းနေရပေမယ့် နှစ်ယောက်လုံး ဇွဲမလျှော့တမ်း ကြိုးစားလာကြတယ်။
တစ်နေ့ ကောင်မလေး အလုပ်ကနေ အပြန်လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး လုံးဝ သတိလစ် မေ့မျောသွားတယ်။ သူ နိုးလာတဲ့အခါ သူ့ အိပ်ရာဘေးမှာ မြင်လိုက်ရတာက သူ့ မိဘနှစ်ပါး။ သူ အတော်လေး ထိခိုက်ပြီး ဒဏ်ရာ ရနေတာကို သတိထားမိလိုက်တယ်။ သူ့ အမေ ကုတင်ဘေးမှာ အရမ်းငိုနေတာ တွေ့တော့ သူ့အမေကို ဖြေသိမ့် စကားပြောဖို့ အားယူလိုက်တယ်။ သူရဲ့ ကြိုးစားမှုနဲ့အတူ သတိထားမိလိုက်တာ သူ့ နှုတ်က ထွက်ကျလာတာ စကားလုံးတွေ မဟုတ်ဘဲ လေသံတွေပဲ ဖြစ်နေတယ်။ သူရဲ့ အသံတွေ ပျောက်ဆုံးသွားပြီ ........
သူ့ ဦးနှောက်ကို ထိခိုက်သွားတဲ့အတွက် အသံ မထွက်နိုင်တော့တာလို့ ဆရာဝန်က ရှင်းပြခဲ့တယ်။ သူ့မိဘတွေရဲ့ ဖြေသိမ့်စကားကို နားထောင်နေရင်း ဘာဆို ဘာမှကို မပြောနိုင်တော့ဘဲ ဘေးနားမှာ ပုံပုံလေး လဲနေတော့တယ်။
ဆေးရုံမှာ နေနေရတဲ့ ကာလအတွင်း တိတ်တိတ်လေး ငိုနေရုံကလွဲလို့ ခိုးငိုနေရုံပဲလေ။ ကြေကွဲခြင်းဟာ သူ့ကို အဖော်ပြုနေတာပေါ့။ အိမ်ပြန်ရောက်တော့ ကြည့်ရာတာ အရာရာဟာ အရင်ကထက် ဘာမှ မပြောင်းလဲပါဘူး။ ဖုန်းမြည်သံက လွဲလို့ပေါ့။ ဖုန်းမြည်သံတိုင်းဟာ သူ့ နှလုံးသားကို ထိုးစွနေသလို စူးကနဲ အောင့်သွားလောက်အောင် ဖန်တီးနေတော့တယ်။ သူ့ကောင်လေးကို ဒီကိစ္စတွေ ဘာမှ မသိစေချင်ဘူးလေ။ စိတ်ပင်ပန်းနေရတဲ့ ဒုက္ခနဲ့ သူ့ကို ၀န်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး။ ဒါနဲ့ သူ့ကောင်လေးဆီ စာတစ်စောင် ရေးလိုက်တယ်။ နောက်ထပ် အကြာကြီး မစောင့်ဆိုင်းချင်တော့လို့ လို့ အကြောင်းပြပြီး သူ့ကို လက်စွတ် ပြန်ပို့ပေးလိုက်တယ်။ အသည်းကွဲရှာတဲ့ ကောင်လေးခမျာ စာတွေ အထပ်ထပ်ပို့၊ ဖုန်းတွေ အခါခါ ခေါ်နေလေတော့ ကောင်မလေးခမျာလည်း ဖုန်းဘေးနား ထိုင်ငိုနေရင်း ငိုရင်းကလွဲလို့ ဘာတတ်နိုင်ဦးမှာတဲ့လဲ။
အတိတ်အားလုံးကို မေ့ပျောက်နိုင်အောင်၊ အရာအားလုံးကို မေ့မေ့လျော့လျော့ ဖြစ်သွားအောင် မိဘတွေက နဂို ပတ်ဝန်းကျင်နဲ့ ဝေးရာ တစ်နေရာမှာ အခြေချဖို့ ဆုံးဖြတ်လိုက်တယ်။
ပတ်ဝန်းကျင် အသစ်မှာ ကောင်မလေးဟာ လက်အမူအရာနဲ့ စကားပြောတတ်ဖို့ သင်ယူရင်း ဘ၀အသစ်တစ်ခုကို စတင်လိုက်တယ်။ နေ့တိုင်းလိုလိုပဲ ကောင်လေးကို မေ့ပျောက်ပစ်ဖို့ သတိပေးနေရလောက်အောင် အတော်လေး စိတ်ပင်ပန်းနေတယ်။ တစ်နေ့တော့ ကောင်မလေးရဲ့ သူငယ်ချင်းတစ်ယောက် ရောက်လာပြီး ကောင်လေး ပြန်ရောက်နေကြောင်း ပြောတယ်။ ဖြစ်ပျက်ခဲ့သမျှ ကောင်လေးကို မပြောပြဖို့ တောင်းဆိုလိုက်တယ်။ အဲဒီနောက်တော့ သူ့သတင်း ဘာမှ မကြားရတော့ဘူး။
တစ်နှစ်ကြာတော့ သူ့သူငယ်ချင်း စာအိတ်တစ်လုံး ယူလာပြီး သူ့ဆီ ပြန်ရောက်လာတယ်။ စာအိတ်ထဲမှာက ကောင်လေးရဲ့ မင်္ဂလာဆောင် ဖိတ်စာ။ ကောင်မလေးခမျာ မျက်ရည်တွေ စို့တက်လာပြီး စူးအောင့်နေတဲ့ ရင်ဘက်ကြီးနဲ့ သတ္တိမွေးပြီး သတို့သမီး နာမည်ကို လှမ်းဖတ်လိုက်တယ်။ အဲ ... ပါးစပ်အဟောင်းသားနဲ့ တွေ့လိုက်ရတာက သူရဲ့နာမည်။
ဘာတွေ ဖြစ်ကုန်တာလဲ။ သူ့ သူငယ်ချင်းကို မေးဖို့ အားယူနေတုန်းမှာပဲ သူ့အရှေ့မှာ ကောင်လေးကို တွေ့လိုက်ရတယ်။ ကောင်လေးက လက်အမူအရာနဲ့ ကောင်မလေးကို လှမ်းပြောလိုက်တယ်။
"ကို တစ်နှစ်တိတိ အချိန်ယူပြီး လက်အမူအရာနဲ့ စကားပြောတတ်ဖို့ သင်ယူခဲ့တယ်။ ပေးခဲ့တဲ့ ကို့ရဲ့ ကတိတွေ မပျက်ပြယ်နိုင်သေးဘူး ဆိုတာကို သိစေချင်လို့ပါ။ မင်းရဲ့ အသံအဖြစ်နဲ့ ဘေးနားမှာ နေထိုင်ဖို့ အခွင့်အရေးလေး ကို့ကို ပေးပါလား။ မင်းကို အရမ်းချစ်တယ်။"
ပြောပြီး ချက်ချင်းဆိုသလိုပဲ ကောင်မလေးကို လက်စွတ် ပြန်ဝတ်ပေးလိုက်တယ်။ အခုတော့ ကောင်မလေး ပြုံးနိုင်ရှာပြီလေ ...... ။
မြဲမြံစွာ ဆုပ်ကိုင်ထားသော ...
"ဒီခွက် ဘယ်လောက် လေးမယ်လို့ မင်းတို့ ထင်သလဲကွ"
"၅၀ ဂရမ်" ... "၁၀၀ ဂရမ်" ... "၁၂၀ ဂရမ်" ...
ကျောင်းသားများ၏ ပါးစပ်မှ အဖြေ မျိုးစုံအောင် ထွက်ကျလာတော့သည်။
"ဒီခွက်ကို သေချာ မချိန်ကြည့်ဘဲနဲ့တော့ အလေးချိန် ဘယ်သိနိုင်ပါ့မလဲ"
ပါမောက္ခ ဆက်ပြောမည့် စကားကို တစ်တန်းလုံး ငြိမ်၍ နားထောင်နေကြသည်။
"ဆရာ အဓိက မေးချင်တာက ဒီခွက်ကို မိနစ်ပိုင်းလောက် ကိုင်ထားမယ်ဆိုရင် ဘာဖြစ်မလဲ"
"ဘာမှ မဖြစ်နိုင်ဘူးဆရာ" ကျောင်းသားတစ်ယောက် အော်ဖြေလိုက်သည်။
"အေး ... ဒါဆို တစ်နာရီလောက် ကိုင်ထားမယ် ဆိုရင်ကောကွာ" ပါမောက္ခ ထပ်မေးလိုက်သည်။
"လက်ညောင်းလာမှာတော့ အမှန်ပဲ ဆရာ"
"အင်း ... ဒါတော့ သေချာတယ်။ ဒါဖြင့် တစ်ရက်လုံး ကိုင်ပြီး မြှောက်ထားမယ်ကွာ။ ဘယ်လို နေမလဲ"
"ဒါဆိုရင်တော့ ဆရာရယ် လက်မောင်းပဲကြွက်တက်မလား၊ ဒါမှ မဟုတ် အံသေပြီး လှုပ်မရဘဲ ဖြစ်မလား၊ လက်တစ်ဖက်လုံး ကိုက်ခဲပြီး နာနေမလား၊ တစ်ခုခုပဲ။ သေချာတာတော့ ဆေးခန်းတော့ သွားပြရတော့မယ်" ဟု ကျောင်းသားတစ်ယောက်က ခပ်ရွှန်းရွှန်း ပြောလိုက်ရာ တစ်တန်းလုံး ပွဲကျသွားလေတော့သည်။
"သိပ်ကောင်းတယ် တပည့်တို့။ ဒါနဲ့ အခုလို ကိုင်ထားတဲ့ အတောအတွင်း ဖန်ခွက်ရဲ့ အလေးချိန်က အပြောင်းအလဲ ရှိနေလား"
"မရှိပါဘူး ခင်ဗျ"
"ဒါဆို ဘာကြောင့် ကြွက်သားတွေ တင်းပြီး လက်တစ်ဖက်လုံး နာလာရတာတုန်း"
ထိုမေးခွန်းကို စဉ်းစားရင်း ကျောင်းသားများ အားလုံး အတော် ခေါင်းစားနေကြသည်။ ထိုစဉ် ကျောင်းသားတစ်ယောက်မှ အော် ပြောလိုက်သည်။
"ဖန်ခွက်ကို အောက်ချလိုက်ပေါ့"
"မှန်လိုက်လေ" ဟု ပါမောက္ခမှ ထောက်ခံလိုက်ပြီး
"ဘဝမှာ ဖြစ်နေတဲ့ ပြဿနာတွေက ဒီပုံစံအတိုင်းပါပဲ။ မင်းတို့ရဲ့ ဦးနှောက်ထဲမှာ အဲဒါတွေကို မိနစ်အနည်းငယ်လောက် ထားထားရုံနဲ့ ဘာမှတော့ ထူးခြားလာမှာ မဟုတ်ဘူး။ အချိန်ကြာကြာ စဉ်းစားလာပြီ ဆိုရင်တော့ ခေါင်းကိုက်ရတော့မယ်။ ဒီထက် ပို ကြာကြာ ဆက်ပြီး ထိန်းထားဦးမယ် ဆိုရင်တော့ မင်းတို့ရဲ့ တွေးခေါ်မှုတွေ၊ ဆင်ခြင်နိုင်စွမ်းတွေကို အံသေအောင် လုပ်ပစ်တော့မယ်။ ဒီတော့ မင်းတို့ ဘာဆို ဘာမှ မလုပ်နိုင်တော့ဘူး။"
"ဘဝမှာ စိန်ခေါ်မှုတွေ ပြဿနာတွေကို စဉ်းစားတွေးတောဖို့ သိပ်အရေးကြီးပါတယ်။ ဒီထက်ပို အရေးပါတာက အတွေးအခေါ်တွေ အံသေသွားတဲ့အထိ မဖြစ်အောင် ပုံမှန်လေး အနားယူတတ်ဖို့ပါ။ ဦးနှောက်ထဲ ရောက်အောင် ကိုယ်ကိုယ်တိုင် ကောက်ထည့်လိုက်တယ်လို့ နားလည်နိုင်ရင် ခဏတာ အနားယူဖို့ ဖယ်ထားတတ်မှာပါ။ စိတ်ညစ်စရာတွေ အလိုအလျောက် ဝင်လာတာပါလို့ ဆင်ခြေပေးတဲ့ လူတချို့အတွက်တော့ အဲဒီ စိတ်ညစ်စရာတွေဟာ ဘယ်တော့မှ သူ့အလိုအလျောက် ထွက်မသွားဘူး ဆိုတာ သိစေချင်ပါတယ်။ ဘုရားကို အာရုံပြု၊ စိတ်ကို တည်ငြိမ်အောင်ထားပြီး အိပ်လိုက်နိုင်ရင်ဖြင့် နောက်တစ်နေ့ကို လန်းဆန်းစွာနဲ့ ထိတွေ့ခွင့် ရမှာပါ။ မနက်တိုင်းမှာ စိတ်ဟာ အသစ်ဖြစ်နေမှ နောက်ထပ် စိန်ခေါ်မှုတွေနဲ့အတူ ဘဝကြီးက လေးပင်မနေတော့မှာပါ။"
အမြင်အကြား အာရုံတွေ ကြွက်တက်ပြီး အတွေးအခေါ်တွေ အံသေနေပြီဆိုရင် သတိရလိုက်ပါ။ ဦးနှောက်ထဲမှာ ကိုင်ဆုပ်ထားတဲ့ ခံစားချက်၊ ယူဆချက်၊ အဆိုပြုချက်တွေကို ခဏလောက် ချထားလိုက်ပါဦး။
အချစ်စစ်ရဲ့ရုပ်ပုံလွှာ
ပထမဆုံးအကြိမ်ဆုံတဲ့ သူ့အမျိုးသားကို ကျွန်မ အကဲခတ်လိုက်မိတယ်။ အရပ်မမြင့်၊ ရုပ်မချောတဲ့အပြင် ဝတ်စားပုံကလည်း ခေတ်နဲ့ တပြေးမညီခဲ့ဘူး။ စကားလက်ဆုံကျရင် စကားထဲက သူ့အမျိုးသားဟာ ဘဏ်တစ်ခုရဲ့ သာမန်တာဝန်ထမ်း တစ်ဦးဆိုတာ သိရပြန်တယ်။
မှတ်မိပါသေးတယ်။ ကျောင်းနေတုန်းက ကျွန်မတို့မေဂျာဟာ အချောအလှပေါတဲ့ မေဂျာအဖြင့် နာမည်ကြီးခဲ့တယ်။ ဒုတိယနှစ်ကစပြီး အတန်းတစ်ချိန်နားတိုင်း အတန်းထက်ဝက်ကျော် မိန်းကလေးတွေက မိတ်ကပ်တွေထုတ်၊ မှန်တွေထုတ်ပြီး နူတ်ခမ်းနီ ပါးနီဖို့တတ်ကြတယ်။ အဲဒီတုန်းက ခေတ်စားတဲ့ အဝတ်အစား၊ ဘောင်းဘီ၊ ဖိနပ်တွေက ကျွန်မတို့မေဂျာမှာ လျော့ခဲ့တယ်ဆိုတာ မရှိခဲ့ဖူးဘူး။
ကျွန်မရဲ့ ဒီသူငယ်ချင်းက အရပ်(၁၆၆) စီတီမီတာရှိတဲ့အပြင် ကိုယ်လုံးကိုယ်ပေါက်ကလည်း သူ့နေရာနဲ့သူ ပြည့်စုံလှပနေသူ ဖြစ်တယ်။ နှာတံစင်းစင်းနဲ့ မျက်နှာပေါက်ကလည်း ပြောစရာမရှိဘူး။ လမ်းလျှောက်ရင်လည်း နာမည်ကျော် မော်ဒယ်စတိုင်လ် အပြည့်နဲ့မို့ ကျောင်းဝင်းထဲ သူဝင်လာပြီဆိုရင် ဘာသားချောတွေက တစ်ဝုန်းဝုန်းပဲ။ အဆောင်ရှေ့မှာဆိုရင်လည်း အပေါက်စောင့် နှစ်ဦးထက် ပိုထားရတယ်။
ဒါပေမယ့် သူက ဖြစ်သလိုနေတတ်တဲ့ မိန်းကလေးမဟုတ်မှန်း ကျွန်မတို့သိတယ်။ အစာစားရင်လည်း ထမင်းနဲ့ ကော်ဖီလွဲရင် တစ်ခြားသူဘာမှ မစားဘူး။ ကိုယ်စရိတ်ကိုယ်ရှင်း ဆိုတာမျိုးပဲ သူကျင့်သုံးတယ်။ တတိယနှစ်နောက်ပိုင်းမှာ မပြတ်ဝင်လာတတ်တဲ့ သူ့ဖုန်းတွေ၊ ပုံစံမတူတဲ့ကား၊ ဒါရိုက်ဘာတွေ သူပြောင်းစီးတတ်တာ မြင်နေကျ ကျွန်မတို့အတွက် ရိုးနေခဲ့တယ်။
မတူတဲ့ယောက်ျားလေးတွေနဲ့ သူတွဲပေမယ့် ရည်းစား လုံးဝ သူမထားခဲ့ဘူး။ ရွေးစရာလူတွေများလို့ အခက်တွေ့နေတာလား? အချစ်စစ်ကို မတွေ့ခဲ့လို့လား? လို့ တစ်နေ့မှာ ကျွန်မ မအောင့်နိုင်ဘဲ သူကိုမေးခဲ့တယ်။
“ခံစားမှုဆိုတာ ကြာရှည်တဲ့အရာလို့ ထင်လား?” သူ့အမေးကို ကျွန်မခေါင်းညိတ်လိုက်တယ်။
“ဒါဆိုရင် ကြာရှည်တဲ့အရာတွေက တည်ငြိမ်ရမှာပေါ့ ဟုတ်လား?” သူ့စကားကို ကျွန်မ ချက်ချင်း ပြန်မဖြေနိုင်ခဲ့ဘူး။
“ကားကောင်းတွေကို ကျွန်မအများကြီး စီးခဲ့ဖူးတယ်။ ဒါပေမယ့် ဒါရိုက်ဘာတွေက ပေါ့ပေါ့တန်တန်ပဲ ကားကို ဂရုတစိုက်မမောင်းခဲ့ဘူး။ စီးရတဲ့လူကို စိုးရိမ်ထိတ်လန့်စေတယ်။ အစားကောင်းတွေ ကျွန်မအများကြီး စားဖူးတယ်။ ဒါပေမယ့် တစ်ဖက်လူတွေက သူတို့အစာကို ချန်ချန်ခဲ့တတ်တယ်။ ဒါကြောင့် အစားကောင်းရဲ့ အရသာကို ကျွန်မ မခံစားခဲ့ရဘူး။ အိမ်ကြီးအိမ်ကောင်းတွေကို ကျွန်မမြင်ဖူးတယ်။ တကယ်လို့ လစဉ်ပုံမှန်ဝင်ငွေ ရှိမယ်ဆိုရင် ဒီလိုအိမ်ကောင်းမျိုးနဲ့ မဝေးဘူးဆိုတာကို ကျွန်မနားလည်လိုက်တယ်။ သိပ်ချော သိပ်ခန့်တဲ့ ယောက်ျားလေးတွေ ကျွန်မအများကြီး ကြုံခဲ့ဖူးတယ်။ ဒါပေမယ့် နောင်၁ဝနှစ်မှာ သူတို့ ဒီလိုမချောနိုင်တော့သလို ကျွန်မလည်း အခုလိုလှပနိုင်မှာ မဟုတ်တော့ဘူး။ အဲဒီအချိန်ကျရင် အပြင်ပန်းကြည့်ပြီး တစ်ယောက်ကိုတစ်ယောက် နှစ်သက်တာမျိုး ဖြစ်နိုင်တော့မလား?”
ပြောစရာစကားမရှိအောင် ကျွန်မဆွံအသွားခဲ့တယ်။
“ဒါကြောင့် ပတ်ဝန်းကျင် အဆောင်အယောင်တွေကြားမှာ မပြောင်းမလဲဘဲ ရှိနိုင်တာတွေက တကယ့် ရင်ထဲကနေလာတဲ့ ဂရုစိုက်မှု၊ စောင့်ရှောက်မှုတွေပဲဖြစ်တယ်။ တည်မြဲတဲ့ ပုခုံးတစ်စုံလိုပေါ့။ ငြိမ်ငြိမ်လေး ကိုယ့်ဘေးမှာပဲရှိနေပြီး ကိုယ်နာကျင်တဲ့အခါ၊ ထိခိုက်ခံစားရတဲ့အခါ ကိုယ်ရှေ့မှာ မားမားမတ်မတ် ရပ်တည်ပြီး ပျော့ညံ့တဲ့ဖက်ကနေ ကြံ့ခိုင်တဲ့ဖက်ကို တွဲခေါ်ပေးတတ်တယ်”
အဲဒီစကားကို ခုထက်ထိ ကျွန်မမှတ်မိနေခဲ့တယ်။ ခွဲခွါပြီး ၇နှစ်ရဲ့ ဒီနေ့မှာ သူ့ဘေးက သူနဲ့လုံးဝ မလိုက်ဖက်တဲ့၊ မချမ်းသာတဲ့၊ လူတွေ ထင်မှတ်မထားတဲ့ အမျိုးသားတစ်ဦးက သူ့ဖူးစာရှင်ဖြစ်ခဲ့တယ်။ ညစာစားနေတဲ့အခိုက် သိချင်တဲ့ မေးခွန်းပေါင်းများစွာက ကျွန်မရင်ထဲ စုပြုံတိုးဝင်လို့လာတယ်။
ညစာအပြီးမှာ သူ့အမျိုးသားက သူ့လက်ကိုကိုင်ဆွဲပြီး တွဲခေါ်လိုက်တယ်။ ကြင်ကြင်နာနာနဲ့ လုံးဝ တွဲလက် မဖြုတ်ခဲ့ဖူးသလိုပါပဲ။ ကျွန်မရင်ထဲက မေးခွန်းတွေကို သူမြင်သွားတယ် ထင်ပါရဲ့.... ကျွန်မနား နား တိုးတိုးလေးကပ်ပြီး “ကျွန်မတို့ ချစ်သူ စဖြစ်တဲ့နေ့ကနေ အခုချိန်ထိ သူက အဲလိုပုံစံပဲ” လို့ ရှက်ပြုံးလေးနဲ့ ပြောတယ်။
ဒါကပဲ ကျွန်မသိချင်တဲ့ အဖြေဖြစ်မယ်လို့ ကျွန်မထင်တယ်။ မပြောင်းလဲတဲ့၊ ခိုင်မြဲတဲ့၊ ဒီလိုဂရုစိုက် ကြင်နာခြင်းတွေနဲ့ နွေးထွေးနေတဲ့ လက်တစ်စုံက သက်ဆုံးထိတိုင် တွဲလက်မဖြုတ်တမ်း တွဲသွားမယ်ဆိုတာကို ကျွန်မယုံကြည်နေမိတယ်။
တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး ထွက်သွားတဲ့ သူတို့နှစ်ယောက်ရဲ့ ရုပ်ပုံကို ကြည့်ပြီး အချစ်စစ်ဆိုတာ ဒါပဲဖြစ်ရမယ်လို့ ကျွန်မခံစားလိုက်မိတယ်။
နိုင်းနိုင်းစနေ ဘာသာပြန်ခံစားသည်။
သတိမေ့ခဲ့သော စကားတစ်ခွန်း
သို့
အမေ့ရဲ့ အချစ်ဆုံး သမီးလေး ကြည့်ရန်
သမီးလေး...အမေ့ကို မုန်းတယ်မလားဟင်...
ဆင်းရဲတွင်းကိုလည်း သေလောက်အောင်မုန်းတယ်မလား သမီးလေး....
အမေတောင်းပန်ပါတယ် သမီးလေးရယ်...အမေ တောင်းပန်ပါတယ်...
ဒီအမေက ပညာကလည်း မတတ် ပိုက်ဆံကလည်း မရှိ...
ငါ့သမီးလေးကို ပေးဘို့ အမေ့ရဲ့ မေတ္တာကလွဲပြီး မရှိတဲ့ သူပါ သမီးလေး...
အမေ အခုလို သမီးလေးကို လူ့လောကမှာ တစ်ယောက်တည်း ထားခဲ့ရတာကို အမေ စိတ်မကောင်းပါဘူး သမီးလေးရယ်...
အမေက ရောဂါဖြစ်ပြီး သမီးလေးကို အခုလို ထားခဲ့ရတာပါ...
တကယ်တော့ ခွဲစိတ်ကုသရင် ပျောက်နိုင်တယ်တဲ့...ဒါပေမယ့် ခွဲစိတ်ကုသစရိတ်က နည်းတာမဟုတ်ဘူးလေ....
ဒါနဲ့ အမေ စဉ်းစားလိုက်တယ်... အမေသာ ခွဲစိတ်ကုသမှု မခံရင် ငါ့သမီးလေး ကြိုက်တာဝယ် ကြိုက်သလို သုံးနိုင်တယ်..ဒီတော့ အမေ ခွဲစိတ်ကုသမှုမခံဘို့ ဆုံးဖြတ်လိုက်တယ်။
ဒါပေမယ့် သမီးလေးရယ်..ရက်တွေကြာလာတာနဲ့အမျှ တဖြည်းဖြည်း ဆိုးလာတာကြောင့် ခုတော့ အမေ့ သမီးကို ထားခဲ့ရတော့မယ်။
ဒီလောက် အသုံးမကျတဲ့အမေ့ကို အမေလို့ သတ်မှတ်ပေးတဲ့ အတွက် ငါ့သမီးလေးကို ကျေးဇူးတင်ပါတယ်...
အမေက ဒီကမ္ဘာပေါ်မှာ ငါ့သမီးလေးကို အချစ်ဆုံးဆိုတာကို သိတယ်မလား သမီး....
အမေ့ရဲ့ စောင်ကို သေသေချာချာ ရှာကြည့် ဘဏ်စာအုပ်တစ်ခု ထွက်လာလိမ့်မယ်...အမေ အနှစ်နှစ်အလလ စုဆောင်းခဲ့တယ့် ငွေလေးတွေပါ။
သိန်း၂၀၀လောက်ရှိမယ်...
ငါ့သမီးလေးတော့ ဆင်းဆင်းရဲရဲမနေရတော့ဘူးပေါ့...
အမေ့ကို
မုန်းခဲ့တာထက် အဆ၁ထောင် ၁သောင်းမက ကျွန်မကိုယ်ကျွန်မ မုန်းတီးမိပါတယ်။
သမီး သုံးခဲ့တဲ့ ငွေတွေက ခွဲစိတ်ခတွေ..ခွဲစိတ်ခတွေ အမေရယ် ဘာလို စောစောက
မပြောခဲ့တာလဲ။ သမီးလို အမေ့ စေတနာကို နားမလည်တဲ့ လူကို ဒီလောက်တောင်
ချစ်ရလား။ နောက်ဆို ကျောင်းသွားဘို့ နှိုးပေးတဲ့ အမေ့ အသံကို လည်း
မကြားနိုင်တော့ဘူး။ အမေ ထုတ်ပေးတဲ့ ထမင်းဘူးလေးကိုလည်း မစားနိုင်တော့ဘူး။
အိပ်ယာထဲမှာ လှဲနေတဲ့ အမေ့ကိုတောင် မမြင်နိုင်တော့ဘူးဆိုတဲ့ အသိတွေနဲ့
ကျွန်မ ရူးမတတ် ၀မ်းနည်းခံစားနေရပါတယ်။ အမေရယ် နောင်ဘ၀ဆိုတာရှိခဲ့ရင် သမီး
အမေနဲ့ ပြန်တွေ့ချင်ပါတယ်။ အမေ့ကို မပေးခဲ့ရတဲ့ သမီးရဲ့ မေတ္တာတွေကိုလည်း
ပေးချင်ပါတယ်။ ဒီလို အတွေးတွေကို တွေးရင်း ကျွန်မ အတော်ကြာအောင် ငိုပြီးမှ
အမေ့ကို တစ်ခါမှ မပြောဘူးတဲ့ စကားလေး တစ်ခွန်းကို ပြောဘို့ သတိရခဲ့ပါတယ်။
သတိရရချင်း ကျွန်မ အမေ့ကို ကြည့်ပြီး ပြောလိုက်ပါတယ်။REFLECTION

ရောင်ပြန်ဟပ်မှု
လူငယ်လေး နဲ့သူ၏ဖခင်တို့ဟာတောင်တန်းတွေကြားမှာလမ်းလျှောက်ခဲ့ကြပါတယ် ၊၊ရုတ်တရက်
လူငယ်လေးဟာ ခြေချော်လဲကျပြီး ၊ နာကျင်စွာဖြင့် “ အား………” ဟု ဟစ်အော်မိခဲ့ပါတယ် ၊၊
သူဟစ်အော်မိလိုက်တဲ့ အသံကို တောင်တန်းတွေကြားမှာ ထပ်ခါထပ်ခါ သူပြန်ကြားခဲ့ရပါတယ် ၊၊
ထိုအခါ လူငယ်လေးဟာ စူးစမ်းသိလိုစိတ်ဖြင့် “ မင်းဘယ်သူလဲ…” ဟုကျယ်လောင်စွာဟစ်အော်
မေးမြန်းခဲ့တယ် ၊၊“ မင်းဘယ်သူလဲ…” အဖြေကိုသူပြန်ပြီးလက်ခံရရှိခဲ့ပြန်တယ် ၊၊တစ်ဖန် လူငယ်
လေးဟာတောင်တန်းတွေဆီသို့ “သင်ဟာမိုက်မဲသူ..…” ဟုဟစ်အော်ကြွေးလိုက်ပြန်တယ် ၊၊
အသံရှင်က “သင်ဟာမိုက်မဲသူ..…” ဟုအဖြေပြန်ပေးခဲ့ပါ၏ ၊၊လူငယ်လေး ဟာစိတ်ကိုမထိန်းနိုင်ဘဲ
ချက်ချင်း “မင်းကို မုန်းတယ်…..”ဟုကျယ်လောင်စွာတုံ့ပြန်ဟစ်အော်ခဲ့တယ်၊၊“မင်းကို မုန်းတယ်….”
ဟုသောအဖြေကိုသာ သူပြန်လက်ခံရရှိခဲ့ပါတယ် ၊၊လူငယ်လေးဟာ သူ၏ဖခင်အားစိတ်ရှုပ်ထွေးလှစွာ
ဖြင့်ကြည့်ပြီး အကြောင်းအရာကိုမေးမြန်းခဲ့ပါ့တယ် ၊၊ဖခင်ကပြုံးပြကာသူ့အား ဂရုတစိုက်နားထောင်ဖို့
ပြောခဲ့တယ် ၊၊ထို့နောက် ဖခင်က“သင်ဟာ အောင်နိုင်သူ ….”ဟု တောင်တန်းတွေဆီ သို့ဟစ်အော်
ပြခဲ့ပါတယ် ၊၊ တောင်တန်းတွေထံမှလည်း “သင်ဟာ အောင်နိုင်သူ ….” ဟူသောအဖြေကိုပြန်ရရှိခဲ့ပါ၏ ၊၊
လူငယ်လေးက နားမလည်စွာဖြင့် အံ့အားသင့်နေခဲ့ပါတယ် ၊၊
***************************************************
လူတွေဟာ ဒါကို “ ပဲ့တင်သံ ” ဟုခေါ်ခဲ့ကြပါတယ် ၊၊အမှန်စင်စစ် ဒါဟာ “ ဘ၀ ”ပါပဲ ၊၊ သင်ပြောဆိုခဲ့၊
သင်လုပ်ဆောင်ခဲ့တဲ့ အရာအားလုံးကိုသူပြန်ပေးမှာပါ၊၊ ကျွန်တော်တို့ရဲ့ဘ၀ဟာ ကျွန်တော်တို့ပြုမှု
လုပ်ဆောင်ချက်များ၏ ရိုးရှင်းလှတဲ့ရောင်ပြန်ဟပ်မှုတစ်ခုပါပဲ ၊၊ကမ္ဘာလောကကြီးထဲမှ ချစ်ခြင်းတရား
များစွာကို သင်ပိုပြီးအလိုရှိခဲ့ရင် သင်၏နှလုံးသားမှာ ချစ်ချင်းတရားတွေပိုပြီးဖန်တီးတည်ဆောက်ရမှာပါ၊၊
အကယ်၍ လူတွေရဲ့လေးစားမှုကို သင်အလိုရှိခဲ့ပါက သူတို့ကိုလည်း လေးစားတန်ဖိုးထားတတ်ဖို့
လိုအပ်လှပါတယ် ၊၊ဒီဆက်နွယ်မှုဟာ ဘ၀နဲ့ပတ်သက်တဲ့ အရာတွေ အားလုံးအတွက်အသုံးချဖို့ပါပဲ ၊၊
သူ့ကိုပေးတဲ့အရာအားလုံးကို မုချ သင့်အားပြန်ပေးပါလိမ့်မယ် ၊၊တကယ်တော့ ……….
ဘ၀ ဟာတိုက်ဆိုင်မှုတစ်ခုမဟုတ်ပါဘူး ၊၊
သင့်ရဲ့ ရောင်ပြန်ဟပ်မှု တစ်ခုသာ ဖြစ်ပါတယ် ၊၊ ၊၊
Photo originally uploaded by Leviathor
THE MIRROR
ကြည့်မှန်မှန်ထဲ ကို ကြည့်လိုက်ပါ ၊
ဘာကို တွေ့မြင်ရလဲ.. သူငယ်ချင်း ၊
မင်းကိုယ် မင်းပြန်မြင်ရမှာပေါ့ ၊၊
နောက်ထပ် မင်းဘာထပ် မြင်နိုင်အုံးမလဲ…သူငယ်ချင်း ၊
ငါ့ ကိုလည်းပဲ မင်းမြင်တွေ့နိုင်သေးတာပဲ ၊၊
ငါဟာ မင်းအဖြစ်နဲ့ ၊ မင်း လည်းငါ့ အဖြစ်နဲ့လေ၊ အသေအချာပါ ပဲ ၊၊
ငါ တို့အားလုံးဟာ“တစ်ယောက်တည်း”ပါပဲ ၊၊ အဲဒီ“တစ်ယောက်တည်း”လည်း
တကယ်တော့ငါ တို့အားလုံး ကိုယ်တိုင် ပဲလေ၊ ဧကန်မုချ ပါပဲ ၊၊ ။
CHOICE
ရွေးချယ်မှုတစ်ခါတုန်းကပေါ့ ….
သူဟာ သစ်စေ့လေး တစ်စေ့ကိုကောက်ရခဲ့ပါတယ် ၊၊ကွဲပြားခြားနားတဲ့ ဦးတည်ချက်အတူ အဖူးအညှောက်
လေးနှစ်ခုဟာ အဲဒီသစ်စေ့လေးဆီမှ တစ်ဖြည်းဖြည်းနဲ့ထိုးထွက်လာခဲ့ပါတယ် ၊၊ဘယ်အရာတစ်ခုကမှန်ပြီး
ဘယ်အရာတစ်ခုကမှားတယ်ဆိုတာကို သူကိုယ်တိုင်ကောင်းစွာ မဝေခွဲမဆုံးဖြတ်နိုင်ခဲ့ပါဘူး ၊၊
သူ့ကတော့နှစ်ခုစလုံးဟာ အမှန်တွေပဲအဖြစ် ထင်မြင်တွေးထင်ခဲ့ပါတယ် ၊၊ဒါကြောင့်သူဟာနှစ်ခုအနက်မှ တစ်ခုကိုရွှေးချယ်ခဲ့ပါတယ် ၊၊အမြဲတမ်း သူ၏နှလုံးသားမှာအမှန်တရားရဲ့မီးအိမ်အဖြစ်ထွန်းညှိခဲ့ပါတယ် ၊၊
“အမှန်တရား” ကတော့ ရှုံးနိမ့်တဲ့ သူ့အတွက်အမှားများကို ၀န်ခံစေခဲ့ခြင်းပါပဲ ၊၊ ၊၊
Photo originally uploaded by Loren
LYRIC
သံစဉ်စာသားနှလုံးသားရဲ့စစ်မှန်တဲ့သီချင်းတစ်ပုဒ်ရှိခဲ့ပါတယ် ၊၊နားထောင်ကြည့်ကြပါ ၊၊
ဒီသီချင်းကို နတ်သမီးလေးများကသူတို့ရဲ့ဘာသာစကားနဲ့စပ်ဆိုပေးခဲ့ပါ၏ ၊၊သူတို့ရဲ့လိုက်ဖက်ပြေပြစ်မှုဟာ
အမှောင်ထုကို ခွဲခွာစေခဲ့ပါတယ်၊၊အလင်းရောင် ကိုထွက်ပေါ်စေခဲ့ပါတယ်၊၊ လှပပြည့်စုံခြင်းကတော့ နှိုင်းယှဉ်မှုရဲ့
နောက်ကွယ် အလွန်မှာပါ၊၊ အသက်ရှင်နေထိုင်သူအားလုံးကလည်း ညီညာစွာ အပိုင်းလိုက် ကူညီပါဝင်သီဆို
ခဲ့ကြပါတယ် ၊၊အံ့သြဖွယ်ရာ ၊ပျော်ရွှင်ကြည်နှုးဖွယ်ရာများအတိ ၊၊ကြယ်တစ်ပွင့်ချင်းစီက ကောင်းကင်မှထူးကဲမြင့်မြတ်
တဲ့တူရိယာများနဲ့တီးခတ်ပေးခဲ့ကြပါတယ် ၊၊သူတို့ရဲ့သံစုံတီးဝိုင်းကို လမင်းကြီးရဲ့တွဲဖက်မှုနဲ့ပေါ့ ၊၊
အားလုံးက ခံစားနားဆင်ခဲ့ကြတယ် ၊၊အပြုံးများကိုယ်စီ၊ ပျော်ရွင်စွာမှုများအပြည့်နဲ့၊၊အသက်ဝင်နေတဲ့ဒီသီချင်းလေး
ကို အမြဲတမ်း လက်ချင်းတွဲဆိုနေခဲ့ကြတယ် ၊၊ကြိမ်ဖန်များစွာ ထပ်ခါသီဆိုနေခဲ့ကြတယ်၊၊ကျွန်တော်တို့ရဲ့နှလုံးသား
တွေက တောက်ပတဲ့အရောင်များ ဖြာထွက်လင်းလက်ချိန်အထိပေါ့ ၊၊
ကျွန်တော်တို့တွေအားလုံးရဲ့ နှလုံးသားသံစဉ်စာသားများနဲ့ ညတွေကိုရှည်ကြာအောင်ပြိုင်တူသီဆိုခဲ့ကြပါတယ် ၊၊ ၊၊
Photo originally uploaded by cattycamehome
@ ရစ်နှောင်ခြင်း
ဒီပိုစ့်လေးဟာ ကို Republic ရဲ့  BONDING (ရစ်နှောင်ခြင်း) ကို
ကျွန်တော် နားလည်သလို ဘာသာပြန်ထားတာ ဖြစ်ပါတယ် ။
အဖေနဲ့  သမီးလေး တို့ ဟာ တံတားတစ်စင်းကို ဖြတ်လာကြတယ်။ သမီးလေးကြောက်နေမှာစိုးလို့ အဖေကပြောတယ်-
"မီးလေး ...ဖေကြီးလက်ကို ကိုင်ထားနော်...ဒါမှ မီးလေး ရေထဲကို ပြုတ်မကျမှာ "
"ဖေကြီးက ကိုင်ရမှာလေ.." လို့သမီးလေးကပြန်ပြောတယ်-
"ဘာကွာလို့ လဲ မီးလေးရဲ့  " အဖေက အံ့ သြ ပြီးမေးတယ် ။
"အများကြီး ကွာတာပေါ့ ဖေကြီးရဲ့  " လို့ ဖြေရင်း သမီးလေးက ဆက် ပြောတယ် -
"သမီးကဖေကြီးလက်ကို
ကိုင်ထားပေမဲ့ တစ်ခုခုဖြစ်ခဲ့ရင် သမီးက ကြောက်ပြီးဖေကြီးလက်ကို
လွှတ်မိသွားလိမ့်မယ် ။ ဖေကြီးက ကိုင်ထားရင်တော့ ဘာပဲဖြစ်ဖြစ် ဖေကြီးက သမီး
လက်ကို ဘယ်တော့မှ လွှတ်မှာ မဟုတ်ဘူးလေ "
---------------------------------------------------***----------------------------------------------------------
ဘယ်လိုရင်းနှီးပတ်သက်မှုမျိုးမှာမဆို
...ယုံကြည်မှု ရဲ့  အနှစ်သာရ ဟာ ချည်နှောင်မှု ၊ ချုပ်နှောင်မှု တွေထက်
သံယောဇဉ်တရား ပေါ်မှာ မူတည်နေပါတယ် ။
ဒါကြောင့်
မိမိချစ်တဲ့သူရဲ့ လက်ကို မိမိကိုယ်တိုင်ပဲ ရဲရဲ တင်းတင်း ကိုင်လိုက်ပါ ။
သူက ကိုယ့်လက်ကိုင်မှာကို မျှော်လင့်နေမဲ့ အစားလေ ။
ကိုယ့်အပေါ် ယုံကြည်မှုအပြည့်အ၀ ရှိနေပါစေနော် ...
သစ်သားဇလုံလေး
အဘိုးအိုကြီး တုန်တုန်ရင်ရင်နဲ့ ပန်းကန်ခွက်ရောက်တွေ နှစ်ချပ် သုံးချပ်လောက် လွတ်ကျကွဲပြီးကတည်းက အဘိုးအိုကြီးကို အစာစားဖို့ သစ်သားဇလုံလေး တစ်လုံး လုပ်ပေးထားတယ်။ သူတို့ ထမင်းစားနေတုန်း အဘိုးအိုကြီးကို လှမ်းကြည့်လိုက်ရင်ဖြင့် အထီးကျန်လွန်းလို့ ကျတဲ့ မျက်ရည်တွေတောင် အထင်သား မြင်နေရတယ်။ ဒီလို သနားစဖွယ် မြင်ကွင်းကို မြင်နေရတာတောင် အဘိုးအိုကြီး ဇွန်းခရင်း၊ ဒါမှမဟုတ် ဟင်းတွေ အောက်ကို ဖိတ်ကျရင် အော်လိုက် ငေါက်လိုက်ချင်သေးတာလေ။
ဒါတွေအားလုံးကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကြည့်နေတဲ့သူကတော့ ဟို လေးနှစ်သားလေးပေါ့။ နှုတ်ဆိတ်မနေရအောင် သူကကော ဘာတတ်နိုင်မှာမို့လဲ။ တစ်ညနေ ကြမ်းပြင်ပေါ်မှာ သစ်သားတုံး၊ ဆောက်၊ တံဇဉ်း၊ ဓါးတွေနဲ့ ကစားနေတဲ့ သားကို အဖေလုပ်တဲ့သူက တအံ့တသြနဲ့ ထိုင်ကြည့်နေတယ်။ ဒီကောင်လေး ဘာတွေများ လုပ်ဖို့ ကြံစည်နေလဲ ဆိုတာကို သိချင်ဇော အားကြီးတော့ သူ့သားကို ချိုသာတဲ့ အပြုံးနဲ့ ဘာလုပ်နေတာလဲလို့ လှမ်းမေးလိုက်တယ်။ လေးနှစ်သားလေးဟာ အဖေရဲ့ အမေးကို အပြစ်ကင်းစင်တဲ့ အမူအရာနဲ့ ပြန်ဖြေပြီး ခပ်ပြုံးပြုံးလေးနဲ့ သူ့အလုပ်သူ ဆက်လုပ်နေတော့တယ်။
သားလေးရဲ့ အဖြေဟာ အဖေနဲ့ အမေလုပ်သူရဲ့ ရင်ဝကို တည့်တည့်ပစ်မှန်ပြီး အလုံးလိုက် လည်ပင်းမှာ လာစို့နေတယ်။ အားလုံးဟာ တိတ်ဆိတ်သွားတယ်။ စကားလုံးတွေ ဆွံ့အကုန်ပြီ။ မျက်ရည်တွေဟာ သူ့တို့ရဲ့ ပါးပြင်မှာ အရှိန်ကောင်းကောင်းနဲ့ စီးဆင်းလာတယ်။ ပြောရက်လိုက်တာ သားရယ်လို့ စိတ်ထဲမှာ တွေးနေရင်းက အပြစ်ကင်းစင်တဲ့ အမူအရာနဲ့ ပြောသွားတဲ့ သားရဲ့ မျက်နှာနဲ့ စိတ်ကျအားငယ်ပြီး အိုမင်းချိနဲ့နေတဲ့ အဖေလုပ်သူရဲ့ မျက်နှာကို တပြိုင်တည်း မြင်ယောင်လာမိတယ်။ ဇနီးမောင်နှံ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ဘာမှ ပြန်မပြောဖြစ်ကြပေမယ့် သူတို့ ဘာဆက်လုပ်ရမယ် ဆိုတာကိုတော့ ကောင်းကောင်းကြီး နားလည်သွားကြပြီလေ။
ညနေစာ စားချိန်ရောက်ပြီ။ အဘိုးအိုကြီးဟာ သူရဲ့ အထီးကျန် စာပွဲအိုရှိရာကို ဦးတည်ပြီး လှုပ်ပဲ့လှုပ်ပဲ့ လမ်းလျှောက်လာနေတယ်။ သူ့ခမျာ အရင် မိသားစုလိုက် အတူတူစားခဲ့တဲ့ စားပွဲဟောင်းကိုတောင် လှည့်ကြည့်ဖို့ ခွန်အား မရှိရှာတော့ဘူး။ သူ့စားပွဲကို ရောက်ခါနီးမှာပဲ သူ့ရဲ့သားက အဘိုးအိုရဲ့ လက်ကို ညင်သာစွာ ဆုတ်ကိုင်လိုက်ပြီး မိသားစု စားပွဲဝိုင်းဆီကို တွဲခေါ်လာတယ်။ သူတို့နဲ့ ထမင်းအတူတူ ပြန်စားဖို့ ဖိတ်ခေါ်ခံလိုက်ရတာပါ။ အဘိုးအိုခမျာ မျက်စိလည် လမ်းမှားပြီးရောက်လာတဲ့ ဒီအခွင့်အရေးကို လက်လွှတ်ရမှာ ကြောက်တော့ ခရင်းကို ဂရုတစိုက် ကိုင်ပေမယ့်လည်း လွတ်ကျမြဲ လွတ်ကျနေတယ်။ ဒီတစ်ခါမှာတော့ အိမ်ရှင်မရဲ့ စူးရှရှ အသံကို မကြားရတော့ဘဲ နွေးထွေးတဲ့လက်တစ်စုံနဲ့ ခရင်းတစ်ချောင်းကိုသာ မြင်လိုက်ရတယ်။ အမြင်များ မှားနေလား ဆိုပြီး အဘိုးအို မျက်စိကို ပွတ်ပြီး ပြန်ကြည့်တယ်။ ဟုတ်ပါတယ်၊ သူ့ချွေးမဟာ ခရင်းအသစ်ကို ယူပြီး အဘိုးအိုကို လှမ်းပေးနေတယ်။ ဟော နွားနို့တွေ စားပွဲပေါ် ဖိတ်ပြန်ပြီ။ ငြိမ်ငြိမ်လေး ထမင်းဆက်စားနေကြတာပဲ မြင်ရတော့တယ်။ အဘိုးအိုရဲ့ အလွဲလွဲ အချော်ချော်နဲ့ ဇွန်းခရင်းသံကလွဲလို့ ဘာအသံမှ မကြားရဘူး။ ညစာစားပွဲလေးဟာ တီးလုံးပဲပါတဲ့ သီချင်းတစ်ပုဒ်ကို ဖွင့်ထားတာနဲ့ တူနေတယ်။ ဒီညစာစားပွဲလေးဟာ အဘိုးအိုအတွက်တော့ အင်မတန် ကျေနပ်စရာ ကြည်နူးစရာ စားပွဲလေးတစ်ခု ဖြစ်သွားပြီပေါ့။
လေးနှစ်သားလေးရဲ့ စကားတစ်ခွန်းကြောင့် ဒီဇနီးမောင်နှံဟာ သူ့ဖခင်အပေါ်မှာ ရှိရင်းစွဲ မေတ္တာတွေ ပြန်လည် သက်ဝင်လာပြီး သနားကရုဏာနဲ့ စိတ်ရှည်ရှည် ဆက်ဆံလာနိုင်တယ်။ ဖခင်အပေါ် အမြင်မှန် ရသွားတယ်ဆိုပါတော့။ ဒါမှမဟုတ် ၀ဋ်လည်မှာကိုပဲ တွေးပြီး ကြောက်သွားကြသလား။ လေးနှစ်သားလေးက သူ့အဖေကို ဘာပြောလိုက်မယ်ထင်လဲ။ အဖြေကို ဆက်ဖတ်မကြည့်ခင် အရင် စဉ်းစားကြည့်စေချင်တယ်။
မိဘဟာ သားသမီးကို ပြုစုစောင့်ရှောက်ဖို့ဆိုတာ သဘာဝအရ အလိုအလျောက် တတ်သိစွမ်းဆောင် နိုင်လာတာ ဆိုပေမယ့် သားသမီးက မိဘကို ပြုစုစောင့်ရှောက်ရမယ် ဆိုတာကိုတော့ သဘာဝက အပြင်းအထန် သင်ကြားပေးတာတောင် အတော်များများ စာသိပ်မကျေချင်ဘူး။ မိဘက သားသမီးကို ပြုစုဖို့ အဓိက တွန်းအားဟာ မေတ္တာဆိုပေမယ့် သားသမီးက မိဘကို ပြုစုဖို့ အဓိက တွန်းအားဟာ တာဝန်ဖြစ်နေတာ ကြားနေ၊ မြင်နေရတော့ အတော်လေး စိတ်မကောင်းဖြစ်မိတယ်။ တာဝန်အရ ပြုစုနေရတဲ့ သားသမီးတွေ လောကမှာ ဘယ်လောက်များ များမလဲနော်။ ဒါပေမယ့် သားသမီးကို တာဝန်အရ ပြုစုနေရတဲ့ မိဘဆိုတာ ကမ္ဘာပေါ်မှာ လုံးဝ မရှိပါဘူး။
လေးနှစ်သားလေးက သူ့အဖေကို ဒီလို ပြန်ဖြေလိုက်ပါတယ်။
“သား၊ သစ်သားဇလုံးလေး လုပ်နေတာပါ။ ဖေဖေနဲ့ မေမေ အသက်ကြီးလာရင် အစာစားဖို့လေ”
"Wooden Bowl by Unknown Author" ကို နားလည်သလို ခံစားတင်ပြလိုက်ပါသည်။

နောက်ငါးမိနစ်လောက်
အမျိုးသမီး > “ဟောဟိုမှာ ဒန်းစီးနေတဲ့ အင်္ကျီအနီနဲ့ ကလေးက ကျွန်မသားလေးပါ”
အမျိုးသား > “ ကလေးက အတော်ချစ်စရာ ကောင်းတာပဲဗျ။ ဟိုမှာ လျှောစီးနေတာ ကျွန်တော့သားပေါ့။”
ထိုနောက် အမျိုးသားသည် နာရီကိုငုံ့ကြည့်ပြီး သူ့သားရှိရာသို့ မျက်နှာမူကာ
အမျိုးသား > “ဇော်ဇော်၊ ဖေကြီးတို့ အိမ်ပြန်ကြရအောင်”
ဇော်ဇော် > “ဖေကြီး၊ နောက် ငါးမိနစ်လောက်ပါနော် ... နော်။ ငါးမိနစ်တည်းပါ။”
လျှောစီးနေသော သူ့၏သားကို ခေါင်းညိတ်ပြလိုက်ပြီး ပျော်ရွှင်နေသော သားမျက်နှာကို ရှုမ၀ဖြစ်နေတော့သည်။
အမျိုးသား > “သားရေ၊ ပြန်ဖို့ အချိန်ရောက်ပြီလေ”
ဇော်ဇော် > “သား နောက် ငါးမိနစ်လောက် ထပ်ဆော့ချင်သေးလို့ပါ။ နောက် ငါးမိနစ်တည်းနော် ဖေကြီး။”
အမျိုးသားမှာ ပြုံးလျက် “အေးပါကွာ၊ အေးပါ။”
အားလုံးကို သတိထားကြည့်မိနေသော အမျိုးသမီးက “ရှင်ဟာ အတော်လေးကို စိတ်ရှည်တဲ့ ဖခင်ကောင်းတစ်ယောက်ပဲနော်” ဟု မှတ်ချက်ပြုလိုက်သည်။
ထိုစကားကို ကြားရသောအခါ အမျိုးသားသည် ပြုံးလျက် ပြန်ပြောလိုက်သည်မှာ
“ဇော်ဇော်မှာ အစ်ကိုတစ်ယောက် ရှိခဲ့ဖူးပါတယ်။ နာမည်က လင်းလင်းတဲ့။ မနှစ်ကပဲ အရက်မူးနေတဲ့ ဒရိုင်ဘာကြောင့် ယဉ်တိုက်မှုဖြစ်ပြီး ဆုံးသွားရှာတယ်။ အဲဒီတုန်းက သူ ဒီနားလေးမှာ စက်ဘီးစီးနေတာပါ။ ကျွန်တော် လင်းလင်းအတွက် အချိန်များများစားစား ဘယ်တုန်းကမှ မပေးလိုက်မိဘူးဗျာ။ ဒါပေမယ့် အခု ကျနော် ငါးမိနစ်စာတော့ ဘာပဲဖြစ်ဖြစ် သူ့ကို ပေးချင်တယ်။ နောက်ထပ် တူညီတဲ့ အမှားမျိုး ဇော်ဇော်အပေါ် ဘယ်တော့မှ မဖြစ်စေရဘူးလို့ ကျနော် သစ္စာဆိုထားတယ်။ ဒီကလေးသိလိုက်တာက သူ ဆော့ဖို့ ငါးမိနစ်အချိန် ရတယ် ဆိုတာလေ။ တကယ်တမ်းတော့ ကျနော့်အနေနဲ့ သားလေး ဆော့တာကို ကြည့်ခွင့်အချိန် ငါးမိနစ်စာ ထပ်ရလိုက်တာပါ။”
စက္ကန့်တိုင်း၊ စက္ကန့်တိုင်းမှာ အလုပ်တစ်ခုမဟုတ် တစ်ခုလုပ်ပြီး ဖြတ်သန်းကုန်ဆုံးနေရတာ လူ့ဘ၀ပဲ မဟုတ်ပါလား။ တစ်နေ့တာမှာ ဘယ်အလုပ်ကိုဖြင့် အရင်လုပ်မယ်၊ ဘယ်အလုပ်ကိုဖြင့် နောက်မှလုပ်မယ်ဆိုပြီး ဦးစားပေး အစီအစဉ်တွေ ချမှတ်ဆောင်ရွက်နေရတာပဲ မဟုတ်လား။ တစ်ခါတစ်လေ စီစဉ်ပြီး ရည်ရွယ်ထားတဲ့အတိုင်း လုပ်လိုက်ရပေမယ့် တစ်ခါတစ်လေကျတော့ မရည်ရွယ်ပါဘဲ လုပ်ပစ်လိုက်ရတာလည်း ရှိကြမှာပါ။ ဒီနေ့မှာ လုပ်ဖို့ ဦးစားမပေးနိုင်လို့ နောက်နေ့ လုပ်ပါ့မယ်ဆိုပြီး ချန်လှပ်ထားတဲ့ အလုပ်တွေရှိမယ်။ အဲဒါတွေကို မနက်ဖြန် လုပ်နိုင်ဖို့ဆိုတာ မသေချာပါဘူး။ ဒီနေ့အတွက် ဦးစားမပေးနိုင်တဲ့ အလုပ်ဟာ မနက်ဖြန်အတွက်ကော ဦးစားပေးနိုင်ပါ့မလား။ သင် နေ့တိုင်းနေ့တိုင်း ဘာတွေကို ဦးစားပေး လုပ်နေသလဲ။ ငွေအတွက်လား။ ပညာရေးအတွက်လား။ ကျန်းမာရေးအတွက်လား။ နာမည်ဂုဏ်သတင်းအတွက်လား။ စားဝတ်နေရေးအတွက်လား။ တစ်နေ့တာမှာ ဘာတွေကို ဦးစားပေးပြီး ဘာတွေကိုကော လစ်လျူရှုမိနေသလဲ။ ဒီနေ့ပဲ သင်ချစ်တဲ့သူအတွက် နောက်ငါးမိနစ်လောက် အချိန်ထပ်ပေးစေချင်ပါတယ်။ လောကကြီးရဲ့ အကောင်းအဆိုးတွေကို ငါးမိနစ်စာလောက် ခဏ ရပ်တန့်ပြီး ကိုယ်ပိုင်ဆိုင်တာလေးတွေကို (အနည်းဆုံး) တခဏတာ တန်ဖိုးထားကြည့်ရအောင်ဗျာ။

အမေ့ကိုယ်စား
ကျနော့် အမေမှာ မျက်လုံးတစ်လုံးတည်း ပါတာဗျ။ ကျန်တဲ့ တစ်ဖက်က ချိုင့်ပြီး မျက်လုံး ဟောက်ပတ်ကြီး ဖြစ်နေတယ်။ အီး .... ဘယ်လောက် ရှက်စရာ ကောင်းသလဲဗျာ။ ကြောက်လည်း ကြောက်စရာကြီး။ ကျနော် သူ့ကို မုန်းတယ်။ သူက ကျနော်နေတဲ့ မူလတန်းကျောင်းမှာ အလုပ်လုပ်တယ်ဗျ။ ကျောင်းက ကျောင်းသားတွေနဲ့ ဆရာတွေအတွက် ထမင်းဟင်း ချက်ပေးရတယ်။
မူလတန်း ကျောင်းသား ဘ၀တုန်းကပေါ့။ တစ်နေ့ အမေ ကျနော့် အခန်းလာပြီး ကျနော့်ကို လာနှုတ်ဆက်တယ်။ ကျနော် ရှက်လိုက်တာဗျာ။ သူ ဘာလို့ ဒီလို လုပ်ရတာလဲ ဆိုတာ ကျနော် စဉ်းစားမရဘူး။ ကျနော် စူးစူးရဲရဲကြီး ကြည့်ပြီး မျက်စောင်း ထိုးပစ်လိုက်တယ်။ နောက် မသိချင်ယောင်ဆောင်ပြီး ကျနော် သူမရှိတဲ့နေရာမှာ သွားပုန်းနေလိုက်တယ်။ နောက်နေ့ အတန်းထဲမှာ သူငယ်ချင်းတစ်ယောက်က ပြောတယ်။
“အီး ..... မင်းအမေရဲ့ မျက်လုံးက တစ်ဘက်တည်း”
ကိုယ့်ကိုယ်ကို သတ်သာ သေလိုက်ချင်တော့တယ်ဗျာ။ နောက်ပြီး အမေ့ကို ကျနော့် မြင်ကွင်းထဲက ပျောက်ကို သွားစေချင်တယ်။ အဲဒီနေ့က သူ့ကို ကျနော် တွေ့ပြီးတော့ သူ့ကို ပြောခဲ့တယ်။
“ကျနော့်ကို အမြဲ ပျော်ရွှင် ရယ်မောနေတဲ့ ကလေးတစ်ယောက် အနေနဲ့ မြင်ချင်ရင် ခင်ဗျားကြီး တစ်နေရာမှာ သွားသေလိုက်ပါလားဗျာ”
မြင်တိုင်း ရှက်မိနေတော့ အိမ်မှာ နေစရာ အကြောင်းကလည်း မရှိတော့ဘူး။ နေလည်း မနေချင်ဘူး။ သူငယ်ချင်း အိမ်မှာပဲ ကျောင်းစာ အသည်းအသန် လုပ်ဖြစ်တော့ နိုင်ငံခြားမှာ ပညာသွားသင်ဖို့ အခွင့်အရေး ရလာခဲ့တယ်။
နောက်တော့ ကျနော် အိမ်ထောင် ကျခဲ့တယ်။ ကိုယ်ပိုင် အိမ်လေးတစ်လုံး ၀ယ်နိုင်လာပြီး သားသမီး ရတနာတွေနဲ့လည်း စည်ကားလို့ပေါ့။ အခု လက်ရှိအနေအထားမှာ သားသမီးတွေနဲ့ ကျနော့်ဘ၀လေးကို ပျော်နေခဲ့တယ်။
တစ်နေ့ အမေ ကျနော့်ဆီ လာလည်တယ်။ ကျနော်နဲ့ မတွေ့တာလည်း နှစ်တွေ အတော်ကြာပြီ။ သူ့ မြေးတွေကိုဆို မြင်တောင် မမြင်ဖူးဘူးလေ။ သူ အိမ်တံခါးရှေ့ လာရပ်တော့ ကျနော့် ကလေးတွေက လှောင်ပြောင်နေကြတယ်။ သရဲမကြီး၊ သရဲမကြီးပေါ့။ မဖိတ်ဘဲ လာတဲ့ သူ့ကို ကျနော် ငေါက်လွှတ်လိုက်တယ်။
“ခင်ဗျားကြီး ကျုပ်အိမ်ကို လာပြီး ကျုပ်ကလေးတွေကို လာခြောက်နေတာလား။ သွား ... အခုချက်ချင်း ထွက်သွား။”
အဲဒီလို ပြောသံလည်း ကြားလိုက်ရော အမေက ဖြေးဖြေးလေး ပြန်ပြောပြီး လှည့်ထွက်သွားပါတယ်။
“အော် တောင်းပန်ပါတယ်ကွယ်။ အမေ လိပ်စာ မှားဝင်လာမိလို့ပါ။”
တစ်နေ့ အိမ်ကို စာတစ်စောင် ရောက်လာတယ်။ ကျနော် ငယ်ငယ်က နေခဲ့တဲ့ ကျောင်းရဲ့ ကျောင်းသားဟောင်း စုံညီပွဲအတွက် ဖိတ်စာပါ။ အဲဒီမှာ အမေ ရှိနေမှာတော့ သေချာတယ်။ ဒါကြောင့် ကျနော့် ဇနီးကို အလုပ်ကိစ္စအတွက် ခရီးထွက်ဖို့လို့ ညာလိုက်ရတယ်။
စုံညီပွဲပြီးတော့ ကျနော်ငယ်ငယ်က နေခဲ့တဲ့ အိမ်အိုလေးဆီ သွားခဲ့တယ်။ အံ့သြလွန်းလို့ပါ။ ကျနော် ရောက်တော့ အိမ်နီးနားချင်းတွေက အမေ ဆုံးသွားပြီ ဆိုတဲ့ အကြောင်း ပြောပါတယ်။ အော် ... ကျနော် မျက်ရည် တစ်စက်တောင် မကျပါလား။
ကျနော် ဖတ်ဖို့ အမေ စာတစ်စောင် ထားခဲ့ပါတယ်။ ဒီစာကို ဖတ် အပြီးမှာတော့ .....
ချစ်သား
အမေ သားကို အချိန်တိုင်း သတိရနေတာပါ။ ဟိုတစ်နေ့က သားရဲ့အိမ်ကို လာတော့ အမေ့မြေးလေးတွေကို ခြောက်လှန့်သလို ဖြစ်သွားတာ အမေ စိတ်မကောင်းပါဘူး။ သား စုံညီပွဲကို လာတက်မယ်ဆိုတာ သိလိုက်ရတော့ အမေ အတိုင်းမသိ ၀မ်းသာသွားတယ်။ ဒါပေမယ့် သားကို တွေ့ဖို့ အိပ်ယာကနေတောင် အမေ မထနိုင်တော့ပါဘူး။ သား ကြီးပြင်းလာတဲ့ ကာလတလျှောက်လုံး သားကို အရှက်ရအောင် အမြဲလိုလို လုပ်နေမိတဲ့အတွက် အမေ စိတ်မကောင်းပါဘူး။ သား ဟိုး ငယ့်ငယ်အရွယ်တုန်းက ထိခိုက်ဒဏ်ရာ ရပြီး မျက်လုံးတစ်လုံး ကွယ်သွားခဲ့တယ်။ အဲဒါ သား ဘယ် မှတ်မိတော့မလဲ။ မျက်လုံးတစ်လုံးတည်းနဲ့ ကြီးပြင်းရမယ့် သားတစ်ယောက်ကို အမေတစ်ယောက်အနေနဲ့ ဘယ်လို ခွန်အား အစွမ်းသတ္တိနဲ့ ကြည့်နေရက်မှာလဲ သားရယ်။ ဒီတော့ အမေ့ မျက်လုံး သားကို ပေးခဲ့တယ်လေ။ အမေ သိပ် ဂုဏ်ယူပါတယ်။ အခုဆို အမေ့သားကြီး ကမ္ဘာလောကတစ်ခုလုံးကို၊ သားရဲ့ ဘ၀လေးကို ကောင်းကောင်းကြီး ရှုမြင်နေနိုင်ပြီ။ အဲဒီ မျက်လုံးကြီးနဲ့လေ။ အမေ့နေရာကနေပေါ့။
အလုံးစုံသော ချစ်ခြင်းမေတ္တာဖြင့်
မင်းရဲ့ အမေ
သူငယ်ချင်းတစ်ယောက် ပို့လာသော Forward Mail တစ်စောင်အား စီလျှော်သလို ဘာသာပြန်ထားသည်။

ကြည်နူးစရာ တောင်းပန်လွှာ
လက်ထပ်ပြီးလဲ သူမက ရည်းစားဖြစ်တုန်းကလိုပဲ သူ့ကိုအနိုင်ယူ၊ စိတ်ကောက်တတ်တုန်း....
တစ်နေ့မှာ မိတ်ဆွေနဲ့ချိန်းထားလို့ နှစ်ယောက်သား အိမ်ကထွက်လာခဲ့ကြတယ်။ အိမ်က ထွက်လာတုန်းက အကောင်းပါ။ လမ်းတစ်ဝက်ရောက်တော့ သူမရဲ့ အကျင့်ဆိုးက ဖောက်လာပြီး သူ့ကိုအပြစ်ရှာတော့တယ်။ သူက အေးဆေးပြီး စကားနည်းသူပါ။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ သူသည်းမခံနိုင်ခဲ့ဘူး။ သူမကို လမ်းပေါ်မှာထားခဲ့ပြီး အိမ်ကို သူလှည့်ပြန်လာခဲ့တယ်။
တစ်ခါမှ သူစိတ်ဆိုးတာကို မခံဖူးတဲ့ သူမက လမ်းလယ်မှာ မျက်ရည်တွေနဲ့ တစ်ယောက်တည်းကျန်ခဲ့တယ်။ ဒါပေမယ့် အရှုံးမပေးဘဲ စိတ်ကောက်အရွဲ့တိုက်တတ်တဲ့ မိန်းမတို့သဘာဝကို သူမ ပိုင်ပိုင်နိုင်နိုင် ဆုတ်ကိုင်ထားခဲ့တယ်။
ည(၁၁)နာရီ သူမအိပ်ပြန်ရောက်တော့ အိမ်တစ်အိမ်လုံး အမှောင်ချထားဆဲပါ။
သူ အိပ်ပျော်နေပြီလား? သူ ပြန်မလာသေးဘူးလား?
လူခေါ်ဘဲလ်ကို မနှိပ်ဘဲ သော့ထုတ်ပြီး တံခါးဖွင့်ဖို့ သူမပြင်တော့ တံခါးရွက်မှာ စာရွက်တစ်ရွက် ကပ်ထားတာကို တွေ့လိုက်တယ်။ “ငါ့ကို နင်တောင်းပန်သင့်တယ်” လို့ စာရွက်ပေါ် ရေးထားတဲ့စာကိုတွေ့တော့ သူမ စိတ်တိုမိတယ်။
အိမ်ထဲဝင်ပြီး မီးဖွင့်တံခါးပိတ်တော့ တံခါးရွက်နောက်မှာ စာရွက်တစ်ရွက်ကို သူမတွေ့ပြန်တယ်။ “မတောင်းပန်ချင်ရင် ငါရှုးဖိနပ်ကို ပြောင်နေအောင် တိုက်ပေးလည်းရတယ်” လို့ ရေးထားတာ တွေ့လိုက်ပြန်တော့ သူမ စိတ်ပိုတိုမိပြီး “တိုက်စရာလား” လို့ အော်မိတယ်။
ဖိနပ်ချွတ်ပြီး ဖိနပ်ကို စင်ပေါ်တင်တော့ စာရွက်တစ်ရွက်တွေ့ပြန်တယ်။ “တိုက်စရာလား” လို့ ရေးထားတဲ့ စာတိုလေးကို ကြည့်ပြီး သူမပြုံးမိတယ်။ စိတ်ထဲမှာလည်း “တောင်းပန်ရမယ် ဟုတ်လား? တစ်ပတ်လောက် ဂရုမစိုက်ဘဲ ပစ်ထားလိုက်မယ်။ ဘာမှတ်လဲ...” လို့ တစ်ဆက်တည်း တွေးလိုက်မိတယ်။
ကိုယ်လက်သန့်စင်ဖို့ သန့်စင်ခန်းထဲ သူမဝင်တော့ မှန်ပေါ်မှာ ကပ်ထားတဲ့ စာရွက်တစ်ရွက်ကို တွေ့ပြန်တယ်။ “ဘယ်လိုတောင်းပန်ရမယ်ဆိုတာ မသိရင် စာအုပ်စင်ပေါ်က စာအုပ်မှာ သဲလွန်စရှိတယ်” လို့ ရေးထားတဲ့ စာကို တွေ့ပြန်တယ်။
သိချင်စိတ်နဲ့ စာအုပ်စင်ရှိရာဖက် သူမ အပြေးသွားလိုက်မိတယ်။ စာအုပ်နဲ့ ဖိထားတဲ့ စာရွက်တစ်ရွက်ကို သူမ ယူကြည့်လိုက်တယ်။ “နောက်ကျောက စာနှစ်ကြောင်းကို အသံထွက်ပြီး ရွတ်ပြပါ” လို့ ရေးထားတာမြင်တော့ စာရွက်နောက်ကျောကို သူမ လှန်ကြည့်လိုက်တယ်။ တီဗွီမှာအမြဲလာနေတဲ့ ကြော်ငြာစာသားတစ်ကြောင်းကို သူမတွေ့လိုက်တယ်။
ကြော်ငြာစာသားကို ကြည့်ပြီး သူမရယ်ချင်မိတယ်။ နေ့လယ်က စိတ်ဆိုးဒေါသထွက်ပြီး မခေါ်ဘဲပစ်ထားမယ်လို့ တွေးထားတဲ့ အတွေးတွေလည်း ပျောက်ကုန်တယ်။
ကိုယ်လက်သန့်စင်ပြီး အိပ်ရာဝင်ဖို့ သူမပြင်လိုက်တယ်။ တစ်ဖက်လှည့်ပြီး အိပ်မောကျနေတဲ့သူကို စောင်းငဲ့ပြီးတောင် မကြည့်လိုက်မိဘူး။ မအိပ်ခင် စာဖတ်တတ်တဲ့ သူမရဲ့အကျင့်ကြောင့် ဖတ်လက်စစာအုပ်ကို သူမကောက်ယူလိုက်တယ်။ စာအုပ်ကြားမှာ စာရွက်တစ်ရွက် ထွက်ကျလာပြန်တယ်။
“နင်လည်း စိတ်မကောင်းဖြစ်နေမယ်ဆိုတာ ငါသိပါတယ်။ ငါလည်း ငါ့ကိုယ်ငါ ချင့်ချိန်သင့်တယ်။ ငါ့ကိုနင် အပြစ်ရှာတုန်းက လမ်းတစ်ဖက်မှာ ငါ့သူငယ်ချင်းတွေကို ငါတွေ့လိုက်တယ်။ ငါ့ကို မယားကြောက်ဆိုပြီး စဖို့ သူတို့က လမ်းစလိုက်ရှာနေကြတာ။ နင့်နဲ့ငါ ပြိုင်ငြင်းတာတော့ မဟုတ်ဘူးနော်။ ယောက်ျားပဲကွာ... အိမ်မှာ မိန်းမကို ဘယ်လိုပဲချစ်ချစ်၊ ဘယ်လောက်ပဲကြောက်ကြောက် အပြင်လူရှေ့သူရှေ့ရောက်ရင် မျက်နှာသာတော့ လိုချင်တာပေါ့။ ဘယ်သူမဆို ကိုယ့်မိန်းမနဲ့ သင့်မြတ်ချင်ကြတာချည်းပဲ”
စာဖတ်ပြီး သူမ မှားသွားမှန်း သိလိုက်တယ်။ သူမ လွန်သွားမှန်းလည်း တွေးမိလိုက်တယ်။ ဝမ်းနည်းတဲ့ စိတ်နဲ့ သူ့ကို သူမ သိုင်းဖက်ပြီး ကိုယ်ကို ဆွဲလှည့်လိုက်တော့ သူ့မျက်နှာပေါ်မှာ စာရွက်တစ်ရွက် ကပ်ထားတာကို တွေ့လိုက်ပြန်တယ်။
နိုင်းနိုင်းစနေ ဘာသာပြန်ခံစားသည်။
ချယ်ရီသစ္စာ
တစ်ခါက မြို့တစ်မြို့တွင် တစ်ဦးကိုတစ်ဦး အရမ်းချစ်သော ချစ်သူနှစ်ဦးရှိသည်။ ကောင်လေးမှာ မကြာခင် စစ်မြေပြင်သို့ ရှေ့တန်းထွက်ရမည်။ ရှေ့တန်းမထွက်ခင် ချယ်ရီပျိုးပင် တစ်ပင်ကိုယူပြီး ချစ်သူနှစ်ဦး သစ္စာဆိုကြသည်။ သစ္စာဆိုထားသော ချယ်ရီပင်ကိုလည်း မြို့အပြင် ရေကန်ကြီး တစ်ကန်ဘေးတွင် စိုက်ခဲ့ကြသည်။ ကောင်လေးစစ်မြေပြင်သို့ ထွက်သွားပြီးနောက် ကောင်မလေးမှာ ချယ်ရီပင်ကို ပြုစုစောင့်ရှောက်ရင်း ကောင်လေးအပြန်ကို စောင့်မျှော်နေခဲ့သည်။ ချယ်ရီပင် ကြီးထွားရှင်သန် လာသည်နှင့်အမျှ ကောင်လေးအပေါ်ပြုခဲ့သော သူမ၏သစ္စာသည်လည်း ပိုမိုခိုင်မြဲလာခဲ့သည်။ ကောင်လေး ဘေးမသီ ရန်မခ ပြန်လာနိုင်စေရန် နေ့တိုင်း သူမဆုတောင်း သစ္စာဆိုခဲ့သည်။စစ်ပြီးဆုံးသွားသော်လည်း ကောင်လေး ပြန်မလာခဲ့။ သို့သော် ပြုခဲ့သော ဂတိသစ္စာစကားအတိုင်း ကောင်မလေးမှာ ချယ်ရီပင်ကို ပြုစုရင်း ကောင်လေးပြန်အလာကို စောင့်မျှော်နေခဲ့သည်။ ငါးနှစ်ဆိုသောအချိန်ကို သူမတစ်ယောက်တည်း အထီးကျန်စွာ ဖြတ်သန်းခဲ့ရသည်။
လက်လျော့လိုက်ရန် လူအများက သူမကို ဖျောင်းဖျကြသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ကောင်လေးပြန်လာမည်ဟု သူမ ယုံကြည်မိနေသည်။ အရွယ်ရောက်နေပြီဖြစ်သော သူမကို အိမ်ထောင်ချပေးရန် မိဘများက အတင်းအကျပ် စီစဉ်ကြသည်။ မင်္ဂလာ မဆောင်ခင် တစ်ညနေတွင် သူမ အိမ်ကထွက်ပြေးခဲ့သည်။ “မိဘမျက်နှာကို အိုးမည်းသုတ်သော သမီး” ဟုဆိုကာ အိမ်က သူမကို လုံးဝ ပြန်မခေါ်တော့။ စိတ်၏ငြိမ်းချမ်းခြင်းကို ရသွားဟန်တူသော သူမသည် ရေကန်နားရှိ ချယ်ရီပင်ဘေးတွင် တဲငယ်လေး ထိုးပြီးနေခဲ့သည်။
(၁ဝ)နှစ်... အနှစ်(၂ဝ).. အချိန်များ တရွေ့ရွေ့ ကုန်ဆုံးခဲ့သည်။ လူအများက ထိုအဖြစ်ကို မေ့လျော့ကုန်ကြပြီ။ သို့သော် ကောင်လေးပြန်အလာကို ချယ်ရီပင်အောက်တွင် သူမ စောင့်မျှော်နေဆဲ... သွက်လက်သော သူမခြေလှမ်းများ လေးသွဲ့ခဲ့သည်။ မဲနက်သော ဆံပင်များ ဖြူဖွေးခဲ့သည်။ ဇာရာ၏ အရိပ်လဏ္ခာများက သူမ၏မျက်နှာကို အရစ်အစင်းအဖြင့် ကန့်လန့်ဖြတ်ခဲ့သည်။ သို့သော် ကောင်လေးနှင့် အတူပြုခဲ့သော သူမ၏သစ္စာမှာ ပြောင်းလဲမသွားခဲ့။ နေ့ထွက်မှ နေဝင်သည့်တိုင် ချယ်ရီပင်အောက်တွင် သူမနေ့တိုင်း စောင့်နေခဲ့မိသည်။
သစ္စာတရားကို ပွေ့ဖက်ပြီး ကောင်လေးပြန်အလာကို စောင့်မျှော်ရင်း အထီးကျန်စွာ သူမကွယ်လွန်သွားခဲ့သည်။ သူမအဖြစ်ကို သိသူအချို့က ချယ်ရီပင်အောက်တွင် သူမကို မြုပ်နှံသင်္ဂြိုလ်ပေးလိုက်ကြသည်။ ထူးဆန်းစွာပင် ထိုနေ့မှစ၍ နွေမိုးဆောင်း ပြောင်းလဲသည့်တိုင် ထိုချယ်ရီပင်ရှိ အရွက်များသည် ခြောက်သွေ့ညှိုးနွမ်း ကြွေကျခြင်း မရှိတော့။ သူမကို ထိုအပင်အောက်တွင် မြုပ်နှံလိုက်သည့် အချိန်မှစ၍ ထိုပတ်ဝန်းကျင်ရှိ အချိန်သည် လုံးဝရပ်တန့်သွားဟန်တူသည်။
ထိုနေ့မှာစ၍ ရေကန်ဘေးတွင် ရာဇဝင်တစ်ခုတွင်ခဲ့သည်။ ထိုချယ်ရီပင်တွင် လာရောက်သစ္စာဆို ဆုတောင်းသော ချစ်သူမောင်နှံတိုင်း ဆန္ဒပြည့်ဝပြီး သစ္စာမြဲခဲ့ကြသည်။ ဘဝတွင် ပျော်ရွှင်စွာ ပေါင်းဖက်ကြရသည်။
အရိပ်ကောင်းသော သစ်ပင်ရိပ်တွင် ကျွန်တော်တို့ လူငယ်တစ်သိုက် အဘသွင်ကို ဝိုင်းဖွဲ့ပြီး ထိုင်နေကြသည်။ အဘသွင်မှာ ပုံပြောအပြီး မောသွားဟန်တူသည်။ ရေနွေးကြမ်းကို ကောက်ယူသောက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ ပုံပြင်အဆုံးတွင် မိဆိုးလက်ကို ကျွန်တော်တင်းတင်းလေး ဆုတ်ကိုင်ထားမိသည်။ မိဆိုးလည်း ကျွန်တော့်စိတ်ကို နားလည်သည့်အလား ကျွန်တော့်လက်ကို တင်းတင်းပြန်ဆုတ်ကိုင်ထားသည်။
တကယ်တော့ အဘသွင်ပြောသော ပုံပြင်ကို ပထမဆုံးအကြိမ် ကျွန်တော်တို့ နားထောင်ဖူးကြသည် မဟုတ်ပါ။ ဤပတ်ဝန်းကျင်ရှိ ကျွန်တော်တို့အရွယ် လူငယ်များက အဘသွင်၏ပုံပြင်ကို နားထောင်ပြီး ကြီးပြင်းလာကြသူများဖြစ်သည်။ ယနေ့ထပ်နားထောင်သော ပုံပြင်သည် ကျွန်တော့်အတွက် ပိုအဓိပ္ပါယ်ရှိနေသည်။ မကြာမီ ကျွန်တော် ရှေ့တန်းထွက်ရတော့မည်ကြောင့် ဖြစ်သည်။ ကျွန်တော် ဘယ်အချိန် ပြန်ရောက်မည်ကို မသိ။ မိဆိုးကလည်း လိုက်မပို့ဟုဆိုသည်။ ကျွန်တော်သွားလိုက်လျှင် ချယ်ရီပင်အောက်တွင် သူမ သွားရောက်ဆုတောင်းမည်ဟု ဆိုသည်။ သို့သော် ပုံပြင်ထဲက ကောင်မလေးလို သူမ တုံးအလိမ့်မည် မဟုတ်မှန်း ကျွန်တော်သိသည်။ ဘဝတစ်ခုလုံးနှင့် ရင်းပြီး လူတစ်ယောက်ကို မည်မျှချစ်ကြောင်း သက်သေပြစရာမလိုပေ။ ထိုအပြုအမှုကို ကိုယ်ချစ်သောသူ သိပါက စိတ်မကောင်းရုံပင်ဖြစ်မည်။
“ဒါဆို ဟိုကောင်လေး ဘယ်ရောက်သွားလဲ”
ထိုပုံပြင်ကို နားထောင်ဖူးသူတိုင်း ပုံပြင်အဆုံးတွင် မေးတတ်သော မေးခွန်းဖြစ်သည်။ ပထမဆုံးအကြိမ် နားထောင်ဖူးသည့် အချိန်မှစပြီး ယနေ့ထက်ထိ ထိုမေးခွန်းကို ကျွန်တော်တို့ မေးနေကြဆဲ.. ထိုမေးခွန်းကို မေးတိုင်း အဘသွင်မှာ ပြုံးလျှက်ခေါင်းခါမြဲ။ ထို့နောက် တုတ်ကောက်ကို အားပြုပြီး နေရာမှ ထထွက်သွားတတ်သည်။
စစ်ပွဲမှာ ကောင်လေးကျဆုံးသွားလို့လား? တစ်ခြားကောင်မလေးနဲ့ အိမ်ထောင်ကျသွားလို့လား? ဒဏ်ရာရပြီး ပြန်မလာနိုင်တာလား? စသည်ဖြင့် ကျွန်တော်တို့ ခန့်မှန်းကြမြဲ။ ပုံပြင်ဆုံးတိုင်း ထိုမေးခွန်းကို ကျွန်တော်တို့ မေးနေမြဲ၊ တစ်ချိန်ချိန်တွင် အဘသွင် ပြန်ဖြေမည်ဟုလည်း ကျွန်တော်တို့ မျှော်လင့်နေမြဲ...။ ထိုအဖြေမှာ ကျွန်တော်တို့ ခန့်မှန်းသည်ထက် ပိုစိတ်ဝင်စားဖွယ်ကောင်းမည်ဟု ကျွန်တော်တို့ ထင်ခဲ့ကြသည်။
“ဒီမေးခွန်းကို ကျွန်တော်ဖြေပါရစေ”
အသံလာရာဆီသို့ ကျွန်တော်တို့အားလုံး လှည့်ကြည့်မိကြသည်။ ကျွန်တော်တို့အရွယ် မျက်နှာစိမ်း လူငယ်တစ်ဦး၊ အဘသွင် ပုံစပြောကတည်းက မလှမ်းမကမ်းတွင် ရှိနေခဲ့သည်။ ခရီးသွားလမ်းလွဲ သစ်ပင်အောက်တွင် ခဏအနားယူသူအဖြစ် သူ့ကို ကျွန်တော်တို့ သတိမထားမိခဲ့ခြင်းဖြစ်သည်။ လူတွေအားလုံး သူ့ကို စိတ်ဝင်တစား ကြည့်နေမိသည်။
“ကျွန်တော့်ကို ကြည့်နေမလား? ကျွန်တော့်အဖြေကို နားထောင်မလား?”
“နားထောင်မှာပေါ့” ခပ်ဟဟ လှမ်းပြောလိုက်သော သူ့စကားကြားမှာ ကျွန်တော်တို့အားလုံး အသိဝင်လာကြသည်။ အဖြေခက်သော ပုစ္ဆာတစ်ပုဒ်၏ အဖြေကို ကျွန်တော်တို့ စောင့်နေခဲ့သည်မှာ နှစ်ပေါင်းမနည်းတော့။ ထိုအဖြေကို ရင်တထိတ်ထိတ်ဖြင့် ကျွန်တော်တို့ နားထောင်ချင်ခဲ့ကြသည်။
တုတ်ကောက်ကို အားပြုပြီး အဘသွင် ထရပ်လိုက်သည်။ လူငယ်ကိုခေါ်ပြီး ချယ်ရီပင်ရှိရာဖက် ဦးဆောင်လိုက်သည်။ လူငယ်မှာ အရာရာကို ကြိုသိထားသည့်အလား ဘာမေးခွန်းမျှ ထုတ်မနေဘဲ အဘသွင်ခေါ်ရာနောက် လိုက်ခဲ့သည်။ ကျွန်တော်နှင့် မိဆိုးလည်း အချင်းချင်း လက်ကုတ်ပြီး သူတို့နောက် တိတ်တဆိတ် လိုက်ခဲ့ကြသည်။
“ဒီအပင်လား? သူတို့သစ္စာဆို စိုက်ပျိုးခဲ့ကြတာ”
“ဟုတ်တယ်။ ဒီချယ်ရီပင်ပဲ”
“ဒီလိုဆိုရင် ကျွန်တော်ဘယ်သူလဲဆိုတာ အရင်ဆုံး မိတ်ဆက်ပါရစေ”
အရိပ်ကောင်းသော နေရာတစ်ခုတွင် အဘသွင်ကို ထိုင်ခိုင်းပြီး လူငယ်ကပြောသည်။
“မိတ်ဆက်စရာမလိုပါဘူး။ ပုံပြင်ရဲ့အဆုံးကိုပဲ အရင်ပြောပါ”
ကျွန်တော်တို့ထက် အဘသွင်က ပိုစိတ်စောနေသည်။ လူငယ်မှာ လေပူတစ်ချက်ကို မှုတ်ထုတ်ရင်း စကားစသည်။
ကောင်လေးမှာ ရှေ့တန်းတွင် ကျဆုံးသွားသည် မဟုတ်။ စစ်ပြီးချိန်ထိ ဘေးမသီရန်မခ အသက်ရှင်နေခဲ့သည်။ စစ်ပြီးလျှင် ချစ်သူနှင့်အတူ သစ္စာဆိုခဲ့သော နေရာသို့ ပြန်ပြီး ချစ်သူနှင့်တွေ့ရတော့မည်။ သို့သော် သူလုံးဝ မပျော်ခဲ့ပါ။ အကြောင်းမှာ စစ်အတွင်း သူတို့စခန်းချသောရွာကို ရန်သူများအလစ်ဝင်ရောက် တိုက်ခိုက်ကြသည်။ ရန်သူကို ခုခံကာကွယ်ရင်း ရွာသူတစ်ဦးကို သူ့ကျည်ဆန် မတော်တဆ ထိမှန်ခဲ့သည်။ ထိုရွာသူမှာ အသက်မသေသော်လည်း ဒုက္ခိတဘဝသို့ ရောက်ခဲ့ရသည်။ ကောင်လေးမှာ သူ့ကြောင့်ဖြစ်သည်ဟုဆိုကာ ထိုရွာသူကို တစ်သက်လုံး ပြုစုစောင့်ရှောက်ဖို့ တာဝန်ယူခဲ့သည်။ရဲဘော်ရဲဘက်များက သူမ၏ကံတရားကြောင့်ဟု ဖျောင်းဖျခဲ့သော်လည်း အမှားတစ်ခုမှ နောက်ထပ် အမှားမထပ်ရအောင် သူမ ဘဝကိုတာဝန်ယူရန် သူဆုံးဖြတ်လိုက်သည်။ ထိုရွာသူကို သူလက်ထပ်ယူခဲ့ပြီး တိုက်ပွဲတွင် သူကျဆုံးသွားပြီဟု ထင်စေချင်သောကြောင့် ချယ်ရီပင်အောက်တွင် သူ့အပြန်ကို စောင့်နေမည့် သူမကို အကြောင်းမကြားခဲ့မိခြင်းဖြစ်သည်။
မလှုပ်မရှားနိုင်သော သူမကို ပြုစုစောင့်ရှောက်ရင်း အချိန်တွေ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးခဲ့သည်။ သူကွယ်လွန်ပြီး တစ်နှစ်ကြာမှာ သူ့ဒိုင်ယာရီကို အိမ်သားများက အမှတ်မထင် တွေ့မိခဲ့ကြသည်။ စာအုပ်ထဲတွင် ချယ်ရီပင်နှင့် သစ္စာဆိုခဲ့သော ကောင်မလေးကို တစ်နေ့မှ သူမမေ့ကြောင်း၊ အမှားတစ်ခုကြောင့် သူနှင့်သူမ ဝေးခဲ့ရကြောင်း၊ နောက်ဆုံးထွက်သက်ထိ သူမကို အောက်မေ့ရကြောင်း .. ရေးထားသည်။
“စာအုပ်က ဒီမှာပါ” အိတ်ထဲမှ စာအုပ်တစ်အုပ်ကို လူငယ်က ထုတ်ပေးသည်။
“ကျွန်တော် ပြောစရာရှိသေးတယ်။ ကျွန်တော် အဖေဆုံးတဲ့အထိ သူချစ်တဲ့ ကောင်မလေးကို သစ္စာမဖောက်ခဲ့ဘူး။ ကျွန်တော့်မေမေကို လက်ထပ်ယူခဲ့တယ်လို့သာ ပြောတယ် မောင်နှမလို အချစ်မျိုး၊ အားပေးဖော်အဖြစ်နဲ့သာ သူတို့နေခဲ့ကြတယ်။ ကျွန်တော်က သူတို့ရဲ့မွေးစားသားပါ”
“အင်း.. နင်လည်း စိတ်ချလက်ချသွားတော့။ သူ့စိတ်က နင့်အနားမှာပဲ သစ္စာရှိရှိ ရှိနေခဲ့တယ်” ပါးစပ်က တတွတ်တွတ်ရွတ်ရင်း ချယ်ရီပင်ကို အဘသွင် ပွတ်သပ်နေသည်။
“ကျွန်တော်ပြောဖို့ တစ်ခုကျန်သေးတယ်”
အိတ်ထဲက အိုးတစ်လုံးကို ထုတ်ရင်း လူငယ်က ပြောသည်။
“ ဒါ ကျွန်တော့်မွေးစားအဖေရဲ့ ပြာအိုးပါ။ တစ်နေရာတည်းမှာ အတူမြုပ်ဖို့ အမေက မှာလိုက်တယ်”
“ဒီသစ်ပင်အောက်မှာပဲ မြုပ်လိုက်ပါ။ ဒီနေရာမှာပဲ သူ့ကိုမြုပ်ခဲ့တာပါ”
ဒိုင်ယာရီစာအုပ်နှင့် ပြာအိုးကို ချယ်ရီပင်အောက်တွင် သူတို့မြုပ်နှံလိုက်ကြပြီး လူငယ်မှာ နှုတ်ဆက်ထွက်ခွာသွားခဲ့သည်။ အဘသွင်မှာ သစ်ပင်ခြေရင်းတွင် မလှုပ်မယှက် ထိုင်နေခဲ့သည်။ မြူမှုန်လား၊ မီးခိုးလားမသိ မှုန်ဝါးဝါး အငွေ့တစ်ချို့က ရေကန်နှင့် သစ်ပင်တစ်ဝိုက်တွင် တခဏမျှ အုံ့ဆိုင်းသွားခဲ့သည်။
မိဆိုးမှာ ကျွန်တော့်လက်ကို ဆွဲပြီး ပြန်ရအောင်ဟုဆို၏။ ထိုနေရာမှ လှည့်အထွက် ချယ်ရီပင်၏ တစ်ဖက်ခြမ်းတွင် တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး ဖြေးဖြေးချင်း လျှောက်သွားနေသော လူရိပ်နှစ်ရိပ် ကျွန်တော်မြင်လိုက်သည်။ ကျွန်တော်ကပဲ အကြည့်မှားတာလား... မိဆိုးကိုမေးတော့....
“ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ “သူတို့”ကို သွားမနှောင့်ယှက်ဘူးလေ”
မိဆိုးစကားကြောင့် ကျွန်တော်ပြုံးလိုက်မိသည်။ သူတို့လည်း တစ်ယောက်ကိုတစ်ယောက် အရမ်းလွမ်းနေမှာကို ကျွန်တော် ကိုယ်ချင်းစာမိသည်။
မကြာမီ ကျွန်တော်ရှေ့တန်းထွက်ရသည်။ မိဆိုးက သူပြောခဲ့သည့်အတိုင်း ကားတန်းရှိရာသို့ လိုက်မပို့ခဲ့သော်လည်း ချယ်ရီပင်အောက်တွင် သူမ သစ္စာဆို ဆုတောင်းနေမည်ကို ကျွန်တော်သိနေခဲ့သည်။
တစ်လအကြာတွင် မိဆိုးဆီက စာတစ်စောင်ကို ကျွန်တော်လက်ခံရရှိခဲ့သည်။ စာထဲတွင် အဘသွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း၊ အိပ်ရက်နှင့် အေးချမ်းစွာ သေဆုံးသွားကြောင်း၊ သူ့မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးနှင့် သေဆုံးသွားကြောင်း ရေးထားသည်။
အဘသွင် မကွယ်လွန်ခင်က မိဆိုးကို စာတစ်စောင် ပေးခဲ့သည်ဟု ဆို၏။ သူ့ကို သင်္ဂြိုလ်ပြီးမှ ဖွင့်ကြည့်ပါဟု မှာခဲ့သည်။ စာထဲတွင် အဘသွင်မှာ တစ်ချိန်က မင်္ဂလာဆောင်ရန် စီစဉ်ထားပြီးခါမှ ပွဲပျက်ခဲ့ရသော သတိုးသားလောင်းဖြစ်ကြောင်း၊ သစ္စာကြီးသော သူမကိုယူဖို့ ဆုံးဖြတ်ခဲ့မိသည့်အတွက် နောင်တရမိကြောင်း၊ သူမကို မတားနိုင်ခဲ့သည့်အတွက်လည်း လွန်စွာ နောင်တရမိကြောင်း၊ သူမကို မပိုင်ဆိုင်ရသော်လည်း စောင့်ရှောက်ရန် သူကြိုးစားခဲ့ကြောင်း၊ သူတို့အဖြစ်ကို ရာဇဝင်ပုံပြင်သဖွယ် တွေ့သမျှလူတွေကို သူပြောပြခဲ့သည်မှာလည်း တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ထိုကောင်လေးနားသို့ ရောက်ပြီး ချယ်ရီပင်အောက်တွင် သူမစောင့်နေသည်ကို သိရှိနိုင်ရန်အတွက်ဖြစ်ကြောင်း၊ ယခုအခါ သူတို့ချစ်သူနှစ်ဦးမှာလည်း တမလွန်တွင် ပေါင်းဖက်နေရပြီဖြစ်သောကြောင်း သူကျေနပ် စိတ်ချသွားပြီဖြစ်ကြောင်း ရေးထားသည်ဟု ဆိုသည်။
နှစ်ပေါင်းများစွာ စောင့်စားခဲ့သော ပုံပြင်တစ်ပုဒ်၏ အဆုံးသတ်ကို အခုမှ ကျွန်တော်သိလိုက်ရသည်။ ကောင်လေးဖြစ်ဖြစ်၊ ကောင်မလေးဖြစ်ဖြစ်၊ အဘသွင်ပဲဖြစ်ဖြစ် နောက်ပြီး ရွာသူကောင်မလေးပဲဖြစ်ဖြစ် သူတို့သည် အချစ်ကို နားလည်ကြသူများဖြစ်သည်။ အချစ်ကို အချစ်ဖြင့် ချစ်ခဲ့ကြသော အချစ်အပေါ် သစ္စာရှိသူများ ဖြစ်ကြသည်။ ပုံပြင်တစ်ပုဒ်လုံးကို သိပြီးချိန်တွင် အမည်မသိသော ဝေဒနာတစ်ခု ကျွန်တော့်ရင်ထဲ တိုးဝင်လာခဲ့သည်။ မိဆိုး၏ စာအောက်တွင် စာကြွင်းအဖြင့် ဤသို့ရေးထားသေးသည်။
“မောင်.... ဘာအကြောင်းပဲဖြစ်ဖြစ် အရေးမကြုံခဲ့ရင် သေနတ်ကို လျှောက်မပစ်ပါနဲ့နော်” ဟူတည်း။
ပြီးပါပြီ။
ရေးခဲ့တာ ကြာပါပြီ။ ဖတ်မိတာကို ဆီလျှော်အောင် ပြန်ရေးထားတာလေးပါပဲ။ အမှားတွေကို ပြင်၊ စာတွေကို စီရင်း ပြန်ကူးတင်လိုက်တာပါ။ ဒါပေမယ့် အမှားတွေက များတုန်းပဲ။ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
၉၁ မှတ် နဲ့ ၉မှတ်
“ဆရာမ.. ဒီတစ်ခေါက် အင်္ဂလိပ်စာ အမှတ်သိပ်မကောင်းလို့ သမီးကို မေမေဆူတယ်”
စာမေးပွဲဖြေတိုင်း အမှတ်ကောင်းခဲ့တဲ့ တပည့်တစ်ဦးရဲ့ စကားနဲ့ ဝမ်းနည်းတဲ့ အပြုအမှုကြောင့် သူ့ရမှတ်ကို ကျွန်မစိတ်ဝင်စားသွားခဲ့တယ်။
“ဒီတစ်ခေါက် အင်္ဂလိပ်စာ ဘယ်နှစ်မှတ်ရတာလဲ?”
“ဟို... ၉၁ မှတ်ပါ ဆရာမ”
“၉၁မှတ် ! ၉၁မှတ်က အမှတ်မြင့်နေပြီပဲ။ သမီးမေမေက ဘာဖြစ်လို့ ဆူတာလဲ?”
ကျွန်မရဲ့ တအံတသြအမေးကို မျက်ရည်လေးနဲ့ သူဖြေရှာတယ်။
“မေမေက ပြောတယ်။ ၇မှတ်က သမီးနမော်နမဲ့လို့ အဖြေမှားတာတဲ့။ ကျန် ၂မှတ်က ပုစ္ဆာကြည့်မှားလို့တဲ့။ ဒီအမှတ်တွေ မလျှော့သင့်ဘူးလို့ ဆူတယ်”
လိမ္မာ၊ သိတတ်နားလည်တဲ့ တပည့်လေးကို ကြည့်ပြီး ကျွန်မ စိတ်မကောင်းဖြစ်မိတယ်။ စာတော်ပြီး ကြိုးစားသလောက် မိဘတွေရဲ့တောင်းဆိုမှု ဖိအားတွေအောက်မှာ သူမပျော်နိုင်ခဲ့ဘူး။ မိဘတွေ ဝမ်းသာဖို့နဲ့ ချီးကျူးဖို့အတွက် သူ့နေ့စဉ်အလုပ်က စာကျက်.. စာကျက်ရုံမှတစ်ပါး ဘာမှမရှိခဲ့ဘူး။ သူ့အဖြစ်ကို ကြည့်ပြီး ကလေးတွေရဲ့ ရိုးသားဖြူစင်တဲ့စိတ်ကို ကျွန်မတို့ မသိမသာနဲ့ နာကျင်အောင် လုပ်နေပြီလားလို့ တွေးမိတယ်။
မိဘတိုင်းက ကိုယ့်သားသမီးကို ဆင်စီးမြင်းရံချင်ကြတာပဲ။ သားသမီးကို ဖြစ်ထွန်းချင်တဲ့စိတ်၊ ထွန်းပေါက်ချင်တဲ့စိတ်က မိဘတိုင်းမှာရှိတယ်။ ဒါပေမယ့် ဖြစ်ထွန်းစေချင်တဲ့ နည်းလမ်းတွေက မှားခဲ့ကြတယ်။ အထက်က ဥပမာအရ ၉၁မှတ်ရတဲ့ အဖြေလွှာကို ယူပြီး ပျော်ပျော်ရွှင်ရွှင် အိမ်ပြန်ခဲ့တဲ့ ကလေးငယ်တစ်ယောက်အတွက် ဆီးကြိုနေတာက ၉မှတ်လျှော့ခဲ့ရတဲ့ အပြစ်တွေပဲဖြစ်တယ်။ ၉မှတ်အတွက် အပြစ်ကို မှန်ဘီလူးနဲ့ ချဲ့ကြည့်တာခံလိုက်ရသလို ၉မှတ်ကြောင့် မိဘတွေ ဒေါသထွက်ခဲ့ကြတယ်။ ကလေးကို နမော်နမဲ့နိုင်တယ်လို့ ဆူပြီး ရခဲ့တဲ့ ၉၁မှတ်အတွက် ချီးမွမ်းဖို့ သူတို့မေ့ခဲ့ကြတယ်။ ၉မှတ်နဲ့ ၉၁မှတ် ဘယ်အမှတ်က ပိုအရေးပါသလဲ? ၉၁ မှတ်ရဖို့ဆိုတာ မလွယ်ကူမှန်း သိပေမယ့် အားပေးဖို့ သူတို့မေ့ခဲ့ကြတယ်။
၅ဝမှတ်ရတဲ့ ကလေးတစ်ယောက်ကိုတောင် ကျွန်မတို့ ချီးကျူးအားပေးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မေးခွန်းတစ်ဝက်ကို သူဖြေတတ်ခဲ့လို့ပါပဲ။ ကလေးထွန်းပေါက်အောင်ဆိုပြီး မရတဲ့ ၉ မှတ်ကို အပြစ်ဖို့နေရင် သင်္ခန်းစာတွေကို ဒီကလေး ဘယ်လိုပျော်ပျော်ရွှင်ရွှင်နဲ့ သင်ယူနိုင်မလဲ? ကြီးပြင်းနိုင်မလဲ?
“ကျွန်မငယ်ငယ်က မိဘရဲ့ တောင်းဆိုမှုတွေ တင်းကြပ်လွန်းလို့ သူတို့ဆန္ဒအတိုင်း ကျွန်မကြိုးစားခဲ့တယ်။ အခု ကျွန်မကလေးကိုလည်း ကျွန်မ တင်းတင်းကြပ်ကြပ် တောင်းဆိုမှ ကျွန်မရဲ့ ဆန္ဒကို သူအကောင်အထည် ဖော်နိုင်မှာ”
တပည့်မရဲ့ မိခင်စကားကို ကျွန်မပြန်မေးခွန်းထုတ်လိုက်မိတယ်။
“မိဘတွေရဲ့ ဒီလို သွန်သင်မှုကို နှစ်သက်ခဲ့ပါသလား?”
သူမ ခဏနှုတ်ဆိတ်သွားခဲ့တယ်။ ပြီးမှ...
“မနှစ်သက်ပါဘူး။ မိဘတွေရဲ့ ဒီလိုတောင်းဆိုမှုတွေကို ကျွန်မ အင်မတန် မုန်းခဲ့တယ်။ ကိုယ့်ရွေးချယ်ပိုင်ခွင့်လေးတော့ ရှိချင်ခဲ့တယ်”
အဖြေက ရှင်းသွားပါတယ်။ ကလေးတွေက ကျွန်မတို့ဆန္ဒ ဓားစာခံတွေ မဟုတ်ကြဘူး။ ကိုယ့်မိဘတွေရဲ့ အတင်းအကြပ်တောင်းဆို သင်ပြမှုတွေကို မကြိုက်ခဲ့ဘဲ ဘာဖြစ်လို့ ကိုယ့်ကလေးကိုလည်း အဲဒီနည်းနဲ့ သင်ပြချင်ရသလဲ?
ရင်ထဲမှာ သိမ်းထားတဲ့ အားပေးမှုတွေက ပါးစပ်ကထုတ်ပြောတဲ့ စကားတစ်ခွန်းလောက် အားအင်မရှိခဲ့ဘူး။ ရင်ထဲမှာ သိမ်းထားတဲ့ ဂရုစိုက်မှုတွေက ပုခုံးကို ပုတ်ပြီး အားပေးတဲ့ခွန်အားလောက် မပြည့်ဝခဲ့ဘူး။ အားပေးစကားကို ထုတ်ဖော်ပြောပြီး ဂရုစိုက်မှုကို အမှုအရာနဲ့ ပြပါ။
မိသားစုရဲ့ အားပေးမှုက ကြီးပြင်းဖို့အတွက် သတ္တိတွေဖြစ်စေတယ်။
မိသားစုရဲ့ လက်တွဲမှုက ကြီးပြင်းရာတစ်လျှောက်အတွက် ပျော်ရွှင်ခြင်းကို ဖြစ်စေတယ်။
ကြင်နာတဲ့လက်နဲ့ ကလေးရဲ့ ပုခုံးကိုပုတ်ပြီး အားမပေးခဲ့တာ ကြာခဲ့ပြီလား?
ရင်ထဲသိမ်းထားတဲ့ အားပေးမှုတွေ ထုတ်ဖော်မပြောတာ ကြာခဲ့ပြီလား?
၉၁မှတ်ရတဲ့ အဖြေလွှာကို ကြည့်ပြီး ၉မှတ်ဆိုတဲ့ ဟာကွက်ကိုပဲ သင်မြင်ခဲ့သလား?
ဒါမှမဟုတ် ကလေးငယ်ရဲ့ ကြိုးစားမှုကို သင်မြင်ခဲ့သလား?
ချီးကျူးစကားတစ်ခွန်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပိုတိုးစေတယ်။
အားပေးစကားတစ်ခွန်းက လဲကျနေသူကို ပြန်ထစေပါတယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
မေမေတစ်ယောက်တည်းပဲ .......
၁)မူကြို
ပထမဆုံးအကြိမ် ဆရာမိဘ အစည်းအဝေးမှာ အတန်းပိုင်ဆရာက “အစ်မရဲ့ကလေးက ရောဂါထူတယ်။ ခုံပေါ်မှာတောင် သုံးမိနစ်ကြာအောင် မထိုင်နိုင်ဘူး။ ဆရာဝန်နဲ့ ပြကြည့်ရင် ကောင်းမယ်”
အိမ်အပြန်လမ်းမှာ ဆရာမ ဘာပြောသလဲလို့ သားကမေးတော့ သူမျက်ရည်ဝဲမိတယ်။ အတန်းသား ၃ဝထဲမှာ သားက အညံ့ဆုံး၊ ဆရာမတွေကို စိတ်ဒုက္ခအပေးဆုံး... ဒါပေမယ့် သားအမေးကို သူပြန်ဖြေလိုက်ပါတယ်။
“ဆရာမက သားကိုချီးကျူးသွားတယ်။ အရင်တုန်းက ခုံပေါ်မှာ သားတစ်မိနစ်ပဲထိုင်နိုင်တယ်။ အခုဆို သုံးမိနစ်တောင် ထိုင်နိုင်ပြီတဲ့။ တစ်ခြားကလေးတွေရဲ့ မေမေတွေက မေမေ့ကို အားကျကြတယ်။ တစ်တန်းလုံးမှာ သားက စာအကြိုးစားဆုံးတဲ့”
အဲဒီညမှာ သူခွံ့စရာမလိုဘဲ သားက ထမင်းနှစ်ပန်းကန် ကုန်အောင်စားလိုက်တယ်။
၂)
မူလတန်း
ဆရာမိဘအစည်းအဝေးမှာ ဆရာမက “ကျောင်းသား ၅ဝမှာ အစ်မရဲ့သားက အဆင့်၎ဝ၊ သူ့အသိဥာဏ် ဖွံ့ဖြိုးမှုကို ကျွန်မတို့ သံသယဖြစ်တယ်။ ဆရာဝန်နဲ့တွေ့ပြီး စစ်ဆေးကြည့်ပါဦး”
အိမ်အပြန်လမ်းမှာ သူမျက်ရည်ကျမိပြန်ပေမယ့် ကားရှေ့ခုံမှာ ထိုင်နေတဲ့သားကို “ဆရာမက သားကို စိတ်ချယုံကြည်တယ်တဲ့။ သားက မတုံး၊ မအပေမယ့် စာထဲစိတ်ပါပါနဲ့ နည်းနည်း ထပ်ကြိုးစားလိုက်ရင် သားဘေးမှာထိုင်တဲ့ အဆင့်၂၁ရတဲ့ ကျောင်းသားကိုတောင် ကျော်နိုင်တယ်တဲ့” လို့ ပြောလိုက်တယ်။
သူ့စကားကို ကြားတော့ ငေးမှိန်နေတဲ့ သားမျက်လုံးက အရောင်လက်သွားခဲ့တယ်။ ညှိုးငယ်နေတဲ့မျက်နှာလည်း ရွှင်လန်းလို့လာတယ်။ သားတဖြေးဖြေး သိတတ်နားလည် ကြီးပြင်းလာမှန်း သူသတိထားလိုက်မိတယ်။
နောက်တစ်နေ့ ကျောင်းတက်ဖို့ ခါတိုင်းထနေကျအချိန်ထက် သားအစောကြီး နိုးနေခဲ့တယ်။
၃)
အလယ်တန်း
ဆရာမိဘအစည်းအဝေးမှာ သားရဲ့ ထိုင်ခုံနေရာမှာ သူသွားထိုင်နေခဲ့ပြီး သားနာမည် အခေါ်ခံရဖို့ကို သူစောင့်နေခဲ့တယ်။ အစည်းအဝေးတိုင်းမှာ သားနာမည်ဟာ မပါမဖြစ်ဖြစ်ခဲ့တယ်။ ဒါပေမယ့် အစည်းအဝေးပြီးတဲ့အထိ သားနာမည် မပါခဲ့ဘူး။ တစ်ခုခုမှားတယ် အထင်နဲ့ တာဝန်ကျဆရာမကို သူမေးလိုက်တယ်။
“အခုရမှတ်နဲ့ဆိုရင် အစ်မရဲ့သားက နာမည်ကြီးကျောင်းရဖို့ သိပ်မလွယ်ဘူး”
စိတ်ထဲမှာ သူဝမ်းသာသွားမိတယ်။ အခန်းဝမှာ စောင့်နေတဲ့ သားရဲ့ပုခုံးကို သိုင်းဖက်ပြီး ဝမ်းသာအားရတဲ့ အသံနဲ့ “ သား... သားရဲ့အတန်းပိုင် ဆရာမက ပြောတယ်။ သားဒီ့ထက် နည်းနည်းထပ်ကြိုးစားရင် နာမည်ကြီးတဲ့ အထက်တန်းကျောင်းကို ဝင်နိုင်တယ်တဲ့”
၎)
သား အထက်တန်းအောင်ခဲ့ပါပြီ။
တက္ကသိုလ်ဝင်ခွင့် အကြောင်းကြားစာ လာယူဖို့ ကျောင်းကဖုန်းဆက်တော့ သားကို သူလွတ်လိုက်တယ်။
သူ့အသိစိတ်ထဲမှာ နာမည်ကြီးတက္ကသိုလ်တစ်ခုကို သားရမယ်လို့ ကြိုသိနေခဲ့တယ်။ စာမေးပွဲ မဖြေခင်တုန်းက ဒီတက္ကသိုလ်အတွက် သားအမှတ်မီနိုင်တယ်လို့ သားကို သူပြောခဲ့လို့ဖြစ်တယ်။
အိမ်တံခါးဝမှာ ဆီးကြိုနေတဲ့ သူ့လက်ထဲ သူမှန်းထားတဲ့ တက္ကသိုလ်က အကြောင်းကြားစာကို သားက ကမ်းပေးလိုက်တယ်။ သားအမိနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဖက်ပြီး ငိုခဲ့ကြတယ်။
“မေမေ... သားဟာ ဥာဏ်ကောင်းတဲ့ ကလေးတစ်ယောက် မဟုတ်မှန်း သားကိုယ်သား သိတယ်။ ဒါပေမယ့် ဒီလောကမှာ သားကို အလေးအနက်ထား နှစ်သက်ခဲ့တာ မေမေတစ်ယောက်တည်းပဲ ရှိခဲ့တယ်။ ကျေးဇူးပါ မေမေ”
သားစကားကြောင့် ၁ဝနှစ်ကျော်ကြာ ရင်ထဲ တိတ်တခိုးသိမ်းဆည်းထားတဲ့ ပူဆွေးသောကတွေက သူ့ပါးပြင်ပေါ် ဝမ်းသာကြည်နူးတဲ့ မျက်ရည်အသွင်ဖြင့် စီးကျလာခဲ့တယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
@ သား နဲ့ ဖေဖေ
from ပူးတစ်ကောင် ရဲ့  လက်ရာ by ကိုသက်နောင်(phoeniz)
ဖခင်တစ်ယောက်ဟာ အိမ်ကို ပင်ပမ်းနွမ်းနယ်စွာနဲ
့နောက်ကျပြီးပြန်လာပါတယ်။သူ့ ရဲ့  ၅ နှစ်သားအရွယ် သားလေးက သူ့ ကို တံခါးဝ
ကနေ စောင့်ကြိုနေပါတယ် ။
"ဖေဖေ...သားတစ်ခုမေးချင်လို့ "
"အင်း...မေးလေ"
"ဖေဖေ အလုပ်လုပ်တာ တစ်နာရီကို ဘယ်လောက်ရလဲဟင်"
"ဒါသားနဲ့ မဆိုင်ပါဘူး။ဘာလို့ ဒါတွေ လာမေးနေတာလဲ ။ ဖခင်က စိတ်တိုပြီးပြောလိုက်တယ်။"
"သားက သိချင်ယုံ သက်သက်ပါ။ပြောလို့ မရဘူးလားဟင်"
"တစ်နာရီကို ၁၀၀၀ ရတယ် ။ဘာဖြစ်လို့ လဲ ...ပြော"
"အိုး"
အာမေဍိတ် တ , ပြီး ကလေးငယ်လေးက ခေါင်းငိုက်စိုက်ကျသွားတယ် ။ ပြီးတော့အဖေလုပ်သူကိုပြောတယ်။
"ဖေဖေ ...ဒါဆိုသားကို မုန့် ဖိုး ၅၀၀ ပေးပါလားဟင်"
"ဘာမဟုတ်တဲ့
အရုပ်ဝယ်ဖို့ ၊ အရေးမပါတာတွေလုပ်ဖို့ အတွက် ငါ့ကို ဒါတွေလာမေးနေတာလား ။
သွား...အခန်းထဲပြန်ပြီးအိပ်တော့ ။ အဖေလုပ်တဲ့သူကတော့ တစ်နေ့ တစ်နေ့ 
ပင်ပင်ပမ်းပမ်း အလုပ်တွေ လုပ်လို့ ။ မင်းက ကိုယ်လိုချင်တာပဲ ကိုယ်သိတယ် ။"
ကလေးငယ်လည်း အခန်းထဲ ကို တိတ်တိတ်လေး ၀င်သွားတယ် ။
တစ်နာရီလောက်ကြာတော့ ဖခင်လဲ စိတ်အေးသွားတယ် ။ သူတွေးမိတယ် ....
ငါ့သားအရင်က ဒီလို မုန့် ဖိုးမတောင်းဖူးပါဘူး ။ သူဘာများ ၀ယ်ချင်တာ ရှိလို့ ပါလိမ့်...
သားရဲ့ အခန်းတံခါးကို ဖွင့်ပြီး ကလေးကိုကြည့်တယ်။
"သား...အိပ်နေပြီလား"
"မအိပ်သေးဘူး..ဖေဖေ"
"ဖေဖေ ပင်ပမ်းနေလို့ သားကို ဆူလိုက်မိတာပါ...ရော့ သားအတွက် မုန့် ဖိုး ၅၀၀"
ကလေးငယ် ဟာအိပ်ယာပေါ် ကနေ ငေါက်ကနဲ ထထိုင်တယ်။
"ဟေး.....ပျော်စရာကြီး"
ပြောရင်းနဲ့ ကလေးငယ် ဟာ သူ့ ရဲ့ ခေါင်းအုံးအောက်က ပိုက်ဆံတွေကို ထုတ်လိုက်တယ်။ပြီးတော့ ဖြည်းဖြည်းချင်း ရေတွက်နေတယ်။
"သားမှာ ပိုက်ဆံတွေ ရှိနေရက်သားနဲ့  ဘာလို့ ဖေဖေ ဆီက ပိုက်ဆံ ထပ်လိုချင်ရတာလဲ "
"မလောက်သေးလို
့ပေါ့ ဖေဖေရယ် ။ ဒါပေမဲ့  အခု ရသွားပြီ ။ သားမှာ ၁၀၀၀ ပြည့်သွားပြီ ။
ဖေဖေ...သားဖေဖေ့ဆီက အချိန် တစ်နာရီ ၀ယ်လို့ ရမလား ။ မနက်ဖြန်ကျရင် ဖေဖေ
ရုံးကနေ တစ်နာရီ စောပြန်လာပေးပါလား ။ သား ဖေဖေနဲ့ အတူ ထမင်းစားချင်လို့ "
ဖခင်ဟာ သားငယ်လေးကို ငေးကြည့်နေရင်း ထွေးဖက်ထားလိုက်ပါတော့တယ် ။
*** သင်ဘာအတွက် အလုပ်တွေ လုပ်နေတာပါလဲ ? ၁၀၀၀ နဲ့ ညီမျှတဲ့ သင့်ရဲ့ အချိန်တွေကို သင်ချစ်တဲ့ သူ အတွက်မျှဝေဖို့ မမေ့ပါစေနဲ့  ***
@ ကောင်လေးနဲ့ ကောင်မလေး
from ပူးတစ်ကောင် ရဲ့  လက်ရာ by ကိုသက်နောင်(phoeniz)
### ကောင်မလေးကကောင်လေးကိုမေးတယ်။
ကောင်မလေး ။ ။ နင်ငါ့ကို လှတယ်လို့ ထင်လား ?
ကောင်လေး ။ ။ ဟင့်အင်း ........မထင်ဘူး။
ကောင်မလေး ။ ။ နင်ငါနဲ့ အမြဲတမ်းနေချင်သလား ?
ကောင်လေး ။ ။ ဟင့်အင်း...
ကောင်မလေး ။ ။ ဒါဆို တကယ်လို့ ငါအဝေးကို ထွက်သွားရင် နင်ငိုမှာလား ?
ကောင်လေး ။ ။ ဟင့်အင်း
"အင်း ...ဒါတွေဟာ သိပ်ကို လုံလောက်တဲ့ အဖြေတွေပါပဲ...."
@ ကောင်လေးနဲ့ ကောင်မလေး(၂)
ကောင်မလေး>>>>> ဖြေးဖြေးမောင်းပါ မောင် ရဲ့ ။ သဲ ကြောက်တယ် ။
ကောင်လေး >>>>> ဟာ....... သဲ ကလဲ ၊ ဒီလောက်ပျော်ဖို့ ကောင်းတာကို ။
ကောင်မလေး>>>>> မကောင်းပါဘူး ။ ဖြေးဖြေးပဲ မောင်းပါ မောင်ရယ် ...နော် ။
ကောင်လေး >>>>> ဒါဆို မောင့်ကို ချစ်ပါတယ် လို့ ပြော ။
ကောင်မလေး >>>>> မောင့်ကို ချစ်ပါတယ် ။ ဖြေးဖြေးမောင်းပါနော် ။
ကောင်လေး >>>>> သဲ....မောင့်ကို ဖက်ထားပါလားဟင် ......
ကောင်မလေး >>>> (တင်းတင်းကြပ်ကြပ် သူမက ဖက်ထားလိုက်တယ်)
ကောင်လေး >>>>> မောင့်ရဲ့  helmet ကိုချွတ်ပေးပါလား ။ ခိုးလို့ ခုလု နဲ့ ရှုပ်လို့ ... သဲ ပဲဆောင်းထားလိုက်။
style="font-family: zawgyi-one; display: inline;">
နောက်တစ်ရက် သတင်းစာမှာတော့ ဆိုင်ကယ်တစ်စီး brake ပေါက်ပြီး အဆောက်အဦးတစ်ခုနဲ့ တိုက်မိတဲ့ အကြောင်းပါလာတယ်။
လူငယ်နှစ်ဦးဖြစ်ပြီး ကောင်မလေးတစ်ဦးပဲ အသက်ရှင်တယ် ။
တကယ်တမ်းက လမ်းတစ်ဝက် အရောက်မှာတင် ဆိုင်ကယ် brake ပေါက်သွားတဲ့အကြောင်းကို ကောင်လေးက သိခဲ့ပါတယ်။ သူမကိုပေးမသိခဲ့တာပါ ။ သူ ဘာကြောင့် သူ့ ရဲ့ အသက်ကိုတောင် ဂရုမစိုက်ပဲ အခုလိုလုပ်ခဲ့တယ် ဆိုတာ စာဖတ်သူတို့  သိလိမ့်မယ်ထင်ပါတယ် ။ (စာဖတ်သူ ကော ကောင်လေးနေရာမှာ ဆိုရင် ဘာလုပ်မိမလဲ ? အဲဒီ ကောင်လေးလောက် ကိုယ့်ချစ်သူ အပေါ်ချစ်နိုင်ပါ့မလား ။)
@ မျက်မမြင် ကောင်မလေးသို့ 
“ မဖြစ်နိုင်ပါဘူး ကောင်လေးရယ် ”
“ ဘာလို့ မဖြစ်နိုင်ရတာလဲ ဟင် ”
“ ဘာကြောင့် လဲဆိုတော့ ငါက မျက်မမြင် ဖြစ်နေလို့ ပေါ့ဟာ။”
ကောင်လေးဟာ သိပ်ကို စိတ်မကောင်းဖြစ် သွားတယ်။
“ အားမငယ်ပါနဲ့  ကွယ် ။ ငါ နင့်ကို တစ်သက်လုံး စောင့်ရှောက်သွားပါရစေ။နင့်ကို လက်ထပ်ပါရစေ။ ”
“ ငါ့ကို ချစ်တယ်ဆိုရင် ငါ့ဆန္ဒကို လိုက်လျောရမှာပေါ့ ။ ငါ မျက်လုံးကွယ်နေသရွေ့  ငါဘယ်သူ့ ကိုမှလက်မ ထပ် ဘူး။ ”
တစ်နေ့ မှာတော့ ကံကောင်းခြင်းတွေဟာ အစပြုလို့ လာပါတယ် ။ မျက်ကြည်လွှာ အလှူရှင် ပေါ်ပေါက် လာခြင်းပါပဲ။ ကောင်မလေး ဟာအဲဒီနေ့ ကို တိတ်တခိုးမျှော်လင့်နေခဲ့ရတာကြာပါပြီ ။သူ့ မ ဟာအဲဒီ သတင်း ကိုကြားတော့ ပျော်လွန်းလို့  အိပ်တောင်မပျော်နိုင်ပါဘူး ။ နောက်တစ်နေ့ မှာ ကောင်မလေးရဲ့ မျက်စိ ကို ခွဲစိတ် ကုသကြပါတယ် ။ ခွဲစိတ်မှု အောင်မြင်ခဲ့ပါတယ် ။ပတ်တီးဖြည်မဲ့နေ့ မှာ ကောင်မလေးစိတ်တွေ သိပ်ကို လှုပ်ရှားနေပါတယ် ။ သူမ ဘယ်သူ့ ကို အရင်ဆုံးမြင်ရမလဲ ? သူမ ဘယ်သူ့ ကို စပြီးမြင်ချင်သလဲ ? ကောင်လေး ဆိုတဲ့ အတွေးဟာ သူမ နှလုံးသားကို ရိုက်ခတ်သွားပါတယ် ။ ဒါပေမဲ့ လောကကြီးဟာ မထင်မှတ် ထားတဲ့ ထူးထူးဆန်းဆန်း အရာတွေ သူမကို စပေးပါတယ် ။ သူမ လုံးဝ မသိထားတဲ့ အရာတစ်ခုက ကောင်လေး ဟာလဲ သူမနဲ့ ဘ၀တူ မျက်မမြင် တစ်ဦး ဖြစ်နေခြင်းပါပဲ ။ နောက်တစ်နေ့ မှာ ကောင်လေးက ကောင်မလေး အနားကို ရောက်လာပြီး မေးတယ် ။
“ နင် သိပ်ပျော်နေမှာ ပဲနော် ... ”
“ အင်း...အရမ်းကို ပျော်နေတယ် ။ နင် သိရဲ့ လား ? ငါ ဒီနေ့ မှန်ကြည့်တော့ ငါ... သိပ်လှတာပဲ ”
ကောင်မလေး ဟာ အရမ်းကို မြူးတူးပျော်ပါးနေတယ် ။ ကောင်လေးလဲ ပျော်နေတာပါပဲ ။
“နင် အခု ငါ့ကို လက်ထပ်နိုင်ပြီလားဟင် ” ကောင်လေးက မျှော်လင့်ချက် အပြည့်နဲ့ မေးလိုက်တယ် ။
ကောင်မလေး ရဲ့ အပျော်တွေဟာ ရုတ်တရက် ရပ်တန့် သွားတယ် ။ ပြီးတော့ သူမ တွေးတယ် ။ “မျက်မမြင် တစ်ယောက်နဲ့  ငါတစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေသွားနိုင်ပါ့မလား ?” သူမ ခေါင်းခါမိတယ် ။
“စိတ်မကောင်းပါဘူး ကောင်လေးရယ် ။ ငါ နင့်ကို လက်မထပ် နိုင်ဘူး ။”
ပြောရင်းကောင်မလေး ဟာအဝေးကို ထွက်ပြေးသွားတယ် ။ ကောင်လေးကတော့ အံ့အားသင့်မှုတွေနဲ့ ပေါ့ ။ဒီ လို နဲ့ ကောင်မလေး ဟာ တခြားကောင်လေး တစ်ယောက်နဲ့  လက်ထပ်သွားခဲ့တယ် ။ ကောင်လေး အတွက် တော့ မမျှော်လင့်နိုင် လောက်အောင်ပါပဲ ။ သူ့ ရင်ထဲမှာ တစ်ယောက်ထဲ စကားတွေ ပြောနေမိတယ် ....
“နင့် ကို ချစ်လို့  နင့်ရဲ့ ဆန္ဒတွေအားလုံးကို ငါလိုက်လျောခဲ့ပါတယ် ကောင်မလေးရယ် ။ ငါ့အတွက်တော့ နင့်ကို ချစ်နေခွင့် ရနေတာ ၊ ငါ့ရဲ့ မျက်လုံးတွေနဲ့  နင့်အတွက် အလင်းရောင်တွေကို ဖန်ဆင်းပေးနိုင် ခဲ့တာကို ပဲ ငါတစ်သက်လုံး ကျေနပ်နေမှာပါ.....”
[ဘာသာ ပြန်ထားခြင်း ဖြစ်ပါသည်။]


